အခန်း (၁၆၇-၁၆၈)
Vol. 11 Ch. 167-168
အခန်း ၁၆၇ ။ မျက်နှာသာပေးမှု
နှစ်သစ်ကူး တော်ဝင်ညစာစားပွဲ။
ယဲ့ယွင် နန်းတွင်း၌ ဒုတိယအကြိမ်မြောက် ဖြတ်သန်းရသော နှစ်သစ်ကူးပွဲ ဖြစ်သည်။
ယနေ့ ညစာစားပွဲ တက်ရုံဖြင့် ပြီးသွားပြီ ဖြစ်သော်လည်း နောက်တစ်နေ့ မနက်စောစော ဘိုးဘေးကန်တော့ပွဲ တက်ရမည်ဖြစ်ရာ တကယ်ပင် ပင်ပန်းရတော့မည်။
သို့သော် ယခုအခါ ရာထူးတိုးလာပြီး မျက်နှာသာပေးခံရသူ ဖြစ်သဖြင့် ယမန်နှစ်ကထက် အခြေအနေ ပိုကောင်းနိုင်သည်။
အနည်းဆုံးတော့ အတွင်းကျကျ နေရာရနိုင်မည် ဖြစ်သည်။
"ကျယ်ယွီ... ဒီနေ့ ဘယ်အဝတ်အစား ဝတ်မလဲ။ နှစ်သစ်ကူးဆိုတော့ တောက်ပတဲ့အရောင်လေးတွေ ဝတ်လိုက်ရင် ပိုကောင်းမယ်။"
ဟွေယွဲ့က အကြံပြုလိုက်သည်။
ယဲ့ယွင် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အနီရောင်ဝတ်စုံတွေ အကုန်ယူလာခဲ့၊ ငါ ကြည့်ဦးမယ်။"
ဟွေယွဲ့ ပြန်ဖြေပြီး အစေခံလေးများကို ဝတ်စုံများ ရွေးထုတ်ခိုင်းလိုက်ရာ အနီရောင်အကျီများအတန်းလိုက် စီထားသည်ကို တွေ့လိုက်ရသည်။
မိမိ၌အဝတ်အစားများသည်ကို သိသော်လည်း အနီရောင်ချည်း သက်သက် ၁၀ စုံ ရှိနေသည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားမိသည်။
သို့သော် နန်းတွင်းရှိ အခြားသူများနှင့် ယှဉ်လျှင် သာမန်မျှသာ ဖြစ်သည်။ အိမ်ထောင်မပြုမီက အမေချူရှီသည် သမီးကို အလွန်ချစ်သဖြင့် ကိုယ်တိုင် ပြန်ဝတ်ချင်သည်ဟု မပြောမချင်း တစ်နှစ်ပတ်လုံး အဝတ်အစား မထပ်ရအောင် စီစဉ်ပေးတတ်သည်။
ပြင်ဆင်ခြယ်သပြီး အစာပြေစားသောက်ကာ ချုံးဟွာခန်းမသို့ ထွက်ခွာခဲ့သည်။
လမ်းတွင် ရှမိန်ရန်နှင့် တွေ့သဖြင့် အတူတူ လမ်းလျှောက်သွားကြသည်။
နေရာရောက်သောအခါ ယဲ့ယွင်သည် မျက်နှာချင်းဆိုင်ရှိ အရာရှိမိသားစုများ ထိုင်နေသော နေရာကို လှမ်းကြည့်လိုက်သည်။
အစ်ကိုကြီး ယဲ့ကျယ်၊ အမေနှင့် အဒေါ် ယန်ဝမ်ရုန်တို့ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။
မိသားစုဝင်များအချင်းချင်း မျက်ရိပ်ပြ နှုတ်ဆက်ပြီးမှ နေရာတွင်ဝင်ထိုင်လိုက်သည်။
မကြာမီ ဧကရာဇ်၊ မိဖုရားခေါင်ကြီးနှင့် မယ်တော်ကြီးတို့ အတူတကွ ဝင်ရောက်လာကြသည်။
ဇနီးမောင်နှံနှစ်ဦးသည် မယ်တော်ကြီးကို ဘယ်ညာ တွဲထူလျက် ဝင်လာကြရာ ကြည့်ရသည်မှာ အလွန်လိုက်ဖက်ညီပြီး ချစ်ခင်ရင်းနှီးနေကြသည့်ပုံ ပေါက်နေသည်။
သို့သော် သေချာကြည့်လိုက်လျှင် မယ်တော်ကြီး၏ အပြုံးသည် အလွန်တောင့်တင်းနေပြီး ဟန်ဆောင်ကောင်းအောင်ပင် မကြိုးစားထားကြောင်း တွေ့ရသည်။
နောက်မှ ယန်ဝမ်ရုန် လိုက်ပါလာသည်။
သူမသည် မီးဖွားပြီးကာစဖြစ်ပြီး လာမည့် ၈ ရက်နေ့တွင် ဖုန်းရှီးနန်းဆောင်မှ ပြောင်းရွှေ့တော့မည် ဖြစ်သော်လည်း လောလောဆယ် မိဖုရားခေါင်ကြီးနှင့် အတူနေထိုင်ဆဲ ဖြစ်သည်။
ယန်ဝမ်ရုန်သည် မူလကတည်းက လှပသူဖြစ်ပြီး ကလေးမွေးပြီးနောက် ပို၍ ပြည့်ဖြိုးလာကာ ကျက်သရေရှိလာသည်။
