အခန်း (၁၈၁-၁၈၂)
Vol. 12 Ch. 181-182
အခန်း ၁၈၁ ။ ကြက်တစ်ကောင်ကိုသတ်ပြီး မျောက်တွေကို ခြိမ်းခြောက်ခြင်း
နင်ချန်၏လုပ်ရပ်သည် ကြက်တစ်ကောင်ကိုသတ်ပြီး မျောက်တွေကို ခြိမ်းခြောက်ဖ်ို့ပြင်နေကြောင်း အရူးတောင် သိနိုင်ပေသည်။
ချန်မိသားစုကို ဧကရာဇ်က အကြီးအကျယ် သတိထားနေပြီး ယင်းကော်ကုန်း၏အတောင်ပံများကို တဖြည်းဖြည်း ချိုးဖျက်နေခဲ့သည်။
သို့သော် ယဲ့ယွင်ကြောင့် အတွင်းရေးကို သိနေသော ချူယွမ်ဟွိုက်ကမူ ထို့ထက်ပိုပြီး နားလည်ထားသည်။
ဧကရာဇ်၏ လုပ်ရပ်များသည် ချန်မိသားစုတစ်ခုတည်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အင်အားကြီးမိသားစု အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သည်။
ဧကရာဇ် နန်းတက်ခါစက ပထမဦးဆုံးကျင်းပသည့်နွေဦးစာမေးပွဲတွင် အောင်မြင်ခဲ့သူ အများစုမှာ အင်အားကြီးမိသားစု၏ သားသမီးများဖြစ်ပြီး သာမန်မိသားစုက လူနည်းစုသာပါဝင်လေသည်။
ချူယွမ်ဟွိုက်ကိုယ်တိုင်လည်း ယဲ့မိသားစု၏အကူအညီဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အင်အားကြီးမိသားစုများလက်ဝါးကြီးအုပ်ထားသည့် ရုံးတော်အဖွဲ့ကို ဘယ်ဧကရာဇ်ကမှ မလိုလားပေ။
အမှန်တကယ်တော့ နင်ချန်တွင် တောင်
ဘက်ခရီးစဉ်ကို ထွက်လာရခြင်း၏နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။ ထိုရည်ရွယ်ချက်မှာနယ်ဘက်က အောက်ခြေအရာရှိများကို တဖြည်းဖြည်းချင်း သူ၏လူယုံတွေ ဖြစ်လာအောင် လုပ်ဖို့ဖြစ်သည်။
အင်အားကြီးမိသားစုများသည် အောက်ခြေအရာရှိများကို အထင်သေးပြီး ဂရုမစိုက်ကြပေ။ သို့သော် အဆောက်အဦအမြင့်ကြီးများကို မြေပြင်ကနေ စဆောက်ရသကဲ့သို့တကယ့်လက်တွေ့လုပ်ဆောင်ရသူများမှာထိုအောက်ခြေအရာရှိများပင်။
လန်ကျိုးတွင် အရာရှိ ၆ ယောက်ကို တပြိုင်နက်တည်း ဖြုတ်ချလိုက်ခြင်းသည် သူ၏လူယုံများကို အစားထိုးရန်အတွက် ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
ကျန်းချွန်းရဲ့ ဖြစ်ရပ်ကြောင့် ဘယ်သူမှ စကားထပ်မပြောရဲကြတော့ဘဲ လန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကိုထိုကဲ့သို့သတ်မှတ်လိုက်ကြသည်။ မြို့တော်ပြန်
ရောက်မှသာလျှင် တရားဝင်အမိန့်စာ ထုတ်ပြန်မည်ဖြစ်သည်။
နင်ချန်က မြို့တော်ကို မပြန်သေးခင် ထိုကိစ္စကို အမြန်အဆန် အဆုံးသတ်လိုက်ခြင်းမှာ မြို့တော်ရောက်ရှိလူအိုကြီးများသည်သူ့ရည်ရွယ်ချက်ကိုသေချာပေါက်အဟန့်အတားလုပ်မည်ကိုနားလည်သောကြောင့်ဖြစ်သည်။
.....
