← Chapters

အခန်း (၂၉၀)

Vol. 27 Ch. 290

အခန်း (၂၉၀)

Vol. 27 Ch. 290

📝အပိုင်း - ၂၉၀

ဘာသာပြန် - Na Gar🐉

"ဒုန်း... ဒုန်း... ဒုန်း—"

အပြင်ဘက်မှ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော စည်တီးသံများကြောင့် ချန်ဆန်းရှီသည် သူ၏မျက်နှာပေါ်ရှိ ရုပ်ဖျက်ဆေးခြယ်မှုများကို သုတ်သင်လိုက်ပြီး သင်္ဘောခန်းထဲမှ ထွက်ကာ ကုန်းပတ်ပေါ်သို့ တက်ကြည့်လိုက်သည်။

သူတို့ ခရီးနှင်လာသည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။

ဤနေရာသည် ထုံထျန်းမြစ်၏ ကျဉ်းမြောင်းသော အပိုင်းဖြစ်ပြီး မြစ်ကမ်းပါး ဝဲယာတွင် စုရုံးနေကြသော ထောင်ပေါင်းများစွာသော အရပ်သားများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထိုသူများထဲတွင် သန်မာသော အမျိုးသား အများအပြားမှာ အပေါ်ပိုင်းဗလာကျင်းထားပြီး၊ ခေါင်းတွင် အနီရောင်ပုဝါများ စည်းကာ လက်ထဲတွင် စည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် စနစ်တကျ တန်းစီလျက် ကခုန်သကဲ့သို့ စည်းချက်ကျကျ လှုပ်ရှားနေကြသည်မှာ တစ်စုံတစ်ရာသော ကြီးကျယ်ခမ်းနားသည့် ယဇ်ပူဇော်ပွဲ ကျင်းပနေသကဲ့သို့ပင်။

"ထုံထျန်းနဂါးမင်းပဲ"

ယန်ချန်ချင်းက ရှင်းပြသည် "တောင်ဘက်ကနေ မြောက်ဘက်အထိ အရပ်သားတွေရဲ့ ဓလေ့ထုံးစံတွေက အများကြီး ကွာခြားတယ်။ အရှေ့တောင်ဘက် ဒေသတွေမှာတော့ လူတွေက ထုံထျန်းမြစ်ရေကို အမှီပြုပြီး အသက်မွေးကြရတာဆိုတော့ နဂါးမင်းကို အထူးတလည် ကိုးကွယ်ကြတာပေါ့"

"ထုံထျန်းနဂါးမင်း..."

ချန်ဆန်းရှီသည် ဤအကြောင်းကို စာအုပ်များထဲတွင် ဖတ်ဖူးသည်။

ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က နတ်နဂါးတစ်ကောင်သည် ကောင်းကင်မှ ကျဆင်းလာပြီး ဤနေရာတွင် နားခိုခဲ့ရာမှ၊ ၎င်း၏ ခန္ဓာကိုယ်မှာ ယန်ဇီမြစ် ဖြစ်လာပြီး ၎င်း၏ ဝိညာဉ်မှာ နတ်မင်းအဖြစ် တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ အလယ်ပိုင်းဒေသတွင် သက်ရှိများ ထွန်းကားလာပြီး လူဦးရေလည်း တဖြည်းဖြည်း တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

သူသည် ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်ရင်း "ဒါက လူအရှင်လတ်လတ်တွေကို သုံးပြီး ယဇ်ပူဇော်နေတာလား"ဟု မေးလိုက်သည်။

မြစ်ကမ်းပါးပေါ်တွင် လူအရှင်များကို အတန်းလိုက် ချည်နှောင်ထားကြရာ ထိုအထဲတွင် ကလေးငယ်များ၊ လူပျို၊ အပျော်လေးများသာမက လူကြီးအများအပြားလည်း ပါဝင်နေသည်။

"ငါဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့ သုံးနှစ်တစ်ကြိမ် အကြီးအကျယ် ပူဇော်လေ့ရှိပြီး တစ်ခါလုပ်ရင် ကလေးကိုးယောက်ပဲ သုံးတယ်လို့ ပါတာပဲ။ အခုကျတော့ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ"

"အဲဒါတော့ ငါလည်း မသိဘူး ဘယ်သူ ဂရုစိုက်မှာလဲ"ယန်ချန်ချင်းက သမ်းဝေလိုက်ရင်း "သူတို့ ပူဇော်ချင်ရင်လည်း ပူဇော်ပါစေပေါ့"

"အင်းလေ" ချန်ဆန်းရှီက ဆိုသည်။

တကယ်လို့ လူတွေက သူတို့ဘာသာ စေတနာအလျောက် ပူဇော်ကြတာဆိုရင် အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ တစ်ခုခု မှားယွင်းနေတာမျိုး မရှိရင်ပေါ့။

"လင်ကျန်းခရိုင်က တကယ့်ကို နေရာကျယ်ကြီးပဲ" ယန်ချန်ချင်းက ပျင်းကြောဆန့်လိုက်ရင်း"ငါတို့ ဒီမှာ မနက်ဖြန်မနက်အထိ နားဦးမှာ။ မင်းကော... ငါတို့နဲ့အတူ ပြည့်တန်ဆာအိမ်ဘက်သွားပြီး အပန်းဖြေချင်လားဒီတစ်လလုံး သင်္ဘောပေါ်မှာ နေရတာ စားရတာလည်း မကောင်း၊ အိပ်ရတာလည်း မသက်သာနဲ့ တကယ်ကို မခံစားနိုင်တော့ဘူး"

"မလိုက်တော့ပါဘူး၊ ကျေးဇူးပဲ" ချန်ဆန်းရှီက ငြင်းပယ်လိုက်သည်။

"မင်းတို့ပဲ သွားကြပါ"

"ကောင်းပါပြီလေ၊ မင်းဆီမှာ မိန်းကလေးနင်ရှန်ရှိနေတာဆိုတော့ သာမန် အမျိုးသမီးတွေကို မင်း စိတ်မဝင်စားတာ သဘာဝပါပဲ။ ငါကတော့ ငါ့ရဲ့ အချစ်စွန့်စားခန်းကို သွားရှာလိုက်ဦးမယ်"

မကြာမီ...

သင်္ဘောကြီး ဆိုက်ကပ်လိုက်သည်။ ယန်ချန်ချင်းနှင့် ကျောက်ကန်အပါအဝင် အခြားသူများသည် ပျော်စရာရှာရန် မြို့ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြသည်။

ချန်ဆန်းရှီကတော့ အခန်းထဲမှာပဲ နေခဲ့ပြီး ချောင်ဖန်တို့၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ပေထျန်းနန်က သူတို့ကို အမြဲတမ်း ကာကွယ်ပေးနေသဖြင့် လှုပ်ရှားဖို့ အခွင့်အရေး မရသေးပေ။

စစ်နတ်ဘုရားကိုယ်တိုင်က သက်တော်စောင့် လုပ်နေတာဆိုတော့၊ ဂါထာမန္တန် အချို့ကို သိထားရင်တောင် သူ့အပေါ်မှာ အသုံးဝင်ဖို့ မလွယ်ပါဘူး။ ဘာပဲပြောပြော သူက လူသားတွေထဲက စစ်နတ်ဘုရားတစ်ဦး ဖြစ်နေတာကြောင့် အဆင့်နိမ့်တဲ့ မန္တန်ပညာတွေနဲ့တော့ ကျရှုံးသွားမှာ မဟုတ်ပါဘူး။ ဒါကို ဟုန်ကျဲမြစ်ဘေးမှာ အစ်ကိုကြီးနဲ့ ပထမဆုံး ဆုံတုန်းကတည်းက သူ သိခဲ့ပြီးသားပါ။

တကယ်တော့ စစ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်ဆိုတာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ နင်ချန်ချွန်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကြောင့်သာ လူတိုင်းရဲ့ စိတ်ထဲမှာ စစ်နတ်ဘုရား ဆိုတဲ့ ဂုဏ်ဒြပ်က နိမ့်ကျသွားရတာပါ

"ထားလိုက်ပါတော့"အရှေ့ဘက်ကို ရောက်သွားရင်တော့ အခွင့်အရေး မရဘဲ မနေပါဘူးလို့ သူ ယုံကြည်ထားသည်။

ချန်ဆန်းရှီသည် သူတို့ သင်္ဘောပေါ်က ဆင်းဖို့ အစီအစဉ် မရှိတာကို မြင်သောအခါ၊ ညဘက်တွင် ပုန်းကွယ်ခြင်းပညာ ကို အသုံးပြုကာ ကုန်းပေါ်သို့ တိတ်တဆိတ် ဆင်းလာခဲ့သည်။ လူသူကင်းမဲ့သော နေရာတစ်ခုတွင် သူ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ရာ၊ ခါးတွင် ဟယ်မြောင်ဓားရှည်ကို ချိတ်ဆွဲထားသည့် လိုင်ဇီအသွင်ဖြင့် လောကအနှံ့ လျှောက်သွားနေသည့် လေလွင့်သိုင်းသမားတစ်ယောက်နှင့် အလားသဏ္ဌာန် တူသွားတော့သည်။

အရှေ့ပိုင်းဒေသ တစ်ခုလုံးက နဂါးမင်းကို ကိုးကွယ်ကြသည်ဖြစ်ရာ နဂါးမင်းကျောင်းများလည်း သဘာဝအတိုင်း ရှိနေပေမည်။ ထိုနေရာသို့ မသွားမီ သူသည် ယဇ်ပူဇော်ပွဲ အခမ်းအနားများအကြောင်းကိုလည်း စုံစမ်းခဲ့သည်။

သတင်းများအရ အကြီးအကျယ် ယဇ်ပူဇော်ခြင်းများကို လွန်ခဲ့သော နှစ်အနည်းငယ်ကမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အကြောင်းမှာ နဂါးမင်း အမျက်ထွက်ခဲ့ပြီး အရင်က ပူဇော်မှုများအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။

"နဂါးမင်းက ဘယ်လိုနည်းနဲ့ အမျက်ထွက်တာလဲ"ချန်ဆန်းရှီက လိုင်ဇီ၏ အသံဖြင့် အလုပ်သိမ်းခါစ တံငါသည်တစ်ဦးကို မေးလိုက်သည်။

"အသေးစိတ် ပြောပြပါဦး"

"ရေကြီးတာလေ၊ လွန်ခဲ့တဲ့ သုံးနှစ်က အကြီးအကျယ် ရေကြီးခဲ့တာ" တံငါသည်က ခြင်းတောင်းကို ချလိုက်ရင်း စိတ်မကောင်းသော မျက်နှာဖြင့် ပြောပြသည်"အဲဒီအချိန်ကစပြီး မြစ်ထဲ ဆင်းတဲ့ တံငါသည်တွေ အများကြီး ပျောက်ဆုံးပြီး သေကုန်ကြတယ်။ ခဏတဖြုတ်တော့ လူတွေ တော်တော် ဒုက္ခရောက်ကုန်တာပေါ့။ နောက်ပိုင်းကျတော့ နဂါးမင်းကျောင်းက ဘုန်းကြီးက ပြောတယ်... ငါတို့က နဂါးမင်းအပေါ်မှာ ကပ်စေးနှဲလွန်းလို့တဲ့၊ ဒါကြောင့် ပူဇော်တဲ့ အကြိမ်ရေနဲ့ အရေအတွက်ကို တိုးရမယ်၊ ပြီးတော့ ပိုပြီးလည်း ကိုးကွယ်ရမယ်လို့ ဆိုတယ်။ သူပြောသလို လုပ်လိုက်တော့လည်း တကယ်ပဲ မြစ်ထဲမှာ ဘာပြဿနာမှ မရှိတော့ဘူး။ ဒါပေမဲ့... ပူဇော်ရတဲ့ လူဦးရေက နည်းတာမဟုတ်ဘူး၊ ခရိုင်မြို့ကြီး တစ်မြို့စီကနေ နှစ်တိုင်း လူ ရာနဲ့ချီပြီး ပူဇော်ရတယ်။ မနှစ်က..."

သူ စကားတွေ တုန်ရီသွားပြီး "မနှစ်က... ကျွန်တော့်ရဲ့ သမီးလေးလည်း မြစ်ထဲကို ပစ်ချခံလိုက်ရတယ်"

ချန်ဆန်းရှီက လိုင်ဇီ၏ စရိုက်အတိုင်း မျက်ခုံးပင့်လိုက်ပြီး "ဟန်ဆောင်မနေစမ်းနဲ့မင်း တကယ်ပဲ ဝမ်းနည်းနေတယ်ဆိုရင် ဘာလို့ ယဇ်ပူဇော်တာကို ခွင့်ပြုခဲ့ရတာလဲ"

"ကျွန်တော်တို့က စေတနာအလျောက် လုပ်တာ မဟုတ်ဘူးဗျ"တံငါသည်က နာကျင်စွာ ပြန်ဖြေသည် "ဒါက အလှည့်ကျစနစ်လေ၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းကနေ လူပေးရတာ။ မင်းအလှည့် ရောက်လာရင် ပေးကိုပေးရမယ်၊ မဟုတ်ရင် အသေရိုက်သတ်ခံရမှာ။ တကယ်လို့ ရွာလူကြီးကို ငွေပေးနိုင်ရင်တော့ နောက်ဆုတ်ပေးကောင်း ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့လို တံငါသည်တွေက တစ်နှစ်ပတ်လုံး လူငါးယောက်စာ စားဖို့တောင် မနည်းရှာနေရတာ၊ ဘယ်ကနေ ပိုလျှံတဲ့ ငွေရှိမှာလဲ..."

"နဂါးမင်းဆိုတာ မရှိပါဘူးဗျာ"ဘေးနားက ကြားသွားတဲ့ နောက်ထပ် တံငါသည်တစ်ယောက်က ဒေါသတကြီး ဝင်ပြောသည် "ကျွန်တော့်အမြင်

အရတော့ ဒါက ရေမျောက်တွေက လူသတ်နေတာပဲ၊ နဂါးမင်း အမျက်ထွက်တာ မဟုတ်ဘူး ကျောင်းတော်က ဘုန်းကြီးပြောတာတွေက ငွေလိမ်ယူနေတာပဲ မြို့ထဲမှာရှိတဲ့ သူ့အိမ်ကြီး ဘယ်လောက်ကြီးလဲဆိုတာ ခင်ဗျားတို့ မမြင်ဖူးလို့ပါ"

"မင်း ပါးစပ်ပိတ်ထားစမ်း"သူ့သူငယ်ချင်းက အမြန်ပဲ ပါးစပ်ကို ပိတ်

လိုက်သည် "ဒါကို ဘုန်းကြီး ကြားသွားရင် မင်းရဲ့သားလေးကို နဂါးမင်းဆီ ခွင့်လွှတ်မှုတောင်းဖို့ မြစ်ထဲ ပစ်ချခိုင်းလိမ့်မယ်"

"ဟမ်... ဒါက မင်းတို့ ကူညီပေးလို့ ပေးတဲ့ ဆုလာဘ်ပဲ"ချန်ဆန်းရှီက ခါးကြားမှ ငွေစတစ်ခုကို ထုတ်ပြီး ပြန်ဖြေပေးခဲ့တဲ့ တံငါသည်ဆီ ပစ်ပေးလိုက်သည်။

"ဟေး... ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီးဗျာ"

"..."

"သားလေး အဖေလာပြီ၊ အဖေ မင်းကို ကယ်မယ်"

အခမ်းအနားက မပြီးသေးဘဲ စင်မြင့်နဲ့ မလှမ်းမကမ်းမှာ ရှိနေတုန်းပင်။ ဟင်းချက်ဓားတစ်ချောင်းကို ကိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ရှေ့ကို ပြေးထွက်သွားပေမဲ့ မကြာခင်မှာပဲ မြေပြင်ပေါ်ကို ရိုက်လှဲခြင်း ခံလိုက်ရသည်။

သေချာတာကတော့ အရပ်သားအားလုံးဟာ ဒီယဇ်ပူဇော်ပွဲကို လိုလိုလားလား ပါဝင်နေကြတာ မဟုတ်ပါဘူး။

ချန်ဆန်းရှီသည် သူ၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားရင်း ထွက်ခွာလာခဲ့သည်။

သူ့အမြင်မှာတော့ ဤဖြစ်ရပ်တစ်ခုလုံးမှာ နဂါးမင်း အမျက်ထွက်ခြင်းထက်၊ တစ်စုံတစ်ယောက်က မိမိအကျိုးစီးပွားအတွက် ခရမ်းရောင်ချီတွေကို ရယူဖို့ ဖန်တီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ စီယွင်ဘုရားကျောင်း က သူတို့ရဲ့ နာမည်ကျော်ကြားဖို့အတွက် ဝိညာဉ်အားဖြည့်ဆေးရည်ကို အသုံးချခဲ့သလိုမျိုးပေါ့။

All Chapters