အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၇၂) ဆားသားရဲကြီး
ငြိမ်သက်နေသော နှင်းပြင်ကြီးပေါ်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပါသည်။ အားလှိုင်းကြီး၂ခုထိပ်တိုက်တွေ့ဆုံမှုကြောင့်၊ ရေခဲပြင်ကြီးတွင် အက်ကြောင်းများဖြစ်ပေါ်လာပါသည်။
ရှောက်ရွှမ်သည် လက်တစ်ဖက်က ဘိုးဘေးများ၏ အရိုးလေးကို ကိုင်ထားပြီး၊ နောက်လက်တစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။ လက်သီးဆုပ်ထဲတွင်တော့ မီးလျှံသလင်းကျောက်လေးတစ်ခုကို ဆုပ်ကိုင်ထားပါသည်။
ရှောက်ရွှမ်သည် သူတို့မျိုးနွယ်စုထဲတွင် စွမ်းအင်အရှိဆုံး စစ်သည်တော်တစ်ယောက် ဖြစ်ပါသည်။ သို့သော် သားရဲဘုရင်ကြီးနှင့် နှိုင်းယှဉ်လိုက်သောအခါ ဘာမှမဟုတ်တော့ပါ။ သားရဲဘုရင်ကြီးကို မည်သူကမှ ရင်မဆိုင်ချင်ကြပါ။
ရှောက်ရွှမ်သည် သားရဲဘုရင်ကြီး တကိုက်စာသာ ရှိပါတော့သည်။။
ရှောက်ရွှမ်တတ်နိုင်သည်မှာ ဘိုးဘေးများဆီမှ စွမ်းအင်များကို တောင်းခံရန်သာ ရှိတော့သည်။ ထိုသို့လုပ်ခြင်းကသာ သူ့အသက်ကို ကယ်တင်နိုင်တော့မည် ဖြစ်သည်။ ဒါတောင် အပြည့်အဝအာမမခံနိုင်သေးပါ။ ရှောက်ရွှမ်၏ဆောင်ရွက်မှု မအောင်မြင်ပါက အသက်ပေးရမည်မှာ ရှောက်ရွှမ်တင်မဟုတ်ဘဲ၊ သူနှင့် အတူပါလာသော လူ၃၀၀၀လည်း သေဆုံးရမည် ဖြစ်ပါသည်။
နတ်စွမ်းအင်များစီးဆင်းနေသည်နှင့်အမျှ ရှောက်ရွှမ်၏ ကြွက်သားများ တင်းမာလာပါသည်။ သူ့တကိုယ်လုံးသည် အခုတော့ နတ်စွမ်းအင်များနှင့်ဖုံးလွှမ်းနေပြီဖြစ်ပါသည်။ မျက်လုံး၂လုံးကတော့ အထက်ဘက်ကို စိုက်ကြည့်နေပါသည်။
အအေးလှိုင်းကြီးက သူ့မျက်နှာနားသို့ ဦးတည်ပြီး ရိုက်ခတ်လာသည်။ ဝုန်းခနဲ ပေါက်ကွဲသံကြီး
တစ်ခု ထွက်ပေါ်လာပါသည်။
သားရဲကြီး၏ ပါးစပ်အတွင်းမှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်နေပါသည်။ ဘိုးဘေးများ၏ အရိုးမှ ထွက်ပေါ်နေသော မီးတောက်များသာ မရှိပါက၊ ရှောက်ရွှမ်၏ တကိုယ်လုံးသည် အေးခဲသွားမည် ဖြစ်ပါသည်။ မြေခွးမျိုးနွယ်စုဝင်များလို တကိုယ်လုံး အေးခဲသွားပြီးနောက် တစစီဖြစ်ကုန်မည် ဖြစ်ပါသည်။ သွေးတစက််မှ မထွက်ဘဲ အူများ၊ သွေးများပါ အေးခဲသွားခြင်းဖြစ်ပါသည်။ သူတို့သည် ဝေဒနာ တစ်စုံတရာကို မခံစားလိုက်ရပါ။
ရှောက်ရွှမ်သည် ကြီးမားသော အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပါသည်။ အေးစက်သောလေများက ဓားသွားများလို လေထုကို တရွှီရွှီထိုးခွဲသွားပြီး၊ လမ်းတလျှောက်မှ ရှိသမျှအရာအားလုံးကို ဖျက်ဆီးသွားပါသည်။
ရှောက်ရွှမ်ကိုယ်ထဲမှ နတ်စွမ်းအင်များနှင့် ပညာဆက်ခံနိုင်မှု စွမ်းရည်များ ထွက်ပေါ်လာပြီး၊
အနီရောင်၊ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပါသည်။ နတ်မီးတောက်များမှ အပြာရောင်မီးညွှန့်တစ်ခုလည်းထွက်ပေါ်လာပြီး ဘိုးဘေးများ၏ အရိုးလေးထဲသို့ စီးဝင်သွားပါသည်။သူ့ရင်ဘတ်နားတွင် ဖြစ်ပေါ်လာသော အတွင်းအားလှိုင်းက အပြာရောင်မီးညွှန့်မှ စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက်၊ အရိုးလေးချောင်းဆီသို့ စွမ်းအင်များစီးဆင်းသွားပါသည်။
အနီရောင်နတ်စွမ်းအင်များကတော့ ရှောက်ရွှမ်၏ တကိုယ်လုံးတွင် လှည့်ပတ်စီးဆင်းနေပါသည်။ ရှောက်ရွှမ်သည် ထိုစွမ်းအင်ကြောင့်သာ အသက်ရှင်နေခြင်း ဖြစ်ပါသည်။
အပြင်တွင့်တော့ စွမ်းအင်လှိုင်းကြီး၂ခု အားပြိုင်နေပါသည်။ ရှောက်ရွှမ်တကိုယ်လုံးမှ သွေးများ ဆူပွက်လာပါသည်။
သားရဲဘုရင်ကြီးက ရှောက်ရွှမ်ကို သာပစ်မှတ်ထားနေပြီး၊ ကျန်သူများအားလုံးကို လျစ်လျူပြုထားပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သားရဲ
ဘုရင်ကြီး၏ တိုက်ခိုက်မှုဒဏ်ကို ခံနေရခြင်း ဖြစ်ပါသည်။။ အေးစက်သောလေများဒဏ်ကို ဘေးတွင် ရပ်ကြည့်နေသော လူအုပ်ကြီးလည်း ခံလိုက်ရပါသည်။ မြေပြင်တစ်ခုလုံးလည်း သိမ့်သိမ့်တုန်သွားပါသည်။
နှင်းမုန်တိုင်းများကြားတွင်၊ မီးတောက်ဘီလူးကြီးထွက်ပေါ်လာပြီး သားရဲဘုရင်ကြီးကို ရင်ဆိုင်ပါတော့သည်။ ရှောက်ရွှမ်နားတွင် ရေခဲမှုန်များလွင့်စင်ထွက်နေပါသည်။
ရှောက်ရွှမ်သည် ချွေးများယိုစီးကျလာသည်။
သူသည် ဘယ်လောက်ကြာအောင်တောင့်ခံနိုင်မလဲ မသိသော်လည်း၊ အခုအချိန်အထိ မသေသေးခြင်းမှာ ကံကောင်းခြင်းဖြစ်ပါသည်။ဖြစ်ပေါလာသော တိုက်ခိုက်မှုမှာ မြန်ဆန်လွန်းလှပါသည်။ ကျန်သူများအသက်ဘေးမှ လွတ်ပါမလား ရှောက်ရွှမ်စိုးရိမ်နေပါသည်။ အားလုံးသည် သားရဲဘုရင်ကြီးဆီမှ ထွက်ပေါ်နေသော အားလှိုင်းများဒဏ်ကို ခံနေရပါသည်။
ရှောက်ရွှမ်သည် ကျန်သူများကို အရေးလုပ်နေရန် အချိန်မရပါ။ သူသည် သားရဲဘုရင်ကြီး၏တိုက်ခိုက်မှုများကို အသည်းအသန်ခုခံနေရပါသည်။ သူသာမခုခံနိုင်ပါက၊ သေရရုံသာ ရှိတော့သည်။
“ဝုန်း…”
နှင်းမုန်တိုင်းကြီးသည် ရုတ်တရက် ရပ်တန့်သွားပါသည်။ နှင်းများဖုံးလွှမ်းနေသောကြောင့် မြင်ကွင်းမှာ မရှင်းလင်းပါ။ ထို့နောက် မီးတောက်ဘီလူးကြီးသည် တောက်ပထိန်လင်းစွာ ထွက်ပေါ်လာပြန်ပါသည်။
သားရဲဘုရင်ကြီးသည် ပါးစပ်ကိုပိတ်လိုက်ပြီး၊ အေးစက်သောမျက်လုံးများမှာ စိတ်ရှုပ်ထွေးဟန်ပေါ်သွားပါသည်။ ထို့နောက် မျက်မှောင်ကြုံ့လိုက်ပြီး၊ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါသည်။ သားရဲဘုရင်ကြီးသည် ရှောက်ရွှမ်သည် သူ၏တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ဟုထင်ထား
