← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အပိုင်း (၁၀၅)

ကြာပန်းပွဲတော်ည၏ ရင်တုန်ဖွယ်ရာ အဖြစ်အပျက်များကို ရှန်မြောင်သည် လုံးဝ မသိရှိခဲ့ချေ။

သူမသည် နှစ်ခြိုက်စွာ အိပ်စက်ပြီး နိုးလာချိန်တွင် အဒေါ်လီသည် လှည်းတွန်းကာ တဂတ်ဂတ် အော်နေသော ဘဲကောင်ရေ ၃၀ ကို ပို့ဆောင်လာပြီး ဖြစ်လေသည်။ ထန်အာနှင့် ဖူရှင်းသည် မြေကြီးပေါ်တွင် ထိုင်လျက် ဘဲများကို သတ်ကာ သွေးဖောက်နေကြသည်။ မီးဖိုချောင်တွင်လည်း မီးမွှေးထားပြီဖြစ်ကာ ဆိတ်သားနှင့် ဝက်ရိုးပြုတ်ရည်မှ အမွှေးနံ့များသည် ဆိုင်ခန်းရှေ့ဘက်သို့ ပျံ့လွင့်နေလေသည်။

အားထောင်သည် အပြင်သို့ ထွက်ရင်း ဆံပင်စည်းကြိုးကို ကိုက်ထားကာ ဆံပင်ကို ပေါ့ပေါ့ပါးပါး စုစည်းလိုက်ပြီး ဆိုင်တံခါးများ ဖွင့်လှစ်လိုက်လေသည်။

ခဏအကြာတွင် ပထမဆုံး ဧည့်သည် ဝင်ရောက်လာပြီး ပြတင်းပေါက်ဘက်တွင် ထိုင်ကာ ဆိတ်သားဟင်းရည် ပူပူနွေးနွေးကို သောက်သုံးနေလေသည်။

ချန်ချွမ်းနှင့် ရှန်းအာတို့သည် အိပ်ပျော်နေကြဆဲ။ ကလေးနှစ်ယောက်သည် စောင်ပါးလေး ခြုံထားပြီး ကြည့်ရသည်မှာ အိပ်စက်နေပုံ သပ်ရပ်နေသော်လည်း စောင်ကို လှန်ကြည့်လိုက်သောအခါ ရှန်းအာ၏ ကိုယ်နှင့် ခြေထောက်များသည် မုန့်လိမ်ကဲ့သို့ လိမ်ခွေနေပြီး ချန်ချွမ်းမှာလည်း ထောင့်ဖြတ် အိပ်စက်နေသည်ကို တွေ့ရသည်။

ဒီလို အိပ်ရတာ နေရမခက်ဘူးလား။

ရှန်မြောင်သည် ရှန်းအာ၏ ခြေထောက်ကို ချိုင်းကြားအောက်မှ ဆွဲထုတ်လိုက်ရင်း ကလေးမလေး၏ ကိုယ်လုံး ပျော့ပျောင်းမှုကြောင့် အရွတ်များ ကောင်းမွန်သည်ဟု တွေးတောမိလေသည်။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ရှန်မြောင်သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်လိုက်သည်။

ဖိယုံးစာသင်ကျောင်းတွင်မူ ရှန်ကျိသည် မျက်နှာငယ်လေးဖြင့် ချဉ်ဖတ်အိုးအောက်ခြေမှ လက်ကျန်လေးကို ခြစ်ယူနေလေသည်။

အစ်မကြီး ထည့်ပေးလိုက်သော အစားအစာကောင်းများသည် အဆောင်ရောက်သည်နှင့် သူ၏ အခန်းဖော် ငတ်ကြီးကျနေသော ဝံပုလွေများ၏ ဝိုင်းဝန်းစားသောက်ခြင်း ခံလိုက်ရသည်။ မက်မွန်သီးခြောက်နှင့် ပရစ်မုန့်များသည် ထိုနေ့တွင်ပင် ကုန်စင်သွားပြီး အသင့်စားဟင်းရည်ထုပ်များသည်လည်း ၂ ရက် ၃ ရက်အတွင်း ပြောင်သလင်းခါသွားသည်။ ထို့နောက် အခန်းဖော်များ အိမ်မှ ယူလာသော အစားအစာများလည်း လျင်မြန်စွာ ကုန်သွားလေသည်။

ထို့ကြောင့် သူသည် မီးဖိုငယ်လေးဖြင့် ဆန်ပြုတ်ပြုတ်ကာ မျှစ်ချဉ်၊ ဝက်သားခြောက်တို့ဖြင့် စားသောက်နေရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ကျောင်းပိတ်ရက် ရောက်တော့မည်။

ရှန်ကျိသည် ချဉ်ဖတ်နှင့် ဆန်ပြုတ်ကို စားရင်း အိမ်ပြန်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေလေသည်။

သူ့ကဲ့သို့ပင် ကျောင်းပိတ်ရက်ကို စောင့်မျှော်နေသူများမှာ ကျောင်းသားအဆောင်မှ နဉ်ယီနှင့် ရှဲ့ချီတို့ ဖြစ်သည်။

နေ့လယ်ခင်း တိတ်ဆိတ်သော အချိန်ဖြစ်ပြီး ပုစဉ်းရင်ကွဲသံများ၊ ငှက်ပျောရွက်လှုပ်ခတ်သံများ ကြားနေရသည်။ ရှန်အန်းနှင့် အခြားကျောင်းသားများသည် နေ့လယ်စာစားပြီး အနားယူနေကြသော်လည်း အစားမက်သော နဉ်ယီနှင့် ကြောင်ပိုက်ကာ တမှေးစက်ပြီး ပြန်ထလာသော ရှဲ့ချီတို့သည် နိုးကြားနေကြသည်။

ရှဲ့ချီသည် ထလာပြီးနောက် စာအုပ်တစ်အုပ်ယူ၍ တိတ်ဆိတ်စွာ ဖတ်ရှုနေသော်လည်း နဉ်ယီမှာမူ.... ကုတင်ပေါ်တွင် လူးလိမ့်နေလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ရှဲ့ချီလက်ထဲမှ ဘဲကင်ကို လုယူစားသောက်ပြီးကတည်းက နဉ်ယီသည် အဆိပ်မိသကဲ့သို့ ဖြစ်နေပြီး ဘဲကင်ကို တမ်းတကာ အစားအသောက်ပျက်မတတ် ဖြစ်နေလေသည်။

ကုတင်ပေါ်တွင် လူးလိမ့်ပြီးနောက် အားကုန်သွားသကဲ့သို့ ဖြစ်သွားကာ မျက်ခွံကို ပင့်လျက် ပြတင်းပေါက်အောက်ကို လှမ်းကြည့်လိုက်သည်။ ရှဲ့ချီသည် ပြတင်းပေါက်နားရှိ စာကြည့်စားပွဲတွင် ထိုင်နေပြီး စားပွဲဘယ်ဘက်တွင် စာအုပ်များ ပုံထားကာ ထိုအပေါ်တွင် ကြိမ်ခြင်းတောင်းငယ်လေး တင်ထားသည်။ ချီလင်သည် ထိုခြင်းတောင်းထဲတွင် ဝပ်နေပြီး အမြီးလေးကို တွဲလောင်းချကာ ယမ်းနေလေသည်။

စားပွဲ၏ အခြားတစ်ဖက်တွင် ဝါးဆစ်ပုံသဏ္ဌာန် မြေအိုးမီးဖိုလေး ရှိပြီး သစ်နံ့သာမွှေးတိုင် ထွန်းညှိထားသဖြင့် မီးခိုးငွေ့များ ဖြည်းညှင်းစွာ ထွက်ပေါ်နေကာ သင်းပျံ့သော အနံ့ကို ပေးစွမ်းနေသည်။ ရှဲ့ချီသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်လျက် အာရုံစိုက် ဖတ်ရှုနေသည်။ ဝါးလိုက်ကာကို တစ်ဝက်လိပ်တင်ထားပြီး ပြတင်းပေါက်အပြင်ဘက်မှ နွေရာသီ၏ တောက်ပသော နေရောင်ခြည်သည် အခန်းထဲသို့ ဝင်ရောက်နေရာ အခန်းထဲတွင် သစ်ခွပန်း ပွင့်နေသကဲ့သို့ ကျက်သရေရှိလှပေသည်။

နဉ်ယီသည် ရှဲ့ချီကို တစ်လှည့်၊ ကြောင်မြီးလေး ယမ်းနေသည်ကို တစ်လှည့် ကြည့်ပြီးနောက် ပျင်းရိစွာဖြင့် လက်ချောင်းလေးများ ချိုးကာ ရေတွက်နေမိသည်။ ကျောင်းဆင်းရန် ၄ နာရီသာ လိုတော့သည်။

သူ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ကျောင်းပိတ်လျှင် အိမ်မပြန်ဘဲ ရှန်ဆိုင်သို့ သွားရောက်ကာ ဘဲကင်တစ်ကောင် မှာစားပစ်မည်။

သူ ရေတွက်ပြီးချိန်တွင် ချီလင်သည် ခြင်းတောင်းထဲမှ ရုတ်တရက် ထလာပြီး အကြောဆန့်ကာ ရှေ့ခြေထောက်များကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ရှဲ့ချီကို ချောင်းကြည့်လိုက်ပြီး လူသားက သူ့ကို သတိမထားမိကြောင်း သိလိုက်ရသောအခါ လျင်မြန်စွာဖြင့် ရှဲ့ချီ၏ လက်ဖက်ရည်ခွက်ထဲသို့ ခေါင်းထိုးကာ ရေကို သောက်သုံးလိုက်လေသည်။

နဉ်ယီသည် ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရပြီး ရှဲ့ချီကို သတိပေးရန် ပြင်လိုက်စဉ် ရှဲ့ချီသည် ခေါင်းမလှည့်ရဲဘဲ ကြောင်လေး လန့်သွားမည်ကို စိုးရိမ်သဖြင့် မသိမသာ ခေါင်းခါပြလိုက်သည်။ နဉ်ယီက ပါးစပ်ပိတ်လိုက်သည်။ မကြာမီ ချီလင်သည် ရေသောက်ပြီးသွားသဖြင့် စားပွဲပေါ်မှ ခုန်ဆင်းကာ အခန်းထဲတွင် လမ်းလျှောက်နေပြီး ရှဲ့ချီ၏ ကုလားထိုင်ခြေထောက်တွင် ကြိုးပတ်ထားသော နေရာ၌ လက်သည်းသွေးနေလေသည်။

