အနိုင်ပိုင်းခံရခြင်း
Vol. 7 Ch. 101
စစ်သည်တော် ဆယ့်နှစ်ယောက် ပြိုင်တူ တိုက်ခိုက်လာသောအခါ လေပြင်းသံနှင့်အတူ ကြောက်စရာ ကောင်းသော ဖိအားပါ ဖြစ်ပေါ်လာသည်။ သူတို့နှင့် တိုက်ခိုက်မည့် မည်သူမဆို သတိထား ရလောက်သည်။
သို့သော် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လေးယောက်ကမူ အရေးမစိုက် ဟန်ဖြင့် ဟာသတစ်ပုဒ်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
ထိုဆယ့်နှစ်ယောက် သူတို့အနားသို့ ရောက်လာတော့မည့်အချိန်၌ သူတို့ လေးယောက်က ပြိုင်တူ လှုပ်ရှား လာသည်။
ကတုံးနှင့်လူသည် စစ်သည်တော်တစ်ယောက်၏ လက်သီးကို ပြန်လည်၍ ထိုးနှက်လိုက်သည်။ ကျယ်လောင်သော အရိုးကျိုးသံ နှင့်အတူ ထိုစစ်သည်တော်၏ လက်မှ အရိုးများ ချက်ချင်း ကျိုးကြေ သွားသည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကန်လိုက်သဖြင့် ထိုလူ အနောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ် ကျကာ မလှုပ်နိုင်တော့ချေ။
ထို့နောက် ကျောချမ်းစရာကောင်းသော ရယ်သံနှင့်အတူ ကတုံးနှင့် လူက လက်သီးကို ပြန်ဖြန့်၍ ဘေးတစ်ဖက်မှ စစ်သည်တော်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ပြင်းထန်သော ခွန်အားကြောင့် ထိုစစ်သည်တော် တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးအန်လာ၏။
အခြားသူများသည်လည်း ထိုနည်းတူပင်။ သူတို့၏ တိုက်ခိုက်မှုက အလွန် လျင်မြန်ပြီး အင်အားကြီးကာ အလွန် ကြမ်းကြုတ်သည်။ သူတို့ လေးယောက်က စစ်သည်တော် ဆယ့်နှစ်ယောက်ကို အနိုင်ပိုင်း လိုက်နိုင်သည်။
တစ်မိနစ်ကြာသော် ဆယ့်နှစ်ယောက်လုံး မြေကြီးပေါ်၌ သနားစဖွယ် လဲနေပြီး မလှုပ်နိုင်တော့ချေ။
“စစ်သည်တော်ဌာနရဲ့ သိုင်းပညာရှင်တွေက အသုံးမကျလိုက်တာ၊ အမှိုက်တွေ”
ကတုံးနှင့်လူက ရယ်၍ သူ့အနားမှ စစ်သည်တော် တစ်ယောက်ကို ကန်ထုတ်လိုက်သည်။ သူက ရဲ့လင်းချန်ထံ ဖြည်းဖြည်းချင်း လျှောက်လာ၏။
“ဒီဆယ်နှစ်အတွင်း မင်းတို့ရဲ့ သိုင်းပညာက ဒီလို ဆိုးရွားတဲ့အဆင့်အထိ ဆုတ်ယုတ်သွားလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိပါဘူး”
လင်းရှို့ရွှယ်၏ မျက်နှာက မသိမသာ ဖြူရော်သွားသည်။
“နင်တို့က ကမ္ဘာမြေရဲ့ ဂိတ်တံခါးက သာမန်အဖွဲ့ဝင်တွေ မဟုတ်ဘူးပဲ”