"မှူးမတ်အပေါင်းတို့... ဒီနှစ် ကျန်းအတွက် မြောက်ဘက်ကို လှည့်လည်ရင်း လုပ်ကြံခံရတာတွေ၊ ကူးစက်ရောဂါတွေ ကြုံခဲ့ရပေမယ့် ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကြောင့် အားလုံးကို ဘေးကင်းစွာ ကျော်လွှားနိုင်ခဲ့တယ်။ အခု နှစ်ကုန်ခါနီးပြီဆိုတော့ လာမယ့်နှစ်မှာ နန်ချီပြည်ကြီး ရာသီဥတု သာယာပြီး အရာရာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ မှူးမတ်အပေါင်းတို့... ကျန်းနဲ့အတူ ဒီဝိုင်ခွက်ကို မော့ပြီး နန်ချီပြည်ကြီး တည်ငြိမ်အေးချမ်းပါစေလို့ ဆုတောင်းလိုက်ကြရအောင်။"
နင်ချန်သည် အသံကျယ်ကျယ်ဖြင့် ပြောပြီး ဝိုင်ခွက်မြှောက်လိုက်သည်။
အောက်မှ လူအများက တညီတညွတ်တည်း လိုက်ဆိုကြသည်။
ဝိုင်သောက်ပြီးနောက် ညစာစားပွဲ တရားဝင် စတင်လေသည်။
မိဖုရားခေါင်ကြီးသည် ပထမဆုံး ဂါရဝပြုသူ ဖြစ်သည်။
ယနေ့ သူမသည် တရားဝင် မိဖုရားခေါင်ကြီးဝတ်စုံကို ဝတ်ဆင်ထားရာ အလွန်လေးလံပုံရသည်။
ခေါင်းပေါ်မှ ရွှေရောင် ဖုန်းသရဖူကြီးသည် လူကို ဖိထားသကဲ့သို့ ရှိနေသည်။
နန်းတွင်းစရောက်စဉ်က အဆင့် ၆ ဝမ်ရုန်ရာထူး၏ ဝတ်စုံကို ဝတ်ဆင်ဖူးရာ လေးလံလွန်း၍ သေမတတ် ခံစားခဲ့ရဖူးသည်။ ယခု ကိုယ်ဝန်ဆောင်သည် တစ်ယောက်အနေဖြင့် ဒီလောက်လေးလံသော ဝတ်စုံကို ခံနိုင်ရည်ရှိသည့်အတွက် မိဖုရားခေါင်ကြီးကို လေးစားမိသွားသည်။
ဤညစာစားပွဲသည် နှစ်နာရီမပြည့်မီ ပြီးဆုံးမည် မဟုတ်ပေ။
ထို့နောက် ကိုယ်လုပ်တော်များ ရာထူးအလိုက် တစ်ယောက်ပြီးတစ်ယောက် အရှင်မင်းကြီးကို ဂါရဝပြုကြသည်။
ရှူးဖေးသည် ပထမဆုံး ဂါရဝပြုပြီး သမီးတော်ကြီးကလည်း လက်ဖက်ရည်ဖြင့် ဂါရဝပြုလိုက်သည်။
တစ်နှစ်ကြီးလာပြီဖြစ်၍ ယမန်နှစ်ကထက် ပို၍ စည်းကမ်းရှိလာသည်။
ချစ်စဖွယ် အသံလေးဖြင့် ဆုတောင်းစကား ပြောလိုက်ရာ နင်ချန် သဘောကျသွားသည်။
သို့သော် နှိုင်းယှဉ်စရာ ပေါ်လာသည်။ နောက်မှ လိုက်လာသော တစ်နှစ်ကျော်အရွယ် နို့ထိန်းပွေ့ချီထားသည့် သားတော်ကြီးမှာမူ အားနည်းနေသည်။
သို့သော် သားတော်ကြီးမှာ စကားတီတီတာတာပြောတတ်လာပြီဖြစ်သည်။ စကားလုံး အများကြီး မပြောတတ်သေးသော်လည်း လူတ်ိုင်းကိုနှုတ်ဆက်တတ်သည့် အရွယ်သို့ရောက်လာခဲ့သည်။
"ဝမ်သယ့်ဖေး ဒီအတောအတွင်းပင်ပန်းနေရောပေါ့။ သားတော်ကြီးက စကားပြောတတ်နေပြီဆိုတော့ရှားရှားပါးပါးပဲ။”
မယ်တော်ကြီး ရုတ်တရက် ဝင်ပြောလိုက်သည်။
ဤသည်မှာ ကောင်းသောစကား မဟုတ်ပေ။
တစ်နှစ်ကျော် ကလေးတစ်ယောက် စကားပြောတတ်ခြင်းသည် အဆန်းမဟုတ်ပေ။
မယ်တော်ကြီး ပြောလိုက်သော လေသံသည်ဘေးလူများအဖို့ နားထောင်ရခက်လှသည်။
နင်ချန် မျက်နှာပျက်သွားသည်ကို မြင်သောအခါ မိဖုရားခေါင်ကြီး အမြန်ဝင်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သားတော်ကြီးက ခန္ဓာကိုယ် အားနည်းတော့ ညီမတော်ဝမ် ဂရုစိုက်ရတာ ပင်ပန်းမှာပါ။ ဒါပေမဲ့မိခင်မေတ္တာ စေတနာက အကျိုးပေးပါတယ်။”
