← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အပိုင်း (၁၀၉)

"စစ်သူကြီးငယ်လေးရှီးက စွမ်းဆောင်ရည်မြင့်တဲ့ စားဖိုမှူးသစ်ကို တပ်စခန်းထဲ ခေါ်လာတာများလား။ ဒါပေမဲ့ ဦးနှောက်မြည်းကန်ခံထားရတဲ့ ဘယ်လို စားဖိုမှူးကများ ဒီလို အေးစက်ခက်ထန်တဲ့ နေရာမျိုးမှာ နေချင်မှာလဲ"

ဖေးမောင်ကို မေးကြည့်တော့ ဖေးမောင်လည်း မသိပေ။ သို့သော် တပ်စခန်းကြီးထဲတွင် စားဖိုမှူးအသစ် မရှိကြောင်း သူ သိသည်။

"သူတို့ နန်ပေါင်မုန့်တွေ ကင်နေတုန်းပဲ၊ ရိက္ခာဝေတဲ့လူ ပြောတာကတော့ စစ်သူကြီးငယ်လေးရှီးက တပ်ကိုဦးဆောင်ပြီး အပျော်ခရီးထွက်သလို လျောင်လူမျိုးတွေဆီက မြင်း အကောင် ၅၀၊ ကျင်းလူမျိုးတွေဆီက နွား အကောင် ၃၀ လုလာခဲ့တာတဲ့၊ လျောင်မြင်းတွေက မြင့်ပြီး သန်မာတော့ တစ်ကောင်ကို ငွေ ၇၀ လျန် နဲ့ ရောင်းရတယ်၊ စစ်သူကြီးငယ်လေးရှီးက နွားနဲ့မြင်းကုန်သည်တွေဆီ ရောင်းလိုက်တော့ ငွေလျန် ထောင်ချီ ရတာပေါ့၊ သူက အဲဒီငွေတွေကို စစ်ရိက္ခာသိုလှောင်ရေးမှူးဆီ အပ်ပြီး အပြင်မှာ အသစ်ဖွင့်ထားတဲ့ ထန်းပင်အလုပ်ရုံကနေ ဝယ်ခိုင်းလိုက်တာတဲ့၊ အဲဒီအလုပ်ရုံကလည်း ဆောက်ပြီးခါစပဲ ရှိသေးတယ်၊ ဦးစီးလုပ်ကိုင်သူကလည်း မိန်းကလေးတစ်ယောက်တဲ့"

လီရှစ်ကလည်း ပန်းကန်လုံးကို လျက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ "စစ်သူကြီးငယ်လေးရှီးက သွားပြီး 'သွားရည်စာ' ရှာစားပြန်ပြီပဲ၊ ငါတို့ စစ်သူကြီးငယ်လေးရှီးက ဉာဏ်ကောင်းပါတယ်၊ နှစ်တိုင်း နည်းနည်းပဲ လုတယ်၊ ဘယ်တော့မှ မျိုးပြုတ်သွားအောင် မလုပ်ဘူး၊ နောက်နှစ် သူတို့ နွားနဲ့သိုး အကောင်ပေါက်လေးတွေ မွေးပြီး ကြီးလာမှ နောက်တစ်ခေါက် ထပ်သွားလုတာ၊ တစ်ခါတလေ ဒီမြက်ခင်းပြင်ကို တိုက်ခိုက်ပြီးရင် နောက်နှစ်ကျ တခြားမြက်ခင်းပြင်ကို သွားတိုက်တာ၊ ငါ့ဇာတိမှာ အဖေနဲ့ လယ်စိုက်တုန်းကလည်း ဒီလိုပဲ၊ လယ်တစ်ကွက်ကို တစ်နှစ်စိုက်ပြီးရင် နောက်တစ်နှစ် မြေနားပေးရတယ်၊ မဟုတ်ရင် သီးနှံတွေ ကောင်းကောင်း မဖြစ်ထွန်းဘူး"

"ဒါပေါ့၊ မဟုတ်ရင် ယန်ကျိုးက ယွဲ့တပ်မတော်လိုမျိုး သတိမထားမိဘဲ ရက်ရက်စက်စက် တိုက်ခိုက်မိပြီး သူများ အသိုက်အမြုံထိ ရောက်သွားရင် လျောင်နဲ့ ကျင်းဧကရာဇ်တွေက မင်းကြီးဆီ စာရေးပြီး ဆဲကြတော့တာပဲ၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ပြီး ကုန်သွယ်မှုပြုကြမယ်လို့ ပြောထားပြီး ဘာလို့ ကတိမတည်တာလဲ ဆိုပြီးတော့လေ၊ ကြားတာတော့ မင်းကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်တိုင်း အဆဲခံနေရတာတဲ့၊ အဆဲခံရပြီဆိုရင် ယန်ကျိုးကို ရွှေတံဆိပ်ပြား ပို့ပြီး စိတ်ပါလက်ပါ တိုက်ခိုက်နေတဲ့ စစ်သူကြီးယွဲ့ကို ပြန်ခေါ်ရတော့တာပဲ"

"ရယ်ရသားပဲ၊ အခုဆို သူတို့ ရွှေတံဆိပ်ပြား ဘယ်နှခုလောက် စုမိနေလောက်ပြီလဲ"

"အနည်းဆုံး ၅ခု ၆ခု လောက်တော့ ရှိမှာပေါ့"

"အဲဒါ မနည်းတော့ဘူးပဲ၊ ရွှေအစစ်လား" ဖေးမောင်က တဟီးဟီး ရယ်မောရင်း ပြောလိုက်သည်။ "အဲဒီလောက် အကြီးကြီးကို အရည်ကျိုပြီး ရိက္ခာနဲ့လဲရင် တော်တော်များများ ရမှာပဲ"

"မင်းက ဘယ်လိုသိတာလဲ၊ စစ်သူကြီးယွဲ့က တကယ် အရည်ကျိုပစ်လိုက်တာ၊ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ယွဲ့တပ်မတော်အတွက် သံမဏိညှပ်ဓားတစ်သုတ် လဲပေးလိုက်သေးတယ်"

"ဟားဟားဟား... အစ်ကိုလီ၊ ငါ့ကို မြန်မြန် နှိပ်ပေးပါအုံး၊ ငါ ရယ်ရလွန်းလို့ ဗိုက်နာနေပြီ"

"နှိပ်ပေးရမတဲ့လား တော်စမ်းပါကွာ"

လူတိုင်း ရယ်မောလိုက်ကြသော်လည်း ဝူတာ့သည် မုန့်ပြားများထည့်ထားသည့် ခြင်းတောင်းကို မျက်တောင်မခတ် ကြည့်နေသည်ကို ချန်ကျုံးတစ်ယောက်သာ မျက်လုံးထောင့်မှနေ၍ မြင်လိုက်ရသည်။ သူ ချက်ချင်း သဘောပေါက်လိုက်ပြီး ခြင်းတောင်းပေါ်သို့ ခုန်အုပ်ကာ အဖုံးအုပ်လိုက်ပြီး သတိထားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဒါက အပိုဆောင်း ဝယ်လာတာဆိုတော့ ပမာဏ မများလောက်ဘူး၊ ဝူတာ့၊ မြန်မြန် လွှတ်လိုက်စမ်း၊ ဒီလောက်ကောင်းတဲ့အရာက ခြင်းတောင်းတစ်လုံးပဲ ပါတာ၊ နေ့တိုင်းစားရင် ဘယ်ခံနိုင်ပါ့မလဲ၊ နောက်လ နှင်းပိုကျရင် လမ်းသွားရခက်ပြီ၊ ဖေးမောင် တပ်စခန်းကြီးထဲ သွားလု... အဲ သွားထုတ်ရင်တောင် ရှိဦးမလား မသိဘူး၊ အားလုံး ချွေတာစားကြ၊ ၃ရက်... မဟုတ်ဘူး၊ ၅ရက်မှ တစ်ခါစားမယ်၊ မနက်ဖြန် နန်ပေါင်မုန့်ပဲ စားကြ"

လူတိုင်းသည် ဝမ်းနည်းပက်လက်ဖြစ်သွားသော်လည်း မျှော်လင့်ချက် အနည်းငယ်ဖြင့် အော်ဟစ်လိုက်ကြလေသည်။

အော်ဟစ်သံများသည် ပြတင်းပေါက်မှတစ်ဆင့် ထွက်ပေါ်လာပြီး တဖွဲဖွဲကျနေသည့် နှင်းထုကြားတွင် လေတက်သံအချို့နှင့် ရောနှောပါဝင်နေတော့သည်။

.........

ရှန်မြောင်သည် အိမ်တော်ထိန်းကျန့် ပေးပို့လိုက်သည့် ထန်းပင်အလုပ်ရုံ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သတင်းကို ရရှိလိုက်သည်။ ယိုကျိုးဘက်မှ ရေးလိုက်သည့်စာမှာ အလွန်တိုတောင်းပြီး "အရာရာ အဆင်ပြေချောမွေ့သည်" ဟူသော စာလုံးလေးလုံးခန့်သာ ပါရှိသည်။ သူမသည် သဘာဝကျစွာပင် အလွန်ပျော်ရွှင်သွားသည်။ ဆိုလိုသည်မှာ ဤအတိုင်းသာ ဆက်လက်အဆင်ပြေနေပါက နောက်နှစ်တွင် အမြတ်ဝေစု ရနိုင်ခြေ ရှိနေပြီ။

အိမ်တော်ထိန်းကျန့်က သူမကို အရသာပုံစံအသစ် အနည်းငယ် ထပ်ထုတ်ပေးရန် တိုက်တွန်းထားသေးသည်။ ဤအသင့်စားထန်းပင်များသည် ယိုကျိုးမြို့တွင် အလွန်ရေပန်းစားနေပြီး အသုတ်လိုက် ပြုလုပ်သော်လည်း ၁ရက် ၂ရက် အတွင်း ရောင်းကုန်သွားကာ ရောင်းမလောက် ဖြစ်နေရသည်ဟု ဆိုသည်။ ထိုနေ့က ရှဲ့အိမ်တော်တွင် တွေ့ခဲ့ရသည့် ချွေးညန်ဇီသည် တကယ်ပင် ယိုကျိုးသို့သွားရောက်ပြီး ထန်းပင်အလုပ်ရုံ၏ အထက်ပိုင်း ကုန်သည်လုပ်ငန်းကို ဦးစီးနေလေသည်။ သူမသည် ထန်ဝမ် ဟု အမည်ပြောင်းထားပြီး ၈လပိုင်းကတည်းက ယိုကျိုးသို့ ရောက်ရှိနေကာ ရောက်သည်နှင့် ယိုကျိုးမြို့တွင်းရှိ ကုန်သည်ကြီးများကို စည်းရုံးပြီး ၂ရက်အတွင်း အရောင်းလမ်းကြောင်း ဖွင့်နိုင်ခဲ့သည်။

