အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
Chapter 69
~
အခန်း ၆၉
~
စကားစပြောခဲ့သည့် အသက်လတ်ပိုင်းအရွယ်လူသည် ဝတ်ရုံရှည်အား ဝတ်ဆင်ထားပြီး မုတ်ဆိတ်ခပ်တိုတို ရှိ၏ ။ သူ စကားပြောသည့်အခါ ခေါင်းအနည်းငယ် မော့ထားတက်သည့်အတွက် ဂုဏ်သိက္ခာရှိသည့် မျိုးနွယ်မှ ဖြစ်ပုံရသည် ။
ချောင်မူ၏ စကားကို ကြားလျှင် ထိုလူ ဆွံ့အ သွား၏ ။ သူ ၏သို့ ပြန်အပြောခံရမည်ဟု ထင်မှတ်မထားမိ ။ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏ ။
တစ်ဝိုင်းထဲ အတူထိုင်နေသည့် အစောင့်ချူးက ချောင်မူကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။
ယန်ဧကရာဇ်သည် ဝမ်စုန့်ဟဲကြောင့် ချောင်ပိုင်ဖူကို တွေ့လိုသော်လည်း အများကြီး အလေးမထားမှန်း သူသိ၏ ။ ယခုကဲ့သော ယန်ဧကရာဇ်၏ အနာကို တုတ်နှင့်ဆွမိပါက အသက်သာဆုံးပြစ်ဒဏ်မှာ သေဒဏ်သာ ဖြစ်ပေလိမ့်မည် ။
သက်လတ်ပိုင်းလူက ခဏနေမှ ပြန်သတိဝင်လာပြီး မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏ ။
" ဘာလို့ ငါ့ကို လက်ရှိ ဧကရာဇ်အကြောင်း ပြောတာလဲ.."
" မင်းပဲ တာဝန်တွေ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့အကြောင်း စပြောတာလေ.. "
ချောင်မူက ရေနွေးကြမ်းတစ်ခွက်သောက်လိုက်ပြီး ပြောလိုက်၏ ။
လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များတွင် သာမန်ပြည်သူများက နိုင်ငံရေးအကြောင်း ဆွေးနွေးကြသည်မှာ မဆန်း ။
သက်လတ်ပိုင်းလူက ဒေါသဖြင့် တုန့်ပြန်ရန် ပြင်လိုက်သော်လည်း ခဏစဥ်းစားလိုက်ပြီး စိတ်လျော့လိုက်၏ ။
ယခင်တုန်းက တရားရေးဌာနတွင် အလုပ်လုပ်သော ဝမ်စုန့်ဟဲဆိုသည့် အရာရှိတစ်ဦး ရှိခဲ့ဖူး၏ ။ ခေါင်းမာသော စရိုက်ရှိပြီး အဓိပ္ပါယ်မရှိသည့်စကားများကို လုံးဝ သည်းမခံနိုင်ပေ ။
စိတ်နေစိတ်ထားထက် ပို၍ အရေးကြီးသည်မှာ စစ်မှန်သည့် အရေးအချင်းပင် ။ ချောင်ပိုင်ဖူသာ ဝမ်စုန့်ဟဲလောက် အရေးအချင်းရှိမည်ဆိုလျှင် သူ သည်းခံနိုင်သည် ။
ထို့နောက် သက်လတ်ပိုင်းလူက စကားစပြောလိုက်သည် ။
" နိုင်ငံရေးအကြောင်း ဆွေးနွေးမယ်ဆိုရင် အခုလက်ရှိ ဧကရာဇ်ကို ခင်ဗျား ဘယ်လိုမြင်လဲ .."
ဤသည်က ချောင်ပိုင်ဖူအား စမ်းသပ်လိုရုံသာမက သာမန်လူများ၏ အမြင်ကို သိလို၍ မေးလိုက်ခြင်းပင် ။
သူ နန်းတော်မှ ထွက်လာသည့် အကြောင်းမှာလည်း လူအများ၏ အသံကို တိတ်တိတ်လေး နားထောင်ချင်၍ ဖြစ်သည် ။
ချောင်မူက တွန့်ဆုတ်ခြင်းမရှိဘဲ...
" ဒီ ဧကရာဇ်က... "
ချောင်မူက စကားပြောသည်ကို ရပ်လိုက်ပြီး သက်လတ်ပိုင်းလူကို စိုက်ကြည့်လိုက်၏ ။ သူ ချောင်စန်းရွှယ်နှင့် ဧကရာဇ်အား လုပ်ကြံမည့်အကြောင်း ဆွေးနွေးဖူး၍ ဒီဧကရာဇ်က သေရင် ကောင်းတယ် ဟု ပြောမိမလိုဖြစ်သွားသည် ။ ဟဲရန်မြို့အတွင်း အာချောင်မိခြင်းသည် သိပ်မကောင်း ။ လက်ရှိ လူဆိုးထိန်းဖြစ်နေ၍ ပို၍ သတိထားရပေမည် ။
ချောင်မူ၏ မျက်ခုံးက တဖြည်းဖြည်းတွန့်ကွေးလာသည် ။
' ဒီလူက ဘာလို့ ငါ့ကို ဒီအကြောင်းမေးနေတာလဲ.. ငါ့ကို ထောင်ချောင်ဆင်နေတာများလား.. ဟမ့် ချောင်မူတဲ့ တစ်ချောင်ပဲ ရှိတယ်.. နေပါအုံး.. ငါက ဘာလို့ သေမှာကို ကြောက်နေတာလဲ.. မဟုတ်သေးပါဘူး.. "
ချောင်မူက သေလမ်းရှာနေသော်လည်း လက်ဖက်ရည်ဆိုင်တွင် အာချောင်မိ၍ သေဆုံးခြင်းက အဆင့်မြင့်ရမည်လောဟု မသေချာ ။ ထို့ကြောင့် ပြောမည့်ပြော အကြီးကြီးပြောရန် ဆုံးဖြတ်လိုက်၏ ။
" လက်ရှိ နန်းတက်နေတဲ့ ယုံဟဲ ဧကရာဇ်ကိုလား.. အင်း..ယုံဟဲဧကရာဇ်က ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါးပါ.. ပြီးတော့ ဒီလိုပါပဲ.. "
ချောင်မူက ပြောလိုက်သည် ။
သက်လတ်ပိုင်းလူက စိတ်အေးလက်အေး ဖြစ်သွား၏ ။ ဤလောကတွင် အမြှောက်မကြိုက်သူ ရှိအံ့မထင် ။ ချောင်မူလည်းကြိုက်၏ ။ သူလည်း ကြိုက်၏ ။
သူသည် ပြည်သူများ၏ အသံကို နားထောင်ရန် ခိုးထွက်လာခြင်းဖြစ်သည် ။
ယခု ချောင်ပိုင်ဖူဆိုသူက အဆင့်နိမ့်ဝန်ထမ်းဖြစ်သဖြင့် ပြည်သူဟူ၍ သတ်မှတ်နိုင်၏ ။
ယခု ယုံဟဲဧကရာဇ်အား ချီးမွန်းနေ၍ သူ မပျော်ဘဲ အဘယ်သို့ နေနိုင်ပါအံ့နည်း ။
" အခုလက်ရှိ ဧကရာဇ်က ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါးဆိုရင် ဘယ်လိုအချက်တွေကြောင့် ကောင်းမွန်တယ်လို့ သက်မှတ်တာလဲ.. "
မုတ်ဆိတ်တိုတိုနှင့် သက်လတ်ပိုင်းလူက ပျော်ရွှင်မှုကို မျိုသိပ်၍ မေးလိုက်သည် ။
ချောင်မူက...
