အခန်း (၂၉၅)
Vol. 27 Ch. 295
📝အပိုင်း - ၂၉၅
ဘာသာပြန် - Na Gar🐉
"ဗိုလ်ချုပ်ကြီး မုန်ရဲ့ စစ်ဗျူဟာက တည်ငြိမ်မှု့ ကို အဓိကထားပါတယ်။ သူ့ရဲ့ စစ်သက်တစ်လျှောက်မှာ အင်အားနည်းနည်းနဲ့ အများကြီးကို နိုင်တာ ဒါမှမဟုတ် ထူးခြားတဲ့ စစ်ပရိယာယ်တွေနဲ့ အောင်ပွဲခံတာ မျိုး မှတ်တမ်းမရှိဘဲ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရလဒ်ကောင်းအောင် ဖော်ဆောင်တတ်သူပါ"
"ဒါပေမဲ့ စကားပုံတစ်ခု ရှိတယ်မဟုတ်လား... တကယ့် စစ်သည်တော်
ကောင်းဆိုတာ ထင်ရှားတဲ့ အောင်မြင်မှုတွေ သိပ်မရှိတတ်ဘူး တဲ့။ ဒီလိုလူမျိုးတွေဟာ စွမ်းဆောင်ရည် မြင့်မားလေလေ ပိုပြီး အန္တရာယ်ရှိလေလေပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဘယ်တော့မှ အကြီးအကျယ် ရှုံးနိမ့်တာမျိုး မရှိလို့ပါ။ ကြီးကြီးမားမား ပြိုကွဲမသွားသရွေ့ အခြေအနေကို ပြန်လှည့်နိုင်တဲ့ အခွင့်အရေးက အမြဲရှိနေမှာပဲ"
"ဥပမာ - အခု ချင်နိုင်ငံကို တိုက်တဲ့ စစ်ဆင်ရေးမှာဆိုရင် စစ်မျက်နှာပြင်ကို လိုင်ပြည်နယ်ရဲ့ လူနေရပ်ကွက်တွေအထိ တိုးချဲ့တာ၊ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်တာနဲ့ ချင်စစ်တပ် တစ်သိန်းကို ပိတ်ဆို့ဝန်းရံတာမျိုးပေါ့။ အပေါ်ယံကြည့်ရင်တော့ သူတို့ရဲ့ နည်းဗျူဟာတွေက သိပ်ပြီး ထူးထူးခြားခြား မရှိလှဘဲ စစ်သတင်းမှာ အောင်ပွဲကြီး ဆိုတဲ့ စကားလုံးနှစ်လုံးပဲ ပါလေ့ရှိတယ်။ တကယ်တော့ ဒီလိုလူတွေက တုန်အန်းတို့လို လူတွေထက် အများကြီး ပိုပြီး ကြောက်စရာကောင်းပါတယ်"
"မင်း တကယ်ပဲ အခြေအနေတွေကို အသေးစိတ် နားလည်ထားတာပဲ" ဟု စီနီယာအစ်ကိုက ဆိုသည်။ ဖန်ချင်းယွမ်က ဤအကြောင်းအရာကို စကားစရခြင်းမှာ ညီလေးဖြစ်သူသည် ထပ်ခါတလဲလဲ ရရှိထားသော စစ်အောင်မြင်မှုများကြောင့် မာန်တက်ပြီး ပေါ့ဆသွားမည်ကို စိုးရိမ်၍ စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ထိုစိုးရိမ်မှုမှာ လုံးဝ မလိုအပ်ကြောင်း ထင်ရှားသွားပြီဖြစ်သည်။
"ချွမ် ချွမ်"
သံချပ်ကာအချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
ဗဟိုတပ်မတော် တဲနန်းအတွင်းသို့ ကိုယ်ရံတော်များ ဝန်းရံလျက် စစ်ဗိုလ်ချုပ် အများအပြား အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကြသည်။ ၎င်းတို့ထဲမှ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အခြားသူမဟုတ်၊ ဤချင်နိုင်ငံ စစ်ဆင်ရေး၏ တပ်မတော်သုံးရပ် စစ်သေနာပတိချုပ် မုန့်ချူကျီပင် ဖြစ်သည်။
