အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အပိုင်း (၁၁၁)
ထိုအခါမှ ကျောက်ပေါ်ယွင်သည် စိတ်ချလက်ချဖြစ်သွားပြီး အသေးစိတ် ထပ်မေးလိုက်သည်။
"ရှန်ကျိဆိုင်က စားဖိုမှူးမလေးနဲ့ ချိန်းပြီးပြီလား၊ လာမယ့်လ ၈ ရက်နေ့ကျရင် ငါကိုယ်တော် စစ်သူကြီးနှစ်ယောက်ကို ကြိုဆိုဧည့်ခံပွဲ လုပ်ပေးချင်တယ်"
သူ့တွင် ကြီးမားသော အစီအစဉ်တစ်ခု ရှိနေပြီး စစ်သူကြီးရှီးနှင့် စစ်သူကြီးယွဲ့ နှစ်ဦးကို မြို့တော်သို့ လျှို့ဝှက်အမိန့်ဖြင့် ပြန်ခေါ်ထားပြီးဖြစ်သည်။
"အားလုံး စီစဉ်ပြီးပါပြီ၊ ကျွန်တော်မျိုး စရန်ငွေလည်း ပေးပြီးပါပြီ"
လျန်ချန်က ခါးကိုင်း၍ ပြန်လည်လျှောက်တင်လိုက်သည်။
"နောက်ရက်အနည်းငယ်နေလို့ စစ်သူကြီးငယ်လေးရှီးနဲ့ ယွဲ့စစ်သူကြီးတို့ မြို့တော်ကို ရောက်လာတာနဲ့ ကျွန်တော်မျိုး ရှန်ကျိဆိုင်ကို ကြိုသွားပြီး ရှန်ညန်ဇီကို စစ်သူကြီးနှစ်ယောက်ရဲ့ အစားအသောက်အကြိုက်တွေကို သေချာမှာကြားလိုက်ပါ့မယ်၊ သူတို့ကို လက်ရာကောင်းကောင်းတွေ ပိုချက်ခိုင်းလိုက်ပါ့မယ်၊ ကြားတာတော့ ဖုန်းအိမ်တော်ရဲ့ ဧည့်ခံပွဲကြီးတွေမှာ နာမည်ကြီးနေတဲ့ ဟူလထန်းက အဲဒီ ရှန်ညန်ဇီ လက်ရာတဲ့"
"ငါ့နားမှာ မိန်းမစိုးကြီးလျန်လို သေချာစီမံပေးတတ်တဲ့သူ ရှိနေတော့ ဘာမှပူစရာမလိုတော့ဘူးပဲ"
ကျောက်ပေါ်ယွင်က လျန်ချန်၏ ပခုံးကို ပုတ်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့် ရယ်မောလိုက်သည်။
"နှမြောစရာကောင်းတာက စစ်သူကြီးရှီးက ချင်ကျိုးပုန်ကန်မှုကို နှိမ်နင်းပြီးကာစဆိုတော့ ကျန်းမာရေး သိပ်မကောင်းရှာဘူး၊ အချိန်မီ ပြန်မရောက်နိုင်ဘူး ဖြစ်နေတယ်၊ မဟုတ်ရင် ငါကိုယ်တော် မတွေ့ရတာ ကြာပြီဖြစ်တဲ့ စစ်သူကြီးသုံးယောက်လုံးနဲ့ တစ်ညလုံး သောက်ချင်ပါရဲ့၊ ဟုတ်သားပဲ၊ ဒီတစ်ခါ စစ်သူကြီးနှစ်ယောက်ကို နန်းတော်ထဲမှာ မဧည့်ခံတော့ဘူး၊ ယွီကျင်ဥယျာဉ်မှာပဲ လုပ်ကြစို့၊ အဲဒီမှာက ပိုပြီး တိတ်ဆိတ်အေးချမ်းတယ်လေ... လုဝမ် (မင်းသား ဝမ်)ကိုပါ တစ်ခါတည်း ခေါ်လိုက်ပါဦး၊ သူက နန်းတွင်းမီးဖိုဆောင်က ဟင်းတွေ ငြီးငွေ့နေပြီလို့ နေ့တိုင်း ညည်းနေတာမလား၊ ဒီတစ်ခါ သူ့ကို အစားကောင်း ခေါ်ကျွေးလိုက်ဦးမယ်"
"အမိန့်တော်အတိုင်းပါ"
ထိုအချိန်တွင် ခေါင်းလောင်းစင်မှ မနက်ခင်းခေါင်းလောင်းသံသည် ရေလှိုင်းများပမာ နန်းတော်အတွင်းသို့ တစ်ချက်ပြီးတစ်ချက် ပဲ့တင်ထပ်ကာ ဝင်ရောက်လာသည်။ ၉နာရီ ထိုးလုနီးပါး ဖြစ်နေပြီ။ ကျောက်ပေါ်ယွင်လည်း အချိန်မဆွဲတော့ဘဲ ဝတ်ရုံတော်လဲလှယ်ကာ ဗိုက်ဝနေသဖြင့် ပျော်ရွှင်စွာ သီချင်းတစ်ပုဒ် ညည်းရင်း ညီလာခံတက်ရန် ထွက်ခွာသွားတော့သည်။
........
မနက်ခင်းခေါင်းလောင်းသံသည် တလွင်လွင် ထွက်ပေါ်နေပြီး မြူနှင်းများကို ဖောက်ထွင်းကာ ယန်လျိုအရှေ့လမ်းကြားရှိ အိမ်ခေါင်မိုးများကြားတွင် ပဲ့တင်ထပ်နေသည်။ ရှန်မြောင်သည် တံခါးဖွင့်လိုက်သည်နှင့် ဘဲကင် ၃ကောင်၊ ထန်းပင် ၄ပွဲ၊ သိုးသားဟင်းရည် ၆ပွဲ ရောင်းလိုက်ရသည်။ တကယ်ပင် ရာသီဥတုအေးလာသည်နှင့် ပူပူနွေးနွေး ဟင်းရည်များသည် နွေရာသီထက် ပိုရောင်းကောင်းလာသည်။
သူမသည် မြေအိုးဖိုသို့သွားပြီး အရက်နွေးရန် မီးဖိုငယ်လေးများကို မှာယူခဲ့သေးသည်။ လက်လုပ်မြေအိုးဖြစ်ပြီး ပုံစံမရွေး၊ လက်ဖဝါးအရွယ်အစားရှိလျှင် ရပြီ။ အောက်တွင် မီးသွေးခဲသေးသေးလေး တစ်ခဲထည့်၊ အပေါ်တွင် အရက်ကရားတစ်လုံး တင်လို့ရလျှင် ပြီးပြီ။ ပုံစံ ဘယ်လောက် ထူးဆန်းဆန်း ကိစ္စမရှိ၊ ရှေးဆန်သော အရသာရှိလျှင် လုံလောက်ပြီ။ ထို့အပြင် မီးသွေးခဲတစ်ခဲသည် မီးကုန်သွားလျှင်တောင် အပူကျန်သေးသဖြင့် ၂နာရီခန့် ဖြည်းဖြည်းချင်း နွေးနေနိုင်သည်။ ဧည့်သည်များက နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် အရက်လာသောက်လျှင် အရက်က အေးစက်မသွားတော့ပေ။
မနက်ခင်းတစ်သုတ် ရောင်းပြီးချိန်တွင် ဆိုင်ထဲ၌ လူရှင်းသွားသဖြင့် ရှန်မြောင်သည် အားထောင်ကို ဆိုင်စောင့်ခိုင်းထားပြီး နောက်ဖေးမီးဖိုချောင်ထဲသို့ ဝင်ကာ ဖူရှင်းနှင့်အတူ ဘဲသွေးကြာဇံဟင်းရည် ပြုတ်လိုက်သည်။
ဘဲကင်ရောင်းရသည်မှာ များလာသဖြင့် ဖယ်ထုတ်ထားသော ဘဲခေါင်း၊ ဘဲခြေထောက်နှင့် ဘဲကလီစာများကိုလည်း အသုံးချလိုက်သည်။ ဘဲသွေး၊ ဘဲအူ၊ ဘဲအသည်း၊ ဘဲအမြစ်၊ ဘဲခြေထောက်၊ ဘဲခေါင်းများသည် ကိုယ်တိုင်စား၍ ရသလို ဝက်ခေါင်းသားနှင့်အတူ ပေါင်းပြီး အမြည်းအဖြစ်လည်း ရောင်းနိုင်သည်။
