အခန်း (၁၈၉-၁၉၀)
Vol. 12 Ch. 189-190
အခန်း ၁၈၉ ။ လူသစ်
ဧကရာဇ် မြို့တော်သို့ မပြန်မီ နှစ်ရက်အလိုတွင် မိဖုရားခေါင်ကြီးသည် နာမကျန်းဖြစ်နေရာမှ ပြန်လည်သက်သာလာကြောင်း ကြေညာလိုက်ပြီး ကိုယ်လုပ်တော်များအားလုံးကို နောက်တစ်နေ့မှစ၍ ဖုန်းရှီးနန်းဆောင်သို့ လာရောက်ဂါရဝပြုကြရန် မှာကြားလိုက်သည်။
အကြီးဆုံးအရာရှိ ပြန်မရောက်ခင် အစည်းအဝေးလုပ်သလိုမျိုးပေါ့။
ရက်အနည်းငယ်လောက် သက်သောင့်သက်သာ နေခဲ့ရသည့် ယဲ့ယွင်အတွက် စောစောထရတာ သေမလိုပဲ။
"အိပ်ချိန်မှန်အောင် ပြန်လုပ်ထားခါစရှိသေးတယ်၊ အခု ထပ်ပြီး အနှောင့်အယှက်ပေးပြန်ပြီ။ ဂါရဝပြုပွဲက လုပ်ရင်လည်း နေ့တိုင်းလုပ်၊ မလုပ်ရင်လည်း လုံးဝမလုပ်နဲ့၊ ဒီလို စိတ်ဒုက္ခမပေးပါနဲ့လား။”
မနက်စောစောစီးစီး ယဲ့ယွင်က ကုတင်ပေါ်မှောက်ပြီး ခေါင်းအုံးကိုဖက်ကာ ညည်းတွားနေလေသည်။
နန်ကျစ်က သူမကို ထူပေးရင်း သခင်မလေး ဘာတွေညည်းနေလဲ သေချာနားမလည်ပေမယ့် စကားမဆက်ဘဲ ချော့မော့ပြီး ထခိုင်းလိုက်သည်။
မနက်စာ မြန်မြန်စားပြီး ဖုန်းရှီးနန်းဆောင်ကို ထွက်လာခဲ့သည်။
သေချာပေါက် ဝေါယာဉ်စီးပြီးသွားတာပေါ့။ ယဲ့ယွင်က လမ်းလျှောက်ရမှာ ပျင်းသည့်လူစားမျိုးပင်။
ဖုန်းရှီးနန်းဆောင်သို့ ရောက်သည့်အခါအထဲမှာ လူစုံနေသည့်အတွက် သူမက အနည်းငယ်နောက်ကျသွားခဲ့သည်။
ပုံမှန်နောက်ကျလေ့ရှိတဲ့ ရှူးဖေးတောင် ရောက်နေပြီး အဝတ်အစား တောက်ပစွာ ဝတ်ဆင်ထားပြီး တက်ကြွနေသည်။
ဂါရဝပြုဖို့လာတာနဲ့မတူဘဲ တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လာလုပ်တဲ့ပုံ ပေါက်နေသည်။
မိဖုရားခေါင်ကြီး အခန်းထဲက ထွက်လာပြီး အဆိုပါမိန်းမအုပ်ကြီးကို မြင်လိုက်တော့ မျက်နှာထား မကောင်းလှပါပေ။
တကယ်တမ်းတော့ မိဖုရားခေါင်ကြီးက ကောင်းကောင်း မသက်သာသေးပေ။
ကိုယ်ဝန်ပျက်ကျခြင်းသည် ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေသည်။ အားလုံး ဂါရဝပြုပြီးတဲ့နောက် ကျင်းဖေးက စကားစပြောလိုက်သည်။
"မိဖုရားခေါင်ကြီးရဲ့ မျက်နှာ အသွေးအရောင် ကြည်လင်နေပါလား။ ကျန်းမာရေး ပြန်ကောင်းလာပုံရပါတယ်။ မိဖုရားခေါင်ကြီးက နန်းတွင်းရဲ့ အဓိကကျောရိုးဆိုတော့ ကျန်းမာနေတာ မြင်ရမှ ကျွန်မတို့ စိတ်အေးရမှာပါ။"
ကျင်းဖေးက နာမည်နဲ့လိုက်အောင် အမြဲတမ်း လူကောင်းတစ်ယောက်လို နေတတ်သည့်အပြင် နူးညံ့သိမ်မွေ့ပြီး ဘယ်သူနဲ့မှ ရန်မဖြစ်သည့်အတွက် ထိုသို့ပြောလိုက်တော့ မိဖုရားခေါင်ကြီး စိတ်ကျေနပ်သွားခဲ့သည်။
