← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 12 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 12 Ch. 185-186

အခန်း ၁၈၅ ။ လုပ်ကြံမှု

မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျပြီးနောက် ဧည့်မခံတော့သဖြင့် ဂါရဝပြုပွဲများလည်း ရပ်ဆိုင်းသွားသည်။

ယဲ့ယွင်အတွက် အားလပ်ရက်များ ရောက်ရှိလာသည်။

တံခါးပိတ်ပြီး အေးအေးဆေးဆေး နေချင်သော်လည်း ညန်ကောင်းလေးက အကောင်ကြီးလာပြီး ယွီရှို့အဆောင်၏ ခြံဝင်းကျဉ်းကျဉ်းလေးတွင် မနေနိုင်ဘဲ အပြင်ထွက်ရန် ဆူညံနေသည်။

အရင်တစ်ခေါက် သင်ခန်းစာရထားသဖြင့် အဝေးကြီး မသွားတော့ဘဲ ယွီရှို့အဆောင် ပတ်ဝန်းကျင်ကိုသာ ပတ်လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ ယွီရှို့အဆောင်ပတ်ဝန်းကျင်သာဖြသ်သဖြင့် ဘယ်သူမှ အိမ်တိုင်ရာရောက် လာပြဿနာရှာရဲတော့မှာ မဟုတ်ပေ။ ထို့ကြောင့် ခွေးခေါ်ပြီး လမ်းလျှောက်ထွက်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ကျိုးချိုက်ရန်က မုန့်လာပို့သဖြင့် အတူတူ လမ်းလျှောက်ဖြစ်သွားသည်။

"အစ်မတော် မရယ်ပါနဲ့နော်။ ဒီရက်ပိုင်း နန်းတော်ထဲမှာ လူတွေက စိုးရိမ်နေကြတာ။ ကျွန်မက သတ္တိနည်းတော့ ကြောက်နေမိတယ်။ အစ်မတော်ကို တွေ့လိုက်ရမှ စိတ်အေးသွားတော့တယ်။"

"နင် ပြောပုံက ငါက စိတ်ငြိမ်ဆေးကျနေတာပဲ။"

ယဲ့ယွင် ရယ်မောလိုက်သည်။

ကျိုးရှီ မျက်ခုံးပင့်လိုက်သည်။

"ဟုတ်တယ်လေ။ ကျွန်မကတော့ ဘာမှမျှော်လင့်ချက် မရှိတော့ပါဘူး။ အစ်မတော်ကို အားကိုးပြီး အေးအေးဆေးဆေး နေချင်ရုံပါပဲ။"

ယဲ့ယွင် သူမကို ကြည့်လိုက်သည်။ ကျိုးရှီက တဖြည်းဖြည်းနဲ့ ကလေးဆန်လာသည်။

စိတ်ပူစရာမရှိသူတွေက တကယ်ပဲ ပေါ့ပါးလွတ်လပ်ကြတာပဲ။

နှစ်ယောက်သား စကားစမြည်ပြောရင်း ဝမ်ရှိုးယွမ်၏ အစေခံ ဟုန်သိုနှင့် တွေ့ဆုံသည်။ သူမ၏ လက်ထဲတွင် တောက်ပသော ပိတ်စအချို့ကို ကိုင်ထားသည်။ လက်ဆောင်ပေးရန် ယူလာခြင်း ဖြစ်မည်။

တွေ့လိုက်သည်နှင့် ဂါရဝပြုလိုက်သည်။

"ကျယ်ယွီနဲ့ ချိုက်ရန်ကို ဂါရဝပြုပါတယ်။ ဒီမှာတွေ့ရတာ ကံကောင်းလိုက်တာ။ ဒါတွေက ရှိုးယွမ်က ကျယ်ယွီအတွက် ပေးခိုင်းလိုက်တာပါ။ တောက်ပတဲ့ အရောင်လေးတွေမို့လို့ ရှိုးယွမ် မကြိုက်ပေမယ့် ကျယ်ယွီ ကြိုက်လောက်တယ်ဆိုပြီး ပေးလိုက်တာပါ။"

ထို့နောက် ကျိုးရှီဘက်လှည့်ပြီး ပြောလိုက်သည်။

"ချိုက်ရန်အတွက်လည်း ရှိပါတယ်။ ရှန်းစစ် သွားပို့ပေးနေပါတယ်။"

