← Chapters

အသေအလဲ တိုက်ပွဲ

Vol. 3 Ch. 50

အသေအလဲ တိုက်ပွဲ

Vol. 3 Ch. 50

ဘာသာပြန် - အားသစ်

“သားရဲဘုရင်တွေ... သားရဲဘုရင် သုံးကောင်တောင် တစ်ပြိုင်နက်တည်း ပေါ်လာတယ်ဆိုတော့ တစ်ခုခုတော့ မှားနေပြီ။ ငါတို့ တောင့်ခံနိုင်ပါ့မလား”

ဂေါင်ထျန်းချီ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ သူ၏ လက်ရှိဒဏ်ရာများကို ခဏထားဦး၊ သူ၏ အကောင်းဆုံး အခြေအနေတွင်ပင် ဂေါင်ထျန်းချီသည် သားရဲဘုရင်များကို ယှဉ်နိုင်မည် မဟုတ်ပေ။

အရှင်သခင်အဆင့်နှင့် နတ်ဆိုးအဆင့်ကြားတွင် ရှိသော သားရဲဘုရင်များမှာ အကြောက်စရာအကောင်းဆုံး သားရဲများဟု သတ်မှတ်နိုင်သည်။ ပရော်ဖက်ရှင်နယ် သိုင်းသမား အဆင့်တွင်မူ သားရဲဘုရင်တို့သည် ပြိုင်ဘက်ကင်းများပင် ဖြစ်ကြသည်။

ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့သည် ခုနကပင် မရေမတွက်နိုင်သော သားရဲများကို သတ်ဖြတ်ခဲ့ပြီး မည်သည့် သားရဲအရှင်သခင်မျှ သူတို့၏ တိုက်ကွက်တစ်ခုကို တောင့်ခံနိုင်ခဲ့ခြင်း မရှိသော်လည်း သူတို့ မည်မျှပင် မာန်မာနကြီးပါစေ သားရဲဘုရင်များနှင့် ယှဉ်လျှင်မူ အင်အားချင်း မမျှကြောင်း သူတို့ သိထားကြသည်။

အကယ်၍ သားရဲဘုရင် တစ်ကောင်တည်းသာ ရှိပါက သူတို့အားလုံး ဝိုင်းရံ တိုက်ခိုက်နိုင်ပါသေးသည်။ မနိုင်လျှင်ပင် အချိန်ဆွဲထားနိုင်သည်။ သို့သော် ယခုမူ သားရဲဘုရင် သုံးကောင်တောင် ရှိနေသဖြင့် သူတို့ မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

ဂျိန်း... ဘုန်း...

ဤအချိန်တွင် အဝေးမှ သာလွန်လူသားများနှင့် နတ်ဆိုးများအကြား တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှေယွမ်ရှန်းအနေဖြင့် ထိုသာလွန်လူသားများကို အကူအညီ လှမ်းတောင်းချင်သော်လည်း မည်သည့် သာလွန်လူသားမျှ ထွက်လာနိုင်သည့် အခြေအနေတွင် မရှိကြပေ။

ထို့ကြောင့် သူတို့သည် မိမိကိုယ်ကိုယ်သာ အားကိုးရပေတော့မည်။ လက်ရှိတွင် သူတို့သည် အန္တရာယ်အရှိဆုံး အခြေအနေသို့ ရောက်ရှိနေသည်မှာ သေချာလှသည်။

ထိုအချိန်တွင် ထိုဧရာမ နှာမောင်းရှည်သားရဲကြီးသည် ရန်စခံလိုက်ရသကဲ့သို့ပင် သူတို့ထံသို့ ရူးသွပ်စွာ ပြေးဝင်လာပြန်သည်။ ၎င်း၏ ပစ်မှတ်မှာ ဂေါင်ထျန်းချီပင် ဖြစ်သည်။