"စိတ်ရှိပါပေတယ်။ ပန်းကုန်းကျန်းမာရေးက ပြန်ကောင်းလာပါပြီ။ သမားတော်ပေးတဲ့ဆေးတွေ နေ့တိုင်းသောက်နေလို့ ဘာမှမဖြစ်တော့ပါဘူး။"
"မိဖုရားခေါင်ကြီး ကျန်းမာတာ အကောင်းဆုံးပါပဲ။ ကလေးဆိုတာ ထပ်ရနိုင်ပါသေးတယ်။ မိဖုရားခေါင်ကြီးက ငယ်ပါသေးတယ်။ အလျင်လိုစရာ မလိုပါဘူး။"
ရှူးဖေးက ချက်ချင်း ဝင်ပြောလိုက်သည်။
တကယ်မပြောသင့်တဲ့စကားကို ရွေးပြောတာပဲ။
"ပန်းကုန်းက အလျင်မလိုပါဘူး။ ရှူးဖေးက သမီးတော်ကြီး မွေးပြီးတာ ကြာပြီပဲ။ နောက်ထပ် ကလေးတစ်ယောက်လောက် ထပ်မွေးသင့်တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ဆိုရင် ပြည့်စုံသွားမှာပေါ့။"
မိဖုရားခေါင်ကြီး အေးစက်စွာ ပြောလိုက်သည်။
ရှူးဖေးက အိပ်ဆောင်ဝင်ခွင့်မရတာ ကြာပြီဆိုတာ ဘယ်သူမသိဘဲနေမလဲ။ အရှင်မင်းကြီးက သူ့ဆီသွားရင် ထမင်းစားပြီးတာနဲ့ တန်းပြန်သွားလေ့ရှိသည်။
သူတစ်ယောက်တည်း ဘယ်လိုလုပ် ကလေးမွေးမလဲ။
ဝမ်သယ့်ဖေးက အခွင့်ကောင်းယူပြီး ရယ်မောလိုက်သည်။
"မိဖုရားခေါင်ကြီး ပြောတာ မှန်လိုက်တာ။ မနက်ဖြန် အရှင်မင်းကြီး ပြန်ရောက်တော့မယ်။ ရှူးဖေး အခွင့်အရေး ယူသင့်တယ်။"
"ဟွန့်... နင်က ငါ့ကို လာမခနဲ့။ အချိန်ရှိရင် နင့်သားတော်ကြီး ကျန်းမာရေးကောင်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစားနေလိုက်။"
ရှူးဖေးက မျက်စောင်းထိုးလိုက်သည်။
အပြန်အလှန် ထိုးနှက်နေကြသော်လည်း ဝမ်သယ့်ဖေးက ပြန်မပြောတော့ဘဲ သည်းခံလိုက်သည်။
သားတော်ကြီးက သူမရဲ့ အားနည်းချက် ဖြစ်နေပြီလေ။
"တော်ကြတော့... မနက်စောစောစီးစီး ရန်ဖြစ်နေကြတာ အဆင့်မြင့်ကိုယ်လုပ်တော်တွေရဲ့ ဂုဏ်သိက္ခာ မရှိလိုက်တာ။"
မိဖုရားခေါင်ကြီး စားပွဲကို ရိုက်လိုက်သည်နှင့် အားလုံး ငြိမ်ကျသွားသည်။
မိဖုရားခေါင်ကြီးက ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီးက တောင်ဘက်ကနေ မနက်ဖြန် ပြန်ရောက်မယ်။ ခရီးပန်းလာမှာမို့လို့ မနက်ဖြန်ညကျရင် ဖုန်းရှီးနန်းဆောင်မှာ ကြိုဆိုပွဲ ကျင်းပပေးမယ်။ နင်တို့အားလုံး လှလှပပ ဝတ်စားဆင်ယင်ပြီး လာခဲ့ကြ။ အရှင်မင်းကြီး မြင်ရင် စိတ်ချမ်းသာသွားအောင်လို့။"
"ယိရှိုးယွမ်... နင်လည်း မီးဖွားပြီးကာလ ပြီးပြီမလား။ ပန်းကုန်း နေမကောင်းဖြစ်နေလို့ နင်နဲ့ တတိယမင်းသားကို လာမကြည့်နိုင်ခဲ့ဘူး။ ကလေး နေကောင်းလား။"
မိဖုရားခေါင်ကြီး ဘာလို့ နေမကောင်းဖြစ်လဲဆိုတာ လူတိုင်းသိပေမယ့် ထုတ်မပြောကြပါဘူး။
အမည်ခေါ်ခံလိုက်ရတဲ့ ယိရှိုးယွမ်က ထရပ်ပြီး ပြန်ဖြေလိုက်ပါတယ်။