“ဟဲဟဲ ဘယ်လိုလုပ် သာမန်အဖွဲ့ဝင်က မိန်းကလေးလင်းကို ဖိတ်ကြား နိုင်တဲ့ အရည်အချင်း ရှိမှာလဲ၊ ငါတို့အားလုံးက ငွေအဆင့် အဖွဲ့ဝင် တွေပဲ”
သူက အသံနက်နက်ဖြင့် ပြောလိုက်သဖြင့် လင်းရှို့ရွှယ်၏ စိတ်ထဲ၌ ကြံရာမရ ဖြစ်နေကြသည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးဂိုဏ်းမှ ငွေအဆင့် အဖွဲ့ဝင်များသည် တရုတ် နိုင်ငံ၏ အထူးလေ့ကျင့်ရေး စခန်းထဲ ဝင်ခွင့်ရရှိသော သိုင်းပညာရှင် များနှင့် အဆင့်တူသည်။ လင်းအောင်သည် နဂါးလေ့ကျင့်ရေး စခန်းထဲ၌ ဝင်နိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း လူရွေးပွဲ၌ ရှုံးနိမ့်ခဲ့သည်။
ဤလူများသည် သာမန် သိုင်းပညာရှင်များ တိုက်ခိုက်နိုင်သောလူများ မဟုတ်ပေ။ ထို့အပြင် သူတို့ဘက်က လေးယောက်တောင်မှ ရှိနေ၏။
သူမတို့ ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်နေ၏။
သူမ မကြောက်ဘူးဟု ပြောလျင် လိမ်ရာ ကျလိမ့်မည်။ လင်းရှို့ရွှယ် ရင်တဒိန်းဒိန်း ခုန်လာပြီး ကြံရာမရ ဖြစ်နေလေသည်။
သူမသည် ငယ်ငယ်လေးကတည်းက လင်းထျန်းဟွာထံ၌ လေ့ကျင့် သင်ကြားပေးခြင်း ခံရပြီး သူမ၏ အရည်အချင်းက သာမန်ထက် ကျော်လွန်ပါသော်လည်း ပြိုင်ဘက်များက ကမ္ဘာမြေ၏ ဂိတ်တံခါးမှ ဖြစ်နေသည်။ ထို့အပြင် သူတို့အားလုံးက ငွေအဆင့်များ ဖြစ်နေသည်။
လီထျန်းဟွာတောင်မှ ကမ္ဘာမြေ၏ ဂိတ်တံခါးကြောင့် တစ်ကြိမ်မက ဒဏ်ရာရခဲ့သည်။ သူမ၏ အဘိုးက သူတို့၏ ကြောက်မက်ဖွယ် ကောင်းပုံနှင့် ပတ်သက်၍ ပြောဖူးသည်ကို သူမ ကြားဖူးသည်။ ရလဒ်က သေစေနိုင်သည်ဟု ဖော်ပြခံရသည်။
ထို့အပြင် လက်ရှိတွင် ရဲ့လင်းချန်က သူမဘေး၌ ရှိနေ၏။ သူမ အဘိုးသည် သူ၏ ကုသမှုခံယူရန် လိုအပ်နေသေးသည်။ သို့သော် ရဲ့လင်းချန်က ရန်စသော စကားများ ပြောဆိုခဲ့သည်။ ဤလူများက သူ့ကို လုံးဝ အလွတ်ပေးမည် မဟုတ်ပါ။
*ငါ ဘာလုပ်ရမလဲ*
လင်းရှို့ရွှယ် သွေးပျက်ကာ ချွေးပြန်နေ၏။
“နင်တို့ အခု ဒီကို ဘာလို့ လာတာလဲ”
လင်းရှို့ရွှယ်က အံကြိတ်၍ မေးလိုက်သည်။
“အချိန်တန်ရင် မင်း သိလာလိမ့်မယ်”
ကတုံးနှင့်လူက နီးသထက် နီးလာပြီး မသိလျင် သားကောင်နှင့် ကစား နေသော ကြောင်တစ်ကောင်လိုပင်။
“မင်း အချိန်ဆွဲနေစရာ မလိုဘူး၊ ငါ အားလုံးကို ထိန်းချုပ်ထားပြီးသား၊ အနီးဆုံး အင်အားစုကလူတွေအားလုံး ဒီမှာ လဲနေပြီ၊ အခြားကသူတွေ ဒီရောက်လာဖို့ အနည်းဆုံး နာရီဝက် လိုလိမ့်မယ်”