ရွှေယွမ်ရှန်း အသက်ပြင်းပြင်း တစ်ချက် ရှူကာ ပြောလိုက်သည်။

“ဒီသားရဲဘုရင် သုံးကောင်ကို လုံးဝ အပြင်ထွက်ခွင့် ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့ရဲ့ ခံစစ်ကြောင်းတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ တွေးဝံ့စရာတောင် မရှိဘူး”

ရွှေယွမ်ရှန်းက ယွီရှန်းနှင့် လင်းဖုန်းတို့ကို စိုက်ကြည့်လိုက်သည်။ သူ၏ အဓိပ္ပာယ်မှာ ရှင်းလင်းပါသည်။ ထိုသားရဲဘုရင် သုံးကောင်ကို ခုခံရန် သူတို့ လေးဦးစလုံး ပူးပေါင်းစေလိုခြင်း ဖြစ်သည်။

ဂေါင်ထျန်းချီက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

“ငါ့ကိုလည်း ထည့်လိုက်။ ငါက သူတော်စင်သူတော်ကောင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အဆုံးအဖြတ် တိုက်ပွဲပဲ။ တကယ်လို့ ငါတို့ ထွက်ပြေးလိုက်ရင် ခံစစ်ကြောင်းက လုံးဝ ပျက်စီးသွားလိမ့်မယ်။ သားရဲဘုရင် သုံးကောင်သာ သိုင်းသမားတွေကြားထဲ ရောက်သွားရင် သိုးအုပ်ထဲကို ကျားဝင်သလို ဖြစ်သွားလိမ့်မယ်။ ငါက သိုင်းသမားတစ်ယောက်ပဲ။ ငါ့ရဲ့ ယုံကြည်ချက်ကို ငါ သစ္စာမဖောက်နိုင်ဘူး”

ယွီရှန်းသည်လည်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်သည်။

“ငါက အကျိုးပြုမှတ် စာရင်းကို သိပ်ပြီး အာရုံမစိုက်ခဲ့ဘူး။ ငါ့ရဲ့ မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရရင် တော်ပြီလို့ပဲ တွေးခဲ့တာ။ အခုလို အဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါကိုယ်တိုင်တောင် ထင်မထားခဲ့ဘူး။ တကယ်လို့ ငါတို့ ဒီသားရဲဘုရင် သုံးကောင်ကို မတားနိုင်ရင် သူတို့က ဒီစစ်မြေပြင်မှာ အရူးအမူး သတ်ဖြတ်ပြီးတော့ နဂါးတောင် အခြေစိုက်စခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ လူသားတွေရဲ့ ခံတပ်လည်း ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံရလိမ့်မယ်”

“ဒါကြောင့် ငါတို့ အသေအကြေ တိုက်ရမယ်”

ယွီရှန်း၏ ပြတ်သားသော အမူအရာက ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့ကိုပါ ကူးစက်သွားပုံရသည်။ သူတို့သည်လည်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကြပြီး တိုးညင်းသော လေသံဖြင့် ဟစ်ကြွေးလိုက်ကြသည်။

“အသေအကြေ တိုက်မယ်”

လင်းဖုန်းသည် ဤသိုင်းသမားများကို ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်တွင် သူ အကယ်ဒမီ၌ တွေ့ခဲ့ဖူးသော သိုင်းသမားများမှာ တစ်ကိုယ်ကောင်းဆန်သူ သို့မဟုတ် ပရိယာယ်များသူများသာ ဖြစ်ပြီး သူတို့၏ ပြိုင်ဘက်များကို မည်သို့ ဖယ်ရှားရမလဲဆိုသည်ကိုသာ အမြဲ စဉ်းစား‌တွေးတောနေကြသူများ ဖြစ်ကြသည်။

သို့သော် နဂါးတောင် အခြေစိုက်စခန်း သားရဲများ၏ ရှေ့တွင်မူ သူတို့၌ မည်သူမည်ဝါ ဖြစ်သည်ဟူသော အမှတ်အသား တစ်ခုသာ ရှိသည်။ ယင်းမှာ "သိုင်းသမား" ဟူ၍ ပင်။