"တတိယမင်းသား တစ်လပြည့်ပါပြီ။ သမားတော်က ခဏခဏ လာကြည့်ပေးပါတယ်။ ကျန်းမာပါတယ်တဲ့။ ဒီချန်းချဲ့က မိခင်ဖြစ်ခါစဆိုတော့ မကျွမ်းကျင်တာတွေ ရှိပေမယ့် မိဖုရားခေါင်ကြီး ရွေးပေးထားတဲ့ နို့ထိန်းတွေက အတွေ့အကြုံရှိပြီး သေချာပြုစုပေးကြပါတယ်။"
တတိယမင်းသား မွေးတဲ့နေ့က မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျတဲ့နေ့ ဖြစ်နေသည့်အတွက် စကားပြောအသွားအလာကအစသတိထားနေရသည်။
မိဖုရားခေါင်ကြီးသည် တတိယမင်းသားကြောင့် သူ့ကလေး သေသွားဟု အငြိုးအတေး ထားပါက နောက်တစ်ချိန်တွင်တတိယမင်းသားကို ဒုက္ခပေးလာနိုင်ပေသည်။
ထို့ကြောင့် ယိရှိုးယွမ်က ပြဿနာမဖြစ်
အောင် ယဉ်ယဉ်ကျေးကျေးပြန်ဖြေခဲ့သည်။
"တတိယမင်းသားကို ပြုစုခွင့်ရတာ အဲဒီအစေခံတွေရဲ့ ကုသိုလ်ပါပဲ။ ပန်းကုန်းက မင်းသား၊ မင်းသမီးတွေရဲ့ တရားဝင်မယ်တော်ဆိုတော့ သူတို့ကို သေချာဂရုစိုက်ရမှာပေါ့။"
မိဖုရားခေါင်ကြီး ပြုံးလိုက်သည်။
လူအုပ်ထဲ ဝေ့ကြည့်လိုက်ပြီး တစ်နေရာမှာ ရပ်တန့်သွားသည်။
"မင်ကျယ်ယွီက အရှင်မင်းကြီးကို ပြုစုတာ မနည်းတော့ပါဘူး။ အခု ယိရှိုးယွမ်က တတိယမင်းသား မွေးပြီးပြီ။ နင်လည်း ကြိုးစားပြီး ကိုယ်ဝန်ရအောင် လုပ်သင့်တယ်။ မျိုးဆက်ပြန့်ပွားအောင် ကူညီပေးရမယ်။"
ယဲ့ယွင် တည်ငြိမ်စွာ ထရပ်ပြီး ပြုံးလျက် ပြန်ပြောလိုက်သည်။
"မယ်မယ်က ဒီချန်းချဲ့ တစ်ယောက်တည်းကိုပဲ မတိုက်တွန်းပါနဲ့။ ဖန်းရှိုးယွမ်နဲ့ ချန်မိန်ရန်တို့လည်း ဒီချန်းချဲ့နဲ့အတူ နန်းတွင်းဝင်ခဲ့ကြတာပဲ။"
အပြစ်ရှာချင်မှတော့ တခြားလူတွေကိုပါ ဆွဲထည့်လေ။ ရှုပ်ထွေးသွားရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ဘူး။
မိဖုရားခေါင်ကြီး နှုတ်ခမ်းတွန့်လိုက်ပြီး မျက်လုံးများ မှိန်ဖျော့သွားသည်။
"သဘောတရားက အတူတူပါပဲ။ ဘယ်သူမွေးမွေး ကောင်းတာပါပဲ။"
မူလက ယဲ့ယွင် ကလေးမမွေးနိုင်ဘူးလို့ ပြောချင်ပေမယ့် ယဲ့ယွင်က ယောင်ရှန်းနဲ့ ချန်ရှီကိုပါ ဆွဲထည့်လိုက်တော့ အချိန်ကုန်ခံပြီးတစ်ယောက်ချင်းစီ လိုက်ပြောနေလို့ မဖြစ်ပေ။
အငြင်းအခုံကိစ္စပြီးသွားသည့်နောက် ဒီနေ့၏အဓိကအကြောင်းအရာဖြစ်သည့်နောက်ထပ် အရေးကြီးကိစ္စကိုကြေညာလိုက်သည်။
"နန်းတော်ထဲမှာ လူသစ်တွေမရောက်တာ ကြာပြီ။ ရွေးချယ်ပွဲက လာမယ့်နှစ်မှ ရှိမှာ။ အရှင်မင်းကြီး ပို့လိုက်တဲ့စာထဲမှာ ကျန်းကျိုးအုပ်ချုပ်ရေးမှူးချွေ့ရဲ့ သမီးတော် နန်းတွင်းဝင်မယ်လို့ ပါလာတယ်။ အရှင်မင်းကြီးက အဆင့် ၉ ချိုက်နွီရာထူး ပေးထားတယ်။ မနက်ဖြန် အရှင်မင်းကြီးနဲ့အတူ နန်းတွင်းဝင်လာလိမ့်မယ်။"
