အခန်း (၁၇၉-၁၈၀)
Vol. 12 Ch. 179-180
အခန်း ၁၇၉ ။ ကိုယ်ဝန်ထိန်းခြင်း
ဖုန်းရှီးနန်းဆောင်။
မိဖုရားခေါင်ကြီး ပြန်ရောက်သည်နှင့် သမားတော်က ချက်ချင်း အပ်စိုက်ကုသပေးပြီး ကိုယ်ဝန်ထိန်းဆေး တစ်ခွက် တိုက်ကျွေးလိုက်သည်။
ထိုနည်းလမ်းနှစ်ခုလုံးကို အသုံးပြုပြီး တစ်နာရီခန့်ကြာမှ မျက်နှာတွင် သွေးရောင် ပြန်ပေါ်လာသည်။
နန်းတွင်းသမားတော်အကြီးအကဲ သမားတော်ကြီးကျန်း သည် တစ်ဖဝါးမှ မခွာရဲဘဲ ဘေးခန်းတွင် ထိုင်စောင့်နေသည်။ နာရီဝက်တစ်ခါ ဝင်ကြည့်ပေးရပြီး စိတ်ထဲတွင်လည်း အလွန်စိုးရိမ်နေသည်။
မိဖုရားခေါင်ကြီး၏ ကိုယ်ဝန်ကို ထိန်းသိမ်းရန် အလွန်ခက်ခဲသည်။
ပထမဆုံးအနေဖြင့် ကိုယ်ဝန်ရသည့်အချိန် မကိုက်ညီခြင်း ဖြစ်သည်။ ညဉ့်နက်သည်အထိ ပြုစုစောင့်ရှောက်ရင်း ကိုယ်ဝန်ရသွားသဖြင့် အစကတည်းက သွေးဆင်းဖူးသည်။ နည်းနည်း သက်သာလာသည်နှင့် နှစ်သစ်ကူးပွဲတော်အတွက် အလုပ်များပြီး ပင်ပန်းသွားပြန်သည်။ ထို့နောက် ဘိုးဘေးကန်တော့ပွဲတွင် ဒူးထောက်ရခြင်း၊ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဧည့်ခံရခြင်းများသည် အလွန်အန္တရာယ်များသော အပြုအမူများ ဖြစ်သည်။
မိဖုရားခေါင်ကြီး မကြာသေးမီက သွေးဆင်းဖူးသည်မှာ ကိုယ်ဝန်ပျက်ကျလုနီးပါး ဖြစ်ခဲ့သည်။
အခုမှ နားနေတာ ၁၅ ရက်လောက်ပဲ ရှိသေးတာကို ထပ်ပြီး လှုပ်ရှားပြန်ပြီ။
သမားတော်ကြီးကျန်း သက်ပြင်းချလိုက်မိသည်။ ဒီအတိုင်းသာ ဆက်သွားရင် ကိုယ်ဝန်မပျက်ကျရင်တောင် မွေးလာတဲ့ကလေးက ကျန်းမာရေးမကောင်းဘဲ အားနည်းနေလိမ့်မယ်။
"သမားတော်ကြီး... မယ်မယ်က ခေါ်ခိုင်းလိုက်လို့ပါ။"
စုအာ ထွက်လာပြီး ခေါ်လိုက်သည်။
မကြာမီ သမားတော်ကြီးကျန်းသည် ဆေးသေတ္တာကိုဆွဲပြီး ခန်းမထဲသို့ ဝင်သွားသည်။
ယခုအချိန်တွင် ကျောက်ကျယ်ယွီလည်း ရှိနေသည်။
စောစောက သူမ ဆေးတိုက်ကျွေးထားခြင်း ဖြစ်သည်။
"သမားတော်ကြီး ထိုင်ပါ။ ပန်ကုန်း အမှန်အတိုင်း သိချင်တယ်။ ဒီကိုယ်ဝန်ကို ဆက်ထိန်းထားနိုင်ပါ့မလား။"
မိဖုရားခေါင်ကြီး တည့်တိုးပင် မေးလိုက်သည်။
ကိုယ်ဝန်ရကတည်းက နေမကောင်းဖြစ်နေပြီး စိတ်မအေးရသဖြင့် စိတ်ချရသော အဖြေတစ်ခု လိုချင်နေသည်။
သမားတော်ကြီးကျန်း လက်အုပ်ချီလိုက်သည်။
"မယ်မယ်က ဒီလိုမေးလာမှတော့ ကိုယ်ဝန်အခြေအနေ အားနည်းနေမှန်း ရိပ်မိလို့ နေမှာပါ။ ဒါပေမယ့် မယ်မယ် စိတ်အေးအေးထားပြီး ကောင်းကောင်း အနားယူမယ်၊ မပင်ပန်းစေရဘူးဆိုရင် ကျွန်တော်မျိုးရဲ့ ဆေးပညာနဲ့ဆိုရင် ဒီကိုယ်ဝန်ကို ထိန်းထားနိုင်ပါသေးတယ်။"
