အခန်း (၁၉၁-၁၉၂)
Vol. 12 Ch. 191-192
အခန်း ၁၉၁ ။ စိတ်ဝမ်းကွဲခြင်း
"အရှင်မင်းကြီး ခရီးပန်းလာမှာပါ။ ပြည်သူတွေအတွက် အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီချန်းချဲ့က ဂါရဝပြုပြီး ဝိုင်တစ်ခွက် သောက်ပါရစေ။"
မိဖုရားခေါင်ကြီးက ပထမဆုံး မတ်တတ်ရပ်ပြီး ဝိုင်ခွက်မြှောက်ကာ ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး ကိုယ်ဝန်ပျက်ကျခဲ့သည့်ကိစ္စကမရှိခဲ့သလိုပင်။
နင်ချန်ကလည်း အလိုက်သင့် ဝိုင်သောက်လိုက်ပြီး မိဖုရားခေါင်ကြီး၏ လက်ကို ပုတ်ပေးလိုက်သည်။
"ကျန်းမရှိတုန်း မိဖုရားခေါင်ကြီး တစ်ယောက်တည်း ပင်ပန်းခဲ့ရပြီ။ မိဖုရားခေါင်ကြီးက တကယ့်ကို တော်ဝင်မိခင်ပီသပါတယ်။ ကိုယ်ဝန်ပျက်ကျသွားတာက ကံမပါလို့ပါ။ မိဖုရားခေါင်ကြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကျန်းတို့ ငယ်ပါသေးတယ်။ နောက်ထပ် သားသမီး ရနိုင်ပါသေးတယ်။"
ဒီစကားသည် မိဖုရားခေါင်ကြီးအတွက်တင် မဟုတ်ဘဲ တခြားကိုယ်လုပ်တော်တွေအတွက်ပါ ရည်ရွယ်ပြောခြင်းဖြစ်သည်။
အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို လေးစားကြောင်း၊ တော်ဝင်မိခင်နေရာကို အလေးထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
လျှို့ဝှက်အဖွဲ့အစည်းစုံစမ်းချက်အရ မိဖုရားခေါင်ကြီးကိုယ်ဝန်ပျက်ကျခြင်းသည် မတော်တဆမှုဖြစ်သည့်အပြင် ယန်
ဝမ်ရုန်သေဆုံးမှုသည် မိဖုရားခေါင်ကြီး၏လက်ချက်မဟုတ်မှန်းသိသောကြောင့် သူမအားအလေးပေးဆဲဖြစ်သည်။
သို့သော် မိဖုရားခေါင်ကြီးသည် သူ့အားမယုံကြည်ပဲ အလုပ်တွေ ဖိလုပ်သည့်အတွက်ကိုယ်ဝန်ပျက်ကျခြင်းကြောင့် နင်
ချန် စိတ်မကောင်းဖြစ်မိသည်။
သို့သော် အနောက်ဆောင်တည်ငြိမ်ရေးအတွက် မိဖုရားခေါင်ကြီးကို မျက်နှာသာပေးရဦးမည်ဖြစ်သည်။
"အရှင်မင်းကြီး နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့ ကျန်းမာရေး ဂရုစိုက်ပြီး နောက်ထပ် သားသမီးရအောင် ကြိုးစားပါ့မယ်။"
မိဖုရားခေါင်ကြီး မျက်ရည်ဝဲရင်း ပြောလိုက်သည်။
နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ကလေးကို ဆုံးရှုံးလိုက်ရသည့်အတွက် အခြားသူတွေထပ် သူမအခံစားရဆုံးဖြစ်သည်။
မိဖုရားခေါင်ကြီး မျက်ရည်သုတ်ပြီး အတင်းပြုံးလိုက်သည်။
"အရှင်မင်းကြီး... ယိရှိုးယွမ်က တတိယမင်းသား မွေးဖွားပေးတာ ကြီးမားတဲ့ ကုသိုလ်ပါပဲ။ ဒီချန်းချဲ့က သူ့ကို လန်ဟွာနန်းဆောင်ကို ပြောင်းရွှေ့ပေးလိုက်ပြီ။ အရှင်မင်းကြီး ဘယ်လိုသဘောရလဲ။"
လန်ဟွာနန်းဆောင်က ဧကရာဇ်၏ကျိုချန်
