နတ်ဆိုး
Vol. 3 Ch. 48
ဘာသာပြန် - အားသစ်
“ဟားဟား... စစ်သေနာပတိချုပ်၊ ဒီတစ်ခါတော့ ကျွန်တော်တို့ကို အရင် ပျော်ခွင့်ပေးပါဦး”
“ဟုတ်ပါတယ။် ပြီးခဲ့တဲ့တစ်ခါတုန်းကလည်း စစ်သေနာပတိချုပ်ကိုယ်တိုင် လှုပ်ရှားလိုက်တော့ ကျွန်တော်တို့အတွက် ဘာမှ လုပ်စရာ မကျန်တော့ဘူးလေ”
“စစ်သေနာပတိချုပ်... ဒီတစ်ခါတော့ အခြေစိုက်စခန်းကနေပဲ ကွပ်ကဲနေလိုက်ပါ။ အရှင်ကိုယ်တိုင် ပင်ပန်းခံနေဖို့ မလိုပါဘူး”
လုံကျိုးပါ လှုပ်ရှားရန် ပြင်ဆင်နေသည်ကို မြင်သောအခါ အခြားသော သာလွန်လူသား တစ်ဒါဇင်ကျော်မှာ သူ့ကို အလောတကြီး တားမြစ်လိုက်ကြသည်။ လုံကျိုးမှာ သာမန် သာလွန်လူသားတစ်ဦး မဟုတ်ပေ။ အကယ်၍ လုံကျိုးသာ တိုက်ခိုက်ခဲ့လျှင် သူတို့အတွက် လုပ်စရာ ဘာမှ ကျန်တော့မည် မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ခါကလည်း လုံကျိုးကိုယ်တိုင် တိုက်ခိုက်ပြီး နတ်ဆိုးသုံးကောင်ကို တစ်ဦးတည်း ဆက်တိုက် သတ်ဖြတ်လိုက်သောကြောင့် သားရဲအုပ်ကြီးမှာ ပြိုလဲသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အခြားသော သာလွန်လူသားများမှာ တိုက်ခိုက်ရန်ပင် အခွင့်အရေး မရခဲ့ကြပေ။
လုံကျိုးသည် စိတ်ပျက်သလိုလို ရယ်ချင်သလိုလို ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ကာ လက်လျှော့လိုက်ရသည်။
“ကောင်းပြီ... ဒီတစ်ခါ ငါ မတိုက်တော့ဘူး။ မင်းတို့ပဲ သေချာ ကိုင်တွယ်လိုက်ကြတော့”
“စစ်သေနာပတိချုပ်... စိတ်မပူပါနဲ့။ ဒီနတ်ဆိုးလေး ၆ ကောင်ကို ရှင်းဖို့ ကျွန်တော်တို့တင် လုံလောက်ပါတယ်”
ထိုသို့ ပြောပြီးနောက် ကျန်ရှိသော သာလွန်လူသား ၁၅ ဦးမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး အလင်းတန်း ၁၅ ခုအလား သားရဲအုပ်ကြီး၏ နောက်ဘက်သို့ ဦးတည်သွားကြတော့သည်။
စစ်မြေပြင်ရှိ သိုင်းသမားများမှာလည်း ဤကဲ့သို့သော လှုပ်ရှားမှုကြီးကို သဘာဝကျစွာပင် သတိပြုမိကြသည်။ ထို့ကြောင့် သိုင်းသမားအားလုံးမှာ အားတက်သရော အော်ဟစ် အားပေးလိုက်ကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားများမှာ အောင်ပွဲအတွက် အာမခံချက်ပင် ဖြစ်သည်။ သာလွန်လူသားများ လှုပ်ရှားပြီဆိုသည်နှင့် ဤအဆုံးအဖြတ် တိုက်ပွဲမှာ အောင်နိုင်ရန် သေချာသလောက် ရှိသွားပြီ ဖြစ်သည်။
“ဟားဟား... ငါက အမြန်ဆုံးပဲ”
ထိုအလင်းတန်း ၁၅ ခုမှာလည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြပုံရသည်။ တပ်ရင်း (၃) ၏ တပ်ရင်းမှူးမှာ သားရဲအုပ်ကြီး၏ နောက်ဘက်သို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်သည်။ သူသည် ဥက္ကာခဲတစ်ခဲ မြေပြင်သို့ ကျဆင်းလာသကဲ့သို့ ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လိုက်သည်။
ဝုန်း...
