အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
အခန်း(၄၆၃) အဆိပ်ဆားများ
ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာပြီး၊ နောက်သုံးရက်ကြာသောအခါမှ ရောက်လာပါသည်။ ထိုအချိန်တွင် မြေကြီးပေါ်တွင် ဖုံးနေသော နှင်းထုမှာ ၅မီတာလောက်ရှိနေပြီ ဖြစ်သည်။
နှင်းမုန်တိုင်းသည် ၁ရက်လောက်ရပ်သွားသော်လည်း၊ နောက်တစ်နေ့တွင် ပြန်တိုက်ခိုက်သောအခါ ယခင်ထက်ပင်ပိုကြမ်းတမ်းနေပါတော့သည်။
အေးစက်သောလေများက ၎င်းတို့၏ မျက်နှာများကို ဓားထက်ထက်နှင့် လှီးနေသလို ဖြစ်နေပါတော့သည်။ ကြမ်းတမ်းမာကျောလှပါသည်ဆိုသော မီးတောက်ဦးချိုစစ်သည်တော်များပင် ဂူအပြင်သို့ မသွားချင်တော့ပါ။ အစောင့်
တာဝန်ကျသည့်အခါမှသာ အပြင်သို့ ထွက်ကြပါသည်။
ဂူထဲတွင် ထင်းများနည်းနေပြီ ဖြစ်ပါသည်။ ရှိသော ထင်းကို ဆန်ပြုတ်ပြုတ်ရန် အတွက်သာ အသုံးပြုပါသည်။ ကျန်းလော်က လူတချို့ကို ခေါ်ပြီး ဆားတွင်းများကို သွားစစ်ဆေးနေပါသည်။ မြေခွေးများနှင့် ရှန်တို့၏ ဂူများမှာ အစောင့်အကြပ်များ ထူထပ်စွာ ချထားပါသည်။ အစောင့်အရှောက်များ ထူထပ်လွန်းသဖြင့်၊ ဝင်တိုက်ရန် မလွယ်သေးပါ။ အခုနေဝင်တိုက်လျှင် သူ့လူအင်အားကို ဖြုန်းတီးသလိုသာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျန်းလော်သည် အသာလေးလှည့်ပြန်လာပါသည်။
ထိုက်ဟယ်နှင့်တောင်လေမျိုးနွယ်စုဝင်များ ရောက်လာသည့်သတင်းကို ကြားသောအခါ၊ ကျန်းလောမှာ သူရလာသည့် မီးလျှံသလင်းကျောက်ကို လက်ထဲတွင် ကိုင်လျက်သားဖြစ်နေပါသည်။
မီးလျှံသလင်းကျောက်များကို မတူးကြည့်ခင်ကတည်းက၊ ကျန်းလော်တို့သည် မြေကြီးအောက်တွင် မီးလျှံသလင်းကျောက်များ ရှိနေလိမ့်မည်ဆိုတာကို အာရုံရနေပါသည်။ မြေကြီးအောက်ကို တော်တော်နက်အောင်တူးလိုက်ရသော်လည်း၊ မီးလျှံသလင်းကျောက်များရလာသဖြင့် ပင်ပန်းရကျိုးနပ်သွားပြီဖြစ်ပါသည်။
“ထိုက်ဟယ်မျိုးနွယ်စုလား” ဆက်သားက သတင်းလာပို့သည်ကို ကြားသောအခါ၊ ကျန်းလော်သည် လှုပ်ရှားနေသော သူ့စိတ်များကို တည်ငြိမ်အောင် ထိန်းလိုက်ပါသည်။
သူစိတ်မပါတပါဖြင့်၊ တူးလက်စ တွင်းထဲမှ ခုန်တက်လာပြီး၊ လက်ထဲတွင် ကိုင်ထားသော မီးလျှံသလင်းကျောက်ကို သုန့်ကန်းကို ပေးလိုက်ပါသည်။ “ဆက်တူးထားဦး…ငါဟိုကောင်တွေဆီသွားသတင်းမေးလိုက်ဦးမယ်”
“စိတ်မပူနဲ့ ခေါင်းဆောင်ကြီး…ကျုပ်တူးထား
မယ်” သုန့်ကန်းသည် မီးလျှံသလင်းကျောက်ကို လက်ထဲတွင်ကိုင်ထားပြီး၊ ပြုံးပြုံးကြီးဖြစ်နေပါသည်။ အားလုံးမှာ ပင်ပန်းရကျိုးနပ်သွားသောကြောင့် ၊ စိတ်လက်ကြည်သာသွားကြပါသည်။
ရှောက်ရွှမ်ကတော့ အတွေးနက်နေဆဲဖြစ်သည်။ ကျန်းလော်ပြန်ရောက်လာသောအခါမှ၊ သတိပြန်ဝင်လာပါသည်။
“ထိုက်ဟယ်တွေနဲ့ တောင်လေမျိုးနွယ်စုဝင်တွေ ရောက်လာကြပြီလား” ရှောက်ရွှမ်သည် ထိုင်နေရာမှထပြီး၊ ကျန်းလော်နောက်သို့လိုက်သွားပါသည်။
ကျန်းလော်က ရှောက်ရွှမ်ကို ကြည့်နေသော်လည်း၊ ဘာမှမမေးတော့ပါ။ ရှောက်ရွှမ်သည် အခု၂ရက်အတွင်း စိတ်နှင့်လူမကပ်ပါ။ တနေကုန်ကျောက်တုံးကြီးပေါ်တွင် ထိုင်နေပြီး မည်သူနှင့်မှ စကားမပြောပါ။ သူဘာတွေ တွေးနေလဲ မည်သူမှ မသိပါ။ ကျန်းလော်က မေးကြည့်
သောအခါတွင်လည်း၊ အာရုံယူနေသည်ဟုသာ ဖြေဆိုပါသည်။ အဖြေကို သိရပါက၊ အားလုံးကို ပြောပြမည်ဟုဆိုသည်။
ဂူဝသို့ ရောက်သောအခါ၊ လူ၂၀လောက်ကို ခေါ်ဆောင်ပြီးရောက်လာသော ထိုက်ဟယ်နှင့်တောင်လေမျိုးနွယ်စုဝင်များကို တွေ့လိုက်ရပါသည်။ သူတို့ကို ကြည့်ရသည်မှာ အခြေအနေသိပ်မကောင်းကြပါ။
ကျန်းလော်ကို မြင်သောအခါမှ၊ တောင်လေအကြီးအကဲသည် စိတ်သက်သာရာရသွားပြီး၊ မဲ့ပြုံးပြုံးလိုက်ပါသည်။ “ခင်ဗျားတို့တွေက စောစောရောက်လာတော့ ကံကောင်းသွားတာပေါ့…မဟုတ်ရင် ကျုပ်တို့လို ဖြစ်ကုန်မှာပဲ”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် နှင်းမုန်တိုင်းကျခါစအချိန်လေးတွင်ပင်၊ ဆားတွင်းသို့ရောက်လာခြင်းဖြစ်သည်။ ထိုက်ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့ကတော့ နှင်းမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံလိုက်ရသောကြောင့် ဒဏ်ရာ
ရသူကရ၊ သေသည့်လူကသေဖြစ်ကုန်ကြပါသည်။
အခုလို ရာသီဥတုမျိုးကို သူတို့ကိုယ်တိုင်လည်း မကြုံဖူးသလို၊ သူတို့၏ဘိုးဘေးများလည်း မကြုံဖူးကြပါ။ နှင်းမုန်တိုင်းကြောင့် အသက်များကို မလိုအပ်ဘဲ စတေးလိုက်ရသလို၊ ခရီးမှာလည်း ထင်သလို သွား၍မရတော့ပါ။ သူတို့သည် နောက်တစ်နေ့တွင် ဆားတွင်းသို့ရောက်မည်ဟုမျှော်မှန်းထားသော်လည်း၊ နှင်းမုန်တိုင်းကြောင့် မျှော်မှန်းထားသည်ထက် ၁ရက်နောက်ကျပြီးမှ ဆားတွင်းသို့ ရောက်လာပါသည်။ ဒါတောင် ညဘက်များတွင်လည်း အနားမယူဘဲ ခရီးပြင်းနှင်လာကြခြင်း ဖြစ်သည်။
ကျန်းလော်ကတော့ သူတို့ကံကောင်းသည်ကို ရှင်းပြမနေတော့ပါ။ ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုဝင်တချို့ မုန်တိုင်းဒဏ်ကြောင့် သေဆုံးကုန်သော်လည်း၊ အရေအတွက်တော့သိပ်များပါ။ သို့သော် အားလုံးမှာ နှင်းမုန်တိုင်းဒဏ်ကို ခံလာရသောကြောင့် အခြေအနေတော့ မကောင်းကြပါ။
တောင်လေမျိုးနွယ်စုဝင်များသည် နွေးထွေးသော နေရာတွင်သာ တစ်သက်လုံးနေလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အအေးဒဏ်ကို ပို၍ခံရပါသည်။ ၎င်းတို့မျိုးနွယ်စုမှ သေဆုံးသူသည် ထိုက်ဟယ်မျိုးနွယ်စုမှ သေဆုံးသူများထက်ပို၍ များနေပါသည်။
“ခင်ဗျားတို့ ဂူတွေကော” ကျန်းလော်က မေးလိုက်ပါသည်။ ဂူများမှာ ပြိုကျနေပြီဖြစ်သည်ကို ကျန်းလောက သိထားသော်လည်း၊ ကျောက်တုံးများကို ဖယ်ရှားလိုက်မည်ဆိုလျှင်တော့ နေ၍ရဦးမည် ဖြစ်ပါသည်။
“အကူအညီလိုရင်ပြောလေ…ငါတို့ကျောက်တုံးတွေကို ဝိုင်းမပေးမယ်”
