← Chapters

သားရဲဘုရင်

Vol. 3 Ch. 49

သားရဲဘုရင်

Vol. 3 Ch. 49

ဘာသာပြန် - အားသစ်

စစ်မြေပြင် အခြေအနေမှာ အလွန် လျင်မြန်စွာ ပြောင်းလဲနေသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများစွာ ပေါ်ထွက်လာပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားများပင်လျှင် တည်ကြည်လေးနက်သော မျက်နှာထားများ ရှိနေသည်ကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လင်းဖုန်း မသဲမကွဲ ခံစားမိလိုက်သည်။

ဖြစ်နိုင်သည်မှာ စစ်မြေပြင်တွင် မျှော်လင့်မထားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်လာပုံရသည်။ အခြေအနေမှာ ချက်ချင်းပင် တင်းမာလာသည်။

သို့သော် နတ်ဆိုးများကို ကိုင်တွယ်ရန်မှာ သာလွန်လူသားများ၏ တာဝန်သာ ဖြစ်သည်။ လင်းဖုန်း ယခု လုပ်ဆောင်ရန် လိုအပ်သည်မှာ သားရဲများကို တတ်နိုင်သမျှ ဆက်လက် သတ်ဖြတ်ရန်ပင်။ အကယ်၍ သူသာ သားရဲအရှင်သခင်များနှင့် လက်ရွေးစင်သားရဲ အများစုကို သတ်ဖြတ်နိုင်ခဲ့ပါက သူ၏ အကျိုးပြုမှတ်မှာ ပထမနေရာတွင် ရှိနေမည်မှာ သေချာလှသည်။ မည်သူမျှ သူ့ကို ကျော်တက်နိုင်မည် မဟုတ်ပေ။

“ဝုန်း...”

ရုတ်တရက် နတ်ဆိုးများက စတင် တိုက်ခိုက်လိုက်ကြသည်။ နတ်ဆိုးများနှင့် သာလွန်လူသားများအကြား တိုက်ပွဲမှာ အမှန်တကယ်ပင် မြေကမ္ဘာကို တုန်ဟည်းသွားစေသည်။ မြေပြင်တစ်ခုလုံး တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ လှိုင်းဂယက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

မီတာ ၁၀၀ ကျော် အကွာအဝေးမှာပင် ဘေးကင်းသော နေရာမဟုတ်တော့ပေ။ ထို့ကြောင့် ထပ်ခါတလဲလဲ နောက်ဆုတ်ပေးရန် လိုအပ်လာသည်။

“ဆုတ်ကြ”

လင်းဖုန်းမှာမူ အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ချက်ချင်း နောက်ဆုတ်လိုက်သည်။ လင်းဖုန်းသည် သူ၏ ခွန်အားကို ယုံကြည်မှု ရှိသော်လည်း သာလွန်လူသားများနှင့် နတ်ဆိုးများအကြား တိုက်ပွဲကြီးမှာ သူ ဝင်ရောက် စွက်ဖက်နိုင်သော အရာ မဟုတ်ပေ။

သိုင်းသမားများအားလုံး စစ်မြေမြင်မှ အလျင်အမြန် ဆုတ်ခွာနေကြသည်။ တကယ်တန်းတွင် သိုင်းသမားများသာမက ကြမ်းကြုတ်သားရဲများသည်လည်း ပြန်လည် ဆုတ်ခွာနေကြသည်။ သိုင်းသမားများရော သားရဲများပါ အပြိုင် ပြန်လည်ဆုတ်ခွာနေကြသဖြင့် စစ်မြေပြင်တစ်ခုလုံးမှာ ချက်ချင်းပင် ကစဉ့်ကလျား ဖြစ်သွားသည်။ ထိုအခိုက် သားရဲများမှ စတင် ထိုးစစ်ဆင်လိုက်သည်နှင့် ရိုက်ခတ်မှုမှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းလှသည်။ ခဏချင်းအတွင်းမှာပင် နေရာတိုင်းတွင် လူများစွာ အလဲလဲအပြိုပြို ဖြစ်ကုန်ကြသည်။ များစွာသောသိုင်းသမားတို့မှာ သားရဲများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

စစ်မြေပြင်၏ အခြေအနေမှာ သူ စိတ်ကူးထားသည်ထက် ပိုမို ဆိုးရွားနေသည်ကို မြင်လိုက်ရသောအခါ လင်းဖုန်းလည်း အတော်လေး တုန်လှုပ်သွားမိသည်။ သို့သော် လက်ရှိအခြေအနေအရ သူ ဝင်ရောက် စွက်ဖက်နိုင်သည့် အရည်အချင်း မရှိသေးပေ။ အရှုံးအနိုင်ကို အမှန်တကယ် ဆုံးဖြတ်နိုင်သူများမှာ ထိုသာလွန်လူသားများသာ ဖြစ်သည်။

ဝှစ်...