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ လေလှိုင်းများမှာ ပတ်ဝန်းကျင်အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ဘေးပတ်ဝန်းကျင်ရှိ သာမန်သားရဲ ဖြစ်စေ လက်ရွေးစင်အဆင့်သားရဲ ဖြစ်စေ သားရဲအရှင်သခင်ပင် ဖြစ်စေ အားလုံးမှာ ချွင်းချက်မရှိ သွေးစက်များအဖြစ် ပေါက်ကွဲသွားကာ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုသာလွန်လူသားမှာ ထပ်မံ ရယ်မောလိုက်ပြီး လေထဲသို့ လက်ဖြင့် ဖိချလိုက်သည်။ လေထုမှာ အစွမ်းကုန် ဖိသိပ်ခံလိုက်ရပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ပင်။
မီတာ ၁၀၀ ပတ်လည်အတွင်းရှိ သားရဲအားလုံးမှာ သွေးစက်များအဖြစ် ရုတ်ချည်း ပေါက်ကွဲကုန်ကြသည်။ ထိုသားရဲတို့မှာ မည်သို့မျှ မခုခံနိုင်ကြပေ။
လင်းဖုန်းမှာ မှင်တက်သွားရသည်။ သူသည် သာလွန်လူသားများအကြောင်း အချက်အလက် အချို့ကို စုဆောင်းထားခဲ့ပြီး သူတို့သည် အလွန်တရာ သန်မာအားကောင်းကြောင်းလည်း မှန်းဆသိရှိထားခဲ့သည်။ သူတို့အားလုံးမှာ အနည်းဆုံး မူလခန္ဓာကိုယ် ခွန်အား သက်သက်ပင် တန် ၁၀၀ ခန့် ရှိကြမည်မှာ ချွင်းချက်မရှိပေ။
သို့သော် မည်မျှပင် အချက်အလက်များ စုဆောင်းထားပါစေ၊ ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာ မကောင်းလှပေ။ သာလွန်လူသားတစ်ဦး၏ မယုံနိုင်စရာကောင်းသော စွမ်းအားမှာ လင်းဖုန်း၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
လင်းဖုန်းသည် သားရဲမျိုးရိုးဗီဇ မည်မျှပင် ပေါင်းစပ်ပါစေ ဤမျှအထိ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိရန်မှာ မလွယ်ကူလှပေ။
သာလွန်လူသား ၁၅ ဦး ဆင်းသက်လာသည်နှင့်အမျှ သားရဲများမှာ ချက်ချင်းပင် ရှုံးနိမ့်သွားကြတော့သည်။ ဤသည်မှာ စစ်ပွဲတစ်ခု မဟုတ်တော့ဘဲ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးအလား ဖြစ်နေသည်။
ဝေါင်း...
ရုတ်တရက် သားရဲအုပ်ကြီး၏ နောက်ဘက်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဟိန်းသံတစ်ခုတည်းနှင့်တင် သိုင်းသမားအားလုံး၏ စိတ်ကို တုန်လှုပ်စေပြီး နားစည်များကိုပင် ကွဲအက်သွားစေနိုင်သည်။ အချို့သော သိုင်းသမားများမှာ ထိုဟိန်းဟောက်သံကြောင့်ပင် ဒဏ်ရာ ရရှိသွားကြသည်။
“နတ်ဆိုး... နတ်ဆိုး ဖြစ်ရမယ်”
“သာလွန်လူသားတွေနဲ့ ယှဉ်နိုင်တဲ့ နတ်ဆိုးတွေပဲ။ ဒါက တကယ့် အဆုံးအဖြတ် တိုက်ပွဲပဲ”
ဤအဆုံးအဖြတ် တိုက်ပွဲ၏ တကယ့်အဓိကသော့ချက်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားအဆင့် ကျွမ်းကျင်သူများနှင့် နတ်ဆိုးများအကြား တိုက်ပွဲ၏ ရလဒ်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မဟုတ်ပါက သိုင်းသမားများမှာ သာမန်သားရဲများကို မည်မျှပင် အသာစီးရနေပါစေ အခြေအနေ ချက်ချင်း ပြောင်းလဲသွားနိုင်သည်။
ထို့နောက် ချက်ချင်းပင် ၁၀ ထပ်တိုက် အမြင့်ခန့် ရှိသော ဧရာမ သတ္တဝါကြီးများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာသည်။ ဤအကောင်များမှာ သာလွန်လူသားများနှင့် ယှဉ်နိုင်သည့် နတ်ဆိုးများပင် ဖြစ်သည်။