ဧည့်သည်အချို့က ဘဲရိုးကို မကြိုက်ဘဲ ဘဲကင်သီးသန့် လိုချင်ကြသဖြင့် ကျန်ခဲ့သော ဘဲရိုးအနည်းငယ်ကိုလည်း ရှန်မြောင်က ဟင်းရည်လုပ်ရန် ချန်ထားလိုက်သည်။ ဘဲမွေးများကိုလည်း စုဆောင်းထားပြီး အမွေးရှည်များကို ရွေးထုတ်ကာ ရှန်းအာအတွက် ခြင်းလုံးလုပ်ပေးလိုက်သည်။ ကျန်သော အမွေးများကို ရေဆေး၊ နေလှန်းပြီး အိတ်ထဲတွင် စုဆောင်းထားလိုက်သည်။ အားမှ ဘဲမွေးများကို သန့်စင်ပြီး အမွေးနုများကို ရွေးထုတ်ကာ စောင်များနှင့် ဆောင်းတွင်းအင်္ကျီများထဲ ထည့်ချုပ်လျှင် သေချာပေါက် နွေးထွေးပေလိမ့်မည်။
အတိုချုပ်ပြောရလျှင် ဘဲတစ်ကောင်လုံးသည် ရတနာများဖြစ်ပြီး ပစ်စရာတစ်စက်မှ မရှိချေ။
ဖူရှင်းသည် ဘဲသွေးလတ်လတ်ဆတ်ဆတ်ကို ဆားရေအနည်းငယ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း မွှေပြီး ခဲသွားသည်အထိ စောင့်နေလိုက်သည်။ သူ့နောက်တွင် ဘဲရိုးပြုတ်ဟင်းရည်အိုးသည် နို့နှစ်ရောင် ပြောင်းသွားသည်အထိ ပွက်ပွက်ဆူနေပြီး အမြှုပ်လေးများ ထကာ လှုပ်ရှားနေလေသည်။
ရှန်မြောင်က ဆံခြည်မျှင်ကဲ့သို့ သေးငယ်သော "ငွေရောင်ဆန်ကြာဇံ" နှစ်စည်းကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ ကြာဇံများ ချက်ချင်း ပျော့သွားပြီး ဘဲဟင်းရည်ကို စုပ်ယူလိုက်ကာ ကြည်လင်တောက်ပလာချိန်တွင် ဘဲသွေးလည်း အဆင်သင့် ဖြစ်သွားပြီ။
ဖူရှင်းက ဂရုတစိုက်ဖြင့် ခဲသွားသော ဘဲသွေးတုံးများကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။
ဘဲသွေးသည် နီရဲနေပြီး အပူနှင့်တွေ့သောအခါ ပိုမိုနူးညံ့ချောမွေ့သွားကာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားမတတ်ပင်။ ဖူရှင်းသည် ဘဲအူနှင့် ဘဲအသည်းများကိုလည်း ကြိုတင်ဆေးကြော ပြင်ဆင်ထားသည်။ အူကို အပိုင်းလိုက်ဖြတ်၊ အသည်းကို ပါးပါးလှီးပြီး ကြွပ်ရွနူးညံ့သွားသည်အထိ ရေနွေးဖျောလိုက်သည်။ ဤနှစ်မျိုးကို အကြာကြီး ဖျော၍ မရပေ။ ကြာသွားလျှင် မာသွားပြီး စားမကောင်းတော့ပေ။ အရောင်ပြောင်းပြီး ကွေးသွားသည်နှင့် ချက်ချင်း ဆယ်ယူလိုက်သည်။
နံနံပင်၊ ကြက်သွန်မြိတ်နှင့် ဂျင်းမျှင်များကို ဖြူးကာ နှမ်းဆီအနည်းငယ် ဆမ်းလိုက်လျှင် လတ်ဆတ်မွှေးကြိုင်သော အနံ့သည် အဆုတ်ထဲထိ တိုးဝင်သွားတော့သည်။
ဤဟင်းရည်ကို ဖူရှင်းတစ်ယောက်တည်း နီးပါး ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ စုန့်မင်းဆက်ကာလ မြို့ပြများတွင် "ဘဲသွေးဆန်ကြာဇံဟင်းရည်" ရှိပြီးသားဖြစ်သဖြင့် သူလည်း လုပ်တတ်သည်။ ရှန်မြောင်က ရံဖန်ရံခါ အသေးစိတ်အချက်အလက်များကို ထောက်ပြရုံသာ ဖြစ်ပြီး အချိန်တိုင်း ကိုယ်တိုင်ဝင်ပါစရာ မလိုပေ။
ကျိအာနှင့် ရှဲ့ချီတို့ မနက်ခင်း အပြေးလေ့ကျင့်ခန်းလုပ်ပြီး ပြန်လာချိန်တွင် ဘဲသွေးကြာဇံဟင်းရည်လည်း ကျက်နေလေပြီ။ ဖူရှင်းက လူတိုင်းအတွက် ဟင်းရည်ခပ်ပေးနေပြီး ရှန်မြောင်က ကိုယ်တိုင် ပေါက်စီ ကြော်နေသည်။ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသော အပူငွေ့နှင့် မွှေးရနံ့များသည် ခြံဝင်းတစ်ခုလုံး ပျံ့လွင့်နေသည်။
ရှဲ့ချီက ကျိအာကို အခြေခံသိုင်းကွက်များ သင်ပေးကတည်းက ယန့်ရှူးသည် ဉာဏ်ကောင်းစွာဖြင့် အဝတ်အစားတစ်စုံ ပိုယူလာတတ်သည်။ သို့မှသာ ရှဲ့ချီ အပြန်အလှန် သွားလာရသော ဒုက္ခ သက်သာလိမ့်မည်။
ယန့်ရှူးကလည်း ဒီနည်းဖြင့် ရှန်မိသားစုဆီက ထမင်းဟင်း ကပ်စားလို့ရပြီဟု ကျိတ်ပြီး သဘောကျနေလေသည်။
ရှဲ့ချီသည် ကျိအာအခန်းကို ငှား၍ ရေချိုးပြီး ဂွမ်းအင်္ကျီအသန့်တစ်ထည် လဲလှယ်ဝတ်ဆင်လိုက်၏။ ပြန်ထွက်လာချိန်တွင် ရှန်မြောင်က ဒယ်ပြားပေါ်တွင် အသားပေါက်စီများကို ကြော်နေသည်ကို တွေ့လိုက်ရသည်။ ပေါက်စီအောက်ခြေ အဝါရောင်သမ်းလာချိန်တွင် ဂျုံရည်လောင်းထည့်ပြီး အဖုံးကို လျင်မြန်စွာ အုပ်လိုက်သည်။
သူမသည် ချက်ပြုတ်နေချိန်တွင် အလွန် အာရုံစိုက်ထားတတ်သည်။ ရှဲ့ချီမှာ ပြတင်းပေါက်မှတစ်ဆင့် ငြိမ်သက်စွာ ကြည့်နေရင်း မသိလိုက်ဘာသာ ပြုံးမိသွားသည်။
ရေခမ်းသွားပြီး အောက်ခြေတွင် တောင့်တောင့်လေး ဖြစ်လာချိန်အထိ ပေါင်းပြီး ကြော်လိုက်သည်။ ထို့နောက် ကြက်သွန်မြိတ်နှင့် နှမ်းစေ့များကို ဖြူးကာ ခဏလောက် ထပ်ကြော်လိုက်သည်။ ပေါက်စီအောက်ခြေ ကြွပ်ရွပြီး အပေါ်ပိုင်း ပွလာသည်အထိ ကြော်ပြီးမှ ပန်းကန်ထဲ ထည့်လိုက်သည်။
ပေါက်စီကြော်သည် ကြော်ပြီးခါစ ပူပူနွေးနွေးစားမှ အကောင်းဆုံးပင်။ ရှန်မြောင်က ပန်းကန်ပြားအကြီးကြီးကို ကိုင်ရင်း အပြင်ထွက်ကာ လှမ်းအော်လိုက်သည်။
"ထမင်းစားမယ် ထမင်းစားမယ်၊ အကုန်လုံး ထမင်းလာစားကြတော့"
ယန့်ရှူးက ပန်းကန်ခွက်ယောက်များနှင့် စားပွဲကုလားထိုင်များကို လိမ္မာစွာ ပြင်ဆင်ထားပြီး တစ်ခေါက်ပါ သုတ်ပေးထားလိုက်သေးသည်။
ရှန်းအာနှင့် ချန်ချွမ်းက လေထင်၊ ကျွေးဖုန်းတို့၏ ဆွဲခေါ်မှုဖြင့် ပြေးလာကြသည်။