နင်ချန်ဘက်တွင် အားလုံးအဆင်ပြေနေသော်လည်း နန်းတော်ထဲမှာတော့ ပြဿနာများဆက်တိုက်ဖြစ်ပွါးနေခဲ့သည်။
ယဲ့ယွင်သည် မနက်ကတည်းက ကြက်
ပေါင်းဟင်းရည် လုပ်ခိုင်းထားသော်လည်းနေ့လည်စာစားချိန် သွားယူသောအခါမရှိတော့ပေ။
စားဖိုဆောင်မှူးကလည်း ထိုကိစ္စကြောင့်အခက်တွေ့နေခဲ့သည်။ ယိရှိုးရုန်ရဲ့ အစေခံ ယွမ်ရှိုးသည် အတင်းလာယူသွားသည့်အတွက်ကြောင့်ပင်။
သို့သော် တမင်အဓမ္မယူဆောင်ခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့လေသည်။ ယိရှိုးရုန်သည် ရုတ်တရက် ကြက်ပေါင်းဟင်းရည်ကို သောက်ချင်လာသည့်အတွက် ထိုကဲ့သို့ အလျင်စလိုလုပ်ဆောင်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ကြက်ပေါင်းဟင်းရည်သည် အကြာကြီးပေါင်းထားမှသာလျှင် ပိုနူးညံ့၍အရသာကောင်းသည်မို့ ယဲ့ယွင်အတွက် ပြင်ဆင်ထားတဲ့ ဟင်းရည်ကို ယူဆောင်လိုက်ရခြင်းဖြစ်သည်ဟု ကောင်းမွန်စွာရှင်းပြခဲ့လေသည်။ ထိုအခါစားဖိုးမှူးလည်း တားဆီးရန်မသင့်တော်တော့ပေ။
ထို့ကြောင့်စားဖိုဆောင်က နာရီဝက်
လောက်သာ ပေါင်းထားသည့် ဟင်းရည်
အသစ်တစ်ခွက်ကို ယွီရှို့အဆောင်ဆီ အလျင်အမြန် ပို့ပေးခံ့သည့်အပြင် အဖြစ်မှန်ကိုလည်း မဖုံးကွယ်ရဲဘဲ အကုန်ပြောပြခဲ့ပေသည်။
ဟွေယွဲ့ ဒေါသထွက်သွားသည်။
"နင်တို့က ယိရှိုးရုန် ကိုယ်ဝန်ရှိတာကို အကြောင်းပြပြီး ငါတို့ကျယ်ယွီကို အနိုင်ကျင့်ချင်နေတာလား။"
"အို... အစ်မရယ်။ ကျွန်တော်တို့ ဘယ်ရဲပါ့မလဲ။"
ဟင်းပို့တဲ့ မိန်းမစိုးလေးက မျက်နှာငယ်လေးဖြင့် ပြောသည်။
"ပုံမှန်ဆိုရင် မင်ကျယ်ယွီက ကျွန်တော်တို့ကို အကောင်းဆုံး ဆက်ဆံပြီး ဆုကြေးအများဆုံး ပေးတဲ့သူပါ။ ကျွန်တော်တို့က ကျယ်ယွီအတွက်ဆို အသက်ပေးပြီး ပြုစုမှာပါ။ ဒါပေမယ့်... ဒါပေမယ့် ယိရှိုးရုန်ရဲ့လူက အတင်းယူသွားတော့ ကျွန်တော်တို့လည်း မတားရဲဘူးလေ။"
"အကြောင်းစုံ ပြောပြပြီးတာတောင် ယွမ်ရှိုးက ယူသွားသေးတယ်လား။"
နန်ကျစ်က ဒေါသတကြီး မေးလိုက်သည်။
မိန်းမစိုးလေး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်လေ။ သူက နဂါးမျိုးဆက်လေးကို အကြောင်းပြပြီး ဖိအားပေးတော့ ကျွန်တော်တို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။"
နန်ကျစ် ဆက်ပြောမလို့ လုပ်တုန်း ယဲ့ယွင် ဖြတ်ပြောလိုက်သည်။
"တော်ပါပြီ။ ထားခဲ့ပြီး ပြန်တော့။ သူတို့မှာ ကိုယ်ဝန်ရှိနေတော့ ငါတို့က လိုက်လျောပေးရမှာပေါ့။"
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ကျယ်ယွီက သဘောထားကြီးပါတယ်။ ကျွန်တော် ပြန်ပါတော့မယ်။"
မိန်းမစိုးလေးသည် ကပျာကယာ ဦးခိုက်ပြီး ထွက်သွားလေသည်။
ဟွေယွဲ့က ဒေါသထွက်နေသော်လည်း ဆုကြေးငွေ ပေးလိုက်သဖြင့် မိန်းမစိုးလေး ဝမ်းသာသွားသည်။
အဆူမခံရ၊ အရိုက်မခံရရင် ကံကောင်းပြီ ထင်နေပေမဲ့လည်း ဆုကြေးတောင် ရလိုက်သေးသည့်အတွက် ဝမ်းသာပီတီဖြာကာယဲ့ယွင်ကို ပိုပြီး လေးစားသွားမိသည်။
"ကျယ်ယွီ စိတ်မဆိုးပါနဲ့။ ယိရှိုးရုန်က လူပါးဝနေတာပါ။ နောက်ကျရင် သူ ခံရမှာပါ။"
ဟွေယွဲ့က နှစ်သိမ့်လိုက်သည်။
ယဲ့ယွင် ရယ်မောလိုက်သည်။ မျက်နှာထားက ဂရုမစိုက်သလို ရှိသော်လည်း မျက်ဝန်းများ အေးစက်သွားသည်။
"တချို့လူတွေက သင်ခန်းစာ မယူတတ်ကြဘူး။ ငါလည်း မတတ်နိုင်ဘူး။ နောက်ဆို သူ ကြက်သားနဲ့ ငါး စားရဲတော့မှာ မဟုတ်ဘူး။ ဘဝအမောတွေ လျော့သွားမှာပဲ။"
"ဒါပေမယ့် အခု သူ မွေးခါနီးပြီဆိုတော့ ကျယ်ယွီရဲ့ နည်းလမ်းက နည်းနည်း အန္တရာယ်များနေတယ်။"
နန်ကျစ်က သတိထားပြီး ပြောလိုက်သည်။
အရင်တုန်းက ငါးပို့တဲ့ကိစ္စတုန်းကလည်း တော်တော်လေး ပြင်းထန်ခဲ့တယ်။ အခု ကြက်သားပို့မယ်ဆိုတာ အရင်လိုပဲ လုပ်မလို့လား။
"အခု မလုပ်ပါဘူး။ သူက တစ်သက်လုံး ကိုယ်ဝန်ဆောင်နေမှာမှ မဟုတ်တာ။"
ယဲ့ယွင် နှာခေါင်းရှုံ့လိုက်ပြီး စားပွဲပေါ်က ကြက်ပေါင်းဟင်းရည်ကို ညွှန်ပြလိုက်သည်။
"ပိုင်ရှု... ဒီဟင်းရည်ကို ယိရှိုးရုန်ဆီ သွားပို့လိုက်။ မီးဖွားပြီးကာလမှာ ဒါမျိုးသောက်တာ အသင့်တော်ဆုံးပဲလို့ ပြောလိုက်။ သူ မွေးပြီးတာနဲ့ ငါ နေ့တိုင်း ကိုယ်တိုင် ကြက်ပေါင်းဟင်းရည် လုပ်ပြီး ယင်းယန်အဆောင်ကို ပို့ပေးမယ်လို့ ပြောလိုက်။"
ပိုင်ရှုက သဘောပေါက်သွားပြီး ဟီးခနဲ ရယ်မောကာ ဟင်းရည်ပန်းကန်ကို ယူပြီး ထွက်သွားလေသည်။
...
ယင်းယန်အဆောင်။
ယိရှိုးရုန်သည် ကြက်ပေါင်းဟင်းရည်ကို သောက်ရင်း ကျေနပ်နေသည်။
"ဒီဟင်းရည်က အကြာကြီး ပေါင်းထားပုံရတယ်။ အရသာရော၊ အနံ့ရော ပြည့်စုံတယ်။ စားဖိုဆောင်က ဂရုတစိုက် လုပ်ပေးထားတာပဲ။ ငွေတုံး ၂၀ ဆုချလိုက်ပါ။"
ယွမ်ရှိုးက နောက်တစ်ခွက် ထပ်ထည့်ပေးရင်း ပြုံးလျက် ပြောလိုက်သည်။
"အခု မယ်မယ်က ကိုယ်ဝန်ဆောင်ထားပြီး မင်းသားလေး မွေးတော့မှာဆိုတော့ စားဖိုဆောင်က ဘယ်လိုလုပ် ပေါ့ဆရဲမှာလဲ။"
"နင်က လျှောက်ပြောပြန်ပြီ။ မမွေးရသေးဘဲနဲ့ မင်းသားလေးမှန်း ဘယ်လိုသိလဲ။ ပြီးတော့ မယ်မယ်လို့ မခေါ်နဲ့ဦး။ သူများတွေကြားရင် ငါက မာနကြီးတယ် ထင်နေဦးမယ်။"
ယိရှိုးရုန်က ဗိုက်ကိုပွတ်သပ်ရင်း ပြောလိုက်သည်။
ပါးစပ်က အပြစ်တင်နေသော်လည်း မျက်နှာတွင် အပြုံးရိပ်များ ထင်ဟပ်နေသဖြင့် ထိုစကားကို သဘောကျကြောင်း သိသာသည်။
"မယ်မယ်က သတိကြီးလွန်းနေတာပါ။ ကျိုဖင်အဆင့် ဝင်နေပြီပဲဟာ၊ မယ်မယ်လို့ ခေါ်လို့ရနေပါပြီ။ နောင်တစ်ချိန် မင်းသားလေး မွေးလာရင် ရာထူးထပ်တိုးဦးမှာ။"
ယွမ်ရှီးကလည်း ဝင်ရောက် ဟာသလုပ်လိုက်သည်။
အစေခံနှစ်ယောက်၏ မြှောက်ပင့်မှုကြောင့် ယိရှိုးရုန် စိတ်ပျော်ရွှင်နေသည်။
နန်းတော်ထဲတွင် သားသမီးရတာ ကောင်းသော်လည်း သားယောက်ျားလေး ရခြင်းက ပို၍ မျှော်လင့်ချက် ရှိပေသည်။