မိဖုရားခေါင်ကြီးက ငယ်ရွယ်သေးသလို နှစ်ပေါင်းများစွာ ခန္ဓာကိုယ်အားဖြည့်ဆေးများ သောက်သုံးခဲ့သူ ဖြစ်သည်။
အမှန်တကယ်တွင် မိဖုရားခေါင်ကြီး၏ ခန္ဓာကိုယ်အခြေအနေ ကောင်းမွန်ခဲ့၍သာ ယခုထိ ကိုယ်ဝန်မပျက်ကျသေးခြင်း ဖြစ်သည်။
"သမားတော်ကြီးဆီက ဒီစကားကြားရတော့မှ စိတ်အေးသွားတော့တယ်။"
မိဖုရားခေါင်ကြီး လက်နှစ်ဖက်ကို ယှက်ပြီး ဗိုက်ပေါ်တင်ကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"တင်းမားမား... ခဏနေရင် ယီမေအဆောင်ကို သွားလိုက်။ ပန်ကုန်း ကိုင်တွယ်နေတဲ့ကိစ္စတွေကို ဝမ်ရှိုးယွမ်ဆီ လွှဲပေးလိုက်မယ်။"
မည်သို့ပင်ဆိုစေ ဝမ်သယ့်ဖေးလက်ထဲတော့ ပြန်ထည့်ပေးမှာ မဟုတ်ဘူး။
ဟိုတုန်းက ဝမ်သယ့်ဖေးကို သားတော်ကြီး ပြုစုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာပြန်သိမ်းခဲ့တာဆိုတော့ အခု ပြန်ပေးဖို့ မသင့်တော်ဘူး။
ဝမ်ရှိုးယွမ်ကလည်း အိမ်ရှေ့စံဘဝကတည်းက ပါလာသူဖြစ်ပြီး ဒုတိယမင်းသမီးကို မွေးဖွားထားသူဆိုတော့ ရာထူးရော၊ လုပ်သက်ရော လုံလောက်ပါတယ်။
လောလောဆယ် ဒီကိုယ်ဝန်ကို ထိန်းသိမ်းချင်ရင် တခြားအရာတချို့ကို စွန့်လွှတ်ရမှာပဲ။
ဤဆုံးဖြတ်ချက်ကြောင့် သမားတော်ကြီး စိတ်သက်သာရာ ရသွားပြီး ကိုယ်ဝန်ထိန်းဆေး ဆေးနည်းတစ်စောင် ချန်ထားခဲ့ကာ အခြားအရာများကို မှာကြားပြီးနောက် ထွက်ခွာသွားလေသည်။
သို့သော် ယခုအချိန်တွင် မိဖုရားခေါင်ကြီး နား၍မရသေးပေ။ ယန်ဝမ်ရုန်သေဆုံးမှုအကြောင်း အရှင်မင်းကြီးထံ စာရေးပြီး အကြောင်းကြားရဦးမည်။
ဒုတိယမင်းသားကို မွေးဖွားပေးခဲ့သူ ဖြစ်သဖြင့် ဒီလို ရုတ်တရက် သေဆုံးသွားတာကို အရှင်မင်းကြီးကို အသိမပေးပဲ နေလို့မဖြစ်ပေ။
"မယ်မယ်... ဒီကိစ္စကို ဆက်မစစ်ဆေးတော့ဘူးလား။"
စုချင်က မင်သွေးပေးရင်း သတိထား မေးလိုက်သည်။
မိဖုရားခေါင်ကြီး သက်ပြင်းချလိုက်ပြီး နဖူးကို နှိပ်နယ်လိုက်သည်။ မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။
"ပန်ကုန်း ထပ်ပြီး စိတ်မပင်ပန်းရဲတော့ဘူး။ ဒီကိစ္စကို နင်နဲ့ စုအာ တိတ်တိတ်လေး ဆက်စုံစမ်းလိုက်။ အပြင်ပန်းမှာတော့ မတော်တဆမှုလို့ သတ်မှတ်လိုက်တော့။"
တကယ်လို့ နောက်ကွယ်မှာ လက်သည်တရားခံ ရှိနေရင်တောင် ဒီလိုသတ်မှတ်လိုက်ရင် သူတို့ သတိလက်လွတ် ဖြစ်သွားပြီး သဲလွန်စတွေ ပေါ်လာနိုင်တယ်။
စာရေးပြီးသည်နှင့် အမြန်မြင်းဖြင့် ပို့ဆောင်ခိုင်းလိုက်သည်။
နင်ချန်လက်ထဲရောက်ဖို့ အနည်းဆုံး ၆ ရက် ကြာလိမ့်မည်။
.....