နန်းဆောင်နဲ့ နီးကပ်သည့်အပြင် အခြားကိုယ်လုပ်တော်နန်းဆောင်များထပ် ကျယ်ဝန်းသည်ဟုဆိုနိုင်သည်။ လန်ဟွာအဆောင်သည် ယခင်ဧကရာဇ်လက်ထပ်ကမျက်နှာသာပေးခံရသောကိုယ်လုပ်တော်တစ်ဦး၏အဆောင်ဖြစ်ခဲ့ဖူးပြီးယခုအခါပြန်လည် မွန်းမံထားခြင်းဖြစ်ပေသည်။
"မိဖုရားခေါင်ကြီးရဲ့ မေတ္တာက ကြီးမားလွန်းပါတယ်။ လန်ဟွာနန်းဆောင်က သိပ်လှပပြီး ခမ်းနားလွန်းလို့ ဒီချန်းချဲ့တောင် နေရမှာ စိုးရွံ့မိပါတယ်။ အဲဒါကြောင့် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို သိမ်းဆည်းခိုင်းထားလိုက်ပါတယ်။"
ယိရှိုးယွမ် အမြန်ထရပ်ပြီး ပြောလိုက်သည်။
အမှန်တကယ်တွင် လန်ဟွာနန်းဆောင်ထဲက ပစ္စည်းအများစုသည် သူမ၏ရာထူးနှင့်မကိုက်ညီပေ။ မိဖုရားခေါင်ကြီးသည် သူမအားငါးစာအဖြစ် တမင်သက်သက် လုပ်သလားဟုပင် သံသယဝင်မိသည်။
"နင်က တတိယမင်းသား မွေးပေးခဲ့တာပဲ။ ဒီလောက်တော့ ထိုက်တန်ပါတယ်။"
မိဖုရားခေါင်ကြီး ပြုံးလိုက်သည်။
နင်ချန်က မျက်လွှာချလိုက်ပြီး ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး ပြောတာ ဟုတ်တယ်။ ကျန်း တတိယမင်းသားကို မတွေ့ရသေးဘူး။ မနက်ဖြန် လန်ဟွာနန်းဆောင်မှာ နေ့လည်စာ လာစားမယ်။"
"ဒီချန်းချဲ့ စားဖိုဆောင်ကို အရှင်မင်းကြီးကြိုက်တဲ့ ဟင်းတွေ လုပ်ခိုင်းထားပါ့မယ်။"
ယိရှိုးယွမ် ဝမ်းသာအားရ ပြောလိုက်ပြီးမျက်နှာလေး နီရဲသွားသည်။
တခြားကိုယ်လုပ်တော်တွေလည်း မနာလိုဖြစ်နေကြသည်။ ဝမ်သယ့်ဖေးကတော့ မျက်နှာမည်းမှောင်ပြီး စကားမပြောတော့ပေ။
ရှူးဖေးက ဝိုင်သောက်ပြီးနောက် သူမကို ကြည့်ကာ ပြုံးလိုက်သည်။
"ညီမလေးသယ့်ဖေး ဘာတွေတွေးနေတာလဲ။ အရှင်မင်းကြီးကို ဝိုင်တိုက်ဖို့ မေ့နေပြီလား။"
"ဒီနေ့ နေမကောင်းလို့ ဝိုင်မသောက်နိုင်ပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်ပါ။"
ဝမ်သယ့်ဖေးက နင်ချန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
ဝမ်သယ်ဖေးသည် သူမ၏လုပ်ရပ်သည်
အရှင်မင်းကြီးကို မျက်နှာမပေးသလို ဖြစ်နေသည်မှန်း မသိရှာပေ။
"ကိစ္စမရှိပါဘူး။ မသောက်နိုင်ရင် မသောက်ပါနဲ့။"
နင်ချန် အေးစက်စွာ ပြောလိုက်သည်။
အသံထဲတွင် စိတ်မရှည်မှုများ ပါဝင်နေသည်။
မိသားစုညစာစားပွဲတွင် ဝမ်သယ်ဖေးစိတ်ကောက်ပြတာ ဘာကြောင့်လဲဆိုတာ အားလုံးနားလည်ကြပေသည်။ သို့သော်
အရှင်မင်းကြီးက ယိရှိုးယွမ်ဆီ သွားတာ ဝူမိသားစုက မြို့တော်မှာ ကူညီပေးခဲ့လို့ဖြစ်သည်။ ဝမ်သယ့်ဖေးသည် အချစ်တစ်ခုတည်းကိုသာ ရှေ့တန်းတင်သော်လည်း နင်ချန်သည် ဧကရာဇ်ဖြစ်ကာ အချစ်ကိုရှေ့တန်းတင်သောအမျိုးသားမဟုတ်ပေ။
တိုင်းပြည်၏ ဧကရာဇ်တစ်ယောက်အနေဖြင့် နိုင်ငံရေးနှင့်အချစ်ရေးကို မျှတအောင် လုပ်ရပေမည်။ ဝမ်သယ့်ဖေးကို အရင်က မျက်နှာသာပေးထားခြင်းသည် မိဖုရားခေါင်ကြီးနဲ့ ရှူးဖေးတို့ မမောက်မာစေရန်