သမီးနှစ်ယောက် မွေးထားတဲ့ သယ်ထိုက်ဖေးတောင်မှ သားတစ်ယောက် မွေးထားတဲ့ ထိုက်ကွေ့ဖေးလောက် အဆင်မပြေပေ။
ဒါက ထိုက်ဖေးအဆင့်ပဲ ရှိသေးတာ။ တကယ်လို့ ကိုယ့်သားက ထီးနန်းဆက်ခံခွင့် ရခဲ့ရင် ဘယ်လောက်ကောင်းမလဲ။
ယခင်ဧကရာဇ်လက်ထက်က မယ်တော်ကြီးသည် ထိုက်ကွေ့ဖေးနှင့် သယ်ထိုက်ဖေးလောက် အာဏာမကြီးခဲ့သော်လည်း သားတော်ကြောင့် ယခုအခါ သုံးယောက်ထဲတွင် အကြီးအကဲ ဖြစ်လာခဲ့သည်။
ဤသို့ တွေးမိရင်း ယိရှိုးရုန်သည် ပို၍ မျှော်လင့်လာခဲ့သည်။
မွေးဖွားရန် ရက်ပိုင်းသာ လိုတော့သည်။ သမားတော်ကလည်း ကလေးအနေအထား မှန်ကန်ပြီး ကျန်းမာသည်ဟု ပြောထားသဖြင့် အဆင်ပြေချောမွေ့မည်ဟု ယုံကြည်နေသည်။
အခန်းထဲတွင် ရယ်မောစကားပြောနေစဉ် အပြင်ဘက်မှ အစေခံမလေးတစ်ဦး ဝင်လာပြီး သတင်းပို့လာခဲ့သည်။ လျှောက်တင်သည်မှာ မင်ကျယ်ယွီက ပစ္စည်းလာပို့သည်အကြောင်းပင်။
ယွမ်ရှိုး၏ မျက်နှာထား ချက်ချင်း ပျက်သွားသည်။
"မင်ကျယ်ယွီက မယ်မယ်နဲ့ အမြဲတမ်း ပြိုင်ဆိုင်နေတာ။ အခု ပစ္စည်းလာပို့တယ်ဆိုတာ ရိုးသားပါ့မလား။"
"ငါက မွေးခါနီးနေပြီ။ ရာထူးကလည်း သူ့ထက်ကြီးတယ်။ သူ ဘာလုပ်ရဲမှာလဲ။ နင် ဘာတွေ ကြောက်နေတာလဲ။"
ယိရှိုးရုန်က ယွမ်ရှိုးကို တစ်ချက်ကြည့်လိုက်ပြီး ယွမ်ရှီး၏ အကူအညီဖြင့် ထရပ်လိုက်သည်။
အရင်တုန်းကတည်းက သူမက ပိုပြီး မျက်နှာသာရခဲ့တာ အခုလည်း ယဲ့မျိုးရိုးနဲ့ယှဉ်ရင် ကိုယ်ဝန်အရင်ရခဲ့တာ။ နန်းတွင်းစရောက်တုန်းက ယဲ့ယွင် သူမအားအနိုင်ကျင့်ခဲ့တာကို တွေးမိပြီး ယိရှိုးရုန်သည် ယဲ့မျိုရိုးကိုအငြိုးအတေး ရှိနေသည်။
အကြောင်းမရှိဘဲ ရောက်လာတာ မဟုတ်မှန်း သိလို့ ယဲ့ယွင် ဘာလုပ်မလဲဆိုတာ ကြည့်ချင်နေသည်။ ယွမ်ရှိုး မတားနိုင်တော့ဘဲ ခေါင်းမာမာဖြင့် နောက်မှလိုက်သွားရသည်။
ဒီနေ့ ကြက်ပေါင်းဟင်းရည် ဘယ်ကရလာလဲဆိုတာ ယိရှိုးရုန်ကို မပြောရဲသေးဘူး။ ယွီရှို့အဆောင်ကလူတွေကသူတို့သခင်မကိုယ်ဝန်ဆောင်ထားတာကို ထောက်ထားပြီး ဘာမှမလုပ်ရဲဘူးလို့ ထင်ခဲ့တာ။
ဒါပေမယ့် အခုအိမ်တိုင်ရာရောက် လာပို့မယ်လို့ ထင်မထားခဲ့ဘူး။
တကယ်လို့ ပြဿနာတက်ရင် သူမကြောင့် ဖြစ်ရတာဆိုပြီး အပြစ်တင်ခံရတော့မယ်။
အပြင်ဘက်တွင် ပိုင်ရှုသည် အလွန်ရိုသေလေးစားစွာဖြင့် အနီရောင်သစ်သား ထမင်းချိုင့်ကို ကိုင်လျက် ဂါရဝပြုလိုက်သည်။
"ရှိုးရုန်ကို ဂါရဝပြုပါတယ်။ ကျွန်တော်တို့ ကျယ်ယွီက ရှိုးရုန် ကြက်ပေါင်းဟင်းရည် သောက်ချင်တယ်လို့ ကြားသိရတဲ့အတွက် နောက်ထပ် တစ်ပန်းကန် ထပ်ပို့ပေးလိုက်ပါတယ်။"
'နောက်ထပ်' ဆိုတဲ့ စကားလုံးကို ပိုင်ရှုက အလေးပေး ပြောလိုက်သဖြင့် လူတိုင်း သတိထားမိလိုက်ကြသည်။
ယိရှိုးရုန် မျက်မှောင်ကြုတ်လိုက်သည်။ နားမလည်နိုင် ဖြစ်သွားသည်။
"မင်ကျယ်ယွီက ဘယ်တုန်းက ကြက်ပေါင်းဟင်းရည် ပို့ဖူးလို့လဲ။ ဘာလို့ နောက်ထပ် တစ်ပန်းကန်လို့ ပြောရတာလဲ။"
ထိုစကားထွက်လာသည်နှင့် ဘေးနားမှ ယွမ်ရှိုး၏ မျက်နှာထား ပိုဆိုးသွားသည်။
ပိုင်ရှု၏ မျက်လုံးများ အရောင်လက်သွားပြီး သူတို့၏ မျက်နှာထားများကို အကဲခတ်လိုက်ကာ ရယ်မောလိုက်သည်။
"အို... ကြည့်ရတာ ယွမ်ရှိုးက ရှိုးရုန်ကို မပြောပြထားဘူး ထင်တယ်။ ရှိုးရုန် ဒီနေ့သောက်တဲ့ ကြက်ပေါင်းဟင်းရည်က ကျွန်တော်တို့ ကျယ်ယွီ မနက်ကတည်းက စားဖိုဆောင်ကို အထူးမှာပြီး ပေါင်းခိုင်းထားတာပါ။ နေ့တစ်ဝက်လောက် ပေါင်းထားတာဆိုတော့ အရသာ ရှိမှာသေချာပေါက်ပါပဲ။”
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -182
အခန်း ၁၈၂ ။ သတိရနေခြင်း
ထိုအခါမှသာလျှင် ကိစ္စအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့သည်။
တရားခံယွမ်ရှိုးသညိ မိမိအမှားကိုဖာထေးရန်အမြန်ရှင်းပြလိုက်သည်။
"မယ်မယ်က ရုတ်တရက် ကြက်ပေါင်းဟင်းရည် သောက်ချင်လာတယ်ဆိုလို့ နဂါးမျိုးဆက်လေးအတွက် အကောင်းဆုံး သောက်ရမယ်ဆိုပြီး စားဖိုဆောင်ကို သွားတောင်းလိုက်တာ။ ဒီဟင်းရည်က အကောင်းဆုံးမို့လို့ ယူလာမိတာပါ။ မယ်မယ့်ကိုတောင် မပြောရသေးဘူး။ ကိစ္စသေးလေးမို့လို့ မင်ကျယ်ယွီလည်း အပြစ်မယူလောက်ပါဘူးလို့ တွေးမိလို့ပါ။"
"သြော်... အဲလိုလား။"
ပိုင်ရှုက မျက်လုံးမှေးလိုက်ပြီး မယုံကြည်သလို ပြောလိုက်သည်။
"ကျွန်တော်က စဉ်းစားနေတာ။ ရှိုးရုန်က ကျိုဖင်အဆင့်ဝင်နေတာတောင် ဘာလို့များ ကျယ်ယွီရဲ့ အစားအသောက်ကို လုယူရတာလဲလို့။ တကယ်တော့ ရုတ်တရက် သောက်ချင်သွားလို့ကိုး။ ဒါပေမယ့် ရှိုးရုန် စိတ်မပူပါနဲ့။ ကျယ်ယွီက ဒီကိစ္စလေးကို အပြစ်ယူမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ထပ် တစ်ပန်းကန် ထပ်ပို့ပေးလိုက်တာပါ။"
မူလက ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်သော်လည်း ယွမ်ရှိုး၏ စကားများကိုထေ့ငေါ့ပြောရန် ပိုင်ရှု အခွင့်ကောင်းယူလိုက်သည်။
ယခုအခါ ယိရှိုးရုန်သည် အဆင့်နိမ့်သော ကိုယ်လုပ်တော်များ၏ ပစ္စည်းကို လုယူသူအဖြစ် အထင်ခံရတော့မည်။
ယိရှိုးရုန် ဒေါသထွက်လွန်း၍ နားထင်ကြောများ ထောင်ထလာသည်။ ယွမ်ရှိုး၏ မိုက်မဲမှုကို စိတ်ထဲတွင် ဆဲရေးလိုက်မိသည်။ လင်းရှီးဥယျာဉ်တွင် ယဲ့ယွင်က ငါးပို့ခဲ့ဖူးသည့်ကိစ္စကို သတိရသွားသည်။
ထိုအမှတ်တရများ ပြန်ပေါ်လာသဖြင့် ရုတ်ချည်းပင်နေလို့မကောင်း ဖြစ်သွားသည်။
ပိုင်ရှု ကိုင်ထားသော ထမင်းချိုင့်ကို ကြည့်ရင်း အတွင်းထဲတွင် ကြက်ပေါင်းဟင်းရည် မဟုတ်ဘဲ ကြက်သေကောင်တစ်ကောင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ကိုယ်ဝန်ဆောင်သည်များသည် စိတ်ခံစားမှု ပြင်းထန်တတ်သဖြင့် ရွံရှာစိတ်ဝင်လာပြီး ပျို့ချင်လာသည်။
မနည်းအောင့်အီးထားပြီး ပိုင်ရှုကို နှင်ထုတ်လိုက်သည်။
"မင်ကျယ်ယွီရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒီဟင်းရည်ကို မင်ကျယ်ယွီပဲ သောက်ပါစေ။ ပြန်ယူသွားလိုက်ပါ။"
"ရှိုးရုန်က အားနာတတ်လိုက်တာ။ ကျယ်ယွီက ပြောလိုက်ပါတယ်။ အခုအချိန် ကြက်ပေါင်းဟင်းရည်သောက်ဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူးတဲ့။ မီးဖွားပြီးကာလကျမှ ပိုပြီး သောက်သင့်တာတဲ့။ အဲဒီအချိန်ကျရင် ကျယ်ယွီကိုယ်တိုင် ကြက်ပေါင်းဟင်းရည်လုပ်ပြီး နေ့တိုင်း လာပို့ပေးပါ့မယ်တဲ့။ ထပ်မှာလိုက်သေးတာကကျယ်ယွီရဲ့ စေတနာကို မငြင်းပါနဲ့တဲ့။”
ကိစ္စမပြီးသေးသဖြင့် ပိုင်ရှု မပြန်သေးပေ။ အဓိကပြောချင်သည့် စကားများကို ဆက်ပြောလိုက်သည်။
ထို့နောက် ဆီလို အပေါက်ရှာပြီး ခပ်တည်တည်ဖြင့်သာ ဆက်ပြောလိုက်သည်။
"အရင်တုန်းက ရှိုးရုန် ငါးကြိုက်တုန်းကလည်း ကျယ်ယွီက ကိုယ်တိုင် ငါးလာပို့ပေးဖူးတယ်။ အခု ကြက်ပေါင်းဟင်းရည် ကြိုက်ပြန်တော့ ဟင်းရည်လာပို့ပြန်ပြီ။ ကျယ်ယွီ ပြောလိုက်ပါတယ်။ သူနဲ့ ရှိုးရုန်က နန်းတွင်းကို အတူတူ ဝင်ရောက်ခဲ့ကြတာဆိုတော့ အနောက်ဆောင်က တခြားကိုယ်လုပ်တော်တွေနဲ့သံယောဇဉ်က မတူပါဘူးတဲ့။ ရှိုးရုန်ကို အမြဲတမ်း သတိရနေပါတယ်တဲ့။"
ယိရှိုးရုန်၏ မျက်နှာထား ပိုဆိုးလာသည်ကို မြင်သောအခါ ပိုင်ရှု ရပ်တန့်လိုက်သည်။
"ပစ္စည်းပို့ပြီးပါပြီ။ ရှိုးရုန် သုံးဆောင်ဖို့ မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော် ပြန်ခွင့်ပြုပါဦး။"
ပြောပြီးသည်နှင့် ထမင်းချိုင့်ကိုချကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
.....
ယိရှိုးရုန် သတိပြန်ဝင်လာသောအခါ လူမရှိတော့ပေ။ ဒေါသထွက်စရာ နေရာမရှိသဖြင့် ယွမ်ရှိုးကို ပါးရိုက်လိုက်သည်။
"နင့်ကို အမြဲတမ်း ပြောထားတယ်မလား။ မထင်ပေါ်အောင် နေပါလို့။ ငါပြောတာကို နားမထောင်ဘူးလား။ ကောင်းကောင်းမွန်မွန် နေရတာ မကြိုက်ပဲ ဘာလို့ သူ့ကို သွားရန်စရတာလဲ။ နန်းတော်ထဲမှာ ငါ သတိထားခံနေရတာ မလုံလောက်သေးဘူးလား။"
"မယ်မယ်... ကျွန်မ မှားသွားပါတယ်။ ကျွန်မက မယ်မယ့်အတွက်ပဲ တွေးမိလို့ပါ။ ကြိုက်သလို ရိုက်ပါ၊ ဆူပါ၊ ဒါပေမယ့် စိတ်မဆိုးပါနဲ့။ နဂါးမျိုးဆက်လေး ထိခိုက်သွားပါလိမ့်မယ်။"
ယွမ်ရှိုး ပါးကိုအုပ်ပြီး ဒူးထောက်ကာ ငိုကြွေးတောင်းပန်လိုက်သည်။
ယွမ်ရှီးလည်း စိတ်ပူသွားပြီး ဝင်ရောက်တောင်းပန်လိုက်သည်။
"မယ်မယ်... ကျန်းမာရေး ထိခိုက်အောင် မလုပ်ပါနဲ့။ မင်ကျယ်ယွီ လိုချင်တာ ဖြစ်သွားပါလိမ့်မယ်။ သူက တမင်သက်သက် လာလုပ်တာပါ။ ယွမ်ရှိုး မှားပေမယ့် သူ့ရဲ့ သစ္စာရှိမှုကို ထောက်ထားပြီး ခွင့်လွှတ်ပေးပါနော်။"
အစေခံနှစ်ယောက်ကို ကြည့်ပြီး ယိရှိုးရုန် သက်ပြင်းချလိုက်ပြီး ထခိုင်းလိုက်သည်။
အခန်းထဲ ဝင်သွားပြီး မသောက်ရသေးသော ဟင်းရည်ကို သိမ်းဆည်းခိုင်းလိုက်သည်။
ယွမ်ရှိုး၏ မျက်လုံးထောင့်တွင် မျက်ရည်များ တွဲခိုနေပြီး ပါးပေါ်တွင် လက်ဝါးရာ အနီရောင် ထင်ကျန်ရစ်သည်။
ယိရှိုးရုန် သူမကို ကြည့်ပြီး သံယောဇဉ်ကို ထောက်ထားကာ ပြောလိုက်သည်။
"ငါ ရိုက်တာကို စိတ်မဆိုးပါနဲ့။ ဒီနေ့ ငါလည်း ဒေါသထွက်လွန်းလို့ပါ။ ဒီကိစ္စမှာ နင် အရမ်း မဆင်မခြင် လုပ်ခဲ့တယ်။"
"အခု ငါက ယဲ့မျိုးရိုးထက် ရာထူးကြီးတယ်ဆိုပေမယ့် အရှင်မင်းကြီးက သူ့ကို ချစ်တယ်။ သူ့မိသားစုနောက်ခံကလည်း မဆိုးဘူး။ နောင်တစ်ချိန် သူ ကလေးမွေးရင် ငါတို့နဲ့ တန်းတူ ဖြစ်လာမှာပဲ။ သူက မောက်မာပေမယ့် မတုံးဘူး။ သူ့ကို အသေအလဲ ရန်သူဖြစ်အောင် လုပ်လိုက်ရင် ငါပဲ ဒုက္ခရောက်မှာ။"
ယခင်က တစ်ကိုယ်တည်းမို့ ကိစ္စမရှိပေမယ့် အခု ကလေးရှိလာတော့ ပိုပြီး စဉ်းစားရပေမည်။
ယွမ်ရှိုး ခေါင်းညိတ်လိုက်ပြီး မှတ်သားထားလိုက်သော်လည်း စိတ်ထဲတွင်မူ ယဲ့ယွင်ကို အလွန်မုန်းတီးသွားသည်။
ဒီနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စကြောင့် ယိရှိုးရုန်သည် ကြက်ပေါင်းဟင်းရည်ကို ရွံရှာသွားသည်။
ယခုအချိန်သည် အဆိုးဆုံး မဟုတ်သေးပေ။ အဆိုးဆုံးကတော့ မီးဖွားပြီးကာလကျရင် ယဲ့ယွင်က နေ့တိုင်း ကြက်ပေါင်းဟင်းရည် လာပို့မယ်ဆိုတာ တွေးမိတိုင်း စိတ်မချမ်းသာ ဖြစ်နေရတာပါပဲ။
ခြုံပြောရရင် ဘယ်နေရာမှ နေလို့မကောင်းတော့ဘူး။
ယဲ့ယွင်က ဘာမှ အလွန်အကျွံ မလုပ်ခဲ့ မပြောခဲ့ပေမယ့် သူမကို စိတ်ဒုက္ခပေးနေတုန်းပဲ။
'သူခိုးခိုးမှာ မကြောက်ရဘူး၊ သူခိုးကြံမှာ ကြောက်ရတယ်' ဆိုတဲ့ စကားပုံလိုပါပဲလား။
......
ဤကဲ့သို့ စိတ်ဒုက္ခရောက်နေရင်း နှစ်ရက်အကြာတွင် မီးဖွားရန် နာကျင်လာလေသည်။
ညစာစားပြီးချိန်တွင် နေရာအနှံ့အပြားမှ သတင်းရရှိသွားကြသည်။ ယင်းယန်
အဆောင်တွင် ယိရှိုးရုန် မီးဖွားနေပြီ။
အားလုံး အပြေးအလွှား သွားရောက်ကြသည်။
ယဲ့ယွင် လမ်းလျှောက်ရင်း ဟွေယွဲ့နှင့် စကားပြောနေသည်။
"တွေ့လား... ငါ အမြဲတမ်း မျှော်လင့်နေတာ တကယ်ဖြစ်လာပြီ။ မြန်မြန်မွေးပါစေလို့ ဆုတောင်းနေတာ။"
မွေးတာ ကောင်းပါတယ်။ မွေးပြီးရင် အတားအဆီး နည်းသွားပြီ။ နင့်ကိုမှတ်လောက်သားလောက်အောင် ဆုံးမပေးအုံးမယ် ဟမ်။
ကြက်ပေါင်းဟင်းရည်တွေကို အခုကတည်းကအဆင်သင့် ပြင်ထားပြီးဖြစ်သည်။ မီးဖွားပြီးကာလကျရင် နင့်ကိုကျွေးဖို့တစ်ရက်မှ မပျက်ကွက်စေရဘူး။
ယိရှိုးရုန် မသောက်ရင်တောင် ရွံအောင် လုပ်ပစ်မယ်။ အစေခံလုပ်တာ သူနဲ့မဆိုင်ဘူးလို့ မပြောနဲ့။ အစေခံက သူ့လူဆိုရင် သူတာဝန်ယူရမှာပဲ။
ယဲ့ယွင် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ နန်းတော်ထဲတွင် သဘောထားကြီးလွန်းခြင်းကို ရှောင်ကြဉ်ရမည်။ ဒီနေ့ ဝူရှီ မသိလို့ ခွင့်လွှတ်လိုက်ရင် မနက်ဖြန်ကျရင် သူသိသိရက်နဲ့ တမင်လုပ်လာလိမ့်မယ်။
ယင်းယန်အဆောင်ရောက်သောအခါ လူအနည်းငယ် ရောက်နှင့်နေပြီ ဖြစ်သည်။
ကျင်းဖေး အရင်ဆုံး ရောက်နေပြီး သမားတော်ကို အခြေအနေ မေးမြန်းထားရာ အားလုံး အဆင်ပြေသည်ဟု သိရသည်။
မကြာမီ ရှူးဖေးနှင့် ဝမ်သယ့်ဖေးတို့ ရောက်လာကြသည်။ နောက်ဆုံးမှ မိဖုရားခေါင်ကြီး ရောက်လာသည်။
တကယ်တော့ မိဖုရားခေါင်ကြီး မလာချင်ပါဘူး။ သူ့ကိုယ်ဝန်က မငြိမ်မသက် ဖြစ်နေတုန်းပဲလေ။
မနေ့ညက အိပ်ရာခင်းပေါ်မှာ သွေးစွန်းနေပြန်ပြီ။ ၄ လကျော်နေပြီဆိုတော့ အလွန်
အန္တရာယ်များပေသည်။
သို့သော်ကိုယ်လုပ်တော်တစ်ယောက် မီးဖွားနေသည့်အတွက် သူ မရှိလျှင် တစ်ခုခုဖြစ်သွားရင် သူ့တာဝန် ဖြစ်သွားပေလိမ့်
မည်။ ထို့သို့စဉ်းစားပြီးနောက် လာခဲ့လိုက်ရသည်။ ခဏလောက် ထိုင်၍သာ စောင့်ကြည့်ရမည်ဆိုသည့်အတွက် မပင်ပန်းလောက်ဘူးလို့ တွေးမိသောကြောင့်လည်းဖြစ်ပေသည်။
"မယ်မယ် စိတ်မပူပါနဲ့။ ဒီချန်းချဲ့ သမားတော်ကို မေးပြီးပါပြီ။ ယိရှိုးရုန်ရဲ့ ကလေးအနေအထား မှန်ကန်ပါတယ်။ မွေးဖွားရတာ သိပ်မခက်ခဲပါဘူး။ အခုမှ စနာတာဆိုတော့ မွေးဖို့ ကြာဦးမှာပါ။"
ကျင်းဖေးက အခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။
မိဖုရားခေါင်ကြီး အားမရှိသလို ခေါင်းညိတ်လိုက်ပြီး သမားတော်ကို မှာကြားကာ လူဝင်ကြည့်ခိုင်းလိုက်သည်။
အတွင်းထဲမှ ယိရှိုးရုန်၏ ညည်းညူသံများ ပြတ်တောင်းပြတ်တောင်း ကြားနေရသော်လည်း မွေးမည့်အရိပ်အယောင် မရှိသေးပေ။ ဘယ်သူမှ မပြန်ရဲကြဘဲ ထိုင်စောင့်နေကြသည်။
တစ်နာရီလောက် ကြာသွားသော်လည်း မမွေးဖွားနိုင်သည့်အတွက် မိဖုရားခေါင်ကြီးသည်လည်း ထိုင်နေရလွန်းသည့်အတွက် မသက်မသာခံစားလာရသည်။ နောက်ဆုံးတွင် အရှုံးပေးလိုက်သည်။
"ပန်ကုန်း နေမကောင်းဘူး၊ အရမ်းပင်ပန်းနေပြီ။ ရှူးဖေး၊ ဝမ်သယ့်ဖေး... နင်တို့နှစ်ယောက် ဒီမှာစောင့်ပြီး ယိရှိုးရုန်ကို ကြည့်ပေးကြ။ တစ်ခုခုထူးခြားရင် ဖုန်းရှီးနန်းဆောင်ကို လာသတင်းပို့။"
ဝမ်သယ့်ဖေး တစ်ခွန်းနှစ်ခွန်းလောက် ပြန်ပြောချင်သော်လည်း မိဖုရားခေါင်ကြီး၏ မျက်နှာထား မကောင်းသည်ကို တွေ့ရသဖြင့် သည်းခံလိုက်သည်။
ထို့ကြောင့် မိဖုရားခေါင်ကြီး တစ်ဦးတည်း ပြန်သွားပြီး ကျန်ကိုယ်လုပ်တော်များ ဆက်လက်စောင့်ဆိုင်းနေကြသည်။
သို့သော် ယိရှိုးရုန်ဗိုက်ထဲက ကလေးက ထွက်လာဖို့ အလျင်မလိုသကဲ့သို့ သန်းခေါင်ယံအထိ စောင့်နေသော်လည်း မမွေးသေးပေ။ ကိုယ်လုပ်တော်များသည်လည်း အချိန်ကြာမြင့်လာပြီးဖြစ်သည့်အတွက် ဆက်လက်မစောင့်နိုင်ကြတော့ပေ။
နောက်ဆုံးတွင် ရှူးဖေးနှင့် ဝမ်သယ့်ဖေး တိုင်ပင်ပြီး အားလုံးကို ပြန်နားခိုင်းလိုက်သည်။ သမားတော်နှင့် ဝမ်းဆွဲသည်ကို စောင့်ကြည့်ခိုင်းထားပြီး မွေးခါနီးရင် ပြန်လာခေါ်ခိုင်းလိုက်သည်။
***