← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 11 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 11 Ch. 175-176

အခန်း ၁၇၅ ။ ပြိုင်ဘက်မရှား

ဝမ်သယ့်ဖေးနှင့် သူမ၏ အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟွေယွဲ့က တိုးတိုးလေး ပြောလိုက်သည်။

"ကျယ်ယွီ... ဒီနေ့ကစပြီး ဝမ်သယ့်ဖေးနဲ့ ကျွန်မတို့ ရန်သူတွေ ဖြစ်သွားကြပြီ။"

"စောစောကတည်းက ရန်သူတွေ ဖြစ်နေတာပါ။ ငါ့ရဲ့နှမြောစရာကောင်းလိုက်တဲ့ ဂျင်ဆင်းပင်လေး။"

ယဲ့ယွင် မျက်လွှာချလိုက်သည်။

ဘေးနားတွင် ဒူးထောက်နေသော ပိုင်ရှုသည် ဘာမှမပြောဘဲ သူမနားသို့ တိုးကပ်သွားပြီး မြောက်လေမတိုက်ခတ်စေရန် ကာပေးလိုက်သည်။

"ကျယ်ယွီ မုန်းတဲ့သူကို ကျွန်တော်လည်း မုန်းတယ်။ ဘာမှ မကြောက်ပါဘူး။ ကျယ်ယွီနောက်ကိုပဲ လိုက်မှာ။"

"ကျွန်မလည်း လိုက်မှာ။"

ဟွေယွဲ့လည်း ဝင်ပြောလိုက်သည်။

ယဲ့ယွင် သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး ပိုင်ရှု၏ ပခုံးကိုပုတ်ကာ ဟွေယွဲ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"နန်းတော်ထဲမှာ ပြိုင်ဘက်တစ်ယောက်တိုးတာ ဘာမှ မထူးခြားပါဘူး။ ငါ မျက်နှာသာရဖို့အတွက် တိုက်ပွဲတွေ ဆင်နွှဲရဦးမယ်။ ငါတို့ သခင်နဲ့ အစေခံတွေ စည်းလုံးနေသရွေ့ တစ်နေ့ကျရင် လက်စားချေနိုင်မှာပါ။"

သူတို့နှစ်ဦး ခေါင်းညိတ်လိုက်ကြသည်။

ယဲ့ယွင်သည် အလကား ပြောနေခြင်း မဟုတ်ပေ။

သူမသည် သဘောထားကြီးသူ မဟုတ်ပေ။ ကလဲ့စားမချေတတ်ဘူးလို့တော့ မပြောလိုပေမယ့် ဒီနေ့လို အရှက်ခွဲခံရတာကိုတော့ နှစ်ဆပြန်ပေးဆပ်စေရမယ်။

.....

မကြာမီ မင်ကျယ်ယွီ တော်ဝင်ဥယျာဉ်ထဲတွင် ဒူးထောက်အပြစ်ပေးခံရသည့်သတင်း ပျံ့နှံ့သွားသည်။

တချို့က ပွဲကြည့်ချင်ကြသော်လည်း မကြည့်ရဲကြပေ။

ယဲ့ယွင်သည် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ လူရိုက်ခြင်း၊ ရန်တွေ့ခြင်းများကို မကြာခဏ လုပ်လေ့ရှိသည်။ ဝမ်သယ့်ဖေးလောက် ရာထူးမကြီး၊ အာဏာမရှိလျှင် သွားမထိတာ အကောင်းဆုံးပင်။

ချီအန်းနန်းဆောင်တွင် ထိုက်ကွေ့ဖေးသည် ဆိုဖာပေါ်တွင် မှီထိုင်ရင်း ယောင်ရှန်း ဘုရားစာကူးရေးနေသည်ကို ကြည့်နေသည်။

အစေခံမလေးတစ်ဦး ဝင်လာပြီး နားနားကပ်၍ သတင်းပို့ကာ ပြန်ထွက်သွားသည်။

ထိုက်ကွေ့ဖေးက တော်ဝင်ဥယျာဉ်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

"ရှန်းအာ... မင်း ဘယ်လိုမြင်လဲ။"

ယောင်ရှန်း မျက်လုံးမှေးလိုက်ပြီး စုတ်တံကို ချလိုက်သည်။

"သူတို့နှစ်ယောက် ဘာလို့ ရန်ဖြစ်ကြလဲတော့ မသိပေမယ့် မဟာမိတ်မဖွဲ့ကြတာ ကောင်းပါတယ်။"