သိုင်းသမားများသည် လူသားမျိုးနွယ်ကို ကာကွယ်ရန် အခိုင်မာဆုံးသော ခံတပ်ကြီး ဖြစ်သည်။ သားရဲများနှင့် ရင်ဆိုင်ရချိန်တွင် သိုင်းသမားများသည် လုံးဝ နောက်မဆုတ်ရပေ။ ၎င်းမှာ အကျိုးစီးပွားအတွက် မဟုတ်ဘဲ သူတို့၏ ယုံကြည်ချက်အတွက်သာ ဖြစ်သည်။

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူသည်လည်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ဓားမော့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တိုးညင်းသော လေသံဖြင့် ကြိမ်းဝါးလိုက်သည်။

“အသေအကြေ တိုက်မယ်”

“ကောင်းတယ်... ဟားဟားဟား၊ ဒါဆိုရင် ဒီသားရဲဘုရင်ကို အရင် ကိုင်တွယ်ကြတာပေါ့”

တောင်ပံနီ ရွှေယွမ်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် တောင်ပံကို တစ်ချက် ခတ်လိုက်ရုံဖြင့် ကြက်သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဧရာမ နှာမောင်းရှည်သားရဲထံသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီသည်လည်း ဧရာမ ပုဆိန်ကို ကိုင်ကာ ကောင်းကင်ယံသို့မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာသည် ထပ်မံ ကြီးထွားလာပြီး ၃ မီတာကျော် မြင့်သော လူသန်ကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ၏ ကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး သွေးများပင် ထွက်နေသော်လည်း သူသည် နာကျင်မှုကို မခံစားရသကဲ့သို့ပင်။ ဂေါင်ထျန်းချီသည် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းကာ ထိုဧရာမ နှာမောင်းရှည်သားရဲထံသို့ ပြတ်သားစွာ ပြေးဝင်သွားတော့သည်။

လေပေါ်တွင် ရှိနေသော ရွှေယွမ်ရှန်းသည် ထိုသားရဲ၏ ဦးခေါင်းထက်သို့ ပျံတက်သွားသည်။ ထို့နောက် သူ၏ ကိုယ်ပေါ်ရှိ ကြက်သွေးနီရောင် အလင်းတန်းမှာ သွေးကဲ့သို့ ရဲရဲနီလာပြီး သူ၏ လက်ထဲတွင် နီ‌ဆွေးသော စွမ်းအားလုံးတစ်ခုကို စုစည်းလိုက်သည်။

ဖျစ်...ဖျစ်...

ထိုစွမ်းအားလုံးမှာ ပိုမို ကြီးထွားလာပြီး ၎င်း၏ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပုံရသည်။ ထိုစွမ်းအင်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါ တစ်ခုတည်းဖြင့်ပင် လူအ‌ပေါင်းတို့ကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

“ငါ့ကို စက္ကန့် ၃၀ အချိန်ပေး”

ရွှေယွမ်ရှန်းက အောက်ဘက်ရှိ ဂေါင်ထျန်းချီကို လှမ်းအော်လိုက်သည်။

“ပုဆိန်ချက်... ပထမအချီ”

ဂေါင်ထျန်းချီသည် လျှို့ဝှက်နည်းစနစ် တစ်ခုခုကို အသုံးပြုနေပုံရသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ဘန်း...

ဧရာမ နှာမောင်းရှည်သားရဲက သူ၏ နှာမောင်းကို ဝေ့ယမ်းလိုက်သည်။ သို့သော်လည်း ဂေါင်ထျန်းချီ၏ ပုဆိန်ချက်မှာ ထိုသားရဲ၏ ခုခံအားကို လုံးဝ မဖောက်ထွင်းနိုင်ခဲ့ပေ။ ထို့အပြင် ပြင်းထန်သော တန်ပြန်စွမ်းအားကြောင့် ဂေါင်ထျန်းချီ၏ ခန္ဓာကိုယ်မှာ ထပ်မံ ဒဏ်ရာ ရရှိသွားသည်။

သို့သော် ဤသည်က ဂေါင်ထျန်းချီကို နောက်ဆုတ်သွားစေရန် မစွမ်းနိုင်ခဲ့ပေ။ သူသည် တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေသော်လည်း ဟိန်းဟောက်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။

“ပုဆိန်ချက်... ဒုတိယအချီ”

ဝှစ်...

