မိန်းမလှလေးများ၏ ဖိတ်ကြားမှု
Vol. 7 Ch. 97
နောက်ဆုံးတွင် ဒိုင်လူကြီး၏ ဝီစီသံနှင့်အတူ ပြိုင်ပွဲ ပြီးဆုံးသွား လေသည်။
၁၁၆: ၉၃
ဘာသာစကားဌာနအတွက် အပြတ်အသတ် အနိုင်ရပွဲပင်။
“ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီကွ”
ဘာသာစကား ဌာနတစ်ခုလုံး အစက မှင်တက်နေပြီးမှ ကျယ်လောင် စွာ အော်ဟစ်အားပေးကြသည်။
“ရှောင်ရဲ့ တော်တယ်ဟေ့”
“ရှောင်ရဲ့ မင်းကတော့ တကယ်ကို တစ်ခုခုပဲ ငါ့လူရေ၊ ဒီလို နှိမ့်နှိမ့်ချချ နေရလားဟ”
“ဂိမ်းကစားတာတော်တယ်၊ ကွန်ဖူးလည်း တော်တယ်၊ ဘတ်စကတ် ဘောလည်း တော်တယ်၊ မင်းက ရွက်ပုန်းသီး ပညာရှင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ မင်းနဲ့ ဟဲယွမ်ကို ယှဉ်လိုက်ရင် သူက ဘာမှကို မဟုတ်တော့ဘူး”
“ရှောင်ရဲ့ မင်းက သိပ်အားကိုးရတယ်ကွာ၊ ငါသာ မိန်းကလေးဆို မင်းကို ကြွေပြီ”
“လိပ်အင်္ဂါ ပြောင်းလဲခွဲစိတ်ဖို့ နောက်မကျသေးဘူး မဟုတ်လား”
အာလူးလေးနှင့် အတန်းသားများက ပြေးလာပြီး ရဲ့လင်းချန်ကို ဝိုင်းဖက် ထားကြသည်။
“ရဲ့လင်းချန် ကျေးဇူး အများကြီး တင်ပါတယ်”
ကောင်းဝမ်ကလည်း သူ့နားတိုးလာပြီး ကျေးဇူးတင်ကြောင်း ပြောလာ သည်။ သူမအသံတွင် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေ၏။
“ရဲ့လင်းချန် နင်သာ နောက်ပြိုင်ပွဲတွေမှ ဆက်ပါမယ်ဆိုရင် ငါတို့ဌာနက သေချာပေါက် ပထမရမှာပဲ”
“ငါ မပါတော့ဘူး”
ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။
“နောက်ပြိုင်ပွဲတွေကို မင်းတို့လက်ထဲ အပ်လိုက်ပြီ”
သူသည် ဟဲယွမ်ကို သင်ခန်းစာပေးရန် ပြိုင်ပွဲကို ဝင်ပါခဲ့ခြင်း ဖြစ်သည်။ သူသာ ပြိုင်ပွဲ၌ ဆက်ပါနေပါက တမင်သက်သက် အနိုင်ကျင့်ရုံ ဖြစ်နေလိမ့်မည်။
ကောင်းဝမ်၏ မျက်နှာတွင် စိတ်ပျက်ဟန် ပေါ်လာသော်လည်း ထပ်၍ မတောင်းဆိုတော့ချေ။
“ရပါတယ်၊ ဒါပေမဲ့ နင့်ကို တက္ကသိုလ် အားကစားဌာနမှ လျှောက်ဖို့ တောင် ငါ အကြံပေးချင်တယ်၊ နင့်အလားအလာနဲ့ဆို နင့်အရည် အချင်းကို မဖြုန်းသင့်ဘူး”
“ငါ စဉ်းစားလိုက်ပါ့မယ်”
ရဲ့လင်းချန်က ပြုံး၍ပြောကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ရှောင်ကမ်းကို ထူမ၍ ကျောင်းဆေးပေးခန်းသို့ သွားလေ သည်။
သူ၏ ဆေးပညာနှင့်ဆိုလျင် နှိပ်နယ်ပေးလိုက်ရုံနှင့် ရှောင်ကမ်း၏ အရိုးကို ပြန်တည့်ပေးနိုင်၏။ သို့သော် ထိုသို့လုပ်ခြင်းက မလိုလား အပ်သော အာရုံကို ဆွဲဆောင်မိသွားစေလောက်သည်။ ယနေ့ ကိစ္စ လောက်နှင့်တင် လုံလောက်နေပြီ ဖြစ်သဖြင့် သူ သည်အတိုင်း ထားလိုက်သည်။