ဝမ်ရှိုးယွမ်က အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး ဘက်လိုက်မှု မရှိပေ။

"ရှိုးယွမ်ကို ကျေးဇူးတင်ပါတယ်။"

ယဲ့ယွင် ပြုံးလျက် နန်ကျစ်ကို လှမ်းယူခိုင်းလိုက်သည်။ ထို့နောက် အသံနှိမ့်ပြီး ပြောလိုက်သည်။

"ဒီလောက်ကိစ္စလေးကို ဟုန်သို ကိုယ်တိုင်လာပို့စရာ မလိုပါဘူး။"

ယခုလို အချိန်မျိုးတွင် ကိုယ်လုပ်တော်များသည် အသွားအလာ နည်းပါးကြသည်။ ဝမ်ရှိုးယွမ်က သတိကြီးသူဖြစ်၍ အရေးကြီးကိစ္စ မရှိလျှင် လူလွှတ်လိမ့်မည် မဟုတ်ပေ။

ထင်သည့်အတိုင်း ဟုန်သိုက ဘယ်ညာကြည့်ပြီး အနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မတို့ ရှိုးယွမ် သတင်းရထားပါတယ်။ ဒီရက်ပိုင်း နန်းတော်ထဲမှာ လျှို့ဝှက်အဖွဲ့အစည်းက လူတွေ ရောက်နေပုံရတယ်။ တစ်ခုခု စုံစမ်းနေကြတာ နေမှာပါ။ ရှိုးယွမ်က သတိပေးခိုင်းလိုက်တာ။ စကားပြောတာ သတိထားကြပါ။ မကောင်းတဲ့စကားတွေ အရှင်မင်းကြီး နားထဲမရောက်စေပါနဲ့တဲ့။”

လျှို့ဝှက်အဖွဲ့အစည်းကို အရှင်မင်းကြီးတစ်ပါးတည်းသာ စေခိုင်းနိုင်သည်။ နင်ချန် လူလွှတ်ပြီး အမှုစစ်နေခြင်း ဖြစ်သည်။

ယန်ဝမ်ရုန် သေဆုံးမှုကို စစ်ဆေးတာလား၊ မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျတာကို စစ်ဆေးတာလား မသိရပေမယ့် သတိထားတာ မမှားပါဘူး။

"သိပါပြီ။ ရှိုးယွမ်ကို ပြန်ပြောလိုက်ပါ။ ကျွန်မတို့ ဘာမှမသိသလိုပဲ နေလိုက်ပါ့မယ်။ ပုံမှန်အတိုင်းပဲ နေပြီး အမှားမလုပ်မိစေနဲ့လို့ ပြောလိုက်ပါ။"

ဟုန်သို ခေါင်းညိတ်လိုက်သည်။

"ရှိုးယွမ်လည်း အဲဒီသဘောပါပဲ။ အရှင်မင်းကြီးက တိတ်တိတ်လေး စုံစမ်းခိုင်းတာဆိုတော့ လူသိခံချင်မှာ မဟုတ်ပါဘူး။"

သတင်းပို့ပြီးနောက် ယဲ့ယွင်က ထုံးစံအတိုင်း ဆုကြေးငွေပေးပြီး ပြန်လွှတ်လိုက်သည်။

ချက်ချင်း ပြန်မသွားသေးဘဲ ကျိုးရှီနှင့်အတူ အချိန်အကြာကြီး လမ်းလျှောက်နေလိုက်သည်။

.......

လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ရှိုးယွမ်ကို နန်းတွင်းအာဏာ ရယူထားပြီး သတင်းပေးတွေ မွေးမြူထားဖို့ အကြံပေးခဲ့တာ အခု တကယ် အသုံးဝင်သွားပြီး မထင်မှတ်ဘဲ အကျိုးရှိသွားတာပဲ။

သို့သော် လျှို့ဝှက်အဖွဲ့အစည်းက ဘာတွေစုံစမ်းတွေ့ရှိလဲ မသိရသေးခင်မှာပင် လင်ရှိုးရုန်က ဗုံးခွဲလိုက်သည်။ ယန်ဝမ်ရုန် သေဆုံးမှုသည် မတော်တဆမှု မဟုတ်ဘဲ အစေခံရှီးချောင်ကို လာဘ်ထိုးပြီး လုပ်ကြံသတ်ဖြတ်ခိုင်းခြင်း ဖြစ်သည်ဟု ဖော်ထုတ်လိုက်သည်။