ပါသည်။
မြေပြင်ပေါ်မှ နှင်းထုများပျောက်ကွယ်သွားပါသည်။ ရှောက်ရွှမ်သည် သူ့နားတွင် တစ်ယောက်မှ မရှိတော့သည်ကို တွေ့သောအခါ၊ ကြောက်စိတ်များဝင်လာပါသည်။ သို့သော် အခုလိုအချိန်တွင် စိတ်အာရုံထွေပြား၍မဖြစ်ပါ။ ဖြစ်ပေါ်လာသော ခံစားချက်များကို မျိုသိပ်ပြီး၊ သားရဲကြီးကို စိုက်ကြည့်လိုက်ပါသည်။ နောက်တစ်ကြိမ်တွင် သားရဲဘုရင်ကြီးသည် အမြီးနှင့် သူ့ကို ရိုက်သတ်တော့မလား စဉ်းစားနေမိပါသည်။ ထိုသို့ဖြစ်လာလျှင် ရှောက်ရွှမ်သည် ကူကယ်ရာမဲ့ဖြစ်တော့မည် ဖြစ်သည်။ သားရဲဘုရင်ကြီးက ပြင်းထန်စွာတိုက်ခိုက်လာလျှင်၊ ရှောက်ရွှမ်သည် ခံနိုင်တော့မည် မဟုတ်ပါ။
ရှောက်ရွှမ်သက်သာသွားသည်မှာ သားရဲဘုရင်ကြီး၏ တိုက်ခိုက်မှုများမှာ ဒေါသတကြီးတိုက်ခိုက်ခြင်း ဟုတ်မနေခြင်းပင်ဖြစ်သည်။ သားရဲဘုရင်ကြီးသည် သူတို့ကို သတိပေးသည့်အနေနှင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ပါသည်။
ဂူပေါက်ဝတွင် ဖြစ်ပေါ်လာသောတိုက်ခိုက်မှုများနှင့်ယှဉ်လျှင်၊ အခုတိုက်ခိုက်မှုမှာ ဘာမှမဟုတ်ပါ။
သားရဲဘုရင်ကြီးသည် ပါးစပ်ကို ပိတ်လိုက်ပြီး၊ နှာခေါင်းပေါက်မှ လေများကို မှုတ်ထုတ်လိုက်ပါသည်။ ထို့နောက် ဦးခေါင်းကြီးကို မကာ၊ နောက်သို့ ဖြည်းဖြည်းချင်းဆုတ်သွားပါသည်။ ထို့နောက် မြေပေါ်သို့ အနည်းငယ်ထပ်မံတိုးထွက်လာပါသည်။
မီးတောက်ဘီလူးကြီးပျောက်ကွယ်သွားသောအခါ၊ ရှောက်ရွှမ်နားတွင် ဖြစ်ပေါ်နေသော မီးတောက်များပျောက်ကွယ်သွားပါသည်။ ရှောက်ရွှမ်၏ အရေပြားပေါ်ကတော့ ခြစ်ခြစ်တောက်ပူနေပါသည်။ ရှောက်ရွှမ်သည် မီးတောက်ဘီလူးကြီးကို ဆင့်ခေါ်ရန်၊ အင်အားများစွာကို သုံးလိုက်ရပါသည်။ အခုတော့ ရှောက်ရွှမ်သည် သားရဲဘုရင်ကြီး၏ လှုပ်ရှားမှုကိုသာ စောင့်ကြည့်ရန်သာ ရှိတော့သည်။
၎င်းသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေပါသည်။ ထို့နောက် သားရဲဘုရင်ကြီးသည် မြေအောက်မှ တိုးထွက်လာပြီး မြေပေါ်သို့ ရောက်လာပြီဖြစ်ပါသည်။
ရှောက်ရွှမ် ရင်ထိတ်သွားသည်။ သားရဲဘုရင်ကြီးသည် သူ့ကို အတည်ကြီးတိုက်ခိုက်တော့မှာလား။
“ဖောင်း…”
ကြီးမားသောအမြီးကြီးက မြေပြင်ပေါ် ကျလာပါသည်။ မြေပြင်တစ်ခုလုံးတုန်ခါသွားပြီး၊ ထွက်ပေါ်လာသော အသံကြီးမှာ နားကွဲလုမတတ် ကျယ်လောင်လှပါသည်။
မြေခွေးမျိုးနွယ်စုဝင်များ၏ ဂူထဲတွင်…။
မြေခွေးမျိုးနွယ်စုအကြီးအကဲသည် သူ့ကင်းထောင် အစီရင်ခံသည်ကို နားထောင်နေပါသည်။
သူသည် သားရဲကြီး၏ တိုက်ခိုက်သံကို ကြားလိုက်ရပါသည်။ အသံမှာ အလွန်တိုးညှင်းလှသော်လည်း၊ သေချာသည်မှာ တိုက်ခိုက်မှု တစ်ခုဖြစ်ပါသည်။ မျိုးနွယ်စုသုံးခုတို့သည် သားရဲဘုရင်ကြီးနှင့် တိုးနေပြီထင်ပါသည်။
“ကောင်းတယ်…အကုန်လုံးသေပါစေဗျာ”
နောက်ထပ်အသံများကို ကြားရသောအခါ၊ အကြီးအကဲသည် ပိုပျော်သွားပါသည်။ သူသည် ဂူထဲသို့ ပြန်လှည့်ဝင်သွားပါသည်။ “မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ ဂူကို သိမ်းလိုက်ဟေ့…ဒီကောင်တွေ ပြန်မလာနိုင်တော့ဘူး…ပြန်လာရင် ကန်သာထုတ်လိုက်…သားရဲကြီးနဲ့ရင်ဆ်ိုင်လာရတော့ ဒီကောင်တွေ အားနည်းသွားမှာ သေချာတယ်”
သားရဲဘုရင်ကြီးသည် သူ၏ အမြီးကြီးနှင့် မြေပြင်ကို တဝုန်းဝုန်းရိုက်ခတ်နေသည်ကို ရှောက်ရွှမ်ကြည့်နေပါသည်။ ထို့နောက် သားရဲဘုရင်ကြီးသည် ဟိန်းသံကြီးကို ပေးလိုက်ပါသည်။
ရှောက်ရွှမ်သည် ဒုတိယအကြိမ်တိုက်ခိုက်မှုကို အောင်မြင်စွာဖြတ်ကျော်သွားနိုင်ပြီ ဖြစ်သည်။ သူသည် အတော်မောနေပြီ ဖြစ်သည်။ တတိယအကြိမ်တိုက်ခိုက်လာလျှင်တော့၊ သူသည် တောင့်ခံနိုင်တော့မည် မဟုတ်ပါ။
သို့သော် သားရဲကြီး၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များကို မတွေ့ရပါ။
သူတို့ကို သတိပေးသည့်အနေနှင့် မောင်းထုတ်နေခြင်းများလား။
“စိတ်မဆိုးပါနဲ့…ကျွန်တော်တို့ ချက်ချင်းထွက်သွားပါ့မယ်…နောက်လည်း ပြန်မလာတော့ပါဘူး”
ရှောက်ရွှမ်သည် သားရဲဘုရင်ကြီးက သူ့စကားကို နားလည်လား၊နားမလည်လားကို မသိပါ။ သို့သော် သူ့စကားဆုံးသွားသောအခါ သားရဲဘုရင်ကြီးသည် ငြိမ်သက်သွားလေသည်။
သားရဲကြီး၏ တိုက်ခိုက်သံများကို အဝေးမှပင်ကြားရပါသည်။ မြေပြင်ပေါ်မှ နှင်းထုများကတော့ လုံးလုံးမပျောက်ကွယ်သေးဘဲ၊ မီတာဝက်လောက် ထူထပ်နေပါသေးသည်။
ထိုအချိန်တွင် မြေကြီးအောက်မှ အနီရောင်သလင်းကျောက်တိုင်ကြီးတစ်ခု ထွက်ပေါ်လာပါသည်။
ဆားပန်းများပွင့်လာပါညသ်။
ဆားပန်းများပွင့်လာသည်မှာ ရာသီဥတုကြောင့်များလား၊ နှင်းလွှာများကြောင့်လား မသိပါ။ ၎င်းတို့ကို ကြည့်ရသည်မှာ ဆားပင်များပေါက်လာသည်နှင့် တူနေပါသည်။
ဆားပန်းများ ပွင့်လာသောအခါ၊ သားရဲဘုရင်ကြီးသည် ရှောက်ရွှမ်ကို အရေးမလုပ်တော့ဘဲ၊ ဆားပန်းများနားသို့ ချဉ်းကပ်သွားပါသည်။ ထို့နောက် ခေါင်းကြီးကို ငုံ့ပြီး ဆားပန်းကို ကိုက်
လိုက်ပါသည်။
ထို့နောက် တဂျွတ်ဂျွတ်ဝါးစားသံများ ထွက်ပေါ်လာပါသည်။
တချို့သော အပိုင်းအစများက မြေကြီးပေါ်သို့ ပြုတ်ကျသွားပါသည်။ သားရဲကြီးက ဆားပန်းများအားလုံးကို မျိုချလိုက်ပါသည်။
ရှောက်ရွှမ်၏မျက်လုံးများ ပြူးကျယ်သွားပါသည်။
ထိုသားရဲကြီးသည် အသီးအရွက်စားသော သတ္တဝါတစ်ကောင် ဖြစ်ပေသည်။ ထိုဆားများမှာ လူသားများအတွက် အဆိပ်ရှိသော်လည်း၊ သားရဲကြီးကတော့ မြိန်ရေယှက်ရေစားနေ၏။
