အခန်း (၁၇၃-၁၇၄)
Vol. 11 Ch. 173-174
အခန်း ၁၇၃ ။ တောင်ဘက်သို့ လှည့်လည်ခြင်း
"အရှင်မင်းကြီး မြည်းကြည့်ပါဦး၊ ခံတွင်းတွေ့ရဲ့လား။ ဒီချန်းချဲ့က စားဖိုဆောင်ကို အထူးမှာထားတာ။"
ယဲ့ယွင်က လက်စွပ်ကို မတင်လိုက်ပြီး ဘဲသားဟင်းရည်ထဲမှ မုန်လာဥဖြူတစ်တုံးကို အရင်ခပ်ပေးလိုက်သည်။
နင်ချန်က တူကို မကိုင်သေးဘဲ သူမ၏ ဆံပင်များကို လှမ်းကိုင်လိုက်သည်။
"ညကြီးမိုးချုပ် ဘာလို့ ခေါင်းလျှော်ရတာလဲ။ အအေးမိကုန်ဦးမယ်။"
"ရုတ်တရက် စိတ်ကူးပေါက်သွားလို့ပါ။ ဒါနဲ့ အရှင်မင်းကြီးက ညကြီးမိုးချုပ် ဘာလို့ ဒီချန်းချဲ့ဆီ ရောက်လာတာလဲ။"
ယဲ့ယွင် ပြန်မေးလိုက်သည်။
နင်ချန် ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်၏။
"ကျန်းလည်း ရုတ်တရက် သတိရသွားလို့ပါ။"
ထိုစကားကြောင့် ယဲ့ယွင် ကြောင်အသွားသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရုတ်တရက် ပြိုင်တူ ရယ်မောလိုက်ကြသည်။
ရယ်မောပြီးနောက် ယဲ့ယွင်သည် လက်ချောင်းလေးဖြင့် အမျိုးသား၏ မျက်ကွင်းညိုများကို ပွတ်သပ်ပေးလိုက်သည်။
"အရှင်မင်းကြီး ဒီရက်ပိုင်း အရမ်းပင်ပန်းနေတယ်။ ညစာစားပြီးရင် မြန်မြန်အိပ်တော့နော်။"
"အင်း... ကျန်းကို ဟင်းရည်တစ်ခွက်လောက် ထည့်ပေးပါဦး။"
နင်ချန် ခေါင်းညိတ်လိုက်သည်။
ပုံမှန်ဆိုရင် ဟင်းရည်မသောက်တတ်ပေမယ့် လမ်းတစ်လျှောက်လုံး အေးစက်နေခဲ့တာမို့ ဟင်းရည်ပူပူလေးသောက်ပြီး အအေးဖြေလိုက်ချင်သည်။
ယဲ့ယွင် လိမ္မာစွာဖြင့် ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်သည်။ ထို့နောက် သူ့ဘေးတွင် ငြိမ်ငြိမ်လေးထိုင်ပြီး ရံဖန်ရံခါ အသားတစ်ဖတ်၊ နှစ်ဖတ်လောက် ထည့်ပေးလိုက်ရာ နင်ချန် ညစာအများကြီး စားဖြစ်သွားသည်။
ထို့နောက် ရေချိုးခန်းသို့ တွန်းပို့ပေးလိုက်သည်။
အပြင်ဘက်တွင် စောင့်နေသော ယွမ်ကျိုသည် ပြန်ထုတ်လာသော ပန်းကန်များကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။
အိပ်ရေးမဝရင်တောင် ထမင်းတော့ ဝအောင်စားထားမှ ဖြစ်မည်။
နင်ချန် ရေချိုးပြီး ထွက်လာသောအခါ ကုတင်ပေါ်ရှိ စောင်ပုံထဲမှ ခေါင်းလေးတစ်လုံး ပြူထွက်နေသည်ကို တွေ့လိုက်ရသည်။
ခြေသံကြားသောအခါ ယဲ့ယွင်သည် စောင်ထဲမှ လက်မောင်းလေးကို ထုတ်ပြလိုက်သည်။ ကြာစွယ်လေးလို ဖြူဝင်းနေသည်။
"အရှင်မင်းကြီး မြန်မြန်လာအိပ်တော့။ ဒီချန်းချဲ့ အိပ်ချင်နေပြီ။"
"အိပ်ချင်ရင် အိပ်နှင့်လေ။ ကျန်းကို ဘာလို့ စောင့်နေတာလဲ။"
နင်ချန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ကုတင်နားသွားပြီး စောင်ကိုလှန်ကာ ဝင်လှဲလိုက်သည်။
