အခန်း (၁၆၅-၁၆၆)
Vol. 11 Ch. 165-166
အခန်း ၁၆၅ ။ အကျင့်
အသံကြားလိုက်သဖြင့် နှစ်ယောက်သား လှမ်းကြည့်လိုက်ကြသည်။
ကျန်းရှီသည် စည်းကမ်းတကျ ဂါရဝပြုလိုက်ပြီး ခေါင်းငုံ့ကာ မနာလိုစိတ်များကို ဖုံးကွယ်ထားလိုက်သည်။
"ချိုက်ရန်ရောက်နေတာ မသိလိုက်ဘူး။ ဒီချန်းချဲ့ လာတာ အချိန်မကိုက်ဘူး ထင်တယ်။"
ယဲ့ယွင် ပြုံးလိုက်သည်။ ပါးစပ်ကသာ ပြောနေသော်လည်း ပြန်ထွက်သွားမည့် အရိပ်အယောင် လုံးဝ မပြပေ။
"ကျယ်ယွီပြောတာ တော်တော်လေး လွန်သွားပါပြီ။ ကျယ်ယွီက အရှင်မင်းကြီးကို တွေ့ချင်တယ်ဆိုရင် ဘယ်အချိန်မဆိုရပါတယ်။"
ကျန်းချိုက်ရန်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး လိုက်လျောညီထွေစွာ ထပ်မံဂါရဝပြုရင်း နင်ချန်ကို မသိမသာ အလွန် နစ်နာနေသည့်ပုံစံဖြင့် ခိုးကြည့်လိုက်သည်။
ယဲ့ယွင် သူမကို မုန်းတီးသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဒီလို သနားစရာကောင်းအောင် ဟန်ဆောင်တတ်သည့်ပုံစံကို ဘယ်မိန်းမမှ မကြိုက်ကြပေ။
ယဲ့ယွင်ကမူ သူမ၏အကျင့်ကို လိုက်လျောပေးမည် မဟုတ်ပေ။ လက်ကလေးတစ်ဖက်ဖြင့် နင်ချန်၏ လက်မောင်းကို ချိတ်လိုက်သည်။
ဘေးနားမှ အမျိုးသားကို မော့ကြည့်လိုက်ရာ မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းလေးများမှာ ရေများ စီးကျလုမတတ် စိုစွတ်နေသည်။
"အရှင်မင်းကြီး... ဒီနေ့ ချန်းချဲ့ အလိုက်ကမ်းဆိုး မသိခဲ့ပါဘူး။ အိပ်မက်ဆိုးမက်ပြီး ကြောက်လန့်သွားလို့သာ အရှင်မင်းကြီးနဲ့ ကျန်းချိုက်ရန်ရဲ့အေးချမ်းမှုကို လာနှောင့်ယှက်မိတာပါ။ ကျန်းချိုက်ရန်က ဒီချန်းချဲ့ကို တမင်သက်သက်လုပ်တယ်လို့ ထင်သွားမှာ စိုးရိမ်မိတယ်။ အရှင်မင်းကြီး ဒီချန်းချဲ့ဘက်ကနေ သေချာရှင်းပြပေးပါနော်။"
ကျန်းချိုက်ရန် မျက်နှာပျက်သွားပြီး အမြန်ဝင်ပြောရန် ပြင်လိုက်သည်။
"ဒီချန်းချဲ့ မရဲပါဘူး။"
"ချိုက်ရန် အဲလိုမပြောပါနဲ့။"
ယဲ့ယွင် ချက်ချင်း ဖြတ်ပြောလိုက်သည်။
"ဒီနေ့ ငါ ရုတ်တရက် ရောက်လာမိတဲ့အတွက် ဒီနေရာမှာပဲ ချိုက်ရန်ကို တောင်းပန်ပါတယ်။ အရှင်မင်းကြီးနဲ့လည်း တွေ့ပြီးပြီဆိုတော့ ငါ ပြန်ပါတော့မယ်။ ခဏနေရင် သမားတော်ရှန်ဆီက စိတ်ငြိမ်ဆေးတောင်းပြီး သောက်လိုက်မယ်။ ညကျရင် အိပ်မက်ဆိုး ထပ်မက်မှာမဟုတ်တော့ပါဘူး။"
သူမ ဟန်ဆောင်နေမှန်း နင်ချန် သိသော်လည်း ရယ်ချင်နေမိသည်။
ဒီမိန်းကလေးက ကျန်းချိုက်ရန်နဲ့တွေ့တိုင်း သူမထက်သာအောင် ဟန်ဆောင်ပြတတ်သည်။ တကယ့်ကို လက်မြှောက်ရလောက်အောင်ပင်။
ယခုဆိုလျှင် နင်ချန်သည် ကျန်းချိုက်ရန်ကို တည့်တည့်ပင် မကြည့်နိုင်တော့ပေ။
ဒီနေ့ ရှူးဖေး၏ မျက်နှာကိုထောက်ပြီး ကျန်းချိုက်ရန်ကို ခေါ်လိုက်သော်လည်း ယခုမူ ကျောက်စိမ်းရတနာရောက်လာပြီဖြစ်၍ ကျောက်ခဲကို ဘယ်သူက စိတ်ဝင်စားတော့မှာလဲ။
"ကဲပါ... အိပ်မက်ဆိုးမက်တာပဲဟာ။ စိတ်ငြိမ်ဆေးတွေ ဘာတွေ သောက်မနေပါနဲ့။ ဆေးဆိုတာ အဆိပ်သုံးပုံတစ်ပုံ ပါတာပဲ။ အများကြီးသောက်ရင် ကျန်းမာရေးအတွက် မကောင်းဘူး။ ကျန်း လိုက်နေပေးမယ်။"
"ဒါဆို ကျန်းချိုက်ရန်က..."
