ငါ့အရည်အချင်း အစစ်ကို ပြဖို့ အချိန်တန်ပြီ
Vol. 7 Ch. 95
ဟဲယွမ်က ရှောင်ကမ်းကို တစ်ချက်ကလေးမှပင် အဖက်မလုပ်ဘဲ ဘောလုံးကိုပုတ်၍ ဘေးမှဖြတ်သွားကာ ခုန်၍ ပစ်သွင်းလိုက်သည်။
ဝီစီသံ ထွက်လာသည်။
အားကစားဌာနက နှစ်မှတ် ထပ်ရသွား၏။
“ယီးပဲ ခင်ဗျား ကန်းနေလား၊ သူ တစ်ခြားသူကို ဘောလုံးနဲ့ ရိုက်တာ ကိုလည်း ကြည့်နေတယ်၊ သူများကို ဒီအတိုင်းအတာအထိ ဒဏ်ရာ ရအောင် လုပ်တာကိုလည်း မသိချင်ယောင်ဆောင်နေတာလား”
တစ်စုံတစ်ယောက်က ထအော်လာသည်။ သူသည် သည်းမခံ နိုင်တော့ဘဲ ဒိုင်လူကြီးဆီ ပြေးသွားပြီး မေးခွန်းထုတ်၏။
“ဟဲယွမ်က သူ့ခံစစ်ကို ချိုးဖောက်တာ၊ အဲ့လူက သူ့ဘာသာသူ ပစ်လဲ တာလေ၊ သူများကို လွှဲချမနေနဲ့”
ဒိုင်က အခိုင်အမာ ပြန်ပြောလိုက်ပြီး အေးစက်စွာ ပြန်ချေပလိုက်သည်။
“မင်း ငါ့ကို နောက်တစ်ခါ မလေးမစား လုပ်မယ်ဆိုရင် ငါ မင်းကို ကစားခွင့် ပိတ်မယ်”
“မြေယိုး၊ မင်းက သောက်ခွေးဒိုင် ဖြစ်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလို့ မှတ်နေလား၊ ငါတို့မှာ မျက်မြင်သက်သေတွေ အများကြီး ရှိတယ်ကွ”
အာလူးလေးက အော်ပြောသည်။
“မင်းက ဒိုင်လား၊ ငါက ဒိုင်လား”
ဒိုင်က ပျက်ရယ်ပြုလိုက်သည်။
“ပထမပိုင်း ပြီးပြီ၊ ဆယ့်ငါးမိနစ် နားမယ်”
ပထမပိုင်း၏ ရလဒ်မှာ သုံးဆယ့်ကိုးမှတ်နှင့် ကိုးဆယ်သုံးမှတ် ဖြစ်နေသည်။ ဘာသာစကားက အမှတ်များစွာ နောက်ကောက်ကျ ကျန်ခဲ့သည်။
ဘာသာစကားဌာနမှ လူများအားလုံး မျက်နှာပျက်နေကြသည်။ တစ်ချိန်တည်းမှာပင် အခြားပရိသတ်များ သည်လည်း ညစ်၍ ကစားနေမှန်း သတိထားမိသော်လည်း ဘာမှမတတ်နိုင်ချေ။
ဘတ်စကတ်ဘော ပြိုင်ပွဲသည် ကျောင်းသားများ စီစဉ်သော အစီအစဉ် ဖြစ်ပြီး ကျောင်းအာဏာပိုင်များက သူတို့ကို ဂရုစိုက်ခဲပြီး ကျောင်းသား သမဂ္ဂကိုသာ ကိုင်တွယ်ခိုင်းလေ့ ရှိသ်ည။ ထို့ကြောင့်ပင် ဟဲယွမ်က မသမာနည်းဖြင့် ကစားရဲခြင်း ဖြစ်သည်။
“ရှောင်ကမ်း မင်း အဆင်ပြေရဲ့လား”
ရဲ့လင်းချန်က သူ့ကို ထူမရင်း မေးလိုက်သည်။
“အဆင်ပြေပါတယ်၊ ဒီအတိုင်း … ငါ့ခြေချင်းဝတ် လိမ်သွားပြီ နဲ့တူတယ်”
သူသည် ခြေထောက်ကို ရွှေ့ရန် ကြိုးစားရင်း ပြောလိုက်သည်။ ထိုလှုပ်ရှားမှုက သူ့အား နဖူးကြော တွန့်စေပြီး နာကျင်စွာ အော်မိ သွားစေသည်။