သူ လှဲလိုက်သည်နှင့် ဘေးနားမှ အမျိုးသမီးငယ်လေးက အတွင်းဘက်သို့ လှိမ့်ဝင်သွားပြီး သူ့ကိုပါ ဆွဲခေါ်သွားသည်။
ဘာဖြစ်မှန်း နားမလည်ခင်မှာပင် တိုးတိုးလေး ပြောသံကြားလိုက်ရသည်။
"ဒီချန်းချဲ့က စောင်ကို နွေးအောင် လုပ်ထားပေးတာ။ အရှင်မင်းကြီး မြန်မြန်အိပ်တော့။"
နင်ချန် မျက်လုံးမှေးလိုက်ပြီး စမ်းကြည့်လိုက်ရာ အောက်ခံမွေ့ရာက တကယ်နွေးနေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲ နွေးထွေးသွားသည်။
လက်တံရှည်ကြီးဖြင့် ဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။
မိန်းကလေး၏ ခေါင်းလျှော်ပြီးကာစ ဆံပင်မှ ရနံ့သင်းသင်းလေးက နှာခေါင်းဝတွင် မွှေးပျံ့နေပြီး စိတ်ကို ကြည်နူးစေသည်။
နေ့လည်က တစ်ညနေလုံး အိပ်ထားသဖြင့် မအိပ်ချင်သေးဘဲ ယဲ့ယွင်နှင့် စကားပြောချင်နေသည်။
"လန်ကျိုးနှင်းဘေးအတွက် မင်းဝမ်းကွဲအစ်ကိုကိုလည်း လွှတ်လိုက်တယ်။ ဒီရက်ပိုင်း သူ တော်တော်လေး တိုးတက်လာတယ်။ ကျန်းက သူ့ကို နယ်ဘက်မှာ နှစ်အနည်းငယ်လောက် အတွေ့အကြုံယူခိုင်းပြီး အောင်မြင်မှုရမှ မြို့တော်ကို ပြန်ခေါ်မလို့ စိတ်ကူးထားတယ်။"
နောက်ခံသန့်ရှင်းပြီး အရည်အချင်းရှိသော လူငယ်မျိုး ရှားပါးသဖြင့် နင်ချန်သည် ချူယွမ်ဟွိုက်ကို သဘောကျနေသည်။
သူ့ကို ကိုယ့်လူယုံအဖြစ် မွေးမြူရန် ရည်ရွယ်ထားသည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ဆီ ရောက်နေတာတောင် တိုင်းပြည်အရေးတွေ ပြောနေတုန်းလား။ ဒီချန်းချဲ့က နားမှမလည်တာ။"
ယဲ့ယွင် မျက်လုံးမှေးပြီး နှာခေါင်းရှုံ့လိုက်သည်။
နင်ချန် စိတ်ထဲ ယားယံသွားပြီး သူမ၏ ခါးကို ဆွဲညှစ်လိုက်သည်။
"တခြားလူတွေ နားမလည်တာ ထားပါတော့။ မင်းက ကျန်းကို လာဟန်ဆောင်နေသေးတယ်။"
စကားစမိသွားသဖြင့် နင်ချန်သည် သူမ၏ ယခင်အကြံပြုချက်များကို သတိရသွားပြီး မေးလိုက်သည်။
"ဒီနှင်းဘေးနဲ့ ကောလာဟလကိစ္စကို မင်း ဘယ်လိုမြင်လဲ။ ပြောသာပြောပါ၊ ကျန်း အပြစ်မယူပါဘူး။"
"အရှင်မင်းကြီး တကယ် နားထောင်ချင်လို့လား။"
မိန်းကလေးသည် မျက်လုံးတစ်ဝက်ဖွင့်ပြီး အမျိုးသား၏ ရင်ဘတ်အင်္ကျီစကို လက်ချောင်းလေးဖြင့် ကစားနေသည်။
နင်ချန် ခေါင်းညိတ်ပြပြီး ဆက်ပြောခိုင်းလိုက်သည်။
ယဲ့ယွင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