ချန်ချွမ်း၏ ခြေထောက်သည် ကျောက်ပတ်တီး ဖြေပြီးနောက် အလွန်ကောင်းမွန်စွာ ပြန်လည်သက်သာလာခဲ့သည်။ ယခုဆိုလျှင် သူသည် ပြေးလွှားခုန်ပေါက်နေပြီဖြစ်ပြီး ခြေထောက်မသန်ခဲ့ဖူးကြောင်း လုံးဝမသိသာတော့ပေ။ ယခု သူသည် နေ့တိုင်း ခွေးကျောင်းထွက်ရင်း ခြေထောက်ကို အသားကျအောင် လေ့ကျင့်နေသည်။
၃လလောက် လမ်းမလျှောက်ခဲ့ရသဖြင့် ကျောက်ပတ်တီး ဖြေပြီးစတုန်းက ချန်ချွမ်းသည် နံရံကိုကိုင်ပြီး ၂ရက်လောက် လမ်းလျှောက်ခဲ့ရသည်။
ဒီနေ့ မနက်စာသည် တစ်ယောက်လျှင် ဘဲသွေးကြာဇံဟင်းရည် တစ်ပန်းကန်နှင့် အသားပေါက်စီအကြီး ၂လုံး ဖြစ်သည်။ ရိုးရှင်းပုံရသော်လည်း ဤကဲ့သို့ ဆောင်းဦးလေ တိုက်ခိုက်နေသော ရာသီဥတုမျိုးတွင် စားရသည်မှာ အလွန် ဇိမ်ကျလှသည်။ လတ်ဆတ်မွှေးကြိုင်ပြီး ချောမွေ့သော ဟင်းရည်ပူပူတစ်လုပ် သောက်လိုက်၊ အပေါ်က မွှေးပြီး အောက်ခြေက ကြွပ်ရွနေသော ပေါက်စီကို ကိုက်လိုက်နှင့် ရှဲ့ချီမှာ စားပြီးသည်နှင့် ခေါင်းမှ ခြေဖဝါးအထိ နွေးထွေးသွားတော့သည်။
သူသည် ဗိုက်ဟောင်းလောင်းဖြင့် ကျိအာနှင့်အတူ အဝေးကြီး ပြေးခဲ့သဖြင့် တကယ် ဗိုက်ဆာနေခဲ့သည်။
ရှန်မြောင်က သူ အလောတကြီး စားနေသည်ကို မြင်လိုက်ရသဖြင့် မဝမှာစိုး၍ ဂရုတစိုက် မေးလိုက်၏။
"အသားပေါက်စီကြော် မီးဖိုပေါ်မှာ ကျန်သေးတယ်၊ ကျိုကော နောက်တစ်လုံး ထပ်ယူမလား"
သူမအမြင်တွင် ကျိုကော၏ အသက်အရွယ်သည် ခေတ်သစ်တွင်ဆိုလျှင် မိဘများကို မွဲသွားအောင် စားနိုင်သည့် လူပျိုပေါက်အရွယ် ဖြစ်သဖြင့် များများစားမှ ပုံမှန်ဖြစ်သည်။
ရှဲ့ချီ ပါးစပ်ဟပြီး ပြန်မဖြေခင် ယန့်ရှူးက သူ့အသားပေါက်စီပန်းကန်လေးကို အရင်မ လိုက်ပြီး မတ်တပ်ရပ်ကာ လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ရှန်ညန်ဇီ၊ ကျွန်တော် နောက်တစ်လုံး လိုချင်ပါသေးတယ်၊ ခဏနေရင် ယိုယွီကို ကူပြီး ပန်းကန်ဆေးပေးလိုက်ပါ့မယ်"
ရှဲ့ချီက သူ့ကို မျက်စောင်းဖြင့် ကြည့်လိုက်၏။
ယိုယွီသည် သူ ဘာပြောမှန်း မသိသော်လည်း သူမနာမည် ကြားလိုက်သဖြင့် လှည့်ကြည့်ကာ သူ့ကို ရယ်ပြလိုက်လေသည်။ ယန့်ရှူးလည်း ပြန်ရယ်ပြလိုက်ပြီး နှစ်ယောက်သား တခစ်ခစ် ရယ်နေကြတော့သည်။
စားပွဲဝိုင်းတစ်ခုလုံး သူတို့ကြောင့် ရယ်မောသွားကြသည်။ ထန်အာက အလုပ်ရှုပ်နေရာမှ မီးဖိုချောင်ထဲဝင်ကာ သူ့အတွက် အောက်ခြေကျွမ်းနေသည့် အကြီးကြီးတစ်လုံး ယူလာပေးပြီး သူ့ခေါင်းကို ပွတ်သပ်ကာ လွှတ်ခနဲ ပြောလိုက်သည်။
"ယန့်ရှူးက ငါ့ညီလေးနဲ့ ရွယ်တူပဲ၊ ကြည့်ရတာ ချစ်စရာကောင်းလိုက်တာ"
ရှန်မြောင်က ထန်အာကို လှမ်းကြည့်လိုက်ရာ ညီဖြစ်သူအကြောင်း ပြောနေသော်လည်း မျက်နှာတွင် ဝမ်းနည်းရိပ် မတွေ့ရသဖြင့် စိတ်အေးသွားသည်။ ထန်အာသည် ပြီးခဲ့သော ကြာပန်းရှုစားပွဲတော်ညက ဖူရှင်းနှင့်အတူ မူးအောင် သောက်ခဲ့သည်။ ရှန်မြောင် မီးရှူးမီးပန်းဖောက်ပြီး ပြန်လာချိန်တွင် ဖူရှင်းက အခန်းထဲတွင် ဟောက်ပြီး အိပ်ပျော်နေသော်လည်း ထန်အာကမူ ရေစည်ပိုင်းကြီးကို တိတ်တဆိတ် ဖက်ပြီး ငိုနေခဲ့သည်။ အသံမထွက်ဘဲ ငိုနေပြီး ပါးစပ်မှ "ရှောင်ညန် (မိထွေး)" ဟု တိုးတိုးလေး ခေါ်နေသည်။
ရှန်မြောင် သွားတွန်းလိုက်သော်လည်း သူက မလွှတ်ဘဲ ရေစည်ပိုင်းကြီးကို ရှေ့နောက်မညီသော စကားများ ပြောနေတော့သည်။
သူ မူးနေစဉ် ရင်ဖွင့်သော စကားများမှတစ်ဆင့် ရှန်မြောင် အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။ တကယ်တော့ ထန်အာသည် မိထွေးက ရောင်းစားလိုက်ခြင်း ဖြစ်သည်ဟူသော အချက်ထက် သူကိုယ်တိုင် လိုလိုလားလား အးရောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
သူ့မိထွေးက သူ့ထက် ၈နှစ်သာ ကြီးသည်။ သူ့အဖေ သေဆုံးသွားပြီးနောက် မိထွေးသည် သူမ၏ သားအရင်းလေးကို ခေါ်ပြီး မိဘအိမ်သို့ ပြန်ကာ ဦးလေးတော်စပ်သူထံ အားကိုးရန် ကြံစည်သည်။ သို့သော် နာရေးကိစ္စ ပြီးသွားချိန်တွင် တစ်ပြားမှ မရှိတော့ဘဲ သုံးယောက်သား ခရီးစရိတ်ပင် မလောက်ငတော့ပေ။
"... တကယ် လမ်းစပျောက်နေပြီ၊ အဲဒီအချိန်မှာမှ ငါ့ညီလေးက နေမကောင်း ဖြစ်လာတယ်၊ ငါတို့ ၃ယောက်ရဲ့ အိတ်ကပ်တွေကို ပေါင်းလိုက်ရင်တောင် မျက်နှာထက် ပိုသန့်ရှင်းနေသေးတယ်၊ ဆေးဖိုးမပေးနိုင်လို့ ဆေးဆိုင်က အလုပ်သမားတွေက ဆိုင်ထဲမှာ ချုပ်ထားပြီး ပေးမသွားဘူး၊ ရှောင်ညန်က ဖျားနေတဲ့ ညီလေးကို ပွေ့ပြီး မျက်ရည်တွေ ကျနေရှာတယ်၊ ဒါနဲ့ ငါ့ကို ရောင်းလိုက်ပါလို့ ပြောလိုက်တယ် "
"အဖေ မရှိတော့ဘူးဆိုတော့ တကယ်တမ်းကျရင် ငါ ထွက်သွားလိုက်လို့ ရတယ်၊ သူ့ကို ဂရုမစိုက်ဘဲ နေလိုက်လို့ ရတယ်၊ ဒါပေမဲ့ ငါ ကြည့်မနေရက်ဘူး၊ နောက်ဆုံးတော့ သူတို့အတွက် ပိုက်ဆံနည်းနည်း ချန်ပေးချင်တယ်၊ အနည်းဆုံးတော့ သူတို့သားအမိအတွက် လမ်းစရိတ်၊ ဆေးဖိုးနဲ့ ဂွမ်းအင်္ကျီနှစ်ထည်လောက်တော့ ရစေချင်တယ်၊ မဟုတ်ရင် ရာသီဥတုက အေးတာနဲ့ အိမ်မရောက်ခင် လမ်းမှာတင် အေးခဲပြီး သေကုန်ကြမှာ"
