အခန်း (၁၈၃-၁၈၄)
Vol. 12 Ch. 183-184
အခန်း ၁၈၃ ။ ဝမ်းနည်းဝမ်းသာ
ကိုယ်လုပ်တော်များအားလုံး ပြန်နားလိုက်ကြသည်။
စောစောအိပ်တတ်သောသူများ ဖြစ်သဖြင့် အိပ်ရေးပျက်၍ အလွန်ပင်ပန်းနေကြသည်။
နောက်တစ်နေ့နံနက် မနက်စာစားချိနရောက်မှသာ တကယ်မွေးတော့မည်ဟူသော သတင်းရရှိခဲ့သည်။
ထို့ကြောင့် အားလုံး ယင်းယန်အဆောင်သို့ ပြန်သွားကြသည်။ မိဖုရားခေါင်ကြီးသည်လည်း ခန္ဓာကိုယ်မကောင်းသော်လည်း ကြိုးစားပြီး လိုက်လာခဲ့သည်။
ယဲ့ယွင်သည် အောက်ခြေတွင် ထိုင်ရင်း မိဖုရားခေါင်ကြီး၏ မျက်နှာထားကို အကဲခတ်နေသည်။
မျက်နှာချေ ထူထူလိမ်းထားသော်လည်း မျက်နှာဖြူဖျော့မှုနှင့် မျက်ကွင်းညိုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
အထူးသဖြင့် မိဖုရားခေါင်ကြီး၏ လက်သည် ဗိုက်ပေါ်မှ မခွာဘဲ အမြဲတမ်း ပွတ်သပ်နေသည်ကို ကြည့်လျှင် ကိုယ်ဝန်အခြေအနေ မကောင်းမှန်း သိသာသည်။
သို့သော် လောလောဆယ်တွင် ယိရှိုးရုန်အပေါ် အာရုံရောက်နေကြသဖြင့် မည်သူမျှ သတိမထားမိကြပေ။
အတွင်းခန်းထဲမှ ငိုသံ၊ အော်ဟစ်သံများ ကြားနေရသည်မှာ သမားတော်ပြောသလို လွယ်လွယ်ကူကူ မွေးမည့်ပုံ မပေါ်ပေ။
ကလေးမမွေးဖူးသေးသော ယဲ့ယွင်အပါအဝင် ကိုယ်လုပ်တော်အချို့ ကြောက်လန့်နေကြသည်။
ကံကောင်းစွာဖြင့် စောင့်ရသည့်အချိန် သိပ်မကြာလိုက်ပေ။ နှစ်နာရီခန့်အကြာတွင် ကလေးငိုသံ စူးစူးရှရှ ထွက်ပေါ်လာလေသည်။
"မွေးပါပြီ... မွေးပါပြီ... ဂုဏ်ယူပါတယ် ရှိုးရုန်။ မင်းသားလေး မွေးဖွားပါတယ်။"
ဝမ်းဆွဲသည်၏ အသံကို ကြားလိုက်ရသောအခါ အပြင်မှလူအများစု စိတ်ပျက်သွားကြသည်။
တစ်ဝက်က ယိရှိုးရုန် သမီးမွေးပါစေဟု ဆုတောင်းနေကြပြီး၊ ကျန်တစ်ဝက်ကမူ သားအမိနှစ်ယောက်လုံး သေဆုံးပါစေဟု ဆုတောင်းနေကြသောကြောင့် ဖြစ်သည်။
မည်သူမျှ ဆန္ဒမပြည့်ဝခဲ့ကြပေ။
မိဖုရားခေါင်ကြီး၏ မျက်လုံးများ မှိန်ဖျော့သွားသော်လည်း နင်ချန် မှာကြားခဲ့သည့်အတိုင်း ကြေညာလိုက်သည်။
"ယိရှိုးရုန်က မင်းသားမွေးဖွားပေးတဲ့အတွက် ရှိုးယွမ်ရာထူး တိုးမြှင့်ပေးလိုက်တယ်။ မင်းသားလေး သုံးလသားအရွယ် ပြည့်တဲ့အချိန်ကျရင် လန်ဟွာနန်းဆောင်ကို ပြောင်းရွှေ့နေထိုင်စေ။"
ဒီနေ့ကစပြီး နန်းတော်ထဲမှာ မိသားစုနောက်ခံကောင်းမွန်ပြီး ရာထူးမြင့်မားကာ မင်းသားတစ်ပါး ပိုင်ဆိုင်ထားတဲ့ ကိုယ်လုပ်တော်တစ်ဦး ထပ်တိုးလာခဲ့ပြီ။
အားလုံးက ကလေးကို ကြည့်ပြီး အားကျနေကြသည်။ ဝမ်သယ့်ဖေးသည်လည်းကျန်းမာဝဖြိုးပြီး အသားအရေနီမြန်းနေသော မင်းသားလေးကိုကြည့်ပြီး အားကျနေမိသည်။ သူမ၏ သားတော်ကြီးက အားနည်းနေသည်ကို ပြန်တွေးမိပြီး စိတ်မကောင်းဖြစ်ရုံမက အခြားခံစားချက်များပါ ဝင်ရောက်လာသည်။
