← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 11 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 11 Ch. 171-172

အခန်း ၁၇၁ ။ သက်ပြင်းချခြင်း

၈ ရက်နေ့နောက်ပိုင်းတွင် ကျိုချန်နန်းဆောင်မှ လှုပ်ရှားမှု မရှိတော့ပေ။

နန်းတွင်းအပြင်ဘက်တွင် ပြဿနာအသေးအဖွဲများ ဖြစ်ပေါ်နေသောကြောင့် ကိုယ်လုပ်တော်များအတွက် အချိန်မပေးနိုင်ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

သို့သော် ကိုယ်လုပ်တော်များ ဂါရဝပြုသည့်အစီအစဉ်မှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။

မိဖုရားခေါင်ကြီးသည် အမှန်တကယ်ပင် ခံနိုင်ရည်ရှိသူ ဖြစ်သည်။

မနှစ်က နှစ်ကုန်မှ ယခု ၁ လပိုင်းအထိ တစ်ရက်မှ မနားဘဲ ကြိုးစားခဲ့သည်။ သူမ၏ မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်ကို ကြည့်ပြီး တစ်နေ့နေ့တွင် ရုတ်တရက် မေ့လဲသွားမည်ကို စိုးရိမ်ရသည်။

ယနေ့ မိဖုရားခေါင်ကြီးက လူတိုင်း အံ့သြသွားစေမည့် သတင်းတစ်ခုကို ပြောပြလိုက်သည်။

ဟန်လုအဆောင်မှ စွန်းရှိုးရုန် သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

(T/N- ကူးစက်ရောဂါဖြစ်တုန်းက အဖျားမိပြီး မျက်နှာပေါ်မှာအနာရွတ်တွေကျန်ခဲ့လို့ အပြင်သိပ်မထွက်တော့တဲ့တစ်ယောက်ပါ)

စွန်းရှိုးရုန်ကို မေ့ပျောက်နေကြပြီဖြစ်သော်လည်း မနှစ်က ယန်ဝမ်ရုန် ကလေးမွေးတုန်းကပင် တွေ့မိကြသေးသည်။ တစ်လ၊ နှစ်လလောက်အတွင်းမှာ ထိုမိန်းကလေးသေဆုံးသွားတာဖြစ်နိုင်ရဲ့လား။

တစ်ခါတုန်းက မျက်နှာသာပေးခံခဲ့ရသူ ဖြစ်သော်လည်း ယခုအခါ ငယ်ရွယ်စဉ် သေဆုံးသွားရသည်မှာ ဝမ်းနည်းစရာ ကောင်းသည်။

သို့သော် သူမကို သနားသူ နည်းပါးလှသည်။

စွန်းရှိုးရုန် မျက်နှာသာရနေစဉ်တုန်းက လူအများအပြားကို ရန်စခဲ့ဖူးသဖြင့် လူတိုင်း သက်ပြင်းချရုံသာ ရှိသည်။

အချို့က ၁ လပိုင်းတွင် သေဆုံးခြင်းသည် မင်္ဂလာမရှိဟု အပြစ်တင်ကြသည်။

နန်းတော်ထဲတွင် မျက်နှာသာပေးမခံရဘဲ မိသားစုနောက်ခံ မကောင်းလျှင် အသက်သည် မြက်ပင်လောက်ပင် တန်ဖိုးမရှိပေ။

စွန်းရှိုးရုန်သည် လျိုချိုက်နွီထက် ကံကောင်းသည်ဟု ဆိုရမည်။ အနည်းဆုံး ကျိုဖင်အဆင့်ဝင်နေပြီး ဖခင်သည် အဆင့် ၃ အရာရှိဖြစ်သောကြောင့် အသုဘအခမ်းအနားကို သင့်တင့်လျောက်ပတ်စွာ ကျင်းပပေးသည်။

သို့သော် ၁ လပိုင်းတွင် သေဆုံးခြင်းကြောင့် မင်္ဂလာမရှိဟု ယူဆကာ နန်းတွင်းရေးရာဌာနက သိပ်အလေးမထားပေ။ သူမ၏ နန်းဆောင်မှ အစေခံများကိုသာ ဝတ်စုံဖြူဝတ်ခိုင်းပြီး ငိုကြွေးခွင့် မပေးပေ။

ဧကရာဇ်က အမိန့်ထုတ်ပြန်ကာ ရှိုးရီရာထူးသို့ ပြန်လည်တိုးမြှင့်ပေးပြီး 'ယန်' (Yan) ဟူသော ဘွဲ့အမည်ကို ပေးသနားခဲ့သည်။

သေဆုံးသွားမှ မူလရာထူးကို ပြန်ရရှိခြင်း ဖြစ်သည်။

မည်မျှပင် တန်ဖိုးမရှိပါစေ၊ ဂုဏ်ပြုမှုတစ်ခုတော့ ရရှိခဲ့သည်။

မိဖုရားခေါင်ကြီးသည် စိတ်မကြည်လင်သဖြင့် ပုံမှန်စကားအနည်းငယ် ပြောပြီးနောက် အားလုံးကို ပြန်ခိုင်းလိုက်သည်။ သို့သော် ကျောက်ကျယ်ယွီကို ချန်ထားခဲ့သည်။