"ကလေးကို အရင် ကောင်းကောင်းကြီးပြင်းလာအောင် မွေးလိုက်ပါဦး။ ဒီစေတနာက အကျိုးပေးမပေးဆိုတာ မသေချာသေးပါဘူး။"
မယ်တော်ကြီးသည် တမင်သက်သက် စကားရပ်လိုက်ပြီး အသံကို ဖိပြောကာ နင်ချန်ကို မသိမသာ ခိုးကြည့်လိုက်သည်။
မိဖုရားခေါင်ကြီးသည် မယ်တော်ကြီး၏စကားကြောင့် ရင်ထဲအေးစက်သွားပြီး မပြောသင့်သောစကားများ ပြောလာသောကြောင့်နေရခက်သွားသည်။
"ရှေးလူကြီးတွေ ပြောစကားရှိပါတယ်။ 'မိခင်မေတ္တာရှိမှ သားသမီးက ရိုသေတယ်' တဲ့။ မိခင်က မေတ္တာထားမှတော့ သားသမီးက ရိုသေမှာပါပဲ။ မယ်တော်ကြီး စိတ်မပူပါနဲ့။ သယ့်ဖေးမယ်မယ့်ရဲ့ စေတနာကို နတ်သိကြားတွေ သိပြီး သားတော်ကြီးကို ဘေးကင်းအောင် စောင့်ရှောက်ပေးမှာပါ။ နောင်တစ်ချိန် သားသမီးတွေရဲ့ ပြုစုမှုကို ခံစားရမှာပါ။"
ယဲ့ယွင် အောက်မှနေ၍ ပြုံးလျက် ဝင်ပြောလိုက်သည်။
ဤစကားများသည် ဝမ်သယ့်ဖေးကို ကာကွယ်ပေးသလို အရှင်မင်းကြီးကိုလည်း ကာကွယ်ပေးရာ ရောက်ကြောင်း ဦးနှောက်ရှိသူတိုင်း နားလည်ကြသည်။
မယ်တော်ကြီးက နားမလည်ဘဲ နေပါ့မလား။
နှာခေါင်းရှုံ့လိုက်ပြီး ဝိုင်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။
"မင်ကျယ်ယွီ... နန်းတွင်းစည်းကမ်းတွေ ဘယ်ရောက်သွားပြီလဲ။ အိုက်ကျားက မိဖုရားခေါင်ကြီးနဲ့ စကားပြောနေတာ၊ နင်က ဘာအဆင့်ရှိလို့ ဝင်ပြောရတာလဲ။"
လူအများရှေ့ အငေါက်ခံလိုက်ရသော်လည်း ယဲ့ယွင် တည်ငြိမ်နေသည်။ သို့သော် မျက်နှာချင်းဆိုင်မှ ယဲ့မိသားစုဝင်များမှာမူ စိုးရိမ်နေကြသည်။
ယဲ့ကျယ်သည် ဝိုင်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများ မှိန်ဖျော့သွားသည်။
လူတိုင်း စောင့်ကြည့်နေစဉ်မှာပင် ထိပ်ဆုံးမှ အမျိုးသားက ဝင်ပြောလိုက်သည်။
"မယ်တော်... သူ့ကို အပြစ်မယူပါနဲ့။ မင်ကျယ်ယွီက ပွင့်လင်းပြီး တက်တက်ကြွကြွစရိုက်ရှိလို့ပါ။ သူ့ကို 'မင်' (တောက်ပသော) ဆိုတဲ့ ဘွဲ့ပေးထားတာက သားတော်ကသူ့ရဲ့ တက်ကြွလန်းဆန်းမှုကို သဘောကျလို့ပါ။"
နင်ချန်သည် ယဲ့ယွင်ကို ကြည့်လိုက်ပြီး နှစ်သိမ့်သလို ပြုံးပြလိုက်သည်။
ဤမျှ သိသာထင်ရှားစွာ မျက်နှာသာပေးလိုက်ခြင်းကြောင့် ရှိနေသူအားလုံး အံ့သြသွားကြသည်။
ယဲ့ယွင် သိပါသည်။ သူမကို ချစ်ခင်သည်မှာ မှန်သော်လည်း နင်ချန်၏ယခုလုပ်ရပ်သည် သူမကိုအသုံးချကာ မယ်တော်ကြီးကို ဆန့်ကျင်လိုစိတ် ပါဝင်နေသည်။
မယ်တော်ကြီးက လူအများရှေ့တွင် နင်ချန်ကို မိဘမရိုသေသူဟု သွယ်ဝိုက်ပြောဆိုနေခြင်းကို မည်သည့် ဧကရာဇ်မျှ သည်းခံမည် မဟုတ်ပေ။
"ဒီချန်းချဲ့ ပျော်လွန်းလို့ စကားလွန်သွားပါတယ်။ အရှင်မင်းကြီး ခွင့်လွှတ်ပါ၊ မယ်တော်ကြီးလည်း ခွင့်လွှတ်ပေးပါနော်။"
ယဲ့ယွင် တွန့်ဆုတ်မနေဘဲ ချက်ချင်း ထရပ်ကာ တောင်းပန်လိုက်သည်။
ဧကရာဇ်ကတောင် အပြစ်မယူဘဲ ကာကွယ်ပေးနေမှတော့ ယဲ့ယွင် ဘာမှအမှားမလုပ်ခဲ့ကြောင်း ထင်ရှားနေသဖြင့် မယ်တော်ကြီး မကျေနပ်သော်လည်း လက်လျှော့လိုက်ရသည်။