ယခုအခါ ထန်းပင်အလုပ်ရုံသည် စစ်တပ်အတွက်သာ သီးသန့်မဟုတ်ဘဲ စားသောက်ဆိုင်ကြီးများ၊ ဆန်ဆိုင်များ၊ ကုန်စုံဆိုင်များကိုပါ ဖြန့်ဖြူးပေးနေရသည်။ ယိုကျိုးမြို့တွင် လူမျိုးပေါင်းစုံ နေထိုင်ကြရာ နယ်စပ်ဖြတ်ကျော် အမဲလိုက်ထွက်သူများ သို့မဟုတ် မြင်းကျောင်းထွက်သည့် နယ်စပ်ဒေသခံများ၊ ခရီးသွားကုန်သည်များသည် သေတ္တာလိုက် အိမ်သို့ သယ်ဆောင်သွားကြလေသည်။

ဤ "ထန်ညန်ဇီ" သည် အလုပ်လုပ်ရာတွင် အားအင်အပြည့် ရှိလှသည်။ ယိုကျိုးမြို့တွင် အရောင်းလမ်းကြောင်း ဖြောင့်သွားသည်နှင့် သူမသည် နှင်းများကို အန်တုကာ အလုပ်သမားများနှင့် လက်ဆောင်ပစ္စည်းများကို ယူဆောင်ပြီး စစ်သူကြီးငယ်လေးရှီး၏ ထောက်ခံစာကို ကိုင်ဆောင်လျက် ယိုကျိုးမြို့ပြင် မိုင် ၃၀ အကွာရှိ ရုံးတော်ပိုင်မြင်းမွေးမြူရေးခြံသို့ စီးပွားရေးဆွေးနွေးရန် သွားရောက်ခဲ့သည်။

ယန်ယွင် ပြည်နယ် ၁၆ခုကို ပြန်လည်ရွေးယူပြီးကတည်းက စုန့်မင်းဆက်သည် နယ်စပ်ပြည်နယ်အသီးသီးတွင် စစ်မြင်းမွေးမြူရေးခြံ ၃၂ခုကို တည်ဆောက်ခဲ့ပြီး နန်းတော်အတွက် စစ်မြင်းများကို အထူးတလည် မွေးမြူစေခဲ့ရာ ယခုအခါ ကောင်ရေ ၃သိန်းခန့် ရှိနေပြီဖြစ်သည်။ မျိုးမြင်းအများစုမှာ ရှန်းရှီးပြည်နယ်မှ ချင်မြင်းများ၊ လျောင်လူမျိုးများလက်ထဲမှ လုယူလာသည့် ခီတန်မြင်းများ၊ ကျင်းတုန်းလမ်းမှ ထွက်ရှိသည့် ကျင်းတုန်းမြင်းများ ဖြစ်ကြသည်။ ထို့အပြင် ရှီးရှရှားမြင်းများ၊ ကွမ်မြင်းများနှင့် ကျင်းလူမျိုးများလက်ထဲမှ လုယူလာသည့် နွီကျိန်းမြင်းများလည်း ရှိသည်။ ဤမြင်းများသည် ဘိုးဘေးများပမာ တစ်ရက်လေးမျှပင် အစာငတ်ခံ၍ မရပေ။ မြင်းမွေးမြူသူများမှာမူ ထိုမျှ တန်ဖိုးမရှိဘဲ တာဝန်ကျချိန်တွင် အပြင်ဘက်၌ အအေးဒဏ်နှင့် ငတ်မွတ်မှုကို ခံစားရသည်မှာ ပုံမှန်ကိစ္စပင် ဖြစ်နေသည်။

ထိုမြင်းမွေးမြူရေးခြံမှ ကြီးကြပ်ရေးမှူးသည် အသင့်စားထန်းပင်ကို တစ်ကြိမ်မြည်းစမ်းကြည့်ရုံဖြင့် သေတ္တာ ၂ထောင် မှာယူလိုက်ပြီး အသုတ်ခွဲပို့ခိုင်းကာ နောက်ပိုင်းတွင် အလုပ်ရုံနှင့် ရေရှည်ထောက်ပံ့ရန် စာချုပ်ချုပ်ဆိုလိုက်လေသည်။

မြက်ခင်းပြင်သည် ကျယ်ပြောလွန်းလှရာ မြင်းကျောင်းသည့် ဝန်ထမ်းငယ်များသည် မြင်းအုပ်များကို ဦးဆောင်ပြီး မြက်ခင်းပြင်ကို လှည့်လည်သွားလာရသဖြင့် ရက်ပေါင်းများစွာ ပြန်မရောက်နိုင်ပေ။ ထို့ကြောင့် ဤကဲ့သို့ အဆင်ပြေသည့် အစားအစာကို အလိုအပ်ဆုံး ဖြစ်သည်။

ကြားသိရသည်မှာ မင်းကြီးသည် ယခုနှစ်ပိုင်းအတွင်း အနောက်ဘက်ဒေသကို လမ်းပွင့်စေရန် ဆုံးဖြတ်ထားပြီး အဓိကအကြောင်းရင်းတစ်ခုမှာ ယခင်ခေတ်က တာ့ဝမ်၏ ဟန်ရွှယ်မြင်းကောင်းများကို လိုချင်သောကြောင့် ဖြစ်သည်။ အကယ်၍ ထိုမြင်းများကို ယူဆောင်လာပြီး စုန့်မင်းဆက်၏ စစ်မြင်းများနှင့် မျိုးစပ်နိုင်ပါက လျောင်နှင့် ကျင်းတို့လက်ထဲရှိ စစ်မြင်းများကို အနိုင်ယူနိုင်မည့် မြင်းကောင်းအသစ်များ မွေးမြူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

ယခုအခါ လျောင်၊ ကျင်း၊ စုန့် သုံးနိုင်ငံသည် မည်သူကမှ မည်သူ့ကိုမျှ မနိုင်နိုင်ကြပေ။ သို့သော် မင်းကြီးကမူ "စုန့်မင်းဆက်အတွက် လတ်တလော စိုးရိမ်စရာမရှိသော်လည်း ရေရှည်အတွက် စိုးရိမ်စရာရှိသည်" ဟု မိန့်ကြားခဲ့သည်။ သူသည် ပြည်နယ်အသီးသီးရှိ စစ်သူကြီးများထံသို့ အမိန့်စာအကြိမ်ကြိမ် ပေးပို့ပြီး စစ်ပွဲကြီးမရှိသည့် ငြိမ်းချမ်းချိန်ကို အခွင့်ကောင်းယူကာ စစ်သည်များကို ကြိုးစားလေ့ကျင့်ပေးရန်၊ လက်နက်ကိရိယာများကို ဆန်းသစ်တီထွင်ရန်နှင့် မြင်းများကို များများ မွေးမြူ (လုယူ) ရန် ညွှန်ကြားထားသည်။

ရှန်မြောင်သည် ဤအကြောင်းအရာများ၏ ရှေ့တစ်ဝက်ကို အိမ်တော်ထိန်းကျန့် ပြန်ပြောပြ၍ သိရခြင်းဖြစ်ပြီး နောက်တစ်ဝက်ကိုမူ ဆိုင်ထဲတွင် လာရောက်စားသောက်ကြသည့် ဧည့်သည်များ အရက်သောက်ရင်း လေဖောကြသည်ကို နားထောင်မိခြင်း ဖြစ်သည်။ သူမသည်လည်း ထိုအချက်ကို လေးနက်စွာ သဘောတူလေသည်။ ဤမင်းကြီးသည် ဆွေကြီးမျိုးကြီးများကို ရက်ရက်စက်စက် ကိုင်တွယ်တတ်သော်လည်း သူ၏ ဦးနှောက်ကြည်လင်ပြီး အမြော်အမြင်ရှိသည်ကိုမူ ငြင်းမရနိုင်ပေ။ မင်းကောင်းမင်းမြတ်ဖြစ်လာမည့် မျိုးစေ့ကောင်း တစ်ခုပင်။

ထို့အပြင် ရှဲ့မိသားစု အပန်းဖြေအိမ်တွင် ခဏတာ တွေ့လိုက်ရသည့် ချွေးညန်ဇီ အကြောင်းကို အိမ်တော်ထိန်းကျန့် ပြောပြသည်ကို နားထောင်ပြီး ရှန်မြောင် အံ့ဩသွားရသည်။ ထိုစဉ်က ချွေးညန်ဇီသည် လှေပေါ်တွင် ဘဝကို စိတ်ကုန်နေသကဲ့သို့၊ လေတိုက်လျှင်ပင် လဲကျတော့မည့်ပုံစံ ဖြစ်နေသော်လည်း ယခု ယိုကျိုးမြို့သို့ ရောက်သွားချိန်တွင် လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာသကဲ့သို့ စီးပွားရေးလုပ်ရာတွင် သည်လောက် တော်နေလေသည်။ သူမ ကြည့်ရသည်မှာ အသက်မကြီးသေးသော်လည်း နေရာသစ်တစ်ခုသို့ ရောက်သည့်အခါ ကိုယ့်မှာ ကျောထောက်နောက်ခံ ရှိနေရင်တောင် ဒေသခံ လူမိုက်များကို အရင် စည်းရုံးပြီး အကျိုးအမြတ် ခွဲဝေပေးရမည်ကို နားလည်လေသည်။ သူမသည် လူတိုင်းနှင့်အတူတကွ စီးပွားရှာမည်ဖြစ်ကြောင်း အသိပေးပြီး ခြေရာခိုင်မာလာမှ ရောင်းလမ်းအသစ်ကို ရှာဖွေလေသည်။

