ဗဟုသုတ
Vol. 7 Ch. 104
ရဲ့လင်းချန် မျက်မှောင်ကြုတ်လျက်သားဖြင့် နှုတ်ခမ်းမွေးနှင့်လူ မြေကြီးပေါ် တဖြည်းဖြည်း လဲကျသွားသည်ကို ကြည့်နေလိုက်သည်။
*အတွင်းအား ထုတ်တယ်တဲ့၊ သူ့နောက်ဆုံးစကားက ဘာကို ပြောချင်တာလဲ*
ကြီးမားပြင်းထန်သော ဆူညံသံတို့ကြောင့် လင်းရှို့ရွှယ် အလန့်တကြား အော်ဟစ်မိကာ ကြောက်စိတ်ဖြင့် ခေါင်းလေး ပြူကြည့်လိုက်မိသည်။ ရဲ့လင်းချန် အန္တရာယ် ကင်းသည်ကို မြင်လိုက်ရသောအခါတွင်မှ သူမ စိတ်အေးကာ သက်ပြင်းချ၍ သူ့ထံ ပြေးသွားလိုက်သည်။
“ဒါ ... ဒါကို ရှင်လုပ်လိုက်တာလား”
လင်းရှို့ရွှယ်သည် ကျောက်တုံးမှ လက်သီးအရွယ် အပေါက်အား မျက်လုံးအပြူးသားနှင့် စိုက်ကြည့်ကာ ပြောစရာ စကားမဲ့နေ၏။
အစက သူမသည် သိုင်းပညာရှင်များသည် ရှားပါးလွန်းနေပြီဟု ထင်ခဲ့မိသည်။ သို့သော် ယခု အဖြစ်အပျက် ပြီးနောက် သူမ သင်ယူစရာများစွာ ရှိနေသေးသည်ကို သတိပြုလိုက်မိလေသည်။
ဤသည်က လူသားတစ်ယောက်၏ အကန့်အသတ်ထက်ပင် ကျော်လွန်နေ၏။ လူသားမဆန်သော အရာပင်။
ရဲ့လင်းချန်က ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
“ဒါ ... ဒါလည်း ကွန်ဖူးပဲလား”
လင်းရှို့ရွှယ် တံတွေးမျိုချလိုက်မိပြီး တအံ့တဩ မေးလိုက်သည်။
“ငါလည်း အဲ့လို ထင်တာပဲ”
ရဲ့လင်းချန် ပြန်ဖြေလေ၏။
“အတွင်းအားဆိုတာ ဘာလဲ မင်း သိလား”
“အတွင်းအားလား၊ အတွင်းအားနဲ့ ပတ်သက်ပြီး ကျွန်မ ဝူရှဝတ္ထုထဲမှာပဲ ဖတ်ဖူးတာ”
လင်းရှို့ရွှယ်က ခေါင်းခါ၍ ဆက်ပြောလိုက်သည်။
“ကွန်ဖူးနဲ့ ပတ်သက်တဲ့ အရာတစ်ခုခု ရှိတယ်ဆိုရင် ကျွန်မအဘိုးတော့ သိလောက်တယ်”
“ပွမ် ပွမ် ပွမ်”
နောက်ဆုံးတွင် ကားဟွန်းသံနှင့်အတူ နောက်ထပ် သိုင်းပညာရှင် အဖွဲ့ ရောက်ရှိလာ၏။ စုစုပေါင်း လူဆယ့်ငါးယောက် ပါလေသည်။
အခြေအနေကို လေ့လာပြီးနောက် သူတို့အားလုံး အံ့ဩသွားပြီး ချက်ချင်း အလေးအနက်ထား၍ လှုပ်ရှားလေ တော့သည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူလေးယောက်အား စစ်သည်တော်ဌာန၏ ဌာနချုပ်သို့ အစောင့်အကြပ်များစွာဖြင့် ခေါ်ဆောင်သွားသည်။ ထိုအခိုက်တွင် ရဲ့လင်းချန်နှင့် လင်းရှို့ရွှယ်တို့က ထွက်ဆိုချက် အချို့ပေးပြီး လင်းမိသားစုထံ ပြန်သွားကြသည်။