ဤလျှို့ဝှက်နည်းစနစ်မှာ ဂေါင်ထျန်းချီ၏ ကိုယ်ခန္ဓာကို အလွန်အမင်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်မှာ ထင်ရှားလှသည်။ သူ ဒုတိယအချီကို အသုံးပြုလိုက်သည်နှင့် သူ၏ အရှိန်အဝါမှာ စိတ်ကူးမယဉ်နိုင်သော အဆင့်အထိ တိုးမြင့်သွားခဲ့သည်။

ဂေါင်ထျန်းချီသည် ထိုသားရဲကြီးကို ဒုတိယအကြိမ် ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ထိုသားရဲကြီး၏ ဧရာမ ကိုယ်ခန္ဓာကြီးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ၎င်း၏ ရှည်လျားသော နှာမောင်းပေါ်တွင်လည်း ပုဆိန်ချက်ရာ ထင်ထင်ရှားရှား ပေါ်လာသည်။

သို့သော် ထိုမျှသာ ဖြစ်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ထိုနှာမောင်းရှည်သားရဲကြီးမှာ ရူးသွပ်သွားသည်။ ထိုသားရဲသည် ဂေါင်ထျန်းချီ၏ ကိုယ်ခန္ဓာကို အရူးအမူး ကန်ထုတ်လိုက်သည်။ ဂေါင်ထျန်းချီသည် ချက်ချင်းပင် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သူ ကိုင်စွဲထားသော ဧရာမ ပုဆိန်ကြီးပင်လျှင် ဘေးသို့ လွင့်စင်သွားသည်။

“ရွှေယွမ်ရှန်း... မင်းအပေါ်မှာပဲ မူတည်တော့တယ်...”

ဂေါင်ထျန်းချီမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။ သို့သော် သူသည် ရွှေယွမ်ရှန်းအတွက် အဖိုးတန်သော စက္ကန့် ၃၀ အချိန်ကို ရအောင် ယူပေးနိုင်ခဲ့သည်။

ထိုအချိန်တွင် ရွှေယွမ်ရှန်း၏ ဘေးပတ်လည်၌ ကြက်သွေးနီရောင် အလင်းတန်းများ ဖုံးလွှမ်းနေသည်။ ထိုအလင်းတန်းမှာ ဧရာမ စက်လုံးကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ရုတ်တရက် ရွှေယွမ်ရှန်း၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

“ကြက်သွေးနီ မီးတောက်လုံး... ပေါက်ကွဲစမ်း”

ရွှေယွမ်ရှန်း ပြောပြီးသည်နှင့် ထိုဧရာမ အနီရောင် စက်လုံးကြီးမှာ အောက်သို့ ကျဆင်းသွားပြီး ထိုနှာမောင်းရှည်သားရဲကြီးဆီသို့ တိုက်ရိုက် ထိမှန်သွားတော့သည်။

ဝုန်း...

အလင်းတန်းများ လင်းလက်သွားပြီး ထိုနှာမောင်းရှည်သားရဲကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ လောင်ကျွမ်းသွားတော့မည့်အလား ဖြစ်နေသည်။ နာကျင်မှုကြောင့် ၎င်းသည် ပတ်ဝန်းကျင်သို့ ရူးသွပ်စွာ ပြေးလွှားနေပြီး မရေမတွက်နိုင်သော သားရဲများနှင့် သိုင်းသမားများကို နင်းခြေ သတ်ဖြတ်ပစ်လိုက်သည်။

“သတိထား”

