အခန်း (၁၆၃)
Vol. 14 Ch. 163
Ch-163
နိုင်ငံရေးအရာရှိလျိုနှင့် လီချင့်ဟွားတို့ အိမ်ပြန်တဲ့အခါ ခုနက ဖျော်ဖြေပွဲအကြောင်း မပြောမိဘဲ မနေနိုင်ဖြစ်နေကြလျက်။
နိုင်ငံရေးအရာရှိလျိုက သူ့ဇနီးအား "နားထောင်ဦး၊ အခုဆို လူတော်တော်များများက လုမိသားစုရဲ့ ရှောင်ချင်း သီချင်းဆိုကောင်းကြောင်းပဲ ပြောနေကြတာ။ ရှောင်ချင်းက သီချင်းဆိုအရမ်းကောင်းတယ်၊ လှပတယ်၊ ထူးချွန်တယ်၊ ခြံကိုလည်း လှလှပပ ဂရုစိုက်တတ်တယ်။ မင်း ဘာလို့ သူမဆီကပဲ ပိုမသင်ယူတာလဲ? မင်း သူမဆီက အကနဲ့ သီချင်းဆိုသင်ထားခဲ့ရင် ကိုယ်တို့သမီးကို ပြန်သင်ပေးလို့ရတယ်လေကွာ"
"ကျွန်မတို့သမီးလေး သီချင်းဆိုတတ်၊ ကတတ်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။ သူမလေး မကတတ်ရင် 'ထျောင့်ထျောင့်'ဆိုတဲ့ နာမည်ခေါ်လို့မရတော့ဘူးပေါ့"
လီချင့်ဟွားက သခွားသီးကို တကြွပ်ကြွပ် ဝါးနေရင်း "ရှင် ခေါင်းဆောင်လုဆီကနေ ဘာလို့ မသင်ယူတာလဲ? သူတို့ အခု အသက်ဘယ်လောက်ရှိပြီလဲ ကြည့်ကြည့်လိုက်လေ"
"အကမသင်စေချင်ပါဘူး၊ ဟိုဟိုဒီဒီခုန်ပေါက်နေတာ စိတ်အနှောက်အယှက်ဖြစ်ရတယ်လေ။ ဒီနေ့ သီချင်းဆိုတာ ကနေတာတွေကို ကျွန်မတော့ သိပ်မကြိုက်ပါဘူး၊ ဒါကြောင့် ထျောင့်ထျောင့်လေးအတွက် ခေါင်းဆောင်ကျန်းနဲ့ အာ့ဟူသင်ဖို့ ပြောထားတယ်"
"ကျွန်မ အစ်မဟွမ်နဲ့ ပြောထားပြီးသွားပြီ"
နိုင်ငံရေးအရာရှိလျို: "…"
"ကလေးက အသက်တစ်နှစ်ကျော်လေးပဲရှိသေးတာလေ၊ သူမလေးကို အာ့ဟူသင်ခိုင်းတော့မယ်ပေါ့၊ မင်းအများကြီးတွေးနေတာပဲကွာ"
"ရှင်ပဲ ကလေးကို သီချင်းဆို၊ အကသင်ခိုင်းချင်နေတာမလား၊ ရှင်ရော အရမ်းတွေးနေမိတယ်လို့ မထင်ဘူးလားဟမ်"
ဇနီးမောင်နှံအနောက်မှ သားကြီးလျိုယွဲ့က မနေနိုင်တော့ဘဲ ပြောလာလေပြီ။ "ဘာလို့ သားကိုကျ သီချင်းဆို၊ အကသင်ခွင့်မပေးကြတာလဲဗျာ?"