ထန်အာသည် မူးနေသဖြင့် မျက်လုံးများ ဝေဝါးနေပြီး ရှန်မြောင်ကို တတွတ်တွတ် ပြောပြနေခဲ့သည်။ ထို့နောက် ငိုတာထက် ရုပ်ဆိုးသည့် အပြုံးမျိုးဖြင့် ရယ်မောလိုက်ပြန်သည်။ သူက မျက်နှာရှည်ပြီး မျက်ခွံတစ်ထပ်တည်းရှိသူ ဖြစ်ရာ ရယ်လိုက်လျှင် မျက်လုံးက မျဉ်းတစ်ကြောင်းလို ဖြစ်သွားတတ်သည်။ သူက လေသံတိုးတိုးဖြင့် ဆက်ပြောသည်။
"အဲဒါ အကောင်းဆုံးပဲ၊ အတင်းလိုက်သွားနေရင်လည်း သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ဦးမယ်၊ ငါဆိုတဲ့ လင်ပါသားက ဘေးမှာ မရှိတော့ရင် သူက ကလေးတစ်ယောက်ပါပေမယ့် နောက်အိမ်ထောင်ပြုလို့ ရသေးတယ်လေ"
ထိုအခါမှ ရှန်မြောင်သည် အတွင်းရေးကို သိလိုက်ရတော့သည်။ အရင်က ပွဲစားပြောတုန်းက ထန်အာကို မိထွေးက ရောင်းလိုက်သည်ဟု ကြားရစဉ်က သူမ ထူးဆန်းနေခဲ့သည်။ သူ ဒီလောက် အရွယ်ရောက်နေပြီ၊ အရွယ်ရောက်သူတစ်ယောက် ဖြစ်နေပြီ၊ ဘယ်နေရာမဆို သွားလို့ရတာပဲဟု တွေးခဲ့မိသည်။
အခုမှ အဖြေပေါ်သွားတော့သည်။
သို့သော် နောက်တစ်နေ့ အမူးပြေသွားချိန်တွင် ထန်အာသည် တစ်လုံးမှ ပြန်မပြောတော့ပေ။ သူ့တွင် ဤကဲ့သို့သော အတိတ်ကြောင်းရှိသည်ကို ဖူရှင်း၊ အားထောင် ဘယ်သူကမှ မသိကြပေ။ ရှန်မြောင်ကလည်း စကားမများချင်သဖြင့် လေဖြတ်သလို သဘောထားပြီး ဘာမှမကြားခဲ့သလို နေလိုက်သည်။
သူမ တွေးငေးနေစဉ် ကျိအာသည် ရှဲ့ချီကို နောက်လကျင်းပမည့် စာမေးပွဲအကြောင်း မေးမြန်းနေလေသည်။
စီရင်စုအဆင့် စာမေးပွဲ ရလဒ်ထွက်ပြီး သိပ်မကြာသေးခင် ရုံးတော်ရှေ့တွင် နောက်ထပ် စာမေးပွဲရက်ကို ကပ်ထားလိုက်ပြန်ပြီ။ လမ်းမပေါ်တွင် ယခုနှစ် တိုးမြှင့်ခေါ်ယူမည့် စာမေးပွဲကိစ္စကို ပြောဆိုဆွေးနွေးနေကြသည်။ သို့သော် အများစုကတော့ ဝမ်းမြောက်နေကြသည်။ ကျောင်းသားများသည် နောက်တစ်နှစ် ထပ်စောင့်စရာ မလိုဘဲ ဝင်ရောက်ဖြေဆိုနိုင်ကြမည်။ စားသောက်ဆိုင်နှင့် တည်းခိုခန်း ဖွင့်ထားသော ကုန်သည်များသည် ပို၍ပင် ပျော်ရွှင်နေကြသည်။ နေ့တိုင်း ဧည့်သည်များ ပြည့်နှက်နေသည်။ သူဌေးကျိုး၏ စာအုပ်ဆိုင်တွင်လည်း စာရေးကိရိယာများ ရောင်းကောင်းနေသဖြင့် မပျော်ရွှင်သူ မရှိပေ။
ရှဲ့ချီက ပြုံးပြီး ပြန်ဖြေလိုက်သည်။
"မင်းတို့နဲ့အတူ ချန်လျိုကို လိုက်ပို့ပေးဖို့ အချိန်ကိုက်ပဲ၊ ပြန်ရောက်တာနဲ့ စာမေးပွဲ သွားဖြေရတော့မယ်"
ရှဲ့မိသားစုဝင်များသည် ဆောင်းဦးရာသီ ကုန်ဆုံးရန် နွေဦးစံအိမ်သို့ သွားရောက်ကြပြီး စားဖိုမှူးဖန်းကိုပါ ခေါ်ဆောင်သွားကြသည်။ ရှဲ့ချီနှင့် ယန့်ရှူးသည် ထိန်းသိမ်းမည့်သူမရှိဘဲ ကျန်ရစ်ခဲ့သည်။ ထမင်းဖိုး ငွေ ၃၀ ကွမ်း ပေးထားပြီး နေ့စဉ် ရှန်မြောင်တို့နှင့်အတူ သုံးနပ်စားနေကြသည်။
ရှန်မိသားစု ဘာစားစား သူတို့ လိုက်စားသည်။ ထို့ကြောင့် ရှန်မြောင်က ချန်လျိုမြို့ ပိုင်ကျားရွာသို့သွားပြီး စားသောက်ပွဲပြင်ပေးရမည်ဆိုတော့ ရှဲ့ချီနှင့် ယန့်ရှူးတို့လည်း အမြီးလေးများပမာ နောက်ကနေ လိုက်ပါလာကြသည်။
ရှန်မြောင်ကမူ သူ့မျက်လုံးထဲတွင် ဖြစ်ပေါ်လာသော စိုးရိမ်မှုအရိပ်အယောင်ကို သတိထားမိလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ကျိုကော အဆင်မပြေမှာ စိုးရိမ်နေတာလား၊ မနက်ဖြန် ထိုက်ချင်ဘုရားကျောင်းကို သွားပြီး ယတြာချေတဲ့ အဆောင်လက်ဖွဲ့ ၂ခုလောက် သွားဝယ်ကြမလား၊ စိတ်သက်သာရာ ရတာပေါ့"
မတတ်နိုင်ဘူးလေ၊ ကျိုကောရဲ့ ကံကြမ္မာက ဗေဒင်ယတြာကိုပဲ အားကိုးရတော့မယ့်ပုံပဲ။
ရှဲ့ချီက ခေါင်းခါလိုက်သည်။ သူ စကားမပြောရသေးခင် ယန့်ရှူးက လူကြီးတစ်ယောက်လို သက်ပြင်းချကာ ဝင်ပြောလိုက်သည်။
"ရှန်ညန်ဇီ အပင်ပန်းမခံပါနဲ့တော့၊ ညန်ဇီပြောတဲ့ အဆောင်လက်ဖွဲ့တို့ ဘာတို့က အိမ်မှာ အကုန်စမ်းပြီးသွားပြီ၊ သူများတွေ စာမေးပွဲဖြေရင် ကွန်ဖြူးရှပ်၊ စာပေနတ်ဘုရားကို ပူဇော်ကြတယ်၊ ကျွန်တော်တို့အိမ်က မတူဘူး၊ ကျွန်တော်တို့အိမ်က ကျုံးခွေ၊ ကွမ်းကုန်းနဲ့ မြေစောင့်နတ်ကို ပူဇော်ကြတာ၊ စာမေးပွဲသွားဖြေဖို့ အိမ်ကထွက်ခါနီးရင် ကျိုကောကို မီးဖိုကျော်ခိုင်းတယ်၊ ပန်းခါးပင်တွေ မီးရှို့ပေးတယ်၊ ခေါင်းအစ ခြေအဆုံး ဘုရားကျောင်းပေါင်းစုံ၊ ကွမ်ရင်မယ်တော်ကျောင်းပေါင်းစုံက ရလာတဲ့ ဘေးကင်းရေးအဆောင်တွေ၊ မက်မွန်သားဓားတွေ၊ ငွေပြားတွေ အကုန်ဆွဲပေးလိုက်တာပဲ၊ ဘာမှ မထူးပါဘူး"
ပြောရင်းဆိုရင်း လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ပြလိုက်သည်။
ရှန်မြောင်မှာ အလွန်တုန်လှုပ်သွားသည်။ ဒါ ဘယ်လို နတ်ဆိုးမျိုး ပူးကပ်နေလို့ မောင်းထုတ်ရတာ ဒီလောက်ခက်ခဲရတာလဲ။
ရှဲ့ချီသည် ရှန်မြောင်၏ ကြည့်နေပုံကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ခေါင်းကို လွှဲလိုက်ရတော့သည်။
ဒါပေမဲ့...
