အခန်း (၁၆၉-၁၇၀)
Vol. 11 Ch. 169-170
အခန်း ၁၆၉ ။ ကိုယ့်ဒုက္ခကိုယ်ရှာ
လရောင်အောက်တွင် ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင် အလွန်အိပ်ချင်နေပြီ ဖြစ်သည်။
သို့သော် ဗိုက်ဆာနေသဖြင့် ခေါက်ဆွဲတစ်ပန်းကန် မှာစားလိုက်သည်။
စားဖိုဆောင်တွင် အမြဲတမ်း အသင့်ပြင်ဆင်ထားသဖြင့် နာရီဝက်မကြာခင်မှာပင် ဟင်းရံလေးပွဲနှင့်အတူ ကြက်သားမျှင် အရိုးဟင်းရည်ခေါက်ဆွဲ တစ်ပန်းကန် ရောက်ရှိလာသည်။
ညစာစားပွဲတွင် ကောင်းကောင်း မစားခဲ့ရသဖြင့် ယခု ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင်စားလိုက်သည်။
ညဘက် အစာမကြေမည်စိုးသဖြင့် ဟွေယွဲ့က တားလိုက်၍သာ နောက်ထပ်တစပန်းကန် ထပ်မစားဖြစ်ခဲ့ခြင်းဖြစ်သည်။ ယဲ့ယွင်သည် ယခုအချိန်တွင်ဗိုက်ဆာလွန်းလှသဖြင့် ဝက်အကောင်လိုက်ပင်မျိုချနိုင်သည်။
"ကျယ်ယွီ မြန်မြန်အိပ်တော့နော်။ မနက်ဖြန် စောစောထပြီး ဘိုးဘေးကန်တော့ပွဲ သွားရဦးမယ်။ နူးဘီ ဒူးကာတွေ ပြင်ဆင်ထားပေးတယ်။ ဒူးထောက်ရင် သက်သာအောင်လို့ပါ။"
နန်ကျစ်က စောင်ကို သေချာခြုံပေးရင်း ပြောလိုက်သည်။ မီးအိမ်ငြှိမ်းပြီး မီးဖိုထဲသို့ ငွေမျှင်မီးသွေးတစ်တောင့် ထပ်ထည့်လိုက်ကာ အပြင်ခန်းသို့ ထွက်ခွာသွားသည်။
"နင် သွားနားလိုက်ပါတော့။ မနက်ဖြန် တစ်နေ့လုံး ပင်ပန်းရဦးမယ်။ ဒီနေ့ ငါ ညစောင့်လိုက်မယ်။"
ဟွေယွဲ့က ပြောလိုက်သည်။
နန်ကျစ် ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယွီရှို့အဆောင်၏ အမိုးပေါ်တွင် နှင်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းချလိုက်မိသည်။
"ငါတို့သခင်မလေးက ဒီလောက်ကောင်းတာကို ဒီနန်းတော်နံရံလေးဘက်ကြားမှာ ပိတ်မိနေရတယ်လို့ တွေးမိတိုင်း စိတ်မကောင်းဘူး။"
"တိုးတိုးပြောစမ်းပါ။"
ဟွေယွဲ့ လန့်သွားပြီး ပါးစပ်ကို အမြန်လှမ်းပိတ်ကာ အသံနှိမ့်၍ ပြောလိုက်သည်။
"ဒီစကားမျိုး လျှောက်ပြောလို့ မဖြစ်ဘူးလေ။ ငါတို့စိတ်ထဲ သိနေရင် ပြီးတာပဲ။"
နန်ကျစ် ခေါင်းညိတ်လိုက်သည်။
"ဒီနန်းတော်ထဲမှာ သခင်မလေး ရင်ဖွင့်နိုင်တာ ငါတို့နှစ်ယောက်ပဲ ရှိတာလေ။ ဒီနေ့ နင်မတွေ့လိုက်ဘူးလား။ မိဖုရားခေါင်ကြီးက ယိရှိုးရုန်ကို တမင်သက်သက် မြှောက်စားလိုက်တာ သခင်မလေးကို ဖိနှိပ်ချင်လို့ မဟုတ်ဘူးလား။ အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်ရတာ ကောင်းပေမယ့် အရမ်းချစ်ခံရပြန်ရင်လည်း မနာလိုဝန်တိုတာ ခံရသေးတယ်။"
"သူတို့ ဘယ်လိုပဲ ကြံစည်ကြပါစေ၊ ငါတို့က သခင်မလေးကို သေချာကာကွယ်ပေးဖို့ပဲ လိုတာပါ။ အခုလောလောဆယ် သခင်မလေးက ကလေးမယူချင်သေးလို့သာ။ နောင်တစ်ချိန် သခင်မလေး ကလေးမွေးလာရင် သူတို့ ဖိနှိပ်ချင်တိုင်း ဖိနှိပ်လို့ရမယ် ထင်နေလား။"
အစေခံနှစ်ယောက် အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ပြီး တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်လျက် အားပေးလိုက်ကြသည်။
သူတို့အမြင်တွင် ယဲ့ယွင်သည် မည်သည့်ရာထူး ရောက်ရောက် ငယ်စဉ်ကတည်းက သူမတို့ပြုစုလာခဲ့သော သခင်မလေးသာ ဖြစ်သည်။
.....