ကျောက်ရှီသည် ယခုအခါ မိဖုရားခေါင်ကြီးကို ကူညီပြီး နန်းတွင်းကိစ္စများကို စီမံခန့်ခွဲပေးနေသည်။

သူမသည် တရားဝင်အရာရှိမိသားစုမှ ဆင်းသက်လာသူဖြစ်၍ အလုပ်လုပ်ရာတွင် အစေခံများထက် သာလွန်ပြီး မိဖုရားခေါင်ကြီးကို ကူညီပေးနိုင်သည်။

ယန်ဝမ်ရုန်ကမူ ဤကိစ္စများတွင် လုံးဝ အားကိုးမရပေ။

ယဲ့ယွင်သည် လမ်းလျှောက်ပြန်လာရာ လမ်းတွင် ရှမိန်ရန်နှင့် ဆုံမိသည်။

ရှမိန်ရန်သည် စိတ်ကြည်လင်နေပုံရပြီး မျက်နှာတွင် အပြုံးရိပ်များ ထင်ဟပ်နေသည်။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြုံးနေခြင်း ဖြစ်သည်။

တွေ့လိုက်သည်နှင့် ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။

"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။"

"ထပါ။ မိန်ရန်က ဘယ်ကလာတာလဲ။ အဆောင်ပြန်တာ မဟုတ်ဘူးလား။"

ယဲ့ယွင် မေးလိုက်သည်။

ကြည့်ရသည်မှာ တော်ဝင်ဥယျာဉ်ဘက် သွားမည့်ပုံ ပေါက်နေသည်။

"ဒီချန်းချဲ့ စိတ်တွေ မွန်းကြပ်နေတာ ကြာပြီ။ ဒီနေ့ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်မလို့ပါ။"

ရှမိန်ရန်က ပြုံးလျက် ဖြေသည်။

ဘာမှ ဖုံးကွယ်ထားခြင်း မရှိပေ။

ယဲ့ယွင် သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"စိတ်ကြည်လင်နေတာ ရှားပါးပါတယ်။ သွားလိုက်ပါဦး။ ကျွန်မ မနှောင့်ယှက်တော့ပါဘူး။"

ရှမိန်ရန် ထပ်မံဂါရဝပြုပြီး လမ်းခွဲသွားကြသည်။

ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာရင်း ယဲ့ယွင် တစ်ခုခုကို သတိရသွားသည်။

"စွန်းရှိုးရုန် သေဆုံးမှုက ရှမိန်ရန်နဲ့ ပတ်သက်နေမလား။"

ဒီနေ့ ဟွေယွဲ့ လိုက်ပါလာခြင်းဖြစ်သည်။ သူမ ကြောင်အသွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"မဖြစ်နိုင်ပါဘူး။ ရှမိန်ရန်က ကြောက်တတ်တဲ့ပုံစံလေးပါ။ လူသတ်ရဲမယ့်ပုံ မပေါ်ပါဘူး။ ပြီးတော့ စွန်းရှိုးရုန်က ကူးစက်ရောဂါကြောင့် အသည်းအသန် ဖြစ်ဖူးတာလေ။"

ယဲ့ယွင် မျက်လွှာချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"အရင်တုန်းက ကြောက်တတ်တာ ဟုတ်တယ်။ သူ ကလေးပျက်ကျပြီးကတည်းက စိတ်ထားပြောင်းလဲသွားတာ နင် သတိမထားမိဘူးလား။"

"ဒါဆို ကျယ်ယွီက စစ်ဆေးကြည့်စေချင်တာလား။"

ဟွေယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"အင်း... တိတ်တိတ်လေး စုံစမ်းကြည့်လိုက်။ ဘယ်သူမှ မသိစေနဲ့။"

ယဲ့ယွင်၏ အမြင်တွင် ရှမိန်ရန်သည် မျက်နှာသာပေးခံရမှု အနည်းငယ် ရှိနေသဖြင့် ဉာဏ်နီဉာဏ်နက် မနည်းလှပေ။

လောလောဆယ် ရာထူးတူနေသဖြင့် ပြဿနာမရှိသော်လည်း နောင်တစ်ချိန်တွင် မည်သို့ ဖြစ်လာမည် မသိနိုင်ပေ။

သတင်းအချက်အလက်များ လက်ဝယ်ရှိထားခြင်းက ပိုကောင်းသည်။

သူမအနေဖြင့် အေးဆေးတည်ငြိမ်နေသော်လည်း ဖုန်းရှီးနန်းဆောင်တွင်မူ အခြေအနေ မကောင်းလှပေ။

ကိုယ်လုပ်တော်များ ပြန်သွားသည်နှင့် မိဖုရားခေါင်ကြီးသည် အတွင်းခန်းသို့ ဝင်ပြီး အနားယူလိုက်ရသည်။

ခေါင်းပေါ်မှ လေးလံသော ရတနာများကို ဖယ်ရှားပြီး ပေါ့ပါးသော အဝတ်အစားများ လဲဝတ်လိုက်မှ သက်သာသွားသည်။

တင်းမားမားက ကိုယ်ဝန်ထိန်းဆေး တိုက်ကျွေးပြီးမှ ကျောက်ကျယ်ယွီနှင့် စကားပြောနိုင်တော့သည်။

