← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အပိုင်း (၁၀၇)

သူတို့ ထွက်သွားပြီး ၁၅ မိနစ်တောင် မကြာလိုက်ပေ။ နဉ်ယီနှင့် စာသင်သားအကူလေးတို့သည် မောကြီးပန်းကြီးဖြင့် ရောက်ရှိလာကြသော်လည်း ဆိုင်တံခါးပိတ်ထားပြီး သော့ခတ်ထားသည်ကို တွေ့လိုက်ရသဖြင့် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ သူသည် တံခါးခုံပေါ် ဖင်ချထိုင်လိုက်ပြီး ဒေါသထွက်ကာ မျက်ရည်များ ပေါက်ပေါက်ကျလာတော့၏။ လက်ဖြင့် မျက်ရည်များကို အဆက်မပြတ်သုတ်ရင်း ဝမ်းနည်းပက်လက် ပြောရှာလေသည်။

"အဖေ့ကိုပဲ အပြစ်တင်ရမယ်၊ ဒီနေ့ ဘာစိတ်ကူးပေါက်လဲ မသိဘူး။ ကျောင်းဆင်းတာ လာကြိုပြီး အိမ်ပြန်ခေါ်သွားတယ်၊ အိမ်ပြန်ရောက်ပြီး ထမင်းစားပြီးမှ ဘဲကင်လာဝယ်တာ၊ အခုတော့ ဆိုင်ပိတ်သွားပြီ၊ ငါ ဘာမှ မစားလိုက်ရဘူး"

နဉ်မိသားစုမှ စာသင်သားအကူလေးကတော့ နဉ်ယီထက် ပိုပြီး တည်ငြိမ်လေသည်။ မျက်နှာသေဖြင့် လက်ကိုင်ပဝါကို ခါထုတ်လိုက်ပြီး သက်ပြင်းချကာ မျက်ရည်များ၊ နှပ်များ ပေကျံနေသည့် မျက်နှာကို သုတ်ပေးရန် ကမ်းပေးလိုက်သည်။

ထို့နောက် နဉ်ယီ ငိုလို့ပြီးမှ အိမ်ပြန်ရန် ဘေးနားတွင် တိတ်ဆိတ်စွာ ဝင်ထိုင်နေလိုက်လေသည်။

.....

ယနေ့သည် ကြာပန်းပွဲတော်၏ နောက်ဆုံးရက်ဖြစ်ပြီး ညဉ့်နက်နေပြီဖြစ်ရာ အပြင်ဘက်တွင် လူများမှာ ယခင်ကလောက် မများတော့ပေ။

လေက အေးစက်စပြုလာပြီ။ ရှန်မြောင်နှင့် ရှဲ့ချီတို့သည် ကျင်းလျန်တံတားပေါ်တွင် ယှဉ်တွဲရပ်ကာ လက်ရန်းကိုမှီပြီး အောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ ခေါင်းပေါ်တွင် ကြယ်များပမာ တောက်ပနေသည့် မီးပန်းများ ရှိနေပြီး ကလေးအချို့သည် အောက်ဘက် ရေကာတာပေါ်တွင် မီးပန်းချောင်းလေးများ ဖောက်ကစားနေကြသည်။ ရှန်းအာက "ရွှီ" ခနဲမြည်ကာ မီးပွားလေးများ ပန်းထွက်နေသည့် မီးပန်းချောင်းကို ကိုင်ပြီး ယန့်ရှူးနောက်သို့ လိုက်နေသဖြင့် ယန့်ရှူးမှာ ကြောက်လန့်တကြား အော်ဟစ်နေလေသည်။

ကျိအာသည် ချန်ချွမ်းနှင့်အတူ "ရောင်စုံပုတီးဘူး" နှစ်ကြိမ် ကစားလိုက်လေသည်။ ဝါးဘူးကြီးထဲတွင် မီးပန်းအသေး ၉ ခု ထည့်ထားပြီး မီးရှို့လိုက်ပါက ရောင်စုံပုတီးလုံးများကဲ့သို့ မီးပန်းများ အစဉ်လိုက် ပွင့်ထွက်လာတတ်သည်။ ပြီးသွားပြီဟု ထင်ရတိုင်း တဖန်ပြန်ပြီး တဖြောက်ဖြောက် မြည်လာတတ်ရာ တော်တော်ကြာကြာ ကစားလို့ရလေသည်။

ကျိုးတာ့က အောက်ဘက်တွင် အန္တရာယ်များသည့် မီးပန်းကြီးများကို တာဝန်ယူ ပစ်ဖောက်ပေးလေသည်။ သူသည် ဝေးဝေးတွင် ရပ်နေပြီး ဖင်ကုန်းကာ အမွှေးတိုင်ဖြင့် မီးညှိလိုက်ပြီး နားပိတ်ကာ ခြေကုန်သုတ် ပြေးတော့သည်။ အချို့အကြိမ်များတွင် မီးမကူးခင် ဝေးဝေးသို့ ရောက်အောင် ပြေးသွားတတ်ပြီး နှစ်ကြိမ်ခန့်တွင်မူ မီးညှိပြီးသော်လည်း လမ်းတစ်ဝက်အရောက် နောက်ဘက်တွင် ဘာသံမှ မကြားရသဖြင့် ပြန်လှည့်သွားကြည့်ရာ အနားရောက်မှ မီးပန်းဘူးက ရုတ်တရက် ဒိုင်းခနဲ ပွင့်ထွက်ကာ မီးပွားများ စင်ထွက်လာသဖြင့် လန့်ဖျပ်ပြီး ခုန်ဆွခုန်ဆွဖြင့် မည်သို့ ပြေးရမှန်းမသိ ဖြစ်သွားရသည်။ ထိုအဖြစ်ကို ကြည့်ပြီး ရှန်မြောင်နှင့် ဘေးနားမှ မီးပန်းကြည့်နေသူများ ရယ်မောလိုက်ကြလေသည်။

ရှဲ့ချီကတော့ မီးပန်းများကို လုံးဝ မကြည့်ခဲ့ပေ။ လူအုပ်နှင့် ညအမှောင်ကို အကာအကွယ်ယူပြီး ရှန်ညန်ဇီကိုသာ ခိုးကြည့်နေခဲ့လေသည်။

သူမ မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးရယ်လိုက်ပြီး သွားတက်လေး ပေါ်လာသည်ကို ကြည့်ရင်း သူလည်း ခေါင်းငုံ့ကာ ပြုံးလိုက်မိလေသည်။

မီးပန်းများ မည်မျှလှပပါစေ သူမလောက်တော့ မမီနိုင်ပေ။

ထိုအချိန်တွင် ယန့်ရှူးက တဒုန်းဒုန်းနှင့် ပြေးတက်လာပြီး ရှန်မြောင်နှင့် ရှဲ့ချီကို မီးအိမ်မျှောရန် အောက်ဆင်းခိုင်းလေသည်။ ကြာပန်းပွဲတော်တွင် ဆုတောင်းမီးအိမ် မမျှောလျှင် ပွဲတော်ပြီးသည်ဟု မဆိုနိုင်ပေ။ ရှန်မြောင်သည် စောစောကတည်းက ရောင်စုံစက္ကူ မီးအိမ်များစွာ ဝယ်ထားခဲ့သည်။ အတွင်းထဲတွင် ဆီအနည်းငယ်နှင့် မီးစာတစ်စထည့်၊ မီးညှိပြီး မြစ်ထဲ မျှောလိုက်ရုံသာ ဖြစ်ပြီး ဈေးလည်း သက်သာလေသည်။

ယန့်ရှူးသာ လာမခေါ်လျှင် သူမ မီးပန်းကြည့်ကောင်းနေ၍ မေ့နေလောက်သည်။

စုန့်ခေတ်၏ မီးပန်းများသည် ခေတ်သစ်ကာလများကဲ့သို့ ရောင်စုံစိုပြည်ခြင်း မရှိသော်လည်း သယ်ဆောင်လာသည့် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များကတော့ အတူတူပင်။ သူမ ဒီနေရာသို့ ရောက်လာပြီးနောက် ဤကဲ့သို့ ငြိမ်သက်စွာ မီးပန်းကြည့်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ဆူညံနေသော်လည်း သူမ၏စိတ်ထဲတွင်တော့ တည်ငြိမ်အေးချမ်းနေလေသည်။ 'ဒီလိုလေး နေရတာ တကယ် ကောင်းတယ်၊ ကြိုးကြိုးစားစား ရှင်သန်နေရင်း ကဗျာဆန်တဲ့ မီးပန်းလေးတွေလည်း ရှိနေတာပဲ' ဟု သူမ တွေးလိုက်မိသည်။

"သွားမယ်... မီးအိမ် သွားမျှောကြမယ်"

သူမသည် စိတ်အားထက်သန်စွာဖြင့် စကပ်ကို မကာ တံတားအောက်သို့ ဆင်းသွားလေသည်။

ရှဲ့ချီကလည်း ရှန်မြောင်၏နောက်မှ လိုက်ပါသွားသည်။ သူသည် မီးအိမ်၊ ပန်းမီးအိမ်များကို မျှော်လင့်ချက် မထားတော့ပေ။ ရှန်မြောင်က ကြာပန်းမီးအိမ်တစ်လုံး မီးညှိပြီး ကမ်းပေးတာတောင် သူ မယူရဲဘဲ ခေါင်းခါကာ ပြုံးလိုက်လေသည်။

"ထားလိုက်ပါတော့၊ ကျွန်တော် ကိုင်လိုက်ရင် ခဏလေးနဲ့ မီးလောင်သွားလိမ့်မယ်"

ရှန်မြောင်က "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု တွေးလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖြန့်ခိုင်းကာ သူ့လက်ဝါးပေါ်သို့ ဂရုတစိုက် တင်ပေးလိုက်သည်။ ခဏလောက် စောင့်ကြည့်လိုက်ပြီး ကြာပန်းမီးအိမ်လေး ကောင်းမွန်နေသည်ကို တွေ့မှ သူ့လက်ဝါးပေါ်က မီးအိမ်ကို လက်ညှိုးထိုးပြပြီး မျက်ခုံးပင့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကြည့်... အကောင်းကြီး ရှိနေသားပဲ"

ရှဲ့ချီလည်း အံ့သြသွားပြီး မီးအိမ်တစ်ခါမှ မမြင်ဖူးသူကဲ့သို့ လက်ထဲက မီးအိမ်ကို ဘယ်ပြန်ညာပြန် ကြည့်နေမိသည်။

တကယ် မလောင်ဘူးပဲ။

ဒါက သူ့လက်နဲ့ကိုင်ပြီး ပြာမကျသွားတဲ့ ပထမဆုံး မီးအိမ်ပဲ။

ရှဲ့ချီသည် တန်ဖိုးထားစွာဖြင့် လက်ထဲတွင် ကိုင်ထားပြီး မမျှောရဲ ဖြစ်နေပြန်သည်။

ရှန်မြောင်က သူ မီးအိမ်ကို ငေးကြည့်ပြီး မလှုပ်မယှက် ကိုင်ထားသည်ကို မြင်သောအခါ ရှေ့သို့တိုးပြီး သူ့လက်ကောက်ဝတ်ကို ကိုင်လိုက်လေသည်။