ထိုညတွင် တစ်စုံတစ်ယောက်က အိပ်ပျော်နေသော်လည်း တစ်စုံတစ်ယောက်ကမူ ပြဿနာ တက်နေသည်။
နင်ချန်သည် ဖုန်းရှီးနန်းဆောင်သို့ မသွားဘဲ ကိုယ့်အိပ်ဆောင်တွင်သာ အိပ်စက်ခဲ့သဖြင့် မနေ့ညက ဖုန်းရှီးနန်းဆောင်သို့ သမားတော် ခေါ်ယူခဲ့ကြောင်း မသိလိုက်ပေ။
(T/N - ဖုန်းရှီးကမိဖုရားခေါင်နေတဲ့အဆောင်ပါ။ ကဲကဲ မိဖုရားခေါင်ကြီးကိုယ်ဝန်ဘယ်လိုဖြစ်မယ်ထင်လဲနော်?)
နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင် ကိုယ်တိုင် နိုးလာခဲ့သည်။
ပတ်ဝန်းကျင်က မှောင်နေသေးသဖြင့် တစ်ချက်အော်ခေါ်လိုက်ရာ အပြင်မှ ပြန်ထူးသံ ကြားလိုက်ရသည်။
"ကျယ်ယွီ နိုးပြီလား။ ကျွန်မ လုဟယ်ပါ။ နန်ကျစ်အစ်မတော်က မနက်စာ သွားယူနေလို့ပါ။ ကျွန်မ ပြုစုပေးမယ်နော်။"
"အင်း... ဝင်ခဲ့လေ။"
ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။
အပြင်ခန်းမှ လိုက်ကာကိုမကာ လုဟယ်နှင့် လုမေ့ ဝင်ရောက်လာကြသည်။
ဒုတိယတန်းစား အစေခံများ ဖြစ်
သော်လည်း ခဏခဏအနီးကပ်ပြုစုဖူးသော အကြိမ်ရေများသဖြင့်ကျွမ်းကျင်ကြသည်။
နန်ကျစ် ပြန်ရောက်လာချိန်တွင် ယဲ့ယွင် ဆံပင်ဖြီးနေပြီ ဖြစ်သည်။
"ကျယ်ယွီ ဒီနေ့ ဘာလို့ စောစောနိုးနေတာလဲ။ နူးဘီ နောက်ကျမိပါပြီ။”
"ရပါတယ်။ ဒီရက်ပိုင်းအိပ်ရတာစိတ်သိပ်မဖြောင့်လို့ထင်တယ်။”
ယဲ့ယွင်က ပြုံး၍ပြောလိုက်သည်။
နန်ကျစ်က မနက်စာ ပြင်ဆင်ပေးရင်း ပြောလိုက်၏။
"ဒီနေ့က လဆန်းတစ်ရက်နေ့လေ။ ကျယ်ယွီ စောစောနိုးတာ ကံကောင်းခြင်း နိမိတ်ပါပဲ။"
ယဲ့ယွင် နှုတ်ခမ်းတွန့်လိုက်ပြီး နန်ကျစ်စကားကြောင့်စိတ်ကြည်လင်သွားသည်။
"ဒါဆိုရင် ယွီရှို့အဆောင်က လူတိုင်းကို ဆုချမယ်။ ပထမတန်းစားတွေကို ရွှေတုံးနှစ်တုံး၊ ဒုတိယတန်းစားတွေကို ငွေတုံးဆယ်တုံး၊ တတိယတန်းစားတွေကို ငွေတုံးငါးတုံးစီ ပေးလိုက်။"
ဤငွေတုံးများသည် ယခင်က ပြုလုပ်ခိုင်းထားသော တစ်လျန် (တစ်ကျပ်သား) တန် ငွေတုံးလေးများ ဖြစ်သည်။ ထို့အပြင် ရွှေတုံးငယ်များဆုချခြင်းသည် ရက်ရက်ရောရော ဆုချခြင်းဟုဆိုနိုင်သည်။
ဆုလာဘ်ရသဖြင့် အားလုံး ဝမ်းသာပျော်ရွှင်နေကြပြီး ကျေးဇူးတင်စကားများ ပြောမဆုံး ဖြစ်နေကြသည်။
.....
