ရှေ့တန်းစစ်မြေပြင်
Vol. 3 Ch. 42
ဘာသာပြန် - အားသစ်
“ဖုန်းရှို့... မင်း ဘာလို့ ရောက်လာတာလဲ”
လင်းဖုန်းသည် တံခါးဖွင့်ပေးလိုက်ပြီး ဖုန်းရှို့ဖြစ်မှန်း သိသာသည်နှင့် အထဲသို့ ပေးဝင်လိုက်သည်။
ဖုန်းရှို့သည် ရေးကြီးခွင်ကျယ်လုပ်မနေတော့ဘဲ အခန်းထဲသို့ တိုက်ရိုက်ဝင်လာပြီး အလောတကြီး ပြောလိုက်သည်။
“အစ်ကိုဖုန်း... ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ လာခဲ့တာပါ။ အစ်ကို့ကို အနှောင့်အယှက် မဖြစ်စေဘူးလို့ မျှော်လင့်ပါတယ်”
“ငါလည်း သိုင်းကျင့်လို့ ပြီးတာနဲ့ အတော်ပဲ။ ပြောပါဦး... ဘာတွေများ အရေးကြီးနေလို့လဲ”
“အစ်ကိုဖုန်း... ကျွန်တော် ခုနက သတင်းတစ်ခုရလာတယ်။ နဂါးတောင် အခြေစိုက်စခန်းက ရှေ့တန်းမှာရှိတဲ့ သားရဲတွေကို အပြတ်ရှင်းဖို့ အဆုံးအဖြတ် တိုက်ပွဲကြီး ဆင်နွှဲတော့မယ်တဲ့။ အဲဒီ တိုက်ပွဲအတွင်းမှာ သားရဲတွေကို သတ်နိုင်ရင် အမှတ်တွေ နှစ်ဆ ရမှာတဲ့ဗျ”
“သတင်းက သေချာရဲ့လား”
လင်းဖုန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် အခွင့်အရေးကောင်း တစ်ခု မဟုတ်ပါလား။
“၈၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။ အကျိုးပြုမှတ် စာရင်းက ထိပ်သီး ၂၀ စလုံးလည်း ရှေ့တန်းကို သွားကုန်ကြပြီ”
လင်းဖုန်းသည် ကိုးထပ်ကိုယ်ခန္ဓာကျင့်စဉ်၏ ဒုတိယနှင့် တတိယအဆင့်များကို ကျွမ်းကျင်ပြီးခါစ ဖြစ်ရာ သာလွန်လူသား အဆင့်အောက်တွင် သူ့ကို ယှဉ်နိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ဟု ခံစားနေရသည်။ ဤကဲ့သို့ အမှတ်ရှာရန် အခွင့်အရေးကောင်းကို သူ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
“ကောင်းပြီ... ဒါဆို ငါတို့လည်း ရှေ့တန်းကို သွားကြတာပေါ့”
လင်းဖုန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့သည် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း မခံရသေးသော်လည်း မိမိသဘောဆန္ဒအလျောက် ရှေ့တန်းသို့ သွားရန် အနန္တလမ်းစဉ်အကယ်ဒမီ အခြေစိုက်စခန်းသို့ ခွင့်ပြုချက် တောင်းခံနိုင်သည်။
လင်းဖုန်းနှင့် ဖုန်းရှို့တို့ ခွင့်ပြုချက် တောင်းခံလိုက်ရာ သူတို့တွင် အကျိုးပြုမှတ် များစွာ ရှိနေသဖြင့် ချက်ချင်းပင် ခွင့်ပြုချက် ရရှိခဲ့သည်။ ရှေ့တန်းသို့ သွားရန်အတွက်ပင် အခြေခံ ခွန်အားရှိရန် လိုအပ်သည် မဟုတ်ပါလား။ လင်းဖုန်းနှင့် ဖုန်းရှို့ကဲ့သို့ အကျိုးပြုမှတ် များပြားသော သိုင်းသမားမျိုးမှာ ရှေ့တန်းတွင် တကယ့်ကို အသုံးဝင်မည့်သူများ ဖြစ်သည်။
“ရှေ့တန်းကို သွားကြစို့”
လင်းဖုန်းသည် အချိန်ဆွဲမနေဘဲ အသင့်ပြင်ပြီးသည်နှင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ချက်ချင်း ထွက်ခွာခဲ့ကြသည်။