စကားဆုံးသည်နှင့် ခန်းမထဲရှိ ကိုယ်လုပ်တော်များ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
အထူးသဖြင့် ယောင်ရှန်းပင်။
လက်ဖက်ရည်သောက်ရင်း မျက်လုံးထဲက အပြောင်းအလဲကို ဖုံးကွယ်ထားလိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ချွေ့ရှီသည် နောက်နှစ် ရွေးချယ်ပွဲကျမှ နန်းတွင်းဝင်လာမည့်သူပင်။
ဒီဘဝမှာ အရှင်မင်းကြီး တောင်ဘက်ကို လှည့်လည်သွားလို့ စောရောက်လာတာပဲ။
ယဲ့ယွင်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ချူယွမ်ဟွိုက်ဆီက စာကြိုရထားလို့ သိပြီးသားလေ။
မိဖုရားခေါင်ကြီးက လူတိုင်းရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ဘာမှမထူးခြားသလို ဆက်ပြောလိုက်သည်။
"နန်းတော်ထဲမှာ ကိုယ်လုပ်တော်တွေ များပေမယ့် နေစရာနေရာ မလောက်ငှတဲ့အပြင်တော်တော်များများက မရှင်းလင်းရသေးဘူး။ လူသစ်ရောက်လာရင် နေရာလွတ်တစ်ခု ပေးလို့မဖြစ်ဘူး။ ဝမ်သယ့်ဖေး... ဒီချွေ့ချိုက်နွီကို နင့်ရဲ့ ချူရှို့နန်းဆောင်မှာ ထားလိုက်။"
ဝမ်သယ့်ဖေး ချက်ချင်း ကန့်ကွက်လိုက်သည်။
"မိဖုရားခေါင်ကြီး... ဒါ မသင့်တော်ပါဘူး။ သားတော်ကြီးက အားနည်းလို့ အနားယူဖို့ လိုပါတယ်။ သူစိမ်းတွေ ဝင်ထွက်သွားလာရင် အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်။ တကယ်လို့..."
"တကယ်လို့ ဘာဖြစ်လဲ။"
မိဖုရားခေါင်ကြီး အေးစက်စွာ ပြောလိုက်သည်။
"စည်းမျဉ်းအရ နန်းဆောင်တိုင်းမှာ အဓိကသခင်မတစ်ယောက်နဲ့ အဆင့်နိမ့်ကိုယ်လုပ်တော်နှစ်ယောက် ရှိရမယ်။ နင်ကများ ထူးခြားနေလို့လား။"
ရှူးဖေးက အခွင့်ကောင်းယူပြီး ဝင်ပြောလိုက်သည်။
"ဟုတ်တယ်လေ။ ပြီးတော့ သားတော်ကြီးက ယောက်ျားလေးပဲဟာ၊ ဘာလို့ အဲလောက်တောင် အားနည်းနေရတာလဲ။ ဝမ်သယ့်ဖေးက တစ်ယောက်တည်း နေရတာ ကျင့်သားရနေလို့ တခြားလူ ဝင်လာမှာ မလိုလားတာ နေမှာပါ။ ဒါပေမယ့် နန်းတွင်းက နင်ပိုင်တာမှ မဟုတ်တာ။ နောက်နှစ်နည်းနည်းကြာရင် သားတော်ကြီးက ရူယီအဆောင်ကို ပြောင်းရတော့မှာ။ နင်က ကလေးကို တစ်သက်လုံး သိမ်းထားလို့ ရမလား။"
မိဖုရားခေါင်ကြီးက သူမကို တမင်သက်သက် စိတ်ဒုက္ခပေးမှန်း သိပေမယ့် ဝမ်သယ့်ဖေး ဘာမှမတတ်နိုင်ဘဲ လက်ခံလိုက်ရသည်။
"ကဲ... ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။ ပြန်ရောက်ရင် ဘေးခန်းကို ရှင်းလင်းပြီး ချွေ့ရှီနေဖို့ ပြင်ဆင်လိုက်။ ချွေ့မိသားစုက အထက်တန်းစား မိသားစုဆိုတော့ ချွေ့ချိုက်နွီက စည်းကမ်းလိုက်နာမှာပါ။ နင့်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။"