မကျေမနပ်ဖြင့် လက်ဝှေ့ယမ်းပြပြီး ထိုင်ခိုင်းလိုက်သည်။
ထိုင်ပြီးနောက် ယဲ့ယွင်သည် နင်ချန် သူမကို ကြည့်နေဆဲဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် ဝိုင်ခွက်မြှောက်ကာ ရဲရဲတင်းတင်း ဂါရဝပြုလိုက်သည်။
နင်ချန်လည်း စိတ်ကြည်လင်သွားပြီး ပြန်လည်ဂါရဝပြုကာ ပြုံးလိုက်သည်။
ဤအပြန်အလှန်ပြုမူမှုများသည် လူအများ၏ မျက်စိထဲတွင် မျက်နှာသာပေးမှု၏ သင်္ကေတများ ဖြစ်သွားသည်။
ခဏကြာသောအခါချူရှီနှင့် ယန်ဝမ်ရုန်ကို လာရောက်နှုတ်ဆက်သူ များပြားလာသည်။
မိဖုရားခေါင်ကြီး ရင်ထဲတွင် နာကျင်သွားပြီး ဗိုက်ထဲတွင်လည်း မအီမသာ ဖြစ်လာသဖြင့် နွားနို့ပူပူ နှစ်ငုံခန့် သောက်လိုက်မှ သက်သာသွားသည်။
နုနယ်ပျိုမြစ်ပြီး လှပသော ယဲ့ယွင်ကို ကြည့်လိုက်ပြီး မျက်လွှာချကာ မျက်လုံးထဲမှ အေးစက်မှုကို ဖုံးကွယ်ထားလိုက်သည်။
ဝိုင်သုံးခွက် သောက်ပြီးနောက် ညစာစားပွဲဝိုင်းသည် လှုပ်ရှားသက်ဝင်လာခဲ့သည်။
ထိုအချိန်တွင် မိဖုရားခေါင်ကြီးက ကိစ္စတစ်ခုကို ထုတ်ပြောလိုက်သည်။
"ယိကျယ်ယွီရဲ့ ကိုယ်ဝန်က ခြောက်လကျော်ပြီ မဟုတ်လား။"
"မှန်ပါတယ် မယ်မယ်။ ခြောက်လခွဲ ရှိပါပြီ။"
ယိကျယ်ယွီက ဗိုက်ကိုပွတ်သပ်ရင်း ပြုံးလျက် ဖြေလိုက်သည်။
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"အရင်တုန်းက အခက်အခဲကြုံခဲ့ရပေမယ့် အခုကျန်းမာလာတာ တကယ်ကိုဝမ်းသာစရာပဲ။ ပန်းကုန်းလည်း ယန်ဝမ်ရုန် ကလေးမွေးတာကို ကြည့်ပြီး ကိုယ်တိုင် ကိုယ်ဝန်ဆောင်လာရတော့မှ ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်လာတော့တယ်။"
"ဒီချန်းချဲ့ရဲ့ ကလေးက မယ်မယ့်ကလေးလောက် တန်ဖိုးမကြီးပါဘူး။ မယ်မယ်က နေ့တိုင်း အလုပ်များနေတာဆိုတော့ မပင်ပန်းစေနဲ့နော်။ မယ်မယ့်ဗိုက်ထဲက ကလေးက နန်ချီရဲ့ တရားဝင်မင်းသားလေ။"
ယိကျယ်ယွီ ပြောလိုက်သည်။
မိဖုရားခေါင်ကြီး ဘာလုပ်ချင်နေမှန်း မသိသော်လည်း ရုတ်တရက် အမေးခံလိုက်ရသဖြင့် သတိထားကာဖြေလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုလိုက်ခြင်းသည် မိဖုရားခေါင်ကြီး သူမကို အမြင်
ကပ်ပြီး ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ မိဖုရားခေါင်ကြီး၏ နောက်ဆက်တွဲစကားများသည် အရှင်မင်းကြီးကို ဦးတည်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ယိကျယ်ယွီက ကိုယ်ဝန်ပျက်ကျဖူးတဲ့အပြင် အခုကိုယ်ဝန်ကလည်း မငြိမ်မသက် ဖြစ်နေတယ်လို့သမားတော်ဆီကနေကြားတယ်။ ဒါကြောင့်ဒီချန်းချဲ့ စဉ်းစားမိတာက နှစ်သစ်ကူးရက်ကောင်းရက်မြက်မှာ ယိကျယ်ယွီကို ရာထူးတိုးပေးလိုက်ရင် ကံကောင်းခြင်းတွေ ရလာမလားလို့ပါ။”
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-168
အခန်း ၁၆၈ ။ ကြားဝင်နှောင့်ယှက်ခြင်း
မွေးတောင် မမွေးရသေးဘဲ ကျိုဖင်အဆင့် ရှိုးရုန်ရာထူးအဆင့်ထိတိုးပေးလိုက်တယ်ပေါ့လေ?
