← Chapters

အခန်း (၁၅၉)

Vol. 14 Ch. 159

အခန်း (၁၅၉)

Vol. 14 Ch. 159

Ch-159

မွန်းလွဲပိုင်းတွင် အခမ်းအနားကျင်းပမည်ဖြစ်ပြီး ကဇာတ်ရုံမှာ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ချင်းရို့က မိသားစုခြံဝင်းကို ကိုယ်စားပြုကာ အထူးအစီအစဉ်အဖြစ် သီချင်းများ သီဆိုဖျော်ဖြေရမည်ပင်။

ချင်းရို့ စင်ပေါ်မှာ မဖျော်ဖြေဖြစ်ခဲ့တာ အတော်ကြာလှပြီ။ သူမအား စင်ပေါ်မှာ ဖျော်ဖြေဖို့အတွက် မိသားစုခြံဝင်းထဲက ညီအစ်မ တော်တော်များများက မဲပေးခဲ့ကြခြင်းကြောင့်သာ။

"ရှောင်ချင်းရေ နင့်အသံက ကောင်းတယ်လေ။ နင်သာ ပွဲမှာမဖျော်ဖြေဘူးဆိုရင် ငါတို့ကို ဗုံတီးဖျော်ဖြေခိုင်းဖို့ စင်ပေါ်တက်ခိုင်းတာ ဖြစ်ပါ့မလားဟယ်"

"ငါတို့က အသက်ကြီးပြီလေဟာ.. ဒါမျိုးတွေ မလုပ်နိုင်တော့ဘူး"

"ဒီတစ်ခါတော့ အနုပညာအဖွဲ့က လူတော်တော်များများ လာကြတယ်ဆိုပဲ။ အကနှင့် ဒရာမာတွေမှာ ထူးချွန်ကြတဲ့လူတွေပါတယ်။ ငါတို့ စင်ပေါ်တက်သွားပြီး ကိုယ့်ဘာကိုယ် အရှက်ရအောင် မလုပ်ပါရစေနဲ့ဟယ်။ 'နှိုင်းယှဥ်တာကြောင့် သေးနုပ်သွားရတယ်' ဆိုတဲ့ စကားမျိုးရှိတယ်မလား? အဲ့ဒီမိန်းမငယ်လေးတွေရှေ့မှာ ငါတို့မလုပ်နိုင်ဘူးနော်"

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အခြေစိုက်ငှာနသို့ လာရောက်ကြသူ အများအပြားရှိခဲ့ပြီး အမျိုးမျိုးသော ကြော်ငြာအဖွဲ့များနှင့် ယဥ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများလည်း ပြည့်နှက်နေလျက်။

ဓာတ်ပုံဆရာတွေ၊ သတင်းထောက်တွေက ဓာတ်ပုံတွေရိုက်လိုက်၊ အင်တာဗျူးလိုက်၊ မှတ်တမ်းယူလိုက်၊ အစီရင်ခံစာတွေရေးလိုက် လုပ်နေကြ၏။

ချင်းရို့ မနက်စောစော အိပ်ရာထကာ ယနေ့ ဖျော်ဖြေရေးဝတ်စုံဖြစ်တဲ့ နှင်းဖြူရောင်စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။

သူမက စင်မြင့်ပေါ်တွင် ဖျော်ဖြေမယ်လို့ ကတိပေးခဲ့ပြီး ဝတ်ရမယ့်ဝတ်စုံကလွဲပြီး တခြားဘာမှမတောင်းဆိုခဲ့ပေ။ တစ်လခွဲထက် ပိုပြီးလေ့ကျင့်လို့မရခဲ့သလို မရေမရာဖြင့်သာ အဆုံးသတ်ခဲ့၏။

ချင်းရို့ မှန်ရှေ့မှာ တစ်ချက်ကြည့်လိုက်ပြီး အလွန်ကျေနပ်နေမိလျက်။ သူမ ယခင်က အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ခဲ့ရသော်လည်း နှင်းဖြူရောင်စစ်ဝတ်စုံကိုတော့ တစ်ခါမှမဝတ်ဖူးသေးပေ။

အဟမ်း... သူမယောကျ်ားရှေ့မှာ ဝတ်ခဲ့တဲ့ အခေါက်ကိုတော့ ထည့်မတွက်ဘူးလေနော်...

သူမဆံပင်အားလုံးကို စုချည်လိုက်ကာ ဦးထုပ်ဆောင်းလိုက်၏။

သူမကိုယ်သူမ ချီးကျူးလို့မပြီးသေးခင်မှာပဲ အပြင်ဘက်မှ ကလေးပေါက်စနှစ်ယောက် စတင်သောင်းကျန်းနေလေပြီ။

"မားမား မားမား! မားမားကို အချစ်ဆုံးပဲ!"