သည့်အပြင် ဒီ ချွေးညန်ဇီက အမြင်အလွန်ကျယ်သည်။ ရုံးတော်ပိုင်မြင်းမွေးမြူရေးခြံနှင့် ပူးပေါင်းရမည်ကို သိသည်။ သူမသည် ယိုကျိုးတပ်စခန်းကြီးကို အုပ်ချုပ်သည့် ရှီးမိသားစုကို ကျောထောက်နောက်ခံ ပြုထားရာ ရုံးတော်ပိုင်မြင်းမွေးမြူရေးခြံနှင့် ပူးပေါင်းရန်မှာ အလွန်လွယ်ကူသည့် ကိစ္စဖြစ်သည်။ အရေးကြီးဆုံးမှာ ရုံးတော်ပိုင်မြင်းမွေးမြူရေးခြံကဲ့သို့ ဌာနမျိုးသည် ဆီမွှေးအလွန်ပေါပြီး ငွေသုံးရာတွင်လည်း လက်တိုမည် မဟုတ်ပေ။

ရှန်မြောင်သည် သူမအပေါ် အထင်ကြီးသွားပြီး ရှဲ့သာ့ညန်ဇီ၏ လူရွေးချယ်မှုကို သံသယဝင်ခဲ့မိသည့် မိမိကိုယ်ကို ပြန်လည်သုံးသပ်မိလိုက်သည်။

အိမ်တော်ထိန်းကျန့်ကို ပြန်လွှတ်လိုက်ပြီးသည်အထိ ကျိုကောနှင့် ကျိအာတို့သည် မြို့ရိုးတစ်လျှောက် ပြေးလွှားဆော့ကစားနေကြပြီး ပြန်မရောက်ကြသေးပေ။ အချိန်စောသေးသဖြင့် ဧည့်သည်နည်းနေချိန်တွင် ရှန်မြောင်သည် ကောင်တာနောက်တွင် ပြန်ထိုင်ကာ ပေသီးဖြင့် စာရင်းတွက်နေလိုက်သည်။ ပေသီး တချွင်ချွင်မြည်နေပြီး ဤအသံကို နားထောင်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှသည်။ ပေသီးနှင့်အတူ သူမမျက်စိရှေ့တွင် ကြေးပြားမိုး ရွာကျနေသလို ခံစားရသည်။ ယိုကျိုးတွင် ရောင်းလိုက်ရသည့် ထန်းပင်တိုင်းတွင် သူမအတွက် ဝေစုပါနေသည်ကို တွေးလိုက်မိသည်နှင့် သူမသည် တိတ်တဆိတ် ကျိတ်ပြုံးနေမိတော့သည်။

စာရင်းတွက်ရင်းနှင့် အသံထွက် ရယ်မောမိလုနီးပါး ဖြစ်နေပြီ။

မနေ့က ဝင်ငွေကို စာရင်းတွက်ပြီးချိန်တွင် ဆိုင်ထဲသို့ ရင်းနှီးနေသည့် လူရိပ်နှစ်ခု ဝင်ရောက်လာ၏။ ရှန်မြောင် မော့ကြည့်လိုက်ပြီး စာရင်းစာအုပ်ကို အံဆွဲထဲ အမြန်ပြန်ထည့်ကာ ကောင်တာနောက်မှ ပြုံးရွှင်စွာ ထွက်ကြိုလိုက်သည်။

"ဝမ်သခင်လေး၊ အဘိုးလျန်၊ မင်္ဂလာပါရှင်၊ ပုံမှန်အတိုင်းပဲလား၊ ဘဲကင်သုံးကောင် အသားလွှာပြီး ပါဆယ်ထုပ်မလား"

"ဟုတ်တယ် ညန်ဇီ၊ အသားနူးတာလေး ရွေးပေးပါ"

"အကုန်လုံး နူးညံ့ပါတယ်၊ သခင်လေး စိတ်ချပါ"

ဤ ဝမ်သခင်လေးသည် အသက် ၃၀ ကျော်အရွယ်ခန့်ရှိပြီး နက်မှောင်ပြောင်လက်နေသည့် မုတ်ဆိတ်ရှည်များ ရှိသည်။ သူ လာတိုင်း အဆင်အကွက်မပါသည့် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်တတ်သော်လည်း ငွေသုံးရာတွင်မူ လက်မတွန့်ပေ။ အရင် အခေါက်များတုန်းက သူနှင့် သူ့ဇနီး ဆိုင်သို့လာပြီး ဘဲကင်စားသည်။ စားပြီးလျှင် ဘဲကင်အကောင်လိုက် ပါဆယ်ထုပ်သွားတတ်သည်။ နောက်ပိုင်းတွင် သူ မကြာခဏ လာဝယ်တတ်သော်လည်း ဆိုင်တွင် မစားတော့ပေ။ နောက်ပိုင်းကျတော့ သူသည် ဤ အဘိုးလျန်နှင့်အတူ မကြာခဏ လာဝယ်လေ့ရှိသည်။

ဤ အဘိုးလျန်သည် အသက်အလွန်ကြီးနေပြီဖြစ်ပြီး ဆံပင်များ ကျဲပါးကာ ဖြူနေလေပြီ။ ထိပ်ပြောင်လွန်းသဖြင့် မျက်နှာပေါ်က မုတ်ဆိတ်မွေးများပင် မရှိတော့သလို ဖြစ်နေသည်။ ခါးအနည်းငယ် ကုန်းနေသော်လည်း သူ့ပုံစံက ချမ်းသာကြွယ်ဝမည့်ပုံ ပေါက်သည်။ ဝမ်သခင်လေးကဲ့သို့ပင် ရိုးရှင်းသည့် အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း လူက ဝဝဖိုဖိုနှင့် အသားအရေက ဖြူဖွေးနေရာ သာမန်မိသားစုဝင်နှင့် လုံးဝမတူပေ။

အထူးသဖြင့် သူ့တွင် ညီညာလှပသည့် သွားများ ရှိနေခြင်းက ရှားပါးလွန်းလှသည်။ ရှန်မြောင် တွေးလိုက်မိသည်မှာ ဤခေတ်တွင် အဘိုးလျန်ကဲ့သို့ အသက်အရွယ်ရှိသည့် သာမန်ပြည်သူများ၏ သွားများသည် အကုန်နီးပါး ကျွတ်ကုန်ကြပြီ ဖြစ်သည်။ သူ့လိုမျိုး သွားကောင်းများ ရှိနေသေးသည်မှာ ရှန်မြောင် ဆက်ဆံဖူးသမျှ လူများအနက် ချမ်းသာသည့် အိမ်များသာ ရှိတတ်သည်။

သူသည် မွေးရာပါ မျက်နှာချိုသူတစ်ဦး ဖြစ်ပုံရသည်။ စကားပြောပြော မပြောပြော အမြဲ ပြုံးနေတတ်ပြီး ကြည့်ရသည်မှာ ရင်းနှီးဖော်ရွေပုံပေါက်၏။ သို့သော် ရှန်မြောင်သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်က ထူးဆန်းနေသည်ဟု အမြဲခံစားနေရသည်။ သူ့တစ်ယောက်တည်းကို ကြည့်လျှင် ဘဝတစ်လျှောက်လုံး စည်းစိမ်ချမ်းသာ ခံစားလာရသူတစ်ဦးကဲ့သို့ မြင့်မြတ်သည့် အရှိန်အဝါရှိသော်လည်း ဝမ်သခင်လေးနှင့် စကားပြောသည့်အခါတွင်မူ သူက နိမ့်ကျသူတစ်ယောက်လို ဖြစ်သွားတတ်သည်။

သို့သော် ထို ဝမ်သခင်လေးက သူ့ကို အလွန်လေးစားပြီး ကိစ္စတိုင်းတွင် သူ့သဘောထားကို အလေးထားပြန်သည်။

ဆန့်ကျင်ဘက် ဖြစ်လွန်းနေ၏။

သို့သော် ဒါက သူများဧည့်သည်၏ မိသားစုကိစ္စဖြစ်ရာ ရှန်မြောင်သည် စားသုံးသူများ၏ ကိစ္စကို ဘယ်တော့မှ ပိုမမေးပေ။ သူမသည် ဘဲကင်ရောင်းဖို့သာ သိသည်။

ထန်အာသည် ဘဲသားများကို အသားလွှာပြီး အဘိုးလျန် ယူလာသည့် ကနုကမာပုလဲခွံများဖြင့် စီခြယ်ထားသည့် သုံးထပ်ထမင်းချိုင့်ထဲသို့ သတိထားပြီး ထည့်လိုက်သည်။ ကျန်သည့် ဘဲရိုးများကိုလည်း ထုပ်ပိုးပေးလိုက်သည်။ ဤ အဘိုးလျန်သည် လာတိုင်း အကြော်မယူဘဲ အိမ်ပြန်ပြီး ဟင်းရည်လုပ်သောက်ရန် ဘဲရိုးများကို ယူသွားတတ်သည်။

ဒီ ထမင်းချိုင့်ကို ကြည့်ရုံဖြင့် သူတို့သည် သာမန်လူမဟုတ်ကြောင်း ရှန်မြောင် သိလိုက်သည်။ ရှဲ့မိသားစုလို သူဌေးကြီးများ မဟုတ်လျှင်တောင် ဖုန်းမိသားစုလို သူဌေးကြီးများ ဖြစ်ပေလိမ့်မည်။

ဒါပေမဲ့ ဒီ ပြန့်ကျင်းမြို့ထဲမှာ လျန်မျိုးရိုးနဲ့ ဆွေကြီးမျိုးကြီး မရှိပါဘူး။

ရှန်မြောင် စိတ်ထဲတွင် ထူးဆန်းနေသော်လည်း ထုတ်မပြဘဲ ပြုံးရွှင်စွာဖြင့် ထုပ်ပိုးထားသည့် ထမင်းချိုင့်ကို အဘိုးလျန်ထံ ပေးအပ်လိုက်သည်။ ပုံမှန်ဆိုလျှင် ပိုက်ဆံပေးပြီး ပြန်သွားတတ်သော်လည်း ဒီတစ်ခါတွင်မူ ယူပြီးချင်း မပြန်သေးဘဲ မေးလိုက်သည်။

