အခန်း (၁၆၆)
Vol. 14 Ch. 166
Ch-166
နောက်က်တော့မှ ချင်းရို့ မူကြိုမှာ သွားစုံစမ်းကြည့်တဲ့အခါ... မုန်လာဥကြောင့်ဆိုတာ သိလိုက်ရလေရဲ့။
မူကြိုမှာက နေ့လည်ခင်း နှစ်ရက်ဆက်တိုက် မုန်လာဥကို စားရသဖြင့် မုန်လာဥမကြိုက်ကြတဲ့ ကလေးလေးနှစ်ယောက်မှာ ကြေကွဲခဲ့ရလေသည်။
မူကြိုက ပျော်စရာကောင်းပြီး သူငယ်ချင်းတွေရှိသော်လည်း မုန်လာဥနီကို စားဖို့တော့ ငြင်းဆန်နေဆဲပင်။
ချင်းရို့: "…"
သူတို့မိသားစုရဲ့ ဘေဘီလေးတွေဟာ မူကြို၌ ပေါင်းသင်းဆက်ဆံရေးမှာ မကျရှုံးခဲ့ပေမယ့် မုန်လာဥနှစ်လုံးကြောင့် အရှုံးပေးခဲ့ရလေပြီ။
"အိမ်မှာဆိုလည်း မုန်လာဥစားရတာကို"
"မုန်လာဥမကောင်းဘူး၊ မုန်လာဥမစားဘူးလို့!"
"မုန်လာဥမစားဘူး!"
အိမ်မှာ မုန်လာဥစားနေရတဲ့ဟာကို မူကြိုမှာပါ မုန်လာဥကို ဘာကြောင့်စားနေရဦးမှာလဲလို့? ကောင်လေးနှစ်ယောက်မှာ ဆိုးဆိုးရွားရွား ဆန့်ကျင်နေကြလေရဲ့။
"ကောင်းပြီ ကောင်းပြီ၊ ဒါဆို အခုကစပြီး ကျောင်းမှာ မုန်လာဥစားခဲ့ရင် အိမ်မှာ မုန်လာဥ မစားရတော့ဘူး ဟုတ်ပြီလား?"
ချင်းရို့က မုန်လာဥတွေဟာ ဒီလောက်မဆိုးပါဘူးလို့ တစ်ကိုယ်တည်း တွေးနေမိလျက်။ ကလေးတွေက မုန်လာဥကို ဘာလို့အရမ်းမုန်းနေကြတာလဲနော်?
"မူကြိုမှာ မုန်လာဥမစားဘူးလို့!"
"မူကြိုမသွားတော့ဘူးလို့"
…
"သားတို့က မားမားရဲ့ မုန်လာဥဘယ်နှစ်လုံးဆွဲခဲ့တာလဲ?"
ချင်းရို့ ဒီလိုပြောပြီးနောက် အနှီကလေးဆိုးလေးနှစ်ဦးရဲ့ အတိတ်ကအဖြစ်အပျက်ကို အမှန်တကယ်ပင် တူးဆွလိုခဲ့သည်။
ဤကလေးဆိုးလေးနှစ်ယောက်ဟာလည်း အလွန်ဥာဏ် ကောင်းကြသည်ပင်။
သူတို့ မုန်လာဥကို မုန်းတီးရတဲ့ အကြောင်းမှာ သူတို့မှတ်ဥာဏ်ထဲမှာ လေးလေးနက်နက် စွဲထင်နေတဲ့ ပထမဆုံးအသီးအနှံပျိုးပင်မှာ မုန်လာဥပျိုးပင် ဖြစ်သည်။
ချင်းရို့က ခြံထဲမှာ မုန်လာဥပျိုးပင်တွေ အများအပြားစိုက်ပျိုးခဲ့ရာ ကလေးနှစ်ယောက်ရဲ့ အကြိုက်ဖြစ်ခဲ့သည်လေ။ ကောင်ဆိုးလေးတွေက တူးဖော်ပြီးတော့ မုန်လာဥကို ဆွဲထုတ်ခဲ့ကြလေရဲ့။
သူတို့နှစ်ယောက်က တူးဖော်ရာတွင် တိတိကျကျ အာရုံစူးစိုက်ထားပြီး ခြံထဲမှာ မုန်လာဥတစ်လုံးမှမကျန်အောင် ပြတ်ပြတ်သားသား တူးခဲ့ကြသည်ပင်။
ဆွဲနှုတ်ပြီး ပြန်စိုက်၊ ဆွဲနှုတ်ပြီး ပြန်စိုက်နေကြတာ...
