ဂိမ်းဗိုလ်လုပွဲ
Vol. 8 Ch. 106
[ချီးပဲ နောက်ဆုံးတော့ ဝိုင်နတ်ဘုရား ပြန်ဖြေလာပြီ]
[မြတ်စွာဘုရား အဲ့ဒါက တိုက်ရိုက်ထုတ်လွှင့်ခြင်း လောကကို တုန်လှုပ်စေတဲ့ ကြီးမားတဲ့ ဖြစ်ရပ်ကြီးလေ၊ မင်း ဘယ်လိုလုပ် မသိရတာလဲ]
[ဝိုင်နတ်ဘုရား မသိဘူးလား၊ ထုတ်လွှင့်ရေး ပလက်ဖောင်းရဲ့ ပင်မစာမျက်နှာကို မြန်မြန်ကြည့်ကြည့်]
[ဝိုင်နတ်ဘုရား လှုပ်ရှားတော့မှာလား၊ သူတို့ကို လုပ်လိုက်တော့]
[ဝိုင်နတ်ဘုရား တစ်ယောက်ယောက်က ခင်ဗျားကို စိန်ခေါ်နေပြီ၊ ခင်ဗျား စိန်ခေါ်ပွဲထဲ ပါမှာလား]
…
ရဲ့လင်းချန် ထုတ်လွှင့်ရေး ပလက်ဖောင်းကို သွား၍ ပင်မစာမျက်နှာကို ကြည့်ကြည့်လိုက်သည်။ ဖန်သားပြင် တစ်လျှောက်တွင် ထိပ်ဆုံးသို့ ရောက်နေသော အနီရောင် စာတန်းကြီး တစ်ခုကို တွေ့လိုက်ရ၏။
ဤသို့ ပလက်ဖောင်းတစ်ခွင်၌ ပြသထားသည့် စာတန်းမျိုးသည် အနည်းဆုံး တစ်နာရီကို ယွမ်တစ်သောင်းမျှ ကုန်ကျသည်။ ထိုသို့သောအချိန်၌ စာတိုများက ထပ်ခါထပ်ခါ ပေါ်နေသည်။
[တရုတ်ပြည်ရဲ့ DOTAက ဘာမှမဟုတ်ဘူး၊ တင်ဆက်သူအားလုံးက အမှိုက်တွေပဲ၊ အဲ့လူသစ် ငါးဆားနုံ ဝိုင်နတ်ဘုရားလို့ ကြောက်လို့ ပုန်းနေပြီ၊ သူ့ကိုယ်သူတောင် ထွက်မပြရဲဘူး၊ ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ]
တစ်ခါတရံတွင် အချို့သော မျိုးချစ်စိတ် ထက်သန်သူများက စာတန်းနေရာကို ဝယ်ယူ၍ ဂျပန်နိုင်ငံနှင့် အငြင်းအခုံ ပြုကြသည်။
*ဘာလဲဟ*
*ဂျပန်က တရုတ်ပြည်ကို DOTA ပိုင်းမှာ စိန်ခေါ်တာလား*
ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးနေပြီးနောက် ကိုးလ်ကို ခေါ်လိုက်သည်။
“ပလက်ဖောင်းပေါ်က စာတန်းက ဘာဖြစ်တာလဲ”
ရဲ့လင်းချန် အာလာပ သလာပတွေ ပြောမနေဘဲ လိုရင်းကိုသာ တန်းမေးလိုက်သည်။
“အဲ့ဒါ ဂျပန်က တင်ဆက်သူ ငါးယောက်လေ၊ သူတို့က အဖွဲ့ဖွဲ့ပြီး တရုတ်ပြည်ကို DOTAနဲ့ စိန်လာခေါ်တာ၊ ဒီထုတ်လွှင့်ရေး ပလက်ဖောင်းမှာ သူတို့ နာမည်ကျော် တင်ဆက်သူ တစ်ယောက်ပြီး တစ်ယောက် ဝင်လာ နေကြတယ်၊ ငါတို့နိုင်ငံက ဘယ်သူမှ သူတို့ကို မယှဉ်နိုင်တော့ သူတို့ကိုယ်သူတို့ မာန်တက်နေကြတာ”
ကိုးလ်က ရှင်းပြလိုက်သည်။
“တင်ဆက်သူ အားလုံး ရှုံးသွားတာလား၊ မင်းရောလား၊ ရည်းစားစာဆိုတဲ့ လူရောပဲလား”