သူ ခုနက တကယ်တမ်း စိုးရိမ်နေမိသည်မှာ ကိုယ်တိုင် ကံဆိုးမိုးမှောင်ကျမှာကို မဟုတ်ဘဲ အရှင်မင်းကြီး၏ ဒီတစ်ခါ စာမေးပွဲ တိုးမြှင့်ကျင်းပခြင်း နောက်ကွယ်က သဘောထားကို တွေးမိသောကြောင့် ဖြစ်သည်။ ရွေးချယ်ခံရမည့် အရေအတွက် တိုးမြှင့်ခြင်း၊ စာမေးပွဲအကြိမ်ရေ တိုးမြှင့်ခြင်းသည် ဆင်းရဲသားကျောင်းသား အများအပြားကို အရာရှိလောကထဲသို့ ရောက်ရှိလာစေမည်မှာ သေချာသည်။ သို့သော် ရာထူးနေရာဆိုသည်မှာ ရှန်မိသားစု စိုက်ခင်းထဲက မုန်လာဥတွင်းများကဲ့သို့ပင် တစ်တွင်းလျှင် မုန်လာဥတစ်လုံးသာ ဆံ့သည်။ ဝင်လာသူရှိလျှင် ထွက်သွားရမည့်သူ ရှိစမြဲပင်။
ဒါဆို ရာထူးချခံရမည့်သူ၊ အဖြုတ်ခံရမည့်သူက ဘယ်သူတွေ ဖြစ်မလဲ။
ဒီလို ရေစီးသန်နေတဲ့ အချိန်မှာ သူ စာမေးပွဲ ဝင်ဖြေရင် အောင်မြင်ခဲ့ရင်တောင် ရာထူးရဖို့ ခက်ခဲလောက်သည်။
ရှဲ့ချီသည် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိမြင်နေသော်လည်း ဒီအတိုင်း လက်လျှော့လိုက်ဖို့တော့ မစဉ်းစားခဲ့ပေ။
စာမေးပွဲဖြေဆိုခြင်းသည် သူ နှစ်ပေါင်းများစွာ စာဖတ်လေ့လာခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေခြင်း တစ်မျိုးပင်။ အရှင်မင်းကြီး၏ သဘောထားကို သူ ခန့်မှန်းကြည့်ရုံသာ ရှိသည်။ အရှင်မင်းကြီးက ဆွေကြီးမျိုးကြီးများကို ဘယ်အတိုင်းအတာအထိ ဖိနှိပ်ချင်သလဲ ဆိုသည်ကိုတော့ ဘယ်သူမှ အတိအကျ မသိနိုင်ပေ။
ရေစီးကြောင်းအတိုင်း ဖြစ်လာမည့်အရာကို စိုးရိမ်နေလည်း အလကားပါပဲ။ တောင်ခြေရောက်ရင် လမ်းပွင့်သွားမှာပါ။
ဒီလို စိုးရိမ်စရာတွေက လက်ရှိမှာ ဖြစ်လာသေးတာ မဟုတ်တော့ နေ့စဉ်ဘဝက ပုံမှန်အတိုင်းပါပဲလေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်လျိုမြို့ ပိုင်ကျားရွာကို သွားရမည့်ရက် ရောက်လာခဲ့သည်။ ပိုင်လောင်စန်းသည် မနက်စောစောစီးစီး လှည်းကြီးတစ်စီး စေလွှတ်ပြီး လာကြိုလေတော့သည်။
...
အပိုင်း (၁၁၂) သိုးကောင်လုံးကင်
လူတစ်စုသည် နွားလှည်းကြီးပေါ်တွင် ကြပ်ကြပ်တည်းတည်း လိုက်ပါလာကြပြီး မြို့ပြင်သို့ ဖြည်းဖြည်းချင်း ယိမ်းထိုးကာ ထွက်လာကြသည်။
ဆောင်းဦးရာသီရှုခင်းသည် ရာသီဥတုလေးမျိုးကွဲပြားသည့် မြောက်ပိုင်းတွင် ကြည့်၍အကောင်းဆုံး ဖြစ်သော်လည်း ဆောင်းတွင်းဖြတ်သန်းရသည့် အခက်အခဲကို ယှဉ်ကြည့်လျှင် အပူပေးစနစ်မရှိသည့် စုန့်ခေတ်တွင် တောင်ပိုင်းက အသက်ရှင်ရ ပိုလွယ်ကူသည်။ ကျန်းနန်နှင့် လင်နန်ဒေသတို့သည် ရာသီမရွေး စိမ်းလန်းစိုပြေနေတတ်ပြီး ဆောင်းတွင်း၌လည်း ပန်းများပွင့်တတ်ရာ နွေဦးကာလကဲ့သို့ နွေးထွေးလေသည်။ အထူးသဖြင့် လင်နန်ဒေသဆိုလျှင် ယခုလိုအချိန်မျိုး၌ အင်္ကျီပါးဝတ်၊ ဖျာခင်း၊ ခြင်ရိုက်ပြီး အေးစိမ့်စိမ့်ဖရဲသီးကို စားရလောက်အောင် ပူနေလိမ့်ဦးမည်။
သစ်ရွက်ကြွေမှ ဆောင်းဦးပေါက်မှန်းသိသည့် ခံစားမှုကို သဘာဝကျကျပင် နားလည်ရန် ခက်ခဲပေလိမ့်မည်။
ရှန်မြောင်သည် နွားလှည်းပေါ်တွင် ထိုင်လိုက်ပါလာ၏။ နွားက လှည်းကိုဆွဲကာ မြို့ပြင်တံခါးပေါက်မှ ဖြည်းဖြည်းချင်း ထွက်လာပြီး လမ်းမပေါ်သို့ ရောက်သည်နှင့် မြင်ကွင်းက ရုတ်ခြည်း ကျယ်ပြောသွားခဲ့သည်။
မိုးကောင်းကင်သည် မြင့်မားကာ တိမ်ကင်းစင်နေပြီး မြို့ပြင်ဆင်ခြေဖုံးတစ်ဝိုက်သည် ရွှေရောင်လွှမ်းနေ၏။ သစ်ပင်သစ်ကိုင်းများကို ဆောင်းဦးရောင်ခြယ်သထားပြီး လမ်းမပေါ်တွင် ကြွေကျနေသည့် သစ်ရွက်ဝါများ ပြည့်နှက်နေလေသည်။ တစ်ချို့အိမ်များ၏ ခြံစည်းရိုးများပေါ်မှ အသီးများ ပြွတ်ခဲနေသည့် တည်သီးပင်ကိုင်းများ ထွက်ပြူနေကြသည်။ တည်သီးလေးများသည် သစ်ကိုင်းဖျားတွင် တစ်လုံးချင်းစီ တွဲလွဲခိုနေကြပြီး မီးအိမ်လေးများနှယ် ချစ်စရာကောင်းကာ မင်္ဂလာရှိလှသည်။
ခပ်လှမ်းလှမ်းသို့ ဆက်သွားလိုက်လျှင် လမ်းမဘေးတစ်ဖက်တစ်ချက်စီ၌ ဂျုံခင်းများသာ ရှိတော့သည်။ လယ်ကွင်းထဲတွင် ဆောင်းဂျုံစိုက်ပျိုးရန် အလုပ်များနေကြသည့် လယ်သမားများစွာလည်း ရှိလေသည်။ ၈ လပိုင်းကမှ ဂျုံရိတ်သိမ်းပြီးစီးထားသော်လည်း ယခုအခါ ဆောင်းဂျုံစိုက်ရန် အလျင်လိုနေကြပြန်သည်။ ဤအချိန်သည် တစ်နှစ်တာ၏ အရေးအကြီးဆုံးအချိန် ဖြစ်သဖြင့် လယ်သမားအိမ်များတွင် ကျားမ မရွေး လယ်ထဲဆင်းကာ အလုပ်လုပ်ကြရပြီး ကလေးများလည်း အားလပ်ခြင်း မရှိကြပေ။
ကလေးအတော်များများသည် လယ်ကန်သင်းရိုးများပေါ်တွင် ခြေဗလာဖြင့် ပြေးလွှားနေကြပြီး အင်္ကျီများကို ပင့်တင်ကာ နေရာအနှံ့ လျှောက်သွားလျက် ကျောက်တုံးများကောက်ခြင်း၊ ပေါင်းနုတ်ခြင်းဖြင့် အိမ်ကို ကူညီပေးနေကြသည်။ မျိုးစေ့အိတ်များကို ကျောပိုးထားပြီး မိဘများဘေးတွင် မျိုးစေ့ကြဲကူနေသည့် ကလေးများလည်း ရှိလေသည်။