လမ်းတစ်လျှောက်တွင် လင်းရှို့ရွှယ်၏ မျက်နှာက နီသထက် နီလာသည်။ သူမ ရဲ့လင်းချန်ကို မကြာခဏ ခိုးကြည့်နေပြီး ထိုအကြည့်တွင် ရှက်ရွံ့နေသော အရိပ်အယောင် ပေါ်နေ၏။
“အာ … ဟိုလေ နားလည်မှုမလွဲနဲ့နော်၊ ခုနက အရမ်း အန္တရာယ် များလွန်းလို့လေ၊ အဲ့အနမ်းက ကံကောင်းအောင် ဆုတောင်းပေးတဲ့ သဘောမျိုးပါ”
တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် သူမ ထပ်ပြောလိုက်သည်။
“ဒါ မိတ်ဆွေတွေကြားက ဖြူစင်မှုသက်သက်ပါ”
ရဲ့လင်းချန်သည် ထိုစကားကို မယုံသော်လည်း ခေါင်းသာညိတ် ပြလိုက်ပြီး ငြိမ်နေရန် ဆုံးဖြတ်လိုက်လေသည်။
အစောပိုင်းက လက်သီးကွက်တွင် ကြီးမားသော ခွန်အား ပါဝင်နေပြီး သူ၏ လူသတ်သိုင်းကွက်ဟုပင် သတ်မှတ်နိုင်ပေသည်။
ထိုအချိန်၌ သူ့ထံမှ ထုတ်ဖောက်လိုက်သော စွမ်းအင်ကလည်း ကြောက်စရာ ကောင်းလှ၏။ ဤအတောအတွင်း သူ စုစည်းသိုလှောင် ထားသည့် အရဟာ လက်သီးစွမ်းအင်အားလုံးကို ကုန်ခန်းသွား စေလုနီးပါးပင်။
နောက်ပိုင်းအကျိုးဆက်များက တဖြည်းဖြည်း ပြသလာ၏။ သူ၏ လက်မောင်းက အလွန်အကျွံ အသုံးပြုထားသလို ဖြစ်နေပြီး ဘာ ခွန်အားမှ မရှိတော့သလို ခံစားနေရသည်။
သူ ပြန်သက်သာလာရန် အချိန်အတိုင်းအတာ တစ်ခုမျှ လိုအပ်သည်။
ရဲ့လင်းချန်၏ တုံ့ပြန်မှု ကင်းမဲ့ပုံပိုကြည့်ပြီး လင်းရှို့ရွှယ် နှုတ်ခမ်းစူ သွားပြီး စိတ်ကောက်သွားလေသည်။
*ဟွန့် … ပေါကြောင်ကြောင်နိုင်တဲ့လူကြီး*
Porsche ကားလေးက လမ်းမထက်၌ အရှိန်ဖြင့် သွားလာနေ၏။ ပိုပြဿနာ ဖြစ်လာမည့်ဘေးမှ ရှောင်တိမ်းရန် လင်းရှို့ရွှယ်က ပုံမှန်ထက် ပိုမြန်မြန် မောင်းနေသည်။
လင်းမိသားစုအိမ်တော်၌ လူတိုင်းက ဧည့်ခန်း၌ မတ်တပ်ရပ် နေကြသည်။ သူတို့သည် စိုးရိမ်တကြီး စောင့်ဆိုင်းရင်း မျက်နှာပေါ်၌ စိုးရိမ်စိတ်များ ပိုတိုးလာ၏။
“သူတို့ ပြန်လာပြီ”
လင်းအောင် အော်ပြောလိုက်သည်။ သူ့မျက်လုံးများ ပို၍ အရောင် တောက်လာပြီး စိတ်အေးသွားလေသည်။
“ဟားဟားဟား ညီလေးရဲ့၊ မင်း ရှိနေရင် အဆင်ပြေမယ်ဆိုတာ ငါ သိပြီးသား”
လင်းအောင်က ပြုံးကာပြော၍ ရှေ့သို့ လျှောက်သွားပြီး ရဲ့လင်းချန်ကို နှုတ်ဆက်၍ ဖက်လိုက်သည်။
“လင်းအောင် မင်း အပြုအမူကို သတိထားစမ်း၊ မဟာဆရာသခင်ရဲ့ကို လေးစားမှပေါ့”
လင်းရှန်းဟဲက ချက်ချင်း သူ့ကို ဆူလိုက်ပြီး ရဲ့လင်းချန်အား ပြုံးပြ လေသည်။
“မဟာဆရာသခင်ရဲ့ ကျေးဇူး အများကြီး တင်ပါတယ်၊ ကျုပ်တို့ လင်းမိသားစု ခင်ဗျားအပေါ် အကြွေး ထပ်တင်သွားပြီ”
“ဦးလေး အရမ်း ယဉ်ကျေးလွန်းနေပါပြီ”
ရဲ့လင်းချန် အပြုံးနှင့် ပြန်ပြောလိုက်သည်။
လင်းမိသားစုမှ လူတိုင်းက တံခါးဝ၌ ရပ်နေကြပြီး ရဲ့လင်းချန်ကို ကြိုဆိုနေ၏။ လင်းထျန်းဟွာကလည်း ဧည့်ခန်း၌ စောင့်နေလေသည်။
လက်ရှိ အဖြစ်အပျက်က မိုးသက်မုန်တိုင်းသဖွယ် ကြီးမားလွန်း လှသည်။ ကမ္ဘာမြေ၏ ဂိတ်တံခါး ပြန်ပေါ် လာခြင်းက လူတိုင်းကို သတိအနေအထား ဖြစ်သွားစေသည်။ လင်းထျန်းဟွာ၏ အမူအရာက မည်းမှောင်ကာ လေးနက်နေသည်။
“အဘိုးလင်း ကျွန်တော် ထပ်ရောက်လာပါပြီ၊ ဒီတစ်ခါ ကုပြီးရင်တော့ အဆိပ်က လုံးဝ ကင်းစင်သွားပါပြီ၊ ဒါပြီးရင် အဘိုး ကောင်းကောင်း အားပြန်ဖြည့်ဖို့ပဲ လိုပါတယ်”
“ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးရဲ့”
ကုသနေချိန်အတွင်းတွင် ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်မိသည်။
“အဘိုးလင်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးက တကယ်ပဲ ဘာများလဲ”
လင်းထျန်းဟွာ သက်ပြင်းချလိုက်သည်။
“ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ငါတို့နိုင်ငံတွင်းက အဖွဲ့အစည်း မဟုတ်ဘူး၊ အဲ့ဒါ ပင်လယ်ပြင်ထဲမှာ ရှိတဲ့ ဂျပန်နိုင်ငံကပဲ၊ ငါတို့နိုင်ငံမှာ သိုင်းပညာ ရှင်တွေ ရှိသလို အခြားနိုင်ငံတွေမှာလည်း ရှိတယ်၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက သိုင်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာ”
“ဂျပန်နိုင်ငံ”
ရဲ့လင်းချန်၏ စိတ်ဝင်စားမှုက မြင့်တက်လာပြီး မျက်နှာ အမူအရာက မည်းမှောင်လာသည်။
သူ ဂျပန်နိုင်ငံအကြောင်း ကြားဖူးသည်။ ကျွန်းငယ်လေး၌ တည်ရှိသော နိုင်ငံတစ်ခု ဖြစ်ကာ ထိုနိုင်ငံသားများက မောက်မာ၍ ကြမ်းကြုတ်ပြီး ရည်မှန်းချက်တို့နှင့် ပြည့်နှက်နေ၏။
“သိုင်းပညာရှင်တွေက ပြိုင်ဆိုင်ချင်စိတ်များတဲ့ လူတွေပဲ၊ အထူးသဖြင့် ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေပဲ၊၊ သူတို့ရဲ့ သိုင်းပညာအပေါ် လိုက်စားချင်တဲ့စိတ်က ရူးသွပ်တဲ့အဆင့်အထိ ရောက်ပြီးနေပြီ၊ သူတို့ရဲ့ သိုင်းပညာကသာ လောကမှာ အကောင်းဆုံးလို့ သူတို့ ထင်နေကြတာ၊ သူတို့က လောကမှာ အတော်ဆုံးဖြစ်ဖို့ ဘာမဆို လုပ်ကြတယ်”
လင်းထျန်းဟွာ ရှင်းပြလိုက်သည်။
သိုင်းပညာမှ အဆင့်များကို စကားဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ သိုင်းပညာရှင် တစ်ယောက်အနေဖြင့် အနိုင်အရှုံးပေါ်ရန် အခြား တစ်ယောက်နှင့် တိုက်ခိုက်ရစမြဲပင်။
ရဲ့လင်းချန် ဆက်မေးသည်ကိုပင် မစောင့်ဘဲ လင်းထျန်းဟွာက အတိတ် အကြောင်း စပြောလာသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကမ္ဘာမြေရဲ့ ဂိတ်တံခါးက သိုင်းပညာခြင်း ဖလှယ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ငါတို့ စစ်သည်တော်ဌာနကို စိန်ခေါ်ခဲ့တယ်၊ သူတို့က အရမ်း ရက်စက်တဲ့နည်းတွေကို သုံးပြီး သိုင်းပညာရှင်တွေကို အနိုင်ယူခဲ့တာ၊ ငါ သူတို့နဲ့ ပြိုင်ဖို့ ဖိအားပေး ခံခဲ့ရပြီးတော့ ကမ္ဘာမြေရဲ့ ဂိတ်တံခါး ခေါင်းဆောင်နဲ့ တိုက်ခိုက်ခဲ့တယ်၊ တိုက်ပွဲက သုံးရက်နဲ့ သုံးညတိတိ ကြာတာတောင် အဖြေမထွက်ခဲ့ဘူး၊ နောက်ဆုံးတော့ ငါ ကပ်သီးလေး နိုင်သွားနိုင်ခဲ့တယ်၊ အဲ့အတွက် ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ဆယ်နှစ်တာလုံး တရုတ်နိုင်ငံထဲကို ခြေမချဘူးလို့ ကတိပေးခဲ့တယ်၊ ငါ့ရဲ့ လက်ရှိအခြေအနေကလည်း အဲ့တိုက်ပွဲကြောင့် ဖြစ်လာတာပေါ့”
“ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာမြေရဲ့ ဂိတ်တံခါးဂိုဏ်း ရည်မှန်းချက်က ပိုကြီးလာတယ်၊ အခုလို သူတို့ ကြီးကြီးမားမား လှုပ်ရှား လာတော့တာပဲ”
လင်းထျန်းဟွာ၏ အကြည့်များက တင်းမာလာသည်။ ရဲ့လင်းချန်သာ အတူ ရှိမနေခဲ့ပါက လင်းရှို့ရွှယ်က မတွေးဝံ့စရာကောင်းသော အန္တရာယ်ထဲ ကျရောက်သွားလောက်သည်။
“အာ … အဘိုးလင်း … အဘိုး ဝူရှဝတ္ထုအချို့ကိုများ ပြောပြနေ တာလား”
ရဲ့လင်းချန်က လင်းထျန်ဟွာကို ဖြူစင်သော အကြည့်ဖြင့် ကြည့် နေသည်။
*ဒီလောက် ပုံကြီးချဲ့နေတာကို ကျွန်တော်က ယုံစရာလား*
အဘိုးလင်းကလည်း ကြွားလုံးထုတ်တတ်သူ တစ်ယောက် ဖြစ်နေ လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“အဟမ်း အဟမ်း၊ နည်းနည်း ကွန့်ပြောထားတာ ရှိတယ်ဆိုပင်မယ့် ဆိုလိုရင်း ပျက်မသွားပါဘူး”
လင်းထျန်းဟွာ ရှက်သွားပြီး ချောင်းဟန့်နေသည်။
လင်းထျန်းဟွာနှင့် စကားပြောဆိုပြီးနောက် ရဲ့လင်းချန်သည် ကမ္ဘာမြေ၏ ဂိတ်တံခါးအကြောင်းကို အကြမ်းဖျင်း နားလည် လိုက်သည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် စစ်သည်တော်ဌာနတို့၏ အခြေခံက အတူတူပင်။ နှစ်ခုလုံးက သိုင်းပညာကို လေ့ကျင့်သော အဖွဲ့ အစည်းများ ဖြစ်ကြသည်။ ခြားနားမှုဟူ၍ ကမ္ဘာမြေ၏ ဂိတ်တံခါးမှ နည်းလမ်းများက ပို၍ တင်းကြပ်၍ ရက်စက်ခြင်းပင်။
သူတို့၌ အခြေခံအကျဆုံး အရေးကြီးသည့် အချက်တစ်ချက်သာ ရှိသည်။
သန်မာသူသာလျင် စိုးမိုး၍ ကြံ့ခိုင်သူသာလျင် ရှင်သန်နိုင်၏။
သူတို့၏ အရည်အချင်း မြင့်တက်လာစေရန် သူတို့သည် လူမဆန်သော လုပ်ရပ်အားလုံးကို လုပ်ကြမည် ဖြစ်သည်။
အဆင့်များအား သာမန်အဆင့်၊ ငွေအဆင့်၊ ရွှေအဆင့်၊ ပလက်တီနမ် အဆင့်နှင့် စိန်အဆင့်ဟူ၍ ခွဲခြားထားသည်။
ယနေ့ စေလွှတ်လိုက်သော အဖွဲ့၏ လုပ်ဆောင်မှုကို ကြည့်ချင်းအားဖြင့် ကမ္ဘာမြေ၏ ဂိတ်တံခါးအဖွဲ့၏ ရည်ရွယ်ချက်က သိသာနေလေပြီ။
“အဲ့ဒီတိုက်ပွဲမှာ ငါ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်၊ မိတ်ဆွေလေးရဲ့ရဲ့ ကုသမှုကြောင့်သာ မဟုတ်ရင် ငါ မသေရင်တောင် သေလုမျောပါး ဖြစ်နေလောက်ပြီ၊ ဒါပေမဲ့ ကမ္ဘာမြေရဲ့ ဂိတ်တံခါး ခေါင်းဆောင် ကတော့ ပိုမြင့်မားတဲ့ နေရာကို တက်လှမ်းနိုင်သွားပြီပဲ”
လင်းထျန်းဟွာ ဆက်၍ သက်ပြင်းချနေသည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးသာ စစ်သည်တော်ဌာနကို ထပ်စိန်ခေါ်လာပါက သူတို့နှင့် ရင်ဆိုင်နိုင်သူက အနည်းငယ်သာ ရှိသည်။ အနာဂတ်က မျှော်လင့် အားရဖွယ် မရှိချေ။
“အဘိုး စိတ်မပူပါနဲ့၊ သူတို့ လူတွေ ဘယ်လောက်ပဲ ပို့လိုက်ပါစေ ကျွန်တော် အားလုံးကို သတ်ပစ်မယ်”
လင်းအောင်က စိတ်အားထက်သန်၍ တောက်ပသော မျက်လုံးများ နှင့်အတူ လက်နှစ်ဖက်ကို ပွတ်၍ ပြောလာသည်။
လင်းထျန်းဟွာက လင်းအောင်ကို တစ်ချက်သာကြည့်ပြီး ဘာမှ မပြောချေ။ ထိုအစား သက်ပြင်းရှည်တစ်ချက် ချလေသည်။
“အဘိုး ဒါ ဘာသဘောလဲ”
လင်းအောင် စိတ်ပျက်သွားသည်။
“မင်းက အားနည်းလွန်းတယ်၊ ငွေအဆင့် လေးယောက်နဲ့ စနိုက်ပါ တစ်ယောက် ကိုပါ တိုက်ခိုက်ရတာကို အသာထားဦး၊ တစ်ယောက် ချင်း ယှဉ်ချရင်တောင် မင်းက ငွေအဆင့် အဖွဲ့ဝင်တစ်ယောက်ကို မယှဉ်နိုင်ဘူး”
လင်းထျန်းဟွာက ခေါင်းခါလိုက်သည်။
“ငါ ငယ်ငယ်တုန်းက အောင်မြင်ခဲ့သမျှ အရာတွေရဲ့ တစ်ဝက် လောက်ကိုသာ မင်း ပိုင်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး”
လင်းအောင် ပြောစရာ စကားမဲ့သွားပြီးနောက် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“အဘိုးက ကျွန်တော့်ကို အထင်သေးလွန်းနေတာပဲ”
“အဘိုးလင်း အစ်ကိုလင်းက စစ်သည်တော်ဌာနမှာ အတော်ကို ကြိုးစား လေ့ကျင့်နေတာပါ”
ရဲ့လင်းချန် ဝင်ပြောလိုက်သည်။ အဘိုးလင်းက ထပ်ပြောတော့မည်ကို မြင်သောအခါ သူ ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အဘိုး အတွင်းအားဆိုတာ ဘာလဲ သိလား”
“အတွင်းအားလား”
လင်းထျန်းဟွာ၏ ရဲ့လင်းချန်ကို ကြည့်နေသော အကြည့်က ပြောင်းလဲ လာသည်။
“ဟုတ်သားပဲ၊ မင်းက စနိုက်ပါသမားကိုပါ သုတ်သင်နိုင်တာပဲ၊ ဒါ သာမန် သိုင်းပညာရှင် တစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး”
တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူ ထပ်ပြောလိုက်သည်။
“အတွင်းအားဆိုတာ တကယ်တော့ သိုင်းပညာရှင်တွေ ထပ်ဆင့် ရလိုက်တဲ့ အဆင့်တစ်ခုပဲ၊ သိုင်းပညာက ခန္ဓာကိုယ်ကိုပဲ လေ့ကျင့် ပေးတာ၊ ဒါပေမဲ့ ခန္ဓာကိုယ်က သန်မာလာလေ သွေးလှည့်ပတ် စီးဆင်းမှုက ပိုကျစ်လျစ် သန်မာလာလေပဲ၊ မင်းရဲ့ သွေးလည်ပတ်မှုက အတိုင်းအတာတစ်ခုကို ရောက်သွားတာနဲ့ ခန္ဓာကိုယ်တွင်းမှာ ချီစွမ်းအင်ကို ထုတ်ပေးနိုင်ပြီ၊ အဲ့ဒါက အတွင်းအားပဲ”
“မင်း ဒီလို တွေးလည်း ရတယ်၊ အတွင်အားကို မင်းရဲ့ ခန္ဓာကိုယ် တွင်းက ပိုလျှံတဲ့ စွမ်းအင်တွေ စုစည်းထားတဲ့ သိုလှောင်ရုံလို့ သတ်မှတ် ထားလိုက်၊ အဲ့ဒါကို တိုက်ပွဲအတွင်းမှာ ဖွင့်ထုတ်လိုက် မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်ပြီ …”