သို့သော် ကျန်းလော်၏ စကားကြောင့် ထိုက်ဟယ်များနှင့် တောင်လေများမှာ ဒေါသများပိုထွက်လာပါသည်။ ၎င်းတို့၏အံကြိတ်သံများကိုပင် ကျန်းလော်ကြားနေရသည်။
“မြေခွေးတွေနဲ့ ရှန်တွေက ငါတို့ဂူတွေထဲမှ အဆိပ်မှုန့်တွေ ဖြူးသွားတယ်”တောင်လေအကြီးအကဲက ဒေါသူပုန်ထနေပါသည်။
အဆိပ်ဆားမှာ ထိုနေရာတွင်ရှိသော မီးခိုးစိမ်းရောင် အဆိပ်တစ်မျိုးဖြစ်ပါသည်။ ထိုဆားကို စားပွဲတင်ဆားအဖြစ်လုပ်၍မရပါ။ အသက်သေလောက်သည်အထိ မပြင်းထန်သော်လည်း၊ ချက်စားလျှင် အလွန်စူးရှသော အနံ့ထွက်လာပါသည်။ ထိုအနံ့ကို ရှူမိပါက ခေါင်းများမူးဝေလာမည် ဖြစ်သည်။ ထို့ကြောင့် ဆားလုပ်သားများက ထိုဆားများကို တွေ့လျှင် မြေမြှပ်ပစ်ကြခြင်း ဖြစ်သည်။
ထိုနေရာတွင် အဆိပ်ဆားများမှာ သိပ်မရှိသော်လည်း၊ စုပုံနေသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ မြေခွေးမျိုးနွယ်စုဝင်များက ထိုဆားများကို တူးယူပြီးချက်လုပ်ခြင်းဖြစ်သည်။ ထို့နောက် တောင်လေမျိုးနွယ်စု၏ ဂူထဲတွင် ထိုအဆိပ်ဆားများကို ကျဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ၎င်းတို့၏ အမှား
ပင်ဖြစ်သည်။ တောင်လေမျိုးနွယ်စုဝင်များသာ ကင်းထောက်များကို စေလွှတ်ခဲ့ပါက၊ ထိုသို့ ဖြစ်လာမည် မဟုတ်ပါ။
ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ဂူထဲသို့လည်း အဆိပ်ဆားများကို ပက်ကျဲထားပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များက ဆေးပင်များအကြောင်းကို နှံ့စပ်ကွှမ်းကျင်သူများဖြစ်ကြပါသည်။ ထို့ကြောင့် မြေခွေးမျိုးနွယ်စုဝင်များက ၎င်းတို့ကို မနာလိုခြင်းဖြစ်သည်။
မြေခွေးမျိုးနွယ်စုဝင်များသည် နောက်ဆုံးကျန်သော ဆားများကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဂူထဲသို့ ကျဲထားရန် ချန်ထားခြင်းဖြစ်သည်။ သို့သော် အစီအစဉ်များပြောင်းလဲသွားသောကြောင့်၊ ၎င်းတို့သည် ဆားများကို ကျဲထားရန် အချိန်မရလိုက်ပါ။ ထို့ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အဆိပ်ဆားဒဏ်ကို မခံရခြင်း ဖြစ်သည်။
အဆိပ်ဆားများကို ရေထဲတွင် ထည့်ဖျော်ပြီး
ချက်လုပ်လိုက်သောအခါ၊ စေးကပ်သော အရည်တစ်မျိုးရလာပါသည်။ ရန်သူများက ထိုအရည်များကို ဂူများထဲတွင် ဖြန်းသွားခြင်းဖြစ်သည်။ ထိုအရည်များခြောက်သွားသောအခါ၊ အပေါ်ယံမြေမျက်နှာပြင်တွင် ဆားများကပ်ကျန်ရစ်နေခဲ့ပါသည်။ ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုဝင်များသည် အဆိပ်ဆားများ ကပ်နေသော အပေါ်ယံမြေသားများကို တူးထုတ်လိုက်ရပါသည်။
နောက်ဆုံးတွင်တော့ ၎င်းတို့သည် ပြင်းထန်လှသော နှင်းမုန်တိုင်းကြီးကို ဖြတ်ကျော်လာနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဆားတွင်းသို့ရောက်လာသောအခါ ၎င်းတို့တွင် နေစရာနေရာမရှိတော့ပါ။
ထိုက်ဟယ်မျိုးနွယ်စုနှင့် တောင်လေမျိုးနွယ်စုတို့သည် အချိန်အတူတူလောက် ရောက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ဂူကို အကဲခတ်ကြည့်လိုက်သောအခါ, မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် စောလျင်စွာရောက်ရှိနေပြီး၊ ဘာမှမ
ဖြစ်သည်ကို တွေ့လိုက်ကြရပါသည်။ အနည်းဆုံးတော့ သူတို့ထက် အခြေအနေကောင်းပါသေးသည်။ ၎င်းတို့သည် နားစရာနေရာလေးတစ်ခုကိုတော့ လိုချင်နေကြပါသည်။ သူတို့လူများမှာ ပင်ပန်းလွန်းသဖြင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ကြတော့ပါ။ အခုနေတိုက်ပွဲဝင်ရမည်ဆိုလျှင်၊ အားလုံးသေကုန်မည်ဖြစ်သည်။
ကျန်းလော်က နှုတ်ခမ်းကို လျာနှင့်သပ်လိုက်မိပါသည်။ သူတို့ ကံကောင်းကြောင်းကိုတော့ မိတ်ဆွေများအား ပြောပြမနေတော့ပါ။အဆိပ်ဆားများကို ဖြန်းပက်သွားသည်မှာ မြေခွေးမျိုးနွယ်စုဝင်များပင်ဖြစ်ပေလိမ့်မည်။ ရာသီဥတုသာ ပြင်းထန်လာခြင်း မရှိပါက၊ သူတို့၏ ဂူသည်လည်း အဆိပ်ဆားများဖြင့် ပြည့်နေမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာလျှင် ပျက်စီးနေသော ဂူကို ပြန်ပြင်ရသော အလုပ်အပြင်၊ အဆိပ်ဆားများကို ရှင်းရသော အလုပ်တစ်ခုလည်း ပေါ်လာမည် ဖြစ်သည်။
တော်တော်ကောက်ကျစ်သော လူများပင်။
“ကျုပ်တို့ ဂူထဲမှာ လာနေကြလေ…အနေတော့ကြုံ့ပေမယ့် နေလို့တော့ ရပါတယ်…ခင်ဗျားတို့ဂူတွေထဲမှာ ထင်းတွေရှိသေးလား…ရှိရင် ယူလာခဲ့ကြ” ကျန်းလော်က ပြောလိုက်ပါသည်။
ကျန်းလော်၏ စကားကို ကြားသောအခါမှ၊ အကြီးအကဲ၂ယောက်တို့သည် သက်ပြင်းချနိုင်ပါတော့သည်။ ထို့နောက် “ကြည့်ကြည့်လိုက်ဦးမယ်…ရှိရင် ယူလာခဲ့မယ်”ဟု လျင်မြန်စွာ ပြောလိုက်သည်။
၎င်းတို့၏ ဂူများထဲတွင် အဆိပ်များမှာ မြေကြီးအောက်မှ ဆားများထဲသို့ စိမ့်ဝင်နေပြီ ဖြစ်သည်။ အဆိပ်များကုန်စင်သွားရန် အပေါ်ယံမြေလွှာများကို အချိန်ယူပြီး တူးထုတ်ရဦးမည်ဖြစ်သည်။ အခုလိုအချိန်တွင် မီးတောက်ဦးချိုတို့၏ ဂူထဲတွင် အနားယူလိုက်ခြင်းက အကောင်းဆုံးသာဖြစ်ပါသည်။
ကျန်းလော်တို့က ထိုက်ဟယ်နှင့် တောင်လေ
မျိုးနွယ်စုဝင်များကို နေရာပေးလိုက်ပါသည်။ မည်သို့ပင်ဆိုစေ၊ သူတို့သည် မဟာမိတ်များဖြစ်နေသည် မဟုတ်ပါလား။၎င်းတို့ကို ကူညီလိုက်ခြင်းဖြင့်၊ ကိုယ့်အတွက်လည်း အကျိုးရှိလာမည် ဖြစ်သည်။
မကြာခင်တွင်၊ ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုအကြီးအကဲတို့သည် သူတို့၏လူများကို ခေါ်၍ ရောက်လာကြပါသည်။ ၎င်းတို့၏ စိတ်ဓာတ်တွေကျပြီး စုတ်ပြတ်သတ်နေသော စစ်သည်တော်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ စစ်သည်တော်များကို နှိုင်းယှဉ်မိသောအခါ၊ ထိုက်ဟယ်နှင့်တောင်လေမျိုးနွယ်စုတို့၏ အကြီးအကဲများမှာ စိတ်ညစ်သွားကြပါသည်။ ထိုအခါ မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့အပေါ်ထားသော အာဃာတများမှာ ပိုကြီးထွားလာပါသည်။
