← Chapters

အာရုံစိုက်ခံရခြင်း

Vol. 3 Ch. 46

အာရုံစိုက်ခံရခြင်း

Vol. 3 Ch. 46

ဘာသာပြန် - အားသစ်

“အား... သေစမ်း”

အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သားရဲအုပ်ကြီးထဲတွင် သူသည် သားရဲများထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်နေပုံရသည်။ ဂေါင်ထျန်းချီသည် လက်ထဲမှ ဧရာမ ပုဆိန်ကြီးဖြင့် သွေးချောင်းစီးသော လမ်းတစ်ခုကို ဖောက်ထွက်နေသည်။ သူသည် မြေထိုးစက်ကြီးတစ်စီးအလား သူ့ရှေ့လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို တွန်းတိုက်ကြိတ်ခြေသွားသည်။

ရုတ်တရက် အာဏာရှင်ပုဆိန်သည် ကောင်းကင်ယံရှိ ကြက်သွေးနီရောင် လူရိပ်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“တောင်ပံနီ ရွှေယွမ်ရှန်း... ဒီတစ်ခါ ပထမနေရာက ငါ့အတွက်ပဲ”

“ဒေါသပေါက်ကွဲခြင်း”

ရုတ်တရက် အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီ၏ ခန္ဓာကိုယ်တစ်ခုလုံး အလျင်အမြန် ကြီထွားပြန့်ကားလာသည်။ မူလက အရပ် ၁.၈ မီတာသာ ရှိသော်လည်း ယခုအခါ ရုတ်ချည်းပင် ၃ မီတာကျော်အထိ မြင့်တက်လာသည်။ လက်ရှိတွင် ဂေါင်ထျန်းချီမှာ ဘီလူးအသေးစားတစ်ကောင် ကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွက်သားများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဤသည်မှာ ဂေါင်ထျန်းချီ၏ ဒေါသပေါက်ကွဲခြင်း အထူးစွမ်းအားပင် ဖြစ်သည်။ ဒေါသပေါက်ကွဲခြင်း အခြေအနေသို့ ရောက်ရှိသွားသည်နှင့် သူ၏ ခွန်အား၊ အမြန်နှုန်းနှင့် ကြံ့ခိုင်မှုတို့တွင် အဘက်ဘက်မှ အဆမတန် တိုးပွားလာမည် ဖြစ်သည်။

ဒေါသပေါက်ကွဲခြင်းအခြေအနေတွင် ရှိနေသော အာဏာရှင်ပုဆိန်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ဧရာမ ပုဆိန်ကြီးကို မြှောက်ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ အရှိန်မှာ ရွှေယွမ်ရှန်းထက် အနည်းငယ်မျှပင် မနှေးပေ။ သူသည် ရွှေယွမ်ရှန်းကို ကျော်တက်ကာ သားရဲများကို ပိုမို သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်။

အာဏာရှင်ပုဆိန်ဘက်မှ ရုတ်ရုတ်သဲသဲ ဆူညံသံများမှာ မသေးလှပေ။ ယွီရှန်းလည်း ၎င်းကို သဘာဝကျစွာပင် မြင်တွေ့လိုက်ရသည်။ သူသည် အကျိုးပြုမှတ် စာရင်း၏ တတိယနေရာတွင် ရှိနေသော်လည်း ပုံမှန်အားဖြင့် လူသိမခံဘဲ အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ သို့သော် ဤကဲ့သို့ များပြားလှသော ဆုကြေးများကြောင့် သူ့အတွက် သိုသိုသိပ်သိပ် နေရန် မဖြစ်နိုင်တော့ပေ။

“ရွှေယွမ်ရှန်း... ဂေါင်ထျန်းချီ... ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ပထမနေရာကို ငါပဲ ရရမယ်”

ယွီရှန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ့တွင် ထူးခြားသော စွမ်းအားများ သို့မဟုတ် သန်မာသော မျိုးရိုးဗီဇများ မရှိပေ။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် အကျိုးပြုမှတ် စာရင်း၏ တတိယနေရာသို့ ရောက်ရှိနေရသနည်း။ အကြောင်းရင်းမှာ ရိုးရှင်းသည်။ ယင်းမှာ သူ၏ သိုင်းပညာအပေါ် ထူးကဲသာလွန်သော နားလည်သဘောပေါက်နိုင်စွမ်းကြောင့်ပင်။