"ထိုင်ချလိုက်၊ လက်ကို မလှုပ်နဲ့၊ ဒီအတိုင်းလေး ချပေးလိုက်ရင် ရပြီ"

ပူအိုက်စွတ်စိုသည့် နွေလယ်ကာလဖြစ်၍ ရှဲ့ချီသည်လည်း ပေါ့ပါးစွာ ဝတ်ဆင်ထားသည်။ အတွင်းတွင် ပိတ်ပါးအင်္ကျီ၊ အပြင်တွင် ပိုးသားအင်္ကျီပါး ဝတ်ထားရာ တစ်ထပ်ချင်းစီ ဝတ်လျှင် အသားအရေကိုပင် မြင်ရလောက်အောင် ပါးလွှာလေသည်။ ယခုအချိန်တွင် အင်္ကျီလက်စက တဆင့် ရှန်ညန်ဇီ၏လက်ချောင်းများမှ အနည်းငယ် ဖိထားသည့် အထိအတွေ့ကို သူ ခံစားလိုက်ရသည်။

အရင်က ခြေထောက်ဒဏ်ရာရစဉ်က ရင်ထဲတွင် ဖုံးကွယ်ထားခဲ့သည့် မီးတောက်လေးသည် နက်ရှိုင်းစွာ မြှုပ်နှံထားရာမှ ယခုအခါ ပြန်လည် တောက်လောင်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောင့်တင်းသွားစေတော့သည်။

ရှဲ့ချီသည် လေဖြတ်လူနာတစ်ယောက်ကဲ့သို့ ကိုယ်တစ်ခြမ်း တောင့်တင်းလျက် ထိုင်ချလိုက်ပြီး လက်မောင်းတောင့်တောင့်ကြီးဖြင့် မီးအိမ်ကို ချလိုက်သည်ကို ရှန်မြောင် နားမလည်နိုင်စွာ တွေ့လိုက်ရသည်။

သူမသည် ရှုခင်းကို ဂရုမစိုက်နိုင်ဘဲ ရှဲ့ချီ၏ လက်မောင်းကို ပုတ်လိုက်လေသည်။

"မြန်မြန်... မြန်မြန်... မျောမသွားခင် ဆုတောင်းလိုက်"

ရှဲ့ချီသည် သူမ ရိုက်လိုက်သဖြင့် ယိုင်လဲမတတ် ဖြစ်သွားသော်လည်း ငယ်စဉ်က သိုင်းပညာ သင်ဖူးသဖြင့် ခြေထောက်က ၂ လက်မခန့် ယိုင်သွားရုံဖြင့် ဗိုက်ကြောကို ရှုံ့လိုက်ပြီး ချက်ချင်း ပြန်ထိန်းလိုက်နိုင်လေသည်။

ငြိမ်သွားမှ သူသည် မျက်လုံးကို ပင့်ကြည့်ပြီး မျက်တောင်ခတ်လိုက်မိသည်။ 'အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ... ရှန်ညန်ဇီရဲ့ လက်အားက... ဘာလို့ ငါ့အမေထက်တောင် သန်နေရတာလဲ၊ တော်တော် အားသန်တာပဲ'

မထင်မှတ်ထားဘူး။ ရှန်ညန်ဇီက သိုင်းပညာလေ့ကျင့်ဖို့ ကောင်းမဲ့ မျိုးစေ့လေးပဲ။

ရှန်မြောင်က သူ့ကို မကြည့်ဘဲ နောက်ထပ်တစ်လုံး မျှောလိုက်ပြီး လက်အုပ်ချီကာ နှုတ်ခမ်းနားတေ့ပြီး လေးနက်စွာ ဆုတောင်းလိုက်လေသည်။ 'ခွေးတွေ ကြက်တွေနဲ့ ချီလင်အပါအဝင် မိသားစုအားလုံး ကျန်းမာအသက်ရှည်ပါစေ၊ ဆိုင်စီးပွားရေး ဒီထက်မက ကောင်းပါစေ၊ အဒေါ်ကုတို့မိသားစုလည်း ပျော်ရွှင်ပါစေ၊ တိုင်းပြည်အေးချမ်းသာယာပြီး စစ်ဘေးစစ်ဒဏ် ကင်းဝေးပါစေ...' နောက်ဆုံးတွင် ရုတ်တရက် သတိရသွားပြီး တစ်ခု ထပ်ဖြည့်လိုက်သည်။ 'ကျိုကောလည်း အရာရာ အဆင်ပြေချောမွေ့ပါစေ၊ ကံဆိုးတာတွေ မကြုံရပါစေနဲ့တော့'

သူမ ဆုတောင်းပြီးချိန်တွင် မီးအိမ်များအ အဝေးသို့ ရောက်သွားပြီ ဖြစ်သည်။ ရှန်မြောင် ခေါင်းကုတ်လိုက်မိ၏။ နတ်ဘုရားတွေ ကြားမှကြားပါ့မလား။

ရှဲ့ချီက နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်ကာ သူ့ကြာပန်းမီးအိမ်လေးကို ကြည့်လိုက်၏။ ရေစီးနှင့်အတူ မျှောပါသွားပြီး တိမ်းမှောက်လုနီးပါး ဖြစ်သွားသော်လည်း ရှန်ညန်ဇီ၏ မီးအိမ်နှင့် မတော်တဆ တိုက်မိပြီး ပြန်တည့်မတ်သွားကာ ရေပြင်ပေါ်ရှိ ထောင်ပေါင်းများစွာသော မီးအိမ်များကြားသို့ အောင်မြင်စွာ စီးဆင်းသွားတော့သည်။

အိတ်ထဲတွင် မီးအိမ်အသေးလေးများ ကျန်နေသေးသည်ကို တွေ့သဖြင့် ရှဲ့ချီ မနေနိုင်ဘဲ နောက်ထပ်တစ်လုံး ယူပြီး မီးညှိကာ ရေထဲသို့ မျှောလိုက်ပြန်သည်။ ဟာ... တကယ်ပဲ... ဒီတစ်ခုလည်း အကောင်းအတိုင်းပါလား။

သူ မီးအိမ်မျှောလို့ ရသွားပြီ။ ရှဲ့ချီသည် သူ့လက်နှစ်ဖက်ကို တုန်လှုပ်စွာ ကြည့်နေမိသည်။ သူ မယုံကြည်နိုင်သဖြင့် တတိယမြောက်တစ်ခုကို ထပ်ညှိလိုက်ပြီး မျက်တောင်မခတ်ဘဲ စောင့်ကြည့်လိုက်ရာ ထိုမီးအိမ်လည်း အောင်မြင်စွာ မျှောပါသွားပြန်သည်။

ရှေ့နားတွင် ရှန်းအာသည် မီးအိမ်မျှောရင်း စကပ်နှင့် ဖိနပ်များ ရေစိုကုန်သဖြင့် ကျိအာက သူ့ကို ဆွဲခေါ်လာလေသည်။ ရှန်မြောင် သွားကြည့်လိုက်ရာ သိပ်မစိုသည်ကို တွေ့သဖြင့် ဂရုမစိုက်တော့ပေ။ ပြန်လှည့်လာချိန်တွင် ရှဲ့ချီက နှစ်သစ်ကူးပွဲတော်ကို ပထမဆုံး ဆင်နွှဲဖူးသည့် ကလေးတစ်ယောက်ကဲ့သို့ ကြာပန်းမီးအိမ် ၇ လုံး၊ ၈ လုံးလောက် ဆက်တိုက် မျှောနေသည်ကို တွေ့လိုက်ရသည်။

ယခင်က ကျိုကောသည် ကံဆိုးတတ်ကြောင်း ယန့်ရှူးပြောသည်ကို ကြားဖူးသော်လည်း ကိုယ်တိုင် မကြုံဖူးသဖြင့် မသိခဲ့ပေ။ ယခုတော့ တကယ်ပါလား...။ ရှန်မြောင်သည် ရယ်ချင်သလို သနားသလို ဖြစ်သွားပြီး ပြန်ထိုင်ချလိုက်ကာ ခေါင်းငဲ့ကြည့်ရင်း မေးလိုက်သည်။

"ကျိုကော ဘာဆုတောင်းလိုက်လဲ"

ရှဲ့ချီက အပြုံးရိပ်သမ်းနေသည့် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။ သူ့မျက်လုံးများသည် ရှန်မြောင် မြင်ဖူးသမျှထဲတွင် အလှပဆုံးပင်။ မျက်လုံးပုံစံ လှလွန်းနေ၍ မဟုတ်ဘဲ ကြည်လင်သန့်ရှင်းသည့် အကြည့်များကြောင့် ဖြစ်သည်။ မည်သည့်အရာနှင့်မှ မညစ်နွမ်းထားသည့် ကြည်လင်သည့် စမ်းရေကဲ့သို့ မျက်ဝန်းများက လူကို စိတ်သက်သာရာ ရစေသည်။

"ပြောလိုက်ရင် မပြည့်ဘဲ နေမှာပေါ့"

ရှဲ့ချီက ရှက်ကိုးရှက်ကန်း ဖြစ်သွားလေသည်။ သူ ဆုတောင်းသည့်အထဲတွင် ဘွားအေ၊ မိဘများနှင့် အစ်ကိုများအပြင် ရှန်ညန်ဇီအတွက်ပါ ပါဝင်လေသည်။

သူ့ရင်ထဲတွင် ဝှက်ထားသည့် ခံစားချက်ကို နတ်ဘုရားများ ဖြည့်ဆည်းပေးရန် သူ ဆုမတောင်းခဲ့ပေ။ ဒီည သူ့လက်ထဲမှ ကြာပန်းမီးအိမ်လေးကို လွှတ်ပေးလိုက်ချိန်၊ ရေပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ မီးရောင်လေး ဟပ်နေသည်ကို ကြည့်ရင်း သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့် ရှန်ညန်ဇီနှင့် သက်ဆိုင်သည့် ဆုတောင်းမှာ ရိုးရှင်းပါသည်။ "ရှန်ညန်ဇီ... ပျော်ရွှင်ပါစေ၊ အေးချမ်းပါစေ၊ အသက်တစ်ရာတိုင် စိုးရိမ်ပူပန်မှု ကင်းဝေးပါစေ"

ဒီလောက်ဆို လုံလောက်ပါပြီ။

ရှဲ့ချီသည် ရေထဲမှ မသဲမကွဲ အရိပ်ကို ကြည့်ရင်း ရှန်ညန်ဇီက ရေကာတာပေါ်တွင် ကလေးများ ဆော့ကစားထားသည့် မီးပန်းတုတ်ချောင်းများကို ကောက်ယူနေသည်ကို မြင်လိုက်ရသည်။