နန်းတော်ထဲတွင် မင်းသားတစ်ပါး တိုးလာခြင်းသည် ကြီးမားသော မင်္ဂလာသတင်းဖြစ်သဖြင့် မယ်တော်ကြီးကိုယ်တိုင် လာရောက်ကြည့်ရှုသည်။
ယိရှိုးယွမ်နှင့် မင်းသားလေးကို ဆုလာဘ်များ ချီးမြှင့်ပြီး တောင်ဘက်သို့ ရောက်နေသော နင်ချန်ထံသို့ စာပို့အကြောင်းကြားခိုင်းလိုက်သည်။
သို့သော် ဝမ်းသာ၍ မဆုံးသေးခင်မှာပင် မိဖုရားခေါင်ကြီး ရုတ်တရက် မေ့လဲသွားလေသည်။
အနီးဆုံးတွင် ရှိနေသော ကျောက်ကျယ်ယွီသည် မိဖုရားခေါင်ကြီး၏ စကတ်ပေါ်မှ သွေးကွက်များကို တွေ့လိုက်ရပြီး အော်ဟစ်လိုက်သည်။
"မိဖုရားခေါင်ကြီး သွေးဆင်းနေပြီ။ သမားတော် မြန်မြန်ခေါ်ကြ။"
ကံကောင်းစွာဖြင့် သမားတော် မပြန်သေးသဖြင့် ချက်ချင်း ရောက်လာသည်။
သို့သော် အခက်အခဲတစ်ခု ရှိနေသည်။ ယင်းယန်အဆောင်တွင် ပင်မအဆောင်တစ်ခုတည်း ရှိပြီး ဘေးအဆောင်များ မရှိသဖြင့် အတွင်းခန်းထဲတွင် လိုက်ကာနှစ်ခုဖြင့် ကာရံလိုက်ပြီး ဆိုဖာနှစ်လုံးဆက်ကာ မိဖုရားခေါင်ကြီးကို လှဲစေလိုက်သည်။
ယိရှိုးယွမ် မွေးဖွားပြီးခါစဖြစ်၍ အခန်းထဲတွင် သွေးညှီနံ့များ ရနေသဖြင့် စန္ဒကူးနံ့သာတိုင်များ ထွန်းညှိပြီး အနံ့ပျောက်အောင် လုပ်ရသည်။
"မိဖုရားခေါင်ကြီး ဘာဖြစ်တာလဲ မြန်မြန်ကြည့်ပေးကြစမ်း။"
မယ်တော်ကြီး စိုးရိမ်တကြီး ပြောလိုက်သည်။
တိုင်းပြည်၏ မိခင်တစ်ဦးဖြစ်သဖြင့် ဧကရာဇ် မရှိခိုက် ကိုယ်ဝန်ပျက်ကျသွားလျှင် ယောက္ခမဖြစ်သူ သူမလည်း တာဝန်မကင်းပေ။
ယိရှိုးယွမ်ကို မွေးပေးသော သမားတော်သည် နန်းတွင်းသမားတော်အကြီးအကဲ သမားတော်ကြီးကျန်း မဟုတ်ပေ။ မိဖုရားခေါင်ကြီးကို စစ်ဆေးပြီးနောက် မျက်နှာပျက်သွားသည်။
"မယ်တော်... ကျွန်တော်မျိုးက အရည်အချင်း မမီပါဘူး။ သမားတော်အကြီးအကဲကို ခေါ်မှ ဖြစ်ပါလိမ့်မယ်။"
ဆိုလိုတာက အခြေအနေ ဆိုးရွားနေပြီဖြစ်သည်။ မယ်တော်ကြီးက ချက်ချင်း လူလွှတ်ပြီး နန်းတွင်းသမားတော်အဖွဲ့မှ ကျွမ်းကျင်သူများကို အကုန်ခေါ်ခိုင်းလိုက်သည်။
ကျယ်ဝန်းသော ယင်းယန်အဆောင်သည် လူများဖြင့် ပြည့်ကျပ်သွားသည်။
သမားတော်ကြီးကျန်းသည် အသက်ကြီးပြီဖြစ်၍ လမ်းလျှောက်နှေးသဖြင့် နောက်ဆုံးတွင် သန်မာသော မိန်းမစိုးတစ်ယောက်က ကုန်းပိုးပြီး ပြေးလာရသည်။
လူက မူးဝေနေသော်လည်း အသက်ပင် ဝဝမရှူရသေးခင် မိဖုရားခေါင်ကြီး၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
သွေးခုန်နှုန်း စမ်းသပ်လိုက်သည်နှင့် အသက်ရှူမှားသွားသည်။
မယ်တော်ကြီး စိတ်မရှည်စွာ စားပွဲကို ရိုက်လိုက်သည်။
