အခန်း (၁၆၂)
Vol. 14 Ch. 162
Ch-162
ချင်းရို့ ကြွေအိုးကို မီးဖိုချောင်သို့ ယူသွားလိုက်၏။ သူမ ပြန်ရောက်လာသောအခါ လုယန်က 'ကျိုးကျိုး'ဆီမှ ကြိုးအနီကို ချွတ်ပြီး 'ဖက်ထုပ်လေး'ရဲ့ လက်ကောက်ဝတ်မှာ ပတ်ပေးနေတာကို တွေ့လိုက်ရ၏။
ချင်းရို့: "... ဒါက?"
လုယန်က ကောင်ငယ်လေးတစ်ယောက်ကို ပုခုံးပုတ်ကာ "ဒါက ကျိုးကျိုး" လို့ပြောပြီး နောက်တစ်ယောက်အား ပုတ်၍ "ဒါက ဖက်ထုပ်လေး" လို့ပြောလာလေသည်။
ယေဘုယျအားဖြင့် ခွဲခြားရလွယ်ကူစေရန်အတွက် လက်ကောက်ဝတ်မှာ ကြိုးနီလေး ပတ်ထားတဲ့သူဟာ ကျိုးကျိုးဖြစ်ပြီး အစ်ကိုကြီးဖြစ်ကြောင်း အမှတ်အသားပင်။
သို့သော် အခုလေးတင် ရဲဘော်လုယန်က ကြိုးနီလေးကို ဖက်ထုပ်လေးရဲ့ လက်ကောက်ဝတ်မှာ ချည်နှောင်လိုက်ပေသည်။
ညီအကိုနှစ်ယောက်က သူတို့ပြောင်းလဲသွားရတာကို မသိလိုက်ပါချေ။ ကျိုးကျိုးက ဖက်ထုပ်လေးဖြစ်လာပြီး ဖက်ထုပ်လေးက ကျိုးကျိုးဖြစ်လာလေပြီ။
ကောင်လေးနှစ်ယောက်ရဲ့ အပြင်ပန်းအသွင်အပြင်ကို ကြည့်မယ်ဆိုရင် အမှန်တကယ့်ကို ခွဲခြားရတာ ခက်လှသည်ပင်။
ချင်းရို့ လက်ပိုက်ကာဖြင့် ညီအကိုနှစ်ယောက်ကို ကြည့်၍ မေးလိုက်လေ၏။
"ကျိုးကျိုးက ဘယ်သူလဲ၊ ဖက်ထုပ်လေးက ဘယ်သူလဲ?"
ချစ်စရာကလေးပေါက်စနှစ်ယောက်မှာ သူတို့မေမေကို အပြစ်ကင်းစွာ ကြည့်နေလျက်။
"မားမား သားက ကျိုးကျိုးလေ (ဖက်ထုပ်လေး)"
ချင်းရို့: "…"
"သားက သားကိုယ်သား ကျိုးကျိုးလို့ပြောတယ်ဆိုတော့ သားရဲ့တင်ပါးသေးသေးလေးကို မားမားကို ပြရဲသလား?"
ကလေးနှစ်ယောက်ဟာ အများကြီးကွဲပြားခြင်း မရှိသော်လည်း ဖက်ထုပ်လေးရဲ့ တင်ပါးပေါ်မှာ မွေးရာပါအမှတ်မှိန်မှိန်လေးတစ်ခု ရှိပေသည်။
"ကျိုးကျိုး"က သူ့ဘောင်းဘီကို လိပ်ပြာသန့်သန့်နဲ့ ဆွဲချလိုက်ပြီး မူရင်းပုံစံကို ဖော်ပြလိုက်ပါတော့သည်။
ချင်းရို့ ပြုံးနေလျက်။ ထိုအချိန်တွင် သူမကိုယ်သူမ ဘိုးဘေးတစ်ယောက်လို ခံစားလိုက်ရ၏။ အနှီကလေးဆိုးလေးနှစ်ယောက်ဟာ သူမလက်ထဲက မလွတ်နိုင်ပါဘူးနော်။
ချင်းရို့ လုယန်ကို ကြည့်၍ အပြုံးလေးနှင့် "မျောက်ဘုရင်က အစစ်လား အတုလားဆိုတာ ရှင်သိရဲ့လား?" လို့ ပြောလိုက်လေသည်။
"ဒါပေါ့၊ မင်းရဲ့သားက မင်းအတွက် ဖျော်ဖြေပေးနေတာလေကွာ"
"ဒီကလေးဆိုးလေးနှစ်ယောက် ကောလိပ်တက်တဲ့အခါ မျောက်ဘုရင်အစစ်နဲ့ အတုကို သေချာခွဲလို့ရရင် အဆင်ပြေလိမ့်မှာ"
"မှန်တယ်မဟုတ်လား? ကလေးတွေရဲ့ပါးပါးကရော ဘယ်လိုထင်သလဲနော်?"