မနက်စာ စားပြီးနောက် ယဲ့ယွင်သည် ဖုန်းရှီးနန်းဆောင်သို့ သွားရောက်ခဲ့သည်။
မိဖုရားခေါင်ကြီးကို ဂါရဝပြုပြီးနောက် အားလုံးအတူတကွ ချီနင်နန်းဆောင်သို့ သွားရောက်ကာ မယ်တော်ကြီးကို ဂါရဝပြုကြသည်။ ထို့နောက် ဘိုးဘေးကန်တော့ပွဲသို့ ဆက်သွားကြသည်။
လမ်းတွင် ဝမ်ရှိုးယွမ်နှင့်တွေ့သဖြင့် အတူတူ လမ်းလျှောက်သွားရင်း စကားစမြည် ပြောဖြစ်ကြသည်။
"မနေ့ညက ကျွန်မနန်းဆောင်က အစေခံတွေပြောတာ ဝေ့ရွယ်ဆောင်က ဟိုတစ်ယောက် ဒေါသထွက်နေတယ်တဲ့။ သူလည်း စိတ်မထိန်းနိုင်တဲ့အချိန် ရှိတာပဲ။"
ဝမ်ရှိုးယွမ်၏ ယီမေအဆောင်နှင့် ယောင်ရှန်း၏ ဝေ့ရွယ်ဆောင်မှာ နီးကပ်နေသဖြင့် လှုပ်ရှားမှု ရှိလျှင် ကြားရတတ်သည်။
ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။
"အဲ့တစ်ယောက်က သူ့အပြစ်ဒဏ်ကနေကင်းလွှတ်ခွင့်ရပြီထင်တာ အခုအချည်းနှီးဖြစ်သွားတော့ ဒေါသထွက်မှာပေါ့။"
"ဟုတ်တာပေါ့။"
ဝမ်ရှိုးယွမ် မျက်လုံးမှေးလိုက်သည်။
"အရင်က သူ့ကို ချန်မိန်ရန်နဲ့ တစ်မျိုးတည်းလို့ ထင်ထားတာ။ တကယ်တော့ သူက အများကြီး ဉာဏ်ပိုကောင်းတယ်။ ဒါပေမယ့် ယိရှိုးရုန်လည်း ကံကောင်းပါတယ်။ အခုထိကိုယ်ဝန်ကို အန္တရာယ်ကင်းကင်းနဲ့စောင့်ရှောက်ထားနိုင်တယ်။"
ပြောရင်းနှင့် ခဏရပ်သွားပြီး ယဲ့ယွင်၏ ဗိုက်ကို လှမ်းကြည့်လိုက်သည်။
"ညီမလေး... ညီမလေးက အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်နေတာတောင် ဘာလို့ ဗိုက်မကြီးသေးတာလဲ။ အစ်မဆီမှာ ကောင်းမွန်တဲ့ ဆေးနည်းတစ်ခု ရှိတယ်၊ ယူကြည့်မလား။"
"ကျေးဇူးတင်ပါတယ် အစ်မတော်။ ကလေးကိစ္စက လောလို့မရပါဘူး။ ညီမလေးရဲ့ ခန္ဓာကိုယ်ကို သမားတော်ရှန်က ဂရုစိုက်ပေးနေတာပါ၊ ကျန်းမာရေး ပြဿနာ မရှိပါဘူး။ ရေစက်မရှိသေးလို့ နေမှာပါ။"
ယဲ့ယွင် ဂရုမစိုက်သလို ပြုံးလိုက်သည်။
သူမကိုယ်တိုင် စိတ်အေးလက်အေး ရှိနေသည်ကို မြင်သောအခါ ဝမ်ရှီလည်း ဆက်မပြောတော့ပေ။ ယဲ့ယွင်သည်အမြဲလိုလို အစီအစဉ်ရှိသူဖြစ်သည်။
အားလုံး ဖုန်းရှီးနန်းဆောင်တွင် အမွှေးတိုင်
နှစ်တိုင်စာ (နာရီဝက်ခန့်) ထိုင်စောင့်ပြီးနောက် နန်းတွင်းနှင့် နန်းပြင်ပမှ ကတော်များ စုံလင်သောအခါ မိဖုရားခေါင်ကြီး ဦးဆောင်၍ ချီနင်နန်းဆောင်သို့ သွားရောက်ကြသည်။
မိဖုရားခေါင်ကြီး၏ မျက်နှာသည်သွေးရောင်လွှမ်းနေသော်လည်း မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများ တွေ့နေရသည်။
မနေ့ကကဲ့သို့ လေးလံသော ဝတ်စုံနှင့် သရဖူကို ထပ်မံဝတ်ဆင်ထားသည်ကို မြင်သောအခါ ယဲ့ယွင် သက်ပြင်းချလိုက်မိသည်။ တကယ့်ကို ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ။
ဘိုးဘေးကန်တော့ပွဲ မတက်ရုံနဲ့ မိဖုရားခေါင်ကြီး မဟုတ်တော့မှာ ကျလို့။
ဘိုးဘေးကန်တော့ပွဲမှာ ပင်ပန်းပြီး ကလေးထိခိုက်သွားမှာကို မစိုးရိမ်ဘူးလား။
ဤသည်မှာ ယဲ့ယွင်၏အတွေးသက်သက်သာ ဖြစ်သည်။ သူမအနေဖြင့် တစ်ပါးသူအား ဘာမှသွားပြီး ဖျောင်းဖျနေမှာ မဟုတ်ပေ။
.....