နင်ချန်သည် ကြိုးရှည်နဲ့လှမ်းထိန်းထားခြင်းဖြစ်သည်။
နောက်ပိုင်းမှသာ ဝမ်သယ့်ဖေး၏တည်ငြိမ်အေးချမ်းလှသည့်ပုံစံကိုသဘောကျပြီး နှစ်သက်ခဲ့၍စိတ်ရင်းဖြင့်အလိုလိုက်ခဲ့သည်။
သို့သော်ဝမ်သယ့်ဖေးသည် နင်ချန်၏စိတ်ကိုနားမလည်သည့်အတွက်တဖြည်းဖြည်းစိတ်ဝမ်းကွဲလာခဲ့သည်။
နင်ချန်က သူမကို ချော့မော့မည့်ပုံမပေါ်သဖြင့် ဝမ်သယ့်ဖေး ပိုဝမ်းနည်းသွားပြီး ထရပ်လိုက်သည်။
"ဒီချန်းချဲ့ နေမကောင်းလို့ ဆက်မနေတော့ပါဘူး။ သားတော်ကြီး အိပ်ချိန်ရောက်နေပြီမို့လို့ သွားသိိပ်လိုက်ပါဦးမယ်။"
ပြောပြီးသည်နှင့် လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။ အခန်းထဲတွင် လေထု အနည်းငယ် တင်းမာသွားသည်။
နောက်ဆုံးတွင် ကျင်းဖေးက စကားစပြောလိုက်သည်။
"သားတော်ကြီး ကျန်းမာရေးမကောင်းတော့ သယ့်ဖေး စိတ်ပူတာ သဘာဝပါပဲ။ ဒါနဲ့ မင်းသမီးနှစ်ပါးကို လွန်ခဲ့တဲ့ရက်က တွေ့လိုက်တယ်။ တကယ်ချစ်စရာလေးတွေ။ ဒုတိယမင်းသမီးက မနက်ဖြန်ဆို တစ်နှစ်ပြည့်ပြီနော်။"
ဝမ်ရှိုးယွမ်က ပါးနပ်စွာ ဝင်ပြောလိုက်သည်။
"ကျင်းဖေး သတိရပေးလို့ ကျေးဇူးတင်ပါတယ်။ ဒုတိယမင်းသမီးက နောက် ၃ ရက်နေရင် တစ်နှစ်ပြည့်ပါပြီ။ မိဖုရားခေါင်ကြီး စီစဉ်ထားပြီးသားပါ။ အဲဒီနေ့ကျရင် ယီမေအဆောင်မှာ ညစာစားပွဲ လုပ်ပါမယ်။ အားလုံး လာခဲ့ကြနော်။"
ကလေးအကြောင်းပြောလိုက်သောကြောင့်လေထု ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည်။
....
ထိုညတွင် နင်ချန် ဖုန်းရှီးနန်းဆောင်၌ အိပ်စက်ခဲ့သည်။
တခြားကိုယ်လုပ်တော်တွေ အခွင့်အရေး မယူရဲကြဘဲ ကိုယ့်အဆောင်ကိုယ် ပြန်သွားကြသည်။
.....
ယဲ့ယွင်ကတော့ နောက်ကျကျန်ရစ်ခဲ့ပြီး ပိုင်ရှုကို နားနားကပ်ပြောလိုက်သည်။ ပိုင်ရှုက ပန်းချီကားလိပ်ကို ဟွေ့အန်းလက်ထဲ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
ဒီနေ့မပြဘဲ မနက်ဖြန်မနက်မှသာပြဖို့ မှာလိုက်သည်။
ဟွေ့အန်းသည်ပိုင်ရှုနှင့်ရင်းနှီးပြီးသားဖြစ်သည့်အတွက်ကူညီပေးလေသည်။
ညရောက်သည့်အခါတွင် မိဖုရားခေါင်ကြီးသည်ရေချိုးပြီးနောက် အိပ်ခန်းထဲ ဝင်လာချိန်တွင် နင်ချန်သည်စာကြည့်စားပွဲပေါ်တွင် စာရင်းစာအုပ် ဖတ်နေသည်ကိုတွေ့လိုက်ရသည်။
"ညဘက် စာဖတ်တာ မျက်စိထိခိုက်တတ်တယ်။ အရှင်မင်းကြီး ခရီးပန်းလာတာ အရင်နားလိုက်ပါလား။"
နင်ချန် သက်ပြင်းချလိုက်ပြီး စာအုပ်ပိတ်ကာ မော့ကြည့်လိုက်သည်။
"မိဖုရားခေါင်ကြီးက စာဖတ်တာ ကျန်းမာရေးထိခိုက်တတ်မှန်း သိရက်နဲ့ ကိုယ်ဝန်ရှိတုန်းက ဘာလို့ မနားခဲ့တာလဲ။"
ထိုစကားကြောင့် မိဖုရားခေါင်ကြီး ကြောင်အသွားပြီး ဒူးထောက်လိုက်မိသည်။
"ဒီချန်းချဲ့... ဒီချန်းချဲ့ မှားသွားပါတယ်။"
နင်ချန်က တည့်တိုးပြောလိုက်အတွက် သူမတွင်ဆင်ခြေပေးစရာ မရှိပေ။