အမှန်တကယ်တော့ ရှေ့တန်းစစ်မြေပြင်မှာ အခြေစိုက်စခန်းနှင့် သိပ်မဝေးလှပေ။ ယခင်က နဂါးတောင် နယ်မြေအတွင်း သားရဲများကို လိုက်လံ ရိတ်သိမ်းစဉ်က သူတို့ ရှေ့တန်းစစ်မြေပြင်ကို အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ရှေ့တန်းမှ ထွက်ပေါ်နေသော သွေးညှီနံ့နှင့် လူသတ်လိုသော အရှိန်အဝါများမှာ ပြင်းထန်လွန်းလှသဖြင့် သူတို့ မချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲကြီးများ ဖြစ်ပွားနေသဖြင့် အလွန် အန္တရာယ်များလှသည်။
ယခုမူ သူတို့သည် ရှေ့တန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့၏ အထောက်အထားများကို စစ်ဆေးပြီးနောက် တာဝန်ကျရာသို့ ဝင်ခွင့်ပြုလိုက်သည်။
ရှေ့တန်းဟု ခေါ်သော်လည်း ၎င်းမှာ အခြေစိုက်စခန်းငယ် တစ်ခုပင် ဖြစ်သည်။ သို့သော် ထိုစခန်းငယ်အတွင်း သိုင်းသမား အမြောက်အမြား ရှိနေပြီး အားလုံးမှာ အဆင့်ခုနစ် ပရော်ဖက်ရှင်နယ် သိုင်းသမားများနှင့် အထက်များသာ ဖြစ်ကြသည်။ အဆင့်လေး၊ အဆင့်ငါး သိုင်းသမားများမှာ ရှေ့တန်းသို့ လာရောက်ရန် အရည်အချင်း မပြည့်မီကြပေ။
စခန်း၏ အပြင်ဘက်တွင်မူ သားရဲအုပ်ကြီးမှာ ပုရွက်ဆိတ်အုံသဖွယ် ရှိနေသည်။ နှာမောင်းရှည်သားရဲများအပြင် အခြားသော သားရဲအမျိုးအစားများစွာလည်း ရှိနေပြီး အရေအတွက်မှာ မှန်းဆ၍ပင် မရနိုင်ပေ။
အရေအတွက်ကို ကြည့်မည်ဆိုပါက သားရဲများမှာ စခန်းအတွင်းရှိ သိုင်းသမားများထက် များစွာ သာလွန်လှသည်။ သို့သော် သိုင်းသမားများမှာ ထိုသားရဲများကို အသာစီးဖြင့် ဖိနှိပ်ထားနိုင်ခြင်းက သူတို့သည် တကယ့် လက်ရွေးစင်များ ဖြစ်ကြောင်း သက်သေပြနေသည်။
လက်ရှိတွင် ထိုသားရဲများမှာ ငြိမ်သက်နေကြသည်။ နှစ်ဖက်စလုံးကြားရှိ လေထုမှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း အေးစက်တိတ်ဆိတ်နေသည်။ သို့သော်် အသေအချာ စဉ်းစားကြည့်လျှင် ဤသည်မှာ ပုံမှန်ပင်။ အမှန်တကယ်တော့ ရှေ့တန်းတွင် နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေသော်လည်း သားရဲများဘက်တွင်လည်း သာလွန်လူသား အဆင့်နှင့် ညီမျှသော နတ်ဆိုးများ ရှိနေသည်။ ထိုနတ်ဆိုးများမှာ သားရဲဘုရင်များထက်ပင် ပို၍ ကြောက်စရာကောင်းလှပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားအဆင့် ကျွမ်းကျင်သူများသာလျှင် သူတို့ကို ရင်ဆိုင်နိုင်သည်။
သဘာဝကျစွာပင် ထိုနတ်ဆိုးများ၏ ဉာဏ်ရည်မှာလည်း အလွန်မြင့်မားလှရာ လူသား သိုင်းသမားများထက်ပင် မနိမ့်ကျလှပေ။
နှစ်ဖက်စလုံးမှာ အဆုံးအဖြတ် တိုက်ပွဲအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကြမ်းကြုတ်သားရဲများမှာလည်း ငြိမ်သက်နေကာ အင်အားများ တဖြည်းဖြည်း စုဆောင်းနေကြခြင်း ဖြစ်သည်။
လင်းဖုန်းတို့နှစ်ဦး ရှေ့တန်းသို့ ရောက်သည်နှင့် စစ်မှုထမ်းအဖြစ် သတ်မှတ်ခံရပြီး အထက်မှ အမိန့်များကို နာခံရမည် ဖြစ်သည်။ ထို့အပြင် သူတို့ကို တပ်ခွဲတစ်ခုစီသို့ ခွဲဝေ တာဝန်ပေးအပ်မည် ဖြစ်သည်။