ဤသတင်းသည် ရေကန်ထဲ ကျောက်ခဲပစ်ချလိုက်သလို ဂယက်ရိုက်သွားသည်။

မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျပြီး နားနေရချိန်ဖြစ်၍ မယ်တော်ကြီးက ဤအမှုကို စစ်ဆေးရန် တာဝန်ယူလိုက်သည်။

ယဲ့ယွင် တကယ် စိတ်ပျက်သွားသည်။ ဧကရာဇ် မရှိတော့ နန်းတွင်းက ရှုပ်ထွေးပွေလီနေပြီ။

ယခုအချိန်တွင် ရာထူးနိမ့်ခြင်း၏ အားသာချက်ကို တွေ့မြင်လိုက်ရသည်။

သူမ မျက်နှာသာရနေသော်လည်း အာဏာမရှိသဖြင့် ဤကိစ္စများတွင် ပါဝင်ပတ်သက်စရာ မလိုဘဲ ဘေးကထိုင်ကြည့်နေရုံသာ ဖြစ်သည်။

ရာထူးကြီးသော ရှူးဖေးနှင့် ဝမ်သယ့်ဖေးတို့မှာမူ မိဖုရားခေါင်ကြီး မရှိသဖြင့် တာဝန်ယူကြရသည်။

"လင်းရှီ... နင်က ရှီးချောင်ကို လာဘ်ထိုးပြီး ယန်ဝမ်ရုန်ကို သတ်ခိုင်းတယ်ဆိုတာ သက်သေရှိလား။"

"မယ်မယ်... ဒီချန်းချဲ့က အလကား စွပ်စွဲတာ မဟုတ်ပါဘူး။ ဒီချန်းချဲ့နန်းဆောင်က သန့်ရှင်းရေးအစေခံမလေး တွေ့ခဲ့တာပါ။"

လင်ရှိုးရုန်၏ မျက်လုံးများ နီရဲနေပြီး အသံက အားနည်းနေသည်။ နေမကောင်းဖြစ်နေပုံရသည်။

သူမသည် အမြဲတမ်း ကျန်းမာရေးမကောင်းသော်လည်း ယနေ့လောက် မဆိုးရွားခဲ့ဖူးပေ။

"ဒီချန်းချဲ့နန်းဆောင်က အစေခံ ယိချွေ့ရဲ့ ရွာသူချင်း ကျင်းဆွေ့က ကျင်းလန်အဆောင်မှာ အလုပ်လုပ်ပါတယ်။ ယန်ဝမ်ရုန် သေဆုံးပြီးနောက် ကျင်းလန်အဆောင်မှာ သခင်မ မရှိတော့လို့ ကျင်းဆွေ့နဲ့ ရှီးချောင် နှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ကျန်တဲ့လူတွေကို ပြန်လွှတ်လိုက်ပါပြီ။"

"ရှီးချောင် ရေထဲခုန်ဆင်းပြီး နေမကောင်းဖြစ်တုန်းက ကျင်းဆွေ့က ဂရုတစိုက် ပြုစုပေးခဲ့လို့ အသက်မသေဘဲ ကျန်ရစ်ခဲ့တာပါ။ အဲဒီကစပြီး နှစ်ယောက်သား ရင်းနှီးသွားကြတယ်။"

"တစ်နေ့မှာ ကျင်းဆွေ့က ရှီးချောင်ရဲ့ သေတ္တာအောက်မှာ အိတ်လှလှလေးတစ်လုံး တွေ့လိုက်တယ်။ အထဲမှာ ငွေတုံးနှစ်တုံး ပါတယ်တဲ့။ စုစုပေါင်း ငွေ ၅၀ လောက် ရှိတယ်။"

"ယန်ဝမ်ရုန်ရဲ့ ပထမတန်းစား အစေခံတစ်ယောက်အနေနဲ့ ဒီလောက်ငွေပမာဏ စုဆောင်းနိုင်စရာ အကြောင်းမရှိဘူးလို့ ကျင်းဆွေ့ သံသယဝင်ခဲ့တယ်။ ယိချွေ့နဲ့ စကားပြောရင်း ဒီအကြောင်း ပြောပြလိုက်တော့ ဒီချန်းချဲ့ဆီ သတင်းရောက်လာပြီး သံသယဝင်မိတာပါ။"