"လန်ကျိုးအုပ်ချုပ်ရေးမှူးက သတင်းဖုံးကွယ်ထားပြီး ပြည်သူတွေကို ထွက်ပြေးခွင့်မပေးတာ သေဒဏ်အကြိမ်တစ်ထောင် ပေးသင့်ပါတယ်။ ကောလာဟလကိစ္စကတော့ ပြည်သူတွေ ဒုက္ခရောက်လွန်းလို့ မကျေနပ်ချက်တွေ ထွက်လာတာပါ။ ကောလာဟလကို ရပ်တန့်ချင်ရင် အမြစ်ကနေ ကုသရမယ်။ ပြည်သူတွေရဲ့ ပါးစပ်ကို ပိတ်လို့မရပေမယ့် အရှင်မင်းကြီးကို လေးစားလာအောင် လုပ်လို့ရပါတယ်။ ဒါမှ အရှင်မင်းကြီးရဲ့ ထီးနန်းခိုင်မြဲမှာပါ။"
"ဘယ်လို ကုသရမလဲ။"
နင်ချန် ထပ်မေးလိုက်သည်။
"အရှင်မင်းကြီးက မြောက်ဘက်ကို လှည့်လည်ပြီး မျိုးနွယ်စုတွေကို ထိန်းချုပ်နိုင်သလို တောင်ဘက်ကိုရော ဘာလို့ မလှည့်လည်နိုင်ရမှာလဲ။"
မိန်းကလေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ကျန်း စဉ်းစားလိုက်ဦးမယ်။ အိပ်ကြစို့။"
ပြောပြီးသည်နှင့် ဖက်ထားသော လက်ကို ပိုတင်းလိုက်သည်။
ယဲ့ယွင်က အလွန်အိပ်ချင်နေပြီဖြစ်၍ ခဏအတွင်း အိပ်ပျော်သွားလေသည်။
ရင်ခွင်ထဲမှ မိန်းကလေး၏ ပုံမှန်အသက်ရှူသံကို နားထောင်ရင်း နင်ချန် စဉ်းစားနေဆဲပင်။
နန်ချီသမိုင်းတစ်လျှောက် တောင်ဘက်သို့ လှည့်လည်ခြင်းမျိုး မရှိခဲ့ဖူးပေ။ အကြောင်းမှာ တောင်ဘက်ဒေသသည် ပင်လယ်နှင့် နီးကပ်ပြီး မြေပြန့်လွင်ပြင်များ ဖြစ်သဖြင့် အေးချမ်းတည်ငြိမ်ပြီး အုပ်ချုပ်ရ လွယ်ကူသောကြောင့် ဖြစ်သည်။ မြောက်ဘက်ကဲ့သို့ ရန်လိုသော လျောင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိပေ။
နန်ချီဧကရာဇ် အဆက်ဆက်သည် နန်းတက်ပြီးလျှင် မြောက်ဘက်သို့သာ လှည့်လည်လေ့ရှိကြသည်။
အကြောင်းရင်းမှာ ဧကရာဇ်ခရီးထွက်လျှင် ကုန်ကျစရိတ် များပြားခြင်းနှင့် တောင်ဘက်ဒေသသည် အေးချမ်းသဖြင့် သွားရောက်စစ်ဆေးရန် မလိုအပ်ဟု ယူဆခြင်းတို့ကြောင့် ဖြစ်သည်။ အများအားဖြင့် ယုံကြည်ရသော အရာရှိကြီးများကိုသာ စေလွှတ်လေ့ရှိသည်။
သို့သော် ယခုအချိန်တွင် ပြည်သူများ စိတ်လှုပ်ရှားနေကြသဖြင့် သူကိုယ်တိုင် သွားရောက်ခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။
သို့သော် အဆိုပါကိစ္စကို မှူးမတ်တွေနဲ့ တိုင်ပင်ရဦးမည်ဖြစ်သည်။ ရှေးရိုးစွဲဝါရင့်
မှူးမတ်တွေက သေချာပေါက်သဘောတူမည်မဟုတ်ပေ။ ထိုကိစ္စကိုအကောင်အထည်ဖော်ရန် အများကြီး ကြိုးစားရဦးမည်။
နောက်ဆုံးတွင် နင်ချန် ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်ဘဲ အိပ်မက်ထဲတွင် တောင်ဘက်သို့ လှည့်လည်နေသည်ဟု မက်လေသည်။
.....
နောက်တစ်နေ့ နံနက်စောစော ထပြီး ကျိုချန်နန်းဆောင်သို့ ပြန်သွားကာ အရာရှိကြီးအချို့ကို ဆင့်ခေါ်တွေ့ဆုံသည်။
နေ့လည်ရောက်မှ သူတို့ကို ပြန်လွှတ်လိုက်သည်။
အတွင်းထဲမှာ ဘာတွေပြောခဲ့ကြလဲ မသိရပေမယ့် မကြာခင်မှာပဲ အရှင်မင်းကြီး တောင်ဘက်သို့ လှည့်လည်မည့်သတင်း ထွက်ပေါ်လာသည်။
.....
ယွီရှို့အဆောင်။
ယဲ့ယွင်သည် ဆေးကျိုသော မီးဖိုလေးကို ယူခိုင်းပြီး အစေခံများနှင့်အတူ ကန်စွန်းဥ ဖုတ်စားနေသည်။ ရုတ်တရက်ကြီး ကန်းစွန်းဥ အရသာကို အာသီဖြစ်နေသောကြောင့်ဖြစ်သည်။
"အရှင်မင်းကြီး တောင်ဘက်ကို လှည့်လည်ရင် ကိုယ်လုပ်တော်တွေ ပါသွားမှာလား။ ဘယ်နှယောက် ပါသွားမလဲ မသိဘူး။"
နန်ကျစ်က စကားစမြည် ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ပါမှာ မဟုတ်ဘူး။ နှင်းဘေးကယ်ဆယ်ရေးကိစ္စနဲ့ သွားတာဆိုတော့ ကိုယ်လုပ်တော်တွေ ခေါ်သွားရင် ကြည့်ကောင်းပါ့မလား။"
ယဲ့ယွင် ခေါင်းယမ်းလိုက်သည်။
ဟွေယွဲ့က ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီး ဘယ်လောက်ကြာမလဲ မသိဘူး။ ယိရှိုးရုန်က ကိုယ်ဝန် ၇ လရှိနေပြီ။ မွေးခါနီးပြီဆိုတော့ အရှင်မင်းကြီး မရှိရင် စိတ်ပူနေမှာပဲ။ မိဖုရားခေါင်ကြီးရဲ့ ကိုယ်ဝန်ကလည်း ၃ လပဲ ရှိသေးတယ်။ ကြည့်ရတာ သိပ်မကောင်းဘူး။ အရှင်မင်းကြီး နန်းတော်ထဲမှာ မရှိရင် ပြဿနာတက်မှာကို စိုးရိမ်မိတယ်။"
မယ်တော်ကြီး ရှိနေသေးတယ်ဆိုပေမယ့် မယ်တော်ကြီးက အမှားတွေများလွန်းလို့ ဘယ်သူမှ မယုံကြည်ကြတော့ဘဲ အလိုလို
ပယ်ထားကြသည်။
ယဲ့ယွင်သည် ကန်စွန်းဥတစ်လုံးကို တူဖြင့်ထိုးပြီး အခွံခွာလိုက်ကာ ဂရုမစိုက်သလို ပြောလိုက်သည်။
"အရှင်မင်းကြီး မရှိလည်း ငါတို့နန်းဆောင်ကို သေချာစောင့်ရှောက်ထားရင် ပြီးတာပဲ။ သူများတွေ ဝင်မရှုပ်နိုင်အောင် လုပ်ထားရင် ဘာမှမဖြစ်ပါဘူး။"
ဘယ်သူမွေးမွေး၊ မမွေးမွေး သူမနဲ့ မဆိုင်ပါဘူး။
နန်ကျစ်နှင့် ဟွေယွဲ့ ခေါင်းညိတ်လိုက်ကြသည်။ သုံးခါရှိရင် အမှားမရှိရဘူးဆိုတဲ့ စကားလိုပဲ ယွီရှို့အဆောင်မှာ နောက်ထပ် အမှားအယွင်း ဖြစ်လာရင် သူတို့နှစ်ယောက် လူဖြစ်ရကျိုးနပ်မှာ မဟုတ်တော့ဘူး။
နောက်ဆုံးတွင် တောင်ဘက်သို့ လှည့်လည်မည့်ကိစ္စ အတည်ဖြစ်သွားသည်။
၂ လပိုင်း ၂ ရက်နေ့ 'နဂါးခေါင်းထောင်သောနေ့' တွင် ထွက်ခွာရန် သတ်မှတ်လိုက်သည်။ ထင်ထားသည့်အတိုင်း ကိုယ်လုပ်တော်များ လိုက်ပါခွင့် မရကြပေ။
နင်ချန်နှင့်အတူ လိုက်ပါသွားမည့်သူများမှာ ဖိန်ဝမ်နင်ဟောက်၊ မင်းသမီးကြီး၏ ခင်ပွန်း ဟယ်ရှင်းယန့်၊ ယင်းကော်ကုန်း၏ သားကြီး ချန်ရှန်ဝမ်၊ သားငယ် ချန်ရှန်ယိ နှင့် အခြားအရာရှိကြီးများ ဖြစ်ကြသည်။
မယ်တော်ကြီး၏ မောင်တော် ယင်းကော်ကုန်း၊ မိဖုရားခေါင်ကြီး၏ ဖခင် လီကော်ကုန်းနှင့် ခန်းဝမ် နင်ရွေ့ ဦးဆောင်သော အရာရှိများသည် မြို့တော်တွင် ကျန်ရစ်ခဲ့ကြသည်။
နောက်ရက်များတွင် နင်ချန်သည် မင်းသား၊ မင်းသမီးများကို ကျိုချန်နန်းဆောင်သို့ ခေါ်ယူတွေ့ဆုံပြီးနောက် မိဖုရားခေါင်ကြီး၊ ဝမ်သယ့်ဖေးနှင့် ယိရှိုးရုန်တို့ကို တစ်ယောက်ချင်းစီ သွားရောက်တွေ့ဆုံခဲ့သည်။
ထွက်ခွာမည့်နေ့ မတိုင်မီ တစ်ရက်အလိုတွင် ယဲ့ယွင်ထံသို့ လာရောက်၍ နေ့လည်စာ စားပြီး ကျိုချန်နန်းဆောင်သို့ ပြန်သွားလေသည်။
တောင်ဘက်ဒေသ ကျယ်ဝန်းလှသဖြင့် ယခုတစ်ခေါက် ခရီးစဉ်သည် ၅ လပိုင်းလောက်မှ ပြန်ရောက်မည်ဟု ခန့်မှန်းရသည်။
ထိုအချိန်ရောက်လျှင် ယိရှိုးရုန် မွေးဖွားပြီးလောက်ပြီ။
နင်ချန်က အမိန့်စာ ချန်ထားခဲ့သည်။ ယိရှိုးရုန်သည် သားမွေးသည်ဖြစ်စေ၊ သမီးမွေးသည်ဖြစ်စေ မိခင်နှင့်ကလေး ကျန်းမာလျှင် ရှိုးယွမ်ရာထူးသို့ တိုးမြှင့်ပေးမည်ဟု မှာကြားခဲ့သည်။
နန်းတွင်းရောက်တာ နှစ်နှစ်လောက်ပဲ ရှိသေးပေမယ့် ဒီရာထူးအထိ ရောက်လာခဲ့တာ ယိရှိုးရုန်အတွက် ဂုဏ်ယူစရာဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-174
