← Chapters

ပြိုင်ဆိုင်မှု

Vol. 3 Ch. 47

ပြိုင်ဆိုင်မှု

Vol. 3 Ch. 47

ဘာသာပြန် - အားသစ်

“ရား...”

လင်းဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုနှုန်းကို မြင်လိုက်ရသောအခါ တောင်ပံနီ ရွှေယွမ်ရှန်း၊ အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီ နှင့် ယွီရှန်းတို့ သုံးဦးစလုံးသည် သူတို့၏ အစွမ်းကုန်ခွန်အားကို ထုတ်ဖော်ကာ တတ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်နိုင်ရန် စတင်ကြိုးစားလိုက်ကြတော့သည်။

သားရဲအုပ်ကြီး၏ နောက်ဘက်တွင်မူ သာမန်သားရဲ အရေအတွက်မှာ သိသိသာသာ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏နေရာတွင် လက်ရွေးစင်သားရဲများနှင့် သားရဲအရှင်သခင် အမြောက်အမြား အစားထိုး ရောက်ရှိလာသည်။

လက်ရှိစစ်မြေပြင်နေရာမှာ သားရဲများ၏ အခြေစိုက်စခန်း ဖြစ်လေရာ အစွမ်းထက်သော သားရဲများစွာ ရှိနေသည်မှာ သဘာဝပင်။

တောင်ပံနီ ရွှေယွမ်ရှန်းသည် ကောင်းကင်ယံတွင် ပျံသန်းနေသဖြင့် သဘာဝကျကျပင် အသာစီးရနေလေသည်။ သူသည် လက်တစ်ချက် အသာဝေ့ယမ်းလိုက်ကာ မီးတောက်နှင့် တူသော ကြက်သွေးနီရောင် စွမ်းအားများကို ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအားသည် သားရဲအုပ်ကြားတွင် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ လက်ရွေးစင်အဆင့် သားရဲများပင်လျှင် စွမ်းအားပေါက်ကွဲမှုဒဏ်ကို မခုခံနိုင်ဘဲ ချက်ချင်း သေဆုံးသွားကြသည်။

တစ်ချိန်တည်းမှာပင် သားရဲအရှင်သခင်များမှာလည်း မည်သို့မျှ ရှောင်လွှဲနိုင်ခြင်းမရှိဘဲ ပြင်းထန်သော ဒဏ်ရာများ ရရှိကုန်ကြသည်။ ထိုသားရဲများသည်ပင် ရွှေယွမ်ရှန်း၏ တိုက်ခိုက်မှုကို သုံးကြိမ်ထက်ပို၍ တောင့်မခံနိုင်ကြပေ။ ထို့ကြောင့် ရွှေယွမ်ရှန်း၏ သတ်ဖြတ်မှုနှုန်းမှာ အမြင့်မားဆုံး ဖြစ်နေရုံသာမက သူ့အတွက် စွန့်စားရသည့် အန္တရာယ်လည်း သိပ်မရှိလှပေ။

ထူးကဲသာလွန်သော ပါရမီ ရှိခြင်းက အမှန်တကယ်ပင် ကြီးမားသော အခွင့်အရေးနှင့် အားသာချက်ကို ပေးစွမ်းနိုင်သည်။ ဤကဲ့သို့သော အားသာချက်ကြောင့်လည်း ရွှေယွမ်ရှန်းသည် အကျိုးပြုမှတ် စာရင်း၏ ပထမနေရာကို ခိုင်ခိုင်မာမာ သိမ်းပိုက်ထားနိုင်ခြင်း ဖြစ်သည်။

သို့သော် အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီမှာလည်း ညံ့လှသည်တော့ မဟုတ်‌ချေ။ သူသည် ဒေါသပေါက်ကွဲခြင်း အခြေအနေသို့ ရောက်ရှိသွားပြီးနောက် သူ၏ စွမ်းအားမှာ အဘက်ဘက်မှ များစွာ တိုးမြင့်လာခဲ့သည်။ လက်ရွေးစင်အဆင့်သားရဲ ဖြစ်စေ အရှင်သခင်အဆင့်သားရဲ ဖြစ်စေ ဂေါင်ထျန်းချီ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မည်သည့်သားရဲမျှ တောင့်မခံနိုင်ကြပေ။ ထို့အပြင် ဂေါင်ထျန်းချီ၏ တိုက်ခိုက်မှုများမှာ အလွန်တရာ ကြမ်းတမ်းလှပြီး သူ၏ ကိုယ်ပေါ်မှလည်း မိစ္ဆာဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ရလဒ်အနေဖြင့် ဂေါင်ထျန်းချီ သတ်ဖြတ်လိုက်သော သားရဲများမှာ တစ်ကောင်မျှ အလောင်း အကောင်းပကတိ မကျန်တော့ပေ။

အရာအားလုံးကို သိမ်းကြုံးတွန်းတိုက်ကြိတ်ခြေသွားနိုင်သည့် ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့နှင့် နှိုင်းယှဉ်လျှင် ယွီရှန်းမှာ အနည်းငယ် နိမ့်ပါးပုံရသည်။ သူသည် နက်နဲဆန်းကြယ်သော သိုင်းပညာ အမျိုးမျိုးကို စိတ်ရှိသလို အသုံးပြုနိုင်ခြင်းကြောင့်သာ အစွမ်းထက်နေခြင်း ဖြစ်သည်။ မည်သို့သော သားရဲမျိုးနှင့် ရင်ဆိုင်ရပါစေ အရေအတွက် မည်မျှပင် များပါစေ ယွီရှန်းသည် အေးအေးဆေးဆေးနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။ သို့သော် ရလဒ်အနေဖြင့် သူ၏ သတ်ဖြတ်မှုနှုန်းမှာ ထိုမျှအထိ မမြန်လှဘဲ လင်းဖုန်း၏ နောက်သို့ပင် ရောက်ရှိနေသည်။ လက်ရှိတွင် သူသည် အကျိုးပြုမှတ် စာရင်း၌ စတုတ္ထနေရာတွင် ရှိနေသည်။

လင်းဖုန်းမှာမူ ဓားတစ်ချက်လျှင် သားရဲတစ်ကောင်နှုန်းဖြင့် သတ်ဖြတ်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် လျှပ်စီးဓားမော့သိုင်းကို ကျွမ်းကျင်သည်အထိ လေ့ကျင့်ထားခဲ့သည်။ မဟုတ်ပါက သတ်ဖြတ်မှုနှုန်း တစ်ခုတည်းဖြင့်ပင် သူသည် ရွှေယွမ်ရှန်းတို့နှင့် အလှမ်းဝေးနေမည်မှာ သေချာလှသည်။

သို့စေကာမူ လင်းဖုန်း၏ အကျိုးပြုမှတ်များမှာ ရွှေယွမ်ရှန်းနှင့် အာဏာရှင်ပုဆိန်တို့ထက် အနည်းငယ် နိမ့်ပါးနေသေးသည်။ သူသည် လက်ရှိတွင် တတိယနေရာ၌ ရှိနေသည်။

“ဒီအတိုင်းဆိုရင် မဖြစ်သေးဘူး။ သတ်ဖြတ်မှုနှုန်း အပိုင်းမှာ ရွှေယွမ်ရှန်းက အသာစီး ရလွန်းတယ်။ ဒေါသပေါက်ကွဲခြင်း အထူးစွမ်းအား ရှိတဲ့ အာဏာရှင်ပုဆိန်ကိုလည်း လျှော့တွက်လို့ မရဘူး။ ငါ့ရဲ့ အရှိန်က မြန်တယ်ဆိုပေမဲ့ သူတို့ နှစ်ယောက်ကိုတော့ မမှီသေးဘူး။ သားရဲအရှင်သခင်တွေကို ပိုသတ်နိုင်မှပဲ ဖြစ်မယ်”

လင်းဖုန်းသည် လက်ရွေးစင်သားရဲများကို သတ်ရရုံနှင့် မကျေနပ်နိုင်တော့ပေ။ သူသည် အလွန် သန်မာလှပြီး သူ၏ မူလခန္ဓာကိုယ် ခွန်အားမှာ ၈ တန်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူ့တွင် လျှပ်စီးဓားမော့သိုင်းလည်း ရှိသေးသည်။ သားရဲအရှင်သခင် တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် သူ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