မိဖုရားခေါင်ကြီးက နောက်ဆုံးအနေနဲ့ ဝမ်သယ့်ဖေးက အဆင်နိမ့်မိသားစုက လာလို့ စည်းကမ်းမရှိဘူးလို့ လှောင်ပြောင်လိုက်ခြင်းပင်။
ဝမ်သယ့်ဖေး ဒေါသထွက်လွန်းလို့ သေလုနီးပါး ဖြစ်သွားပေမယ့် ဘာမှပြန်မလုပ်နိုင်ခဲ့ပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -190
အခန်း ၁၉၀ ။ တိုက်ဆိုင်မှု
နောက်တစ်နေ့ နေ့လည်တွင် ဧကရာဇ် မြို့တော်သို့ ပြန်ရောက်လာသည်။
၅ လပိုင်း ဖြစ်သောကြောင့် နွေးထွေးနေပြီး နေသာသောနေ့ဖြစ်၍ အရာရာ အဆင်ပြေနေသည်။
မိဖုရားခေါင်ကြီးသည် အဝါရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မယ်တော်ကြီးကို တွဲကူလျက် နန်းတော်တံခါးဝတွင် စောင့်ဆိုင်းနေသည်။
ကိုယ်လုပ်တော်များအားလုံး လှပစွာ ဝတ်စားဆင်ယင်ထားကြပြီး မျှော်လင့်တကြီး စောင့်မျှော်နေကြသည်။
နောက်ဆုံးတွင် ဧကရာဇ်၏ ဝေါယာဉ်တန်းသည် ဖြည်းဖြည်းချင်း မောင်းနှင်လာသည်။ နင်ချန်သည် မြင်းရထားစီးလာပြီး ဖိန်ဝမ် နင်ဟောက်က မြင်းစီးကာ ရှေ့မှ လမ်းရှင်းပေးလာသည်။
အရာရှိများသည် လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်တန့်ကာ ကြိုဆိုကြသည်။
မြင်းရထား ရပ်တန့်သွားသောအခါ ယွမ်ကျို အရင်ဆင်းလာပြီး လိုက်ကာကို မတင်ပေးလိုက်ရာ နင်ချန်သည် အဝါရောင် နဂါးဝတ်စုံကို ဝတ်ဆင်လျက် ဆင်းသက်လာသည်။
လအနည်းငယ်အတွင်း တောင်ဘက်သို့ လှည့်လည်သွားလာခဲ့သဖြင့် ယခင်ကထက် ပို၍ ရင့်ကျက်တည်ငြိမ်လာပြီး ဧကရာဇ်၏ ဟိတ်ဟန် ပိုပေါ်လွင်လာသည်။
မယ်တော်ကြီးသည် တစ်ခဏမျှ ကြောင်အသွားပြီး ယခင်ဧကရာဇ် ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
အရာရှိများနှင့် ကိုယ်လုပ်တော်များက 'အသက်ရာကျော်ရှည်ပါစေ' ဟု အော်ဟစ်ဆုတောင်းသံ ကြားမှ သတိပြန်ဝင်လာသည်။
ထိုအချိန်တွင် နင်ချန်သည် မယ်တော်ကြီး၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။
"မယ်တော်... သားတော် ပြန်ရောက်ပါပြီ။ ဒီရက်ပိုင်း မယ်တော်အနားမှာ မနေပေးနိုင်ခဲ့လို့ ခွင့်လွှတ်ပါနော်။"
"ပြန်ရောက်တာ ကောင်းပါတယ်။ အရှင်မင်းကြီး ပိန်သွားသလိုပဲ။"
မယ်တော်ကြီး ဘာပြောရမှန်း မသိဖြစ်သွားသည့်အတွက် ခဏရပ်ပြီးမှ ပြောလိုက်ခြင်း ဖြစ်သည်။
တကယ်ပိန်သွားတာ ဟုတ်မဟုတ် သူမလည်း သေချာမသိပေ။
နင်ချန် ထွက်သွားတုန်းက ဘယ်လိုပုံစံလဲဆိုတာတောင် သူ မမှတ်မိတော့ဘူး။
နင်ချန်၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မယ်တော် စိတ်ပူနေရပြီ။ တောင်ဘက်မှာက နန်းတော်ထဲလောက် မကောင်းတော့ လူနည်းနည်း ပိန်သွားပေမယ့် အတွေ့အကြုံ အများကြီး ရခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဒုက္ခကို နားလည်လာရပါတယ်။"