ဟဲယွမ်၏ ဘောလုံးဖြတ်လုပုံက တမင်လုပ်မှန်း သိသာလှသည်။
“အဲ့ခွေးမသားကတော့ … သူက အရှက်မရှိတဲ့နေရာမှာတော့ ထိပ်တန်းပဲ”
“ဒီပြိုင်ပွဲကို ရပ်လိုက်တော့၊ ဘာထူးလို့လဲ၊ ငါ ဟဲယွမ်ကို ကောင်း ကောင်းပြီး သင်ခန်းစာပေးဖို့ အခွင့်ရှာဦးမယ်”
“ရှောင်ကမ်းက ဒုတိယပိုင်းမှာ ဝင်ကစားနိုင်မှာ မဟုတ်ဘူး၊ သူ့ကို ကျောင်းဆေးပေးခန်းကို ပို့ရအောင်”
ထိုသို့သောအချိန်၌ လီမူရွှယ်က ဟွမ်ရှောင်မန်နှင့်အတူ ရောက်လာ သည်။ လီမူရွှယ်က ရဲ့လင်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ အကြံပေးလာသည်။
“နင် ပြိုင်ပွဲကို ရပ်လိုက်သင့်တယ်၊ ဒုတိယပိုင်းကျရင် ဟဲယွမ်က ပိုဆိုးတဲ့ပုံတွေ လုပ်လာမှာပဲ”
“သူ လုပ်ရဲလား၊ ဆိုးလာလို့ကတော့ ငါ သူ့ကို သွားချမှာ”
တစ်ယောက်က ဒေါသတကြီး ကြုံးဝါးလာသည်။ လူတိုင်း စိတ်ထဲမှ တရိပ်ရိပ် တိုးလာသော ဒေါသကို ဖိနှိပ်နေရသည်။
“သူက ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌလေ၊ နင် သူ့ကို သွားရန်လုပ်ရင် နင်ပဲ ပြစ်ချက်ဝင်သွားလိမ့်မယ်”
လီမူရွှယ်က ဆက်၍ ရှင်းပြသည်။
“သူက ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်တော့ရော ဘာဖြစ်လဲ၊ အဆိုးဆုံး အနေနဲ့ သူ ဘာများလုပ်နိုင်လို့လဲ”
ထိုစဉ် ဟဲယွမ်နှင့် အားကစားဌာနမှ လူများက ရောက်လာပြီး ခေါင်းမော်၍ ဘဝင်မြင့်သော အမူအရာဖြင့် လူတိုင်းကို ကြည့်လာသည်။
“မင်းတို့ မပြိုင်ရဲဘူးလား၊ မပြိုင်ရဲရင် ထွက်သွားလိုက်၊ မဟုတ်ရင် အနိုင်ကျင့် ခံရပါတယ်ဆိုပြီး အရှက်ကွဲ နေဦးမယ်”
“မင်းတို့က မတရားနည်းနဲ့ နိုင်တာလေ၊ ဘာများ လေကျယ်စရာ လိုလဲ”
“မတရားလုပ်တာ ဟုတ်လား”
ဟဲယွမ်က ပျက်ရယ်ပြု၍ သူတို့ကို အထင်သေးစွာ ကြည့်လာသည်။
“ငါ မင်းတို့ကို ဘာလို့ အငြိုးထားနေလဲ သိလား”
သူ့မျက်လုံးများက ကျဉ်းမြောင်းလာပြီးနောက် ရဲ့လင်းချန်အား လက်ညှိုး ထိုးလေသည်။
“သူ့ကြောင့်ပဲ၊ သူက မင်းတို့ ဘာသာစကားဌာနရဲ့ ကျောင်းသား ဖြစ်နေလို့ မင်းတို့ ဌာနတစ်ခုလုံးက သူ့လုပ်ရပ် အတွက် ခံစားနေရတာ”
ဟဲယွမ်က ရှောင်ကမ်းကို ကြည့်လိုက်သည်။
“ဟုတ်တယ် ငါ မင်းကို တမင်ရိုက်တာ၊ ဘာလို့လဲသိလား၊ မင်းကံဆိုး တာကိုပဲ အပြစ်တင်လိုက်၊ ရဲ့လင်းချန်ရဲ့ အခန်းဖော် ဖြစ်နေတာကိုက မင်းအမှားပဲ”