"ယဲ့မျိုးရိုးက မိသားစုနောက်ခံကောင်းပြီး မာနကြီးတယ်။ မျက်နှာသာလည်း ရနေတယ်။ ဝမ်သယ့်ဖေးကို အားကိုးစရာအကြောင်း မရှိပါဘူး။ ဝမ်သယ့်ဖေးက ကလေးမွေးပြီးကတည်းက ဦးနှောက်မရှိတော့သလိုပဲ။"

ထိုက်ကွေ့ဖေးက မထီမဲ့မြင် ရယ်မောလိုက်သည်။

"အဲဒါ ကောင်းတာပေါ့။ နန်းတော်ထဲမှာ ဉာဏ်ကောင်းတဲ့လူတွေ ပေါနေတာပဲ။"

ယောင်ရှန်း ပြုံးလိုက်သည်။

"ထားလိုက်ပါတော့။ သူတို့အကြောင်း မပြောနဲ့တော့။ လွန်ခဲ့တဲ့ကိစ္စကြောင့် မင်း နည်းနည်းထိခိုက်သွားတယ်။ အရှင်မင်းကြီးက မင်းကို သိပ်မချစ်ပေမယ့် အသက်ကယ်ခဲ့တဲ့ ကျေးဇူးကြောင့် သံယောဇဉ်ရှိနေပါသေးတယ်။ ဒီရက်ပိုင်း ဘာမှ မလုပ်ဘဲ ငြိမ်ငြိမ်နေလိုက်ပါ။ မိဖုရားခေါင်ကြီးတောင် ကိုယ်ဝန်ရှိနေပြီဆိုတော့ မင်းလည်း မျက်နှာသာပြန်ရအောင် ကြိုးစားပြီး ကိုယ်ဝန်ရအောင် လုပ်ရမယ်။ ဒါက အရေးကြီးဆုံးပဲ။"

ထိုက်ကွေ့ဖေးသည် တူမဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။

"ငါ မလုပ်နိုင်ခဲ့တာတွေကို မင်း ဆက်လုပ်ပေးရမယ်။ နန်ချီရဲ့ ထီးနန်းဆက်ခံသူထဲမှာ ယောင်မိသားစုသွေး ပါဝင်လာအောင် မင်း ကြိုးစားရမယ်။"

"အဒေါ် စိတ်ချပါ။ ကျွန်မ ကြိုးစားပါ့မယ်။"

ယောင်ရှန်း ကတိပေးလိုက်သည်။

ဒီတစ်ခေါက်တော့ ပေါ့ဆလို့ မဖြစ်တော့ဘူး။ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အသစ်က ပြန်စရမယ်။

......

မိဖုရားခေါင်ကြီးလည်း အခြေအနေ သိပ်မကောင်းလှပေ။

ပင်ပန်းလွန်း၍ ဖြစ်သည်။

ကျောက်ကျယ်ယွီ ကူညီပေးနေသော်လည်း အရေးကြီးကိစ္စများကို သူမကိုယ်တိုင် ဆုံးဖြတ်ရသဖြင့် စိတ်ပင်ပန်းရသည်။

မိဖုရားခေါင်ကြီးသည် သံသယများသူဖြစ်ပြီး အတွေးလွန်တတ်သည်။ အိပ်ရာထဲ လဲနေရသဖြင့် ကိုယ်ဝန်တည်ငြိမ်လာသော်လည်း စိတ်မချရသေးပေ။

လေးလကျော်နေပြီဖြစ်သော်လည်း ဗိုက်က ပူမလာဘဲ ကိုယ်ဝန်ဆောင်ထားသူနှင့် မတူပေ။

ဒီနေ့ တော်ဝင်ဥယျာဉ်ကိစ္စကို ကြားသော်လည်း ချက်ချင်း အရေးယူခြင်း မပြုပေ။

"မင်ကျယ်ယွီက ဝမ်သယ့်ဖေးထက် မယ်မယ့်ကို ပိုလေးစားပါတယ်။ မယ်မယ်က သူ့ဘက်ကနေ ရပ်တည်ပေးလိုက်ရင် ပိုကောင်းမှာပါ။”

တင်းမားမားက အကြံပြုလိုက်သည်။

မိဖုရားခေါင်ကြီး ခေါင်းယမ်းလိုက်သည်။

"ဝမ်သယ့်ဖေးက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် ယဲ့မျိုးရိုး တက်လာရင် တော်တော် ရှင်းရခက်လိမ့်မယ်။ အခု ဝမ်သယ့်ဖေးလက်ကိုငှားပြီး သူ့ကို ဖိနှိပ်ထားတာ ကောင်းပါတယ်။"