"နင် ကူညီပေးလို့သာ တော်သေးတယ်။ မဟုတ်ရင် ငါ ခံနိုင်မှာ မဟုတ်ဘူး။"

"မယ်မယ့်အတွက် ဝန်ထုတ်ဝန်ပိုး လျှော့ချပေးရတာ ဒီချန်းချဲ့ရဲ့ ကံကောင်းခြင်းပါ။ ဒါပေမယ့် မယ်မယ် နေမကောင်းဖြစ်နေတော့ နန်းတွင်းကိစ္စတွေကို ခဏလောက် လက်လွှတ်ပြီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်သင့်ပါတယ်။"

ကျောက်ရှီ စိုးရိမ်တကြီး ပြောလိုက်သည်။

ဟန်ဆောင်ပြောဆိုခြင်း မဟုတ်ပေ။

သူမသည် မိဖုရားခေါင်ကြီးဘက်တော်သား ဖြစ်ပြီး ရုတ်တရက် မျက်နှာသာပေးခံရရန် မဖြစ်နိုင်ကြောင်း သိထားသည်။ ဤဘဝတွင် မိဖုရားခေါင်ကြီးကိုသာ အားကိုးရမည် ဖြစ်သည်။ မိဖုရားခေါင်ကြီး ကောင်းမှ သူမ ကောင်းမည်။

မည်သို့ပင်ဆိုစေ ကျောက်ရှီသည် မိဖုရားခေါင်ကြီး အန္တရာယ်ကင်းကင်း မီးဖွားစေချင်သည်။

"ပန်းကုန်းလည်း အေးအေးဆေးဆေး နေချင်တာပေါ့။ ဒါပေမယ့် ဝမ်သယ့်ဖေးရဲ့ ပုံစံကို ကြည့်လိုက်ရင် ပန်းကုန်းနေရာကို လိုချင်နေမှန်း သိသာတယ်။ ကောလာဟလတွေ ထွက်လာတာရော၊ နှစ်သစ်ကူးညစာစားပွဲမှာ အိပ်ဆောင်ဝင်ခွင့် တောင်းတာရော တွေ့တယ်မလား။ ပန်းကုန်းသူ့ကို နန်းတွင်းကိစ္စတွေ လွှဲပေးလို့ မဖြစ်ဘူး။"

"သူ့မှာ သားတော်ကြီး ရှိနေတော့ မလိုလားအပ်တဲ့ စိတ်ကူးတွေ ဝင်လာမှာပဲ။ သူ့ကို စိတ်တိုင်းကျခွင့် မပေးနိုင်ဘူး။"

ဝမ်သယ့်ဖေးအကြောင်း ပြောလိုက်တိုင်း မိဖုရားခေါင်ကြီး၏ မျက်နှာထား မဲမှောင်သွားသည်။

"မယ်မယ် စိတ်လျှော့ပါ။ ဒီချန်းချဲ့ အမြင်ကတော့ သားတော်ကြီးက ကျန်းမာရေးမကောင်းလို့ အသက်ရှည်မရှည်တောင် မသေချာပါဘူး။ မယ်မယ်က ဒီကလေးကိုပဲ အရင်ဆုံး မွေးဖွားလိုက်ပါ။ မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ် အားကိုးရမှာပါ။"

ကျောက်ကျယ်ယွီ ဖျောင်းဖျလိုက်သည်။

သူမ၏ စကားသည် အကြောင်းရှိသည်။ မင်းသမီးမွေးရင်တောင် ကလေးမရှိတာထက် ပိုကောင်းသည်။

မိဖုရားခေါင်ကြီး နားထောင်လိုက်သည်။

"နင်က ပန်းကုန်းအပေါ် သစ္စာရှိတယ်။ ပန်းကုန်း နင့်ကို မျက်နှာလွှဲမှာ မဟုတ်ဘူး။ လာမယ့်နှစ် လူသစ်တွေ ရောက်လာရင် လူဟောင်းတွေကို ရာထူးတိုးပေးရမယ်။ အဲဒီအချိန်ကျရင် ပန်းကုန်း မီးဖွားပြီးလောက်ပြီ။ နင့်ကို ကျိုဖင်အဆင့် ရအောင် လုပ်ပေးမယ်။ နင့်ရဲ့ လုပ်သက်နဲ့ဆိုရင် ထိုက်တန်ပါတယ်။"

"မယ်မယ့်ရဲ့ ကျေးဇူးကို အထူးတင်ရှိပါတယ်။ မယ်မယ့်အတွက် ဘာမဆို လုပ်ပေးပါ့မယ်။"

ကျောက်ကျယ်ယွီ အလွန်ဝမ်းသာသွားပြီး ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဖုန်းရှီးနန်းဆောင်တွင် နေ့တစ်ဝက်လောက် စာရင်းစစ်ပြီးမှ ပြန်လာခဲ့သည်။

သို့သော် မိဖုရားခေါင်ကြီးက ယန်ဝမ်ရုန်ကို သွားကြည့်ပေးရန် မှာလိုက်သေးသည်။

၈ ရက်နေ့ကမှ ယန်ဝမ်ရုန် ဖုန်းရှီးနန်းဆောင်က ပြောင်းသွားခဲ့ပြီး မိမိ မျက်စိအောက်မှာ မရှိသဖြင့်စိတ်မချ ဖြစ်နေသည်။

ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ကျောက်ရှီ၏ အစေခံက မကျေမနပ် ပြောလိုက်သည်။

"ကျယ်ယွီက မိဖုရားခေါင်ကြီးအတွက် အလုပ်တွေအများကြီး လုပ်ပေးတာတောင် နေ့လည်စာ ကျွေးဖို့ စေတနာမရှိဘူးလား။ တကယ်..."