"ကြားတာတော့ ရှန်ညန်ဇီက လစဉ် နှစ်ရက်လောက် အိမ်တိုင်ရာရောက် စားပွဲပြင်ပေးတာ လက်ခံတယ်ဆို"

"ဟုတ်ပါတယ်ရှင်၊ တစ်လ နှစ်ခါပဲ လက်ခံပါတယ်၊ ကိုယ့်ဆိုင်လည်း ကြည့်ရသေးတာကိုး၊ ပုံမှန်ဆိုရင် ရင်းနှီးတဲ့ ဖောက်သည်တွေက ကြိုချိန်းကြပါတယ်၊ ဒါပေမဲ့ ဒီလအတွက် ရက်က ပြည့်သွားပြီရှင့်"

အရင်က ဖုန်းမိသားစု၏ ဖိတ်ကြားခြင်းကို ခံရပြီးကတည်းက ဒီလပိုင်းတွေမှာ ရှန်မြောင်သည် ၃ရက် ၅ရက် နေတိုင်း အိမ်တိုင်ရာရောက် ဝင်ငွေရှာရလေ့ ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်းက လမုန့်ပွဲတော်၊ သက်ကြီးပူဇော်ပွဲတို့တွင် သူမကို အိမ်ခေါ်ပြီး ချက်ပြုတ်ခိုင်းသည့် အိမ်များမှာ ခေါင်းကွဲမတတ် လုနေကြသည်။ အထူးသဖြင့် ဖုန်းမိသားစုသည် လစဉ်လိုလို စားပွဲသောက်ပွဲရှိရာ လတိုင်း သူမကို ဖိတ်ခေါ်ပြီး ရွှေတုံးများဖြင့် သူမ၏ နှလုံးသားကို ပွင့်အောင် ပေါက်နိုင်ခဲ့သည်။

"ဒါဆို ရှန်ညန်ဇီက လာမယ့်လ ၈ရက်နေ့ကျရင် အားလား"

"အားပါတယ်၊ လာမယ့်လအတွက် တစ်အိမ်ပဲ လက်ခံရသေးတယ်"

ရှန်မြောင်က စဉ်းစားလိုက်၏။ လာမယ့်လအစတွင် သူမသည် ချန်ကျိုးမြို့ ချန်လျိုရွာက ပိုင်လောင်စန်းအိမ်တွင် ပွဲတော်ဟင်းချက်ပေးရန် ရှိသည်။ ပိုင်လောင်စန်း၏ အစ်ကို ဖြစ်သူ ပိုင်လောင်အာ့၏ သမီးကြီး မင်္ဂလာဆောင်သည့်နေ့ ဖြစ်သည်။

ပိုင်လောင်စန်းက သူမကို ဟင်းပွဲကြီးတစ်ပွဲသာ ချက်ခိုင်းပြီး သိုးကောင်လုံးကင် ဖြစ်သည်။ ပိုင်လောင်စန်း ပေးသည့် အဖိုးအခသည် ဖုန်းမိသားစုလောက် မများဘဲ ကြေးပြား အနည်းငယ်သာ ရသော်လည်း ရှန်မြောင် လက်ခံလိုက်သည်။ အကြောင်းမှာ သူမ ပြန့်ကျင်းသို့ရောက်ပြီး ဈေးဆိုင်စခင်းသည့် ပထမဆုံးနေ့ကတည်းက ပိုင်လောင်စန်းသည် သူမ၏ ဈေးဝယ်သူ ဖြစ်ခဲ့သည်။ နောက်ပိုင်း သူမ ဆိုင်ဖွင့်၊ ဆိုင်ချဲ့သည့်တိုင်အောင် သူသည် ပုံမှန် လာဝယ်လေ့ရှိသည်။

တကယ်တော့ ရှန်မြောင်သည်လည်း ဒီအခွင့်အရေးကို အသုံးချပြီး ကျိအာနှင့် ရှန်းအာကို ပြန့်ကျင်းမြို့ပြင်သို့ ခေါ်သွားပြီး လည်ပတ်စေချင်သည်။ ဆောင်းဦး ပျော်ပွဲစားထွက်သလိုပင်။

"ဒါဆိုရင် ရှန်ညန်ဇီနဲ့ ၁၁လပိုင်း ၈ရက်နေ့အတွက် ချိန်းလိုက်မယ်နော်၊ ဒါက စရန်ငွေပါ"

အဘိုးလျန်က ရင်ဘတ်ထဲမှ ငွေတုံးငယ်တစ်ခုကို ထုတ်ပေးလိုက်သည်။

ရှန်မြောင် လှမ်းယူလိုက်ရာ လေးလံနေပြီး အနည်းဆုံး ၅လျန် (ငွေသား ၅ကျပ်သား) ခန့် ရှိမည်။ သူမ ချက်ချင်း ပိုပြီး ရင်းရင်းနှီးနှီး ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘိုးလျန်၊ ကျွန်မကို ယုံကြည်တဲ့အတွက် ဝမ်းသာပါတယ်၊ အဘိုးတို့အိမ်က ဘယ်နားမှာလဲရှင်၊ ကျွန်မ အချိန်မီလာနိုင်အောင် ဘယ်လိုကားစီးရမလဲ သိချင်လို့ပါ"

အဘိုးလျန်က ပြုံးပြီး ပြောလိုက်သည်။

"မဝေးပါဘူး၊ မင်းလမ်းမကြီးပေါ်မှာပါ၊ အဲဒီကျရင် ညန်ဇီကို လာကြိုဖို့ လှည်းလွှတ်လိုက်ပါမယ်"

ဒါဆို ကောင်းတာပေါ့၊ လှည်းခတောင် သက်သာသေးတယ်။ ရှန်မြောင်က ပြုံးပြီး ထပ်မံ ကျေးဇူးတင်လိုက်သည်။ ဝမ်သခင်လေးနှင့် အဘိုးလျန်တို့သည် ခေါင်းညိတ်နှုတ်ဆက်ပြီး လှည်းပေါ် တက်သွားကြတော့သည်။

ရှန်မြောင်သည် တံခါးဝအထိ လိုက်ပို့လိုက်သည်။ ရိုးရှင်းသည့် အပြာရောင်အမိုးပါ မြင်းလှည်းသည် မင်းလမ်းမကြီးဘက်သို့ ဦးတည်သွားလေသည်။

မင်းလမ်းမကြီးပေါ်မှာ နေနိုင်တဲ့ အိမ်မျိုးဆိုတော့ အံ့ဩစရာ မရှိတော့ပါဘူး၊ တော်တော် ချမ်းသာတာပဲ။

ရှန်မြောင်သည် ငွေတုံးလေးကို မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီး နောက်လှည့်ကာ ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။ လူတိုင်း အလုပ်ရှုပ်နေကြပြီး ဘယ်သူမှ သတိမထားမိသည်ကို တွေ့မှ သူမသည် မြေအောက်ခန်းထဲသို့ ဝင်ပြီး ပိုက်ဆံသွားဝှက်လိုက်တော့သည်။

မင်းလမ်းမကြီးဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားသည့် မြင်းလှည်းပေါ်တွင် ထိုင်လိုက်ပါသွားသည့် ဝမ်သခင်လေးဆိုသူမှာ ခိုင်ဖုန်းမြို့ဝန် ဝမ်ယုံး ပင် ဖြစ်လေသည်။ မြင်းလှည်းသည် ခိုင်ဖုန်းမြို့ဝန်ရုံးရှေ့သို့ ရောက်သည်နှင့် သူသည် လက်နှစ်ဖက်ကို ယှက်ကာ "အဘိုးလျန်" ကို နှုတ်ဆက်ပြီး ဆင်းလိုက်သည်။

"လျန်ကုန်းကုန်း၊ ဝမ်မောဝ် ပြန်နှင့်ပါမယ်"

" မြို့ဝန်မင်းဝမ်၊ ဖြည်းဖြည်းကြွပါ"

လျန်ချန်လည်း ယဉ်ကျေးစွာဖြင့် လှည်းပေါ်မှဆင်းပြီး လိုက်ပို့သည်။ ဝမ်ယုံး မြို့ဝန်ရုံးထဲ ဝင်သွားမှ သူသည် လှည်းပေါ် ပြန်တက်လိုက်လေသည်။

ထို့နောက် မြင်းလှည်းသည် ရှေ့သို့ ဆက်လက်မောင်းနှင်သွားပြီး မင်းလမ်းမကြီးကို ကျော်ဖြတ်ကာ အရှေ့ဘက်ရှိ ကြေးသံမှိုစွဲထားသည့် အနီရောင် တံခါးကြီးဆီသို့ ချိုးကွေ့ ဝင်ရောက်သွားတော့သည်။

ထိုနေရာသည် နန်းတော်၏ အရှေ့တံခါးပင် ဖြစ်ပေတော့သည်။

...