" ဘာကောင်းတာလည်း ဆိုရင် ဘွဲ့နာမည် ရွေးကတည်းကို စကောင်းတာ.."
" ယုံဟဲ... ထာဝရငြိမ်းချမ်းခြင်းတဲ့.. ဘယ်လောက်ကောင်းလိုက်လဲ.. လက်ရှိမှာတော့ အင်ပါယာက မျိုးနွယ်ခြားတွေကို လက်နက်ချပြီး အခွန်တွေပေး ..သူတို့ စစ်တောင် မတိုက်ရဲတော့ဘူး.. ဘယ်လိုလုပ် ထာဝရ ငြိမ်းချမ်းရေးမရဘဲ နေမှာလဲ.. "
" ရန်သူတွေကို မတိုက်ဘဲ လက်နက်ချလိုက်ရင် စစ်ပွဲမဖြစ်တော့ဘူးလေ.. ဒါ ထာဝရ ငြိမ်းချမ်းရေးပဲ မဟုတ်ဘူးလား.. "
ဤစကားများ ထွက်လာပြီးနောက် အစောင့်ချူးက ခေါင်းကို အောက်သို့ ငုံ့ထားလိုက်၏ ။ သူ ဧကရာဇ်ကို မော့မကြည့်ရဲ ။ သူ မည်သို့ မျက်နှာခြင်းဆိုင်ရမည်ကို မသိတော့ ။
ချောင်မူ၏ ဘေးနားရှိ လူဆိုးထိန်းများ အားလုံး ဆွံ့အ သွားကြ၏ ။ မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်ဟောင်းလောင်းဖြစ်နေသဖြင့် ယင်ကောင် ဝင်ဥသွားမည်ကိုပင် စိုးရိမ်ရသည် ။
' တပ်မှူးချောင်.. တာဝန်ချိန်မှာ ပုံပြင်နားထောင်နေတာက တော်သေးတယ် ..ခု ဧကရာဇ်ကို ဒီလိုကြီး ဝေဖန်နေတာ သေမှာ မကြောက်ဘူးလား.. '
ရှင်သန်လိုသည့် ဆန္ဒကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြပြီး ပတ်ဝန်းကျင်ရှိလူများ ကြားသွားမည်ကို စိုးရိမ်သဖြင့် ကျီးကန်းတောင်မှောက် ကြည့်နေကြလေသည် ။
ကံကောင်းသည်က ပုံပြောသူ၏ ဇာတ်လမ်းမှာ အထွတ်အထိပ်သို့ ရောက်နေသဖြင့် သူတို့၏ စကားဝိုင်းကို မည်သူမှ စိတ်မဝင်စားကြ ။
သက်လတ်ပိုင်းလူက စိတ်ကိုထိန်းရန် အသက်ပြင်းပြင်းရှူလိုက်၏ ။ ထို့နောက် သူ ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
" မျိုးနွယ်ခြားတွေက သန်မာလွန်းတယ်.. ယန်ဧကရာဇ်နန်းတော်က သူတို့ရဲ့ ပြိုင်ဘက်မှ မဖြစ်နိုင်တာ..အရင် ဧကရာဇ်ရဲ့ ပြိုင်ဘက်ကင်း စစ် သူကြီး ဦးဆောင်တဲ့ ထိပ်တန်း တပ်သား ၁၀၀၀၀၀ တောင် ကျရှုံးခဲ့ရတာ... "
" လက်ရှိ ဧကရာဇ်က ဒီအခြေအနေ တစ်ခုလုံးကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ.. "
" ဆရာတုန် ထင်နေတာက.. လက်ရှိဧကရာဇ်က မဟာဗျူဟာချပြီး ဆန့်ကျင်ဖို့ ပြင်ဆင်နေတယ်ပေါ့.. "
ချောင်မူက စကားဖြတ်ပြောလိုက်၏ ။
သက်လတ်ပိုင်းလူက ချောင်မူ၏ စကားကို ရုတ်တရက် နားမလည်၍ ကြောင်အအဖြစ်သွားပြီးမှ..
