← Chapters

“ ညမိစ္ဆာ ”ဟု နာမည်တွင်ခြင်း

Vol. 3 Ch. 207

“ ညမိစ္ဆာ ”ဟု နာမည်တွင်ခြင်း

Vol. 3 Ch. 207

" ညမိစ္ဆာ ဟုတ်လား "

သွေးသစ်ပင်များ အော်နေသည့်အသံကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းပါးစပ်အဟောင်းသားဖြစ်သွား၏။ လွန်ခဲ့သည့်ရက်က လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်ကြောင့် လူအတော်များများသည် သူ့အား ညမိစ္ဆာဟု ခေါ်နေကြခြင်းကို ပိုင်ရှောင်ချန်းတစ်ယောက် သိပင် မသိချေ။

ဆူဆူညံညံ အော်ဟစ်နေသော သွေးသစ်ပင်များကြောင့် စိတ်ရှုပ်လာသည်နှင့် အကြင်နာတရားကင်းမဲ့သည့် အသံဖြင့် အေးစက်စက် နှာမှုတ်ကာ အော်လိုက်သည်။

" တိတ်စမ်း ''

သူ့အသံတွင် အကြင်နာတရားကင်းမဲ့လျက် သတ်ဖြတ်လိုသည့် အငွေ့အသက်များပြည့်နေသဖြင့် သွေးသစ်ပင်များမှာ ကြောက်ရွံထိန့်လန့်မှုကြောင့် တဆတ်ဆတ်တုန်သွားပြီး တိခနဲ တိတ်ဆိတ်သွားလေသည်။ ထိုကြောက်လန့်တကြားဖြစ်နေသော သွေးသစ်ပင်များက သူတို့၏ အမြစ်များအားဆွဲထုတ်လိုက်ပြီး အင်မော်တယ်ဂူသို့ ဦးတည်နေသည့်လမ်းကြောင်းအား ဖယ်ပေးလိုက်သည်။

ပိုင်ရှောင်ချန်းက လက်နောက်ပစ်၍ မေးကိုပင့်လိုက်ကာ ခပ်တည်တည်နှင့် ဝင့်ကြွားစွာ ပြောလိုက်သည်။

"နတ်ဆရာ ...အပြင်ကို ထွက်လာခဲ့စမ်း''

ထိုအသံကို ကြားလိုက်ရသူအပေါင်းမှာ လုံးဝ တုန်ခါသွားကြသည်။

အင်မော်တယ်ဂူအတွင်းရှိ နတ်ဆရာ၏မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ သူ့မျက်လုံးတွင် ရူးသွပ်သွားသည့် အကြည့်ပေါ်လာ၏။ သူက အံ့တင်းတင်းကြိတ်ကာ နဖူးထက်၌ ချွေးများပင်စို့လာပြီးနောက် အော်ပြောလိုက်သည်။

"ညမုဆိုး။ မင်း သိပ်တရားလွန်မလာနဲ့နော်''

ပိုင်ရှောင်ချန်းက သွေးသစ်ပင်တောထဲသို့ ခြေပင်မချပေ။ မန္တန်အစီအရင်၏ ဖိအားက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းနေသည်။ သို့သော်လည်း နတ်ဆရာ၏ စကားလုံးများ ကြားလိုက်ရသည်နှင့် သူသည် ရက်စက်စွာ ပြုံးလိုက်ပြီးနောက် သွေးချီအချို့အား ထုတ်ဖော်လိုက်၏။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ထိုပတ်ဝန်းကျင်ရှိ သွေးချီအားလုံး လှုပ်ရှားထကြွလာပြီး သိပ်သည်းထူထပ်သောသွေးမြူများအသွင် ပြောင်းလဲသွားလေသည်။

သွေးသစ်ပင်များ၏ မျက်နှာတွေ မှာ တုန်လှုပ်ချောက်ချားမှုကြောင့် ရှုံတွနေပါသော်လည်း အသံမထွက်ရဲကြဘဲ ကြောက်လန့်တုန်လှုပ်နေကာ အချင်းချင်း တိုးဝှေ့ပူးကပ်နေကြသည်။

ထိုအနီးအနားရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် ဖြစ်ပျက်နေမှုများကို သတိပြုမိသွားပြီးနောက် ပိုင်ရှောင်ချန်း ပတ်လည်တွင် သွေးချီများ ကြောက်ခမန်းလိလိ စုစည်းနေသည်ကို မြင်တွေ့လိုက်ကြသည်။ အင်မော်တယ်ဂူထဲရှိ နတ်ဆရာသည် ခါးသက်စွာ ရယ်လျက် ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ထိုင်နေလေသည်။ သူ၏မျက်ဝန်းထဲရှိ ဒေါသမီးတောက်များက ကြီးမားလာပြီး သူက အသေအကျေတိုက်ခိုက်ရန် အပြင်သို့ထွက်ရန် ပြင်လိုက်ချိန်မှာပင် ပိုင်ရှောင်ချန်း၏ ရက်စက်ကြမ်းကြုတ်သော အသံက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာ၏။

"ဒီနေရာက အခုချက်ချင်းထွက်လာဖို့ မင်းကို အသက်ရှုချိန်သုံးကြိမ်ပေးမယ် ''

သူက မောက်မာထောင်လွှားစွာပင် ဆက်လက်ပြောလိုက်သည်။

"ဒီအင်မော်တယ်ဂူကို ကျုပ်လိုချင်တယ်''

ထို့နောက်သူက အင်္ကျီ လက်အား ဟန်ပါပါနှင့် ဆတ်ခနဲခါလိုက်လေသည်။

ထိုအချိန်တွင် နတ်ဆရာမှာ မန္တာန်အစီအရင်၏ အစွမ်းကိုထုတ်ကာ ပိုင်ရှောင်ချန်းနှင့် အရိုးကြေကြေအရေခမ်းခမ်း မသေမချင်းတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်လေသည်။ သို့သော် ပိုင်ရှောင်ချန်း၏ စကားကို ကြားလိုက်ရသောအခါ သူ့မျက်လုံးမှာ အံသြမှုကြောင့် လင်ဗန်းနီးပါး ပြူးကျယ်သွားသည်။ သူ့နားသူ မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

"ညမုဆိုး… မင်းအခုလို သက်ညှာပေးတာနဲ့ ငါက အသက်စွန့်မယ် ထင်နေတာလား.... မင်းကို ယုံမယ်များထင်နေသလား ဟမ်...''

"စိတ်အေးအေးထားစမ်းပါ...ကိုယ့်လူရာ...ငါ့စကားငါတည်ပါတယ်။ မင်းရဲ့ အင်မော်တယ်ဂူကို ယူမယ်ဆိုရင် အင်မော်တယ်ဂူကိုပဲ ယူမှာပါကွ ''

ပိုင်ရှောင်ချန်းပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် အင်မော်ဂူ၏ တံခါးပွင့်သွားပြီး နတ်ဆရာသည် လျင်မြန်စွာဖြင့် ဂူထဲမှ ပျံထွက်လာတော့သည်။ ထို့နောက် သူက အော်ပြောလိုက်လေသည်။

"ညမုဆိုး..သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက မိစ္ဆာဂိုဏ်းဆိုတာတော့ဟုတ်တယ်။ အေး...ဒါပေမယ့်.. ငါတို့က ငါတို့ကတိတည်တယ်။ မင်းစကားတွေကို တာအိုရောင်းရင်းတွေရှေ့မှာ ပြန်ရုပ်သိမ်းလိုက်တာနဲ့ လူတိုင်းမင်းကို ရွံ့မုန်းသွားကြလိမ့်မယ်။ ဘယ်သူမှလဲ မင်းကို ထပ်ပြီး ယုံကြမှာ မဟုတ်တော့ဘူးနော်''