“ရှောင်ရဲ့ မင်းက အံ့ဩဖို့ကောင်းတယ်ကွ၊ ငါ တော်တော် ကျေနပ် သွားတယ်”
ရှောင်ကမ်းက သူ့ခြေထောက် နာနေသည်ကိုပင် မေ့လုနီးနီး ဖြစ်ကာ အဆက်မပြတ် စကားပြောနေ၏။
“မင်းရဲ့ တားဆီးချက်တွေက အားကစားဌာနတစ်ခုလုံးကို စိတ်ဒဏ်ရာ ရသွားစေလောက်တယ်၊ ငါ သူတို့ အမူအရာတွေကို သေချာ ဗွီဒီယို ရိုက်ထားတယ်ကွ၊ အဲ့ဒါကို ငါ စုဆောင်းထားတဲ့ဖိုင်ထဲ ထည့်ထား ဦးမယ်”
ရှန်းက ဘေးနားမှနေ၍ ပြောလာသည်။
“ယီးပဲ ဉာဏ်ကောင်းလှချည်လား၊ ငါ့ဆီ မြန်မြန်ပို့ပေး၊ နောက်ဆို အဲ့ဒါနဲ့ ငါ့ကိုယ်ငါ စိတ်ဖိအား နည်းအောင် လုပ်ရမယ်”
တစ်ချိန်တည်းမှာပင် အားကစားဌာနမှ လူများသည်လည်း စိတ်အေး သလို ဖြစ်ပြီး သက်ပြင်းချမိသည်။
“နောက်ဆုံးတော့ ပြီးသွားပြီပဲ”
ရှုံးသွားသည့်အတွက် သူတို့ စိတ်မကောင်း မဖြစ်ကြပါ။ ထိုအစား ပြိုင်ပွဲတွင်း၌ ချုပ်နှောင်ခံထားရသလို ဖြစ်နေရာမှ လွတ်မြောက် သွားသလို ခံစားရသည့်အတွက် ဝမ်းသာသော အပြုံးများသာ ရှိနေ ကြသည်။
ရဲ့လင်းချန်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့ ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။ ပြိုင်ပွဲသည် တစ်စက်ကလေးမှ မျှော်လင့်ချက်ကို မမြင်ရသည့် ပြိုင်ပွဲ ဖြစ်သည်။ အဆုံးအထိ သူတို့ ဘောလုံးကို ထိဖို့ မတွေးမိချေ။ အကြောင်းမှာ ထိမိသည်နှင့် ရဲ့လင်းချန်၏ အကြည့်ကို သူတို့ ရင်ဆိုင်ရပေမည်။ ပြန်တွေးကြည့်ရုံနဲ့တင် သူတို့ ကြောက်လန့် လာ၏။
ဟဲယွမ်က ရဲ့လင်းချန်၏ ပုံရိပ်ကို စူးစိုက်ကြည့်နေပြီး မျက်နှာက သေမတတ် ဖြူရော်ကာ နဖူးကြောများ ထောင်တက်နေ၏။ ပြင်းထန် သော အရှက်ခွဲခံရမှုက သူ့မျက်နှာအား အရောင်အမျိုးမျိုး ပြောင်းလဲ စေသည်။
*အဆုံးသတ်ကျရင် မင်းက အရှုံးသမား ဖြစ်လာမှာပါ၊ စောင့်ကြည့် နေလိုက်*
ထိုစဉ် သူ့ဖုန်းက တုန်ခါလာပြီး စာတစ်စောင် ဝင်လာသည်။ အမည်မသိ နံပါတ်တစ်ခုက ပို့လာခြင်းပင်။
[ဒီနေ့ည လီမူရွှယ်က ရဲ့လင်းချန်ကို ညစာလိုက်စားဖို့ ဖိတ်လိမ့်မယ်၊ နေရာက လောင်တုန်းမန် စားသောက်ဆိုင်]
ရိုးရှင်းသာ စာတစ်စောင် ဖြစ်သော်လည်း ၎င်းက ဟဲယွမ်၏ မျက်နှာကို အလွန် မည်းနက်သွားစေသည်။
ရဲ့လင်းချန်ထံ၌ ဆက်တိုက် တားဆီးခံလိုက်ရသဖြင့် အရှက်ကွဲ သည်ကပင် အတော်လေး ဆိုးနေပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ရဲ့လင်းချန်က သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးလာသည်ဟို သူ ခံစားမိ နေသည်။ ထိုဦးထုပ်စိမ်းက ပိုပို၍ စိမ်းလာသည်ဟုပင် ခံစားနေရသည်။
ဤသည်က သူ၏ တစ်ဖက်သတ် အတွေးသာ ဖြစ်သည်။ သူ့မျက်လုံး တွင်း၌ ရက်စက်သော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