ယဲ့ယွင်ကို ကိုင်တွယ်ရခက်မှန်း သိလို့ ယိကျယ်ယွီကို မြှောက်စားပြီး ယှဉ်ပြိုင်ခိုင်းထားတာ။

ဝမ်သယ့်ဖေးက မိသားစုနောက်ခံ ညံ့တယ်။ သားရှိပေမယ့် ယဲ့မျိုးရိုးသာ သားမွေးလာရင် သူက ဘာမှမဟုတ်တော့ဘူး။

ယခုအချိန်တွင် ယိကျယ်ယွီတစ်ယောက်သာ သူမနှင့် ယှဉ်ပြိုင်နိုင်သည်။ ဝူမိသားစုကလည်း အင်အားကြီးသည်။

ယောင်ရှန်းကို ဘာလို့ မမြှောက်စားတာလဲဆိုတော့ ထိုက်ကွေ့ဖေး ရှိနေလို့ပါပဲ။ အရှင်မင်းကြီးက အာဏာကြီးတဲ့ မိသားစုတစ်ခုတည်းကနေ နန်းတွင်းအာဏာ နှစ်နေရာယူထားတာကို လက်ခံမှာ မဟုတ်ဘူး။

အထူးသဖြင့် ထိုက်ကွေ့ဖေးက ဖိန်ဝမ်ရဲ့ မယ်တော် ဖြစ်နေလို့ပါပဲ။

"မယ်မယ် ဆုံးဖြတ်ပြီးရင် ပြီးတာပါပဲ။ ဒါပေမယ့် ကိစ္စတစ်ခု ရှိပါသေးတယ်။ ကျောက်ကျယ်ယွီက မေးခိုင်းလိုက်လို့ပါ။"

"ဘာကိစ္စလဲ။"

"ကျောက်ကျယ်ယွီက မနေ့က ကျင်းလန်အဆောင်ကို သွားလည်တုန်း ယန်ဝမ်ရုန်က ရူယီအဆောင်ကို သွားပြီး ဒုတိယမင်းသားကို တွေ့ချင်တယ်လို့ ပြောပါတယ်။"

"မွေးပြီးမှ သံယောဇဉ်တိုးလာတာကိုး။ အရင်တုန်းကတော့ ဒီလောက် မချစ်ပါဘူး။"

မိဖုရားခေါင်ကြီး မျက်လွှာချလိုက်သည်။

တင်းမားမား ဘာမှဝင်မပြောရဲပေ။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီး သဘောတူလိုက်သည်။

"မနက်ဖြန် သွားတွေ့ခိုင်းလိုက်ပါ။ သားအမိသံယောဇဉ်ကို ဖြတ်တောက်လို့ မဖြစ်ဘူးလေ။"

ယန်ဝမ်ရုန်က အသုံးဝင်သေးတယ်။ အခု ကလေးမတွေ့ခိုင်းရင် မကျေမနပ်ဖြစ်ပြီး ပြဿနာရှာလာနိုင်တယ်။

ကလေးက ငယ်သေးတော့ နှစ်ခေါက်လောက် တွေ့ရုံနဲ့ သံယောဇဉ် မတွယ်နိုင်ပါဘူးလို့ အလွယ်လေးသာတွေးလိုက်သည်။

သို့သော် ဒီနေ့ဆုံးဖြတ်ချက်ကြောင့် ပြဿနာတက်လာလိမ့်မယ်လို့ မိဖုရားခေါင်ကြီး မထင်ထားခဲ့ပေ။

ဒါကသေချာပေါက်နောက်ပိုင်း ဖြစ်လာမဲ့ကိစ္စတွေပါ။

......

ယွီရှို့အဆောင်တွင် ယဲ့ယွင် ပြန်ရောက်သောအခါ ရှန်ဖိန်ကျစ် ရောက်နေသည်။

သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် စာတစ်စောင် ပေးလိုက်သည်။

"ဒါက သခင်လေးချူ ပေးခိုင်းလိုက်တာပါ။ တောင်ဘက်က လာတာပါ။ သူက နန်းတော်ထဲကို တိုက်ရိုက်ပေးလို့မရလို့ ကျွန်တော်မျိုးကတဆင့် ပေးခိုင်းလိုက်တာပါ။"

ရှန်မိသားစုနှင့် ချူမိသားစုသည် ရင်းနှီးကြသဖြင့် စာပေးစာယူ လုပ်ခြင်းသည် ထူးဆန်းသောကိစ္စ မဟုတ်ပေ။