ထို့ကြောင့်သာ သူတို့ဆားတွင်းများမှ ဆားများကို တူးယူသောအခါ၊ သားရဲဘုရင်ကြီးက စိတ်မဆိုးခြင်းဖြစ်ပါသည်။ ၎င်းသည် ဆားတွင်းထဲက ဆားများကို စိတ်မဝင်စားပါ။ ၎င်းသည် ဆားတွင်း
များထဲမှ ဆားကိုစားသောက်သည်ကို ရှောက်ရွှမ်မတွေ့ရပါ။ ၎င်းသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ မြေကြီးအောက်မှ ထွက်လာသော ဆားများကို စားပစ်နေပါတော့သည်။ ရှောက်ရွှမ်တို့လို လူသားများမှ သူ့အတွက် မှုလောက်စရာမရှိသော အကောင်လေးများသာဖြစ်ပါသည်။
သားရဲဘုရင်ကြီးသည် ဆားများကို စားသောက်ပြီးသွားသောအခါ၊ ထွက်ခွာသွားပါတော့သည်။ ထို့နောက် နှုတ်သီးကြီးဖြင့် နောက်ထပ်ဆားများကို တရှုံ့ရှုံ့ အနံ့ခံကြည့်နေ၏။
သားရဲဘုရင်ကြီးသည် မထွက်ခွာမီ၊ ရှောက်ရွှမ်ကို သတိပေးသည့်အနေဖြင့်၊ ၎င်း၏ အမြီးကြီးနှင့် မြေပြင်ကို တဗုန်းဗုန်း ပုတ်နေပေသည်။ ရှောက်ရွှမ်သည် နောက်ဆုံးလက်ကျန်အားလေးနှင့် တောင့်ခံနေရသည်။ သားရဲဘုရင်ကြီး သက်ညှာလိုက်သောကြောင့်သာ ရှောက်ရွှမ်သည် အသက်ရှင်နေခြင်းပင်။
“သွားကြမယ်” ရှောက်ရွှမ်က အော်ပြောလိုက်ပါသည်။
သားရဲဘုရင်ကြီး ထွက်ခွာသွားသောအခါ၊ ရှောက်ရွှမ်သည် သူ၏ ကြွက်သားများကို လှုပ်ခါကြည့်လိုက်ပါသည်။ သူ့တစ်ကိုယ်လုံးသည် နာကျင်ကိုက်ခဲနေသဖြင့်၊ ခက်ခဲစွာလှုပ်ရှားနေရသည်။
ရှောက်ရွှမ်၏ လက်သီးဆုပ်ထဲမှ မီးလျှံသလင်းကျောက်ကတော့ အမှုန့်များဖြစ်သွားလေပြီ။
သူ၏ခြေထောက်များတွင် အားလုံးဝမရှိတော့သောကြောင့် ခြေတစ်လှမ်းလှမ်းလိုက်သောအခါ၊ လဲကျသွားတော့သည်။
“ခေါင်းဆောင်ကြီး…ဘယ်ရောက်နေကြတာလဲ” ရှောက်ရွှမ်က အော်လိုက်သည်။ “ဘယ်သူမှ မရှိကြဘူးလား”
သူသည် ဘာအသံမှာ မကြားရပါ။ရှောက်ရွှမ်
သည် သူ၏စိတ်အာရုံများကို စုစည်းလိုက်သောအခါ၊ ဗလုံးဗထွေးအသံတစ်ခုကို ကြားလိုက်ရပါသည်။
ထိုသူမှာ သုန့်ကန်းပင် ဖြစ်ပါသည်။
သုန့်ကန်းသည် နှင်းတောထဲမှ တိုးထွက်လာပါသည်။ သူ့တကိုယ်လုံးမှာ တုန်ခါနေပေသည်။ ရှောက်ရွှမ်သည် သူ့ကိုယ်ပေါ်မှ နှင်းများကို ခါချလိုက်ပြီး ရှောက်ရွှမ်ကို အံ့ဩစွာ ကြည့်နေ၏။
“ရှောက်ရွှမ်” သုန့်ကန်းက မယုံနိုင်အောင် ဖြစ်နေပါသည်။
“ကျွန်တော်ပါ…” ရှောက်ရွှမ်သည် မြေပြင်ပေါ်တွင် ထိုင်နေပါသည်။
“မင်း မသေဘူးနော်”
“ဟုတ်တယ်…မသေဘူး”
“သားရဲဘုရင်ကြီးကော…”
“သွားပြီ…”
“သွားပြီ ဟုတ်လား…တော်သေးတာပေါ့ကွာ” သုန့်ကန်းသည် မြေကြီးပေါ်သို့လှဲချလိုက်ပြီး မောကြီးပန်းကြီးနှင့် အသက်ရှူနေပါသည်။ ဤသည် အသက်ဘေးမှ လွတ်မြောက်လာသောကြောင့် ပျော်ရွှင်နေပါသည်။ သူသည်ဘာမေးခွန်းမှ ထပ်မမေးတော့ပါ။ ခဏကြာသောအခါ မြေကြီးပေါ်မှ လူးလဲထလာပြီး၊ ကျန်လူများကို လိုက်ရှာရန် ထွက်ခွာသွားလေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၇၃) အပြန်ခရီး
မြေကြီးပေါ်တွင် နှင်းများမရှိတော့သောကြောင့်၊ ရှောက်ရွှမ်သည် ဆားများပေါ်တွင် ငုတ်တုပ်ထိုင်နေရပါသည်။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပါသည်။
ကျန်သူများကတော့ သုန့်ကန်းကဲ့သို့ပင် လေထဲသို့ မြောက်တက်သွားခြင်း ဖြစ်ပါသည်။ တချို့ကတော့ နှင်းပုံကြီးထဲနစ်ဝင်သွားခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်က သတိပေးလိုက်သောကြောင့်သာ၊၎င်းတို့သည် ထွက်ပြေးရန် အချိန်ရသွားခြင်းဖြစ်ပြီး၊ ပြင်းထန်သော ဒဏ်ရာများ မရသွားခြင်း ဖြစ်ပါသည်။
သုန့်ကန်းနှင့်လုတို့သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ကြပါသည်။ ထို့နောက် အခြားလူ
များလည်း ပြန်ရောက်လာပါသည်။ တချို့ကတော့ နှင်းများကြားထဲမှ တိုးထွက်လာပါသည်။ သတိမေ့နေသော စစ်သည်တော်များကို နှင်းများကြားထဲမှ ဆွဲထုတ်ရပါသည်။ သူတို့သည် နှင်းထဲတွင် ကြာသွားလျှင် အေးခဲပြီး သေကုန်တော့မှာ ဖြစ်သည်။
ကျန်းလော်သည် ရှောက်ရွှမ်ကို ကယ်ရန် ကြိုးစားလိုက်ခြင်းကြောင့် တော်တော် အထိနာသွားပါသည်။ သို့သော် သူသည် မျိုးနွယ်စုထဲတွင် အတွင်းအားအကောင်းဆုံးဖြစ်သည့်အပြင်၊ ရှောက်ရွှမ်ကလည်း ၎င်းကို ကာကွယ်ပေးသောကြောင့် အသက်မသေခြင်းဖြစ်ပါသည်။ သူသည် သတိမေ့ရုံသာမေ့နေခြင်း ဖြစ်ပါသည်။ ကျန်သူများသည် ကျန်းလော်ကို ချီပွေ့လာကြပါသည်။
၎င်းတို့သည် သတိမေ့နေသောလူများကို လိုက်ရှာကြပါသည်။ ထို့နောက် သေဆုံးသွားသောသူများ၏ အလောင်းများကို သယ်ဆောင်လာကြ
ပါသည်။ ရှောက်ရွှမ်က သူ၏အထူးအမြင်အာရုံဖြင့်၊ နှင်းအောက်တွင် နစ်နေသူများကို လိုက်ရှာလိုက်ပါသည်။
ပြင်းထန်စွာဒဏ်ရာရသူများနှင့် သတိမေ့နေသူများကို လမ်းကောင်းစွာလျှောက်နိုင်သူများက သယ်ဆောင်လာကြပါသည်။ ထို့နောက် ၎င်းတို့သည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ပါတော့သည်။
ရှောက်ရွှမ်က သားရဲကြီးသည် သူတို့ကို မောင်းထုတ်ခြင်းသာ ဖြစ်သည်ဟု ရှင်းပြလိုက်သည်။ သားရဲဘုရင်ကြီးသာ သူတို့ကို သတ်လိုသည်ဆိုပါက၊ ၎င်းတို့အားလုံးမှာ အခုလောက်ဆို အသက်ပျောက်နေလောက်ပေပြီ။
ရှောက်ရွှမ်က ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တောင်လေမျိုးနွယ်စုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ကို အထင်ကြီးသွားကြသည်။ ၎င်းတို့သ်
ရှောက်ရွှမ်ဆီမှ ထွက်ပေါ်လာသော အတွင်းအားများကို မြင်လိုက်ရသည် မဟုတ်ပါလား။
မီးတောက်ဦးချိုမျိုးနွယ်စုသည် ၎င်းတို့ထင်ထားသည်ထက် ပိုအင်အားကြီးနေပါသည်။
