← Chapters

ကစဉ့်ကလျား တိုက်ပွဲ

Vol. 3 Ch. 45

ကစဉ့်ကလျား တိုက်ပွဲ

Vol. 3 Ch. 45

ဘာသာပြန် - အားသစ်

သိုင်းသမားများ စတင် ထိုးစစ်ဆင်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်ရှိ သားရဲများမှာလည်း လုံးဝ ရူးသွပ်သွားကြတော့သည်။ မရေမတွက်နိုင်သော သားရဲအုပ်ကြီးမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ သာမန် သေနတ်လက်နက်များမှာ ထိုသားရဲများကို မည်သို့မျှ မလုပ်နိုင်ပေ။ သူတို့၏ ခန္ဓာကိုယ် ခုခံအားမှာ အလွန်တရာ သန်မာလွန်းလှသည်။

သိုင်းသမားများမှာ ကြမ်းတမ်းသော ခွန်အားဖြင့် အသေအကြေ တိုက်ခိုက်မှသာ ထိုသားရဲများကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

စစ်မြေပြင်တွင် လူတစ်ဦးချင်းစီ၏ ခွန်အားမှာ သိပ်မပြောပလောက်ဟု ထင်ရသည်။ လင်းဖုန်းသည် သိုင်းသမား အုပ်ကြီးထဲတွင် ပါဝင်နေစဉ် ရှေ့ဆုံးမှ ပြေးထွက်သွားသော အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးမှာ နှာမောင်းရှည်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် လွင့်ထွက်သွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

သိုင်းသမား အများအပြားမှာ ထိပ်တိုက်ရင်ဆိုင်မှု၏ ပထမဆုံး စက္ကန့်ပိုင်းအတွင်းမှာပင် သားရဲများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အလောင်းများပင် ဝါးမြိုခြင်း ခံလိုက်ရသည်။ သွေးညှီနံ့များမှာ ကောင်းကင်ယံအထိ ပျံ့လွင့်နေသည်။ တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်လှသည်။

ဤသည်မှာ စစ်မြေပြင်ပင် ဖြစ်သည်။ လင်းဖုန်း နဂါးတောင် နယ်မြေတွင် သားရဲများကို လိုက်လံ ရိတ်သိမ်းစဉ်ကထက် များစွာ ပိုမို ကြောက်စရာကောင်းလှသည်။

ပထမအကြိမ် ထိုးစစ်ဆင်ပြီးနောက် နှစ်ဖက်စလုံးမှာ အပြန်အလှန် သတ်ဖြတ်နေကြပြီ ဖြစ်သည်။ လူသား သိုင်းသမားများ၏ ဘက်စုံခွန်အားမှာ ပိုမို သန်မာသော်လည်း သားရဲများမှာ အရေအတွက်အားဖြင့် အလွန်တရာ များပြားလှသည်။ ထို့ကြောင့် စစ်မြေပြင်မှာ ချက်ချင်းပင် အခြေအနေ တင်းမာသွားခဲ့သည်။ ဤအချိန်တွင် အစွမ်းထက်သော သိုင်းသမားများမှာ သူတို့၏ စွမ်းဆောင်ရည်ကို စတင် ပြသနိုင်ကြပြီ ဖြစ်သည်။

လင်းဖုန်း၏ တပ်ခွဲမှူး အာဏာရှင်ဓား ကျန်းဝေမှာ အတော်လေး အစွမ်းထက်ပြီး လက်ရွေးစင်သားရဲများကို တစ်ဦးတည်း ရင်ဆိုင်နိုင်သည်။ သို့သော် စစ်မြေပြင်တွင် လက်ရွေးစင်သားရဲများမှာ မရေမတွက်နိုင်အောင် ရှိနေသဖြင့် ကျန်းဝေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း ခက်ခက်ခဲခဲ တိုက်ခိုက်နေရသည်။

တပ်ရင်း (၁၃) တွင် အသန်မာဆုံးမှာ ဓားတိုအသုံးပြုသည့် သိုင်းသမားတစ်ဦး ဖြစ်သည်။ သူသည် အကျိုးပြုမှတ် စာရင်းတွင် နံပါတ် (၁၆) ဖြစ်ပြီး သူ၏ စွမ်းအားမှာ မဆိုးလှပေ။ လက်ရွေးစင်သားရဲများမှာ သူ၏ရှေ့တွင် တစ်ချက်ပင် မခံနိုင်ကြဘဲ ထောပတ်ကို ဓားနှင့် လှီးသကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်ခြင်း ခံနေကြရသည်။