သိပ်မလိမ္မာသည့် ကလေးများလည်း ရှိလေသည်။ မလှမ်းမကမ်းရှိ ရိတ်သိမ်းပြီး နားထားသည့် လယ်ကွင်းထဲတွင် မြေဩဇာလုပ်ရန် မီးရှို့ဖို့ ပြင်ဆင်ထားပုံရသည့် ကောက်ရိုးပုံ တစ်ပုံ နှစ်ပုံခန့်ကို မြင့်မားစွာ ပုံထားသည်။ အဆော့မက်သည့် ကလေးတစ်ယောက်က အပေါ်သို့ မနားတမ်း တွယ်တက်ပြီးနောက် "လျှော" ခနဲ လျှောဆင်းလာတတ်သည်။ တစ်ကိုယ်လုံးတွင် ကောက်ရိုးစများ ကပ်နေပြီး တင်ပါး နာကျင်သွားသော်လည်း သွားဖြဲကာ ရယ်မောနေဆဲပင်။
ရလဒ်အနေဖြင့် မပျော်လိုက်ရခင်မှာပင် ဒေါသထွက်နေသည့် သူ့မိခင်က နားရွက်ကို ဆွဲကာ ပေါင်ပေါ်မှောက်၍ ရိုက်နှက်ဆုံးမလေတော့သည်။
"နင့်ဟာက လေ... အလုပ်တွေရှုပ်လွန်းလို့ ခြေထောက်နဲ့မြေကြီးတောင် မထိနိုင်ဖြစ်နေတာကို ငြိမ်ငြိမ်မနေဘဲ မျောက်တစ်ကောင်လို လျှောက်ပြေးနေတယ်၊ ကောက်ရိုးပုံကို ထပ်ပြီး ဖျက်ဆီးရဲရင် ဒီကောင်စုတ်လေးကို အသေရိုက်မယ်ဆိုတာ ယုံလိုက်တော့”
ထိုကလေးသည် ဝက်ကိုသတ်သည့်နှယ် စူးစူးဝါးဝါး အော်ဟစ်ငိုယိုလေတော့သည်။
"အမေရေ... မေမေရေ... နောက်မလုပ်တော့ပါဘူး”
ရှန်မြောင်သည် မြင်ကွင်းကို ကြည့်ရင်း ရယ်လည်းရယ်ချင် စိတ်လည်းမကောင်း ဖြစ်မိလေသည်။ ဤအချိန်တွင် မနက်နှင့်ညဘက်၌ အေးနေပြီဖြစ်သော်လည်း အလုပ်လုပ်နေသည့် လူကြီးနှင့်ကလေး အများစုသည် နွေရာသီဝတ် အင်္ကျီများကိုသာ ဝတ်ဆင်ထားကြပြီး ဖိနပ်စီးရန်လည်း နှမြောကြသည်။ ငယ်ရွယ်သော အမျိုးသမီးတစ်ချို့ ခြေထောက်တွင် ကောက်ရိုးဖိနပ် စီးထားသည်မှလွဲလျှင် ယောက်ျားများ၊ ကလေးများနှင့် သက်ကြီးရွယ်အို အများစုမှာ လယ်ထဲတွင် ခြေဗလာဖြင့် ရပ်နေကြသည်။
သို့သော် သူမ သေချာပြန်ကြည့်လိုက်ရာ ဂျုံမျိုးစေ့ကြဲနေသည့် လယ်သမားတစ်ယောက်သည် တစ်ကိုယ်လုံး နေလောင်ထားသဖြင့် ကြေးနီရောင်ပေါက်နေပြီး ရေချိုးထားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။ ဆောင်းဦးနေရောင်အောက်တွင် သူ့ခန္ဓာကိုယ်သည် တောက်ပနေလေ၏။
အင်္ကျီပါးဝတ်ထားခြင်းမှာ အလုပ်ကြမ်းလုပ်ရသဖြင့် ပူအိုက်ကာ အေးမှန်းမသိ ဖြစ်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ရှန်မြောင်သည် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်တော့သည်။
ရှန်းအာသည်လည်း ဟိုကြည့်သည်ကြည့် လုပ်နေပြီး ထိုကလေး အရိုက်ခံရသည်ကို တွေ့သောအခါ ကိုယ်ချင်းစာမိသဖြင့် လည်ပင်းကို ပုလိုက်ပြီး ပါးစပ်မှလည်း နာလိုက်တာ နာလိုက်တာဟု တိုးတိုးလေး ရေရွတ်နေလေသည်။ ကောက်ရိုးပုံပေါ်တက်ပြီး လျှောစီးသည့် အဆော်ခံရမည့် အပြုအမူမျိုးကို ရှန်းအာသာ တွေ့သွားလျှင် သူမလည်း သေချာပေါက် လုပ်မိလိမ့်မည်ဖြစ်ကြောင်း တွေးမိပြီး ရှန်မြောင်မှာ တိတ်တိတ်လေး ရယ်မောလိုက်မိသည်။
ချန်ချွမ်းသည် ရှန်းအာဘေးတွင် တိုးဝှေ့ထိုင်ကာ ယိမ်းထိုးနေသော နွားလှည်းပေါ်တွင် မျက်လုံးမှိတ်လျက် "စုန့်ခေတ် ရာဇသတ်ကြီး" ကို တိုးတိုးလေး အလွတ်ရွတ်ဆိုနေလေသည်။
ရှန်မြောင်သည် နှုတ်မှ မကြိုက်ဘူးပြောသော်လည်း လက်တွေ့တော့ လုပ်တတ်သူ ဖြစ်လေသည်။ ရှေ့နေတုန့် လက်ရေးဖြင့် ကူးပေးထားသည့် ဥပဒေစာအုပ် နှစ်အုပ်ကို နောက်ဆုံးတွင် ဝယ်ယူခဲ့ပြီး သူမအတွက် လေ့လာရေး အစီအစဉ်များပင် ရေးဆွဲထားခဲ့သည်။ ညတိုင်း မအိပ်ခင် ပုဒ်မ ၁၀ ခု ကျက်မှတ်မည် ဆိုပါက နှစ်လအတွင်း ပြီးဆုံးအောင် ဖတ်နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။
ပြီးပြည့်စုံလိုက်သည့် အစီအစဉ်ပင်။ ရလဒ်အနေဖြင့် ပထမစာမျက်နှာကို လှန်လိုက်ပြီး ၁၅ မိနစ်ခန့် မကြာခင်မှာပင် မျက်ခွံများ လေးလံလာကာ အိပ်ချင်စိတ်များ ဝင်ရောက်လာတော့သည်။
အထူးသဖြင့် ထိုသို့အိပ်ရသည်မှာ အလွန်အိပ်ပျော်လေသည်။
ဤသည်မှာ သူမ၏ပြဿနာမဟုတ်ကြောင်း ရှန်မြောင်က မိမိကိုယ်ကို လေးလေးနက်နက် သုံးသပ်မိ၏။ ညာမှဘယ်သို့ ဒေါင်လိုက်ရေးထားပြီး ပုဒ်ဖြတ်ပုဒ်ရပ်မပါသည့် စာလုံးရှုပ်ထွေးသော စာအုပ်ကို ဖတ်ရသည်မှာ သူမအတွက် အမှန်တကယ် ပင်ပန်းလှသည်။ သူမသည် ဤခေတ်သို့ ရောက်လာခဲ့သော်လည်း အရင်ဘဝက အလျားလိုက် ရိုးရှင်းသောစာလုံးများကို ဖတ်ရှုခဲ့သည့် အကျင့်က သူမခန္ဓာကိုယ်ထဲတွင် စွဲမြဲနေဆဲဖြစ်ရာ ယခုကဲ့သို့ စာဖတ်ရသည့်အခါ စစ်မှန်သည့် စုန့်ခေတ်လူသားများထက်ပင် များစွာ နှေးကွေးနေတတ်သည်။
ဥပမာ ကျိအာ၊ ရှန်းအာနှင့် ချန်ချွမ်းတို့သည် စာသင်ကြားရာတွင် သူမထက် များစွာ လျင်မြန်ကြသည်။ သူတို့သည် စာရွက်အလွတ်များ ဖြစ်သဖြင့် "ဦးနှောက်ထဲ ဘာသာပြန်ရန်" မလိုအပ်ပေ။
အထူးသဖြင့် ဥပဒေက ပျင်းစရာကောင်းလေသည်။
သူမသည် ကြိုးစားပမ်းစားဖြင့် စာအုပ်ကိုပိုက်ကာ အကြိမ်ကြိမ် အိပ်ပျော်သွားခဲ့သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ပထမစာမျက်နှာ၌သာ ရပ်တန့်နေဆဲပင်။