ထိုအချိန်တွင် နင်ချန်သည် ကျန်းကျိုးမှ ထွက်ခွာပြီး ဟူကျိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဟူကျိုးအုပ်ချုပ်ရေးမှူးက စားပွဲသောက်ပွဲဖြင့် ဧည့်ခံသည်။ ထိုနေရာတွင် ယခင်
ဧကရာဇ်၏ နန်းတော်ဟောင်းရှိသဖြင့် နင်
ချန်နှင့်အဖွဲ့ကိုတည်းခိုရန် ပြင်ဆင်ပေးထားသည်။
ညစာစားပွဲတွင် နင်ချန် ဝိုင်အတော်များများ သောက်ခဲ့သဖြင့် မူးနေသည်။
ယွမ်ကျိုက သူ့ကို အခန်းထဲသို့ တွဲပို့ပေးသည်။
"အရှင်မင်းကြီး ခဏထိုင်ပါဦး။ ရေနွေး ပြင်ဆင်ခိုင်းထားပါတယ်။ ရေချိုးပြီးရင် ကောင်းကောင်း အိပ်လိုက်ပါ။ မနက်ဖြန် စောစောထစရာ မလိုပါဘူး။"
နင်ချန် ခေါင်းညိတ်လိုက်သည်။
"အမူးပြေဟင်းရည်တစ်ခွက် လုပ်ခိုင်းလိုက်ဦး။ ဒီည ကျန်း ဝိုင်သောက်တာ များသွားလို့ ဗိုက်ထဲမှာ မအီမသာ ဖြစ်နေတယ်။"
ဒီတောင်ဘက်ပိုင်းက အရာရှိတွေက ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ဝိုင်သောက်တာ တော်တော်နိုင်ကြတယ်။ ပြီးတော့လည်းအရမ်းပါးနပ်ကြတယ်။ ဝိုင်သောက်ဖို့ တိုက်တွန်းတဲ့ စကားလုံးတွေက ကောင်းလွန်းလို့ တကယ်မငြင်းသာအောင် ဖြစ်ရတယ်။
သူက လုံးဝမူးသွားတာ မဟုတ်ပေမယ့် ဖိန်
ဝမ်ကတော့ မှောက်သွားလို့လူတောင်ထမ်းခေါ်ရတဲ့အထိပဲ။
"ဒါဆို အရှင်မင်းကြီး စောင့်နေပါ၊ ကျွန်တော်မျိုး အခုပဲ သွားယူလိုက်ပါ့မယ်။"
ယွမ်ကျိုက သူ့ကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး ထွက်သွားလိုက်သည်။
ပါးစပ်ထဲ ဝင်မယ့်အရာဆိုတော့ သူကိုယ်တိုင် စားဖိုဆောင်မှာ သွားစောင့်ကြည့်မှ စိတ်ချရမယ်။
သူထွက်သွားပြီး လက်ဖက်ရည်တစ်အိုးစာ မကြာမီ နင်ချန်၏ အခန်းတံခါး ခေါက်သံ ကြားလိုက်ရသည်။
တံခါးစောင့်နေသော ဒုတိယတန်းစား မိန်းမစိုးလေးက တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး... အမူးပြေဟင်းရည် ရောက်ပါပြီ။"
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလောက်မြန်မယ် မထင်ထားဘူး။ ဒါပေမယ့် ဟူကျိုးအုပ်ချုပ်ရေးမှူး စီစဉ်လိုက်တာ ဖြစ်မယ်လို့ တွေးပြီး ခွင့်ပြုလိုက်သည်။
"ယူခဲ့လိုက်။"
တံခါးပွင့်သွားပြီး ပန်းရောင် ဖိနပ်တစ်ဖက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
မြူမှုန်လို ပါးလွှာသော ဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ဦးသည် သစ်သားလင်ဗန်းပေါ်တွင် ကျောက်စိမ်းပန်းကန်လုံးဖြင့် ထည့်ထားသော ဟင်းရည်ကို ကိုင်ဆောင်လျက် ဝင်ရောက်လာသည်။
၃ လပိုင်းတွင် ညလေညင်းများ တိုက်ခတ်နေဆဲ ဖြစ်သည်။ အခန်းထဲ ဝင်လာသည်နှင့် လေတိုက်ခတ်မှုကြောင့် ဂါဝန်ပါးလေး လှုပ်ရှားသွားပြီး မိန်းကလေး၏ ကောက်ကြောင်းအလှကို ပေါ်လွင်စေသလို မွှေးပျံ့သော ရနံ့များလည်း ပါဝင်လာသည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