" ကျုပ်မျိုးရိုးနာမည်က ယန်ပါ.. တုန်မဟုတ်ဘူး.. "
" ခင်ဗျား မျိုးရိုးနာမည်ကို ကျုပ်ဘာလုပ်ရမှာလဲ.. "
ချောင်မူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။
" ဒါနဲ့ ကျုပ်မှာ ကုံးဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိတ်ဆွေတစ်ယောက် ရှိဘူးတယ်.. "
" တခြားလူတွေက သူ့ကို ညဏ်ကောင်းတယ် အရာရာကို အဆင်ပြေအောင် ဗျူဟာချပြီး ကိုင်တွယ်တက်တယ်လို့ ပြောကြတယ်.. သူ့ရဲ့ စိတ်ခံစားချက်တွေကို လူမြင်အောင် ဘယ်တော့မှ မပြဘူး ဒေါသလည်း ထွက်လေ့ မရှိဘူး.. "
" လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတောင် သူ့ကိုသူ ထိန်းချုပ်ထားတယ်.. ဘာလို့လဲ ဆိုတော့ သူစိတ်လိုက်မာန်ပါ လုပ်မိရင် သူအကြာကြီး စီစဥ်ထားတဲ့ အစီအစဥ် တွေ ပျက်ဆီးကုန်မှာ စိုးလို့လေ.. လှုပ်ရှားဖို့ အကောင်းဆုံး အချိန်မဟုတ်ရင် ငြိမ်နေတက်တဲ့သူပေါ့.. "
" အဲ့လိုနဲ့ အဲ့ လူဆိုးက သူ့အချစ်ဆုံး မိသားစုဝင် တစ်ယောက်ကို သတ်ခဲ့တယ်.. သူကတော့ ကြံ့ကြံ့ခံပြီး စိတ်ထိန်းထားတုန်းပဲ .. ဘာလို့လဲဆိုတော့ ဗျူဟာသုံးတဲ့ ပညာရှိတစ်ယောက်ဆိုတာ အလွယ်တကူ တုန်လှုပ်လို့ မရဘူးဆိုတာ သူသိလို့လေ.. သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာတွေအတွက် တစ်ခါလေး စိတ်လိုက်မာန်ပါ လုပ်မိရင် ပျက်ဆီးကုန်မယ်ဆိုတာ သူသိတာပေါ့.. "
ယန်မျိုးရိုးလူက ချောင်မူပြောမည်ကို ဆက်နားထောင်နေသော်လည်း ချောင်မူက ဆက်မပြောသဖြင့် ထုတ်မေးလိုက်ရ၏ ။
" ပြီးတော့ ..ဘာဆက်ဖြစ်သွားလဲ.. "
" ပြီးတော့ ဆိုတာ မရှိတော့ဘူးလေ ..ဘာဖြစ်ရမှာလဲ အဲ့လူပျောက်ကွယ်သွားပြီ .."
ချောင်မူက ခပ်လှောင်လှောင်ဖြင့်...
" သူ့ကို အဲ့လူဆိုး သတ်လိုက်လို့ သေသွားပြီ.. "
" ဗျူဟာချတာက အနိုင်ရတာကို နားထောင်ချင်ရင်တော့ စိတ်မကောင်းဘူး ဟားဟားဟား.."
" ကျုပ် အကြောက်ဆုံးက အဲ့ ဗျူဟာနဲ့ တွက်ချက်မှုတွေကိုပဲ.. အဲ့တာက အန္တရာယ်ကို ရင်မဆိုင်ချင်တာ.. အသက်ကို တန်ဖိုးထားတာ သေရမှာ ကြောက်တာတွေအတွက် ဆင်ခြေသက်သက်ပဲလေ.. "
ယန်မျိုးရိုးလူ၏ မျက်နှာက တဖြည်းဖြည်းနီရဲလာပြီး ဝက်အသည်းရောင် ပေါက်လာ၏ ။ သူ့ရှေ့မှလူက သူ့အား ဆဲနေသည်ဟု ခံစားမိနေသော်လည်း သူ့တွင် သက်သေပြစရာက မရှိ ။
" ခင်ဗျား မိတ်ဆွေက လူတစ်ယောက်ထဲလေ ဧကရာဇ်နောက်ကွယ်မှာက တိုင်းပြည်တစ်ခုလုံး ရှိနေတာ ဒီလို ဥပမာ ပေးလို့မှ မရဘဲ.. "
" ဒါပေါ့ဗျာ.. ကျုပ်လက်ခံတာပေါ့.. "
ချောင်မူက ခေါင်းညိတ်လိုက်ပြီး..
" ဒါကြောင့် လုပ်သင့်တာပဲ အရင်လုပ်ရမယ်ဆိုတဲ့ ယန်ဧကရာဇ်ရဲ့ ထုံးကို နှလုံးမူပြီး နန်းတော်အနေနဲ့ ကျုပ်တို့ထက် သာလွန်မြင့်မြတ်တဲ့ မျိုးနွယ်ခြားတွေကို ထောက်ပံ့ဖို့ မြို့ကြီးတိုင်းမှာ စံအိမ်တွေဆောက်ပေး.. သူတို့လာတိုင်း ပြာပြာသလဲ ကြိုဆိုသင့်တာပေါ့.. "
ယခုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားလေပြီ ။ ချောင်မူ၏ ဘေးတွင် လူဆိုးထိန်းများ မရှိတော့ဘဲ သူနှင့် ခြေဆယ်လှမ်းအကွာတွင် ပုံပြင်အား စိတ်ဝင်တစား နားထောင်နေကြ၏ ။
' အမ်.. အဲ့စကားပြောနေတဲ့သူက ဘယ်သူလည်း ငါတို့ သူ့ကို မသိဘူးနော်.. '
ဘေးပတ်လည်ဝိုင်းများတွင် ထိုင်နေကြသူများလည်း ထပြေးရန် ပြင်နေကြသည် ။
ယန်မျိုးရိုးနှင့် လူသည် သူ၏ ဝမ်းနည်းမှုကို မဖုံးကွယ်ထားနိုင်တော့ ။ သူက လူဆိုးထိန်းများအား တစ်ချက်ဝေ့ကြည့်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့်...
" လက်ရှိဧကရာဇ်ကို ဝေဖန်လို့ အသတ်ခံရမှာကို မကြောက်ဘူးလား.. "
' ဟူး.. နောက်ဆုံးတော့ မင်းပေါ်လာပြီး ဟန်မဆောင်နိုင်တော့ဘူးမှတ်လား.. ငါဒီအချိန်ကို စောင့်နေတာ.. '
ချောင်မူက သူ့ကို ထောင်ချောက်ဆင်နေသည်ဟု ခံစားမိနေသဖြင့် သူ၏ ခံစားချက် မှန်ကန်နေကြောင်း သိလိုက်သည် ။
ချောင်မူက...