“နင်က ငါ့အဘိုးကို မြားချင်လို့ ငါ့ကို ဓားစာခံအဖြစ် အသုံးချဖို့ ကြိုးစား နေတာပဲ”
လင်းရှို့ရွှယ် ရိပ်စားမိသွားသည်။
“ဟဲဟဲ အရေးမပါတာတွေ ပြောတာ တော်လောက်ပြီ”
ကတုံးနှင့်လူက မတ်မတ်ရပ်၍ ရဲ့လင်းချန်ကို အထင်သေးသလို ကြည့်ကာ ခြိမ်းခြောက်လေသည်။
“မျိုးမစစ်လေး အခု မင်းမှာ ငါ့ကို ပြောစရာစကား မရှိတော့ဘူးလား”
ရဲ့လင်းချန်က ဘာမှမပြောချေ။ သူ ကမ္ဘာမြေ၏ ဂိတ်တံခါး အကြောင်း ကို တစ်ခါမှ မကြားဖူးပါ။ သို့သော် ယခု အဖြစ်အပျက်ကို မြင်ပြီး နောက် သူ့စိတ်ထဲ၌ ကျောချမ်းသလို ဖြစ်လာပြီး လောကအပေါ် မြင် သော အမြင်များ ပြောင်းလဲလာ၏။
မြေကြီးပေါ်၌ လဲနေသောသူများအားလုံးသည် သိုင်းပညာရှင်များ ဖြစ်သည်။ သူတို့အားလုံးက ရာထူးမြင့်ပြီး တစ်ယောက်ချင်းစီက သာမန်လူထက် ချီးကျူးထိုက်သော လူများပင်။ ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများ၏ ခွန်အားက ငြင်းချက်ထုတ်မရသော်လည်း သူတို့ အသုံးပြုသော နည်းလမ်းများက ရက်စက်လွန်းသည်။
သိုင်းပညာရှင် ဆယ့်နှစ်ယောက်လုံး ဖိနှိပ်၍ အနိုင်ပိုင်းခံရပြီး မသေရုံ တမယ် ဖြစ်နေသည်။
ရက်စက်လွန်းလှသည်။ လုံးဝ နည်းကုန်လမ်းကုန် လုပ်ကြခြင်းပင်။
ဤသို့ ရက်စက်သော လောကကြီးအား သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ကြောက်လွန်းလို့ စကားမပြောနိုင်တော့ဘူးလား”
ကတုံးနှင့်လူက ရဲ့လင်းချန်၏ ဆိတ်ဆိတ်နေခြင်းကို သရော် လိုက်သည်။ သူ့အမြင်တွင် ရဲ့လင်းချန်က ကြောက်လွန်း၍ ကြက်သေ သေသွားသည်ဟု ထင်နေ၏။
ဤသို့သော အခြေအနေမျိုးကို သူ မကြာခဏ မြင်ဖူးသဖြင့် သူ့အတွက် ရိုးနေလေပြီ။
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လူအများစုက အကြောက် လွန်ကာ စကားမပြောနိုင်တော့ချေ။ သူတို့ ဘောင်းဘီထဲ ကျင်ကြီး ကျင်ငယ် စွန့်မချမိလျင်ပင် ကံကောင်းနေလှသည်။
သူသည် စိတ်ပျက်သလို ခေါင်းခါ၍ ရဲ့လင်းချန်ထံ ဆက်လျှောက် လာသည်။
“နေဦး”
လင်းရှို့ရွှယ်က ဝင်ပြောလိုက်သည်။
“ငါ နင်နဲ့ လိုက်ခဲ့မယ်၊ သူက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး၊ သူ့ကို ဒီအတိုင်း ထားလိုက်ပါ”
“ဟဲဟဲ မင်း ငါ့ကို ဘာမှလာညှိနှိုင်းစရာ မလိုဘူး”
ကတုံးနှင့်လူက အထင်အမြင်သေးစွာ ရယ်မောနေ၏။