မိန်းကလေး၏ အသံသည် နူးညံ့ပြီး တောင်ဘက်ပိုင်းသူများ၏ ထူးခြားသော လေယူလေသိမ်းဖြင့် နားထောင်လို့ ကောင်းနေသည်။
နင်ချန် မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး မော့ကြည့်လိုက်ရာ လာရောက်သူသည် အလွန်ပါးလွှာစွာ ဝတ်ဆင်ထားပြီး အမျိုးကောင်းသမီးတစ်ဦး၏ တည်ငြိမ်မှု မရှိသည်ကို တွေ့လိုက်ရသည်။
"ချွေ့ရှီ၊ မင်း အခန်းထဲမှာ ကောင်းကောင်းမနေဘဲ ဒီကို ဘာလာလုပ်တာလဲ။"
သူ ဝိုင်သောက်ထားလို့ မူးနောက်နေပြီး စိတ်မကြည်တဲ့အပြင် ဒီမိန်းမကို မြင်
လိုက်တော့ ပိုပြီးတောင် စိတ်ရှုပ်သွားခဲ့သည်။
ချွေ့ရှီသည် ကျန်းကျိုးအုပ်ချုပ်ရေးမှူး ချွေ့ကွမ်း၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ သို့သော် မယားငယ်က မွေးသော သမီးဖြစ်သည်။
ချွေ့ကွမ်းသည် အရည်အချင်းရှိသူ ဖြစ်သည်။ အစောကတွေ့ဆုံပွဲတွင် ချွေ့ကွမ်းက အကြီးအကျယ် ထောက်ခံနေသဖြင့် ဒီမိန်းမကို လက်ခံလိုက်ရခြင်း ဖြစ်သည်။
ချွေ့ရှီသည် အလွန်လှပသော်လည်း ဒီရက်ပိုင်း အတူနေထိုင်ရင်း မယားငယ်သမီးတို့၏ အားနည်းချက်များကို တွေ့ရှိလာရသည်။
( T/N - အမယ်လေး အတူတောင်နေထိုင်ပါတယ်ဆိုလား နင်ချန် ရှင်အိမ်ပြန်ရင်တုတ်ကောက်ခဲ့တော့ )
ဒီကလေးမက တကယ်ကိုလမ်းလွဲနေပြီ။ အမျိုးကောင်းသမီးတစ်ဦးရှိသင့်တဲ့ တည်ငြိမ်မှုမရှိဘဲ အဆိုမယ်ဖြစ်ခဲ့တဲ့ သူ့အမေဆီက အကျင့်ဆိုးတွေကို အကုန်အတုခိုးထားတယ်။
သာမန်ယောက်ျားဆိုရင်တော့ ကြိုက်မှာပေါ့။ ဒါပေမယ့် နင်ချန်က ဧကရာဇ်လေ။ ပိန်တာ၊ ဝတာ၊ လှတာ အမျိုးမျိုး တွေ့ဖူးပြီးသား။
နောက်ပိုင်းတွင် ရုပ်ရည်အလှက သူ့အတွက်အရေးမကြီးတော့တဲ့အပြင် အတွင်းစိတ်ကိုလည်း ကြည့်တတ်လာသည်။ ချွေ့ရှီမှာတော့ အတွင်းစိတ် အလှဆိုတာ မရှိဘူး။
"အရှင်မင်းကြီး စိတ်လျှော့ပါ။ ဒီချန်းချဲ့က အရှင်မင်းကြီး ဝိုင်သောက်ထားလို့ နေမကောင်းဖြစ်မှာစိုးလို့ ကိုယ့်သဘောနဲ့ကိုယ် အမူးပြေဟင်းရည် လာပို့တာပါ။"
ချွေ့ရှီ လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။ မျက်လုံးများ လှုပ်ရှားလိုက်ပြီး ငိုသံပါအောင် ပြောလိုက်သည်။
ငိုတော့မလို မျက်နှာထားလေးက သနားစရာ ကောင်းနေသည်။
ကံမကောင်းစွာဖြင့် နင်ချန်သည် ခေါင်းမူးပြီး မျက်စိပြာနေသဖြင့် သူမ၏ သရုပ်ဆောင်မှုကို မကြည့်နိုင်တော့ပေ။ စိတ်မရှည်စွာ စားပွဲကို ရိုက်လိုက်သည်။
"ချွေ့ရှီ... မင်းအဖေက မင်းကို ဒီလိုသင်ပေးလိုက်တာလား။ အခုချက်ချင်း လူလွှတ်ပြီး မင်းကို ကျန်းကျိုး ပြန်ပို့လိုက်မယ်။"
"အရှင်မင်းကြီး..."
ချွေ့ရှီ တကယ် ထိတ်လန့်သွားပြီး ခေါင်းနဲ့ ကြမ်းပြင် တိုက်မိအောင် ဦးခိုက်လိုက်သည်။
"ဒီချန်းချဲ့ မလုပ်ရဲတော့ပါဘူး။ အခုပဲ ထွက်သွားပါ့မယ်။ ဒီချန်းချဲ့ကို မမောင်းထုတ်ပါနဲ့။"
"ထွက်သွား!"