တောင်ပံနီ ရွှေယွမ်ရှန်းမှာ ပျံသန်းနိုင်စွမ်း ရှိသဖြင့် သဘာဝကျစွာပင် အချိန်မီ ဆုတ်ခွာနိုင်ခဲ့သည်။ သူသည် လင်းဖုန်း၏ ဘေးသို့ ရောက်လာပြီး လင်းဖုန်းကို အကြာကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက အရမ်း တော်တာပဲ။ မင်းရဲ့ အကျိုးပြုမှတ်တွေက လောလောဆယ်တော့ ငါ့ထက် သာကောင်းသာနေလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံး အောင်နိုင်သူကတော့ ငါပဲ ဖြစ်ရမယ်”

ရွှေယွမ်ရှန်းမှာ အလွန် မာန်မာနကြီးသူ ဖြစ်သည်။ သူ၏ နောက်ခံနှင့် ခွန်အား နှစ်ခုစလုံးတွင် အလွန် သန်မာအားကောင်းလှသည်။ သူ၏ ပန်းတိုင်မှာ နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကို ကျော်တက်ရန်ပင်။ ထိုသူမှာ တစ်ကိုယ်တော်ခွန်အားနှင့်ပင် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးခဲ့သော ကြောက်စရာကောင်းသော လူသားတစ်ဦး မဟုတ်ပါလား။

သို့သော် သူ၏ ခွန်အား တိုးတက်လာလေလေ တုန်ဖန်းရှန် မည်မျှအထိ အစွမ်းထက်ကြောင်း ရွှေယွမ်ရှန်း ပိုမို သိရှိလာလေလေ ဖြစ်သည်။ ယခုအချိန်အထိပင် ရွှေယွမ်ရှန်းသည် ပုံရိပ်ယောင် တိုက်ပွဲခန်းတွင် တုန်ဖန်းရှန်ကို စိန်ခေါ်တိုင်း တစ်ကွက်တည်းဖြင့်ပင် ရှုံးနိမ့်နေရဆဲ ဖြစ်သည်။

တုန်ဖန်းရှန်မှာ စိတ်ပျက်အားငယ်စရာ ကောင်းလောက်အောင်ပင် အလွန်တရာ သန်မာလွန်းလှသည်။

လင်းဖုန်း၊ ရွှေယွမ်ရှန်း နှင့် ယွီရှန်းတို့မှာ နောက်ဆုတ်သွားကြပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီမှာမူ ပြန်မလာသေးပေ။ ဂေါင်ထျန်းချီသည် သူ၏ ဒေါသပေါက်ကွဲခြင်း အထူးစွမ်းအားကို အသုံးပြုထားသဖြင့် သူ၏ စိတ်မှာလည်း ကြမ်းတမ်းနေခဲ့သည်။ သူသည် စတင် သတ်ဖြတ်လိုက်သည်နှင့် မည်သို့မျှ ရပ်တန့်၍ မရနိုင်တော့ပေ။

ထို့အပြင် ဂေါင်ထျန်းချီ၏ ဘေးပတ်လည်တွင် သားရဲများမှာ ပိုက်ကွန်တစ်ခုကဲ့သို့ အထပ်ထပ် ဝိုင်းရံထားသဖြင့် အချိန်တိုအတွင်း ဖောက်ထွက်ရန် မလွယ်ကူလှပေ။

သို့သော် လင်းဖုန်းနှင့် ကျန်သူများမှာမူ စိုးရိမ်ခြင်း မရှိကြပေ။ ဂေါင်ထျန်းချီ၏ စွမ်းအားဖြင့်ဆိုလျှင် သားရဲ မည်မျှပင် များပါစေ သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ကြောင်း သူတို့ သိထားကြသည်။