ရိုးရိုးသားသားပြောရလျှင် ရဲဘော်လေးလျိုယွဲ့ရဲ့ နာမည်မှာ "ထွက်ခွာ"ဆိုတဲ့ စာလုံးပါနေလေရဲ့။ သူလည်း ဟိုဟိုဒီဒီခုန် ပေါက်ပြေးလွှားနေရတာကို သဘောကျပေမယ့် သူ့အကြိုက်ကို သူ့မိဘတွေက ဟိုးအစကတည်းက ဖိနှိပ်ထားခဲ့သည်လေ။
အရင်က သူ မူကြိုမှာ လွတ်လပ်ပျော်မြူးစွာ ကခဲ့ပေမယ့် အိမ်မှာဆို ခေတ်ဟောင်း ရေဒီယိုကျွမ်းဘားအကတွေကိုပဲ ကနိုင်ခဲ့သည်။ ကျောင်းမှာ အကအတန်းတွေမရှိဘဲ ရေဒီယိုကျွမ်းဘားအကတစ်ခုသာ အမြဲရှိသည်ပင်။ ရေဒီယိုကျွမ်းဘားအကဟာ အကလောက် ပျော်စရာမကောင်းဘူးလေ။
"ကျွန်တော် ကျောင်းမှာ ဒေါ်လေးချင်းဆီက အကသင်ခဲ့တယ်"
ကျောင်းမှာ အကလာသင်ပေးတဲ့ ဒေါ်လေးချင်းကို သူ မှတ်မိနေပါသေးသည်။ ထိုအချိန်ဟာ အရမ်းပျော်စရာကောင်းခဲ့ပြီး သူ့အတွက်တော့ အခုချိန်ထိ မေ့လို့မရခဲ့ပေ။
သားဖြစ်သူပြောတာကို ကြားတဲ့အခါ လီချင့်ဟွားနှင့် နိုင်ငံရေးအရာရှိလျိုက ညီညွတ်စွာဖြင့် "မကရဘူး!!"
အမြင်အာရုံကို ထိခိုက်စေတယ်ဟေ့...
ဒီကလေး ကနေတာက ကြာပန်းရွက်ပေါ်မှာ လူးလိမ့်နေတဲ့ ဖားတစ်ကောင်နဲ့တူနေရောပဲ...
လီချင့်ဟွားက ရှောင်ချင်းအား ဒီကလေးကို ဘယ်လိုအကသင်ပေးခဲ့တာလဲလို့ မမေးရဲဘူးလေ...
လုယန်မိဘနှစ်ပါးလည်း ရှန်တုန်းပြည်နယ်ရှိ သူတို့ရဲ့ မွေးရပ်မြေသို့ ပြန်သွားခဲ့ကြလေပြီ။ အမြွှာလေးတွေက နှစ်နှစ်သာရှိသေးပေမယ့် မူကြိုတက်နေကြပြီဖြစ်၏။ အတန်းငယ်လေးမှာဆို နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးတွေနဲ့ပြည့်နေပေသည်။
ဝမ်ယွမ်ကျန်းနှင့် ရွှယ်ရှောင်ဟွေ့တို့ရဲ့ သမီးလေးဆိုလည်း အသက်တစ်နှစ်၊ နှစ်နှစ်အရွယ် အတန်းငယ်လေးတစ်ခုမှာ တက်နေပြီလေ။
တစ်နည်းဆိုရသော် ရွှယ်ရှောင်ဟွေ့က သမီးဖြစ်သူကို အလုပ်ခေါ်သွားတာပါပဲ။ မူကြိုဖြစ်တာကြောင့် အတန်းငယ်လေးတွေမှာ ကလေးတွေကို ဂရုစိုက်ပေး၊ ကြည့်ရှုထိန်းပေးတဲ့ ကလေးထိန်းများစွာရှိတာကြောင့်ပေါ့။
ယခုခေတ်တွင် လူအတော်များများဟာ သူတို့ရဲ့ သားသမီးတွေကို အလုပ်ခေါ်လာတတ်ကြသည်။ အများစုက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံပိုင်စက်ရုံတွေ ဖြစ်ကြသည်ကြောင့်ပင်။
သည့်အပြင် လူအများစုကတော့ ကလေးတွေကို ပိုများများရချင်ပြီး ကောင်းချီးပေးခံရတာ နှစ်ခြိုက်ကြသည်ကြောင့် ကလေးတွေကို အလုပ်သို့ခေါ်ဆောင်လာခြင်းဟာ ပြဿနာတစ်ရပ်မဟုတ်ခဲ့ပါပေ။
တခါတရံ သူတို့ တခြားကိစ္စတွေကြောင့် အလုပ်များနေတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက ကလေးတွေကို ကူထိန်းပေးဖို့အတွက် စိတ်အားထက်သန်နေပေလိမ့်မည်ပင်။
