← Chapters

ခွေးများကို သနားခြင်း

Vol. 8 Ch. 107

ခွေးများကို သနားခြင်း

Vol. 8 Ch. 107

“ဘာ … ရှင် ရူးနေပြီ”

ကျိုးမင် အံ့အားသင့်သွားသည်။ သူမက စုန့်ချမ်ကို စိုက်ကြည့်လိုက်သည်။

“ရှင် ဘာလုပ်နေသလဲ သိရဲ့လား”

“ဒါပေါ့ ငါ သိတာပေါ့”

စုန့်ချမ်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ဒါ ငါတို့ ထုတ်လွှင့်ရေး ပလက်ဖောင်းအတွက် တစ်သက်မှာ တစ်ကြိမ်ပဲ ရနိုင်မယ် အခွင့်အရေးပဲ”

“အခွင့်အရေး ဟုတ်လား”

ကျိုးမင် ဒေါသထွက်သွားသည်။

“သူ ရှုံးသွားရင် ကျွန်မတို့ ပလက်ဖောင်း ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေကို‌ရော ရှင် စဉ်းစားပြီးပြီလား”

“ဝိုင်နတ်ဘုရားနဲ့ တရုတ်နိုင်ငံရဲ့ ဂိမ်း အဖွဲ့အစည်းကို ငါ ယုံတယ်”

စုန့်ချမ်က ဆုံးဖြတ်ချက်ချထားသော အသံဖြင့် ပြန်ပြောလိုက်သည်။

“ရှောင်ကျန်း ငါ ပြောတဲ့အတိုင်းလုပ်”

စုန့်ချမ်၏ လှုပ်ရှားမှုကြောင့် အဖြစ်အပျက်က အမြင့်ဆုံးအထိ ထိုးတက်သွားသည်။ ခဏကြာသော် မရေတွက် နိုင်သော ကြည့်ရှုသူများက တစ်ဆင့်စကားဖြင့် ကြားပြီး ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုထဲသို့ ရောက်လာကာ အားပေးကြလေသည်။

[ဝိုင်နတ်ဘုရားက ပြန်ဆော့နေပြီလား၊ ငါ မစောင့်နိုင်တော့ဘူး]

[သူ ဂျပန်နိုင်ငံကို ရင်ဆိုင်မလို့လား၊ သူ ရှုံးရင်တော့ ငါ မုန်းမိမှာပဲ]

[မင်း နိုင်မှဖြစ်မယ်၊ ဝိုင်နတ်ဘုရား အကောင်းဆုံးလုပ်ပါ]

ထိုအခါ ဂျပန်နိုင်ငံမှ ငါးယောက်ကလည်း ထုတ်လွှင့်ရေး ပလက်ဖောင်းပေါ်မှ ပြန်တုံ့ပြန်လာ၏။

[အဲ့ဒီ ငကြောက်ကောင် ဝိုင်နတ်ဘုရား ပေါ်လာပြီလား၊ ငါတို့နိုင်ငံက သူ့ကို သင်ခန်းစာ ပေးမှပဲ]

ရဲ့လင်းချန်က ဖြုံပင်မဖြုံချေ။

[အရေးမပါတာတွေ ပြောမနေနဲ့၊ စလိုက်တာပေါ့]

ရည်းစားစာနှင့် ကျန်လူများသည်လည်း ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီး ဤဗိုလ်လုပွဲ၌ ရဲ့လင်းချန်နှင့် ပူးပေါင်းရန် သဘောတူလိုက်ကြသည်။

သူတို့သည် သာမန် ကစားသမားလေး အဖြစ်မှနေ၍ ထုတ်လွှင့်ရေး ပလက်ဖောင်းမှ နာမည်ကျော် တင်ဆက်သူများ ဖြစ်လာချိန်အထိ DOTA ကို ချစ်မြတ်နိုးကြသည်။

သူတို့၏ ဂျပန်ဘက်ကို ရှုံးသွားခြင်းက သူတို့စိတ်ကို အတော်လေး ကျဆင်းစေပြီး အဖြစ်အပျက်ကို ပြောင်းပြန်လှန်ချင်စိတ် ပေါ်ပေါက်စေ၏။ ရဲ့လင်းချန်က ယခု ဦးဆောင်မည် ဆိုလာသောအခါ သူတို့ ပြန်ချရန် ရှက်နေစရာ အကြောင်း မရှိတော့ချေ။