သူလည်း အမြန်ထပြီး ဝင်ကူကောက်ပေးလိုက်လေသည်။ မူလက သူမ နှမြောပြီး ထင်းစိုက်ရန် ပြန်ကောက်သည်ဟု ထင်မှတ်ခဲ့သော်လည်း ရှန်ညန်ဇီက သူ့ကို တိုးတိုးလေး ပြောပြလေသည်။

"ပြန့်ကျင်းမြစ်က အခုထိ လှတုန်းပဲ၊ ဒီအရာတွေနဲ့ ရေညစ်ညမ်းသွားမှာ မလိုလားဘူး။ ပြီးတော့ ဒီဝါးတုတ်တွေက မြက်ခင်းထဲမှာဆိုတော့ စူးရှတယ်၊ ဒီအတိုင်း ပစ်ထားရင် မနက်ဖြန် ရေလာလျှော်တဲ့လူတွေ၊ ငါးဖမ်းတဲ့လူတွေ ခြေထောက် စူးကုန်လိမ့်မယ်"

သူမက ပြုံးပြလိုက်သည်။

"သိမ်းပြီးမှ ပြန်လည်း မနောက်ကျပါဘူး"

ရှဲ့ချီသည် သူမကို ငေးမောကြည့်နေမိသည်။

ယခုအချိန် ရင်ထဲမှ ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။ သစ်ပင်ပေါ်မှ ပုစဉ်းရင်ကွဲကောင်ကဲ့သို့ ဆူညံလှုပ်ရှားနေသည့် နှလုံးသားသည် တစ်ရက်ထက်တစ်ရက် ပိုမိုတိုးပွားလာခဲ့လေသည်။

နောက်ပိုင်းတွင် ကြာပန်းပွဲတော် ပြီးဆုံးသွားပြီး ရုံးပိတ်ရက်လည်း ကုန်ဆုံးသွားသည်။ ရှဲ့ချီသည် ကျောင်းတော်မှ တနေ့တခြား ထပ်တူကျနေသည့် နေ့ရက်များကို သိပ်မမှတ်မိတော့ပေ။ မျက်လုံးမှိတ်လိုက်တိုင်း ကြယ်စင်များကဲ့သို့ မီးပန်းများ လင်းလက်နေသည့် နွေရာသီညတစ်ညကို၊ ရှန်ညန်ဇီက မီးအိမ်မျှောရန် သူ့လက်ကို ကိုင်ပေးထားသည်ကို၊ သူမ၏ နူးညံ့သည့် အပြုံးကိုသာ မြင်ယောင်နေမိသည်။

ကြာပန်းပွဲတော် ကုန်ဆုံးသွားသည်နှင့်အမျှ ပေါင်ယွမ် ၃ နှစ်၏ နွေရာသီသည် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့လေပြီ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို သူ သတိထားမိလိုက်ချိန်တွင် ဆောင်းဦးရာသီသို့ ရောက်ရှိနေလေပြီ။

ဒီနှစ် ဆောင်းဦးသည် အလွန် အေးစက်လှ၏။ မိုးနှစ်ကြိမ်ခန့် ရွာပြီးနောက် ဝူထုန်ရွက်များ ကြွေကျကာ ရာသီဥတု အေးလာတော့သည်။

၁၀ လပိုင်း ၃ ရက်နေ့၊ ယနေ့ မနက်စောစောတွင် ဆောင်းဦးလေအေး တိုက်ခတ်နေသော်လည်း ရှဲ့ချီသည် မင်ရောင် ရင်ဖုံးလက်ကျပ် အဝတ်အစားပါးပါးကိုသာ ဝတ်ဆင်ထားသည်။ ဆံပင်ကို ထိပ်တွင် စုစည်းထားပြီး ခါးပတ်စည်းကာ လက်ကောက်ဝတ်အကာ ပတ်ထားသဖြင့် လေတိုက်ခံနေရသည့် တောင်ကမ်းပါးယံမှ ထင်းရှူးပင်တစ်ပင်ကဲ့သို့ သေသပ်လှပနေလေသည်။ သူ့ဘေးတွင်မူ မျက်ရည်ကျသည်အထိ သမ်းဝေနေသော ယန့်ရှူးက ရှန်ကျိထန်းပင်ဆိုင်ရှေ့တွင် ရှန်ကျိကို စောင့်နေလေသည်။

ရှန်ကျိသည် သူ့အကြံပေးချက်အတိုင်း ၈ လပိုင်းတွင် မြို့နယ်အဆင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာ အမှန်တကယ် ကျရှုံးခဲ့လေသည်။ သို့သော် ပြန်ရောက်လာသည့်အခါ စာမေးပွဲ၏ ဒုက္ခကို ကောင်းကောင်း သိသွားခဲ့သည်။ အခက်ခဲဆုံးမှာ စာမေးပွဲဖြေရခြင်း မဟုတ်ဘဲ ၃ ရက်ဆက်တိုက် စာမေးပွဲခန်းကျဉ်းကျဉ်းလေးထဲတွင် ကွေးကွေးလေး အိပ်ရခြင်းနှင့် အိမ်သာတက်လျှင် တံခါးပိတ်ခွင့်မရှိဘဲ စောင့်ကြပ်သည့် စစ်သားက နှာခေါင်းပိတ်ပြီး စိုက်ကြည့်နေခြင်းတို့ ဖြစ်သည်။

အသင့်စားခေါက်ဆွဲ ပါသွားသော်လည်း စာမေးပွဲခန်းထဲတွင် နေရသည်မှာ တကယ်ပင် ပင်ပန်းလှသည်။

စာမေးပွဲခန်းထဲမှ ထွက်လာသည်နှင့် သူ ဖျားတော့သည်။ လဝက်ခန့် နားလိုက်ရပြီး ချောင်းဆိုးပျောက်သွားမှ ရှန်မြောင်က သူ့ကို ကိုယ်ခံပညာသင်တန်းပို့ရန် စီစဉ်တော့သည်။ သို့မှသာ နောက်နောင် စာမေးပွဲဖြေလျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပါလား။

ထိုအချိန်တွင် ရှဲ့ချီက ရှန်ကျိဆိုင်သို့ "လောင်ယန်ကျိုး သိုးသားဟင်း" လာစားရင်း ရှန်မြောင်ပြောသည်ကို ကြားသွားသဖြင့် ရှန်ကျိ၏ သိုင်းဆရာလုပ်ပေးရန် ကိုယ်တိုင် ကမ်းလှမ်းခဲ့လေသည်။ သူသည် နေ့တိုင်း ရှန်ကျိကို မြို့အတွင်းပိုင်း မြို့ရိုးတစ်ပတ် ပတ်ပြေးခိုင်းပြီး ခြေသလုံးကြွက်သားသန်အောင် လေ့ကျင့်ပေးကာ "လွီကျန်းရန် ကျန်းမာရေးလေ့ကျင့်ခန်း" ကို သင်ပေးလေသည်။ ၎င်းသည် ရှေးယခင်က တာအိုဆရာတစ်ပါး တီထွင်ခဲ့သည့် ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေရန် အလွန် အထောက်အကူပြုသည်။

ရှန်မြောင်ကလည်း ဝမ်းသာအားရ လက်ခံခဲ့လေ၏။

"ကလောက်" ဟူသော အသံနှင့်အတူ တံခါးမင်းတုံး ဖြုတ်လိုက်သံ ကြားလိုက်ရပြီး တံခါးရွက် နှစ်ရွက်ကို ဖြုတ်လိုက်လေသည်။ ရှန်မြောင်က ခေါင်းပြူထွက်လာပြီး ရှဲ့ချီကို ပြုံးပြနှုတ်ဆက်ကာ ကျိအာကို တွန်းထုတ်ပေးလိုက်သည်။

"ကျိုကော... ခဏနေရင် ဟင်းရည် လာသောက်ဦးနော်၊ ဒီနေ့ ဘဲသွေးခဲ ဆန်ခေါက်ဆွဲ ပြုတ်ထားတယ်၊ ဘဲအူ၊ ဘဲအသည်းတွေကို ပါးပါးလှီးပြီး ထည့်ပြုတ်ထားတာ၊ အရမ်း လတ်ဆတ်တယ်"

ငိုက်မြည်းနေသည့် ယန့်ရှူးမှာ ချက်ချင်း ခါးမတ်သွားပြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော်နဲ့ ကျိုကော သေချာပေါက် လာခဲ့မယ်"

သုံးယောက်သား ပြေးထွက်သွားသည်ကို ကြည့်ပြီးနောက် ရှန်မြောင်က ဆိုင်ဖွင့်လိုက်တော့သည်။ ရာသီဥတု အေးလာသဖြင့် ခေါက်ဆွဲလာစားသူများ တနေ့တခြား များပြားလာပြီး ငါးကင်မှာလည်း ရောင်းကောင်းနေဆဲ။ ဘဲကင်ကိုမူ ပါဆယ်ဆွဲသူ ပိုများလာပြီး အိမ်ပြန်ယူသွားကာ မီးလှုံရင်း မိသားစုလိုက် စားသောက်ကြလေသည်။

ဤကာလသည် တစ်နှစ်တာ၏ အကြီးမားဆုံးဖြစ်သည့် ဆောင်းဦးရိတ်သိမ်းချိန် ဖြစ်သည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စံပြအဖြစ် စပါးရိတ်သိမ်းသလို အရာရှိများကလည်း အခွန်ကောက်ရန် အလုပ်ရှုပ်နေကြသည်။ သာမန်ပြည်သူများမှာ လယ်ရှိလျှင် ရွာပြန်ရိတ်သိမ်းကြရပြီး ဆန်ကုန်သည်များကလည်း နယ်ဆင်းပြီး စပါးဝယ်ကြသည်။ ဝါဂွမ်းကုန်သည်များက မြို့နယ်အသီးသီးသို့သွားပြီး ဝါဂွမ်းလိုက်ဝယ်ကြသည်။ လယ်မရှိသူများလည်း မအားလပ်ကြပေ။ အိမ်ရှေ့အိမ်နောက် ခြံဝင်းထဲမှ ပဲတောင့်များ၊ မြေပဲများကို တူးဖော် သိမ်းဆည်းကြပြီး တောင်ပေါ်တက် ထင်းခွေကာ ဆောင်းတွင်းစာအတွက် စုဆောင်းကြရသည်။ ထိုအချိန်တွင် လူကြီးများသာမက ကလေးများပါ လယ်တောထဲသို့ ရေနွေးကြမ်း၊ ထမင်းချိုင့်များ ပို့ပေးကြပြီး စပါးလှန်းခြင်း၊ သိမ်းဆည်းခြင်းများကို ကူညီလုပ်ကိုင်ပေးကြရသည်။