နင်ချန် အော်ဟစ်လိုက်သည်။
ဒီမိန်းမရဲ့ ဝတ်စားဆင်ယင်ပုံ၊ စိတ်ထဲက ယုတ်ညံ့တဲ့ အတွေးတွေက သိသာလွန်းလို့ ရွံစရာကောင်းတယ်။
ချွေ့ကွမ်းသာ အသုံးမဝင်ရင် ဒီမိန်းမကို ဘယ်လက်ခံမလဲ။
မကြာမီ ယွမ်ကျို ပြန်ရောက်လာပြီး လမ်းတွင် ဖရိုဖရဲ ဖြစ်နေသော ချွေ့ရှီကို တွေ့လိုက်ရသဖြင့် ပြဿနာတက်ပြီမှန်း ရိပ်မိလိုက်သည်။
ထင်သည့်အတိုင်းပင် ပြန်ရောက်ရောက်ချင်း တုတ်ချက် ၁၀ ချက် အရိုက်ခံရသည်။
တံခါးစောင့်နေသော ဒုတိယတန်းစား မိန်းမစိုးလေးကိုမူ တုတ်ချက် ၃၀ ရိုက်ပြီး မောင်းထုတ်ပစ်လိုက်သည်။
ဘာကောင်မလေးမှန်း မသိတာကို အရှင်မင်းကြီး အရှေ့ ခေါ်လာရဲတာ သေသင့်တာပေါ့။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -180
အခန်း ၁၈၀ ။ ထောက်ခံခြင်း
နောက်တစ်နေ့ နံနက်တွင် နင်ချန် နိုးလာသည်နှင့် မြို့တော်မှ လိုက်ပါလာသော အရာရှိအားလုံးကို ဆင့်ခေါ်လိုက်သည်။
အားလုံး ဂါရဝပြုပြီး ထိုင်လိုက်ကြသည်။ ဧကရာဇ် ဘာလုပ်မလဲ မသိနိုင်ကြပေ။
"မှူးမတ်တွေက ကျန်းနဲ့အတူ တောင်ဘက်ကို လှည့်လည်လာကြတော့ မြို့တော်မှာ ကျန်ခဲ့တဲ့သူတွေထက် ဒီအခြေအနေကို ပိုသိကြမှာပါ။ လန်ကျိုးက ပြည်နယ်ကြီးတစ်ခု ဖြစ်သလို ကပ်ဘေးလည်း ကြုံတွေ့ခဲ့ရတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာကို အကြာကြီး လစ်လပ်ထားလို့ မဖြစ်ဘူးလို့ ကျန်း ထင်တယ်။ ဒါကြောင့် ဒီနေ့ မှူးမတ်တွေရဲ့ အကြံဉာဏ်ကို နားထောင်ချင်ပါတယ်။"
ကိစ္စကြီးကို ရုတ်တရက် မေးလိုက်သဖြင့် အားလုံး ကြောင်အသွားကြသည်။
သို့သော် ခဏသာ ဖြစ်သည်။ ဒီရာထူးနေရာ လစ်လပ်နေမှန်း သိထားကြပြီးသားဖြစ်လို့ အနည်းနဲ့အများတော့ ပြင်ဆင်ထားပြီးသားပင်။
"ကျွန်တော်မျိုးက နိုင်ငံရေးကိစ္စတွေကို စိတ်မဝင်စားတတ်ပါဘူး။ ဒီတစ်ခေါက် လိုက်ပါလာတာကလည်း အရှင်မင်းကြီးကို ကာကွယ်ပေးဖို့ သက်သက်ပါပဲ။ နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါတော့ပါဘူး။"
ဖိန်ဝမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
နင်ဟောက်လာတုန်းက သူ့ဇနီးနဲ့ သဘောတူထားပြီးသားပါ။ သူတို့လင်မယားက စည်းစိမ်ခံပြီး အေးအေးဆေးဆေး နေချင်ကြသူတွေပါ။
"အစ်ကိုကြီးကတော့ အမြဲတမ်း ပျင်းနေတာပဲ။"
နင်ချန်က ရယ်မောရင်း သူ့ပခုံးကို ပုတ်လိုက်သည်။
"ထားလိုက်ပါတော့။ အစ်ကိုကြီးက ဝင်မပါချင်မှတော့ ညီအစ်ကိုနှစ်ယောက် သူတို့ပြောတာ နားထောင်ကြတာပေါ့။"
ပြောပြီးသည်နှင့် ဟယ်ရှင်းယန့်ကို ပထမဆုံး လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော်မျိုး အမြင်ကတော့ တောင်ဘက်ပိုင်းက အမြဲတမ်း ချမ်းသာကြွယ်ဝပါတယ်။ လက်ဖက်ခြောက်၊ ပိုးထည်၊ ဆန်စပါး၊ ရေထွက်ပစ္စည်းတွေ မရှားပါဘူး။ ကိုယ့်ဖာသာ ဖူလုံရုံမက ပိုလျှံနေပါသေးတယ်။ ဒီပိုလျှံနေတဲ့အရာတွေကို ငွေဖြူဖြစ်အောင် ပြောင်းလဲဖို့ နည်းလမ်းရှာသင့်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးကို နားလည်တဲ့သူတစ်ယောက်ကို ရွေးချယ်သင့်ပါတယ်။"
ဟယ်ရှင်းယန့်သည် ဘယ်လိုလူမျိုး ရွေးသင့်တယ်ဆိုသည့်အချက်ကိုသာ ဦးစားပေးပြောပြီး ဘယ်သူ့ကို ရွေးသင့်တယ်ဆိုတာ မပြောဘဲ အကင်းပါးစွာလျှောက်တင်ခဲ့သည်။
ဧကရာဇ်ရဲ့ စိတ်ထဲတွင် ရွေးချယ်ပြီးသားသူရှိပါက သူ့အတွက်ပြဿနာဖြစ်နိုင်သည်၊
ယခုအချိန်တွင် ဟယ်မိသားစုသည် ဖခင်ဖြစ်သူ ကျောင်းအုပ်ကြီးဟယ် ဦးဆောင်မှုအောက်တွင် ဧကရာဇ်ကို သစ္စာရှိစွာ ထောက်ခံသူများဖြစ်ကြသည်။ ဧကရာဇ်ဘက်က ရပ်တည်မှတော့ ဧကရာဇ်စိတ်တိုင်းကျ ဖြစ်အောင် နေရမှာပေါ့။
"ဟုတ်ပြီ... ယောက်ဖကြီး ပြောတာ ဟုတ်တယ်။ တခြားသူတွေရော ဘယ်လိုမြင်လဲ။ ပြောကြပါဦး။"
နင်ချန် လက်ဝှေ့ယမ်းပြလိုက်ကာ ပေါ့ပေါ့ပါးပါး စကားပြောနေသလိုပင်။ ဟယ်ရှင်းယန့်သည် 'ယောက်ဖကြီး' ဟု ခေါ်လိုက်သံကြောင့် ရင်တုန်သွားသည်။
နင်ချန် နန်းတက်လာတာ နှစ်အတော်ကြာပြီဖြစ်သည့်အတွက် ဧကရာဇ်တစ်ယောက်၏ဟိတ်ဟန်အပြည့်ရှိသည့်အတွက် အရင်ကဲ့သို့ မနူးညံ့တော့ပေ။ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ လူကို ကြောက်လန့်သွားစေနိုင်ပေသည်။
"ကျွန်တော်မျိုး အမြင်ကတော့ လန်ကျိုးက ကပ်ဘေးကြုံပြီးခါစမို့လို့ ရိုးသားပြီး စေ့စပ်သေချာတဲ့သူကို ရွေးချယ်သင့်ပါတယ်။ ဒုတိယ ဟန်ရှင်းခယ်လို လူမျိုး ထပ်ပေါ်လာရင်တော့ ဒုက္ခကျပါလိမ့်မယ်။”
အရာရှိအိုကြီးတစ်ဦး ရှေ့ထွက်လာပြီး ဟန်ရှင်းခယ်အကြောင်း ပြောကာ ဒေါသထွက်နေသည်။
သူ အစပျိုးလိုက်သည်နှင့် ကျန်အရာရှိများလည်း တက်ကြွလာကြသည်။
"နောက်ကြောင်းရှင်းတဲ့သူကို ရွေးရမယ်။ အရှင်မင်းကြီးကို လိမ်ညာမယ့်သူ မဖြစ်စေရဘူး။"
"ဒီရာထူးက ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်ရမှာဆိုတော့ အတွေ့အကြုံနဲ့ လုပ်သက် လုံလောက်မှ ဖြစ်မယ်။ မဟုတ်ရင် ဘယ်သူက လေးစားမှာလဲ။"
"ဒါပေမယ့် ဟယ်အမတ်ကြီး ပြောသလို စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေး နားလည်ဖို့လည်း လိုပါသေးတယ်။ အဲဒါတွေကို ထည့်သွင်းစဉ်းစားသင့်တယ်။"
အားလုံး ဝိုင်းဝန်းဆွေးနွေးကြပြီး နောက်ဆုံးတွင် လူတစ်ယောက်ကို အဆိုပြုလိုက်ကြသည်။ ယင်းကော်ကုန်း၏ ဝမ်းကွဲညီအစ်ကို ချန်လိပေါ်ဖြစ်သည်။
သူသည် အရည်အချင်းရှိသူ တစ်ဦးဖြစ်သည်။ လက်ရှိတွင် မြို့တော်၌ အဆင့် ၃ ဆင်ဆာအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ယိရှိုးရုန်၏ ဖခင်နှင့် ရာထူးတူသည်။
ချန်လိပေါ်သည် ယခုနှစ် အသက် ၄၀ ရှိပြီး အလုပ်လုပ်နိုင်သော အရွယ်ဖြစ်သည်။ အသက် ၂၀ ကျော်ကတည်းက အစိုးရဝန်ထမ်း လုပ်လာခဲ့သဖြင့် ၁၀ နှစ်ကျော် အတွေ့အကြုံရှိပြီး အရည်အချင်း ပြည့်မီသည်။
အခြားသူများကို ထောက်ခံသူများလည်း ရှိသည်။ ဥပမာ - မိဖုရားခေါင်ကြီး၏ ဦးလေးအရင်း (တတိယဦးလေး) ကဲ့သို့သောသူများ ဖြစ်သည်။
ဤနှစ်ဦးမှလွဲ၍ ကျန်သူများမှာ သာမန်မျှသာ ဖြစ်သည်။
နင်ချန် အလျင်မလိုဘဲ လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်။
ထိုလူများ အချိန်အကြာကြီး ဆွေးနွေးပြီးမှ ထူးခြားမှုကို သတိထားမိလိုက်ကြသည်။
ဒီလောက်ကြာအောင် ဆွေးနွေးနေတာတောင် အရှင်မင်းကြီးက ဘာမှဝင်မပြောဘူးဆိုတော့ တစ်ယောက်မှ သဘောမကျဘူးလို့ ဆိုလိုတာလား။
"အရှင်မင်းကြီး... ဘယ်လိုသဘောရပါသလဲ။"