တောင်ဘက်ကလာတယ်ဆိုတော့ ချူယွမ်ဟွိုက်ဆီက ဖြစ်မှာပါ။

ယဲ့ယွင် ချက်ချင်းမဖတ်သေးဘဲ အခြားကိစ္စတစ်ခု မေးလိုက်သည်။

"ကျွန်မ အသက် ၁၈ နှစ် ရှိပါပြီ။ အခု ကိုယ်ဝန်ဆောင်ဖို့ သင့်တော်ပြီလား။"

"ကျွန်တော်မျိုး အမြင်အရတော့ နည်းနည်းစောနေပါသေးတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ မလိုလားရင်တော့ နောက်နှစ်လောက်မှ စဉ်းစားတာ ပိုကောင်းပါလိမ့်မယ်။"

ရှန်ဖိန်ကျစ်က အမှန်အတိုင်း ဖြေလိုက်သည်။

ယဲ့ယွင် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဆေးဆက်သောက်ထားလိုက်မယ်။”

"စိတ်ချပါ၊ အချိန်မှန် လာပို့ပေးပါ့မယ်။"

.....

ရှန်ဖိန်ကျစ် ပြန်သွားပြီးနောက် နန်ကျစ်က မေးလိုက်သည်။

"ကျယ်ယွီက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတာလား။ ဟုတ်တယ်လေ... ယိရှိုးရုန်တောင် မွေးခါနီးပြီ။ မွေးပြီးရင် ရှိုးယွမ် ဖြစ်တော့မယ်။ ကျယ်ယွီက သူ့ထက် မညံ့ပါဘူး။ ကလေးမရှိသေးလို့သာ။"

"အလျင်လိုစရာ မလိုပါဘူး။ အခု မွေးရင်တော့ သူ့ကို မီနိုင်ပေမယ့် ကျန်းမာရေးထိခိုက်သွားရင် မတန်ဘူးလေ။"

ယဲ့ယွင် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

ဒီနေ့ ဒီမေးခွန်းမေးရခြင်းမှာ ဒေါသထွက်နေ၍ ဖြစ်သည်။

ရာထူးမြန်မြန်တက်ပြီး လက်စားချေချင်ရင် မျက်နှာသာရရုံနဲ့ မလုံလောက်ဘူး။ ကလေးမွေးတာ၊ ဒါမှမဟုတ် ကိုယ်တိုင် (သို့) မိသားစုက တိုင်းပြည်အတွက်အကျိူးတစ်ခုခုလုပ်ပေးဖို့ လိုအပ်တယ်။

မျက်နှာသာရရုံနဲ့ ကျိုဖင်အဆင့် ရောက်ဖို့ မလွယ်ဘူး။ တိုင်းပြည်အတွက်ကတော့ထားလိုက်တော့ အခွင့်အရေး ရခဲတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တာက အမြန်ဆုံး နည်းလမ်းပဲ။

ဒါပေမယ့် ရှန်ဖိန်ကျစ် ပြောသလိုပဲ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ စောလွန်းနေသေးတယ်။ ဒါကိုသူမကိုယ်တိုင်လည်း သိပါတယ်။

ဒါကြောင့် ဒီအစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားလိုက်ရတော့သည်။

ဘယ်လောက်ပဲ ဒေါသထွက်ထွက် တော်လှန်ရေး အရင်းအနှီးဖြစ်တဲ့ ကျန်းမာရေးကိုတော့ အထိအခိုက်ခံမှာတော့မဟုတ်ဘူး။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -176

အခန်း ၁၇၆ ။ မရှောင်လွှဲနိုင်ခြင်း

ယဲ့ယွင် စိတ်ရှုပ်ထွေးမှုများကို ဖယ်ရှားပြီး ချူယွမ်ဟွိုက်၏ စာကို ဖွင့်ဖတ်လိုက်သည်။

စာထဲတွင် အလွန်နက်နဲစွာ ရေးသားထားသည်။

"တောင်ဘက်ကို လှည့်လည်တဲ့ ခရီးစဉ်မှာ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ ကြုံတွေ့ရပါတယ်။ တောင်ဘက်ဒေသ ရှုခင်းတွေက သာယာလှပသလို ဧည့်ဝတ်ကျေပွန်ကြတယ်။ လမ်းခုလတ်တစ်နေရာမှာ မိတ်ဆွေတစ်ဦးက အလွန်ရှားပါးလှပတဲ့ ပန်းတစ်ပွင့်ကို လက်ဆောင်ရလိုက်ပါတယ်။ တကယ့်ကို အားကျစရာပါပဲ။ ကျွန်တော်က လန်ကျိုးမှာ တာဝန်ကျနေလို့ မြို့တော်ကို ပြန်လာနိုင်မှာ မဟုတ်ပါဘူး။ အကယ်၍ ကျယ်ယွီက ပန်းကို သဘောကျတယ်ဆိုရင် ကျွန်တော် လူလွှတ်ပြီး ရှာဖွေပေးပါ့မယ်။"