ယဲ့ယွင်သည် ကျန်းရှီကို ပြောချင်သလိုလိုနှင့် ကြည့်လိုက်ပြီး နင်ချန်ကို ကြောက်ရွံ့သလို ခိုးကြည့်လိုက်သည်။
"မင်ကျယ်ယွီ နေမကောင်းဖြစ်နေတော့ အရှင်မင်းကြီး ပြုစုပေးသင့်ပါတယ်။ ဒီချန်းချဲ့မှာ ဘာမှ မကျေနပ်စရာ မရှိပါဘူး။ ဒီချန်းချဲ့ ပြန်ခွင့်ပြုပါဦး။"
ကျန်းချိုက်ရန် အံကြိတ်ပြီး ဂါရဝပြုလိုက်သည်။
နင်ချန် ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
"ဒီနေ့တော့ ပြန်လိုက်ပါဦး။ ကျန်း အားရင် လာတွေ့ပါ့မယ်။"
ကျန်းရှီ ပြန်ဖြေပြီး ဒေါသကို မျိုသိပ်လျက် ထွက်ခွာသွားလေသည်။
ခန်းမထဲတွင် သူတို့နှစ်ယောက်တည်း ကျန်ရစ်သောအခါ ယဲ့ယွင်သည် သရုပ်ဆောင်၍ မဝသေးသဖြင့် သူ့ကိုယ်ပေါ် မှီလိုက်ပြီး ချွဲနွဲ့လိုက်သည်။
"ဒီချန်းချဲ့ကြည့်ရတာ ကျန်းချိုက်ရန် တော်တော်လေး ဝမ်းနည်းသွားပုံရတယ်။ အခုတော့ ဘာမှမပြောပေမယ့် နောက်ကွယ်ကျရင် ဒီချန်းချဲ့ကို မုန်းတီးနေမှာပဲ။"
"ဟန်ဆောင်နေတုန်းပဲလား။"
နင်ချန်သည် မိန်းကလေး၏တင်ပါးကို မနာအောင် ရိုက်လိုက်သည်။
"အခွင့်ကောင်းရပြီးမှ လိမ္မာချင်ယောင် ဆောင်နေသေးတယ်။"
ယဲ့ယွင် မျက်လုံးလေးများ မှေးစင်းလိုက်ပြီး အားမလျော့ဘဲ နင်ချန်၏တင်ပါးကို ပြန်ရိုက်လိုက်သည်။
သူ ကြောင်နေစဉ်မှာပင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အရှင်မင်းကြီးက မျက်နှာလိုက်လိုက်တာ။ ကျန်းချိုက်ရန် ဟန်ဆောင်တာကြတော့ခွင့်ပြုပြီး ဒီချန်းချဲ့ ဟန်ဆောင်တာကြတော့ ခွင့်မပြုဘူး။"
နင်ချန် သတိပြန်ဝင်လာသောအခါ ရှက်စိတ်နှင့် ဒေါသစိတ်များ ရောထွေးလာပြီး ချက်ချင်းပင် သူမကို ဖမ်းချုပ်ကာ ကုလားထိုင်ပေါ်တွင် အတင်းထိုင်ခိုင်းလိုက်သည်။
"မင်း တကယ်ပဲ အလိုလိုက်ခံရလွန်းလို့စည်းကမ်းမရှိ ဖြစ်နေပြီ။ မင်း... မင်းက..."