ကလေးပြုစုပျိုးထောင်ရေးပတ်ဝန်းကျင်မှာ ယခုအခါ အတိတ်ကာလကထက် ပိုမိုရိုးရှင်းလာပြီဖြစ်သည်။
စက်ရုံများနှင့် ယူနစ်အများအပြားတွင် မိသားစုအိမ်များနှင့် ဝန်ထမ်းတွေရဲ့ သားသမီးများအတွက် ထောက်ပံ့ရေးကျောင်းတွေလည်းရှိနေပြီဖြစ်တာကြောင့် ကလေးတွေ ကျောင်းတက်ရတာ အဆင်ပြေ ကြသလို သူတို့လေးတွေ အိမ်ပြန်ရောက်တဲ့အခါ သူတို့မိဘတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကလေးတွေနှင့်အတူတူ တူတူပုန်းတမ်း၊ ပန်းပွင့်ကြိုးခုန်ခြင်း၊ စက္ကူပစ်ခြင်း... စတဲ့ ဆော့ကစားနည်းများစွာ ဆော့ကစားနိုင်ပေသည်။
ကလေးလေးတွေအများကြီးရှိတာကြောင့် မိဘတွေလည်း ကလေးတွေအတွက် သိပ်စိတ်ပူစရာမလိုဘဲ တခြားကလေးတွေနဲ့ ကစားခွင့်ပေးထားတတ်သည်။
ဝမ်းကွဲရှီးရှီးလေးရဲ့ လွှမ်းမိုးမှုအောက်တွင် ကျိုးကျိုးတို့ညီအစ်ကိုနှစ်ယောက်မှာ မူကြိုတက်ဖို့ တောင်းဆိုခဲ့ကြ၏။
"မားမား သား မူကြိုသွားချင်တယ်"
"မူကြိုသွားမယ် မူကြို!!"
"ကောင်းပြီ ကောင်းပြီ၊ မားမားက သားတို့ကို မူကြိုပို့ပေးမယ်နော်"
ချင်းရို့မှာ သူမသားလေးတွေက မူကြိုတက်ဖို့ရာ အကြောက်အလန့်လုံးဝမရှိဘဲ သူငယ်ချင်းအသစ်လေးတွေနှင့် တွေ့ဆုံရန် မူကြိုသွားဖို့ မစောင့်နိုင်သလိုဖြစ်နေလိမ့်မယ်လို့ သူမ အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
ကလေးနှစ်ယောက်ကို မူကြိုသို့ ပို့သည့်နေ့တွင် ချင်းရို့ စောစောထကာ ကလေးလေးနှစ်ယောက်အတွက် ရိုးရိုးရှင်းရှင်းနံနက်စာအဖြစ် ကြက်ဥ၊ ခေါက်ဆွဲနှင့် နို့တွေကို ပြင်ဆင်ပေးထားခဲ့ပြီး ရင်ဘတ်နေရာမှာ ရေမှုတ်ထုတ်နေတဲ့ ဝေလငါးပုံလေးပါတဲ့ အင်္ကျီအပြာ၊ ဘောင်းဘီတိုအဖြူလေးကို ဝတ်ဆင်ပေးခဲ့သည်။
ညီအကိုနှစ်ယောက်လုံးက ဒီဝတ်စုံကို အရမ်းကြိုက်ကြတယ်လေ။
မနက်စာစားပြီးနောက် ကလေးနှစ်ယောက်က သူတို့မားမားလုပ်ပေးထားတဲ့ ကျောင်းလွယ်အိတ်ပိစိလေးကို လွယ်လိုက်ကြ၏။ ဤအစိမ်းရောင်ကျောင်းလွယ်အိတ်ပိစိလေးကို ချင်းရို့ ကိုယ်တိုင် တစ်ချက်ချင်း ချုပ်ထားခဲ့သည်ပင်။ အိမ်မှာ အပ်ချုပ်စက်မရှိတာကြောင့် အမေအိုကြီးက ကိုယ်တိုင်လက်ချုပ်ချုပ်ရတာပေါ့လေ။
ချင်းရို့ ချုပ်လုပ်နေစဥ် အတော်လေးကို လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရ၏။ သူမ တွေးခဲ့သမျှကတော့ - မားမားရဲ့ လက်ထဲက ချည်မျှင်တိုင်းက ကောက်ကွေ့နေရောပဲကွယ်....