ယွီရှန်းသည် အနန္တလမ်းစဉ်အကယ်ဒမီမှ နက်ရှိုင်းသော သိုင်းပညာ အမြောက်အမြားကို ဝယ်ယူခဲ့ပြီး ထိုသိုင်းပညာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်နိုင်ခဲ့သည်။ ဂေါင်ထျန်းချီနှင့် ရွှေယွမ်ရှန်းတို့ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်များပင်လျှင် ပုံမှန်အားဖြင့် နက်ရှိုင်းသော သိုင်းပညာ တစ်မျိုး သို့မဟုတ် နှစ်မျိုးကိုသာ လေ့ကျင့်တတ်ကြသည်ကို သတိပြုရပေမည်။ လူအများစုမှာ အရာအားလုံးကို ဟိုစပ်စပ် ဒီစပ်စပ် သိသော်လည်း တစ်ခုမျှ မကျွမ်းကျင်ခြင်းနှင့် တတ်နိုင်သည်ထက် ပို၍ ကြိုးစားခြင်း၏ ဆိုးကျိုးများကို နားလည်ထားကြသည်။

သို့သော် ယွီရှန်းမှာမူ ချွင်းချက်ပင်။ သူ၏ အံ့မခန်းသော နားလည်နိုင်စွမ်းကို အသုံးချကာ နက်ရှိုင်းသော သိုင်းပညာ ၁၀ မျိုးကျော်ကို လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် အမျိုးမျိုးသော သိုင်းပညာများကို ပေါင်းစပ်လေ့ကျင့်လိုက်ပြီးနောက် သူ့တွင် အားနည်းချက် မရှိသလောက် ဖြစ်သွားပြီး ကဏ္ဍတိုင်းတွင် မျှတသော စွမ်းဆောင်ရည် ရှိနေခြင်း ဖြစ်သည်။

ဝှစ်...

ယွီရှန်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူသည် လေပေါ်တွင် ခြေချအားယူစရာ မရှိသော်လည်း ချက်ချင်းပင် ခြေသုံးလှမ်း ဆက်တိုက် လှမ်းကာ မီတာဆယ်ချီ အကွာအဝေးသို့ တစ်ခဏအတွင်း ရောက်ရှိသွားသည်။ ဤသည်မှာ ဟင်းလင်းပြင် ခြေသုံးလှမ်းဟု ခေါ်သော နက်နဲဆန်းကြယ်သည့် သိုင်းပညာတစ်ခု ဖြစ်သည်။ ထိုသိုင်းပညာမှာ အလွန်တရာ လျင်မြန်ဖျတ်လတ်စေသော ကိုယ်ဖော့သိုင်းပင် ဖြစ်သည်။

အဆုံးအဖြတ် တိုက်ပွဲတွင် ပါဝင်နေသော သိုင်းသမား ၄,၈၀၀ ထဲတွင် ပါရမီရှင် အမြောက်အမြား ရှိသော်လည်း အမှန်တကယ် ထင်ပေါ်လာသူမှာ အနည်းငယ်သာ ရှိသည်။ လက်ရှိတွင် ရွှေယွမ်ရှန်း၊ အာဏာရှင်ပုဆိန်၊ ယွီရှန်းနှင့် လူအများစုအတွက် သူစိမ်းသာသာဖြစ်နေသော လူရိပ်တစ်ခုတို့ကိုသာ ထင်ထင်ရှားရှား မြင်တွေ့နေရသည်။

နောက်ဘက်တွင် စောင့်ကြပ်နေသော သာလွန်လူသား ၁၆ ဦးမှာလည်း ရွှေယွမ်ရှန်းနှင့် အခြားသူများကို မြင်တွေ့နေရသည်။ သို့သော် ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီနှင့် ယွီရှန်းတို့ ထင်ပေါ်လာခြင်းကိုမူ သူတို့ အထူးတလည် အံ့သြခြင်း မရှိကြပေ။

အမှန်တကယ်တော့ ဤတာဝန်အတွက် ဆုကြေးများကို ထိုသုံးဦးအတွက် ရည်ရွယ်၍ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုသုံးဦးမှာ နဂါးတောင် အခြေစိုက်စခန်းတွင် သူတို့ကိုယ်သူတို့ သက်သေပြထားပြီးသား ဖြစ်သည်။ မဟုတ်ပါက သူတို့သည် အကျိုးပြုမှတ် စာရင်း၏ ထိပ်ဆုံး သုံးနေရာတွင် ရှိနေမည် မဟုတ်ပေ။

သို့သော် ယခုလက်ရှိအချိန်တွင် ထပ်မံ ပေါ်ထွက်လာသော လူရိပ်တစ်ခု ရှိနေပြီး ထိုလူရိပ်သည် ပါရမီရှင်သုံးဦးထက် အနည်းငယ်မျှပင် အားနည်းပုံမရပေ။

“အဲ့ဒါက ဘယ်သူလဲ”

စစ်သေနာပတိချုပ် လုံကျိုးသည် သူ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ့ဘေးနားရှိ လက်ထောက်ကို မေးလိုက်သည်။

“စစ်သေနာပတိချုပ်... ဒီလူငယ်လေးရဲ့ နာမည်က လင်းဖုန်းပါ။ သူ နဂါးတောင် အခြေစိုက်စခန်းကို ရောက်တာ သုံးလပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီသုံးလအတွင်းမှာပဲ သူက အကျိုးပြုမှတ် ၁၂,၀၀၀ ကျော် ရထားပါတယ်”

“အော်... သုံးလအတွင်းမှာ ဒီလောက် အမှတ်တွေ အများကြီး ရထားတာလား။ တော်တော့်ကို ကောင်းတာပဲ။ ရွှေယွမ်ရှန်းတို့အတွက် နောက်ထပ် ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီ‌ပေါ့။ သူက အခု ဘယ်တပ်ရင်းမှာလဲ”

“တပ်ရင်း ၁၃ ပါ”

လုံကျိုးသည် တပ်ရင်း (၁၃) ၏ တပ်ရင်းမှူးကို ချက်ချင်း ခေါ်ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“မင်းရဲ့ တပ်ရင်းထဲက မျိုးစေ့က ထိပ်ဆုံးသုံးယောက်ထဲ ပါဖို့ မျှော်လင့်ချက် မရှိဘူးလို့ ငါ ထင်ထားတာ၊ အခုတော့ မျှော်လင့်မထားတဲ့ အံ့သြစရာတစ်ခု ဖြစ်လာပြီပဲ။ ဒီလင်းဖုန်းက တော်တော်လေး သန်မာတာပဲ”

“စစ်သေနာပတိချုပ်... ကျွန်တော်လည်း ဒီကောင်လေးကို ခုမှ သိရတာပါ။ သူက 'သားရဲရိတ်သိမ်းသူ' လို့ နာမည်ပြောင် ရထားတဲ့သူပဲ။ သူ့ကို မြင်းနက်လို့တောင် သတ်မှတ်လို့ ရပါတယ်။ ဖြစ်နိုင်တာက သူက ကျွန်တော်တို့ကို တကယ့် အံ့အားသင့်စရာတစ်ခု ပေးနိုင်လိမ့်မယ် ထင်တယ်”

တပ်ရင်း (၁၃) တပ်ရင်းမှူး ကျုံးတောက်သည် လင်းဖုန်းဘက်မှ သဘာဝကျစွာ ကာကွယ်ပြောဆိုလိုက်သည်။ အကယ်၍ လင်းဖုန်းသာ ကောင်းမွန်သော အဆင့်တစ်ခု သို့မဟုတ် ပထမနေရာ ရရှိခဲ့ပါက သူ့အတွက်လည်း မျက်နှာပွင့်စရာ ဖြစ်သည် မဟုတ်ပါလား။

သို့သော် တပ်ရင်း (၃) ၏ တပ်ရင်းမှူးက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“လင်းဖုန်းကို ခဏထားလိုက်ဦး။ ယွီရှန်းရဲ့ အလားအလာကတောင် ကန့်သတ်ချက် ရှိနေတာ။ ထူးကဲတဲ့ ပါရမီ မရှိဘဲနဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့က အရမ်း ခက်ခဲတယ်။ ရွှေယွမ်ရှန်းနဲ့ ဂေါင်ထျန်းချီတို့ကသာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ပိုရှိတယ်လို့ ငါ ထင်တယ်”

“သူတို့မှာသာ မျှော်လင့်ချက် ရှိမယ်ဆိုရင် နှစ်ပေါင်းများစွာကြာအောင် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ဘဲ ရှိနေပါ့မလား”