"ကျားပါးစပ်ကို မနှိုက်ရဘူးလို့ပဲ ဆိုရိုးစကားရှိတာပါ။ နဂါးပါးစပ်ကို မနှိုက်ရဘူးလို့မှ မရှိတာ။"
မြေခွေးမလေးသည် မျက်တောင်ခတ်ပြလိုက်ပြီး မျက်ခုံးများတွင် ဆော့ကစားချင်စိတ်များ ပြည့်နှက်နေကာ အလွန်ချစ်စရာကောင်းနေသည်။
ထိုအမူအရာကြောင့် နင်ချန်သည် ဒေါသထွက်ရမလို၊ ရှက်ရမလိုဖြစ်နေပြီး သူမကို ဘာမှလုပ်၍မရဟု ခံစားလိုက်ရသည်။
မျက်လုံးများ စူးရှသွားပြီး ရုတ်တရက် ကိုယ်ကိုကိုင်းကာ မိန်းကလေး၏ နီရဲနေသော နှုတ်ခမ်းကို ကိုက်လိုက်သည်။
ယဲ့ယွင် အံ့သြသွားပြီး ခဏတာ ကြောင်သွားသော်လည်း နောက်ပိုင်းတွင် အလိုက်သင့် ပြန်လည်တုံ့ပြန်လိုက်သည်။
အစက ဒေါသထွက်၍ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် အရသာပြောင်းလဲသွားသည်။
ရပ်တန့်လိုက်သောအခါ နှစ်ယောက်စလုံး မျက်နှာများ နီရဲနေပြီး မျက်လုံးများထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။
နင်ချန်သည် ဤကဲ့သို့ ကိုယ်တိုင်စတင်လေ့မရှိသဖြင့် ယခုအခါ အနည်းငယ် ရှက်ရွံ့နေသည်။ ကိုယ်ကိုမတ်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုယူကာ နှစ်ငုံခန့်သောက်ပြီး ရင်ထဲမှ အပူမီးကို ငြှိမ်းသတ်လိုက်ရသည်။
ယဲ့ယွင်သည် သူသောက်လက်စ လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ လှမ်းယူလိုက်ပြီး လက်ကျန်လက်ဖက်ရည်ကို တစ်ခါတည်း မော့သောက်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်ချန်၏နားရွက်ဖျားများ ပူထူသွားသည်ဟု ခံစားလိုက်ရသည်။
သို့သော် ယဲ့ယွင်ကမူ ဂရုမစိုက်သလို နှုတ်ခမ်းကို သုတ်လိုက်သည်။
"အရှင်မင်းကြီး လျှောက်တင်လွှာတွေ ဆက်စစ်ဦးမလား။"
နင်ချန် ခေါင်းယမ်းလိုက်သည်။
"မစစ်တော့ပါဘူး။ နှစ်ကုန်ခါနီးပြီဆိုတော့ ဂါရဝပြုစာလွှာတွေပဲ များနေတာ။ ဘာမှ ကြည့်စရာ မရှိပါဘူး။"
တစ်ခုခုကို သတိရသွားပြီး စားပွဲပေါ်မှ အခြားစာရွက်စာတမ်းတစ်ပုံကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒါက မင်းဦးလေးနဲ့ ဖုန်းမိသားစု တင်ပြထားတဲ့ စာရင်းတွေ။ ချူမိသားစုက စီးပွားရေးလုပ်လာတာ ကြာပြီဆိုတော့ ဒီနှစ်အမြတ်ငွေက ဖုန်းမိသားစုထက် သုံးပုံတစ်ပုံလောက် ပိုများတယ်။"
ကွာခြားချက်က ကြီးမားလွန်းသည်။
"ဒီချန်းချဲ့ရဲ့ဦးလေး ဘယ်လောက်ပဲတော်တယ်ပြောပြော အလုပ်တူတူလုပ်တာချင်း ဒီလောက် ကွာခြားစရာ အကြောင်းမရှိပါဘူး။"
ယဲ့ယွင် မျက်စောင်းထိုးလိုက်ပြီး တဲ့တိုးပင် ပြောလိုက်သည်။
"အရှင်မင်းကြီးက ဖုန်းမိသားစု ခိုးထားတယ်လို့ သံသယဝင်နေပြီး ဒီချန်းချဲ့ကို လာစမ်းနေတာ မဟုတ်လား။"
ဒီမိန်းကလေးက ဉာဏ်ကောင်းပြီး သတ္တိရှိမှန်းသိသော်လည်း ချက်ချင်း တုံ့ပြန်နိုင်ပြီး မကွယ်မဝှက် ပြောရဲသည်ကို နင်ချန် အံ့သြမိသည်။
"ကျန်းက ဘာလို့ မင်းကို စမ်းရမှာလဲ။ ဒီအတိုင်း ပြောလိုက်တာကို မင်းက သံသယဝင်နေတာ။"
ခဏရပ်ပြီး ဆက်ပြောသည်။
"ဒီကိစ္စမှာ ထူးဆန်းတာတွေ ရှိနေတယ်။ ကျန်း လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။"
ယဲ့ယွင် သဘောပေါက်သွားပြီး နိုင်ငံရေးကိစ္စများကို ဆက်မပြောတော့ပေ။
မိုးမချုပ်သေးသဖြင့် ကျိုချန်နန်းဆောင်၏ နောက်ဘက်ခြံဝင်းထဲတွင် ဇီးပန်းများ လှပစွာ ပွင့်နေသည်။
နင်ချန်သည် သူမကိုခေါ်ပြီး လမ်းလျှောက်ထွက်ခဲ့သည်။
အခြားရည်ရွယ်ချက် မရှိပါဘူး။ ဇီးပန်းလက်ဖက်ရည်သောက်ဖို့ ဇီးပွင့်တွေ ခူးခိုင်းချင်လို့ပါ။
.....