ဝမ်းနည်းစရာတော့ ကောင်းလှသည်။ သူမက စေတနာနှင့်ပျိုးသော်လည်း ပန်းမပွင့်ဘဲ ချန်ချွမ်းက မရည်ရွယ်ဘဲ ပင်ကိုအသိစိတ်ဖြင့် အောင်မြင်သွားခဲ့သည်။
တစ်ခါက ရှန်မြောင်သည် မျက်နှာကို ချဉ်ဖတ်သဖွယ် ရှုံ့မဲ့လျက် စာဖတ်ရန် အတင်းအကြပ် ကြိုးစားနေသည်ကို ချန်ချွမ်းက တွေ့သွားခဲ့သည်။ မည်သည့်အရာက ကြည့်ရဆိုးစေသည့်အကြောင်း သိချင်သဖြင့် သူက လာရောက် ကြည့်ရှုခဲ့သည်။
သူကတော့ ကြည့်လိုက်သည်နှင့် စွဲလမ်းသွားကာ အများစုကို နားမလည်သော်လည်း နေ့တိုင်း ရှန်မြောင်ထံမှ ငှားရမ်း ဖတ်ရှုတော့သည်။
ရှန်မြောင်သည် ဝမ်းသာအားရပင် စာအုပ်ကို သူ့အား ငှားပေးလိုက်သည်။
ယခုအခါ ချန်ချွမ်းသည် ကိုယ်တိုင်လေ့လာနေသည်မှာ ကြာပြီဖြစ်သည်။ မူလက သူ သိသည့်စာလုံးမှာ အကန့်အသတ်ရှိသဖြင့် အစပိုင်းတွင် မသိသည့်စာလုံးများကို မှတ်သားထားပြီး ရှန်မြောင် အားလပ်သည့်အခါ လာမေးတတ်သည်။ ရှန်မြောင်ပင် မသိသည့် စာလုံးရှုပ်များ ပါလာလျှင် သူသည် ဘူးသီးပုံ ဆေးရေးပန်းချီ ဆွဲသကဲ့သို့ စာရွက်ပေါ်တွင် ကူးရေးထားလိုက်သည်။ စာအုပ်၏ မည်သည့်စာမျက်နှာ၊ မည်သည့်အပိုဒ်မှ စာလုံးဖြစ်ကြောင်း မှတ်သားထားပြီး ကျိအာ ပြန်လာပြီး သင်ပေးမည့်အချိန်ကို စောင့်ကာ ဘေးတွင် အဓိပ္ပာယ်နှင့် အသံထွက်ကို ရေးမှတ်လေသည်။
သူသည် ဇွဲရှိပြီး စိတ်တည်ငြိမ်သူလည်း ဖြစ်သည်။
ဥပမာ "တိုက်ခိုက်ခြင်း" ဟူသည့် စာလုံးကို ချန်ချွမ်းက အစပိုင်းတွင် နားမလည်သဖြင့် မေးမြန်း မှတ်သားထားခဲ့သည်။ ထို့နောက် ဘေးတွင် "တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ကြက်တိုက်ခြင်း၊ ကျားနှစ်ကောင် တိုက်ခိုက်ခြင်း" စသည်ဖြင့် ရေးမှတ်ထားလိုက်သည်။
သူသည် ခြေထောက် ကျောက်ပတ်တီး မဖြေခင်ကတည်းက စတင်ဖတ်ရှုခဲ့ခြင်းဖြစ်ရာ လှုပ်ရှားရ ခက်ခဲချိန်သည် စာဖတ်ရန် အသင့်တော်ဆုံး ဖြစ်ခဲ့ပြီး ယခုဆိုလျှင် သူ့ကိုယ်ပိုင် "ချန်ချွမ်း အဘိဓာန်" ပင် ရှိနေလေပြီ။
သူနှင့်အတူ စာလိုက်သင်သည့် အဖော်ရှိသဖြင့် ရှန်းအာသည်လည်း ကျေးဇူးများရလေသည်။ သဘာဝအလျောက် ကစားရန် နှစ်သက်ပြီး လှုပ်ရှားတက်ကြွသည့် သူမသည်လည်း စာလုံးအတော်များများကို သင်ယူနိုင်ခဲ့သည်။
ယခုအခါ ရှန်းအာသည် "စာလုံးတစ်ထောင်" စာအုပ်ကိုပင် ပြီးပြည့်စုံအောင် ဖတ်နိုင်နေပြီ။ ယခင်ကကဲ့သို့ တစ်ကြောင်းသင်လျှင် မသိသည့်စာလုံး ၃ လုံးလောက် ပါနေ၍ (စုစုပေါင်း တစ်ကြောင်း၌ ၄ လုံးသာ ပါသည်) ထစ်ငေါ့နေခြင်းမျိုး မရှိတော့ပေ။
ကျိအာသည် ရက်အနည်းငယ်ကြာတိုင်း ကျောင်းပိတ်၍ အိမ်ပြန်ရောက်လာချိန်တွင် ကူညီပေးသဖြင့် ချန်ချွမ်းသည် ဥပဒေပုဒ်မများကိုပင် ဖြည်းဖြည်းချင်း စတင်ရွတ်ဆိုနိုင်လာသည်။
ဤစိတ်ဝင်စားမှုသည် သူမက သူ့ကို ရုံးတော်သို့ ခေါ်သွားခဲ့ခြင်းနှင့် သက်ဆိုင်ခြင်း ရှိမရှိ ရှန်မြောင် မသိပေ။ ချန်ချွမ်း၏ခြေထောက် သက်သာလာသည်နှင့် ရှန်မြောင်က အားလပ်ချိန်တိုင်း သူ့ကို ရုံးတော်သို့ ခေါ်သွားပြီး သူ့အမှုအကြောင်း မေးမြန်းလေ့ရှိသည်။ လူကုန်ကူးသူကို ဖမ်းမိပြီလား၊ သူ မည်သည့်ပြည်နယ်မှ ပျောက်ဆုံးလာကြောင်း စုံစမ်းမိပြီလား၊ သူ့ကို လာရှာသူ ရှိသလား စသည်ဖြင့် မေးမြန်းသော်လည်း အကြိမ်တိုင်းတွင် စိတ်ပျက်စွာဖြင့်သာ ပြန်လာခဲ့ရသည်။
ရှေ့နေတုန့် တိတ်တဆိတ် ပြောပြချက်အရ ခိုင်ဖုန်းရုံးတော်တွင် နေ့စဉ် လက်ခံရရှိသည့် အမှုပေါင်းများစွာ ရှိနေသည်။ ချန်ချွမ်း အတူခေါ်ဆောင်ခံရသည့် အမှုသာမက "ကြာပန်းရှုစားပွဲတော်" ရက်များအတွင်း ဖြစ်ပွားခဲ့သည့် လူပျောက်မှုအချို့ကိုပင် စုံစမ်းရန် လူမရှိဖြစ်နေသည်။ အမှုစစ်အချို့သည် ရက်အနည်းငယ်ကြာအောင် ကမန်းကတန်း စုံစမ်းခဲ့သော်လည်း သဲလွန်စမရသဖြင့် အမှုပိတ်ရန်အတွက် နှစ်ကုန် ရာထူးတိုးစာရင်းတွင် ကြည့်ကောင်းစေရန် အထက်လူကြီးများနှင့် နစ်နာသူများကို ဖုံးကွယ်ကာ "ရေနစ်သေဆုံးသည်" ဟု အမှုပိတ်လိုက်ကြသည်။
ဤသည်မှာ ကောက်ကျစ်စဉ်းလဲသည့် ဝါရင့်စာရေးအချို့၏ အထက်ကိုဖုံးကွယ် အောက်ကိုလိမ်ညာသည့် သုံးနေကျ နည်းလမ်းပင်။
ရှန်မြောင်လည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ချန်ချွမ်းဘေးတွင် ကျပ်သိပ်စွာ ထိုင်နေသည်မှာ သူ့စာအံသံကို နားထောင်ရင်း အိပ်ပျော်သွားသည့် ယန့်ရှူး ဖြစ်သည်။ သူက ချန်ချွမ်း၏ပခုံးပေါ် ခေါင်းမှီထားပြီး ဟောက်သံသဲ့သဲ့ဖြင့် အိပ်မောကျနေလေသည်။
ယန့်ရှူးဘေးရှိ ကျိအာကမူ ကိုယ်ကိုကိုင်းလျက် လှည်းမောင်းသည့် ပိုင်လောင်စန်းနှင့် စကားပြောနေလေသည်။