မယ်တော်ကြီးကို ဂါရဝပြုပြီးနောက် အမျိုးသမီးအုပ်စုကြီးသည် ဘိုးဘေးနတ်ကွန်းသို့ ချီတက်သွားကြသည်။
ရောက်ရှိသောအခါ ဧကရာဇ်နှင့် တော်ဝင်ဆွေမျိုးများ၊ အရာရှိကြီးများ ရောက်ရှိနေကြပြီ ဖြစ်သည်။
အတွင်းနှင့် အပြင်တွင် ကူရှင်များ ခင်းကျင်းထားပြီး ဘိုးဘေးများကို ဂါရဝပြုရန် ပြင်ဆင်ထားသည်။
ယဲ့ယွင်သည် ကံကောင်းစွာဖြင့် သူမနေရာက အတွင်းကျပြီး မီးဖိုနှင့် နီးသဖြင့် ခြေထောက်ထုံကျင်ရုံမှလွဲ၍ မအေးလှပေ။
သို့သော်လည်း ကံကောင်းခြင်း သက်သက်တော့ မဟုတ်ပေ။
မီးဖို ဘယ်မှာထားမလဲ၊ ဘယ်သူ ဘယ်နားမှာ ဒူးထောက်မလဲ ဆိုတာကို တစ်ယောက်ယောက်က စီစဉ်ပေးထားတာလေ။
နေ့တစ်ဝက်လောက် ဒူးထောက်ပြီးနောက် ယဲ့ယွင် မခံနိုင်တော့သည့်အချိန်တွင် အခမ်းအနား ပြီးဆုံးသွားခဲ့သည်။
ထို့နောက် ကိုယ်လုပ်တော်များကပြန်နားနိုင်ပြီ ဖြစ်သော်လည်း ကတော်များမှာမူ ဖုန်းရှီးနန်းဆောင်သို့ ဆက်သွားရဦးမည်။
ယဲ့ယွင် ယွီရှို့အဆောင်သို့ ပြန်ရောက်သည်နှင့် မီးဖိုကို အရှိန်မြှင့်ခိုင်းလိုက်ပြီး ဂျင်းပြုတ်ရည် တစ်ခွက်သောက်ကာခန္တာကိုယ်ကို ပူနွေးအောင်လုပ်လိုက်သည်။ ထပ်မံ၍ ဂျင်းပြုတ်ရည်နှစ်ခွက်ကိုလည်း ပြင်ဆင်ခိုင်းလိုက်သည်။
၎င်းမှာ အမေချူရှီနှင့် အဒေါ်ယန်ဝမ်ရုန်တို့အတွက် ဖြစ်သည်။ မယ်တော်ကြီးအား ဂါဝရပြုပြီးလျှင် အမေနှင့်အဒေါ်လာလည်မှာသိသည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
ထင်သည့်အတိုင်းပင် နာရီဝက်မကြာခင်မှာပင် ပိုင်ရှုက သခင်မနှစ်ယောက်အားခေါ်လာလေသည်။
၁၀ လပိုင်း မွေးနေ့တုန်းက တစ်ခါတွေ့ပြီး
သဖြင့် စိတ်မလှုပ်ရှားသော်လည်း ပျော်ရွှင်နေမိသည်။
လောလောဆယ် ထမင်းပူပူ ဟင်းပူပူ မရှိသေးသော်လည်း မုန့်ပူပူနှင့် လက်ဖက်ရည်ပူပူ ရှိသဖြင့် စားပွဲတစ်လုံး ပြင်ဆင်ပေးလိုက်သည်။
နေ့တစ်ဝက်လောက် ဒူးထောက်ထားရသောကြောင့် လူတိုင်းဗိုက်ဆာနေကြမှာအသေအချာပင်ဖြစ်သည်။ ခဏနေ ညစာစားပွဲကျရင်လည်း ကောင်းကောင်းစားရမှာ မဟုတ်တော့ အခုနည်းနည်း ဗိုက်ဖြည့်ထားလျှင်အကောင်းဆုံးဖြစ်သည်။
စားသောက်ပြီးနောက် လက်နှင့်ခြေထောက်များ နွေးထွေးလာသောအခါ ယန်ဝမ်ရုန်က တိုးတိုးလေး ပြောလိုက်သည်။
"အဒေါ်ကြည့်ရတာ မိဖုရားခေါင်ကြီး နေသိပ်မကောင်းပုံပဲ။ ဒီနေ့ ကတော်တွေ ဖုန်းရှီးနန်းဆောင်မှာ ဂါရဝပြုတုန်းက သူမှာ မတ်မတ်မရပ်နိုင်ပဲ မှီထိုင်နေရတယ်။"
"မိဖုရားက ကိုယ်ဝန်စရှိတုန်းက ပင်ပန်းလို့ သွေးဆင်းဖူးတယ်။ အခု ကောင်းကောင်းမနားရသေးဘဲ နန်းတွင်းကိစ္စတွေ ကိုင်တွယ်
ရ၊ ဘိုးဘေးကန်တော့ပွဲ တက်ရနဲ့ အဲ့ခန္တာကိုယ်က ဘယ်ခံနိုင်ပါ့မလဲ။"
ယဲ့ယွင် လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြောလိုက်သည်။
ချူရှီ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ကိုယ့်ဒုက္ခကိုယ်ရှာတာလို့ပဲပြောရမယ်။ လူကြီးက ခံနိုင်ပေမယ့် ဗိုက်ထဲက ကလေးက ဘယ်ခံနိုင်မလဲ။"