နတ်ဆရာမှာ တကယ်ကိုပင်ကြောက်လန့်နေပြီဖြစ်သည်။ပိုင်ရှောင်ချန်းက သူ့ကို သတ်လိုသည့်အတွက် အင်မော်တယ်ဂူမှ ထွက်လာစေရန် ရည်ရွက်ချက်ရှိရှိ လှည့်စားခေါ်ထုတ်နေသည်ဟုထင်ကာ လန့်ဖြန့်နေ၏။ သူက ပျံထွက်လာချိန်တွင် အင်မော်တယ်ဂူထဲသို့ ဝင်ရန်လိုအပ်သည့် ကျောက်စိမ်းဆွဲပြားကို လှမ်းပစ်ချလိုက်လေသည်။

သူ့အသက်ကို ယူရန်မဟုတ်ဘဲ အင်မော်တယ်ဂူအတွက်သာ ပိုင်ရှောင်ချန်းရောက်ချလာမည်ဟု တွေးပင် မတွေးခဲ့ဖူးချေ။ ယခုထိတိုင် သူက မယုံကြည်သေးပဲ သေတွင်းမှ လက်မလေးတင် လွတ်လာခဲ့ရသကဲ့သို့ ရင်တဒုန်းဒုန်းခုန်နေလျက်ရှိသည်။

ကျောက်စိမ်းဆွဲပြားကို ဖမ်းယူလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ထွက်ပြေးသွားသော နတ်ဆရာအား ငေး ကြည့်လိုက်လေသည်။ထို့အခါမှသာ သူက အကြောင်းရင်းကို နားလည်သွားလေသည်။ထို့ကြောင့် နတ်ဆရာကို လျစ်လျူရှုလိုက်ကာ ပင့်သက်ရှိုက်လိုက်ပြီး သွေးသစ်ပင်တောထဲသို့ လှမ်းလိုက်လေသည်။

သခင်အသစ်ရကြောင်း သဘောပေါက်သွားသည်နှင့် သွေးသစ်ပင်အားလုံးမှာ ပြုံးပျော်သွားကြကာ ပိုင်ရှောင်ချန်းကို သိုက်သိုက်ဝန်းဝန်း ချီးကျူးထောပနာပြုကြလေသည်။

" သခင် ညမိစ္ဆာက အလွန် ကြီးကျယ်မြင့်မြတ်လှပါပေတယ်။ သာမန်ထက်ထူးကဲပြီး ကောင်းကင်ကြီးအောက်မှာ တုဖက်ကင်းလှအောင် စွမ်းအားကြီးပါပေတယ်''

" သခင်ညမိစ္ဆာ က အမြော်အမြင်ကြီးလှပါပေတယ်။ ဘယ်လောက်ခက်ခဲတဲ့အလုပ်ပဲ ဖြစ်ဖြစ် သူ မလုပ်နိုင်တာ မရှိဘူး''

ပိုင်ရှောင်ချန်းသည် အလွန်အကြူး ဖားနေသော သွေးသစ်ပင်များကို တည်ကြည်လေးနက်စွာြဖင့် အေးစက်စက် ကြည့်နေပါသော်လည်း သူ၏ မျက်လုံးထဲတွင်မူ ပို၍ မြှောက်ပေးစေလိုသော အရိပ်အရောင်များ ထင်ဟပ်နေသည်။ အစပိုင်းတွင် သွေးသစ်ပင်များက အလွန်တရာ စိတ်လှုပ်ရှားကာ ချီတုံချတုံဖြစ်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ ဘဝင်ကျနေသော အကြည့်အား မြင်တွေ့လိုက်သည်နှင့် ပို၍ပင် ရဲတင်းလာပြီး ဆက်တိုက်ဆိုသလို ချီးကျူးနေကြတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

" အိမ်း…ငါက တကယ်ထူးချွန်တဲ့လူပါလား '' သူက ခပ်တိုးတိုးညည်းလိုက်လေသည်။

" ငါဘယ်သွားသွား လူတိုင်းက ငါ့ကို ဖားနေတော့တာပဲ။ အိမ်း...စိတ်ရှုပ်ဖို့ကောင်းပေမယ့်လဲ သူတို့ကို မတားနိုင်တော့ ခက်တယ်ကွာ ''