အပိုင်း (၁၁၀) ဧကရာဇ် ဘဲကင်သုံးဆောင်ခြင်း

လက်ရှိ ဧကရာဇ် ကျောက်ပေါ်ယွင်သည် အသက်အရွယ် ငယ်ရွယ်နုပျိုသေး၏။

နှစ်ကုန်ပိုင်းတွင် မွေးဖွားသူဖြစ်ရာ အတိအကျ တွက်ချက်ကြည့်လျှင် နောက်လရောက်မှ အသက် ၂၁ နှစ် ပြည့်မည်ဖြစ်သည်။ သူသည် ဘိုးဘေး ကျောက်ခွမ်းယင်၏ မျိုးရိုးဖြစ်သော လေးထောင့်ကျသည့် မျက်နှာပေါက်နှင့် သိပ်မဖြူလှသော အသားအရည်ကို အမွေဆက်ခံထားပြီး နဖူးပြင်ပြည့်ဖြိုးကာ ကံကောင်းခြင်းကို ကိုယ်စားပြုသည့် ထူထဲရှည်လျားသော နားသီးနှစ်ဖက် ရှိလေသည်။ ရှေးဦးဧကရာဇ်မင်းမြတ်ကဲ့သို့ပင် တောင့်တင်းသန်မာသည့် လူကောင်ကြီးကြီး အသားမည်းမည်း ဝဝဖိုင့်ဖိုင့် မင်းတစ်ပါး ဖြစ်ပေသည်။

ရေနာရီအရ မနက် ၆နာရီ ထိုးပြီးရုံသာ ရှိသေးသော်လည်း ကျောက်ပေါ်ယွင်သည် နန်းတော်နံရံအပြင်ဘက်မှ ကြက်တွန်သံထက်ပင် အချိန်မှန်သည့် ဈေးသည်များ၏ အော်ဟစ်ဈေးရောင်းသံများကြောင့် နိုးထလာရတော့သည်။ စုန့်မင်းဆက်၏ နန်းတော်သည် ကျဉ်းမြောင်းကျစ်လစ်ပြီး ယခင်က ထန်ခေတ် စစ်ဘုရင်တစ်ပါး၏ ရုံးစိုက်ရာနေရာသာ ဖြစ်ခဲ့သည်။ ရှေးဦးဧကရာဇ်မင်းမြတ်သည် ခိုင်ဖုန်းတွင် မြို့တည်ပြီးနောက် ထိုနေရာကို ပြုပြင်မွမ်းမံကာ နန်းရိုးအချို့ တည်ဆောက်ပြီး အနည်းငယ် ချဲ့ထွင်၍ နေထိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် စုန့်မင်းဆက်သည် အခြားမင်းဆက်များကဲ့သို့ နန်းတော်အနီးအနားတွင် နေထိုင်ကြသည့် ပြည်သူများကို အကုန်အစင် ပြောင်းရွှေ့စေခြင်း မရှိခဲ့ပေ။ ပထမအချက်မှာ ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူခြင်းနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းသည် ကိုယ်ကျင့်တရား ပျက်ယွင်းသည်ဟု ကျောက်ခွမ်းယင်က ယူဆသောကြောင့်ပင်။ ဒုတိယအချက်မှာ စုန့်မင်းဆက် တည်ထောင်စက တိုင်းပြည် ပြန်လည်ထူထောင်ရန် လိုအပ်ချက်များ များပြားနေပြီး လက်ထဲရှိ ကြေးပြားတစ်ပြားကိုပင် နှစ်ခြမ်းခွဲသုံးချင်လောက်အောင် ချွေတာနေရကာ လျောင်လူမျိုးများနှင့် စစ်ပြေငြိမ်းပြီး ယန်ယွင်ပြည်နယ် ၁၆ခုကို ပြန်လည်ရွေးယူရန် စိတ်အားထက်သန်နေသောကြောင့် ဖြစ်၏။ ငွေကြေးချွေတာရန်အတွက် ပြည်သူလူထု၏ အိမ်များကို ဖျက်သိမ်းခြင်း၊ နန်းတော်အကြီးအကျယ် တည်ဆောက်ခြင်းတို့ကို မပြုလုပ်ခဲ့ချေ။

ဖြစ်သလိုသာ နေလိုက်ကြတာပေါ့။

နန်းတွင်းအဆောင်များ မည်မျှ ကျဉ်းမြောင်းသနည်းဆိုလျှင် ဖန်လို၏ အမြင့်ဆုံးဖြစ်သော အနောက်ဘက်မျှော်စင်ပေါ်မှ ကြည့်လိုက်ရုံဖြင့် နန်းတော်တစ်ခုလုံးကို အဝေးမှ လှမ်းမြင်နိုင်သည်ဟု အရပ်ထဲတွင် ပြောဆိုနေကြသည်အထိပင်။

ထို့ကြောင့် စုန့်မင်းဆက်သည် ကြွယ်ဝချမ်းသာသော်လည်း မျိုးဆက်ဆက် ဧကရာဇ်များသည် ဆူညံပွက်လောရိုက်နေသည့် လူနေရပ်ကွက်ကြားတွင်သာ နေထိုင်ခဲ့ကြရပေသည်။

အထူးသဖြင့် ပြန့်ကျင်းမြို့တွင် မနက်ခင်းဈေးနှင့် ညဈေးများ ရှိပြီး လမ်းဘေးဈေးသည်များနှင့် အထမ်းသည်များသည် အသံဩဇာ ကောင်းမွန်ကြသည်။ သူတို့သည် ညီလာခံတက်ရန် အလျင်လိုနေပြီး ငွေကြေးချမ်းသာကာ လက်ဖွာသည့် မူးမတ်သေနာပတိများ၊ ဝင်ထွက်သွားလာနေသည့် အရာရှိများ၊ မိန်းမစိုးများကို စားသောက်ဖွယ်ရာများ စောင့်ဆိုင်းရောင်းချရန် အရှေ့တံခါး အနီးတွင် စုဝေးလေ့ရှိကြသည်။ ထို့ကြောင့် မိုးမလင်းခင်ကတည်းက ခြင်းတောင်းဆွဲသူဆွဲ၊ လှည်းတွန်းသူတွန်း၊ အထမ်းထမ်းသူထမ်းကာ အရှေ့တံခါးမှ စတင်၍ ခမ်းနားထည်ဝါခြင်း မရှိလှသည့် နန်းရိုးအောက်တစ်လျှောက် ဈေးခင်းကာ အော်ဟစ်ရောင်းချကြတော့သည်။

လတ်လတ်ဆတ်ဆတ် ထမင်း၊ မီးဖိုမှ ချခါစ ကွင်းမုန့်၊ ကျန်းနန်ဒေသမှ သံလွင်သီး၊ မြောက်ဘက်နယ်စပ်မှ သစ်ကြားသီးများ စသည်ဖြင့် စုံလင်လှသည်။

ကျောက်ပေါ်ယွင်သည် သမ်းဝေရင်း ထထိုင်လိုက်ပြီး မသဲမကွဲ နားထောင်လိုက်ရုံဖြင့် ယနေ့ညီလာခံတွင် စာပေပညာရှင်များနှင့် စစ်ဘက်အရာရှိများ မနက်စာ ဘာစားလာကြသည်ကို ခန့်မှန်းနိုင်နေပြီ ဖြစ်လေသည်။

ဒါတွေက မပြောပလောက်သေးပေ။

လွန်ခဲ့သည့်၂နှစ်က ရွှမ်သယ်တံခါးအပြင်ဘက်တွင် ဆယ်နှစ်ကျော်ကြာ တိတ်ဆိတ်နေခဲ့သည့် တိုင်ကြားရေးစည်တော်ကြီးကို လယ်သမားတစ်ယောက်က ရုတ်တရက် တီးခတ်ခဲ့လေသည်။ နန်းတက်စ မကြာသေးသည့် ကျောက်ပေါ်ယွင်သည် ကမ္ဘာကျော်မည့် မတရားမှုကြီး ဖြစ်ပျက်ခဲ့ပြီဟု ထင်မှတ်ကာ ညီလာခံတွင် ထိုကိစ္စကို အလျင်အမြန် မေးမြန်းခဲ့သည်။ မထင်မှတ်ထားသည်မှာ မိန်းမစိုးတစ်ယောက် သွားရောက်မေးမြန်းပြီးနောက် ထိုစည်တီးသည့် လယ်သမားတွင် မတရားခံရခြင်း မရှိဘဲ ဝက်ပျောက်သွားရုံသာ ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

သူ ဝက်မောင်းလာစဉ် ဝက်က ရုတ်တရက် ရူးသွပ်သွားပြီး သူ့ကို ဝင်တိုက်ကာ မည်သည့်နေရာသို့ ထွက်ပြေးသွားမှန်း မသိတော့သဖြင့် သူ့ဝက် နန်းတော်ထဲ ဝင်သွားမသွား တာဝန်ကျ ကိုယ်ရံတော်တပ်သားများကို ကူညီရှာဖွေပေးရန် မေးမြန်းချင်၍ ဖြစ်သည်ဟု ဆိုသည်။

ကျောက်ပေါ်ယွင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း မြို့ရိုးအတွင်း ရှာဖွေပေးရန် ကိုယ်ရံတော်တပ်ကို အမိန့်ပေးခဲ့ရသည်။ သဘာဝကျစွာပင် ရှာမတွေ့ခဲ့ပေ။ ထိုလယ်သမားမှာ ဝက်ပျောက်သွားသဖြင့် အသည်းအသန် ငိုကြွေးနေရှာရာ သူသည် ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ငွေကြေးပြား ၂၀၀၀ ထုတ်ယူကာ ဝက်အသစ်တစ်ကောင် ဝယ်နိုင်စေရန် ထိုလယ်သမားအား ထောက်ပံ့ပေးလိုက်လေသည်။

ထိုသို့ စေတနာကောင်းဖြင့် ကူညီလိုက်မိခြင်းသည် မကောင်းသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့တော့သည်။

ထိုအချိန်မှစ၍ လူအများအပြားသည် ဝက်၊ ခွေး၊ နွား၊ သိုး ပျောက်သည်ဟု အကြောင်းပြကာ နန်းတော်တံခါးကို လာရောက်ခေါက်ကြတော့သည်။ အချို့ ဉာဏ်ကြီးရှင်များဆိုလျှင် ကိုယ့်အိမ်က ကြက်ကို နန်းရိုးကျော်အောင် ပစ်ထည့်ပြီး လန့်ပြီး ပျံဝင်သွားပါသည်ဟု လာရောက်ပြောဆိုကြသည်။ ကိုယ်ရံတော်တပ်သားများမှာ နန်းတော်ထဲတွင် ကြက်လိုက်ဖမ်းရသည်မှာ အမောဆို့နေတော့သည်။ ဖမ်းမိပြီး ပြန်ပေးသည့်အခါတွင်လည်း သူတို့ကြက် မဟုတ်ပါဟု ငြင်းဆန်ပြီး နည်းမျိုးစုံဖြင့် လျော်ကြေးငွေ လိုချင်ကြလေသည်။