"ဘာလို့ ဘာမှမပြောကြတာလဲ။ မိဖုရားခေါင်ကြီး ဘယ်လိုနေလဲ။ အကုန်လုံး အ,နေကြတာလား။"
"မယ်တော်ကြီး... မိဖုရားခေါင်ကြီးရဲ့... ကိုယ်ဝန် ပျက်ကျသွားပါပြီ။"
သမားတော်ကြီးကျန်း တုန်ရီစွာ ဒူးထောက်လိုက်သည်။
ထိုစကားထွက်လာသည်နှင့် အခန်းထဲရှိ လူအားလုံး အသက်ရှူရပ်သွားကြသည်။
ကျန်းမာသန်စွမ်းသော တတိယမင်းသားလေး မွေးဖွားလာခြင်းသည် မင်္ဂလာသတင်းဖြစ်သော်လည်း မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျခြင်းသည် ဝမ်းနည်းစရာ ဖြစ်သွားသည်။
ဝမ်းနည်းဝမ်းသာ ဖြစ်နေသော အခြေအနေတွင် မည်သူမျှ စကားမပြောရဲကြပေ။
မယ်တော်ကြီးသည် လက်ထဲမှ ပုတီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးမှိတ်ကာ အံကြိတ်ထားသည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
ခဏကြာမှ မေးလိုက်သည်။
"မိဖုရားခေါင်ကြီးရဲ့ ကိုယ်ဝန်ကို မင်းပဲ ကြည့်ရှုနေတာလေ။ ဘာလို့ ရုတ်တရက် ပျက်ကျသွားရတာလဲ။"
သမားတော်ကြီးကျန်း သက်ပြင်းချလိုက်ပြီး မဖုံးကွယ်ရဲတော့ဘဲ မိဖုရားခေါင်ကြီး၏ ကိုယ်ဝန်အခြေအနေ မကောင်းခဲ့ကြောင်း အကုန်ပြောပြလိုက်သည်။
နားထောင်ပြီးသောအခါ လူတိုင်းက မိဖုရားခေါင်ကြီး ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ကိုယ်ဝန်အခြေအနေ မကောင်းမှန်းသိရက်နဲ့ နန်းတွင်းကိစ္စတွေ ကိုင်တွယ်၊ ဘိုးဘေးကန်တော့ပွဲ တက်၊ နှစ်သစ်ကူးဧည့်ခံပွဲတွေ လုပ်ခဲ့တာ။ သာမန်ကိုယ်လုပ်တော်တွေတောင် နှစ်သစ်ကူးပြီးရင် ပိန်သွားတတ်တာ၊ ကိုယ်ဝန်မငြိမ်တဲ့ မိဖုရားခေါင်ကြီးဆိုရင် ပြောမနေနဲ့တော့။
မနေ့ညက အိပ်ရေးပျက်ခဲ့တာလည်း ပါမှာပေါ့။ ဒီနေ့တော့ မခံနိုင်တော့ဘဲ ပျက်ကျသွားတာပဲနေမှာ။
"မိဖုရားခေါင်ကြီးကို ဝေါယာဉ်အပျော့စားနဲ့ ဖုန်းရှီးနန်းဆောင် ပြန်ပို့လိုက်။ ကျန်တဲ့လူတွေ အကုန် ပြန်ကြတော့။ မိဖုရားခေါင်ကြီး သတိမရခင်အထိ ဘယ်သူမှ ပြဿနာမရှာကြနဲ့။ မျက်စိနောက်စရာ လုပ်တဲ့သူရှိရင် နန်းတွင်းစည်းမျဉ်းအတိုင်း အပြစ်ပေးမယ်။"
ကိုယ်လုပ်တော်များ ပြန်ထူးပြီး တစ်ခဏမျှ မနေရဲဘဲ ချက်ချင်း လူစုခွဲလိုက်ကြသည်။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသွားသည့်ကိစ္စကြောင့် ယင်းယန်အဆောင်တွင်လည်း အောင်ပွဲမခံရဲကြတော့ပေ။
ယိရှိုးယွမ် စိတ်မကောင်းဖြစ်သော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် မိဖုရားခေါင်ကြီးနှင့် သူမ၏ ကလေးကို ပိုပြီး လေးစားရမည်ဖြစ်၍ ရှောင်နေလိုက်ရသည်။
နောက်ဆုံးတွင် ယင်းယန်အဆောင်မှ အစေခံများကို ငွေကြေးအနည်းငယ် ဆုချပြီး အောင်ပွဲခံလိုက်ရသည်။
....
