အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အပိုင်း (၁၀၃)
ယခုအခါ ဖမ်းယူခြင်းကိုသာ အားကိုးရတော့ရာ ရှန်မြောင်သည် နေ့စဉ် သူမထံ ငါးလာပို့နေကျ ငါးဆိုင်ပိုင်ရှင်နှင့် သဘောတူညီမှု ရယူထားလိုက်၏။ နေ့စဉ် သူမအတွက် မြို့ပြင်ထွက်ကာ ရှာဖွေဖမ်းဆီးပေးရန်နှင့် ရသလောက်ကို သူမ အကုန်ယူမည် ဖြစ်ကြောင်း ပြောဆိုထားလေသည်။ ထို့ကြောင့် သူမ၏ နွေရာသီ ရှောင်လုံရှားနှင့် ဘီယာဆိုင်ခန်းသည် မတတ်သာဘဲ လျှို့ဝှက်ဟင်းပွဲ ဖြစ်သွားရတော့၏။ ကံကောင်းမှသာ စားသောက်နိုင်တော့မည် ဖြစ်လေသည်။
ဤရက်ပိုင်းတွင် ဆိုင်ကို မွမ်းမံပြင်ဆင်ပြီးစီးခါစ ဖြစ်သလို ကြာပန်းပွဲတော်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ဧည့်သည်အဝင်အထွက် အလွန်များပြားလှ၏။ ရှန်မြောင်သည် ငါးကင်နှင့် ဆိုင်တွင် မူလရှိပြီးသား ခေါက်ဆွဲအမျိုးမျိုးကိုသာ အဓိကထား ရောင်းချလေသည်။ ဟင်းပွဲသစ်အနေဖြင့် ဘဲကင်ကိုသာ တင်ထားရာ တစ်ဦးလျှင် တစ်ဝက်ကျစီဖြင့် အပွဲ ၄၀ ခန့် ရောင်းချနိုင်ပြီး တစ်နေ့လျှင် ၁ ပွဲ၊ ၂ ပွဲခန့်သာ ရောင်းချနိုင်သည့် ရှောင်လုံရှားထက်စာလျှင် ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်လေသည်။
"ဘန်း!"
ဟူသော အသံနှင့်အတူ ကျင်းလျန်တံတားထက်၌ မီးပန်းများ ရုတ်တရက် ပွင့်အာလာပြီး ကြယ်ကြွေသကဲ့သို့ လျင်မြန်စွာပင် မိုးကောင်းကင်ထက်၌ ဖြာကျသွားလေသည်။ အလင်းရောင်များ ယှက်သန်းနေမှုသည် နဂါးငွေ့တန်းကြီး ပြိုကျလာသကဲ့သို့ ဖြစ်ရာ ဆိုင်အတွင်းမှ လူအများအပြားသည် ပန်းကန်ခွက်ယောက်များကို ကိုင်ဆောင်လျက် အပြင်ထွက် ကြည့်ရှုကြကုန်၏။ တောက်ပသော မီးပန်းရောင်စုံကြောင့် ရပ်တန့်ကြည့်ရှုနေသူ အားလုံး၏ မျက်နှာများမှာ နီရဲတောက်ပနေလေသည်။
ယခုအချိန်တွင် မီးပန်းဖောက်လုပ်မှု ကုန်ကျစရိတ်မှာ မနည်းလှချေ။ ဤမျှ များပြားစွာ ပစ်ဖောက်နိုင်သည်မှာ ဓနဥစ္စာ ကြွယ်ဝသူများသာ ဖြစ်ပြီး မည်သည့်သူဌေး၏ လက်ချက်ဖြစ်မည်ကို မသိနိုင်ပေ။
အားထောင်သည် ကောင်တာဘေးတွင် မှီလျက် အဒေါ်ကုအား တိုးတိုးတိတ်တိတ် ညည်းတွားပြောဆိုလိုက်သည်။
"ငါးစားတဲ့လူအများစုက စာရင်းဖွင့်ထားတာရယ်၊ ဘဲကင်မှာတဲ့လူတွေကလည်း ငွေကြိုရှင်းထားလို့သာ တော်တော့တယ်၊ မဟုတ်ရင် ဒီလို ရှုပ်ယှက်ခတ်နေတဲ့အချိန် ထွက်ပြေးသွားကြရင် လိုက်ဖမ်းလို့တောင် မိမှာ မဟုတ်ဘူး"
အဒေါ်ကုက လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်၏။ "နောင်ကျရင်လည်း ဒီလိုပဲ လုပ်ရမယ်"
သို့သော် ဆိုင်ထဲတွင် အစားအသောက်၌သာ နစ်မျောနေပြီး ဤကဲ့သို့ စည်ကားမှုများကို စိတ်မဝင်စားသူများလည်း ရှိလေသည်။ ဝမ်ညန်ဇီ ဇနီးမောင်နှံသည် ရိုးရှင်းသော ချည်ထည်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ထောင့်ကျသော စားပွဲ၌ မထင်မရှား ထိုင်နေကြ၏။ သူတို့နှစ်ဦးသည် ငယ်စဉ်က လှည့်လည်သွားလာကာ စစ်ဘေးရှောင်ခဲ့ဖူးသဖြင့် ဤကဲ့သို့ သာမန်ပြည်သူများ၏ အဝတ်အစားများကို ဝတ်ဆင်ထားခြင်းက ပိုးဖဲကတ္တီပါများ ဝတ်ဆင်ထားခြင်းထက် ပိုမိုလိုက်ဖက်ညီနေပြီး တစ်ကိုယ်လုံးမှ ရိုးသားဖြောင့်မတ်သော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် မည်သူကမှ အပိုအလို ဂရုမစိုက်မိကြပေ။
ဤခိုင်ဖုန်းမြို့ဝန်မင်းက လမ်းဘေးစားသောက်ဆိုင်လေးထဲတွင် ခေါင်းငုံ့ကာ ဘဲရိုးအရိုးကိုက်နေမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ဝမ်ညန်ဇီသည် ရက်ရောစွာဖြင့် ဘဲကင်တစ်ကောင်လုံး မှာယူခဲ့ပြီး ၃ ဝမ် အပိုဆောင်းပေးကာ ရှန်မြောင်အား ဘဲအရိုးများကို ဆားနယ်၍ ဆီပူတွင် ကြော်ခိုင်းခဲ့လေသည်။ ထို့အပြင် တွဲဖက်သောက်သုံးရန် မက်မွန်သီး ရေခဲချိုရည် နှစ်ခွက်ကိုလည်း မှာယူလိုက်၏။
ဝမ်ယုံသည် နံရံပေါ်ရှိ ဘဲကင်ပုံကို အတုခိုးကြည့်ရှုရင်း စက္ကူထက်ပါးလွှာကာ နွေးထွေးနေသော ကြာပွင့်ပေါင်မုန့်ပြားတစ်ချပ်ကို လက်ဝါးပေါ်သို့ ဂရုတစိုက် တင်လိုက်လေသည်။ ထို့နောက် တူဖြင့် အရေခွံပါသော ဘဲသားတစ်ဖတ်ကို ယူ၍ အရသာပြင်းသော ပဲငပိအနှစ်တို့ကာ သခွားသီးစိတ်၊ ကြက်သွန်မြိတ်မျှင်တို့ကို ထည့်ပြီး လိပ်လိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။
ဤဘဲကင်သည် ယခုလေးတင် ကင်ထားခြင်း ဖြစ်သဖြင့် ပူနွေးနေပြီး ဘဲသားအနံ့သာမက သစ်သီးမွှေးနံ့ပါ ရရှိနေလေသည်။ ဘဲအရေခွံသည် ကြွပ်ရွလွန်းသဖြင့် ကိုက်လိုက်သည်နှင့် အသံမြည်သွားပြီး အရေခွံအောက်မှ အဆီများသည် သွားဖြင့် အဖိခံလိုက်ရ၍ စီးကျလာကာ လတ်ဆတ်နူးညံ့သော ဘဲသားထဲသို့ စိမ့်ဝင်သွားတော့သည်။
ဘဲသားကို အထူးပြုလုပ်ထားသော ပဲငပိအချိုနှင့် တို့စားလိုက်လျှင် အသားနူးညံ့ကာ အရသာ ပြည့်စုံပြီး အရည်ရွှမ်းလှ၏။ ဘဲကင်အများစုသည် အသားမာကျောတတ်သော်လည်း ဤရှန်ဆိုင်မှ ဘဲကင်ကို စားသုံးရာတွင်မူ ထိုသို့ စိတ်ပူစရာ လုံးဝ မလိုတော့ပေ။ ဝမ်ယုံသည် ဝမ်ညန်ဇီကဲ့သို့ပင် အရသာရှိလွန်းသဖြင့် မျက်လုံးများ မှေးစင်းသွားရပြီး မျိုချလိုက်ပြီးသည့်တိုင် ပါးစပ်ထဲတွင် ငန်ချိုမွှေးပျံ့သော အရသာနှင့် အသားအဆီအနှစ် အရသာတို့ ကျန်ရစ်နေဆဲ ဖြစ်လေသည်။
"ကောင်းလိုက်တဲ့ ဘဲကွ၊ ရှယ်ပဲ"
ဝမ်ယုံသည် ဆီပေနေသော မိမိ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး အနားစွန်းမှနေ၍ ပေါင်မုန့်ပြားကို ဂရုတစိုက် ထပ်မံခွာယူပြန်သည်။ ဤပေါင်မုန့်ပြားသည် ပါးလွှာလွန်းပြီး နူးညံ့ရာ သတိမထားမိပါက တစ်ခါတည်း နှစ်ရွက် ပါလာတတ်လေသည်။