ပြီးတော့ကလေးမွေးပြီးရင် ထပ်တိုးပေးအုံးမယ်ဆိုရင် ရှိုးယွမ်ရာထူးအထိတောင် ဖြစ်သွားလိမ့်မယ်။ ထိုအချိန်တွင်ကိုယ်လုပ်တော်တိုင်းအတွေးကိုယ်စီဖြစ်နေကြသညါ။
မိဖုရားခေါင်ကြီးက ရုတ်တရက် မျက်နှာသာပေးလာသဖြင့် ယိကျယ်ယွီကိုယ်တိုင် နားမလည်နိုင် ဖြစ်သွားသည်။
ထို့နောက်အစေခံ၏ အကူအညီဖြင့် အလျင်အမြန် ထရပ်ကာ ပြောလိုက်၏။
"မိဖုရားခေါင်ကြီးရဲ့ မေတ္တာက ကြီးမားလွန်းပါတယ်။ ဒီချန်းချဲ့က အခုမှကိုယ်ဝန်ဆောင်ကာလပဲရှိသေးတာမို့ ဒီရာထူးကို လက်ခံဖို့ မထိုက်တန်ပါဘူး။"
"အရှင်မင်းကြီး ကြည့်ပါဦး။ ယိကျယ်ယွီက အမြဲတမ်း စည်းကမ်းလိုက်နာပြီး သတိထားနေတာ။ ဒီလိုလူမျိုးကိုမှ မချီးမြှောက်ရင်ဘယ်သူ့ကို ချီးမြှောက်ရမှာလဲ။ ကျွန်မတော့သဘောကျတယ်။"
မိဖုရားခေါင်ကြီးက ပြုံးလျက် ပြောသည်။
ဤကဲ့သို့ ချီးကျူးခြင်းသည် ယိကျယ်ယွီကို မြှောက်စားရန် ဆုံးဖြတ်ထားကြောင်း သိသာနေသည်။
နင်ချန်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ဝူရှီကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်သည်။
"မိဖုရားခေါင်ကြီး အခုလိုကျန်းကိုပွင့်ပွင့်လင်းလင်းပြောပြီး သဘောကျတာရှားရှားပါးပါးဆိုတော့ ကျန်းရဲ့မိဖုရားစကားအတိုင်း ချီးမြှောက်ပေးရမှာပေါ့။ မွေးပြီးရင်လည်း ရာထူးတိုးပေးရမှာပဲ။ အခု ကြိုပေးလိုက်တာက မင်းဗိုက်ထဲက ကလေးအတွက် ကံကောင်းခြင်းတွေ ယူဆောင်
လာတယ်လို့ပဲမှတ်လိုက်ပါဌ မိဖုရားခေါင်ကြီးရဲ့ ဆန္ဒအတိုင်း ယိကျယ်ယွီကို ရှိုးရုန်ရာထူး တိုးပေးမယ်။"
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူးတင်ရှိပါတယ်။"
ယိရှိုးရုန် ဂါရဝပြုလိုက်သည်။
အတွင်းစိတ်ထဲမှာ ဘာအကြံအစည်ရှိရှိ ရာထူးတိုးခြင်းသည် ကောင်းတဲ့ကိစ္စပင်။ ထို့ကြောင့် ဝူရှီ ဝမ်းသာနေမိသည်။
သူမ ထိုင်လိုက်သည်နှင့် ယောင်ရှန်း ထရပ်လိုက်သည်။
ယောင်ရှန်းသည် ယနေ့ အလွန်ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ ခရမ်းရောင်ဖျော့ဖျော့ နန်းတွင်းဝတ်စုံနှင့် ခေါင်းပေါ်တွင် ကျောက်စိမ်းဖြူ၊ ငွေရောင်ဆံထိုး အနည်းငယ်သာ တပ်ဆင်ထားသည်။ နှစ်သစ်ကူးပွဲတော်ဖြစ်၍ အရမ်းရိုးရှင်းလွန်းမည်စိုးသဖြင့် ကတ္တီပါပန်းပွင့် အနည်းငယ် ထိုးစိုက်ထားသည်။
ရှေးစကားပုံအရ 'လှချင်ရင် အဖြူဝတ်' ဆိုသလို ရိုးရှင်းသော အဝတ်အစားများက အမျိုးသမီး၏ သဘာဝအလှကို အပေါ်လွင်စေဆုံး ဖြစ်သည်။
ယနေ့ ယောင်ရှန်း၏ ဝတ်စားဆင်ယင်မှုသည် ထိုသဘောတရားကို ကောင်းစွာ နားလည်ကာ ပြင်ဆင်ထားပုံရသည်။
"အရှင်မင်းကြီး...ချန်းချဲ့ အပြစ်ပေးခံနေရတဲ့အချိန်တုန်းက ကိုယ့်အနားက အစေခံတစ်ယောက်က ဒီလိုယုတ်ညံ့တဲ့အလုပ် လုပ်ခဲ့တယ်ဆိုတာ တွေးမိတိုင်း စိတ်မချမ်းသာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ယိရှိုးရုန် သားအမိနှစ်ယောက် ဘေးကင်းဖို့အတွက် နေ့တိုင်း ဘုရားစာ ကူးရေးပြီး ဆုတောင်းပေးခဲ့ပါတယ်။"
"ဒီချန်းချဲ့ရဲ့ အပြစ်က ကြီးမားမှန်း သိပါတယ်။ ယိရှိုးရုန်ရဲ့ ခွင့်လွှတ်မှုကို မတောင်းဆိုရဲပါဘူး။ ဒါပေမယ့် ဒီနေ့ ဒီဘုရားစာတွေကို အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးရှေ့မှာ ပေးအပ်ပြီး တောင်းပန်ချင်ပါတယ်။"