တော်ဝင်ကျောင်းတော်၊ ဖိယုံးစာသင်ကျောင်းနှင့် အခြားပုဂ္ဂလိက ကျောင်းများသည် "ဆောင်းဦးကျောင်းပိတ်ရက်" ပေးကြသည်။

စုန့်ခေတ်၏ ကျောင်းများသည် "နွေရာသီ၊ ဆောင်းရာသီ ကျောင်းပိတ်ရက်" မဟုတ်ဘဲ "နွေဦးနှင့် ဆောင်းဦး ပိတ်ရက်" သာ ပေးလေ့ရှိသည်။ နွေဦးတွင် ၁၅ ရက် ပိတ်ပြီး ဆောင်းဦးတွင်မူ တစ်နိုင်ငံလုံး ဝမ်းစာရေးအတွက် အရေးကြီးသဖြင့် ရက် ၅၀ ခန့် ပိတ်ပေးလေသည်။

မုန့်စန်းတို့ကဲ့သို့ အိမ်တွင် လယ်ပိုင်ဆိုင်ပြီး အတော်အသင့် ပြေလည်သူများပင် ရွာသို့ ပြန်ကြရသည်။ ကျောင်းတွင် သပ်ရပ်စွာ နေတတ်သည့် ကျောင်းသားများသည် ယခုအချိန်တွင် အဝတ်အစားဟောင်းများ ဝယ်ဝတ်ပြီး အဖိုးအဖွားများကို ကူညီရန် စပါးရိတ်ဆင်းကြရသည်။

သို့သော် ရှဲ့ချီ၊ နဉ်ယီနှင့် ရှန်အန်းတို့ကဲ့သို့ ဂုဏ်သရေရှိ အိမ်တော်များကတော့ ကျောင်းပိတ်လျှင် အားလပ်သွားကြသည်။

ထို့ကြောင့် သူသည် နေ့တိုင်း ရှန်မိသားစုဆီသို့ သွားနိုင်ခြင်း ဖြစ်သည်။

ရှဲ့မိသားစုတွင် လယ်မြေများစွာ ရှိသော်လည်း သီးစားချထားသူများ၊ လယ်ကျွန်များနှင့် ဆွေမျိုးအသိုင်းအဝိုင်း များပြားသဖြင့် ရှဲ့ချီတစ်ယောက် လယ်ထဲဆင်းစရာ မလိုပေ။ ရှီးရှီသည် ရှဲ့ရှစ်ယီးညန်၊ သခင်မကြီးတို့နှင့်အတူ မြို့စွန်ရှိ အပန်းဖြေအိမ်တော်သို့ သွားရောက်နေထိုင်လေသည်။

ရှဲ့ချီကမူ ရှန်ကျိကို သိုင်းသင်ပေးရမည်ဟု အကြောင်းပြကာ မလိုက်သွားခဲ့ပေ။ ကတိပေးထားပြီးပြီမို့ မဖျက်နိုင်ဘူးဟု ဆိုလေသည်။

ရှီးရှီသည် ငယ်စဉ်က သားသမီးများကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သော်လည်း အရွယ်ရောက်လာသည့်အခါ ဝင်မစွက်ဖက်တော့ပေ။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနှင့် တားမြစ်နေလျှင် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ လူကောင်ကြီးလာပြီး ခြေထောက်တွေ ရှည်လာမှတော့ တားထားလည်း ခြံစည်းရိုးကျော်မှာပဲ မဟုတ်လား။

စန်းကောကို ကြည့်လေ... အရင်က ခြံစည်းရိုး ဘယ်လောက်ကျော်ခဲ့သလဲဆိုရင် အခုဆို ခြေသလုံးကြွက်သားတွေတောင် သန်မာပြီး သုံးပေလောက် မြင့်အောင် ခုန်နိုင်နေပြီ။ ရိုးရိုးတံတိုင်းလောက်က သူ့ကို မတားနိုင်တော့ဘူး။

ထို့ကြောင့် ကျိုကောသည် ရှန်ကျိဆိုင်တွင် စာရင်းကိုင်ပဲလုပ်လုပ်၊ အလုပ်သမားပဲလုပ်လုပ် သူမက လွှတ်ထားပေးလိုက်သည်။

သူ့သဘောပင်။

စန်းကော အကြောင်း ပြောရလျှင် ရှီးရှီသည် ရှဲ့ထျောင်ထံမှ စာကို သတိရသွားပြီး ရယ်ချင်သလိုလို ဝမ်းသာသလိုလို ဖြစ်သွားရသည်။

စာအစတွင်ပင် ထိုပေါက်ကရကောင်က ရေးထားလေသည်။ "ချစ်ရပါသောအမေ... စာမရေးဖြစ်တာ ကြာပါပြီ၊ ကျန်းမာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်၊ သားရဲ့ခရီးစဉ်က အမေ ယုံမှာတောင် မဟုတ်ဘူး။ ကျိုကော ဘေးမှာ မရှိတော့ သားက ရေလမ်းခရီးမှာလည်း လေသင့်ပြီး အဆင်ပြေတယ်၊ ကုန်းလမ်းခရီးမှာလည်း လမ်းခရီးဖြောင့်ဖြူးတယ်၊ မိုင်ပေါင်းရာချီတဲ့ ခရီးမှာ ဓားပြတစ်ယောက်နဲ့တောင် မတိုးဘူး။ အခု ချင်ကျိုးကို ဘေးကင်းကင်းနဲ့ ရောက်နေပြီ၊ တကယ့်ကို ထူးဆန်းပြီး ကံကောင်းတာပဲ..."

သတင်းကောင်းက နှစ်ခုလာသည်။ ရှဲ့ထျောင် ချင်ကျိုးကို ဘေးကင်းစွာ ရောက်ရှိကြောင်းနှင့် ယိုကျိုးမြို့မှ ခေါက်ဆွဲခြောက်အလုပ်ရုံ ပြီးစီးသွားပြီဖြစ်ကြောင်း စာလာသည်။ ရှီးမိသားစုမှ ခေါက်ဆွဲလုပ်သားများသည် ရှန်ညန်ဇီ၏ နည်းလမ်းအတိုင်း ပထမဆုံးအသုတ် ခေါက်ဆွဲများကို ထုတ်လုပ်ပြီး ကျွီးယုံးကွမ်း မဟာတံတိုင်းတွင် နေ့ညမပြတ် စောင့်ကြပ်နေသည့် နယ်ခြားစောင့်တပ်များထံသို့ ပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း သတင်းရောက်လာသည်။

ရှီးရှီသည် စာကို ဖတ်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောကာ ရယ်မောရင်း သက်ပြင်းချလိုက်သည်။

"အချိန်မီလေးပါပဲ"

ပြန့်ကျင်းမြို့တွင် သစ်ရွက်များ ကြွေစပြုနေပြီ ဖြစ်သော်လည်း ကျွီးယုံးကွမ်းတွင် ယခုနှစ်၏ ပထမဆုံးနှင်းများ ကျဆင်းနေပြီ ဖြစ်သည်။ နယ်ခြားဒေသ၏ အေးစက်ခက်ထန်မှုကြားတွင် ဒီနှစ် ဆောင်းဦးနှင့် ဆောင်းရာသီ၌ နယ်ခြားစောင့်တပ်သားများ ဒီအရာကြောင့် နေထိုင်ရတာ ပိုကောင်းမွန်လာမလား မသိပေ။

...

အပိုင်း (၁၀၈) ထန်းပင် အလုပ်ရုံ

ကွမ်းရှန်းတောင်တန်းများသည် တောင်စဉ်တောင်တန်း ဆက်စပ်နေပြီး တောင်ထွတ်ပေါင်းများစွာသည် ဖွေးဖွေးလှုပ်နေတော့သည်။

၁၀လပိုင်းသည် ဆောင်းဦးရာသီ အငွေ့အသက် လွှမ်းခြုံနေဆဲအချိန် ဖြစ်သော်လည်း ကျွီးယုံးကွမ်းသည် မြေမျက်နှာသွင်ပြင် မြင့်မားလေရာ ယခုနှစ်၏ ပထမဆုံးနှင်းကို စောစီးစွာ ကြိုဆိုနေရလေသည်။ လေသည် နှင်းမှုန်များကို သယ်ဆောင်လာပြီး တင်းနံပါတ် မီးရှူးမျှော်စင်အတွင်းသို့ တဖျပ်ဖျပ် တိုက်ခတ်လာကာ လေတိုးသံသည် ကျောက်တုံးများကြားမှ တိုးဝှေ့ဝင်ရောက်လာပြီး အသံနေအသံထားပြောင်းသွားကာ တဝုန်းဝုန်း တဝေါဝေါ မြည်တမ်းနေတော့သည်။

ကျွီးယုံးကွမ်းပေါ်ရှိ ဤမီးရှူးမျှော်စင်သည် အရေးပါသည့် လမ်းကြောင်းကို စောင့်ကြပ်ထားပြီး စုစုပေါင်း ကင်းစောင့်စစ်သည် ၈ယောက် ရှိသည်။ ခေါင်းဆောင်မှာ တပ်မှူးချန်ကျုံး ဖြစ်သည်။ သူသည် စစ်သူကြီးရှီး၏ လက်အောက်မှ စစ်သားငယ်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က လျောင်လူမျိုးများ ငတ်မွတ်ခေါင်းပါးပြီး နယ်စပ်ကို လာရောက်တိုက်ခိုက်စဥ်က သူသည် သတ္တိရှိရှိ တိုက်ခိုက်ခဲ့ကာ "ခံစစ်ဖျက်" ဂုဏ်ထူးဆောင် ရရှိခဲ့သည်။ ခြေတစ်ဖက် ကျိုးသွားခဲ့သော်လည်း စစ်သူကြီးလေးရှီးက သူ့ကို တပ်မှူးအဖြစ် ရာထူးတိုးပေးခဲ့သည်။

ထို့နောက်တွင် သူ့ကို ကျွီးယုံးကွမ်းသို့ စေလွှတ်လိုက်ပြီး ဤမီးရှူးမျှော်စင်ကို နေ့တိုင်း စောင့်ကြပ်စေခဲ့သည်။

မိုးချုပ်သွားပြီဖြစ်ရာ အချိန်ကိုပင် ခန့်မှန်း၍ မရတော့ပေ။ သူသည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ မြို့ရိုးအောက် ကင်းလှည့်ရာမှ ပြန်လာခဲ့ကြသည်။ လူတိုင်းသည် ခွေးသေကောင်များပမာ အေးခဲနေကြပြီး ခန္ဓာကိုယ်များမှာ နှင်းရေများဖြင့် စိုရွှဲနေတော့သည်။ တုန်တုန်ယင်ယင်နှင့် ပြန်ရောက်လာပြီးနောက် ကိုယ်ပေါ်က လေးလံသည့် သံချပ်ကာအင်္ကျီများကို အမြန်လဲလှယ်လိုက်ကြပြီး ဖာထေးရာအထပ်ထပ်နှင့် ဂွမ်းအင်္ကျီဟောင်းများကို ဝတ်ဆင်ကာ မီးဖို မွှေးလိုက်ကြတော့သည်။