" အရင် ဧကရာဇ်ပြောခဲ့ဖူးတယ့် စကားတစ်ခွန်းကို ကျုပ် အမြဲ မှတ်မိနေတယ်.. "
" တစ်နည်းအားဖြင့် အရင်ဧကရာဇ် ထုတ်ပြန်ခဲ့တဲ့ အမိန့်တစ်ခုပေါ့.. "
' ကွယ်လွန်သူ ဧကရာဇ်လား.. '
ယန် တုံ့ဆိုင်းသွားပြန်၏ ။ မျိုးနွယ်ခြားနှင့် စစ်ပွဲသည် ယခင်ဧကရာဇ်၏ နောက်ဆုံးအချိန်များတွင် ဖြစ်ပျက်ခဲ့သည်ဖြစ်၍ မည်သည်ကို ကြိုက်သည်ဟု ပြောရဲပါသနည်း ။ သူ၏ မသိစိတ်က ကြားချင်နေသဖြင့် ချောင်မူပြောသည်ကို နားထောင်နေမိသည် ။
" မျိုးနွယ်ခြား စစ်ပွဲ အပြီးမှာ ခေါင်းမာတဲ့ နန်းတွင်းအရာရှိ တစ်ယောက် နန်းတော်နံရံကို ခေါင်းနဲ့တိုက်ပြီး သတ်သေဖို့ ကြိုးစားခဲ့တယ်တဲ့ ..အဲ့တာကြောင့် အရင်ဧကရာဇ်က ကျော်ကြားခဲ့တဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်.. "
ချောင်မူက လေးနက်စွာဖြင့် ...
" ငါကို မျက်နှာချင်းဆိုင် ဝေဖန်သူတိုင်း ညှဥ်းပန်းနှိပ်စက်ခံရမယ်.. စာရေးပြီး အကြံပေးသူတိုင်း သံပူနဲ့ အကပ်ခံရမယ်.. ငါ့အကြောင်း ကောလဟာလ ဖြန့်သူတွေကို ဆောင်းဦးရာသီပြီးရင် ခေါင်းဖြတ်ပြီး အသတ်ခံရမယ်တဲ့.. "
" အဲ့ အမိန့်မထွက်ခင်က ဆူညံနေတဲ့ အသံတွေ အကုန်လုံး အမိန့်ထွက်လာတော့ တိတ်ဆိတ်သွားကြတယ်.. လအနည်းငယ်ကြာတော့ ပြောရဲတယ့်သူကို မရှိသလောက်ဖြစ်သွားပြီ.. ပြောရဲတဲ့ လူတော်တော်များများက သေဆုံးသွားကြပြီး ကျန်တဲ့ လူအနည်းငယ်ကလည်း ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်သွားကြတယ်.. "
" ပြောရမယ်ဆိုရင် အရင်ဧကရာဇ်ရဲ့ အမိန့်က တကယ်ကို ကောင်းလွန်းတယ်.. "
ချောင်မူက ပတ်ဝန်းကျင်ရှိ တုန်ရီနေသော သူ၏ ရဲဘော်များကို ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်...
" တစ်ယောက်ယောက်က ဝေဖန်လို့ အပြစ်ပေးရင်တောင် ဘေးနားက အပြစ်မဲ့သူတွေကို သနားငဲ့ညှာပေးတယ်.. အလွန်ဆုံး ကျုပ်တစ်ယောက်ထဲ သေရုံပေါ့.. "
" ဒီလို အမိန့်မျိုးကြောင့် ကျုပ်လို အသိညဏ် ဗဟုသုတနဲ့ ပြည့်စုံတဲ့လူတွေက တခြားသူတွေ ထိခိုက်မိမှာကို စိုးရိမ်နေစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်တယ်.. ဘယ်လောက် မိုက်လိုက်လဲ.. "
အစောင့်ချူး၏ မျက်နှာက ချက်ချင်းမဲမှောင်သွား၏ ။ အရင်ဧကရာဇ်၏ အမိန့်က အမှန်တကယ်ပင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ပေးခဲ့သည်လော ။ ဤလူ၏ စိတ်သည် တခြားသူများနှင့် တူဟန်မတူ ။
ချောင်မူ၏ လက်အောက်ငယ်သားများ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားကြ၏ ။ ချောင်မူ ပြောလိုက်သည်က သူတို့အား မထိခိုက်၍ မကြောက်ဖို့ရန်ပင် ။ သေချင်းသေ သူတစ်ယောက်ထဲသာ အသေခံမည်ဖြစ်သည် ။ အသစ်ဝင်လာသော ဤလူဆိုးထိန်းက ခေါင်းမာ၍ ဇွတ်တရွတ် လုပ်နေသော်လည်း အသိရှိပုံရသည် ။
ယန်မျိုးရိုး လူသည်လည်း အနည်းငယ် ခံစားသွားမိသည် ။ သူ ငတုံးမဟုတ်၍ ချောင်မူ ဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်သည် ။ ထိုအမိန့်ကို ယခင်ဧကရာဇ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း သူ မဖျက်သိမ်းရသေးသဖြင့် အသက်ဝင်နေဆဲပင် ။
' အရင်တုန်းက ဝမ်စုန့်ဟဲလိုပဲ မင်းက သေမှာ မကြောက်ဘူးလား.. '
ယန်မျိုးရိုးနှင့် လူက တွေးတောရင်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားလိုက်မိ၏ ။ လက်ဖက်ရည်ဆိုင်တွင် လူတိုင်းနိုင်ငံရေးအား ဆွေးနွေးကြသော်လည်း မည်သူမှ အလွန်အကျွံ မပြော ။ ယခု တော့ ချောင်ပိုင်ဖူ ဆိုသည့်သူက သူ့နှာခေါင်းအား လက်ညိုးငေါက်ငေါက် ထိုးပြီး ကျိန်ဆဲနေ၏ ။
' သူ ငါဘယ်သူလဲ ဆိုတာ သိလို့ တမင် လှည့်စားနေတာလား.. '
ယုံဟဲ ဧကရာဇ်က အခြေအနေများမှာ ထင်သလောက် ရိုးရှင်းမနေဟု သိလိုက်ပြီး မျက်မှောက်ကြုတ်လိုက်သည် ။
Chapter 70
~
အခန်း ၇၀
~
ဧကရာဇ်၏ လျှို့ဝှက်တိုင်းခန်းလှည့်လည်ခြင်းသည် သေးငယ်သောကိစ္စမဟုတ် ။ လူမသိစေရန် ဖုံးကွယ်ထားသဖြင့် သာမန်လူများ မည်သို့မှ သိနိုင်မည်မဟုတ်ချေ ။
ဧကရာဇ်၏ ဘေးတွင် လိုက်ပါလာသူက အဆင့်မြင့်ဝိညာဥ်သန့်စင်ခြင်း အဆင့်ကိုရောက်နေသည့် ချူးရှင်း ဖြစ်သည် ။ ဝိညာဥ်သန့်စင်ခြင်း အဆင့်သို့ ရောက်ပါက ဆဋ္ဌမ အာရုံ ရရှိမည်ဖြစ်သည် ။
ချောင်ပိုင်ဖူတွင် မကောင်းသော ရည်ရွယ်ချက်ရှိပါက ချူးရှင်း ချက်ချင်း သတိထားမိမည်ပင် ။
ယန်ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး ထိုင်နေ၏ ။ သူ့စိတ်ထဲတွင် အတွေးများ မရေမတွက်နိုင်အောင် ရှုပ်ထွေးနေသည် ။
သူ ချောင်ပိုင်ဖူကို မည်သို့ နားလည်ရမည်မသိ ။ ချောင်ပိုင်ဖူသည် သေခြင်းကို မကြောက်သော ရဲရင့်သူ ဖြစ်လေသည် ။
ဤသည်က သူ၏ ငယ်ဘဝကို ပြန်၍ အမှတ်ရစေခဲ့သည် ။ သူ ငယ်စဥ်က ဧကရာဇ်ကို ရဲရင့်စွာ ငြင်းခုံခဲ့သည် ဝမ်စုန့်ဟဲ ဦးဆောင်သည့် ဝန်ကြီးများကို မြင်ခဲ့ဖူးသည် ။
ယန်ဧကရာဇ်နှင့် ချောင်မူတို့ အနားရှိ လူများအားလုံး ထွက်ပြေးသွားကြသဖြင့် ပတ်ဝန်းကျင်က ရှင်းလင်းနေသည် ။
ချောင်မူက ထိုသည်ကို သတိထားမိပုံ မပေါ်ဘဲ ရေနွေးကြမ်းကို အရသာခံ၍ သောက်နေဆဲပင် ။ ဤသို့ လူမရှိသည်ကို သူသဘောကျသည် ။ ထိုမှသာ လွတ်လွတ်ကင်းကင်း သေဆုံးနိုင်မည် ။ တစ်ကိုယ်တော် ဝံပုလွေက မည်သည်ကိုမှ ကြောက်စရာမလိုအပ် ။
ထိုအခိုက် ယန်ဧကရာဇ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် ။
" သေရမှာ မကြောက်တဲ့ ခင်ဗျားလို လူမျိုးက တကယ်ကို ရှားတယ်.. ဒါပေမဲ့ ခင်ဗျားပြောတာ မှန်တယ်လို့ သတ်မှတ်လို့မရဘူး.. ခင်ဗျားက တိုင်းပြည်ရဲ့ အခြေအနေမှန်ကို နားမလည်ဘူး.. မျိုးနွယ်ခြားတွေက အင်အားကြီးမားလွန်းပြီး အင်ပါယာက အားနည်းလွန်းတယ်.. အဆင့်မတူနဲ့ နှစ်ခုက ဘယ်လိုလုပ်ပြီး မညှိနှိုင်းလို့ ရမှာလဲ.. "
ချောင်မူက...
" ဒီလောကမှာ အင်အားနည်းသူတွေ အနိုင်ကျင့်ခံရမည်ဆိုတာက စမ္မတာပဲ.. ရွေးချယ်စရာ မရှိရင် ညှိနှိုင်းလို့ ရပေမဲ့ ... ညှိနှိုင်းတယ် ဆိုတာနဲ့ လုံးဝ လက်အောက်ခံလိုက်တယ်ဆိုတာက မတူဘူးနော်.. "
" ဧကရာဇ်က အလွယ်တကူ ညှိနိုင်းလိုက်ပေမဲ့ ပေးဆပ်ရတာက အောက်ခြေ ပြည်သူတွေရဲ့ အသက်လေ.. "
" သာမန်ပြည်သူတွေကို ဂရုစိုက်ဖို့ တာဝန်အတွက် ယန်ဧကရာဇ်ကို ကောင်းကင်က အပ်နှင်းထားတာလို့ လူတွေက ပြောကြတယ်.. ဒါပေမဲ့ ယန်ဧကရာဇ်က လူတွေကို သူ့ပိုင်ဆိုင်မှု အဖြစ် သတ်မှတ်ပြီး သူ့ဆန္ဒသက်သက်အတွက် တိရစ္ဆာန်တွေလို ကြိုက်သလို စွန့်ပစ်နေရင် ဒီယန်အင်ပါယာကြီးက ဧကရာဇ် တစ်ဦးတည်းရဲ့ ကမ္ဘာလား.. သာမန်ပြည်သူတွေရဲ့ ကမ္ဘာလား.. "
ချောင်မူက ပြောရင်း ပို၍ စိတ်လှုပ်ရှားလာ၏ ။ သူ မူလက ယန်မျိုးနွယ်အား ရုပ်ဖျက်ထားသော အရာရှိ တစ်ဦးအဖြစ်မြင်ခဲ့ပြီး သူ့အား ထောက်ချောင်ဆင်လိုသည်ဟု ထင်ခဲ့သည် ။
ယခုတော့ စကားပြောရင်း ကိစ္စရပ်များအား ပို၍ ရှင်းလင်းလာခဲ့၏ ။ သူ ကုံးယန်အား သတိရမိသွားသည် ။
ချောင်မူသည် အစပိုင်းတွင် ကုံးယန်အား ဆက်ဆံရ အလွန်ခက်သည်ဟု ထင်ခဲ့သည် ။ နောက်ပိုင်းတွင် သားဖြစ်သူ အသတ်ခံရသည်ကိုပင် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း သိရှိခဲ့ရ၏ ။
နောက်ဆုံးတွင် သူနားလည်လိုက်သည်က ကုံးယန်သည် သူ့အသက်မှ လွဲ၍ မည်သည့် အရာကိုမှာ အမှန်တကယ် ချစ်မြတ်နိုးခြင်း မရှိ ။
ထို့ကြောင့် ချောင်မူသည် ကုံးယန်အား အလွယ်တကူ သတ်နိုင်ခဲ့သည် ။
ယခု ချောင်မူ၏ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသော မေးခွန်းက ယန်ဧကရာဇ်သည်လည်း ကုံးယန်ကဲ့သို့ပင် ဖြစ်နေသည်လော ။
ချောင်မူ၏ စကားကို ကြားပြီးနောက် အစောင့်ချူး တုန်ရီနေ၏ ။ သူ ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည် ။
ယန်ဧကရာဇ်သည်လည်း ဒေါသကို ထိန်းချုပ်မထားနိုင်တော့ ။ ချောင်ပိုင်ဖူသည် ယခင်က သူ့ကိုသာ မေးခွန်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ ယန်နန်းတော် တစ်ခုလုံး၏ တည်ရှိမှုကိုပါ မေးခွန်းထုတ်နေသည် ။
ယန်ဧကရာဇ်သည် ဤကမ္ဘာကြီးကို သူ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်သည် ဆိုပါက မျိုးနွယ်ခြားများအား ပေးကမ်းခြင်းသည် သူ၏ ပိုင်ဆိုင်မှုများထဲမှ ပစ္စည်းအနည်းငယ်ကိုသာ စွန့်လွှတ်ခြင်းဖြစ်သည် ။ ယန်ဧကရာဇ်ကိုယ်တိုင်တွင် မည်သည့် ဆုံးရှုံးမှုမှ မရှိ ။
" ဒါ.....ဒါ... ကြီးမားတဲ့ သစ္စာဖောက်မှုကြီး..."
ယန်ဧကရာဇ် ဒေါသထွက်နေသော်လည်း ပြောစရာ စကားလုံး ရှာမရ ။ သူငယ်ငယ်က မေးခွန်းထုတ်သည့် အမတ်များအား မြင်ဖူးသော်လည်း ထိုအမတ်များက ယဥ်ကျေးသိမ်မွေ့စွာ မေးခွန်းထုတ်ခြင်းဖြစ်သည် ။ ချောင်ပိုင်ဖူလို မည်သူမျှ မပြောကြ ။
တချိန်တည်းမှာပင် ချောင်မူ တည်ငြိမ်နေ၏ ။ သူက စားပွဲပေါ်မှ ရေနွေးခွက်ကို ဖြည်းဖြည်းချင်း ယူလိုက်ပြီး လည်ချောင်းရှင်းရန် တစ်ငုံသောက်လိုက်သည် ။
သူ ယန်မြို့သို့ စရောက်စဥ်ကတည်းက အနိဋ္ဌာရုံများသာ မြင်ခဲ့ရသည် ။
" ဒီနှစ်တွေ အတွင်းမှာ သဘာဝဘေး ဒုက္ခတွေ ခဏခဏ ပေါ်လာပြီး တစ်ခု ပေါ်လာတိုင်း အငတ်ဘေး ဖြစ်လေ့ရှိတယ်.. "
" မြို့ငယ်လေး တစ်ခုမှာ အိမ်အလွတ်တွေ အများကြီး ဖြစ်နေပြီး အစားအစာအတွက် သူတို့ပိုင်တဲ့ လယ်ထွန်နွားတွေတောင် ရောင်းပြီး စားနေရတယ်.. တချို့ဆိုရင် ဓားပြတွေ ဖြစ်ကုန်ကြရော.. "
" လောဘကြီးသူတွေက ဆင်းရဲသားတွေရဲ့ ဘဝကို စားသုံးနေကြပြီး ဆင်းရဲသားတွေက အပြစ်ကို မသိဘဲ ခိုးယူနေကြတယ်.. "
" ဒါ လူတွေ ပေးဆပ်နေရတဲ့ တန်ဖိုးပဲ.. "
ချောင်မူက ယန်ဟုခေါ်သော လူကို သံသရဖြင့် ကြည့်လိုက်ပြီး...
" ခင်ဗျားက ဘာလို့ ဒေါသထွက်နေတာလဲ.. ပိုက်ဆံနဲ့ ရာထူး ရှိလို့ ခင်ဗျားကို ခင်ဗျား လူလို့ မသတ်မှတ်ဘဲ လူသားစားတွေထဲ ပါနေလို့လား.. "
ချောင်မူက ထိုလူ၏ လေသံသည် အထက်စီးဆန်သည်ကို သိလိုက်ပြီး ဟဲရန်မြို့မှ အရာရှိတစ်ယောက်ဟု ယူဆထား၏ ။ မည်သို့သောသူမျိုး ဖြစ်ပါစေ သူ့အတွက် ကိစ္စမရှိ ။ အလွန်ဆုံး တစ်ခါ သေရုံသာ ရှိသည် ။ ကြောက်စရာ အကြောင်းမရှိ ။
ဤ အချိန်တွင် လက်ဖက်ရည်ဆိုင် တစ်ခုလုံး တိတ်ဆိတ်နေ၏ ။ ပုံပြင်နားထောင်သူ တစ်ဝက်လောက်မှာ ထွက်သွားကြလေပြီ ။
ပုံပြောနေသူ အစိမ်းရောင်ဓားသမား ကျန်းချန်က ပုံပြောရာတွင် စိတ်မပါတော့ ။ သူ ချောင်ပိုင်ဖူကိုသာ ခိုးကြည့်နေ၏ ။
' အကိုကြီး.. ပုံပြောချင်ရင် စင်ပေါ်တက်ခဲ့လေဗျာ.. '
ကျန်းချန်သည် ချောင်ဆန်းအား ရာဇဝတ်မှုဖြင့် ဖမ်းမိန့်ထုတ်ထားသည်ကို သိ၏ ။ သူ ချောင်ဆန်း အကြောင်း ပုံပြောနေသဖြင့် အန္တရာယ် အနည်းငယ် ရှိကြောင်း သိသော်လည်း စင်အောက် လူအုပ်ထဲမှ သာမန်လူတစ်ယောက်က ဧကရာဇ်အကြောင်းကို ရဲဝံ့စွာ ဝေဖန်နေမည်ဟု မျှော်လင့်မထားမိ ။
သူ ချောင်ဆန်းအကြောင်း ပြောသည်က အလွန်ဆုံး အရိုက်နှက် ခံရရုံသာ ရှိသော်လည်း ဧကရာဇ်အား ဝေဖန်လျှင် ခေါင်းဖြတ်ခံရမည်ဖြစ်သည် ။
ထိုအခိုက် အနက်ရောင်ဝတ်စုံဖြင့် လူဆိုးထိန်း တစ်ဦးက လက်ဖက်ရည်ဆိုင်အတွင်းသို့ ပြေးဝင်လာ၏ ။ ဆိုင်အတွင်းရှိ ထူးဆန်းသော လေထုကို သူ သတိမထားမိ ။
" ခေါင်းဆောင်ချောင်.. ဘာလို့ ဒီမှာ ထိုင်နေတာလဲ.. ပုံပြင်နားထောင်နေတာလား.. "
သူက ပုံပြောသူကို မျက်လုံးမှေး၍ လှမ်းကြည့်လိုက်၏ ။
" လူဆိုးထိန်းချုပ်က ဆင့်ခေါ်ထားတယ် မြန်မြန်လိုက်ခဲ့.. "
" ဆရာချန်ပါလား.. ကျုပ် ဒီနားက ဖြတ်သွားရင်း ရေငတ်လို့ ရေနွေးဝင်သောက်နေတာ.. "
ချောင်မူက ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်၏ ။ သူ ပြောသည့် စကားများအရ ငါးကြိမ်ခန့် ခေါင်းဖြတ်ခံရသင့်ပေသည် ။ သူ ကျေနပ်နေ၏ ။
သူ ထွက်မသွားခင် ယန်ဆိုသည့်လူကို ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့၏ ။
" ကျုပ် ခင်ဗျားနဲ့ ငြင်းဖို့ အချိန်မရှိတော့ဘူး ..သွားတော့မယ်.. "
" ကျုပ် ဒီအရွယ်မှာ ခင်ဗျားနဲ့ တွေ့တာခင်ဗျား ကံကောင်းတယ်လို့ မှတ်လိုက်ပါ..ကျုပ်ငယ်ငယ်တုန်းကသာဆို ဒီလောက် လွယ်လွယ် ပြီးမှာ မဟုတ်ဘူး.. "
ထို့နောက် ချောင်မူက လက်ထောက်အရာရှိ ချန်ကို နှုတ်ဆက်ပြီး ထွက်လာခဲ့၏ ။
အစောင့်ချူးက ချောင်မူအား ထူးဆန်းသည့် သတ္တဝါ တစ်ကောင်နှယ် စိုက်ကြည့်နေသည် ။ ထိုလူက မီးရှို့ရသည်ကို မလုံလောက်ဟု ထင်နေသည့်အတွက် ဧကရာဇ်၏ ဒေါသကို ထပ်ဆွသွားသည်လော ။
ချောင်မူက ပြန်လှည့်ကြည့်လိုက်သဖြင့် မျက်လုံးခြင်းစုံသွားကြပြီး အစောင့်ချူးက အကြည့်လွဲလိုက်သည် ။
ချောင်မူ ထွက်သွားပြီးနောက် လက်ဖက်ရည်ဆိုင်က ပိုတိတ်ဆိတ်သွား၏ ။
ယန်ဧကရာဇ်နှင့် အစောင့်ချူးတို့လည်း ထွက်လာခဲ့ကြသည် ။
ယန်ဧကရာဇ်က ကျောကို ဆန့်လိုက်ပြီး သူ၏ အရှိန်အဝါကို ပြလိုက်သည် ။
" ချူးရှင်း မင်းဘယ်လိုထင်လဲ.. ဒီလူ ငါ့အကြောင်းကို သိလို့ တမင်ပြောနေတာလား.. "
" အ..."
အစောင့်ချူး၏ နှာဖူးက ချွေးများ စီးကြနေ၏ ။ သူကမျက်နှာကို တည်လိုက်ပြီး...
" ချောင်ပိုင်ဖူက အဆင့် ၆ သိုင်းပညာရှင် ဖြစ်ပြီးတော့ အားနည်းတဲ့ လက္ခဏာ မတွေ့ရဘူး.. "
" ပြီးတော့ သူထွက်သွားတဲ့ အချိန်မှာ ဒီငယ်သားရဲ့ အကြည့်ကို ခံစားမိတယ်ဆိုတော့ စိတ်ဝိညာဥ် သန့်စင်ခြင်းနည်းလမ်း တစ်ခုခုကို လေ့ကျင့်ဖူးတဲ့ ပုံပဲ ..ဒါပေမဲ့ သူ့စိတ်စွမ်းအားက အားနည်းနေတယ်.. "
" စာထဲမှာ ပါတဲ့ အတိုင်း ဒဏ်ရာပြင်းထန်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်.. "
" အရှင်ကိုတော့ သူသိမယ် မထင်ဘူး.. "
ယန်ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည် ။
" ဒါပေမဲ့ သူ့ကို နည်းနည်းလောက် ထပ်စမ်းသပ်ကြည့်သင့်လား.. သာမန်အရှာရှိတွေက သူ့လိုမျိုး မပြောဘူး.. သူ့ကို ဝမ်စုန့်ဟဲ အကြံပြုထားတာဆိုတေ့ သူပြောတာက ဝမ်စုန့်ဟဲရဲ့ အမြင်ကိုလား.. "
ဧကရာဇ်က လမ်းလျှောက်ရင်း တီးတိုးရေရွတ်နေ၏ ။ ပတ်ဝန်းကျင်က အနည်းငယ် မှောင်ရိပ်သန်းလာသည် ။
ချူးရှင်းသည် ဧကရာဇ်အနားတွင် နေလာသည်မှာ ကြာပြီဖြစ်၍ ဧကရာဇ် သည် ကြီးမားသော ကိစ္စရပ်ကြီးတစ်ခုကို ကြံစည်နေသော်လည်း ဆုံးဖြတ်ချက် မချနိုင်ဘဲ တွန့်ဆုတ်နေသည်ကို သတိထားမိ၏ ။
…………………….