“ဟုတ်တယ်…ရှောက်ရွှမ်…မင်းပြောမှ ငါသတိရသွားတယ်…မင်းပြောတဲ့ သားရဲဘုရင်ကြီးက ဆားပွင့်တွေကို စားသွားတယ်ဆိုတော့ အဲဒါ ဒဏ္ဍာရီထဲက ဆားသားရဲကြီးများ ဖြစ်နေမလား” ကျန်းလော်က မေးလိုက်ပါသည်။ သုန့်ကန်းက ကျန်းလော်ကို ကျောပိုးပြီးသယ်ဆောင်လာခြင်းဖြစ်ပါသည်။
ဆားသားရဲကြီးလား…။
အားလုံးက ထိုအကြောင်းကို စဉ်းစားလိုက်မိကြသည်။ သူတို့သည် ချီလုမျိုးနွယ်စု၏ နတ်ရုပ်ကို မမှတ်မိကြပါ။ သူတို့သည် ချီလုမျိုးနွယ်စုဝင်များနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်ပါသည်။ချီလုမျိုးနွယ်စု၏ ဆားကန်များမှာ မြို့တော်မှ လူများသိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
တောအုပ်ထဲတွင်နေသော ချီလုမျိုးနွယ်စုများ သိပ်မရှိတော့ပါ။
“သူတို့ရဲ့ နတ်ရုပ်မှာ အချွန်အတက်တွေပါတာတော့ ငါမှတ်မိတယ်…မြွေတစ်ကောင်တော့မဟုတ်ဘူး” တောင်လေစစ်သည်တော် တစ်ယောက်က ပြောလိုက်ပါသည်။
“အချွန်တွေမဟုတ်ဘူးဟ…အဲဒါ ခေါင်းမှာ ရေခဲတွေပေါက်နေတာ…ပေါက်ကွဲမှုမဖြစ်ခင်တုန်းက သားရဲဘုရင်ကြီးက ဘာနဲ့တူလဲ သတိထားမိလား” ကျန်းလော်က မေးလိုက်ပါသည်။
“အခုမှသတိထားမိတယ်…အဲဒါကြောင့်တွေ့ဖူးတယ် မှတ်နေတာ”
သူတို့သည် ခုနတုန်းကသွေးပူနေသောကြောင့် သဲလွန်စများကို မဆက်စပ်မိပါ။
“ချီလုမျိုးနွယ်စုဝင်တွေရဲ့ ဆားသားရဲကြီးက ချီလုမျိုးနွယ်စုဝင်တွေရဲ့ ဆားကန်တွေထဲမှာ နေ
တာမဟုတ်ဘူးလား…အဲဒီနားမှာ ဆားတွေရှိလို့ ချီလုမျိုးနွယ်စုဝင်တွေက နေနေတာလား…အခုလောက်ဆို သူတို့ ဆားကန်ထဲမှာ ဆားတွေ သိပ်မရှိတော့ဘူးဆိုတော့ မင်းမျိုးမင်းနွယ်တွေက စိတ်ဝင်စားတော့မှာ မဟုတ်ဘူး…တခြားဆားထွက်တဲ့ နေရာတွေကို လိုက်ရှာနေကြမှာပဲ” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ပြောလိုက်သည်။
“ဒါပေမဲ့ ဆားသားရဲကြီးက ချီလုမျိုးနွယ်စုတွေရဲ့ ဆားကန်ထဲကနေ ထွက်ပေါ်မလာဖူးပါဘူး… ဒီကဆားတွင်းထဲကတော့ ထိပ်တန်းဆားခဲ၂ခဲရဖူးတယ်…အဲဒီလူတွေက ဆားတွင်းတွေရှိရဲ့သားနဲ့ ဘာလို့ သေမယ့်နေရာကို သွားကြတာလဲ…အဲဒီလူတွေက ချီလုမျိုးနွယ်စုဝင်တွေ မဟုတ်တော့ ဆားအဆင့်အတန်းကို မခွဲတတ်ဘူး…အဲဒီနေရာမှ သူတို့မက်လောက်စရာဘာမှ မရှိဘူးလေ…ဒီလူက သူ့ကိုယ်သူ အသေခံနေတာလား” ကျန်းလော်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
ရာစုနှစ်များစွာ ကြာသွားသော်လည်း၊ အမှန်တရားကို မည်သူကမှ မသိကြပါ။
“ဒီနေရာမှာ သားရဲဘုရင်ကြီးရှိတာသိရင်မလာပါဘူးကွာ” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲမှာ အကြောက်ကြီး ကြောက်သွားပြီဖြစ်သည်။ သူတို့သည် ထိုဆားတွင်းများသို့ နောက်ဘယ်တော့မှ လာတော့မည် မဟုတ်ပါ။
“ဘာပဲဖြစ်ဖြစ် အသက်ရှင်သွားတာ တော်သေးတာပေါ့ကွာ”
“အသက်ရှင်ရတာ တော်သေးတာပေါ့ကွာ”
လောကကြီးတွင် အသက်ရှင်နေထိုင်ရခြင်းက အကောင်းဆုံး မဟုတ်ပါလား။ မီးလျှံသလင်းကျောက်များနှင့် ဆားများက အသက်လောက် အရေးမကြီးပါ။ အရေးကြီးသည်မှာ အသက်ပင် ဖြစ်သည်။
“ငါမေ့သွားတယ်…မြေခွေးတွေနဲ့ ရှန်တွေ ဆားတွင်းထဲမှာ ရှိသေးလား” သုန့်ကန်းက မေးလိုက်သည်။
သားရဲဘုရင်ကြီးက သူတို့ကို တစ်ကြိမ်သတိပေးလိုက်ပြီ ဖြစ်ပါသည်။ နောက်တခါလူသားများကို မြင်ရလျှင် ၎င်းသည် ချမ်းသာပေးတော့မည် မဟုတ်ပေ။
နောက်တကြိမ်ဆိုလျှင် ရှောက်ရွှမ်လည်း ၎င်းတို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပါ။
“ပြန်ရောက်လို့ရှိရင်…မျိုးနွယ်စု၂ခုရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေနော်…ဒီကောင်တွေပြန်ရောက်လာလို့ ရာသီဥတုကောင်းတယ်ဆိုရင် တိုက်ပွဲစကြမယ်” တောင်လေအကြီးအကဲက ပြောလိုက်ပါသည်။
ရာသီဥတုအကြောင်းစဉ်းစားမိသောအခါ၊ ၎င်းတို့၏ စိတ်များပြန်ပူပန်လာရပါသည်။
အခုလို နှင်းမုန်တိုင်းမျိုးသည် နှစ်ပေါင်းထောင်စုနှစ်များအတွင်း တစ်ခါမှ မဖြစ်ပေါ်ဖူးပါ။ ထို့ကြောင့် အားလုံးက ကြောက်ရွံ့နေကြခြင်း ဖြစ်
ပါသည်။
ဆားရေကန်များတွင်၊ သားရဲဘုရင်ကြီးဖောက်လုပ်သွားသော လမ်းအတိုင်း ဆက်သွားနေခြင်းက အဆင်ပြေနေပါသည်။ ၎င်းတို့သည် နှင်းတောကြီးကို ဖြတ်သန်းနေရဆဲ ဖြစ်သည်။ သို့သော် အိမ်ပြန်နေရပြီဆိုသော အသိစိတ်က၊ သူတို့၏ စိတ်လက်များကို ပေါ့ပါးစေပါသည်။
ဆားကွင်းများကို ဖြတ်ကျော်ပြီးသောအခါ၊ အားလုံးသည် ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်မိကြသည်။
၎င်းတို့သည် ဆားသားရဲကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ အခုလည်း ဖြတ်သန်းရခက်ခဲသော ဆားကွင်းကြီးကို ဖြတ်ကျော်လာနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ဆိုလျှင် သူတို့သည် ထိုနေရာများကို ပြန်လာရတော့မည် မဟုတ်ပါ။ ဆားလုပ်သားများသည် ထိုနေရာကြီးကို အောက်မေ့နေရတော့မည်ဖြစ်ပါသည်။ သူတို့သည် ထိုဆားတွင်းကြီးအကြောင်းကို အသိဆုံးလူများဖြစ်
ကြပါသည်။ ထိုဆားတူးသောအလုပ်ကို သူတို့သည် မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာသူများ ဖြစ်ကြသည်။
သို့သော် ဆားသားရဲကြီးရှိနေသောကြောင့်၊ သူတို့သည် ထိုနေရာကို နောက်တခါလာနိုင်တော့မည် မဟုတ်ပါ။
သူတို့သည် ပိတ်လှောင်နေသောခံစားချက်များကို အော်ဟစ်ပြီး ဖြေလွှတ်ပစ်လိုက်သည်။ ၎င်းတို့၏အော်သံများမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပါသည်။