စစ်သည်များသည် ကျုံ့ကျုံ့လေးထိုင်ကာ ဝိုင်းဖွဲ့ထားကြသည်။ ယခု အနားယူလိုက်ရမှ ခြေလက်များ ထုံကျဉ်အေးခဲနေသည်ကို သတိထားမိကြတော့သည်။ ဝူတာ့သည် ဂွမ်းစများထွက်နေသည့် အပေါက်အပြဲနှင့် အင်္ကျီကို တင်းတင်းကျပ်ကျပ် စည်းနှောင်လိုက်ပြီး အပ်ချုပ်လက်ရာ ပိုကောင်းသည့် ရဲဘော်တစ်ယောက်ကို သူ့အတွက် ဖာထေးပေးရန် တောင်းဆိုရင်း ညည်းတွားလိုက်သည်။

"ဒီနှစ် ရာသီဥတုက ဆိုးလိုက်တာကွာ၊ ဆောင်းဦးအကုန်လောက်ပဲ ရှိသေးတယ် ဒီလောက်အေးနေပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်က ခွေးတွေ လျှာထွက်တဲ့အထိ ပူနေသေးတာ၊ အခု နှင်းကျမယ်ဆိုတာနဲ့ ကျလာတာပဲ၊ ငါ့တကိုယ်လုံးက အရိုးတွေတောင် အေးခဲပြီး ကျိုးတော့မလို ဖြစ်နေပြီ"

ပြန်ရောက်လာပြီး အမောမပြေသေးသည့် လီရှစ်ကလည်း ခန္ဓာကိုယ် တုန်ယင်နေရင်း ဝင်ပြောလိုက်သည်။ "ဒီနှစ်က စောစောစီးစီး အေးနေတာ၊ ငါတို့ တပ်စခန်းကြီးက ဂွမ်းအင်္ကျီဝေတဲ့သူတွေကလည်း လူလွှတ်ပြီး အင်္ကျီလာမပို့သေးဘူး၊ ညရောက်ရင် ဘယ်လို အောင့်အီးရမလဲ မသိဘူး"

ပြောရင်းဆိုရင်း သူသည် လက်နှစ်ဖက်ကို မီးဖိုနား ကပ်လိုက်ရာ တစ်နေ့ကုန် ချွေးများ၊ နှင်းရေများဖြင့် စိုစွတ်နေသဖြင့် ယခင်နှစ်က ရရှိထားသည့် နှင်းကိုက်နာမှာ ပြန်ဖြစ်လာပြီး အပူနှင့်ထိသည်နှင့် စူးရှစွာ နာကျင်လာသဖြင့် "အား" ခနဲ အော်လိုက်မိသည်။

ချန်ကျုံးသည်လည်း ခေါင်းပေါ်က သံခမောက်ကို ချွတ်လိုက်ပြီး ဘေးနှစ်ဖက်က ကြွက်မွေး နားအုပ်ကို ဖြုတ်ကာ မျက်နှာကို ပေါ့ပေါ့ပါးပါး သုတ်လိုက်သည်။

"အရင်ရက်တွေတုန်းက မိုးအုံ့နေကတည်းက ငါ စိတ်မသန့်ဘူး၊ နှင်းကျတော့မယ်လို့ တွက်ထားပြီးသား၊ မနက်အစောကြီးကတည်းက ဖေးမောင်ကို ယိုကျိုးကို စာသွားပို့ခိုင်းထားတယ်၊ သတင်းအမြန်ရောက်လာလောက်မှာပါ"

ထိုအခါမှ လီရှစ်သည် ပုံမှန်ဆိုလျှင် ဟာသအလုပ်တတ်ဆုံး ဖေးမောင် ပျောက်နေသည်ကို သတိထားမိလိုက်ပြီး စာသွားပို့နေသည်ကို သိသွားတော့သည်။ သူသည် ဖေးမောင်အတွက် စိတ်ပူသွားပြီး ပြောလိုက်သည်။ "နှင်းတွေ ဒီလောက်ကျနေတာ၊ ဖေးမောင်က အင်္ကျီအပါးလေးပဲ ဝတ်သွားတာ၊ သူ ဒုက္ခရောက်နေလောက်ပြီ"

ဖေးမောင်က ကျွီးယုံးကွမ်း တင်းနံပါတ် မီးရှူးမျှော်စင်ကို စောင့်ကြပ်သည့် လူ၈ယောက်ထဲတွင် အသက်အငယ်ဆုံးဖြစ်ပြီး ၁၇နှစ်သာ ရှိသေးသည်။ သူသည် ကပြားတစ်ယောက်ဖြစ်သည်။ သူ့နောက်ခံကလည်း ထူးဆန်းသည်။ အဖေက လျောင်လူမျိုး၊ အမေက ဖမ်းဆီးခံလိုက်ရသည့် ဟန်လူမျိုး နယ်စပ်ဒေသခံဖြစ်သည်။ သူ့အမေ သေဆုံးသွားပြီးနောက် သူ့အဖေ ရိုက်နှက်သည်ကို မခံနိုင်တော့ဘဲ ထွက်ပြေးလာခဲ့သည်ဟု ကြားသိရသည်။ လွန်ခဲ့သည့် နှစ်နှစ်က သူသည် အသက်စွန့်ပြီး တာ့စုန့်ဘက်သို့ ကူးပြောင်းလာခဲ့သည်။

မူလက သူလျှိုဟု သတ်မှတ်ပြီး သတ်ပစ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း သူက လျောင်စစ်သားများ တာ့စုန့်ကို ချောင်းမြောင်းနေသည့် မြေအောက်ကင်းစခန်း ၁၀ခုကျော်ကို ဆက်တိုက် ဖော်ထုတ်ပေးခဲ့ပြီး အကျိုးဆောင်မှု ပြုလုပ်ခဲ့သည်။ စစ်သူကြီးလေးရှီးက သူ့ကို အာမခံပေးခဲ့ပြီး ပြန့်ကျင်းမြို့သို့ စာပို့ကာ မင်းကြီးထံမှ ခွင့်ပြုချက်ရပြီးနောက် သူ့ကို ချန်ရှင်းလန် ရာထူးတိုးပေးပြီး မဟာတံတိုင်းကို စောင့်ကြပ်စေခဲ့သည်။

ထိုစဉ်က သူသည် စုန့်စစ်တပ်ကို ဦးဆောင်ပြီး လျောင်လူမျိုးများ၏ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ရာတွင် ပထမဆုံး သွားရောက်ခဲ့သည်မှာ သူ့အဖေရှိသည့် မြင်းစီးတပ်ဖွဲ့ငယ်ပင် ဖြစ်သည်။ သူသည် သူ့အဖေအရင်းက ဆဲဆိုကြိမ်းမောင်းကာ စုန့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရသည်ကို မျက်ရည်တစ်စက်မကျဘဲ ကြည့်နေခဲ့သည်။ ထို့နောက် သူတစ်ယောက်တည်း ကျယ်ပြောလှသည့် တောရိုင်းထဲသို့ လမ်းလျှောက်သွားပြီး စွန့်ပစ်ခံထားရသည့် သူ့အမေအရင်း၏ အရိုးများကို တူးဖော်ခဲ့သည်။

သူသည် မိခင်၏ အရိုးများကို ကျောပေါ်တွင် တင်းကျပ်စွာ ချည်နှောင်ပြီး မဟာတံတိုင်းအတွင်းသို့ သယ်ဆောင်လာကာ တောင်ယာဆီးသီးပန်းများ ပွင့်နေသည့် တောင်ကုန်းလေးတစ်ခုပေါ်တွင် ပြန်လည်မြှုပ်နှံပေးခဲ့သည်။

ဖေးမောင်သည် အပြေးမြန်ပြီး လက်လွှတ်မြင်းစီးနိုင်သူဖြစ်ကာ လျောင်နာမည်ကို ဆက်မသုံးချင်တော့သဖြင့် လီရှစ်တို့ ရဲဘော်များကို နာမည်သစ် ပေးခိုင်းခဲ့သည်။ သို့သော် လီရှစ်တို့လို လူကြမ်းကြီးများက နာမည်ကောင်း မစဉ်းစားတတ်သဖြင့် အချိန်အကြာကြီး ငြင်းခုံပြီးနောက် သူသည် ခြေမြန်တော်တစ်ယောက်လို ပြေးနိုင်သည်ဟု ယူဆကာ သူ့ကို ဖေးမောင် ဟု ခေါ်လိုက်ကြသည်။

သူကလည်း မငြင်းဆန်ဘဲ တာ့စုန့်သို့ ရောက်လာကတည်းက ပျော်ရွှင်နေခဲ့သည်။

လီရှစ်၏စကားသံ ဆုံးသည်နှင့် အဝေးမှ မြင်းခွာသံ အလျင်အမြန် ထွက်ပေါ်လာ၏။ ချန်ကျုံးက ချက်ချင်း ဓားကို ဆုပ်ကိုင်ကာ သတိဖြင့် ထကြည့်လိုက်ပြီး မီးရှူးမျှော်စင်အတွင်းရှိ ကျဉ်းမြောင်းသည့် မြှားပစ်ပေါက်မှ ခေါင်းပြူကြည့်လိုက်ရာ အဝေးမှ နှင်းမုန်တိုင်းကို ဖြတ်ပြီး လှည်းတန်းတစ်ခု လာနေသည်ကို တွေ့လိုက်ရသည်။

ဝူတာ့က မျက်နှာတည်သွားပြီး ဒူးလေးကို ချိန်ရွယ်လိုက်သည်။

အနားရောက်လာမှ ချန်ကျုံးက သက်ပြင်းချလိုက်နိုင်ပြီး ဝူတာ့ကို ခလုတ်ဖြုတ်လိုက်ရန် လက်ပြလိုက်သည်။ ထိပ်ဆုံးမှ အမြန်ပြေးလာသူမှာ စုန့်စစ်တပ်၏ သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် တာ့စုန့်၏ အရောင်ငါးမျိုးအလံကို ချည်နှောင်ထားကာ အလံပေါ်တွင် "ရှီး" ဟူသော စာလုံးကြီးကို ထိုးထားသည်။

ကျွီးယုံးကွမ်းတွင် စစ်သည်များသည် ကိုယ့်နာမည်ကိုယ်ပင် မမှတ်မိကြသော်လည်း ဤရှုပ်ထွေးသည့် "ရှီး" ဟူသော စာလုံးကိုတော့ သေသည်အထိ မေ့မည်မဟုတ်ပေ။

"ဖေးမောင် ပြန်လာပြီဟေ့၊ ဒီတစ်ခါ သူ စွမ်းဆောင်နိုင်ခဲ့တာပဲ၊ စစ်ရိက္ခာသိုလှောင်ရုံက သံချေးတက်နေတဲ့ ကြက်ဖတွေဆီကနေ ပစ္စည်းတွေ အများကြီး လုယူလာနိုင်ခဲ့တယ်"