ကိုယ်ရံတော်တပ်မှူးမှာ ဒေါသထွက်လွန်းသဖြင့် ကောက်ကျစ်သူအချို့ကို ရိုက်နှက်ဆုံးမကာ ခိုင်ဖုန်းအကျဉ်းထောင်သို့ ပို့ဆောင်ပြီး ရက်အနည်းငယ် ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် နန်းတော်နံရံ ခေါင်မိုးအောက်တွင် သံဆူးကြိုးကွန်ရက်များကို တပ်ဆင်လိုက်လေသည်။ ထိုအခါမှ ကြက်များ ပျံဝင်လာလျှင် အောက်မကျမီ ဝါးလုံးဖြင့် ထိုးကာ နန်းတော်အပြင်ဘက်သို့ မောင်းထုတ်နိုင်တော့သည်။

ထိုသို့လုပ်မှသာ ဧကရာဇ်၏ ငွေကို လိမ်လည်လိုသော ပြည်သူတို့၏ ရဲတင်းလှသည့် အကျင့်ဆိုးကို တားဆီးနိုင်ခဲ့လေသည်။

ကျောက်ပေါ်ယွင်သည်လည်း သွေးပျက်သွားပြီး နောက်နောင်တွင် စေတနာအလွဲများ မသုံးရဲတော့ပေ။ နေ့စဉ် ကြက်ပျံ ဝက်ပြေး ဖြစ်နေသည့် ဒုက္ခကို သူလည်း မခံနိုင်တော့ချေ။

အချုပ်အားဖြင့်ဆိုရသော် ရေနာရီနှင့် နေနာရီ မရှိလျှင်ပင် ကျောက်ပေါ်ယွင်သည် အပြင်ဘက်မှ အသံဗလံများကို နားထောင်ရုံဖြင့် အချိန်ကို ခန့်မှန်းနိုင်လေရာ နန်းတော်ထဲတွင် မွေးမြူထားသည့် ကြက်ဖများပင် အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။

ယနေ့ အိပ်ရာထပြီးနောက် နန်းတွင်းအပျိုတော်လေးက မနက်စာ ပြင်ဆင်ပေးရမလားဟု လာရောက်မေးမြန်းလျှောက်တင်သည်တွင် ကျောက်ပေါ်ယွင်က လက်ကာပြပြီး ငြင်းဆန်လိုက်သည်။

"လျန်ကုန်းကုန်း ပြန်ရောက်ပြီလား"

နန်းတွင်းအပျိုတော်လေးသည် နဂါးခုတင်မှ ခြင်ထောင်များကို သိမ်းဆည်းပြီး စောင်များကို ခေါက်ရင်း မရောက်သေးကြောင်း ပြန်လည်လျှောက်တင်လိုက်သည်။

စုန့်မင်းဆက်၏ ညီလာခံအချိန်သည် နောက်ကျပြီး မနက် ၉နာရီမှ နေ့လယ် ၁နာရီ ကြားတွင် ဖြစ်သည်။ ကျောက်ပေါ်ယွင် စဉ်းစားလိုက်ရာ အချိန်စောသေးသဖြင့် ပေါ့ပါးသော အဝတ်အစားကို လဲလှယ်ဝတ်ဆင်ပြီး ဖူနဉ်နန်းဆောင်အပြင်ဘက် ကျောက်စိမ်းစင်္ကြံလမ်းတွင် ဘိုးဘေးချန်ထားခဲ့သည့် သိုင်းကွက်ကို လေ့ကျင့်လိုက်သည်တွင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားတော့သည်။ ထို့နောက် နန်းတွင်းအပျိုတော်လေးများ၏ ပြုစုမှုဖြင့် ရေချိုးသန့်စင်ကာ အဝတ်အစား လဲလှယ်လိုက်သည်။

ရေချိုးကန်မှ ထွက်လာချိန်တွင် ဗိုက်က တော်တော်ဆာလောင်နေပြီ ဖြစ်သည်။ ခေါင်းတွင် ကွေးညွတ်နေသည့် ဦးထုပ်ကို ဆောင်းထားပြီး အစိမ်းရင့်ရောင် မိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားသည့် လျန်ချန်သည် ထမင်းချိုင့်ကို ဆွဲလျက် သူနေ့စဉ် နေထိုင်ရာ နန်းဆောင်ငယ်၏ လှေကားရင်းတွင် ရိုသေစွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

အချိန်ကိုက် ရောက်လာတာပဲ။

ကျောက်ပေါ်ယွင်၏ မျက်နှာတွင် အပြုံးရိပ် သန်းသွားသော်လည်း ဘေးပတ်ဝန်းကျင်၌ အစေခံများ ရှိနေသဖြင့် အပြုံးကို အမြန်ပြန်သိမ်းကာ ချောင်းတစ်ချက်ဟန့်ပြီး အခြားသော မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်လေးများကို အဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းစေကာ လျန်ချန်တစ်ယောက်တည်းကိုသာ အဆောင်ထဲ ဝင်ခွင့်ပြုလိုက်သည်။

"ကုန်းကုန်း ပြန်ရောက်လာပြီပဲ"

အတွင်းဆောင်တွင် မည်သူမျှ မရှိတော့သဖြင့် ကျောက်ပေါ်ယွင်သည် နွေးထွေးသည့် ကုတင်ပေါ်တွင် မျှော်လင့်တကြီးဖြင့် တင်ပလ္လင်ခွေ ထိုင်လိုက်၏။ မည်းနက်ပြီး လေးထောင့်ကျသည့် မျက်နှာပေါ်တွင် လူငယ်တစ်ယောက်၏ တက်ကြွလန်းဆန်းသည့် အမူအရာများ ပေါ်လာပြီး ထမင်းချိုင့်ကို မျက်ခုံးပင့် မျက်လုံးဝင့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဒါ ရှန်ကျိဆိုင်က ဘဲကင်ဆိုင်ရဲ့ ဒီနေ့ ပထမဆုံးအသုတ်လား"

"ပထမဆုံးအသုတ်ပါ၊ ကျွန်တော်မျိုး အချိန်ကိုက် သွားခဲ့တာပါ၊ အရှင်မင်းကြီး မိန့်ကြားထားတဲ့အတိုင်း ဒီပထမဆုံးအသုတ်က မနက်အစောကြီးခွဲထားတဲ့ သစ်သီးထင်းကို သုံးထားတာဆိုတော့ အမွှေးဆုံးပါပဲ၊ ကျွန်တော်မျိုးက ဆိုင်ရှင်ကို အနူးညံ့ဆုံးနဲ့ အကောင်းဆုံးကို ရွေးခိုင်းခဲ့ပါတယ်၊ ဘဲရိုးတွေကိုလည်း နန်းတွင်းမီးဖိုဆောင်ကို ပို့ပြီးပြီမို့ နေ့လယ်စာကျရင် ဧကရာဇ် ဘဲရိုးဟင်းရည် သောက်နိုင်ပါလိမ့်မယ်"

လျန်ချန်သည် ဧကရာဇ်၏ ရှန်ကျိဆိုင်အပေါ် အမြင်ကို ပြန်လည်မပြင်ပေးခဲ့ပေ။ ဧကရာဇ်အတွက်တော့ ထိုရှန်ကျိဆိုင်သည် ထန်းပင်ခေါက်ဆွဲဆိုင်လား၊ ဘဲကင်ဆိုင်လား ဆိုသည်မှာ အရေးမကြီးဘဲ ဘဲကင်စားကောင်းလျှင် ပြီးပြည့်စုံနေပြီ ဖြစ်သည်။

ကျောက်ပေါ်ယွင် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ ဤရှန်ကျိဆိုင်က ဘဲကင်ကို သူ အကြိမ်ကြိမ် စားဖူးပြီး အကြိမ်တိုင်း အရသာရှိသော်လည်း ပထမဆုံးအသုတ်ကတော့ ထိပ်တန်းပဲဟု သူ ထင်မြင်ယူဆထားသည်။

စားပါများတော့ သူသည် ဘဲကင်ကျွမ်းကျင်သူ ဖြစ်နေလေပြီ။

"အရှင်မင်းကြီး မနေ့က မှာလိုက်လို့ ကျွန်တော်မျိုး မြို့ဝန်မင်းဝမ်ကို သွားခေါ်ပြီး အတူသွားဝယ်ခဲ့ပါတယ်၊ မြို့ဝန်မင်းဝမ်ဆီမှာ ရှန်ကျိဆိုင်ရဲ့ ဘာတဲ့... 'အထူးအခွင့်အရေးကတ်' ရှိတယ်လေ၊ ဘဲတစ်ကောင်ဝယ်ရင် ၁၄၃ ဝမ်ပဲ ကျတယ်၊ မြို့ဝန်မင်းဝမ်ရဲ့ ကတ်ကို သုံးလိုက်တော့ အရှင်မင်းကြီးအတွက် ၁၆ ဝမ် သက်သာသွားတာပေါ့၊ ကြားတာတော့ မြို့ဝန်မင်းဝမ်က ရှန်ကျိဆိုင်မှာ ဘဲအကောင် ၃၀ တောင် စာရင်းဖွင့်ထားသတဲ့၊ သူ့ဇနီးကလည်း နေ့တိုင်း ဘဲကင်တစ်ကောင်စားတာ လက်မလည်ဘူးတဲ့"

လျန်ချန်သည် ကျောက်ပေါ်ယွင်နှင့် စကားစမြည်ပြောရင်း မီးဖိုကို ကိုယ်တိုင် ပြင်ဆင်လိုက်ပြီး စားပွဲပုလေး ခင်းကာ ထမင်းချိုင့်ထဲမှ ဆီစိမ်စက္ကူပတ်ထားဆဲ ဖြစ်သော ဘဲကင်နှင့် ဂျုံမုန့်ပြားလေးများကို မီးဖိုပေါ်တင်၍ အနည်းငယ် နွေးအောင် လုပ်ပေးလိုက်သည်။

ရာသီဥတု အေးလာပြီဖြစ်ရာ လျန်ချန် ဝယ်လာသည့် ဘဲကင်သည် နန်းတော်တံခါးသို့ ဝင်လာချိန်တွင် အေးစက်လုနီးပါး ဖြစ်နေပြီ။ ဒီလိုလေး ပြန်နွေးလိုက်မှ ဘဲကင်နှင့် မုန့်ပြားလေးများက အရသာ ပိုရှိလာမည်။