အသက်ကြီးပိုင်း အရာရှိတစ်ဦး သတိထား မေးလိုက်သည်။
နင်ချန် မျက်ခုံးပင့်လိုက်ပြီး လက်ဖက်ရည်ခွက် ချလိုက်ကာ နင်ဟောက်ကို ကြည့်လိုက်သည်။
"အစ်ကိုကြီး... ဒီလောက်ကြာအောင် နားထောင်ပြီးပြီဆိုတော့ ဘယ်လိုမြင်လဲ။"
အမေးခံလိုက်ရသော နင်ဟောက် ဘာပြန်ပြောရမှန်း မသိတော့ပေ။ တကယ်
ရှောင်လို့မရဘူးပဲ။
ကံကောင်းတာက သူ ထိုင်နေရင်း နားထောင်ခဲ့လို့ တော်သေးတာပေါ့။ ဧကရာဇ်ရဲ့ စိတ်ကို ခန့်မှန်းပြီး စဉ်းစားကာ ရမ်းသမ်းဖြေလိုက်သည်။
"ကျွန်တော်မျိုး ကြည့်ရတာ တစ်ယောက်ယောက်က စကားမပြောဘဲ နေနေတယ်။ ဟိုလူငယ်တွေလည်း နားထောင်နေတာ ကြာပြီဆိုတော့ သူတို့ကို မေးကြည့်ပါလား။"
အရာရှိအိုကြီးတစ်ဦးက အနောက်တွင် ရပ်နေသော လူငယ်အရာရှိများကို ကြည့်လိုက်ပြီး လက်အုပ်ချီလိုက်သည်။
"အရှင်မင်းကြီး... ဒီလူငယ်တွေက အရည်အချင်းရှိပေမယ့် အတွေ့အကြုံ နည်းပါးလို့ ကောင်းမွန်တဲ့ အကြံဉာဏ် ပေးနိုင်ပါ့မလား။"
"ကြည့်ရတာ အမတ်ကြီးကျန်းက မွေးကတည်းက အသက် ၅၀ ကျော်နေတဲ့ပုံပဲ။ ငယ်ဘဝ မရှိခဲ့ဘူးထင်တယ်။"
ဟယ်ရှင်းယန့်က နှာခေါင်းရှုံ့လိုက်သည်။
အငေါက်ခံလိုက်ရသော အမတ်ကြီးကျန်း မျက်နှာနီရဲသွားပြီး ဒေါသထွက်သွားသည်။
"ဖုမာ (မင်းသမီးရဲ့ခင်ပွန်း) က ဝင်ပါလွန်းနေပြီ။ သမိုင်းတစ်လျှောက် ဘယ်ဖုမာမှ မင်းလို မလုပ်ခဲ့ဖူးဘူး။"
သူက ဟယ်ရှင်းယန့်ကို ဟယ်အမတ်ကြီးလို့ မခေါ်ဘဲ ဖုမာလို့ ခေါ်လိုက်ခြင်းက စော်ကားလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် ဝင်ပါတာ များမများဆိုတာ အမတ်ကြီးကျန်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်က အရှင်မင်းကြီးရဲ့ အမိန့်နဲ့ အရာရှိဖြစ်လာတာပါ။ အမတ်ကြီးကျန်းက အရှင်မင်းကြီးရဲ့ အမိန့်ကို မကျေနပ်တာလား။"
ဟယ်ရှင်းယန့်လည်း အားမလျော့ဘဲ ပြန်ပြောလိုက်သည်။
ဘယ်ယောက်ျားမှ ကိုယ့်မိန်းမရဲ့ အရှိန်အဝါကို မှီခိုတယ်လို့ အပြောမခံချင်ကြပါဘူး။ ဟယ်မိသားစုကလည်း ကျားဟယ်မင်းသမီးကို မှီခိုနေရတာ မဟုတ်ပါဘူး။
"မင်း... မင်း ပါးစပ်ပိတ်ထား။"
အမတ်ကြီးကျန်း ဒေါသထွက်ပြီး လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
လေထု အနည်းငယ် တင်းမာသွားသည်။
ရုတ်တရက် နင်ချန် ရယ်မောလိုက်သံ ကြားလိုက်ရသဖြင့် အရာရှိများ နားမလည်နိုင် ဖြစ်သွားကြပြီး ခေါင်းငုံ့ထားလိုက်ကြသည်။
"အမတ်ချူ... မင်းမှာ ဘာအကြံဉာဏ်ရှိလဲ။ ကျန်းကို ပြောပြစမ်း။"
လူအများကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချူယွမ်ဟွိုက်ဆီ အကြည့်ရောက်သွားသည်။ ယဲ့ယွင်နှင့် သုံးပုံတစ်ပုံခန့် တူညီသော မျက်နှာကို ကြည့်ပြီး စိတ်ဝင်စားသွားသည်။
အမည်ခေါ်ခံလိုက်ရသော ချူယွမ်ဟွိုက် လက်ဖဝါးတွင် ချွေးစို့သွားသော်လည်း သိပ်မကြောက်ဘဲ လက်အုပ်ချီလိုက်သည်။
"ကျွန်တော်မျိုး အမြင်ကတော့ အိမ်ရှေ့စံဆရာချီရဲ့သား ချီယောင်က ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။"
"အမတ်လေးချီနဲ့ အမတ်ချူက သူငယ်ချင်းတွေပဲ။ ဆရာတပည့် ဆက်ဆံရေးလည်း ရှိနေတော့ ကိုယ်ကျိုးကြည့်လွန်းရာ မကျဘူးလား။"
အမတ်ကြီးကျန်း အေးစက်စွာ ပြောလိုက်သည်။