လုယန် အပြုံးလေးနှင့် ခေါင်းညိတ်ပြီး "ဒီနေ့ တစ်ယောက်ယောက်က ကိုယ့်ကို ပြောလာတယ်၊ ကလေးတွေရဲ့ မားမားက သီချင်းဆိုအရမ်းကောင်းတော့ ကျိုးကျိုးနှင့် ဖက်ထုပ်လေးထဲက တစ်ယောက်က အနုပညာကျောင်းကို ဝင်ခွင့်ရမှာပဲတဲ့..."
ချင်းရို့: "ရှင် ဘာပြောလိုက်လဲ?"
"ကိုယ်ပြောလိုက်တာက အင်း သူတို့အောင်မြင်မှာပါလို့ပေါ့"
ချင်းရို့: "…"
"ကလေးတွေရဲ့ပါးပါးရေ ရှင့်ကို ဘယ်သူကများ ဒီလိုပြန်ဖြေဖို့ သတ္တိပေးခဲ့တာလဲနော်?"
"မင်းလေးပေးခဲ့တဲ့ သတ္တိတွေပဲပေါ့ကွာ"
လုယန် ပြုံးရွှင်စွာဖြင့် လျှောက်လာကာ ဒီနေ့ သူရခဲ့တဲ့ စစ်မှုထမ်းဆုတံဆိပ်ပေါင်းများစွာကို ချင်းရို့ရဲ့ ရင်ဘတ်မှာ ချိတ်ပေးလိုက်သည်။
ချင်းရို့မျက်ဝန်းထဲကပင် ပြုံးနေကာ သူမခေါင်းလေးကို စောင်းငဲ့၍ သူ့ကို လှုပ်ရှားခွင့်ပေးထားလိုက်သည်။ သူမရဲ့ အဖြူရောင်စစ်ဝတ်စုံပေါ်မှာ အနီရဲရဲတံဆိပ်သေးအနည်းငယ်ရှိနေလေပြီ။
"ဒီနှစ်မေလမှာ ရှင့်ကို ဆိပ်ကမ်းမှာ လာကြိုဖို့ သားတွေကိုပါ ခေါ်ခဲ့တုန်းက ကံအကောင်းဆုံးက ဘာလဲဆိုတာ ရှင်သိလား? နောက်ဆုံးတော့ ကျွန်မ ရှင့်ကို ခြေလက်အစုံအလင်နဲ့ ပြန်လာတာကို တွေ့ခဲ့ရတာလေ"
လုကော မျက်ခုံးပင့်ကာ "ကိုယ့်ခြေလက်တွေ ဆုံးရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ?"
"အဆင်ပြေပါတယ်၊ အနည်းဆုံးတော့ ပင်လယ်ထဲ ပြုတ်ကျပြီး ငါးမန်းစာ မဖြစ်သွားရင် ရပါပြီ"
ငါးမန်းဘေဘီရုပ်ပြစာအုပ်ကို သူမ ရေးဆွဲနေချိန်တုန်းကလိုပင် ငါးမန်းဖေဖေဟာ ပင်လယ်ထဲသို့ ဘယ်သောအခါမှ ပြုတ်ကျမသွားသင့်ကြောင်း တွေးနေခဲ့မိသည်။
ပင်လယ်ထဲ ကျသွားရင်တောင်မှ ချစ်ဖို့ကောင်းပြီး ကူညီတတ်တဲ့ ငါးမန်းလေးတွေနဲ့ တွေ့တာ အကောင်းဆုံးပါပဲနော်။
"မဟုတ်ပါဘူး"
ချင်းရို့ သူမရဲ့ ရင်ဘတ်ကို အုပ်ကိုင်လိုက်ပြီး ဒီအခန်းလေးတွေကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။
"ရှင့်ရဲ့သားတွေကို မမြင်စေနဲ့။ ဒါတွေကို ဖုံးကွယ်ထားရမယ်"
"မားမား... ဘာတွေဖုံးကွယ်နေတာလဲ?"