လင်ရှိုးရုန် စကားပြောပြီးသောအခါ အားကုန်သွားသကဲ့သို့ မျက်နှာပိုဖြူဖျော့သွားသည်။

မယ်တော်ကြီး မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း လူလွှတ်ကာ ကျင်းလန်အဆောင်မှ ရှီးချောင်ကို ခေါ်ဆောင်လာစေသည်။ ငွေအိတ်ကိုလည်း သိမ်းဆည်းလာခဲ့သည်။

အစပိုင်းတွင် ရှီးချောင်က ယန်ဝမ်ရုန် ပေးထားသော ငွေဖြစ်ကြောင်း၊ ယန်ဝမ်ရုန်က မီးဖွားစဉ် သေဆုံးသွားမှာ စိုးရိမ်လို့ သူမကို နန်းတွင်းကထွက်ပြီး အသက်မွေးဖို့ ပေးထားတာ ဖြစ်ကြောင်း လိမ်ညာပြောဆိုသည်။

သို့သော် မကြာမီ ထိုစကားကို ပယ်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယန်ဝမ်ရုန်၏ ရာထူးအရ တစ်လလျှင် ငွေ ၂၀ သာ ရရှိပြီး အစေခံများကို ဆုချရန်ပင် မလောက်ငှပေ။ အစေခံတစ်ယောက်အတွက် ငွေ ၅၀ ချန်ထားပေးရန် မဖြစ်နိုင်ပေ။

"အမှန်အတိုင်း မပြောရင် အကျဉ်းထောင်ပို့ပြီး စစ်ဆေးခိုင်းလိုက်မယ်။"

မယ်တော်ကြီး ဒေါသတကြီး အမိန့်ပေးလိုက်သည်။

ရှူးဖေးကလည်း ဝင်ရောက်ခြိမ်းခြောက်လိုက်သည်။

"နောက်ကွယ်က ကြိုးကိုင်သူကို အမြန်ဖော်ထုတ်ရင် အသားမနာဘဲ ပြီးသွားလိမ့်မယ်။ အကျဉ်းထောင်က ညှဉ်းပန်းနှိပ်စက်နည်း ၇၂ မျိုးကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး။"

သူတို့က ရှီးချောင် ဝန်ခံမှာကို လိုလားနေကြသည်။

အထူးသဖြင့် မိဖုရားခေါင်ကြီး လုပ်ခိုင်းတာလို့ ဝန်ခံလိုက်ရင် ပိုကောင်းမယ်။

ကိုယ်လုပ်တော်တစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မိဖုရားခေါင်ကြီးကို ဒုက္ခရောက်စေနိုင်သော အပြစ်ကြီးတစ်ခု ဖြစ်သည်။

ခြိမ်းခြောက်လိုက်သောအခါ ရှီးချောင် ကြောက်လန့်ပြီး ဝန်ခံလိုက်သည်။ ကျောက်ကျယ်ယွီ ခိုင်းစေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤဝန်ခံချက်သည် လူတိုင်း မျှော်လင့်မထားသော အရာဖြစ်သည်။

"ကျောက်ကျယ်ယွီလား၊ တခြားလူလား သေချာစဉ်းစားပြီးမှ ပြော။ လိမ်ညာရင် နင်လည်း သက်သာမှာ မဟုတ်ဘူး။"

ဝမ်သယ့်ဖေးက ဖိအားပေးလိုက်သည်။

ကျောက်ရှီသည် မိဖုရားခေါင်ကြီး၏ လူဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူမ၏ မေးခွန်းကို နားမလည်သူ မရှိပေ။

သို့သော် ရှီးချောင်က ကျောက်ကျယ်ယွီသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသည်။

"ယန်ဝမ်ရုန် ကျင်းလန်အဆောင် ပြောင်းလာကတည်းက ကျောက်ကျယ်ယွီ ခဏခဏ လာလည်ပြီး စကားပြောလေ့ရှိပါတယ်။ သူမရဲ့ အစေခံ တုကျွမ်းက ကျွန်မကို ငွေပေးပြီး ယန်ဝမ်ရုန်ကို သတ်ဖို့ ခိုင်းပါတယ်။ ဒါမှ ကျောက်ကျယ်ယွီက မိဖုရားခေါင်ကြီးကို တိုက်တွန်းပြီး ဒုတိယမင်းသားကို မွေးစားခွင့်ရယူပြီး ကျိုဖင်အဆင့် တက်လှမ်းနိုင်မှာမို့လို့ပါ။"