သူ ပင့်သက်ရှိုက်လိုက်သည်နှင့် သွေးသစ်ပင်များ၏ ချီးကျူးမြှောက်ပင့်နေမှုများ ပို၍ပင် တိုးလာတော့သည်။

" ညမိစ္ဆာကို ယှဥ်နိုင်တဲ့သူ ဒီကမ္ဘာပေါ်မှာ မရှိဘူး''

" ညမိစ္ဆာရဲ့ အကြည့်တစ်ချက်အောက်မှာ အမျိုးသမီးကျင့်ကြံသူတွေ အရူးအမူးဖြစ်သွားရတော့တာပဲ ''

"ညမိစ္ဆာ သက်ပြင်းချရင် ကောင်းကင်ကြီးတောင်မှ မှိုင်တွေသွားတယ် ''

သွေးသစ်ပင်များ၏ မီးကုန်ယမ်းမှုန် မြှောက်ပင့်နေမှုများကို ဘဝင်ခိုက်လျက် ပိုင်ရှောင်ချန်းသည် နတ်ဆရာ၏ အင်မော်တယ်ဂူထဲသို့ မြောက်ကြွ မြောက်ကြွ ဝင်သွား၏။ ဤနေရာမှ သွေးချီစွမ်းအားကောင်းမှုမှာ စုန့်ချွဲ၏ သွေးတံခွန်အနီးတဝိုက်ထက် မလျော့လေရာ ပိုင်ရှောင်ချန်းမှာ ပို၍ သဘောကျကျေနပ်သွားလေသည်။

သူအထဲသို့ရောက်သည်နှင့် ရုပ်သေးရုပ် ခုနစ်ရုပ် ရှစ်ရုပ်ခန့်က ရိုသေကျိုးနွံစွာ နှုတ်ဆက်လိုက်ကြသည်။ထို့နောက် ပိုင်ရှောင်ချန်းသည် ထိုရုပ်သေးရုပ်များအား ပြိုကျပျက်စီးနေသော အင်မော်တယ်ဂူအဟောင်းမှ သူပိုင်ဆိုင်သည့် ပစ္စည်းများကို သွားယူရန် အလျင်အမြန်စေလွှတ်လိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် နတ်ဆရာ၏ဂူကို ပိုင်ရှောင်ချန်းသိမ်းပိုက်လိုက်သည့် သတင်းများမှာ အလယ်တောင်တစ်ခုလုံး ပျံ့နှံသွားလေသည်။ ထို့အပြင် ညမုဆိုး၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်းကိုလည်း ဇာတ်လမ်းသစ်များ ချဲ့ထွင်ကာ ပြောဆိုနေကြပြန်တော့သည်။

လဝက်ခန့်ကုန်ဆုံးသွားပြီး ညမုဆိုး၏ ဇာတ်လမ်းများမှာ ပို၍ပင် လူပြောများလာလေသည်။ ထိုနယ်ပယ်ရှိ ကျင့်ကြံသူမျိုးနွယ်စုများပင်လျှင် သူ့အကြောင်း သိနေကြပြီဖြစ်သည်။

မကြာမီ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း ပေါ်ပေါက်လာသော ရိုင်းစိုင်းကြမ်းကြုတ်သော လူထူးဆန်းအကြောင်းအား လူတိုင်း စစ်စစ်ပေါက်ပေါက်သိနေကြသည်။ ထိုလူက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအုပ်စုတစ်ခုလုံးကို တစ်ယောက်တည်းနှင့် တိုက်ခိုက်သွားသည့်အပြင် ထိုအထဲမှ ခုနစ်ယောက် ရှစ်ယောက်ကိုပင် အသေသတ်သွားခဲ့သည်။ထိုမျှမက သူက အလယ်တောင်ရှိ သွေးချီအားလုံးကိုစုစည်းကာ အလွန်ကြီးမားသော ကြောက်မက်ဖွယ် သွေးဓားကြီးကို ဖော်ထုတ်ခဲ့သည်။