ရဲ့လင်းချန် အံ့ဩသွားသည်။
ထုတ်လွှင့်ရေး ပလက်ဖောင်းဖြစ်သော ဟူယွီသည် ဂိမ်းကစားခြင်းအား ထုတ်လွှင့်ရာ၌ အတော်လေး အရေးပါသည်။ တင်ဆက်သူ အများစုက တော်တော့်ကို ထူးချွန်ကြသည်။ ရဲ့လင်းချန်သည်လည်း တစ်ခါတရံ သူတို့ကို လိုက်ကြည့်လေ့ ရှိသည်။ သူတို့အားလုံး ဂျပန်ကို ရှုံးသွားသည်က အံ့ဩစရာပင်။
ဂျပန်ဘက်က အပြည့်အဝ ပြင်ဆင်ပြီးမှ ရောက်လာပုံ ရသည်။
“ငါတို့အားလုံး ရှုံးသွားတယ်”
ကိုးလ် သက်ပြင်းချလိုက်သည်။
“သူတို့ငါးယောက်က တကယ် တော်တယ်၊ ငါတို့လည်း အတော်ဆုံး တင်ဆက်သူ ငါးယောက် ပေါင်းပြီး သူတို့နဲ့ ပြိုင်တာပဲ၊ ဒါပေမဲ့ ရှုံးသွားရတယ်”
“မင်း ဘာလို့ ငါ့ကို မပြောတာလဲ”
“နင်က အခု ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ထုတ်လွှင့်နေတာလေ၊ ပြီးတော့ နင့်မှာ ပရိသတ်လည်း တော်တော် ရနေပြီ၊ အဲ့ဒါအပြင်ကိုမှ နင့်ကို ဂိမ်းသမားလို့ သတ်မှတ်လို့ မရတော့ဘူးလေ၊ နင့်ကို ဒီထဲ ဆွဲထည့်ဖို့ မလိုတော့ဘူး၊ ပီးတော့ …”
“ပြီးတော့ ငါလည်း ရှုံးမှာပဲလို့ တွေးနေတာ မဟုတ်လား”
“ဂျပန်က ငါးယောက် တကယ် တော်တယ်၊ သူတို့က ကောင်းကောင်းပြင်ဆင်လာပြီးတော့ အဖွဲ့လိုက် စွမ်းရည်လည်း ကောင်းတယ်၊ သူတို့က အချင်းချင်း တော်တော်ညီတာ၊ ငါတို့ဘက်မှာကျတော့ ငါတို့က ယာယီ ဖွဲ့လိုက်တဲ့ အသင်းလေ၊ ငါတို့အတွက် နိုင်ဖို့ သိပ်ခက်တယ်”
ကိုလ်းက ရဲ့လင်းချန်ကို ဖျောင်းဖျလာသည်။
“နင် ဒီလောက်များတဲ့ ပရိသတ်တွေ ရလာဖို့ အတော်လေး အားထုတ်ခဲ့ရတာ၊ နင် ရှုံးသွားရင် အားလုံး အလကား ဖြစ်လိမ့်မယ်”
ကိုးလ်က သူ့အတွက် စဉ်းစားပေးနေခြင်းဖြစ်ကြောင်း ရဲ့လင်းချန် နားလည်ပါသည်။ သို့သော် ဘာပဲဖြစ်နေပါစေ သူ ဤကိစ္စကို သည်အတိုင်း ကျော်မသွားနိုင်ပါ။
“ကိုးလ် မင်း ငါနဲ့ အဖွဲ့ဖွဲ့လိုက်၊ ပြီးတော့ ရည်းစားစာ၊ ၀၉ နဲ့ ဝူအာကိုလည်း ခေါ်လိုက်၊ ငါ ဂျပန်နဲ့ ပြိုင်မယ်”
ရဲ့လင်းချန်က အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် ကီးဘုတ်ကို တဂျောင်းဂျောင်း ရိုက်၍ အပြင်းအထန် အားထုတ်တော့သည်။ တွေဝေမနေဘဲ သူ တတ်နိုင်သည့် အကြီးဆုံး စာတန်းနေရာကို ဝယ်ယူလိုက်သည်.