"ကျွန်မ ငွေမက်ပြီး အမှားကျူးလွန်မိပါတယ်။ ကျွန်မ သေသင့်ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်မှာ မရက်စက်နိုင်လို့ ရေထဲခုန်ဆင်းပြီး ကယ်ခဲ့ပါသေးတယ်။ မယ်တော်... ကျွန်မရဲ့ နောင်တရမှုကို ထောက်ထားပြီး အသက်ချမ်းသာပေးပါနော်။"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -186

အခန်း ၁၈၆ ။ အသုံးမကျသော မဟာမိတ်

"နင် လျှောက်ပြောနေတာပဲ။ ဘယ်သူက နင့်ကို လာဘ်ထိုးပြီး ငါ့ကို စွပ်စွဲခိုင်းတာလဲ။"

ကျောက်ကျယ်ယွီသည် ထိတ်လန့်တကြား ထရပ်ပြီး ရှီးချောင်၏ ပါးကို ရိုက်လိုက်သည်။

"သူ့ကို ဖမ်းထားလိုက်။"

ရှူးဖေး အမိန့်ပေးလိုက်သည်။

အစေခံနှစ်ယောက်က ချက်ချင်း ဝင်ဖမ်းပြီး ကျောက်ကျယ်ယွီကို ဒူးထောက်ခိုင်းလိုက်သည်။

"မယ်တော်ကြီးရှေ့မှာတောင် ဒီလောက် ရိုင်းစိုင်းရဲရင် ကွယ်ရာမှာ ဘယ်လောက်တောင် ဆိုးသွမ်းနေမလဲ။"

ဝမ်သယ့်ဖေးက ရှူးဖေးနှင့် ပူးပေါင်းကာ တိုက်ခိုက်လိုက်သည်။

"အခုကိစ္စက... လိပ်ပြာလုံရင် ကြောက်စရာမလိုပါဘူး။ ကျောက်ရှီက ဒီလောက်တောင် လှုပ်ရှားနေတာ ကြည့်ရင် တစ်ခုခု မှားယွင်းနေတာ သေချာတယ်။"

လင်ရှိုးရုန်လည်း ဝင်ပြောလိုက်သည်။

ယခုအချိန်တွင် လူတိုင်းက ကျောက်ကျယ်ယွီကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။

မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျပြီး နာမကျန်းဖြစ်နေချိန်တွင် သူမ၏ လက်ရုံးဖြစ်သော ကျောက်ရှီကို အပြတ်ရှင်းရန် အခွင့်ကောင်း ဖြစ်နေသည်။

ကျောက်ရှီသည် နှစ်ပေါင်းများစွာ မိဖုရားခေါင်ကြီးအတွက် အလုပ်လုပ်ပေးရင်း လူအများအပြားကို ရန်စခဲ့ဖူးသဖြင့် မည်သူမျှ သူမဘက်က ကာကွယ်မပေးကြပေ။

မယ်တော်ကြီး၏ မျက်နှာထား မဲမှောင်သွားသည်။ သိမ်းဆည်းထားသော ငွေအိတ်ကို ယူလာစေပြီး ကျောက်ကျယ်ယွီနှင့် သူမ၏ အစေခံများထံမှ ပန်းထိုးလက်ရာများကို နှိုင်းယှဉ်စစ်ဆေးခိုင်းလိုက်သည်။

"ဖူကျစ်... ဒီငွေအိတ်ရဲ့ လက်ရာက ဘယ်သူ့လက်ရာနဲ့ တူလဲ သေချာကြည့်ပေး။"

လူတိုင်း အသက်ရှူရပ်လုမတတ် စောင့်ကြည့်နေကြသည်။

ဖုမာမားသည် ငယ်စဉ်ကတည်းက ပန်းထိုးကျွမ်းကျင်သူ ဖြစ်သဖြင့် ခဏကြည့်ရုံဖြင့် သိလိုက်သည်။

"မယ်တော်ကြီး... ဒီငွေအိတ်က တုကျွမ်းရဲ့ လက်ရာပါ။"