လင်းရှို့ရွှယ် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။ သူမ သွေးပျက် နေသဖြင့် အသက်ရှူပုံကလည်း မူမမှန်တော့ချေ။ သူမသည် ရဲ့လင်းချန်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီး တစ်ခုခု ပြောရန် ကြိုးစားနေပုံ ရသည်။
သို့သော် ရဲ့လင်းချန်က နေရာမှာ ရပ်မြဲရပ်ကာ မျက်မှောင်ကြုတ်နေ၏။ သူသည် အတွေးနွံ့ထဲ နစ်မျောနေပုံ ရပြီး ကျရောက်လာမည့် အန္တရာယ် ကို သတိထားမိပုံ ပေါ်သည်။
ကတုံးနှင့်လူသည် ရဲ့လင်းချန်နှင့် နှစ်မီတာ အကွာ၌ ရပ်နေသည်။ သူ့အကြည့်က ရဲ့လင်းချန်ထံသို့သာ ကျရောက်နေပြီး အမူအရာက ညစ်ကျယ်ကျယ် ပုံ ပေါ်နေ၏။
“မျိုးမစစ်လေး ဘယ်သူက ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို မစော်ကားရဲဘူး၊ အခု မင်း ဒူးထောက်ပြီး မင်းလုပ်ရပ်အတွက် နောင်တရချိန်တန်ပြီ”
ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ဆန့်၍ ရဲ့လင်းချန်၏ ပခုံးကို ဖမ်းချုပ်ရန် ပြင်လေသည်။ သူ၏ လက်ဝါးတွင် ကြောက်စရာ ကောင်းသော ခွန်အား ပါဝင်နေပြီး သေမင်းတမန်၏ လက်ကဲ့သို့ ရဲ့လင်းချန်၏ သေခြင်းကို ကြေငြာနေသည်ဟု ထင်မှတ်ရသည်။
သူသည် ထိုလက်တစ်ဖက်တည်းဖြင့် ရဲ့လင်းချန်၏ ပခုံးရိုးကိုချိုး၍ ခြေထောက်မှ အရိုးများ ကြေမွကာ ရဲ့လင်းချန်အား ဒုက္ခိတအဖြစ် အသက်ရှင်ရအောင် လုပ်ချင်နေ၏။
တစ်မီတာ၊ မီတာဝက်၊ တစ်ပေ …
သူ့လက်များက ရဲ့လင်းချန်နားသို့ တဖြည်းဖြည်း နီးကပ်လာပြီး ပခုံးနှင့် ထိလုထိခင် အနေအထားအထိ ရောက်လာသည်။
ချက်ချင်းဆိုသလိုပင် ကတုံးနှင့်လူ၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး ရက်စက်သော အပြုံးမျိုး ပြုံးကာ မျက်လုံးထဲတွင် စိတ်အား ထက်သန်ဟန်များ ပေါ်လာ၏။ ရဲ့လင်းချန် ဒူးထောက်လာပြီး ကြံရာမရ ဖြစ်နေသော အမူအရာနှင့် ဒူးထောက်လာတော့မည်ဟု မြင်ယောင် နေလေသည်။
ကျန်သုံးယောက်သည်လည်း အခြေအနေအား ဂရုမစိုက်သော ဟန်ဖြင့် ကြည့်နေကြသည်။ သူတို့အမြင်တွင် ရဲ့လင်းချန်က ခွေးထက်ပင် အဆင့်နိမ့်သေးသည်။
သို့သော် တစ်ခဏအတွင်း ကတုံးနှင့်လူ၏ အပြုံးက အေးခဲသွားပြီး မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ် လာသည်။
မထင်မှတ်ထားသော ခွန်အားတစ်ခုက သူ့လက်ကောက်ဝတ်ကို မြဲမြဲ ညှပ်ထားပြီး တစ်လက်မပင် လှုပ်လို့မရအောင် ပြုလုပ်ထားသည်။
တစ်ချိန်တည်းမှာပင် တောက်လျှောက် ခေါင်းငုံ့ထားသော ရဲ့လင်းချန် က ခေါင်းမော့လာသည်။ သူ၏ တည်ငြိမ်သော အကြည့်က ဆူနာမီ လှိုင်းထန်သကဲ့သို့သော အကြည့်သို့ ပြောင်းလဲလာ၏။