ပြောပြီးသည်နှင့် ဘေးနားမှ ကျီကျူးကို မျက်ရိပ်ပြလိုက်သည်။
ကျီကျူး၏ လက်ထဲတွင် ထူထဲသော ဘုရားစာမူကြမ်း နှစ်ထပ်ကို ကိုင်ထားသည်။
ရွှမ်စက္ကူပေါ်တွင် သေသပ်လှပသော လက်ရေးဖြင့် ရေးသားထားရာ တကယ်ပင် ကြိုးစားပမ်းစား ကူးရေးထားကြောင်း သိသာစေသည်။
တောင်းပန်မှုက ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ ဒီဘုရားစာတွေကို ကြည့်ရုံနဲ့ ယောင်ရှန်း ကြိုးစားထားတာကို သိနိုင်ပါသည်။
သို့သော် တော်ဝင်ညစာစားပွဲတွင် တောင်းပန်ခြင်းသည် လူအများရှေ့ဖြစ်၍ မျက်နှာပျက်စရာ ကောင်းသော်လည်း ယိရှိုးရုန်အနေဖြင့် သူမ၏ တောင်းပန်မှုကို လက်မခံဘဲ နေ၍မရတော့ပေ။
လူအများကြီး ကြည့်နေကြသည်ဖြစ်သောကြောင့် ယိရှိုးရုန်က ခွင့်မလွှတ်ဘူးဆိုလျှင် သဘောထားသေးသိမ်ရာ ကျသွားလိမ့်မည်။
ယဲ့ယွင်အမြင်တွင် ဒီခေတ်ကလူများသည်မျက်နှာနှင့်ဂုဏ်သိက္ခာကို တန်းဖိုးထားကြပေသည်။
ထိုနေရာမှာ ယဲ့ယွင်သာဆိုလျှင် နတ်မင်းကြီးဆင်းလာရင်တောင် ကိုယ့်ကို တမင်သက်သက် ဒုက္ခလာပေးတဲ့သူအား ခွင့်လွှတ်မည်မဟုတ်ပေ။
ကိုယ့်စိတ်ချမ်းသာဖို့အတွက် တစ်ခုခုကို စွန့်လွှတ်သင့်လည်း စွန့်လွှတ်ရမှာပဲ။
"အစ်မတော်ဖန်းက ဘာတွေပြောနေတာလဲ။ အောက်ခြေအစေခံတွေ မိုက်မဲလို့ ဖြစ်ရတာပါ။ ကျွန်မတို့ ညီအစ်မတွေက အစေခံတစ်ယောက်ကြောင့် စိမ်းကားသွားလို့ ဘယ်ဖြစ်မလဲ။ အစ်မတော်ရဲ့ စေတနာကို လက်ခံပါ့မယ်။ အစ်မတော်က ကျွန်မကလေးအတွက် ဆုတောင်းပေးနေမှတော့ ကလေးက ကျန်းမာမှာ သေချာပါတယ်။"
ထင်ထားသည့်အတိုင်းပင် ယိရှိုးရုန်သည် စိတ်ထဲမပါသော်လည်း သည်းခံပြီး လက်ခံလိုက်ရသည်။
"ညီမလေးရဲ့ စကားကို ကြားရတော့မှ အစ်မစိတ်ထဲ သက်သာရာ ရသွားတော့တယ်။"
ယောင်ရှန်း သက်ပြင်းချလိုက်သည်။
တကယ်ပဲ ဝန်ထုတ်ဝန်ပိုး လျော့သွားသကဲ့သို့ မျက်ရည်အနည်းငယ်ပင် ကျလာခဲ့သည်။
"ဖန်းရှိုးယွမ်သာ စောစောကတည်းက ဒီလိုစိတ်ထားရှိခဲ့ရင် အစေခံတွေ ပြဿနာရှာရဲမှာကို မဟုတ်ပါဘူး။ ယိရှိုးရုန် သားအမိနှစ်ယောက် တကယ် ဒုက္ခမရောက်သွားလို့သာ တော်သေးတယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီဘုရားစာ စာရွက်အနည်းငယ်လောက်နဲ့ အပြစ်ကို ဆေးကြောနိုင်မှာ မဟုတ်ပါဘူး။"
ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်နေပြီး မတော်တဆ ပြောလိုက်သကဲ့သို့ ပြောလိုက်ကာ ဝိုင်အေးတစ်ငုံသောက်ပြီး ပြုံးလျက် ကြည့်လိုက်သည်။
ဟမ့် သူမရှေ့လာနောက်ပြောင်နေတာလား။ အငြိုးထားရမယ်ဆို ငါကနင့်ထပ်တောင်
အငြိုးကြီးသေးတယ်။
ယိရှိုးရုန်က ခွင့်လွှတ်နိုင်ပေမယ့် သူမကတော့ ခွင့်မလွှတ်နိုင်ဘူး။
ယောင်ရှန်းကို အပြစ်လျော့ပေါ့ခွင့်မပေးပဲကျန်တဲ့တစ်လတိတိ သတ်မှတ်ထားသည့်အတိုင်း အပြစ်ခံစေရမည်။
အစောကမိဖုရားခေါင်ကြီးက ယိရှိုးရုန်ကို ရာထူးတိုးပေးလိုက်တာကလည်း သူမကို ဖိနှိပ်ဖို့ဂွင်ဆင်တာ သဘောမပေါက်ဘူးထင်နေလားမသိဘူး။
အခုယှဉ်ပြိုင်မယ့်သူက လောလောဆယ် တစ်ယောက်ရှိရင် လုံလောက်ပြီဖြစ်သည်။ ယောင်ရှန်းနင်ကတော့ ဘေးဖယ်နေလိုက်ပါဦး။
ယဲ့ယွင် ထိုသို့ ပြောလိုက်သောအခါ ယောင်ရှန်း၏ မျက်နှာထား ပျက်သွားပြီး မျက်လွှာချကာ လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဤအခြေအနေသည် မျှော်လင့်မထားသော ကိစ္စဖြစ်သည်။