ကလေးနှစ်ယောက်ဟာ လျှို့ဝှက်ချက်တစ်ခုခုကို ကြားလိုက်သည်နှင့် ချက်ချင်းပင် တက်ကြွလာလေပြီ။
သူက သူ့မိဘတွေကို ကြည့်ဖို့ရာ ခေါင်းသေးသေးလေးကို မော့လိုက်၏။
"မားမား မုန်လာဥနီကို ဖွက်မလို့။ ဒီနေ့ ဖက်ထုပ်ထဲမှာ မုန်လာဥနီတွေကို ဝှက်ထားမယ်"
ဖက်ထုပ်လေး: "…"
ကျိုးကျိုး: "…"
"ဖက်ထုပ်တွေထဲမှာ မုန်လာဥနီမရှိရဘူးလေ!!"
"ပါးပါးက ကလေးနှစ်ယောက်ကို မုန့်ဖုတ်ဖို့ ခေါ်သွားလိုက်။ ရှီးရှီးက ဒေါ်လေးနဲ့အတူတူ မုန်လာဥနီကို လာလှီးပေးနော်"
ကျိုးကျိုးနှင့် ဖက်ထုပ်လေးက အတူတူ အော်ဟစ်နေကြကာ သူတို့အကိုဝမ်းကွဲကို အမြန်ပြေး၍ ပွေ့ဖက်ထားကြရင်း "ရှီးရှီးကောကောရေ မုန်လာဥနီ မစားချင်ဘူးလို့"
"မုန်လာဥနီမစားဘူး၊ မုန်လာဥနီမစားဘူး"
ရှမင်ရှီး: "ဒါပေမယ့် ငါက မုန်လာဥနီပါတဲ့ ဖက်ထုပ်ပေါင်းကို အကြိုက်ဆုံးဘဲလေ"
ညီအကိုနှစ်ယောက်စလုံးက ရှမင်ရှီးကို "သစ္စာဖောက်တယ်" ဆိုတဲ့အကြည့်ဖြင့် ကြည့်နေကြလျက်။
အိုး မိုင် ဂေါ့ ... မုန်လာဥနီစားရတာ ကြိုက်တဲ့သူ ဘယ်လိုကြောင့်များရှိနေရတာလဲနော်?
"မားမားလည်း မုန်လာဥနီနဲ့ ဝက်သားပါတဲ့ ဖက်ထုပ်ကို ကြိုက်တယ်"
ဖက်ထုပ်လေး: "ပါးပါးက မကြိုက်ဘူး!"
ကျိုးကျိုး: "ပါးပါးလည်း မုန်လာဥကို မကြိုက်ဘူးဆိုပေမဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို ကြိုက်တယ်လေ"
"မင်းတို့မားမားကြိုက်တာမှန်သမျှ ပါးပါးကြိုက်တယ်"
ကျိုးကျိုး: "မားမားက ငရုတ်သီးကြီးတွေ စားရတာကြိုက်တယ်လေ။ ပါးပါး ကြိုက်လို့လား?"
လုယန်: "…"
ချင်းရို့: "??? မားမားက ငရုတ်သီးကြီးတွေကို ကြိုက်တယ်လို့ ဘယ်သူပြောတာတုန်း?"
.....
ကျန်းချန်ပေ့နှင့် သူ့ဇနီးက ကလေးတွေနှင့်အတူ လုမိသားစုနောက်မှ လိုက်လာခဲ့ကြသည်။
ဟွမ်ရှင်းရင် ခုနက ခန်းမထဲမှာ ကြားလိုက်ရတဲ့ သီချင်းဆိုသံကို ပြန်တွေးနေမိရင်း ကျန်းချန်ပေ့အား
"ရှင်ပြောကြည့်၊ အခုကစပြီး ရှောင်ချာ-ရှောင်ချင်းဆီမှာ သီချင်းဆိုသင်ဖို့အတွက် ကျွန်မတို့သွင်းသွင်းကို ဘေးအိမ်ပို့ထားလိုက်ရတော့မလား?"