လီရှစ်လည်း မြင်လိုက်ရသဖြင့် ပျော်လွန်း၍ ခုန်ပေါက်နေပြီး အအေးဒဏ်ကိုပင် ဂရုမစိုက်တော့ဘဲ မြို့တံခါးကို သွားဖွင့်ပေးလေသည်။ အပြင်ဘက်တွင် မကြာမီ နှင်းများ တစ်ပေခန့် ထူထပ်နေလေပြီ။ ဖေးမောင်သည် ဂွမ်းအင်္ကျီအထူကြီးကို ဝတ်ထားပြီး အပေါ်မှ သားရေနှင့် သံပြားများ ပေါင်းစပ်ထားသည့် သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း နှင်းလူတစ်ယောက်လို ဖြစ်နေသည်။ မဟာတံတိုင်း စင်မြင့်ပေါ်သို့ ရောက်လာချိန်တွင် မျက်တောင်များပေါ်၌ ရေခဲမှုန်များ တွဲခိုနေသည်။

ဖေးမောင်သည် အသက်ရှူသံ ပြင်းပြင်းဖြင့် မောဟိုက်နေပြီး လီရှစ်ကို တွဲကာ ခဏလောက် အနားယူပြီးမှ မျက်နှာမော့ကာ ပြုံးလိုက်သည်။

"အစ်ကိုလီ ကျွန်တော် ပစ္စည်းကောင်းတွေ အများကြီး သယ်လာတယ်"

"ဘာပစ္စည်းကောင်းတွေလဲ" လီရှစ်က မျက်နှာရှုံ့မဲ့ကာ မေးလိုက်သည်။ "တပ်စခန်းကြီးထဲက စားဖိုမှူးတွေက ဘာအစားအသောက်ကောင်းတွေ လုပ်တတ်လို့လဲ၊ နန်ပေါင်မုန့်တွေပဲ ဖြစ်မှာပေါ့" ထို့နောက် ရုတ်တရက် မျှော်လင့်တကြီးဖြင့် "မင်း မြင်းနို့ရည်များ လုလာခဲ့တာလား၊ မြင်းနို့ရည် သောက်ရရင်တော့ မဆိုးပါဘူး"

မဟာတံတိုင်းသည် အလွန်ရှည်လျားပြီး အပေါ်တွင် စောင့်ကြပ်နေသည့် စစ်သည် ထောင်ချီရှိသည်။ မြင်းနို့ရည်လို အကန့်အသတ်ရှိသည့် ပစ္စည်းမျိုးကို ခွဲတမ်းရနိုင်မရနိုင်ဆိုသည်မှာ ကိုယ့်တပ်မှူး၏ မျက်နှာပန်းနှင့် လူချစ်လူခင်ပေါများမှုအပေါ် မူတည်သလို၊ ဒုတိယအချက်မှာ ညီအစ်ကိုများက တခြားမီးရှူးမျှော်စင်က ရဲဘော်များကို နိုင်အောင် တိုက်ခိုက်နိုင်ခြင်း ရှိမရှိအပေါ်တွင်လည်း မူတည်သည်။

လီရှစ်သည် မြင်းနို့ရည်ကို တွေးလိုက်မိသည်နှင့် စိတ်မကောင်း ဖြစ်သွားရသည်။ သနားစရာကောင်းသည်မှာ သူတို့ ၈ယောက်တွင် အများစုက မြှားပစ်ကျွမ်းကျင်သည့် ပိန်ပိန်ပါးပါး လူများဖြစ်ကြပြီး ဘေးနားက "ဝက်မည်း" ဟုခေါ်သည့် တံခါးရွက်လောက် ကျယ်သည့် လူကောင်ကြီး၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသည်နှင့် အဝေးကြီး လွင့်ထွက်သွားကာ မြင်းနို့ရည်လုပွဲတွင် ရှုံးနိမ့်ခဲ့သည်မှာ တစ်နှစ်လုံးလုံး ရှိနေပြီဖြစ်သည်။

"မြင်းနို့ရည်ထက်တောင် ပိုကောင်းသေးတယ်" ဖေးမောင်သည် တပ်စခန်းကြီးထဲတွင် ဗိုက်ကားအောင် စားလာခဲ့ပုံရပြီး ပြောရင်းဆိုရင်း တံတွေးမျိုချမိနေသည်။

လီရှစ်သည် စိတ်ဝင်စားသွားပြီး စိတ်ထဲတွင် ယားယံလာသော်လည်း ပါးစပ်ကတော့ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။

"ကြည့်စမ်းပါအုံး၊ တောသားလိုပဲ"

"ခင်များလည်း မြင်ဖူးမှာ မဟုတ်ပါဘူး"

မကြာမီ အောက်ဘက်တွင် တံခါးခေါက်သံ ကြားလိုက်ရပြီး လီရှစ်သည် ကြီးမားသည့် မောင်းတံကို အားကုန်သုံး၍ လှည့်လိုက်ရသည်။ ရိက္ခာလာပို့သည့် ညီအစ်ကိုများသည် ဖေးမောင်ကို မမီလိုက်သဖြင့် လမ်းတွင် မောသေမတတ် လိုက်လာခဲ့ရ၏။ သူတို့သည် အသက်ပြင်းပြင်းရှူရင်း ဆောင်းတွင်းဝတ်အင်္ကျီများ၊ မီးသွေးများနှင့် ၈ယောက်စာ တစ်လစာ ရိက္ခာများကို ခြင်းတောင်းကြီးများထဲ ထည့်ကာ သစ်သားဂီယာပေါ်က ကြိုးများမှတစ်ဆင့် တကျွီကျွီဖြင့် ဆွဲတင်ပေးလိုက်ကြသည်။

ထို့နောက် နှင်းမုန်တိုင်းကို ဖြတ်ပြီး ရှေ့က မီးရှူးမျှော်စင်ဆီသို့ ဆက်သွားကြသည်။

လီရှစ်တို့သည် လက်ဆင့်ကမ်းကာ ခြင်းတောင်းများကို ကျဉ်းမြောင်းသည့် ကင်းစင်ပေါ်သို့ သယ်ဆောင်လိုက်ကြသည်။ ပထမသေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် အင်္ကျီအထူများ၊ သားမွေးအင်္ကျီလက်ပြတ်များ၊ ဦးထုပ်များနှင့် သံမှိုရိုက်ထားသည့် သားမွေးဖိနပ်များ ပါလာသည်ကို တွေ့လိုက်ရသည်။ လီရှစ် မျက်လုံးများ အရောင်တောက်သွားပြီး အင်္ကျီစများကို ကိုင်ကြည့်ကာ မလွှတ်ချင်တော့ပေ။

"တကယ် နတ်ဘုရားမပါပဲ၊ တောင်းဆုပြည့်တာပဲဟေ့၊ ကိုင်ကြည့်ရတာ ဂွမ်းသစ်တွေနဲ့ တူတယ်၊ ဒီတစ်ခါ ဖေးမောင် အကျိုးဆောင်မှု ရပြန်ပြီ"

ချန်ကျုံးက ပြုံးလိုက်သည်။ "သူ့ကို အကျိုးဆောင်မှု မှတ်ထားလိုက်၊ ဒီနှစ် ငါတို့ အေးခဲရတော့မှာ မဟုတ်ဘူး"

ဖေးမောင်က သံချပ်ကာကို ချွတ်လိုက်သည်။ လေနှင့်နှင်းက ဓားသွားပမာ။ သူ့မျက်နှာတစ်ခုလုံး အေးခဲပြီး နီရဲနေသည်။ နွေးထွေးသည့်နေရာသို့ ဝင်လာသည်နှင့် မျက်နှာပေါ်တွင် သွေးစို့ရာ အက်ကွဲကြောင်းများ ပေါ်လာသည်။ သူက သွေးများကို ဂရုမစိုက်ဘဲ သုတ်လိုက်ပြီး မီးဖိုဘေးက ပြာမှုန့်အနည်းငယ်ယူကာ သွေးတိတ်အောင် ပိတ်လိုက်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒီ ဂွမ်းအင်္ကျီအသစ်တွေကို လုဖို့အတွက် ကျွန်တော် ဟို ဝက်မည်းကောင် ဖင်နဲ့ အဖိခံရပြီး သေတော့မလို့၊ ဒီနှစ် တင်းနံပါတ်က လူတွေလည်း စောစောရောက်လာတာ၊ တော်တော်လေးကို မလုနိုင်ဖြစ်သွားတာ"

ဝူတာ့က အံကြိတ်လိုက်သည်။ "ရာသီဥတု အေးလာတာနဲ့ မီးရှူးမျှော်စင်အသီးသီးက လူလွှတ်ပြီး စခန်းကြီးမှာ ရိက္ခာသွားတောင်းကြတာပဲ၊ ဟိုကောင် မုန့်တပ်မှူးက ကောက်ကျစ်တယ်၊ အမြဲတမ်း ဝက်မည်းကောင်ကို လွှတ်တယ်လေ၊ သောက်ကျိုးနည်း၊ ဝက်မည်းကောင်က လူကောင်ကြီးတာကို အားကိုးပြီး သူတို့တွေ နှစ်တိုင်း မြင်းနို့ရည်သောက်၊ နို့တို့ဟူးစားနေရတာ၊ ဆောင်းတွင်းကုန်ရင်တောင် ပိန်မသွားဘဲ နှစ်လျန်လောက် ဝလာသေးတယ်"

သို့သော် သူတို့တွင် ဖေးမောင် ရှိနေသည်။ ဖေးမောင်က မြင်းစီးမြန်ပြီး နှင်းမုန်တိုင်းကျလျှင်လည်း လမ်းမပျောက်သဖြင့် မကြာခဏ ဦးအောင် လုနိုင်လေသည်။ စစ်ရိက္ခာသိုလှောင်ရုံထဲက ဂွမ်းအင်္ကျီအသစ်၊ မြင်းနို့ရည် စသည့် ပစ္စည်းကောင်းများကို လူလွှတ်ပြီး စောင့်ကြည့်ရသည်။ မဟုတ်လျှင် ကိုယ့်မီးရှူးမျှော်စင်အတွက် ဂွမ်းအင်္ကျီအဟောင်းသာ ရရှိပြီး ကောင်းတာမှန်သမျှ သူများ ရွေးသွားလိမ့်မည်။

မြင်းနို့ရည်နှင့် ယှဉ်လျှင် ဖေးမောင်က အမြဲတမ်း သူတို့အတွက် ဂွမ်းအင်္ကျီကို အရင် ဦးအောင် လုပေးတတ်သည်။