ဂူတစ်လုံးထဲတွင် လူ၃၀၀၀လောက် နေနေရခြင်း ဖြစ်သောကြောင့်၊ လူများ ပြွတ်သိပ်နေပါသည်။ ဂူထဲတွင် နက်နဲသော အလွှာ၂လွှာသာ မ
ရှိပါက၊ ထိုလောက်များသော လူများ ဝင်ဆန့်မည် မဟုတ်ပါ။ ဂူဝင်ပေါက်၏ ဘယ်ဘက်ခြမ်းတွင်တော့ လျှောက်လမ်းတစ်ခုကို ချန်ထားပါည်။ ထိုသို့ချန်ထားမှသာ အရေးပေါ်ကိစ္စဖြစ်ပေါ်လာပါက သွားလာ၍ရမည် ဖြစ်သည်။ လူများမှာ ပြည့်ကျပ်လွန်းသဖြင့်၊ တစ်ယောက်နှင့် တစ်ယောက်ပူးကပ်နေပါတော့သည်။
ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုတို့သည် ထင်းများကို ယူဆောင်လာကြပါသည်။ သူတို့တွင်လည်း မြေခွေးမျိုးနွယ်စုဝင်များတွေ့မသွားသော ဖွက်ထားသည့် ထင်းများရှိနေပါသေးသည်။ဂူထဲတွင် ကျန်နေသေးသည့် သုံး၍ရသော အရာမှန်သမျှကို ယူဆောင်လာကြပါသည်။
သို့သော် ထင်းမှာ လုံလောက်သွားသည်တော့ မဟုတ်သေးပါ။ ယခုရာသီဥတုမှာ ဘယ်လောက်ထိဆက်ကြာနေမလဲ မည်သူမှ မသိပါ။ ထို့ကြောင့် သူတို့မှာ သတိနှင့် ဆက်နေနေကြပါသည်။ ချက်ပြုတ်ရန်မှလွဲပြီး၊တခြားကိစ္စအတွက် ထင်းကို မသုံးကြပါ။ မီးတောက်ဦးချို
မျိုးနွယ်စု၏ အလင်းကျောက်များပါလာသောကြောင့်သာ၊ အမှောင်ထဲတွင် ငုတ်တုပ်ထိုင်မနေရခြင်းဖြစ်သည်။
ဂူထဲတွင် လူများပြည့်ကျပ်နေသဖြင့်၊ အသက်ရှူရသည်မှာ မွန်းကျပ်လာကြပါသည်။ ဂူထဲတွင်ဆားများကို တူးယူသည့်အချိန်တုန်းကတော့၊ အသက်ရှူကျပ်သည့် ပြဿနာကို လေပေါက်လေးများဖောက်ပြီး ဖြေရှင်းပါသည်။ ရောက်ခါစကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အအေးဒဏ်ကို ကာကွယ်ရန် ထိုလေပေါက်လေးများကို ပိတ်ဆို့ထားပါသည်။အခုတော့ လူအရေအတွက် အလွန်များနေပြီ ဖြစ်သောကြောင့် ထိုလေပေါက်များကို ပြန်ဖွင့်ရပါတော့သည်။ အပေါက်များထဲတွင် နှင်းများဆို့နေသောကြောင့်၊ ခက်ခက်ခဲခဲ ပြန်ဖွင့်လိုက်ရပါသည်။
ဂူထဲတွင် လူများပြည့်သိပ်နေခြင်းမှာ တမျိုးတော့ ကောင်းသွားပါသည်။ လူများလွန်းသောကြောင့် မချမ်းတော့ဘဲ၊ နွေးထွေးလာ
ပါသည်။
သို့သော်…။
“ဘာအနံ့ကြီးလဲ”
“ဘယ်သူ အီးပေါက်လိုက်တာလဲဟေ့”
“ဟေ့လူ…ခင်ဗျားအီးပုံတက်နင်းလာတာလား”
အားလုံးမှာ ခရီးပြင်းနှင်လာရသောကြောင့် သန့်ရှင်းရေးလုပ်ရန် အချိန်မရကြပါ။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ ညစ်ပတ်ပေရေနေကြသည်။ ဂူထဲတွင် လေဝင်လေထွက်မကောင်းသောကြောင့် မကောင်းသောအနံ့အသက်များ မွှန်ထွန်နေ၏။
သို့သော် အဆိပ်ဆားများ၏ အနံ့လောက်တော့ မဆိုးဝါးသေးပေ။ ထိုက်ဟယ်နှင့်တောင်လေမျိုးနွယ်စုဝင်တို့လည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ ဂူထဲသို့ရောက်လာသောအခါမှသာ နေသာထိုင်သာ ရှိသွားကြသည်။
မီးတောက်ဦးချိုနှင့် ထိုက်ဟယ်မျိုးနွယ်စုဝို့မှာ ရင်းနှီးကြသူများ ဖြစ်ကြသဖြင့်၊ စကားပြောသံများ ဆူညံလာပါတော့သည်။ သူတို့သည် မကြာခဏရန်ဖြစ်လေ့ရှိကြသော်လည်း၊ မတည့်အတူနေ မိတ်ဆွေများဖြစ်ကြပါသည်။ အခုလို သဘာဝဘေးရန်ကို ကြုံရသောအခါ၊ ရဲဘောရဲဘက်စိတ်များ နိုးကြားလာပါသည်။ မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့ကို တစ်ယောက်က စဆဲလိုက်သောအခါ၊ တစ်ဂူလုံး ဆဲသံများ မိုးမွှန်သွားပါသည်။ တိတ်ဆိတ်နေသော တောင်လေမျိုးနွယ်စုဝင်များပင် ဝင်ဆဲကြပါတော့သည်။
ကျန်းလော်သည် ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုအကြီးအကဲတို့ကို ခေါ်ပြီး၊ မီးလျှံသလင်းကျောက်များကို ပြလိုက်ပါသည်။ မီးလျှံသလင်းကျောက်များရှိနေသည်မှာ သေချာသွားသောအခါမှသာ၊ အကြီးအကဲ၂ယောက်သည် နည်းနည်းစိတ်အေးသွားပါသည်။
ထို့နောက်တွင်တော့ အကြီးအကဲ၃ယောက်
တို့သည် မီးလျှံသလင်းကျောက်များကို စတင်တူးယူကြပါတော့သည်။ ၎င်းတို့မှာ ဒေါသများထွက်နေသော်လည်း၊ အခုအချိန်မှာ တိုက်ခိုက်၍ မရသေးပါ။ ထို့ကြောင့် ဒေါသကို ထွက်ပေါက်ပေးသည့်အနေဖြင့်၊ မီးလျှံသလင်းကျောက်များကိုသာ တူးယူနေကြတော့သည်။
မီးလျှံသလင်းကျောက်များများရလာမှသာ၊ ၎င်းတို့၏ လူများ မြန်မြန် ပြန်နာလန်ထလာမည် ဖြစ်သည်။
ဂူအပြင်ဘက်တွင်တော့၊ နှင်းထုမှာ ၆မီတာလောက်ထူထပ်နေပြီဖြစ်သည်။ အခုအချိန်ထိလည်း နှင်းများဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး၊ ရပ်တန့်မည်ပုံမပေါ်သေးပေ။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်
အခန်း (၄၆၄) နှလုံးခုန်သံ
ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုတို့ ရောက်လာသော နေ့တွင် လေတိုက်နှုန်းက ပိုပြင်းထန်လာပြီး၊ နှင်းများက ထူထပ်စွာကျလာပါသည်။ အပြင်တွင် ရှိသော အစောင့်များပင် အအေးဒဏ်ကို မခံစားနိုင်ကြတော့ပါ။ကျန်းလော်သည် အစောင့်များကို ဂူဝနားသို့ပြန်ခေါ်လိုက်ပါသည်။ အပြင်တွင် ဆက်နေမည်ဆိုပါက၊ သွေးခဲပြီး သေဆုံးကုန်တော့မည် ဖြစ်သည်။
အပေါက်ဝတွင်တော့ နှင်းများဖုံးလွှမ်းနေသောကြောင့်၊ ၎င်းတို့၏ မြင်ကွင်းကို ပိတ်ဆို့ထားသလို ဖြစ်နေပါသည်။ အပြင်ကိုမြင်ရရန်အတွက် အပေါက်ဝတွင် ပိတ်နေသော နှင်းများကို ဖယ်ရှားပစ်ပြီး အမြင့်တစ်နေရာမှ ရပ်ကြည့်ရပါသည်။
ရှောက်ရွှမ်သည် အမြင့်တစ်နေရာတွင်ရပ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါသည်။ မြင်မြင်
သမျှ အရာအားလုံးက နှင်းများဖုံးလွှမ်းနေသောကြောင့် ဖြူဖွေးနေပါသည်။ အောက်တွင်ရှိသော ကျောက်သားမြေပြင်ကိုလည်း လုံးဝမမြင်ရတော့ပါ။ နှင်းများက မြေကြီးတခွင်ကို ညီညာစွာ ဖုံးလွှမ်းထားပါသည်။