"ကျောက်ရှီ... နင် ဘာငြင်းဦးမလဲ။"

ရှူးဖေး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သားကောင်ကို တွေ့လိုက်ရသော ကျားတစ်ကောင်ကဲ့သို့ မျက်လုံးများ အရောင်လက်နေပြီး ယခုချက်ချင်း အပြတ်ရှင်းပစ်ချင်နေသည်။

"မယ်တော်... ဒီချန်းချဲ့ ဘာမှ မသိပါဘူး။ ဒီအစေခံမလေးက သူ့သဘောနဲ့သူ လုပ်တာပါ။ ယန်ဝမ်ရုန်က မိဖုရားခေါင်ကြီးရဲ့ ညီမဝမ်းကွဲလေ။ ဒီချန်းချဲ့က ဘယ်လိုလုပ် သတ်ရဲမှာလဲ။"

ကျောက်ကျယ်ယွီ ရှင်းပြသော်လည်း သူမ၏ စကားများတွင် ဟာကွက်များ ရှိနေသဖြင့် မည်သူမျှ မယုံကြပေ။

ကျယ်ယွီတစ်ဦး၏ အစေခံမလေးက ငွေ ၅၀ ပိုင်ဆိုင်ပြီး တခြားအစေခံကို လာဘ်ထိုးနိုင်စရာ အကြောင်းမရှိပေ။

တုကျွမ်းသည်လည်း ကြောက်လန့်တကြား မျက်လုံးပြူးနေပြီး ဘာမှ ပြန်မပြောနိုင်ပေ။

မယ်တော်ကြီး နှာခေါင်းရှုံ့လိုက်ပြီး တုကျွမ်းကို ဖမ်းချုပ်ခိုင်းလိုက်သည်။

"အိုက်ကျား မင်းကို အခွင့်အရေး ပေးမယ်။ အမှန်အတိုင်း ပြောရင် အလောင်းလှလှလေး ထားပေးမယ်။ မပြောရင် နင့်မိသားစုကိုပါ ထည့်စဉ်းစားလိုက်။"

နန်းတွင်းအစေခံများ၏ နောက်ကြောင်းရာဇဝင်များကို သေချာမှတ်တမ်းတင်ထားသဖြင့် မိသားစုကို ရှာဖွေရန် မခက်ခဲပေ။

တုကျွမ်း အံကြိတ်ထားပြီး ဘာမှမပြောပေ။

ဝမ်သယ့်ဖေးသည် ကျောက်ရှီ၏ အခြားအစေခံ တင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"နင်က ကျောက်ကျယ်ယွီဘက်မှာ နေနေတာ ဘာမှမသိဘူးလို့ ပြောမလို့လား။ ကျောက်ရှီက တုကျွမ်းကို ခိုင်းတာ ဟုတ်လား။ နင် သိရက်နဲ့ မပြောရင် နင့်ဆွေမျိုးပါ ပျက်စီးမယ့်အပြစ် ကျူးလွန်ရာ ရောက်မယ်နော်။"

တင်ရှန်းသည် သူမအလှည့်ရောက်လာလိမ့်မည်ဟု ထင်မထားသဖြင့် ကြောက်လန့်သွားသည်။

ကျောက်ရှီသည် တုကျွမ်းကို ပိုအလေးထားသဖြင့် တင်ရှန်းသည် သစ္စာမရှိလှပေ။ ခြိမ်းခြောက်ခံလိုက်ရသည်နှင့် အကုန်ဖွင့်ပြောလိုက်လေသည်။

"ကျွန်မ အကုန်မသိပေမယ့် ကျယ်ယွီက တုကျွမ်းနဲ့ ရှီးချောင်ကို ရင်းနှီးအောင် လုပ်ခိုင်းတာတော့ သိပါတယ်။ သူတို့နှစ်ယောက် ခဏခဏ အတူသွားလာကြတယ်။ ကျယ်ယွီက မိဖုရားခေါင်ကြီးအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးပေမယ့် ကျိုဖင်အဆင့်တောင် မရဘူး။ ယန်ဝမ်ရုန်က မင်းသားမွေးပြီးရင် သူ့ခေါင်းပေါ် ရောက်လာတော့မယ်လို့ မကျေမနပ် ပြောလေ့ရှိပါတယ်။"