[ငါ ဂျပန်က စိန်ခေါ်တာကို လက်ခံတယ်]
ထိုရိုးရှင်းသော စာသားတစ်ကြောင်းက ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
[ဝိုင်နတ်ဘုရား၊ ဒါ ဝိုင်နတ်ဘုရားပဲ၊ နောက်ဆုံးတော့ သူ ရောက်လာပြီ]
[ငါ ဒီနေ့ကို အကြာကြီး စောင့်လိုက်ရတယ် …]
[ဝိုင်နတ်ဘုရား မင်း ဘာလို့ ဒီလောက် ကြာနေတာလဲ၊ ငါ မင်းကို သတ်မလို့ မေးလ်တောင် ပို့မိတော့မလို့]
[ဝိုင်နတ်ဘုရား၊ ငါ မင်းကို ယုံတယ်၊ အကောင်းဆုံးလုပ်ပါ]
စိတ်နုသော လူတော်တော်များများသည် မျက်လုံးများ ဝေဝါးကာ မျက်ရည်များ ဝဲလာကြသည်။ ထိုအချိန်တွင် ရဲ့လင်းချန်က ဒုတိယ စာတန်းနေရာကို ဝယ်၍ ထပ်ရေးလိုက်သည်။
[ကိုယ့်လူတို့ စိတ်မပူနဲ့၊ တစ်ခွန်းပဲ ပြောလိုက်မယ်၊ သူတို့ကို ဖြတ်ရိုက်ပစ်မယ်]
[ဟားဟားဟား ဟုတ်တယ် ဖြတ်ရိုက်ပစ်လိုက်]
[ဟုတ်တယ် ဂျပန်ကောင်က မြေယိုးတွေကို ဖြတ်ရိုက်ပစ်]
[နေပါဦး ဖြတ်ရိုက်ပစ်မယ်ဆိုတာ နှစ်ခွန်း မဟုတ်ဘူးလား]
[အသေးစိတ် လိုက်ပြောမနေနဲ့၊ ဝိုင်နတ်ဘုရားက တစ်ခွန်းတည်းလို့ ပြောရင် တစ်ခွန်းတည်းပဲ]
ပြီးခဲ့သည့် အတောအတွင်း ဂျပန်မှ စာသားကသာ ထိပ်ဆုံး၌ နေရာယူခဲ့သည်။ ဤသို့သော အရှက်ခွဲခံရမှုက လူတိုင်း၏ ရင်ထဲ၌ အချိန်အတော်ကြာအောင် စွဲနေခဲ့လေသည်။
ဝိုင်နတ်ဘုရား ပြန်ပေါ်လာခြင်းက သူတို့ကို စိတ်အားတက်ကြွစေသည်။ ပလက်ဖောင်းတစ်ခုလုံး ဆူညံ ပွက်လောရိုက် သွားသည်။ ဂိမ်းလောကကို စိတ်မဝင်စားသူများပင် အာရုံစိုက်လာကြသည်။ Honor of Kings နှင့် League of Legends မှ ကစားသမားများပင် DOTA ပွဲကို လာကြည့်လေသည်။
“ကလင်”
ရဲ့လင်းချန် ကိုယ်ထင်ပြပြီး သိပ်မကြာခင်မှာပင် သူ့ဖုန်းက မြည်လာသည်။ ဖုန်းခေါ်ဆိုသူမှာ စုန့်ချမ် ဖြစ်နေ၏။
“ဝိုင်နတ်ဘုရား မင်း စိန်ခေါ်တာကို လက်ခံတာလား”
စုန့်ချမ်၏ အသံက စိုးရိမ်သံ ပေါက်နေသည်။
“ဟုတ်တယ်”
“အရမ်း မဆင်မခြင် လုပ်လွန်းတယ်ကွာ”
စုန့်ချမ် ငိုချင်လုနီးပါး ဖြစ်သွားသည်။
“မင်း ဘာလို့ ငါတို့နဲ့ အရင်မတိုင်ပင်တာလဲ”
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“ဘာကိစ္စအတွက်လဲ၊ ပလက်ဖောင်းက သုံးစွဲသူရဲ့ လွတ်လပ်ခွင့်ကို ဝင်ပါချင်တာလား”