တစ်ချိန်တုန်းက ရှိခဲ့သော တောအုပ်ကြီးမှာ အခုတော့ မရှိတော့ပါ။ နေရာအနှံ့တွင် နှင်းများဖုံးလွှမ်းနေပါသည်။ ဆားကွင်းများထဲတွင် နှင်းထုက ၁၀မီတာကျော်လောက် ထူထပ်နေပါတော့သည်။ နှင်းထုကြီးက လူတရပ်မကရှိနေပါသည်။ တစ်ခါတရံတွင် ၎င်းတို့သည် နှင်းတောထဲတွင် လမ်းပျောက်သည့်အခါ ပျောက်သွားတတ်ကြပါသည်။
“ငါတို့တွေ ဆားကွင်းကြီးကို ဖြတ်ကျော်လာပြီးပြီ…ဒီနေရာမှ ဘာမှကြောက်စရာ မရှိဘူး” ကျန်းလော်က သုန့်ကန်းကို ပြောလိုက်ပါသည်။ ထို့နောက် သူ့လူများအား သစ်ပင်များပေါ်တွင် အမှတ်အသားများ ပြုလုပ်ရန် အမိန့်ပေးလိုက်ပါသည်။ ထိုသို့ပြုလုပ်မှ လမ်းပျောက်လျှင် အလွယ်တကူရှာတွေ့မည် မဟုတ်ပါလား။
ဒဏ်ရာပြင်းထန်စွာ ရလာသူများအား ထမ်းစင်များပေါ် တင်ပြီး သယ်ဆောင်လာခဲ့ကြပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ခွန်အားကြီးသူများ ဖြစ်သောကြောင့်၊ လူ၄ယောက်လျှင် လူနာ၁၀ဦးကို သယ်ဆောင်လာကြပါသည်။ ကျန်းလော်သည်လည်း ထမ်းစင်ပေါ်မှ လိုက်လာရပါသည်။ ကျန်းလော်သည် အဝေးမှ နှင်းထုကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပါသည်။
တောအုပ်ကြီးကို ကြည့်ရသည်မှာ နှင်းများဖြင့် လွှမ်းခြုံထားသလို ဖြစ်နေပါသည်။ သို့သော် နှင်း
များကတော့ သိပ်မထူထပ်တော့ပါ။သစ်ပင်များထူထပ်လာသောကြောင့်၊ နှင်းများက နည်းသွားခြင်း ဖြစ်နိုင်ပသည်။၎င်းတို့သည် အခြားသော သားရဲများ၏ ရန်ကို သတိနှင့် စောင့်ကြည့်နေရပါသည်။
တချို့သားရဲကြီးများမှာ ကာလရှည် အိပ်စက်တတ်ကြပါသည်။ တချို့ကတော့ တောထဲတွင် လှည့်လည်သွားလာနေပြီး၊ အစာရေစာများ လိုက်ရှာနေတတ်ကြပါသည်။
လူသားများသာမဟုတ်၊ တိရစ္ဆာန်များပင် ထိုရာသီဥတုနှင့် အကျွမ်းမဝင်ကြပါ။ သူတို့ ပြန်ရောက်လာသောအခါ၊ နှင်းထဲတွင်ပေါက်နေသော ဆူးပင်ကြီးများကို တွေ့ရပါသည်။ အသေကောင်များကို စားနေကြသည့် တိရစ္ဆာန်များကိုလည်း တွေ့ရပေသည်။ အသေကောင်များ၏ အသားများမှာလည်း အေးခဲနေပြီဖြစ်သည်။
အနားယူရန် နေရာသို့ ရောက်သောအခါ၊သူတို့သည် ဆန်ပြုတ်ပြတ်စားကြသည်။ တချို့
ရဲတင်းသော တိရစ္ဆာန်များက၊ မီးပုံနားတွင်နွေးသောကြောင့် အနားသို့ ချဉ်းကပ်လာကြပါသည်။ ရှဉ့်များကဲ့သို့ အကောင်ငယ်လေးများက အနွေးဓာတ်ရလိုသဖြင့်၊ မီးပုံနားသို့ ချဉ်းကပ်လာကြပါသည်။
အပေါ်ယံဒဏ်ရာလောက်သာရသော စစ်သည်တော်များသည် အမဲလိုက်ထွက်ကြပြီး၊ အသားများကို မီးကင်ကြပါသည်။ အားလုံးသည် နှင်းတောထဲတွင် ငတ်ပြတ်နေသောကြောင့်၊ အသားကင်များကို အငမ်းမရစားသောက်ကြပါသည်။
“ရှောက်ရွှမ်…ရာသီဥတု ဘယ်တော့ ပြောင်းသွားမှာလဲ” ကျန်းလော်က ပြောလိုက်ပါသည်။
“မနက်ဖြန်မနက်” သူ့ဗေဒင်ဟောကိန်းက ထိုကဲ့သို့ ထွက်လာပါသည်။ ဘယ်လိုပြောင်းလဲမလဲဆိုတာကိုတော့ သူလည်း မသိပါ။
“ဒီနေ့ည ငါတို့နားလို့ မဖြစ်သေးဘူး…ဆက်
သွားကြမယ်…” ကျန်းလော်က ဆုံးဖြတ်လိုက်ပါသည်။
အခြားမျိုးနွယ်စု၏ အကြီးအကဲ၂ယောက်ကလည်း မငြင်းကြပါ။ အခုလိုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စု၏ အကြံကို လိုက်နာခြင်းကသာ အကောင်းဆုံးဖြစ်သည် မဟုတ်ပါလား။
ညဘက်တွင် ခရီးပြင်းနှင်ရခြင်းမှာ မလွယ်ကူပါ။ တောအုပ်ထဲတွင် အန္တရာယ်များစွာရှိနေသလို၊ တောင်ကုန်းများကိုလည်းဖြတ်ကျော်ရသည်။ ခြေတစ်လှမ်းမှားသည်နှင့် အသက်ပေးလိုက်ရမည် ဖြစ်သည်။
ရှောက်ရွှမ်သည် အတော်လေး သက်သာလာပြီ ဖြစ်ပါသည်။ ထိုအချိန်တွင်၊ အလင်းကျောက်လေးများမှာ သိပ်အသုံးမဝင်တော့ပါ။ ရှောက်ရွှမ်သည် ဝါချတို့ လင်မယားနားသို့ လျှောက်လာပါသည်။ ဝါချတို့ လင်မယားသည် ထိုနေရာသို့ အခေါက်ခေါက်အခါခါ ဖြတ်သန်းဖူး
သောကြောင့်၊ ထိုဆားတွင်းအကြောင်းကို နောကျေနေပြီဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် လမ်းကြောင်းမေးရန် ၎င်းတို့လင်မယားနားသို့ ချဉ်းကပ်လာခြင်းဖြစ်ပါသည်။
ဒုတိယမြောက်နေ့တွင်၊ နေသာနေသော်လည်း၊ ခဏနေသောအခါ နှင်းများပြန်ကျလာပါသည်။ လေများက ပြင်းထန်စွာတိုက်ခိုက်နေသောကြောင့်၊ လူတစ်ယောက်ပင် လွင့်ပါသွားနိုင်ပါသည်။
“အန္တရာယ်အများဆုံး တောင်ကုန်းကိုတော့ ကျော်လာနိုင်ခဲ့ပြီ” ဝါချာက သက်ပြင်းချလိုက်ပါသည်။
အခုညတွင်တော့ အခြားလူတစ်ယောက်က ဦးဆောင်ပြီးလမ်းပြရမည်ဖြစ်သည်။ သို့မှသာ ရှောက်ရွှမ်သည် အနားရမည် ဖြစ်ပါသည်။
ကောင်းကင်ကြီးသည် မည်းမှောင်နေပါသည်။ ဆားတွင်းတုန်းကဖြစ်ပေါ်ခဲ့သော ကောင်းကင်
ကြီးထက်ပင် မည်းမှောင်လာပါသည်။ ကောင်းကင်ပြင်တခွင်လုံးမှာ မှိုင်းမှုံနေပါသည်။
နောက်၂ရက်ထပ်ကုန်ဆုံးသွားပါသည်။ သူတို့သည် မိမိတို့၏ ပိုင်နက်ထဲသို့ ပြန်ရောက်လာပြီဖြစ်ပါသည်။ မကြာခင် ရွာသို့ ပြန်ရောက်တော့မည် ဖြစ်သည်။
တောင်လေမျိုးနွယ်စုဝင်များသည် ပြီးခဲ့သောရက်က သူတို့နှင့် လမ်းခွဲသွားပြီ ဖြစ်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…အကူအညီလိုရင် အချိန်မရွေးလာခဲ့ကြပါ” ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲက ပြောလိုက်ပြီးနောက် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် လမ်းခွဲသွားပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုကြောင့်သာမဟုတ်ပါက၊ ၎င်းတို့သည် အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ပါ။