"ရှဲ့ရှီ... မင်းရဲ့ စိတ်ဆန္ဒကို ကျန်း သိပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ ကလေးကို ထိခိုက်အောင် မလုပ်သင့်ဘူး။"
နင်ချန် သက်ပြင်းချလိုက်ပြီး သူမကို ထူပေးလိုက်သည်။
"ကျန်းက မိုက်မဲတဲ့ဧကရာဇ် မဟုတ်ပါဘူး။ မင်း ကောင်းကောင်းမွန်မွန်နေသရွေ့ မိဖုရားခေါင်ကြီးနေရာက မင်းပိုင်တာပါ။ ဘယ်သူမှ အစားထိုးလို့မရပါဘူး။ ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်မဖြစ်စေချင်ဘူး။ မင်း သားသမီးရစေချင်တာ ကျန်းလည်း ဆန္ဒရှိပါတယ်။"
မိဖုရားခေါင်ကြီး ရင်ထဲ နာကျင်သွားပြီး သည်းမခံနိုင်တော့ဘဲ နင်ချန်ကို ဖက်ကာ အော်ဟစ်ငိုကြွေးလိုက်သည်။
အပြင်က အစေခံတွေ ဘာဖြစ်မှန်းမသိပေမယ့် ဝင်မကြည့်ရဲကြပါဘူး။
နောက်ဆုံးတွင်မိဖုရားခေါင်ကြီးသည်
တစ်ညလုံး ငိုကြွေးပြီးနောက်မေ့လဲသွားခဲ့ပေသည်။ ထိုညတွင်အရှင်မင်းကြီးသည်အပြင်ခန်းက ကုတင်ပေါ်မှာသာ အိပ်စက်ခဲ့ပေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -192
အခန်း ၁၉၂ ။ အားအင်ပြည့်ဝခြင်း
နောက်တစ်နေ့ မနက်ခင်း နှုတ်ဆက်ဂါရဝပြုချိန်တွင်ဖြစ်သည်။
ဝမ်သယ့်ဖေးသည် နေမကောင်းဟု အကြောင်းပြကာ ရောက်မလာခဲ့ချေ။ ဧကရာဇ်ကို စိတ်ကောက်နေဆဲဖြစ်ကြောင်း သိသာလှပေသည်။
လင်ရှိုးရုန်သည်လည်း ထိုနည်းတူစွာ နေမကောင်းကြောင်း အကြောင်းပြခဲ့ပေသည်။
သို့သော် မည်သူက တကယ်နေမကောင်းဖြစ်ပြီး မည်သူက ဟန်ဆောင်နေသည်ကို လူတိုင်း ကောင်းစွာ သိရှိကြပေသည်။
မိဖုရားခေါင်ကြီးမှာလည်း ကြည်လင်လန်းဆန်းပုံမရချေ။
မနေ့ညက ဖုန်းရှီးနန်းဆောင်နှင့် ကျိုချန်နန်းဆောင်တို့တွင် ဖြစ်ပျက်ခဲ့သမျှကို နန်းဆောင်နှစ်ခုလုံးက နှုတ်လုံကြသဖြင့် သတင်းတစ်စွန်းတစ်စမျှ မကြားရပေ။ ထို့ကြောင့် မိဖုရားခေါင်ကြီး အိပ်ရေးမဝ၍ ဖြစ်မည်ဟုသာ လူတိုင်းက ထင်မှတ်လိုက်ကြသည်။
ယနေ့တွင် ထွေထွေထူးထူးကိစ္စရပ်များ မရှိသော်လည်း ရှူးဖေးသည် ပုံမှန်အတိုင်း တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် စကားများရန်ရှာလေသည်။
သူမသည် ယိရှိုးယွမ်နှင့် ယဲ့ယွင်တို့နှစ်ယောက်လုံးကို ရန်စခဲ့၏။
ထိုနှစ်ယောက်လုံးမှာ စကားပြောရာတွင် ကျွမ်းကျင်သူများဖြစ်ကြရာ လက်တွဲပြီး ရှူးဖေးကို ပြန်လည်တုံ့ပြန်လိုက်ကြသဖြင့် ရှူးဖေးမှာ ဒေါသကြောင့် မျက်နှာပင် မဲပုပ်သွားခဲ့ရသည်။
ကျန်းချိုက်ရန်မှာ ရှူးဖေးဘက်မှ ဝင်ပြောပေးချင်သော်လည်း သူမ၏ ရာထူးအဆင့်အတန်းက နိမ့်ကျလွန်းနေပြီး မျက်နှာသာပေးခံရမှုလည်း မရှိသဖြင့် ဝင်ပြောခွင့်မရခဲ့ချေ။
နောက်ဆုံးတွင် ရှူးဖေးသည် ထုံးစံအတိုင်း မည်သည့်အသာစီးမှ မရဘဲ ပြီးဆုံးသွားခဲ့ရသည်။
.....