[ဝိုင်နတ်ဘုရား မင်း ငါ့ကို တစ်ကြိမ် အနိုင်ယူခဲ့တယ်ဆိုပင်မယ့် ငါ မင်းကို လက်မခံနိုင်ဘူး၊ မင်း ငါတို့ကို အနိုင်ရအောင် ဦးဆောင်နိုင်မယ်ဆိုရင် ရည်းစားစာဆိုတဲ့ငါက မင်းဆီမှာ အညံ့ခံမယ်]

[အစ်ကို ဝိုင်နတ်ဘုရား၊ ညီမက အစ်ကိုရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို နားထောင်ရတာ ကြိုက်တယ်၊ အချိန်ရမယ်ဆိုရင် သီးသန့် ဆွေးနွေးကြမလား]

အလွန်တရာ ချစ်စရာကောင်းပြီး နွေးထွေးရစ်မူးဖွယ်ကောင်းသော အသံလေးက ထိုစကားကို ပြောလာ၏။ ယင်းက ကြားလိုက်ရသည့် မည်သူ့ကိုမဆို မိန်းမောသွားစေ၏။

[ဝူအာ ဣန္ဒြေရရ နေစမ်း]

အေးစက်မာကြောသော အသံတစ်သံက ဝင်ငေါက်လာသည်။

[ညီမက တင်းမာနေတဲ့ အခြေအနေကို ပြေလျော့သွားအောင် လုပ်ပေးချင်ရုံလေးပါ၊ အစ်မကိုးလ် ဘာလို့ ဒီလောက် စိတ်ဖိစီးခံနေတာလဲ]

ဝူအာကို ရှောင်ဝူဟုလည်း လူသိများပြီး နောက်ထပ် လှပသော မိန်းကလေး တင်ဆက်သူ ဖြစ်သည်။ သို့သော် ကိုးလ်နှင့် မတူစွာပင် သူမ၏ ပရိသတ်များက သူမ၏ နှစ်လိုဖွယ်ကောင်းမှုကြောင့် သဘောကျကြခြင်း ဖြစ်လေသည်။

နှစ်လိုဖွယ်ကောင်းမှုက သူမ၏ ဂိမ်းစွမ်းရည်နှင့် လားလားမျှ မသက်ဆိုင်ချေ။ ဂိမ်းကစားတတ်ခြင်းထက် သူမ၏ နှစ်လိုဖွယ်ကောင်းသော ရုပ်သွင်နှင့် ချစ်စရာကောင်းသော အသံတို့ကြောင့်သာ နာမည်ကြီးခြင်း ဖြစ်၏။

သူမ၏ ဂိမ်းစွမ်းရည်က ကိုးလ်နှင့် မယှဉ်နိုင်သော်လည်း သူမ၏ ချစ်စရာကောင်းသော အသံက otaku များစွာကို သိမ်းပိုက်သွားပြီး သူတို့စိတ်ထဲ၌ ကလိကလိ ဖြစ်လာစေ၏။

[ရှောင်ဝူ အခုက နောက်နေရမယ့် အချိန် မဟုတ်ဘူး၊ ငါတို့ ဒီပွဲကို ရှုံးလို့မရဘူး]

အစ်ကိုကြီး ၀၉ က ဝင်ပြောလာသည်။ သူသည် DOTA ၌ နံပါတ်တစ် ကစားသမားဟု လူသိများခဲ့သော အနားယူသွားသည့် ပရော်ဖက်ရှင်နယ် ဂိမ်းသမားတစ်ဦး ဖြစ်သည်။ သူသည် ပလက်ဖောင်းပေါ်၌ DOTA ကို ထုတ်လွှင့်ခဲ့သည့် ပထမဦးဆုံးသော တင်ဆက်သူ ဖြစ်ကာ ဂိမ်းသမားများ၏ လေးလေးနက်နက် လေးစားခြင်း ခံရသူ ဖြစ်သည်။

ထို့အပြင် သူ၏ အခြေအနေကို သတိပြုနားလည်နိုင်စွမ်းကြောင့်လည်း နာမည်ကြီးသည်။

[အာ … ဟုတ်ပါပြီ]

ရှောင်ဝူ လက်လျှော့သွားသည်။

[မင်းတို့ စိတ်တည်ငြိမ်အောင် လုပ်ပြီးရင် စဖို့ အသင့်ပြင်ရအောင်]

ရဲ့လင်းချန် သူတို့ကို သတိပေးလိုက်သည်။ သူတို့ ငါးယောက်လုံး ပြိုင်တူ ပင့်သက်ရှိုက်လိုက်ပြီးနောက် ပြိုင်ပွဲ စတင်မည်ဟူသော ခလုတ်ကို နှိပ်လိုက်ကြသည်။

ထို့နောက်တွင် ဂျပန်မှ ငါးယောက်ကလည်း နောက်မှ လိုက်ပါလာသည်။

[အမ် … ငါက ဘယ်သူတွေများ ဖြစ်မလဲလို့ တွေးနေတာ၊ မင်းတို့ လေးယောက်က ငါတို့ကို ရှုံးသွားတဲ့ သူတွေ မဟုတ်လား]

[ဒါကြီးက ပျင်းဖို့ကောင်းလိုက်တာကွာ၊ ငါ ငနုံတွေကို အနိုင်ကျင့်ဖို့ စိတ်မပါဘူးကွ]

[တရုတ်မှာ ဒါပဲ ရှိတာနဲ့ တူတယ်၊ သူတို့က တကယ် ပြိုင်ကောင်းမယ့် လူတွေလည်း မရှိဘူး]

[နောက်တစ်ယောက်က ဝိုင်နတ်ဘုရားဆိုတဲ့ကောင် မဟုတ်လား၊ သူက မိုက်တယ်လို့တော့ ငါ ကြားတယ်၊ အဲ့ဒါကလည်း ပါးစပ်အပြောပဲ ဖြစ်မှာပါ]

[ဟုတ်တယ် တရုတ်တွေက တော်တာ တစ်ခုပဲ ရှိတယ်၊ အဲ့ဒါ သူတို့ရဲ့ ပုံပြင်ရှည်တွေပဲ ဟားဟားဟား …]

သူတို့ ဂိမ်းထဲ ဝင်လိုက်ကတည်းက မရပ်မနား ပုတ်ခတ်ပြောဆိုကြတော့သည်။

…

ဤပြိုင်ပွဲက လူများစွာကို ဆွဲဆောင်နိုင်လေသည်။ ဂျပန်သားများ၏ စကားများက သူတို့ တော်တော်များများကို ဒေါပွစေပြီး မခံမရပ်နိုင် ဆဲစေလာသည်။

[ယီးပဲ ဂျပန်က အသုံးမကျတဲ့ ချီးကောင်တွေ]

[တော်ပြီ ငါ သူတို့ကို သတ်တော့မယ်]

[နိုင်ရမယ် နိုင်ရမယ်၊ နိုင်ကိုနိုင်ရမယ်၊ မင်းတို့တွေ နိုင်ကိုနိုင်ရမယ်၊ သူတို့ကို ကောင်းကောင်းပြီး ဖြတ်ရိုက်ပစ် လိုက်စမ်းပါ]

[ကျေးဇူးပြုပြီး ငါတို့ကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့]

[ငါ ကံကောင်းအောင် ဒုံးပျံဆုတစ်ခု အရင် စပေးမယ်၊ မင်း နိုင်ရင် ငါ အခုတစ်ရာ ပေးမယ်ကွာ]

[မိုက်တယ် ငါလည်း အဲ့လိုလုပ်မယ်]

“ဒါရိုက်တာစုန့် ကျွန်တော်တို့ရဲ့ အွန်လိုင်းကြည့်ရှုသူက ၆.၅သန်း ရောက်နေပြီ၊ အခုထိလည်း တက်နေတုန်းပဲ”

ရှောင်ကျန်းက ဆာဗာ တင်ပြချက်ကို ကြည့်ပီး တုန်ယင်နေသော အသံဖြင့် ပြောလာသည်။ ဤသည်မှာ သူ မြင်ဖူးသမျှထဲ၌ ကုမ္ပဏီ၏ သမိုင်းတစ်လျှောက်တွင် အံ့ဩစရာကောင်းသော ပုံရိပ်ပင်။

“ဆက်စောင့်ကြည့်ထား၊ ဒီထုတ်လွှင့်မှု အဆင်ပြေ ချောမွေ့အောင် မင်း သေချာလုပ်ရမယ်၊ ဒါကို ဆက်ကြော်ငြာ နေဖို့ မမေ့နဲ့”

စုန့်ချမ် အမိန့်ပေးလိုက်သည်။ သူ့မျက်နှာက မသိမသာ နီနေပြီး လက်သီးကို တင်းနေအောင် ဆုပ်ထားသည်။ သူသည် အခြားသူများထက် မပိုသောနှုန်းဖြင့် စိတ်ဖိစီးနေ၏။