"ဗိုလ်ချုပ်ကြီးဖန်... ဘေးကင်းကင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
"ကျွန်တော်လည်း ဝမ်းသာပါတယ် ဗိုလ်ချုပ်ကြီး"
"လက်အောက်ငယ်သား ချန်ဆန်းရှီ... အစီရင်ခံပါတယ်"
ချန်ဆန်းရှီက လက်သီးဆုပ်ကာ အလေးပြုလိုက်သည် "ဗိုလ်ချုပ်ကြီး မုန့်ကို ဂါရဝပြုပါတယ်"
"မင်းက ချန်ဆန်းရှီလား"
မုန့်ချူကျိီသည် မိမိရှေ့မှ လူငယ်လေးကို ကြည့်ကာ နှစ်သက်သဘောကျမှုကို ဖုံးကွယ်မထားဘဲ ပခုံးကို ပုတ်လျက် "နောက်ဆုံးတော့ အသက် ၁၈ နှစ်နဲ့ စစ်ရေးကျမ်းစာတွေထဲမှာ နာမည်တွင်ခဲ့တဲ့၊ ကမ္ဘာပေါ်က စစ်ဘက်ဆိုင်ရာ မိသားစုတိုင်း လေ့လာနေရတဲ့ ပါရမီရှင်နဲ့ တွေ့ရပြီပဲ။ မင်းလာတာ အချိန်ကိုက်ပဲ။ မင်း အရှေ့ပိုင်းဒေသကို ရောက်လာတဲ့ သတင်းကို ချက်ချင်း ဖြန့်ခိုင်းလိုက်မယ်၊ ဒါမှ ယုံလဲ့ခရိုင်မှာ ပိတ်မိနေတဲ့ ချင်စစ်တပ်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီး ဖိအားပေးနိုင်မှာ"
"ဟုတ်ပါတယ်"
ဒုတိယစစ်သေနာပတိ ကျန့်ထောင်မင်ကလည်း ဝင်ပြောသည် "ဗိုလ်ချုပ်ချန် ရောက်လာတာက အခု အခြေအနေတွေကို ဆန်းစစ်ဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
"ဗိုလ်ချုပ်ကြီးတို့က ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ" ဟု ချန်ဆန်းရှီက ဆိုသည်။
"ကျွန်တော်က လက်ထောက်ဗိုလ်ချုပ်တစ်ဦးပါ၊ ဒီကို အမိန့်နာခံဖို့ပဲ လာတာပါ" ဟု ချန်ဆန်းရှီက နှိမ့်ချစွာ ပြောလိုက်သည်။
"သိပ်ပြီး အားနာမနေပါနဲ့ ဗိုလ်ချုပ်ကြီးဖန်၊ ဗိုလ်ချုပ်ကြီးချန်... ကြွကြပါ" မုန့်ချူကျိီမှာ အလွန် စိတ်ရွှင်လန်းနေပုံရသည် "ဖီးနစ်ငှက်လို လူမျိုး ချန်ဆန်းရှီ ဒီကို ရောက်လာပြီဆိုတော့ ငါတို့ နိုင်ခြေက ချက်ချင်းဆိုသလို နောက်ထပ် ၂၀ ရာခိုင်နှုန်းလောက် တိုးသွားပြီ"
ဗဟိုတပ်မတော် တဲနန်းအတွင်း၌...
အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများ အဖွဲ့သည် သတင်းအချက်အလက်များကို ဖလှယ်ကာ လက်ရှိအခြေအနေကို ဆွေးနွေးကြသည်။ ချန်ဆန်းရှီမှာ ထိုနေရာရှိ တစ်ဦးတည်းသော လက်ထောက်ဗိုလ်ချုပ် ဖြစ်သည်။
"လက်ထောက်ဗိုလ်ချုပ်ချန်"
မုန့်ချူကျိီက စကားစသည် "ကျောက်ထုံခရိုင်က လူအင်အား မလောက်ဘူးဆိုပြီး စာပို့လာတယ်။ မင်းကို ရွှေချုံယီ၊ ရှာဝမ်လုံတို့နဲ့ ပူးပေါင်းပြီး ကျောက်ထုံခရိုင်ကို အတင်းဝင်တိုက်ဖို့ စေလွှတ်မလို့ ပြင်ထားတယ်။ မင်း ဘယ်လို ထင်သလဲ"
ရှာဝမ်လုံ ဟုတ်လား..