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသည်နှင့် ရှူးဖေးသည် ဒေါသတကြီးဖြင့် ဝေါယာဉ်ပေါ်သို့ တက်လိုက်ပြီး ကျန်းချိုက်ရန်ကိုပါ သူမ၏ နန်းဆောင်သို့ လိုက်ခဲ့ရန် ခေါ်လိုက်လေသည်။
"မင်းကိုမင်း ပြန်ကြည့်စမ်း၊ သူတို့နဲ့ တစ်သုတ်တည်း နန်းတော်ထဲ ဝင်လာခဲ့ကြတာပဲကို၊ မင်းရုပ်ရည်က သူတို့နှစ်ယောက်ထက် ဘာများညံ့နေလို့လဲ။ ဒီမယ်မယ်က မင်းကို နေရာတကာမှာ မြှောက်စားပေးနေတာတောင် အခုထိ အရှင်မင်းကြီး သဘောကျတာကို မခံရသေးဘူး။ ဒီချိုက်ရန် ရာထူးနဲ့ပဲ အိုသွားဖို့ စိတ်ကူးထားတာလား"
"ဒီချန်းချဲ့ကပဲ အသုံးမကျလို့ပါ။ မယ်မယ် စိတ်လျော့ပါဦးနော်"
ကျန်းချိုက်ရန် (ကျန်းရှီ) သည် ခေါင်းငုံ့ကာ အံကြိတ်ရင်း ပြန်ပြောလိုက်သည်။
ရှူးဖေးသည် ခုနလေးတင် အပြောခံလိုက်ရသဖြင့် သူမကို ဒေါသပုံချနေမှန်း ကျန်းချိုက်ရန် နားလည်လေသည်။ အကယ်၍ သူမက ယခုအချိန်တွင် ဆင်ခြေပေးပါက ပို၍ဆိုးရွားစွာ အဆဲခံရလိမ့်မည်။ ထို့ကြောင့် တုံးအချင်ယောင်ဆောင်ကာ ရှူးဖေး စိတ်ပြေပါစေတော့ဟု ငြိမ်နေလိုက်ခြင်းက ပိုကောင်းပေသည်။
သို့သော် ကျန်းချိုက်ရန်၏ စိတ်ထဲတွင် ရွံရှာမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေမိသည်။ ရှူးဖေးကဲ့သို့ ဦးနှောက်မရှိသော လူအ-တစ်ယောက်က ဖေးအဆင့်ရာထူးကို ရယူထားပြီး သူမကို ဆရာလုပ်နေသည်မှာ မည်သို့မျှ မတန်ချေ။
"အသုံးမကျဘူးတဲ့လား၊ မင်းက အသုံးမကျမှတော့ ဒီမယ်မယ်က မင်းကို ဘာလုပ်ဖို့ ပျိုးထောင်ပေးနေရမှာလဲ"
ရှူးဖေးက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ကြည့်ရတာ မင်းကလည်း မယားငယ်က မွေးသူဖြစ်နေလို့၊ ယိရှိုးယွမ်တို့ မင်ကျယ်ယွီတို့လောက် မြေခွေးမ ဉာဏ်နီဉာဏ်နက်တွေ မသုံးတတ်တာနေမှာပေါ့။ တော်ပြီ... လိုက်မလာနဲ့တော့။ မင်းကို မြင်ရတာ စိတ်ရှုပ်တယ်"
"မယားငယ်က မွေးသူ" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကျန်းချိုက်ရန်၏ နှလုံးသားကို အပ်ဖြင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာထား ချက်ချင်း တင်းမာသွားခဲ့၏။ သူမ၏ မျက်ဝန်းထဲမှ အငြိုးအတေးများသည် ခြောက်သွေ့နေသော ရေတွင်းပျက်ထဲမှ တွားသွားထွက်လာသည့် မြွေတစ်ကောင်အလား ဖြစ်ပေါ်လာသည်။
ရှူးဖေး၏ ဝေါယာဉ် အဝေးသို့ ထွက်ခွာသွားသည်ကို အရိုအသေပြု နှုတ်ဆက်လိုက်ရင်း ကျန်းချိုက်ရန်သည် ဝေါယာဉ်ပေါ်မှ လူ၏ ကျောပြင်ကို စိုက်ကြည့်ကာ လက်ကိုင်ပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။
မယားငယ်က မွေးသူ... သူမက မယားငယ်က မွေးသူဖြစ်ရင်တောင်မှ အမြင့်ဆုံးကို တက်လှမ်းပြမယ်။ မျိုးရိုးမြင့်ပါတယ်ဆိုတဲ့ သခင်မလေးတွေကို ငါ့ခြေထောက်အောက်မှာ တစ်ယောက်ချင်းစီ နင်းချေပြမယ်။
......