ယဲ့ယွင် ပြန်လာသောလမ်းတွင် ဝမ်ရှိုးယွမ်က တမင်စောင့်ပြီး အတူပြန်လာခဲ့သည်။
"ငါကတော့ ပူလောင်နေတဲ့ အာလူးတစ်လုံးကို လက်ခံလိုက်ရသလိုပဲ။ မိဖုရားခေါင်ကြီးက နန်းတွင်းအာဏာ လွှဲပေးပြီးခါစမှာ ကိုယ်ဝန်ပျက်ကျသွားတယ်။ ကြည့်ရတာ ငါ ရှောင်လွှဲလို့မရတော့ဘူးထင်တယ်။ အချိန်အတိုင်းအတာတစ်ခုထိ ကိုင်တွယ်ရဦးမှာပဲ။"
နန်းတွင်းအာဏာရရှိခြင်းက ကောင်းသော်လည်း ပြဿနာများ ပါလာနိုင်သည်။ ဝမ်ရှိုးယွမ်က ရည်မှန်းချက်မကြီးဘဲ သမီးလေးနဲ့ အေးအေးဆေးဆေး နေချင်သူမို့ လက်မခံချင်ခဲ့ပေ။
နေမကောင်းချင်ယောင်ဆောင်ပြီး ပြန်အပ်မယ် စိတ်ကူးထားပေမယ့် အခု မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသွားသည့်အတွက် လအနည်းငယ်လောက် နားရန်လိုအပ်ပေလိမ့်မည်။ ထို့ကြောင့်ပြန်အပ်လို့အဆင်မပြေတော့ပေ။
"ညီမလေး အမြင်ကတော့... အစ်မတော်အနေနဲ့ အခွင့်ကောင်းယူပြီး အာဏာကို မြဲမြဲဆုပ်ကိုင်ထားသင့်တယ်။ အချိန်ကြာလာရင် ကိုယ့်လူတွေကို နေရာချထားလို့ ရလာလိမ့်မယ်။ နန်းတော်ထဲမှာ ကိုယ့်လူရှိတာ ကောင်းပါတယ်။"
ယဲ့ယွင် အကြံပေးလိုက်သည်။
ဝမ်ရှိုးယွမ် ကြောင်အသွားသည်။
"ညီမလေး ဆိုလိုတာက..."
"မိဖုရားခေါင်ကြီးက ဖေးအဆင့်တွေကို သတိထားနေတယ်။ အစ်မတော်က မင်းသမီးပဲ မွေးထားတာ၊ ရာထူးလည်း သိပ်မမြင့်တော့ အာဏာပြန်သိမ်းတဲ့အချိန်ကျရင် အစ်မတော်ဆီက အရင်သိမ်းမှာ သေချာတယ်။ ဒီအချိန်အတောအတွင်း နေရာအနှံ့မှာ ကိုယ့်လူတွေကို ထည့်ထားနိုင်ရင် မခက်ခဲပါဘူး။ သူများကို ဒုက္ခမပေးရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပြင်ဆင်ထားသင့်တယ်။"
ယဲ့ယွင် သူမ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
သူမ၏ အကြီးမားဆုံး အားနည်းချက်မှာ လူအင်အား မရှိခြင်း ဖြစ်သည်။
ရာထူးနိမ့်သောကြောင့် လူထည့်ရန် မလွယ်ကူပေ။ နန်းတော်အနှံ့အပြားတွင် သတင်းပေးမရှိလျှင် သတင်းရရှိမှု နောက်ကျတတ်သည်။
အေးဆေးနေချိန်တွင် ကိစ္စမရှိသော်လည်း အရေးကြုံလာလျှင် အချိန်နှင့်တပြေးညီ သိရှိရန် လိုအပ်သည်။ လူမရှိလျှင် အခွင့်အရေး ဆုံးရှုံးသွားနိုင်သည်။
"ညီမလေး ပြောတာ ဟုတ်တယ်။ အစ်မ သေချာမစဉ်းစားမိဘူး။ အခုတော့ ထည့်သွင်းစဉ်းစားရတော့မယ်။"
ဝမ်ရှိုးယွမ် မျက်လုံးမှေးလိုက်သည်။ စိတ်ထဲတွင် အစီအစဉ် ချမှတ်လိုက်ပြီ ဖြစ်သည်။
လမ်းခွဲတွင် နှစ်ဦးသား လမ်းခွဲလိုက်ကြသည်။
.....
ယဲ့ယွင် ပြန်လာရင်း နင်ချန်အတွက် စိတ်မကောင်း ဖြစ်မိသည်။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စနှင့် ယိရှိုးယွမ် မင်းသားမွေးသည့်ကိစ္စများကို စာရေးပြီး ပို့ရဦးမည်။ ယန်ဝမ်ရုန် သေဆုံးသည့်သတင်းလည်း မကြာခင် ရောက်တော့မည်။
ဒီလို ဆက်တိုက်ဖြစ်ပျက်နေတဲ့ သတင်းဆိုးတွေကိုသာကြားရင် နင်ချန် ဘယ်လိုခံစားရမလဲ မသိဘူး။
အထူးသဖြင့် မကောင်းတဲ့ကိစ္စနှစ်ခုက အချိန်ကပ်ပြီး ဖြစ်ပျက်ခဲ့တာဆိုတော့ ဆက်စပ်တွေးမိရင် တစ်ခုခုလွဲမှားနေတာကို ခန့်မှန်းမိမှာပဲ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -184