"ယောက်မ... ဒီစကားကို ကျယ်ယွီဆီမှာပဲ ပြောနော်။ အပြင်မှာ မပြောမိစေနဲ့။"
ယန်ဝမ်ရုန် လန့်သွားပြီး အမြန်တားလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ သိပါတယ်။"
ချူရှီက သူမလက်ကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။
ယဲ့ယွင်ကမူ မကြောက်ပေ။ ပြုံးလျက် ပြောလိုက်၏။
"အမေ တွေးတာ သမီးနဲ့ တူတူပါပဲ။ ဒါပေမယ့် မိဖုရားခေါင်ကြီး ဘာဖြစ်ဖြစ် သမီးနဲ့ သိပ်မဆိုင်ပါဘူး။ သမီး နေကောင်းရင် ပြီးတာပါပဲ။"
ချူရှီနှင့် ယန်ဝမ်ရုန် ခေါင်းညိတ်လိုက်ကြပြီး နန်းတွင်းကိစ္စများကို ဆက်မပြောကြတော့ပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -170
အခန်း ၁၇၀ ။ မလွယ်ကူခြင်း
မိသားစုဝင်များနှင့် စကားပြောချိန် နှစ်နာရီခန့်သာ ရရှိလိုက်သည်။ အိမ်အကြောင်းများ ပြောရင်းနှင့် လျင်မြန်စွာအချိန်ကုန်သွားလေသည်။
ချူရှီနှင့် ယန်ဝမ်ရုန်တို့ ချုံးဟွာခန်းမသို့ ကြိုသွားကြပြီး ယဲ့ယွင်က အဝတ်အစားလဲပြီးမှ လိုက်သွားသည်။
လမ်းတွင် နင်လင်နှင့် ဆုံမိသည်။
"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။"
စည်းမျဉ်းအရဆိုလျှင် ယဲ့ယွင်သည် နင်လင်၏ မရီးတော်စပ်သည်။ ထို့ကြောင့် နင်လင်က သူမကို ဂါရဝပြုရသည်။
သို့သော် ယဲ့ယွင်သည် ကိုယ်လုပ်တော်
အဆင့်သာ ရှိသဖြင့် မင်းသမီးက သူမကို လေးစားသမှုပြသော်လည်း သူမက မာနကြီး၍ မရပေ။
ထို့ကြောင့် ပြန်လည်ဂါရဝပြုလိုက်သည်။
"မင်းသမီးက အားနာတတ်လိုက်တာ။ ချုံးဟွာခန်းမကို သွားမလို့လား။ ထိုက်ကွေ့ဖေးကို မတွေ့ပါလား။"
"ဟုတ်ကဲ့၊ သွားမလို့ပါ။ မယ်တော်က မနေ့ညက ဝိုင်အေး နည်းနည်းသောက်မိလို့ ဒီမနက် နေမကောင်းဖြစ်နေတာ။ နေ့လည်စာ စားပွဲတော့ မတက်နိုင်တော့ဘူး။ ကျွန်မနဲ့ အတူတူ သွားကြမလား။"
နင်လင်က ပြုံးပြသည်။
ယဲ့ယွင် သဘောတူလိုက်သည်။
တော်ဝင်မင်းသမီးတစ်ပါး၏ အရှိန်အဝါက မတူညီကြောင်း စိတ်ထဲတွင် တွေးနေမိသည်။
နင်လင်သည် နင်ကျင်းလောက် သွက်လက်တက်ကြွခြင်း မရှိသော်လည်း တည်ငြိမ်ပြီး သဘောထားကြီးသည်။
ထိုက်ကွေ့ဖေးက သမီးမွေးမြူရာတွင် တကယ်တော်ပါသည်။ မင်းသမီးနှစ်ပါးသည်စရိုက်ချင်းမတူသော်လည်း နှစ်
ယောက်စလုံး ကိုယ်ကျင့်တရားကောင်းမွန်ကြသည်။
နှစ်ယောက်သား အသက်ချင်း မကွာခြားသဖြင့် စကားပြောဆိုရာတွင် အဆီအလျော်တည့်နေခဲ့သည်။ ယဲ့ယွင်ကလည်း စကားပြောကောင်းသဖြင့် လမ်းတစ်လျှောက်လုံး ပျော်ရွှင်စွာ စကားစမြည်ပြောရင်း ချုံးဟွာခန်းမသို့ ရောက်ရှိလာကြသည်။
"မင်ကျယ်ယွီ ကျွန်မရဲ့ စကားများတာကို မငြိုငြင်ဘူးဆိုရင် အားတဲ့အချိန် ကျွန်မလာလည်လို့ရမလား။"
နင်လင်က ရှက်ရွံ့စွာ ပြောလိုက်သည်။
ယဲ့ယွင် အံ့သြသွားသော်လည်း မငြင်းဆန်ခဲ့ပေ။
"မင်းသမီး အချိန်မရွေး လာလည်လို့ ရပါတယ်။ မုန့်နဲ့ လက်ဖက်ရည် ပြင်ဆင်ပြီး စောင့်နေပါ့မယ်။"