တပ်ရင်း (၁၃) တပ်ရင်းမှူးက ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်သည်။

သို့သော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် မည်မျှအထိ ခက်ခဲကြောင်း လူတိုင်း ကောင်းကောင်း သိကြသည်။ ထူးကဲသော ပါရမီ ရှိခြင်းက အနည်းငယ်သာ ပိုမို လွယ်ကူစေခြင်း ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မည်ဟု မည်သူမျှ တပ်အပ် မပြောနိုင်ပေ။

“ကဲ... တော်ကြတော့။ ဒီကောင်လေး ၄ ယောက် ဘယ်လို စွမ်းဆောင်ပြလိမ့်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ရေငြိမ်‌နေတာထက်စာရင် အခုလို လူသစ်တစ်ယောက် ပေါ်ထွက်လာတာက ပိုကောင်းပါတယ်။ ဒါ့အပြင် ငါ ဒီကောင်လေးကို တော်တော်လေး အထင်ကြီးကြီးထားတယ်”

လုံကျိုး၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ လင်းဖုန်း၏ အခြေအနေကို စုံစမ်းကြည့်ပြီးနောက် သူ လင်းဖုန်းအပေါ် ပိုမို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

လင်းဖုန်းဆိုသည့် ကောင်လေးသည် အနန္တလမ်းစဉ်အကယ်ဒမီသို့ ဝင်ရောက်လာသည်မှာ လပိုင်းသာ ရှိသေးသည်။ သို့သော်လည်း ပုံရိပ်ယောင် တိုက်ပွဲခန်း၏ ထိပ်သီး ကျောင်းသား ၁၀၀ စာရင်းတွင် ပါဝင်နေပြီတဲ့လား။

ဤကဲ့သို့သော သတင်းမှာ အခြားသူများအတွက် လျှို့ဝှက်ချက် ဖြစ်နိုင်သော်လည်း လုံကျိုးကဲ့သို့ အာဏာရှိသူတစ်ဦးအတွက်မူ အလွယ်တကူ စုံစမ်းသိရှိနိုင်သည်။ ဤမျှ လျင်မြန်သော တိုးတက်မှုနှုန်းမျိုးကို ရွှေယွမ်ရှန်းပင်လျှင် မယှဉ်နိုင်ပေ။

ဖြစ်နိုင်သည်မှာ အနန္တလမ်းစဉ်အကယ်ဒမီတွင် အမှနိတကယ် ထူးခြားသော ကျောင်းသားတစ်ဦး ပေါ်ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။

လက်ရှိအချိန်တွင် လင်းဖုန်းသည် သားရဲအုပ်ကြီး၏ နောက်ဘက်သို့ အစွမ်းကုန် ပြေးဝင်နေသည်။ သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦးက သူ့ကို စောင့်ကြည့်နေမှန်း သူ မသိရှိပေ။ လင်းဖုန်းသည် သူ၏ရှေ့မှ လူရိပ် သုံးခုကိုသာ ပိုမို အာရုံစိုက်နေမိသည်။

လင်းဖုန်းသည် ရှေ့ဆုံးမှ စတင် ထိုးစစ်ဆင်ခဲ့သော်လည်း ယခုအခါ လူရိပ် သုံးခုမှာ သူ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကွာအဝေးမှာ သိပ်မဝေးလှသော်လည်း ထိုသူတို့သည် လင်းဖုန်း၏ ရှေ့တွင် ရှိနေကြသည်မှာ အမှန်ပင်။

လင်းဖုန်းသည် ထိုသုံးဦးကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူတို့၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ကာ မည်သူဖြစ်မှန်း အလွယ်တကူ ခန့်မှန်းနိုင်သည်။

ကောင်းကင်ထက်တွင် အနီရောင် တောင်ပံတစ်စုံဖြင့် ပျံသန်းနေသူမှာ အကျိုးပြုမှတ် စာရင်း၏ နံပါတ် (၁) တောင်ပံနီ ရွှေယွမ်ရှန်း ဖြစ်ရမည်။ ရွှေယွမ်ရှန်း တစ်ဦးတည်းသာလျှင် သာလွန်လူသား အဆင့်သို့ မရောက်သေးဘဲ ဤကဲ့သို့ အနီရောင် တောင်ပံတစ်စုံဖြင့် ကောင်းကင်ယံတွင် ပျံသန်းနိုင်ခြင်း ဖြစ်သည်။

