အခန်း (၁၆၀)
Vol. 14 Ch. 160
Ch-160
အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရှဲ့လန်လန်က "ငါတို့က စစ်တပ်နဲ့ အရပ်သားတွေအတွက်၊ တိုက်ပွဲဝင်သူရဲကောင်းတွေအတွက် ဖျော်ဖြေပေးဖို့ ဒီကိုရောက်လာတာလေ။ ဘယ်လိုလုပ်ပြီး ကလေးတွေအများကြီးရှိနေရတာလဲ?"
"အရမ်းဆူညံနေတာပဲ၊ နောက်ကျ ဘယ်လိုလုပ်ပြီးဖျော်ဖြေရမှာလဲဟ?"
"ပွဲမှမစသေးတာပဲဟယ်။ ကလေးတွေကို ခဏလောက် ကစားခွင့်ပေးလိုက်တာ ဘာဖြစ်မှာမို့လဲ"
"သူတို့မိသားစုက ဂရုမစိုက်ကြဘူးနော်။ တကယ်ပါပဲ ကျေးလက်က ကလေးတွေကတော့"
"သူတို့လေးတွေက အာဇာနည်တွေရဲ့ သားသမီးတွေလည်း ဖြစ်နိုင်တယ်လေ"
ဖခင်ဖြစ်သူက ကွယ်လွန်သွားတဲ့အချက်ကြောင့် ကလေးကို ဆိုဆုံးမမယ့်သူမရှိတော့ကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။
"ဒါနဲ့ အဒေါ်ကြီးတွေပါ ဒီနေ့ပွဲမှာ ဖျော်ဖြေမယ်လို့ ငါကြားထားတယ်ဟယ်။ ကျေးလက်ရှိုးတွေက ဘယ်လိုကြီးတွေမှန်း မသိတော့ပါဘူး"
ချင်းရို့က ကလေးသုံးယောက်ကို မိသားစုခြံဝင်းနေရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က ငယ်လွန်းသေးတာမို့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကို မမြင်ဖူးကြသေးရာ တစ်လမ်းလုံး လျှောက်ကြည့်လာကြ၏။
ညီအကိုနှစ် ယောက် သား အချင်းချင်း လက် ဆွဲထားပြီး ငါးမန်းရုပ်ပြစာအုပ်လေးကိုလည်း ကိုင်ထားကြရင်း ခြေဖျားလေးထောက်၊ ခေါင်းလေးကို ဆန့်ထုတ်လျက် စပ်စုစွာ ကြည့်နေကြလျက်။
"ရှောင်ချင်းရေ နင်ကဒီမှာပဲ။ နင် ဒီဝတ်စုံနဲ့ အရမ်းလှတာပဲဟယ်"
ဟွမ်ရှင်းရင်က ချင်းရို့ကို မြင်တဲ့အခါ တခဏမျှ အံ့အားသင့်သွားရလျက်။ ယနေ့ ရှောင်ချာကျင်းလေးဟာ အရမ်းကိုလှပနေတာပဲလို့ တွေးနေမိ၏။ နှင်းဖြူရောင်စစ်ဝတ်စုံမှာ ကြော့ရှင်းသပ်ရပ်နေပြီး အတွန့်အခေါက်တွေရှိမနေပေ။
ချင်းရို့ရဲ့ မျက်နှာလေးဟာ မူလကတည်းက နူးညံ့သိမ်မွေ့ပြီး ချောမောလှပပေမယ့် ယခုအခါ နှင်းဖြူရောင်စစ်ဝတ်စုံကို ဝတ်ထားပြီး ဦးထုပ်အောက်ရှိ မျက်နှာလှလှလေးက ခါတိုင်းထက် အနည်းငယ်ပို၍ သူရဲကောင်းဆန်နေပေသည်။
"ငါတို့မိသားစုခြံဝင်းက ရှောင်ချင်းက အရမ်းလှတယ်ဟေ့"
"ရှောင်ချင်းက အနုပညာအဖွဲ့ကလူတွေထက် အများကြီး ပိုလှတယ်ကွယ်။ ခုနက ရောက်တဲ့ အမျိုးသမီးနှစ်ယောက်ကို နင်တို့မတွေ့ကြဘူးလား သူတို့ရဲ့ နှာခေါင်းတွေက ကောင်းကင်ကို တောင်တက်သွားတော့မယ့်အတိုင်းပဲဟယ်။ သူတို့က လူတွေကို မျက်လုံးနဲ့ မကြည့်ကြဘဲ နှာခေါင်းနဲ့ ကြည့်နေကြတာလေ...."