"ပါးစပ်ပိတ်စမ်း။"

ကျောက်ကျယ်ယွီ ဟန့်တားလိုက်သည်။

"မိဖုရားခေါင်ကြီးအကြောင်း နင် လျှောက်ပြောစရာလား။ နောက်ဆိုရင် သတိထား။ စကားမပြောတတ်ရင် ငါ့နောက် မလိုက်နဲ့တော့။"

"သိပါပြီ။ ကျွန်မက... ကျယ်ယွီအတွက် စိတ်မကောင်းဖြစ်လို့ပါ။ လင်ရှိုးရုန်ဆိုရင် ဘာမှမလုပ်ဘဲနဲ့ ရှိုးရုန်ဖြစ်သွားတယ်။ အရင်တုန်းက ကျယ်ယွီနဲ့ အတူတူ ဝင်လာခဲ့ကြတာလေ။ ဒီလောက်နှစ်တွေကြာနေပြီ၊ မိဖုရားခေါင်ကြီးက တကယ်စေတနာရှိရင် ကျိုဖင်အဆင့်လောက်တော့ ပေးသင့်တာပေါ့။"

"တော်တော့၊ ဆက်မပြောနဲ့။ ငါ့စိတ်ထဲ ငါသိတယ်။"

ကျောက်ကျယ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

အပြင်ပန်းတွင် မပြသော်လည်း စိတ်ထဲတွင် ခံစားမိသည်။

ဟုတ်ပါသည်။ လာမယ့်နှစ် လူသစ်တွေ ရောက်လာရင် ပထမအသုတ် ဝင်လာတဲ့သူတွေထဲမှာ ကျိုဖင်အဆင့်ဝင်သူတွေ အများကြီး ရှိနေလောက်ပြီ။ သူမ ဝင်သွားရင်လည်း ဘာထူးခြားမှာလဲ။

လုပ်သက်ဆိုတာ ရာထူးအပေါ်မှာ မူတည်တာလေ။

ကျောက်ရှီ ဘယ်လိုတွေးနေလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက မိဖုရားခေါင်ကြီးအတွက် ဆက်ပြီး အလုပ်လုပ်ပေးနေတုန်းပါပဲ။

ထို့နောက် ၁ လပိုင်း ၁၅ ရက်နေ့အထိ နင်ချန်သည် နန်းတွင်းသို့ မဝင်ခဲ့ပေ။ ၁၅ ရက်နေ့ မိသားစုညစာစားပွဲတွင် ခဏလာထိုင်ပြီး ပြန်ထွက်သွားသည်။

ထိုအချိန်ကျမှ နန်းတော်ထဲသို့ သတင်းရောက်လာသည်။ တောင်ဘက်ပိုင်းတွင် နှင်းမုန်တိုင်း ကျရောက်နေကြောင်း သိရသည်။

ယခင်ကတည်းက အလုပ်များနေခြင်းမှာ ထိုကိစ္စကြောင့် ဖြစ်သည်။ သို့သော် မြို့တော်သည် မြောက်ဘက်တွင်ရှိပြီး နေရာကွာဝေးလွန်းသဖြင့် အရာရှိများ စေလွှတ်စစ်ဆေးပြီးမှ သတင်းပြန်ရခြင်း ဖြစ်သည်။

အခြေအနေ မကောင်းလှကြောင်း ကြားသိရသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -172

အခန်း ၁၇၂ ။ ဖုံးကွယ်ထားခြင်း

ပိုဆိုးသည်မှာ နှစ်သစ်မကူးမီကပင် ပြဿနာရှိခဲ့ပြီး ဒေသခံအရာရှိများက ဖုံးကွယ်ထားသဖြင့် အခြေအနေ ပိုမိုဆိုးရွားသွားခြင်းဖြစ်သည်။

တစ်လလုံးလုံး ကြာမြင့်သွားခဲ့ပြီး သာမန်ပြည်သူများမှာ ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်တော့သဖြင့် ပိုမိုပူနွေးသော တောင်ဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးကြမှသာ ဤကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အဖြစ်အပျက် ဖြစ်ပွားရာနေရာမှာ လန်ကျိုးဒေသ တင်းဟယ်ခရိုင်ဖြစ်ပြီး ထိုနေရာ၌ ဆောင်းရာသီတွင် နှင်းမကျလောက်ပေ။ အလွန်ဆုံး နှင်းပွင့်အနည်းငယ် လွင့်ပျံလာရုံမျှသာဖြစ်သဖြင့် ဘာမှမဟုတ်ဟု ဆိုနိုင်သည်။

သို့သော် ယခုနှစ်မှာမူ ထူးခြားနေသည်။ ၁၂ လပိုင်းတွင် ရုတ်တရက် နှင်းမုန်တိုင်းကြီး ကျရောက်လာပြီး ဆယ်ရက်ကျော်ကြာ တရစပ် ရွာသွန်းနေခဲ့သည်။

ဒေသခံပြည်သူများသည် ဤကဲ့သို့သော ရာသီဥတုမျိုးကို တစ်ခါမျှ မကြုံဖူးကြပေ။ ပထမဆုံး နှင်းကျချိန်၌ပင် လူအများအပြား အေးခဲသေဆုံးခဲ့ရသည်။

အစပိုင်းတွင် အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ စပါးကျီများဖွင့်ကာ ဆန်စပါးများ ဝေငှပေးခဲ့ပြီး စောင်နှင့် အဝတ်အထည်အချို့ကိုလည်း ထောက်ပံ့ပေးခဲ့သည်။ သို့သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ တောင့်မခံနိုင်တော့ပေ။

နှင်းဖိအားကြောင့် ပြည်သူအများအပြား၏ နေအိမ်များ ပြိုကျပျက်စီးခဲ့ရသည်။

ကံကောင်းသည်မှာ နှစ်ကုန်ချိန်ဖြစ်သဖြင့် အိမ်တိုင်းတွင် နှစ်သစ်ကူးအတွက် စားနပ်ရိက္ခာများ စုဆောင်းထားကြရာ အစာငတ်ပြတ် သေဆုံးခြင်းမရှိသေးဟုသာ ဆိုရမည်။

သို့သော် ဤကဲ့သို့သော အပူချိန်အောက်တွင် လူများမှာ အအေးဒဏ်ကြောင့် သေဆုံးနေကြရသည်။

အသက်ရှင်သန်နိုင်ရေးအတွက် ပြည်သူများသည် မိသားစုလိုက် ပိုမိုနွေးထွေးသော ဒေသများသို့ ပြောင်းရွှေ့ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဤအချိန်တွင် တင်းဟယ်ခရိုင်အုပ်ချုပ်ရေးမှူးမှာ ထိတ်လန့်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ အစီရင်ခံစာ တင်ပြခဲ့ရသည်။ သို့သော် လန်ကျိုးဒေသရှိ အခြားခရိုင်များတွင်လည်း ဘေးအန္တရာယ်များ အနည်းနှင့်အများ ကြုံတွေ့နေရသဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း မတတ်သာတော့ပေ။

ထိုစဉ်က လန်ကျိုးဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟန်ရှင်းကဲ့သည် နိုင်ငံရေးစွမ်းဆောင်ရည် စစ်ဆေးခံနေရချိန်ဖြစ်ပြီး နောက်နှစ်တွင် မြို့တော်သို့ ရာထူးတိုးပြောင်းရွှေ့ရန် ပြင်ဆင်နေသည်။ ယခုအချိန်တွင် ပြဿနာဖြစ်ပေါ်ပါက သူ၏ရာထူးတိုးလမ်းကြောင်းကို ထိခိုက်မည်စိုးသဖြင့် လောဘစိတ်မွှန်ကာ ပြည်သူများ မြို့ပြင်ထွက်ခွာခွင့်မပြုရန် အမိန့်ထုတ်ခဲ့လေသည်။

သူတစ်ယောက်တည်း အစွမ်းအစဖြင့် ဤဘေးအန္တရာယ်ကို ဖုံးကွယ်ထားချင်ခဲ့သည်။

သို့သော် ပြည်သူအရေအတွက် အလွန်များပြားပြီး လန်ကျိုးဒေသတွင် ရေလမ်းခရီး များပြားသဖြင့် လူအများအပြား လှေဖြင့်ထွက်ခွာသွားကြရာ တားဆီး၍မရတော့ပေ။ နောက်ဆုံးတွင် သတင်းပေါက်ကြားသွားပြီး အိမ်နီးချင်း ရှင်းကျိုးဒေသမှ သိရှိသွားခဲ့သည်။

ဤသို့ အဆင့်ဆင့်ဖြတ်သန်းပြီးမှ မြို့တော်သို့ သတင်းရောက်ရှိသွားခြင်း ဖြစ်သည်။

သတင်းရောက်ရှိလာချိန်မှာ ပထမလ ၄ ရက်နေ့ဖြစ်ပြီး နင်ချန်သည် ဘေးအန္တရာယ်အခြေအနေကို စစ်ဆေးရန် ယုံကြည်စိတ်ချရသော ဝန်ကြီးများကို ချက်ချင်း စေလွှတ်ခဲ့သည်။

၁၅ ရက်နေ့ညတွင် သတင်းပြန်လည်ရောက်ရှိလာသည်။

လန်ကျိုးဒေသခံ ပြည်သူများ၏ သေဆုံးဒဏ်ရာရမှု စုစုပေါင်းမှာ လူဦးရေ၏ လေးပုံတစ်ပုံနီးပါး ရှိနေပြီဖြစ်သည်။

ပျော်ရွှင်စရာ နှစ်သစ်ကူးကာလ ဖြစ်သင့်သော်လည်း၊ နှစ်သစ်မကူးမီက မင်္ဂလာရှိသော နှင်းများကျရောက်သည်ဟု ပြောဆိုခဲ့ကြသော်လည်း ယခုနှစ်တွင် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့သည်။

၎င်းမှာ အဆိုးဆုံးမဟုတ်သေးပေ။ ပို၍ဆိုးသည်မှာ လက်ရှိဧကရာဇ်သည် နေရာနှင့်မထိုက်တန်သဖြင့် ကောင်းကင်ဘုံက မတရားမှုကိုပြသရန် ဘေးအန္တရာယ်များ မကြာခဏ ချပေးနေခြင်းဖြစ်ကြောင်း လူထုကြားတွင် ကောလာဟလများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နင်ချန် နန်းတက်သည့် ပထမနှစ်တွင် ယန်ကျိုးရေကြီးခြင်း၊ တတိယနှစ်တွင် မြို့တော်၌ ကပ်ရောဂါဖြစ်ပွားခြင်း၊ ယခု စတုတ္ထနှစ်တွင် နှင်းမုန်တိုင်း ကျရောက်ခြင်းတို့မှာ ကောင်းကင်ဘုံက အမျက်ထွက်ခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

ထိုကဲ့သို့သော ကောလာဟလများသည် နိုင်ငံ၏အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေသဖြင့် နင်ချန်ကို ဒေါသထွက်စေခဲ့သည်။

ကောလာဟလ၏ ဇာစ်မြစ်ကို စုံစမ်းရန် လူများကို ချက်ချင်းစေလွှတ်လိုက်ပြီး တစ်ဖက်တွင်လည်း အခွန်ဌာနမှ စားနပ်ရိက္ခာများ ချထားပေးရန်နှင့် စစ်ဘက်ရေးရာဌာနမှ လူအင်အား စေလွှတ်ကာ လန်ကျိုးဒေသသို့ ကယ်ဆယ်ရေးသွားရောက်ရန် စီစဉ်ခဲ့သည်။

ဤသို့ စေလွှတ်လိုက်သော လူအုပ်ကြီးထဲတွင် ယဲ့ယွင်၏ ဝမ်းကွဲအစ်ကို ချူယွင်ဟွိုက်လည်း ပါဝင်သည်။

နတ်ရွာစံဧကရာဇ်၏ စစ်ရေးစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကြောင့် တောင်ပိုင်းချီနိုင်ငံ၏ နယ်မြေမှာ ကျယ်ဝန်းပြီး နိုင်ငံတော်ဘဏ္ဍာတိုက် ပြည့်စုံသဖြင့် နှင်းဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာမရှိလှပေ။

အထူးသဖြင့် မနှစ်က အသစ်ဖွဲ့စည်းခဲ့သော တော်ဝင်ကုန်သည်များသည် ယခုနှစ်တွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

ချူမိသားစုနှင့် ဖုန်းမိသားစုတို့သည် နန်းတွင်းနှင့် ချက်ချင်းပူးပေါင်းပြီး လန်ကျိုးဒေသနှင့် နီးစပ်သော ဆိုင်များမှ အသုံးဝင်သောပစ္စည်းများကို ဘေးသင့်ဒေသသို့ စုစည်းပို့ဆောင်ပေးခဲ့ကြသည်။

ဤသည်မှာ နိုင်ငံတော်ဘဏ္ဍာတိုက်မှ ဘေးသင့်ဒေသသို့ ပို့ဆောင်သည်ထက် များစွာမြန်ဆန်သည်။

ဤကိစ္စတွင် ချူမိသားစု၏ တုံ့ပြန်မှုမှာ လျင်မြန်ခဲ့သည်။ ဖုန်းမိသားစုထက်ဦးအောင် နန်းတွင်းသို့ သတင်းပို့ပြီး တော်ဝင်ကုန်သည်များကို အသုံးပြုနိုင်ကြောင်း နင်ချန်ကို သတိပေးခဲ့သည်။ ဖုန်းမိသားစုမှာ နောက်ကျကျန်ခဲ့ပြီး အမိန့်တော်ရမှသာ သိရှိခဲ့ရသည်။

ဤသို့ဖြင့် အနိမ့်အမြင့် ကွာခြားသွားလေသည်။

မနှစ်က ဝင်ငွေတင်ပြသည့်ကိစ္စနှင့် ဆက်စပ်ကြည့်လျှင် နင်ချန်သည် ဖုန်းမိသားစုအပေါ် အနည်းနှင့်အများ မကျေမနပ် ဖြစ်မိသည်။

ဖုန်းမိသားစု တော်ဝင်ကုန်သည် ဖြစ်လာခြင်းမှာ အင်္ဂလိပ်မြို့စားကြီး၏ အစွမ်းကုန် ထောက်ခံမှုကြောင့် ဖြစ်ရာ ယခုကိစ္စတွင်လည်း သံသယဝင်စရာ ဖြစ်လာသည်။

အမြတ်ငွေ သုံးပုံတစ်ပုံဆိုသည်မှာ နည်းပါးသော ပမာဏမဟုတ်ပေ။ ဖုန်းမိသားစုက အားလုံးကို မောင်ပိုင်စီးသွားသည်ဟု နင်ချန် မယုံကြည်ပေ။

သို့သော် ယခုအချိန်သည် ထိုလာဘ်စားမှုကိုစစ်ဆေးရမည့်အချိန် မဟုတ်သေးဘဲ လန်ကျိုးဒေသ နှင်းဘေးအန္တရာယ်မှာ အရေးအကြီးဆုံးဖြစ်သည်။

.....