ရှောက်ရွှမ်သည် ရာသီဥတုကို ခန့်မှန်းရန်၊ ကြုံးထုံးဗေဒင်ဟောရန် ကြိုးစားလိုက်ပါသည်။ ဘာကြောင့် စိတ်များလေးလံနေရသလဲဆိုတာကိုလည်း သူသိချင်နေပါသည်။ သို့သော် ကြိုးထုံးဗေဒင်ကို မေး၍မရဖြစ်နေပါသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင်လည်း၊ မည်သူ့ကိုမှ မတွေ့ရပါ။မြေခွေးများနှင့် ရှန်များပင် ဂူအပြင်သို့ ထွက်လာပုံမပေါ်ပါ။
ရှောက်ရွှမ်သည် ဂူထဲသို့ ပြန်ဝင်သွားပြီး၊ အပေါက်ဝကို ကျောက်တုံးကြီးနှင့် ပိတ်ဆို့လိုက်ပါသည်။
အားလုံးက သတင်းကောင်းများကြားရမလား မျှော်လင့်နေကြသည်။ ရှောက်ရွှမ်ကြောင့်သာ သူတို့သည် ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုဝင်များလို ရာသီဥတုဒဏ်ကို မခံရခြင်းဖြစ်သည်။
ရှောက်ရွှမ်က ဘာမှမပြောဘဲ ခေါင်းခါပြလိုက်သောအခါ၊ အားလုံးမှာ စိတ်များလေးလံသွားကြပါသည်။
ဂူထဲတွင် အသံများတိတ်ဆိတ်သွားပါသည်။ အစပိုင်းတွင်တော့ ဆဲသံဆိုသံများ ဆူညံနေသော်လည်း၊ အခုတော့ ထိုအသံများ ပျောက်ကွယ်သွားပြီဖြစ်ပါသည်။ အားလုံး၏ စိတ်ထဲတွင် ဆိုးဝါးသောရာသီဥတုမြန်မြန်ပြီးပါစေဟုသာ မျှော်လင့်နေမိပါသည်။
ဝူကျန်းသည် ထိုက်ဟယ်မျိုးနွယ်စုမှ သူနှင့် ရွယ်တူလူများနှင့် အတော်ခင်မင်ပါသည်။ လူငယ်ပိုင်းထဲမှ အစွမ်းထက်မြက်ကြသူများ ဖြစ်ကြသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များ ရောက်လာသောအခါ၊ ၎င်းတို့ကြုံခဲ့ရသည်များကို ပြောပြခဲ့
ကြပါသည်။ အခုတော့ အားလုံးမှာ အားကုန်မည်စိုးသောကြောင့် စကားပင်မပြောတော့ပါ။ အိပ်၍သာနေကြပါတော့သည်။
ဝူကျန်းသည် သူ့ဘေးမှ ဝါးသံများကို ကြားလိုက်ရသဖြင့်၊ ထိုလူကို ဖင်ပိတ်ကန်လိုက်ပြီး “ဘာတွေ ဝါးနေတာလဲ” မေးလိုက်ပါသည်။
“မြက်တွေ…”
“နည်းနည်းကျွေးကွာ…”
ထိုက်ဟယ်မျိုးနွယ်စုမှ ဖေးအန်းသည် သူဝါးနေသော မြက်များကို တဝက်ခွဲပေးလိုက်ပါသည်။ သူသည် ထိုမြက်များကို အပျင်းပြေဝါးရန် ယူလာခြင်း ဖြစ်သည်။ ထိုမြက်များကို ဝါးလိုက်ရပါက၊ သူ၏လှုပ်ရှားနေသော စိတ်များမှာ ငြိမ်သက်သွားသည်။
မြက်ပင်ကို ပေးလိုက်ပြီးနောက်၊ ဖေးအန်းက “မင်းတို့ရဲ့ ဝါစဉ်ကြီးပုဂ္ဂိုလ်ဆီက ဘာ
သတင်းကောင်းတွေကြားရသေးလား” မေးလိုက်ပါသည်။
“ကြားရတော့မှာပါ…” ဝူကျန်းက စကားသိပ်မပြောဘဲ၊ မြက်ကိုသာ ဝါးနေလိုက်သည်။ မြက်မှာ ခါးသက်နေပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် ထိုမြက်များကို ဘာကြောင့် ကြိုက်ကြလဲ သူစဉ်းစားနေမိပါသည်။
မကြာခင်တွင် သတင်းကောင်းများ ကြားရတော့မည် ဖြစ်သည်။ အားလုံးကလည်း ထိုသို့ပင် မျှော်လင့်ထားပါသည်။ သို့သော် ရက်များကုန်လွန်သွားသောအခါ၊ သတင်းကောင်းမကြားရသဖြင့် အားလုံးနှုတ်ဆိတ်သွားကြသည်။
နေ့စဉ်နှင့်အမျှ သူတို့မှာ ဂူထဲတွင်သာ အိပ်နေရပါသည်။ အပြင်တွင် ဖြစ်ပေါ်နေသော ရာသီဥတုကို ကြည့်၍လည်း အံ့ဩပြီးရင် အံ့ဩနေကြပါသည်။ ရာသီဥတုမှာ တဖြည်းဖြည်း ပိုပို ဆိုးလာပါသည်။
အတော်ကြောက်မက်ဖွယ်ကောင်းသည် ရာသီဥတုပင် ဖြစ်ပါသည်။
ဒီအတိုင်းသာဆက်သွားနေပါက၊ သူ့နေသော တောအုပ်တစ်ခုလုံးကို ရေခဲများ ဖုံးလွှမ်းသွားမည် ဖြစ်ပါသည်။ လူငယ်များက ထိုသို့ ဖြစ်မည်ကိုတွေးနေမိကြပါသည်။
တောင်တန်းဒေသများတွင် နှင်းကျလေ့ရှိသော်လည်း၊ နှင်းများအခုလို ထူထပ်စွာကျဆင်းခြင်းကို ၎င်းတို့မမြင်ဖူးကြသေးပါ။ ၎င်းတို့ရောက်နေသောနေရာမှာ ပင်လယ်ရေမျက်နှာပြင်နှင့် ညီသောနေရာဖြစ်သည်။ နှင်းများကျနေသည်ကို ကြည့်ရသည်မှာ ထာဝရကျနေတော့မလို ဖြစ်နေပါသည်။
“ဘယ်လိုလုပ်ကြမလဲ”
အကြီးအကဲသုံးယောက်တို့က အတူတကွ ထိုင်လိုက်ကြသည်။ ၎င်းတို့၏ လက်များထဲတွင် မီးလျှံသလင်းကျောက်များကို ကိုင်ထား
သော်လည်း၊ အခြေအနေမှာ မျှော်လင့်ချက်မဲ့နေသလို ဖြစ်နေပါသည်။ မီးလျှံသလင်းကျောက်များရရှိခြင်းကြောင့် ဖြစ်ပေါ်လာသော အပျော်များပင် ပျောက်ကွယ်တော့မလို ဖြစ်နေပါသည်။
မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုဝင်တို့သည် တိုက်ပွဲကို ရှောင်လွှဲ၍မရတော့ပါ။ သူတို့သည် အခုနေရာကို ရောက်လာရန် များစွာပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ ရာသီဥတု အခြေအနေဆိုးဝါးနေသောကြောင့်သာ၊ ဒေါသများကို မျိုသိပ်ထားရခြင်းဖြစ်သည်။
အကြီးအကဲသုံးယောက်အပေါ်ကျနေသော ဖိအားများမှာ လေးလံလွန်းလှပါသည်။ ၎င်းတို့သည် သူတို့၏ လူများအဆင်ပြေပါ့မလားလည်းမသိသလို၊ ရွာတွင် ကျန်ခဲ့သူများ ဘာဖြစ်နေလဲ ဆိုတာကိုလည်း မသိကြပါ။
“ဒီလိုဖြစ်မယ်ဆိုတာသိရင် ဒီနေရာကိုမလာပါဘူးဗျာ…ဒီဆားတွင်းတွေကို စွန့်လွှတ်လိုက်ပါတယ်” တောင်လေမျိုးနွယ်စုအကြီးအကဲက ပြော
လိုက်သည်။
“ရာသီဥတု ဒီလောက်ဆိုးဝါးမယ်ဆိုတာ ဘယ်သူက သိမှာလဲ…မြေခွေးတွေနဲ့ ရှန်တွေတောင် ရာသီဥတု ဒီလောက်ဆိုးလာမယ်လို့ ထင်မထားဘူး မဟုတ်လား” ထိုက်ဟယ်အကြီးအကဲက ပြောလိုက်ပါသည်။ သူတို့အားလုံးမှာ နောင်တရနေပါတော့သည်။
ထိုအချိန်တွင် ရှောက်ရွှမ်သည် သူတို့နားသို့ လျှောက်လာပါသည်။ အကြီးအကဲ၃ယောက်လုံးမှာ ရှောက်ရွှမ်ကို မြင်လိုက်ရသော်လည်း၊ စိတ်ဓာတ်ကျမြဲပင် ဖြစ်ပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရာသီဥတုဒဏ်ကို မခံလိုက်ရခြင်းမှာ ရှောက်ရွှမ်ကြောင့်ဖြစ်ကြောင်းကို အခြားအကြီးအကဲ၂ယောက်က သိထားကြပါသည်။ ၎င်းတို့မျိုးနွယ်စုထဲတွင် ရာသီဥတုခန့်မှန်းနိုင်သူ မရှိသောကြောင့်၊ ရှောက်ရွှမ်ကိုသာအားထားရမည် ဖြစ်သည်။ သတင်းကောင်းဖြစ်စေ၊ သတင်းဆိုးဖြစ်စေ ရှော
က်ရွှမ်ဆီမှ အဖြေတစ်ခုခုကို သိချင်နေကြပါသည်။ သို့မှသာ ဖြစ်ပေါ်လာမည့်အခြေအနေများအတွက် အသင့်ပြင်ထားနိုင်မည် ဖြစ်သည်။
