အခန်း (၂၉၆)
Vol. 27 Ch. 296
📝အပိုင်း - ၂၉၆
ဘာသာပြန် - Na Gar🐉
"အင်း..."
မုန့်ချူကျိီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည် "ငါတို့ မြို့ပေါင်း ခုနစ်မြို့၊ ရှစ်မြို့လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဖူးတယ်။ အစပိုင်း နယ်စပ်ဒေသတွေကို တိုက်ခိုက်တုန်းက လေရှန်းခရိုင်အနီးမှာ ခါးသီးတဲ့ အောင်ပွဲတစ်ခု ရခဲ့တယ်။ စစ်သည်တွေက ဆုလာဘ်တွေ လိုအပ်နေသလို သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့ နေရာတစ်ခု လိုအပ်နေတာကြောင့် ငါ သူတို့ကို မတားဆီးခဲ့ဘူး"
မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆိုသည်မှာ ရှေးခေတ် စစ်မြေပြင်များတွင် အထူးသဖြင့် နိုင်ငံခြားရန်သူများနှင့် တိုက်ခိုက်ရာ၌ စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ရန်သူကို ခြောက်လှန့်ရန်အတွက် အသုံးများသော နည်းလမ်းတစ်ခု ဖြစ်သည်။
စစ်သည်အများစုအတွက်မူ သူတို့သည် ဆုလာဘ်များရရန်၊ ရာထူးတက်ရန်နှင့် ချမ်းသာရန်အတွက် တိုက်ပွဲဝင်ကြခြင်း ဖြစ်သည်။ အကယ်၍ အသက်စွန့် တိုက်ခိုက်ပြီးနောက် လုံလောက်သော အကျိုးအမြတ် မရရှိပါက မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး သေသည်အထိ တိုက်ပွဲဝင်ရခြင်း၏ အဓိပ္ပာယ်ကို မြင်တွေ့တော့မည် မဟုတ်ပေ။
"ဟုတ်ပါတယ်၊ အဲဒါကြောင့်ပဲ အရပ်သား တစ်သိန်းကျော်က အသေအလဲ ခုခံနေကြတာပါ။ မြို့ကျသွားတာနဲ့ စစ်သည်တွေတင်မကဘဲ သူတို့ရဲ့ မိသားစုဝင်တွေပါ အသတ်ခံရမယ်ဆိုတာကို သူတို့ သိနေကြလို့ပဲ" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။
"ဒါကြောင့် ဗိုလ်ချုပ်ကြီး မုန့်ကို အကူအညီတောင်းချင်တာက အခုကစပြီး မြို့ကို အစုလိုက်သတ်ဖြတ်တာမျိုး မလုပ်ဖို့ အမိန့်ထုတ်ပေးစေချင်ပါတယ်။ စစ်သည်တွေအတွက် ဆုလာဘ်ကိုတော့ နန်းတော်ကနေ ပေးတာက ပိုကောင်းပါလိမ့်မယ်။ ဒါကို လုပ်ဖို့ အခက်အခဲ ရှိပါသလား"
"ပြဿနာမရှိပါဘူး၊ ငါတို့ကလည်း ခေါင်းမာမာနဲ့ ခုခံနေတဲ့ မြို့အနည်းငယ်ကို ခြောက်လှန့်ဖို့ပဲ လုပ်ခဲ့တာပါ" မုန့်ချူကျိက ချက်ချင်း သဘောတူလိုက်သည်။
"တကယ်လို့ ငါတို့ ပြည်နယ်သုံးခုရဲ့ မြေကို ပြန်သိမ်းနိုင်ရင် ဒီလူတွေက ဒါရှန်ရဲ့ နိုင်ငံသားတွေ ဖြစ်လာမှာပဲ။ အကုန်သတ်ပစ်လိုက်ရင် ငါတို့ဆီမှာ လူသူမရှိတဲ့ မြေရိုင်းတွေပဲ ကျန်တော့မှာပေါ့။ ငါ အခုချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်၊ နောက်ထပ် အစုလိုက်သတ်ဖြတ်တာမျိုး မရှိစေရဘူး။ ဗိုလ်ချုပ်ချန်... မင်းက ကျောက်ထုံခရိုင်ထဲက မြို့စောင့်တပ်တွေကို အညံ့ခံဖို့ ဖျောင်းဖျမလို့လား"