တာဝန်ခွဲဝေပေးသည့် သိုင်းသမားမှာ လင်းဖုန်းနှင့် ဖုန်းရှို့၏ အချက်အလက်များကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အော်... သားရဲရိတ်သိမ်းသူ နှစ်ယောက်ပါလား။ မင်းတို့က အခုတလော နာမည်ကြီးနေတာပဲ။ တချို့လူတွေကတော့ မင်းတို့ ရှေ့တန်းကို လာရဲမှာမဟုတ်ဘူးလို့ ထင်နေကြတာ။ အခုတော့ ရောက်လာပြီပဲ။ အမှတ်နှစ်ဆ ရမှာမို့လို့ လာတာလား။ ဒါပေမဲ့ အမှတ်နှစ်ဆ ရဖို့က မလွယ်ဘူးနော်။ တိုက်ပွဲကြီးတွေမှာ ထိပ်တန်း သိုင်းသမားတွေတောင် သေသွားနိုင်တာပဲ။ မင်းတို့ ကံကောင်းပြီး အသက်ရှင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုသိုင်းသမားမှာ စကားများသော်လည်း လင်းဖုန်းနှင့် ဖုန်းရှို့တို့ကို တပ်ခွဲတစ်ခုတည်းတွင် အတူတူ ထားပေးခဲ့သည်။
သူတို့သည် တပ်ရင်း ၁၃ သို့ သွားကြရမည်။ စစ်မြေပြင်တစ်ခုလုံးတွင် တပ်ရင်း ၁၆ ရင်းသာ ရှိပြီး တပ်ရင်းတစ်ခုချင်းစီကို မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား တစ်ဦးစီက ဦးဆောင်သည်။
လင်းဖုန်းတို့နှစ်ဦးသည် တပ်ရင်း ၁၃ သို့ အမြန်ဆုံး သွားရောက် သတင်းပို့ခဲ့သည်။ သူတို့သည် နာမည်ကြီးပြီး အစွမ်းထက်သော်လည်း နောက်ကျမှ ရောက်လာသူများ ဖြစ်သဖြင့် တပ်ခွဲ ၉ သို့သာ ပို့ဆောင်ခြင်း ခံရသည်။
တပ်ခွဲတစ်ခုတွင် လူ ၃၀ ခန့် ရှိပြီး တပ်ခွဲ ၁၀ ခု ပေါင်းလျှင် တပ်ရင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ တပ်ရင်းတစ်ခုတွင် လူ ၃၀ဝ ရှိသည်။ ရှေ့တန်းစစ်မြေပြင် တစ်ခုလုံးတွင် လူသား သိုင်းသမား ၄,၈၀ဝ ခန့် ရှိနေခြင်း ဖြစ်သည်။
ဤအရေအတွက်မှာ အလွန်များပြားသည်ဟု ထင်ရသည်။ အဆုံးတွက်မူ အားလုံးမှာ အဆင့်ခုနစ်နှင့် အထက် သိုင်းသမားဖြစ်ကြသည် မဟုတ်ပါလား။ ထိုကဲ့သို့ အဆင့်မြင့် သိုင်းသမား ၄,၈၀၀အထိ ရှိနေခြင်းမှာ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းလှသည်။
သို့သော် ဤသည်မှာ သောင်းနှင့်ချီသော ကြမ်းကြုတိသားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် ရှေ့တန်းစစ်မြေပြင် ဖြစ်သည်။ ဤနည်းပါးလှသော သိုင်းသမားအရေအတွက်မှာ သမုဒ္ဒရာထဲက ရေတစ်စက်ကဲ့သို့ပင်။ မည်သို့ပင်ဆိုစေကာမူ လူသား သိုင်းသမားများမှာ ခွန်အားအပိုင်းတွင် အသာစီး ရထားကြသည်။
သို့သော်လည်း တိုက်ပွဲများအတွင်း လူသား သိုင်းသမားများမှာလည်း အထိအခိုက် အကျဆုံး များပြားလှသည်။ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲဆိုသည်မှာ စကားဖြင့်သာ ပြောရလွယ်ပြီး လက်တွေ့တွင်မူ လူအများအပြား သေဆုံးရမည့် ကိစ္စပင်။
မကြာမီ လင်းဖုန်းနှင့် ဖုန်းရှို့တို့ တပ်ခွဲ ၉ သို့ ရောက်ရှိလာသည်။ တပ်ခွဲ ၉၏ တပ်ခွဲမှူးမှာလည်း ထိပ်တန်း အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမား တစ်ဦးပင် ဖြစ်သည်။ ထိုသူမှာ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ကြံ့ခိုင်ထွားကြိုင်းသော ကိုယ်ခန္ဓာရှိပြီး အလွန် ကြမ်းတမ်းသော ပုံစံရှိသည်။
“ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ တပ်ခွဲမှူး ကျန်းဝေပဲ။ ငါ့ရဲ့ နာမည်ပြောင်ကတော့ 'အာဏာရှင်ဓား' တဲ့။ ငါ့ကို 'အာဏာရှင်ကြီး' လို့ ခေါ်တာ ပိုကြိုက်တယ်။ မင်းတို့ ငါ့တပ်ခွဲထဲ ရောက်လာပြီဆိုမှတော့ ငါ့အမိန့်ကို နာခံရမယ်၊ နားလည်လား”
ဖုန်းရှို့က နှုတ်ခမ်းမဲ့လိုက်ပြီး ထိုသူကို ဂရုမစိုက်ဟန် ပြလိုက်သည်။ ဖုန်းရှို့၏ အမြင်တွင် လင်းဖုန်းသည် အနည်းဆုံး တပ်ခွဲမှူး ဖြစ်သင့်သူ ဖြစ်သည်။ ယခုမူ အခြားသူ၏ လက်အောက်တွင် သာမန် တပ်ဖွဲ့ဝင်အဖြစ် နေရခြင်းကို ဖုန်းရှို့ မကျေနပ်ပေ။
ကျန်းဝေက ဖုန်းရှို့ကို တစ်ချက် ကြည့်လိုက်ပြီး “ကောင်းပြီ... အဆုံးအဖြတ် တိုက်ပွဲက နီးနေပြီ။ မင်းတို့ ဘာရည်ရွယ်ချက်နဲ့ပဲ လာလာ၊ ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ အဆုံးအဖြတ် တိုက်ပွဲမှာ အသက်ရှင်အောင် နေဖို့ပဲ”
ထိုသို့ ပြောပြီးနောက် ကျန်းဝေမှာ လင်းဖုန်းနှင့် ဖုန်းရှို့တို့ကို ထပ်မံ ဂရုမစိုက်တော့ပေ။
ထို့နောက် သူတို့နှစ်ဦးသည် သက်ဆိုင်ရာ အဆောင်များသို့ ပြန်လာခဲ့ကြသည်။ ဖုန်းရှို့က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“အစ်ကိုဖုန်း... ဒီတပ်ခွဲမှူးက အစ်ကို့ထက်တောင် အားနည်းဦးမယ်။ သူက ဘာလို့ အစ်ကို့ကို အမိန့်ပေးနိုင်ရတာလဲ။ ကျန်းဝေကို စိန်ခေါ်ပြီး တပ်ခွဲမှူး နေရာကို ယူလိုက်ရင် မကောင်းဘူးလား”
တပ်ခွဲထဲသို့ ရောက်ရှိပြီးနောက် ဤနေရာ၏ စည်းမျဉ်းများကို သူတို့ သိရှိခဲ့ရသည်။ ယင်းမှာ သန်မာသူကို လေးစားခြင်းပင်။ တပ်ခွဲတစ်ခုတွင် တပ်ခွဲမှူးမှာ အမြဲတမ်း အသန်မာဆုံးသူ ဖြစ်ရမည်။ အကယ်၍ မကျေနပ်ပါက စိန်ခေါ်နိုင်ပြီး အနိုင်ရပါက တပ်ခွဲမှူး ဖြစ်လာမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ ယာယီဖွဲ့စည်းထားသော အဖွဲ့သာ ဖြစ်သဖြင့် ပိုမို အစွမ်းထက်သူက အဖွဲ့ဝင်များ၏ ထောက်ခံမှုကို ပိုမို ရရှိနိုင်မည် ဖြစ်သည်။
သို့သော် လင်းဖုန်းက ခေါင်းခါယမ်းလိုက်သည်။ သူသည် ခေါင်းဆောင်နေရာကို အနည်းငယ်မျှ စိတ်မဝင်စားပေ။ သူ ရှေ့တန်းသို့ လာရခြင်းမှာ အမှတ်များ ရရှိရန်နှင့် သေရေးရှင်ရေး တိုက်ပွဲများမှတစ်ဆင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည့် လမ်းစကို ရှာဖွေရန်သာ ဖြစ်သည်။ မျှော်လင့်ချက် အနည်းငယ် ရှိလျှင်ပင် သူ့အတွက် လုံလောက်သည်။
လက်ရှိတွင် လင်းဖုန်းသည် အလွန်အစွမ်းထက်နေသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးပေ။ လင်းဖုန်းအတွက် အချိန်သိပ်မကျန်တော့ပေ။ မူလက သူ့တွင် နှစ်နှစ်ကျော်သာ အချိန်ရှိခဲ့ပြီး ယခုအခါ လေးလခန့် ကုန်ဆုံးသွားပြီ ဖြစ်ရာ နှစ်နှစ်ခန့်သာ ကျန်တော့သည်။
သူသည် နှစ်နှစ်အတွင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို မလွဲမသွေ ချိုးဖျက်ရမည်။ မဟုတ်ပါက မည်မျှပင် သန်မာနေပါစေ နောက်ဆုံးတွင် ရောဂါဝေဒနာ၏ နှိပ်စက်မှုကို ခံစားရပြီး သေဆုံးရပေလိမ့်မည်။