ကျန်းလော်က သက်ပြင်းချလိုက်ပါသည်။ဘာမှမလုပ်ဘဲနေပြန်တော့လည်း၊ အတွေးများက ဖိစီးလာပါတော့သည်။ ထို့ကြောင့် ထုံကျင်နေသော ခြေထောက်များကို ဆန့်လိုက်ပြီး တူးလက်စတွင်းထဲသို့ ခုန်ချလိုက်ပြီး၊ မီးလျှံသလင်းကျောက်များကို ဆက်လက်တူးလိုက်ပါသည်။
အခြား၂ယောက်လည်း ၁ယောက်မျက်နှာ၁ယောက်ကြည့်လိုက်ပြီး၊ ကျန်းလော်လိုပင် တွင်းထဲသို့ ခုန်ဆင်းလိုက်ပါသည်။ ဘာမှမလုပ်ဘဲ ငုတ်တုပ်ထိုင်နေလျှင်၊ စိတ်များပိုလေးလံလာမည် ဖြစ်သည်။
မြေအောက်ရောက်လေ ကျောက်သားများက ပိုမာလေ ဖြစ်လာသဖြင့်၊ မီးလျှံသလင်းကျောက်များကို တူးယူရသည်မှာ မလွယ်ကူတော့ပါ။ လက်နက်ကိရိယာများလည်း ကျိုးကုန်ပြီ
ဖြစ်သည်။ မီးလျှံသလင်းကျောက်များ၁၀လုံးခန့်ရပြီးသားဖြစ်သော်လည်း၊ သေးငယ်သော သလင်းကျောက်လေးများဖြစ်နေပါသည်။ အားလုံးမှာ မီးလျှံသလင်းကျောက်မှာ စွမ်းအင်အနည်းငယ်ကို စုပ်ယူလိုက်ရသဖြင့်၊ နည်းနည်းနေသာထိုင်သာ ရှိသွားပါသည်။
ရှောက်ရွှမ်ကတော့ ကျောက်တုံးကြီးပေါ်တွင် ပြန်ထိုင်ပြီး၊ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို အာရုံခံကြည့်နေပါသည်။
သူတစ်ခုခုကိုများကြားလိုက်ရလား။
ရှောက်ရွှမ်သည် အကြီးအကဲ၃ယောက်၊ မီးလျှံသလင်းကျောက်များကို တူးနေသံနှင့် အားလုံး၏ အသက်ရှူသံများကို ကြားနေရပါသည်။
ထို့ပြင် လူများ တီးတိုးပြောနေသံ၊ ဟောက်သံများနှင့် အမှောင်ထဲမှ လူများ လှုပ်ရှားနေသံများကိုပင် ကြားနေရပါသည်။
လေဝင်ပေါက်ထဲကို လေဝင်နေသဖြင့်၊ အသံများ တရွှီရွှီ ထွက်ပေါ်နေပါသည်။
နောက်တော့ကော…။
ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ သွေးများ စီးဆင်းနေသံများကို ပင်ကြားနေရပါသည်။
“ဒုတ်…”
ပထမအကြိမ်ကြားလိုက်ရသော နှလုံးခုန်သံမှာ၊ ဒုတိယအကြိမ်ကြားလိုက်ရသော နှလုံးခုန်သံထက်ပိုစူးရှနေပါသည်။ ရှောက်ရွှမ်က မျက်မှောင်ကြုတ်လိုက်ပါသည်။
“နှလုံးခုန်သံလား…”
အသံမှာ တိုးညှင်းလှသောလည်း၊ ထွက်ပေါ်နေသော အသံသည် စွမ်းအင်အပြည့် ဖြစ်နေပါသည်။ နှလုံးခုန်သံမှာ ပဲ့တင်ထပ်သလို ထွက်ပေါ်နေပါသည်။
“ငါ့နှလုံးခုန်သံ ငါပြန်ကြားနေရတာလား”
မဟုတ်ပါ…သူ့နားမှ လူများ၊ ဂူထဲမှ လူများ၏ နှလုံးခုန်သံလည်း မဟုတ်ပါ။
“ဘယ်သူ့နှလုံးခုန်သံလဲ”
ရှောက်ရွှမ်သည် သေချာနားထောင်ကြည့်နေပါသည်။ သို့သော် အခုတော့ ဘာသံမှမကြားရတော့ပါ။
ရှောက်ရွှမ်သည် အဖြေကို သိရတော့မည်ဟု စိတ်ထဲတွင်ခံစားနေရပါသည်။
နှလုံးခုန်သံနောက်ထပ် ထွက်မလာလောက်တော့ဟု ထင်မိသောအချိန်တွင်၊ နှလုံးခုန်သံက ပြန်ထွက်ပေါ်လာပါသည်။
“ဒုတ်…”
ခုနက အသံနှင့် အတူတူပင် ဖြစ်သည်။ အားအင်ပြည့်ဝသော နှလုံးခုန်သံဖြစ်ပါသည်။ အခုတခေါက်က နည်းနည်းပိုကျယ်လာပါသည်။ သို့သော် ထိုနှလုံးခုန်သံမှာ တကယ့်အစစ် ဟုတ်မဟုတ်၊ ရှောက်ရွှမ်ခွဲခြား၍ မရသေးပါ။
ထိုနှလုံးခုန်သံမှာ လူသားတစ်ယောက်၏ နှလုံးခုန်သံ မဖြစ်နိုင်ပါ။ အလွန်ဝေးသောနေရာမှ လာသလိုလို၊ အနီးမှပဲ လာသလိုလို ဖြစ်နေပါသည်။ အသံမှာ တိုးညှင်းလှသဖြင့်၊ မည်သည့်နေရာမှ လာနေသလဲ ရှောက်ရွှမ်ဝေခွဲ၍ မရပါ။ ကျောက်သားအလွှာများဆီမှ လာခြင်းလည်းဖြစ်နိုင်ပါသည်။
“အကြီးအကဲ…ခင်ဗျားဘာသံမှ မကြားဘူးလား” ရှောက်ရွှမ်က မေးလိုက်ပါသည်။
မီးလျှံသလင်းကျောက်များကို တူးနေသော ကျန်းလော်သည်၊ တူးလက်စကို ရပ်လိုက်ပြီး “အသံဟုတ်လား” ဟုမေးလိုက်ပါသည်။
ကျန်းလော်တို့သုံးယောက်သည် လုပ်လက်စကို ရပ်လိုက်ပြီး၊ နားစွင့်ကြည့်လိုက်ကြသည်။
“မကြားရဘူး” သုံးယောက်လုံးက ခေါင်းခါပြလာ၏။
“အခုတော့ ဘာအသံမှ မကြားရတော့ဘူး…ခုနတုန်းကတော့ ကြားနေရသေးတယ်” ရှောက်ရွှမ် ပြောလိုက်သည်။
ကျန်သူများသည် မီးလျှံသလင်းကျောက်များကို ဆက်မတူးတော့ဘဲ၊ သေချာနားစိုက်ထောင်လိုက်ကြပါသည်။
“နှလုံးခုန်သံလေ…အသံတော့ သိပ်မကျယ်ပေမယ့် အားကတော့ အပြည့်ပဲ…ကြည့်ရတာ ကျောက်တုံးတွေဆီကလာနေတာထင်တယ်…ပဲ့တင်သံတစ်ခုနဲ့တူတယ်” ရှောက်ရွှမ်က အသေးစိတ်ရှင်းပြလိုက်ပါသည်။
အားလုံးမှာ ပဟေဠိဖြစ်သွားပါသည်။ ဘာလို့
ထိုအသံထွက်ပေါ်နေလဲသူတို့လည်း မသိပါ။
အားလုံးသည် စိတ်ရှည်ရှည်ထားပြီး အသံကို နားစွင့်နေကြပါသည်။ သို့သော် အချိန်အတော်ကြာစောင့်ပြီးသောအခါတွင်လည်း၊ ဘာအသံမှ မကြားရသေးပါ။
ကျန်းလော်က စကားပြောရန် ပြင်လိုက်သော်လည်း ရှောက်ရွှမ်က “ထပ်ကြားရပြန်ပြီ…ကြားလိုက်ကြလား” ဟုမေးလိုက်သည်။
အကြီးအကဲသုံးယောက်တို့သည် ၁ယောက်မျက်နှာ၁ယောက်ကြည့်လိုက်ကြပါသည်။ သူတို့ကတော့ဘာအသံမှ မကြားခြင်းမှာ ထူးဆန်းပါသည်။
“မင်းကြားလိုက်တာလား” ကျန်းလော်က ထပ်မေးလိုက်ပါသည်။
“ကြားလိုက်တာ သုံးခါရှိပြီ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
အကြီးအကဲ ၃ယောက်မှာ စိတ်များလှုပ်ရှားနေကြသည်။ ရှောက်ရွှမ်ကို မယုံသောကြောင့်တော့မဟုတ်ပါ၊ သူတို့က ဘာအသံမှ မကြားရခြင်းကြောင့် ဖြစ်ပါသည်။ ရာသီဥတုခန့်မှန်းခြင်းအတတ်တွင် ထိုက်ဟယ်နှင့် တောင်လေအကြီးအကဲတို့သည် ရှောက်ရွှမ်နှင့် မယှဉ်ရဲကြပါ။ သို့သော် အကြားအာရုံပိုင်းတွင်တော့၊ သူတို့ကိုယ်သူတို့ စိတ်ချယုံကြည်ကြသူများ ဖြစ်ကြသည်။
ကျန်းလော်ကလည်း ရှောက်ရွှမ်ကို ယုံပါသည်။ ရှောက်ရွှမ်သည် အများထက်ထူးခြားသော စွမ်းအင်များကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါသည်။ နတ်ဆေးဆရာမပင် ရှောက်ရွှမ်ကို ယုံကြည်စိတ်ချပါသည်။ ကျန်းလော်က “အသံကြားနေရတယ်ဆိုရင် ဘာအသံများဖြစ်မလဲ” ဟုမေးလိုက်ပါသည်။
“မသိဘူး…ဒါပေမဲ့ အသံဘယ်ကလာနေတာလဲ ကျွန်တော်စောင့်ကြည့်နေတာ” ရှောက်ရွှမ်က ပြော
လိုက်ပါသည်။
ကျန်းလော်သည် သူ့ကိရိယာများကို အောက်ပစ်ချလိုက်ပြီး၊ တွင်းပေါ်သို့ တက်လာပြီး၊ သောခန်အား “ကျန်တဲ့လူတွေကို သတိနဲ့နေဖို့ ပြောလိုက်”ဟု အမိန့်ပေးလိုက်သည်။