အခန်း ၁၈၄ ။ သံသယ
မည်သို့ပင်ဖြစ်စေ မိဖုရားခေါင်ကြီးဘက်၌ ဘာပဲဖြစ်နေပါစေ ယဲ့ယွင် ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်က သူမ၏ကတိကို တည်ဖို့သာဖြစ်သည်။
ထို့ကြောင့် ယဲ့ယွင် ယွီရှို့အဆောင်သို့ ပြန်ရောက်ပြီး နှစ်နာရီအကြာတွင် ကြက်ပေါင်းရည်တစ်ခွက် ယင်းယန်အဆောင်သို့ ရောက်ရှိသွားသည်။
ဒီနေ့မှစ၍ ယိရှိုးယွမ်သည် မီးတွင်းသည်ကာလကို စတင်ရတော့မည်။
ယင်းယန်အဆောင်မှလူများက ယဲ့ယွင် တကယ်ပို့လာလိမ့်မည်ဟု ထင်မထားခဲ့ကြသည်မှာ သိသာလှသည်။ ကြက်ပေါင်းရည်ကို ယိရှိုးယွမ်ရှေ့သို့ ဆက်သလိုက်သောအခါ သူမ ဒေါသထွက်လွန်း၍ ပန်းကန်လုံးကို ရိုက်ခွဲပစ်လိုက်သည်။
"ယဲ့မျိုးရိုး၊ နင် တော်တော်ရဲပါလား"
ယိရှိုးယွမ်သည် မီးဖွားပြီးခါစ ပြန်လည်ရရှိလာသည့် အားအင်အနည်းငယ်မှာ ဒေါသကြောင့် ကုန်ဆုံးသွားပြီး မူးဝေလာကာ ကုတင်ပေါ်တွင် မလှုပ်ရှားနိုင်တော့ပေ။
"မျက်စိမပါတဲ့ကောင်၊ အဲဒါကို မြန်မြန်လွှင့်ပစ်လိုက်စမ်း" ယွင်ရှို့က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
ကြက်ပေါင်းရည်လာပို့သော နန်းတွင်းအစေခံမလေးမှာ ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားပြီး ကြမ်းပြင်ပေါ်မှ ကြွေကွဲစများကို အမြန်သိမ်းဆည်းကာ ကြမ်းပြင်ကို သုတ်လိုက်ရသည်။
သို့သော် ယိရှိုးယွမ်က အခန်းထဲတွင် ကြက်ပေါင်းရည်နံ့ ရနေသည်ဟု ခံစားနေရဆဲပင်။
မီးတွင်းသည်ကာလတွင် လေတိုက်ခံ၍မရသဖြင့် ပြတင်းပေါက်ဖွင့်၍ လေဝင်လေထွက်ကောင်းအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် အမွှေးတိုင်နှစ်တိုင် ထပ်ထွန်းခိုင်းလိုက်မှသာ အနည်းငယ် သက်သာသွားတော့သည်။
နောက်တစ်နေ့တွင် ဒုတိယမြောက် ပန်းကန်လုံး ရောက်လာဦးမည်ဟု ထင်ခဲ့သော်လည်း ယဲ့ယွင် ထပ်မပို့တော့ပေ။
ဤသည်မှာ အတော်အသင့် ပြုလုပ်ခြင်းပင်။
အမှန်တကယ် နေ့တိုင်းပို့နေလျှင် လွန်လွန်းရာကျပေမည်။
ယိရှိုးယွမ်သည် မည်သို့ပင်ဖြစ်စေ မင်းသားလေးတစ်ပါး မွေးဖွားထားသူဖြစ်ရာ ယဲ့ယွင် အလွန်အမင်း မောက်မာ၍မဖြစ်ပေ။ လူကို စိတ်အနှောင့်အယှက် ဖြစ်သွားစေရုံဖြင့် လုံလောက်ပြီဖြစ်သည်။
ယခု တစ်နှစ်၊ နှစ်နှစ်အတွင်း ယိရှိုးယွမ် ကြက်ပေါင်းရည် သောက်ချင်စိတ်ရှိတော့မည် မဟုတ်ပေ။
....
နောက်တစ်နေ့ နေ့လယ်တွင် မိဖုရားခေါင်ကြီး သတိရလာခဲ့သည်။
နိုးလာစတွင် မျက်စိရှေ့၌ ဝေဝါးနေပြီး အဝါရောင်ကုတင်လိုက်ကာပေါ်မှ ပန်းချီပန်းပွင့်များကို သေချာမမြင်ရပေ။ လည်ချောင်းမှာလည်း ခြောက်ကပ်နေသည်။
ထိုသို့ လှဲလျောင်းနေရင်း လက်ဖက်ရည်တစ်ပွက်စာ အချိန်ကြာပြီးနောက်မှ သတိပြန်လည် ကြည်လင်လာသည်။
မနေ့က အဖြစ်အပျက်များကို ပြန်သတိရလာပြီး မသိစိတ်ဖြင့် ဝမ်းဗိုက်ကို စမ်းကြည့်လိုက်ရာ ထူးခြားသော အထိအတွေ့ကို ခံစားလိုက်ရသည်။
"လာကြပါဦး၊ မြန်မြန်လာကြပါဦး၊ သမားတော် ခေါ်ပေးပါ၊ ငါ့ဗိုက်... အ..."
ရုန်းကန်ထရန် ကြိုးစားလိုက်သော်လည်း ဝမ်းဗိုက်အောက်ပိုင်းမှ စူးရှသော နာကျင်မှုကြောင့် မိဖုရားခေါင်ကြီး ကုတင်ပေါ်သို့ ပြန်လဲကျသွားသည်။
အပြင်ဘက်တွင် စောင့်နေသော တင်းမားမား အပြေးဝင်လာသည်။
"မယ်မယ်၊ ကိုယ်ခန္ဓာ အားနည်းနေပါတယ်၊ အရင် လှဲနေပါဦး၊ ကျွန်မ သမားတော် သွားခေါ်လိုက်ပါ့မယ်"
"မားမား... မနေ့က ငါမူးလဲသွားတာ... ဘာဖြစ်သွားတာလဲ၊ ကလေးရော... ကလေး ရှိသေးလား"
မိဖုရားခေါင်ကြီးသည် တင်းမားမား၏ လက်ကိုဆွဲကာ စိုးရိမ်ထိတ်လန့်သော မျက်လုံးများဖြင့် မေးလိုက်သည်။
သို့သော် တင်းမားမားက သူမ၏အကြည့်ကို ရှောင်လွှဲလိုက်သည့်အခါ သူမ အရာအားလုံးကို နားလည်လိုက်သည်။
ဝိညာဉ်လွင့်ပါးသွားသကဲ့သို့ တစ်ကိုယ်လုံး ပျော့ခွေသွားပြီး မျက်ရည်များ စီးကျလာသည်။
"မယ်မယ် ကလေးက နောက်ထပ် ရနိုင်ပါသေးတယ်၊ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ၊ မီးတွင်းကာလမှာ မငိုရပါဘူး၊ မျက်လုံးထိခိုက်ပါလိမ့်မယ်" တင်းမားမားလည်း ဝမ်းနည်းပက်လက် ဖြစ်နေရှာသည်။
မျက်ရည်များ ဝဲလာသည်။
သို့သော် သားသမီးဆုံးရှုံးရသည့် ဝေဒနာကို အခြားသူများ မည်သို့နားလည်နိုင်မည်နည်း။ မိဖုရားခေါင်ကြီးမှာ ကောင်းကင်ပြိုကျသကဲ့သို့ ခံစားလိုက်ရသည်။
အစပိုင်းတွင် အသံတိတ် ငိုကြွေးနေရာမှ ကြာလာသော် အသံထွက် ငိုကြွေးလာပြီး ခေါင်းကို စောင်ဖြင့်အုပ်ကာ မူးမေ့သွားသည်အထိ ငိုကြွေးလေတော့သည်။
သမားတော်ရောက်လာပြီး အပ်စိုက်ကုသပေးမှသာ ပြန်လည်သတိရလာသည်။
...
မိဖုရားခေါင်ကြီး သတိရလာသောအခါ အခန်းထဲရှိလူအားလုံးကို မောင်းထုတ်လိုက်ပြီး တစ်နေကုန် တစ်ယောက်တည်း နေခဲ့သည်။ မယ်တော်ကြီး ကိုယ်တိုင်လာရောက် ကြည့်ရှုမှသာ လက်ခံတွေ့ဆုံခဲ့သည်။
ယောက္ခမနှင့် ချွေးမကြား ဆက်ဆံရေးမှာ မူလကတည်းက သိပ်မကောင်းလှပေ။ ယခုအချိန်တွင် မိဖုရားခေါင်ကြီးမှာ ဧည့်ခံစကားပြောရန် စိတ်မပါသဖြင့် နှစ်ဦးသား မကျေမနပ်ဖြင့် လမ်းခွဲလိုက်ကြသည်။
အဓိကမှာ မယ်တော်ကြီးကလည်း အားမနာဘဲ စကားလုံးတိုင်းတွင် ပြစ်တင်ဝေဖန်မှုများ ပါဝင်နေသောကြောင့် ဖြစ်သည်။
မိဖုရားခေါင်ကြီးသည် အနေအထိုင်မတတ်ကြောင်း၊ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်သဖြင့် ကိုယ်ဝန်ပျက်ကျရကြောင်း ပြောဆိုသည်။
ယခုအချိန်တွင် မိဖုရားခေါင်ကြီးက ဤစကားများကို မည်သို့နားဝင်နိုင်မည်နည်း။ သူမလည်း အားမနာဘဲ တစ်ခွန်းနှစ်ခွန်း ပြန်ပြောလိုက်သည်။
မယ်တော်ကြီးကို ဖုမားမားက ဖျောင်းဖျသဖြင့် ဒေါသပေါက်ကွဲခြင်း မရှိခဲ့သော်လည်း စိတ်ဆိုးသွားခဲ့သည်။
ထို့ကြောင့် တောင်ဘက်သို့ ပေးပို့သည့်စာတွင် ပါဝင်သော အကြောင်းအရာများမှာ မကောင်းလှပေ။
.....
အမှန်စင်စစ် ဤအရာများကို မိဖုရားခေါင်ကြီး လုံးဝမသိရှိပေ။ ရက်အနည်းငယ်ကြာပြီးနောက် သူမ သတိပြန်ဝင်လာချိန်တွင် မယ်တော်ကြီး၏စာမှာ နင်ချန်၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ယန်ဝမ်ရုန်၏ သေဆုံးမှုအပေါ် နင်ချန် သံသယရှိနေသည်။ နန်းတွင်းတွင် ကလေးမရှိသောသူ များပြားရာ ဒုတိယမင်းသားကို မွေးစားချင်၍ လုပ်ကြံခြင်း မဟုတ်နိုင်ဟု မပြောနိုင်ပေ။
သို့သော် မိဖုရားခေါင်ကြီး၏စာတွင် မတော်တဆမှုဖြစ်ကြောင်းသာ ရေးသားထားပြီး အသေးစိတ် စုံစမ်းခြင်းမရှိသဖြင့် မည်သည့်အရာမျှ မတွေ့ရှိရသေးပေ။
ဤကိစ္စကို မြို့တော်သို့ ပြန်ရောက်မှ သေချာစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဤကိစ္စကို ဘေးဖယ်ထားလိုက်စဉ်မှာပင် မယ်တော်ကြီး၏စာ ရောက်လာခဲ့သည်။
စာ၏အစပိုင်းတွင် ယိရှိုးယွမ်သည် တတိယမင်းသားကို မွေးဖွားကြောင်း၊ သားအမိနှစ်ယောက်စလုံး ဘေးကင်းကြောင်း ရေးသားထားသည်။ ဝမ်းမသာရသေးခင်မှာပင် နောက်ပိုင်းတွင် မိဖုရားခေါင်ကြီး အလုပ်ပင်ပန်းလွန်းသဖြင့် ကိုယ်ဝန်ပျက်ကျသွားကြောင်း ပါရှိလာသည်။
ထို့ပြင် မိဖုရားခေါင်ကြီး၏ ကိုယ်ဝန်မှာ အစကတည်းက မကောင်းမွန်ကြောင်း၊ နေ့စဉ် ကိုယ်ဝန်ထိန်းဆေး သောက်နေရကြောင်း၊ ဤကလေးနှင့် ကံမပါလာခြင်းဖြစ်မည်ဟု မယ်တော်ကြီးက ရေးသားထားသည်။
ယခင်က ယန်ဝမ်ရုန် ရေနစ်သေဆုံးမှုနှင့် ဆက်စပ်ကြည့်လျှင် မိဖုရားခေါင်ကြီးသည် ကိုယ်ဝန်မမြဲနိုင်မှန်း ကြိုသိနေသဖြင့် ယန်ဝမ်ရုန်ကို လုပ်ကြံသတ်ဖြတ်ပြီး ကိုယ်ဝန်ပျက်ကျအောင် ဖန်တီးကာ သားသမီးဆုံးရှုံးရသည့် ဝေဒနာကို သူစာနာပြီး ဒုတိယမင်းသားကို သူမထံ မွေးစားခွင့်ပေးမည်ဟု ကြံစည်လေသလားဟု နင်ချန် သံသယဝင်မိသည်။
သို့သော် အချိန်ကိုက်မှု မကောင်းခဲ့ပေ။ ကိုယ်ဝန်ပျက်ကျချိန် စောလွန်းသွားသဖြင့် ကိစ္စနှစ်ခုမှာ ကပ်လွန်းသွားသည်။
နင်ချန် သူမကို သံသယဝင်သည်မှာ မမှားပေ။ အဓိကမှာ မိဖုရားခေါင်ကြီးသည် အိမ်ရှေ့စံအိမ်တော်၌ ရှိစဉ်ကတည်းက သားသမီးကိစ္စနှင့် ပတ်သက်ပြီး နှစ်ကြိမ်တိုင်တိုင် လက်လွန်ခဲ့ဖူးသည့် ရာဇဝင်ရှိသဖြင့် လူတိုင်း သံသယဝင်ကြခြင်း ဖြစ်သည်။
သို့သော် ဤအရာများအတွက် သက်သေအထောက်အထား မရှိပေ။ အမှန်တရားကို ရှာဖွေလိုလျှင် မြို့တော်သို့ အမြန်ဆုံး ပြန်မှသာ ဖြစ်ပေမည်။
သို့သော် လက်ရှိတွင် တောင်ပိုင်းလှည့်လည်ရေးခရီးစဉ်မှာ တစ်ဝက်ခန့် ကျန်ရှိနေသေးပြီး ခရီးကို မြန်ဆန်အောင် ပြုလုပ်လျှင်ပင် လေးလပိုင်းကုန်မှသာ မြို့တော်သို့ ပြန်ရောက်နိုင်မည်။
တစ်လကျော်ကြာမြင့်သော အချိန်ကာလမှာ ရှည်လျားလွန်းလှသည်။ ထိုမျှကြာမှ ပြန်သွားလျှင် မည်သည့်အရာမျှ ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ပေ။
ဤအရာများကို တွေးမိသောအခါ နင်ချန်၏ မျက်ဝန်းများ မှောင်မိုက်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် စာတစ်စောင် ရေးသားကာ လျှို့ဝှက်အဖွဲ့မှတစ်ဆင့် မြို့တော်သို့ တိတ်တဆိတ် ပို့ဆောင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စနှစ်ခုသည် အလွန်ထူးဆန်းနေသဖြင့် သူ စုံစမ်းရပေမည်။
......