*ဒါကို လုံးဝ သည်းမခံနိုင်ဘူး*
ရဲ့လင်းချန်က ရှောင်ကမ်းကို ဆေးပေးခန်းသို့ ခေါ်လာသည်။ ခြေလိမ် သွားခြင်းက ကြီးမားသော ပြဿနာ မဟုတ်ချေ။ သူသည် ပြန်ကောင်း လာရန် အတွက် ကောင်းကောင်း အနားယူရန်သာ လိုအပ်သည်။ အရောင် ကျဆေး အချို့နှင့် အကိုက်အခဲပျောက်ဆေးအချို့ ပေးပြီး နောက် သူတို့ကို ပြန်သွားခိုင်းလေသည်။
အပြင်ဘက်၌ လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့ ရပ်နေကြသည်။ သူမ တို့က သူ့နောက် လိုက်လာသည့်ပုံပင်။
အာလူးလေးနှင့် ကျန်လူများက ညစ်ကျယ်ကျယ် ပြုံးလာပြီး လီမူရွှယ် ကို ကြည့်လိုက်၊ ရဲ့လင်းချန်ကို ကြည့်လိုက် လုပ်နေကြသည်။
“ရဲ့လင်းချန် ငါ ဒီည နင့်ကို ညစာ လိုက်ကျွေးလို့ရလား”
လီမူရွှယ်က လှပသောမျက်ဝန်းများဖြင့် ရဲ့လင်းချန်အား ဖြူစင်စွာ စိုက်ကြည့် နေသည်။
“ဒါပေါ့ ငါတို့ ရှောင်ရဲ့လေးက သိပ်အားနေတာ”
ရှန်းက ရဲ့လင်းချန်ကို ပြန်ပြောခွင့်ပင် မပေးဘဲ ဝင်ပြောကာ သူ့ကို အရှေ့ သို့ပင် တွန်းထုတ်လိုက်သည်။
“ရှောင်ရဲ့ ငါတို့ အရင်သွားနှင့်မယ်၊ ပျော်ခဲ့ကြ”
ရှောင်ကမ်းက သူ့ကို လက်ပြနှုတ်ဆက်လေသည်။
“မင်း ဒီည အဆောင်ပြန်လာစရာ မလိုဘူး၊ ငါတို့ မင်းကို စောင့်မနေ ဘူးနော် …”
*ဒီတိရစ္ဆာန်သုံးကောင်ကတော့ …*
ရဲ့လင်းချန် မတတ်သာဟန်ဖြင့် ခေါင်းခါလိုက်ပြီး လီမူရွှယ်ကို ကြည့် လိုက်သည်။
“ဘာကိစ္စလဲ”
“ငါ နင့်ကို ပြဿနာတွေ အများကြီး တက်စေခဲ့မိလို့ တောင်းပန် ပါတယ်”
လီမူရွှယ်က နှုတ်ခမ်းကိုက်ရင်း ပြန်ဖြေလေသည်။ ပြီးခဲ့သည့် အချိန် အတွင်း သူမ၏ လုပ်ရပ်ကို ပြန်နောင်တရကာ ရဲ့လင်းချန်နှင့် တွေ့ခဲ့ သည်ပုံက သူမစိတ်ထဲ၌ ထပ်တလဲလဲ ပြန်ပေါ်လာသည်။
သူမ ရဲ့လင်းချန်နှင့် ကားပေါ်တွင် စတွေ့ခဲ့စဉ်က ရဲ့လင်းချန်က သူမ အာရုံစိုက်လာစေရန် ပြဿနာ ရှာသူဟု သူမ ထင်ခဲ့မိသည်။ အဆုံးသတ်တွင် ရဲ့လင်းချန်က ကလေးကို ကယ်နိုင်ရုံသာမက ပြန်ပေး ဆွဲ သမားများကိုပင် ဖမ်းနိုင်ခဲ့သည်။
ထို့နောက် သူမသည် ဟဲယွမ်ကို ငြင်းရန် ရဲ့လင်းချန်ကို ဒိုင်းသဖွယ် အသုံးချ ခဲ့သည်။ သူမအတွက် ပြဿနာ သေးသေးလေး ဖြစ်သော် လည်း ရဲ့လင်းချန်က ဟဲယွမ်၏ ယုတ်ညံ့သော လက်စားချေမှုများကို ရင်ဆိုင်ရသည်။
အခြေအနေတိုင်းကို ရဲ့လင်းချန် မကိုင်တွယ်တတ်ပါက ရလဒ်က ပိုဆိုးသွားလောက်သည်။