ချင်းရို့မှာ အမှန်တကယ်ပင် ဆွံ့အနေရကာ နောက်ဆုံးမှာတော့ ဘေးအိမ်က လောင်ကျန်းကိုပဲ မုန်လာဥပျိုးပင်တွေအများကြီး ပေးလိုက်ရတော့သည်။
မုန်လာဥတွေကို မင်းတို့ဘယ်လောက်ဆွဲထုတ်နေပါစေ မင်းတို့မေမေရဲ့ မုန်လာဥစိုက်ပျိုးဖို့ ဆုံးဖြတ်ချက်ကို မသတ်နိုင်ဘူးနော်...
"သားတို့ အနာဂတ်မှာ မူကြိုမတက်ဘူးဆိုရင် မားမားက သားတို့ကို ခြံထဲမှာ မုန်လာဥစိုက်ဖို့ ခေါ်သွားမယ်။ မားမားတို့ မုန်လာဥဖြူ၊ မုန်လာဥနီတွေကို လှေကားထစ်တစ်လျှောက်လုံး စိုက်ကြမယ်လေ။ မုန်လာဥသေးသေးလေးတွေက အရမ်းချစ်စရာကောင်းတာပဲ"
"အခုကစပြီး သားတို့ မုန်လာဥဘေဘီလေးတွေ ဖြစ်လာတော့မှာဆိုတော့ မုန်လာဥတွေကို ကာကွယ်ရမယ်နော်"
အိမ်မှာ မုန်လာဥ စိုက်ပျိုးတော့မယ်?
အိမ်မှာ မုန်လာဥ စိုက်ပျိုးရတော့မှာလား?
ကလေးပေါက်စတွေရဲ့ ကမ္ဘာတွင် ယင်းမှာ ကမ္ဘာကြီးရဲ့ အဆုံးသတ်ထက် ပိုကြောက်စရာကောင်းနေလေရဲ့။
မုန်လာဥကိုကာကွယ်ရဦးမယ်?
သူတို့က မုန်လာဥတွေကို ဖျက်စီးပစ်ချင်ရုံလေးပါနော်!
ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့က ကြမ်းကြမ်းရမ်းရမ်း ခေါင်းခါနေကြရင်း
"မုန်လာဥမစိုက်ရဘူး၊ မုန်လာဥမစိုက်ဘူးလို့..."
"မုန်လာဥစိုက်ရတာ အရမ်းကောင်းပါတယ်ကွယ်။ မားမားက သားတို့အတွက် မုန်လာဥမန်ထို၊ မုန်လာဥဖက်ထုပ်၊ မုန်လာဥနှပ်၊ မုန်လာဥချိုချဉ်၊ မုန်လာဥနှင့်ခရမ်းချဉ်သီး၊ သက်သတ်လွတ် မုန်လာဥနုပ်နုပ်စင်းကြော်၊ ပါးပါးလှီးထားတဲ့ မုန်လာဥကြော်တွေ လုပ်ပေးမယ်နော်..."
ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူးလို့ ! ! !
ချင်းရို့ သူမတင်ပါးပေါ် လက်တင်ကာ ကလေးနှစ်ယောက်အား ကြည့်၍
"အခု သားတို့ မူကြိုသွားချင်ပြီလား? ကောကောက အရင်ဖြေ"
ကျိုးကျိုး: "မူကြိုသွားမယ်"
ဖက်ထုပ်လေးက နှုတ်ခမ်းစူပြီး ဘောင်းဘီကို ဆွဲချနေရင်း သူ့ကော ကောအား သစ္စာဖေါက်သွားတယ်ဆိုတဲ့ပုံစံလေးနဲ့ ကြည့်ကာ နောက်ဆုံးမှာတော့ ဒေါသတကြီးနှင့် "သားလည်း မူကြိုသွားမှာ"
သူ့ကော ကောက မူကြိုသွားမယ်ဆိုရင် သူလည်း မူကြိုသွားရမှာပေါ့လို့...
"ဟုတ်ပြီ သားတို့ မူကြိုသွားရမယ်၊ ပြီးတော့ မုန်လာဥတွေလည်း စိုက်ပျိုးကြတာပေါ့။ မားမားက သားတို့ကို မုန်လာဥတွေ ဘယ်လိုစိုက်ပျိုးရသလဲဆိုတာ ပြပေးမယ်နော်"
မဟုတ်ဘူးလို့! မကောင်းပါဘူးနော်!
ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားပြီး ငြင်းဆန်နေကြလျက်! မုန်လာဥတွေအကြောင်း မပြောပါနဲ့!
ချင်းရို့ဟာ သူမကိုယ်သူမ ကြင်နာလွန်းတယ်လို့ ထင်မှတ်နေမိဆဲ။
ဘေးအိမ်က လောင်ကျန်းဟာ ကြက်ဟင်းခါးသီး အများအပြား စိုက်ပျိုးထားသည်ပင်။ လောင်ကျန်းစိုက်ပျိုးထားတဲ့ ကြက်ဟင်းခါးသီးကို မင်းတို့လေးတွေ စားကြည့်ပြီးရင် မင်းတို့မေမေကျွေးတဲ့ မုန်လာဥက ဘယ်လောက်ကောင်းသလဲဆိုတာ သိသွားလိမ့်မယ်နော်...
ချင်းရို့ ဤကလေးငယ်လေးနှစ်ယောက်ကိုကြည့်ရင်း သူတို့လေးတွေ မုန်လာဥကို ကာကွယ်ရတဲ့ဂိမ်းကို တကယ်မကစားချင်မှန်း သဘောပေါက်လိုက်၏။
သူတို့ သီချင်းဆိုချင်ရင် မုန်လာဥတွေကို ဆွဲနှုတ်တဲ့အကြောင်း၊ သူတို့မားမားစိုက်ပျိုးထားတဲ့ မုန်လာဥတွေကို တစ်ခုပြီးတစ်ခု ဆွဲနှုတ်တဲ့အကြောင်း သီဆိုကြမှာ အသေအချာပါပဲ။
"ဟိုဘက်အိမ်က ဦးလေးကျန်းရဲ့ ကြက်ဟင်းခါးသီးက ကြီးလာပြီနော်။ ဒီည သားတို့ မုန်လာဥစားချင်လား ဒါမှမဟုတ် ဦးလေးကျန်းအိမ်က ကြက်ဟင်းခါးသီး စားချင်လား?"