ကတုံးနှင့်လူ၏ နဖူးမှ ချွေးများ ပြိုက်ပြိုက်ကျလာလေသည်။ သူ့လက် ကို မလှုပ်နိုင်သလို လှုပ်လည်းမလှုပ်ရဲချေ။
ရဲ့လင်းချန်ထံမှ အန္တရာယ် အငွေ့အသက်က သူ့ထံ ပျံ့နှံ့လာပြီး တောင် တစ်လုံး သူ့အပေါ် ပိကျလာသည်ဟု ခံစားလာရသည်။
ထိုအခိုက်တွင် အားလုံး တိတ်ဆိတ်သွားပြီး အချိန်ပင် ရပ်တန့်သွား သည်ဟု ထင်ရသည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါး၊ အဲ့ဒါက အဲ့လောက် တော်လို့လား”
တည်ငြိမ်သော အသံက ကတုံးနှင့်လူအား မျက်လုံးပြူးသွားစေသည်။ သူ ကြောက်ရွံ့လာပြီး တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာ၏။ သူ့နှလုံးသားက အပြင်သို့ ခုန်ထွက်လာတော့မည်ဟုပင် ခံစားနေရ သည်။
“ဘာဖြစ်တာလဲ”
ကျန်လူသုံးယောက် မျက်မှောင်ကြုတ်လာ၏။ အသေးအဖွဲ ကိစ္စလေး ဖြစ်သော်လည်း အဘယ်ကြောင့် ရုတ်တရက် ရပ်သွားရသနည်း။
သူတို့ မြင်နေရသည်က ရဲ့လင်းချန်သည် ကတုံးနှင့်လူ၏ လက်ကောက် ဝတ်ပေါ် သူ့လက်ကို အသာ တင်ထားသည်ကိုသာ မြင်ရသည်။ ထို့နောက် လှုပ်ရှားမှုအားလုံးက ရပ်တန့်ကုန်သည်။
*သူ အားကို ထိန်းထားတာလား*
*မဟုတ်ဘူး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
“ဂျွတ်”
တစ်ခဏကြာသော် ပြတ်သားသော အရိုးကျိုးသံ ထွက်ပေါ်လာသည်။ ထိုအသံက အားလုံး၏ နားစည်ထဲသို့ ရိုက်ခတ်လာပြီး လူသူကင်း မဲ့သော ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာ၏။
*ဒီအသံက သေချာပေါက် အရိုးကျိုးတဲ့အသံပဲ*
*အဲ့အသံက ဘယ်က လာတာလဲ*
လင်းရှို့ရွှယ် အံ့ဩသွားသလို ကျန်လူသုံးယောက်လည်း အတူတူပင်။ သူတို့ အားလုံးက ရဲ့လင်းချန်နှင့် ကတုံးနှင့်လူအား ကြည့်နေကြသည်။ တစ်ယောက်ချင်းစီ၏ အမူအရာက လုံးဝ မတူညီချေ။
“မင်း ဘာလုပ်နေတာလဲ၊ အချိန်ဖြုန်းနေတာကို ရပ်ပြီး အဲ့ကောင်ကို ရှင်းလိုက်တော့လေ”
တစ်ယောက်က စိတ်မရှည်တော့ဘဲ အော်ပြောလိုက်သည်။
ကတုံးနှင့်လူက ပြန်မဖြေချေ။ မဖြေနိုင်ဟု ပြောလျင် ပိုမှန်ပေမည်။
လက်ရှိတွင် သူ့လက်ကောက်ဝတ်မှ အရိုးသည် ဝါဂွမ်းသဖွယ် ရဲ့လင်းချန်၏ ဖိချေခြင်း ခံလိုက်ရသည်။
သူ ပါးစပ်အဟောင်းသား ဖြစ်ကာ ပြင်းထန်သော နာကျင်မှုကြောင့် အသံပင် မထွက်နိုင်ချေ။ သူသည် ရဲ့လင်းချန်အား အလန့်တကြား ကြည့်နေရုံသာ တတ်နိုင်ပြီးနောက် ရဲ့လင်းချန်ရှေ့၌ ဒူးထောက် ကျသွားသည်။