သူမ အပြစ်ရှိသလို ခံစားနေရရင်းနှင့် သူမစိတ်ထဲ၌ သိချင်စိတ်တို့ ပေါ်ပေါက်လာသည်။ သူနှင့် တွေ့သည့် အကြိမ်တိုင်း သူ့တွင် အမြဲ အံ့ဩစရာများနှင့် ပြည့်နေပုံရသည်။ လူ လှုပ်ရှားလိုက်သည့် အကြိမ်တိုင်း ကောင်းကင်ထက်မှ ကြယ်ကဲ့သို့ ဘေးပတ်လည်မှ လူများကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ရဲ့လင်းချန်က သူမကို အတင်းနမ်းလာပြီး အခြေအမြစ် မ ရှိသော စကားတို့ကို ပြောခဲ့ချိန်အား ပြန်စဉ်းစားမိသောအခါ သူမ စိတ်တိုလာသလို ရှက်လည်းရှက်လာ၏။
သူမတွင် ရဲ့လင်းချန်နှင့် ပတ်သက်ပြီး ခံစားချက်များ ရောထွေး နေသည်။
ရဲ့လင်းချန်က အချိန်တိုလေးနှင့် လီမူရွှယ်၏ အတွင်းစိတ်ကို မသိချေ။ လီမူရွှယ်၏ အမူအရာက အပြစ်ရှိစိတ်မှ ရှက်စိတ်သို့၊ ထို့နောက် စိတ်ဆိုးဟန်သို့ အဆက်မပြတ် ပြောင်းလဲနေသည်ကိုသာ သူ မြင်နေရသည်။
*ဒီမိန်းမက … သူ့မျက်နှာက အမူအရာတွေ များလိုက်တာ၊ သူ ရုပ်ရှင် မရိုက်တာ နှမြောစရာပဲ*
ရဲ့လင်းချန် ထိုသို့တွေးပြီးနောက် ပြန်ပြောလိုက်သည်။
“တောင်းပန်ချင်တာဆိုရင် ထားလိုက်တော့၊ ငါတို့ ဘာမှမဖြစ်ခဲ့သလို နေကြတာပေါ့၊ ငါတို့ အချင်းချင်း အကြွေး မတင်တော့ဘူးပေါ့”
ထိုသို့ပြောပြီး သူက ထွက်သွားရန် ပြင်လိုက်သည်။ လီမူရွှယ် စကားပြောရန် ကြိုးစားသော်လည်း ဘာပြောရမှန်းမသိ ဖြစ်ကာ စိတ်တိုသလို ဖြစ်လာသည်။
သူမ၏အလှကို တစ်စုံတစ်ယောက်က မသိကျိုးကျွန်ပြုသည်က ဒါ ပထမဆုံးအကြိမ်ပင်။ သို့သော် ထိုအတွက် သူမ စိတ်မဆိုးနိုင်ပါ။
“ဟဲ့ နင် ယောကျ်ားမဟုတ်ဘူးလား”
ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို အော်ပြောလေသည်။ သူမက ရဲ့လင်းချန်၏ လမ်းကို ပိတ်ရပ်၍ စိုက်ကြည့် နေသည်။
“မိန်းကလေးတွေဖြစ်တဲ့ ငါတို့က အရင် တောင်းပန်စကား ပြောတာလေ၊ ဘာလို့ နင်က ကြီးကျယ် မြင့်မြတ်သယောင် လုပ်နေတာလဲ၊ နင် တော်တော် အကျင့်ပုတ်ပါလား၊ ပြီးတော့ နင် အစ်မမူရွှယ်နဲ့ အိပ်ခဲ့တယ်လို့ အများသိအောင် ပြောခဲ့တာလေ၊ ငါတို့ အဲ့အတွက် နင့်ကို အငြိုးတောင် မထားတာ၊ အဲ့စကား ပျံ့ခဲ့လို့ မိန်းကလေးဖြစ်တဲ့ ငါတို့အတွက် ဘယ်လောက် နစ်နာရလဲ သိလား”
“ပြီးတော့ အစ်မမူရွှယ်က မလှဘူးလား၊ ငါတို့က နင့်ကို ညစာလိုက် ကျွေးတာလေ၊ နှိပ်စက်နေတာမှ မဟုတ်တာ၊ ယောကျ်ားဖြစ်တဲ့နင်က ဘာကို ကြောက်နေတာလဲ”
“ပြီးရောလေ၊ မင်း ဘယ်ကိုသွားချင်တာလဲ”
ရဲ့လင်းချန်က လီမူရွှယ်ကို စိုက်ကြည့်၍ သဘောတူလိုက်သည်။
“ကျောင်းနားက လောင်တုန်းမန် စားသောက်ဆိုင်ကို သွားရအောင်၊ အဲ့က အစားအသောက်က ကောင်းတယ်၊ ပြီးတော့ ဈေးလည်း သင့်တယ်”
လီမူရွှယ် ပြန်ပြောသည်ကို စောင့်မနေဘဲ ဟွမ်ရှောင်မန်က စိတ်မရှည် စွာ တွန်းအားပေးလေသည်။
“အချိန်ဖြုန်းမနေနဲ့လေ၊ ငါတို့ အခုပဲ သွားကြမယ် …”