"အတိအကျပါပဲ"
ချန်ဆန်းရှီက မငြင်းဘဲ ဝန်ခံလိုက်သည် "စစ်ပညာရဲ့ အမြင့်ဆုံး အနုပညာဟာ တိုက်ခိုက်စရာမလိုဘဲ ရန်သူကို အညံ့ခံစေတာပဲ။ ဒုတိယကတော့ သူတို့ရဲ့ မဟာမိတ်တွေကို ဖြိုခွဲတာ၊ တတိယကတော့ သူတို့ရဲ့ စစ်တပ်ကို တိုက်ခိုက်တာဖြစ်ပြီး နောက်ဆုံးအဆင့်ကမှ မြို့ကို ဝိုင်းဝန်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ အကယ်၍ မြို့စောင့်တပ်တွေကို အညံ့ခံဖို့ ဖျောင်းဖျနိုင်ရင် ဒါရှန်ရဲ့ အထိအခိုက်ကို လျှော့ချနိုင်ရုံတင်မကဘဲ အချိန်ကိုလည်း ချွေတာနိုင်ပြီး အဖိုးတန်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာပါ"
"ဗိုလ်ချုပ်ချန်... ငါတို့ ဒါကို မကြိုးစားခဲ့ဘူးလို့ ထင်နေတာလား"ဟု ဟူပန်တပ်မတော် တပ်မှူး စစ်နတ်ဘုရားဖန်ထျန်းဖားက ပြောလာသည် "စစ်ပွဲမစခင်ကတည်းက ငါတို့ သူတို့ကို အကြိမ်ကြိမ် အညံ့ခံဖို့ တိုက်တွန်းခဲ့တယ်။ မြို့စားဘွဲ့ပေးမယ်လို့တောင် ကမ်းလှမ်းခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီလူ က အရမ်းကို ခေါင်းမာပြီး ခက်ထန်တဲ့လူ။ ဝူထျန်းတောင် တိုက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ စစ်သည် သုံးသောင်းဟာ တစ်ထောင်ကျော်လေးပဲ ကျန်တော့တဲ့အထိ ဖြစ်ခဲ့တာတောင် သူက ဖောက်ထွက်နိုင်ခဲ့ပြီး အခုထိ ကျောက်ထုံခရိုင်ကို အခိုင်အမာ ခုခံနေတာ"
"ဒိန်းဖုန်းက ချင်နိုင်ငံအပေါ် လုံးဝ သစ္စာရှိတဲ့လူလို့ ပြောလို့ရတယ်။ သူကမြို့ရိုးပေါ်မှာ သေသွားရင်တောင် ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ မဟုတ်ရင် သူ အခုထိ ခုခံနေမှာ မဟုတ်ဘူး"
"ဗိုလ်ချုပ်ကြီးဖန် ပြောတာ မှားနေပါတယ်။ တစ်ခါတလေမှာ မြို့တစ်မြို့ အညံ့ခံဖို့ ဆုံးဖြတ်တာဟာ စစ်သေနာပတိ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး"
ချန်ဆန်းရှီက တည်ငြိမ်စွာဖြင့် သူ၏ အမြင်ကို တင်ပြလိုက်သည်"မြို့ထဲက အရပ်သားတွေရဲ့ ခုခံလိုစိတ် ပျောက်ကွယ်သွားသရွေ့တော့ မြို့စောင့်တပ် ရှစ်ထောင်ဟာလည်း ဆက်လက်ခုခံဖို့ ယုံကြည်ချက် ရှိတော့မှာ မဟုတ်ပါဘူး"
ဤအရပ်သားများထဲတွင် ဒေသခံ မြို့စောင့်တပ်သားများ၏ မိသားစုဝင်များလည်း ပါဝင်နေသည်။
အရင်က ပိုယန်မှာတုန်းကလိုပါပဲ။
ညီအစ်ကိုတွေက သူတို့အသက်ကို စွန့်ပြီး အရပ်သားတွေကို မြစ်တစ်ဖက်ကမ်းကူးဖို့ လိုက်ပို့ပေးခဲ့တာဟာ သူတို့က ကိုယ်ကျိုးမငဲ့လို့ မဟုတ်ပါဘူး၊ သူတို့ကိုယ်ပိုင် မိသားစုတွေက ရှေ့မှာ ရှိနေလို့ပါ။
တစ်ဖက်ကကြည့်လျှင်လည်း အကယ်၍ သူတို့၏ မိသားစုများ ဘေးကင်းမည်ဟု စိတ်ချရပါက ခုခံလိုစိတ်မှာ သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။ အထူးသဖြင့် အခုလို ရန်သူက တံခါးဝအထိ ရောက်နေပြီး မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေမျိုးမှာပေါ့။
"ဒါက ထင်သလောက် မလွယ်ကူမှာကို စိုးရိမ်မိတယ်" ဟု ဒုတိယဗိုလ်ချုပ် ကျန့်ထောင်မင်က ကန့်ကွက်သည်။
"စကားလုံးလေးတွေနဲ့တင် သူတို့က ယုံကြည်ပြီး မြို့တံခါးဖွင့် အညံ့ခံမယ် ထင်လို့လား"
"ဒါပေါ့၊ မဟုတ်ပါဘူး အဲဒါကြောင့်ပဲ သူတို့ကို ငါတို့က လက်တွေ့ပြဖို့ လိုတာပါ။ ဥပမာ - အဖမ်းခံထားရတဲ့ သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာမျိုးပေါ့" ဟု ချန်ဆန်းရှီက ဆိုသည်။
"သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်ဒါက မသင့်တော်ဘူး ထင်တယ်" ဖန်ထျန်းဖား၏ မျက်မှောင်များ ကြုတ်သွားသည် "ချင်နိုင်ငံရဲ့ အရပ်သားတွေကိုတော့ အသေဒဏ်ကနေ ချမ်းသာခွင့် ပေးလို့ရပါတယ်။ ဒါပေမဲ့ သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာက ကျားကို တောထဲ ပြန်လွှတ်ပေးသလို ဖြစ်မနေဘူးလား"
မုန့်ချူကျိီက လက်မြှောက်ပြပြီး ဖန်ထျန်းဖားကို စကားဖြတ်လိုက်ကာ အငြင်းမပွားသေးဘဲ စိတ်ရှည်စွာ မေးလိုက်သည် "မင်း လူဘယ်လောက်ကို လွှတ်ပေးဖို့ စဉ်းစားထားလဲ"
ချန်ဆန်းရှီက စကားလုံး နှစ်လုံးတည်း ပြောလိုက်သည် "အားလုံးကိုပါ"
"ဒါကတော့ အဓိပ္ပာယ်မရှိတာပဲ"
မုန့်ချူကျိက တည်ငြိမ်စွာဖြင့် ငြင်းပယ်လိုက်သည်"ဒီအဖမ်းခံထားရတဲ့ စစ်သည် နှစ်သောင်းကနောက်ဆုံးမှာ ဒါရှန်ရဲ့ လူဦးရေထဲကို ထည့်သွင်းလို့ ရမယ့်လူတွေပဲ။ ငါတို့ အများကြီး ပေးဆပ်ပြီးမှ ရထားတာ။ သူတို့ကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် အရင်က တိုက်ခဲ့တဲ့ တိုက်ပွဲတွေက အလဟဿ ဖြစ်မကုန်ဘူးလား"
"ဟုတ်ပါတယ်"
ဖန်ထျန်းဖားက စိတ်ပျက်သွားသည့် အမူအရာဖြင့် "လက်ထောက်ဗိုလ်ချုပ်ချန်... မင်းရဲ့ ဟုန်ကျဲမြစ်ကို လေးကြိမ်ဖြတ်ကျော်ခဲ့တာက တကယ့်ကို ထူးချွန်တဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့ တိုက်ပွဲတိုင်းကို ဖြတ်လမ်းနည်းနဲ့ အနိုင်ယူလို့ မရဘူး။ တစ်ခါတလေမှာ ခက်ခဲတဲ့ တိုက်ပွဲတွေကို တိုက်ရမှာပဲ။ ငါ့အမြင်အရတော့ ဒါကို ဆက်ဆွေးနွေးပြီး အချိန်မဖြုန်းသင့်တော့ဘူး။ မင်း မြန်မြန်ပဲ ကျောက်ထုံခရိုင်ကို မင်းရဲ့တပ်တွေကို ဦးဆောင်ပြီး သွားသင့်တယ်။ အဲဒါမှ ရွှေချုံယီတို့ဆီက ဖိအားကို လျှော့ချပေးနိုင်မှာ။ ငါတို့ ပေးဆပ်ရမယ် ဆိုရင်တောင် ကျောက်ထုံကို သိမ်းနိုင်ရင်တော့ မရှုံးပါဘူး"
ကျန်ရှိသော ဗိုလ်ချုပ်များကလည်း ထိုအမြင်ကို သဘောတူပုံရသည်။ သူတို့သည် ချန်ဆန်းရှီထံမှ ကမ္ဘာကျော်လောက်မည့် ထူးခြားသော ဗျူဟာတစ်ခု ထွက်လာမည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ချန်ဆန်းရှီသည် အကြံဉာဏ်သာ ပေးနိုင်သူဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို သူ မချနိုင်ပေ။ သုံ့ပန်း နှစ်သောင်းကို ပြန်လွှတ်ပေးမည်ဆိုသည်မှာ တကယ့်ကို ထူးဆန်းလွန်းသော အကြံအစည်ပင်။ သို့သော် သူကတော့ ဒါဟာ တကယ်ကို ဖြစ်နိုင်တယ်ဟု တွေးထားသည်။
"ကျွန်တော် လက်ထောက်ဗိုလ်ချုပ်ချန်ရဲ့ အမြင်ကို သဘောတူပါတယ်" ဟု ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဖန်ချင်းယွမ်က ဆွေးနွေးမှုတွင် ဝင်ပါလာသည် "ကျွန်တော် သိသလောက်တော့ ဒီလူ နှစ်သောင်းဟာ အထူးတပ်ဖွဲ့တွေ မဟုတ်ကြဘဲ တိုက်ခိုက်လိုစိတ် မရှိတဲ့ ဒေသခံ အရံတပ်သားတွေပဲ။ အဖမ်းခံရပြီးနောက်မှာ သူတို့ စိတ်ထဲမှာ အသက်ရှင်ဖို့ပဲ ရှိတော့တယ်။ သူတို့ကို ငါတို့လူအဖြစ် သွတ်သွင်းဖို့ဆိုတာ အနည်းဆုံး နှစ်နှစ်လောက် ကြာလိမ့်မယ်။ အဲဒါက လက်ရှိ စစ်ရေးအတွက် ဘာမှ အထောက်အကူ မဖြစ်သလို ရိက္ခာတွေကိုပဲ ပိုကုန်စေမှာပါ"
"ဒါ့အပြင် လက်ထောက်ဗိုလ်ချုပ်ချန်ရဲ့ ရည်ရွယ်ချက်က ကျားကို တောထဲပြန်လွှတ်ဖို့ မဟုတ်ပါဘူး" ဟု သူက ဆက်ပြောသည်။
"မြောက်ဘက်မှာ တစ္ဆေတံခါးလျှိုမြောင်လို့ ခေါ်တဲ့ အန္တရာယ်များတဲ့ လမ်းကြောင်းတစ်ခု ရှိတယ်။ အဲဒီလမ်းက အရမ်းကို ကျဉ်းမြောင်းပြီး လူနှစ်ယောက်ပဲ ယှဉ်လျှောက်လို့ ရတယ်။ အဲဒီထဲ ရောက်သွားရင် နောက်ပြန်လှည့်လို့ မရတော့ဘူး၊ ပြန်ပြီး တိုက်ခိုက်ဖို့လည်း မဖြစ်နိုင်တော့ဘူး"
"အဲဒီလျှိုမြောင်ကို ကျော်သွားရင်တော့ ကျန်ရှိနေတဲ့ ချင်နိုင်ငံ စစ်တပ်တွေ ပြန်စုစည်းနိုင်မယ့် နေရာနဲ့ မိုင်ပေါင်း ထောင်ချီ ဝေးကွာသွားပြီ။ အဲဒီတပ်တွေကို ပြန်ပြီး ဖွဲ့စည်းနိုင်ဖို့ အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်။ အဲဒါက ငါတို့အတွက်တော့ သူတို့ သေသွားတာနဲ့ မခြားဘူး။ ဒါပေမဲ့ တခြားမြို့တွေမှာ ခုခံနေတဲ့ ချင်စစ်သည်တွေ အတွက်တော့ ဒါဟာ အသက်ရှင်သန်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ မျှော်လင့်ချက် ရှိလာပြီဆိုရင် သူတို့တွေဟာ ပိတ်မိနေတဲ့ သားရဲတွေလို အသေခံပြီး တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး"