← Chapters

ငှက်များထံမှ သတိပေးစကား

Vol. 7 Ch. 102

ငှက်များထံမှ သတိပေးစကား

Vol. 7 Ch. 102

*ဒူး … ဒူးထောက်လိုက်တာလား*

ကမ္ဘာမြေ၏ ဂိတ်တံခါးဂိုဏ်းမှ ကျန်လူသုံးယောက်သည် တစ်ခဏမျှ မှင်တက်သွားပြီး သူတို့မျက်စိရှေ့၌ ဖြစ်ပျက်နေသော အရာကို ယုံနိုင်စွမ်းမရှိ ဖြစ်နေလေသည်။

“အား…”

နောက်ဆုံးတွင် ကတုံးနှင့်လူသည် မှင်တက်နေရာမှာ အသိဝင်လာပြီး နာကျင်မှုကြောင့် တုန်ယင်လာကာ မျက်နှာ ရှုံ့မဲ့ပြီး အသည်းအသန် အော်ဟစ်လေတော့သည်။

သူ့လက်ကောက်ဝတ်မှ ရဲရဲနီသော သွေးများ စီးကျလာပြီး မြေကြီး တစ်ခုလုံး နီရဲလာသည်။ ၎င်းသွေးမှာ သူ့သွေး ဖြစ်သည်။

ကမ္ဘာမြေ၏ ဂိတ်တံခါးကို သူ ဝင်ရောက်ပြီးကတည်းက သူ့လက်တွင် မရေတွက်နိုင်သော သားကောင်များ၏ သွေးများသာ စွန်းထင်းခဲ့သည်။ သို့သော် ယခုတစ်ခေါက်က သူ ပထမဆုံးအကြိမ် သွေးထွက်ခြင်း ဖြစ်လေသည်။

သူ့လက်ကောက်ဝတ်နှစ်ခုလုံး ဆွဲလိမ်ခံလိုက်ရပြီး အရေပြား စုတ်ပြဲ နေ၏။

“ခင်ဗျားက တော်တော် စောက်ရေးမပါတာတွေ ပြောတာပဲ”

ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး တည်ငြိမ်မြဲ တည်ငြိမ်နေ၏။ သူ ပြုလုပ်လိုက်သော အပြုအမူက မသိလျင် အသက်ရှူသကဲ့သို့ ရိုးစင်း သည်ဟု ထင်ရသည်။

ကတုံးနှင့်လူ၏ အော်သံကြောင့် ကျန်လူသုံးယောက်၏ စိတ်ထဲ၌ လေးလာလာသည်။ သူတို့က ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေ၏။

*ကျွမ်းကျင်သူပါလား*

ထိုလူငယ်လေးက လျှို့ဝှက်စွာ နေနေသော ကျွမ်းကျင်သူ ဖြစ်လိမ့် မည်ဟု သူတို့ ထင်မထားမိချေ။

သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပြလာပြီး စိတထဲ၌ တုန်လှုပ်နေကြသည်။ သို့သော် သူတို့၏ သွေးထားသော တိုက်ပွဲအသိစိတ်က ထိုလူငယ်ကို အမှောက်သိပ်ရန် သူတို့ ဘာမဆို လုပ်သင့်ကြောင်း ပြောနေလေသည်။

ထိုသို့သောအချိန်၌ သုံးယောက်သားက ရဲ့လင်းချန်ကို ပြိုင်တူ တိုက်ခိုက်လာကြသည်။

သူတို့သည် မတူညီသော အရပ်မျက်နှာသုံးခုမှ တြိဂံသဖွယ် ချောင်ပိတ် တိုက်ခိုက်လာသည်။ သူတို့၏ ခန္ဓာကိုယ်က ယုန်ကဲ့သို့ ပေါ့ပါး သွက်လက်ပြီး ကျားတစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူတို့သည် စူးရှသော အကြည့်တို့ဖြင့် ရဲ့လင်းချန်၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးလေသည်။

ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့ဝင်ဖြစ်သောကြောင့် ယခုကဲ့သို့သော အချိန်၌ သူတို့ ရက်စက်နိုင်သမျှ ရက်စက်ရမည် ဖြစ်ကြောင်း သိနေသည်။

သူတို့၏ ကြီးမားသော လက်သီးတို့က အရှိန်ဖြင့် ကျဆင်းလာသဖြင့် ရဲ့လင်းချန်၏ မျက်နှာသို့ လေပင် ဟပ်လာသည်။

“ဟမ့်”

သူတို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ရဲ့လင်းချန်က ငြိမ်မြဲ ငြိမ်နေ၏။ သူ့မျက်လုံးများက ဖျတ်ခနဲ စူးလက်သွားပြီးနောက် ညစ် ကျယ်ကျယ် ပြုံးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို မြှောက်၍ ပိတ်ထိုးလိုက်သည်။

“ဒုန်း”

သူ၏ လက်သီးနှစ်လုံးလုံးက ကမ္ဘာမြေ၏ ဂိတ်တံခါးမှ အဖွဲ့ဝင် နှစ်ယောက်၏ လက်သီးတို့နှင့် ထိပ်တိုက် တွေ့သွားသည်။

လက်သီး၊ လက်သီးချင်း ယှဉ်လိုက်သောအချိန်၌ နားကွဲမတတ် အသံ ထွက်ပေါ်လာပီး လူတိုင်း ရင်တုန်လာကြသည်။

“ဂျွတ်”

ထိုအသံအဆုံး၌ အရိုးကျိုးသံကို ကြားလိုက်ရသည်။ တစ်ခဏ ကြာသော် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ အဖွဲ့ဝင် နှစ်ယောက်သည် အနောက်သို့ လွင့်ထွက်သွားလေသည်။

သူတို့၏ လက်မှအရိုးများက ကျိုးကြေသွားပြီး ထိုသက်ရောက်မှုက လက်မောင်းရင်းအထိ ပျံ့နှံ့သွားသည်။

အရေပြား စုတ်ပြဲ၍ အရိုးများ ကြေမွကုန်သည်။ သွေးအလိမ်းလိမ်းနှင့် ကြည့်ရဆိုးလှသည်။

နှစ်ယောက်လုံး ဆယ်မီတာမျှ လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျလာ၏။ နဖူး၌ သွေးကြောများ ထောင်တက်နေပြီး မျက်လုံးများ နီရဲနေ၏။ သူတို့၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ အသက်ကို မနည်းရှူ နေရသည်။ ယဲ့ဖန်ကို ကြည့်နေသော သူတို့ အကြည့်၌ အလွန် ကြောက်ရွံ့ဟန်များ ပါဝင်နေသည်။

ရဲ့လင်းချန်၏ နောက်ကျောမှ တိုက်ခိုက်လာသည့် ကျန်လူ၏ မျက်နှာတွင် ခက်ထန်ကြမ်းကြုတ်ဟန် ပေါ်လာသည်။ သူ့လက် ကောက်ဝတ်ကို ဖျတ်ခနဲ လှုပ်လိုက်သောအခါ ဓားမြောင် တစ်လက် ပေါ်လာသည်။

“ရွှစ်”

ထိုဓားမြောင်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အန္တရာယ် များလှပြီး လျှပ်စီးအလား လျင်မြန်ကာ ရဲ့လင်းချန်၏ နောက်စေ့ကို ထိုးနှက်လာ၏။

စက္ကန့်ဝက်အတွင်း ရဲ့လင်းချန်၏ ဦးခေါင်းက ပေါက်ထွက်လာပြီး ဦးနှောက် အပိုင်းအစများ လွင့်စဉ်လာ ပေတော့မည်။

ထိုလူသည် အတွေးနှင့်တင် ပျော်ရွှင်ကာ နှုတ်ခမ်းသပ်လိုက်သည်။

သို့သော် သူ့အရှေ့မှ ရဲ့လင်းချန်သည် ရုတ်တရက် လေထဲသို့ ခုန်တက်လာသဖြင့် သူ့အကွက်ထဲမှ လွတ်မြောက်သွားသည်။

တစ်ပတ်လည် ကန်ချက်။

ရဲ့လင်းချန်သည် လေထဲ၌ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ခြေထောက် နှစ်ဖက်လုံးက ထိုလူ၏ ဦးခေါင်းထက် ကျရောက် သွားသည်။

“ဒုန်း”

ထိုကန်ချက်မှ ပြင်းထန်သော အားက ထိုလူ၏ မျက်နှာအား စုတ်ပြတ် သွားစေသည်။ သူ့မျက်နှာမှ အရိုးများ ကျိုးသံပင် ထွက်လာ၏။ ထိုလူသည် အော်ပင် မအော်နိုင်ဘဲ မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျကာ မလှုပ်တော့ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကမ္ဘာမြေ၏ ဂိတ်တံခါးမှလူများ ကြောက်ရွံ့တုန်လှုပ်လာ၏။

“သူက ဘယ်လိုလုပ် အဲ့လောက် သန်မာနေရတာလဲ”

သူတို့ ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်နေကြသည်။ အစောပိုင်းက တိုက်ခိုက်မှုမှနေ၍ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်လိုက်သကဲ့သို့ သန်မာသည့် ခွန်အားကို သူတို့ ခံစားလိုက်မိသည်။

ယင်းက လူတစ်ယောက်၏ ခွန်အားထက် ကျော်လွန်နေ၏။ ထိုဖိအား က သူတို့ခေါင်းဆောင်ထံမှနေ၍ သူတို့ ခံစားဖူးသော ဖိအားထက် ပိုသာလွန်နေသည်။

*သူက ဒီလောက် ငယ်နေသေးတာကို၊ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ခွန်အားမျိုး ရနေရတာလဲ*

ရဲ့လင်းချန် သိုင်းပညာကို သိကျွမ်းလာသောအချိန်က တကယ်ပင် တိုတောင်းပါ၏။ သို့သော် သူ၏ သိုင်းပညာအပေါ် နားလည် ကျွမ်းကျင်မှုက တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိပြီးသား ဖြစ်သည်။

ယင်းက လူသစ်တစ်ယောက်က အကောင်းဆုံး သိုင်းကျမ်းတစ်ခုကို ရလိုက်သည်နှင့် အတူတူပင်။ ၎င်းက လေ့ကျင့်ရေးကို ပို၍ ခရီးရောက်စေသည်။

သာမန်လူတစ်ယောက်က ကွန်ဖူးကို စတင်၍ သင်ယူလျင် အခြေခံ လှုပ်ရှားမှုများဖြင့် စတင်ရပေမည်။ ထို့အပြင် ထိုလှုပ်ရှားမှု၏ မတိကျမှုက တိုးတက်မှုနှုန်းကို အလွန် နှေးကွေးစေလိမ့်မည်။

သို့သော် ရဲ့လင်းချန်၌ ထိုသို့သော ပြဿနာများ မရှိချေ။ သူ၏ စာတွေ့ဗဟုသုတများက အစကတည်းက ပြီးပြည့်စုံ၏။ သူသည် အဆင့်မြင့် သိုင်းကွက်များကို သင်ယူခဲ့ရရုံသမာက သူ၏ လေ့ကျင့်မှု တစ်ခုချင်းစီက အခြားသူများထက် အဆရာချီ၍ ပိုထိရောက်သည်။ ထို့ကြောင့်ပင် သူ၏ တိုးတက်မှုက လျင်မြန်လာခြင်း ဖြစ်ပေသည်။

ထို့အပြင် သူ လေ့ကျင့်ထားသော အရဟာ လက်သီးသည် သူ၏ လက်သီးတွင်း၌ ချီစွမ်းအင် စီးဆင်းလာအောင် ဖော်ထုတ်ပေးနိုင်သည်။ ယင်းက သူ၏ လက်ဆနှင့် ခွန်အားကို တိုးမြင့်စေ၏။ ထိုသူများအား သင်ခန်းစာပေးခြင်းက သူ့အတွက် အသက်ရှူသကဲ့သို့ လွယ်ကူ လှသည်။

လင်းရှို့ရွှယ်သည် အစကတည်းက မှင်တက်နေခဲ့သည်။ လက်ရှိတွင် သူမသည် မျက်လုံးအပြူးသားဖြင့် ရဲ့လင်းချန်အား ငေးကြည့်နေ၏။

“ရှင် … ရှင်က အဲ့လောက် သန်မာတာလား”

သူမသည် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ မျက်လုံးတွင် မျက်ရည်များ ဝဲလာပြီး အံ့ဩနေသည်။

ရဲ့လင်းချန်က သိုင်းပညာအကြောင်း သိပြီး သိုင်းတတ်မှန်း သူမ သိပါ၏။ သို့သော် သူ၏ ခွန်အား အစစ်အမှန်ကို သူမ မသိခဲ့ပါ။ ရဲ့လင်းချန်က သာမန် သိုင်းပညာရှင်ထက် အနည်းငယ်မျှသာ ပိုသန်မာ သည်ဟုသာ သူမ အမြဲ ထင်ခဲ့ပြီး ဤမျှအဆင့်အထိ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။

ထိုလေးယောက်သည် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ ငွေအဆင့် အဖွဲ့ဝင်များ ဖြစ်သည်။ သို့သော် ရဲ့လင်းချန်ထံ၌ အကွက် အနည်းငယ်အတွင်း ရှုံးနိမ့်သွားသည်တဲ့လား။

ဤသည်က အိပ်မက်ဆန်လွန်းလှသည်။

ရဲ့လင်းချန်က ဘာမှမပြောချေ။ ထိုအစကား သူ့အရှေ့မှ ကတုံးနှင့် လူကိုသာ ကန်ထုတ်လိုက်သည်။ ထို့နောက် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ အခြားသူများကိုလည်း ထိုနည်းတူ ပြုလုပ်လေသည်။ သူသည် အားလုံးကို အမှောက်သိပ်လိုက်ပြီး လုံးဝ ထွက်ပြေးနိုင်စွမ်းမရှိအောင် လုပ်ထားလိုက်သည်။

ရဲ့လင်းချန်သည် သူတို့၏ ရက်စက်မှုကို မျက်ဝါးထင်ထင် မြင်ထား ပြီးပြီ ဖြစ်သည်။ ပညာရှိသော သူသည် အမျှော်အမြင်ရှိရှိနှင့် အန္တရာယ်ကို နည်းပါးအောင် လုပ်သင့်သည်။ သူသည် ဖြစ်လာနိုင်သည့် ပြဿနာအားလုံးကို ဖြေရှင်းရန် သူ အကောင်းဆုံး ကြိုးစားရပေမည်။

“တပ်ကူတွေ ဘယ်လောက်ကြာမှ ရောက်လာမှာလဲ၊ ဒီလူတွေက အန္တရာယ်များတယ်၊ ငါတို့ သူတို့ကို ကောင်းကောင်း ထိန်းချုပ်ဖို့ လိုတယ်”

ရဲ့လင်းချန် မေးလိုက်သည်။

“မကြာခင် ရောက်လောက်ပါတယ်”

လင်းရှို့ရွှယ် ပြန်ဖြေလိုက်သည်။

သူမ စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ငရဲမှနေ၍ ကောင်းကင်ဘုံ သို့ တက်လိုက်နိုင်သလို ခံစားလိုက်ရသည်။

“လင်းချန် ရှင် ကျွန်မတို့ လင်းမိသားစုကို ထပ်ပြီး အကူအညီ ပေးခဲ့တာပဲ၊ ကျွန်မ ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ဘူး”

“ရပါတယ်”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ထိုစဉ် တောအုပ်ထဲမှ ငှက်တစ်အုပ်က ရုတ်တရက် ထပျံပြေးလေသည်။ သူတို့သည် တစ်စုံတစ်ရာကို ကြောက်လန့်၍ ထွက်ပြေးသလိုပင်။