"ခြင်းတောင်းတစ်လုံး ပိုနေပါလား၊ ဖေးမောင် ဒီနှစ် တကယ်စွမ်းတာပဲ၊ ဒါက ဘာလဲ" လီရှစ်သည် အင်္ကျီထူထူကို စိတ်မရှည်စွာ လဲလှယ်ဝတ်ဆင်ပြီး ဘေးနားက ခြင်းတောင်းအကြီးကြီးကို မြင်လိုက်ရသဖြင့် စူးစမ်းချင်စိတ်ဖြင့် ကပ်သွားကြည့်လိုက်သည်။ "မင်း ဝက်မည်းကောင်ဆီကနေ မြင်းနို့ရည်တွေ အများကြီး လုလာခဲ့တာတော့ မဟုတ်ပါဘူးနော်"

"ခင်များ ကြည့်လိုက်လေ" ဖေးမောင်က တမင်တကာ မပြောဘဲ လက်ပိုက်ထားလိုက်သည်။

ချန်ကျုံးက ရှေ့တိုးသွားပြီး အဖုံးဖွင့်ကြည့်လိုက်ရာ အထဲတွင် ထူးထူးဆန်းဆန်း ပစ္စည်းများ ထည့်ထားသည်ကို တွေ့လိုက်ရသည်။ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် အဝိုင်းပုံစံ ဆီကြော်ထားသည့် ထန်းပင်ခြောက်တုံးများ၊ ထို့အပြင် မြေအိုးတစ်ချို့လည်း ပါသည်။ တစ်ချို့အိုးထဲတွင် ကင်ပြီးအခြောက်ခံထားသည့် အသီးအရွက်အစအနများ၊ တစ်ချို့အိုးထဲတွင် မွှေးကြိုင်ပြီး ခဲနေသည့် အဆီခဲများ၊ အထဲတွင် အသားတုံးများပင် ပါသေးသည်။ တစ်ချို့အိုးထဲတွင်တော့ အမှုန့်ကြိတ်ထားသည့် ဂျင်းခြောက်နှင့် ငရုတ်သီးမှုန့်များ ပါဝင်ပြီး အဖုံးဖွင့်လိုက်သည်နှင့် စူးရှသည့်အနံ့က နှာခေါင်းထဲ ဝင်ရောက်လာကာ ယားယံပြီး နှာချေမိသွားစေသည်။

ချန်ကျုံး နှာချေလိုက်သံ ကြားသည်နှင့် လီရှစ်တို့လည်း ဝိုင်းလာကြပြီး ကြောင်အသွားကြသည်။ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ထန်းပင်နှင့် အိုးများကို ဟိုလှန်ဒီလှန် ကြည့်သော်လည်း နားမလည်ကြပေ။

ချန်ကျုံးက မျက်လုံးရှင်သဖြင့် လွယ်အိတ်အောက်ခြေတွင် စာလုံးပါသည့် ပုံတစ်ပုံကို တွေ့လိုက်သည်။ စာလုံး ၄လုံးပင် မကွဲသည့် လူကြမ်းကြီး ၈ယောက်သည် ခေါင်းချင်းဆိုင်ကာ ပုံကို ဝိုင်းကြည့်လိုက်ကြသည်။

ပထမပုံသည် အငွေ့ထွက်နေသည့် လက်ဖက်ရည်ကရားပုံ ဖြစ်သည်။ ဘေးတွင် စာလုံးနှစ်လုံး ရေးထားသည်။ မဖတ်တတ်ကြပေ။ ချန်ကျုံးက ကြိုးစားပြီး ဖတ်ကြည့်လိုက်သည်။ "ရေ ဆိုတဲ့ စာလုံးနဲ့ တူသလိုပဲ၊ ဟေ ဒါ ရေ စာလုံး မဟုတ်ဘူး၊ ဘယ်လိုဖြစ်တာလဲ၊ မင်းတို့ ရေ စာလုံးတောင် မမှတ်မိကြဘူးလား"

အားလုံးက ခေါင်းခါလိုက်ကြသည်။ မမှတ်မိကြပေ။

ဖေးမောင်က ဝင်ကြွားလိုက်သည်။ မေးစေ့ကို မော့ကာ လမ်းလျှောက်လာပြီး "နားမလည်ဘူးမလား၊ အဲဒါ ရေနွေးပွက်ပွက် လို့ရေးထားတာ"

ဒုတိယပုံသည် ထန်းပင်ခြောက်ကို ပန်းကန်လုံးထဲထည့်၊ အသီးအရွက်ခြောက်တစ်ဆုပ်ထည့်၊ ဆီအနှစ်တစ်တုံးထည့်ထားသည့်ပုံ ဖြစ်သည်။ ဒီတစ်ခါတော့ ချန်ကျုံးလည်း မရှင်းပြနိုင်တော့ပေ။ ခက်ခဲလွန်းသည်။ ဖေးမောင်က ပိုပြီး ဝင်ကြွားလိုက်ပြန်သည်။ စာလုံးကို လက်ညှိုးထိုးကာ "ဒါက ရေနွေးပွက်ပွက် လောင်းထည့် လို့ ရေးထားတာ၊ ပြီးတော့ ရေက ထန်းပင်ကို မြုပ်သွားတဲ့အထိ ထည့်ရမယ်"

လီရှစ်က ထူးဆန်းနေသည်။ "မင်းက နေ့ဝက်လောက်ပဲ သွားတာကို ဘယ်လိုလုပ်ပြီး စာတွေ အများကြီး တတ်လာတာလဲ"

ဖေးမောင်က ပြန်ဖြေလိုက်၏။ "ကျွန်တော်က ဉာဏ်ကောင်းတာကိုး"

ဝူတာ့က မျက်လုံးစောင်းလိုက်သည်။ "မေးနေစရာ လိုသေးလား၊ ဒီကောင်က စာတတ်တာ မဟုတ်ဘူး၊ ဒီကောင် တပ်စခန်းကြီးထဲမှာ တစ်ယောက်တည်း ခိုးစားခဲ့တာ၊ ဒီ ရေနွေးပွက်ပွက် ထန်းပင် ဆိုတာကို တစ်ခေါက်စားပြီးပြီမို့လို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိနေတာပေါ့"

တတိယပုံသည် ပန်းကန်ပြား သို့မဟုတ် ပန်းကန်တစ်ချပ်ဖြင့် ထိုပန်းကန်လုံးကို အုပ်ထားပြီး ၂၀၀ ပြည့်အောင် ရေတွက်ရမည်။

စတုတ္ထပုံသည် အဖုံးဖွင့်ပြီး မွှေလိုက်ရာ အငွေ့တထောင်းထောင်းထနေသည့် ထန်းပင်တစ်ပန်းကန် ဖြစ်သွားပြီး စားသုံးနိုင်ပြီ ဖြစ်သည်။

လူကြမ်းကြီးများသည် ခေါင်းကို မော့ကာ မျက်လုံးပြူးသွားကြသည်။ "ဒီလို ရေလောင်းထည့်ပြီး ခဏလောက် စောင့်လိုက်တာနဲ့ ထန်းပင်ပူပူတစ်ခွက် ဖြစ်သွားရောလား၊ တကယ် အဲလောက် ဆန်းကြယ်လား"

ဖေးမောင်က သူတို့ကို လက်ညှိုးထိုးပြီး ရယ်မောလိုက်သည်။ "ဗဟုသုတ နည်းလိုက်တာ"

ပြောပြီးသည်နှင့် ချန်ကျုံးက သူ့ဖင်ကို ခြေထောက်ဖြင့် ကန်လိုက်လေတော့သည်။

ထို့နောက် လူတိုင်းက ဖေးမောင်ကို ဒီ ရေနွေးပွက်ပွက် ထန်းပင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ခိုင်းလိုက်ကြသည်။ ဝူတာ့က အောက်ထပ်သို့ ဆင်းပြီး နွားချေးခြောက်အချို့ သွားယူလိုက်သည်။ မဟာတံတိုင်းပေါ်တွင် လောင်စာစုဆောင်းသည့် အလေ့အထ ရှိသည်။ အကြောင်းမှာ ရုတ်တရက် ဘေးအန္တရာယ်ကြုံလာလျှင် သူတို့သည် ချက်ချင်း မီးရှူးမီးပန်းဖောက်ပြီး ယိုကျိုးကို သတိပေးရမည်ဖြစ်ရာ ဤအရာသည် လက်နက်ကိရိယာများလိုပင် နေ့စဉ် စစ်ဆေးရသည့် အရာဖြစ်ပြီး အမှားအယွင်းမရှိစေရပေ။

ကင်းစောင့်စစ်သည်များသည် နွေဦးနှင့် နွေရာသီတွင် ထင်းမီးသွေးများကို စတင်စုဆောင်းကြပြီး ယိုကျိုးမြို့ထဲမှလည်း ပုံမှန် လာပို့လေ့ရှိသည်။ သူတို့သည် လျောင်လူမျိုးများကဲ့သို့ နွားချေး မြင်းချေးများကို ကောက်ယူအခြောက်ခံပြီး ထင်းအဖြစ် သုံးစွဲသည့် အလေ့အကျင့်ရှိသဖြင့် ပုံမှန်အားဖြင့် ထင်းမီးသွေး မရှားပါးပေ။

ခဏအကြာတွင် နှင်းရေကို ကျိုထားသည့် ရေနွေးတစ်အိုး ရရှိလာသည်။

လူတိုင်းသည် မိမိတို့၏ မြေပန်းကန်လုံးအကြီးများကို ရှာဖွေထုတ်ယူလိုက်ကြပြီး ဖေးမောင်ပြောသလိုနှင့် ပုံထဲကအတိုင်း အရင်ဆုံး ထန်းပင်ခြောက်ကို ထည့်၊ အသီးအရွက်ခြောက်တစ်ဆုပ်ထည့်၊ ဆီအနှစ်တစ်ဇွန်း ခပ်ထည့်လိုက်သည်။ ထိုဆီအနှစ်က အလွန်မွှေးကြိုင်လှသည်။ ရေပင်မထည့်ရသေးသော်လည်း လီရှစ်သည် အနံ့ရနေပြီဖြစ်ပြီး တိတ်တဆိတ် တံတွေးမျိုချနေမိသည်။

လူတိုင်းက အိုးများကို တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းပြီး အဆင်သင့်ဖြစ်သည်နှင့် ရေနွေးကရားကို လက်ဆင့်ကမ်းကာ တစ်ယောက်ပြီးတစ်ယောက် ရေနွေးပွက်ပွက် လောင်းထည့်လိုက်ကြသည်။