*ဝိုင်နတ်ဘုရား အခု မင်းပေါ် မူတည်နေပြီ၊ မင်း အကောင်းဆုံး လုပ်မှဖြစ်မယ်*

ဘေး၌ ထိုင်နေသော ကျိုးမင်သည် စုန့်ချမ်ကို တစ်ချက်ကြည့်၍ ကျိတ်ကာ လှောင်နေသည်။

*ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ၊ ဝိုင်နတ်ဘုရားအပေါ် ဒီလောက် လောင်းကြေးကြီးကြီး ထပ်နေမှတော့ ရှင် ဘယ်လို အဆုံးသတ်မလဲ ကြည့်ရသေးတာပေါ့*

အကယ်၍ သူတို့ ပြိုင်ပွဲကို ရှုံးသွားလျင် စုန့်ချမ်သည် ကုမ္ပဏီ၏ အကြီးဆုံး လူရယ်ချင်စရာ ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

…

ထိုအခိုက်တွင် ထုတ်လွှင့်မှုအတွင်း၌ ကိုးလ်နှင့် အခြားသူများက လက်ယားနေသော်လည်း ဂျပန်ဘက်ကို သူတို့ ရှုံးခဲ့သဖြင့် ပြန်ပြောရန် မတတ်နိုင်ပေ။ သူတို့ စိတ်ထဲမှနေ၍သာ ကျိတ်၍ ဆဲနေမိသည်။

ရဲ့လင်းချန်သည် ဂျပန်ဘက်က အဖွဲ့၏ စာများကို တည်ငြိမ်စွာ ဖတ်ပြီး စာပြန်ရိုက်လိုက်သည်။

[ဂိမ်းကစားရုံပဲက ပျင်းဖို့ကောင်းနေရင် ငါတို့ လောင်းကြေးထပ်ကြမလား]

[မင်းက ဘာကို လောင်းကြေးထပ်ဖို့ ကြိုးစားချင်တာလဲ]

ဂျပန်ဘက်မှ တစ်ယောက်က ပြန်ပြောလာသည်။

[မင်း ရှုံးရင် ငါ့ကို ဖေဖေကြီးလို့ ခေါ်ကြေးဆိုရင်ရော]

[မင်း ဘာစကား ပြောတာလဲ]

[ထားလိုက်ပါတော့ လောင်းကြေးကို ပြောင်းလိုက်ရအောင်၊ မင်းလို ကလေးမျိုး ငါ မလိုချင်ဘူး]

ရဲ့လင်းချန်က ထပ်၍ စာရိုက်လိုက်သည်။

[ရှုံးတဲ့သူက ခွေးလို သုံးကြိမ် ဟောင်ကြေး]

[ဟဲဟဲ မင်းတို့ကို နိုင်ဖို့က လွယ်လွယ်လေးပါကွာ၊ ခွေးလို ဟောင်ဖို့သာ ပြင်ထားကြ]

ရဲ့လင်းချန်က ဆက်ပြောလေသည်။

[အဲ့လိုဆိုရင်တော့ မင်းတို့ သုံးယောက်နဲ့ ပတ်သတ်နေလို့ ငါ ခွေးတွေကို သနားလိုက်တာ]1

(*1* ဂျပန်ဘက်က ငါးယောက်ဆိုပင်မယ့် သုံးယောက်ကပဲ ပြောနေတာမို့ ရဲ့လင်းချန်က သုံးယောက်လို့ ပြောထားတာပါ)

[မျိုးမစစ်ကောင် မာန်တက်နေတယ်ပေါ့လေ စောင့်နေလိုက်]

[မျိုးမစစ်ကောင်က ဘယ်သူလဲ]

[မျိုးမစစ်ကောင်ဆိုတာ မင်းကို ပြောတာကွ2]

(*2* ဒီအပိုင်းလေးက နည်းနည်း ဘာသာပြန်ရ ရှုပ်ပါတယ် 小畜生骂 ဒါက မျိုးမစစ်ကောင်က ဘယ်သူလဲလို့ ပြောတာပါ၊ ဒါကို တစ်ဖက်က 小畜生骂你 မျိုးမစစ်ကောင်က မင်းလို့ ပြန်ပြောပါတယ်၊ ဒါပေမဲ့ 生骂你 ဆိုတာက မျိုးမစစ်ကောင်ဆိုတာ မင်းကို ဆဲတာလို့လဲ ပြန်လို့ ရပါတယ်၊ နှစ်ခုလုံးက လှည့်ပတ်ပြီး ပြောနေတာပါ၊ သူ ပြောတဲ့ စကားဘောင်အတွင်းကနေ ပြန်လှည့်ပတ် ပြောနေတာက စပြောလာတဲ့သူကို မင်းကမှ အဲ့လိုကောင်လို့ ဝန်ခံလာအောင် လုပ်လိုက်သလိုပါပဲ၊ ရှင်းသာ ရှင်းပြရတယ် ပိုရှုပ်ကုန်မလား မသိဘူး)

[ဪ … အဲ့ဘက်က မျိုးမစစ်ကောင်တွေအတွက် ငါ စိတ်မကောင်းလိုက်တာ]

ရဲ့လင်းချန်၏ ဂျပန်ဘက်မှ ကစားသမားများကို လျှာစောင်းထက်ထက်ဖြင့် ပြန်ပြောပုံကို မြင်ပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ကြည့်ရှုသူများ ပို၍ သဘောကျလာကြသည်။

[ဟားဟားဟား ငါ မျိုးမစစ်ကောင်တွေကို သနားလိုက်တာ]

[ချီးပဲ ဝိုင်နတ်ဘုရားက ဒီလို ပျစ်ပျစ်နှစ်နှစ် ပြောတတ်လိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ လေးစားပြီ ဘရို]

[မိုက်တယ်ကွာ ဝိုင်နတ်ဘုရား ပြောတာ မှန်တယ်၊ ငါလည်း အဲ့လိုကလေးမျိုး မလိုချင်ဘူး]

[ဂန္တဝင်တွင်တဲ့ ပက်ခနဲ ပြန်ပြောနိုင်တဲ့ စကားပဲ၊ ဝိုင်နတ်ဘုရားက ငါ့အိုင်ဒေါလ် ဖြစ်လာတာ မဆန်းဘူး၊ မိုက်တယ်ကွာ]

*ယီးပဲ*

ဂျပန်ဘက်မှ ငါးယောက်လုံး သူ့စကားကြောင့် စိတ်ရှုပ်သွားပြီးမှ သူတို့ အပြောင်ခံလိုက်ရမှန်း သိသွားလေသည်။

[မင်းတို့ တရုတ်တွေက အပြောပဲ ရှိတယ်၊ မင်းတို့က အမှိုက်သာသာပဲ]

[အမှိုက်က ဘာလဲ]

ရဲ့လင်းချန် ထပ်ပြောလိုက်သည်။ ဂျပန်က ငါးယောက်ကလည်း တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလာ၏။

[အမှိုက်ဆိုတာ မင်းပဲ]

ဂျပန်များ ဒေါကန်ကန်ဖြင့် ဖြေနေသည်ကိုကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်နေသူများ အူမြူးလာသည်။

[ဟားဟားဟား ငါ မခံနိုင်တော့ဘူး ရယ်ရလွန်းလို့ သေတော့မယ်]

[ဒီလူတွေရဲ့ ဉာဏ်ရည်ကိုတော့ ငါ စိုးရိမ်လာပြီ]

[ဂျပန်ကလူတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးဘူးလို့ ပြောနေကြတာ၊ အခု ကြည့်ရတာတော့ ဟုတ်နေတဲ့ပုံပဲ]

[ပြောနေစရာတောင် မလိုတော့ဘူးကွာ၊ ဝိုင်နတ်ဘုရား ငါ မင်းကို ဆုချတယ်]

ခဏလေးအတွင်းမှာပင် ရဲ့လင်းချန်က အားလုံး၏ ဒေါသကို ဖြည်ပေးနိုင်သည်။ လူတိုင်း အရူးလို ကောမန့် မန့်နေကြပြီး ရယ်သံများ ပြည့်လာကာ ချက်ချင်း စိတ်အား တက်ကြွလာ၏။

[ဝိုင်နတ်ဘုရား နင်က တကယ်ကို တစ်ခုခုပဲ]

ကိုးလ်ကလည်း သူမကိုယ်သူမ မရယ်မိအောင် ထိန်း၍ ကောမန့် မန့်လိုက်သည်။

[ဟုတ်တယ် အစ်ကို ဝိုင်နတ်ဘုရား၊ ရှင့်အပေါ် ကျွန်မရဲ့ လေးစားမှုက ထပ်တိုးလာပြန်ပြီ]

ဝူအာကလည်း ဝင်ပြောလိုက်သည်။

ဂျပန်ကလူများသည်လည်း သူတို့ ရဲ့လင်းချန်နှင့် ယှဉ်လျင် ဘာမှမပြောနိုင်ကြောင်း သိသွားသဖြင့် ငြိမ်နေရန်သာ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ပွဲစချိန်ကိုသာ စောင့်နေကြသည်။ သို့မှသာ ဘယ်သူက ဆရာလဲဆိုတာကို ရဲ့လင်းချန်ကို သူတို့ ပြနိုင်မည် ဖြစ်သည်။

All Chapters