လင်းဖုန်းနှင့် ရွှေယွမ်ရှန်းတို့ ကြမ်းကြုတ်သားရဲများကို ထပ်မံ သတ်ဖြတ်ရန်အတွက် သားရဲအုပ်ကြီးထဲသို့ ပြေးဝင်ရန် ပြင်ဆင်နေစဉ်မှာပင် အဝေးရှိ နတ်ဆိုးများနှင့် သာလွန်လူသားများမှာ စတင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။ စစ်သေနာပတိချုပ် လုံကျိုးပင်လျှင် တိုက်ပွဲထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သားလွန်လူသားများနှင့် နတ်ဆိုးသားရဲများအကြား တိုက်ပွဲမှာ အံ့မခန်းအရှိန်အဝါ လှိုင်းဂယက်များ ထွက်ပေါ်နေကာ မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းနေလေသည်။ ထိုအရှိန်အဝါ လှိုင်းဂယက်သက်သက်ဖြင့် တောင်တစ်တောင်ကိုပင် အလွယ်တကူ ခွဲခြေပစ်နိုင်ပေလိမ့်မည်။

ဤသည်မှာ သာလွန်လူသားများနှင့် ပရော်ဖက်ရှင်နယ် သိုင်းသမားများအကြား အခြေခံကျသော ကွာခြားချက်ပင် ဖြစ်သည်။ သာလွန်လူသားအဖြစ် တက်လှမ်းခြင်းမှာ အခြေခံ အသက်အနှစ်သာရ ပြောင်းလဲမှုတစ်ခုဖြစ်ကာ သာမန်လူသားများ စိတ်ကူး၍ပင် မရနိုင်သော အဆင့်အထိ ခွန်အား တိုးမြင့်သွားခြင်း ဖြစ်သည်။

သာလွန်လူသားများနှင့် နတ်ဆိုးများ တိုက်ခိုက်နေစဉ် သားရဲအုပ်ကြီး၏ နောက်ဘက်ရှိ ချိုင့်ဝှမ်းထဲမှ နောက်ထပ် ကြမ်းကြုတ်သားရဲ သုံးကောင်မှာ တစ်ကောင်ပြီး တစ်ကောင် ထွက်‌ပေါ်လာသည်။ ထိုသားရဲ သုံးကောင်မှာ အလွန်ပင် ထူးဆန်းလှသည်။

၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အစားမှာ အရှင်သခင်အဆင့် သားရဲများထက် များစွာ ပိုမို ကြီးမားသော်လည်း နတ်ဆိုးများထက်မူ အနည်းငယ် သေးငယ်သည်။ ထို့အပြင် ထိုသားရဲများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြားသော ကြမ်းကြုတ်သားရဲအားလုံးမှာ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။

ဂေါင်ထျန်းချီကို ဝိုင်းရံထားသော သားရဲများပင်လျှင် တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ မြေပြင်ပေါ်တွင် ရိုသေစွာ ဝပ်စင်းနေကြတော့သည်။

ရွှေယွမ်ရှန်းသည် ထိုထူးခြားသော သားရဲ သုံးကောင်ကို မှင်တက်စွာ စိုက်ကြည့်နေမိကာ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားသည်။

ဂေါင်ထျန်းချီမှာမူ ဒေါသပေါက်ကွဲခြင်း အခြေအနေသို့ ရောက်ရှိနေသဖြင့် ဘာကိုမျှ ဂရုမစိုက်ပေ။ သူသည် ထိုဧရာမ သားရဲ သုံးကောင်ကို မြင်သောအခါ ချက်ချင်းပင် လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သို့သော် ထိုသားရဲများထဲမှ တစ်ကောင်မှာ နှာမောင်းရှည်သားရဲ၏ အရွယ်အစားကြီးမားသော ပုံစံဖြစ်သည်။ ထိုသားရဲသည် နှာမောင်းကို ရုတ်တရက် ဝေ့ယမ်းလိုက်သည်။ သားရဲ၏နှာမောင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမ တိုင်လုံးကြီးတစ်ခုအလား ဂေါင်ထျန်းချီကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဘုန်း...