ကျန်းလော်က ထိုက်ဟယ်မျိုးနွယ်စုအကြီးအကဲကို လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း ဘာမှမပြောပါ။ သူသည် ထမ်းစင်ပေါ်မှ လိုက်ပါနေရဆဲ ဖြစ်သည်။
“ရှေ့မှာ လမ်းရှိတယ်” စစ်သည်တော်များက အော်လိုက်ပါသည်။
ထူထပ်သော နှင်းထုကြီး၏ အလယ်တွင် လမ်းတစ်ခုက အဆင့်သင့်ဖြစ်နေသောကြောင့် လမ်းဖောက်ရန် မလွယ်တော့ပါ။
“အဲဒါ ကျွန်တော်တို့လူတွေ လမ်းရှင်းပေးထားတာ…အစားအသောက်တွေလည်း ရှိတယ်” ဝါချက လမ်းဘေး သစ်သားတိုင်တစ်ခုတွင် ချည်နှောင်ထားသော အိတ်တစ်လုံးကို ဆွဲယူလိုက်ပါသည်။အထဲတွင်ရှိသော အသားခြောက်များမှာ အေးစက်မာကြောနေသော်လည်း၊ လတ်ဆတ်မှုတော့ ရှိနေပါသေးသည်။
အိမ်ဆိုသည်မှာ နွေးထွေးစမြဲပင် မဟုတ်ပါ
လား။
ရှေ့သို့ဆက်သွားသောအခါ၊ သားမွေးအင်္ကျီများကို ဝတ်ဆင်ပြီး ကင်းလှည့်နေသော ကင်းအဖွဲ့များကို တွေ့လိုက်ရပါသည်။သူတို့၏ မျက်နှာများကို ဖုံးအုပ်ထားကြပြီး၊ မျက်လုံးများကိုသာ ဖော်ထားကြပါသည်။
ကင်းအဖွဲ့သည် ကျန်းလော်တို့ အဖွဲ့ကို မြင်သောအခါ၊ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပါသည်။
“ဒီနေရာကို ကျွန်တော်တို့က နေ့စဉ်ရှင်းထားတာပါ” ကင်းသမားက ပြောလိုက်ပါသည်။
လူအရေအတွက်ကို ရေတွက်လိုက်ပြီးသောအခါမှ၊ ကင်းသမားမှာ စိတ်သက်သာရာ ရသွားသည်။ အခြေအနေမှာ ၎င်းတို့မျှော်မှန်းထားသလောက် မဆိုးဝါးသေးပါ။ သူတို့သည် အဆိုးဆုံးအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြပါသည်။
“အကြီးအကဲ…ဆားတွင်းက အခြေအနေ ဘယ်လိုရှိလဲ” ကင်းကမားက မေးလိုက်ပါသည်။
“နောက်မှ ပြောမယ်ကွာ”
အစောင့်များက ဘာမှ ထပ်မမေးတော့ပါ။
၂မီတာလောက်မြင့်သော နှင်းထုကြီး၏ အလယ်မှ လမ်းသည် ရွာရှေ့တွင် ရှိသော မြစ်ဆီသို့ ဦးတည်သွားပါသည်။
မြစ်ထဲမှ ရေများမှာ အေးခဲနေသောကြောင့် မြစ်ကိုဖြတ်ကျော်ရန် တံတားမလိုအပ်တော့ပါ။ အားလုံးသည် ရေခဲပြင်ပေါ်မှ ဒီအတိုင်းလျှောက်သွား၍ ရပါသည်။
ရှောက်ရွှမ်တို့ ပြန်ရောက်လာသည့်သတင်းကိုကြားသောကြောင့်၊ ရွာသားများက ရွာထိပ်တွင်လာကြိုဆိုနေကြပါသည်။ ပူနွေးသော အသားစွပ်ပြုတ်များက သူတို့ကို အသင့်စောင့်ကြိုနေ
ပါသည်။
ပြီးခဲ့သော အဖြစ်အပျက်များက ၎င်းတို့အတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပါသည်။ နောက်ဆုံးတွင်တော့ သူတို့သည် အိပ်မက်ဆိုးမှ နိုးထလာပြီ ဖြစ်ပါသည်။
“ဝါစဉ်ကြီး ရှောက်ရွှမ်” ရွာသားတစ်ယောက်က အော်ခေါ်လိုက်ပါသည်။
ရှောက်ရွှမ်သည် သူ့မျက်နှာပေါ်သို့ ကျလာသော နှင်းများကို လက်နှင့် ကာထားလိုက်ပါသည်။ ထိုလူမှာ ဘဲခြံအစောင့် ဖြစ်ပါသည်။
“ဘဲဝတုတ်ဘာပြဿနာရှာပြန်ပြီလဲ” ရှောက်ရွှမ်က မေးလိုက်ပါသည်။
“မဟုတ်ဘူး…ဉတွေက အကောင်ပေါက်ပြီလို့ လာပြောတာပါ”
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၇၄) ဘဲပေါက်လေးများ
ဘဲပေါက်လေးတွေ အကောင်ပေါက်လာပြီလား။
ဘဲဝတုတ်က ဥများကို ဝပ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။အခြားသော ဥများနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ထိုဥများမှာ အချိန်အတော်ကြာနောက်ကျပြီးမှ အကောင်ပေါက်လာပါသည်။
သူတို့သည် အသိုက်တစ်ခုမှ ဖြစ်သော်လည်း၊ ဘဲဝတုတ်ဝပ်သော ဥများက ဘာကြောင့် အကောင်ပေါက်ရန် အချိန်ကြာနေရသနည်း။ ထိုအဖြစ်အပျက်ကို ရှင်းပြရန် တိုက်ဆိုင်မှုများစွာရှိနေပါသည်။ ဘဲဝတုတ်မှာ ဥများကို ဝပ်ရာတွင် မကျွမ်းကျင်ဟုသာ ပြောရမည် ဖြစ်သည်။
“ကျွန်တော်သွားကြည့်လိုက်မယ်” ရှောက်ရွှမ်က သူ့ပစ္စည်းများကို ကျန်းလောအားပေးလိုက်ပါ
သည်။ ထို့နောက်လူအုပ်ထဲမှ တိုးထွက်လာပြီး၊ ဘဲဝတုတ်နောက်သို့ လိုက်သွားပါသည်။
“နှင်းတွေတော်ကျနေတယ်…ဒါတောင်တစ်နေ့ကို ၃ခါရှင်းထားလို့…တစ်ခါတလေ ညဘက်တွေပါ ရှင်းရတယ်” ဘဲခြံအစောင့်က စိတ်ပူနေပါသည်။ “အအေးဒဏ်ကြောင့် ဘဲတွေအများကြီး သေကုန်တယ်”
တချို့ဘဲများမှာ ရွာထဲတွင် မနေဘဲ၊ တောအုပ်ထဲတွင်သာနေကြသောကြောင့် အေးခဲပြီး သေဆုံးကုန်ကြခြင်းဖြစ်ပါသည်။ နည်းနည်းအရွယ်ရောက်နေပြီဖြစ်သော၊ ဘဲပေါက်များလည်း အသက်မရှင်ကြပါ။ သို့သော် ဘဲအများစုကတော့ ဘဲပေါက်လေးများကို ဘဲခြံထဲသို့ ခေါ်ဆောင်လာကြပါသည်။
ရှောက်ရွှမ်သည် ဘဲခြံကိုအကဲခတ်ရင်း ခြံစောင့်ပြောသည်ကို နားထောင်နေလိုက်ပါသည်။
ဘဲခြံထဲတွင် တိတ်ဆိတ်နေပါသည်။ရံဖန်ရံခါမှသာ အော်သံလေးများထွက်ပေါ်လာပါသည်။
သူသည် ဘဲဝတုတ်နေသော ခြံထဲသို့ ရောက်လာပါသည်။ ခြံစောင့်ကတော့ နောက်မှ လိုက်မဝင်ဘဲ၊ အပေါက်ဝတွင်သာရပ်နေပါသည်။ သူခြံထဲသို့ ဝင်လျှင် ဘဲဝတုတ်က လိုက်ဆိတ်တတ်သောကြောင့် ဖြစ်ပါသည်။
ဘဲပေါက်လေးများ၏ အသံများကို ကြားနေရပါသည်။
ရှောက်ရွှမ်က တံခါးကို ဖွင့်လိုက်သောအခါ၊ သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းခြုံနေသည်ကို ခံစားလိုက်ရပါသည်။
အပြင်မှ လေအေးများဝင်မလာစေရန်၊ ရှောက်ရွှမ်သည် တံခါးကို အမြန်ပြန်ပိတ်လိုက်ပါသည်။ ထို့နောက် အလင်းကျောက်ကို ထုတ်ယူလိုက်ပါသည်။
ဘဲဝတုတ်က ရှောက်ရွှမ်ကို သတိထားမိသွားပါသည်။ ထိုအခါ သူ့တကိုယ်လုံးမှ အမွှေးများ ထောင်ထလာပါသည်။ ၎င်းသည် ငြိမ်သက်စွာနှင့် ခံစစ်အနေအထားကို အသင့်ပြင်လိုက်ပါသည်။ မျက်လုံးများက ရှောက်ရွှမ်ပြန်ရောက်လာမည်ကို မယုံသလို ကြည့်နေကြပါသည်။ ဘဲဝတုတ်သည် ရှောက်ရွှမ်ကိုတော့ ကြောက်ပါသည်။
ရှောက်ရွှမ်က ဘဲသိုက်ထဲသို့ ကြည့်လိုက်သောအခါ အစိမ်းရောင်ဘဲပေါက်လေးများကို တွေ့လိုက်ရပါသည်။ ၎င်းတို့သည် အလင်းထွက်ပေါ်လာရာကို ကြည့်လိုက်သော်လည်း၊ ရှောက်ရွှမ်ကို ကောင်းစွာမြင်ဟန်မပြပါ။ အပြင်လူတစ်ယောက်ရောက်လာသဖြင့် ၎င်းတို့သည် တုန်လှုပ်နေကြပါသည်။ သို့သော် ဘဲဝတုတ်ရှိနေကြောင်းကို သိလိုက်မှသာ ပြန်တည်ငြိမ်သွားကြပါသည်။ ထို့နောက် ဘဲပေါက်ကလေးတစ်ကောင်သည် မြက်ခြောက်များပေါ်တွင် မတ်တပ်ထရပ်သည်ကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။ မြက်ပင်များမှာ လျင်မြန်စွာ ၂ပိုင်းကွဲသွားပါသည်။
ဘဲပေါက်လေးများမှာ ဘဲဝတုတ်လိုပင်၊ခြေထောက်တွင် အချွန်အတက်များ ပါကြပါသည်။
ဘဲဝတုတ်၏ဘေးတွင် အကောင်မပေါက်သေးသော ဥများလည်း ရှိနေပါသေးသည်။ ထိုဥများ တစ်လုံးနှင့် တစ်လုံးဥချိန်မတူခဲ့သောကြောင့်၊ အကောင်ပေါက်မည့် အချိန်လည်း တူညီမည် မဟုတ်ပါ။
ရေတွက်ကြည့်လိုက်သောအခါ၊ ရှောက်ရွှမ်သည် ဘဲပေါက်၈ကောင်ကို တွေ့လိုက်ရပါသည်။ သူမသွားခင်တုန်းက ရေခဲ့သည်မှာ ဥ၃၁လုံးရှိပါသည်။ အကောင်ပေါက်ရန် ၂၃လုံး ကျန်နေပါသေးသည်။
ဥများအားလုံးမှ အကောင်ပေါက်ပါ့မလား သူလည်း မသိပါ။
ရှောက်ရွှမ်ကတော့ ဘဲဝတုတ်ကို ထူးဆန်းသည်ဟု ထင်နေမိပါသည်။
အခုဘဲပေါက်လေးများသည် သူမြင်ဖူးသော ဘဲပေါက်များနှင့်မတူပါ။ ၎င်း၏ သားသမီးများမှာ ဘဲဝတုတ်နှင့် လုံးဝမတူပါ။ သူ့မိန်းမများက နောက်မီးလင်းနေခြင်းလား။
သို့သော် ဘဲဝတုတ်က သူ့အစီအစဉ်နှင့်သူ ထိုဥများကိုရွှေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ထိုဘဲဝတုတ်မှာ အပြင်က ဘဲပေါက်လေးများကို သိပ်အရေးမလုပ်ခြင်း ဖြစ်ပါသည်။ ဘဲဝတုတ်မှာ သူနှင့်တူသော ဘဲကလေးများကိုသာ အရေးလုပ်ပါသည်။ ဘဲဝတုတ်သည် ညဘက်တွင်တစ်မျိုး၊ နေ့ဘက်တွင် တစ်မျိုးဖြစ်နေပါသည်။
လောကသဘာဝအရ၊ တိရစ္ဆာန်များသည် ကိုယ်နှင့် မတူလျှင် သတ်ပစ်လေ့ရှိပါသည်။ ထိုဘဲဝတုတ်မှာလည်း ထိုအတိုင်းသာဖြစ်ပါသည်။ ၎င်းသည် သူတို့တူသော ဘဲပေါက်ကလေးများကိုသာ အရေးလုပ်ပါသည်။ အခြားသော ဘဲပေါက်များ
ကို အရေးမလုပ်ပါ။
သူထွက်သွားသောအခါ၊ ရှောက်ရွှမ်သည် မြေကြီးပေါ်တွင် ထူးဆန်းသော အပိုင်းအစများကို မြင်လိုက်ရပါသည်။ ထိုအရာများမှာ ငါးအကြေးခွံများ ဖြစ်ကြပါသည်။
ရှောက်ရွှမ်သည် သူ၏အထူးအမြင်အာရုံဖြင့်၊ ဘဲခြံတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ပါသည်။ ထောင့်တနေရာတွင်တော့ မြက်ခြောက်များကို တွေ့ရပါသည်။ ထိုမြက်ခြောက်များအောက်တွင် ငါးလေးများ၊ သစ်သီးများ ရှိနေကြပါသည်။
ထိုဘဲဝတုတ်သည် အားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ဘဲခြံထဲမှ ပြန်ထွက်လာပါသည်။
“ဘယ်နှကောင်ပေါက်လဲ” အစောင့်က မေးလိုက်ပါသည်။
“၈ကောင်ပေါက်တယ်…ကျန်တဲ့ဥတွေကိုတော့ ဆက်ဥနေတုန်းပဲ”
“ဘဲပေါက်လေးတွေက ဘယ်သူနဲ့တူလဲ”
“ဘဲဝတုတ်နဲ့ပဲ တူတယ်”
ဘဲခြံကို စောင့်သူမှာ သိချင်လှသော်လည်း၊ သူသည် ဘဲခြံထဲသို့ ဝင်၍မရပါ။
“စိတ်မပူပါနဲ့…သူတို့တွေ ဆောင်းကုန်ရင် အပြင်ထွက်လာမှာပါ” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
ရှောက်ရွှမ်သည် ကျန်းလောွအိမ်တွင် ညစာသွားစားပြီး၊ အိမ်ပြန်လာကာ အိပ်လိုက်ပါသည်။ ထိုအချိန်ထိ၊ သူတို့အဖွဲ့မှာ ကောင်းစွာ အနားမရသေးပါ။ ရှောက်ရွှမ်သည် တစ်နေကုန်အိပ်နေပါသည်။ တချို့လူများက ၂ရက်နှင့်၂ညလောက် အိပ်ပျော်သွားကြပါသည်။
တတိယမြောက်နေ့တွင် နှင်းများထူထပ်စွာကျနေသော်လည်း၊ ရွာသားများမှာ ဈာပနအတွက် အလုပ်များနေကြပါသည်။ မီးဖိုကြီးဘေးတွင် စင်တစ်ခုကိုပြုလုပ်ပြီး၊ သေဆုံးသွားသော စစ်သည်တော်များကို ထိုစင်ပေါ်တင်ပြီး မီးသင်္ဂြိုဟ်လိုက်ပါသည်။
ရှင်သန်ချင်လျှင် တိုက်ခိုက်မှ ဖြစ်မည်။ သေဆုံးခြင်းမှာ ဓမ္မတာသာဖြစ်သည်။ မျိုးနွယ်စုဝင်များသည် ထိုသဘောတရားကို သိကြသောကြောင့် ပူဆွေးသောက သိပ်မဖြစ်တော့ပါ။
အခမ်းအနားပွဲပြီးဆုံးသွားသောအခါ၊ အကြီးအကဲက ရှောက်ရွှမ်အားခေါ်ပြီး တိုင်ပင်ပါသည်။
ကျန်းလော်မှာ အနားယူလိုက်ရပြီဖြစ်သောကြောင့်၊ နေပြန်ကောင်းသွားပြီဖြစ်သည်။ လမ်းပင်ပြန်လျှောက်နိုင်နေပြီ ဖြစ်သည်။
ကျန်းလော်သည် ဆားတွင်းတွင် ဖြစ်ခဲ့သည်များ
ကို အဆင့်မြင့်စစ်သည်တော်များနှင့် နတ်ဆေးဆရာမတို့ကို ပြန်ပြောပြနေပါသည်။
ဆားတွင်းများကို စွန့်ပစ်မည့်အကြံအစည်ကို မည်သူကမှ မတားကြပါ။ ၎င်းတို့သည် သားရဲဘုရင်ကြီးကို မမြင်ဖူးကြသော်လည်း၊ မည်မျှ အစွမ်းထက်မည်ဆိုတာကို မှန်းမိကြပါသည်။ ထို့ကြောင့် ထိုနေရာကို ရှောင်နေလိုက်ခြင်းက အကောင်းဆုံးပင်။
သူတို့တွင်ဆားများ အတော်များများပါလာပါသည်။ ထို့ပြင် မီးလျှံသလင်းကျောက်များကိုလည်း ရရှိလာကြပါသည်။ မီးလျှံသလင်းကျောက်များမှ စွမ်းအင်များကို စုပ်ယူလိုက်မည်ဆိုလျှင်၊ စစ်သည်တော်များမှာ အခုထက် စွမ်းအင်များတိုးပွားလာမည် ဖြစ်သည်။
ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် သူတို့အတွက် ဆေးဝါးများကို ပို့ပေးလိုက်ပါသည်။ အခုလိုမျိုးရာသီဥတုကို သူတို့သည် အခုမှ ကြုံဖူးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကလေးများ ဖျားနာကြ
ပါသည်။