ယောင်ရှန်းသည် လူအများရှေ့တွင် ယဲ့ယွင်က သူမကို မျက်နှာပျက်အောင် လုပ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမ၏ အစီအစဉ်အရ ယိရှိုးရုန်က ခွင့်လွှတ်စကား ပြောလိုက်လျှင် ကာယကံရှင်က အပြစ်မယူတော့သည့်အတွက် အရှင်မင်းကြီးက ယောင်မိသားစု၏ မျက်နှာကိုထောက်ပြီး သူမကို လွှတ်ပေးလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် ယခု ကြားဝင်နှောင့်ယှက်ခံလိုက်ရသဖြင့် အရှင်မင်းကြီး၏ စိတ်ကို ခန့်မှန်းရခက်သွားသည်။
မိဖုရားခေါင်ကြီးသည် ယောင်ရှန်းဘက်မှ ဝင်ပြောပေးချင်သော်လည်း နင်ချန်က ဦးအောင် ပြောလိုက်သည်။
"ကဲပါ... မင်ကျယ်ယွီ။ မင်းက မတရားတာကို မုန်းတီးမှန်း ကျန်း သိပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဖန်းရှိုးယွမ်ရဲ့ အပြစ်ချည်းပဲ မဟုတ်ပါဘူး။ ကျန်းက သူ့ကို အပြစ်ပေးပြီးသုံးသပ်ခိုင်းထားလို့ ဖန်းရှိုးယွမ်ကိုယ်တိုင်လည်း အခုဆိုနောင်တရနေပါပြီ။ ကျန်းကြည့်သလောက်တော့ ဘုရားစာကူးရေးတာလည်း စေတနာအပြည့်နဲ့ပါ။ အတိတ်က ကိစ္စတွေကို ပြန်မပြောနဲ့တော့။ နောက်ထပ်အပြစ်ဒဏ်တစ်လ ကျန်သေးတာပဲကို ယောင်ရှန်း... မင်း ဘုရားစာတွေကို ကောင်းကောင်း ဆက်ကူးရေးပါ။ ယိရှိုးရုန်အပေါ်ထားတဲ့ စေတနာကို ပြသရာ ရောက်တာပေါ့။"
ယဲ့ယွင် ဘာကြောင့် ဝင်ပြောရသလဲဆိုတာ နင်ချန်လည်း နားလည်ပေသည်။
ဒီမိန်းကလေးက အရင်တစ်ခေါက်က စွပ်စွဲခံရသည့်ကိစ္စအပေါ်မကျေနပ်ချက်များအပြင် ဒေါသစိတ်လည်းမပျောက်သေးသည့်အတွက် ယောင်ရှန်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ပေ။
အကယ်၍ ဒီနေ့ ယောင်ရှန်းကို သူလွှတ်ပေး
လိုက်ပါက ဒီမိန်းကလေးက သေချာပေါက်သူ့ကိုပါ ရန်လာတွေ့မည်ကိုစိုးရပါသည်။
ယောင်ရှန်း အံကြိတ်ပြီး ဂါရဝပြုရုံသာတတ်နိုင်တော့သည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပြီး ယိရှိုးရုန် ဗိုက်ထဲက ကလေးအတွက် ဘုရားစာ ကောင်းကောင်း ကူးရေးပါ့မယ်။"
ယခုအချိန်တွင် သူမသည် ယဲ့ယွင်ကို အလွန်မုန်းတီးနေပြီ ဖြစ်သည်။
သို့သော် ယဲ့ယွင်က သူမကို ဂရုမစိုက်ပေ။ စိတ်ကျေနပ်သွားသဖြင့် ဝိုင်ခွက်မြှောက်ကာ ပြုံးရွှင်စွာ ဂါရဝပြုလိုက်သည်။
"အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်။ အရှင်မင်းကြီး နှစ်တိုင်းနှစ်တိုင်း ကျန်းမာပါစေ၊ ဆန္ဒရှိသမျှ ပြည့်ဝပါစေလို့ ဒီချန်းချဲ့ ဆုတောင်းပေးပါတယ်။"
နင်ချန်သည် ယဲ့ယွင်၏ ရဲရင့်ပြီး တက်ကြွသော ပုံစံကို သဘောကျသဖြင့် မျက်နှာသာပေးပြီး ဝိုင်တစ်ခွက် သောက်လိုက်သည်။
ဤဖြစ်ရပ်ကြောင့် လူတိုင်းရှင်းလင်းစွာ နားလည်လိုက်သည်မှာ နန်းတွင်း၌ မျက်နှာသာအပေးခံရဆုံးသူများ စာရင်းတွင် မင်ကျယ်ယွီသည် ထိပ်ဆုံးမှ ပါဝင်နေသည့်အကြောင်းပင်ဖြစ်သည်။
ထို့နောက် မယ်တော်ကြီးသည် ခြေထောက်ဒဏ်ရာ သက်သာခါစဖြစ်၍ အနားယူရန် လိုအပ်သည်ဟု အကြောင်းပြကာ စောစော ပြန်ထွက်သွားသည်။
မိဖုရားခေါင်ကြီးလည်း ကိုယ်ဝန်ရှိနေ၍ အပင်ပန်းမခံနိုင်သဖြင့် နင်ချန်က မယ်တော်ကြီးကို လိုက်ပို့ရင်း ဖုန်းရှီးနန်းဆောင်သို့ ပြန်နားခိုင်းလိုက်သည်။
နှစ်ယောက်ဆက်တိုက် ထွက်သွားသောအခါ ပွဲခင်းအခြေအနေ ပို၍ သက်ဝင်လှုပ်ရှားလာသည်။
...