ကျိုချန်နန်းဆောင်။
နင်ချန်သည် ညီလာခံမှ ပြန်ရောက်လာသည်နှင့် အလုပ်များနေတော့သည်။ မြို့တော်တွင် ရက်အတော်ကြာ မရှိခဲ့သဖြင့် ဝန်ကြီးများ တင်ပြစရာကိစ္စများမှာ များပြားလှပြီး လွှာကြားချက်များသည် တောင်ပုံရာပုံ ပုံနေလေသည်။
နင်ချန်မှာ ခေါင်းကိုက်သွားရပြီး နောက်ရက်များတွင် ဖိန်ဝမ် နှင့် ခန်းဝမ် တို့ကို နန်းတော်ထဲ ခေါ်သွင်းကာ အရေးမကြီးသည့် လွှာကြားချက်များကို ကူညီစစ်ဆေးခိုင်းရမည်ဟု တွေးလိုက်မိသည်။
သူတို့ကညီအစ်ကိုကောင်းတွေပဲလေ မျှဝေခံစားသင့်သည် မဟုတ်လား။
သို့သော် စိတ်ကြည်နူးစရာ ကိစ္စအချို့လည်း ရှိနေပေသည်။ ဥပမာအားဖြင့် လန်ကျိုးဒေသ၏ အုပ်ချုပ်ရေးမှူးရာထူးအတွက် အိမ်ရှေ့စံဆရာ၏ သားဖြစ်သူ ချီယောင်ကို အတည်ပြုလိုက်ခြင်းပင်ဖြစ်သည်။
ယနေ့တွင် အမိန့်တော်ပြန်တမ်း ထုတ်ပြန်မည်ဖြစ်ပြီး ချီယောင်သည် သားမယားများနှင့်အတူ ပစ္စည်းများသိမ်းဆည်းကာ မေလ ၁၀ ရက်နေ့တွင် လန်ကျိုးဒေသသို့ တာဝန်ထမ်းဆောင်ရန် ထွက်ခွာရမည်ဖြစ်သည်။
နောက်တစ်ခုမှာ ချူယွင်ဟွိုက်အတွက် အမိန့်တော်ဖြစ်သည်။
ဤတစ်ခေါက် တောင်ဘက်ဒေသသို့ လှည့်လည်သွားလာခြင်း ပြီးဆုံးသည့်အခါ ချူယွင်ဟွိုက်သည် မြို့တော်သို့ ပြန်မလာဘဲ တင်းဟယ်ခရိုင်သို့ တန်းသွားမည်ဖြစ်သည်။ သူ၏ ဇနီးသည် ကျန်းရှီနှင့် သမီးဖြစ်သူ ကျင်းနျန်တို့မှာမူ နောက်ကျမှ လိုက်သွားကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချူယွင်ဟွိုက် ခရီးထွက်သွားစဉ်က ကျန်းရှီတွင် ကိုယ်ဝန် တစ်လရှိနေပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ယခုမှ လေးလသာ ရှိသေးသောကြောင့်ဖြစ်သည်။ ခရီးလမ်းမှာ ဝေးကွာကြမ်းတမ်းသဖြင့် ကျန်းမာရေး ထိခိုက်မည်စိုးသောကြောင့် ဖြည်းဖြည်းမှန်မှန်သာ လိုက်သွားရန် ပြင်ဆင်ထားကြခြင်းဖြစ်သည်။
ထိုအမိန့်တော်နှစ်ခုကို ရေးသားပြီးနောက် နင်ချန်သည် လက်ဘေးရှိ လွှာကြားချက်အချို့ကို ကောက်ယူစစ်ဆေးလိုက်ရာ ထိုအထဲတွင် ယဲ့ကျယ်တင်ပြလာသော မြို့တော်သို့ပြန်လာ၍ လက်ထပ်ခွင့်တောင်းခံသည့် လွှာကြားချက်လည်း ပါဝင်လေသည်။
နင်ချန်သည် နှစ်ခါမျှ ဖတ်ကြည့်လိုက်ပြီးနောက် "ခွင့်ပြုသည်" ဟူသော စာလုံးကို မှင်နီဖြင့် ရေးသားလိုက်ပြီး ဝမ်းမြောက်ကြောင်း စာကြောင်းအနည်းငယ်ကိုပါ ထပ်ဖြည့်ရေးသားလိုက်သည်။
ထို့နောက် ယွမ်ကျိုအား ကမ်းပေးလိုက်၏။
"ဒီလွှာကြားချက်ကို လင်ကျိုးဆီ မြင်းအမြန်ချောပို့နဲ့ ပြန်ပို့လိုက်။ ကျုံးယုံဟို(ယဲ့ကျယ်)ရဲ့ မင်္ဂလာကိစ္စကို နှောင့်နှေးလို့ မဖြစ်ဘူး။ ပြီးတော့ မင်း ဘဏ္ဍာတိုက်ထဲက ပစ္စည်းတချို့ကို ရွေးပြီး လက်ဖွဲ့အဖြစ် တစ်ခါတည်း ထည့်ပေးလိုက်ဦး"
"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုး သေချာ စီစဉ်လိုက်ပါ့မယ်"
ယွမ်ကျိုက ပြုံးဖြဲဖြဲဖြင့် ပြန်လျှောက်တင်လိုက်သည်။