ထို့အပြင် သူ၏ သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းအတတ်မှာ လူအပေါင်းအား တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

"အဲ့လူက ထူးဆန်းတဲ့ စရိုက်နဲ့မို့ လုံးဝ မှန်းဆလို့မရဘူးကွ။ ရှိရှိသမျှလူတွေအကုန် လိုက်သတ်နေရင်းကနေ နောက်တစ်စက္ကန့်လောက်နေတော့ အေးအေးဆေးဆေးနဲ့ လွှတ်ပေးလိုက်ပြန်ကော။ သူ့ကို နားလည်ဖို့ ..မဖြစ်နိုင်ဘူး..''

"ခေါင်းဆောင် ကြီး အတုမဲ့ ပြောတာကို ငါကြားတုန်းက...ညမုဆိုးက ဒီလို မိစ္ဆာစရိုက်ကြောင့်မလို့ ဟိုစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ပိုင်ရှောင်ချန်းရဲ့လက်ကနေ လွှတ်လာတာတဲ့။ အဲ့ကောင် ညမုဆိုးက တမူထူးခြားနေတာ အတော်ကြာပြီကွ။"

"စုန့်ချွဲလိုလူတောင်မှ သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒါပေမယ့်သူက လူသားတာအိုအခြေခိုင်မာခြင်းအဆင့်မှာပဲ ရှိသေးတာ တော်တော်ဆိုးတာပဲ။

နို့မို့ဆို. ...အခုလောက်ဆို အရင်ထက်တောင် ပိုစွမ်းနေလောက်ပြီ ''

"အဲ့တာက ဘာမှမဟုတ်သေးဘူး။ ငါကြားတာကတော့ တောင်လေးလုံးရဲ့ မဟာအကြီးအကြဲအကုန်လုံး အဲ့ကောင်ကို ဝိုင်းလုကြတာတဲ့။ နောက်ဆုံးတော့ အလယ်တောင်အကြီးအကဲ စုန့်ကျင်းဝမ်ကိုပဲ ရွေးချယ်လိုက်တာပဲ။ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်သလဲကြည့် ''

ထင်ထားသည့်အတိုင်းပင် သတင်းစကားများမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်အတွင်းမှ တခြားဂိုဏ်းများသို့ပါ ကူးစက်သွား၏။ အထူးသဖြင့် စစ်ဖြစ်နေသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ပင် ညမုဆိုးအကြောင်းကြားနေရလေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် တခြားသောဂိုဏ်းများထက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ပိုနီးသဖြင့် အသေးစိတ်သိရလေသည်။ အထူးသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်နှင့်မြောက်ဖက်ပိုင်းတို့တွင် ထိုသတင်းကြောင့် စိတ်လှုပ်ရှားနေလျက်ရှိကြသည်။

တံခါးပိတ်ကျင့်ကြံအားထုတ်နေသော ဝိညာဥ်စွယ်ပင် ဇာတ်လမ်းတစ်ပိုင်းတစအား ကြားရလေသည်။ မျက်မှောင်ကြုတ်လျက် မြေခဓားမဟူရာချောက်တုံးက ဖြစ်ရပ်များကို ပြန်တွေးလိုက်သော်လည်း ထိုနာမည်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအား ပုံဖော်၍ မရချေ။

"ညမုဆိုး ဟုတ်လား.....ငါသူ့ကို မမှတ်မိပါလား''

ရှန်ကွမ်းထျန်ယုံကလည်း တံခါးပိတ်ကျင့်ကြံနေလေသည်။ ယခင်ကအကြောင်းအရာများအား ပြန်လည်တွေးတောလိုက်ပါသော်လည်း အနှီလူငယ်နှင့် ပတ်သက်ပြီး မည်သည့် အချက်အလက်မှ စဥ်းစား၍ မရချေ။ သို့သော် ထိုအရာသည် အရေးမပါချေ။ သူ့ထက်သာလွန်စွမ်းအားကြီးသော လူတစ်ယောက်ပေါ်ထွန်းလာခြင်းကြောင့် သူက စိတ်မသက်မသာဖြစ်နေတော့သည်။ မည်သည့်မျိုးဆက်၏ လက်ရွေးစင်မဆို သူတို့၏ နေရာကို ထိန်းသိမ်းရန် တစ်ခုတည်းသောနည်းလမ်းမှာ စွမ်းအားကြီးသထက်ကြီးလာရမည်ဖြစ်ကြောင်း သူတို့အားလုံး သိလေသည်။

"ညမုဆိုး..."

ကျိုးရှင်းချီမှာ လေးပင်စွာ ပင့်သက်ရှိုက်လေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကြောင်းကိစ္စများကို အနီးကပ် ဂရုတစိုက် အာရုံစိုက်နေလျက်ရှိသည်။ ကျိုးရှင်းချီသည် ထိုသတင်းများကြောင့် အလွန်အမင်းအံအားသင့်သွား၏။ အထူးသဖြင့် ထိုညမုဆိုးဆိုသူက အခြေခိုင်မာခြင်းအဆင့်ပညာရှင်တစ်ဖွဲ့လုံးကို တစ်ယောက်တည်း ယှဥ်၍တိုက်ခိုက်ခဲ့သည်ကို ကြားလိုက်ရသောအခါ ပို၍ပင် မှင်တက်နေလေ၏။ ထို့နောက် သူမက အံကြိတ်ထားလိုက်ပြီး ကျင့်ကြံခြင်းတွင် ပို၍ ပြင်းထန်စွာ အာရုံစိုက်လိုက်လေသည်။

ပေဟန်လဲ့၊ လုထျန်းလဲ့ ၊ ရွှီဆုန် ၊ ကုန်းစွန်းယွင် နှင့် အခြားရွေးချယ်ခံရသူအားလုံးသည်လည်း ထိုနည်းတူပင်။ ညမုဆိုး၏ ဇာတ်လမ်းများသည် သူတို့အား ပိုမိုကျင့်ကြံအားထုတ်ရန်အတွက် ကြီးမားလှသော တွန်းအားကြီးသဖွယ်ပင် ဖြစ်နေတော့သည်။ ဂိုဏ်းခေါင်းဆောင်နှင့် အခြားအဆင့်မြင့်သော အကြီးအကဲများမှာမူ ထိုအကြောင်းအရာများအား မှတ်တမ်းတင်ထားလိုက်သည်။ သို့သော် သူတို့ပို၍ စိတ်ဝင်စားသည်မှာ သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းအတတ် ပင်ဖြစ်သည်။

"ညမုဆိုးက ဒီထက်ပိုစွမ်းလာရင် ဒုက္ခတွေ ရောက်ကုန်တော့မှာပဲ''

"ပိုင်ရှောင်ချန်း ဘယ်ရောက်နေလဲ ပိုက်စိတ်တိုက်ရှာကြစမ်း။ အဲ့ကလေးကတော့ ထွက်သွားထဲက အရိပ်တောင် ပေါ်မလာဘူး။ စောင့်ကြည့်ဖို့လွှတ်ထားတဲ့သူတွေတောင်မှ ဘာသဲလွန်စမှ မတွေ့ရဘူးကွာ''

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ရွေးချယ်ခံထားရသူများနှင့် အကြီးအကဲများသည် တုန်လှုပ်နေကြသည်။ အတွင်းစည်းဂိုဏ်းသားများထဲတွင်မူ အများစုသည် သူတို့ကြားလိုက်ရသည့် သတင်းများကို အထင်ပင် မကြီးကြပေ။

" ညမုဆိုးတဲ့လား... ဂိုဏ်းတူဦးလေးပိုင်ရဲ့ ခြေဖျားတောင် မမှီဘူး''