ထိုအခါမှ ရှဲ့ချီသည် လှည့်ကြည့်ကာ သက်ပြင်းချပြီး ပြောလေသည်။ "ချီလင်က ရေမသောက်ချင်ဘူး၊ အဲဒီခွက်က သူ့ကို ပေးလိုက်ပြီ၊ ဒီနေ့ သူ့ကို သောက်စေချင်လို့ တမင်တကာ အဲဒီမှာ ထားပေးထားတာ"

ထူးဆန်းသည်မှာ ရေခွက်ထဲတွင် ရေသန့်ထည့်ပေးထားသော်လည်း သူ မသောက်ချေ။ လှည့်ပင် မကြည့်ချေ။ သို့သော် ရှဲ့ချီက စားပွဲပေါ်တွင် လက်ဖက်ရည်ခွက် တင်ထားလိုက်လျှင် ဖြတ်သွားရင်းပင် ခေါင်းထိုးကာ သောက်တတ်လေသည်။

"ကြောင်စိတ်က ခန့်မှန်းရ ခက်တယ်" နဉ်ယီက ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ မင်းလည်း ကုမရတော့ဘူး၊ အခုတော့ ကြောင်ကျွန် ဖြစ်သွားပြီ"

"ကြောင်ကျွန်ဖြစ်ရတာ ငါ ပျော်ပါတယ်" ရှဲ့ချီက လေးနက်စွာ ပြန်ပြောပြီး သူ့ကို ဂရုမစိုက်ဘဲ ချီလင်ကို လှမ်းခေါ်ကာ ပွေ့ချီလိုက်သည်။ မေးစေ့အောက်ကို ကုတ်ပေးပြီးနောက် သစ်သားဘီးဖြင့် ဖြီးသင်ပေးလိုက်ရာ အမွေးအမျှင်များ ကျွတ်ထွက်လာလေသည်။ ထိုအမွေးများကို မလွှင့်ပစ်ဘဲ စုစည်းကာ အိတ်ထဲသို့ ထည့်လိုက်သည်။

အိမ်ပြန်ရောက်လျှင် အိမ်မှ ပန်းထိုးသမားကို မေးမြန်းပြီး ချီလင်၏ အမွေးများဖြင့် ချည်မျှင်လုပ်ကာ ကြောင်ခေါင်းပုံ ပန်းထိုးကားချပ်လေး နှစ်ခု ပြုလုပ်မည်။ သို့မှသာ ချီလင်၏ ငယ်စဉ်က ချစ်စရာကောင်းသော ပုံရိပ်ကို အမှတ်တရ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

ပြီးစီးလျှင် တစ်ခုကို သူ့စာကြည့်ခန်းတွင် ထားရှိပြီး နောက်တစ်ခုကို ရှန်ညန်ဇီ အိမ်သို့ ပို့ပေးမည်....

ရှန်ညန်ဇီ။

ချိုးဟောင် ပြောပြချက်အရ ရှန်ညန်ဇီသည် ဘဲကင်ပုံကို လက်ခံရရှိပြီး အလွန် ပျော်ရွှင်ကာ ကျေးဇူးတင်စကား ပြောခဲ့သည်ဟု ဆိုသည်။ သို့သော် သူမ ဘာကြောင့် စာပြန်မရေးရသနည်း။ စာအနည်းငယ် ရေးပေးလျှင် ရပါလျက်.... ဒီရက်ပိုင်း ရှန်ညန်ဇီ နေကောင်းရဲ့လား၊ မနေ့ညက မီးပန်းကြည့်ဖို့ ထွက်သေးလား မသိဘူး။

ရှဲ့ချီသည် ချီလင်၏ ပြောင်လက်ချောမွေ့သော ကျောဘက်အမွေးများကို ပွတ်သပ်ပေးနေသော်လည်း စိတ်ကမူ ကြောင်ဆီတွင် မရှိတော့ဘဲ ရှန်ညန်ဇီ အကြောင်းသာ တွေးတောနေမိလေသည်။

နဉ်ယီသည် သူ ကြောင်ပွေ့ကာ ငေးငိုင်နေသည်ကို မြင်ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ စာသင်သားအကူကို ခေါ်၍ မင်သွေးခိုင်းလိုက်သည်။ "မနေနိုင်တော့ဘူး၊ ငါ ဘဲကင်အကြောင်း ကဗျာ ရေးတော့မယ်။ နောက်ကျရင် ငါ စားဖူးသမျှ အစားအသောက်တွေအကြောင်း မှတ်တမ်းရေးပြီး စာအုပ်ထုတ်မယ်၊ တစ်ယောက်တည်း သွားရည်ယိုတာထက် အများပါ လိုက်ယိုအောင် လုပ်ပစ်မယ်"

ရည်မှန်းချက်ကြီးလိုက်ပါဘိ။ အိမ်က လူကြီးတွေ သိရင်တော့ ရင်ကွဲနာကျပြီး သေကုန်ကြမှာပဲ။

နဉ်ယီ၏ စာသင်သားအကူသည် ပြောစရာစကား မရှိတော့ဘဲ တိတ်ဆိတ်စွာဖြင့် စာရွက်ဖြန့်ကာ မင်သွေးပေးနေလိုက်သည်။

ကျောင်းတက်ခေါင်းလောင်းသံ မြည်လာသောအခါ အားလုံးသည် လေးလံသော ခြေလှမ်းများဖြင့် စာသင်ခန်းသို့ သွားရောက်ကာ နောက်ဆုံး သင်ခန်းစာနှစ်ခုကို တက်ရောက်ကြသည်။ ကျောင်းဆင်းချိန် ရောက်သောအခါ ကျောင်းသားများသည် လှောင်ချိုင့်ထဲမှ လွတ်လာသော ငှက်များကဲ့သို့ အိမ်သို့ အလုအယက် ပြန်ကြလေသည်။

ရှန်ကျိ ထွက်လာသောအခါ ရှဲ့မိသားစု မြင်းလှည်းနှင့် ဆုံတွေ့သဖြင့် ရှဲ့ချီက သူ့ကို အတူလိုက်စီးရန် ဖိတ်ခေါ်လိုက်သည်။ မြို့တံခါးဝတွင် လှည်းငှားစီးရမည့် ဒုက္ခမှ ကင်းဝေးသွားသဖြင့် ကျေးဇူးတင်စွာ လိုက်ပါစီးနင်းလိုက်သည်။

ရှဲ့မိသားစု၏ မြင်းလှည်းသည် ကြီးမားမြင့်မားပြီး ရှန်ကျိ ဝင်ရောက်လိုက်သောအခါ ခေါင်းငုံ့ရုံဖြင့် အဆင်ပြေကြောင်း တွေ့ရှိရသည်။ အလယ်တွင် စားပွဲခုံ ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်ခုံများ ရှိသည်။ သူ ထိုင်လိုက်သောအခါ မျက်နှာချင်းဆိုင်တွင် 'ကြောင်ထိုင်ခုံ' ရှိနေသည်ကို တွေ့လိုက်ရသည်။ မူလက ရှဲ့ချီ၏ ရှေးဟောင်းစာအုပ်များ တင်ထားသော စင်လေးသည် ယခုအခါ စာအုပ်များ မရှိတော့ဘဲ လျှော်ကြိုးများ ပတ်ထားကာ ပိုးသားမွေ့ရာနှင့် ပိုးသားစောင်ပါးလေး တင်ထားသည်ကို တွေ့ရသည်။ စင်ပေါ်တွင် ကြောင်လေး လိပ်ပြာဖမ်းနေပုံ အဝတ်လိုက်ကာလေး ချိတ်ဆွဲထားပြီး 'ချီလင်' ဟု ရေးထွင်းထားသော သစ်သားဆိုင်းဘုတ်လေးလည်း ချိတ်ဆွဲထားလေသည်။ ကြောင်လေးသည် ထိုနေရာတွင် အိပ်စက်ကာ ပျင်းရိစွာ သမ်းဝေနေလေသည်။

လိုက်ကာပေါ်မှ ကြောင်ပုံသည် ချီလင်နှင့် တစ်ပုံစံတည်း တူညီနေပြီး မျဉ်းဆွဲချက်များကို ကြည့်ခြင်းအားဖြင့် ကျိုကော ကိုယ်တိုင် ရေးဆွဲထားပုံ ရလေသည်။

ရှဲ့ချီသည် သူ့ကို လက်ဖက်ရည် တည်ခင်းပြီး စာပေအကြောင်း ဆွေးနွေးလေသည်။ လမ်းတစ်လျှောက် ရှန်ကျိသည် ဗဟုသုတများစွာ ရရှိခဲ့သည်။ ထို့နောက် ရှဲ့ချီက မေးမြန်းလိုက်၏။

"အရင်နှစ်တွေက ခရိုင်အဆင့် စာမေးပွဲက ၂ လပိုင်း၊ ပြည်နယ်အဆင့်က ၄ လပိုင်းမှာ ကျင်းပလေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ် အစိုးရက အမိန့်ထုတ်ပြီး 'စာမေးပွဲ အပိုဆောင်း' ကျင်းပမယ်၊ ခရိုင်အဆင့်ကို ၈ လပိုင်း၊ ပြည်နယ်အဆင့်ကို ၁၀ လပိုင်းမှာ ပြောင်းလိုက်တယ်။ မင်း ဝင်ဖြေကြည့်မလား"

ရှန်ကျိ အံ့သြသွားသည်။

ယခုအချိန်တွင် ရှို့ချိုင်ဘွဲ့ ရရှိရန်အတွက် ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့် စာမေးပွဲများကို အောင်မြင်မှသာ ထုန်ရှန်း အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ယွမ်အဆင့် စာမေးပွဲကို ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။ ယွမ်အဆင့် အောင်မြင်မှသာ ရှို့ချိုင် ဖြစ်လာမည်။ ရှို့ချိုင် ဖြစ်ရန်မှာ စာမေးပွဲလမ်းကြောင်း၏ အသေးဖွဲဆုံး အဆင့် ဖြစ်သော်လည်း သာမန်ပြည်သူများအတွက်မူ နဂါးဂိတ်တံခါးကို ကျော်ဖြတ်ရသကဲ့သို့ ခက်ခဲသော အဆင့် ဖြစ်လေသည်။

ရှန်ကျိက ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ကျွန်တော် စာဖတ်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်၊ ဘယ်လိုလုပ် ဝင်ဖြေနိုင်မှာလဲ"

ရှဲ့ချီက ပြန်ပြောလေသည်။ "ငါကတော့ မင်းကို သွားဖြေစေချင်တယ်။ အောင်ချင်လို့ သွားဖြေတာ မဟုတ်ဘဲ စာမေးပွဲစည်းမျဉ်းတွေ လေ့လာဖို့၊ ကိုယ်တိုင် ကြုံတွေ့ဖို့ သွားဖြေတာပါ။ အခု ပညာအဆင့်အတန်း မမြင့်သေးပေမယ့် ကြောက်စိတ် မရှိသင့်ဘူး။ တစ်ကြိမ် ကြုံဖူးမှသာ စာမေးပွဲဆိုတာ ဘာလဲဆိုတာ သိလာမှာ။ တစ်ကြိမ် ဖြေဖူးရင် နောက်ပိုင်း ကျမ်းစာတွေ ဖတ်တဲ့အခါ လမ်းလွဲမသွားဘဲ စိတ်လှုပ်ရှားမှု လျော့နည်းသွားလိမ့်မယ်။ ဒါက ငါ့အမြင်ပါ၊ အိမ်ပြန်ရောက်ရင် မင်းရဲ့ အစ်မကြီးနဲ့..... သေချာ တိုင်ပင်ကြည့်ပါ"

ရှန်ကျိသည် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ ရှဲ့ချီက "မင်းရဲ့ အစ်မကြီး" ဟု ပြောစဉ် ခေတ္တ ရပ်တန့်သွားပြီး အကြည့်လွှဲသွားသည်ကို သူ သတိမထားမိလိုက်ပေ။

ရှဲ့ချီသည် ထိုအကြောင်း ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။ အမှန်တကယ်တွင် ခရိုင်အဆင့်၊ ပြည်နယ်အဆင့်သာမက နန်းတွင်းမှ အမိန့်ကြောင့် ယွမ်အဆင့် စာမေးပွဲကိုလည်း ဆောင်းရာသီ မရောက်မီ အပြီးကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဤကဲ့သို့ တစ်နှစ်တည်းတွင် စာမေးပွဲ သုံးကြိမ် ကျင်းပခြင်းသည် ယခင်က မရှိခဲ့ဖူးသော ဖြစ်ရပ်ပင်။

အစိုးရသည် စာမေးပွဲ ဖြေဆိုခွင့် အရေအတွက် တိုးမြှင့်ပြီး ယာယီစာမေးပွဲများ တိုးချဲ့ကျင်းပခြင်းကို ကြည့်ခြင်းအားဖြင့် ဆင်းရဲသား ပညာတတ်များကို ရာထူးတိုးပေးရန် ဆန္ဒပြင်းပြနေကြောင်း သိသာလှသည်။

ရှဲ့ချီသည် ခရိုင်အဆင့်၊ ပြည်နယ်အဆင့် စာမေးပွဲများကို အောင်မြင်ပြီး ဖြစ်သော်လည်း ကံဆိုးမိုးမှောင်ကျမှုများကြောင့် ယွမ်အဆင့်တွင် သောင်တင်နေခြင်း ဖြစ်သည်။ သူ တည်ငြိမ်စွာ တွေးတောမိသည်။ လွန်ခဲ့သော ၃ နှစ်က စာစီစာကုံး တစ်ပုဒ်လုံး ရေးပြီးခါနီးတွင် စုတ်တံကျိုးပြီး မင်များ စာရွက်ပေါ် ပေကျံသွားသဖြင့် ပြန်ရေးချိန် မရတော့ဘဲ ကျရှုံးခဲ့ရသည်။ လွန်ခဲ့သော ၂ နှစ်က မီးသွေးလာပို့သော စစ်သည် ချော်လဲပြီး မီးသွေးအိုး မှောက်ကျကာ စာရွက်များ မီးလောင်သွားခဲ့သည်။ မနှစ်က စာမေးပွဲခန်း ပြိုကျခဲ့သည်။ ဒီနှစ်ရော ဘယ်လို ကံဆိုးမှုမျိုး ကြုံရဦးမလဲ မသိပေ။

သူတို့နှစ်ဦး အတွေးကိုယ်စီနှင့် ငေးငိုင်နေစဉ် မြင်းလှည်း ရပ်တန့်သွားလေသည်။

ရှန်ကျိ သတိဝင်လာပြီး ရှဲ့အိမ်ပေါက်ဝသို့ ရောက်ပြီဟု ထင်ကာ ကမန်းကတန်း ဆင်းရန် ပြင်လိုက်သည်။ တစ်လမ်းလောက် လမ်းလျှောက်ပြန်ရင် ရပြီဟု တွေးလိုက်သည်။

ရှဲ့ချီကို နှုတ်ဆက်ပြီး ဆင်းလိုက်သောအခါ မြင်းလှည်းသည် ဈေးလမ်းမပေါ်တွင် ရပ်ထားကြောင်း တွေ့လိုက်ရပြီး မော့ကြည့်လိုက်ရာ 'ရှန်ကျိ ခေါက်ဆွဲဆိုင်' ဟူသော စာတန်းကို တွေ့လိုက်ရလေသည်။ သူ အံ့သြသွားပြီး ကျေးဇူးတင်စကား ပြောရန် လှည့်ကြည့်လိုက်ရာ ရှဲ့ချီသည် ကြောင်ပိုက်လျက် လှည်းပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

သူက ကြောင်အမ်းအမ်း ဖြစ်နေစဉ် အစ်မကြီးသည် ပြုံးရွှင်စွာဖြင့် ထွက်ကြိုလေသည်။ "ကျိအာ ပြန်ရောက်ပြီလား၊ ဒီနေ့ စောသားပဲ.... ဟာ ကျိုကောလည်း ရှိနေတာပဲ၊ အတူတူ ပြန်လာကြတာလား။ ချီလင်လေး၊ ကြီးလာလိုက်တာ၊ ခေါင်းလုံးလုံးလေးနဲ့ ချစ်စရာလေး၊ ပေးပါအုံး ကျွန်မ ချီကြည့်မယ်။ အယ် ဗိုက်ကြီးက ဘာလို့ ဒီလောက်တောင် ပူနေတာလဲ"

ရှဲ့ချီ၏ မျက်နှာထားသည် ချက်ချင်း နူးညံ့သွားပြီး ကြောင်ပိုက်ထားသော ရှန်မြောင်ကို ကြည့်ကာ ရှန်ကျိကို ကျော်ဖြတ်၍ သူမဘေးတွင် ဝင်ရပ်လိုက်ရင်း ကြောင်ကို လှမ်းကိုင်ပြီး ရှင်းပြလေသည်။ "ကျွန်တော်လည်း သတိထားမိလို့ မနေ့က မားဟန်လမ်းက ဝမ် ၁၇ ရဲ့ တိရစ္ဆာန်ဆေးခန်းကို သွားပြခဲ့တယ်။ ဆရာဝန်က ပြောတယ်၊ ဘာရောဂါမှ မရှိပါဘူးတဲ့၊ အစားကောင်းလို့ ဝပြီး ဗိုက်ပူလာတာတဲ့"

ရှန်ကျိသည် ဘေးသို့ ရောက်သွားပြီး တစ်ခုခု လွဲနေသည်ဟု ခံစားနေရစဉ် အစ်မကြီးက မျက်နှာမော့ကာ မျက်လုံးများ ကွေးညွှတ်သွားအောင် ပြုံးလျက် ရှဲ့ချီကို ပြောလိုက်သည်။ "ကျိုကော လာတာ အတော်ပဲ၊ ကျွန်မတို့ 'ပေါ်ပေါ်ကျီး (ကြက်သားတုတ်ထိုး' လုပ်စားမလို့ တိုင်ပင်နေတာ၊ ကျိုကော အစပ်စားလား၊ ညစာ အတူတူ စားသွားပါလား"

"ပေါ်ပေါ်ကျီး ဟုတ်လား"

"အာ... တကယ်တော့... အသီးအရွက်စုံ အေးသုပ်လိုပါပဲ၊ ကျွန်မ ဘာသာ နာမည်ပေးထားတာပါ"

"မဟုတ်ပါဘူး၊ နာမည်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်"

"ဒါဆို ကျိုကော နေခဲ့ပြီး အတူတူ စားသွားလေ၊ ကျိအာကို လမ်းကြုံ ခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အိမ် အရင်ပြန်ဦးမလား"

"မလိုပါဘူး၊ ချိုးဟောင်ရေ၊ မင်း ပြန်သွားပြီး အမေ့ကို ပြောလိုက်ပါ"

"အဆင်ပြေသွားပြီ၊ ကျိုကော ကြွပါ၊ ကျွန်မတို့ အသီးအရွက်တွေ လှီးပြီး တုတ်ထိုး ထိုးနေကြတာ၊ ကျိုကော အရသာ ကြိုက် မကြိုက် ကြည့်ပေးပါအုံး။ ကျွန်မ ကြိမ်ဆီနဲ့ ငရုတ်ဆီ အေးသုပ် လုပ်ထားတယ်၊ နွေရာသီမှာ ဒါစားရတာ သက်သောင့်သက်သာ အရှိဆုံးပဲ၊ မွှေးပြီး စပ်စပ်လေးနဲ့ လတ်ဆတ်တယ်"

"ကောင်းပြီ၊ ကျွန်တော်လည်း ဝိုင်းကူမယ်"

ရှန်ကျိသည် ဘေးတွင် ကြောင်တောင်တောင် ရပ်နေရင်း သူတို့နှစ်ဦး စကားပြောလျက် ကြောင်ပွေ့ကာ အိမ်ထဲ ဝင်သွားသည်ကို ကြည့်နေမိလေသည်။

နေပါအုံး.... ဘာ... ဘာဖြစ်သွားတာလဲ။ သူ ရုတ်တရက် အမေ့ခံလိုက်ရတာလား။

သူ ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်ရာ ချိုးဟောင်သည် စာအုပ်သေတ္တာကို လွယ်လျက် သူ့ကို ပြုံးပြပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လေသည်။ "ရှန်သခင်လေး၊ ကျွန်တော် ပြန်နှင့်ပါမယ်" ဟု ပြောပြီး လှည်းပေါ် တက်သွားလေသည်။

လှည်းမောင်းသမား ကျိုးတာ့က ရယ်ချင်စိတ်ကို ထိန်းလျက် သူ့ပခုံးကို ပုတ်ကာ နှုတ်ဆက်ပြီး ရှဲ့မိသားစု၏ မြင်းနီကြီးကလည်း သူ့ကို နှာမှုတ်ပြသွားလေသည်။

ရှဲ့မိသားစု လှည်း ထွက်ခွာသွားမှ အစ်မကြီးသည် ဟင်းသီးဟင်းရွက် ဇလုံတစ်လုံး ပိုက်လျက် သူ့ကို သတိရသွားပြီး နောက်ဖေးနှင့် ဆိုင်ခန်းဆက်ထားသော တံခါးဝမှ ခေါင်းပြူကာ မေးလိုက်သည်။ "ကျိအာ၊ ဘာလို့ ငိုင်ပြီး ရပ်နေတာလဲ၊ မြန်မြန် ဝင်လာလေ"

ရှန်းအာကလည်း ရှန်မြောင်၏ လက်မောင်းအောက်မှ ခေါင်းပြူထွက်လာပြီး အော်ခေါ်လေသည်။ "ကိုကို၊ မြန်မြန် ဝင်လာလေ"

"လာပြီ" ရှန်ကျိသည် စောစောက ထူးဆန်းသော ခံစားချက်ကို မေ့ပစ်လိုက်ပြီး စာအုပ်သေတ္တာကို လွယ်လျက် အိမ်ထဲသို့ အပြေးဝင်သွားတော့သည်။

လိုက်ကာကို မကာ ကျယ်ဝန်းသော နောက်ဖေးခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အစားအစာ အမွှေးအကြိုင်များ လွှမ်းခြုံထားသည်ကို ခံစားလိုက်ရ၏။

ဘဲကင်နံ့၊ ခေါက်ဆွဲပြုတ်နံ့နှင့် စပ်ရှိန်းရှိန်း ငရုတ်ကောင်းနံ့များ ရရှိနေသည်။

ရင်းနှီးပြီး ကောင်းမွန်သော အနံ့များကြောင့် သူ့စိတ်ကို ချက်ချင်း အပန်းပြေသွားတော့သည်။ စာအုပ်သေတ္တာကိုချ၊ လက်ဆေးပြီးနောက် သူသည် ချန်ချွမ်းဘေးတွင် ခုံပုလေးဖြင့် ဝင်ထိုင်ကာ ဝါးတုတ်ချောင်း ယူ၍ အသီးအရွက်များကို သီတန်းလိုက်သည်။ မကြီးက ဟင်းသီးဟင်းရွက်များ ယူလာပြီး သူတို့ကို တစ်ယောက်ချင်း မိတ်ဆက်ပေးလေသည်။ ဟင်းသီးဟင်းရွက် လှီးရင်း စကားပြောနေသူမှာ ထန်အာ၊ ခေါင်းငုံ့ပြီး ဟင်းရည်ကျိုနေသူမှာ ဖူရှင်း၊ ဝါးတုတ်ချောင်း သွေးနေသူမှာ အားထောင် စသည်ဖြင့် ပြောပြလေသည်။

ညနေစောင်းအချိန်ဖြစ်၍ အမိုးစွန်းအောက်တွင် အလင်းရောင်များ ယှက်သန်းနေပြီး ဝါးလေခြူ ခေါင်းလောင်းလေးများ တချွင်ချွင် မြည်နေသည်။

သူသည် ပျော်ရွှင်စွာဖြင့် သူတို့ကို နှုတ်ဆက်လေသည်။ အထူးသဖြင့် ထန်အာက သူ့ကို စကားမပြတ် ပြောဆိုနေပြီး ရှန်းအာကလည်း ပြိုင်ဆိုင် ပြောဆိုနေသဖြင့် သူ အလုပ်ရှုပ်နေရလေသည်။

ထို့ကြောင့် သူ သတိမထားမိလိုက်သော အရာတစ်ခု ရှိလေသည်။

အားလုံးသည် ခြံဝင်းထဲတွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး အလယ်တွင် လှီးဖြတ်ထားသော အသီးအရွက်များနှင့် ဝါးတုတ်ချောင်းများ ထားရှိသည်။ မကြီးသည် ဆေးကြောထားသော အသားနှင့် ဟင်းသီးဟင်းရွက် ဇလုံကို ချထားပြီး အိမ်ထဲမှ ထိုင်ခုံတစ်လုံး ယူကာ လျှောက်လာစဉ် ရှဲ့ချီသည် မသိမသာဖြင့် ဖူရှင်းကို ဘေးသို့ နည်းနည်း တိုးခိုင်းလိုက်သည်။ ထို့နောက် စကားများနေသော ထန်အာကိုလည်း ဘေးသို့ တိုးခိုင်းလိုက်ရာ နေရာလွတ်တစ်ခု ဖြစ်ပေါ်လာလေသည်။

သူ မသိလိုက်ခင်မှာပင် မကြီးသည် ရှဲ့ချီဘေးတွင် သဘာဝကျကျ ဝင်ထိုင်လိုက်လေသည်။

သူ ထပ်မံ သတိမထားမိသည်မှာ မကြီး ဟင်းသီးဟင်းရွက် သွားဆေးနေစဉ်က အခြားလူများ သီတန်းသည်ကို ကြည့်ပြီး ကျွမ်းကျင်စွာ လုပ်ဆောင်နေသော ရှဲ့ချီသည် ရုတ်တရက် မလုပ်တတ်တော့ဘဲ လက်ကို နှေးကွေးလေးလံစွာ လှုပ်ရှားလာခြင်းပင်။ တစ်ခါတစ်ရံ လက်ကို စူးမိသလို၊ တစ်ခါတစ်ရံ အသီးအရွက်များ ပြုတ်ကျသွားတတ်သည်။ ထိုအခါ မကြီးက မြင်တွေ့ပြီး ကိုယ်ကို ကိုင်းကာ သူ့လက်ထဲမှ တုတ်ချောင်းကို ယူ၍ နူးညံ့စွာ သင်ပြပေးလေသည်။ "ကျိုကော၊ အစားအသောက် သီတန်းတဲ့အခါ မာတဲ့ အရာကို အရင် သီရတယ်၊ ဥပမာ - အသီးအရွက်နဲ့ အသား ရောသီမယ်ဆိုရင် ပိန်းဥ အရင်ထိုး၊ ပြီးမှ အသားတစ်တုံးထိုး၊ ပြီးမှ အရွက်တစ်ရွက်ထိုး.... အရမ်း ကျပ်နေအောင် မထိုးနဲ့၊ နေရာလွတ် ချန်ထားမှ ဟင်းရည်စိမ်တဲ့အခါ အရသာဝင်မှာ..."

သူတို့နှစ်ဦး နီးကပ်စွာ ထိုင်နေကြပြီး အင်္ကျီလက်စများ ထိတွေ့နေကာ ဒူးခေါင်းများ ရံဖန်ရံခါ ထိမိနေကြသည်။

ရှဲ့ချီ၏ နားရွက်များ နီရဲပူနွေးနေပြီး ခေါင်းငုံ့ထားသော်လည်း မျက်လုံးထောင့်မှတဆင့် လေတိုက်၍ လွင့်ပါလာသော သူမ၏ ဆံနွယ်တစ်မျှင်က ပခုံးပေါ် ကျရောက်နေသည်ကို မြင်တွေ့နေရလေသည်။

...

အပိုင်း (၁၀၆) ကြက်သားတုတ်ထိုး စားသောက်ခြင်း

ညနေခင်း မြူနှင်းများ ကျဆင်းလာပြီး နေဝင်ချိန်အလင်းရောင်သည် ကောင်းကင်အနားသတ်၌ မှေးမှိန်သော မဲနယ်ရောင်တန်းလေးတစ်ခုသာ ကျန်ရစ်တော့၏။ ရှန်မြောင်၏ ခြံဝင်းငယ်လေးထဲတွင် ကြက်သားတုတ်ထိုး နှစ်ဇလုံကြီးကို ရေနွေးဖျောပြီးဖြစ်ကာ နှမ်းများနှင့် အညိုရောင်ဆီများ ဝေ့နေသည့် ဟင်းရည်အေးထဲတွင် စိမ်ထားလိုက်လေသည်။

ဝါးတုတ်ချောင်းလေးများသည် ကြီးမားသည့် မြေအိုးနှုတ်ခမ်းဘေးမှ တစ်ချောင်းချင်းစီ ထွက်ပေါ်နေပြီး အမျိုးအစားစုံလင်လှသည့် အသားနှင့် အသီးအရွက် ဆယ်မျိုးကျော်ကို ထိုးစိုက်ထား၏။ ကြက်သားနှင့် ဝက်သုံးထပ်သားလွှာတို့သည် ပါးလွှာနူးညံ့ကာ အသားမျှင်များ ထင်ရှားနေပြီး အနီရောင်ဟင်းရည်ထဲတွင် စိမ်ထားသဖြင့် အသားတုံးများပင် တောက်ပြောင်သည့် အညိုရောင် ငရုတ်ဆီများ စွဲကပ်နေလေသည်။

တခြား အသားဟင်းများဖြစ်သည့် ဘဲခြေထောက်၊ ဝက်နားရွက်၊ ကြက်အသည်းအမြစ်တို့မှာလည်း ရေနွေးဖျောထားသည်ရှိသလို ဟင်းရည်ဖြင့် ပြုတ်ထားသည်လည်း ရှိကာ သူ့အရသာနှင့်သူ ရှိနေကြသည်။ အသီးအရွက်များထဲတွင် မှိုနားရွက်သည် တွန့်လိပ်နေပြီး ကြာစွယ် လတ်လတ်ဆတ်ဆတ်မှာ ပန်းရောင်သမ်းနေကာ ပဲပင်ပေါက်လေးများက စိမ်းစိုနေသည်။ ဆလပ်ပင်စည်၊ ပိန်းဥ၊ ဂေါ်ဖီထုပ်ဖြူ၊ တို့ဟူးအမာ၊ တို့ဟူးခြောက်၊ တို့ဟူးပြား၊ ဆန်မုန့်ညှပ်၊ အီကြာကွေး စသည်ဖြင့် အစုံအလင် ပါဝင်လေသည်။

သေသေချာချာ ရေတွက်ကြည့်မည်ဆိုပါက ဇလုံထဲရှိ ပါဝင်ပစ္စည်း အမျိုးမျိုးမှာ ရေတွက်၍ပင် မကုန်နိုင်အောင် ဖြစ်နေတော့သည်။

ခြံဝင်းက ကျယ်ဝန်းလာပြီး မူလက စားပွဲပုလေးကိုတော့ ရှေ့က ဆိုင်ခန်းသို့ ရွှေ့လိုက်ပြီး ဘဲကင်လှီးသည့် စားပွဲခုံအဖြစ် အသုံးပြုလိုက်လေသည်။ အိမ်နောက်ဖေးတွင် ထမင်းစားရန်အတွက် ရှန်မြောင်က ပြင်ဆင်မွမ်းမံချိန်၌ စားပွဲဝိုင်းကြီးတစ်လုံးကို လဲလှယ်ထားလိုက်၏။ လူဆယ်ယောက်ခန့် ထိုင်နိုင်လေသည်။ ယခုအခါ ကလေးများအပါအဝင် လူအားလုံး ဝိုင်းထိုင်လိုက်ကြသော်လည်း တံတောင်ချင်း မတိုက်မိကြတော့သလို တူချင်းလည်း မရိုက်မိကြတော့ပေ။

ကြက်သားတုတ်ထိုး နှစ်ဇလုံလုံးကို လတ်ဆတ်သည့် ကြက်သားဖြင့် ဟင်းရည်ချက်ထားခြင်း ဖြစ်သည်။ ကြက်သားနူးအိသည်အထိ မီးအေးအေးဖြင့် ပြုတ်ထားပြီးမှ ကြက်သားကို ဆယ်ယူကာ အမျှင်လိုက်လှီးခြင်း၊ အတုံးလိုက်တုံးခြင်းများ ပြုလုပ်ပြီး တုတ်ထိုးထားလိုက်၏။

ထို့နောက် ငရုတ်ဆီချက်ရလေသည်။ ယခုခေတ်တွင် ငရုတ်သီးမှုန့် မရှိသေးသဖြင့် ရှန်မြောင်သည် စုန့်ခေတ်လူများ စားလေ့ရှိသည့် ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို ရောကြိတ်ကာ နှမ်း၊ ငရုတ်ကောင်း၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက် စသည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောပြီး ဆီပူလောင်းထည့်လိုက်ရသည်။ ဤသို့ ပြုလုပ်လိုက်သည့် ငရုတ်ဆီသည် ခေတ်သစ်ကာလများကဲ့သို့ အရောင်မတောက်သလို အစပ်အရသာလည်း မပြင်းလှသော်လည်း အမွှေးအနံ့ကတော့ အလွန်မွှေးကြိုင်လှပေသည်။

ထိုငရုတ်ဆီကို ကြက်ပြုတ်ရည်အနှစ်ထဲသို့ ရောထည့်ကာ ပဲငံပြာရည်နှင့် ရှာလကာရည် အနည်းငယ်ထည့်၍ အရသာဖြည့်စွက်ပြီး သကြားအနည်းငယ်ဖြင့် အရသာကို ပိုမိုပေါ်လွင်စေကာ ကြက်သွန်ဖြူထောင်း၊ နှမ်းဆီမွှေးတို့ကို ထည့်၍ သမအောင် မွှေလိုက်လေသည်။ ထို့နောက် တုတ်ထိုးထားသည့် အသားနှင့် အသီးအရွက်များကို ဟင်းရည်ထဲတွင် ၁၅ မိနစ်ခန့် စိမ်ထားလိုက်လျှင် ဟင်းရည်ကို အပြည့်အဝ စုပ်ယူထားပြီး မွှေးကြိုင်စပ်ရှားသည့် ငရုတ်ဆီများ စွဲကပ်သွားကာ စိတ်ကြိုက် စားသောက်နိုင်ပြီ ဖြစ်သည်။

ရှဲ့ချီသည် ဤကဲ့သို့ အစားအသောက်စားခြင်းမှာ ပထမဆုံးအကြိမ်ပင်။

ရှန်မိသားစုတွင် ဆီ၁၀ကျင်းလောက် ဝင်ဆံ့သည့် ပင်လယ်မီးအိမ်ကြီးမျိုး မရှိဘဲ ရိုးရှင်းသည့် ဝါးမီးအိမ်များကိုသာ ထွန်းညှိထားသဖြင့် မီးရောင်က ဝါကျင်ကျင်ဖြစ်နေသော်လည်း ကြမ်းပြင်ပေါ်တွင် နွေးထွေးသည့် အလင်းရောင်များ ကျရောက်နေလေသည်။ ခွေးနှစ်ကောင်ရှိရာ အကောင်ကြီးသည် ဝရံတာအောက်တွင် ဝပ်ရင်း အရိုးကိုက်နေပြီး ရံဖန်ရံခါ အမြီးနှံ့နေတတ်သည်။ နောက်တစ်ကောင်မှာ ကြက်အိမ်ထဲဝင်အိပ်နေပြီး မိုးခြိမ်းသံပမာ ဟောက်သံများပင် ထွက်ပေါ်နေ၏။ ကြက်အနည်းငယ်မှာ ကြက်အိမ်အပြင်ဘက်သို့ ရောက်နေပြီး ကြက်မက ဟင်းခင်းထဲတွင် ဝပ်နေကာ ကြက်ဖက ကြက်အိမ်ခေါင်မိုးပေါ်တွင် ခြေတစ်ဖက်မြှောက်လျက် ဝင့်ကြွားစွာဖြင့် ခြေတစ်ဖက်တည်းရပ်ကာ အိပ်စက်နေလေသည်။

မော့ကြည့်လိုက်လျှင် ကြယ်ရောင်စုံလင်နေသည့် ကောင်းကင်ကို တွေ့မြင်ရ၏။

ရှန်မိသားစု ဝယ်ယူထားသည့် အစေခံသုံးယောက်သည် မူလက ပန်းကန်လုံးများကို ကိုင်ပြီး တခြားနေရာသို့ သွားစားရန် ပြင်လိုက်ကြသော်လည်း ရှန်မြောင်က တစ်ယောက်ချင်းစီကို ခုံပေါ်တွင် အတင်းဖိချကာ ထိုင်ခိုင်းလိုက်ကာ "နင်တို့ ထွက်ပြေးသွားရင် ငါဝယ်ထားတဲ့ ဒီစားပွဲဝိုင်းကြီးက အလကားဖြစ်သွားမှာပေါ့"

သူတို့ကို ထိုင်ခိုင်းပြီးနောက် သူမက ရှဲ့ချီကို မော့ကြည့်လိုက်၏။ သူမ ပါးစပ်ဟရုံ ရှိသေးသော်လည်း ရှဲ့ချီက နားလည်သဘောပေါက်စွာဖြင့် ပြုံးကာ ခေါင်းခါပြလိုက်သည်။

"ကျွန်တော် ဂရုမစိုက်ပါဘူး"

ရှန်မြောင်လည်း ပြုံးလိုက်လေသည်။ ယန့်ရှူးကို ပထမဆုံးတွေ့ကတည်းက၊ မိုးသည်းထန်စွာ ရွာသွန်းသည့်နေ့တွင် ကျိုကောက သူမကို လာကြိုရန် မြင်းလှည်းလွှတ်ပေးခဲ့ကတည်းက၊ ကျိအာကို စာအုပ်ငှားပေးလိုစိတ် ရှိကတည်းက၊ ရှဲ့ချီသည် ဤကဲ့သို့ အဆင့်အတန်းခွဲခြားမှုများကို စိတ်ထဲမှ အမှန်တကယ် ဂရုမစိုက်သူဖြစ်ကြောင်း၊ ဤလောကကြီးတွင် ရှားပါးလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သူမ သိရှိပြီးသား ဖြစ်လေသည်။

ထို့နောက် လူအားလုံး ဝိုင်းထိုင်လိုက်ကြပြီး ရယ်မောပြောဆိုကာ စားလိုက်၊ ယူလိုက် လုပ်နေကြတော့သည်။ စပ်လာသည့်အခါ ရောနှောနေသည့် ဂျုံအရက်ကို ပိတ်ပါးစဖြင့် နှစ်ကြိမ်စစ်လိုက်ပြီး လက်ကိုင်ပါသည့် မြေအိုးခွက်ကြီးထဲသို့ တိုက်ရိုက်လောင်းထည့်ကာ အမြှုပ်များနှင့်အတူ မော့သောက်လိုက်ကြရာ အလွန်ပင် နေလို့ကောင်းလှ၏။

ရှဲ့ချီသည် ထိုကဲ့သို့ ခွက်ကြီးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ စိတ်ဝင်တစား ကိုင်ကြည့်မိလေသည်။

ဤခွက်သည် ပြွန်ချောပုံစံဖြစ်ပြီး ဝမ်းဗိုက်ကျယ်ကာ အရည်အပြည့်ထည့်ထားလျှင် မနည်းပင် မ,ရပေ။ သို့သော် သောက်လိုက်လျှင် အားရပါးရ ရှိလှသဖြင့် အနည်းငယ် ပူအိုက်သည့် နွေရာသီညမျိုးနှင့် အလွန် လိုက်ဖက်လှသည်။

ရှန်မိသားစုတွင် စိတ်ဝင်စားစရာကောင်းသည်မှာ ခွက်ကြီးတစ်ခုတည်း မဟုတ်ပေ။ ခြံဝင်းထဲတွင် ရေကန်ငယ်လေးတစ်ခု ရှိလေသည်။ ရေကန်ထဲတွင် လင်းနေ၊ ကြာရွက်များနှင့် ရှန်းအာ ချောင်းထဲမှ စမ်းဖမ်းလာသည့် ငါးပေါက်စလေး အနည်းငယ် ရှိနေပြီး သေးငယ်သော်လည်း သူ့အလှနှင့်သူ ရှိနေသည်။ ရေကန်ဘေးတွင် သစ်သားဆိုင်းဘုတ်လေးတစ်ခုကို အထူးတလည် စိုက်ထူထားပြီး သစ်သားဆိုင်းဘုတ်ပေါ်တွင် သေးငယ်သည့် ဝါးထီးလေးတစ်လက်ကို မိုးပေးထားလေသည်။ ထိုဆိုင်းဘုတ်ကို လှည့်၍ရပြီး အရှေ့ဘက်တွင် "ဖားလေး ခရီးထွက်သွားသည်" ဟု ရေးထားကာ နောက်ကျောဘက်သို့ လှည့်လိုက်လျှင် "ဖားလေး ပြန်ရောက်လာပြီ" ဟု ရေးထားသည်။

ထိုအရာကြောင့် ရှဲ့ချီသည် ထမင်းမစားခင် ရေကန်ဘေးတွင် ထိုင်ကာ ဖားကို အချိန်အကြာကြီး ရှာဖွေခဲ့မိလေသည်။

ကြက်သားတုတ်ထိုးသည်လည်း အရသာရှိပြီး မထင်မှတ်ထားလောက်အောင် ရှဲ့ချီ၏အကြိုက်နှင့် ကိုက်ညီနေသည်။ ဆီများ ဝေ့နေသည်ဟု ထင်ရသော်လည်း အောက်ခြေမှာ ကြည်လင်လတ်ဆတ်ပြီး ဟင်းရည်အနှစ်တွင် ကြက်ပြုတ်ရည်၏ လတ်ဆတ်မှုပါဝင်ကာ နည်းနည်းလေးမှ အီမနေပေ။ အထူးသဖြင့် ကြာစွယ်သည် ဟင်းရည်နှင့် နှမ်းများကို အပြည့်အဝ စွဲကပ်ထားပြီး ကိုက်လိုက်လျှင် "ဂျွတ်" ခနဲ အသံမြည်ကာ ကြွပ်ဆတ်သော်လည်း ကြေမသွားဘဲ ရေခဲပြင်ကို ခွဲလိုက်သည့် အသံမျိုး ဖြစ်နေသည်။

ကြက်အသည်းအမြစ်သည်လည်း အံ့အားသင့်ဖွယ် ကောင်းလှ၏။ မူလက မည်သည့်အရာမှန်း ရှဲ့ချီ မသိသော်လည်း ရှန်ညန်ဇီက ကြက်အသည်းအမြစ်ဖြင့် လုပ်ထားကြောင်း ပြောပြသည်။ ဟင်းရည်စိမ်ပြီးနောက် ပါးပါးလှီးထားကာ စားလိုက်လျှင် ကျစ်လျစ်ပြီး ဝါးလို့ကောင်းကာ ဟင်းရည်အနှစ်သည် အသားအမျှင်များထဲထိ စိမ့်ဝင်နေသဖြင့် စားရသည်မှာ အလွန်မွှေးကြိုင်လှသည်။ အိမ်တွင် ကလီစာများကို သိပ်မစားဖြစ်သည့် ရှဲ့ချီအတွက်မူ အစားအသောက်လောကအသစ်ကို ဖွင့်လှစ်ပေးလိုက်သလိုပင်။

ထို့အပြင် တို့ဟူးအမာလည်း ရှိသေးသည်။ အပြင်ဘက်သည် အနည်းငယ်တင်းမာနေပြီး အတွင်းပိုင်းတွင် ပွယောင်းယောင်း အပေါက်လေးများနှင့် တို့ဟူးသားက မွှေးကြိုင်သော ဟင်းရည်ကို စုပ်ယူထားရာ စားလိုက်လျှင် နေရာလပ်မကျန် အရသာ ပြည့်နှက်နေပြီး နူးညံ့ကာ အရည်ရွှမ်းလေသည်။ ငန်သောအရသာ၊ မွှေးသောအရသာ၊ စပ်သောအရသာတို့ ပါဝင်သော်လည်း တို့ဟူး၏ မူလပဲနံ့ကို ပျောက်ကွယ်မသွားစေပေ။

ရှဲ့ချီသည် တကယ်ပင် ကျေနပ်အားရစွာ စားသောက်လိုက်မိပြီး မိမိအိမ်တွင် စားရသည်ထက်ပင် ပိုပြီး ကျေနပ်မိလေသည်။

စားဖိုမှူးဖန်းတွင်လည်း လက်ရာကောင်းသည့် ဟင်းပွဲများစွာ ရှိပါသည်။ သို့သော် ရှဲ့မိသားစု ထမင်းစားလျှင် စားပွဲခင်းခြင်း၊ လိုက်ကာချခြင်း၊ ကျင့်ဝတ်စည်းကမ်းလိုက်နာခြင်း စသည်ဖြင့် အိမ်တော်အလိုက် ရှုပ်ထွေးမှုများ ရှိတတ်သည်။ ရှဲ့ချီတို့မိသားစု၏ ပထမအိမ်တော်မှာ ရိုးရှင်းသည်ဟု ဆိုနိုင်ပြီး မိခင်ဖြစ်သူက ထမင်းစားချိန်တွင် အလုပ်ရှုပ်သည်ကို မကြိုက်သောကြောင့် ဖြစ်သည်။ ဖခင်ဖြစ်သူက ထမင်းစားရင်း ကဗျာရွတ်ရန် စိတ်အားထက်သန်စွာ အကြံပြုတိုင်း မိခင်ဖြစ်သူက "ထမင်းစားရင်း စကားမပြောရ" ဟူသော စကားတစ်ခွန်းတည်းဖြင့် ပိတ်ပင်လေ့ရှိသည်။

သို့သော် သူ၏တတိယဦးလေးကဲ့သို့ လက်ဖက်ရည်ဖျော်လျှင် မိုးမလင်းခင် ကျသည့် နှင်းရည်ကို သုံးရခြင်း၊ စာရေးလျှင် ကိုယ်တိုင်လုပ်သည့် စန္ဒကူးနံ့သာတိုင် ထွန်းရခြင်း၊ ထမင်းစားလျှင် နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူနိုင်ရန် တောတောင်ရေမြေ ရှုခင်းကောင်းသည့်နေရာသို့ သွားရခြင်း စသည့် လူမျိုးနှင့် ကြုံရလျှင် ထမင်းတစ်နပ်စားရန်အတွက် တစ်နာရီခန့် အချိန်ပေး ပြင်ဆင်ရတတ်ရာ အလွန်ပင် ဒုက္ခများလှလေသည်။

ရှဲ့ချီသည် ယခင်က အပြင်တွင် လေဒဏ်မိုးဒဏ်ခံကာ နေခဲ့ရဖူးသော်လည်း တောထဲတောင်ထဲ ရောက်နေချိန်တွင်ပင် ဘေးနား၌ ယန့်ရှူးက ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် ကိုယ်တိုင်လုပ်စရာ မလိုခဲ့ပေ။ ရေတစ်အိုး မုန့်တစ်ချပ်ဖြင့် ဖြစ်သလို စားသောက်ခဲ့ပြီး မြို့ရွာများနှင့် တွေ့မှသာ စားသောက်ဆိုင်ဝင်ပြီး ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရသည်။

ယခုကဲ့သို့ ပါဝင်ပစ္စည်းများမှစ၍ ကိုယ်တိုင် တုတ်ထိုးခြင်း၊ စိမ်ခြင်းများပြုလုပ်ပြီး လူအများကြီးနှင့် တစ်ဝိုင်းတည်းထိုင်ကာ ဘေးတွင် ပြုစုမည့်အစေခံမပါဘဲ အားလုံး အတူတူ ထည့်စားကြပြီး ကိုယ်စားချင်တာ ကိုယ်ယူစားရသည်မှာ သူ့အတွက်တော့ ဆန်းသစ်သည့် အတွေ့အကြုံတစ်ခုပင်။

ရှန်မိသားစု၏ စားပွဲက မမြင့်လှပေ။ သူသည် ခြေတံရှည်နှစ်ချောင်းကို ကွေးကာ ခုံတန်းရှည်ပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် သခွားသီးစိတ်တုတ်ထိုးကို ကိုင်လျက် ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။ ထန်အာက ဖူရှင်း၏ ပခုံးကို ဖက်ကာ အရက်သောက်ရင်း ခွက်ကို မြှောက်လျက် ပြောနေသည်။

"ဖူရှင်းရေ စကားတွေအကုန်လုံးက အရက်ထဲမှာပါပြီးသားကွာ၊ ငါ မော့ပြီ၊ မင်း သဘောသာထားတော့"

ဖူရှင်းက ထိတ်လန့်တကြားဖြင့် ခွက်ကြီးကို မကာ သူ့ခွက်နှင့် တိုက်လိုက်သည်။ အရက်များ ဖိတ်စင်မည်စိုးသဖြင့် ပါးစပ်ဖြင့် ကမန်းကတန်း လိုက်သောက်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ထန်အာက လည်ပင်းမော့ကာ တဂွက်ဂွက် တစ်ခွက်လုံးကုန်အောင် သောက်လိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအရာက သူ့ကို အံ့သြသွားစေပြီး အရင်သခင်ကြီးထံမှ သင်ထားသည့် ဟွာထင်ဒေသစကားသံပင် ထွက်လာတော့သည်။

"အို... မင်းက အဲလောက်သောက်နိုင်တာလား၊ တကယ် ကြောက်စရာကောင်းတာပဲ"

အားထောင်သည် သူတို့နှစ်ယောက်ဘေးတွင် ထိုင်ရင်း အရက်အနည်းငယ် သောက်ထားသဖြင့် လေတက်နေကာ မျက်လုံးအိမ်များ နီရဲလျက် လမင်းကြီးကို မော့ကြည့်ရင်း တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေပုံရသည်။

နောက်တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ရှန်းအာနှင့် ချန်ချွမ်းတို့သည် ဘယ်သူက တုတ်ချောင်း ပိုများများစားနိုင်လဲ ပြိုင်နေကြပြီး ရေတွက်မရသဖြင့် ကျိအာကို ဒိုင်လူကြီးအဖြစ် ဆွဲခေါ်လာကြသည်။ ကျိအာမှာ ခေါင်းရှုပ်ခံပြီး နားထောင်ပေးနေရကာ နောက်ဆုံးတွင် နားလည်သွားပြီး ရှန်းအာကို ဘေးမှနေ၍ အားမလိုအားမရ ပြင်ပေးနေလေသည်။ "သုံးငါးလီ တစ်ဆယ့်ငါးလေ၊ တစ်ဆယ့်ရှစ် မဟုတ်ဘူး... နင် အမြှောက်အလီဇယားကို အခုထိ မရသေးဘူးလား၊ ကူမိသားစုက အားပေါင်တောင် ရနေပြီ"

ရှဲ့ချီတစ်ယောက် ပြုံးလိုက်မိ၏။ သူသည် အကြည့်များကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ဘေးနားသို့ အသာအယာ ကြည့်လိုက်သော်လည်း ဗြောင်ကျကျ မကြည့်ရဲသဖြင့် မျက်လုံးထောင့်မှတဆင့်သာ ခိုးကြည့်လိုက်မိသည်။

မီးရောင်သည် ရှန်မြောင်၏မျက်နှာကို အဝါရောင်နွေးနွေးလေး ဖြစ်နေစေပြီး သူမ၏ နူးညံ့သည့် အသားအရေကို ထင်ဟပ်စေကာ တောက်ပသည့် အရောင်ဖျော့ဖျော့လေး သမ်းနေစေသည်။ သူမသည် လက်နှစ်ဖက်ဖြင့် အရက်ခွက်ကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် လူအများ ရယ်မောဆူညံနေကြသည်ကို၊ တိတ်ဆိတ်စွာ စားသောက်နေကြသည်ကို ကြည့်နေလေသည်။ သူမ၏ မျက်နှာအမူအရာသည် တည်ငြိမ်ပြီး အဆုံးမဲ့သော နူးညံ့သိမ်မွေ့မှုများ ကိန်းအောင်းနေသဖြင့် အလွန် လှပနေလေသည်။

ရှဲ့ချီက သူ့ဘာသာ သတိထားပြီး ခိုးကြည့်နေသည်ဟု ထင်မှတ်ထားသော်လည်း ရှန်မြောင်က အကဲခတ်မြန်စွာဖြင့် သိရှိသွားလေသည်။ သူမသည် လှည့်ကြည့်လာပြီး မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ကာ သူ စကားမပြောဘဲ နေနေသည်မှာ အားငယ်နေ၍ ဖြစ်မည်ဟု ထင်မှတ်ပြီး လက်ထဲက အရက်ခွက်ကြီးကို ကိုင်မြှောက်လိုက်ကာ သူ့ခွက်နှင့် လာတိုက်လိုက်လေသည်။ "ကျိုကော... ကမ်းပေ့"

ထိုအချိန်၌ တိုက်တိုက်ဆိုင်ဆိုင်ပင် ညကောင်းကင်ယံထက်တွင် မီးပန်းများ ပစ်ဖောက်လိုက်ကြပြီး ကြယ်ရောင်များ ပြောင်းပြန်စီးဆင်းလာသကဲ့သို့ တောက်ပစွာ ပွင့်အာလာလေသည်။ လက်ခနဲ လင်းလက်သွားသည့် အလင်းရောင်အောက်တွင် ရှဲ့ချီသည် ခေါင်းကို ငဲ့ကာ သူမနှင့် အကြည့်ချင်း ဆုံလိုက်မိ၏။ ထိုခဏတာ တောက်ပမှုက သူမ၏မျက်နှာကို လင်းထိန်သွားစေပြီး မျက်ဝန်းအိမ်များမှာ အရောင်တောက်နေကာ ကောင်းကင်ပေါ်မှ ကြယ်များက သူမ၏ မျက်ဝန်းထဲသို့ ကြွေကျလာသကဲ့သို့ပင်။

သူသည် စူးစိုက်ကြည့်နေမိပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ကမ်းပေ့"

မီးပန်းများက ခဏချင်း ပျောက်ကွယ်သွားပြီး ခြံဝင်းထဲတွင် မှိန်ဖျော့ဖျော့ ပြန်ဖြစ်သွားသော်လည်း ရှဲ့ချီ၏ ရင်ခုန်သံများကတော့ စည်တီးသံပမာ ကျယ်လောင်နေပြီး အချိန်ကြာမြင့်သည်အထိ မငြိမ်သက်နိုင် ဖြစ်နေရသည်။

လည်ချောင်းထဲတွင် ခြောက်သွေ့နေပြီး သူ တစ်ခုခု ပြောချင်လိုက်သော်လည်း ရှန်မိသားစု နောက်ဖေးတံခါး စေ့ထားသည့်ကြားမှ ဝိုင်းစက်ဖောင်းကားနေသည့် ခေါင်းလုံးလုံးလေးတစ်ခု ပြူထွက်လာလေသည်။ ခြံဝင်းထဲတွင် စားသောက်နေကြသည်ကို မြင်လိုက်သည်နှင့် ထိုခေါင်းပိုင်ရှင်သည် သည်းထန်စွာ ငိုကြွေးတော့ပြီး ရှဲ့ချီကို လက်ညှိုးထိုးကာ နာကျည်းစွာ စွပ်စွဲတော့သည်။

"ကျိုကော... ရှန်ညန်ဇီဆီမှာ ထမင်းစားမယ်လို့ ချိုးဟောင် ပြောတာကြားကတည်းက ကျွန်တော် သိသားပဲ၊ ကျိုကော တစ်ယောက်တည်း စားတယ်၊ ကျွန်တော့်ကို မခေါ်ဘူး"

လှပကြည်နူးဖွယ်ကောင်းသည့် ခံစားချက်လေးသည် ထိုသရဲသဘက် အော်ဟစ်ငိုယိုသံကြောင့် ချက်ချင်း ပျက်စီးသွားရတော့သည်။

ရှဲ့ချီသည် တိတ်တဆိတ် ခေါင်းလွှဲလိုက်ပြီး သူ့ကို ဂရုမစိုက်တော့ပေ။

ရှန်းအာကတော့ ဝမ်းသာအားရ မတ်တပ်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ အော်ဟစ်ကြိုဆိုလေသည်။ "ယန့်ရှူး"

ရှန်မြောင်မှာ ရယ်လွန်းသဖြင့် ပခုံးများပင် တုန်ခါနေပြီး မတ်တပ်ရပ်ကာ သူ့ကို ဆွဲခေါ်လိုက်သည်။ "ကျန်ပါသေးတယ်ဟယ်၊ လာ အတူတူစားရအောင်"

ပြောရင်းဆိုရင်း သူမ၏ထိုင်ခုံကို ယန့်ရှူးအား ပေးလိုက်လေသည်။ သူမက ထန်အာ လှမ်းပေးသည့် ခုံတန်းရှည်အသစ်ကို ယူလိုက်ပြီး ယန့်ရှူး၏ နောက်တစ်ဖက်တွင် ပြန်ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှ သူမ၏ ပန်းကန်ခွက်ယောက်များကို ရွှေ့လိုက်ပြီး အားထောင် မီးဖိုချောင်ထဲမှ ယူလာပေးသည့် ပန်းကန်ခွက်ယောက်အသစ်ကို ယန့်ရှူးရှေ့တွင် ချပေးလိုက်သည်။ "အားမနာနဲ့၊ ငါ့အိမ်မှာ စည်းကမ်းတွေ မရှိဘူး၊ စိတ်ကြိုက်စားနော်"

ပါးပြင်ပေါ်တွင် မျက်ရည်တစ်စက်မှ မရှိသည့် ယန့်ရှူးကို ရှဲ့ချီက အေးစက်စက် လှမ်းကြည့်လိုက်၏။ သူကတော့ ရှန်မြောင် ကမ်းပေးသည့် အသားတုတ်ထိုးကို ဖမ်းယူလိုက်ပြီး မော့ကြည့်ကာ အရူးတစ်ယောက်လို ပြုံးလိုက်လေသည်။

"ရှန်ညန်ဇီရဲ့လက်ရာက အရင်လိုပဲ ကောင်းတုန်းပဲ၊ မွှေးမွှေးစပ်စပ်လေးနဲ့ တကယ် စားလို့ကောင်းတယ်၊ နောက်တစ်ခါ ကျွန်တော် လာဦးမယ်"

ရှန်မြောင်က ယန့်ရှူးကို ကြည့်ပြီး ရှန်းအာနှင့် တူသည်ဟု ခံစားမိသဖြင့် အစ်မကြီးစိတ်ပေါက်လာကာ သူ့ခေါင်းပေါ်မှ ဆံထုံးလုံးလုံးလေးကို ဆွဲညှစ်လိုက်သည်။ "စားကောင်းရင် များများစား၊ ဘယ်အချိန်လာလာ ရပါတယ်၊ ထမင်းစားမလား၊ ခေါက်ဆွဲအေးနဲ့ ဟင်းရည်လည်း ရှိတယ်၊ ဖူရှင်းကို တစ်ပန်းကန်လောက် လုပ်ခိုင်းလိုက်မယ်လေ၊ စားမလား"

"စားမယ် စားမယ် စားမယ်၊ ကျွန်တော် ဘာမဆို စားမယ်"

သူသည် ကျေနပ်အားရစွာဖြင့် နှစ်ချောင်း သုံးချောင်းလောက် ကိုက်လိုက်ပြီး ခေါက်ဆွဲအေး တစ်ပန်းကန်ကို ရှလွတ်ခနဲ စားလိုက်ပြီးမှ ဘေးနားတွင် သူ့ကို စိုက်ကြည့်နေသည့် အကြည့်တစ်ချက် ရှိနေသည်ကို သတိထားမိလိုက်တော့သည်။

လှည့်ကြည့်လိုက်ရာ ကျိုကောက သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်နေ၏။ သူက နားမလည်နိုင်စွာဖြင့် ရှဲ့ချီ ပန်းကန်ထဲတွင် ကျန်နေသည့် အသားတုတ်ထိုးများကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ "ကျိုကော... မစားတော့ဘူးလား၊ ဒါဆိုရင်..." မစားရင် သူ စားမယ်လေ၊ သူ မရွံပါဘူး။

ဆီဝင်းနေသည့် လက်ဖောင်းဖောင်းလေး လှမ်းလာခါနီးတွင် ထိုပန်းကန်ကို ရှဲ့ချီက ယူသွားလိုက်တော့သည်။

"မင်း ဘယ်လိုလုပ် ရောက်လာတာလဲ" ရှဲ့ချီက မေးလိုက်သည်။

"သာ့ညန်ဇီက လာခိုင်းတာပါ၊ မနှစ်က ကြာပန်းပွဲတော်တုန်းက ရှဲ့ရှစ်ယီးညန် ဝယ်ထားတဲ့ မီးပန်းတွေ အကုန် မဖောက်ရသေးဘူးတဲ့၊ အခုတလော ညီအစ်မတွေနဲ့ ပိုးဖဲရုပ်လေးတွေပဲ ကစားနေကြပြီး ပိုးဖဲရုပ်တွေအတွက် အင်္ကျီတွေ ဖိနပ်တွေတောင် တစ်ဗီရိုပြည့်အောင် ချုပ်ပေးနေကြတယ်၊ အပြင်ထွက်ပြီး မီးပန်းဖောက်ဖို့လည်း မပြောကြဘူး။ သာ့ညန်ဇီက ဒီအတိုင်းထားရင် စိုသွားလိမ့်မယ်ဆိုပြီး ကျွန်တော့်ကို ယူလာခိုင်းတာ၊ ကျိုကောနဲ့ ရှန်ညန်ဇီ ပြီးတော့ ရှန်ညန်ဇီရဲ့ မောင်လေးညီမလေးတွေ ကစားရအောင်လို့လေ" ယန့်ရှူးက ပါးစပ်အပြည့်ဖြင့် ပြောလိုက်သည်။

ရှဲ့ချီက သူ့ကို ကြည့်လိုက်ပြီး "မီးပန်းတွေရော"

"တံခါးဝမှာ၊ ကျိုးတာ့ စောင့်နေတယ်၊ အများကြီးပဲ၊ ရှဲ့ရှစ်ယီးညန်က မနှစ်တုန်းက မီးပန်းဆိုင်တစ်ဆိုင်လုံးများ ဝယ်ချလာသလား မသိပါဘူး"

ရှဲ့ချီက သက်ပြင်းချလိုက်ပြီး မေးစေ့ကို လက်ဖြင့်ထောက်ကာ အရသာမခံနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့်သာ စားနေလိုက်တော့သည်။ စိတ်ထဲတွင်တော့ နှမြောတသ ဖြစ်နေမိ၏။ 'အချိန်ကောင်း၊ အခါကောင်းတွေ ကုန်ဆုံးလွယ်တယ်' ဆိုသည့် စကားကို လူတွေ ပြောလေ့ရှိသည်မှာ အကြောင်းမဟုတ်ပေ။ သူ ကိုယ်တိုင် ကြုံနေရလေပြီ။

ယခုအချိန်တွင် သူ့ဘေးနား၌ နွေးထွေးမွှေးကြိုင်သည့် အစားအသောက်နံ့ သင်းနေသော ရှန်ညန်ဇီ မရှိတော့ဘဲ ပါးစပ်မနားတမ်း 'တဂျွတ်ဂျွတ်' ဝါးနေသည့် ကြွက်ကြီးတစ်ကောင်သာ ရှိတော့သည်။

နာကျင်လိုက်တာ။

အရက်သုံးပတ်လည် သောက်ပြီးချိန်တွင် ဖူရှင်းနှင့် ထန်အာတို့ နှစ်ယောက်လုံး လျှာလေးအာလေး ဖြစ်ကုန်ကြသည်။ နှစ်ယောက်သား "အန် (ငါ)" တခွန်း "နုန် (မင်း)" တခွန်းနှင့် တစ်ယောက်နှင့်တစ်ယောက် အချိန်အကြာကြီး ပြောနေကြသော်လည်း ဘာပြောမှန်း မကွဲပြားတော့ပေ။ ခြေရင်းတွင် အရက်အိုးများ ပြန့်ကျဲနေပြီး စားပွဲပေါ်တွင်လည်း ပန်းကန်ခွက်ယောက်များ ရှုပ်ပွနေကာ ဝါးတုတ်ချောင်းများသာ ကျန်တော့သည်။ အကုန်လုံး ပြောင်စင်အောင် စားသောက်ထားကြလေသည်။

အားထောင်က စားပွဲသုတ်ကာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ယူသွားဆေးလေသည်။ ဒီနေ့ ရှန်မြောင်က ဆိုင်ဝန်ထမ်းများကို ခွင့်ပေးထားပြီး ယိုယွီလည်း မိသားစုနှင့် ပွဲတော်သွားကျင်းပသဖြင့် အားထောင်က သူ့နေရာဝင်ယူပြီး ပန်းကန်ဆေးပေးခြင်းပင်။

ရှန်မြောင်က ဝင်ကူပေးမည်လုပ်သော်လည်း အားထောင်က အတင်းပြန်လွှတ်လိုက်သည်။

ကျိအာက ခြံဝင်းထဲတွင် တံမြက်စည်းလှည်းနေပြီး ရှဲ့ချီက အရက်အိုးခွံများကို ခြံစည်းရိုးအောက်တွင် စုပုံနေကာ "မြစ်ကမ်းဘက်သွားပြီး မီးပန်းဖောက်ကြရအောင်၊ လမ်းကြားထဲမှာ ကျဉ်းတော့ မီးလောင်မှာ စိုးရတယ်" ဟု အကြံပြုလေသည်။

ရှန်မြောင် လှမ်းကြည့်လိုက်ရာ ရှန်းအာသည် မီးပန်းဖောက်ရမည်ဆို၍ မျက်လုံးများ အရောင်တောက်နေလေပြီ။ ချန်ချွမ်း၏ ဘီးတပ်ကုလားထိုင်ပေါ် လက်တင်ထားပြီး အချက်ပြလိုက်သည်နှင့် အိမ်ပေါက်ဝသို့ ပျံထွက်သွားတော့မည့်ပုံပင်။

ရှန်မိသားစုတွင် အရှေ့ဘက်ဆိုင်ခန်းမှ မြင့်မားသည့် တံခါးခုံကလွဲလျှင် အိမ်ထဲက တံခါးခုံများမှာ ဖြုတ်တပ်လို့ရသည့် သစ်သားပြားများ ဖြစ်နေသည်မှာ ကံကောင်းလေသည်။ နေ့ဘက်ဆိုလျှင် ဖြုတ်ထားပြီး ညဘက် တံခါးပိတ်မှ ပြန်တပ်ရသည်။ သို့မဟုတ်လျှင် ရှန်းအာ တွန်းသည့် အရှိန်နှင့်ဆိုပါက ဘီးတပ်ကုလားထိုင်သည် တံခါးခုံနှင့်တိုက်မိပြီး ချန်ချွမ်းတစ်ယောက် လမ်းထိပ်က မိုးမခပင်ပေါ်သို့ လွင့်သွားလောက်သည်။

သူမသည် ဘီးတပ်ကုလားထိုင်ကို အရင်ဆုံး ဖမ်းဆွဲထားလိုက်ပြီးမှ သဘောတူလိုက်ရသည်။

ရှန်းအာက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ဘီးတပ်ကုလားထိုင်ကို တွန်းမရသည့်အခါ လှည့်ပြီး ယန့်ရှူးကို ဆွဲကာ အပြင်ထွက်ပြီး မီးပန်းသွားရွေးကြတော့သည်။

ရှဲ့မိသားစု ပို့လိုက်သည့် မီးပန်းများက အမှန်ပင် မြင်းလှည်းတစ်စီးအပြည့် ရှိနေသည်။ ယမ်းမှုန့်များကို ဝါးပြွန်၊ စက္ကူပြွန်များထဲ ထည့်ထားသည့် မီးပန်းကြီးများ ပါဝင်ပြီး မီးရှို့လိုက်ပါက မီးပွားများ ပန်းထွက်လာလိမ့်မည်။ ယမ်းကို ဝါးတုတ်ချောင်းတွင် ချည်ထားသည့် မီးပန်းများလည်း ပါဝင်ပြီး မီးရှို့လိုက်ပါက တုတ်ချောင်းနှင့်အတူ "ရွှီ" ခနဲ မြည်ကာ မီးတန်းရှည်ကြီး ဆွဲလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားမည်ဖြစ်သည်။

"မီးအိမ်ပစ်ဖောက်ခြင်း" ဟုခေါ်သည့် မီးပန်းလည်း ပါဝင်ပြီး အနိမ့်ပိုင်းတွင် ပျံသန်းကာ လေထဲရောက်မှ ပြန်ကျလာတတ်သည်။ ရှန်းအာ အကြိုက်ဆုံး "မြေကြွက်" မီးပန်းလည်း ပါသည်။ ဤမီးပန်းသည် လမ်းဘေးဈေးသည်များထံတွင် ကလေးများ အကြိုက်ဆုံးဖြစ်သည်။ မြေကြီးကို အလုံးလေးများလုံးကာ အလယ်တွင် ယမ်းမှုန့်ထည့်ထားပြီး မီးရှို့လိုက်ပါက အပေါက်လေးများမှ မီးပွားများ ထွက်လာကာ မြေကြီးပေါ်တွင် လည်ပတ်ပြေးလွှားတတ်သဖြင့် ရယ်စရာကောင်းကာ ကလေးများ လက်ခုပ်တီး ခုန်ပေါက်ကြလေ့ရှိသည်။

ထိုအထဲတွင် ဈေးအကြီးဆုံးဖြစ်သည့် "ပန်းဘူး" လည်း ပါဝင်သည်။ အတွင်းဘက်တွင် သံနန်းကြိုးများဖြင့် ယမ်းကို ကပ်ထားပြီး အပြင်ဘက်တွင် စင်ထိုးထားကာ မီးရှို့လိုက်ပါက အလွှာလိုက် ပွင့်ထွက်သွားတတ်ရာ မီးပန်းဆရာ၏ လက်ရာကို အလွန် စမ်းသပ်သည့်အရာ ဖြစ်သည်။ ရှဲ့မိသားစု ဝယ်ထားသည့် "ပန်းဘူး" မှာ အမှန်တကယ်ပင် ပန်းပုံစံဖြစ်ပြီး တစ်လွှာနှင့် တစ်လွှာ ပန်းပုံစံ မတူပေ။ အလွှာတိုင်းတွင် လောင်ကျွမ်းသည့် မီးတောက်ပုံစံ မတူဘဲ နောက်ဆုံးအလွှာမှာ ဝေဆာနေသည့် ဂန္ဓမာပန်းကဲ့သို့ဖြစ်ပြီး လည်ပတ်နေဦးမည် ဖြစ်သည်။

ရှန်မြောင်က တံခါးကို သေချာသော့ခတ်လိုက်သည်။ ရှန်းအာက အားထောင်နှင့် ယန့်ရှူးလက်ကို ဆွဲထားပြီး ကျိအာက ချန်ချွမ်းကို တွန်းကာ ကျိုးတာ့၏ မြင်းလှည်းနားတွင် စိတ်လှုပ်ရှားစွာ ဝိုင်းအုံနေကြပြီး လမ်းထိပ်မှ ထွက်ခွာလုနီးပါး ဖြစ်နေကြပြီ။ ရှဲ့ချီ တစ်ယောက်တည်းသာ မူလနေရာတွင် ရပ်ပြီး သူမကို တိတ်ဆိတ်စွာ စောင့်နေလေသည်။ သူမသည် သော့ကို အမြန်သိမ်းလိုက်ပြီး ပြုံးရွှင်စွာဖြင့် ရှဲ့ချီ၏ ဘေးနားသို့ ပြေးသွားလိုက်လေတော့သည်။

...

All Chapters