ဝမ်ယုံသည် သာမန်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ခိုင်ဖုန်းမြို့ဝန်ဟူသော ဂုဏ်ပုဒ် ရှိနေသေးသဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ဖြည်းဖြည်းချင်း စားသောက်လေသည်။ ဝမ်ညန်ဇီမှာမူ မတူညီပေ။ သူမသည် အင်္ကျီလက်ကို လက်မောင်းအထိပင့်ကာ ခေါင်းငုံ့၍ အားရပါးရ စားသောက်ရာ သတိမထားလိုက်မိခင်မှာပင် ဘဲတစ်ဝက်ခန့် ကုန်သွားလေပြီ။ ထို့နောက်မှ အနည်းငယ် အမောဖြေကာ ဘေးနားရှိ ဝါးခွက်ကို ယူ၍ လက်ဖက်ရည်ကို ကျူရိုးပိုက်ဖြင့် တစ်ငုံကြီး စုပ်သောက်လိုက်၏။ အေးမြလတ်ဆတ်သော မက်မွန်သီးလက်ဖက်ရည်သည် လည်ချောင်းမှတဆင့် ဗိုက်ထဲသို့ စီးဆင်းသွားရာ ဘဲသားစားထား၍ အီလည်လည်ဖြစ်နေမှုနှင့် နွေရာသီ၏ အပူဓာတ်များကို အထက်မှအောက်၊ အတွင်းမှအပြင် ပြောင်စင်သွားအောင် ဆေးကြောချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
"နေလို့ကောင်းလိုက်တာရှင်" ဝမ်ညန်ဇီသည် အားရကျေနပ်စွာဖြင့် နောက်တစ်ငုံ ထပ်သောက်လိုက်ပြီး အလွန်ပင် သဘောကျသွားတော့သည်။
မူလက ဤဆိုင်တွင် ဖျော်ရည်တစ်ခွက်ကို ၁၂ ဝမ် ရောင်းသည်ဆိုသဖြင့် ဈေးကြီးသည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခု သောက်သုံးလိုက်ရသောအခါ ဤမျှ အရသာကောင်းမွန်သော အမွှေးအကြိုင် ဖျော်ရည်ကို ၁၂ ဝမ်တည်းဖြင့် ရောင်းချသည်တဲ့လားဟု တွေးမိသွား၏။ နောက်တစ်ငုံ ထပ်သောက်ရင်း ပါးစပ်ထဲတွင် အရသာခံကြည့်ရာ သစ်သီးနှင့် မွှေးပျံ့သော လက်ဖက်ရည်ကို အတူကျိုချက်လိုက်လျှင် ဤမျှ ကောင်းမွန်လိမ့်မည်ဟု တွေးတောမိလေသည်။
ထို့အပြင် လက်ဖက်ရည်ထည့်ထားသော ဝါးဘူးသည်လည်း ဆန်းသစ်လှပေသည်။ ဝါးဘူးအပြင်ဘက်တွင် လျှော်ကြိုးကွန်ရက် အိတ်စွပ်ထားသဖြင့် မကုန်လျှင် ဆွဲယူသွားနိုင်သည်။ ဝါးဘူးပေါ်တွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော စာရွက်နီများ ကပ်ထားပြီး မင်္ဂလာစကားများ ရေးသားထားလေသည်။ သူမ၏ ခွက်ပေါ်တွင် 'ပျော်ရွှင်ချမ်းမြေ့' ဟု ရေးထားပြီး အခြားလူများ၏ ခွက်များပေါ်တွင် 'မင်္ဂလာအပေါင်း'၊ 'ပွဲတော်ရက်' သို့မဟုတ် 'အသက်ရာကျော်ရှည်'၊ 'ဘေးဥပါဒ်ကင်း'၊ အချို့တွင် 'စီးပွားလာဘ်တက်'၊ 'ကြွယ်ဝချမ်းသာ' စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရ၏။
ကုန်သည်တစ်ယောက်သည် တိုက်တိုက်ဆိုင်ဆိုင် 'စီးပွားလာဘ်တက်' ဟူသော စာတန်းကို ရရှိသွားသဖြင့် ပါးစပ်စေ့မရအောင် ပြုံးပျော်သွားပြီး ရှန်ညန်ဇီ၏ မင်္ဂလာစကားအတိုင်း ဖြစ်ပါစေဟု ပြောဆိုလေသည်။ သောက်ပြီးသွားသောအခါ၌လည်း နိမိတ်ကောင်းသော ဝါးဘူးကို လွှင့်မပစ်ရက်သဖြင့် အိမ်သို့ ဆွဲယူသွားလေသည်။
ကျူရိုးပိုက်ဖြင့် စုပ်ယူသောက်သုံးရသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။
ဝမ်ညန်ဇီသည် မကုန်သေးသော လက်ဖက်ရည်ကို တစ်ခါတည်း ဆွဲယူသွားကာ တံတားပေါ်တွင် မီးပန်းကြည့်ရင်း ရေငတ်လျှင် စုပ်သောက်မည်ဟု တွေးလိုက်၏။ အလွန် ကောင်းမွန်လှပေသည်။ ဤ ၁၂ ဝမ် သုံးစွဲရသည်မှာ အလွန်တန်ဖိုးရှိလှ၏။ သောက်လို့လည်း ကောင်း၊ ကျက်သရေလည်း ရှိ၊ သယ်သွားရလည်း လွယ်ကူလေသည်။
ရှန်မြောင်သည် ဆိုင်ထဲသို့ ပုဂ္ဂိုလ်ကြီးများ ရောက်ရှိနေသည်ကို မသိချေ။ ဧည့်သည်ကျမည့်အချိန် ကျော်လွန်သွားပြီ ဖြစ်သဖြင့် လူအများအပြားသည် စားသောက်ပြီးစီးသွားကြကာ မြစ်ကမ်းဘေးသို့ မီးခွက်မျှောရန်၊ လှေစီးရန် ထွက်ခွာသွားကြလေပြီ။ ဆိုင်ထဲတွင် ဧည့်သည် ၄၊ ၅ ဝိုင်းခန့်သာ ကျန်ရှိတော့သည်။ ရံဖန်ရံခါ အရက်နှင့် ရေနွေး လှမ်းမှာတတ်ကြသော်လည်း ရှန်မြောင်၏ မီးဖိုချောင်မှာမူ အလုပ်ပါးသွားလေပြီ။
အားထောင်သည် အဒေါ်ကုကို ကူညီ၍ ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပေးနေပြီး ယိုယွီ ဆေးကြောရန် ပို့ပေးနေလေသည်။
ရှန်မြောင်သည် နောက်ဖေးခြံဝင်းထဲသို့ သွားရောက် ကြည့်ရှုလိုက်သည်။ ဝန်ထမ်းသစ်များ ရောက်ရှိလာသဖြင့် ချန်ချွမ်းနှင့် ရှန်းအာတို့သည် အလုပ်ကူလုပ်စရာ မလိုတော့ပေ။ သူတို့နှစ်ဦးသည် ချန်ချွမ်း၏ အခန်းထဲတွင် စာလုံးများ မှတ်သားနေကြပြီး ကုတင်ပေါ်တွင် စာလုံးကတ်ပြားများ ပြည့်နှက်နေလေသည်။ ရှန်မြောင်သည် ကျိအာ ယခင်က လေ့ကျင့်ရေးသားထားသော စာလုံးကြီးများကို တစ်လုံးစီ ညှပ်ပေးထားသဖြင့် သူတို့သည် စာရွက်ကြီးဖြင့် ကြည့်ရသည်ထက်စာလျှင် တစ်ရွက်ချင်းစီ မှတ်သားရသည်မှာ ပိုမို အဆင်ပြေချောမွေ့နေလေသည်။
ကလေးနှစ်ယောက်သည် ကုတင်ပေါ်တွင် မှောက်လျက် ခေါင်းချင်းဆိုင်ကာ တစ်ယောက်က တစ်လုံးမေး၊ နောက်တစ်ယောက်က တစ်လုံးမေးနှင့် ပြုလုပ်နေကြပုံမှာ အသည်းယားစရာ ကောင်းလှပေသည်။
အခန်းထဲရှိ စားပွဲငယ်လေးပေါ်တွင် လှီးဖြတ်ထားသော သခွားမွှေး၊ အစေ့ထုတ်ပြီးသော မက်မွန်သီးချဉ်တို့ကို ဝါးတံချွန်လေးများ ထိုးစိုက်လျက် တင်ထားလေသည်။ ထန်အာက အားလပ်ချိန်တွင် တွေ့မြင်သဖြင့် သူတို့နှစ်ဦး စာဖတ်၍ မောပန်းလျှင် စားသုံးနိုင်ရန် လှီးဖြတ်ပို့ဆောင်ပေးထားကြောင်း ရှန်းအာက ပြောပြလေသည်။
ရှန်မြောင်သည် ထိုအရာများကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ပြုံးလျက် ခေါင်းညိတ်ကာ ခဏနေလျှင် အိပ်ကြရန်နှင့် ညဉ့်နက်သည်အထိ မနေကြရန် မှာကြားလိုက်သည်။ သူတို့နှစ်ဦးသည် အဆော့မက်၍ မအိပ်ဘဲ နေတတ်ကြသည်။ တစ်ခါက ရှန်းအာသည် လေထင်ကို အခန်းထဲသို့ ဆွဲခေါ်လာပြီး အဝတ်အစားလဲလှယ်တမ်း ကစားဖူးလေသည်။ ခွေးကြီးကို သူမ၏ ဖိနပ်များ၊ သူမ ငယ်စဉ်က စကပ်များကို ဝတ်ဆင်ပေးပြီး ရှန်မြောင်၏ ပါးနီနှင့် မျက်ခုံးဆွဲခဲတံများကို ယူကာ လေထင်၏ ခန့်ညားသော ခွေးမျက်နှာကြီးကို ဖွေးဖွေးလှလှ လိမ်းခြယ်ပေးခဲ့သည်။ မျက်ခုံးတုတ်တုတ်၊ ပါးနီရဲရဲနှင့် ခွေးပါးစပ်ကိုလည်း နီရဲနေအောင် ဆိုးပေးထားလေသည်။
ချန်ချွမ်း၏ ကိုယ်ပေါ်တွင် အဝတ်အစားငယ်လေးများ တောင်ပုံရာပုံ တင်ထားပြီး ရှန်းအာက လေထင်ကို ဝတ်ပေးရန်အတွက် ဘေးမှ ကူညီကမ်းပေးရလေသည်။
လေထင်မှာလည်း စိတ်သဘောထား နူးညံ့လွန်းသဖြင့် ရှန်းအာ စိတ်ကြိုက် ပြုလုပ်သမျှကို ငြိမ်သက်စွာ ထိုင်ခံနေလေသည်။ နောက်တစ်နေ့တွင် ခွေးကြီးက လှည့်ကြည့်လိုက်သောအခါ ရှန်မြောင်မှာ လန့်ဖြပ်သွားပြီး ဖင်ထိုင်ရက် လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် ယနေ့တွင် ရှန်မြောင်က အထူးတလည် မှာကြားလိုက်လေသည်။
"လေထင်နဲ့ ကျွေးဖုန်းကို ဒုက္ခမပေးနဲ့တော့နော်၊ ကောင်းကောင်း အိပ်ကြတော့"
မီးစာကို အနည်းငယ် မြှင့်ပေးလိုက်ပြီးနောက် ဆိုင်ရှေ့ဘက်သို့ ပြန်ထွက်လာခဲ့သည်။
အဒေါ်ကုနှင့် အားထောင်သည် စားပွဲဝိုင်းအချို့ကို သိမ်းဆည်းပြီးစီးသွားပြီ ဖြစ်ရာ ရှန်မြောင်သည် တံမြက်စည်းကို ယူ၍ ကြမ်းပြင်ကို လှည်းကျင်းနေလိုက်သည်။ ထိုအချိန်တွင် ဘေးနားရှိ ဇနီးမောင်နှံသည် ဘဲသားစားသောက်ပြီးစီးသွားသဖြင့် ကျေနပ်စွာ လေချင်တက်လိုက်ပြီး ပြန်ရန် ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရသည်။
အားထောင်သည် အကင်းပါးသူ ဖြစ်ရာ ချက်ချင်းပင် ရေနွေးစိမ်ထားသော လက်ကိုင်ပုဝါကို သွားရောက် ပေးအပ်လိုက်သည်။ ရိုးသားသော မျက်နှာထားရှိသည့် ထိုလူကြီးသည် မျက်နှာကို သုတ်သင်လိုက်ပြီး မုတ်ဆိတ်မွေးများကိုလည်း တစ်လိပ်ချင်း သန့်စင်ဖြီးသင်လိုက်ကာ ရင်ဘတ်ထဲမှ ဆုကြေးငွေ ၁၀ ဝမ်ကို ထုတ်၍ အားထောင်အား ပေးကမ်းလိုက်လေသည်။ ထို့နောက် မေးမြန်းလိုက်၏။
"ဒီဘဲကင် ဘယ်နှကောင် ကျန်သေးလဲ၊ ခဏနေကျရင် အကုန်လုံး ထုပ်ပေးပါ၊ ကျုပ် ယူသွားမယ်"
ရက်ရောလိုက်တာ။ အားထောင်သည် မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးရယ်လိုက်ပြီး ကြေးပြားများကို ရင်ခွင်ထဲ ထည့်ကာ နောက်ဖေးသို့ အပြေးသွားပြီး ဖူရှင်းကို မေးမြန်းလိုက်သည်။ ဖူရှင်းသည် ဘဲချိတ်တံကို အာရုံစိုက် လှည့်နေရင်း မီးအရှိန်ကို တစ်ချက်ကြည့်ကာ ပြန်ဖြေလေသည်။ "မီးဖိုထဲက ထွက်ဖို့ ၁၅ မိနစ်လောက် လိုသေးတယ်"
ထို့ကြောင့် သူမသည် စိတ်မကောင်းစွာဖြင့် ပြန်ထွက်လာပြီး အကြောင်းပြန်လိုက်လေသည်။
"သခင်ကြီးရှင်၊ ဘဲကင်ရဖို့ နည်းနည်း လိုသေးတယ်၊ ၁၅ မိနစ်လောက် စောင့်ရပါမယ်၊ အပြင်ထွက် လမ်းလျှောက်ပြီးမှ ပြန်လာယူမလား၊ ဒါမှမဟုတ် ဆိုင်ထဲမှာပဲ ထိုင်စောင့်မလားရှင်"
ထိုဇနီးမောင်နှံသည် မလောကြပေ။
"ဒါဆို တို့တွေ ဆက်စောင့်ကြတာပေါ့" ပြောဆိုကာ ပြန်ထိုင်လိုက်ကြသည်။
ထို့နောက် ထိုအမျိုးသား၏ အကြည့်သည် ဘဲကင်ပုံပေါ်သို့ ပြန်လည် ရောက်ရှိသွားပြီး လက်နောက်ပစ်လျက် ခဏတာ မတ်တပ်ရပ် ကြည့်ရှုနေကာ ရှန်မြောင်ဘက်သို့ လှည့်၍ ချီးကျူးလိုက်လေသည်။
"ဒီဘဲကင်ပုံ ဆွဲထားတာ တကယ့်ကို သက်ဝင်လှုပ်ရှားနေတာပဲ၊ အနှစ်သာရ ပြည့်စုံပြီး ဆရာကြီးဖန့်လိရဲ့ လက်ရာဟန်တွေ အများကြီး တွေ့ရတယ်၊ ဆရာကြီး ကွယ်လွန်သွားတာ နှစ်အနည်းငယ် ကြာပြီ ဖြစ်သော်လည်း ဒီလိုနေရာမှာ လာတွေ့ရမယ်လို့ ထင်မထားမိဘူး"
ပန်းချီကားကို ကြည့်ရှုပြီးနောက် ထောင့်စွန်းရှိ လက်မှတ်ကို သူ သတိထားမိလိုက်သည်။
လက်မှတ်တွင် ရှဲ့ကျို ဟူသော စာလုံးနှစ်လုံးသာ ရေးသားထားသော်လည်း ထောင့်ဖိတံဆိပ်တုံးမှာ ရှေးဟောင်းစာလုံးဖြင့် 'ကွမ်းရှန်း' ဟူသော စာလုံးနှစ်လုံး ဖြစ်နေသဖြင့် သူ သဘောပေါက်သွားတော့သည်။
ရှဲ့မျိုးရိုး အများအပြား ရှိသော်လည်း အမှတ်စဉ် ကိုး၊ ဘွဲ့အမည် ကွမ်းရှန်းနှင့် ဆရာကြီးဖန့်လိ၏ တပည့်ရင်း ဖြစ်သူမှာ တစ်အိမ်တည်းသာ ရှိလေသည်။
ရှဲ့မိသားစုဝင် ဖြစ်နေသည်ကိုး၊ မထူးဆန်းတော့ပါပေ။ ဆရာကြီးဖန့်လိ လက်ခံခဲ့သော နောက်ဆုံးတပည့်မှာ ရှဲ့မိသားစုမှ သခင်လေးဖြစ်ကြောင်း ကြားသိခဲ့ရသည်။ ထိုကလေးသည် စာပေပန်းချီဘက်တွင် ဝါသနာမပါသဖြင့် နှစ်ပေါင်းများစွာကြာသည်အထိ ပန်းချီကားများ ထွက်ပေါ်လာခြင်း မရှိဟုသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ရှန်မြောင်လည်း သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ကျိုကော ရေးဆွဲထားသော ဤဘဲကင်ပုံသည် ကြည့်လိုက်ရုံနှင့် အမွှေးနံ့ရနေသကဲ့သို့ ခံစားရပြီး ပုံရိပ်ရော အသက်ပါ ပါဝင်နေကာ ဘဲကင်သည် စာရွက်ပေါ်မှ ခုန်ထွက်၍ ပန်းကန်ထဲသို့ ကျလာတော့မည့်အလား ထင်မှတ်ရလေသည်။ သူမက ပြုံး၍ ပြောလိုက်၏။
"ဟုတ်ပါတယ်ရှင်၊ ဒီပန်းချီဆရာ ဆွဲထားတာ သိပ်ကောင်းတာ၊ ရှင် ကြည့်ပါလား၊ ကျွန်မတို့ ဆိုင်ထဲက ပုံတွေအကုန်လုံး သူ ဆွဲပေးထားတာလေ"
ထိုအမျိုးသားသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြုံးလိုက်ပြီး စကားထပ်မဆိုတော့ဘဲ ခေါက်ဆွဲပြုတ်နည်းပြပုံကို ဆက်လက် လျှောက်လှမ်းကြည့်ရှုလိုက်လေသည်။
ရှန်မြောင် ဆိုင်စတင်ပြင်ဆင်စဉ်က နံရံများ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရသဖြင့် ရိုးရှင်းစွာပင် တွေးတောခဲ့မိသည်။ မည်သို့ဆိုစေ ဆိုင်ထဲတွင် ကျိုကော၏ လက်ရာများ ရှိပြီးသား ဖြစ်ရာ တစ်ဆိုင်လုံးကို စတိုင်တစ်မျိုးတည်း ဖြစ်သွားအောင် လုပ်လိုက်မည်ဟု စိတ်ကူးလိုက်၏။ ဆိုင်မဖွင့်မီ ဘဲကင် စမ်းသပ်ကင်သည့်အချိန်၌ သူမသည် ထန်အာအား ငွေ ၁၀ ဝမ်နှင့် ဘဲကင် ၂ ကောင် ထည့်ပေးလိုက်ပြီး ကျောင်းတော်သို့ သွားပို့ခိုင်းကာ ကျိုကောထံမှ ပန်းချီကား တောင်းခံခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ထိုနေ့ညနေတွင်ပင် ချိုးဟောင်သည် ဘဲကင်ပုံကို ပိုက်လျက် ရောက်ရှိလာပြီး ကျိုကော၏ စာကိုပါ ယူဆောင်လာခဲ့သည်။ စာထဲတွင် ရေးသားထားသော စာကြောင်းတို နှစ်ကြောင်းကြောင့် ရှန်မြောင် ရယ်မောလိုက်ရလေသည်။
'ဉာဏ်ပူဇော်ခ ၁၀ ဝမ် လက်ခံရရှိကြောင်း၊ ရှန်ညန်ဇီအနေဖြင့် နောက်နောင်လည်း ဆက်လက် အားပေးပါရန် မျှော်လင့်ကြောင်း'
စာ၏ဘေးတွင် ချီလင်၏ ဆီပေနေသော ကြောင်လက်သည်းရာကို နှိပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုကြောင်လည်း ဘဲကင် မနည်းမနော စားလိုက်ရပုံ ရလေသည်။
ထိုဇနီးမောင်နှံ ဘဲကင်ယူဆောင်ကာ ထွက်ခွာသွားပြီးနောက် ရှန်မြောင် ခေတ္တ ထပ်စောင့်လိုက်ရာ ဧည့်သည်များ တဖြည်းဖြည်း ကုန်စင်သွားပြီး လာရောက်သူ မရှိတော့သဖြင့် ဆိုင်တံခါးကို စောစီးစွာ ပိတ်လိုက်ပြီး အနားယူရန် ပြင်ဆင်လိုက်လေသည်။
ကြာပန်းပွဲတော်သည် ၃ ရက်တိုင်တိုင် ကျင်းပမည် ဖြစ်သည်။ ရှန်မြောင်သည် မနက်ဖြန်တွင် ဆိုင်ကို အချိန်ကြာကြာ ဖွင့်လှစ်မည် ဖြစ်ပြီး သန်ဘက်ခါ ကျိအာ ကျောင်းပိတ်ရက် ပြန်လာချိန်တွင် ဆိုင်ပိတ်ကာ အနားယူရမည်။ ဝန်ထမ်းများကိုလည်း ပွဲတော်ကြေး ပေးအပ်ကာ အားလုံး အပြင်ထွက်လည်ပတ်နိုင်ရန် ခွင့်ပေးလိုက်မည်။
သူမသည် ကိုယ်တိုင် အလုပ်ကြိုးစားသော်လည်း ဝန်ထမ်းများကိုတော့ ဖိစီးနှိပ်စက်ခြင်း မရှိပေ။
ဆိုရှယ်လစ်ခေတ် လူငယ်တစ်ယောက်အနေဖြင့် အရင်းရှင်တို့၏ ယုတ်မာသော စိတ်ဓာတ်မျိုး မမွေးမြူသင့်ပေ။ အမှန်တကယ်တွင် အမြတ်အစွန်းနှင့် ပတ်သက်လျှင် သူမ၏ ယခင်ဘဝ စားသောက်ကုန် ကုမ္ပဏီလေးတွင် လက်တွေ့စမ်းသပ်ခဲ့ဖူးသည်။ ရုံးတက်ရုံးဆင်းချိန် မသတ်မှတ်ဘဲ အလုပ်ကို အရည်အသွေးမီမီနှင့် အချိန်မီ ပြီးစီးအောင် လုပ်ဆောင်နိုင်လျှင် မည်သည့်အချိန် ပြန်ပြန် ရသည်ဟု သတ်မှတ်ခဲ့ရာ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာသည်ကို တွေ့ရှိခဲ့ရသည်။ ဝန်ထမ်းများကို အစားအသောက် ဝဝလင်လင် အဝတ်အစားဖူလုံစွာ ထောက်ပံ့ပြီး ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်စေခြင်းသည် သူတို့ကို ဖိနှိပ်ညှစ်ထုတ်ခြင်းထက် တန်ဖိုးပိုမို ဖန်တီးပေးနိုင်ကြောင်း သက်သေပြနေခြင်းပင်။
သူမသည် တံခါးပိတ်လိုက်ပြီးနောက် လူအားလုံးကို အိပ်ရာဝင်ရန် မောင်းထုတ်လိုက်သည်။ ယခုအခါ ရှန်အိမ်ရှိ အခန်း ၆ ခန်းစလုံး လူပြည့်နေပြီ ဖြစ်သည်။ ထန်အာနှင့် ဖူရှင်းသည် အခန်းတစ်ခန်းတွင် အတူနေကြသည်။ ရှန်မြောင်သည် ယန်လောင်ဟန့်အား တက္ကသိုလ်အဆောင်များတွင် သုံးသော စာကြည့်စားပွဲပါသည့် ကုတင်မျိုး သုံးစုံကို မှာယူပြုလုပ်ခိုင်းထားခဲ့သည်။ ဈေးမပေါသော်လည်း သစ်သားကောင်းများကို သုံးထားသဖြင့် ခိုင်ခံ့ပြီး သက်သောင့်သက်သာ ရှိလေသည်။ သူတို့နှစ်ဦးကြားတွင် လိုက်ကာ ကာပေးထားသဖြင့် တစ်ယောက်တစ်ဝက် လွတ်လပ်ကာ အနှောင့်အယှက် မဖြစ်စေပေ။
အားထောင်သည် အခန်းသုံးခန်းတန်းတွင် အသေးဆုံးနှင့် အစွန်ဆုံးအခန်း၌ တစ်ဦးတည်း နေထိုင်သည်။ ရှန်မြောင်သည် သူမအတွက် သော့ကောင်းကောင်း တစ်ချောင်း လဲလှယ်တပ်ဆင်ပေးထားပြီး ကျန်ရှိသော ကုတင်ကို သူမအတွက် ပေးထားကာ ပြတင်းပေါက်နှင့် ကုတင်တွင် မက်မွန်သီးပုံလေးများ ပန်းထိုးထားသော လိုက်ကာများ တပ်ဆင်ပေးထားလေသည်။
အားလုံးသည် တစ်နေကုန် ပင်ပန်းထားကြသဖြင့် ရှန်အိမ်ခြံဝင်းထဲမှ မီးရောင်များသည် လျင်မြန်စွာ ငြိမ်းသွားလေသည်။ သို့သော် အပြင်ဘက်တွင်မူ အလွန် စည်ကားနေဆဲ ဖြစ်သည်။ ရံဖန်ရံခါ မီးပန်းဖောက်သံများ ကြားနေရပြီး လမ်းမများနှင့် တံတားပေါ်တွင် လူများ ပြည့်ကျပ်နေလေသည်။
ကုထူစူးသည် မြို့ပြင်ဘက်ရှိ အရှေ့မျှော်စင်သို့ အရက်အမြောက်အမြား သွားရောက်ပို့ဆောင်ခဲ့ရာမှ ပြန်လာရာ မြို့ထဲသို့ ဝင်သည့်အခါ အလွန် ခက်ခဲနေလေသည်။ လူအသွားအလာ များလွန်းသဖြင့် သူ့လှည်းပင် ပြိုလဲလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းသည်မှာ လှည်းပေါ်တွင် အရက်အိုးများ မပါတော့ခြင်းပင်။ သူသည် ချွေးများကို သုတ်လိုက်ပြီး လှည်းကို မတ်လိုက်သည်။
ထိုသို့ ရှုပ်ထွေးနေသည့်ကြားမှပင် သူ တစ်သက်လုံး မေ့မရနိုင်သည့် မျက်နှာတစ်ခုကို လူအုပ်ကြားထဲတွင် ရုတ်တရက် တွေ့လိုက်ရလေသည်။
မျက်နှာကို ဖွေးနေအောင် လိမ်းကျံထားပြီး ခေါင်းပေါ်တွင် ပန်းပန်လျက် လက်ရှည်အင်္ကျီဝတ်ကာ ယပ်တောင်ခတ်နေသော သူတစ်ယောက်။
ကုထူစူးသည် လူအုပ်ကြားထဲမှ ထိုသူကို သေချာစွာ ကြည့်ရှုလိုက်ရာ သူ အမြင်မမှားကြောင်း သေချာသွားလေသည်။
ရုံသာ့လန်။ သူ ဘာကြောင့် ဒီနေရာကို ရောက်နေရတာလဲ။
ထိုသူသည် တံတားပေါ်မှ သုတ်ခြေတင် ဆင်းသွားပြီး ပစ္စည်းတစ်ခုခု ပျောက်ကျသွားသည့်နှယ် မြစ်ကမ်းဘေးရှိ ထူထပ်သော ကိုင်းတောထဲသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
ကုထူစူးသည် မျက်လုံးကို မှေးလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်လိုက်ကာ မြေသားသယ်လှည်းပေါ်မှ အရက်အိုးခုရန် သုံးသည့် အိတ်စုတ်ကို ကောက်ယူလျက် တိတ်တဆိတ် နောက်မှ လိုက်သွားတော့သည်။
သာ့ကျဲအာသည် ကွာရှင်းစာချုပ်ရပြီး တစ်ကိုယ်တည်း မြို့တော်သို့ ပြန်လာခဲ့ရသည်။ သူတို့အိမ်တွင် ၃ နှစ်တိုင်တိုင် နှိပ်စက်ခံခဲ့ရသည်မှာ ထားဦးတော့၊ လူမဆန်သော ထိုကောင်နှင့် သွေးစုပ်ကောင် မိခင်ဖြစ်သူတို့ကြားတွင် အိပ်စက်ခဲ့ရသည်မှာ အလွန် ဆိုးရွားလှသည်။ လူကို စော်ကားရာတွင်လည်း အတိုင်းအတာ ရှိသင့်သည်။ ကုထူစူးသည် ပါးစပ်မှ ထုတ်မပြောဖူးသော်လည်း အိပ်မက်ထဲတွင် ထိုကောင့် မျိုးဆက်ပွားမည့်အရာကို အကြိမ်ကြိမ် နင်းချေဖူးလေသည်။
သူသည် ပြန့်ကျင်းမြို့သို့ပင် လာရဲသေးသည်တဲ့လား။
သူကိုယ်တိုင် အိမ်တိုင်ရာရောက် လာမှတော့ ဒီတစ်ခါ အသေအလဲ ရိုက်နှက်ပေးရမည်သာ။
...
အပိုင်း (၁၀၄) ရေစုန်မျောပါခြင်း
ပြန့်မြစ်ကမ်းစပ်ရှိ ရေဝပ်ကျူပင်များသည် လူတရပ်ကျော်အောင် ထူထပ်မြင့်မားနေလေသည်။
ရုံသာ့လန်သည် မျက်နှာပျက်ယွင်းနေပြီး စိတ်မရှည်သောဟန်ဖြင့် ချွန်ထက်သော ကျူရွက်များကို အားဖြင့်ဖယ်ရှားလိုက်ရာ သူ၏ခြေထောက်သည် ပျော့ပြောင်းသော ရွှံ့မြေထဲသို့ နစ်ဝင်သွား၏။
သူနှင့် ကျန့်ရှီတို့ မြို့ထဲသို့ မီးပန်းလာကြည့်ကြသော်လည်း မြို့ပြင်ရှိ ကျိမင်တံတားအရောက်တွင်ပင် လူများလွန်း၍ ဆက်သွားမရတော့ပေ။ ထို့ကြောင့် သူက ဟန်ဆောင်ပြီး စာနာပြကာ လက်တစ်ဖက်ဖြင့် ကျန့်ရှီကို အကာအကွယ်ပေးရင်း ကျန်လက်တစ်ဖက်ဖြင့် မိခင်အိုကြီးကို ဆွဲထားရသည်။ စိတ်ထဲတွင်တော့ ဝန်ထုပ်ဝန်ပိုး နှစ်ခုနှင့် လာမိသည်ကို ညည်းတွားနေမိ၏။ ဒီလို ရှေ့တိုးရခက်နေသော အခြေအနေမျိုးကို မကြုံချင်ပေ။
ချမ်းသာသော အိမ်တော်ကြီးတွင် မွေးဖွားလာပါက ဤကဲ့သို့ ပင်ပန်းဆင်းရဲစရာ လိုမည်မဟုတ်ဟုလည်း တွေးတောမိလေသည်။
ထိုစဉ် ဘယ်ကရောက်လာမှန်းမသိသော လူတစ်ယောက်က မီးစွဲလောင်နေသော မီးခွက်ကြီးကို ကိုင်ဆောင်လျက် အော်ဟစ်ကာ ဝင်တိုက်မိလေသည်။ လူအများ ထိတ်လန့်တကြား ရှောင်တိမ်းကုန်ကြရာ ထိုရှုပ်ထွေးနေသော အခြေအနေတွင် လူတစ်ယောက်၏ လက်မောင်းက ကျန့်ရှီ၏ ဆံထုံးကို တိုက်မိသွားသဖြင့် ဆံထိုးပြုတ်ကျကာ တံတားအောက်သို့ ကျသွားလေသည်။
ကျန့်ရှီက ချက်ချင်း ငိုယိုကာ သူမ၏ မိခင် အမွေပေးခဲ့သော ဆံထိုးဖြစ်ကြောင်း၊ မဖြစ်မနေ ပြန်ရှာပေးရန် တောင်းဆိုလေသည်။
ရုံသာ့လန် စိတ်ထဲတွင်တော့ ကျိန်ဆဲမိသည်။ ဒီလောက် လူရှုပ်တဲ့ နေ့မျိုးမှာ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဝတ်ဆင်လာရသလား။ တကယ်ကို အသုံးမကျတဲ့ မိန်းမပါပဲ။
သူ စိတ်မပါသော်လည်း ဒီည မီးပန်းကြည့်ရန်အတွက် လက်ဖက်ရည်ဖိုး သက်သာအောင် အိမ်က အစေခံများကို မခေါ်လာခဲ့သဖြင့် သူကိုယ်တိုင် ဆင်းရှာရတော့မည်။
သို့သော် မျက်နှာပေါ်တွင် မနှစ်မြို့ခြင်းကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ စိတ်ချရန်၊ မဖြစ်မနေ ပြန်ရှာပေးမည်ဟု ကတိပေးလိုက်သည်။ သူမ၏ မျက်ရည်များကို သုတ်ပေးရင်း နူးညံ့စွာ နှစ်သိမ့်ကာ ရုံသာ့ညန်ကို အနီးနားရှိ လူနည်းသော ဆိုင်လေးတစ်ဆိုင်တွင် ခေါ်သွားထိုင်စောင့်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ဆင်းရှာတော့သည်။
ရုံသာ့လန်၏ အကြံမှာ အောက်ဆင်းဟန်ဆောင်ပြီး သစ်ရွက် ၂ ရွက်လောက် ကပ်၊ ခြေထောက်မှာ ရွှံ့နည်းနည်း ပေအောင်လုပ်၊ အချိန်နည်းနည်း ဖြုန်းပြီး ရှာမတွေ့တော့ဘူးဟု ပြန်ပြောရန် ဖြစ်သည်။ မနက်ကျမှ ကျန့်အိမ်က အစေခံများကို လာရှာခိုင်းမည်ဟု ကြံစည်ထား၏။
လေတစ်ချက် တိုက်လိုက်တိုင်း ကြီးမားသော ကျူပင်များသည် ယိမ်းနွဲ့သွားပြီး ကျရောက်လာသော အရိပ်မည်းများသည် လေထဲတွင် လှုပ်ရှားနေသော မြူခိုးမည်းများကဲ့သို့ တရှဲရှဲ မြည်နေလေသည်။
ရုံသာ့လန်သည် ကြောက်လန့်တကြား ရေရွတ်လိုက်ပြီး ခေါင်းငုံ့ကာ တိုးဝင်သွားလေသည်။
ကျောက်တုံးတစ်တုံးရှာပြီး ထိုင်ကာ ၁၅ မိနစ်လောက် အချိန်ဖြုန်းပြီး ပြန်တက်မည်ဟု ကြံရွယ်ထားစဉ် နောက်ကျောဘက်မှ မကြားတကြား ခြေသံတစ်သံ ထွက်ပေါ်လာသည်။
သားကောင်ကို ချောင်းမြောင်းနေသော တောကောင်တစ်ကောင်ကဲ့သို့ ခြေသံလုံလုံဖြင့် ဖြည်းဖြည်းချင်း ကပ်လာနေခြင်း ဖြစ်သည်။
"ဘယ်သူလဲ" ရုံသာ့လန် ရင်ထိတ်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။
လှည့်ကြည့်လိုက်သည်နှင့် မျက်စိရှေ့တွင် ဝေဝါးသွားပြီး ညစ်ပတ်နံစော်နေသော အိတ်စုတ်ကြီးတစ်ခု ခေါင်းပေါ်သို့ စွပ်ချခံလိုက်ရလေသည်။ သူ ရုန်းကန်အော်ဟစ်မည် ပြုစဉ် ရင်ဘတ်ကို ပြင်းထန်သော ကန်ချက် နှစ်ချက် ထိမှန်သွားသဖြင့် လဲကျသွားပြီး အော်ဟစ်သံများ လည်ချောင်းဝတွင် တစ်ဆို့ကာ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားရသည်။
ထို့နောက် မိုးစက်မိုးပေါက်များသဖွယ် ထူထဲသော လက်သီး၊ ခြေကန်ချက်များ ကျရောက်လာရာ ခေါင်းမူးနောက်သွားပြီး နှာခေါင်းသွေးများ စီးကျလာကာ သွားနှစ်ချောင်း ကျွတ်ထွက်သွားလေသည်။ သူသည် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး အဘိုး၊ အစ်ကို၊ အဖေ ဟု ခေါ်ဝေါ်ကာ တောင်းပန်သော်လည်း ပြန်ရလိုက်သည်မှာ ပိုမို ပြင်းထန်သော လက်သီးချက်များသာ ဖြစ်သည်။ မျက်စိရှေ့တွင် ကြယ်များ လင်းလက်သွားပြီး ပက်လက်လန်သွားကာ အိတ်ပေါက်များကြားမှတဆင့် ညကောင်းကင်ယံတွင် ပန်းများပွင့်သကဲ့သို့ လှပစွာ ဖြာကျနေသော မီးပန်းများကို ဝေဝါးစွာ မြင်တွေ့နေရလေသည်။
နေရာတိုင်းတွင် လူများ ရှိသော်လည်း မည်သူကမှ ကျူတောထဲမှ လှုပ်ရှားမှုကို သတိမထားမိကြပေ။ အားလုံးသည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရှုအံ့သြနေကြပြီး သူ၏ အော်ဟစ်သံကို မကြားနိုင်ကြပေ။
ပျော်ပွဲရွှင်ပွဲများမှ တေးဂီတသံများ ပျံ့လွင့်နေပြီး လူ့လောကကြီးသည် ပျော်ရွှင်ဖွယ် အတိ ဖြစ်နေလေသည်။
ကုထူစူးသည် နောက်ဆုံး ကန်ချက်အနေဖြင့် သူ၏ ခြေထောက်ကြားကို ပြင်းထန်စွာ နင်းချေလိုက်သည်။ နှစ်ချက်တိတိ နင်းပြီး မကြေမွမှာ စိုးရိမ်သဖြင့် ခြေဖျားဖြင့် ဘယ်ညာ လှည့်ပတ်ကာ ကြိတ်ချေလိုက်ရာ ကြက်ဥကွဲသွားသကဲ့သို့ ကွဲကြေသွားပြီး ပြားကပ်သွားမှသာ ရပ်တန့်လိုက်သည်။
ထို့နောက်မှ ဖြည်းဖြည်းချင်း ကြည့်ရှုလိုက်ရာ စောစောက လူးလိမ့်တောင်းပန်နေသော လူသည် နာကျင်လွန်း၍ မေ့မြောသွားပြီး မလှုပ်ရှားတော့ပေ။
ဟန်ဆောင်နေသည်လား သိရှိရန် နှစ်ချက်ခန့် ထပ်ကန်ကြည့်ပြီးနောက်မှ အိတ်စုတ်ကို ဆွဲချွတ်လိုက်လေသည်။
ရုံသာ့လန်၏ မျက်နှာသည် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေပြီး သွေးများ ပေကျံနေကာ ပျော့ခွေစွာ လဲလျောင်းနေသည်။ ဘောင်းဘီခွကြားတွင် ကြေမွသွားသော အရာများကြောင့် အရောင်ရင့်နေလေသည်။
ကုထူစူးသည် သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ကျူပင်များကို ကျစ်ကာ ကြိုးလုပ်၍ သူ့ကိုယ်လုံးကို ချည်နှောင်လိုက်သည်။ ခဏစောင့်ဆိုင်းပြီး အဝေးမှ ကုန်တင်လှေတစ်စင်း လာနေသည်ကို မြင်သောအခါ ရုံသာ့လန်ကို ရေထဲသို့ ဆွဲချကာ တိတ်တဆိတ် ရေငုပ်ပြီး လှေအနောက်ဘက်သို့ သွားရောက် ချည်နှောင်လိုက်သည်။ ဗလာကျင်းနေသော သူ့လက်နှစ်ဖက်ကို လှေနောက်ပိုင်းရှိ ပိုက်ကွန်ချိတ်ရာတွင် တွဲချည်လိုက်လေသည်။
ဤသို့ဖြင့် သူ၏ခန္ဓာကိုယ်သည် တိမ်းစောင်းနေမည်ဖြစ်ပြီး လှိုင်းကြီးမလာပါက နှာခေါင်းနှင့် ပါးစပ်သည် ရေပေါ်တွင် ရှိနေမည်ဖြစ်ရာ သေဆုံးမည် မဟုတ်ပေ။
မကြာမီ ကုန်တင်လှေသည် ရေစီးနှင့်အတူ မျောပါသွားပြီး ရုံသာ့လန်ကို ဆွဲခေါ်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း ပြန့်ကျင်းမြို့ပြင် ရေလမ်းထိန်းသိမ်းရေးဂိတ်ကို ကျော်လွန်သွားပြီ ဖြစ်ရာ မိုးလင်း၍ လူများ တွေ့ရှိချိန်တွင် ထိုလှေသည် မည်သည့်စီရင်စု ဆိပ်ကမ်းသို့ ရောက်ရှိနေမည်ကို မသိနိုင်တော့ပေ။
ကုထူစူး သိသည်မှာ သူ ယခု နာကျင်၍ မေ့မြောနေခြင်းသာ ဖြစ်ပြီး အသက်ရှိနေသေးသည် ဆိုခြင်းပင်။ ကောင်းကင်ကြီးက ဤလူယုတ်မာကို အသက်ရှင်ခွင့် ပေးမပေး စောင့်ကြည့်ရုံသာ ကျန်တော့သည်။
ကုထူစူးသည် တစ်ကိုယ်လုံး ရေထဲတွင် နစ်မြုပ်နေပြီး မျက်လုံးနှင့် နှာခေါင်းသာ ဖော်ထားလျက် ထိုလှေ ရေလှိုင်းခွဲပြီး ထွက်ခွာသွားသည်ကို အေးစက်စွာ ကြည့်ရှုနေလေသည်။
သူ အိတ်စွပ်လိုက်စဉ်က သာ့ကျဲအာအတွက် လက်သီးအနည်းငယ် ထိုးပြီး စိတ်ဖြေရန်သာ ရည်ရွယ်ခဲ့သည်။ ယခု သာ့ကျဲအာ နေထိုင်ကောင်းမွန်နေပြီ ဖြစ်သဖြင့် သူမအတွက် ကုသိုလ်ပြုသည့်အနေဖြင့် လွှတ်ပေးရန် စိတ်ကူးခဲ့သည်။ သို့သော် ရုံသာ့လန်ကို လက်သီးဖြင့် ထိုးနှက်လိုက်ချိန်တွင် သူ၏ ရင်ထဲ၌ ပြင်းထန်သော နာကျင်မှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဓားဖြင့် ရင်ဘတ်ကို ထိုးခွဲလိုက်သကဲ့သို့ နာကျင်ရခြင်းပင်။
သာ့ကျဲအာ မင်္ဂလာဆောင်သည့်နေ့က သူမ၏ တောက်ပသော မျက်ဝန်းများကို သူ ပြန်မြင်ယောင်လာသည်။ သူမသည် မျက်လုံးများ ကွေးညွှတ်သွားအောင် ပြုံးလျက် သူ့ကို နှုတ်ဆက်ခဲ့သည်။ သူမသည် သူမ၏ ဘဝတစ်ခုလုံးကို ဤလူယုတ်မာလက်ထဲသို့ ပျော်ရွှင်စွာ ပုံအပ်ခဲ့သော်လည်း.... နောက်ဆုံးတွင် ကောင်းမွန်သော ရလဒ် မရရှိခဲ့ပေ။
နာကျင်လွန်းသဖြင့် စိတ်ကူးယဉ်ပုံရိပ်များပင် မြင်လာရသည်။ သာ့ကျဲအာသည် သူမအရပ်ထက် မြင့်သော ညစ်ပတ်နေသည့် အဝတ်ခြင်းတောင်းကို လွယ်ပိုးလျက် ယိုင်နဲ့နဲ့ လမ်းလျှောက်နေသည်ကို မြင်ရသည်။ ဆောင်းရာသီတွင် မြစ်ကမ်းဘေး၌ အဝတ်လျှော်နေရသဖြင့် လက်များ ပြည်တည်နေသည်ကို မြင်ရသည်။ ညသန်းခေါင်တွင် ယောက္ခမဖြစ်သူက အိမ်သာအိုး သွန်ရန် နှိုးထပြီး ပျင်းသည်ဟု ဆဲဆိုကာ သူမ၏ ဆံပင်ကို ဆွဲ၍ နံရံနှင့် ဆောင့်သည်ကို မြင်ရသည်။ စက္ကူကဲ့သို့ ပါးလွှာနေသော သူမသည် ထင်းပုံဘေးတွင် ခွေခွေလေး လဲလျောင်းနေပြီး နောက်ဆုံးအားအင်ကို သုံး၍ ဟောက်ပက်ဖြစ်နေသော မျက်လုံးများဖြင့် မြောက်ဘက်ကို လှမ်းမျှော်ကြည့်နေသည်ကို မြင်ရသည်။
သူမ အိမ်ပြန်ချင်သော်လည်း ပြန်မရခဲ့ပေ။
ကုထူစူး၏ ရင်ထဲတွင် တူဖြင့် ထုနှက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာကာ လက်သီးချက်များကို မလျှော့ဘဲ ဆက်တိုက် ထိုးနှက်မိတော့သည်။
ကုန်တင်လှေ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ ကုထူစူး ကမ်းပေါ်သို့ တက်လာခဲ့သည်။ ရုံသာ့လန်၏ အဝတ်အစားများနှင့် ကျွတ်ကျသွားသော သွားများကို ကျောက်တုံးထည့်၍ မြစ်ထဲ ပစ်ချလိုက်သည်။ ထို့နောက် သူ၏ စိုရွှဲနေသော အင်္ကျီနှင့် ဘောင်းဘီကို ချွတ်၍ အရည်ညှစ်ကာ ပြန်ဝတ်လိုက်သည်။ နွေရာသီဖြစ်သဖြင့် သူသည် ပိတ်ပါးအင်္ကျီနှင့် ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားပြီး ခြေထောက်တွင်လည်း ကောက်ရိုးဖိနပ် စီးထားရာ လေတိုက်လိုက်လျှင် လျင်မြန်စွာ ခြောက်သွေ့သွားလိမ့်မည်။
သူသည် လေသင့်ရာတွင် ခဏ ရပ်နေလိုက်၏။ အသားမည်းလွန်းသဖြင့် ညဘက်တွင် သူ့ကို မြင်ရရန် ခက်ခဲလှသည်။ တံတားပေါ်မှ ငုံ့ကြည့်လျှင်လည်း ကျူပင်ရိပ်များ ထပ်နေသည်ကိုသာ တွေ့ရမည် ဖြစ်ပြီး မီးပန်းများ ရပ်သွားလျှင် အောက်ဘက်တွင် မှောင်မဲနေပြီး ရေလှိုင်းများကိုသာ ဝေဝါးစွာ မြင်တွေ့ရမည်။
ကုထူစူးသည် တိတ်တဆိတ် ကမ်းပါးပေါ်သို့ တက်လာပြီး တံတားအောက် အရိပ်ထဲတွင် ဝှက်ထားသော လက်တွန်းလှည်းကို ယူကာ လူအုပ်ကြားထဲသို့ ဝင်ရောက်သွားလေသည်။
အိမ်ပြန်ရောက်သောအခါ အားလုံး အိပ်ပျော်နေကြလေပြီ။ သူ့အတွက် ဆီမီးခွက် တစ်လုံးသာ ချန်ထားပေးသည်။ သူသည် ရေချိုးလိုက်ပြီး ကောက်ရိုးဖိနပ်နှင့် လှည်းဘီးမှ ရွှံ့များကို သေချာ ဆေးကြောကာ အိပ်ရာပေါ်သို့ လှဲချလိုက်သည်။
လက်ကို ခေါင်းအုံးလျက် မျက်နှာကြက်ကို ငေးကြည့်နေမိ၏။ ဘာကို ကြည့်နေမှန်း မသိပေ။ ထုပ်တန်းပေါ်တွင် ပင့်ကူတစ်ကောင်သည် လရောင်ကို အမှီပြုကာ ပင့်ကူအိမ် ဖွဲ့နေသည်ကို တွေ့ရသည်။
ဒီည အိပ်ပျော်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း မကြာမီ အိပ်ပျော်သွားလေသည်။
အိပ်မက်ထဲတွင် နေရောင်ခြည်သည် ဝေဝါးနေပြီး ပုစဉ်းရင်ကွဲသံများ ဆူညံနေသည်။ လမ်းထိပ်ရှိ မိုးမခပင်ကြီးမှ အကိုင်းများသည် ကျစ်ဆံမြီးများသဖွယ် တွဲလျားကျနေသည်။ သူ ငယ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ သာ့ကျဲအာ၏ သကြားလုံးကို လမ်းထဲမှ ကလေးဆိုးများ လုယူသွားသဖြင့် သူ ဝင်ရောက် ရိုက်နှက်ကာ ပြန်လုခဲ့သည်။ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့သော်လည်း သူသည် ခုန်ဆွခုန်ဆွဖြင့် မျက်ရည်ကျနေသော သာ့ကျဲအာ ရှေ့သို့ ရောက်လာပြီး လက်ကို ဖြန့်ကာ ရယ်ပြလိုက်သည်။
လက်ဖဝါးထဲတွင် သူ ပြန်လုလာသော သကြားလုံးလေး ရှိနေသည်။ အပူရှိန်ကြောင့် အနည်းငယ် အရည်ပျော်ပြီး စေးကပ်နေသည်။
သာ့ကျဲအာသည် မျက်ရည်များကြားမှ ပြုံးလိုက်ပြီး သူ၏ စေးကပ်နေသော လက်ကို ဆွဲယူကာ ကြည်လင်စွာ ပြောလိုက်သည်။
"ကျေးဇူးပါပဲ ကုအာ့ကော"
သူ့နှလုံးသားသည်လည်း ထိုသကြားလုံးကဲ့သို့ ပျော်ကျသွားလေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း ငယ်ဘဝပုံရိပ်များနှင့် အသံများသည် လေပြင်းတစ်ချက်ကြောင့် လွင့်ပါးသွားပြီး လမ်းကြားထဲတွင် ရပ်နေသော သူတို့သည် အရွယ်ရောက်လာကြသည်။ သူ့ရှေ့တွင် ရပ်နေသည်မှာ မင်္ဂလာမဆောင်မီက နူးညံ့သိမ်မွေ့သော သာ့ကျဲအာ ဖြစ်နေလေသည်။
သူမက သူ့ကို ပြုံးပြသည်။ သူ မှတ်မိနေသော မျက်လုံးဝန်းဝန်းလေးများဖြင့် ပြုံးပြနေခြင်း ဖြစ်သည်။
နားထဲတွင် သူမနှင့် နောက်ဆုံးတွေ့ဆုံစဉ်က ပြောခဲ့သော စကားသံကို ကြားယောင်လာသည်။
"ကျေးဇူးပါပဲ ကုအာ့ကော"
"ကျွန်မ သွားတော့မယ်နော် ကုအာ့ကော၊ ကောင်းကောင်း နေခဲ့ပါ"
ကောင်းမွန်သော အိပ်မက် ဖြစ်သော်လည်း ရင်ထဲတွင် နာကျင်နေရသည်။ ကုထူစူးသည် အိပ်ပျော်နေသော်လည်း မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာပြီး ခေါင်းအုံးပေါ်သို့ ကျရောက်ကာ ဖျောက်ဖျက်မရနိုင်သော မျက်ရည်ကွက်တစ်ခု ဖြစ်ပေါ်လာလေသည်။
......
ကျန့်ရှီနှင့် ရုံသာ့ညန်တို့သည် အစပိုင်းတွင် သတိမထားမိကြဘဲ လက်ဖက်ရည်ဆိုင်တွင် ရုံသာ့လန်ကို ၂ နာရီခန့် စောင့်ဆိုင်းနေခဲ့ကြသည်။ နောက်ပိုင်းတွင် အချိန်ကြာလာသဖြင့် သတိဝင်လာကာ တစ်ညလုံး လိုက်လံရှာဖွေခဲ့သော်လည်း ရုံသာ့လန်၏ အရိပ်အယောင်ကို မတွေ့ရပေ။ လမ်းသွားလမ်းလာများကို မေးမြန်းသော်လည်း မည်သူကမှ မမြင်ကြပေ။ အားလုံးက မနေ့ညက လူအလွန်ရှုပ်သဖြင့် ရေထဲ ပြုတ်ကျသေဆုံးသူ မနည်းကြောင်း ပြောဆိုကြလေသည်။
ရုံသာ့ညန်သည် မြေကြီးပေါ် ထိုင်ချကာ ငိုယိုပြီး ကျန့်ရှီကို ဆွဲဆောင့်ကာ သူမကြောင့် ဖြစ်ရသည်ဟု အော်ဟစ်ဆဲဆိုလေသည်။ သူမသာ ဆံထိုးသွားရှာခိုင်းခြင်း မရှိလျှင် ဤကဲ့သို့ ဖြစ်မည် မဟုတ်ဟု ဆိုကာ ကျိန်ဆဲလေသည်။
ကျန့်ရှီသည် ရုံသာ့ညန်၏ ရိုင်းစိုင်းသော အမူအရာကြောင့် ကြောက်လန့်ပြီး ငိုကြွေးမိလေသည်။ ကံကောင်းသည်မှာ သူမ၏ မိခင်ဘက်မှ ပါလာသော သစ္စာရှိ အစေခံအိုကြီးများ ရှိနေသဖြင့် တုတ်များကို ကိုင်ဆောင်ကာ ကျန့်ရှီကို ဝိုင်းဝန်းကာကွယ်ပေးပြီး ပြန်လည် အော်ဟစ်ကြလေသည်။
"ခင်ဗျား ယောက္ခမလုပ်ပြီး သိပ်ရိုင်းတာပဲ။ အခု ဘာမှ မသေချာသေးဘဲ ကိုယ့်ချွေးမကို နာမည်ဖျက်ပြီး သေအောင် လုပ်နေတာလား။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ငါတို့ ကျန့်မိသားစုက အနိုင်ကျင့်လို့ လွယ်မယ် ထင်နေလား"
ရှုပ်ထွေးသွားပြီးနောက် ရုံသာ့ညန်သည် အနိုင်မရသဖြင့် မျက်လုံးဖြင့်သာ စူးစူးရဲရဲ ကြည့်ပြီး ပါးစပ်မှ တတွတ်တွတ် ကျိန်ဆဲနေတော့သည်။
ကျန့်ရှီမှာ ကြောက်လန့်နေပြီး ဤကဲ့သို့သော လူမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် လောကကြီး ဂျွမ်းပြန်သွားသကဲ့သို့ ခံစားနေရလေသည်။ ယောက္ခမကောင်းက ရိုင်းစိုင်းသူကြီး ဖြစ်သွားပြီး ခင်ပွန်းသည်မှာ ပျောက်ဆုံးသွားရာ လောကကြီးတစ်ခုလုံး အကျည်းတန်သွားသကဲ့သို့ ဖြစ်နေလေသည်။
သူမဘက်မှ ပါလာသော အစေခံတစ်ဦးသည် လူရည်လည်သူ ဖြစ်ရာ ရုံသာ့ညန်၏ ပုံစံကို ကြည့်ပြီး အရင်က ပြောခဲ့သော စကားများကို သံသယ ဝင်လာလေသည်။ ထို့ကြောင့် ရုံသာ့လန် ပျောက်ဆုံးမှုအတွက် အမှုဖွင့်ပြီး တစ်ဖက်တွင်လည်း မြို့အတွင်းသို့ သွားရောက်ကာ ရုံမိသားစု၏ ကွာရှင်းထားသော ချွေးမဟောင်းအကြောင်း စုံစမ်းခိုင်းလိုက်လေသည်။
စုံစမ်းရန် သွားသော ကျန့်မိသားစုအစေခံသည် ကံကောင်းထောက်မစွာဖြင့် ရှန်မိသားစုအတွက် ဘဲသွားဝယ်ပေးသော အဒေါ်လီနှင့် တွေ့ဆုံလေသည်။
အဒေါ်လီသည် ချက်ချင်းပင် အားတက်သွားပြီး တစ်နာရီခန့် မရပ်မနား ပြောဆိုလေသည်။
ရှန်မြောင်သည် မကြာသေးမီက ငါးကင်ကံစမ်းမဲ ဖောက်ရာတွင် ကိုအာကို ခေါ်ခိုင်းပြီး ငွေနှင့် ငါးကင် ပေးခဲ့ဖူးသည်။ ယခု ဘဲကင်ရောင်းရာတွင်လည်း အိမ်နီးချင်းများကို ကူညီသည့်အနေဖြင့် လမ်းကြားထဲမှ မွေးမြူထားသော ဘဲများကို ဦးစားပေး ဝယ်ယူပေးခဲ့သည်။ ထို့အပြင် ကြက်ငှက် ရွေးချယ်ကျွမ်းကျင်သော အဒေါ်လီကိုလည်း ဘဲခြံများသို့ သွားရောက် ဝယ်ယူပေးရန် အကူအညီ တောင်းခံခဲ့သည်။ ထို့ကြောင့် အဒေါ်လီသည် ရှန်မြောင်၏ အိမ်နီးချင်းကောင်း ဖြစ်လာပြီး သူမ၏ ပါးစပ်မှ ရှန်မြောင် အကြောင်း မကောင်းပြောသံ မကြားရတော့ပေ။
ရှန်မြောင်ကို ခေါ်ဝေါ်ရာတွင်လည်း 'ဟို ရှန်သာ့ကျဲအာ' မှ 'ငါတို့အိမ်က သာ့ကျဲအာ' ဟု ပြောင်းလဲခေါ်ဝေါ်လာလေသည်။
ကျန့်မိသားစုက အဝေးကြီးမှ လာရောက် စုံစမ်းသည်ကို တွေ့ရသဖြင့် အဒေါ်လီသည် ပါးစပ်အရသာခံကာ ယောက္ခမဆိုးကြီးက ရှန်ရှီကို မည်သို့ နှိပ်စက်ခဲ့ကြောင်း၊ ရုံသာ့လန်က မည်မျှ အရှက်မရှိကြောင်းတို့ကို မျက်မြင်ကိုယ်တွေ့ကဲ့သို့ ပုံကြီးချဲ့ ပြောဆိုလေသည်။
ကျန့်မိသားစုအစေခံမှာ နားထောင်ရင်း မူးမေ့လုနီးပါး ဖြစ်သွားရတော့သည်။
ရုံမိသားစု၏ ကွာရှင်းခြင်း နောက်ကွယ်မှ အမှန်တရားကို သိရှိလိုက်ရသောအခါ ကျန့်မိသားစုအစေခံသည် မျက်နှာပျက်လျက် တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ သူ၏ သခင်မလေးသည် စိတ်သဘောထား ပျော့ပျောင်းသူ ဖြစ်ကြောင်း သိသဖြင့် အကျိုးအကြောင်း ရှင်းပြကာ ချက်ချင်း မင်ကျိုးသို့ ပြန်ရန် တိုက်တွန်းလေသည်။
"သခင်မလေး၊ ဒီလို သူစိမ်းနေရာမှာ နေခဲ့လို့ ဘာမှ ထူးမှာ မဟုတ်ဘူး။ သခင်မလေးရဲ့ ယောက္ခမက ရူးကြောင်ကြောင် ဖြစ်နေပြီ၊ အရင်ကနဲ့ လုံးဝ မတူတော့ဘူး၊ ယုံလို့ မရတော့ဘူး။ ကျွန်တော်က တခြားလူကို စိတ်မပူပါဘူး၊ သခင်မလေး တစ်ခုခု ဖြစ်မှာပဲ စိုးရိမ်တာ။ အခု အမှုဖွင့်ပြီးပြီဆိုတော့ ရုံးတော်က ရှာပေးပါလိမ့်မယ်။ အရှင်လတ်လတ် ရှိနေလား သေသွားလား ဆိုတာ အဖြေပေါ်လာမှာပါ။ တစ်ရက် ရှာမတွေ့ရင် တစ်ရက်၊ တစ်နှစ် ရှာမတွေ့ရင် တစ်နှစ် ဒီမှာပဲ စောင့်နေလို့ မဖြစ်ဘူးလေ။ အိမ်ပြန်စောင့်တာက ပိုကောင်းပါတယ်"
ကျန့်ရှီသည် ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်သူ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက သူမကို စောင့်ရှောက်လာသော အစေခံကြီး၏ စကားကို ယုံကြည်လေသည်။ ရုံသာ့ညန်၏ ဆဲဆိုသံများကိုလည်း ကြောက်ရွံ့သဖြင့် အိမ်ပြန်ရန် သဘောတူလိုက်သည်။
ရုံသာ့ညန်က သဘောမတူသော်လည်း ကျန့်မိသားစု၏ အစေခံများကို မယှဉ်နိုင်ပေ။ သူတို့က နေချင်လျှင် နေခဲ့ရန်၊ သူတို့ကတော့ ပြန်မည်ဟု ပြောဆိုလိုက်သည်။
ဟိုယခင်က ရုံသာ့ညန်သည် ချွေးမကို နှိပ်စက်သည့် ဂုဏ်သတင်းဆိုး ကျင်းလင်မြို့တွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း ရုံသာ့လန် တွေးတောမိခဲ့လေသည်။ ထို့ကြောင့် ကျန့်ရှီနှင့် လက်ထပ်ထိမ်းမြားနိုင်ရန်အလို့ငှာ ရုံသာ့ညန်ကို ကျင်းလင်ရှိ နေအိမ်နှင့် လယ်မြေများကို ရောင်းချစေပြီး မင်ကျိုးသို့ ပြောင်းရွှေ့ကာ အိမ်ငယ်တစ်လုံး ပြန်လည် ဝယ်ယူစေခဲ့၏။
နေအိမ်ဝယ်ယူလိုက်ရာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုအားလုံး ကုန်ခမ်းသွားခဲ့လေသည်။ ထိုသားအမိနှစ်ယောက်သည် ယခင်က ရှန်သာ့ကျဲအာ၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို ထိုင်စားခဲ့သကဲ့သို့ ယခုတွင်လည်း စားဝတ်နေရေး အသုံးစရိတ်အားလုံးအတွက် ကျန့်မိသားစုအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရလေသည်။
အခုတော့ အားလုံး ပြီးဆုံးသွားလေပြီ။ သားဖြစ်သူလည်း မရှိတော့ပေ။ လက်ထဲတွင် ငွေကြေး မည်မည်ရရမရှိသည့် အထီးကျန် အဘွားအိုတစ်ယောက်အနေဖြင့် သူမသည် ပြန့်ကျင်းတွင် တစ်ကိုယ်တည်း နေရစ်ရန် မည်သို့ နေရဲပါမည်နည်း။
နောက်ဆုံးတွင် ငိုယိုအော်ဟစ်လျက် သူတို့နောက်သို့ လိုက်ပါသွားကာ မင်ကျိုးသို့ လိုက်ပြန်သွားတော့သည်။
ကျန့်မိသားစုနှင့် ရုံသာ့ညန်သည် လမ်းတစ်လျှောက်လုံး ရန်ဖြစ်ကာ မင်ကျိုးသို့ ပြန်ရောက်သွားကြသည်။ အိမ်ပြန်ရောက်သည်နှင့် အစေခံက အမှန်တရားကို ဖွင့်ချလိုက်ရာ ကျန့်မိသားစုကလည်း ကျင်းလင်သို့ လူလွှတ် စုံစမ်းလိုက်ပြီး နှစ်ဖက်မိသားစု ကွာရှင်းရန် ပြုလုပ်ကြတော့သည်။ ရုံသာ့ညန်သည် တစ်ယောက်တည်း ဖြစ်နေသဖြင့် ကျန့်မိသားစု၏ မောင်းထုတ်ခြင်းကို ခံလိုက်ရလေသည်။ ဒါကတော့ နောက်မှ ဖြစ်မည့် အကြောင်းအရာများသာ ဖြစ်သည်။
ရုံသာ့လန်မှာမူ.... ကုန်တင်လှေသည် တစ်ရက်နှင့် တစ်ည ခုတ်မောင်းပြီးနောက် ကျန့်ကျိုးဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်လိုက်သည်။ လှေဆိုက်ကပ်ချိန်တွင် အခွန်ရုံးမှ ကုန်စည်စစ်ဆေးရန် လာရောက်ရာ လှေပိုင်ရှင်သည် လှေအနောက်တွင် လူတစ်ယောက် ပါလာသည်ကို တွေ့ရှိသွားတော့သည်။ ရင်ဘတ်လှုပ်ရှားနေသဖြင့် အသက်ရှင်နေသေးသော်လည်း ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေပြီး အောက်ပိုင်းတွင် ဒဏ်ရာများနှင့် ရေစိမ်ထားသဖြင့် ဖူးရောင်နေသည်ကို တွေ့ရသည်။
"ကံဆိုးလိုက်တာကွာ၊ ဘယ်က သရဲ လာကပ်နေတာလဲ"
သူက လက်အောက်ငယ်သားများကို ဖြုတ်ချခိုင်းလိုက်သည်။ အသက်ရှိနေသေးသဖြင့် ရေထဲ ပြန်မပစ်တော့ဘဲ ဆိပ်ကမ်းမှ သစ်ဆွေး၊ ပိုက်ကွန်စုတ်များ ပုံထားသော နေရာတွင် ပစ်ထားခဲ့လိုက်သည်။ အာဏာပိုင်များ တွေ့ရှိပြီး မေးမြန်းနေလျှင် အလုပ်ကြန့်ကြာမည် စိုးသဖြင့် ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် အခွန်ဆောင်၊ လာဘ်ထိုးပြီး လိုအပ်သော ပစ္စည်းများ ဖြည့်တင်းကာ အမြန် ထွက်ခွာသွားတော့သည်။
ထို့နောက်ပိုင်းတွင် ရုံသာ့လန် မည်သို့ ဖြစ်သွားသည်ကို မည်သူမျှ မသိရှိကြတော့ပေ။
...