နှစ်သစ်ကူး အခါသမယကို အခွင့်ကောင်းယူပြီး နင်ချန်သည် ဖိန်ယန်နယ်စား၏သား ဖုန်းကျစ်ဟွမ်းကို သီးသန့် ခေါ်ယူစကားပြောလိုက်သည်။
စာပေပညာရပ်ဆိုင်ရာ မေးခွန်းအနည်းငယ် မေးမြန်းရာ ဖုန်းကျစ်ဟွမ်းက ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်။ တည်ငြိမ်ပြီး စနစ်တကျ ရှိသည်။
လူကို သေချာကြည့်ရှုပြီးနောက် နင်
ချန်သည် မင်းသမီးနင်လင်နှင့်တရားဝင် လက်ထပ်ပေးလိုက်သည်။
ယခုနှစ် ချုံးယန်ပွဲတော်တွင် နင်လင်နှင့် ဖုန်းကျစ်ဟွမ်းတို့သည် အပြန်အလှန် မေတ္တာမျှခဲ့ကြရာ ယခုအခါ လက်ထပ်ခွင့်ရသဖြင့် နှစ်ဦးစလုံး အလွန်ဝမ်းမြောက်သွားခဲ့ကြသည်။
ထိုက်ကွေ့ဖေးလည်း ကျေနပ်ပုံရသည်။ ပုံမှန် တည်ငြိမ်နေတတ်သော သူမ၏ မျက်နှာတွင် အပြုံးရိပ်များ ပေါ်လာသည်။
ထိုသို့ဖြင့် ယခင်ဧကရာဇ်လက်ထက်က မင်းသား၊ မင်းသမီးများအားလုံး အိမ်ထောင်ကျသွားကြပြီ ဖြစ်သည်။
နင်လင်၏ မင်္ဂလာပွဲကို လာမည့်နှစ် ၆ လပိုင်းတွင် ကျင်းပရန် သတ်မှတ်လိုက်သည်။
မင်းသမီးတစ်ပါး လက်ထပ်ခြင်းသည် အလောတကြီး လုပ်၍မရပေ။ ၆ လအချိန်သည် မင်္ဂလာပစ္စည်းများ ပြင်ဆင်ရန် လုံလောက်သည်။
အဓိကအချက်မှာ လက်ထပ်ပြီးလျှင် မင်းသမီးအဆောင်တစ်ခု ပေးသနားရမည်။
အသစ်မဆောက်ဘဲ ရှိပြီးသား အိမ်တော်ကောင်းကောင်းတစ်ခုကို ပြုပြင်မွမ်းမံပေးရမည် ဖြစ်သဖြင့် အချိန်ယူရဦးမည်။
မည်သို့ပင်ဖြစ်စေ ဤလက်ထပ်ပွဲကို အားလုံးက ကျေနပ်ကြသည်။
ညစာစားပွဲသည် ညဉ့်နက်သည်အထိ ကျင်းပခဲ့သည်။
ဒီနှစ် နင်ချန် စိတ်ပျော်ရွှင်နေသဖြင့် မှူးမတ်များနှင့် ဝိုင်အများကြီး သောက်ခဲ့ရာ ပြန်ချိန်တွင် မူးနေပြီ ဖြစ်သည်။
ဝမ်သယ့်ဖေးသည် သတ္တိမွေးပြီး အိပ်ဆောင်ဝင်ခွင့် တောင်းသော်လည်း ငြင်းပယ်ခံလိုက်ရသည်။
နင်ချန်သည် မူးနေသော်လည်း သတိရှိနေဆဲ ဖြစ်သည်။ ဒီနေ့က နှစ်သစ်ကူးနေ့ ဖြစ်သဖြင့် ချူရှို့နန်းဆောင်သို့ သွားမည်မဟုတ်ပေ။
တကယ်တော့ ဝမ်သယ့်ဖေးလည်း နားလည်ပါသည်။ သို့သော် ခံစားချက်များကြောင့် မနေနိုင်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေ၍ အတူမနေနိုင်သည်ကို အခွင့်ကောင်းယူချင်ခြင်းကြောင့်လည်း ပါသည်။ ယခင်ကယုံကြည်ချက်အပြည့်ရှိသော်လည်း မျှော်လင့်မထားပဲ ငြင်းပယ်ခံရသောအခါ ဝမ်းနည်းမိသည်။
ရှူးဖေးက သူမအား အလိုက်ကမ်းဆိုးမသိ၊ နန်းတွင်းစည်းကမ်း ဖောက်ဖျက်သည်ဟု မညှာမတာ လှောင်ပြောင်သည်။ အခြားကိုယ်လုပ်တော်များက ဘာမှမပြောကြသော်လည်း ဝမ်သယ့်ဖေး၏ မျက်နှာသာပေးခံရမှုသည် ယခင်ကလောက် မဟုတ်တော့ကြောင်း ရိပ်မိလိုက်ကြသည်။
***