လင်းဖုန်း၏ သတ်ဖြတ်မှုနှုန်းမှာ ရွှေယွမ်ရှန်းတို့ထက် အနည်းငယ် နှေးနေသဖြင့် အရေအတွက်ကို အရည်အသွေးဖြင့်သာ အစားထိုးရတော့မည်။ သူသည် သားရဲအရှင်သခင်များကို တတ်နိုင်သမျှ အများဆုံး သတ်ဖြတ်နိုင်မည်ဆိုပါက သူ၏ အကျိုးပြုမှတ်များမှာ သဘာဝကျစွာပင် အလျင်အမြန် တိုးတက်လာပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်းသည် သူ၏ရှေ့ရှိ သားရဲအုပ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ အချိန်ဆွဲမနေဘဲ သားရဲများ၏ အခြေစိုက်စခန်းထဲအထိ ထိုးဖောက်ဝင်ရောက်ရန် ရှေ့သို့ ဆက်လက် တိုးဝင်သွားတော့သည်။

ဝေါင်း...

ထိုသားရဲများမှာလည်း ရန်စခံလိုက်ရသည်ဟု ခံစားမိပုံရသည်။ လင်းဖုန်း၊ ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီ နှင့် ယွီရှန်းတို့သည် သားရဲများကို စိတ်ကြိုက် သတ်ဖြတ်နေကြသဖြင့် သားရဲအရှင်သခင်များမှာ ဆက်လက် သည်းမခံနိုင်တော့ပေ။

သားရဲအရှင်သခင် အမြောက်အမြားမှာ သူတို့ ၃ ဦးထံသို့ ပြေးဝင်လာကြသည်။ လင်းဖုန်းသည် ရှေ့ဆုံးမှ အရှိန်ဖြင့် တိုးဝင်နေသူ ဖြစ်သဖြင့် သူ့ထံသို့ ပြေးဝင်လာသော သားရဲအရှင်သခင် အရေအတွက်မှာ အများဆုံး ဖြစ်နေသည်။

“ကောင်းပြီ”

လင်းဖုန်း၏ စိတ်ထဲတွင် ဝမ်းသာလုံး ဆို့သွားသည်။ သူသည် နောက်မဆုတ်သည့်အပြင် ရှေ့သို့ ပိုမို တိုးဝင်သွားခဲ့သည်။

ဝှစ်... ဝှစ်... ဝှစ်...

ဓားအလင်းတန်းများမှာ အသားလှီးစက်ကြီးများအလား လှုပ်ရှားနေသည်။ ထိုဓားအလင်းတန်း ထိမှန်သွားသည့် မည်သည့်သားရဲမဆို၊ သားရဲအရှင်သခင် ဖြစ်နေပါစေ ချက်ချင်း သေဆုံးသွားရသည်။ လင်းဖုန်းတွင် ကျွမ်းကျင်သော ကိုယ်ဖော့သိုင်း မရှိသဖြင့် တိုက်ခိုက်မှုများကို လုံးဝ မထိအောင် ရှောင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ၏ သန်မာသော ကိုယ်ခန္ဓာ ကြံ့ခိုင်မှုမှာ ယခုအချိန်တွင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။

လင်းဖုန်းသည် သားရဲအရှင်သခင် တစ်ကောင်၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သည်။ အဆိုးဆုံးမှာ ဒဏ်ရာ အနည်းငယ် ရရှိခြင်းသာ ဖြစ်သည်။ သို့သော် သူ၏ ကိုယ်တိုင် ပြန်လည်ကုသနိုင်စွမ်းက သူ့ကို အမြန်ဆုံး သက်သာစေမည် ဖြစ်သည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်းတွင် လင်းဖုန်းမှာ သားရဲအရှင်သခင် တစ်ကောင်ထက်ပင် ပိုမို သန်မာလှသည်။ ဤသို့သော ခုခံနိုင်စွမ်း၊ ပြန်လည်ကုသနိုင်စွမ်းနှင့် ခံနိုင်ရည်တို့မှာ ဤကဲ့သို့သော စစ်မြေပြင်မျိုးအတွက် အသင့်တော်ဆုံးပင်။

လင်းဖုန်းသည် မောပန်းခြင်း မရှိဘဲ သားရဲများကို ရူးသွပ်စွာ သတ်ဖြတ်နေသည်။ တဖြည်းဖြည်းနှင့် အကျိုးပြုမှတ် စာရင်းရှိ သူ၏ အဆင့်မှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။ မူလက တတိယနေရာတွင် ရှိနေသော လင်းဖုန်းမှာ တဖြည်းဖြည်းနှင့် ပထမနေရာသို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ဒုတိယနေရာမှ ရွှေယွမ်ရှန်းနှင့် သူ၏ အကွာအဝေးမှာလည်း ပိုမို ကျယ်ပြန့်လာခဲ့သည်။

“မဖြစ်နိုင်ဘူး... ပထမနေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်။ ဘယ်သူမှ လာလုလို့ မရဘူး”

ရွှေယွမ်ရှန်းသည် နဂါးတောင် အခြေစိုက်စခန်း၏ အသန်မာဆုံး ပါရမီရှင် ဖြစ်လေရာ လင်းဖုန်း ပထမနေရာကို ယူသွားသည်ကို သူ မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

ထို့ကြောင့် ရွှေယွမ်ရှန်းသည် တောင်ပံကို ခတ်ကာ မြေပြင်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူသည် သားရဲအရှင်သခင်အုပ်ကြားသို့ တိုက်ရိုက် တိုးဝင်လိုက်သည်။ သူသည် ပျံသန်းခြင်းကို ရပ်တန့်ကာ မြေပြင်တွင် တိုက်ရိုက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ ပျံသန်းနိုင်စွမ်းအပြင် ရွှေယွမ်ရှန်းမှာ အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်သူ ဖြစ်ပြီး ဂေါင်ထျန်းချီထက် မနိမ့်ကျလှပေ။ ရွှေယွမ်ရှန်း သူ၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်နှင့် သူ၏ အကျိုးပြုမှတ်များမှာလည်း အလျင်အမြန် တိုးတက်လာသည်။

သဘာဝကျစွာပင် အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီသည်လည်း အရှုံးပေးမည့်သူ မဟုတ်ပေ။ သူသည်လည်း သားရဲအရှင်သခင်များ၏ ဝိုင်းရံမှုကြားသို့ အရှိန်ဖြင့် တိုးဝင်သွားသည်။

သူတို့ အားလုံးမှာ ရူးသွပ်စွာ သတ်ဖြတ်နေကြသဖြင့် ပြိုင်ဆိုင်မှုမှာလည်း ပိုမို ပြင်းထန်လာသည်။ သူတို့၏ အကျိုးပြုမှတ်များမှာ တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်နေသည်။ နောက်ကွယ်မှ စောင့်ကြည့်နေသော သာလွန်လူသား ၁၆ ဦးမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ အလွန် ကျေနပ်နေကြသည်။

ဤမျှ များပြားသော ဆုကြေးမှတ်များကို သူတို့ အလွယ်တကူ ပေးရန် ရည်ရွယ်ချက် မရှိပေ။ ခက်ခဲသော တိုက်ပွဲများ၊ သေရေးရှင်ရေး အခြေအနေများထဲသို့ မဝင်ရောက်ဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

လက်ရှိတွင် လင်းဖုန်းနှင့် အခြားသူများမှာ သားရဲအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရပြီး သားရဲအရှင်သခင် အရေအတွက်မှာလည်း အလွန် များပြားလှသည်။ အခြေအနေမှာ အမှန်တကယ်ပင် အန္တရာယ် များလှသည်။ အကယ်၍ သူတို့ ဒဏ်ရာရသွားပြီး နောက်ကွယ်မှ ကူညီပေးမည့်သူ မရှိပါက သေဆုံးသွားနိုင်သည်အထိ အန္တရာယ် ရှိသည်။

လုံကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီကလေးတွေ အားလုံးက တော်ကြပါတယ်။ ယွီရှန်းကတော့ အနည်းငယ် နိမ့်ပါးနေပြီး ပါရမီကလည်း နည်းနည်း နည်းနေတာမို့ ဒီလို ပြိုင်ဆိုင်မှုမျိုးမှာ အားနည်းချက် ရှိနေတယ်။ ဒါပေမဲ့ သူက နားလည်နိုင်စွမ်း အရမ်းမြင့်တာကြောင့် နောက်ပိုင်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ဖို့က မဖြစ်နိုင်တာ တော့မဟုတ်ဘူး”

“စစ်သေနာပတိချုပ်... အဲဒီ လင်းဖုန်းက ပိုတောင် တော်သေးတယ်။ သူက လျှပ်စီးဓားမော့သိုင်းကိုတောင် ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ရုံတင်မကဘူး။ နားလည်နိုင်စွမ်းကလည်း အရမ်း မြင့်တယ်။ ဒါပေမဲ့ သူ့ရဲ့ အသန်မာဆုံး အချက်ကတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပဲ။ ကျွန်တော့်အမြင်အရဆိုရင် သူ့ရဲ့ မူလခွန်အားက ၅ တန်တောင် ကျော်နိုင်တယ်”

“၅ တန် ဟုတ်လား... မင်း သူ့ကို အထင်သေးနေတာပဲ”

လုံကျိုးက ပြုံးလိုက်သော်လည်း အသေးစိတ်ကိုမူ ရှင်းမပြခဲ့ပေ။ နဂါးတောင် အခြေစိုက်စခန်း တစ်ခုလုံးတွင် လုံကျိုးသည် အာဏာအရှိဆုံးသူ ဖြစ်သည်။ အနည်းငယ် စုံစမ်းကြည့်ရုံဖြင့် သူသည် လမ်းစအချို့ကို သဘာဝကျစွာ ရှာတွေ့နိုင်ခဲ့သည်။

လင်းဖုန်း၏ ခန္ဓာကိုယ် ခွန်အားမှာ ၅ တန်မကဘဲ ၈ တန်ကျော်အထိ ရှိနေနိုင်သည် မဟုတ်ပါလား။

၈ တန်သော ခန္ဓာကိုယ် ခွန်အားဆိုသည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ အနည်းဆုံးတော့ လုံကျိုး အလေးထားသော ပါရမီရှင် သိုင်းသမား အချို့တွင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုး မရှိကြပေ။

လင်းဖုန်းတွင် ခွန်အားနှင့် ပတ်သက်သော အထူးစွမ်းအား ရှိ၊ မရှိကို သူ မသိသော်လည်း ဤမျှသော ခွန်အားဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ကောင်းမွန်နေမည်မှာ သေချာလှသည်။ သူ၏ အလားအလာမှာ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့ထက် အနည်းငယ်မျှပင် နိမ့်ပါးခြင်း မရှိပေ။

“စစ်သေနာပတိချုပ်... ကျွန်တော်တို့ အခု လှုပ်ရှားသင့်ပြီ မဟုတ်လား။ ဒီကလေး ၄ ယောက်က တော်ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီစစ်ပွဲကို အနိုင်ရဖို့ လိုသေးတယ်လေ”

“မှန်တယ်... စစ်ပွဲကို အနိုင်ရဖို့က အရေးကြီးဆုံးပဲ။ အဲဒီ နတ်ဆိုးတွေ ရှိတဲ့နေရာကို အတည်ပြုပြီးပြီလား”

“အတည်ပြုပြီးပါပြီ... စုစုပေါင်း နတ်ဆိုး ၆ ကောင် ရှိပါတယ်”

“ကောင်းပြီ... ဒါဆိုရင် စလိုက်ကြတာပေါ့”

လုံကျိုးက ခေါင်းညိတ်လိုက်ပြီး ကျန်ရှိသော သာလွန်လူသား ၁၅ ဦးကို အမိန့်ပေးလိုက်သည်။ ဤစစ်ပွဲကို အနိုင်ရရန်အတွက် အရေးကြီးဆုံးအချက်မှာ ထိုနတ်ဆိုး ၆ ကောင်ကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။

All Chapters