ချန်ဆန်းရှီ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။
ဒီမျက်စိတစ်ဖက်လပ် လူမိုက်က ငါ့ကို အသေခံတပ်သား အဖြစ် သုံးချင်နေတာပဲ ဖြစ်ရမယ်။ ဘယ်တော့မှ မကုန်နိုင်တဲ့ လောဘတွေပါပဲ။ အကယ်၍ ပေထျန်းနန်သာ တိတ်တဆိတ် ကာကွယ်မပေးထားရင် သူတို့ အသက်တွေ ပါသွားတာ ကြာလှပြီ။
ကိုယ်ရေးကိုယ်တာ အာဃာတတွေကို ဖယ်ထားရင်တောင် ကျောက်ထုံခရိုင်ကို အတင်းဝင်တိုက်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ နည်းဗျူဟာတစ်ခုပါ။
"အားနာမနေနဲ့ ပြောသာပြော"
မုန့်ချူကျိက ဆိုသည် "တိုက်ပွဲကြီးတွေမှာ ဗိုလ်ချုပ်ချန်ရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားရမယ် ဆိုတာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် နန်းတော်ကနေ ထုတ်ပြန်ထားတဲ့ အမိန့်တော်ပဲ။ ဒါက မင်းရဲ့ အခွင့်ထူးပဲမို့ ပွင့်ပွင့်လင်းလင်း ပြောပါ"
စစ်နတ်ဘုရားနှစ်ဦးနှင့် နက်နဲပုံရိပ်အဆင့် ပညာရှင် အများအပြား၏ အကြည့်အားလုံးမှာ မဟာသွေးကြောအဆင့် ရှိသော လက်ထောက်ဗိုလ်ချုပ်လေးထံသို့ ကျရောက်နေသည်။
သူတို့အားလုံးလည်း စပ်စုချင်နေကြသည်။ စစ်သည်အကြွင်းအကျန် တစ်ထောင်ကျော်လေးနဲ့ လူရိုင်းစစ်တပ် အင်အားနှစ်သောင်းကို အပြတ်အသတ် နိုင်ခဲ့ပြီး၊ ဟုန်းကျဲမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့တဲ့ ဒီဗိုလ်ချုပ်ဟာ တကယ်ပဲ နာမည်နဲ့ လိုက်ဖက်တဲ့ အရည်အချင်း ရှိပါ့မလားဆိုတာကိုပေါ့။
"ဒါဆိုရင်တော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ တင်ပြပါ့မယ်" ချန်ဆန်းရှီက လက်သီးဆုပ်ကာ ပြောလိုက်သည် "ဒါက မသင့်တော်ပါဘူး"
"အို... ဘာက မသင့်တော်တာလဲ"
မုန့်ချူကျိီက သဲပုံစံတူ စစ်တုရင်ခုံပေါ်မှ မြို့ကို ညွှန်ပြရင်း ယုံကြည်ချက်ရှိရှိ ပြောသည် "အရင်အစီအစဉ်အရ ဝိုင်းထားရုံပဲဆိုရင် ယုံလဲ့ခရိုင်က ရိက္ခာတွေ ကုန်ဖို့ အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်။ အဲဒါက အရမ်းကြာလွန်းတယ်။ ချင်နိုင်ငံက တခြားပြည်နယ်တွေကနေ စစ်ကူတွေ ခေါ်နေသလို တောင်ဘက်က နန်ရွှီနိုင်ငံကလည်း လှုပ်ရှားမှုတွေ ရှိနေနိုင်တယ်။ ခြောက်လဆိုတာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်တဲ့ အချိန်ပဲ။ ဒါကို မြန်ဆန်စေမယ့် နည်းလမ်းတစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ စစ်မျက်နှာပြင်ကို ကျဉ်းလိုက်ပြီး ယုံလဲ့ခရိုင်မှာ စစ်သည်အင်အား အများဆုံး စုစည်းကာ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အပြင်းအထန် ဝင်တိုက်ဖို့ပဲ"
"ပြဿနာက ဒီနေရာမှာတင် စတင်တာပါပဲ"