ယခုအချိန်တွင် နန်းတွင်း၌ လင်ရှိုးရုန်သည် အခန်းငယ်လေးထဲတွင် တံခါးပိတ်ကာ ငိုကြွေးနေခဲ့သည်။
ထိုစဉ်က မမွေးဖွားလာသေးသော ကလေးအတွက် သူမချုပ်လုပ်ထားသည့် အဝတ်အစားလေးကို ပွေ့ဖက်ထားရင်း စိတ်ထဲတွင် ကျေနပ်အားရမှုကို ခံစားနေရသည်။
"ရှဲ့ဟွမ်... နင့်ကလေး နောက်ဆုံးတော့ မရှိတော့ဘူးပေါ့၊ ဒါ ကောင်းကင်ဘုံက မျက်နှာသာပေးတာပဲ"
သူမ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ရှဲ့ရှီလည်း သူမကဲ့သို့ သားသမီးဆုံးရှုံးရသည့် ဝေဒနာကို ခံစားရသည်ကို မြင်တွေ့လိုက်ရပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမ သေပျော်ပြီဖြစ်သည်။
ထိုစဉ်က ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း လင်းရှီ၏ ကျန်းမာရေးမှာ ယိုယွင်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ဆေးဝါးနှင့် မကင်းခဲ့ရဘဲ သူမ၏ အာဃာတဖြင့်သာ ယခုအချိန်ထိ တောင့်ခံလာခဲ့ခြင်း ဖြစ်သည်။
ယခု မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသည်ကို မြင်တွေ့ရသောအခါ နှစ်ပေါင်းများစွာ ရင်ထဲတွင် စုပုံနေသော အငြိုးအတေးများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရပြီး ရောဂါဝေဒနာများပင် သက်သာသွားသလို ရှိသည်။
......
သူမသာမက မိဖုရားခေါင်ကြီး၏ ဒုက္ခပေးခြင်းခံခဲ့ရဖူးသော ကျင်းဖေးလည်း ဘုရားခန်းငယ်လေးထဲတွင် ဒူးထောက်ကာ ဆုတောင်းဝတ်ပြုနေသည်။
သို့သော် သူမသည် အလွန်တည်ငြိမ်နေပုံရပြီး လက်စားချေရသည့် ပျော်ရွှင်မှုမျိုး မဟုတ်ပေ။
"မယ်မယ် ညစာ ပြင်ဆင်ပြီးပါပြီ" နျန်ကျူက လာခေါ်သည်။
ကျင်းဖေး မျက်လုံးဖွင့်လိုက်ပြီး ရှေ့မှ ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်လိုက်ရာ မျက်လုံးများတွင် နူးညံ့မှုနှင့် တည်ငြိမ်မှုများ ပြည့်နှက်နေသည်။
"လင်ရှိုးရုန် ဒီရက်ပိုင်း ဘယ်လိုလဲ"
"ဝမ်းသာလွန်းလို့ ငိုတယ်လို့ ကြားပါတယ်" နျန်ကျူက သူမကို တွဲထူပေးရင်း ပြောသည်။
ကျင်းဖေး မျက်လွှာချကာ နှုတ်ခမ်းအနည်းငယ် တွန့်ကွေးလိုက်သည်။
"နှစ်ပေါင်းများစွာ ဆန္ဒပြည့်ဝသွားတာပဲ၊ ဒီလိုဖြစ်သင့်ပါတယ်"
"ဟုတ်တာပေါ့၊ လူက အရင်ကထက်တောင် ကျန်းမာလာသလိုပဲ" နျန်ကျူကလည်း ပြုံး၍ ပြောသည်။
ကျင်းဖေး စကားဆက်မပြောတော့သဖြင့် နျန်ကျူလည်း စကားဖြတ်လိုက်သည်။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျခြင်းကို ကိုယ်လုပ်တော်များက ကွယ်ရာတွင် ဝမ်းသာနိုင်သော်လည်း ရှေ့တင်တွင်တော့ ထုတ်ပြ၍ မဖြစ်ပေ။
တကယ်တော့ ဝမ်းသာသူများမှာ လင်ရှိုးရုန်နှင့် ကျင်းဖေးတို့သာ မဟုတ်ပေ။
နန်းတွင်းတစ်ခုလုံးတွင် မိဖုရားခေါင်ကြီး ကလေးမွေးဖွားမည့်အရေးကို လိုလားသူ နည်းပါးလှသည်။ ကျောက်ကျယ်ယွီမှလွဲ၍ပေါ့။
ယခု မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျသွားခြင်းမှာ အာဏာကျဆင်းသွားခြင်းပင်ဖြစ်သည်။ သူမသည် မိဖုရားခေါင်ကြီးအောက်တွင် ခိုလှုံနေရသူဖြစ်ရာ မိဖုရားခေါင်ကြီး ကိုယ်လွတ်ရုန်းနေရချိန်တွင် သူမအတွက် မှီခိုစရာ ရှာဖွေရန် ပိုခက်ခဲပေလိမ့်မည်။
ထို့အပြင် သူမသည် အခြားကိစ္စအချို့ကိုလည်း ကြံစည်ထားသဖြင့် ယခုအခါ အပြောင်းအလဲများ ရှိလာနိုင်ပေသည်။
***