ဂေါင်ထျန်းချီမှာ ၃ မီတာကျော် မြင့်သည့်အပြင် ဒေါသပေါက်ကွဲခြင်း အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။ သူ၏ ခွန်အားမှာ လင်းဖုန်း၏ မူလခန္ဓာကိုယ် ခွန်အားထက်ပင် များစွာသာလွန်သည်။

သို့သော် ထိုဧရာမ နှာမောင်းရှည်သားရဲ၏ ရုတ်ချည်း ရိုက်နှက်မှုအောက်တွင် ဂေါင်ထျန်းချီ ချက်ချင်းပင် လွင့်ထွက်သွားကာ သူ၏ ဧရာမ ကိုယ်ခန္ဓာကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ထိုအချိန်တွင် ဂေါင်ထျန်းချီမှာ ဒေါသပေါက်ကွဲခြင်း အခြေအနေတွင် ရှိနေသော်လည်း သူ သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်ဝန်းထဲတွင် မယုံနိုင်ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။ ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ဂေါင်ထျန်းချီ၏ ခွန်အားမှာ အဆင့်ကိုး ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ကြမ်းကြုတ်သားရဲများ၏ ခွန်အားအဆင့်အရ ခွဲခြားကြည့်မည်ဆိုပါက သားရဲအရှင်သခင်များကြားတွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။

ဒေါသပေါက်ကွဲခြင်း အခြေအနေတွင် ဂေါင်ထျန်းချီ၏ ခွန်အားမှာ ၁၀ တန်ထက် ကျော်လွန်နေမည်မှာ အသေအချာပင်။ လင်းဖုန်း၏ ခွန်အားပင်လျှင် ဝဲကယက်စွမ်းအားကို ထုတ်ဖော်အသုံးပြုခြင်းမရှိပါက ဂေါင်ထျန်းချီထက် အနည်းငယ် နိမ့်ပါးနေပေလိမ့်မည်။

သို့သော် ယခုမူ ဂေါင်ထျန်းချီမှာ မည်သို့မျှ မခုခံနိုင်ဘဲ ထိုဧရာမ နှာမောင်းရှည်သားရဲ၏ ရိုက်ချမှုကို ခံလိုက်ရခြင်း ဖြစ်သည်။ ထိုသားရဲမှာ နတ်ဆိုးတစ်ကောင် ဖြစ်နေသည်လား။

ဂေါင်ထျန်းချီ ရုတ်တရက် ခုန်ထလိုက်သည်။ သူသည် အလွန် ဒေါသထွက်နေပုံရသည်။ နတ်ဆိုးများမှအပ ကျန်ရှိသော သားရဲများကြားတွင် သူသည် ပြိုင်ဘက်ကင်းဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ မည်သည့်သားရဲမှန်း မသိရသော အကောင်၏ ရိုက်ချမှုကို ခံလိုက်ရသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ထို့ကြောင့် ဂေါင်ထျန်းချီသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် ထပ်မံ ကြီးထွားလာပုံရသည်။ ထို့အပြင် တစ်ကိုယ်လုံးရှိ ကြွက်သားများမှာလည်း ပိုမိုတောင့်တင်းသန်မာလာသည်။ ဂေါင်ထျန်းချီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အနက်ရောင် အငွေ့အသက်များပင် ခပ်ဝါးဝါး ရှိနေသည်။

ဂေါင်ထျန်းချီသည် ဒေါသပေါက်ကွဲခြင်း အထူးစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဂေါင်ထျန်းချီ၏ အသန်မာဆုံး အခြေအနေပင်။ ဤအခြေအနေတွင် ဂေါင်ထျန်းချီကို အမြဲတမ်း ကျော်တက်နေသော ရွှေယွမ်ရှန်းပင်လျှင် သူ့ကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

၃ မီတာကျော် မြင့်သော ဂေါင်ထျန်းချီ၏ ခန္ဓာကိုယ်မှာ ဘီလူးအသေးစားတစ်ကောင်အလား ထိုဧရာမ နှာမောင်းရှည်သားရဲထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ထိုသားရဲသည်လည်း သူ၏ ရှေ့ခြေထောက်ကို ရုတ်တရက် မြှောက်ကာ ဂေါင်ထျန်းချီအား ပြင်းထန်စွာ နင်းချလိုက်သည်။

ဝုန်း...

ဤသည်မှာ မည်သည့်နည်းစနစ်မျှ ပါဝင်ခြင်းမရှိသော ခွန်အားချင်းသက်သက် ထိပ်တိုက်ရင်ဆိုင်မှုပင် ဖြစ်သည်။

ဂေါင်ထျန်းချီသည် ထိုဧရာမ နှာမောင်းရှည်သားရဲကို လက်နှစ်ဖက်ဖြင့် ပြင်းထန်ကြမ်းတမ်းစွာ ခုခံထားသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးမှာ ပြိုလဲတော့မည့် အခြေအနေတွင် ရှိနေပုံရသည်။ တစ်ကိုယ်လုံးမှ သွေးများပင် စိမ့်ထွက်လာသည်။ ဂေါင်ထျန်းချီသည် သူ၏ ကန့်သတ်ချက်ကို ရောက်ရှိနေပြီဖြစ်သည်မှာ ထင်ရှားလှသည်။

“မကောင်းတော့ဘူး... ဂေါင်ထျန်းချီက အဲ့ဒီသားရဲကို မယှဉ်နိုင်ဘူး”

ရွှေယွမ်ရှန်းသည် ချက်ချင်းပင် တောင်ပံကို ခတ်ကာ ထိုနှာမောင်းရှည်သားရဲထံသို့ မီးတောက်ကဲ့သို့သော စွမ်းအားများကို ပစ်လွှတ်လိုက်ကာ ၎င်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ဂေါင်ထျန်းချီမှာ အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ အနည်းငယ် တုန်ယင်နေပြီး အသက်ကို အမောတကော ရှူနေရသည်။ သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့သည်မှာ ထင်ရှားလှပေသည်။

“ရွှေယွမ်ရှန်း... ငါ့အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးပဲ”

ဂေါင်ထျန်းချီက လေးလံသော လေသံဖြင့် ပြောလိုက်သည်။

သူတို့ နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ဤနှစ်များအတွင်း တစ်ဦး၏ ပါရမီကို တစ်ဦးက လေးစားကြသူများ ဖြစ်သည်။ ရွှေယွမ်ရှန်းအနေဖြင့်လည်း ဂေါင်ထျန်းချီ သေဆုံးသွားမည်ကို ဒီအတိုင်း ကြည့်နေမည် မဟုတ်ပေ။

“ဟင်း... ဂေါင်ထျန်းချီ၊ မင်း ဒီတစ်ခါတော့ ကံကောင်းလို့ မသေတာပဲ။ ဒီသားရဲ သုံးကောင်ရဲ့ သဘောသဘာဝကို မင်း ဘာလို့ ခဏလောက်ရပ်ပြီး မစဉ်းစားကြည့်ရတာလဲ။ ငါမှန်းတာ မမှားဘူးဆိုရင် အဲ့ဒီကောင်တွေက သားရဲဘုရင်တွေပဲ ဖြစ်ရမယ်”

ရွှေယွမ်ရှန်းသည် ထိုဧရာမ ကြမ်းကြုတ်သားရဲ သုံးကောင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ၏ မျက်နှာမှာလည်း အလွန် တည်ကြည်လေးနက်နေသည်။

“ဘာ... သားရဲဘုရင် ဟုတ်လား။ မဖြစ်နိုင်တာ။ ငါတို့ နဂါးတောင် နယ်မြေမှာ နေလာတာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲ။ ဘယ်တုန်းက သားရဲဘုရင်နဲ့ တွေ့ဖူးလို့လဲ”

ဂေါင်ထျန်းချီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ မယုံကြည်နိုင် ဖြစ်နေပုံရသည်။

“ငတုံးကောင်... အဲဒါက သားရဲဘုရင် မဟုတ်ဘူးဆိုရင် မင်း ဘာလို့ တစ်ချက်တောင် မခံနိုင်ရတာလဲ”

ရွှေယွမ်ရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ဂေါင်ထျန်းချီ မည်မျှ သန်မာကြောင်း သူ ကောင်းကောင်း သိသည်။ အကယ်၍ ဂေါင်ထျန်းချီသည် ဒေါသပေါက်ကွဲခြင်း အခြေအနေတွင်ပင် ထိုသားရဲ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကို မတောင့်ခံနိုင်ဘူးဆိုပါက ၎င်းမှာ နတ်ဆိုးတစ်ကောင် မဟုတ်လျှင် သားရဲဘုရင်သာ ဖြစ်ရပေမည်။

All Chapters