အခန်း ၁၇၄ ။ ငြင်းပယ်ခြင်း
၂ လပိုင်း ၂ ရက်နေ့၊ နဂါးခေါင်းထောင်သောနေ့တွင် နန်ချီပြည်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တောင်ဘက်သို့ လှည့်လည်ခြင်းခရီးစဉ် စတင်လေသည်။
အကျိုးသက်ရောက်မှုက ထင်ရှားသည်။
ဧကရာဇ် ကိုယ်တိုင်လာရောက်မည်ဆိုသော သတင်းကြောင့် ကောလာဟလများ ပြောင်းလဲသွားသည်။
လက်ရှိခေတ်တွင် ပြည်သူများသည် ရိုးသားကြသည်။ ဧကရာဇ်က သူတို့ကို လာကြည့်တယ်ဆိုရင် သူတို့ကို ကူညီမှာပဲလို့ ယုံကြည်ကြသည်။
ထို့ကြောင့် နင်ချန် စတင်ထွက်ခွာသည့်နေ့မှစ၍ လမ်းတစ်လျှောက်တွင် ပြည်သူများ စုရုံးကာ ဒူးထောက်ကြိုဆိုကြသည်။
နင်ချန်သည် ဟန်မဆောင်ဘဲ မြင်းရထားပေါ်မှဆင်းကာ မြင်းစီးသွားလာခြင်းဖြင့် ပြည်သူများကို အနီးကပ် တွေ့ဆုံခဲ့သည်။
ဤကဲ့သို့ ရင်းနှီးစွာ ဆက်ဆံမှုကြောင့် နင်ချန် လန်ကျိုးသို့ ရောက်သောအခါ ကောလာဟလများ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
နှင်းဘေးသည် ပြင်းထန်သော်လည်း အားသာချက်တစ်ခု ရှိသည်။
ရာသီဥတု အေးလွန်းသဖြင့် အလောင်းများ ပုပ်သိုးခြင်း မရှိဘဲ ကပ်ရောဂါ မဖြစ်ပွားနိုင်ပေ။
ဖြေရှင်းရသည်မှာလည်း လွယ်ကူသည်။ အဝတ်အစားနှင့် အစားအစာ လုံလောက်အောင် ဝေငှပေးလိုက်ရုံသာ ဖြစ်သည်။
ဒါကြောင့် ယဲ့ယွင်က တောင်ဘက်ကို လှည့်လည်ရန် အကြံပေးခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်ကို လှည့်လည်ရသကဲ့သို့အန္တရာယ်မရှိပေ။
၃ လပိုင်း ရောက်သောအခါ ရာသီဥတု ပိုနွေးလာသဖြင့် လန်ကျိုး၏ အခြေအနေ တည်ငြိမ်သွားသည်။
နင်ချန် ပြန်ပို့လိုက်သော စာထဲတွင် အားလုံး အဆင်ပြေကြောင်း၊ ကျန်ရှိသော နေရာများကို ဆက်လက်လှည့်လည်မည်ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် လန်ကျိုးကိစ္စကို ဖြေရှင်းသည့် အမိန့်စာလည်း တစ်နိုင်ငံလုံးသို့ ထုတ်ပြန်လိုက်သည်။
လန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဟန်ရှင်းခယ်ကို သေဒဏ်ပေးပြီး ပိုင်ဆိုင်မှုများ သိမ်းဆည်းကာ မျိုးဆက်သုံးဆက်တိုင်အောင် အစိုးရစာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်လိုက်သည်။ လန်ကျိုးပြည်နယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးများကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ချူယွမ်ဟွိုက်ကို တင်းဟယ်ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်သည်။
လန်ကျိုးသည် ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး ခရိုင် ၅ ခု ရှိသည်။ တင်းဟယ်ခရိုင်မှလွဲ၍ ကျန်နေရာ ၄ ခုနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ လစ်လပ်နေသဖြင့် အရာရှိများ စိတ်လှုပ်ရှားနေကြသည်။
ခရိုင်အုပ်ချုပ်ရေးမှူးသည် ရာထူးမကြီးသော်လည်း အောက်ခြေတွင် အလုပ်လုပ်ခြင်းက အတွေ့အကြုံ ရစေသည်။ ကိုယ့်အိမ်က လူငယ်တွေကို လွှတ်လိုက်ပြီး နှစ်အနည်းငယ်လောက် အတွေ့အကြုံယူခိုင်းကာ မြို့တော်ကို ပြန်ခေါ်လိုက်ရင် အခြေအနေ ကောင်းသွားနိုင်သည်။
အထူးသဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာကို လူတိုင်း လိုချင်နေကြသည်။ ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ စောင့်ကြည့်ရအုံးပေမည်။
မည်သို့ပင်ဆိုစေ လန်ကျိုးကိစ္စ ပြီးသွားပြီဖြစ်၍ ဧကရာဇ် ပြန်လာမည်ကို စောင့်နေရုံသာ ဖြစ်သည်။
.......