“ခွေးမသား ကလိမ်ကျတဲ့ မျိုးမစစ်ကောင်”
ရှောင်ကမ်းက ဟဲယွမ်ကို ပြန်ဆဲလေသည်။
“မင်း ငါ့ကို မုန်းသင့်တာ၊ မင်း မုန်းသင့်တာ ရဲ့လင်းချန်ပဲ၊ ငါ့ကို သူ အရင် ရန်လာစတာ”
ဟဲယွမ်က အောင်နိုင်သူဟန်ဖြင့် သူတို့အားလုံးကို အထင်သေးစွာ ကြည့်လိုက် ပြီးနောက် ရဲ့လင်းချန်ထံ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက မင်း မကျော်နိုင်တဲ့လူလို့ ပြောခဲ့ပြီးသားပဲ၊ မင်း စောင့်နေလိုက်၊ ငါ မင်းကို အမြဲ ငါ့ခြေထောက်အောက်မှာ ဝပ်တွားနေရအောင် လုပ်ပြမယ်”
ရဲ့လင်းချန်က တည်ငြိမ်နေဆဲပင်။ ဟဲယွမ်သည် သူ့အတွက် လူပြက် တစ်ယောက်ထပ် မပိုပါ။ သူသည် လူပြက် တစ်ယောက်နှင့် ရန်ပြိုင်မဖြစ်ပါ။ သို့သော် လူပြက်အား သူ့အနား၌ ကချင်သလိုက၍ လုပ်ချင်သလို လုပ်ခွင့် မပေးနိုင်ပေ။
ရဲ့လင်းချန်က ဟဲယွမ်အား အေးတိအေးစက်ဖြင့် သေချာ ကြည့် နေသည်။
“ငါ့အရည်အချင်းအစစ်ကို ပြဖို့ အချိန်တန်ပြီနဲ့တူတယ်”
“ဘာ”
“ဘတ်စကတ်ဘောလား၊ မင်းတို့အားလုံး စောက်သုံးမကျဘူး”
ရဲ့လင်းချန်က သူ့ကို လက်ခါပြသည်။
“ငါ မင်းတို့ကို ပညာပြပေးရမှာပေါ့”
ထိုစကားကြောင့် လူတိုင်း အံ့ဩသွားသည်။
*ဒါ … ကြွားနေတာလား*
“မင်း ဘာပြောနေလဲ သိသလား”
ဟဲယွမ်က ရဲ့လင်းချန်ကိုကြည့်၍ ဟာသဟု သတ်မှတ်နေသည်။
“မင်း အရင်က ဘတ်စကတ်ဘော ကစားဖူးလား၊ ဘတ်စကတ်ဘောက ဘာလဲရော သိရဲ့လား”
ရဲ့လင်းချန်က လက်နောက်ပစ်၍ ရပ်နေပြီး မျက်လုံးများက ရေပြင် သဖွယ် တည်ငြိမ်နေ၏။
“အစက မင်းနဲ့ ရင်ဆိုင်တာက ငါ့အတွက် အချိန်ပုတ်သလို့ ဘာမှ မလုပ်တာ၊ ဒါပေမဲ့ မင်းက ဆက်တိုက် ရန်စလာမှတော့ မင်းကို ဘယ်လို လူပီပီသသ နေသင့်လဲ သင်ပေးရတာပေါ့”
“ယီးပဲ မင်းက ကြွားလုံးထုတ်ရတာကို စွဲလမ်းနေတာလား”
ဟဲယွမ်က အဓိပ္ပာယ်မရှိသော စကားကို ရယ်နေသည်။
“မင်းကိုယ်မင်း ဘာမှတ်နေလဲ”
ဘေးပတ်လည်မှလူများသည်လည်း အုတ်အော်သောင်းနင်း ဖြစ်ကာ အချင်းချင်း တီးတိုးပြောလာပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေ ကြသည်။
*ရဲ့လင်းချန်က ဟဲယွမ်နဲ့ ဘတ်စကတ်ဘော ကစားတာခြင်း ပြိုင်ချင်တာလား*
“အရေးမပါတာတွေ ပြောနေတာ ရပ်ပြီး ထွက်သွားတော့၊ ဒုတိယပိုင်းမှာ မင်းနဲ့ ငါ တွေ့မယ်”
ရဲ့လင်းချန်က စိတ်ပျက်စရာကောင်းသော ယင်ကောင်ကို မောင်းထုတ် သကဲ့သို့ လက်ယမ်းပြသည်။
“ကောင်းပြီလေ၊ အဲ့အခါကျမှ မင်း ထွက်မပြေးဖို့ ငါ မျှော်လင့်တယ်”
“ရဲ့လင်းချန် နင် ဘာလို့ စိတ်လိုက်မာန်ပါ လုပ်တာလဲ”
ဟဲယွမ် ထွက်သွားသည်နှင့် ကောင်းဝမ်က ချက်ချင်း သူ့ထံ လျှောက် လာသည်။
“ပထမပိုင်းက အမှတ်ကွာခြားချက်က ကြီးလွန်းတယ်၊ ငါတို့ မနိုင်နိုင်မှ တော့ ကလိမ်ကျတဲ့ အသင်းနဲ့ ဆက်ပြိုင်လည်း အပိုပဲ”
“ဟုတ်တယ် ရှောင်ရဲ့ မင်း အတိုက်အခိုက် ကျွမ်းတာကို ငါတို့ သိတယ်၊ ဒါပေမဲ့ ဘတ်စကတ်ဘော ကစားတာက မတူဘူးလေ၊ ပြိုင်ပွဲ စည်းမျဉ်းတွေ ရှိတယ်၊ သူတို့က စည်းဖောက်လို့ရပင်မယ့် ငါတို့က မရဘူး”
ရှန်းကလည်း ဝင်ဖျောင်းဖျသည်။
“ရှောင်ရဲ့ ပွဲကို ဖျက်လိုက်ရအောင်၊ အဲ့မျိုးမစစ်ကောင်က မင်းကို ငြိုးနေတာ၊ မင်း ကွင်းထဲဝင်တာနဲ့ သူ ဘာလုပ်မလဲ မသိနိုင်ဘူး”
အာလူးလေးကလည်း စိုးရိမ်စွာ ပြောလာသည်။
“ရှောင်ရဲ့ မင်းရဲ့ ကြွားလုံးထုတ်တဲ့ ပညာက တကယ်ကို တစ်ခုခုပဲ၊ ဟဲယွမ်ကို ဒီလိုဖြစ်အောင် လုပ်နိုင်တယ်၊ ဒါပေမဲ့ ဒီပွဲကို ဆက်ကစားဖို့ မလိုပါဘူး”
“အားလုံးပဲ အဆင်ပြေပါတယ်ကွ၊ စိတ်မပူနဲ့၊ ငါ ဘတ်စကတ်ဘော ကစားတာ တော်ပါတယ်”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ငါက သူတို့နဲ့ တစ်တန်းတည်း မရပ်ချင်တာ၊ ငါ့အတွက် သူတို့ အရည်အချင်းက အပေါစား ဆန်လွန်းတယ်၊ ငါ အားနည်းတဲ့သူကို အနိုင်မကျင့်ချင်ဘူး”
“တကယ်လား”
လူတိုင်း သူ့ကို မယုံသလို ကြည့်လာသည်။
“မင်းတို့ ကြည့်နေလိုက်”
ရဲ့လင်းချန်က ရှောင်ကမ်းကို ကြည့်လိုက်သည်။
“ရှောင်ကမ်း မင်းဂျာစီ ငါ့ကိုပေးလိုက်၊ ကျောင်းဆေးပေးခန်းကို မြန်မြန်သွား၊ စိတ်ချ ငါ မင်းအတွက် လက်စားချေ ပေးမယ်”
သို့သော် ရှောင်ကမ်းက မသွားချင်ဘဲ ရဲ့လင်းချန် ကစားသည်ကို ကြည့်ချင်နေ၏။
ဒုတိယပိုင်း စတင်လာ၏။
ဟဲယွမ်က ရဲ့လင်းချန် ကွင်းထဲ ဝင်လာသည်ကိုကြည့်ပြီး သူ့မျက်လုံး တွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေး သွားသည်။
ပထမပိုင်း၌ အားကစားဌာနက အမှတ်များသဖြင့် ဘောလုံးကို သူတို့ ဘက်အား ပေးလိုက်သည်။
ဟဲယွမ်က ဘောလုံးကိုယူ၍ တို့ကာပုတ်ကာဖြင့် ခံစစ်ကို ထိုးဖောက်၍ တိုင်ဘက်သို့ အလျင်အမြန် ပြေးသွားသည်။ လမ်းတစ်လျှောက်တွင် သူသည် တားဆီးသူများကို တွန်းတိုက်ခဲ့သည်။ ၎င်းကို ဒိုင်ကလည်း မသိချင်ယောင်ဆောင်ထား၏။
ထို့ကြောင့်ပင် သူ့အား တားဆီးသူ မရှိချေ။ ဘတ်စကတ်ဘော ပြိုင်ကွင်း တစ်ခုလုံးက သူ၏ တစ်ကိုယ်တော် ပြပွဲအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒါ စည်းကမ်းအားလုံးကို ဖောက်ဖျက်တာလဲ၊ သူတို့ ဘယ်လို ကစား တော့မှာလဲ”
ဘာသာစကားဌာနမှ လူများ စိတ်တိုနေကြသည်။ မတော်တဆ ဖြစ်စဉ်က ပျံ့နှံ့သွားပြီး အခြားသူများကလည်း ပွဲကြည့်စင်သို့ ရောက် လာကြသည်။ အများစုက ပွဲကြီးပွဲကောင်း ကြည့်ချင်၍သာ ဖြစ်သည်။
အများစုသည် အားကစားဌာနက သူတို့ ရှောင်ရှားရမည့် အရာတစ်ခုဟု သတ်မှတ်ထားပြီး ဖြစ်သဖြင့် ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်လာသည်ကို မအံ့ဩကြချေ။
မကြာခင်မှာပင် ဟဲယွမ်က တိုင်အောက်သို့ ရောက်လာသည်။ သူက မြူးကြွကြွ ပုံစံကို ထိန်းပြီး ဆတ်ခနဲ ခုန်၍ ကွင်းထဲသို့ ချိန်၍ ဘောလုံးကို ပစ်လိုက်သည်။
*ဒီပစ်ချက်က သေချာပေါက် ဝင်မှာပဲ*
သူ့မျက်နှာတွင် အပြုံးပန်း ဝေဆာနေပြီး ရဲ့လင်းချန်၏ ကြံရာမရသော အမူအရာကို မြင်ယောင်နေ၏။ ဘောလုံးက သူ့လက်ထဲမှ လွတ်သွားပြီး လေထဲသို့ မြောက်တက်ကာ ကွင်းထဲသို့ ဦးတည် ပျံဝဲနေသည်။
ထိုအခိုက်တွင် လူတိုင်း အသက်မရှူနိုင် ဖြစ်နေသည်။ သို့သော် အရိပ် တစ်ခုက ဘယ်နေရာကမှန်း မသိ ပေါ်လာပြီး လျင်မြန်စွာ လွှားခနဲ ခုန်လာသည်။ ထိုလူသည် လက်ကိုမြှောက်၍ လေထဲမှ ဘောလုံးကို ပြန်တားကာ ပုတ်ထုတ် လိုက်သည်။
“ဘုန်း”
ကျယ်လောင်သော အသံတစ်သံက ကွင်းထဲ ပဲ့တင်ထပ်သွားပြီး လူတိုင်း နားအူသွားကြသည်။
လှပသော တားဆီးမှုကြောင့် လူတိုင်း တစ်ခဏမျှ မှင်တက်သွားသည်။
“မြတ်စွာဘုရား ဟဲယွမ် အတားခံလိုက်ရတာလား”
“ဒါ သူ ပထမဆုံးအကြိမ် အတားခံလိုက်ရတာ မဟုတ်လား၊ ကြမ်းတယ်ဟ”
“ဒါ သာမန် တားဆီးချက် မဟုတ်ဘူး၊ အကောင်းဆုံး တားဆီးချက် ဆိုတာ အသေအချာပဲ၊ သူ့မျက်နှာတောင် ဖြတ်ရိုက်ခံရမလို ဖြစ်သွား တာ”
“အဲ့လူက ဟဲယွမ်ရဲ့ ဘောလုံးပစ်တာကို တားနိုင်တယ်ဆိုတော့ အခုန် စွမ်းရည် တော်တော် ကောင်းတာပဲ”
“ရှောင်ရဲ့ သိပ်ကောင်းတဲ့ တားဆီးချက်ပဲဟေ့၊ မိုက်တယ်ကွ”
ဘာသာစကားဌာနက စိတ်လှုပ်ရှားစွာ အားပေးလာပြီး စိတ်ဓာတ် တက်ကြွလာကြသည်။