ငါးရက်ဆက်တိုက် နင်ချန် ကောင်းစွာ အိပ်မပျော်ခဲ့ပေ။ စီမံခန့်ခွဲမှုများကို အဆက်မပြတ် လုပ်ဆောင်နေခဲ့ပြီး မြို့တော်မှ စေလွှတ်လိုက်သော လူများ ရောက်ရှိသွားမှသာ နေ့လယ်ဘက် ခေတ္တ အိပ်စက်အနားယူနိုင်ခဲ့သည်။

သူ အလွန်ပင်ပန်းနေသဖြင့် အိပ်ပျော်သွားလိုက်ရာ ညဘက်ရောက်မှ နိုးလာခဲ့သည်။

မျက်လုံးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် မှောင်နေပြီကို တွေ့လိုက်ရသည်။

"ကျန်းကို ဘာလို့ မနှိုးတာလဲ၊ တောင်ဘက်က သတင်းရောက်လာပြီလား၊ ကိစ္စတစ်ခုခု ကြန့်ကြာသွားရင် မင်းကို အပြစ်ပေးမယ်"

နင်ချန် ကမန်းကတန်း ထလိုက်ပြီး ဖိနပ်စီးရင်း စင်ပေါ်မှ ဝတ်ရုံရှည်ကို ဆွဲယူဝတ်ဆင်ကာ အပြင်သို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားသည်။

ယွမ်ကျိုသည် ခါးကိုကိုင်းကာ ခြေလှမ်းတိုလေးများဖြင့် နောက်မှလိုက်ရင်း တရစပ် တောင်းပန်နေရသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ပါ၊ အရှင်မင်းကြီး မျက်လုံးမမှိတ်ရတာ ငါးရက်ရှိပါပြီ၊ အခုမှ ခဏလောက် အိပ်ပျော်သွားတာ၊ အရှင်မင်းကြီး ပင်ပန်းလွန်းလို့ ဖျားသွားရင် ကျွန်တော်မျိုး သေသင့်ပါတယ်၊ စိတ်ချပါ၊ တောင်ဘက်က စာမလာသေးပါဘူး၊ ကျွန်တော်မျိုး စောင့်ကြည့်နေပါတယ်"

စာရေးစားပွဲနားသို့ ရောက်ပြီး စားပွဲပေါ်တွင် အစီရင်ခံစာအသစ် မရှိသည်ကို တွေ့လိုက်ရမှသာ နင်ချန်၏ မျက်မှောင်ကြုတ်ထားမှု အနည်းငယ် ပြေလျော့သွားသည်။

ခေါင်းလှည့်ကြည့်လိုက်ရာ ယွမ်ကျိုမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေပြီကို တွေ့လိုက်ရသည်။

"ထတော့၊ ကျန်းကျန်းမာရေး ကျန်းသိပါတယ်၊ မင်းရဲ့သစ္စာရှိမှုကြောင့် ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်၊ အခုက ဘေးအန္တရာယ် ကျရောက်နေတဲ့အချိန်မို့လို့ တစ်ခဏလေးတောင် အချိန်မဆွဲသင့်ဘူး၊ နောက်နောင် ဒီလိုမျိုး မလုပ်နဲ့တော့"

"ဟုတ်ကဲ့ပါ၊ ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ နောက်နောင် သတိထားပါ့မယ်"

ယွမ်ကျို သက်ပြင်းချလိုက်ပြီး ဖြည်းညှင်းစွာ ထလိုက်သည်။

နင်ချန်က မှန်မကြည့်မိသဖြင့် မသိသော်လည်း ယွမ်ကျိုကမူ အကုန်မြင်နေရသည်။

သူ့မျက်လုံးအောက်မှ အညိုကွက်ကြီးများမှာ အလွန်ကြောက်စရာကောင်းပြီး မျက်လုံးများမှာလည်း သွေးကြောများဖြင့် နီရဲနေသဖြင့် ယွမ်ကျိုက သတ္တိမွေးကာ အချိန်မီ မနှိုးဘဲ ပိုအိပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

"အခု ဘယ်အချိန်ရှိပြီလဲ" နင်ချန် လက်ကိုမြှောက်ကာ မျက်ခုံးအလယ်ကို နှိပ်နယ်ရင်း တိုးတိုးလေး မေးလိုက်သည်။

"ညဦးယံအချိန် ကျော်ပါပြီ အရှင်မင်းကြီး" ယွမ်ကျိုက ဖြေသည်။

ပုံမှန်စည်းကမ်းအရဆိုလျှင် ညစာစားပြီးရမည့်အချိန် ဖြစ်သဖြင့် အမှန်တကယ် နောက်ကျနေပြီဖြစ်သည်။

သို့သော် နင်ချန်မှာ အိပ်ရာထခါစဖြစ်၍ ခံတွင်းမတွေ့လှပေ။ ဦးနှောက်ထဲတွင်လည်း ဗလာဖြစ်နေသကဲ့သို့ ခံစားရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသဖြင့် ကုလားထိုင်ကို ဆွဲကာ ဝင်ထိုင်လိုက်သည်။

ယွမ်ကျိုက လက်ပြလိုက်ရာ လက်ဖက်ရည်ဆက်သသည့် နန်းတွင်းအစေခံမလေး ရောက်လာပြီး ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးသည်။