"ကျုံးယုံဟိုအကြောင်း ပြောမိမှ ကျွန်တော်မျိုး တစ်ခု သတိရတယ်။ မနေ့ညက မင်ကျယ်ယွီက ဟွိုက်အန်းကို ပစ္စည်းတစ်ခု ပေးထားခဲ့ပါတယ်။ အရှင်မင်းကြီး အားတဲ့အချိန်ကျရင် ဆက်သပေးဖို့ မှာလိုက်ပါတယ်။ အထူးတလည် ပြင်ဆင်ထားတဲ့ လက်ဆောင်ဖြစ်ပုံရပါတယ်။”
ထိုအကြောင်း ပြောလိုက်မှ နင်ချန်သည် မနေ့ညက သူနှင့် အရောင်တူ ဝတ်ဆင်ထားသော အမျိုးသမီးကို သတိရသွားလေသည်။
လှပသော မိန်းမပျိုများစွာကြားတွင် သူတို့နှစ်ဦးတည်းသာ တစ်သားတည်းကျနေသကဲ့သို့ ထင်မှတ်ရသည်။
ထိုသို့သော သိမ်မွေ့နက်နဲသည့် ခံစားချက်က သူ့စိတ်နှလုံးကို ရုတ်တရက် ကြည်နူးသွားစေခဲ့သည်။
"ယူလာခဲ့၊ ကျန်း ကြည့်ရအောင်"
နင်ချန် အနည်းငယ် ပြုံးလိုက်ပြီး လက်ပြလိုက်သည်။
ယွမ်ကျိုသည် ချက်ချင်း ထွက်သွားပြီး ဟွိုက်အန်းထံမှ ပစ္စည်းကို ယူဆောင်လာခဲ့သည်။
လိပ်ထားသော စာရွက်လိပ်တစ်ခုဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ထိုအမျိုးသမီး တစ်ခုခု ထပ်ဆွဲထားပြန်ပြီဟု နင်ချန် ခန့်မှန်းလိုက်မိသည်။
နွေဦးရာသီဖြစ်၍ မက်မွန်ပွင့်များ ဆွဲထားလေသလား။
ထိုသို့ တွေးတောရင်း ပန်းချီကားကို ဖွင့်
ကြည့်လိုက်သောအခါ မှင်သက်သွားခဲ့လေသည်။
ပန်းချီကားထဲတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သားတစ်ပါးအလား တည်ငြိမ်ခန့်ညားသော အမျိုးသားပုံမှာ ရင်းနှီးနေသလို ရှိသည်။ သေချာ ကြည့်လိုက်သောအခါမှ ထိုသူမှာ သူကိုယ်တိုင် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။
သူ မရှိခိုက်တွင် သူမ၏စိတ်ထဲ၌ သူ တောင်ဘက်ဒေသသို့ လှည့်လည်သွားလာနေပုံကို ဤသို့ ပုံဖော်ထားခဲ့ခြင်းလား။
နွေဦးလေပြေနှင့် မိုးမခပင်ပျိုများ၊ ရေပြင်ကျယ်ထက်မှ လှေတစ်စင်းနှင့် နွေဦးလ၏ နေရောင်ခြည်အောက်တွင် နွေးထွေးတည်ငြိမ်နေသော ကျောက်စိမ်းတစ်တုံးအလား လူတစ်ယောက်။
တစ်ခဏမျှ နင်ချန်သည် မိန်းမောသွားခဲ့ပြီး သူ၏ နားရွက်ဖျားလေးများ နီရဲလာသည်ကိုပင် သတိမထားမိခဲ့ပေ။
"အို... ကျွန်တော်မျိုး ကြည့်ရတာ ဒါ အရှင်မင်းကြီးပုံပါလား"
ယွမ်ကျိုက ရုတ်တရက် အာမေဋိတ်သံ ပြုလိုက်သည်။
"မင်ကျယ်ယွီက ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးပုံကို ဆွဲရတာလဲ။ ဒီလို နဂါးသွင်ပြင်တော်ကို ဘယ်လိုလုပ်ပြီး စိတ်ကူးပေါက်ရာ..."
"ဆွဲလို့မရမှန်း သိရင်လည်း ဘာလို့ အမြန်သိမ်းပြီး သေတ္တာထဲ ထည့်မထားသေးတာလဲ။ သူများတွေမြင်သွားရင်ပြဿနာဖြစ်ကုန်ဦးမယ်"
နင်ချန်သည် သူ့ကို စကားဆုံးအောင် ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်သည်။
တပြိုင်နက်တည်းမှာပင် သူကိုယ်တိုင် ပန်းချီကားကို အပေါ်မှအောက်သို့ ဖြည်းညှင်းစွာ ပြန်လိပ်လိုက်သည်။ လိပ်၍ ပြီးခါနီးတွင် ပန်းချီကားအောက်ခြေ၌ စာလုံးအသေးလေးများ ရေးထားသည်ကို တွေ့လိုက်ရသည်။
‘လင်လုံအန်စာတုံးလေးထဲမှာ တမ်းတခြင်း မျိုးစေ့နီလေးတွေ ထည့်သွင်းထားပါတယ်’