တပ်ခွဲ (၉) မှာ အင်အား သိပ်မတောင့်တင်းသော်လည်း ရှေ့ဆုံးမှ တိုက်ခိုက်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ချီ တိုက်ခိုက်ပြီးနောက် သူတို့မှာ သားရဲများ၏ ဝိုင်းရံမှုကို ခံလိုက်ရပြီး အခက်တွေ့နေကြသည်။ တပ်ခွဲမှူး ကျန်းဝေမှာ အသန်မာဆုံး ဖြစ်သော်လည်း သူသည် မိမိကိုယ်ကိုသာ ကာကွယ်နိုင်ပြီး အခြားသူများကို ကူညီရန် အားမထုတ်နိုင်တော့ပေ။

“ချန်ကျိ... သတိထား”

“မုန်လာဥ... မင်းနောက်ကို ကြည့်ဦး”

ကျန်းဝေမှာ ကြမ်းတမ်းသော ပုံစံရှိသော်လည်း စိတ်ထားကောင်းသူ ဖြစ်သည်။ သူသည် ခက်ခက်ခဲခဲ တိုက်ခိုက်နေရသော်လည်း တပ်ခွဲ (၉) မှ အဖွဲ့ဝင်များကို တတ်နိုင်သမျှ ကူညီပေးနေသည်။

ရုတ်တရက် ကျန်းဝေသည် သိုင်းသမားအုပ်ကြီးထဲတွင် လှုပ်ရှားမှုမရှိဘဲ ရပ်နေသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“လင်းဖုန်းလား... သူ ကြောက်ပြီး ဆွံ့အသွားတာလား”

ထိုအခါမှ ကျန်းဝေသည် ဤအဖွဲ့ဝင်သစ်ကို သတိရသွားသည်။ လင်းဖုန်းမှာ စစ်မြေပြင်သို့ ရောက်သည်နှင့် ကြောက်စိတ်ကြောင့် မှင်တက်သွားသည်ဟု သူ ထင်လိုက်မိသည်။ ဤသည်က သူ့ကို စိတ်တိုစေသလို တစ်ဖက်တွင်လည်း စိုးရိမ်မိသွားသည်။

“ကောင်လေး... ငါ့နားကို အမြန်လာခဲ့စမ်း”

ကျန်းဝေက လင်းဖုန်းကို အော်ဟစ်လိုက်သော်လည်း လင်းဖုန်းက ကြားပုံမရပေ။

ဝုန်း...

သားရဲအရှင်သခင် နှစ်ကောင်မှာ တပ်ခွဲ (၉) ရှိရာသို့ ပြေးဝင်လာကြသည်။ အနီးအနားတွင် အစွမ်းထက်သော သိုင်းသမား မရှိသဖြင့် သိုင်းသမားအချို့မှာ ခဏချင်းအတွင်း သေဆုံးသွားခဲ့ရသည်။

“လင်းဖုန်း... သတိထား”

ကျန်းဝေသည် ထိုသားရဲနှစ်ကောင်ကို မြင်လိုက်ရသောအခါ ပျာယာခတ်သွားသည်။ လင်းဖုန်းမှာ ထိုကြမ်းတမ်းရက်စက်လှသော သားရဲနှစ်ကောင်နှင့် မဝေးလှပေ။ ထိုသားရဲအရှင်သခင်များမှာ သာမန်အဆင့် မဟုတ်ကြပေ။ သူ ကိုယ်တိုင် သွားရောက် တိုက်ခိုက်လျှင်ပင် ယှဉ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ကျန်းဝေမှာလည်း အခြားသားရဲများနှင့် အလုပ်ရှုပ်နေသဖြင့် လင်းဖုန်းကို သွားရောက် ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ် လင်းဖုန်းမှာ သူ၏ တပ်ခွဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ရာ လင်းဖုန်း သေဆုံးတော့မည်ကို သူ ဒီအတိုင်း ရပ်ကြည့်နေရသဖြင့် စိတ်မကောင်း ဖြစ်နေမိသည်။

ဝှစ်...

မလှုပ်မယှက် ရပ်နေသည့် လင်းဖုန်းမှာ ရုတ်တရက် လှည့်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခုအလား ဖြစ်သွားသည်။

ရွှစ်...

သားရဲအရှင်သခင် နှစ်ကောင်မှာ အဖြူရောင် အလင်းတန်း၏ ဖြတ်တောက်မှုကို ခံလိုက်ရပြီး တောင်ငယ်လေးများအလား မြေပြင်ပေါ်သို့ ပြိုလဲသွားကြသည်။ သူတို့၏ အလောင်းများမှာ ခေါင်းမှစ၍ တစ်ကိုယ်လုံး နှစ်ခြမ်း ကွဲသွားခဲ့ခြင်း ဖြစ်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ လူတိုင်း မှင်တက်သွားကြသည်။ လင်းဖုန်းအတွက် စိုးရိမ်နေသည့် ကျန်းဝေပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာမှ မပြောနိုင်တော့ပေ။

ထိုအကောင်များမှာ အရှင်သခင်အဆင့် သားရဲနှစ်ကောင် ဖြစ်သည်။ သူ တစ်ယောက်တည်း မဆိုထားနှင့်၊ အခြားသူ အနည်းငယ် ထပ်လာလျှင်ပင် ထိုသားရဲနှစ်ကောင်ကို တားဆီးနိုင်ရန် ခဲယဉ်းလှသည်။

သို့သော် လင်းဖုန်းကမူ ဓားတစ်ချက်တည်းနှင့်ပင် အရှင်သခင်အဆင့် သားရဲနှစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ၏ ဓားသွားလမ်းကြောင်းကိုပင် မျက်စိဖြင့် မမြင်လိုက်ရပေ။

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူသည် ဓားမော့ကို ဓားအိမ်ထဲသို့ ပြန်ထည့်ရန် ရည်ရွယ်ချက် မရှိပေ။ လျှပ်စီးဓားမော့သိုင်း၏ ထူးခြားချက်မှာ အဖြူရောင် အလင်းတန်းတစ်ခုအလား အလွန် လျင်မြန်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ တကယ့်ကို အစွမ်းထက်သော သတ်ဖြတ်ခြင်း သိုင်းပညာ ဖြစ်ပြီး လင်းဖုန်း၏ သန်မာလှသော ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ သာမန် သားရဲအရှင်သခင်များမှာ မည်သို့မျှ မခုခံနိုင်တော့ပေ။

ရွှစ်... ရွှစ်... ရွှစ်...

ဓားမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ တောက်ပြောင်နေပြီး သူ၏ ရှေ့ရှိ သားရဲများမှာ တစ်ကောင်ပြီး တစ်ကောင် လဲကျကုန်ကြသည်။ သာမန်သားရဲ ဖြစ်စေ၊ လက်ရွေးစင်အဆင့် သားရဲ ဖြစ်စေ၊ အရှင်သခင်အဆင့် သားရဲပင် ဖြစ်စေ လင်းဖုန်း၏ ရှေ့တွင် တစ်ချက်မျှ မခံနိုင်ကြပေ။

လင်းဖုန်း၏ ကြမ်းကြုတ်မှုကို မြင်လိုက်ရသောအခါ ကျန်းဝေလည်း ဆွံ့အသွားရသည်။ သူ၏ တပ်ဖွဲ့ဝင်မှာ ဤမျှအထိ သန်မာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အကယ်၍ လင်းဖုန်းသာ တပ်ခွဲမှူး နေရာကို လိုချင်ခဲ့လျှင် သူ အလွယ်တကူ ရရှိနိုင်မည်မှာ သေချာလှသည်။

“ငါကပဲ အမြင်ကျဉ်းနေခဲ့တာကိုး...”

ကျန်းဝေက အားမလိုအားမရ ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။ သူ စိတ်မကောင်း ဖြစ်မိသော်လည်း ဤသည်မှာ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သည်။ သူသည်လည်း အမှတ်နှစ်ဆ ရရှိရန်အတွက် အစွမ်းကုန် တိုက်ခိုက်ရမည် မဟုတ်ပါလား။

လင်းဖုန်း၏ သတ်ဖြတ်မှုကြောင့် တပ်ခွဲ (၉) အနီးတဝိုက်ရှိ အန္တရာယ်များမှာ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ကျန်းဝေသည် သူ၏ အဖွဲ့ဝင်များကို ပြန်လည် စုစည်းကာ သားရဲများနှင့် ထပ်မံ တိုက်ခိုက်တော့သည်။

လင်းဖုန်းမှာ အလွန် လျင်မြန်သော်လည်း အနီးတဝိုက်ရှိ သားရဲအများစုမှာ သာမန်သားရဲများသာ ဖြစ်ကြသည်။ သာမန်သားရဲ တစ်ကောင်လျှင် ၀.၁ မှတ်သာ ရပြီး နှစ်ဆ တိုးလျှင်ပင် ၀.၂ မှတ်သာ ရရှိမည် ဖြစ်သည်။

ဤနှုန်းမှာ အလွန် နှေးကွေးလှသည်။

“မရဘူး... ဒါက သိပ်နှေးလွန်းတယ်။ ငါ လက်ရွေးစင်သားရဲတွေနဲ့ သားရဲအရှင်သခင်တွေကို ပိုရှာရမယ်။ သားရဲဘုရင်တွေ ရှိရင် ပိုတောင် ကောင်းသေးတယ်”

လင်းဖုန်း၏ ပန်းတိုင်မှာ ပထမနေရာ ဖြစ်သည်။ သူ၏ သတ်ဖြတ်မှုနှုန်းမှာ အလွန် မြန်သော်လည်း အကယ်၍ အားလုံးမှာ သာမန်သားရဲများသာ ဖြစ်နေပါက မည်မျှပင် သတ်သတ် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သူသည် အခြားသူများကို ယှဉ်နိုင်မည် မဟုတ်ပေ။

လက်ရွေးစင်သားရဲများနှင့် သားရဲအရှင်သခင်များကို လုံလုံလောက်လောက် သတ်ဖြတ်နိုင်မှသာ အကျိုးပြုမှတ် အများအပြား ရရှိမည် ဖြစ်သည်။

လင်းဖုန်း ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လက်ရှိတွင် လူတိုင်းမှာ ကစဉ့်ကလျား တိုက်ပွဲဝင်နေကြသည်။ နေရာတိုင်းတွင် သာမန်သားရဲများ ပြည့်နှက်နေသည်။ သားရဲအရှင်သခင်များနှင့် လက်ရွေးစင်သားရဲများမှာ သားရဲအုပ်ကြီး၏ နောက်ဘက်တွင် ပုန်းအောင်းနေကြသည်။

ဤသားရဲများကိုလည်း နတ်ဆိုးများက ညွှန်ကြားနေခြင်း ဖြစ်သည်။ လူသား သိုင်းသမားများနှင့် ယှဉ်လျှင် သားရဲများ၏ တစ်ခုတည်းသော အသာစီးမှာ အရေအတွက်ပင် ဖြစ်သည်။ သာမန်သားရဲများကို အသုံးပြုကာ သိုင်းသမားများကို အဆက်မပြတ် နုံးချိအောင် ပြုလုပ်ပြီးမှသာ သားရဲများက အနိုင်ရရန် အခွင့်အရေး ရှိမည် ဖြစ်သည်။

လက်ရွေးစင်သားရဲများနှင့် သားရဲအရှင်သခင်များကို ပိုမို သတ်ဖြတ်နိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ယင်းမှာ သားရဲအုပ်ကြီး၏ နောက်ဘက်၊ လက်ရွေးစင်အဆင့်နှင့် အရှင်သခင်အဆင့် သားရဲများ အမြောက်အမြား ရှိသည့် နေရာအထိ ထိုးဖောက်ဝင်ရောက်ရန်ပင်။

သို့သော် ထိုသို့ ပြုလုပ်ခြင်းက လင်းဖုန်းအတွက်ပင် အန္တရာယ် ရှိနိုင်သည်။

သို့သော် လင်းဖုန်း တွန့်ဆုတ်မနေတော့ပေ။ အကယ်၍ သူ ပထမနေရာကို လိုချင်ပါက အသက်ကို ရင်းရမည် ဖြစ်သည်။

ထို့ကြောင့် သူသည် မြေပြင်ကို အားပြုကာ ကောင်းကင်ယံသို့ ခုန်တက်လိုက်သည်။ သူသည် ပေပေါင်းများစွာ အကွာအဝေးသို့ ခုန်တက်သွားပြီး နောက်ဘက်ရှိ သားရဲအုပ်ကြီးထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လင်းဖုန်းကဲ့သို့ပင် အခြား လူရိပ် ၂၀ ခန့်မှာလည်း နည်းလမ်းအမျိုးမျိုးဖြင့် သားရဲအုပ်ကြီး၏ နောက်ဘက်သို့ ထိုးဖောက် ဝင်ရောက်နေကြသည်။ အထင်ရှားဆုံးမှာ ကောင်းကင်ယံတွင် ပျံသန်းနေသည့် လူရိပ်တစ်ခုပင်။

ထိုလူရိပ်၏ ကျောပေါ်တွင် ကြက်သွေးနီရောင် တောင်ပံတစ်စုံ ရှိနေသည်။ ထိုသူသည် တောင်ပံကို ပေါ့ပေါ့ပါးပါး တစ်ချက် ခတ်လိုက်ရုံဖြင့် အလွန်တရာ လျင်မြန်သော အမြန်နှုန်းကို ရရှိပိုင်ဆိုင်နိုင်‌လေသည်။ သူသည် သားရဲအုပ်ကြီး၏ နောက်ဘက်သို့ ပထမဆုံး ရောက်ရှိသွားသူလည်း ဖြစ်သည်။

ထိုသူမှာ အကျိုးပြုမှတ် စာရင်း၏ နံပါတ် (၁) တောင်ပံနီ ရွှေယွမ်ရှန်း ပင် ဖြစ်သည်။

All Chapters