သုန့်ကန်းသည် အားလုံးကြားရရန် အော်ပြောလိုက်ပါသည်။
ကျန်းလော်၏ အပြူအမူကို မြင်သောအခါ၊ ကျန်အကြီးအကဲ၂ယောက်သည်လည်း သူတို့လူများကို သတိနှင့်နေရန် နှိုးဆော်လိုက်ပါသည်။
တိတ်ဆိတ်နေသော ဂူကြီးမှာ အသံများ ဆူညံသွားပါသည်။ ဘာတွေဖြစ်နေလဲတော့ မည်သူမှ မသိသေးပါ။
“ရှောက်ရွှမ်…ဆက်နားထောင်ထားနော်…တစ်ခုခုထူးခြားရင် ငါတို့ကို ပြော” ကျန်းလော်က ရှောက်ရွှမ်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ
သည် သူ့လူများအတွက် စိုးရိမ်သွားသဖြင့်၊ မီးလျှံသလင်းကျောက်များကို စိတ်မဝင်စားအားတော့ပါ။
အခြားအကြီးအကဲ၂ယောက်သည်လည်း ရှောက်ရွှမ်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူတို့သည်လည်း ရှောက်ရွှမ်ကြားသည့်အသံမှာ ဘာသံလဲ သိချင်နေကြပါသည်။
မြေခွေးမျိုးနွယ်စုများ၏ ဂူထဲ၌…။
မြေခွေးမျိုးနွယ်စုအကြီးအကဲမှာ အိပ်နေရာမှ နိုးလာပြီးနောက်၊ မီးလျှံသလင်းကျောက်များတူးဖော်နေသော အခြေအနေကို သွားကြည့်လိုက်သည်။
“အခြေအနေဘယ်လိုလဲဟေ့” အကြီးအကဲက မေးလိုက်သည်။
တွင်းနားတွင် ရပ်နေသော ကြီးကြပ်ရေးမှူးက သူ့ခြေထောက်နားမှ ခြင်းတောင်းကို ညွှန်ပြ
လိုက်ပါသည်။ မီးလျှံသလင်းကျောက်အနည်းငယ်သာ တွေ့ရသဖြင့်၊ မြေခွေးမျိုးနွယ်စုအကြီးအကဲသည် မျက်မှောင်ကြုတ်သွားသည်။
တူးယူသည့်နှုန်းမှာ နှေးကွေးနေ၏။ ထို့ကြောင့် သူသည် သိပ်မကျေနပ်ပါ။ သို့သော် နက်နက်သို့တူးလေ၊ မီးလျှံသလင်းကျောက်များ ပိုထွက်လာလေ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် စိတ်ရှည်ရှည်ထားပြီး စောင့်ရန်သာ လိုပါတော့သည်။
“လုပ်စရာရှိတာ ဆက်လုပ်ကြ…ရေသာခိုမနေကြနဲ့နော်”
“ဟုတ်ကဲ့…”
တွင်းအောက်ခြေတွင် ၊ မြေခွေးမျိုးနွယ်စု စစ်သည်တော်တစ်ယောက်သည် သူ့ဂေါ်ပြားနှင့် တစ်စုံတရာ ထိမိသံကို ကြားလိုက်ရသည်။ သူ့စိတ်ထဲတွင် ဂေါ်ပြားနှင့် ထိလိုက်မိသောအရာမှာ ကျောက်တုံးဖြစ်မည်ဟုထင်လိုက်ပါသည်။
ကျောက်တုံးများနှင့် ထိခိုက်မိသည်မှာ များလွန်းသဖြင့်၊ သူ့ဂေါ်ပြားမှာလည်း စုတ်ပြတ်သတ်နေပြီ ဖြစ်ပါသည်။
“သေလိုက်ပါတော့ကွာ” သူသည် စုတ်သွားသော ဂေါ်ပြားကို လွှတ်ပစ်လိုက်ပြီး၊ အသစ်တစ်ချောင်းသွားယူကာ ဆက်လက်တူးနေပါသည်။
“ဒီလောက်မာတဲ့ ကျောက်က ဘာကျောက်လဲ မသိဘူး”
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်
အခန်း (၄၆၅) ရပ်တန့်ခြင်း
“ဒုတ်…” ဒုတိယမြောက်ဂေါ်ပြားမှာလည်း ပဲ့ထွက်သွားပြန်ပါသည်။ သို့သော် မြေကြီးထဲတွင် နစ်ဝင်နေသော ကျောက်တုံးကတော့ အရာပင်မထင်ပါ။
“ဒီကျောက်တုံးကတော့ တုတ်နဲ့ကော်ထုတ်မှ ရမယ်”
ထိုလူသည် ကျောက်တုံးပေါ်မှ မြေကြီးများကို ဂေါ်ပြားနှင့် ဖယ်ရှားပစ်လိုက်သည်။ ကျောက်စရစ်ခဲများကိုလည်း ဖယ်ထုတ်လိုက်သည်။
မြေကြီးများကို ရှင်းလင်းပြီးသွားသောအခါ၊ အောက်မှ ကျောက်တုံးကို ရှင်းလင်းစွာ မြင်ရပါသည်။
တွင်းနံရံတွင် မီးတုတ်လေးတစ်ချောင်းကို ထွန်းညှိထားပါသည်။ မီးရောင်မှိန်မှိန်အောက်တွင်၊ ထိုလူသည် ကျောက်တုံးအဖြူတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းသည် မီးတုတ်မှ အလင်းရောင်ကြောင့် တလက်လက်တောက်ပနေပါသည်။
“ငါရှာတွေ့တာ ရတနာများလား”
သူသည် စိတ်လှုပ်ရှားသွားပါသည်။ ထိုအချိန်တွင် နောက်လူတစ်ယောက် ထပ်ရောက်လာပါသည်။
“ဘာလဲ…ငါ့ကိုပြပါဦး”
“မင်းဘာလာလုပ်တာလဲ…ငါ့ဟာငါတူးမယ်” ပထမလူက ဒုတိယလူကို မာန်ဖီလိုက်ပါသည်။
“ဘာဖြစ်နေကြတာလဲ” ထို၂ယောက်၏ စကားသံများကို ကြားသောအခါ၊ နောက်ထပ်လူများ
ရောက်လာပါသည်။ ကျောက်တုံးအဖြူရောင်ကိုတွေ့သော်လည်း၊ ဘာကျောက်လဲတော့ သူတို့ မသိပါ။ ထိုကျောက်တုံးမျိုးကို သူတို့မမြင်ဖူးကြပါ။
“ကြည့်ရတာတော့ ရေခဲနဲ့တူသလိုပဲ” တစ်ယောက် ပြောလိုက်သည်။
“မှန်းစမ်း…ကိုင်ကြည့်ရအောင်…အေးစက်နေတာပဲဟ…ရေခဲတော့ မဟုတ်ဘူး…မာတာတော့ မာတယ်” တစ်ယောက်က ပြောသည်။
“ရေခဲမဟုတ်ဘူးကွ…သလင်းကျောက်တစ်မျိုးဖြစ်မယ်” အသက်ကြီးသူတစ်ယောက်က ပြောလိုက်ပါသည်။
“သလင်းကျောက်များလား”
အားလုံး၏မျက်လုံးများမှာ ဝင်းပသွားကြ၏။
ထိုအရာမှာ သလင်းကျောက်ဖြစ်နေလျှင် ကောင်းမည်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းမှာ
ဘယ်လောက်တန်မလဲ မသိသော်လည်း၊ အလှဆင်သည့်ပစ္စည်းအနေနှင့် အသုံးပြု၍ရပါသည်။ ရောင်းစားလျှင်လည်း ဈေးကောင်းရမည် ဖြစ်ပါသည်။ ကျွန်ပိုင်ရှင်များက ထိုပစ္စည်းမျိုးကို နှစ်သက်ကြပါသည်။
သို့သော် ဆားတွင်းများထဲမှ မီးလျှံသလင်းကျောက်များနှင့် ယှဉ်လျှင်တော့ ထိုကျောက်မှာ ဘာမှအဖိုးမတန်သော ကျောက်တစ်မျိုးဖြစ်နေပါလိမ့်မည်။ ထိုကျောက်တုံးကြောင့် ဂေါ်ပြား၂ချောင်း ပျက်စီးသွားပြီ ဖြစ်သည်။
“အကြီးအကဲကို သတင်းပို့လိုက်မယ်” တစ်ယောက်ကပြောြပီး အကြီးအကဲဆီသို့ လျင်မြန်စွာထွက်ခွာသွားပါသည်။
အားလုံးမှာ ထိုသူကို ကြည့်ပြီးအံ့ဩနေကြပါသည်။ “ဒီကောင်ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ…ငရဲကို သွားမလို့လား”
သလင်းကျောက်ကို စတင်တွေ့ရှိသူကတော့ ထို
နေရာတွင်ပင် ရပ်မြဲပင်။ ကျောက်တုံးကို တူးယူရရှိသူမှာ သူသာဖြစ်သည်။ ဆုရချင်းရလျှင် သူသာရသင့်သည် မဟုတ်ပါလား။
ပါးနပ်သောသူများကတော့ ကျောက်ဖြူတုံးကြီးကိုကြည့်ပြီးနောက်၊ ဂေါ်ပြားများကို ကိုင်ဆောင်ပြီး လျင်မြန်စွာ တူးကြပါတော့သည်။ ကျန်သူများလည်း လိုက်၍တူးကြပါသည်။ မီးလျှံသလင်းကျောက်များမှာ နေရာတစ်ခုတည်းတွင် တည်ရှိနေခြင်းမဟုတ်ပါ။ သူတို့၏ခြေထောက်အောက်တွင်ပင် မီးလျှံသလင်းကျောက်များတည်ရှိနေနိုင်ပါသည်။ ထိုလူသည် သူတို့တူးသည်ထက် နက်နက်ကို တူးခဲ့ခြင်း ဖြစ်ပါသည်။