ယဲ့ယွင် ဖတ်ပြီးသည်နှင့် ပြုံးလိုက်သည်။

ဒါက ပန်းပို့ပေးမယ်လို့ ပြောတာမှ မဟုတ်တာ။ အရှင်မင်းကြီးက တောင်ဘက်ကို လှည့်လည်ရင်း အလွန်လှပသော တောင်ပိုင်းသူလေးတစ်ဦးကို ရရှိလိုက်ပြီလို့ သတင်းပေးတာပဲ။

(T/N - ယဲ့ယွင်ပြောမှ နှစ်ခါပြန်ဖတ်မှစကားဝှက်ကို သဘောပေါက်သောမိမိ🤣

“အ” လိုက်တဲ့ကျွန်မ တကယ်ကြီးပန်းပေးမယ်ထင်နေတာ အူတက်🤣)

"ကြည့်ရတာ နောက်နှစ်အထိ စောင့်စရာမလိုတော့ဘူး။ အရှင်မင်းကြီး ပြန်လာတာနဲ့ နန်းတော်ထဲမှာ ပွဲစည်တော့မယ်။"

အစေခံမလေးများ နားမလည်နိုင် ဖြစ်နေကြသည်။

ယဲ့ယွင်က စာကို ခေါက်လိုက်ပြီး ဟွေယွဲ့ကို ပေးလိုက်သည်။

"မီးရှို့ပစ်လိုက်။"

နက်နဲစွာ ရေးထားသော်လည်း ဧကရာဇ်၏ သွားလာလှုပ်ရှားမှုကို ထုတ်ဖော်ပြောဆိုခြင်းသည် စည်းကမ်းနှင့် မညီပေ။

ဟွေယွဲ့ ဘာမှမမေးဘဲ တိတ်တဆိတ် လုပ်ဆောင်လိုက်သည်။

အစေခံတွေက အများကြီး သိစရာမလိုပါဘူး။

ထင်သည့်အတိုင်းပင် တောင်ပိုင်းဒေသက အလှမယ်တွေ ထွက်တဲ့နေရာဆိုတော့ လှည့်လည်သွားလာရင် တစ်ယောက်နှစ်ယောက်လောက်တော့ ပါလာစမြဲပဲ။

နင်ချန်ကို တောင်ဘက်လွှတ်လိုက်တာ မှားသွားသလားလို့ တွေးမိပေမယ့် ရှောင်လွှဲလို့မရတာတွေက ရှောင်လွှဲလို့မရပါဘူးလေ။

တော်ဝင်ဥယျာဉ်ထဲမှာ တစ်နာရီလောက် ဒူးထောက်လိုက်ရတော့ ခြေထောက်တွေ နာကျင်နေပြီ။

ဒါကြောင့် ဆက်မတွေးတော့ဘဲ ရေနွေးစပ်ခိုင်းပြီး အအေးမိမသွားအောင် ရေချိုးကာ အဝတ်အစားလဲလိုက်သည်။

ဒီနေ့ ကံဆိုးမိုးမှောင်ကျတဲ့နေ့ပဲ။ အပြင်ထွက်တာနဲ့ ပြဿနာတက်တယ်။

နောက်ဆို အပြင်သိပ်မထွက်တာ ကောင်းမယ်။

....

ထိုအချိန်တွင် ယောင်ရှန်းသည် ချီအန်းနန်းဆောင်မှ ထွက်လာပြီး ဝေ့ရွယ်ဆောင်သို့ ဝေါယာဉ်စီးပြန်လာနေသည်။

ပန်းခြံတစ်ခုကို ဖြတ်သွားစဉ် ညှိုးနွမ်းနေသော သစ်ကိုင်းခြောက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။

နောက်မှလိုက်လာသော ကျီကျူးက နှုတ်ခမ်းတွန့်လိုက်သည်။

"ပန်းဥယျာဉ်ဌာနက လူတွေ ပျင်းရိနေကြတာပဲ။ ဒီလိုအရာတွေကိုတောင် အပြင်မှာ ထားရဲကြတယ်။"