ချောင်မူ အပါအဝင် လူဆိုးထိန်း အများအပြားက ရုံးတော် တံခါးဝတွင် စုရုံးနေကြ၏ ။
ဟဲရန်မြို့၏ လူဆိုးထိန်းချုပ်မှာ အသက်သုံးဆယ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖီးနစ်မျက်လုံးသဏ္ဍာန် ရှိသည် ။ သူမ က မျက်လုံးမှေး၍ ရံဖန်ရံခါ ချောင်မူကို လှမ်းကြည့်နေ၏ ။ ချောင်မူ အတွေးလွန်၍ သူမ ပြောနေသည်ကို နားမထောင်ကြောင်း သတိပြုမိပုံရသည် ။
သူမက မကြာသေးမီက ဖြစ်ခဲ့သော ဝိညာဥ်ဖမ်းသားရဲ အမှုအကြောင်း ပြောနေ၏ ။
သို့သော်လည်း ချောင်မူက စိတ်မဝင်စား ။ သူ ထောင်အချခံရပြီး မသေနိုင်မည်ကို တွေးပူနေ၏ ။ သူ သေလမ်းရှာခဲ့သော်လည်း လူဆိုးထိန်း ဖြစ်နေကြောင်းကို သိပ်ထည့်မတွက်မိခဲ့ ။
သူ၏ ရည်မှန်းချက်မှာ တစ်လ မပြည့်မီ အဆင့်မြင့် သေဆုံးရန်ဖြစ်ပြီး ထို့နောက် ယန်မြို့သို့ ပြန်ကာ ဧကရာဇ်အား လုပ်ကြံမည်ဖြစ်သည် ။
ဟဲရန်မြို့သည် ဤဒေသတွင် အကြီးဆုံးဖြစ်၍ ဝူကျိအသင်းဝင်များ ရှိနိုင်သည်ဟု ချောင်မူ ထင်သည် ။ ဧကရာဇ်၏ သတင်းကို ပိုသိနိုင်ရန် ဝူကျိအသင်းသို့ ပူးပေါင်းပြီး အဆင့်မြင့် အကဲဖြတ်ချက်ရရန် ကြိုးစားနိုင်၏ ။
ထိုအချိန်မှာပင် ဤမြို့သို့ ဆွဲဆောင်နေသည့် ဗီဇခံစားချက်က ပေါ်လာပြန်သည် ။ ထိုခံစားချက်က ဟဲရန်မြို့သို့ ရောက်ပြီးနောက် မရှင်းလင်းတော့ပေ ။ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏ ။
ချောင်မူသည် ဟဲရန်မြို့သို့ ရောက်လျှင် သိနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤသည်က သိုင်းသူတော်စင် စိတ်ဝိညာဥ် ကျမ်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်တစ်ခုမှန်း သဘောပေါက်သွားသည် ။
ထို့ကြောင့် ဝူကျိအသင်းနှင့် ဆက်စပ်နေရမည် ။ ဝူကျိအသင်းရှိလျှင် ဧကရာဇ်အား လုပ်ကြံမည့် သတင်းအချက်အလက် ရှိမည်ဖြစ်၍ ချောင်မူ ပို၍ စိတ်ဝင်စားလာ၏ ။
ချောင်မူက မြောက်ဘက်သို့ သံသယဖြင့် ကြည့်လိုက်ပြီး အနားရှိ လက်ထောက်အရာရှိချန်ကို ဆွဲခေါ်လိုက်သည် ။
" ဆရာချန်.. မြောက်ဘက်မှာ နာမည်ကြီး နေရာတွေ ရှိလား.. "
" ကျုပ် အစည်းအဝေး တက်နေတာလေ.. "
ချန်က အနှောက်အယှက် ဖြစ်ဟန်ဖြင့် ပြန်ဖြေလိုက်၏ ။
ချောင်မူက ငွေဒင်္ဂါးအချို့ ထုတ်ယူပြီး ပေးလိုက်သည် ။
" ကျုပ်တို့ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပါ.. ဒါတွေ မလိုပါဘူး... "
ချန်က ပြုံးပြီး ယူလိုက်ကာ အသံတိုးတိုးဖြင့်...
" မြို့ရဲ့ မြောက်ဘက်မှာ ချောင်လို့ ခေါ်တဲ့ နာမည်ကြီး မျိုးနွယ်စု တစ်ခု ရှိခဲ့ဖူးတယ်.. လွန်ခဲ့တဲ့ ခြောက်လက မျိုးနွယ်စုတစ်ခုလုံး ပျောက်ကွယ်သွားပြီး အခု အဲ့မြေပေါ်မှာ ရွှမ်တျန် ဘုရားကျောင်းဆိုတဲ့ တာအိုကျောင်းတစ်ခု ဆောက်ထားတယ် .."
" ဒါပေမဲ့ ရွှမ်တျန်ဘုရားကျောင်းက မျိုးနွယ်ခြားတွေရဲ့ ဌာနချုပ်တစ်ခုနော်.. ခင်ဗျားက လူဆိုးထိန်း ပေမဲ့ သွားလို့ မရတဲ့ နေရာတွေ ရှိတာကို သိထားအုံး.. "