ရေနွေးပွက်ပွက် လောင်းထည့်လိုက်ရာ ထန်းပင်ခြောက်သည် အပူကြောင့် တရှဲရှဲမြည်သွားပြီး အညိုရောင်အဆီများသည် အပူနှင့်တွေ့သည်နှင့် ချက်ချင်း အရည်ပျော်သွားသည်။ လီရှစ်နှင့် တခြားသူများသည် ပစ္စည်းများကို မွှေနှောက်ရှာဖွေပြီး အဖုံးအုပ်စရာ ရှာကြတော့သည်။ ချန်ကျုံးက သူတို့၏ အူကြောင်ကြောင်ပုံစံကို ကြည့်ပြီး သံခမောက်ဖြင့် အုပ်မလိုဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အောက်ထပ် မီးဖိုချောင်သို့ သွားကာ မီးဖိုပေါ်က ဒယ်အိုးအဖုံးအကြီးကို ယူလာလိုက်ပြီး လူတိုင်းကို ပန်းကန်လုံးများ စီထားခိုင်းကာ ဒယ်အိုးအဖုံးကြီးဖြင့် အုပ်လိုက်တော့သည်။

ဒယ်အိုးအဖုံးတစ်ခုတည်းဖြင့် ပန်းကန်လုံး ၈လုံးစလုံးကို အုပ်ထားလိုက်နိုင်သည်။

အားလုံး ၂၀၀ ပြည့်အောင် ရေတွက်လိုက်ပြီး လီရှစ်က မစောင့်နိုင်တော့ဘဲ အဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သည့်အနံ့သည် ရေငွေ့နှင့်အတူ မီးရှူးမျှော်စင်အငယ်လေးထဲတွင် ချက်ချင်း ပြန့်နှံ့သွားတော့သည်။ အနံ့မွှေးလွန်းသဖြင့် သူတို့၏ ဝိညာဉ်များပင် လွင့်ပါသွားမတတ် ဖြစ်သွားရသည်။ ဖေးမောင်ကလွဲလျှင် ကျန် ၇ယောက်လုံး ကြောင်သွားကြပြီး ခဏတာ မည်သူမှ လက်လှမ်းပြီး ပန်းကန်မယူမိကြပေ။

ကျွီးယုံးကွမ်း လမ်းခရီးသည် သွားလာရခက်ခဲပြီး အထူးသဖြင့် ဆောင်းရာသီတွင် အပြင်ဘက် တောရိုင်းမြေ၌ မြက်ပင်တစ်ပင်မျှ မပေါက်ရောက်ပေ။ နှင်းထုက မြင်းခြေထောက်ကိုပင် ဖုံးလွှမ်းနိုင်ရာ စစ်ရိက္ခာလာပို့ရန် မလွယ်ကူပေ။ သယ်ယူပို့ဆောင်ရေး လွယ်ကူစေရန် အများစုမှာ ကင်ပြီး ရေဓာတ်ထုတ်ထားသည့် နန်ပေါင်မုန့်များသာ ဖြစ်သည်။ ဤအရာက ပေါ့ပါးပြီး အထားခံသော်လည်း မီးကင်ပြီး အပူပေးလျှင်တောင် ပျော့သွားမည် မဟုတ်ပေ။ ရေနွေးဖြင့် စိမ်စားလျှင် ရသော်လည်း ထိုသို့လုပ်လျှင် ပိုပြီး စားမကောင်းတော့ပေ။ ဟို မုန်းတီးစရာကောင်းသည့် တင်းနံပါတ် မီးရှူးမျှော်စင်တွင်တော့ နန်ပေါင်မုန့်စိမ်စားရန် မြင်းနို့ရည် အများအပြား ရှိလေသည်။

ယခုလို ပူပူနွေးနွေး ထန်းပင်မျိုး၊ အထဲတွင် အသားတုံးများနှင့် အသီးအရွက်များ ပါသည့်အရာမျိုးကို ပြောရန်ပင် မလိုတော့ပေ။

"မွှေးလိုက်တာကွာ၊ အိမ်မက်မက်နေသလိုပဲ" လီရှစ်က အငွေ့များကြောင့် ဝါးတားတားဖြစ်နေသည့် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မြေပန်းကန်လုံးကို ဖြည်းဖြည်းချင်း လှမ်းကိုင်လိုက်ရာ ပူနွေးနေပြီး လက်ကိုပင် ပူသွားစေသည်။

"တကယ် မျက်လှည့်ပြသလိုပဲ၊ ရေလောင်းထည့်လိုက်တာနဲ့ ရပြီ၊ အနံ့ကလည်း တော်တော် မွှေးတာပဲ" ဝူတာ့ကလည်း တံတွေးမျိုချလိုက်သည်။ သူ၏ ပဲစေ့မျက်လုံးများက စိမ်းသွားပြီး မနေနိုင်မထိုင်နိုင် ဖြစ်လာတော့သည်။ "ညီအစ်ကိုတို့၊ ကြည့်ပဲ မနေကြနဲ့တော့၊ အရင် မြည်းကြည့်ကြရအောင်"

ပြောပြီးသည်နှင့် သူသည် လက်ကိုဆန့်ကာ ပန်းကန်လုံးကို မလိုက်ပြီး တစ်လုပ်ခပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်လုပ်စားလိုက်သည်နှင့် အခြေအနေ မဟန်တော့ပေ။ သူသည် မျိုမချရက်ဖြစ်သွားပြီး မွှေးလွန်းသဖြင့် စကားပင် မပီတော့ပေ။

"စားလို့ကောင်းလိုက်တာ! ကောင်းတယ်! အရမ်းစားလို့ကောင်းတာပဲ၊ တပ်စခန်းကြီးထဲမှာ နှစ်သစ်ကူးမှ ချက်ကျွေးတဲ့ သိုးသားထန်းပင်ထက်တောင် ပိုမွှေးနေသေးတယ်..."

တခြားသူများလည်း တူကိုယ်စီ ကိုင်လိုက်ကြသည်။ လီရှစ်က တစ်လုပ်စားပြီးသည်နှင့် ဗလုံးဗထွေး ပြောလိုက်မိသည်။ "ဒါ... ဒါ ဘာအရသာလဲ၊ ဝက်သားလား၊ ဝက်သားပေါင်းလား၊ ငါ ဝက်သားပေါင်း စားလိုက်ရသလိုပဲ၊ ဒီဝက်သားပေါင်းက ဘာလို့ ဒီလောက် စားကောင်းရတာလဲ၊ ညှီနံ့ နည်းနည်းလေးတောင် မရဘူး... ငါ အမေ့ဗိုက်ထဲက မွေးလာကတည်းက ဒီလောက် စားကောင်းတဲ့အရာ တစ်ခါမှ မစားဖူးဘူး"

ပြောပြီးသည်နှင့် သူကိုယ်တိုင် ကြောင်သွားပြီး မျက်ရည်များ ဝဲလာတော့သည်။ ဒီထန်းပင်တစ်လုပ်က သူ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် အအေးဒဏ်နှင့် ဆင်းရဲဒုက္ခများကို အပြင်သို့ ဆွဲထုတ်လိုက်သလိုပင်။

ဖေးမောင်က တပ်စခန်းကြီးထဲတွင် တစ်ခေါက်စားပြီးပြီဖြစ်ရာ နောက်တစ်ပန်းကန် ထပ်စားရသည့်အခါ သိပ်မထူးခြားတော့သော်လည်း စားကောင်းနေဆဲပင်။ မျက်နှာပေါ်က အက်ကွဲကြောင်းများ နာကျင်နေသော်လည်း ဟင်းရည်ရွှဲရွှဲ ထန်းပင်ကို အားရပါးရ စုပ်ယူစားသောက်နေသည်။ လီရှစ်က ငိုလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူက တမင်တကာ စနောက်လိုက်သည်။

"အစ်ကိုလီက ငိုတော့မလို့လား၊ ထန်းပင်ပူပူတစ်ပန်းကန်လေးပဲဟာကို၊ ဒီလောက်ထိ ဖြစ်စရာ လိုလို့လား"

ပါးစပ်ကသာ ပြောနေသော်လည်း သူ့လက်ထဲက တူကတော့ လုံးဝမရပ်တန့်ပေ။ ထန်းပင်ပူပူတစ်ပန်းကန် ခဏချင်း ကုန်သွားပြီး ပန်းကန်နှုတ်ခမ်းကိုပင် လျက်လိုက်ကာ အရသာကို တပ်မက်နေဆဲပုံရသည်။

ဒီအရာက ဘယ်နှစ်ခေါက်စားစား အီမသွားပေ။ ပြီးတော့ ဒီတစ်ခါ သူ တော်တော်စွမ်းဆောင်နိုင်ခဲ့သည်။ အရသာမတူသည့် ဆီအနှစ်အိုး သုံးမျိုးကို လုယူလာနိုင်ခဲ့သည်။ ခုနက သူတို့စားလိုက်သည်မှာ အညိုရောင် ဝက်သားပေါင်းအရသာ ဖြစ်သည်။ အဝါရောင် ကြက်ရိုးပြုတ်အရသာနှင့် ငရုတ်ကောင်းစေ့၊ အချဉ်ဖတ်များ ပေါလောပေါ်နေသည့် အစိမ်းရောင် အဆီခဲများလည်း ရှိသေးသည်။ သူသည် အိုးတိုင်းကို အဖုံးဖွင့်ပြီး နမ်းကြည့်ရာ မွှေးနေသဖြင့် အကုန်လုံး ယူလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ရိက္ခာသိုလှောင်ရုံက စစ်ရာရှိသည် သူ့ကို မျက်လုံးလှန်ကြည့်ခဲ့ရသည်။

ချန်ကျုံးသည် ဗိုက်ပြည့်သွားပြီး နွေးထွေးသွားသည်။ ပန်းကန်အောက်ခြေတွင် ဟင်းရည်အနည်းငယ် ကျန်နေသေးရာ တစ်ခါတည်း မသောက်လိုက်ရက်ဘဲ နည်းနည်းချင်းစီ မျိုချနေသည်။ သူသည် အပြင်ဘက်က လွင့်ပျံလာသည့် နှင်းမှုန်များကို ကြည့်ရင်း စဉ်းစားလိုက်မိသည်။ တကယ်ကောင်းတာပဲ။ နှင်းကျနေတဲ့အချိန်မှာ ဒီလို ထန်းပင်ပူပူမျိုး မစားရတာ ဘယ်နှနှစ်ရှိပြီလဲ။ ဒီလို ပူပူနွေးနွေးလေး တစ်လုပ်လောက် စားလိုက်ရရင် ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်ရောက်၊ ဘယ်လောက်ပဲ အေးခဲနေပါစေ ခံနိုင်ရည်ရှိသွားသလိုပါပဲ။

ပြီးတော့ ဒီလောက် အရသာရှိပြီး အဆင်ပြေတဲ့ ရေနွေးပွက်ပွက် ထန်းပင်က ဘယ်ကနေ ရောက်လာတာလဲ။ ဒီဟာကို လုပ်တဲ့ စားဖိုမှူးက ဦးနှောက် တော်တော်ပြေးတာပဲ။

မဟုတ်ဘူး၊ ဦးနှောက်ပြေးတာတင် မကဘူး၊ လက်ရာကလည်း တကယ့်ထိပ်တန်းပဲ။

...

All Chapters