နန်းတော်ထဲတွင် အခြေအနေ တည်ငြိမ်နေသော်လည်း မိဖုရားခေါင်
ကြီး၏ကျန်းမာရေးသည် သိသိသာသာဆိုးရွားလာခဲ့သည်။
နှစ်သစ်ကူးကာလတွင် ပင်ပန်းခဲ့သဖြင့် ကိုယ်ဝန်သုံးလပြည့်ပြီးသော မိဖုရားခေါင်ကြီးသည် နင်ချန် ထွက်ခွာပြီး ရက်ပိုင်းအကြာတွင် သွေးဆင်းလာသည်။
ဒီတစ်ခါတော့ မိဖုရားခေါင်ကြီး မလှုပ်ရှားရဲတော့ပေ။ သမားတော် အမိန့်အတိုင်း ကုတင်ပေါ်တွင် အနားယူနေရပြီး ကိုယ်လုပ်တော်များ ဂါရဝပြုခြင်းကိုလည်း ပိတ်ပင်လိုက်သည်။ သို့သော် နန်းတွင်းအာဏာကိုမူ လက်မလွှတ်သေးပေ။
ကျောက်ကျယ်ယွီ နေ့တိုင်း ဖုန်းရှီးနန်းဆောင်သို့ သွားနေခြင်းမှာ လူမမာမေးရန် မဟုတ်ဘဲ မိဖုရားခေါင်ကြီးအတွက် အလုပ်လုပ်ပေးရန် ဖြစ်ကြောင်း နန်းတွင်းသားတိုင်း သိကြသည်။
မယ်တော်ကြီးက ဝင်ပြောချင်သော်လည်း ဖုမာမားက တားမြစ်ထားပေသည်။
မိဖုရားခေါင်ကြီး၏ ကိုယ်ဝန် မတည်ငြိမ်သေးသဖြင့် မယ်တော်ကြီး ဆူပူလိုက်၍ ကိုယ်ဝန်ပျက်ကျသွားလျှင် ပြဿနာတက်ပေလိမ့်မည်။
အကျိုးအပြစ် တွက်ချက်ပြီးနောက် မယ်တော်ကြီးသည် သည်းခံလိုက်ရသည်။
အဓိကအကြောင်းအရင်းနင်ချန်သည်
နန်းတော်ထဲမှာ မရှိသည့်အတွက်
အနောက်ဆောင်မှကိုယ်လုပ်တော်များသည် တောလိုက်စရာ သားကောင်မရှိသကဲ့သို့ ငြိမ်သက်နေကြသည်။
.....