ခဏကြာသောအခါ၊ “ချွမ်”ခနဲ အသံထွက်ပေါ်လာပြန်ပါသည်။ မာကြောသော အရာဝတ္ထုတစ်ခုနှင့် ဂေါ်ပြားထိခိုက်မိသံဖြစ်ပါသည်။
“ဟားဟား…ငါလည်းတွေ့ပြီကွ”
“ငါရောပဲ”
“ဒီမှာလည်း တစ်ခုဟေ့”
တွင်းထဲမှ လူများသာ ခြေထောက်အောက်မှ ကျောက်စရစ်ခဲများနှင့် မြေသားများကို ဖယ်ရှားလိုက်သောအခါ၊ ဖြူဖွေးသော ကျောက်သားကို တွေ့လိုက်ရပါသည်။ သို့သော် ထိုသလင်းကျောက် မည်မျှကြီးသလဲတော့ အခုထိ သူတို့မသိသေးပါ။ ဖြစ်နိုင်သည်မှာ ဧရာမသလင်းကျောက်ကြီးတစ်လုံး ဖြစ်နိုင်ပါသည်။
“တော်တော်မာတယ်ဟ…တပိုင်းလောက် ဖဲ့ကြည့်မလား” တစ်ယောက်က သူ့တွင် ရှိသော လက်နက်များနှင့် ဖဲ့ကြည့်သော်လည်း၊ သလင်းကျောက်မှာ အစင်းပင် မထင်ပါ။
“အရူးကောင်…ဒီအတိုင်းလုပ်လို့ရမလားကွ” အတွေ့အကြုံရှိသော မိုင်းလုပ်သားတစ်ယောက်က တူနှင့်ဆောက်ကို ထုတ်ယူလိုက်ပါသည်။
ထိုလူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး၊
မြေပြင်ကို လေ့လာနေပါသည်။ ထို့နောက် နေရာတစ်နေရာကိုတွေ့သောအခါ၊ ဆောက်ကိုတင်ပြီး၊ တူနှင့်ထုချလိုက်ပါသည်။
ထိုသလင်းကျောက်၏ မျက်နှာပြင်မှာ ညီညာချောမွေ့မှုမရှိပါ။ မျက်နှာပြင်တွင် ခြောက်ထောင့်ပုံစံအကွက်များ ဖြစ်ပေါ်နေပါသည်။ အကွက်များ၏ အစွန်းဘက်တွင်တော့ အရောင်အနည်းငယ် ဖျော့နေပါသည်။ ထိုလူသည် ထက်မြက်သော ဆောက်ကို ထုတ်လိုက်ပြီး၊ သလင်းကျောက်ကို ဆောက်နှင့်တေ့ကာ၊ဆောက်ပေါ်သို့တူနှင့် ထုချလိုက်ပါသည်။
“ချွင်… ချွင်… ချွင်…”
တူထုသံများ အဆက်မပြတ်ထွက်ပေါ်လာပါသည်။
“ထောက်…”
ဆောက်သွားမှာ ကျိုးထွက်သွားလေသည်။
ကျောက်ဖြူတစ်စလည်း ပဲ့ထွက်လာပါသည်။ အနားတွင်ရှိသောသူတစ်ယောက်က အလန့်တကြားခုန်ရှောင်လိုက်ပြီး၊ ပဲ့ထွက်လာသော ကျောက်သားအစကို ဖမ်းယူလိုက်ပါသည်။ အခုတော့ ဆဌဂံမှာ ပဲ့ထွက်လာပြီဖြစ်သည်။
ပဲ့ထွက်လာသော ကျောက်သားကို ဖမ်းလိုက်သူမှာ မီးတုတ်အလင်းရောင်နှင့် ထိုကျောက်ကို ကြည့်လိုက်ပါသည်။ ကျန်သူများလည်း ထိုသူနားသို့ ဝိုင်းလာပါသည်။
“သလင်းကျောက်ကွ…ဒါသလင်းကျောက်တစ်မျိုးပဲဖြစ်ရမယ်”
“ကြည့်စမ်း…ဒီမှာ အကွက်တွေရှိတယ်”
“ဘာအကွက်တွေလဲ…နှင်းခဲလို အကွက်မျိုးလား”
“နှင်းခဲလို အကွက်မျိုးဆိုတာ ဘာကို ပြောတာလဲ…ဒါသလင်းကျောက်ပါကွ” တစ်ယောက် အော်
ပြောလိုက်သည်။
“အင်း..သလင်းကျောက်နဲ့တော့ တူသားပဲ” ထိုလူသည် ကျောက်တုံးလေးကို ပါးစပ်ထဲထည့်ပြီး ကိုက်ကြည့်လိုက်သည်။ “အေးတယ်…မာတယ်”
“မြန်မြန်လုပ်ကွာ…အကြီးအကဲရောက်မလာခင် နည်းနည်းထပ်တူးရအောင်”
အားလုံးမှာ ထိုသူ၏ စကားကို သဘောတူလိုက်ပြီး၊ ဆက်လက်တူးဖော်ကြပါတော့သည်။ ဆောက်မရှိသောလူများကတော့ ဆောက်လုရင်း ရန်တွေဖြစ်ကုန်ကြပါသည်။ ထိုနေရာတွင် မြေခွေးမျိုးနွယ်စုသာ ရှိသည်မဟုတ်၊ ရှန်မျိုးနွယ်စုဝင်များလည်း ရှိနေပါသည်။တန်ဖိုးကြီးသော ပစ္စည်းများကို မြင်လျှင်၊ လောဘတက်လာတက်သည်မှာ လူ့သဘာဝပင် မဟုတ်ပါလား။
ဆောက်ရသွားသောလူများကတော့ စတင်တူးဖော်ကြပါတော့သည်။
မြေခွေးမျိုးနွယ်စုအကြီးအကဲသည် သီးနှံများရိတ်သိမ်းရန် ရှန်မျိုးနွယ်စုအကြီးအကဲနှင့် တိုင်ပင်နေပါသည်။ ၎င်းတို့သည် ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုတို့၏ တည်နေရာကို သိသွားပြီဖြစ်သောကြောင့်၊ အစီအစဉ်တစ်ခုကို ဆွဲနေကြခြင်း ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ ကင်းထောက်များကတော့ သေကုန်ရှာပြီဖြစ်သည်။
မျိုးနွယ်စုသုံးခုမှာလည်း ဒေါသထွက်နေကြပါသည်။ သူတို့သည် မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့က လာရောက်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြပါသည်။ ထို့ကြောင့် သူတို့သည် ခံစစ်ကို ပြင်နေကြပါသည်။ ဂူထဲတွင် အစာရေစာများကို သိုလှောင်ထားပြီး၊ ထင်များကိုလည်း ထပ်ဖြည့်ထားကြပါသည်။ ရာသီဥတုမှာ ဘာဖြစ်လာဦးမလဲ မသိသော်လည်း၊ လက်ရှိအချိန်အတွက်တော့ ရိက္ခာလုံလောက်ပါသည်။
ပြောရင်းနှင့်၊ မိုင်းလုပ်သားတစ်ယောက်သည် သလင်းကျောက်တစ်မျိုးကို တွေ့ရှိကြောင်း
သတင်းလာပို့ပါသည်။
ထိုသတင်းမှာ သတင်းကောင်းတစ်ခုဖြစ်ပါသည်။ အကြီးအကဲသည် တွင်းရှိရာသို့ လိုက်သွားပါသည်။
“သလင်းကျောက်ဆိုရင် ဘယ်လောက်တန်မလဲ မသိဘူး” ရှန်အကြီးအကဲက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ်ပါ…သလင်းကျောက်တွေရလာတော့ ကောင်းတာပေါ့…စတူးကြည့်ဖို့ဆုံးဖြတ်ချက်ချလိုက်တာ မှန်သွားတယ်” မြေခွေးမျိုးနွယ်စုအကြီးအကဲကလည်း စိတ်လှုပ်ရှားသွားပါသည်။
“အဲဒါဘာ သလင်းကျောက်လဲ”
လွန်ခဲ့သောရက်များအတွင်းက၊ ရှန်မျိုးနွယ်စုများ၏ ငှက်များကို မည်သူမှ ဂရုမစိုက်မိကြပါ။ မြေခွေးမျိုးနွယ်စုမှ မြေခွေးလေးနှင့်၊ ထိုငှက်များ
မှာ ချောင်တစ်ချောင်တွင် ကုပ်ပြီး၊ တုန်ယင်နေကြပါသည်။ ထိုတိရစ္ဆာန်များမှာ အသံမထွက်ဘဲ၊ ကျောက်ရုပ်များလို ငြိမ်နေကြပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ လှိုဏ်ဂူထဲတွင် ရှောက်ရွှမ်သည် နှလုံးခုန်သံကို ဆက်လက်စောင့်၍ နားထောင်နေပါသည်။
“အသံကြားရတာ တဖြည်းဖြည်းပိုစိပ်လာတယ်…နှလုံးခုန်သံလည်း ပိုလည်းကျယ်လာတယ်” ရှောက်ရွှမ်က ကျန်းလော်တို့ကို ရှင်းပြလိုက်သည်။
အကြီးအကဲသုံးယောက်တို့က မကြားရသော်လည်း၊ ရှောက်ရွှမ်၏ စကားကို ကြားရသောအခါ စိတ်လှုပ်ရှားသွားကြပါသည်။ သူတို့သည် ထိုအသံကို မကြားရသော်လည်း၊ ထိုအသံမျိုးကြားနေရကြောင်းရှောက်ရွှမ်ကပြောပြသည်မှာ သူတို့အတွက် စိုးရိမ်စရာ ဖြစ်နေပါသည်။
“နေဦး…တစ်ခုခုတော့မှားနေပြီ”
ရှောက်ရွှမ်၏ အသံကြောင့် အကြီးအကဲ၃ယောက်လုံးမှာ မတ်တပ်ထရပ်လိုက်ပါသည်။
“ဘာဖြစ်တာလဲ”