ထိုနတ်ဆိုးတို့၏ အရွယ်အစားသက်သက်ကို ကြည့်ရုံနှင့်တင် သာမန် သိုင်းသမားများကို စိတ်ပျက်အားငယ်စေရန် လုံလောက်သည်။ သာမန်သိုင်းသမား အရေအတွက် မည်မျှပင် များပြားနေပါစေ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ နတ်ဆိုးများကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ လက်တွေ့တွင် ကျော်လွှားရန် ခဲယဉ်းလှသော ကွာဟချက်ကြီးတစ်ခု ဖြစ်သည်။ ဤသည်မှာ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းလှသော ခြားနားချက်ကို ဖြစ်ပေါ်စေသည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်၊ ငါးကောင်၊ ခြောက်ကောင်။
နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်နှင့်အမျှ ထိုထိန်လန့်ဖွယ်ရာ နတ်ဆိုးများသည် သာလွန်လူသား ၁၅ ဦးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ သားရဲအားလုံးမှာ ထိုစစ်မြေပြင်မှ ဝေးရာသို့ ထွက်ပြေးသွားကြသည်။ ဤသည်မှာ နတ်ဆိုးများနှင့် သာလွန်လူသားများသာ ပါဝင်သည့် စစ်မြေပြင်ဖြစ်သည်။
သာလွန်လူသား အဆင့်အောက်ရှိသူများမှာ ထိုနေရာသို့ ချဉ်းကပ်ရန် မျှော်လင့်၍ပင် မရနိုင်ပေ။
နတ်ဆိုး ၆ ကောင်၏ နောက်ကွယ်တွင် နောက်ထပ် နတ်ဆိုးတစ်ကောင် ဝေဝေဝါးဝါး ပေါ်လာသည်။ ထို့အပြင် ထိုနတ်ဆိုးမှာ အခြားနတ်ဆိုးများနှင့် အလွန် ကွဲပြားသည်။ ထိုနတ်ဆိုးသည် အရွယ်အစား အကြီးဆုံး မဟုတ်သော်လည်း တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော အတွန့်အခေါက်များ၊ အဖုအကျိတ်များဖြင့် ပြည့်နှက်နေသည်။ ဧရာမ တီကောင်ကြီးတစ်ကောင်အလားပင်။
မူလက အေးဆေးတည်ငြိမ်နေသော သာလွန်လူသားများ၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားသည်။
နတ်ဆိုး ၇ ကောင်လား။ သတင်းအချက်အလက်တွေအရဆိုရင် နတ်ဆိုး ၆ ကောင်ပဲ ရှိတာ မဟုတ်ဘူးလား။
စစ်သေနာပတိချုပ် လုံကျိုးသည် အခြေစိုက်စခန်းမှ စစ်ပွဲကို ကြီးကြပ်နေသည်။ သူ၏ မျက်နှာမှာလည်း ရုတ်တရက် တည်ကြည်လေးနက်သွားသည်။ သူသည် သူ၏ လက်ထောက်ကို ချက်ချင်း ညွှန်ကြားလိုက်သည်။
“ဘာလို့ နတ်ဆိုး ၇ ကောင် ဖြစ်နေရတာလဲ။ မြန်မြန်... သတင်းထောက်လှမ်းရေးဌာနကို သေချာ စုံစမ်းခိုင်းလိုက်။ ဘာလို့ ဒီနတ်ဆိုးကို တစ်ခါမှ မမြင်ဖူးရတာလဲ”
လုံကျိုးမှာ အလွန် စိတ်တိုနေသည်။ ဤသည်မှာ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ပြီး ထောက်လှမ်းရေးဌာနက အချိန်အတော်ကြာ စုံစမ်းခဲ့ခြင်း ဖြစ်သည်။ သူတို့က မည်သို့မျှ သေချာ စုံစမ်းမထားရသနည်း။
သို့သော် လုံကျိုး သူ၏ ဒေါသကို မထုတ်ဖော်ရသေးမီမှာပင် သူ၏ မျက်လုံးများမှာ ရုတ်တရက် မှေးကျသွားသည်။ ထိုနတ်ဆိုးများ၏ နောက်ကွယ်တွင် နောက်ထပ် နတ်ဆိုးများ ရှိနေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
ရှစ်ကောင်၊ ကိုးကောင်၊ ဆယ်ကောင်။
နတ်ဆိုးများ ပိုမို ပေါ်ထွက်လာသည်နှင့်အမျှ လုံကျိုးနှင့် အခြား သာလွန်လူသား ၁၅ ဦးမှာ မည်သို့မျှ မရယ်နိုင်တော့ပေ။ သူတို့၏ သတင်းအချက်အလက်အရ နဂါးတောင် နယ်မြေတွင် နတ်ဆိုး ၆ ကောင်သာ ရှိသော်လည်း ယခုလက်ရှိတွင်မူ စုစုပေါင်း နတ်ဆိုး ၁၂ ကောင်အထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သတင်းပို့ထားသည်ထက် နှစ်ဆဖြစ်သော နတ်ဆိုး ၁၂ ကောင်ပင် ဖြစ်သည်။