နင်လင် ခေါင်းညိတ်ပြီး ကိုယ့်နေရာကိုယ် သွားထိုင်လိုက်သည်။
နင်ကျင်းက ရောက်နှင့်နေပြီ ဖြစ်သည်။
စောစောက အဖြစ်အပျက်များကို မြင်လိုက်ရသဖြင့် ညီမဖြစ်သူ ရောက်လာသောအခါ မေးလိုက်သည်။
"နင် မင်ကျယ်ယွီကို သဘောကျနေတာလား။"
"သူက တခြားလူတွေနဲ့ မတူဘူး။ စကားပြောရတာ လွတ်လပ်တယ်။"
နင်လင်က ဖြေသည်။
နင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် သူက အရှင်မင်းကြီးရဲ့ အချစ်တော်လေ။ သူနဲ့ ရင်းနှီးရင် ပြဿနာတက်တတ်တယ်။ ခင်မင်တာ ကိစ္စမရှိပေမယ့် နန်းတွင်းကိစ္စတွေထဲတော့ မပါစေနဲ့။"
"အစ်မ မပူပါနဲ့။ ကျွန်မက စကားပြောဖော်ရလို့ ပြောလိုက်တာပါ။ နောက်နှစ် နန်းတွင်းက ထွက်ရတော့မှာဆိုတော့ ရင်းနှီးဖို့ အခွင့်အရေး သိပ်မရှိပါဘူး။"
နင်လင်က အစ်မ၏လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။
ထိုစကားကြောင့် နင်ကျင်း ဘာမှဆက်မပြောတော့ပေ။
ညီမလေးလည်း အရွယ်ရောက်နေပြီဖြစ်၍ သူမ တစ်သက်လုံး လိုက်ထိန်းနေ၍ မရနိုင်ပေ။
.....
ယနေ့ နေ့လည်စာစားပွဲ အခြေအနေသည် မနေ့ညကထက် ပိုကောင်းသည်။
မယ်တော်ကြီးကို ဘေးလူများက ဖျောင်းဖျထားပုံရသည်။ မကောင်းသော စကားများ မပြောတော့ဘဲ စည်းမျဉ်းအတိုင်း မင်းသား၊ မင်းသမီးများကို မုန့်ဖိုးပေးလေသည်။
ယောင်ထိုက်ကွေ့ဖေးနှင့် ထိုက်ကွေ့ဖေး မရှိသဖြင့် အောက်ခြေမှ မင်းသားများနှင့် သူတို့၏ ဇနီးသည်များက မယ်တော်ကြီးကို ဝိုင်းချီးကျူးကြရာ ပျော်ရွှင်စရာ ကောင်းနေသည်။
နင်ချန်၏ ကံအကောင်းဆုံးအချက်မှာ သူ၏ ညီအစ်ကိုနှစ်ယောက်စလုံး ရည်မှန်းချက် မကြီးကြဘဲ ထီးနန်းကို မက်မောခြင်း မရှိကြခြင်း ဖြစ်သည်။
မဟုတ်လျှင် နန်းတွင်းအာဏာကို ဝါရင့်မှူးမတ်များက တစ်ဝက်လောက် ထိန်းချုပ်ထားပြီး သူကိုယ်တိုင်ကလည်း ငယ်ရွယ်နေသေးသဖြင့် ညီအစ်ကိုများကပါ ထီးနန်းလုမည်ဆိုလျှင် ထီးနန်းတည်မြဲဖို့ ခက်ခဲလိမ့်မည်။
သို့သော် ဤမင်းသားနှစ်ပါး ရိုးသားနေခြင်းမှာ ယခင်ဧကရာဇ်၌ သားသမီးနည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ယခုကြည့်ရသည်မှာ နင်ချန်တွင် သားသမီးနည်းပါးမည့်ပုံ မပေါ်ပေ။
ယဲ့ယွင် စားပွဲပေါ်မှ ဝိုင်ခွက်ကို ငေးကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။
သူမ သေချာပေါက် ကလေးမွေးရမည်။ သားယောက်ျားလေး မွေးလာလျှင် ပို၍ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲရပေလိမ့်မည်။
အနာဂတ်လမ်းခရီး ရှည်လျားသေးကြောင်း တွေးမိတိုင်း စိတ်ဓာတ်ကျမိသည်။
သို့သော် ခဏတာသာ ဖြစ်သည်။
သူမ၌ ရွေးချယ်စရာ မရှိခဲ့သလို နောင်လည်း ရှိမည်မဟုတ်ပေ။ ရွေးချယ်စရာ မရှိမှတော့ ဆက်လျှောက်ရုံသာ ရှိသည်။
ဤကဲ့သို့သော ညစာစားပွဲများသည် ၅ ရက်နေ့အထိ ဆက်လက်ကျင်းပခဲ့သည်။
၆ ရက်နေ့ရောက်မှသာ နေ့တိုင်း လူစုစရာ မလိုတော့ပေ။
.....