"အရှင်မင်းကြီးက တိုင်းပြည်ကို ချစ်မြတ်နိုးတာ ကောင်းပါတယ်။"
မယ်တော်ကြီးသည် ပြောစရာမရှိသည့်အတွက် ဒီစကားပဲ ဆက်ပြောလိုက်သည်။
မိဖုရားခေါင်ကြီးက အချိန်ကိုက် ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီး ခရီးပန်းလာမှာပါ။ နန်းတော်ပြန်ပြီး နားလိုက်ပါဦး။ ဒီည ဖုန်းရှီးနန်းဆောင်မှာ ကြိုဆိုပွဲ ကျင်းပပေးပါမယ်။ အဲဒီကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။"
"မိဖုရားခေါင်ကြီးက ဂရုစိုက်တတ်ပါပေတယ်။ ကျန်းမာရေး ဂရုစိုက်ဦး။ ဖြစ်ပျက်ခဲ့တာတွေကို ကျန်း သိပါတယ်။"
နင်ချန်က မိဖုရားခေါင်ကြီး၏ လက်ကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။
မိဖုရားခေါင်ကြီး မျက်ရည်ဝဲလာပြီး ဝမ်းနည်းမှုကို အောင့်အီးကာ ခေါင်းညိတ်ပြလိုက်သည်။
နောက်မှ ကိုယ်လုပ်တော်များမှာမူ အရှင်မင်းကြီးနှင့် စကားပြောခွင့် မရကြပေ။
ဝမ်သယ့်ဖေးသည် နင်ချန်ကို စိုက်ကြည့်နေသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
နန်းတော်ကို စောစောပြန်ရောက်ချင်သည့်အတွက်နင်ချန်သည် မနေ့ညက မအိပ်ဘဲ တစ်ညလုံး ခရီးနှင်ခဲ့သည့်အတွက် အရမ်းပင်ပန်းနေခဲ့သည်။
အခုအချိန်တွင် ကျိုချန်နန်းဆောင်ပြန်ပြီး ရေချိုးအိပ်ချင်နေပြီဖြစ်သည်။
ဧကရာဇ်လည်းလူပဲကို သေချာပေါက် ကောင်းကောင်းစားချင် အိပ်ချင်တာပေါ့။
တောင်ဘက်က ဟင်းတွေက အရသာပေါ့လွန်းလို့ သူ မစားတတ်ပါဘူး။
အားလုံး ကိုယ့်အဆောင်ကိုယ် ပြန်သွားကြပြီး ညဘက်ကျမှ အစွမ်းကုန် ကြိုးစားဖို့ ပြင်ဆင်ကြသည်။ ဝမ်သယ့်ဖေးတစ်
ယောက်ပဲ ဒေါသထွက်ပြီး ပြန်သွားလေသည်။
တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ သူမတစ်ယောက်တည်း ကိုယ်လုပ်တော်
အသစ် ခေါ်သွားရလို့ပင်။
အထူးသဖြင့် ချွေ့ရှီက ငယ်ရွယ်နုပျိုပြီး လှပနေတာကို မြင်တော့ ပိုဒေါသထွက်မိသည်။
ချူရှို့နန်းဆောင် ရောက်ရောက်ချင်းပင် ဟန်မဆောင်နိုင်တော့ပဲ ဖေးတစ်ယောက်၏အာဏာကိုထုတ်ပြလိုက်သည်။
"ပန်းကုန်းက အေးအေးဆေးဆေး နေချင်တာ။ သားတော်ကြီးလည်း ကျန်းမာရေးမကောင်းလို့ အနားယူဖို့ လိုတယ်။ နင် ဒီမှာနေရင် ရိုးရိုးသားသားနေ။ အနောက်ဘက်အဆောင်ကို ရှင်းထားပြီးပြီ။ အဲဒီမှာ သွားနေ။ နေ့တိုင်း ဂါရဝပြုစရာ မလိုဘူး။ ပန်းကုန်းမျက်စိရှေ့မှာ မရှုပ်ရင် ပြီးတာပဲ။"
ဒီလို သိသာလွန်းသည့် သဘောထားက ချွေ့ရှီကို မကြိုက်ကြောင်း ပွင့်လင်းစွာပြသနေခြင်းပင်။