မနှစ်က ဟယ်ကျောင်းတော်ကျောင်းအုပ်ကြီးက ချူယွမ်ဟွိုက်ကို တပည့်အဖြစ် လက်ခံချင်ပေမယ့် ယဲ့ယွင်ရဲ့ စကားကြောင့် နင်ချန် သဘောမတူခဲ့ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ ချူယွမ်ဟွိုက်နဲ့ အိမ်ရှေ့စံဆရာရဲ့သား ချီယောင်တို့ မိတ်ဆွေတွေ ဖြစ်သွားကြတယ်။ အမတ်လေးချီက ချူယွမ်ဟွိုက်ရဲ့ အဖေအရွယ်လောက် ရှိတာမို့ နန်းတွင်းမှာ သူတို့ကို ဆရာတပည့်လို့ သတ်မှတ်ထားကြတယ်။
နင်ချန်လည်း ဒီကိစ္စကို သိပေမယ့် ဝင်မစွက်ဖက်ခဲ့ပါဘူး။
သူက ချူယွမ်ဟွိုက်ကို ပျိုးထောင်ချင်နေတာ။ ချီယောင်ကလည်း အရည်အချင်းရှိသူမို့လို့ ချူယွမ်ဟွိုက်ကို သင်ကြားပေးနိုင်ရင် ကောင်းတာပေါ့။
"အမတ်ကြီးကျန်းက ကိုယ်ထင်ရာ ကိုယ်မတွေးပါနဲ့။ ကျွန်တော်မျိုးက ကိစ္စရပ်အပေါ် မူတည်ပြီး သင့်တော်တဲ့သူကို ထောက်ခံတာပါ။ သုံးမသုံးက အရှင်မင်းကြီးရဲ့ သဘောထားပါ။ အမတ်ကြီး ဘာတွေ လောနေတာလဲ။"
ချူယွမ်ဟွိုက်က အေးဆေးစွာ ပြန်ပြောလိုက်သည်။
မူလက အလွတ်သဘော မေးလိုက်ခြင်း ဖြစ်သော်လည်း ချူယွမ်ဟွိုက်က နင်ချန်၏ စိတ်ထဲရှိ လူကို ထောက်ခံလိုက်သဖြင့် ပို၍ သဘောကျသွားသည်။
ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အမတ်ချူရဲ့ အကြံဉာဏ် ကောင်းတယ်။ ချီယောင်အကြောင်း ကျန်း ကောင်းကောင်းသိပါတယ်။ အရည်အချင်းရော၊ အတွေ့အကြုံရော ပြည့်စုံတယ်။ လန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို လောလောဆယ် သူ့ကို ပေးလိုက်မယ်။ မြို့တော်ပြန်ရောက်မှ အသေးစိတ် ဆုံးဖြတ်ကြတာပေါ့။"
အောက်တွင် ရပ်နေသော အမတ်ကြီးကျန်း မျက်မှောင်ကြုတ်လိုက်ပြီး အမြန်ဝင်ပြောသည်။
"ဒါပေမယ့် အရှင်မင်းကြီး... ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးက အရေးကြီးပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာ မြန်လွန်းရာ မကျဘူးလား။ မြို့တော်ပြန်ရောက်မှ အရာရှိကြီးတွေနဲ့ တိုင်ပင်ပြီးမှ..."
"အမတ်ကြီးကျန်း ဆိုလိုတာက ကျန်းပြောတာ အရာမဝင်ဘဲ မြို့တော်က အဘိုးကြီးတွေကမှ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောချင်တာလား။"
နင်ချန် မျက်လုံးများ စူးရှသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားသည်။
ဒီကျန်းချွန်းဆိုတဲ့လူက ယင်းကော်ကုန်းနဲ့ ရင်းနှီးတယ်။ ဒီခရီးစဉ်မှာ ပါလာတာကလည်း ယင်းကော်ကုန်းနောက်ခံနဲ့ ပါလာတာပဲ။ လမ်းတစ်လျှောက်လုံး ယင်းကော်ကုန်း မှာလိုက်တဲ့အတိုင်း ကန့်ကွက်စကားတွေ အများကြီး ပြောခဲ့တယ်။
"အရှင်မင်းကြီး စိတ်လျှော့ပါ။ ကျွန်တော်မျိုး မရဲပါဘူး။"
ကျန်းချွန်း ကျောချမ်းသွားပြီး ကပျာကယာ ဒူးထောက်လိုက်သည်။
နင်ချန် အကြည့်လွှဲလိုက်ပြီး လက်စွပ်ကို ဖြည်းဖြည်းချင်း လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"အမတ်ကြီးကျန်းက ချန်မိသားစုအတွက် အလုပ်လုပ်ပေးချင်ရင် ကျန်းဆီမှာ နေစရာမလိုတော့ပါဘူး။ လာကြ... အခုချက်ချင်း ခရီးထွက်ပြီး အမတ်ကြီးကျန်းကို မြို့တော်ပြန်ပို့လိုက်။ ယင်းကော်ကုန်းဆီမှာ အပြစ်ပေးခိုင်းလိုက်။"
***