"မုန်လာဥ"
"မုန်လာဥစားတာပဲ ပိုကောင်းပါတယ်"
ကြက်ဟင်းခါးသီးနဲ့ နှိုင်းယှဥ်လိုက်ရင်တော့ ညီအစ်ကိုနှစ်ယောက်က မုန်လာဥကို စားဖို့ ဆုံးဖြတ်ထားသည်ပင်။ နည်းနည်းလေးတောင်မှ တုံ့ဆိုင်းမနေဘူးဟေ့။
ဖက်ထုပ်လေးက ထပ်ပေါင်းပြောလာလေ၏။
"မုန်လာဥဖက်ထုပ်စားကြမယ်နော်၊ ဖက်ထုပ်က မုန်လာဥလိုတယ်လေ"
မူကြိုတွင် မုန်လာဥပြုတ်ကို စားခဲ့ရပြီးနောက် ညီအစ်ကိုနှစ်ယောက်စလုံးဟာ သူတို့မေမေလုပ်ကျွေးတဲ့ မုန်လာဥနှင့် ပုစွန်ဖက်ထုပ်တွေကို လက်မခံနိုင်စရာမရှိကြောင်း ခံစားမိသွားချေပြီ။
…
ကလေးတွေရဲ့ မူကြိုတက်သည့်နေ့ရက်များဟာ ချောမွေ့လှသည်ပင်။ နိုဝင်ဘာလ၌ ချင်းရို့အစ်မနှင့်ခဲအိုတို့မိသားစုလည်း တာ့ကျောင်ရွာတွင် အိမ်တစ်လုံးဆောက်ခဲ့ပြီး အခြေကျသွားလေပြီ။ ချင်းရို့က သူမအစ်မရဲ့ အိမ်အသစ်ကို အမြွှာလေးတွေကို ခေါ်ပြီး သွားလည်ခဲ့သည်။
ယခုအခါ ထုတ်ဝေရေးဌာနက စာတိုက်မှတစ်ဆင့် ငွေနှစ်စောင်ကို ပို့ပေးထားခဲ့ပြီး တစ်ခုမှာ ကလေးရုပ်ပြစာအုပ်အတွက် ယွမ် ၈၀၀၊ ကျန်တစ်ခုမှာ ငါးမန်းဘေဘီလေးအတွက် ယွမ် ၅၀၀ ဖြစ်၏။
ချင်းရို့ မူလကတော့ ကလေးရုပ်ပြစာအုပ်အတွက် ၂၀/၈၀ ခွဲဝေလိုခဲ့သည်ပင်။ ဘာပဲပြောပြော ဒီအကြံက သူမရဲ့အကြံဆိုပေမယ့် အဓိက ကာတွန်းရုပ်ပြရေးဆွဲသူက မစ္စတာချန်ပဲလေ။
သို့သော် ချန်မိသားစုက သဘောမတူဘဲ ၅၀/၅၀ ခွဲဝေရမယ်လို့ ပြောဆိုနေကြရာ နောက်ဆုံးတွင်မူ ၄၀/၆၀ဖြင့် သဘောတူညီခဲ့ကြလေရဲ့။
ချင်းရို့က တစ်ကြိမ်တည်းနဲ့ ၈၂၀ယွမ်ကို ရှာနိုင်ခဲ့ပြီး ယင်းမှာ တစ်နှစ်ရဲ့ လစာထက် ပိုနေသော်လည်း ဤသည်မှာ ဆက်တိုက်ငွေရှာဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းမဟုတ်ပါပေ။
ဘာလို့လဲဆိုတော့ သူမရဲ့ အတိတ်ကအောင်ပွဲတွေကို ထပ်ခါတလဲလဲ မလုပ်နိုင်သလို သူမက ပရော်ဖက်ရှင်နယ် ပန်းချီဆရာလည်း မဟုတ်ဘူးလေ။ သူမက စိတ်ကူးအကြံဥာဏ်တွေကိုပဲ အဓိကရောင်းချနိုင်တယ်။
စာရေးဆရာများစွာရဲ့ ပထမဆုံးစာအုပ်မှာ တီထွင်ဖန်တီးခြင်းလှုံ့ဆော်မှုရဲ့ အထွတ်အထိပ်ပင်။ ဆိုလိုသည်မှာ ပွဲဦးထွက်ရဲ့ အထွတ်အထိပ်ဖြစ်ပြီး အတိတ်က စုဆောင်းထားသမျှ အတွေ့အကြုံအားလုံးကို စုစည်းထားခြင်းပင်။
နောင်မှ အတိတ်ကို ကူးယူလိုပါက စာဖတ်သူတွေ အသိအမှတ်မပြုနိုင်တဲ့ နောက်ဆက်တွဲများစွာဖြစ်ရန် အလားအလာ ပိုများပေသည်။
ထားလိုက်ပါတော့လေ... သူမလည်း ဒီကိစ္စကို အတင်းအကြပ်လုပ်မနေတော့ပါဘူး...