ကျောက်ပေါ်ယွင်သည် လျန်ချန်၏ ချွေတာတတ်သော အပြုအမူကို အကြီးအကျယ် ချီးကျူးလိုက်သည်။

"ကောင်းတယ် ကောင်းတယ်၊ ခြင်ခြေထောက်လောက် သေးပေမယ့်လည်း အသားပဲလေ၊ ငါ့ရဲ့ ကုန်းကုန်းက အိမ်မှုကိစ္စ နိုင်နင်းတာပဲ"

မယ်တော်ကြီးသည် သုံးနပ်စား အစားအသောက်ကို ပေါ့ပါးရှင်းလင်းစွာ စားသောက်ရန် စည်းကမ်းသတ်မှတ်ထားပြီး နန်းတွင်းမီးဖိုဆောင်ကို ဆားပင်လျှော့ခိုင်းထားသည်။ သူ မနက်စောစောစီးစီး အဆီအအိမ့်များသော ဘဲကင်စားသည့်အကြောင်း မယ်တော်ကြီးနန်းဆောင်သို့ ရောက်သွားလျှင် သေချာပေါက် ဆူပူကြိမ်းမောင်းခံရဦးမည်။

ထို့ကြောင့် ကျောက်ပေါ်ယွင်သည် မတတ်သာဘဲ လျန်ချန်ကို နန်းတော်အပြင်သို့ ခိုးလွှတ်ပြီး ဘဲကင်ဝယ်ခိုင်းရခြင်း ဖြစ်သည်။ အာရုံစိုက်မခံရစေရန် ကိုယ်ပိုင်ဘဏ္ဍာတိုက်မှ ငွေကိုသာ သုံးစွဲခဲ့သည်။ သူ ဒီလောက် ချွေတာနေရသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ သူ ယမ်းမီးလက်နက်များ တီထွင်ချင်သောကြောင့်ပင်။

ဒီနှစ် ချင်ကျိုးတွင် ပုန်ကန်မှု ဖြစ်ပွားသဖြင့် ဘဏ္ဍာရေးဝန်ကြီးသည် ကျောက်ပေါ်ယွင်၏ စိတ်ကူးယဉ်ဆန်သော ယမ်းမီးလက်နက် စီမံကိန်းအတွက် အခွန်ငွေများကို ခွဲဝေမပေးနိုင်တော့ပေ။ ထို့အပြင် ဧကရာဇ် ယခင်က ပြုလုပ်ခဲ့သည့် ပစ်ပေါက်ရသော ယမ်းမီးဗုံးများသည် လျောင်နှင့် ကျင်းတို့ကို တိုက်ခိုက်ရာတွင် ကြက်ရိုးကဲ့သို့ စားရခက်ပြီး ပစ်လိုက်ရမှာ နှမြောစရာ ဖြစ်နေသည်ဟု ယူဆကြသည်။ လျောင်နှင့် ကျင်း နှစ်နိုင်ငံစလုံးသည် မြင်းစီးတပ်ဖွဲ့ အားကောင်းပြီး စစ်မြေပြင်တွင် လှုပ်ရှားမှု အလွန်လျင်မြန်ရာ ယမ်းမီးဗုံးများဖြင့် ပစ်ပေါက်သော်လည်း ထိမှန်အောင် ပစ်ရန် မလွယ်ကူပေ။ ယမ်းမီးဗုံး အများအပြား ပြုလုပ်ခြင်းသည် ငွေကြေးဖြုန်းတီးရာ ရောက်ပြီး အသုံးမဝင်ဟု ဆိုကာ ငွေချပေးရန် ငြင်းဆန်ခဲ့ကြသည်။

သို့သော် ကျောက်ပေါ်ယွင်ကမူ ယမ်းမီးလက်နက်များသည် နောင်တစ်ချိန်တွင် အသုံးဝင်လာမည်ဟု ယုံကြည်နေသည်။ ယမ်းမီးဗုံးသည် တစ်မျိုးသာ ရှိသေးပြီး နောင်တွင် လက်မှုပညာရှင်များက အခြားသော လက်နက်များကို တီထွင်နိုင်လိမ့်မည်ဟု ယူဆထားသော်လည်း ယခုလောလောဆယ် သူကိုယ်တိုင်ပင် ဘာထွက်လာမလဲ မသိသေးပေ။

သူသည် မူးမတ်များနှင့် ငြင်းခုံမရသဖြင့် နောက်ဆုံးတွင် ဒေါသထွက်ကာ မူလဘဏ္ဍာရေးဝန်ကြီးကို ဖြုတ်ချပြီး စကားနားထောင်မည့်သူနှင့် အစားထိုးလိုက်သည်။ သို့သော် ဒီနှစ်တွင် ဘဏ္ဍာရေး ကျပ်တည်းနေသည်မှာ အမှန်ဖြစ်ရာ ယမ်းမီးလက်နက်အတွက်နှင့် ပြည်သူများကို မျက်ကွယ်မပြုနိုင်သဖြင့် သူ့ကိုယ်ပိုင်ဘဏ္ဍာငွေထဲမှ ငွေတစ်ရပ်ကို ခွဲထုတ်ပြီး ယမ်းမီးလက်နက်များ ပိုမိုသုတေသနပြုလုပ်နိုင်ရန် မီးတွင်းများ တူးဖော်စေခဲ့သည်။

ဒါကြောင့် သဘာဝကျစွာပင် ချွေတာနိုင်သမျှ ချွေတာရမည်။ တစ်ပြားမှ အလဟဿ မဖြစ်စေရ။

၁၆ ဝမ် ဆိုလျှင် ပို၍ပင် မဖြုန်းတီးသင့်ပေ။ ကျောက်ပေါ်ယွင်သည် စိတ်ထဲတွင် စေ့စေ့စပ်စပ် တွက်ချက်နေလေ၏။

မီးဖိုပေါ်မှ အငွေ့များ တလူလူတက်လာပြီး အဆီများ အရည်ပျော်ကာ တရှဲရှဲမြည်လာမှ လျန်ချန်သည် ဆီစိမ်စက္ကူကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို အပူငွေ့နှင့်အတူ ပိုမိုပြင်းထန်သော မွှေးပျံ့သည့်အနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ဆီစိမ်စက္ကူထဲတွင် ညီညာသပ်ရပ်စွာ လှီးဖြတ်ထားသော ဘဲကင်သည် နီရဲတောက်ပြောင်ပြီး ဆွဲဆောင်မှု ရှိလှသည်။ ဘဲသား၏ အသားမျှင်များသည် ထင်ရှားပြီး အရည်ရွှမ်းနေသော မီးခိုးညိုရောင်ထဲတွင် အစိမ်းရောင် အလင်းတန်းအနည်းငယ် သမ်းနေလေသည်။

ဒီလို ဘဲသားမျိုးက အလတ်ဆတ်ဆုံးပဲ။ ကျောက်ပေါ်ယွင်သည် ငယ်စဉ်ကတည်းက အသားကြိုက်သည်။ သိုးသားပြီးလျှင် ဘဲကင်ကို အကြိုက်ဆုံး ဖြစ်သည်။ ဘယ်လောက်ထိ ကြိုက်သလဲဆိုလျှင် သူသည် နန်းတွင်း၌ နေရာကွက်ပြီး ဘဲမွေးရန်ပင် စိတ်ကူးရှိခဲ့ဖူးသည်။ "ဘဲကျောင်းကြီးကြပ်ရေးမှူး" ဟူသော ရာထူးကိုပင် စဉ်းစားထားခဲ့သော်လည်း နောက်ဆုံးတွင် မယ်တော်ကြီးက ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ အပြင်ဘက် မင်းလမ်းမကြီးတွင် ဆူညံနေသည်မှာ လုံလောက်ပြီဖြစ်ရာ နောက်နောင်တွင် ဘဲများ တဂတ်ဂတ်မြည်သံကို နားမထောင်ချင်တော့ပါဟု အကြောင်းပြခဲ့သည်။

မတတ်နိုင်သဖြင့် ကျောက်ပေါ်ယွင်သည် နန်းတွင်းစားဖိုမှူး၏ လက်ရာကို ငြီးငွေ့လာပါက လျန်ချန်ကို တိတ်တဆိတ် စေလွှတ်ပြီး မြို့ထဲမှ ဘဲကင်များကို ဝယ်စားလေ့ရှိရာ ပြန့်ကျင်းမြို့တွင်းရှိ ဘဲကင်ဆိုင်ကြီးဆိုင်ငယ် အကုန်လုံးကို စားဖူးပြီးပြီဟု ဆိုနိုင်လေသည်။

ရှန်ကျိဆိုင်က ဘဲကင်နှင့် မတွေ့ခင်အထိ သူစားဖူးသမျှ ဘဲကင်များ၏ အရသာမှာ သိပ်မကွာခြားလှပေ။ နန်းတွင်းစားဖိုမှူး၏ လက်ရာလောက် မကောင်းမွန်ကြသဖြင့် အသစ်အဆန်းအနေနှင့် နှစ်တုံးလောက် စားပြီးသည်နှင့် ဆက်မစားချင်တော့ပေ။

၆လပိုင်း ကြာပန်းရှုစားပွဲတော်တွင် ယခုနှစ် စာမေးပွဲဖြေဆိုသူ ဦးရေ တိုးမြှင့်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ညသန်းခေါင်ယံကြီးတွင် ဝမ်ယုံးနှင့် အခြားအရာရှိများကို နန်းတော်သို့ ဆင့်ခေါ်ခဲ့သည်။

ထိုစဉ်က ဝမ်ယုံးသည် ဇနီးသည်နှင့်အတူ မြို့ထဲတွင် လည်ပတ်နေခိုက်ဖြစ်ရာ မိန်းမစိုးများက နေရာအနှံ့လိုက်ရှာပြီး အမောတကောဖြင့် နန်းတော်ထဲသို့ အတင်းဆွဲခေါ်လာခဲ့ကြသည်။ ဝမ်ယုံးမှာ အိမ်ပြန်ပြီး အဝတ်အစားလဲရန်ပင် အချိန်မရဘဲ လက်ထဲတွင် ရှန်ကျိဆိုင်မှ ဝယ်လာသော ဘဲကင်အကောင်အနည်းငယ်ကို ဆွဲလျက် ပါလာခဲ့သည်။ မူလက ရုံးမှ လက်အောက်ငယ်သားများကို ကျွေးရန် ဝယ်လာခြင်း ဖြစ်သည်။