ထို့အပြင် ပို၍ ကြောက်စရာကောင်းသော အချက်မှာ ထိုထပ်တိုးရောက်ရှိလာသော နတ်ဆိုး ၆ ကောင်စလုံးမှာ ပုံစံတူ ဖြစ်နေခြင်းပင်။ သူတို့အားလုံးမှာ ဧရာမ တီကောင်ကြီးများနှင့် တူနေပြီး အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။
ဤအချက်မှာ ပို၍ ထူးဆန်းနေသည်။ သူတို့သည် နဂါးတောင် နယ်မြေရှိ သားရဲများကို သေချာ စုံစမ်းထားပြီးသား ဖြစ်သည်။ ဤနှစ်များအတွင်း ဤကဲ့သို့သော သားရဲမျိုး တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးပေ။ မျိုးနွယ်တူဖြစ်ကြောင်း ထင်ရှားလှသော နောက်ထပ် နတ်ဆိုး ၆ ကောင်မှာ ရုတ်တရက် မည်သို့ ပေါ်လာရသနည်း။
“သူတို့ သေချာ စုံစမ်းပြီးပြီလား။ ဒါက ဘယ်လို သားရဲမျိုးလဲ”
လုံကျိုး၏ လေသံမှာ အလွန် ပြင်းထန်လှသည်။ ထောက်လှမ်းရေးဌာနက ခွင့်မလွှတ်နိုင်သော အမှားတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သတင်းမှာ နတ်ဆိုး ၆ ကောင် ပျောက်ဆုံးနေခြင်းက အမှန်တကယ်ပင် ခွင့်မလွှတ်နိုင်သော အမှားပင်။
သူ့ဘေးရှိ လက်ထောက်၏ နဖူးတွင် ချွေးစေးများ ထွက်နေသည်။ သူ၏ ဆက်သွယ်ရေးစက်မှာ ရုတ်တရက် တုန်ခါလာသဖြင့် သူ အလျင်အမြန် စစ်ဆေးလိုက်သည်။ သို့သော် လက်ထောက်၏ မျက်နှာမှာ ပို၍ စိုးရိမ်ပူပန်လာပုံရသည်။ နောက်ဆုံးတွင် သူက တိုးတိုးလေး ပြောလိုက်သည်။
“စစ်သေနာပတိချုပ်... ထောက်လှမ်းရေးဌာနမှာ ဒီနတ်ဆိုး ၆ ကောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှ မရှိပါဘူး။ သူတို့က လေထဲကနေ ပေါ်လာသလိုမျိုးပါပဲ။ ထောက်လှမ်းရေးဌာနက ကမ္ဘာပေါ်မှာ ရှိသမျှ သားရဲအားလုံးရဲ့ အချက်အလက် စာရင်းတွေထဲမှာတောင် ဝင်ရှာခဲ့ပေမဲ့ ဒီနတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ သတင်းကို မတွေ့ခဲ့ပါဘူး”
“ဒါကြောင့် ထောက်လှမ်းရေးဌာနက ဒီနတ်ဆိုးတွေက မှတ်တမ်းထဲမှာ မရှိသေးတဲ့ သားရဲအမျိုးအစားသစ် တစ်ခုလို့ သတ်မှတ်လိုက်ပါတယ်”
“သားရဲအမျိုးအစားသစ် တစ်ခု ဟုတ်လား”
လုံကျိုး အံကြိတ်လိုက်သည်။ သူသည် ကိစ္စ၏ ပြင်းထန်မှုကို ယခုအခါ ခံစားမိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သားရဲအုပ်စုအသစ်တစ်ခု ပေါ်ထွက်လာခြင်းမှာ ဘေးအန္တရာယ်၏ နိမိတ်ပင် ဖြစ်သည်။ အကြောင်းမှာ လူသားများသည် ထိုသားရဲများကို လုံးဝ နားမလည်ဘဲ သူတို့တွင် မည်သို့သော စွမ်းရည်များ ရှိသည်ကို မသိရှိသောကြောင့် ဖြစ်သည်။
ယခင်ကဆိုလျှင် သူသည် ချက်ချင်း ဆုတ်ခွာမည်ဖြစ်ပြီး ထိုသားရဲများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ရှာဖွေစုဆောင်းပြီးမှသာ ပြန်လည် တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် ယခုမှာ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ပြီး စစ်ပွဲမှာလည်း တင်းမာနေပြီ ဖြစ်သည်။ အကယ်၍ သူ ယခု ဆုတ်ခွာလိုက်ပါက နဂါးတောင် အခြေစိုက်စခန်းတစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ထိုအခိုက်တွင် လုံကျိုး အနည်းငယ် စိတ်ထင့်သွားသည်။ ထိုသားရဲများ ဤကဲ့သို့သောအချိန်အတိအကျတွင် ပေါ်လာခြင်းမှာ ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပေ။