အခန်း (၂၉၇)
Vol. 27 Ch. 297
📝အပိုင်း - ၂၉၇
ဘာသာပြန် - Na Gar🐉
"လူကြီးမင်းတို့ နားလည်ထားရမှာက ဘယ်တိုက်ပွဲမဆို မစခင်မှာ ငါတို့ဘက်က တကယ့် ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်"
"ဒီတစ်ခါ ငါတို့ရဲ့ အဓိက ရည်မှန်းချက်က တစ်ခုတည်းပဲ ရှိတယ်"
"အဲဒါကတော့ ယုံလဲ့ခရိုင်ထဲမှာ ပိတ်မိနေတဲ့ အထူးတပ်ဖွဲ့ ငါးသောင်းနဲ့ မင်းသား ကို အပြတ်အသတ် ချေမှုန်းဖို့ပဲ။ ကျန်တဲ့အရာတွေက အရေးမကြီးဘူး။ သူတို့သာ မရှိတော့ရင် ချင်နိုင်ငံဟာ နယ်စပ်ဒေသကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပြည်နယ်သုံးခုလုံးကို စွန့်ခွာသွားရမှာပဲ"
"လက်ထောက်ဗိုလ်ချုပ်ချန်... ငါပြောတာ မှန်တယ်မဟုတ်လား"
ချန်ဆန်းရှီကလည်း ထောက်ခံလိုက်သည် "ဗိုလ်ချုပ်ကြီးဖန် ပြောတာက ကျွန်တော် စဉ်းစားထားတာနဲ့ ထပ်တူပါပဲ"
စစ်တိုက်တယ်ဆိုတာ သတ်ဖြတ်ဖို့ သက်သက်မဟုတ်ဘဲ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်သည်။ အခြေအနေပေါ် မူတည်ပြီး သတ်ဖြတ်သင့်ရင် သတ်ဖြတ်ရမည်၊ ကရုဏာသက်သင့်ရင် သက်ရမည်။ အောင်ပွဲရမည့် နည်းလမ်းကိုသာ ရွေးချယ်ရမည်ဖြစ်သည်။
"ဗိုလ်ချုပ်ကြီးဖန်ကတောင် ဒါကို ဖြစ်နိုင်တယ်လို့ ယူဆတာလား"
မုန့်ချူကျိီမှာ စတင် တုံ့ဆိုင်းလာသည်။ စစ်တပ်အတွင်း၌ ဝါရင့်အတွေ့အကြုံရှိသူ၏ စကားက အာဏာအရှိဆုံးပင်။
သူက ဆက်ပြီး စဉ်းစားနေသည် "ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဖမ်းခံထားရတဲ့ စစ်သည် ဒီလောက်အများကြီးကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတာက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ"
"ဗိုလ်ချုပ်ကြီးမုန့် အနေနဲ့ အကြံပြုထားတဲ့အတိုင်း လုပ်တာက အကောင်းဆုံးပါပဲ"
ဖန်ချင်းယွမ်၏ သဘောထားမှာ ပြတ်သားလွန်းသည် "အကယ်၍ ဒီအစီအစဉ်သာ ကျဆုံးသွားရင် နောက်ပိုင်းမှ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ကို ကျောက်ထုံခရိုင်ဆီ စေလွှတ်လို့ ရပါသေးတယ်။ သုံ့ပန်း နှစ်သောင်း လွှတ်ပေးလိုက်လို့ ဖြစ်လာမယ့် ဆုံးရှုံးမှုအတွက်ဆိုရင်တော့ ကျွန်တော် တစ်ယောက်တည်း တာဝန်ယူပါ့မယ်။ ဧကရာဇ်မင်းမြတ်ဆီကို ကျွန်တော်ကိုယ်တိုင် အစီရင်ခံစာ ရေးသားပါ့မယ်"
"ကောင်းပြီ ဗိုလ်ချုပ်ကြီးဖန်က ဒီလိုပြောမှတော့ ငါက ဆက်ပြီး တုံ့ဆိုင်းနေရင် အရမ်းကို ကြောက်တတ်ရာ ကျနေလိမ့်မယ်။ လက်ထောက်ဗိုလ်ချုပ်ချန် အကြံပြုတဲ့အတိုင်းပဲ လုပ်ကြစို့"
မုန့်ချူကျိီက နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်သည် "ငါ့ရဲ့ အမိန့်စာကို ထုတ်ပြန်လိုက်စမ်း။ အတွင်းအားသန့်စင်ခြင်းအဆင့်ထက် မြင့်တဲ့ ဗိုလ်ချုပ်တွေကိုပဲ ဖမ်းထားပြီး ကျန်တဲ့ သုံ့ပန်းတွေကိုတော့ တစ္ဆေတံခါး လျှိုမြောင်ဆီကို တစ်သုတ်ကို လူငါးရာထက်မပိုဘဲ အသုတ်လိုက် ခွဲလွှတ်ပေးလိုက်ပါ။ ပြီးတော့ အဲဒီလျှိုမြောင်ကိုလည်း သေချာစောင့်ကြပ်ဖို့ လူလွှတ်လိုက်ဦး လက်ထောက်ဗိုလ်ချုပ်ချန်... မင်းမှာ တခြား ဘာတောင်းဆိုစရာ ရှိသေးလဲ"
"ယုံလဲ့ခရိုင်ကလွဲရင် ကျန်တဲ့ စစ်မျက်နှာပြင် အားလုံးက တပ်ဖွဲ့တွေကို ယာယီ ကွပ်ကဲပိုင်ခွင့်နဲ့ စီမံပိုင်ခွင့် အာဏာကို ကျွန်တော် လိုချင်ပါတယ်"
ချန်ဆန်းရှီက လက်သီးဆုပ်ကာ တောင်းဆိုလိုက်သည်။ ဒါဟာ လိုအပ်ချက်တစ်ခုပင်။ မဟုတ်ပါက သူက တစ်ဖက်မှာ ဖျောင်းဖျနေစဉ် အခြားတပ်ဖွဲ့တစ်ခုက မြို့ကို ဝင်တိုက်ခြင်း၊ လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ပါက အမှားအယွင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်သည်။
"ကောင်းပြီ၊ ငါ မင်းကို အဲဒီအာဏာ ပေးလိုက်မယ်"
မုန့်ချူကျိီက အလွယ်တကူပင် သဘောတူလိုက်ပြီးနောက် သတိပေးစကား ပြောသည် "ဒါပေမဲ့ ဗိုချုပ်ချန်... မင်း နားလည်ထားရမှာက စစ်တပ်ထဲမှာ နောက်ပြောင်မှု မရှိရဘူးဆိုတဲ့ စစ်စည်းကမ်းက အရမ်းအရေးကြီးတယ်ဆိုတာပဲ"
"ကျွန်တော် စစ်မိန့်ကို ခံယူဖို့ အသင့်ပါပဲ"
ချန်ဆန်းရှီက ဆက်ပြောသည် "ဒါပေမဲ့ သုံ့ပန်းလွှတ်တဲ့ ကိစ္စကိုတော့ အမြန်ဆုံး လုပ်ရပါလိမ့်မယ်။ ကျွန်တော့် ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် နန်ရွှီနိုင်ငံက စစ်ကူတွေ ရောက်လာတော့မှာပါ"
"မှန်တယ်"
မုန့်ချူကျိီက ဆိုသည် "အဲဒါက ငါ့ကို အစိုးရိမ်ဆုံးစေတဲ့ အချက်ပဲ။ လောလောဆယ် ဒါရှန်အင်ပါယာက အသာစီးရနေပေမဲ့ နန်ရွှီစစ်တပ်သာ ရောက်လာရင် အခြေအနေက ချက်ချင်း ပြောင်းလဲသွားနိုင်တယ်"
နန်ရွှီနိုင်ငံက စစ်ကူလွှတ်မည်မှာ အားလုံးအတွက် မလွဲမသွေ ဖြစ်လာမည့် အမှန်တရားပင်။
...
ယုံလဲ့ခရိုင်...
"အစီရင်ခံပါတယ်"
"မင်းသား... ဒါရှန်အင်ပါယာက စစ်ကူတွေ ထပ်ပို့လိုက်ပြန်ပါပြီ"
"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ"
မင်းသားထန်ဟာ အငွေ့တထောင်းထောင်းထွက်နေတဲ့ သိုးခြေထောက်ကို ဓားမြှောင်နဲ့ လှီးဖြတ်ရင်း အေးအေးဆေးဆေး မေးလိုက်သည် "အရေအတွက် ဘယ်လောက်လဲ"
"ဟူပန်တပ်မတော် ရှစ်ထောင်နဲ့ အနက်ရောင်သံချပ်ကာတပ်ဖွဲ့သုံးထောင်ပါ"
ဒုတိယဗိုလ်ချုပ်က စိုးရိမ်တကြီးဖြင့် "အဲဒီထဲမှာ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ကို ဟုန်းကျဲမြစ်ကို လေးကြိမ်ဖြတ်ကျော်ခဲ့တဲ့ ချန်ဆန်းရှီက ဦးဆောင်လာတာပါ"
ဒီနာမည်ကို ကြားလိုက်ရတဲ့အခါ လီဂုန်းရဲ့ အသားလှီးနေတဲ့ လက်ဟာ သိသိသာသာ တုံ့ခနဲ ဖြစ်သွားသည်။ ပြီးမှ သူက ဂရုမစိုက်သလိုပုံစံနဲ့ "မထိတ်လန့်ကြပါနဲ့။ ဒီလူက နာမည်ရဖို့နဲ့ ရာထူးတက်ဖို့အတွက်ပဲ ဒီကို လာတာ ဖြစ်ရမယ်။ လက်ရှိ လိုင်ပြည်နယ် အခြေအနေအရ သူရှိတာ မရှိတာက ဘာမှ မထူးခြားပါဘူး"
"မင်းသား..."
ဒုတိယဗိုလ်ချုပ်က သက်ပြင်းချရင်း "အင်ပါယာမင်းမြတ်က ငါတို့အပေါ် တော်တော်လေး ဝေဖန်နေတာ။ အစကတည်းက စစ်တပ်လွှတ်တာကို သူ သဘောမတူခဲ့ဘူး"
"အင်ပါယာမင်းမြတ်က အရမ်းကို ရှေးရိုးစွဲဆန်လွန်းတာ သိသာတာပဲ"
လီဂုန်းက သိုးသားကို ဝါးရင်း ဖြည်းဖြည်းချင်း ပြောသည် "မစိုးရိမ်နဲ့။ ငါတို့ နောက်ထပ် သုံးလလောက် ခုခံထားနိုင်သရွေ့တော့ ချင်နိုင်ငံက စစ်ကူတွေ ဆက်ရောက်လာလိမ့်မယ်။ နန်ရွှီစစ်တပ်ကလည်း ဟူလောင်ကို ဖိအားပေးလာလိမ့်မယ်။ အဲဒီအချိန်ကျရင် မုန့်ချူကျိီတို့က နယ်စပ်ကို ဆုတ်ခွာသွားရမှာပဲ။ အဲဒီအချိန်ကျမှ တကယ့်တိုက်ပွဲ စမှာ။ တခြားမြို့စောင့်တပ်တွေကိုလည်း သူတို့နေရာမှာပဲ မြဲမြဲခုခံထားဖို့နဲ့ အခွင့်အရေးကို စောင့်ဖို့ သတင်းပို့လိုက်ဦး"
"ဟုတ်ကဲ့ပါ"
...
ကျောက်ထုံခရိုင်...
"ညီအစ်ကိုတို့"
"ငါတို့ရဲ့ အမျိုးသားတို့"
"ဒါရှန်စစ်သည်တွေသာ မြို့ထဲဝင်လာရင် သူတို့ မြို့ကို အစုလိုက်သတ်ဖြတ်ကြလိမ့်မယ်။ ယောက်ျား၊ မိန်းမ၊ ကလေး တစ်ယောက်မှ ချန်မှာ မဟုတ်ဘူး။ ကွေ့ဟိုင်၊ လျန်ရွှေ နဲ့ ကျင့်ကု ပြည်နယ်တွေက သာဓကတွေပဲ။ သူတို့က မြက်ခင်းပြင်က လူရိုင်းတွေနဲ့ ဘာမှမခြားဘူး အဲဒါကြောင့် အသက်ရှင်ချင်ကြရင် အားလုံးလာပြီး ငါနဲ့အတူ မြို့ကို ကာကွယ်ကြစမ်း"
"ဖျတ်——"
မြို့စောင့်ဗိုလ်ချုပ် ဒိန်းဖုန်း ရဲ့ နဂါးပြာလဝန်းဓားကြီးဟာ ဝှေ့ယမ်းကျဆင်းလာပြီး တိုက်ခိုက်လာတဲ့ ဒါရှန်ဗိုလ်ချုပ်တစ်ဦးရဲ့ ခန္ဓာကိုယ်ကို တစ်ဝက်ပြတ်အောင် ပိုင်းချလိုက်သည်။ အပြင်းအထန် တိုက်ခိုက်ပြီးနောက် မြို့ပြင်က စစ်တပ်ဟာ ဆယ်မိုင်ခန့် ပြန်ဆုတ်သွားရပြီး လွယ်လွယ်နဲ့ မတိုက်ရဲတော့ပေ။
မြို့အပြင်ဘက်၌...
ရွှေချုံယီ၊ ရှာဝမ်လုံ တို့ ဦးဆောင်တဲ့ ဟူပန်တပ်မတော်ဟာ မိုင် ၂၀ အကွာက စခန်းဆီကို ယာယီ ဆုတ်ခွာလာကြသည်။
"ဒီဒိန်းဖုန်းက တကယ်ကို ကြမ်းတာပဲ"
ရှာဝမ်လုံက သူ၏ ဓားကြီးကို မြေကြီးထဲ စိုက်လိုက်ရင်း "မင်းနဲ့ငါ ပူးပေါင်းတာတောင် သူ့ကို မနိုင်ဘူး"
"သူက နက်နဲပုံရိပ်အဆင့် အထွတ်အထိပ်ကို ရောက်နေတာကိုး"
ရွှေချုံယီက ပိုပြီး တည်ငြိမ်စွာဖြင့် "ခဏနားပြီးမှ ထပ်တိုက်ကြတာပေါ့"
"ဗိုလ်ချုပ်တို့..."
ချောင်ဖန်က စိုးရိမ်တကြီး ပြောသည် "ဒီအတိုင်း အတင်းဝင်တိုက်နေရင်လည်း အောင်မြင်မှာ မဟုတ်ဘူး"
"တိုက်ဖို့ကလွဲရင် တခြားနည်းလမ်း မရှိဘူး"
ရွှေချုံယီက ဆိုသည် "ဒါက အိမ်ရှေ့မင်းသားဆီက လာတဲ့ အမိန့်ပဲ။ အချိန်အကန့်အသတ်လည်း ရှိတယ်"
"စစ်ကူကို စောင့်ကြတာပေါ့"
ရှာဝမ်လုံက ပြောသည် "ချန်ဆန်းရှီမှာ အနက်ရောင်သံချပ်ကာတပ်ဖွဲ့သုံးထောင် ရှိသေးတာပဲ။ သူရောက်လာရင် သူ့လူတွေကို အရှေ့ကနေ တက်ခိုင်းမယ်။ မြို့ရိုးပေါ်ကို အတင်းတက်ရင် မရစရာ အကြောင်းမရှိဘူး"
"ဝူး——"
ဟိုင်တုန်ချင်သိမ်းငှက်က သတင်းတစ်ခု သယ်ဆောင်လာသည်။
"ဘာထူးလဲ"
ရှာဝမ်လုံက မေးသည်"သူတို့ ဘယ်တော့ ရောက်မလဲ"
"စောင့်နေဖို့ မလိုတော့ဘူး"
ရွှေချုံယီက စာကို ကိုင်ရင်း လေးနက်စွာ ပြောလိုက်သည် "သူ လာမှာ မဟုတ်ဘူး"
"သူက အမိန့်ကို ဖီဆန်ရဲတာလား"
ရှာဝမ်လုံက ဒေါသတကြီးဖြင့် "အရင်တစ်ခါကတော့ ယွီဆုန့်က သူ့ဘက်က ပါပေးလို့ပေါ့။ အခု ဘယ်သူက သူ့ဘက်က ပါမှာလဲဖန်ချင်းယွမ်လား"
"မဟုတ်ဘူး၊ သူက အမိန့်ဖီဆန်တာ မဟုတ်ဘူး။ အမိန့်မဖီဆန်ရုံတင်မကဘဲ... ငါတို့အားလုံးကို တိုက်ခိုက်မှု ရပ်တန့်ဖို့ပါ သူက အမိန့်ပေးထားတာ"
"ဗိုလ်ချုပ်ကြီးရွှေ နောက်နေတာလား"
ရှာဝမ်လုံက ဇဝေဇဝါဖြင့် "သူက လက်ထောက်ဗိုလ်ချုပ်လေးတင်ပဲ။ ဘာအခွင့်အာဏာနဲ့ ငါတို့ကို အမိန့်ပေးတာလဲ"
"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
ရွှေချုံယီက စိတ်ပျက်လက်ပျက်ဖြင့်"စစ်သေနာပတိချုပ် မုန့်ချူကျိီက အမိန့်ထုတ်လိုက်ပြီ။ ယုံလဲ့ခရိုင်ကလွဲရင် ကျန်တဲ့နေရာအားလုံးကို ချန်ဆန်းရှီက ကွပ်ကဲရမယ်တဲ့"
"ဘာ"
ရှာဝမ်လုံက စာကို လုယူကြည့်လိုက်ရင်း နှာခေါင်းရှုံ့လိုက်သည် "ဒါကြောင့်ကိုး။ နှစ်လအတွင်းမှာ ကျောက်ထုံခရိုင်ကို အညံ့ခံအောင် လုပ်ပါ့မယ်ဆိုတဲ့ စစ်မိန့်ကို သူ ခံယူထားတာကိုး။ ကြွားလိုက်တာလည်း လွန်ပါရော"
ချောင်ဖန်ကလည်း စာကို ယူဖတ်ကြည့်ပြီး စိုးရိမ်တကြီးဖြင့်"ဒီလူက သူ တကယ် မလုပ်နိုင်ဘဲနဲ့တော့ ကြွားမှာ မဟုတ်ဘူး"
"ငါတော့ မယုံဘူး"
ရွှေချုံယီက သူ၏ သွေးစွန်းနေသော ဓားကို မြို့ရိုးဆီသို့ ညွှန်ပြလျက် "ဒိန်းဖုန်းက ဘယ်သူနဲ့မှ မယှဉ်နိုင်အောင် ရဲရင့်တဲ့လူ။ သူက မြို့ထဲက ထွက်လာပြီး အညံ့ခံလိမ့်မယ်တဲ့လား"
"တကယ်တော့ ကျွန်တော်လည်း မယုံပါဘူး"
ချောင်ဖန်က ခါးခါးသီးသီး ပြုံးလိုက်သည် "ဒါပေမဲ့ သူ့ကိုယ်သူ ချန်ဆန်းရှီလို့ ခေါ်နေတာပဲလေ"
"ဒီတော့..."
ရှာဝမ်လုံသည်လည်း အရင်တစ်ခါက သင်ခန်းစာကို မှတ်မိနေသဖြင့် ဆက်ပြီး မပြောရဲတော့ပေ။
"မင်းတို့တွေ အရမ်း စဉ်းစားနေကြတာပဲ"
ရွှေချုံယီက လှောင်ပြုံးပြုံးရင်း"စစ်မိန့်မှာ အချိန်အကန့်အသတ် ရှိတယ်။ နှစ်လအတွင်းမှာ ဒိန်းဖုန်းကို မြို့တံခါးဖွင့်ပြီး အညံ့ခံခိုင်းရမယ်တဲ့။ ဒိန်းဖုန်းကသာ အညံ့မခံရင် သူ ဘာလုပ်မလဲဆိုတာ ငါ တကယ်ပဲ စောင့်ကြည့်ချင်ပါသေးတယ်"
...
"ကျောက်ထုံ မြို့စောင့်ဗိုလ်ချုပ် ဒိန်းဖုန်း... နက်နဲပုံရိပ်အဆင့် အထွတ်အထိပ်"
ဖန်ချင်းယွမ်က နောက်ဆုံးရ သတင်းအချက်အလက်များကို ကိုင်ထားသည် "ဒီလူက မူလက လိုင်ပြည်နယ်ရဲ့ ဘုရင်ခံပဲ။ နာမည်ကောင်းလည်း ရှိတယ်။ ဒါပေမဲ့ သူက ချင်နိုင်ငံအပေါ် အရမ်းသစ္စာရှိတော့ မြို့တံခါးဖွင့်ပြီး အညံ့ခံဖို့ ဖျောင်းဖျဖို့ကတော့ ခက်လိမ့်ဦးမယ်။ ဒါပေမဲ့ ညီလေးက ပြောမှတော့ သူ့မှာ အစီအစဉ် ရှိမှာပါ။ မင်းပဲ လုပ်လိုက်ပါတော့။ ငါကတော့ ဝှီးချဲနဲ့ဆိုတော့ မင်းနောက်က လိုက်နေရင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်"
"အစ်ကို... ဒါဆို ကျွန်တော် သွားပါပြီ"
ချန်ဆန်းရှီက အချိန်မဆွဲတော့ဘဲ သူ၏ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ သုံးထောင်ကို ဦးဆောင်ကာတိုက်ရိုက် ချီတက်သွားခဲ့တော့သည်။