"မားမားရေ ဗိုက်ဆာတယ်လို့!"

…

ညီအစ်ကိုနှစ်ယောက်သား အချင်းချင်း ပြောဆိုနေကြပြီး ချင်းရို့ တံခါးဖွင့်လိုက်သည်နှင့် ကလေးနှစ်ယောက်ဟာ ချက်ခြင်းတိုးဝင်လာကာ သူတို့အမေကို ခေါင်းမော့ကြည့်၍ တဝိုးဝိုး တဝါးဝါး လုပ်လာကြ၏။

"ဒီနေ့ မားမားက အရမ်းလှ"

"မားမား အရမ်းလှ!"

"မားမား အရမ်းလှ!"

ညီအကိုနှစ်ယောက် တစ်ပြိုင်တည်း ဆိုကြလေရဲ့။

သူတို့ပြောပြီးသည့်နောက် အမေဖြစ်သူရဲ့ ပေါင်ကို ပျော်ရွှင်စွာ ပွေ့ဖက်ရန် ကြိုးစားကြလေ၏။ ဒီအရွယ်ကလေးတွေဟာ လူကြီးတွေရဲ့ ခြေထောက်တွေကို ဖက်ရတာ နှစ်ခြိုက်ကြသည်ပင်။ ချင်းရို့က သူတို့လက်တွေကို တွန်းဖယ်လိုက်ရ၏။

"ဒီနေ့ မားမားက စင်ပေါ်မှာ ဖျော်ဖြေရမှာကွယ်။ အခုအချိန်မှာတော့ မားမားရဲ့ အဝတ်အစားတွေကို တွန့်အောင်လုပ်လို့မရသေးဘူး။ မင်းတို့လက်လေးတွေကို ဝေးဝေးရွှေ့လိုက်နော်"

ကောင်းပါပြီ....

အမြွှာနှစ်ယောက်လည်း ဝဝဖောင်းဖောင်းမျက်နှာလေးနှင့် သူတို့ရဲ့လက်လေးတွေကို ပြန်ရုတ်လိုက်ကြသည် ။ သူတို့ မှားယွင်းသလို ခံစားရနေလျက်။

ချင်းရို့က ကလေးတွေရဲ့ မျက်နှာကို တစ်ယောက်ပြီးတစ်ယောက် နမ်းလိုက်ပြီးနောက်

"မားမား မင်းတို့အတွက် ဘန်းမုန့်တွေ သွားပေါင်းပေးမယ်နော်"

ဖက်ထုပ်လေး ညည်းတွားကာဖြင့် "ဘန်းမုန့်ပေါင်းလုပ်နဲ့!"

ဘာလို့ မနက်ခင်းကြီးမှာ ဘန်းမုန့်ပေါင်း စားရမှာလဲနော်?

"မင်းတို့ပါးပါးလုပ်တဲ့ ဘန်းမုန့်ပေါင်းက အရသာရှိတယ်မဟုတ်ဘူးလား?"

ချင်းရို့က အခု အင်္ကျီလဲပြီးသွားတာကြောင့် ဆီနံ့ညှော်နံ့တွေ စွဲလို့မရတော့သဖြင့် မနက်စာအတွက် ရိုးရိုးရှင်းရှင်း ဘန်းမုန့်ကိုပဲ ပေါင်းပေးလိုက်ရုံပဲလေ။ ဒါက အရမ်းရိုးရှင်းပြီးတော့ အနံ့လည်းမစွဲဘူးပေါ့။

သူတို့အဖေလိုပဲ ဒီကလေးနှစ်ယောက်ဟာ မနက်ခင်းမှာ ဘန်းမုန့်ပေါင်းတွေ စားရတာ မနှစ်ခြိုက်ကြပေမယ့် နေ့လည်နှင့် ညဘက်တွေမှာ ဘန်းမုန့်ပေါင်းစားကြ၏။

ကလေးတွေက ချင်းရို့နှင့်အတူတူ ထမင်းစားကြသော်လည်း သူတို့ပါးပါးလုပ်တဲ့ ဘန်းမုန့်ပေါင်းက ပိုအရသာရှိတယ်လို့ ကလေးတွေက ပြောကြသည်ပင်။ ကလေးတွေက ဘန်းမုန့်ပေါင်းနွေးနွေးလေးကို ကိုင်ထားပြီး ကိုက်နေရတာကို သဘောကျကြလေရဲ့။

သူတို့ဖေဖေက ပြန်လာခဲပေမယ့် ကျိုးကျိုးရော ဖက်ထုပ်လေးကပါ သူတို့ဖေဖေ ပြန်လာပြီး ဘန်းမုန့်ပေါင်းပူပူတွေလုပ်ပေးဖို့ စောင့်ဆိုင်းနေတတ်ကြ၏။

"မားမားရဲ့ ဘန်းမုန့်ပေါင်းက အရသာမရှိဘူး!"

ချင်းရို့က နို့အရသာမန်ထို၊ ကြက်သွန်လိပ်ပန်းပွင့်မုန့် (ချုံးယိုဟွားကျွမ်)၊ ယုန်ပေါက်စီ စသဖြင့် လုပ်ပေးခဲ့ပေမယ့် ဒီကလေးစုတ်လေးနှစ်ယောက်က သူတို့ဖေဖေလုပ်ကျွေးတဲ့ မူလဘန်းမုန့်ပေါင်းသာ အရသာအရှိဆုံး၊ အကောင်းဆုံး၊ အရိုးရှင်းဆုံးဖြစ်တယ်လို့ ပြောနေဆဲပင်!

ချင်းရို့ အမှန်တကယ် ဒေါသထွက်ရ၏။

"ခေါက်ဆွဲစား"

"သားကောက်ညှင်းစားချင်တာလား?"

"ခေါက်ဆွဲစား!"

"တောင်းဆိုတာတွေများနေလိုက်တာ၊ အခုတော့ ဘန်းမုန့်ပေါင်းပဲရှိတယ်ကွယ်။ ညနေကျမှ မားမားက သားတို့အတွက် အရသာရှိတာ လုပ်ပေးမယ်နော်"

ချင်းရို့ ကလေးနှစ်ယောက်အတွက် ဘန်းမုန့်ပေါင်း၊ ကြက်ဥနှင့် ဆိတ်နို့တွေကို အပူပေးလိုက်၏။ ညီအကိုနှစ်ယောက် စားသောက်ပြီးတဲ့အခဝ သူတို့အဆုတ်ပွင့်လောက်အောင် သီချင်းဆိုကြတော့သည်။

သီချင်းကတော့ "ပျံလွှားငယ်လေးတွေ ပန်းပွင့်အဝတ်အစားတွေ ဝတ်ထားပြီးတော့ နွေဦးရာသီတိုင်း ဒီကိုလာကြလေ..."

နှစ်ယောက်သားရဲ့ သီချင်းဆိုစွမ်းရည်ကို ပြသကြတာကြောင့် အပြင်မှ ငှက်တွေတောင် လန့်ဖပ်သွားပြီး ပျံပြေးသွားကြလေရဲ့။

ချင်းရို့လည်း ကီးကြောင်သံတွေကို နားမထောင်လိုတော့ပေ။ ကလေးမွေးပြီးတဲ့နောက် သူမ ကီးကြောင်သွားတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲနော်?

ကီးကြောင်တယ်ဆိုလည်း ထားလိုက်ပါတော့လေ... ကလေးနှစ်ယောက်လုံးက သီချင်းဆိုရတာကို ကြိုက်နှစ်သက်နေဆဲဖြစ်တာကြောင့် ချင်းရို့ သီချင်းဆို လေ့ကျင့်နေစဥ် သူတို့တွေကပါ အတူတူလေ့ကျင့်ခဲ့ကြ၏။

သူတို့ရဲ့ သီဆိုဟန်ကြောင့် ဦးနှောက်ဆေးကြောခံခဲ့ရကာ ချင်းရို့တစ်ယောက် တေးသွားသံစဥ်တွေ ပျောက်ဆုံးသွားတော့မလို ခံစားလိုက်ရသည်။

မေမေက စင်ပေါ်မှာ ကီး ကြောင်ပြီး သီချင်းဆိုမိရင်တော့ ဒီကောင်စုတ်လေးနှစ်ယောက်ကြောင့်ပဲပေါ့။

ဘေးအိမ်မှ လောင်ကျန်းနှင့် သူ့ဇနီးတို့ဟာ အမြွှာနှစ်ယောက်ရဲ့ သီချင်းဆိုသံကို ကြားတဲ့အခါ တုံ့ဆိုင်းတုံ့ဆိုင်းမျက်လုံးတို့နှင့် ချင်းရို့အား အမြဲလိုလို ကြည့်နေတတ်သည်။

ယခင်က ဒီကလေးနှစ်ယောက်ရဲ့အမေက အနုပညာအဖွဲ့ထဲမှာ သီချင်းဆိုခဲ့တာ တကယ်ပဲဟုတ်ပါ့မလားလို့ သံသယဖြစ်နေကြလေပြီ။

သူမက ဒီလိုကလေးနှစ်ယောက်ကို ဘယ်လိုများမွေးဖွားခဲ့ရတာလဲ?