ထိုစကားများကြောင့် ကျောက်ကျယ်ယွီ၏ အပြစ် ထင်ရှားသွားသည်။

မည်မျှပင် ငြင်းဆန်အော်ဟစ်နေပါစေ မယ်တော်ကြီး နားမထောင်တော့ပေ။ ရာထူးချပြီး အကျဉ်းထောင်သို့ ပို့လိုက်ကာ ဧကရာဇ် ပြန်လာမှ အမိန့်ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ကိုယ်လုပ်တော်တစ်ဦးကို သတ်ဖြတ်ခြင်းသည် သေဒဏ်ပေးခံရမည့် အပြစ်ဖြစ်သည်။

ဤတစ်ကြိမ်တွင် မိဖုရားခေါင်ကြီးသည် အသုံးမကျသော မဟာမိတ်များကြောင့် ဒုက္ခရောက်သွားခဲ့သည်။

သူမ၏ လက်ရုံးများ အချင်းချင်း တိုက်ခိုက်ကြပြီး နှစ်ယောက်စလုံး ဆုံးရှုံးသွားရသည်။

အိမ်ရှေ့စံဘဝကတည်းက ကျောက်ကျယ်ယွီသည် မိဖုရားခေါင်ကြီးအတွက် အကြံဉာဏ်များ ပေးခဲ့သူဖြစ်၍ နောက်ထပ် လူယုံတစ်ယောက် မွေးထုတ်ရန် မလွယ်ကူပေ။

လင်ရှိုးရုန်က ဘာလို့ ကျောက်ကျယ်ယွီကို တိုက်ခိုက်ရသလဲဆိုတာ ရှင်းပါတယ်။

လင်ရှီ ကိုယ်ဝန်ပျက်ကျတုန်းက ကျောက်ရှီ ပါဝင်ပတ်သက်ခဲ့တာ လူဟောင်းတွေအကုန်သိကြပေသည်။

မည်သို့ပင်ဆိုစေ ကျောက်ရှီနှင့် ယန်ဝမ်ရုန်တို့ အချင်းချင်း တိုက်ခိုက်ကြသည့် ရလဒ်ကို လူတိုင်း ကျေနပ်နေကြသည်။

ချီနင်နန်းဆောင်မှ ထွက်လာသောအခါ ဝမ်သယ့်ဖေး ချက်ချင်း မပြန်သေးဘဲ ရှူးဖေးနှင့် တိုင်ပင်လိုက်သည်။

"ဒီကိစ္စက အရေးကြီးတယ်။ ကျောက်ရှီက မိဖုရားခေါင်ကြီးရဲ့ ညီမဝမ်းကွဲ၊ ဒုတိယမင်းသားရဲ့ မယ်တော်ကို သတ်လိုက်တာလေ။ မယ်တော်ကြီးက အမိန့်ချပြီးပြီဆိုပေမယ့် မိဖုရားခေါင်ကြီးကို အသိပေးသင့်တယ်လို့ ထင်တယ်။ ရှူးဖေး ဘယ်လိုသဘောရလဲ။"

"သယ့်ဖေး ပြောတာ ဟုတ်တယ်။ အရေးကြီးကိစ္စမို့လို့ အသိမပေးဘဲ နေလို့မရဘူး။"

ရှူးဖေး ပြုံးလိုက်ပြီး ဘေးနားမှ ရှန်းလော်ကို အမိန့်ပေးလိုက်သည်။

"နင် ဖုန်းရှီးနန်းဆောင်ကို သွားပြီး ဒီအမှုအကြောင်း မိဖုရားခေါင်ကြီးကို သေချာရှင်းပြလိုက်။ ဘာမှ မကျန်ခဲ့စေနဲ့။"

"စိတ်ချပါ မယ်မယ်။ ကျွန်မ သေချာပြောပြလိုက်ပါ့မယ်။"

ရှန်းလော် ဂါရဝပြုပြီး လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ယဲ့ယွင် ပါဝင်ပတ်သက်ခြင်း မပြုချင်သဖြင့် လူလစ်တုန်း လမ်းကြားလေးကနေ ပြန်လာခဲ့သည်။

မိဖုရားခေါင်ကြီးကို စက္ကန့်ပိုင်းလောက် သနားမိသွားသည်။

ကိုယ်ဝန်ပျက်ကျတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကိုယ့်လူအချင်းချင်း သတ်ကြလို့ နှစ်ယောက်စလုံး ဆုံးရှုံးလိုက်ရပြီ။ သတင်းသာကြားရင် ဒေါသထွက်ပြီး သေသွားလောက်တယ်။

ဒီမီးဖွားပြီးကာလမှာ ရောဂါကျန်ခဲ့မှာတောင်စိုးရတယ်။

.......