ဟုတ်တာပေါ့... သူမ ထပ်ခါထပ်ခါ ပြန်ပြန်နေရာရွှေ့နေခဲ့ရတာလေ။
ဒီအစိမ်းရောင်ကျောင်းလွယ်အိတ်ပိစိလေးဟာ အပေါ်ယံမှာ ကြည့်လို့ကောင်းပေမယ့် အတွင်းထဲမှာတော့... ဘာပဲဖြစ်ဖြစ် အတွင်းပိုင်းဘဲဆိုတော့လည်း ဘယ်သူကမှ မမြင်ရပါဘူးလေနော်။
"ကောင်းပြီ မားမား သားတို့ကို မူကြိုလိုက်ပို့မယ်နော်။ သားတို့က မိသားစုကျောင်းကားနှင့် သွားရမယ်"
"မားမားက ကျောင်းကို စက်ဘီးစီးလာမယ်နော်"
ကလေးတွေက မူကြိုတက်ပေတော့မည်။ မူကြို၌ အရေးကြီးဆုံးအချက်မှာ အသိပညာ အမျိုးမျိုးကို ကြိုတင်လေ့လာရန်မဟုတ်ဘဲ မူကြိုမှာ ကလေးအချင်းချင်း ဆက်သွယ်ပြောဆိုခြင်းကို သင်ယူရန်ပင်။
ဟုတ်တယ်၊ ကလေးတွေကြားမှာ လူမှုရေး လှုပ်ရှားမှုတွေ ရှိတယ်လေ။
ဒီလိုမှမဟုတ်ရင် အိမ်မှာ ကစားရတဲ့ဂိမ်းက အမြဲတမ်း ဘယ်လိုလုပ်ပြီးတူနေမှာလဲ၊ အကြောင်းကတော့ ကလေးလေးတွေက လူကြီးတွေကို အမြဲတမ်း အတုယူရတာ ကြိုက်တာကိုး။
ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က သူတို့လက်ထဲမှာ ငါးမန်းဘေဘီလေးစာအုပ်ကို ကိုင်ထားကြတာကို ချင်းရို့ မြင်လိုက်၍ ချော့မော့ကာဖြင့်
"စာအုပ်ကို အိမ်မှာထားခဲ့လေ။ သားတို့ကျောင်းလွယ်အိတ်သေးသေးလေးနဲ့ဆို မူကြိုသွားလို့ရနေပြီ"
ကျိုးကျိုးနှင့် ဖက်ထုပ်လေးက ခေါင်းယမ်းလိုက်ကြသည်။
"ကိုင်ထားမယ်!"
ကလေးပိစိနှစ်ယောက်ဟာ ဒီစာအုပ်ကို အရမ်းသဘောကျ၍ နေ့တိုင်းပွေ့ဖက်ထားပြီး ကြည့်ရှုနေတတ်သည်။
ချင်းရို့လည်း စိတ်ထဲမှာ သက်ပြင်းအသာချလိုက်၏။
ဟုတ်တယ်လေ... အိမ်မှာ အချိန်မရွေးဖတ်လို့ရပေမယ့် ကျောင်းရောက်သွားတဲ့အခါ ဒီစာအုပ်ကို စတေးဖို့ ပြင်ဆင်ထားရမယ်လေ။
မူကြိုဆရာမတစ်ယောက်အနေနှင့် ကလေးတွေ ကျောင်းလာတဲ့အခါ ရိုးရိုးရှင်းရှင်း၊ သေသေသပ်သပ် ဝတ်စားလာတာကို အမှန်တကယ် နှစ်သက်ပေသည်။ အရမ်းကြီးထူးခြားမနေဘဲ အငြင်းအခုံတွေမရှိလိုပေ။
ဈေးကြီးတဲ့စကတ်လေးကို ဘယ်သူကဖြဲပစ်လိုက်တာ၊ အရုပ်လေးကို ဘယ်သူက ချိုးပစ်လိုက်တာ စသဖြင့် အငြင်းအခုံတွေ ဖြစ်တတ်ကြတဲ့ ကလေးတွေကြောင့်ပါပဲ...
မူကြို သို့မဟုတ် မူလတန်းကျောင်းပဲဖြစ်နေပါစေ၊ အထူးသဖြင့် မူလတန်းကျောင်း၌ တချို့ကလေးတွေက ပြေးလွှား၊ တွားသွားရတာကို နှစ်သက်ကြသလို တချို့ကတော့ လှလှပပလေးဝတ်စားပြီး မနက်စောစော ကျောင်းကိုလာတက်ကြပေမယ့် သူတို့ အိမ်ပြန်သွားချိန်မှာတော့ စုတ်ပြတ်သတ်ဖုန်လူးနေတဲ့ ကလေးမလေးတွေ၊ ကောင်ကလေးတွေ ဖြစ်သွားတတ်ကြသည်ပင်။
ဒီကလေးဆိုးလေးတွေက သူတို့ကိုယ်သူတို့ ဘယ်လိုနေထိုင်ရမလဲ မသိကြဘူးကွယ်။