"ကျွန်မ ကြားတာတော့ မနှစ်က နန်းတွင်းအပျိုတော်တွေ၊ မိန်းမစိုးတွေကို တစ်သုတ်လွှတ်လိုက်လို့ နေရာတိုင်းမှာ လူမလောက်ဖြစ်နေတယ်တဲ့။ အဲဒါကြောင့် မရှင်းလင်းနိုင်တာ ဖြစ်မယ်။ ဒါပေမယ့် လာမယ့် ၆ လပိုင်းကျရင် လူသစ်တွေ ထပ်ရောက်လာတော့မှာပါ။"

ဒုတိယတန်းစား အစေခံ ဟယ်အာက အနောက်မှ တိုးတိုးလေး ဝင်ပြောလိုက်သည်။

ကျီကျူး သူမကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နင်က တော်တော် သိနေပါလား။"

"ကျွန်မ ပါးစပ်သရမ်းမိသွားပါတယ်။"

ဟယ်အာ လန့်သွားပြီး ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

သို့သော် သူမ၏ စကားများသည် ယောင်ရှန်းကို အတွေးတစ်ခု ဝင်သွားစေသည်။

ယခင်ဘဝက လန်ကျိုးနှင်းဘေးအပြီး ဝင်ရောက်လာသော လူသစ်များထဲတွင် နောင်တစ်ချိန် ထင်ပေါ်ကျော်ကြားလာသူ တစ်ဦး ပါဝင်သည်။

မျက်လုံးမှေးလိုက်ပြီး ပြောလိုက်သည်။

"ခေါင်းမော့လိုက်စမ်း။ ငါ ကြည့်ရအောင်။"

ဟယ်အာ ပြန်ထူးပြီး သတ္တိမွေးကာ မေးကို အနည်းငယ် မော့လိုက်သည်။

ယောင်ရှန်း သေချာကြည့်လိုက်သည်။ ဟုတ်ပါပြီ။ ယခင်ဘဝတုန်းကလည်း သူမနောက်လိုက် လုပ်ခဲ့ဖူးသူ ဖြစ်သည်။ အလုပ်အတော်အတန် လုပ်တတ်သည်။ ယခု သူမဘေးတွင် ချီဝမ်နေရာ လွတ်နေသဖြင့် အစားထိုးရန် စဉ်းစားလိုက်သည်။

"နင်... ဒီနေ့ကစပြီး နာမည်ကို နျန်ဝမ် (Nian Wen) လို့ ပြောင်းလိုက်။ ကျီကျူးဆီက သေချာသင်ယူ။ နင် တော်တယ်ဆိုရင် နောက်ကျရင် ပထမတန်းစား အစေခံနေရာ နင့်အတွက်ပဲ။"

ထိုစကားကြားသောအခါ အစေခံမလေး ဝမ်းသာသွားပြီး ဒူးထောက်ဦးခိုက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှိုးယွမ်။ ရှိုးယွမ် မျှော်လင့်ထားသလို သစ္စာရှိရှိ အလုပ်ကြိုးစားပါ့မယ်။"

အဆောင်သို့ ပြန်ရောက်သောအခါ ယောင်ရှန်းသည် အစေခံများကို ထွက်သွားခိုင်းလိုက်ပြီး ကျီကျူးတစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။

ကျီကျူးက သူမ စကားပြောချင်သည်ဟု ထင်မှတ်ပြီး ပြတင်းပေါက်များကို သေချာပိတ်လိုက်သည်။

သို့သော် ယောင်ရှန်းက မျှော်လင့်မထားသော စကားများကို ပြောလိုက်သည်။

"နင်နဲ့ ချီဝမ်က ငါ့စိတ်ကို သိကြတော့ နည်းနည်း မာနကြီးတတ်ကြတာ ငါသိတယ်။ ဒါပေမယ့် အခု ငါတို့အခြေအနေ မကောင်းတော့ ငါ့ဘေးမှာ နင်တစ်ယောက်တည်း ရှိနေတာ မလုံလောက်ဘူး။ နျန်ဝမ်က အရည်အချင်းရှိတယ်။ သူ့ကို သေချာသင်ပေးလိုက်။ ဒုတိယတန်းစား၊ တတိယတန်းစားတွေထဲက နင်သဘောကျတဲ့သူ နှစ်ယောက်လောက် ထပ်ရွေးပြီး မွေးထုတ်ပေးလိုက်။"

"ရှိုးယွမ် အထင်လွဲနေပါပြီ။ နျန်ဝမ်က ပန်းဥယျာဉ်ဌာနကလူတွေဘက်က ဝင်ပြောပေးလို့ မကြိုက်တာပါ။ သူ့ကို မကြိုက်တာ မဟုတ်ပါဘူး။ ကျွန်မ ရှိုးယွမ်စကား နားထောင်ပြီး လူတွေကို သေချာမွေးထုတ်ပေးပါ့မယ်။"

ကျီကျူး အမြန်ရှင်းပြလိုက်သည်။

ယောင်ရှန်း ခေါင်းညိတ်လိုက်ပြီး သူမကို အနားဆွဲခေါ်ကာ နားနားကပ်၍ တိုးတိုးလေး မှာလိုက်သည်။

ကျီကျူး နားထောင်ရင်း မျက်မှောင်ကြုတ်သွားသည်။

"ဒီကိစ္စက လုပ်ရခက်တယ်။ ဒါပေမယ့် ဒီလူကို မရရအောင် ရှာပေးရမယ်။ နောင်ကျရင် အသုံးဝင်လိမ့်မယ်။"

"အမိန့်အတိုင်းပါ၊ ကျွန်မ ရအောင် စုံစမ်းပေးပါ့မယ်။"

ကျီကျူး ပြန်ဖြေလိုက်သည်။

ထို့နောက် ယောင်ရှန်းက သူမကိုပါ ထွက်ခွာခွင့်ပြုလိုက်သည်။

အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်မှ မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။

လောလောဆယ် ဘာမှလုပ်လို့မရသေးပေမယ့် ရေရှည်စီမံကိန်းတော့ ချထားလို့ရပါတယ်။

ကမ္ဘာကြီးက ပြောင်းလဲမှုတွေ များပြားပေမယ့် သူမကတော့ အခွင့်အရေး အနည်းငယ် ရရှိထားဆဲ ဖြစ်သည်။

.....

အမှောင်ထဲမှ လှုပ်ရှားမှုများကို လူနည်းစုသာ သိရှိကြသည်။ ကျင်းလန်အဆောင်မှ ယန်ဝမ်ရုန်သည် ပြင်ပပဋိပက္ခများကို လုံးဝ စိတ်မဝင်စားပေ။

ယခုအချိန်တွင် သူမသည် ကလေးကိုသာ တွေ့ချင်နေသည်။

ဒုတိယမင်းသားလေးသည် ကျန်းမာသန်စွမ်းပေသော်လည်း တစ်လပြည့်ပြီးသည်နှင့် ရူယီအဆောင်သို့ ပို့လိုက်ရသည်။ သူမက သတ္တိနည်းသဖြင့် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးကို ကလေးသွားတွေ့ခွင့် မတောင်းရဲပေ။ ကျောက်ကျယ်ယွီက ဝင်ပြောပေးမှသာ အခွင့်အရေး ရလိုက်ခြင်း ဖြစ်သည်။

ကလေးကို တစ်ချက်လောက် တွေ့ခွင့်ရတာနဲ့တင် သူမ ပျော်ရွှင်နေပါပြီ။

ကိုယ်ဝန်ဆောင်စဉ်တုန်းကတော့ မွေးပြီးတာနဲ့ လွတ်လပ်ပြီလို့ တွေးခဲ့ပေမယ့် တကယ်မွေးလာတော့ သံယောဇဉ်ဖြတ်လို့ မရတော့ဘူး။

မိဖုရားခေါင်ကြီးလည်း ကျန်းမာတဲ့ မင်းသားလေး မွေးဖွားပါစေလို့ ဆုတောင်းမိတယ်။ ဒါမှ သူမကလေးကို လုမယူတော့မှာ။

စိတ်ထဲတွင် ဆုတောင်းရင်း လက်ထဲမှ အလုပ်ကိုလည်း မရပ်တန့်ခဲ့ပေ။

ဒီရက်ပိုင်း ဒုတိယမင်းသားလေးအတွက် အဝတ်အစားများချုပ်နေခဲ့သည်။ ကလေးလေး ဝတ်ထားတာ မြင်ရရင် ပိုပျော်စရာကောင်းမှာပဲ။

နောက်တစ်နေ့ နံနက်တွင် အနီးကပ်အစေခံမလေးကို ခေါ်ပြီး ရူယီအဆောင်သို့ သွားရောက်ခဲ့သည်။

ရူယီအဆောင်သည် အဆောင်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် ကျယ်ဝန်းသော နန်းဆောင်အစုအဝေး ဖြစ်သည်။ အတွင်းထဲတွင် သီးခြားခြံဝင်းငယ်လေးများ ခွဲခြားထားပြီး အရှေ့နှင့် အနောက်ဟူ၍ ခွဲခြားထားသည်။