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နေ့တိုင်း ပြုံးထားရသဖြင့် မျက်နှာကြွက်သားများပင် တောင့်တင်းနေသည်။
နင်ချန်သည် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဖုန်းရှီးနန်းဆောင်တွင် အိပ်စက်ခဲ့ပြီး ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ကျိုချန်နန်းဆောင်တွင် အိပ်စက်ခဲ့သည်။
စည်းမျဉ်းအရ ၆ ရက်နေ့တွင် ကိုယ်လုပ်တော်များကို အိပ်ဆောင်ဝင်ခွင့် ပေးနိုင်ပြီဖြစ်၍ နန်းတွင်းသူများ မျှော်လင့်နေကြသည်။
သို့သော် အံ့သြစရာကောင်းသည်မှာ ထိုနေ့တွင် နင်ချန် မည်သူ့ဆီမှ မသွားခဲ့ပေ။
၈ ရက်နေ့ ရောက်မှသာ ရှူးဖေး၏ နန်းဆောင်သို့ နေ့လည်စာ စားရန် သွားရောက်ခဲ့သည်။ နင်ချန်၏ရွေးချယ်မှုသည် လူတိုင်းကို အံ့သြစေခဲ့သည်။
ယခင်နှစ်များကဆိုလျှင် ပထမဆုံး သွားရောက်သည့်နေရာသည် ချူရှို့နန်းဆောင် (ဝမ်သယ်ဖေးရဲ့အဆောင်တော်) ဖြစ်လေ့ရှိသည်။
"အန်းမျိုးရိုးက အခုတလောတော်တော်
လိုချင်တပ်မက်စိတ် များနေတယ်။ နှစ်
သစ်ကူးညတုန်းက ပန်းကုန်းမျက်နှာကိုမထာက်အခွင့်ကောင်းယူပြီး အိပ်ဆောင်ဝင်ခွင့် တောင်းတာကို ပန်းကုန်းမသိဘူးများ မှတ်နေလား။"
မိဖုရားခေါင်ကြီး အေးစက်စွာ ရယ်မောလိုက်သည်။
"အရှင်မင်းကြီးက ဘိုးဘေးစည်းမျဉ်းတွေကို အမြဲလိုက်နာတဲ့သူပါ။ နှစ်သစ်ကူးညမှာ ဖုန်းရှီးနန်းဆောင်ကို မလာရင် ကျိုချန်နန်းဆောင်မှာပဲ အိပ်ရမယ်ဆိုတာ သေချာသိတဲ့သူမို့ အန်းမျိုးရိုးက စည်းကျော်ခဲ့လို့ အရှင်မင်းကြီး မကျေမနပ် ဖြစ်သွားတာနေမှာ။”
ယခုတစ်ကြိမ် ရှူးဖေးသည်ရာထူးအမြင့်ဆုံးဖြစ်၍ အရင်သွားတွေ့သည်ဟု ဆိုနိုင်သော်လည်း ဂွေ့ဖေး၊ ရှန်းဖေး၊ ရှူးဖေး၊ သယ့်ဖေး လေးယောက်စလုံးသည် အဆင့် (၁) တန်းတူများ ဖြစ်ကြသည်။
ထို့ကြောင့် အရှင်မင်းကြီးက ဝမ်သယ့်ဖေးကို သတိပေးလိုက်ခြင်း ဖြစ်သည်မှာ သေချာသည်။
.....
သို့သော် ပြဿနာထဲ ရောက်နေသူသည် ကိုယ့်အခြေအနေကို ကိုယ်မမြင်တတ်ကြပေ။
ချူရှို့နန်းဆောင်တွင် ဝမ်သယ့်ဖေးသည် စားပွဲအပြည့် ဟင်းပွဲများကို ကြည့်ရင်း ယခုအချိန် အရှင်မင်းကြီးက ရှူးဖေးနှင့်အတူ နေ့လည်စာ စားနေမည်ကို တွေးမိပြီး ရင်ထဲ ခါးသီးနေမိသည်။
"ပိုင်လု... အရှင်မင်းကြီးက ငါ့ကို တကယ်မချစ်တော့ဘူး။ အရင်နှစ်တွေက ဒီအချိန်ဆိုငါ့ဆီ အရင်လာနေကျ။"
"မယ်မယ်... အရမ်းမတွေးပါနဲ့။"
ပိုင်လု အမြန်ဖျောင်းဖျလိုက်သည်။
"ကျွန်မထင်တာတော့ သမီးတော်ကြီးက အရွယ်ရောက်နေပြီမို့လို့ အရှင်မင်းကြီးက ရှူးဖေးကို မျက်နှာသာပေးတဲ့အနေနဲ့ အရင်သွားတွေ့တာ ဖြစ်ပါလိမ့်မယ်။ ရှူးဖေးက အိပ်ဆောင်ဝင်ခွင့် ရခဲတာဆိုတော့ နေ့လည်စာ စားပြီးရင် ပြန်သွားမှာပါ။"
"တကယ်လား။"
ဝမ်သယ့်ဖေး မျက်ရည်များဖြင့် ပိုင်လု၏လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။