"အဝါရောင်ဝတ်ထားတဲ့တစ်ယောက်က အဆိုတော်လို့ ကြားမိတယ်။ ဒါပေမယ့် သူ့အသံက ငါတို့ရှောင်ချင်းလောက် ကောင်းမယ့်ပုံမပေါ်ပါဘူးနော်"
"ရှောင်ချင်းရေ နင်က ငါတို့မိသားစုခြံဝင်းအတွက် တိုက်ပွဲဝင်ရမှာ။ နောက်ကျ ဖျော်ဖြေပွဲကို ရှုပ်ထွေးအောင်မလုပ်နဲ့ဦး။ အောက်ကနေ ခေါင်းဆောင်လု စောင့်ကြည့်နေမှာနော်"
လီချင့်ဟွားက ထိုစကားကိုကြားတဲ့အခါ မကျေမနပ်ဖြစ်ကာ "ရှောင်ချင်းကြောင့် အရှက်ကွဲမှာကို ကြောက်နေရင် နင် ဘာလို့ ကိုယ့်ဘာသာကိုယ် တက်မဆိုလိုက်လဲဟဲ့"
"ကောင်းပြီ၊ ကောင်းပြီ၊ မပြောကြနဲ့တော့။ အချိန်စတော့မယ်။ ကလေးတွေကို ခေါ်ပြီး ထိုင်ကြတော့"
"ဒီကလေးတွေက ဘာလို့ ဆိုးသွမ်းပြီး နာခံမှုမရှိရတာတုန်း"
"မနာခံဘူးဆိုကတည်းက ကလေးဖြစ်နေလို့လေ။ နာခံပြီဆိုရင်တော့ သူ လူကြီးဖြစ်လာပြီဆိုတဲ့သဘောပဲ"
ချင်းရို့ ခုံပုလေးပေါ်မှာ ထိုင်လိုက်ပြီး ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့လည်း သူမဘေးတွင် ထိုင်လိုက်ကြ၏။ ဒီကလေးနှစ်ယောက်ဟာ မိသားစုခြံဝင်းထဲကို မကြာခဏ ထွက်လေ့မရှိတာကြောင့် အနှီမရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ အတော်လေးနာခံလိမ္မာနေပုံပေါ်နေလေရဲ့။
ဝမ်းကွဲရှမင်ရှီးက သူ့ရဲ့ ညီအစ်ကိုကောင်းအချို့နှင့် နှုတ်ဆက်ပြီးနောက် ခဏအကြာတွင် နေရာမှာထိုင်ခဲ့သည်။
"ဒေါ်လေး ဆုရဖို့ ကြိုးစားထားနော်!"
"ဆုတွေက ဓာတ်ဘူးနဲ့ ကြွေဇလုံတစ်လုံးတဲ့!"
ချင်းရို့က ဆုရရှိဖို့ မမျှော်မှန်းထားပါချေ။ သူမဆီမှာ ယခင်က ကြွေပန်းကန်ကြီးရှိပြီးသားလေ။ အခုလည်း ကြွေဇလုံကြီးတဲ့လားဟ! ကြွေပန်းကန်ရော ကြွေဇလုံကြီးရော ရလာရင် ပျော်စရာဆိုတာ ဘယ်မှာတုန်း?
ဤခေတ်တွက်လည်း ဆုတွေဟာ ဒါမျိုးတွေပါပဲ၊ ကြွေရည်သုတ်ဇလုံ၊ ပန်းကန် စသဖြင့် အမျိုးမျိုးပေါ့။
ဟုတ်တာပေါ့ ဒီခေတ်မှာက ကြွေပစ္စည်းတစ်စုံစာဟာ အမှန်တကယ့်ကို အဖိုးထိုက်တန်တယ်လေ။
ဖက်ထုပ်လေးက "မားမား ဖန်ဖန်ဆိုတာ ဘာလဲ" လို့ မေးလိုက်ရာ ဝမ်းကွဲအကြီးဆုံးက "ဒေါ်လေး ခေါက်ဆွဲချက်ဖို့၊ ဘန်းမုန့်တွေပေါင်းဖို့အတွက် သုံးလေ့ရှိတဲ့ ရောင်စုံပန်းကန်လုံးကြီးလေ" လို့ ပြန်ဖြေလာခဲ့သည်။
ဒါကိုကြားတော့ ဖက်ထုပ်လေးရဲ့ မျက်လုံးတွေ တောက်ပလာကာ "မားမား သား ဇလုံလိုချင်လို့!"
ကျိုးကျိုးကလည်း "သား ဇလုံလိုချင်တယ်!"
ညီအစ်ကိုတွေက ဒီလိုမျိုးဇလုံကို ကြိုက်ကြတာပဲဟ။
ချင်းရို့: "... ကောင်းပြီကွယ် မားမား အကောင်းဆုံးကြိုးစားပါ့မယ်"
ချင်ဖုန်းအနုပညာအဖွဲ့မှ လျိုချွေ့လန်က ပရိုဂရမ်စာရင်းကို ကြည့်နေရာ ယနေ့ သီချင်းဆိုမည့် အစီအစဉ်များစွာရှိနေလေသည်။
သူမ ဂရုတစိုက်ကြည့်ပြီးနောက် ရှဲ့လန်လန်ဘက် ခေါင်းလှည့်ကာ ပြောလိုက်၏။
"လန်လန်ရေ ဝမ်ကျင့်ယွဲ့က အခြေအနေသိပ်မကောင်းဘူးလို့ ငါထင်တယ်။ ဒီနေ့ ဒီပွဲမှာ နင် အကောင်းဆုံးဖြစ်ရမယ်နော်။ နင် ကောင်းကောင်းစွမ်းဆောင်နိုင်ရင် သတင်းစာမှာ ပါလာလိမ့်မှာ။ ဓာတ်ပုံဆရာကို ပိုကောင်းတဲ့ ဓာတ်ပုံတစ်ပုံရိုက်ပေးဖို့ ပူဆာလိုက်ဦး"
ရှဲ့လန်လန် ခေါင်းညိတ်လိုက်ပြီး ဆီနည်းနည်းလိမ်းထားတဲ့ သူမရဲ့ ဆံပင်ကို ထိလိုက်၏။ အမြီးကို ဖွင့်တော့မယ် ဒေါင်းတစ်ကောင်လို သူမရဲ့မျက်ခုံးတွေက မာနဖြင့် ဝင့်ကြွားနေလေရဲ့။
"ပထမတစ်ကိုယ်တော်ရှိုးက မိသားစုခြံဝင်းထဲက တစ်ယောက်လား? ဟုတ်ပါတယ်လေ အရင်ဆုံးစီစဥ်ထားသင့်တာပေါ့။ ပရိုတွေကို အရင်နားထောင်မိသွားရင် ဒီလိုရွှံ့တောထဲက အဆင့်နိမ့်ဖျော်ဖြေမှုတွေကို ဘယ်မြင်နိုင်ပါတော့မလဲဟယ်"
"စင်ပေါ် ပထမဆုံးတက်ရတာဆိုတော့ သူဆိုတာ ဆိုးရွားနေရင်တောင်မှ ရှက်စရာမရှိဘူးလေ။ ကြောက်ဖို့အကောင်းဆုံးကတော့ ကောင်းကောင်းဆိုနိုင်တဲ့သူအနောက်ကနေ ထွက်လာရမှာကိုပဲပေါ့"
"ဒီမှာက အိမ်ထောင်သည် အဘွားကြီးတွေပဲရှိတာဆိုတော့ အကုန်လုံး စင်ပေါ်တက်ဖို့ ဘယ်သတ္တိရှိပါ့မလဲနော်"
လျိုချွေ့လန် : "ရှဲ့လန်လန် ဒီလိုမပြောပါနဲ့၊ လူတိုင်းက အချိန်တစ်ခုရောက်ရင် လက်ထပ်ပြီး သားသမီးတွေရကြမှာပဲ"
ရှဲ့လန်လန်ကို သည်းမခံနိုင်တော့တဲ့ လူတစ်ယောက်က စနောက်သလိုဖြင့် ပြောလာ၏။
"ငါ ခုနလေးကပဲ မိသားစုခြံဝင်းဘက်မှာ ထိုင်နေတဲ့လူတွေအများကြီးကို တွေ့ခဲ့ရတာ။ သူတို့အားလုံး လှလှပပဝတ်စားကြတော့ လှပနေကြရောပဲ"
"ရှဲ့လန်လန်ရေ နင် အခု အဲဒီကို လျှောက်သွားကြည့်လိုက်လေ။ နင့်ထက်ပိုလှတဲ့သူတွေအများကြီးရှိတာ ငါတွေ့ခဲ့တယ်"
"သူတို့ကို အဘွားကြီးလို့ နင် ဘယ်လိုများပြောရဲတာလဲ"
ရှဲ့လန်လန် ဒေါသတကြီးနှင့် ငြင်းခုံခါနီးတွင် တစ်စုံတစ်ဦးမှ ပြေးဝင်လာကာ ပြောလာခဲ့သည်။