ထင်ထားသည့်အတိုင်းပင် ရှန်းလော် သတင်းပို့ပြီးသောအခါ မိဖုရားခေါင်ကြီး ဒေါသထွက်ပြီး ဆေးပန်းကန်လုံးကို ရိုက်ခွဲလိုက်သည်။

"အသုံးမကျတဲ့မိန်းမ... တကယ့်ကို အသုံးမကျဘူး။ ပန်းကုန်းက နောက်နှစ်ကျရင် သူ့ကို ကျိုဖင်အဆင့်ပေးမယ်လို့ ကတိပေးထားပြီးသားလေ။ ဘာလို့ ဒီလောက်တောင် စိတ်လောရတာလဲ။"

သွေးတွေ ခေါင်းပေါ်ဆောင့်တက်သွားပြီး ခေါင်းကိုက်လာသည်။ အသက်ပြင်းပြင်းရှူပြီး ခေါင်းအုံးပေါ် မှီလိုက်ရသည်။ မျက်နှာတွင် သွေးရောင်မရှိတော့ပေ။

ကျောက်ကျယ်ယွီ၏ လုပ်ရပ်သည် မျှော်လင့်မထားသော ကိစ္စဖြစ်ပြီး မိဖုရားခေါင်ကြီး၏ အစီအစဉ်အားလုံးကို ပျက်စီးသွားစေသည်။

နောက်နှစ်ကျရင် ကျောက်ရှီနဲ့ ယန်ဝမ်ရုန်ကို ရာထူးတိုးပေးမယ်။ မိသားစုနောက်ခံမကောင်းတဲ့ လူသစ်တွေ ကလေးမွေးရင် ကျောက်ရှီကို မွေးစားခိုင်းမယ်လို့ စီစဉ်ထားတာ။ ဒါဆိုရင် သူမလက်ထဲမှာ မင်းသားနှစ်ပါး ရှိလာမှာပေါ့။

ဒါပေမယ့် ကျောက်ရှီက ယန်ဝမ်ရုန်ကို မနာလိုပြီး သတ်လိုက်မယ်လို့ ထင်မထားခဲ့ဘူး။ အခုတော့ မိဖုရားခေါင်ကြီးမှာ လူယုံတစ်ယောက်မှ မရှိတော့ဘူး။

"မယ်မယ် စိတ်လျှော့ပါ။ ရှူးဖေးက လူလွှတ်ပြီး သတင်းလာပို့တာ တမင်သက်သက် ဒေါသထွက်အောင် လုပ်တာပါ။ သူတို့အလိုကျ ဖြစ်အောင် မလုပ်ပါနဲ့။"

တင်းမားမား ကုတင်ဘေးမှာထိုင်ပြီး ကျောသပ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"နောက်နှစ်ကျရင် ရွေးချယ်ပွဲရှိပါတယ်။ အိမ်တော်ကနေ သင့်တော်တဲ့ မိန်းကလေးတစ်ယောက် ထပ်ပို့ခိုင်းလိုက်ရင်..."

"အဲဒါ ဘယ်လွယ်မလဲ။"

မိဖုရားခေါင်ကြီး မျက်လုံးမှိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အရှင်မင်းကြီးက ရှဲ့မိသားစုက မိန်းကလေး နောက်တစ်ယောက်ကို လက်ခံမှာ မဟုတ်ဘူး။ ချန်မိသားစုက မိန်းကလေး နောက်တစ်ယောက်ကို လက်မခံသလိုပေါ့။"

အစေခံများ ဘာမှဆက်မပြောနိုင်တော့ဘဲ တိတ်ဆိတ်သွားကြသည်။

ဒီတစ်ခေါက်တော့ မိဖုရားခေါင်ကြီး တကယ် အထိနာသွားခဲ့သည်။

ကလေးဆုံးရှုံးရသလို၊ လူယုံတွေပါ ဆုံးရှုံးလိုက်ရသည်။ ပြန်လည်နာလန်ထူဖို့ အချိန်အကြာကြီး ယူရပေဦးမည်။

***

All Chapters