ချွေ့ရှီသည်လည်း အရူးမဟုတ်သည့်အတွက် နားလည်ပြီး ရိုကျိုးစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်မယ်။ နောင်ကျရင် ဒီချန်းချဲ့က မယ်မယ့်လူ ဖြစ်သွားပါပြီ။ မယ်မယ် ခိုင်းတာ လုပ်ပါ့မယ်။ မယ်မယ့်သဘောအတိုင်း လိုက်နာပါ့မယ်။"
"နင်က စကားပြောတတ်သားပဲ။"
ဝမ်သယ့်ဖေး သူမကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
"ကဲ... သွားနားလိုက်တော့။ ညကျရင် ဖုန်းရှီးနန်းဆောင်ကို ပန်းကုန်းနဲ့လိုက်ခဲ့။"
"ဟုတ်ကဲ့ မယ်မယ်။"
ချွေ့ရှီက လိမ္မာစွာ ပြန်ဖြေပြီး သူမ၏ အစေခံ ယင်ကျူနှင့် ထွက်ခွါသွားလေသည်။
အခန်းထဲရောက်တော့ ချွေ့ရှီ၏မျက်နှာထားမှာ မကောင်းတော့ပေ။ ဒီအခန်းအပြင်အဆင်က အိမ်က အခန်းလောက်တောင် မကောင်းဘူး။
သူမက မယားငယ်သမီးဖြစ်ပေမယ့် အဖေက သမီးတစ်ယောက်တည်း ရှိတာမို့ အလိုလိုက်ပေသည်။ အမေဖြစ်သူကလည်း မျက်နှာသာပေးခံရသည့်ဘကိုယ်လုပ်တော်ဖြစ်သည့်အတွက် နေထိုင်ရတာ သက်တောင့်သက်သာ ရှိခဲ့သည်။
"စားပွဲတွေ၊ ကုလားထိုင်တွေက အကုန်အဟောင်းတွေ။ ပြတင်းပေါက်က စက္ကူတွေလည်း ဝါနေပြီ။ ဘယ်လိုနေရမှာလဲ။"
ယင်ကျူက မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
"ပါးစပ်ပိတ်ထား။ အိမ်မှာနေတာ မဟုတ်ဘူး။ ဒီစကားမျိုး မပြောနဲ့။ ငါ့ရာထူးက နိမ့်တော့ ဒီလောက်ပဲ ရမှာပေါ့။"
ချွေ့ရှီ မျက်မှောင်ကြုတ်လိုက်သည်။
ယင်ကျူက ရှက်သွားပေမယ့် ချော့မော့လိုက်သည်။
"ချိုက်နွီက လှပတော့ အရှင်မင်းကြီးက မကြာခင် အိပ်ဆောင်ဝင်ခွင့် ပေးမှာပါ။ အဲဒီအခါကျရင် ရာထူးတက်ပြီး အဆင်ပြေသွားမှာပါ။"
"ဒါပေါ့။"
ချွေ့ရှီ ပြုံးလိုက်သည်။
"ကဲ... ငါ့ကို ပြင်ဆင်ပေးတော့။ ဒီည အရှင်မင်းကြီး မှတ်မိသွားအောင် လုပ်ရမယ်။"
အရင်တစ်ခါ အမူးပြေဟင်းရည်ပို့တုန်းက အမှားကနေ သင်ခန်းစာ ယူခဲ့သည်။
အရှင်မင်းကြီးက ပေါ့ပျက်ပျက်နေတာ မကြိုက်ဘူးဆိုတော့ အမျိုးကောင်းသမီး ပုံစံမျိုး နေပြရမယ်။
.....
ညရောက်တော့ ဖုန်းရှီးနန်းဆောင်တွင်
ဧည့်ခံပွဲ ကျင်းပကြသည်။ ကိုယ်လုပ်တော်တွေ အားလုံး အလှဆုံး ပြင်ဆင်ထားကြပေသည်။
မိဖုရားခေါင်ကြီးတောင် ပုံမှန်နဲ့မတူဘဲ တောက်ပတဲ့အရောင်ဝတ်ဆင်ထားသည့်အတွက် ပို၍ငယ်ရွယ်သွားသလိုပင်။
နင်ချန်သည် ဒီညတွင်ရေပြာရောင် ဝတ်စုံရှည်ကို ငွေရောင်အနားကွပ်ပြီး ဝတ်ဆင်ထားခဲ့သည်။ ခေါင်းပေါ်တွင်ငွေရောင်သရဖူကို ကျောက်စိမ်းဖြူဆံထိုးနဲ့ တွဲဖက်ထားသည့်အတွက် ခန့်ညားကာလူကြီးလူကောင်း ပုံစံပေါက်နေခဲ့သည်။