"ရှဲ့လန်လန် ဟိုဘက်ပြဇာတ်အဖွဲ့က သူတို့ရဲ့ သရုပ်ဆောင်တွေ ခဏလောက် နှောင့်နှေးနေလို့ မင်းနဲ့ အစီအစဥ် ပြောင်းချင်တယ်လို့ ပြောတယ်၊ မင်း ရှေ့ကို ရွှေ့ချင်လား"
"ဒါဆို နင် ရှေ့ကို ရွှေ့ရမှာပေါ့"
ရှဲ့လန်လန် ခေါင်းညိတ်လိုက်ကာ "ဒါဆို ငါ့ရဲ့ အစီအစဥ်ကို အရှေ့ထားလိုက်ပါ"
"နင်နဲ့ မိသားစုခြံဝင်းရဲ့ အစီအစဉ်ကြားမှာ အကပရိုဂရမ်တစ်ခုပဲ ရှိတော့မယ်"
"ကောင်းသားပဲ၊ အဲ့ဒါမှ အိမ်ထောင်သည်အဖွားကြီးတွေ အရှက်ဆိုတာဘာလဲ သိရအောင် လုပ်ပေးရမှာပေါ့"
ချင်းရို့ စင်ပေါ်မတက်မီတွင် သူမက ရှမင်ရှီးထံ ကလေးပိစိနှစ်ယောက်ကို ကြည့်ထားပေးရန် တောင်းဆိုခဲ့သည်။
ရှမင်ရှီး ခေါင်းညိတ်လိုက်ပြီး "ဒေါ်လေး စိတ်မပူပါနဲ့!"
ကျိုးကျိုးနှင့် ဖက်ထုပ်လေးက ခေါင်းညိတ်လိုက်ပြီး "သား အိုးလိုချင်တယ်!"
ချင်းရို့: "…"
မေမေပြန်တဲ့အခါ မင်းတို့အတွက် အိုးနည်းနည်းဝယ်ပေးပါ့မယ်ကွယ်...
ချင်းရို့ စင်မြင့်ပေါ်သို့ တက်သွားကာ သူမ ဒီလိုစင်မြင့်ကျယ်ကြီးပေါ် မတက်ဖြစ်တာ ကြာလှချေပြီ။ စင်မြင့်အောက် ၌ လူအုပ်ကြီးရှိနေသောကြောင့် သူမ နည်းနည်းထိတ်လန့်နေမိ၏။ တတိယတန်း၌ ထိုင်နေတဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ပုံရိပ်ကလေးကို သူမ မမြင်သေးခင်အထိပင်။
မဟုတ်... မဟုတ်သေးဘူး။ အဲဒီမှာ ရင်းနှီးနေတဲ့ မျက်နှာတော်တော်များများရှိနေတာပဲ... လောင်ကျန်း၊ လောင်ဝမ်၊ နိုင်ငံရေးအရာရှိလျို....
ချင်းရို့: "..." သူတို့အားလုံးက အသိအကျွမ်းဟောင်းတွေပဲလေ။
သူမက တောင်ပိုင်းရှင်းကျန့်တေးသီချင်းတစ်ပုဒ်ကိုသာ သီဆိုခဲ့ပြီး သူမရဲ့ ဖျော်ဖြေမှုမှာလည်း အမှားအယွင်းမရှိဘဲ တည်ငြိမ်နေလျက်။
သူမ သီချင်းဆိုမလေ့ကျင့်တာ နှစ်နှစ်၊ သုံးနှစ်ကြာသွားခဲ့ပြီဖြစ်သော်လည်း ကြေညာသူတစ်ဦးအနေဖြင့် သူမရဲ့ အသံထိန်းချုပ်မှုဟာ အရင်ကထက် ပိုမိုကျွမ်းကျင်လာသလို အဆုတ်စွမ်းဆောင်ရည်ကလည်း ပိုမိုတိုးတက်လာ၏။ ပိုတိုးတက်လာသည့်အလျောက် သီဆိုသံဟာလည်း လေထဲမှာ ပဲ့တင်ထက်နေလျက်။
ချင်းရို့ စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက် ခန်းမတစ်ခုလုံး လက်ခုပ်သံတို့ဖြင့် ပြည့်နှက်နေလေသည်။