အဆိုပါစကားစုလေးသည် ကဗျာတစ်ပုဒ်လုံး မဟုတ်သည်မှာ သိသာလှသည်။ ဘယ်လိုကြည့်ကြည့် တစ်ဝက်လောက် လိုနေသလိုပင်။ နင်ချန်သည် စာသားကို စိုက်ကြည့်ရင်း အတော်ကြာအောင် စဉ်းစားသော်လည်း နောက်ဆက်တွဲ စာသားကို စဉ်းစားမရသဖြင့် ပန်းချီကားကိုသာ အရင်သိမ်းဆည်းလိုက်ရတော့သည်။
ယွမ်ကျိုမှာမူ မင်ကျယ်ယွီတစ်ယောက် စည်းကမ်းဖောက်ဖျက်မိ၍ အရှင်မင်းကြီး စိတ်ဆိုးသွားမည်ကို စိုးရိမ်နေမိသည်။
သို့သော် အရှင်မင်းကြီး ငေးမောနေပုံကို ကြည့်ရသည်မှာ ပန်းချီကားက အရှင်မင်းကြီး၏ နှလုံးသားထဲသို့ ရောက်သွားပုံရသည်။
မင်ကျယ်ယွီကတော့ တကယ့်ကို သတ္တိကောင်းပြီး အရည်အချင်းရှိသူပါလားဟု ချီးကျူးရပေမည်။ မျက်နှာသာပေးမှု ရယူသည့် ဤနည်းလမ်းမျိုးကို အခြားသူများကို သင်ပေးရင်တောင်မှ သူများတွေက လိုက်လုပ်ရဲမည် မဟုတ်ပေ။
ယွမ်ကျိုက အရှင်မင်းကြီးသည် ယနေ့ ယိရှိုးယွမ်ထံ သွားတော့မည်မဟုတ်ဟု ခန့်မှန်းလိုက်မိသည်။ သို့သော် သူ၏ တွက်ဆမှု လွဲမှားသွားခဲ့၏။ နင်ချန်သည် လန်ဟွာဆောင်သို့ သွားခဲ့လေသည်။
မနေ့က မိသားစုစားပွဲဝိုင်းတွင် လာမည်ဟု အတိအလင်း ပြောထားပြီးဖြစ်ရာ အကယ်၍ သူ မသွားလျှင် ယိရှိုးယွမ်တစ်ယောက် ရယ်စရာလူဖြစ်ကျန်ရစ်ခဲ့ပေလိမ့်မည်။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျထားသည့် ကိစ္စကြောင့် တတိယမင်းသားလေး၏ လပြည့်မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် မလုပ်ရန် တားမြစ်ထားခဲ့သည်။ ထို့ကြောင့် နင်ချန်၏ စိတ်ထဲတွင် အနည်းငယ် အားနာနေမိပြီး ယိရှိုးယွမ်၏ မျက်နှာကို အပျက်ခံမည် မဟုတ်ပေ။
နေ့လည်စာ သုံးဆောင်ပြီးနောက် နင်ချန်သည် ပြန်မသွားဘဲ လန်ဟွာဆောင်၌ တစ်နေကုန် နေခဲ့သည်။ ညပိုင်းတွင်လည်း ယိရှိုးယွမ်သာ အိပ်ဆောင်ဝင် ကိုယ်လုပ်တော်အဖြစ် တာဝန်ယူခဲ့ရသည်။
ဤမျက်နှာသာပေးမှုက အနောက်ဆောင်တစ်ခုလုံးကို မျက်လုံးပြူးသွားစေခဲ့သည်။
သို့သော် အတွင်းရေးကိုမူ ယိရှိုးယွမ် ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
အရှင်မင်းကြီးသည် သူမဆီတွင် ရှိနေသော်လည်း တစ်နေကုန် အခြားကိစ္စများကိုသာ တွေးတောနေပုံရသည်။
အရှင်မင်းကြီး ဘာတွေတွေးနေသလဲ ဆိုသည်ကို သူမ မမေးမြန်းရဲသော်လည်း စိတ်ထဲတွင်မူ မတင်မကျ ဖြစ်နေမိသည်။
.......
ထိုည ကုန်ဆုံးသွားပြီးနောက် လူတိုင်းက မိမိအလှည့် ရောက်လာမလားဟု မျှော်လင့်စောင့်စားနေကြချိန်တွင် ဧကရာဇ်၏ ခြေလှမ်းများသည် ယွီရှို့အဆောင်သို့ ဦးတည်သွားခဲ့လေသည်။
နင်ချန် ရောက်လာချိန်တွင် ယဲ့ယွင်သည် မိဖုရားခေါင်ကြီးအား ဂါရဝပြုရန် ဖုန်းရှီးနန်းဆောင်သို့ ရောက်နေခဲ့၏။ ထို့ကြောင့် သူ့ကို လာရောက်ကြိုဆိုသူမှာ ခွေးတစ်ကောင် ဖြစ်နေလေသည်။
ဟုတ်ပေသည်၊ ညန်ကောင်းပင် ဖြစ်သည်။
အမြောက်ဆန်လေးတစ်ခုအလား ပြေးထွက်လာပြီး နင်ချန်၏ ခြေထောက်ကို ဖက်ထားလိုက်သဖြင့် ယွမ်ကျိုမှာ ဘာကောင်ကြီးလဲဟူ၍ လန့်ဖျပ်သွားခဲ့ရသည်။
နင်ချန်သည် ပျော်ရွှင်မြူးထူးနေသော ညန်ကောင်းကို ကြည့်လိုက်၏။ ယဲ့ယွင် မွေးထားသော ခွေးကလည်း အားအင်တွေ ပြည့်ဝနေပါလားဟု သူ တွေးလိုက်မိလေသည်။
***