ဒီအချိန်မှာ ယဲ့ယွင်သည်လည်း ရေပြာရောင် ဂါဝန်ရှည် ဝတ်ထားသည့်အတွက် တိုက်ဆိုင်မှုဟုပင် ပြောရမလို့ပင်။
အပေါ်အကျီတွင် လိပ်ပြာနှင့်တိမ်ပုံစံကို ငွေရောင်ချည်မျှင်နှင့် ထိုးထားပြီး လေးထောင့်လည်ပင်းပုံစံ ချုပ်ထားသောကြောင့် ဆွဲဆောင်မှု ရှိနေသည်။
ခေါင်းပေါ်တွင်ပုလဲဆံထိုး၊ ကတ္တီပါပန်းပွင့်နဲ့ ငွေမျှင်ဆံထိုးတိုလေးတွေ တပ်ဆင်ထားသည့်အတွက် ပို၍မျက်နှာသွယ်သွယ်လေးကို လှသွေးကြွယ်စေသည်။
သို့သော်ဒီဝတ်စုံသည် တခြားလူတွေလောက် မထင်ရှားပေ။ ဝမ်သယ့်
ဖေး၏တောက်ပလွန်းသောဝတ်စုံသည်
အထင်ရှားဆုံးဖြစ်သည်။ ဒါပေမယ့်သူမက အရှင်မင်းကြီးနဲ့ အရောင်တူနေသည့်အတွက် အခြားကိုယ်လုပ်တော်များမကြည်ကြတော့ပေ။
ဒါကြောင့် နင်ချန်က လူအုပ်ထဲမှာ သူမကို ချက်ချင်း သတိထားမိလိုက်သည်။
"မင်ကျယ်ယွီရဲ့ ဂါဝန်က လှသားပဲ။ လက်ဝတ်ရတနာတွေလည်း သေသပ်တယ်။"
အရှင်မင်းကြီးကိုယ်တိုင် ချီးကျူးလိုက်သည့်အတွက် အားလုံးက ဝိုင်းကြည့်ကြပြီး တိုက်ဆိုင်မှုကို သတိထားမိသွားကြသည်။
ဝမ်သယ့်ဖေး မျက်နှာပျက်သွားပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"မင်ကျယ်ယွီက အရှင်မင်းကြီးရဲ့ စိတ်ကို တကယ်အသိဆုံးပဲ။ အရှင်မင်းကြီးနဲ့ အရောင်တူ ဝတ်ထားတာ တိုက်ဆိုင်လိုက်တာ။ ဘယ်သူ အကြံပေးလိုက်လဲ မသိဘူး။"
ဆိုလိုရင်းမှာ ယဲ့ယွင်က အရှင်မင်းကြီး ဘာဝတ်မလဲဆိုတာ ကြိုစုံစမ်းပြီး တမင်
ဝတ်လာခဲ့သည်ဟု ပြောချင်တာပင်။
"မယ်မယ် အတွေးလွန်နေပါပြီ။ အရှင်မင်းကြီးရဲ့ စိတ်ကို မယ်မယ်က အသိဆုံးပါ။ ဒီချန်းချဲ့က ဒီနေ့ မနက်ကတည်းက ဒီဝတ်စုံ ဝတ်ပြီး အရှင်မင်းကြီးကို သွားကြိုခဲ့တာပါ။ ညနေကျတော့ ပျင်းလို့ မလဲဘဲ ဒီတိုင်းလာခဲ့တာနဲ့ တိုက်ဆိုင်သွားတာပါ။"
ယဲ့ယွင် အေးဆေးစွာ ရှင်းပြလိုက်သည်။
ဟမ့် ငါပြောတာအမှန်တွေချည်းပဲ။ ညကျမှ နင်တို့ဧကရာဇ်နဲ့တူအောင် တမင်လဲဝတ်လာတာ မဟုတ်ရပါဘူးနော်။
ယဲ့ယွင်၏စကားကြောင့် သူမက အရှင်မင်းကြီးကို လိုက်တုတာ မဟုတ်ဘဲ အရှင်မင်းကြီးက သူမနဲ့ အရောင်တူ ဝတ်လာသည်ဟူသော အဓိပ္ပာယ်ဖြစ်နေခဲ့သည့်အတွက် အပြစ်ရှာမရတော့ပေ။
ဝမ်သယ့်ဖေးသည် ယဲ့ယွင် နေ့လည်ကဝတ်စုံကို သတိမထားမိခဲ့ပေ။ သူမစိတ်က အရှင်မင်းကြီးဆီမှာပဲ ရောက်နေသည့်အတွက်ကြောင့်ပင်။
အခြေအနေမသိပဲပြောလိုက်သည့်စကားကြောင့် သူမကပဲ သဘောထားသေးသိမ်
သလို ဖြစ်သွားပြီး အရှက်ရသွားခဲ့သည်။
ကံကောင်းစွာဖြင့် နင်ချန် ဘာမှဝင်ပြောခဲ့သဖြင့် ဒီကိစ္စသည် ပုံမှန်အတိုင်းပြီးစီးသွားခဲ့သည်။
ထို့နောက်အားလုံး နေရာယူပြီး စားပွဲစတင်လိုက်ကြသည်။
***