“အဲ့လို မဟုတ်ဘူး၊ ဝိုင်နတ်ဘုရား မင်း နားလည်မှု လွဲနေပြီ”
စုန့်ချမ် အလျင်အမြန် ရှင်းပြလိုက်သည်။
“မင်း DOTA ကျွမ်းတာ ငါ သိတယ်၊ ဒါပေမဲ့ ဂျပန်ဘက်ကလည်း လွယ်တာ မဟုတ်ဘူး၊ ငါတို့ ပလက်ဖောင်းက တင်ဆက်သူအားလုံး ရှုံးသွားတာ”
“အဲ့တော့ ဘာဖြစ်လဲ”
“အဲ့ကိစ္စကြောင့် ငါတို့ ထုတ်လွှင့်ရေး ပလက်ဖောင်းက Bad reviews တွေ အများကြီး ရနေပြီးတော့ ငါတို့ တင်ဆက်သူတွေက အသုံးမကျဘူးလို့ အပြောခံနေရတာ၊ အဲ့ဒါကြောင့် ငါတို့ နာမည် တော်တော်လေး ကျနေတာ”
စုန့်ချမ် ခါးသီးစွာ ပြောလိုက်သည်။
“မင်းကို ငါတို့ ဝှက်ဖဲအဖြစ် သတ်မှတ်ထားတာ၊ မင်း ရှိနေရင် နောက်ဆုံး မျှော်လင့်ချက်ကို ကိုင်ထားသလိုပဲ၊ မင်း ရှုံးသွားခဲ့မယ်ဆိုရင် …”
“စိတ်ချပါ ကျွန်တော် မရှုံးဘူး”
ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြော၍ ဖုန်းချလိုက်သည်။
…
ထုတ်လွှင့်ရေး ပလက်ဖောင်း၏ ဌာနချုပ်၌ စုန့်ချမ် စိတ်ပျက်နေ၏။
“စုန့်ချမ် ဝိုင်နတ်ဘုရားက မယုံရပါဘူးလို့ ကျွန်မ ရှင့်ကို ပြောသားပဲ၊ ရှင် စစ်ယွီကိုသာ တွန်းပို့ပေးခဲ့မယ်ဆိုရင် ကျွန်မတို့ ဒီလို ပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး”
ကျိုးမင်က ဘေးနားမှနေ၍ လှောင်ရယ်နေသည်။ သူမဘေး၌ စစ်ယွီက ညှို့ဓာတ်ပြင်းသော ရက်ရက်စက်စက် ဖော်ထားသည့် အဝတ်အစားကို ဝတ်ဆင်ထားသည်။
ဟူယွီ ထုတ်လွှင့်ရေးသည် ဝိုင်နတ်ဘုရားအပေါ် အတော်လေး အားပေးသည်။ အကယ်၍ ဝိုင်နတ်ဘုရားသာ ရှုံးသွားပါက ကျော်ကြားမှု ကျဆင်းနှုန်းက ထုတ်လွှင့်ရေး ပလက်ဖောင်းကိုပါ ထိခိုက်လာစေနိုင်သည်။
“ဒါရိုက်တာစုန့်၊ ဒါ ခင်ဗျား ထင်သလိုလည်း မဆိုးလောက်ပါဘူး”
ရှောင်ကျန်းက ပြောလာသည်။
“ပထမဆုံးအနေနဲ့ ဝိုင်နတ်ဘုရားရဲ့ တုံ့ပြန်ချက်က ထုတ်လွှင့်ရေး ပလက်ဖောင်းရဲ့ ကျော်ကြားမှုကို ချက်ချင်း ပြန်တက်လာစေတယ်၊ သူ့ရဲ့ ဂျပန်ကို ပြန်စိန်ခေါ်တာကလည်း ထပ်ပြီး လူအာရုံစိုက်စေမှာပဲ၊ တကယ်လို့ ဝိုင်နတ်ဘုရား နိုင်သွားခဲ့ရင် …”
“နိုင်သွားခဲ့ရင် ဟုတ်လား”
ကျိုးမင်က လှောင်ရယ်လေသည်။
“သူက ဘာနဲ့ နိုင်မှာလဲ၊ ငါတို့ ပလက်ဖောင်းတစ်ခုလုံးက တင်ဆက်သူတွေ ရှုံးသွားပြီလေ၊ သူက ဘယ်လို နိုင်မှာလဲ”
“ကျွန်မ ဂိမ်းနဲ့ပတ်သက်ပြီး သိပ်မသိဘူးဆိုပင်မယ့် ဂျပန်က ငါးယောက်က ကောင်းကောင်းပြင်ဆင်လာတယ် ဆိုတာတော့ သေချာသိတယ်၊ နိုင်ဖို့ ခက်လိမ့်မယ်”
တစ်ချိန်လုံး ငြိမ်နေသည့် စစ်ယွီကလည်း ဝင်ပြောလာသည်။
“ဒီအဖြစ်ကို မြန်မြန် ရှင်းပြီး ဝိုင်နတ်ဘုရားကို ထောက်ပံ့ပေးနေတာကို ရပ်လိုက်ဖို့ ပြောချင်တယ်၊ သူ့ကို အချိန် ခဏလောက် ငြိမ်ခိုင်းပြီးတော့ စစ်ယွီကို ကြော်ငြာပေးနိုင်မယ့် အခွင့်အရေးကို အရယူသင့်တယ်”
ကျိုးမင်က အကြံပေးသည်။
စုန့်ချမ်က ငြိမ်မြဲငြိမ်နေသည်။ သူ့အကြည့်များက လျင်မြန်စွာ ဝင်းလက်လာ၏။
“ရှောင်ကျန်း မင်းလည်း DOTA ဆော့တာကို ငါ မှတ်မိပြီ၊ ငါ့ကို အမှန်အတိုင်းပြော၊ ဝိုင်နတ်ဘုရားက ဘယ်အဆင့်လဲ”
စုန့်ချမ်က အလွန် အလေးအနက်ထားသော လေသံဖြင့် ပြောလာသည်။
“သူက အံ့ဩစရာကောင်းတယ်”
ရှောင်ကျန်းက သိပ်တွေးမနေဘဲ ပြောလိုက်သည်။
“သူက များများစားစား မထုတ်လွှင့်တတ်ဘူး၊ ဒါပင်မယ့် သူ့ရဲ့ ပွဲတိုင်းက စာအုပ်ထဲမှာ ဥပမာ ပြရလုနီးပါး အဆင့်ပဲ၊ ထိပ်တန်း ဆယ်ယောက်ထဲတောင် ဝင်တယ်၊ ရည်းစားစာလည်း သူ့ကို ရှုံးဖူးတယ်၊ အရင်တုန်းက သူ ဂိမ်းကစားတာကို ထုတ်လွှင့်တာက ပရိသတ်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့တာ”
“သူ့ရဲ့ ဂျပန်နဲ့ ပြိုင်ပွဲမှာ နိုင်နိုင်ချေကိုရော မင်း ဘယ်လိုထင်လဲ”
စုန့်ချမ် ဆက်မေးသည်။
“ဒါက … ပြောဖို့တော့ ခက်တယ်”
“ဒါပေမဲ့ ဝိုင်နတ်ဘုရား နိုင်မယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့နိုင်ငံက ဂျပန်ထက် ပိုသာတယ်”
“ဟုတ်တယ် ငါတို့နိုင်ငံက ဂျပန်ထက် ပိုသာတယ်”
စုန့်ချမ်၏ မျက်လုံးများက အရောင်လက်လာသည်။
“ဝိုင်နတ်ဘုရားနဲ့ ဂျပန်နိုင်ငံက လူတွေရဲ့ ပြိုင်ပွဲကို ငါတို့ ပလက်ဖောင်း ပင်မစာမျက်နှာရဲ့ အထင်ရှားဆုံး နေရာမှာ ငါ ထားချင်တယ်၊ မဟုတ်ဘူး ပင်မစာမျက်နှာရဲ့ အခြား ကြော်ငြာအားလုံးကို ဖျက်ပြီး ဝိုင်နတ်ဘုရားရဲ့ ပြိုင်ပွဲကိုပဲ ကြော်ငြာလိုက်၊ ပြိးတော့ ဝေ့ပေါ်ရဲ့ ထိပ်တန်း ရှာဖွေမှု နေရာကိုလည်း သွားတယ်လိုက်၊ ပြီးတော့ … တရုတ်နဲ့ ဂျပန်ရဲ့ ဂိမ်းဗိုလ်လုပွဲလို့ ခေါင်းစဉ်တပ်လိုက်”