ပိုင်လုနှင့် ပိုင်ရွှမ်တို့ အတည်ပြု ခေါင်းညိတ်ပြလိုက်ကြသည်။
အစေခံနှစ်ယောက် ဝိုင်းချော့လိုက်မှ ဝမ်သယ့်ဖေး စိတ်သက်သာရာ ရသွားသည်။
"ငါသိပါပြီ။ သားတော်ကြီး ကျန်းမာရေးမကောင်းလို့ အရှင်မင်းကြီးက ငါ့ကို စိတ်ဆိုးနေတာ။ သားတော်ကြီး ကျန်းမာရေး ကောင်းလာအောင် ငါ ဂရုစိုက်ပါ့မယ်။ ခန်းဝမ်တုန်းကလည်း ငယ်ငယ်က ကျန်းမာရေး မကောင်းခဲ့ပေမယ့် အခု အိမ်ထောင်ကျပြီး ကျန်းမာနေတာပဲ။ ငါ့သားလည်း ကျန်းမာလာမှာပါ။"
ဝမ်သယ့်ဖေး တစ်ယောက်တည်း ရေရွတ်နေသည်။
ပိုင်ရွှမ်က ဟင်းခပ်ထည့်ပေးရင်း ချော့မော့လိုက်သည်။
"သားတော်ကြီးက ကံကောင်းခြင်းတွေ ပါလာတာပဲ၊ ကျန်းမာလာမှာ သေချာပါတယ်။ ပြီးတော့ မယ်မယ်က ငယ်ပါသေးတယ်။ ကျန်းမာရေး ဂရုစိုက်ရင် နောက်ထပ် ကလေးမွေးနိုင်ပါသေးတယ်။ သားတော်ကြီး အားနည်းတာက ပေါ့ဆမှုကြောင့် ဖြစ်ရတာ။ နောက်ထပ် မွေးလာမယ့် မင်းသားလေးက ကျန်းမာမှာ သေချာပါတယ်။"
"ဟုတ်တယ်... နင်ပြောတာ ဟုတ်တယ်။ ငါ ထပ်မွေးနိုင်သေးတယ်။"
ဝမ်သယ့်ဖေး ရုတ်တရက် အသက်ပြန်ဝင်လာသကဲ့သို့ မျက်လုံးများ တောက်ပလာသည်။
"ခဏနေရင် နန်းတွင်းသမားတော်ကို သွားခေါ်လိုက်။ ငါ့ကျန်းမာရေးကို ပြန်စစ်ဆေးခိုင်းရမယ်။ ကျန်းမာသန်စွမ်းတဲ့ မင်းသားလေးတစ်ပါး ထပ်မွေးပေးနိုင်ရင် အရှင်မင်းကြီး ပျော်မှာ သေချာတယ်။"
"ကောင်းပါပြီ မယ်မယ်။ နေ့လည်စာ အရင်စားလိုက်ပါဦး။ ကျွန်မ ခဏနေ သွားခေါ်လိုက်ပါ့မယ်။"
ပိုင်ရွှမ် ပြောလိုက်သည်။
ဝမ်သယ့်ဖေးကို ထမင်းစားအောင် ချော့မော့ပြီး နေ့လည်စာ အိပ်ခိုင်းလိုက်မှ အစေခံနှစ်ယောက် သက်ပြင်းချနိုင်တော့သည်။
အပြင်ခန်းတွင် ထိုင်ရင်း နှစ်ယောက်သား တိတ်ဆိတ်နေကြသည်။
သူတို့သခင်မသည် လမစေ့ဘဲ မွေးဖွားခဲ့သဖြင့် ခန္ဓာကိုယ် ထိခိုက်ခဲ့ကြောင်း၊ ပြန်လည်ကောင်းမွန်လာရန် မလွယ်ကူကြောင်း သူတို့နှစ်ယောက်လုံး သိထားကြသည်။
အမှန်တကယ်တွင် သားတော်ကြီး မွေးပြီးကတည်းက ဝမ်သယ့်ဖေး၏ ရာသီလာချိန် မမှန်တော့ပေ။ တစ်နှစ်ကျော်ကြာ ဆေးသောက်နေသော်လည်း ထူးခြားမှု မရှိပေ။
အဓိကအကြောင်းအရင်းမှာ သူမ၏ ခန္ဓာကိုယ် အားနည်းလွန်းနေခြင်း ဖြစ်သည်။ သမားတော်များကလည်း ဆေးအများကြီး မပေးရဲဘဲ ဖြည်းဖြည်းချင်းသာ ကုသနေရသည်။
သို့သော် သားတော်ကြီး ကျန်းမာရေး မကောင်းသဖြင့် ဝမ်သယ့်ဖေးသည် စိတ်ပူပင်မှုများပြီး အမြဲတမ်း စိတ်ဆင်းရဲနေရရာ ကျန်းမာရေး ကောင်းလာရန် ခက်ခဲလှသည်။
လက်ရှိအခြေအနေအရ နောက်ထပ် နှစ်အနည်းငယ်အတွင်း ကိုယ်ဝန်ရရန် မဖြစ်နိုင်ပေ။
သို့သော် ဒီအကြောင်းကို သူမကို ပြောပြ၍ မဖြစ်ပေ။ ပြောလိုက်လျှင် ပို၍ စိတ်ဆင်းရဲသွားမည်ကို စိုးရိမ်ရသည်။
နန်းတော်ထဲတွင် မည်သူ့အတွက်မှ မလွယ်ကူလှပေ။
***