"လက်ရှိ ငါ့ရဲ့ စစ်သည် တစ်သိန်းကျော်ကစစ်မြေပြင်ကို ခွဲထုတ်ဖို့နဲ့ ချင်းစစ်တပ်တွေ တစ်ခုနဲ့တစ်ခု မချိတ်ဆက်မိစေဖို့ မိုင် ၉၀၀ ကျော်ရှိတဲ့ စစ်မျက်နှာပြင်မှာ ဖြန့်ကျက်ထားရတယ်။ မြို့တွေကို အသီးသီး ဝိုင်းထားရတော့ အခြေအနေက တစ်ဆို့နေတာ"
"အဲဒီထဲမှာ ကျောက်ထုံခရိုင်က လိုင်ပြည်နယ်ရဲ့ ဒုတိယမြောက် ရိက္ခာကျီပဲ။ သူက ယုံလဲ့ခရိုင်နဲ့ အရမ်းနီးကပ်နေတော့ လက်လွှတ်လို့ မရဘူး။ ဒါကြောင့် ငါတို့ စစ်သည်အင်အား အများကြီးကို အဲဒီမှာ သုံးထားရတယ်"
"အခု ရွှေချုံယီ၊ ရှာဝမ်လုံ ဆိုတဲ့ နက်နဲပုံရိပ်အဆင့် ပညာရှင် နှစ်ဦးနဲ့ စစ်သည် သုံးသောင်း အဲဒီမှာ ရှိနေတယ်။ မြို့စောင့်တပ်က ကိုးထောင်ပဲ ရှိပေမဲ့ သူတို့ရဲ့ ဗိုလ်ချုပ် ဒိန်းဖုန်းက အရမ်းကို ရဲရင့်သလို အရပ်သား တစ်သိန်းကျော်ကလည်း အပြည့်အဝ ထောက်ခံပေးထားကြတယ်။ ရက်ပေါင်း ၄၀ ကျော်သွားတာတောင် မြို့က မကျသေးဘူး"
"အဲဒီမြို့ကို မသိမ်းနိုင်ရင် ယုံလဲ့ခရိုင်ကို တိုက်ဖို့ အထူးတပ်ဖွဲ့ သုံးသောင်းကို ထုတ်သုံးလို့ မရဘူး။ ဒီအခြေအနေက ကြာလာလေလေ ငါတို့အတွက် မကောင်းလေလေပဲ"
"ဒါကြောင့် လက်ထောက်ဗိုလ်ချုပ်ချန် မင်းကို ကျောက်ထုံခရိုင်ဆီ စေလွှတ်ဖို့ စဉ်းစားခဲ့တာ။ ကျောက်ထုံကို တစ်ရက်စောပြီး သိမ်းနိုင်တာက ယုံလဲ့ခရိုင်ပြင်ပက ငါတို့အင်အားကို ပိုတောင့်တင်းစေလိမ့်မယ်" ဟု ဗိုလ်ချုပ်ကြီး မုန့်က ရှင်းပြသည်။
"မှန်ပါတယ်" ဟု ဟူပန်တပ်မတော်ရဲ့ တပ်မှူး ဖန်ထျန်းဖားက လေးနက်သော လေသံဖြင့် ဆိုသည် "လက်ထောက်ဗိုလ်ချုပ်ချန်... မင်း မြန်မြန်သွားသင့်တယ်။ ကျောက်ထုံခရိုင်ကို သိမ်းနိုင်တာက မင်းအတွက်လည်း အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ"
"မဟုတ်ဘူး၊ အဲဒါက အလုပ်မဖြစ်ပါဘူး"
ချန်ဆန်းရှီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည် "ကျွန်တော့်စစ်သည် သုံးထောင် မဆိုထားနဲ့၊ နောက်ထပ် တစ်သောင်း ထပ်ပို့ရင်တောင် ကျောက်ထုံခရိုင်ကို အချိန်တိုအတွင်းမှာ သိမ်းနိုင်မှာ မဟုတ်ဘူး"
သူ ခေတ္တရပ်လိုက်ပြီး အသံကို ရုတ်တရက် မြှင့်လိုက်သည် "ကျွန်တော့်မှာ နည်းဗျူဟာတစ်ခု ရှိပါတယ်။ အဲဒါကတော့ တစ်ချက်မှ တိုက်ခိုက်စရာမလိုဘဲ ရန်သူကို အညံ့ခံစေမယ့် နည်းလမ်းပါပဲ။ စစ်သည်တစ်ယောက်၊ နယ်
ရုပ်တစ်ရုပ်မှမကုန်ဘဲ ယုံလဲ့ခရိုင်ကလွဲရင် ကျန်တဲ့ ရန်သူအားလုံး ကျွန်တော်တို့ စစ်တပ်ကို မြင်တာနဲ့တင် အညံ့ခံသွားစေရမယ်"
စစ်သည်တစ်ယောက်မှ မကုန်ဘဲမြင်တာနဲ့ အညံ့ခံသွားစေရမယ်..
မုန့်ချူကျိီမှာ မယုံသက်ာဖြစ်သွားပြီး စိတ်ဝင်စားစွာဖြင့် "မြန်မြန်ပြောပါဦး၊ မင်းရဲ့ အကြံဉာဏ်ကို ပြောပါဦး"
ချန်ဆန်းရှီက ပြန်မေးလိုက်သည် "ဗိုလ်ချုပ်ကြီးမုန့်... ကျွန်တော်တို့ အရင်က မြို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာမျိုး ရှိဖူးပါသလား"