၃ မီတာခန့် မြင့်သော ဘီလူးငယ်တစ်ကောင်အလား ဖြစ်နေပြီး မြေထိုးစက်တစ်ခုကဲ့သို့ ဝရုန်းသုန်းကား တွန်းတိုက်သိမ်းကြုံးရှင်းလင်းနေကာ သားရဲများထက်ပင် ပိုမို ကြမ်းတမ်းရက်စက်နေပြီး တစ်ကိုယ်လုံးမှ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အာဏာရှင်တစ်ဦးကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေသူမှာ အကျိုးပြုမှတ် စာရင်း၏ နံပါတ် (၂) အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီ ဖြစ်ရပေမည်။

ဒေါသပေါက်ကွဲခြင်း အထူးစွမ်းအားကို အသုံးပြုလျက်ရှိသော ဂေါင်ထျန်းချီသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။

တတိယမြောက် လူရိပ်မှာမူ ထူးခြားသော ဝိသေသလက္ခဏာ တစ်စုံတစ်ရာ မရှိဟု ထင်ရသော်လည်း ထိုသူသည် နက်နဲဆန်းကြယ်သော သိုင်းပညာရပ်များကို ထမင်းစားရေသောက်သကဲ့သို့ အလွန်တရာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနေသည်။ သူသွားရာ လမ်းတစ်လျှောက်တွင် သိုင်းပညာရပ် ၁၀ မျိုးထက်မနည်း အသုံးပြုခဲ့ပြီး ဖြစ်သည်။

အကျိုးပြုမှတ် စာရင်း၏ တတိယနေရာတွင် ရှိသော ယွီရှန်း တစ်ဦးတည်းသာလျှင် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိပေလိမ့်မည်။ သူသာလျှင် ဤမျှ များမြောင်လှသော သိုင်းပညာများကို နားလည်သဘောပေါက်ထားနိုင်ပေလိမ့်သည်။ ဤသည်မှာ လင်းဖုန်းပင်လျှင် မလုပ်နိုင်သော အရာတစ်ခု ဖြစ်သည်။

ထိုသုံးဦးစလုံးသည် လင်းဖုန်းအတွက် အစွမ်းထက်သော ပြိုင်ဘက်ကောင်းများ ဖြစ်ကြသည်။ အစကတည်းက လင်းဖုန်းသည် သူ၏ အဓိက ပြိုင်ဘက်များမှာ ထိုသုံးဦးသာ ဖြစ်ကြောင်း သိရှိထားသည်။

ယခုကြည့်ရသည်မှာ ထိုသုံးဦးစလုံးသည် အမှန်တကယ်ပင် အားနည်းသူများ မဟုတ်ကြပေ။ သို့သော် လင်းဖုန်းသည်လည်း အားနည်းသူ မဟုတ်ပါချေ။

အစွမ်းထက်သော ပြိုင်ဘက်များ ရှိနေခြင်းက လင်းဖုန်းကို ပိုမို စိတ်လှုပ်ရှားစေသည်။

သူသည် လက်တစ်ဖက်ဖြင့် ဓားမော့ကို ကျစ်ကျစ်ပါအောင် ကိုင်ကာ လျှပ်စီးဓားမော့သိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ လင်းဖုန်း တစ်ကိုယ်လုံးမှာ လျှပ်စီးလုံးတစ်ခုအလား ပြောင်းလဲသွားပြီး သူ၏ အရှိန်မှာလည်း ထပ်မံဆင့်ကဲ တိုးမြင့်လာသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သွေးများနေရာအနှံ့ လွင့်စင်ပျံ့ကျဲသွားပြီး မြေပြင်တစ်ခုလုံးမှာ သားရဲအလောင်းများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

ရွှေယွမ်ရှန်းနှင့် အခြား နှစ်ဦးမှာလည်း လင်းဖုန်း၏ လျင်မြန်ဖျတ်လတ်သော အရှိန်နှင့် တိကျသေသပ်လှသော သတ်ဖြတ်မှုများကို မြင်တွေ့ရသောအခါ အလွန်တရာ အံ့အားသင့်သွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့ သုံးဦးတည်းသာ ပြိုင်ဆိုင်ရခြင်း မဟုတ်တော့ပေ။ မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးကိုပါ ထည့်သွင်း စဉ်းစားရတော့မည် ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

All Chapters