"သွေးထွက်အောင်ကို မှန်ပါ့...ဂိုဏ်းတူဦးလေးပိုင်သာ ချလိုက်လို့ကတော့ အဲ့ညမုဆိုး တစ်စက္ကန့်အတွင်းမှာပဲ ပြာဖြစ်သွားမှာဟေ့ ''

ထိုကဲ့သို့ လူအတော်များများ ရေရွတ်နေကြလေသည်။ အထူးသဖြင့် ဖက်တီးကျန်းကြီး နှင့် ဟိုရှောင်မေ့တို့ အပါအဝင်ဖြစ်လေသည်။ ရွှီပေါက်ချိုင်မှာလည်း ထင်မြင်ချက်အမျိုးမျိုးပေးကာ စိတ်အားထက်သန်စွာ ပြောနေသည်။

ပိုင်ရှောင်ချန်းက လက်ညှိုးလေးတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လောလောလတ်လတ် နာမည်ကြီးနေသော ညမုဆိုး လုံးဝဇီဝန်ချုပ်သွားလိမ့်မည်ဟူသော သူမ၏ ထင်မြင်ချက် ခိုင်လုံစေရန်အတွက် ဟိုရှောင်မေ့က တံခါးပိတ်ကျင့်ကြံနေသော ဟိုယွင်ဖေးထံ ဆွေးနွေးရန်သွားလေသည်။

အချိန်အတော်ကြာကြာတွေးတောပြီးနောက် ဟိုယွင်ဖေးသည် ပြုံးလျက်ပြောလိုက်၏။

"ညမုဆိုး...ဟုတ်လား။ရှောင်ချန်းကိုလဲ လူတွေအများကြီး တစ်ခါတည်းဝိုင်းတိုက်ဖူးတာပဲလေ။ ငါဖြင့်...အကုန်လုံးကိုတောင် မမှတ်မိတော့ဘူး.''

"အဲ့လူက ဘာမှမဟုတ်ဘူး။ အကိုကြီးရှောင်ချန်းသာ လေးစားအံ့သြစရာအကောင်းဆုံးပဲ''

အစပိုင်းတွင် ဟိုရှောင်မေ့သည် အင်မတန်ပျော်ရွှင်နေသည်။ သို့သော် မြန်မြန်ဆန်ဆန်ပင် မျက်နှာလေးညှိုးကျသွားပြန်၏။

" ရှောင်ချန်းဘယ်များရောက်နေပါလိမ့်နော်။ ဘာလို့တစ်ယောက်မှ သူ့ကို မရှာနိုင်ကြတာလဲ။ ကျေးဇူးပြုပြီး သူ ဒုက္ခမရောက်ပါစေနဲ့''

ဟိုယွင်ဖေးမှာ သူ့ညီမ၏ ဆံပင်ကို ထိုးဖွလိုက်ပြီး အဝေးသို့ ငေးကြည့်လိုက်လေသည်။

"သူ့ကို စိတ်ပူ မနေပါနဲ့''

ဟုခပ်ရေးရေးပြုံးလိုက်ပြီး ပြောလိုက်၏။

"ဘယ်နေရာပဲရောက်နေရောက်နေ… သူ့ကို အန္တရာယ်ပြုတဲ့လူသမျှ ဒုက္ခရောက်လိမ့်မယ်။ သူ့ကြောင့် စိတ်ရူးဖောက်သွားသူ ဘယ်လောက်တောင်ရှိမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ ''

ဟိုရှောင်မေ့က ပိုင်ရှောင်ချန်းပါဝင်ခဲ့သည့် အတိတ်က အဖြစ်အပျက်များအား ပြန်ပြောင်းတွေးတောနေလျက် ပြုံးနေမိသည်။ထို့နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများပြည့်နှက်သွားပြီး ပါးများပင် နီရဲသွားကာ ကျင့်ကြံခြင်းတွင် တစိုက်မတ်မတ်ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ ထိုသို့ မလုပ်ပါက ပိုင်ရှောင်ချန်းနှင့် သူမ ကြားတွင် ဘာမှ ဖြစ်လာတော့မည်မဟုတ်ချေ။