ရာသီဥတု ကောင်းမွန်သော နေ့တစ်နေ့တွင် ယဲ့ယွင်သည် တော်ဝင်ဥယျာဉ်ထဲ၌ နွေဦးပန်းများ ပွင့်နေသည်ဟူသော သတင်းကြားလိုက်ရသဖြင့် လမ်းလျှောက်ထွက်ရန် စိတ်ကူးလိုက်သည်။
ညန်ကောင်းလေးသည် အကောင်ကြီးလာပြီဖြစ်ပြီး ဒီနေ့ အပြင်ခေါ်ထုတ်လာခဲ့သည်။
ယဲ့ယွင် ကိုယ်တိုင် အမွေးညှပ်ပေးထားသဖြင့် လုံးလုံးလေး ဖြစ်နေပြီး အလွန်
ချစ်စရာကောင်းလှသည်။
တော်ဝင်ဥယျာဉ်ထဲတွင် လူရှင်းနေသဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ကြိုးဖြည်ပေးလိုက်ရာ လွတ်လပ်စွာ ပြေးလွှားဆော့ကစားနေသည်။
ယွီရှို့အဆောင်မှ ပထမဆုံးအကြိမ် ထွက်ခွာခွင့်ရခြင်းဖြစ်၍ ညန်ကောင်းလေးသည် အရာရာကို စိတ်ဝင်စားနေပြီး အမြီးတနှံ့နှံ့ဖြင့် ဟောင်နေလေသည်။
"ဒီလောက် လူရှင်းတဲ့အချိန်မျိုး ရှားပါတယ်။ သေချာကြည့်လိုက်တော့ တော်ဝင်ဥယျာဉ်က လှသားပဲ။"
ယဲ့ယွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။
နွေဦးပန်းရနံ့ သင်းသင်းလေးက လေထဲတွင် ပျံ့လွင့်နေပြီး စိတ်ကို ကြည်နူးစေသည်။
"ကျယ်ယွီ ကြိုက်ရင် နှစ်ခက်လောက် ခူးပြီး အခန်းထဲ ထိုးထားမလား။ ဒါပေမယ့် နူးဘီတို့ခြံထဲက ပန်းတွေလည်း ပွင့်တော့မှာပါ။”
ပိုင်ရှု မေးလိုက်သည်။
"မခူးနဲ့တော့။ ပန်းတွေ အရမ်းများရင် အရောင်တွေ ရှုပ်ပြီး ရိုင်းသွားလိမ့်မယ်။"
ယဲ့ယွင် လက်ကာပြလိုက်သည်။
သူတို့အဖွဲ့သည် ဥယျာဉ်ထဲတွင် နာရီဝက်ခန့် လမ်းလျှောက်ပြီး ညန်ကောင်းလေး မောသွားမှ ပြန်ရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် ဝမ်သယ့်ဖေးဦးဆောင်သောလူအုပ်စုတစ်စု ရောက်ရှိလာသည်။
ယဲ့ယွင် ရှောင်ထွက်ချင်သော်လည်း ဝမ်သယ့်ဖေးက လူလွှတ်ပြီး ခေါ်လိုက်သဖြင့် ငြင်းဆန်၍မရတော့ပေ။
ခဏစဉ်းစားပြီးနောက် နန်ကျစ်ကို ခွေးပွေ့ပြီး ပြန်ခိုင်းလိုက်ကာ သူမက ဟွေယွဲ့၊ ပိုင်ရှုတို့နှင့်အတူ ဝမ်သယ့်ဖေးထံ သွားလိုက်သည်။
"မယ်မယ့်ကို ဂါရဝပြုပါတယ်။"
တွေ့လိုက်သည်နှင့် ဂါရဝပြုလိုက်သည်။
ဝမ်သယ့်ဖေးသည် အနီးကပ်အစေခံနှစ်ဦးသာ ခေါ်လာပြီး ယဲ့ယွင်ကို အေးစက်စွာ ကြည့်လိုက်သည်။
"ထပါ။ တွေ့မှတော့ လမ်းလျှောက်ဖော် လုပ်ပေးပါဦး။"
"ဟုတ်ကဲ့။"
ယဲ့ယွင် တိုးတိုးလေး ပြန်ဖြေပြီး မကျေမနပ်ဖြစ်သည့်ပုံကို မဖော်ပြခဲ့ပေ။
ဤမျှ တည်ငြိမ်သော သဘောထားကြောင့် ဝမ်သယ့်ဖေးသည် သူမကို ပြန်လှည့်ကြည့်မိသွားသည်။
နှစ်ယောက်သား အနောက်တောင်ဘက်သို့ လျှောက်သွားကြသည်။ ထိုနေရာတွင် နားနေဆောင်ရှိသဖြင့် ထိုင်နားနိုင်သည်။
"မင်ကျယ်ယွီ... 'ပန်းဆိုတာ ရက်တစ်ရာ မလန်းဆန်းဘူး' ဆိုတဲ့ စကားပုံကို သိလား။ နန်းတော်ထဲက ပန်းတွေက အမြစ်မခိုင်တော့ လေတိုက်မိုးရွာရင် ယိုင်လဲပျက်စီးကုန်တယ်။ သစ်ပင်ကို နွယ်ပြီးပေါက်တဲ့ နွယ်ပင်တွေကြတော့ လေဒဏ်မိုးဒဏ် ခံနိုင်ရည်ရှိပြီး လှပနေတုန်းပဲ။ ဟုတ်တယ်မလား။"
ရုတ်တရက် ပြောလိုက်သော်လည်း အဓိပ္ပာယ်ကို နားလည်ရန် မခက်ခဲပေ။
ယဲ့ယွင် မျက်လွှာချလိုက်ပြီး ပြန်ဖြေလိုက်၏။
"မယ်မယ်ပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဒီချန်းချဲ့က စိတ်သဘောထား ပြင်းထန်သူမို့လို့ လေဒဏ်မိုးဒဏ်အောက်မှာ ကြွေလွင့်သွားတဲ့ ပန်းပဲ လုပ်ပါရစေ။ သူတစ်ပါးကို မှီခိုရတဲ့ နွယ်ပင်တော့ မလုပ်ချင်ပါဘူး။"
ဝမ်သယ့်ဖေး အံ့သြသွားပြီး ခြေလှမ်းရပ်ကာ မျက်နှာပျက်သွားသည်။
"နင်က မာနကြီးလှချည်လား။ နောင်တစ်ချိန် မျက်နှာသာမရတော့တဲ့အချိန်ကျမှ ငိုမနေနဲ့။"
"နောင်တစ်ချိန်ကိစ္စ နောင်မှ ရှင်းပါ့မယ်။ ဒီချန်းချဲ့ကတော့ လက်ရှိအချိန်မှာ ပျော်ပျော်နေလိုက်ပါ့မယ်။ မယ်မယ် စိတ်မပူပါနဲ့။"
ဝမ်သယ့်ဖေး ဘာကြောင့် သူမကို စည်းရုံးချင်နေမှန်း မသိသော်လည်း တစ်ခုတော့ သေချာသည်။ သူမသည် သူတစ်ပါးကိုသာ ထိန်းချုပ်မည်။ သူတစ်ပါး၏ ထိန်းချုပ်မှုကို ဘယ်တော့မှ မခံပေ။
နန်းတွင်းစရောက်ချိန်တွင် ချန်မိန်ရန်ကလည်း မယ်တော်ကြီး အမိန့်နဲ့ စည်းရုံးဖို့ ကြိုးစားဖူးသည်။ အခု ဝမ်သယ့်ဖေး လာပြန်ပြီ တကယ်ပဲ ဘယ်လိုဖြစ်နေကြတာလဲ။
ကံမကောင်းစွာဖြင့် သူမက သူများကို ထိန်းချုပ်ရတာ ပိုကြိုက်သည့်လူစားမျိုးပင်။
"ယဲ့မျိုးရိုး... နင် ပန်းကုန်းကို ဆန့်ကျင်ချင်နေတာလား။ ကမ်းပေးတဲ့ လက်ကို မပုတ်ထုတ်မိစေနဲ့။"
ဝမ်သယ့်ဖေး အသံနှိမ့်ပြီး ခြိမ်းခြောက်လိုက်သည်။
ခြေလှမ်းရပ်လိုက်ပြီး ယဲ့ယွင်ကို စိုက်ကြည့်လိုက်သည်။
အစေခံများ၏ အကြံပေးချက်အရ သူမသည် မာနကို လျှော့ပြီး ယဲ့ယွင်ကို စည်းရုံးရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံရသဖြင့် ဒေါသထွက်သွားသည်။
သူမ၏ ဒေါသကို ရင်ဆိုင်ရင်း ယဲ့ယွင်သည် ယခင်အတိုင်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ဒီချန်းချဲ့က မယ်မယ်နဲ့ ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။"
ဤမျှ တည်ငြိမ်နေမှုသည် ဝမ်သယ့်ဖေးကို ဝါဂွမ်းပုံအား လက်သီးဖြင့်ထိုးလိုက်ရသကဲ့သို့ ခံစားရစေသည်။
ဒေါသထွက်နေသော ကိုယ့်ကိုယ်ကိုယ် မုန်းသလောက် ယဲ့ယွင်၏ အေးဆေးတည်ငြိမ်မှုကိုလည်း မုန်းတီးမိသည်။
မာနကိုလျှော့ပြီး စည်းရုံးတာတောင် ငြင်းပယ်ခံရသဖြင့် ပါးရိုက်ခံလိုက်ရသလို ခံစားနေရသည်။
ဥယျာဉ်ထဲ လမ်းလျှောက်ချင်စိတ် ပျောက်ဆုံးသွားခဲ့သည်။
ယဲ့ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"နင် ပန်းကုန်းကို ခံပြောရဲတယ်ပေါ့။ ဒီနေ့ ဒီနေရာမှာ တစ်နာရီ ဒူးထောက်ပြီး အပြစ်ပေးခံရမယ်။"
"မယ်မယ်က အပြစ်ပေးချင်တယ်ဆိုရင် ဒီချန်းချဲ့ လက်ခံရမှာပါပဲ။ ဒါပေမယ့် မယ်မယ် မှတ်ထားပါ။ ဒီချန်းချဲ့က အငြိုးအတေး ကြီးတတ်တယ်။"
ယဲ့ယွင် မော့ကြည့်လိုက်ပြီး မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်သည်။ သူမ၏ စူးရှသော အကြည့်များက လူကို ကြက်သီးထစေသည်။
ဝမ်သယ့်ဖေးလည်း အားမလျော့ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။
"နင် တက်လာမယ့်နေ့ကို ပန်းကုန်းစောင့်နေမယ်။"
ပြောပြီးသည်နှင့် လူစုကိုခေါ်ပြီး ထွက်ခွာသွားရာ ယဲ့ယွင်နှင့် အစေခံများသည် တော်ဝင်ဥယျာဉ်ထဲတွင် ဒူးထောက်ကျန်ရစ်ခဲ့ကြသည်။
***