ဝမ်ယုံး နန်းဆောင်ထဲ ဝင်လာသည်နှင့် မွှေးပျံ့သော အနံ့ကို ဆီစိမ်စက္ကူက မဖုံးအုပ်နိုင်တော့ပေ။ မွှေးလွန်းသဖြင့် မူလက တည်ကြည်လေးနက်နေသော ကျောက်ပေါ်ယွင်သည် အရေးကြီးကိစ္စကိုပင် မေ့သွားပြီး ထိုင်ချကာ အမတ်မင်းများနှင့်အတူ ဝမ်ယုံး လက်ထဲမှ ဘဲ ၃၊ ၄ ကောင်ကို စားသောက်ကြတော့သည်။ လက်ချောင်းများပေါ်က အချဉ်ရည်များကို စုပ်ယူစားသောက်ပြီး အားမရနိုင် ဖြစ်နေမှသာ မူလက အမတ်မင်းများကို နန်းတော်ထဲ ခေါ်လိုက်သည်မှာ ဘဲကင်စားရန် မဟုတ်ကြောင်း သတိရသွားတော့သည်။

ထိုအကြိမ်သည် ကျောက်ပေါ်ယွင် ရှန်ကျိဆိုင်က ဘဲကင်ကို ပထမဆုံး စားဖူးခြင်းဖြစ်ပြီး စားပြီးသည်နှင့် မေ့မရနိုင်တော့ပေ။

ယခုအခါ ၃ရက် ၅ရက် နေလျှင် ဝမ်ယုံး၏ "အထူးအခွင့်အရေးကတ်" ကို ငှားပြီး ဘဲကင် ဝယ်စားလေ့ရှိသည်။ အစပိုင်းတွင် ဝမ်ယုံးကို အားနာပါးနာဖြင့် အကူအညီတောင်းပြီး ဝယ်ခိုင်းသော်လည်း နောက်ပိုင်းတွင် ကျောက်ပေါ်ယွင်သည် စားလေကြိုက်လေ ဖြစ်လာသဖြင့် ဝမ်ယုံးကို အမြဲတမ်း ဝယ်ခိုင်းရန် အားနာလာတော့သည်။

အကြောင်းမှာ ဝမ်ယုံးသည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဆွေကြီးမျိုးကြီးများလောက် ကြွယ်ဝခြင်း မရှိဘဲ ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူ ဖြစ်သည်။ ထိုသို့ တစ်နေ့လျှင် ဝမ်ရာချီ သုံးစွဲပြီး သူ့အစား ဘဲကင်ဝယ်ခိုင်းရသည်မှာ ဧကရာဇ်ဖြစ်သူက လက်အောက်ငယ်သားကို အနိုင်ကျင့် အမြတ်ထုတ်နေသလို ခံစားရသောကြောင့်လည်းပါသည်။

ထို့ကြောင့် နောက်ပိုင်းတွင် သူသည် ကိုယ်ပိုင်ငွေထုတ်ပြီး လျန်ချန်ကို ကိုယ်တိုင်သွားဝယ်ခိုင်းတော့သည်။

ပြန့်ကျင်းမြို့ထဲရှိ အခြားဆိုင်များသည် ဘဲကင်ရောင်းမကုန်လျှင် နောက်တစ်နေ့ ဆက်ရောင်းတတ်သော်လည်း ရှန်ကျိဆိုင်တစ်ခုတည်းသာ နေ့စဉ် ဘဲအရှင်ကို သတ်ပြီး လတ်လတ်ဆတ်ဆတ် ကင်ကြောင်း၊ ထို့ကြောင့် ဘဲသားသည် လတ်ဆတ်ပြီး အရောင်တောက်နေကာ လှပသော အလင်းပြန်ရောင်စဉ်များ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ဝမ်ယုံး ပြောပြ၍ ကျောက်ပေါ်ယွင် သိထားသည်။

မီးဖိုထဲ မဝင်ခင် ၂နာရီအလိုလောက်ထိ တက်ကြွစွာ လှုပ်ရှားနေသည့် ဘဲဖြစ်နေသည်တွင် အသားက မမွှေးဘဲ နေပါမည်တဲ့လား။

နန်းတွင်းဥယျာဉ်ထဲတွင် ဘဲမွေးမြူခွင့်ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။ နန်းတွင်းမီးဖိုဆောင်မှ ဘဲများသည် မြို့ပြင်ရှိ နွား၊ သိုး၊ ကြက်၊ ဘဲ၊ ငါးများ မွေးမြူထားသည့် ဖုန်းကျင်းဥယျာဉ်တွင် သတ်ဖြတ်သန့်စင်ပြီးမှ မိန်းမစိုးများက အရှေ့တံခါးမှတစ်ဆင့် နန်းတော်ထဲသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

သူ့စားပွဲတော်ပေါ် ရောက်လာချိန်တွင် ထိုဘဲများ သေဆုံးသည်မှာ ကြာနေလေပြီ။

လျန်ချန်က သူ့အတွက် ဘဲကင်ထုပ်ပေးနေ၏။ ခဏလေးအတွင်း နန်းဆောင်တစ်ခုလုံး သစ်သီးထင်း မီးခိုးနံ့များဖြင့် မွှေးပျံ့သွားသည်။ ကျောက်ပေါ်ယွင်သည် ဘဲကင်နံ့ကို တပ်မက်စွာ ရှူရှိုက်လိုက်သည်။ သစ်သီးထင်းနံ့ထဲတွင် အဆီနံ့ သင်းပျပျ၊ ကျွမ်းနံ့မွှေးမွှေး၊ အဆီအသား ပြည့်ဖြိုးသည့် အနံ့တို့အပြင် ကြာရွက်မုန့်ပြားလေး၏ ဂျုံနံ့၊ ပဲငပိအချိုနံ့၊ သခွားသီးစိတ်၏ လတ်ဆတ်သော အနံ့တို့ ရောနှောနေသည်။ ဒီလိုစားနည်းကို ဘယ်သူကများ စဉ်းစားတွေ့ရှိခဲ့ပါလိမ့်။ ဘဲကင်ကို အချဉ်ရည်တို့၊ မုန့်ပြားနှင့်လိပ်၊ သခွားသီးနှင့် ကြက်သွန်မိတ် ထည့်စားရသည်မှာ တကယ့်ကို စားတတ်လွန်းသူပင်။

ရှန်ကျိဆိုင်က ဘဲကင်ဆိုင်၏ စားဖိုမှူးသည် သာမန်မဟုတ်ပေ။

"မွှေးလိုက်တာ"

လျန်ချန် မုန့်လိပ်ပေးပြီးသည်နှင့် ကျောက်ပေါ်ယွင်သည် မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်ပြီး တူကို တိတ်တဆိတ် လှမ်းကာ လိပ်ထားသည့် မုန့်ပြားကို တိတိကျကျ ညှပ်ယူလိုက်သည်။

တစ်ကိုက် ကိုက်လိုက်သည်။ ဟုတ်တယ်၊ ဒီအရသာပဲ။

ဘဲအရေခွံက ကြွပ်ရွပြီး အဆီပါသော်လည်း အီမသွားပေ။ ဘဲသားက အနေတော်ဖြစ်ပြီး အရမ်း နူးအိမနေသလို ဝါးရခက်အောင် မာမနေဘဲ လတ်ဆတ်တင်းရင်းကာ အဆီပါသော်လည်း မအီပေ။ အထူးသဖြင့် မုန့်ပြားလေးသည် ပဲငပိအချိုတို့နှင့် တွဲဖက်လိုက်သောအခါ ဝါးလေ မွှေးလေ ဖြစ်နေတော့သည်။

ကျောက်ပေါ်ယွင်သည် ဆီများရွှဲနေအောင် ကြွပ်ရွသည့် ဘဲအရေခွံကို အလွန်ကြိုက်နှစ်သက်ရာ ဘဲအသားတစ်တုံးတွင် ဘဲအရေခွံ နှစ်ဖတ်လောက် ပိုထည့်ကာ ဆော့စ်တို့ပြီး စားလိုက်ရမှ အရသာတွေ့လေသည်။

မနက်စောစောစီးစီး ဘဲတစ်ကောင်လုံး ကုန်အောင် စားလိုက်ရာ မနက်က လေ့ကျင့်ထားသည့် သိုင်းကွက်များမှ ထွက်သောချွေးများ အလဟဿ ဖြစ်ကုန်ပြီ။ သူသည် ပိုမိုစူထွက်လာသည့် ဗိုက်ကို ပွတ်သပ်လိုက်ပြီး တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။

"လျန်ကုန်းကုန်း၊ ဖူနဉ်နန်းဆောင်က အစေခံတွေကို ပါးစပ်လုံအောင် နေခိုင်းနော်၊ နောက်ပိုင်း မယ်တော်ကြီး မေးလာရင် ဗူးပေါ်သလို ပေါ်မသွားစေနဲ့"

လျန်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုး သိပါတယ်"

ဧကရာဇ်သည် မယ်တော်ကြီး၏ သားအရင်း မဟုတ်သော်လည်း ငယ်စဉ်က မယ်တော်အရင်း ကွယ်လွန်သွားပြီးနောက် မယ်တော်ကြီး၏ နန်းဆောင်တွင် နှစ်အနည်းငယ်ကြာ ကြီးပြင်းခဲ့ရသည်။ အသက် ၁၆နှစ်အရွယ် အိမ်ရှေ့စံအရာ အပ်နှင်းခံရမှသာ တွမ်းပန်းနန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ကျောက်ပေါ်ယွင်သည် ပုံမှန်အားဖြင့် မူးမတ်များနှင့် ဆက်ဆံရာတွင်၊ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ရာတွင် ပြတ်သားပြီး အာဏာစက် ပြင်းထန်သော်လည်း မယ်တော်ကြီး၏ ဆိုဆုံးမမှုကိုတော့ အလွန် ကြောက်ရွံ့လေသည်။

...

All Chapters