နတ်ဆေးဆရာမက သူစဉ်းစားထားသော ဆောင်းတွင်းအတွက် အကြံအစည်များကို ပြောြပနေပါသည်။ ရွာကိုစွန့်ခွာသွားရန်တော့ မဖြစ်နိုင်သေးပါ။ ထို့ပြင် အခုထက် ရေမြေကောင်းသောနေရာကို သူရှာမတွေ့သေးပါ။ ၎င်းတို့သည် ရာသီဥတုဒဏ်ကို ဖြတ်ကျော်နိုင်မှသာ ရှင်သန်နိုင်မည် ဖြစ်သည်။
စစ်သည်တော်များက အနွေးဓာတ်ရရန် အိမ်ထဲတွင် မီးဖိုများဖိုထားပါသည်။ သူတို့တွင် တိရစ္ဆာန်သားရေများစွာရှိနေသောကြောင့်၊ အဝတ်အစားအတွက်လည်း ပူစရာ မလိုပါ။ တချို့သော မျိုးနွယ်စုအငယ်လေးများမှ လူများကတော့ သေဆုံးကုန်ပါသည်။ အသေးစိတ်ကိုတော့ ဘယ်သူမှ မသိကြပါ
ရွာတွင် စီမံစရာရှိသည်များကို စီမံပြီးသောအခါ၊ ခေါင်းဆောင်ကြီးများသည် မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့အကြောင်းကို တိုင်ပင်ဆွေးနွေး
ကြပါသည်။ ဆောင်းကုန်သွားသောအခါ၊ ၎င်းတို့သည် ဆားတွင်းတွင် ကျန်ခဲ့သောသူများ၏ သတင်းကို နားစွင့်နေကြပါည်။ တောင်လေမျိုးနွယ်စုမှာ မြေခွေးမျိုးနွယ်စုနှင့် တိုက်ပွဲစတင်ချင်နေပါသည်။ သို့သော် ကျန်းလောက သဘောမတူသေးပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာမဟုတ်၊ ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုများမှာ ဆားတွင်းတွင် ကျန်ခဲ့သော မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုတို့ ဘာဖြစ်နေကြမလဲ သိချင်နေကြပါသည်။
ထိုအချိန်တွင် ဆားတွင်းများထဲတွင် ကျန်နေခဲ့သော သူများမှာ သေဆုံးကုန်ကြပြီ ဖြစ်ပါသည်။
သားရဲဘုရင်ကြီးက ထိုလူများမှာ အတူတူပူးပေါင်နေကြသလား ဂရုမစိုက်ပါ။ ထိုနယ်မြေသည် သားရဲဘုရင်ကြီး၏ နယ်မြေဖြစ်သည်။ အားလုံးမှာ သူ့ကို လေးစားသင့်ပါသည်။
သားရဲဘုရင်ကြီးသည် ထိုလူများကို ၂ကြိမ်တိုင်တိုင် သတိပေးသော်လည်း၊ ထိုလူများက မိုက်မဲစွာနှင့် သူ့ကို တိုက်ခိုက်ရန် ပြင်ခဲ့ပါသည်။
ထိုအခါ သားရဲဘုရင်ကြီးမှာ ဒေါသထွက်လာပါသည်။
ဆားအိတ်များနှင့် မီးလျှံသလင်းကျောက်များထည့်ထားသည့် အိတ်များကို သယ်ဆောင်လာသော လူများသည် နှင်းတောထဲသို့ ထွက်ပြေးကြပါသည်။ မပြေးနိုင်သောသူများမှာ သေဆုံးကုန်ကြပါသည်။ ကျန်သူများကတော့ လေထဲမြောက်တက်သွားကြပြီး၊ ဘယ်နေရာကို ပြန်ကျသွားလဲ မည်သူမှ မသိကြပါ။
မြေခွေးမျိုးနွယ်စုနှင့် ရှန်မျိုးနွယ်စုဝင်များသည် ထွက်ပြေးလာကြပါသည်။ သူတို့သည် ထိုသားရဲကြီးက သူတို့ကို တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားပါ။ သူတို့သည် ဆားအိတ်များနှင့် သလင်းကျောက်အိတ်များကို သယ်ပြီးထွက်ခွာသွားရန် ပြင်နေစဉ်မှာ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်
ပါသည်။
မြေခွေးမျိုးနွယ်စုဝင်များ ငါးစာအဖြစ်အသုံးပြုခဲ့သော လူများမှာ အေးခဲပြီးသေကုန်ပြီဖြစ်သည်။ ငါးစာအဖြစ်အသုံးပြုရန် လူများမရှိတော့သောအခါ၊ မျိုးနွယ်စုထဲမှ အသက်ရှင်ကျန်ရစ်သူများ သိပ်မရှိတော့ပါ။
မြေခွေးမျိုးနွယ်စုအကြီးအကဲနှင့် သူ့ချစ်သူတို့သည် နှင်းတောထဲတွင် ပြေးလွှားနေ၏။ ၎င်းတို့သည် ကျန်သူများကို အရေးမစိုက်နိုင်တော့ပေ။ မြေခွေးမျိုးနွယ်စုဝင်များသည် အဖွဲ့၃ဖွဲ့ခွဲပြီး၊ ပြေးကြပါသည်။ ကျန်သူများ၏ အခြေအနေကို သူမသိပါ။
လာတုန်းကတော့ သူတို့တွင် လူပေါင်း၁၂၀၀လောက်ပါလာပါသည်။ သို့သော် အခုတော့ ၃၀၀လောက်သာ ကျန်ခဲ့ပါတော့သည်။ သူတို့မှာ ဆားတွင်းများမှ မလွတ်မြောက်သေးပါ။ ရှန်မျိုးနွယ်စုဝင်အချို့ကတော့ သူတို့ကို အကူအညီပေးပါသည်။
လူပေါင်းများစွာ ဆုံးရှုံးလိုက်ရသောကြောင့် မြေခွေးမျိုးနွယ်စုအကြီးအကဲမှာ စိတ်ထိခိုက်နေပါသည်။ ဆားများနှင့် မီးလျှံသလင်းကျောက်များဆုံးရှုံးလိုက်ရခြင်းထက် သူ့လူပေါင်းများစွာ သေဆုံးသွားရခြင်းက ပိုဆိုးပါသည်။ သူသည် ရာထူးမှပင် ဖယ်ပေးသင့်ပါသည်။ သူရွာသို့ ပြန်ရောက်လျှင် ဘာတွေ ဖြစ်လာမလဲ မည်သူမှ မသိကြသေးပါ။
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကြောင့် ဒီလို ဖြစ်တာ” အမျိုးသမီးက ပြောလိုက်ပါသည်။
“ဟုတ်တယ်…အဲဒါသူတို့ကြောင့် ဖြစ်တာ”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကြောင့်သာမဟုတ်လျှင်၊ အခြေအနေများမှာ သူတို့ စီစဉ်ထားသလို ဖြစ်လာမည် ဖြစ်သည်။ သူတို့စီစဉ်ထားသည့်အတိုင်း ဂူများပြိုကျပြီး၊ လူများအားလုံး အေးခဲပြီး သေကုန်မည် ဖြစ်ပါသည်။ ရှန်မျိုးနွယ်စုဝင်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ
နှင့် အသေခံပြီးတိုက်နေချိန်တွင်၊ သူတို့က သာသာယာယာထိုင်ကြည့်နေရုံသာဖြစ်ပါသည်။
သို့သော် သားရဲဘုရင်ကြီးက သူတို့ကို မမျှော်လင့်ဘဲ၊ တိုက်ခိုက်လာပါသည်။
သူတို့ထွက်ပြေးလာရာလမ်းတွင် မီးတောက်ဦးချို၊ထိုက်ဟယ်နှင့် တောင်လေမျိုးနွယ်စုဝင်များ၏ အလောင်းများကို မတွေ့ရပါ။ “ဒီကောင်တွေ ဘာမှမဖြစ်ကြဘူးလား”
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသွားခဲ့သော လမ်းကြောင်းအတိုင်းလိုက်လာသော်လည်း၊ အလောင်းဆို၍ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးပင် မတွေ့ရပါ။
“သားရဲကြီးတွေ စားသွားတာ ဖြစ်ပါစေဗျာ”
သို့သော် စိတ်ထဲကတော့ ထိုမျိုးနွယ်စုသုံးခုဘာမှ မဖြစ်ကြောင်း သိနေကြပါသည်။ သို့သော် မြေခွေးမျိုးနွယ်စုအကြီးအကဲက ဝင်မခံပေ။
ထိုအကြောင်းများကို စဉ်းစားမိလေ၊ ဒေါသထွက်လာလေဖြစ်သည်။
သူသာ အသက်ရှင်မည်ဆိုပါက၊ မီးတောက်ဦးချိုမျိုးနွယ်စုကို လက်စားချေရန် ဆုံးဖြတ်လိုက်သည်။
“ဒီကောင်တွေကိုတော့ ကမ္ဘာမကြေဘူး…”
(ဆက်ရန်…)