ရွှေယွမ်ရှန်းသည် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သူ၏ နောက်တွင် နောက်ထပ် သားရဲဘုရင် နှစ်ကောင် ရှိနေသေးသည်။ ၎င်းတို့ထဲမှ တစ်ကောင်မှာ တစ်ကိုယ်လုံး ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသော ဖြူကောင်နှင့် တူသည့် သားရဲ ဖြစ်သည်။ ထိုသားရဲသည် ရွှေယွမ်ရှန်း၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ ထို့နောက် ၎င်း၏ ကိုယ်ပေါ်မှ ဆူးချွန်များကို ရွှေယွမ်ရှန်းထံသို့ မြားမိုးရွာချသကဲ့သို့ ပစ်လွှတ်လိုက်တော့သည်။

ရွှေယွမ်ရှန်းမှာ အလွန် လျင်မြန်စွာ တုံ့ပြန်နိုင်သော်လည်း မည်မျှပင် မြန်ပါစေ၊ များပြားလှသော ဆူးချွန်များအောက်တွင် သူ ဘာမှ မတတ်နိုင်ခဲ့ပေ။ သူ၏ တစ်ကိုယ်လုံးမှာ ဆူးချွန်များဖြင့် ထိုးစိုက်ခြင်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

ဝှစ်...

ယွီရှန်းသည် ထူးဆန်းသော ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ထိုဆူးချွန်သားရဲဘုရင် ရောက်မလာမီမှာပင် မြေပြင်ပေါ်မှ ရွှေယွမ်ရှန်းကို ဆွဲယူကာ နောက်ဘက်သို့ ထွက်ပြေး လွတ်မြောက်သွားသည်။

သို့သော် ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီ နှစ်ဦးစလုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြပြီ ဖြစ်သည်။ ယွီရှန်း၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေသည်။ သူ့တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေလျှင်ပင် ထိုသားရဲဘုရင် သုံးကောင်ကို သူ တစ်ဦးတည်း မယှဉ်နိုင်ပေ။

မကြာမီမှာပင် ထိုနှာမောင်းရှည်သားရဲကြီး၏ ကိုယ်ပေါ်ရှိ မီးတောက်များမှာ ငြိမ်းသေသွားသည်။ သို့သော် ၎င်း၏ ကိုယ်ခန္ဓာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံးမှ ကြမ်းတမ်း‌သွေးဆာသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ခုနက တိုက်ခိုက်မှုမှာ ထိုသားရဲကြီးကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်မှာ ထင်ရှားလှသည်။

သို့သော် ၎င်းမှာ ထိုးနှက်ချက်တစ်ခုသာ ဖြစ်သည်။ ထိုနှာမောင်းရှည်သားရဲကို သတ်ဖြတ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ဤသားရဲဘုရင် သုံးကောင်ထဲမှ မည်သည့်တစ်ကောင်ကိုမဆို သာမန် သိုင်းသမားတစ်ဦးအနေဖြင့် ရင်ဆိုင်ခုခံရန် မစွမ်းနိုင်ကြပေ။

ခြွင်းချက်အနေဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်သွားမှသာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။ သို့သော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ မည်မျှ ခက်ခဲပါသနည်း။ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့မှာ ခုနကပင် သေရေးရှင်ရေး အခြေအနေသို့ ရောက်ခဲ့ကြသော်လည်း ယခုအချိန်အထိ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်သေးပေ။

သားရဲဘုရင် သုံးကောင် တဖြည်းဖြည်း ချဉ်းကပ်လာသောအခါ ယွီရှန်းသည်လည်း မတ်တတ်ရပ်လိုက်သည်။ သူသည် လက်ထဲမှ ဓားကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူသည်လည်း နောက်သို့ တစ်လှမ်းမျှ ဆုတ်မည် မဟုတ်ပေ။

“သူတို့ နှစ်ယောက်ကို ကြည့်ထားပေးပါ။ ဒါကို ငါ့ဘာသာ ကိုင်တွယ်လိုက်မယ်”

ရုတ်တရက် လင်းဖုန်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုသားရဲဘုရင် သုံးကောင်၏ ရှေ့တွင် မားမားမတ်မတ်ရပ်ကာ ပိတ်ဆို့ထားလိုက်သည်။

All Chapters