“နှလုံးခုန်သံက ပိုမြန်လာပြီး၊ ပိုကျယ်လာတယ်” ရှောက်ရွှမ်၏နဖူးမှ ဆီးကင်းလောက်ရှိသော ချွေးပေါက်ကြီးများ ယိုစီးကျလာသည်။ ထိုအရာမှာ ဘာမှန်းမသိသောကြောင့် ရှောက်ရွှမ်မှာ စိတ်လှုပ်ရှားနေမိသည်။
အကြီးအကဲသုံးယောက်လုံးမှာလည်း ရင်များတဒိတ်ဒိတ်ခုန်နေပါသည်။ ၎င်းတို့သည် ရှောက်ရွှမ်ဘာဆက်ပြောမလဲကို စောင့်နေကြပါသည်။ သို့သော် ရှောက်ရွှမ်နောက်ပြောသောစကားကို ကြားလိုက်ရသောအခါ၊ အကြီးအကဲများမှာ စိတ်ဓာတ်များကျဆင်းသွားပါသည်။
“အကြီးအကဲ…ကျွန်တော်ထင်တာပြောကြည့်မယ်နော်” ရှောက်ရွှမ်သည် သူ၏ကြောက်စိတ်ကို ထိန်းချုပ်ထားရသည်။ ရှောက်ရွှမ်သည် ကြောက်ရွံ့သော ခံစားမှုမျိုးမဖြစ်ပေါ်သည်မှာ ကြာလှပြီ ဖြစ်သည်။ အမဲလိုက်ခရီးမှာ လမ်းပျောက်တုန်းကတော့ ထိုကဲ့သို့ ခံစားခဲ့ဖူးပါသည်။
“ပြောပါ” ကျန်းလော်ပင် မနေနိုင်တော့ပါ။
“ကျွန်တော်ထင်တာတော့ မြေကြီးအောက်မှာ သားရဲဘုရင်ကြီးတစ်ကောင်ရှိမယ် ထင်တယ်”ရှောက်ရွှမ်က တိုးညှင်းစွာပြောလိုက်သော်လည်း၊ အကြီးအကဲသုံးယောက်၏နားထဲတွင် ရှောက်ရွှမ်၏အသံမှာ မိုးခြိမ်းသံလို မြည်ဟီးသွားသည်။
“သားရဲဘု…ဘု…”
အကြီးအကဲ သုံးယောက်လုံးမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး၊ စကားကိုပင်ဆုံးအောင် မပြောနိုင်ကြတော့ပါ။
သူတို့သည် သားရဲဘုရင်ကြီးအကြောင်းကို ဘိုးဘေးများ၏ မှတ်တမ်းထဲတွင်သာ ကြားဖူးခြင်းဖြစ်ပါသည်။ ထိုမှတ်တမ်းများကို ရေးသွားသော ဘိုးဘေးများပင် သားရဲဘုရင်ကြီးကို မြင်ဖူးဟန်မတူပါ။ ဒဏ္ဍာရီလို ပုံပြင်မျိုးကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြခြင်းသာ ဖြစ်သည်။
မည်သူကမှ သားရဲဘုရင်ကြီးကို ရင်မဆိုင်ရဲကြပါ။ သားရဲဘုရင်ကြီးဆိုသည်မှာ သားရဲအားလုံးကို အစိုးရသော သတ္တဝါကြီးဖြစ်ပါသည်။ ဒဏ္ဍာရီများ၏ အဆိုအရတော့၊ သားရဲဘုရင်ကြီးသည် မျိုးနွယ်စုတစ်ခုလုံးကို လွယ်ကူစွာသတ်ပစ်နိုင်သည် ဆိုပါသည်။ ထိုဒဏ္ဍာရီများမှန်မမှန်ကို မည်သူမှ မသိသော်လည်း၊ ဘယ်သူမှ ထိုသားရဲဘုရင်ကြီးနှင့် ရင်မဆိုင်ချင်ပါ။
အခုတော့…။
အားလုံးက ရှောက်ရွှမ်အထင်မှားခြင်းဖြစ်ပါစေဟု ဆုတောင်းနေမိတော့သည်။
“ဟိုးအရင်တုန်းကတော့ ကျွန်တော်သားရဲဘုရင်တစ်ကောင်နဲ့ ကြုံဖူးတယ်…အဲဒီတုန်းကလည်း ဒီလိုခံစားရတာပဲ” ရှောက်ရွှမ်က လှုပ်ရှားနေသော သူ့စိတ်များကို တည်ငြိမ်အောင်ထိန်းပြီးပြောလိုက်သည်။
အကြီးအကဲ၃ယောက်လုံးမှာ ကြောက်စိတ်ကြောင့် သွေးများအေးခဲသွားသလို ခံစားလိုက်ရပါသည်။
ခုနတုန်းက သူတို့သည် ဆားတွင်းကိုလာမိခြင်းအတွက်နောင်တရနေပြီ ဖြစ်သော်လည်း၊ အခုတော့ ရှောက်ရွှမ်၏စကားကို ကြားရသောအခါ တိုင်နှင့်ခေါင်းပြေးဆောင့်ချင်စိတ်များ ပေါ်လာပြီ ဖြစ်သည်။
သူတို့ရင်ဆိုင်ရမည့် သတ္တဝါမှာ သားရဲဘုရင်ကြီးတစ်ကောင်ဖြစ်ပါသည်။ တောအုပ်ထဲမှ သာမန်သားရဲတစ်ကောင် မဟုတ်ပါ။ ထိုသို့ သားရဲဘုရင်ကြီးကို ဘယ်လိုတိုက်ခိုက်ရမလဲ သူတို့
လည်း မသိပါ။
ဂူထဲမှလူများအားလုံးပေါင်းပြီးတိုက်ခိုက်လျှင်တောင်၊ ထိုသားရဲဘုရင်ကြီးကို အနိုင်ရ၊မရ မသေချာပါ။ ရှောက်ရွှမ်ကြောင့်သာမဟုတ်လျှင်၊ သူတို့သည် ထိုသားရဲဘုရင်ကြီး ရှိမှန်းပင်သိမည် မဟုတ်ပါ။ အကြီးအကဲ၃ယောက်မှာ အစွမ်းကုန်ကြိုးစားလျှင်တောင်၊ သူ့လူများကို ကယ်ထုတ်နိုင်တော့မည် မဟုတ်ပါ။
အိပ်မက်မက်နေတာ ဖြစ်ပါစေ… အိပ်မက်မက်နေတာ ဖြစ်ပါစေ…။
မြေခွေးမျိုးနွယ်စု၏ ဂူထဲတွင်…။
ရှန်မျိုးနွယ်စုနှင့် မြေခွေးမျိုးနွယ်စု၏အကြီးအကဲများမှာ တွင်းထဲမှ အလုပ်သမားများကို ငုံ့ကြည့်လိုက်ပါသည်။ လက်ထဲတွင်တော့ အလုပ်သများကြိုးစားပမ်းစား တူးထားသော သလင်းကျောက်များကို ကိုင်ထားပါသည်။ ၎င်းတို့မှာ ဝမ်းသာနေသောပုံမပေါ်ပါ၊ ထိုအစားသူ
တို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများက နေရာယူထားပါသည်။
“နေကြဦးဟေ့…ဆက်မတူးကြနဲ့တော့…” မြေခွေးမျိုးနွယ်စုအကြီးအကဲက အော်ပြောလိုက်ပါသည်။
“ဂျွတ်… ဂျွတ်… ဂျွတ်…”
တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်တွင် တိုးညှင်းသော အသံတစ်ခုက ထွက်ပေါ်လာပါသည်။
လေအေးတစ်ချက်က တိုးဝှေ့လာသဖြင့်၊ အရိုးများကွဲမတတ် ချမ်းစိမ့်သွားပါသည်။
တွင်းထဲမှ ကြီးကြပ်ရေးမှူးကတော့၊ သူ့လက်ထဲမှဓားကိုကြည့်နေပါသည်။ မြေကြီးနှင့် ထိနေသော ဓားထိပ်ဖျားသည် ရုတ်တရက် အေးခဲသွားပါသည်။
တွင်းထဲမှ အပူချိန်သည် ရုတ်တရက်ထိုးကျ
သွားပါသည်။ အကြီးအကဲများလည်း တွင်းပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားကြပါသည်။ နည်းနည်းနောက်ကျသွားသူများကတော့ ပြေးချိန်မရတော့ပါ။ သူတို့၏ခြေထောက်များမှာ အေးခဲကုန်ပြီ ဖြစ်သောကြောင့်၊ မြေကြီးပေါ်မှ ခွာမရတော့ပေ။ အစပိုင်းတွင်တော့ ခြေထောက်များ ထုံကျင်နေသည်ကိုသာ သတိထားမိသော်လည်း၊ ကြာသောအခါ ၎င်းတို့၏ခြေထောက်များအေးခဲကုန်သည်ကို သိသွားကြပါသည်။ သွေးများပင်မစီးဆင်းနိုင်တော့ပေ။
သူတို့ခြေထောက်အောက်မှ အဖြူရောင်သလင်းကျောက်မှာ လှုပ်ရှားလာပါသည်။ ၎င်းတို့မှာ မလှုပ်ရှားနိုင်တော့သဖြင့်၊ တွင်းနံရံကိုသာအမှီပြုလိုက်ရပါတော့သည်။ အခုအချိန်မှတော့ သူတို့၏ခြေထောက်များကို ခုတ်ဖြတ်ပြီး ထွက်ပြေးလျှင်တောင် လွတ်တော့မည်မဟုတ်ပေ။ သူတို့၏ ခြေထောက်များမှတဆင့် ခါးဆီသို့ ရောက်သည်အထိ၊ အေးခဲလာပြီဖြစ်သောကြောင့် ဖြစ်ပါသည်။ သူတို့သည် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို ခံစား၍မရတော့ပေ။
“ဂျွတ်…ဂျွတ်…ဂျွတ်”
တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာ၏။ ထိုအသံများမှာ တွင်းကြီးထဲမှ အေးခဲသွားသောလူများ၏ ခန္ဓာကိုယ်များကျိုးပဲ့ထွက်ကုန်သော အသံများပင် ဖြစ်လေသည်။
(ဆက်ရန်…)