ထိုအချိန်တွင် ကျန်းချိုက်ရန်သည် ရှန်ဖူနန်းဆောင်သို့ ပြန်ရောက်နေပြီဖြစ်သည်။
ပြန်လာချိန်တွင် အရှက်ရမည်စိုးသဖြင့် လူသူကင်းမဲ့သော လမ်းကြားလေးမှ ပြန်လာခဲ့သည်။
သို့သော် လမ်းကြားလေးတွင် နှင်းများကို မရှင်းလင်းရသေးသဖြင့် လျှောက်လာရင်း ဖိနပ်နှင့် ခြေအိတ်များ စိုရွှဲကုန်သည်။
သူမက အဝတ်အစားထူထူ ဝတ်ထားသဖြင့် တော်သေးသည်။ နောက်မှလိုက်လာသော အစေခံ စွန်းထောင်မှာမူ အေးလွန်း၍ တုန်ရီနေသည်။
အနောက်ဘက်ဆောင်တွင် နေထိုင်သော လျိုချိုက်နွီသည် သူမ ပြန်ရောက်လာသည်ကို မြင်သောအခါ မညှာမတာ လှောင်ပြောင်လေသည်။
"ဟယ်... ချိုက်ရန်က အရှင်မင်းကြီးကို သွားတွေ့တာ မဟုတ်ဘူးလား။ ဘာလို့ ပြန်ရောက်လာတာလဲ။ အိပ်ဆောင်ဝင်ခွင့်ရတယ်လို့လည်း မကြားမိပါဘူး။ မောင်းထုတ်ခံလိုက်ရတာများလား။"
ကျန်းရှီ လှည့်ကြည့်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအကြည့်သည် ရေတွင်းနက်ထဲမှ တွားသွားတက်လာသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ လူကို ကြက်သီးထစေသည်။
ဒီရက်ပိုင်း ကျန်းရှီသည် ရှူးဖေး၏စောင့်ရှောက်မှုအောက်တွင် မျက်နှာသာပေးခံရမှု အနည်းငယ် ရှိနေသည်။ လျိုချိုက်နွီကဲ့သို့ မျှော်လင့်ချက်မဲ့နေသူနှင့် မတူပေ။ ထို့ကြောင့် ရှန်ဖူနန်းဆောင်ရှိ လူများသည် ကျန်းရှီဘက်မှပါပြီး လျိုချိုက်နွီကို အနိုင်ကျင့်လေ့ရှိသည်။
သို့သော် လျိုချိုက်နွီသည်လည်း စွာကျယ်မဖြစ်ပြီး အစေခံများနှင့် ရန်ဖြစ်ဖူးသည်။
ကြာလာတော့ ကျန်းရှီလည်း သူမကို ဂရုမစိုက်တော့ပေ။
သို့သော် ယနေ့ လျိုချိုက်နွီ၏စကားများသည် ကျန်းချိုက်ရန်၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
တစ်လှမ်းချင်း လျှောက်သွားပြီး ပခုံးချင်းယှဉ်လျက် ရပ်ကာ အသံနှိမ့်၍ ပြောလိုက်သည်။
"လျိုမျိုးရိုး... ငါ နင့်ကို အရင်ကတည်းက ပြောဖူးတယ်။ စကားမပြောတတ်ရင် စကားပြောတတ်တဲ့သူအတွက် လျှာကို ချန်ထားပေးလိုက်ပါ။"
"ဟွန်း... နင်က မယားငယ်သမီး အဆင့်နိမ့်မလေးပဲဟာ။ ရှူးဖေးမယ်မယ့်ကို မှီခိုနေရတာလေ။ ခွေးတစ်ကောင်က ကိုယ့်ကိုယ်ကိုယ် လူလို့ ထင်နေတာလား။"
လျိုချိုက်နွီက မညှာမတာ ပြန်ဆဲလိုက်သည်။
သူမ သိလိုက်ရသည်မှာ သည်းခံလည်း အနိုင်ကျင့်ခံရမယ်၊ ပြန်ပြောလည်း အနိုင်ကျင့်ခံရမယ်။ ကျန်းရှီကလည်း ရာထူးသိပ်မကြီးသလို၊ သူတော်ကောင်း ယောင်ဆောင်တတ်သူမို့ သူမကို ပြင်းပြင်းထန်ထန် ဘာမှမလုပ်ရဲဘူးဆိုတာပါပဲ။
ထင်သည့်အတိုင်းပင် အစေခံများက လျိုချိုက်နွီကို ဆုံးမရန် ပြင်လိုက်သော်လည်း ကျန်းရှီက တားလိုက်သည်။
လျိုချိုက်နွီကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ကျန်းချိုက်ရန်သည် ဘာမှမပြောဘဲ သူမ၏ အရှေ့ဘက်ဆောင်သို့ ပြန်ဝင်သွားလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -166
အခန်း ၁၆၆ ။ အနိုင်ကျင့်ခြင်း
နောက်တစ်နေ့ နံနက်တွင် နင်ချန်သည် ညီလာခံတက်ရန် စောဦးစွာထွက်ခွာသွားပြီဖြစ်သည်။
ယဲ့ယွင်ကို လျန်ယွီက လာနှိုးလေသည်။
"ကျယ်ယွီ... အချိန်မစောတော့ဘူး၊ မိဖုရားခေါင်ကြီးကို ဂါရဝပြုဖို့ သွားရဦးမယ်။"
"အစ်မလျန်ပါလား။ နန်ကျစ် ဘယ်ရောက်သွားလဲ။"
ယဲ့ယွင် ထထိုင်လိုက်သည်။
လျန်ယွီက ပြုံးလျက် သူမကို ကုတင်ပေါ်မှ တွဲဆင်းပေးသည်။
"မနေ့ညက နှင်းတွေ ထပ်ကျလို့ ဒီနေ့ အရမ်းအေးနေတယ်။ နန်ကျစ်က ကျယ်ယွီအတွက် ဖိနပ်အထူ၊ လည်ပတ်၊ လက်အိတ်တွေ သွားယူပေးနေပါတယ်။"
မနေ့က နင်ချန်၏အဆောင်တွင်သာအနားယူလိုက်သဖြင့် အဝတ်အစားအသစ်တွေရှိပေမယ့် တခြားအသုံးအဆောင်တွေ မပါလာလို့ မနက်စောစော ပြန်ယူရခြင်း ဖြစ်သည်။
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး မျက်နှာသစ်လိုက်သည်။
ကြေးမုံပြင်ရှေ့တွင် ထိုင်လိုက်သောအခါ မော့ယွီက ဆံပင်ဖြီးပေးလေသည်။
"အခု နန်းတော်အပြင်မှာ တိမ်လွှာပုံစံဆံထုံး ခေတ်စားနေတယ်။ ဒီနေ့ ကျယ်ယွီဝတ်ထားတဲ့ အဝတ်အစားအရောင်ကဖျော့တော့ ဒီပုံစံနဲ့ လိုက်ဖက်မယ်ထင်တယ်။ ကျယ်ယွီ ဘယ်လိုသဘောရလဲ။"
"အစ်မ သဘောပါပဲ။"
ယဲ့ယွင် ပြုံးလိုက်သည်။
ဧကရာဇ်၏ အနီးကပ်အစေခံဖြစ်သည့်အားလျော်စွာ ကိုယ်လုပ်တော်များကို မကြာခဏ ပြုစုပေးလေ့မရှိသော်လည်း လက်ရာကတော့ ပြောစရာမလိုအောင် ကောင်းမွန်သည်။
တိမ်လွှာပုံစံဆံထုံးသည် ကျက်သရေရှိပြီး နတ်သမီးဆန်သလို ဆွဲဆောင်မှုလည်းရှိသည်။
ယဲ့ယွင် အလွန်ကျေနပ်သွားပြီး လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်တစ်စုံကို ချွတ်ကာ သူတို့နှစ်ဦးအားတစ်ကွင်းစီ ပေးလိုက်သည်။
သူမ ဝတ်ဆင်ထားသောပစ္စည်းများသည် သာမန်ပစ္စည်းများ မဟုတ်ပေ။
အထူးသဖြင့် ကိုယ်တိုင်ချွတ်ပေးလိုက်ခြင်းက ရင်းနှီးမှုကို ပြသရာရောက်သည်။
လူမှုဆက်ဆံရေး နားလည်သော မော့ယွီနှင့် လျန်ယွီတို့ပင်လျှင် စိတ်လှုပ်ရှားသွားကြသည်။
ယဲ့ယွင်သည် အလကားပေးခြင်း မဟုတ်ပေ။
ဧကရာဇ်၏ အနီးကပ်အစေခံများကို ဝယ်ယူ၍မရသော်လည်း ရင်းနှီးမှုရယူထားခြင်းက ကောင်းမွန်သော ကိစ္စဖြစ်သည်။
.....
ကျိုချန်နန်းဆောင်တွင် မနက်စာစားပြီးမှ မိဖုရားခေါင်ကြီးကို ဂါရဝပြုရန် သွားရောက်ခဲ့သည်။
နီးကပ်နေသဖြင့် ဝေါယာဉ်မစီးတော့ပေ။
ဤတစ်ကြိမ်တွင် ဟွေယွဲ့ လိုက်ပါလာသည်။ နန်ကျစ်သည် တစ်ညလုံး စောင့်ပေးခဲ့ရသဖြင့် ဟွေယွဲ့နှင့် လူလဲလိုက်ခြင်း ဖြစ်သည်။
"ကျယ်ယွီ... နူးဘီသတင်းတစ်ခု ကြားခဲ့ရပါတယ်။ မနေ့ညက ရှန်ဖူနန်းဆောင်က လျိုချိုက်နွီ ခြံဝင်းအပြင်ဘက်မှာ ချော်လဲပြီး နဖူးကွဲသွားတယ်လို့ကြားတယ်ပြီးတော့သန်းခေါင်ယံလောက်မှာပဲအသက်ထွက်သွားတယ်တဲ့။ သူမနဲ့ အတူနေတဲ့ ကျန်းချိုက်ရန်တောင် အလောင်းကိုမြင်ပြီး လန့်ဖျား ဖျားသွားတယ်လို့ သတင်းတွေထွက်နေတယ်။ ဒီမနက်အထိ အဖျားမကျသေးဘူးလို့ ကြားပါတယ်။"
"နေကောင်းနေရဲ့သားနဲ့ ဘယ်လိုလုပ် ချော်လဲပြီး သေသွားရတာလဲ။"
ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။
ဟွေယွဲ့ ခေါင်းညိတ်လိုက်သည်။
"ကြားရသလောက်တော့ ညစာပို့တာ နောက်ကျပြီး ဟင်းတွေကလည်း မကောင်းလို့ စားဖိုဆောင်ကလူတွေနဲ့ သွားရန်ဖြစ်မယ်ဆိုပြီး ထွက်သွားတာတဲ့။ အပြင်မှာ နှင်းတွေကျပြီး လမ်းချော်နေတော့ လဲကျသွားတာလို့ ကြားတယ်။ တိုက်တိုက်ဆိုင်ဆိုင် အစေခံတွေက နှင်းရှင်းတဲ့ဂေါ်ပြားကို လမ်းဘေးမှာ ပစ်ထားမိလို့ အဲဒါနဲ့ ဝင်တိုက်မိသွားတာပါတဲ့။"
ယဲ့ယွင်သည် မထင်ရှားသော လျိုချိုက်နွီကို ဂရုမစိုက်သော်လည်း သူမ အစေခံများနှင့် ရန်ဖြစ်တတ်သည်ကို ကြားဖူးသဖြင့် ပြောစရာစကား မရှိတော့ပေ။
ဤကိစ္စတွင် ထူးခြားမှု မတွေ့ရသဖြင့် သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
ဖုန်းရှီးနန်းဆောင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရာ အချိန်စောနေသေးသည်။
ခန်းမထဲသို့ ဝင်လိုက်သောအခါ ရှူးဖေး ရောက်နှင့်နေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် ရှူးဖေးသည် နောက်ကျမှ လာတတ်သော်လည်း ဒီနေ့ စောနေခဲ့သည်။
ယဲ့ယွင်သည် မျက်ခုံးလှုပ်နေပြီဖြစ်သည်။ထူးခြားနေလျှင် အမြဲတစ်ခုခု ရှိစမြဲပင်။
ထင်သည့်အတိုင်းပင် ယဲ့ယွင် ဂါရဝပြု၍ မပြီးသေးခင်မှာပင် ရှူးဖေးက ဒေါသတကြီး ပြောလိုက်သည်။
"မနေ့ကမှ အရှင်မင်းကြီးကို တခြားကိုယ်လုပ်တော်တွေဆီ သွားဖို့ တိုက်တွန်းပါလို့ ပြောထားတာကို နင်က ကျိုချန်နန်းဆောင်အထိ လိုက်သွားပြီး ပေါ်တင်လုရဲတယ်ပေါ့လေ။ ယဲ့မျိုးရိုး... နင် တော်တော် သတ္တိကောင်းနေပါလား။ မိဖုရားခေါင်ကြီးရဲ့ စကားကိုတောင် နားထဲမဝင်ဘူးပေါ့ဟုတ်လား။”
သို့သော် ရှူးဖေး ဒေါသထွက်လေ ယဲ့ယွင်က ပိုတည်ငြိမ်လေ ဖြစ်နေသည်။
ယဲ့ယွင်သည် တည်ငြိမ်စွာ ဂါရဝပြုလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှူးဖေး အထင်လွဲနေပါပြီ။ မိဖုရားခေါင်ကြီးရဲ့ ဆုံးမစကားကို ဒီချန်းချဲ့ အမြဲတမ်း မှတ်သားထားပါတယ်။ ဒါပေမယ့် အရှင်မင်းကြီး နားထောင်မထောင်ဆိုတာကတော့ ဒီချန်းချဲ့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။"
"နင်က မြှူဆွယ်ပြီး အိပ်မက်ဆိုးမက်ပါတယ်လို့ လိမ်ပြောပြီး အရှင်မင်းကြီးကို ခေါ်သွားတာလေ။"
ရှူးဖေး စားပွဲကို ရိုက်လိုက်သည်။
ယဲ့ယွင် ပြုံးလိုက်သည်။
"မယ်မယ် ဆိုလိုတာက အရှင်မင်းကြီးက ဒီချန်းချဲ့ တကယ်အိပ်မက်ဆိုးမက်တာလား၊ ဟန်ဆောင်တာလား ဆိုတာကို မခွဲခြားတတ်ဘူးလို့ ပြောချင်တာလား။"
"ငါက အဲဒီလို ပြောတာ မဟုတ်ပါဘူး။ ယဲ့မျိုးရိုး... နင်က စကားနိုင်လုလွန်းတယ်။ အရမ်း အနိုင်ကျင့်လွန်းအားကြီးတယ်။"
ရှူးဖေး မျက်နှာနီရဲသွားပြီး လည်ပင်းကြောများ ထောင်ထလာသည်။
ကျန်းရှီက သူမလူ ဖြစ်သည်။ ကျိုချန်နန်းဆောင်မှ မောင်းထုတ်ခံလိုက်ရခြင်းသည် သူမ၏ မျက်နှာကို ပါးရိုက်လိုက်ခြင်းနှင့် တူသဖြင့် ဒေါသထွက်နေခြင်း ဖြစ်သည်။
"မယ်မယ်ပြောတာ မှန်ပါတယ်။ ဒီချန်းချဲ့က ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့ အကျင့်ရှိတယ်။ နည်းနည်းလေးမှ အထိမခံတတ်ဘူး။"
ယဲ့ယွင် သူမကို မကြောက်ပေ။
ယခုအချိန်တွင် မိဖုရားခေါင်ကြီး၏ နန်းဆောင်ထဲ ရောက်နေပြီဖြစ်သည်။ ယဲ့ယွင်၏အတွေ့အကြုံအရ မိဖုရားခေါင်ကြီးက ရှူးဖေး အရှက်ကွဲတာကို ကြည့်ချင်နေမှာ သေချာသဖြင့် သူမဘက်က ပါပေလိမ့်မည်။
ထင်သည့်အတိုင်းပင် ရှူးဖေး ပြန်မပြောနိုင်ခင်မှာပင် မိဖုရားခေါင်ကြီး ထွက်လာလေသည်။
"မနက်စောစောစီးစီး ဘာတွေ ဆူညံနေကြတာလဲ။ ရှူးဖေး... နင် အသက်ဘယ်လောက်ရှိပြီလဲ။ မင်ကျယ်ယွီနဲ့ ဖက်ပြိုင်နေရသေးလား။"
ထိုစကားကြောင့် ရှူးဖေး ငြိမ်ကျသွားသော်လည်း မျက်နှာထား ပိုဆိုးသွားသည်။
ယဲ့ယွင် စိတ်ထဲတွင် ရယ်ချင်မိသွားသည်။ ရှူးဖေးက အသက်ကြီးပြီလား။ တကယ်တော့ ၂၀ ကျော်ပဲ ရှိပါသေးတယ်။
ဒါပေမယ့် ဆယ်ကျော်သက်အရွယ် သူမနဲ့ ယှဉ်ရင်တော့ ကြီးတာပေါ့လေ။
စကားပြောနေစဉ်မှာပင် ကျန်လူများ ရောက်ရှိလာကြသည်။
မိဖုရားခေါင်ကြီး ထိုင်လိုက်ပြီး တစ်ချက်ဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်။
"လျိုချိုက်နွီရဲ့ ကိစ္စကို ညီမတော်တို့သိကြမှာပါ။ နှစ်ကုန်ခါနီးမှ ဒီလိုကိစ္စဖြစ်တော့ ပန်းကုန်းလည်း စိတ်မကောင်းပါဘူး။ သေသူက သေသွားပြီဆိုတော့လည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ညီမလေးတို့ပိုဂရုစိုက်ကြပါ။ နောက်ထပ် အနောက်ဆောင်မှာအမှားအယွင်းရှိလို့မဖြစ်ဘူး။ နှစ်ကုန်ခါနီးအရှင်မင်းကြီးနဲ့ ပန်းကုန်းကို အရမ်းစိုးရိမ်
ရအောင် မလုပ်ကြနဲ့။”
ကျင်းဖေး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ လူကောင်းပကတိကနေ ရုတ်တရက် သေသွားတာ နှမြောစရာပါပဲ။ ကျန်းချိုက်ရန်လည်း လန့်ဖျားဖျားသွားတယ်ဆိုတော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပါပဲ။"
"လန့်ဖျားတာလား၊ တခြားအကြောင်းကြောင့်လား ဘယ်သူသိမှာလဲ။ လျိုချိုက်နွီ သေဆုံးမှုကိုက သံသယဖြစ်စရာ ကောင်းနေပြီးသား မိဖုရားခေါင်ကြီးကသေချာစစ်ဆေးကြည့်သင့်တယ်ထင်ပါတယ်။”
ဘေးနားမှ လင်ရှိုးရုန် ရုတ်တရက် ဝင်ပြောလိုက်သည်။
ရှူးဖေး ဒေါသထွက်သွားသည်။
"လင်းရှီ... နင် ဘာကို ဆိုလိုတာလဲ။"
"ဒီချန်းချဲ့က ကျန်းချိုက်ရန်အကြောင်း ပြောနေတာပါ၊ ရှူးဖေးမယ်မယ်က ဘာလို့ ဒေါသထွက်နေရတာလဲ။"
လင်ရှိုးရုန်က အသက်မပါသော အပြုံးဖြင့် ကြည့်လိုက်သည်။
မိဖုရားခေါင်ကြီး မျက်မှောင်ကြုတ်လိုက်ပြီး နှစ်ယောက်စလုံးကို တားလိုက်သည်။
"တော်ကြတော့... ဒီကိစ္စက မတော်တဆမှု သက်သက်ပါပဲ။ ပန်းကုန်း လူလွှတ်ပြီး စစ်ဆေးခိုင်းပြီးပြီ။ ဘာထူးခြားမှုမှ မရှိဘူး။ နှစ်ကုန်ခါနီး အလုပ်များနေတဲ့အချိန်ဖြစ်လို့ လျိုချိုက်နွီရဲ့ အလောင်းကို ညတွင်းချင်း တော်ဝင်သင်္ချိုင်းကို ပို့လိုက်ပြီ။ ဒီကိစ္စက မင်္ဂလာမရှိလို့ ထပ်မပြောကြနဲ့တော့။"
ကိုယ်လုပ်တော်တစ်ဦး ချော်လဲသေဆုံးခြင်းသည် ဂုဏ်ယူစရာကိစ္စ မဟုတ်ပေ။
လျိုရှီ ကိုယ့်ဘာသာ မိုက်မဲပြီး သေဆုံးသွားသည်က ထားပါတော့။ သို့သော်ထိုသေဆုံးမှုကြောင့် မိဖုရားခေါင်ကြီး၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု အပြောခံရနိုင်သည်။
ထို့ကြောင့် မိဖုရားခေါင်ကြီးက ကိစ္စကိုမကြီးထွားစေချင်ခြင်း ဖြစ်သည်။
သံသယဖြစ်စရာ ရှိလျှင်တောင်မိမိဘာသာ တိတ်တိတ်စိတ်စိတ်စုံစမ်းမည်ဖြစ်သည်။
ယဲ့ယွင်သည် သူမ၏နေရာတွင် တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်ရင်း လင်ရှိုးရုန်ကို မသိမသာ အကဲခတ်နေမိသည်။
မကြာသေးမီက လင်ရှိုးရုန်၏ ပြောဆိုလုပ်ကိုင်ပုံများသည် မိဖုရားခေါင်ကြီးကို ဒုက္ခပေးရန် ရည်ရွယ်နေသကဲ့သို့ ခံစားရသည်။
မိဖုရားခေါင်ကြီး၏ မျက်နှာထားကို ကြည့်လိုက်ရာ မနေ့ကထက် ပို၍ ပင်ပန်းနွမ်းနယ်နေသည်ကို တွေ့လိုက်ရပြန်သည်။
နန်းတွင်းကိစ္စများကို စီမံခန့်ခွဲရခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ တစ်ရက်
တည်းနှင့်ပင် ဤမျှပင်ပန်းနေပြီဖြစ်သည်။
အပြင်လူများ မသိသော်လည်း ဝမ်သယ့်ဖေး ပြန်အပ်လိုက်သော စာရင်းစာအုပ်များသည် အပြင်ပန်းကြည့်လျှင် သပ်ရပ်သော်လည်း အတွင်း၌ ရှုပ်ထွေးမှုများစွာ ရှိနေသည်။ ပြန်လည်ရှင်းလင်းရန် အလွန်ခက်ခဲသည်။
အောက်ခြေအစေခံများက ကူညီနိုင်သော်လည်း ရှုပ်ထွေးလွန်းသဖြင့် မိဖုရားခေါင်ကြီး ကိုယ်တိုင် ဝင်ပါရသည်။
ဝမ်သယ့်ဖေး ကိုင်တွယ်ခဲ့သည်မှာ မကြာသေး၍သာ တော်သေးသည်။ ကြာသွားလျှင် ပို၍ ပင်ပန်းရပေလိမ့်မည်။
မိဖုရားခေါင်ကြီးသည် အမှန်တကယ် အားအင်ကုန်ခမ်းနေသဖြင့် ခဏထိုင်ပြီးနောက် အားလုံးကို ပြန်ခိုင်းလိုက်သည်။
သို့သော် ကျောက်ကျယ်ယွီကို ချန်ထားခဲ့သည်။
၎င်းမှာထူးဆန်းသော ကိစ္စမဟုတ်ပေ။ ကျောက်ရှီသည် မိဖုရားခေါင်ကြီးဘက်တော်သား ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။
ထိုနေ့မှစ၍ နှစ်သစ်ကူးအထိ ဧကရာဇ်သည် ကိုယ်ဝန်ဆောင်ထားသော မိဖုရားခေါင်ကြီးနှင့် ယိကျယ်ယွီတို့ထံသာ သွားရောက်ပြီး အခြားနေရာများသို့ မသွားတော့ပေ။
နှစ်သစ်ကူးပွဲတော် မတိုင်မီ နှစ်ရက်အလိုတွင် မယ်တော်ကြီးသည် ရောဂါပျောက်ကင်းကြောင်း ကြေညာလိုက်သည်။
သို့သော် ချက်ချင်းဆိုသလို ယောင်ထိုက်ကွေ့ဖေး ဖျားနာသွားပြန်သည်။
ယောင်မိသားစုက သတင်းမေးရန် စာပို့လာပြီး ဘာတွေပြောလိုက်မှန်း မသိပေ။
နှစ်လကြာ အပြစ်ပေးခံထားရသော ဖန်းရှိုးယွမ်သည် နှစ်သစ်ကူး တော်ဝင်ညစာစားပွဲသို့ တစ်ရက် တက်ရောက်ခွင့် ရရှိသွားလေသည်။
(ဖန်းရှိုးယွမ်က ပြန်လည်မွေးဖွားလာတဲ့ယောင်ရှန်းပါနော်)
***