ဆရာမဟွမ်သည် သူမသားအငယ်လေးကို အနုပညာကျောင်းတက်စေချင်ကာ စာပေနဲ့ အနုပညာကေဒါဖြစ်လာပြီး စင်ပေါ်မှာ တောက်ပ၍ ကြည့်ကောင်းစေချင်နေလေရဲ့။
"ကျွန်မတို့သားလေးသွင်းသွင်းက ဘေးအိမ်က သားနှစ်ယောက်ထက် သီချင်းဆိုပိုကောင်းနိုင်တယ် မဟုတ်လား?"
ဤကိစ္စနဲ့ ပတ်သက်ပြီး ဆရာမဟွမ်က အတော်လေးယုံကြည်မှုရှိနေလေ၏။
သူမ ခံစားမိနေတယ်... သူမသားအငယ်ရဲ့ ငိုသံကို ကြည့်ရရင် သူ့ဆီမှာ အသံကောင်းရှိသင့်တာပဲလေ...
သူတို့ကလေးတွေရဲ့ ငိုသံရော၊ ဘေးအိမ်က ကလေးတွေရဲ့ သီချင်းဆိုသံတွေဟာ မမေ့နိုင်စရာ "အသံကောင်း" တွေပါပဲလေ။
ကျန်းချန်ပေ့: "..." မိန်းမတစ်ယောက်ရဲ့ ရည်မှန်းချက်က အမှန်တကယ့်ကို ယုတ္တိမတန်ဘူးဟေ့။
"သူမကိုယ်ပိုင်ကလေးတွေကတောင် အဲလိုသီချင်းဆိုနေကြတာလေ၊ ရှောင်ချင်းက ငါတို့ကလေးတွေကို သင်ပေးနိုင်တယ်လို့ မင်းထင်သလား?"
"ငါနဲ့ အာ့ဟူ တီးခတ်တာကမှ ပိုကောင်းဦးမယ်"
ဟွမ်ရှင်းရင်: "…"
"လီချင့်ဟွားက ကျွန်မကို ပြောနေသေးတယ်၊ သူမတို့မိသားစုက ထျောင့်ထျောင့်လေးကို ရှင့်ဆီကနေ အာ့ဟူသင်ယူစေချင်တယ်တဲ့"
ခေါင်းဆောင်ကျန်း ခဏတာ အံ့အားသင့်သွားရလျက်။ တစ်စုံတစ်ယောက်က သူ့ဆီက အာ့ဟူသင်ယူချင်တယ်လို့ ပြောလာတယ်ပေါ့လေ?
"ရှင် အာ့ဟူကို ကောင်းကောင်းတီးခတ်တတ်တာမို့လို့ သူ့သမီးကိုလည်း သင်ယူစေချင်တယ်လို့ လီချင့်ဟွားက ပြောသေးတာ"
"ကောင်းတယ်! ကောင်းတယ်!!"
ကျန်းချန်ပေ့ သူ့ပေါင်သူရိုက်ကာ လီချင့်ဟွားက အမြင်ကောင်းရှိနေတာပဲလို့ တွေးတောနေမိလျက်။
"ငါ အဲဒီကလေးမလေးထျောင့်ထျောင့်ကို သင်ပေးမှာပေါ့!"
အာ့ဟူတီးခတ်ခြင်းဟာ အစပိုင်းတွင် နားထောင်ရ သိပ်အဆင်မပြေနိုင်၊ ကလေးမလေး ပြန်သွားပြီး သူ့မိဘတွေကို သန်းတွေ ဖုံးလွှမ်းထားသလိုမျိုး ခံစားစေလိုက်မယ်။
"ဒီကလေးမလေးထျောင့်ထျောင့်က တက်ကြွနေတာပဲ"
ခေါင်းဆောင်ကျန်းမှာ အနှီတက်ကြွခုန်ပေါက်နေတဲ့ကလေးငယ်လေးအား အတော်လေး သဘောကျနေလေ၏။