အရှေ့ဘက် ခြံဝင်း ၉ ခုသည် မင်းသားများအတွက် ဖြစ်ပြီး အနောက်ဘက် ခြံဝင်း ၆ ခုသည် မင်းသမီးများအတွက် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဒုတိယမင်းသားတစ်ပါးတည်းသာ နေထိုင်သဖြင့် တိတ်ဆိတ်နေသည်။

ယန်ဝမ်ရုန် ကလေးသွားကြည့်လေသည်။

စည်းမျဉ်းအရ နို့ထိန်း ၄ ယောက်၊ အစေခံကြီး ၄ ယောက်၊ အစေခံလေး ၆ ယောက်နှင့် မိန်းမစိုးလေး ၄ ယောက် ထားရှိပေးထားသည်။ မိဖုရားခေါင်ကြီးက သေချာစီစဉ်ပေးထားတာဖြစ်လို့ ဘယ်သူမှ ပေါ့ပေါ့ဆဆ မလုပ်ရဲကြပေ။

ရောက်သွားသောအခါ ဒုတိယမင်းသားလေး နို့စို့ပြီးစ အချိန်ဖြစ်၍ လန်းဆန်းနေသည်။

ယန်ဝမ်ရုန်က မကျွမ်းမကျင် ပွေ့ချီလိုက်ရာ ကလေးက ရုတ်တရက် ငိုချလိုက်သဖြင့် ပြာသွားလေသည်။

နို့ထိန်းက ကလေးကို အမြန်ပြန်ယူလိုက်သည်။

"ဝမ်ရုန် စိတ်မရှိပါနဲ့။ မင်းသားလေးက ဝမ်ရုန်နဲ့ မတွေ့ရတာကြာတော့ စိမ်းနေလို့ပါ။ နောက်ကျရင် ခဏခဏ လာတွေ့ပေးပါနော်။"

"ရှင် ဘာစကားပြောတာလဲ။ ဒုတိယမင်းသားလေးက ဝမ်ရုန်ရဲ့ သားအရင်းပါနော်။"

အနီးကပ်အစေခံ ရှီးချောင်က ဒေါသတကြီး ပြောလိုက်သည်။

ယန်ဝမ်ရုန် သူမကို တားလိုက်သည်။

"မားမား... ဒီကောင်မလေး ပြောတာ နားမထောင်ပါနဲ့။ ကလေးဆိုတာ လူစိမ်းကြောက်တတ်တာ သဘာဝပါပဲ။ မွေးကတည်းက ကျွန်မနဲ့ အတူမနေရတော့ မရင်းနှီးတာ မဆန်းပါဘူး။ နောက်ကျရင် ကျွန်မ မကြာခဏ လာတွေ့ပါ့မယ်။"

ကလေးကို ဒီမှာထားရတာဆိုတော့ အစေခံတွေ ဂရုမစိုက်မှာ စိုးရိမ်ရတယ်။ ယန်ဝမ်ရုန်က ဘယ်သူ့ကိုမှ မပြစ်မှားရဲဘူး။

ကံကောင်းတာက မိဖုရားခေါင်ကြီး ရှိနေလို့ သူတို့ ပေါ့ဆရဲမှာ မဟုတ်ပါဘူး။

ရူယီအဆောင်တွင် နှစ်နာရီနီးပါး နေခဲ့ပြီး ကလေးအိပ်ပျော်သွားသည်ကို ကြည့်ကာ အချိန်အကြာကြီး ထိုင်နေပြီးမှ ယန်ဝမ်ရုန် ပြန်လာခဲ့သည်။

စောစောက အဖြစ်အပျက်များကို ပြန်စဉ်းစားရင်း စိတ်မကောင်း ဖြစ်နေမိသည်။

ရှီးချောင်က သတိထားမိပြီး တိုးတိုးလေး နှစ်သိမ့်လိုက်သည်။

"နန်းတော်ထဲမှာ ပန်းသီးရိုင်းပွင့်တွေ ပွင့်နေပြီလို့ ကြားတယ်။ အရမ်းလှတယ်တဲ့။ မိဖုရားခေါင်ကြီးက အိပ်ရာထဲက မထနိုင်ဘူးဆိုတော့ ဝမ်ရုန်က နည်းနည်းလောက် ခူးသွားပေးလိုက်ရင် စိတ်ကျေနပ်သွားမလား။"

***

All Chapters