ထိုသို့ ညမုဆိုး၏ အကြောင်းများ ပျံ့နှံ့နေစဥ် ပိုင်ရှောင်ချန်းက သွေးရေကန်ဘေးတွင် ထိုင်ကာ ကျင့်ကြံအားထုတ်နေ၏။ ထိုပတ်ဝန်းကျင်ရှိ သွေးချီများ၏ အကူအညီကြောင့် ထာဝရကောင်းကင်ဘုရင် ဒုတိယအဆင့်ကိုပင် စတင်ကျင့်ကြံနေပြီ ဖြစ်လေသည်။

ယခုတွင်မူ ကောင်းကင်တံတားမြစ်ရေ တစ်ဝက်ကျော်ပင် သူ၏ ပထမဆုံး စိတ်စွမ်းအင်ပင်လယ်ထဲသို့ စီးဝင်လာလေသည်။ သိပ်မကြာမီ အချိန်အတွင်း ကျင့်ကြံခြင်း အထမြောက်တော့မည် ဖြစ်လေသည်။

ထိုအချင်းအရာသည် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်မှ သူ ဖောက်ထွက်တော့မည်ဖြစ်ကြောင်း ဖော်ပြနေ၏။ လူသားထိန်းချုပ်နည်းမဟာမှော်ပညာရပ်၏ နောက်တစ်ဆင့်သို့ ရောက်နိုင်တော့မည်လည်းဖြစ်သည်။ ထိုအချိန်တွင် သူသည် ယခင်က စိတ်ကူးယဥ်ရုံသာတတ်နိုင်ခဲ့သော နည်းလမ်းပေါင်းများစွာကိုလည်း အသုံးပြုနိုင်လေမည်။

ကောင်းကင်တံတား ဓမ္မမျက်လုံးအား အသုံးပြုရန် အခွင့်အရေးမရခဲ့ပါသော်လည်း သူဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ကထက် စွမ်းအားမြင့်မား လာမည်မှာ ဧကန်ဖြစ်ကြောင်း ယုံကြည်နေတော့သည်။

ထို့နောက် တောင်ဖြိုသိုင်းကွက်လည်း ရှိသေးသည်။ သူက ထိုသိုင်းကွက်ကို ဆက်၍ ကျင့်ကြံနေသဖြင့် ပို၍ ရင်းနှီးလာတော့သည်။ ထိုကျင့်စဥ်ကြောင့် တဝုန်းဝုန်းမြည်ဟည်းသံများ သူ၏ အင်မော်တယ်ဂူတစ်ဝိုက်တွင် ထွက်ပေါ်နေသည်။

ထိုမျှမက သံလိုက်စွမ်းအင်အားကျင့်ကြံနေခြင်းကိုလည်း ပိုင်ရှောင်ချန်းက အလျော့မပေးသေးချ။ ထိုပညာတွင် ဆရာတစ်ဆူမဟုတ်သော်လည်း ထူးကဲသာလွန်သည့် ပညာရပ်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားပြီး ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းစွမ်းအားများအား အသုံးပြုနိုင်တော့မည် ဖြစ်သဖြင့် မျှော်လင့်ချက်များနှင့် ရင်ခုန်လျက်ရှိသည်။

"ငါ လုံးဝနားလည်သွားရင် ငါ့ထက်စွမ်းအားကြီးတဲ့သူက လိုက်ဖမ်းနေရင်တောင်မှ ငါ့ လက်ညှိုးလေး တစ်ချက်ဝှေ့လိုက်တာနဲ့ အနားကပ်လို့ရမှာ မဟုတ်တော့ဘူး။ အင်း… အားနည်းတဲ့သူတွေကိုတော့ လက်တစ်ချက်ဝှေ့လိုက်တာနဲ့ ငါ့ဆီ ပျံလာစေရမယ် ''

ထိုအကြောင်းအား စဥ်းစားမိလိုက်သောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိန်ပွင့်လေးများအလား တလက်လက်တောက်ပလာလေသည်။

All Chapters