ခွက်ထဲတွင် မက်မွန်ပွင့်ဖတ်အနည်းငယ် မျှောနေပြီး ယဲ့ယွင်က နှစ်သစ်မကူးမီက မီးဖိုငယ်လေးဖြင့် ကိုယ်တိုင်အခြောက်ခံ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ခွက်ထဲမှ ပန်းပွင့်ဖတ်များကို ကြည့်ရင်း နင်ချန် အတွေးလွန်နေမိသည်။

"သမားတော်ကြီးတွေက ပြောကြတယ်၊ မက်မွန်ပွင့်လက်ဖက်ရည်က ခံတွင်းဖွင့်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတယ်တဲ့၊ အရှင်မင်းကြီးက အခုတလော နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များပြီး ခံတွင်းမတွေ့ဘဲ စိတ်မွမ်းကျပ်နေတော့ ဒီလက်ဖက်ရည်က အကိုက်ညီဆုံးပါပဲ"

ယွမ်ကျိုက မျက်လွှာချကာ အကဲခတ်ရင်း လျှောက်တင်လိုက်သည်။

နင်ချန် နားထောင်ပြီးနောက် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။

"ဒီည ယွီရှို့အဆောင်ကို သွားမယ်၊ မင်ကျယ်ယွီကို ညစာပြင်ထားဖို့ အရင်လူလွှတ်ပြီး သွားပြောလိုက်"

ဒီအချိန်ဆိုလျှင် ထိုမိန်းကလေး စားပြီးလောက်ပြီ၊ သူစားဖို့အတွက် ပြင်ဆင်ခိုင်းရမည်။

ယွမ်ကျိုက အမိန့်ကိုနာခံပြီး ချက်ချင်းစီစဉ်လိုက်သည်။ စကားသွားပြောသူမှာ ဟွေ့အန်းပင် ဖြစ်သည်။

.....

ယွီရှို့အဆောင်တွင် ယဲ့ယွင်သည် ရေချိုးပြီးခါစဖြစ်၍ အစေခံများက ဆံပင်သုတ်ပေးနေကြသည်။ အရှင်မင်းကြီး ကြွလာမည်ဖြစ်ကြောင်းနှင့် ညစာပြင်ဆင်ထားရန် မှာကြားလိုက်သည်ကို ကြားသောအခါ အံ့ဩသွားမိသည်။

သို့သော် ချက်ချင်းပင် စီစဉ်လိုက်သည်။

ပထမလ၏ ညအချိန်သည် အေးစက်နေဆဲဖြစ်သဖြင့် အမဲရိုးပြုတ်ရည်ဖြင့် ဟော့ပေါ့လုပ်ရန် မှာကြားလိုက်သည်။ အစပ်လျှော့ပြီး အရသာရှိအောင် ပြင်ဆင်ခိုင်းလိုက်၏။

ပါဝင်ပစ္စည်းများအနေဖြင့် အသားပြုတ်ပြီး အအေးခံထားသည်ကို ပါးပါးလှီးကာ ရေနွေးဖျောပြီးသည်နှင့် စား၍ရအောင် စီစဉ်ထားသည်။

ဘဲသားမုန်လာဥဟင်းရည်တစ်ခွက်နှင့် အဓိကအစားအစာအဖြစ် ခေါက်ဆွဲကို စီစဉ်လိုက်သည်။

အရှင်မင်းကြီးအတွက် ပြင်ဆင်ခြင်းဖြစ်၍ စားဖိုဆောင်မှ လက်သွက်ကြသည်။ နင်ချန် ယွီရှို့အဆောင်သို့ ရောက်သည်နှင့် စားသောက်ဖွယ်ရာများကို ခင်းကျင်းပြီးဖြစ်သည်။

ယဲ့ယွင်၏ ဆံပင်မှာ တစ်ဝက်ခန့်သာ ခြောက်သေးသဖြင့် ဖားလျားချထားလိုက်သည်။ အခန်းထဲတွင် မီးသွေးမီးဖို ထွန်းထားသဖြင့် အလွန်နွေးထွေးနေရာ အဝတ်ထူထူ ဝတ်ဆင်မထားတော့ဘဲ ညဝတ်အင်္ကျီအပေါ်တွင် ခရမ်းရောင်ဖျော့ဖျော့ ဝတ်ရုံတစ်ထည်ကိုသာ ထပ်ဝတ်ထားသည်။

ထို့ကြောင့် နင်ချန် ရောက်လာသောအခါ သူမ၏ ပေါ့ပါးပြီး နူးညံ့သိမ်မွေ့သော ပုံစံကို မြင်တွေ့လိုက်ရသည်။

ဖယောင်းတိုင်မီးရောင်သည် မိန်းမပျိုလေး၏ ဖြူဝင်းသော မျက်နှာပေါ်သို့ ကျရောက်နေပြီး ပိုမိုနူးညံ့လှပနေစေသည်။

ယဲ့ယွင်သည် သူ့ကိုမြင်သောအခါ စကားမပြော၊ ဂါရဝလည်း မပြုဘဲ ရှေ့သို့တိုးလာကာ နင်ချန်၏လက်ကို ဆွဲကိုင်လိုက်သည်။ အစေခံများကို ထွက်သွားခိုင်းပြီးနောက် သူ့ကို အခန်းထဲသို့ ဆွဲခေါ်ကာ ထိုင်စေလိုက်သည်။

***

All Chapters