ပိုင်လောင်စန်းတို့ မိသားစုသည် သူတို့ ရွာငယ်လေး၏ "အချမ်းသာဆုံး" ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ပိုင်အဘိုးကြီးသည် အစပိုင်းတွင် ဆွေးမြေ့နေသည့် ကောက်ရိုးဖျာတစ်ချပ်ဖြင့် စတင်ခဲ့ပြီး ကောက်ရိုးဖျာနှင့် ဖိနပ်များ ရက်လုပ်ရာမှ ပြန့်ကျင်းမြို့၏ ပိုးထည်ကုန်သည်ကြီး ဖြစ်လာခဲ့သည်။ ထိုအကြောင်းသည် ဒဏ္ဍာရီဆန်လှသဖြင့် ဘာမှမရှိရာမှ ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့သည့် ထိုဇာတ်ကြောင်းကို ကျိအာသည် အရသာရှိရှိ နားထောင်နေပြီး လှည်းမောင်းထိုင်ခုံဘေးသို့ပင် တက်ကာ ပိုင်လောင်စန်းနှင့် အတူထိုင်လိုက်တော့သည်။
ယနေ့ ဤနွားလှည်းပေါ်တွင် ရှန်မြောင်၊ ရှဲ့ချီနှင့် ထန်အာ ဟူသည့် လူကြီး ၃ ယောက်၊ ရှန်းအာ၊ ကျိအာ၊ ချန်ချွမ်းနှင့် ယန့်ရှူး ဟူသည့် ကလေး ၄ ယောက် စုစုပေါင်း လူ ၇ ယောက် ပြည့်ကျပ်နေအောင် လိုက်ပါလာကြသဖြင့် နေရာလွတ်ဟူ၍ လုံးဝမရှိတော့ပေ။ သနားစရာကောင်းသည်မှာ ရှဲ့ချီကဲ့သို့ အရပ်ရှည်သူသည် ခြေထောက်ပင် ဆန့်မရဘဲ ရင်ဘတ်ရှေ့တွင် ကွေးထားရလေသည်။
ထိုထိုင်ပုံထိုင်နည်းမှာ အလွန်ပင် လိမ်မ္မာသည့်ပုံ ပေါက်နေလေ၏။
အားထောင်၊ ဖူရှင်းနှင့် ယိုယွီတို့က ဆိုင်ဖွင့်ရန် ကျန်ရစ်ခဲ့ကြသည်။ ရှန်မြောင်က သူတို့ကို အတူလိုက်ခဲ့ရန် ခေါ်သော်လည်း မလိုက်ကြပေ။ ဆိုင်ပိတ်ပြီး တစ်ရက်လောက် နားလိုက်လျှင်လည်း ကိစ္စမရှိပေ။
သို့သော် အားထောင်က သဘောမတူပေ။ ဆန်ပြားခေါက်ဆွဲ၊ အရက်၊ ငါးကင်နှင့် ဘဲကင် မည်မျှရောင်းရလျှင် "ကော်မရှင်" မည်မျှရမည်ကို ရှန်မြောင် တွက်ပြလိုက်သည်မှစ၍ အားထောင်တစ်ယောက် အကြီးအကျယ် ဖြစ်သွားတော့သည်။
သူမသည် ငွေမက်သူတစ်ယောက် လုံးလုံးဖြစ်သွားပြီး ဆိုင်ပိတ်ရန် မဖြစ်နိုင်တော့ချေ။ ရှန်မြောင် မရှိလျှင်လည်း သူမ ဘဲကင်ရောင်းမည်ဟု ဆိုလေသည်။
ဖူရှင်းကလည်း အိမ်တွင်နေချင်သည်။ သူသည် ဘဲကင်ခြင်းကို စွဲလမ်းနေပြီး ဘဲကို ပိုမြန်မြန်ကင်နိုင်ရန် တုတ်တံကို လက်တစ်ဖက်တည်းဖြင့် လှည့်နိုင်ဖို့ ကြိုးစားလေ့ကျင့်နေသည်။ ထိုကျွမ်းကျင်မှုကို ရလုနီးပါးဖြစ်နေပြီဖြစ်ရာ လက်လျှော့လိုက်၍ မဖြစ်ပေ။
သူတို့ကျန်နေခဲ့မည်ဖြစ်ရာ ယိုယွီလည်း ပုံမှန်အတိုင်း အလုပ်ဆင်းပြီး ခွေးနှစ်ကောင်ကိုပါ စောင့်ရှောက်လိုက်တော့သည်။
သို့မှသာ အဆင်ပြေမည်။ မဟုတ်လျှင် ပိုင်လောင်စန်း၏ နွားလှည်းက သည်လောက် လူအများကြီးကို ဆံ့မည်မဟုတ်ပေ။
ရှန်မြောင်သည် လှည်းစီးရင်း ပျင်းလာသဖြင့် ဟိုတွေးဒီတွေး လုပ်နေမိ၏။ ရုတ်တရက် ရှဲ့ချီ တစ်ယောက် အနေခက်စွာ ထိုင်နေသည်ကို လှမ်းမြင်လိုက်ရသဖြင့် ထိုသနားစရာ လူကောင်ကြီးအတွက် နေရာလွတ်ရစေရန် ဘေးသို့ တိတ်တဆိတ် တိုးပေးလိုက်သည်။
မထင်မှတ်ထားသည်မှာ သူမ ဘေးသို့တိုးလိုက်သည်နှင့် ရှဲ့ချီကလည်း ခြေထောက်ကို လှုပ်ရှားကာ တိုးလာပြီး ထိုနေရာလွတ်ကို ဖြည့်လိုက်ခြင်းပင်။
ရှန်မြောင်သည် ခေါင်းငုံ့ကာ သူမဘေးတွင် ထောက်ထားသည့် လက်နှင့် သူမနှင့် တစ်လက်မခန့်သာ ကွာဝေးတော့သည့် ရှဲ့ချီ၏ အရိုးအဆစ် လှပကာ အနည်းငယ် ကွေးထားသော လက်ချောင်းများကို ခဏလောက် ကြည့်နေမိတော့သည်။
သူမသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီး သူ့ကို မော့ကြည့်လိုက်၏။
သူက သူမကို မကြည့်ပေ။ အဝေးသို့ ဖြည်းဖြည်းချင်း ရွေ့လျားကျန်ရစ်နေသည့် တောင်တန်းများနှင့် စမ်းချောင်းဘေးမှ ပန်းများကို ကြည့်ကာ ဆောင်းဦးရှုခင်းကို ငေးမောနေဟန် ရှိလေသည်။
အကယ်၍ သူ့ခန္ဓာကိုယ် တောင့်တင်းမနေလျှင်၊ လည်ပင်းက အိပ်ရာလွဲထားသကဲ့သို့ မတ်တောင်နေခြင်း မရှိလျှင်၊ နားရွက်များ နီရဲမနေလျှင် သူ ထိုင်ရတာ ကြာ၍ ခြေထောက်ကျဉ်ပြီး လှုပ်ရှားလိုက်ခြင်းဖြစ်ကြောင်း ရှန်မြောင် အမှန်တကယ် ယုံကြည်မိသွားပေလိမ့်မည်။
သူမ၏စိတ်ထဲတွင် မည်သို့တွေးရမည် မသိတော့ပေ။ ပျော်ရွှင်မှု အနည်းငယ် ရှိသော်လည်း ဘာလုပ်ရမှန်းမသိခြင်းနှင့် စိုးရိမ်ပူပန်ခြင်းက ပိုများနေသည်။
သူမက ကလေးသုံးယောက်နှင့် အိမ်ထောင်ကွဲ ဖြစ်သည်။ ကျိုကောက အရာရာပြည့်စုံပါလျက် မျက်စိမှားပြီး သူမအပေါ် စိတ်ဝင်စားနေသည်တဲ့လား။ တကယ်တော့... အရင်ကလည်း ရှန်မြောင် ဝိုးတဝါး ခံစားမိခဲ့ပါသည်။
ယနေ့ သူတို့နှစ်ဦး အလွန်နီးကပ်စွာ ထိုင်နေကြပြီး နွားလှည်းက မညီမညာဖြစ်သော မြေလမ်းပေါ်တွင် ယိမ်းထိုးနေသဖြင့် သူမနှင့် ကျိုကောတို့သည် မကြာခဏ ပခုံးချင်းတိုက်မိကြသည်။ အင်္ကျီလက်စချင်း ပွတ်တိုက်မိပြီး တံတောင်ဆစ်ချင်း ထိမိကြသည်။
လုံးဝ မသိချင်ယောင်ဆောင်၍ မရပေ။ ကျိုကော ဖုံးကွယ်ထားသည်မှာ သိပ်မပိရိလှချေ။ ထို့အပြင် သူမသည် မွေးရာပါ အခြားသူများထက် ပို၍ အာရုံခံစားလွယ်သူ ဖြစ်သည်။
ဒါဆို သူမကရော။
ရှန်မြောင် မိမိကိုယ်ကို မေးခွန်းထုတ်လိုက်၏။ 'ငါ စိတ်မလှုပ်ရှားဘူးလား။ စိတ်လှုပ်ရှားမိပြီလား။'
...