"ငါတို့လည်း ဘယ်လိုမှမတတ်နိုင်ဘူးလေ။ သူတို့ပါးပါးရဲ့ ဗီဇကို ဘယ်သူကများ အစွမ်းထက်စေတာလဲနော်?"

ကလေးနှစ်ယောက်ရဲ့ သီဆိုသံကို လူတိုင်း အလေးမထားကြတာမျိုးတော့ မဟုတ်ပါပေ။ အနည်းဆုံးတော့ အစောင့်ကောင်လေးတွေက ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ရဲ့ ကလေးဆန်ဆန် သီချင်းဆိုသံဟာ နားထဲမှာ အတော်လေး သာယာတယ်လို့ ခံစားမိနေဆဲပင်။

သူလည်း ကလေးတွေဆီမှ သီချင်းဆိုသင်ဖို့ ကြိုးစားခဲ့ကာ... စည်းလုံးညီညွတ်ခြင်းဟာ ခွန်အားပဲ။

စစ်သားတွေက သီချင်းဆိုကြတဲ့အခါ ထွက်လာသံမှာ ဟိန်းဟောက်သံအလား။ သူတို့ ထမင်းမစားခင်၊ အိပ်ယာမဝင်ခင်တွင် စည်းလုံးညီညွတ်မှုဟာ ခွန်အားပဲ ဆိုတဲ့သီချင်းကို အတူတူ သီဆိုကြ၏။

ညဘက်မှာ မိသားစုခြံဝင်းထဲမှ တပ်သားအုပ်စုရဲ့ သီဆိုသံတွေကိုလည်း ကြားနိုင်ပြီး သူတို့ဘာဆိုနေသလဲဆိုတာတော့ မရှင်းလင်းသော်လည်း ဆူညံသံတွေကိုသာ ကြားနေရပေသည်။

မနက်ခင်း၌ ချင်းရို့ အိမ်မှာ အကြိမ်ကြိမ်လေ့ကျင့်ပြီးနောက် နေ့လည်ခင်းတွင် ရှမင်ရှီးနှင့် ကလေးပေါက်စနှစ်ယောက်အား ခေါ်ကာ ကဇာတ်ရုံဆီ ထွက်လာခဲ့ကြ၏။

အနုပညာအဖွဲ့အစည်းရှိ ဝန်ထမ်းတွေအားလုံး စင်မြင့် အရှေ့ရော အနောက်တွင်ပါ အလုပ်ရှုပ်နေကြလျက်။

သူတို့ရဲ့ မိသားစုဝင်များလည်း ပရိသတ်များအနေဖြင့် တစ်စိတ်တစ်ပိုင်းပါဝင်ကြပေသည်။ အစ်မဟွားဟွား၊ ဆရာမဟွမ်နှင့် အစ်မယန်တို့လည်း ကလေးတွေနှင့်အတူတူ လာရောက်အားပေးကြ၏။

ဖျော်ဖြေပွဲမစတင်ခင်တွင် ဝက်ဝံလေးတွေက ကဇာတ်ရုံထဲမှာ ပြေးလွှားဆော့ကစားနေကြ၏။ အထူးသဖြင့် စင်ပေါ်ရှိ အနီရောင်ကုလားကာအောက်ဆီ တိုးဝင်ကာ သူတို့ကိုယ်သူတို့ ရစ်ပတ်ထားကြပြီး သွားတွေဖြဲပြကာ လက်သည်းခြေသည်းတွေ ထုတ်ပြနေကြပါသေးသည်။

အစ်မချန်မိသားစုရဲ့ ကလေးမှာ စင်မြင့်ကန့်လန့်ကာအောက်တွင် အရူးအမူးကစားနေကာ 'တဝိုးဝိုး တဝါးဝါး တဟေးဟေး' အော်ဟစ်နေပြီး တချို့ကလေးတွေဆို စင်မြင့်ပေါ်က ခုန်ဆင်းလိုက် ခုန်တက်လိုက်တောင် ဆော့ကစားနေကြ၍ တာဝန်ကျဝန်ထမ်းမှာ မျက်မှောင်ကြုတ်ကာ ကြည့်နေရ၏။

ဟိုင်ဖင်အနုပညာအဖွဲ့မှ ချောမောလှပတဲ့ သရုပ်ဆောင်များစွာကလည်း ဆူညံတဲ့ကလေးတွေကို သိပ်သဘောမတွေ့လှ။ 


All Chapters