“ကျလိ ကျလိ ကျလိ”

ငှက်သံများတွင် တစ်ခုခုကို စိုးရိမ်ကြောင့်ကြသံ ပါနေ၏။ သို့သော် ထိုငှက်သံများက ရဲ့လင်းချန်ကို ရင်တုန်သွားစေသည်။ သူ့နားထဲ၌ ထိုအသံက ငှက်များ၏ ဘာသာစကား ဖြစ်သည်။

“ငှက်အပေါင်း ‌ရောင်းရင်းတို့ရေ၊ မြန်မြန်ပြေးကြ၊ လူတစ်ယောက် လာနေပြီ၊ သူ့လက်ထဲမှာ သေနတ်ပါတယ်”

“အဝေးကိုပြေးကြ၊ တစ်ယောက်ယောက်ကတော့ ငှက်တွေကို သတ် တော့မယ်”

*သေနတ်လား*

ရဲ့လင်းချန်၏ စိတ်ထဲ၌ တုန်လှုပ်သွားပြီး မကောင်းသော ခံစားချက်ကို ရလာသည်။ သူ ထပ်တွေးမနေတော့ဘဲ အလျင်အမြန်‌ ဘေးသို့ပြေးကာ လင်းရှို့ရွှယ်ကို ဆွဲခေါ်ပြီး မြေကြီးပေါ် လှဲချ၍ ဆက်တိုက် လှိမ့်လိုက်သည်။

“ရွှစ်”

တစ်ချိန်တည်းမှာပင် ခပ်တိုးတိုး အသံကို ကြားလိုက်ရပြီး မြေကြီး၌ အပေါက်တစ်ပေါက် ဖြစ်လာကာ ဖုန်အနည်းငယ် ထသွားသည်။

အနီးအနား၌ တိတ်တဆိတ် ရောက်နေသော စနိုက်ပါသမား ရှိနေလေပြီ။

ရဲ့လင်းချန် နှလုံးခုန်နှုန်း မြန်လာသည်။

သူ ခပ်သွက်သွက် မလှုပ်ရှားခဲ့လျင် သူရော လင်းရှို့ရွှယ်ပါ အပစ်ခံ ရလောက်သည်။

ရဲ့လင်းချန်က ရုတ်တရက် ဖက်လာသဖြင့် လင်းရှို့ရွှယ် အံ့ဩသွားကာ ရှက်သွေးဖြာ၍ စိတ်ထဲ၌ သမင်ပေါက်လေး ကဆုန်စိုင်းနေသလို ခံစားလိုက်ရသည်။

သို့သော် သေနတ်သံက သူမအား ရဲ့လင်းချန် ထိုသို့ပြုလုပ်ရသည့် အကြောင်းရင်းကို သတိပြုမိသွားစေသည်။ သူမသည် ရဲ့လင်းချန်၏ ရင်ခွင်ထဲ၌ နီမြန်းနေသော မျက်နှာနှင့်အတူ ခိုဝင်နေကာ စိုးရိမ်စိတ် ဝင်သလို ချိုမြိန်သလိုလည်း ခံစားနေရသည်။

နှစ်ယောက်လုံးသည် အချင်းချင်း တင်းကြပ်စွာ ဖက်ထားရင်းဖြင့် မြေကြီးပေါ် လှိမ့်နေကာ တစ်ခဏလေးမျှ မရပ်လိုက်ရဲချေ။

ထိုစနိုက်ပါသမားက နောက်တစ်ကြိမ် ပစ်၍ရနိုင်မည့် အခွင့်အရေးကို စောင့်နေလောက်၏။

ရဲ့လင်းချန်သည် အတတ်နိုင်ဆုံး အသက်အောင့်ထားပြီး တောင်ပို့လေး တစ်ခုအောက်၌ လင်းရှို့ရွှယ်ကို အုပ်မိုး၍ ငြိမ်နေလိုက်သည်။

All Chapters