အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အပိုင်း (၁၁၃)
သူမ အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း တိကျသော အဖြေကို မရရှိခဲ့ပေ။ ရှင်းလင်းနေသည့် အချက်တစ်ချက်တော့ ရှိလေသည်။ သူမသည် ငွေရှာလိုသည်၊ ဆိုင်ဖွင့်လိုသည်၊ အခြားအရာများကို မစဉ်းစားမီ သူမ နှစ်သက်သည့်အရာကို အရင်ဆုံး အားရပါးရ ပြုလုပ်လိုသည် ဟူသော အချက်ပင်။
စုန့်ခေတ်သို့ ရောက်ရှိနေသော်ငြား ဤအချက်သည် မီးအိမ်သဖွယ် သူမ၏ နှလုံးသားထဲတွင် အစဉ်အမြဲ လင်းလက်တောက်ပနေလေသည်။
အမှန်စင်စစ်... အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုပြီးနောက်တွင် ထိမ်းမြားလက်ထပ်ခြင်းနှင့် အချစ်ရေးကိစ္စများသည် ရှန်မြောင်၏ စိတ်နှလုံးကို အေးစက်ထိတ်လန့်သွားစေခဲ့ရာ သူမတွင် စိတ်လှုပ်ရှားမိသည့် ခဏတာအချိန်လေး ရှိခဲ့လျှင်ပင် လျင်မြန်စွာ အေးစက်သွားတတ်ပြီး မျှော်လင့်ချက် မထားမိတော့ချေ။
သာ့ကျဲအာ ရုံမိသားစုအိမ်တွင် မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့ကြောင်းကို သူမ သိရှိရုံသာမက ရုံသာ့လန် ပြန့်ကျင်းမြို့သို့ စရောက်လာစဉ်က သာ့ကျဲအာအပေါ် မည်မျှ နူးညံ့သိမ်မွေ့ကာ ဂရုစိုက်ခဲ့ကြောင်း၊ မိုးရွာလျှင် ထီးပို့ပေး၍ နေသာလျှင် ပန်းပေးတတ်ကြောင်း၊ လက်ချောင်းကို လက်ဖက်ရည်စိမ်ပြီး စားပွဲပေါ်တွင် သူမနာမည်ကို ရေးတတ်အောင် သင်ပေးခဲ့ကြောင်းများကိုလည်း သူမ သိရှိထားလေသည်။
သာ့ကျဲအာ၏ မှတ်ဉာဏ်များသည် သူမ၏ ဦးနှောက်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်နေပြီး ဘယ်သောအခါမျှ မှေးမှိန်ပျောက်ကွယ်သွားခြင်း မရှိပေ။
နောက်ပိုင်းတွင် ရုံမိသားစုအိမ်သို့ ရောက်ရှိသွားသောအခါ ရုံသာ့ညန်က ရောဂါအကြောင်းပြကာ နေ့ဘက်တွင် ချွေးမဖြစ်သူကို ပြုစုခိုင်းပြီး ညဘက်တွင်မူ ရုံသာ့လန်က မိခင်ဖြစ်သူ၏ အခန်းထဲ၌ "ပြုစုစောင့်ရှောက်ရန်" ဟူသော အကြောင်းပြချက်ဖြင့် နေထိုင်လေ့ရှိသည်။
ထို့နောက်တွင် ရှန်မိဘနှစ်ပါး မတော်တဆ ကွယ်လွန်သွားကြရာ သာ့ကျဲအာသည် နာရေးကိစ္စပြီးစီး၍ မောင်နှမများနှင့် လမ်းခွဲကာ ကျင်းလင်မြို့သို့ တစ်ကိုယ်တည်း ပြန်ရောက်လာပြီးနောက် ဝမ်းနည်းပူဆွေးလွန်းသဖြင့် အိပ်ရာထဲမှ မထနိုင်အောင် ဖြစ်ခဲ့ရသည်။ သူမသည် ခန္ဓာကိုယ် အားနည်းသည့်ကြားမှ မိဘအတွက် ဝမ်းနည်းခြင်းကာလ စောင့်ထိန်းနေရချိန်တွင် ရုံသာ့လန်ကမူ သာ့ကျဲအာ၏ လက်ဖွဲ့ပစ္စည်းများကို အသုံးပြုကာ မင်ကျိုးအစိုးရကျောင်းတော်၏ တံခါးကို ဖွင့်လှစ်၍ စာသင်ကြားရန် ပျော်ရွှင်စွာ ထွက်ခွာသွားလေတော့သည်။
ထိုအချိန်မှစ၍ သူသည် အားကိုးရာ အသစ်ရရှိသွားပြီဖြစ်ရာ အိမ်သို့ ပြန်လာခဲလေသည်။
နောက်ပိုင်းအကြောင်းကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။ ရုံသာ့ညန်၏ လက်ထဲသို့ ကျရောက်သွားချိန်တွင် သာ့ကျဲအာသည် မည်သည့်အချိန်က လူတန်းစေ့ နေထိုင်ခဲ့ရဖူးသနည်း။ လက်မထပ်မီက အလိုလိုက် အကြိုက်ဆောင်ခဲ့သော်လည်း လက်ထပ်ပြီးချိန်တွင် သေစေချင်လောက်အောင် မုန်းတီးကြသည်ကို နှိုင်းယှဉ်ကြည့်လိုက်လျှင် တစ်ကိုယ်လုံး တုန်ယင်သွားရလောက်အောင်ပင် သရော်စရာကောင်းကာ ကြေကွဲဖွယ် ကောင်းလှပေသည်။
ကျိုကောသည် ရုံသာ့လန်နှင့် လုံးဝမတူကြောင်း ရှန်မြောင် သိရှိပါ၏။ သူမကို စိတ်ပျက်ဝမ်းနည်းအောင် လုပ်ဆောင်သူမှာ ကျိုကော မဟုတ်ပေ။ ဤသည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်က သူမ၏ ခန္ဓာကိုယ်ထဲတွင် ချန်ထားရစ်ခဲ့သည့် အမှတ်အသားတစ်ခုသဖွယ် ဖြစ်နေပြီး စိတ်လိုက်မာန်ပါ မလုပ်မိစေရန်၊ အမှားမလုပ်မိစေရန်နှင့် မိမိကိုယ်ကို အလွယ်တကူ ပုံမအပ်လိုက်မိစေရန် အချိန်တိုင်း သတိပေးနေသကဲ့သို့ ရှိနေသည်။
အခြားသူများနှင့် သက်ဆိုင်ခြင်း မရှိပေ။ သူမ ကျော်ဖြတ်ရမည့်အရာမှာ သာ့ကျဲအာ ချန်ထားရစ်ခဲ့သော စိတ်ဒဏ်ရာပင် ဖြစ်လေသည်။
ရှန်မြောင်သည် မျက်လုံးများကိုမှိတ်၍ လေတစ်ချက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် တွေးမိသည်နှင့် ဒေါသထွက်ဖွယ်ကောင်းသော အတိတ်မှတ်ဉာဏ်များကို ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့သည်။ ထို့နောက် အဆုံးအစမဲ့ မြင့်မားနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် စိတ်က ပြန်လည် ငြိမ်သက်သွားတော့သည်။
'လောလောဆယ်တော့ မသိချင်ယောင်ဆောင်ထားလိုက်တာ ကောင်းပါတယ်လေ၊ တစ်နေ့ကျရင် ငါ့အတွက်ရော၊ ကျိုကောအတွက်ပါ အဖြေတစ်ခု ရှိလာမှာပါ' သူမ ထိုသို့ တွေးထားလိုက်သည်။
ရှဲ့ချီသည် သူ၏ ပိရိသေသပ်မှုမရှိသော ဟန်ဆောင်မှုများကို တစ်ဖက်လူက အစောကြီးကတည်းက ရိပ်မိနေမှန်း မသိရှာပေ။ သူ၏ နီရဲနေသော နားရွက်များက သူ့အဖြစ်မှန်ကို ဖော်ပြနေသည်မှာ ကြာခဲ့ချေပြီ။
သူသည်လည်း နားရွက်များ ပူထူနေသည်ကို သတိထားမိသဖြင့် မလိမ္မာသော ထိုနားရွက်များကို လက်ဖြင့် အုပ်ထားချင်သော်လည်း ထိုသို့လုပ်လိုက်ပါက ဖုံးလေ ပေါ်လေ ဖြစ်သွားမည်ကို စိုးရိမ်မိပြန်သည်။ ထို့ကြောင့် ရင်ဘတ်ထဲမှ အပြင်သို့ ခုန်ထွက်တော့မတတ် ဖြစ်နေသော နှလုံးခုန်သံများကို လက်လျော့ကာ ရေတွက်နေမိပြီး သူ့နှလုံးသားကို စိတ်ထဲမှ အပြစ်တင်မိလေတော့သည်။
'ခုန်စမ်းပါ... ထပ်ပြီး ကျယ်ကျယ်လောင်လောင်သာ ခုန်စမ်းပါ၊ မင်းလောက် ဘယ်သူက ခုန်နိုင်မှာမို့လို့လဲ... စိတ်မထိန်းနိုင်၊ တည်ငြိမ်မှုမရှိ၊ အသုံးမကျတဲ့ကောင်... အခုချက်ချင်း ငြိမ်ငြိမ်မနေဘူးလား'
ဆူညံလှုပ်ရှားနေသော ရင်ဘတ်ကို လက်ဖြင့် ဖိထားချင်စိတ် ပေါက်မိ၏။
ရှဲ့ချီတစ်ယောက်တည်း စိတ်များ ကစဥ့်ကလျားဖြစ်ကာ နှလုံးရပ်သွားမတတ် ဖြစ်နေချိန်တွင် ရှန်မြောင်ကမူ ချက်ချင်းပင် စိတ်ပြေလက်ပျောက် ဖြစ်သွားပြီး လှည်းတန်းကို မှီလျက် ဆောင်းဦးလေအေးကို ခံကာ ပိုင်လောင်စန်းအား မေးမြန်းလိုက်သည်။
"ကိုပိုင်... ရှင်တို့အိမ်က ဘာသိုး ပြင်ဆင်ထားတာလဲ။ သိုးပေါက်လား၊ သိုးကြီးလား။ သိုးကင်ကို အရသာအစစ်အတိုင်း စားချင်တာလား၊ မာလာအရသာလား၊ ပဲငပိအမွှေးအကြိုင်နဲ့လား..."
ပိုင်လောင်စန်းသည် ကြာပွတ်ကိုမြှောက်၍ နွားအိုကြီး၏ တင်ပါးကို ဖွဖွရိုက်ရင်း ပြုံးကာ ပြောလေသည်။
"ဒီနေ့သိုးက ကျွန်တော် သိုးသတ်သမားဆီကနေ သီးသန့်မှာထားတဲ့ ရှင်းချင့်နယ်က ထန်းသိုးအမျိုးအစားပါ။ တစ်နှစ်ပြည့်ပြီးစ သိုးဖြစ်ပြီး တစ်ကောင်ကို ၅၀ ကျင်း ရှိတယ်။ အကောင်းစားပဲ။ အရသာကတော့ ရှန်ညန်ဇီ သဘောသာ စီစဉ်လိုက်ပါ။ ကျွန်တော့်အဖေက ငွေအရင်းအနှီးစိုက်ပြီး ငရုတ်ကောင်း ၁ လျန်တောင် ဝယ်ထားသေးတယ်။ ပြီးရင် ရှန်ညန်ဇီကို ပေးလိမ့်မယ်။ အဲဒါတွေအကုန်လုံး သိုးကင်ထဲမှာ ထည့်သုံးလိုက်ပါ"
ရှန်မြောင်က စဉ်းစားကာ ပြောလိုက်၏။
"ဒီလောက်ကောင်းတဲ့ သိုးသားကိုတော့ အရသာအစစ်အတိုင်း လုပ်တာ ပိုကောင်းလိမ့်မယ်။ ဆား၊ ဇီယာနဲ့ ငရုတ်ကောင်းမှုန့်လောက်ပဲသုံးပြီး အရသာသွင်း၊ ပြီးတော့ အရေခွံကို ကြွပ်ရွနေအောင် ကင်လိုက်ရင် စားလို့ကောင်းပြီ။ အမွှေးအကြိုင်တွေ အများကြီးထည့်လိုက်ရင် သိုးသားရဲ့ မူရင်းအရသာ ပျောက်သွားလိမ့်မယ်။ ဒါကြောင့် မူရင်းအရသာအတိုင်းပဲ လုပ်ကြတာပေါ့"
"ကျွန်တော်ကတော့ ရှန်ညန်ဇီ ပြောတဲ့အတိုင်းပါပဲ။ နေဦး... ကျွန်တော်တို့ တစ်မိသားစုလုံးက ရှန်ညန်ဇီ သဘောပါပဲ"
ပိုင်လောင်စန်းသည် ရှန်ညန်ဇီ၏ လက်ရာကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သည်။ သူသည် "ရှိုကျွားပင်" စရောင်းကတည်းက ပင်တိုင်ဖောက်သည် ဖြစ်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်း ရှန်မိသားစုဆိုင်က ဟင်းပွဲအသစ် ထွက်တိုင်း သူ ဝယ်စားခဲ့ပြီး အစမှအဆုံး တစ်ပွဲမှ မလွတ်ခဲ့ဖူးပေ။
ထို့ပြင် သူသည် ပဲနီဌာပနာမန်ထို၊ ပေါက်စီလုံး၊ အသင့်စားထန်းပင်၊ ဝက်သားဟင်း၊ ငါးကင်နှင့် ဘဲကင်တို့ကို ဝယ်ယူကာ ပိုင်မိသားစုရွာရှိ အိမ်ကြီးတွင် အနားယူနေသော မိဘနှစ်ပါး မြည်းစမ်းနိုင်ရန် ပို့ပေးခဲ့ဖူးသည်။
မိဘများက ဟင်းပွဲတိုင်းကို တုန်နေအောင် ကြိုက်နှစ်သက်ကြပြီး နောက်ပိုင်းတွင် အိမ်မှ အလုပ်သမားများကို မြည်းလှည်းမောင်း၍ ပြန့်ကျင်းမြို့သို့ လွှတ်ကာ လာဝယ်ခိုင်းတတ်သည်။ ဝယ်လျှင်လည်း တစ်လှည်းတိုက် ဝယ်တတ်သည်။ ငါးကင်နှင့် ဘဲကင်သာ အထားမခံ၍သာ။ မဟုတ်လျှင် အသင့်စားထန်းပင်များကို ဝယ်သကဲ့သို့ အိတ်လိုက်ဝယ်ပြီး အိမ်တွင် သိုလှောင်ထားချင်ကြသည်ဟု ဆိုသည်။
ရှန်မြောင် ကိုယ်တိုင်စားရန် လုပ်ထားသည့် မုန်ညင်းချဉ်နှင့် မျှစ်ချဉ်ကိုပင် သူတို့မိသားစုက အလွတ်မပေးခဲ့ပေ။ တစ်ခါက ပိုင်လောင်စန်းသည် ဆိုင်ရှေ့တွင် ထန်းပင်စားနေစဉ် နောက်ဖေးမှ နှာခေါင်းထဲ အလွန်စူးရှပြီး သွားရည်ယိုစေသည့် အချဉ်နံ့ကို ရုတ်တရက် ရလိုက်သည်။ အနံ့ရသည်နှင့် သူ ထိုင်မနေနိုင်တော့ပေ။ ဒါသည် သူ့အဖေ အကြိုက်ဆုံး မဟုတ်ပါလား။ ထို့ကြောင့် သူက မျက်နှာပြောင်တိုက်ပြီး ရှန်ညန်ဇီထံမှ နှစ်အိုးဝယ်ကာ မိဘများ ဆန်ပြုတ်နှင့်စားရန် ရွာသို့ ပို့ပေးခဲ့သည်။
ပိုင်လောင်စန်း၏ မိဘများသည် နှစ်ရက်မကြာခင်မှာပင် တစ်အိုးကုန်အောင် စားလိုက်ကြပြီး ပိုင်လောင်စန်းကို ထပ်တောင်းကြလေသည်။ သူ မည်သည့်နေရာမှ သွားယူရပါမည်နည်း။ ဒါသည် သူများ ကိုယ်တိုင်စားရန် လုပ်ထားသည်ကို ထပ်တောင်းရလျှင် နောက်တစ်ခါ ဆိုင်သို့ပင် မျက်နှာပြရဲတော့မည် မဟုတ်ပေ။
ပိုင်အဘိုးကြီးသည် သားဖြစ်သူက ငါးကင်နှင့် ဘဲကင်လုပ်တတ်သည့် ရှန်မြောင်ကို သိုးကင်လုပ်ပေးရန် ဖိတ်ခေါ်လာကြောင်း ကြားသိလိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် ဒီရက်ပိုင်း ထမင်းစား၍ ပိုကောင်းလာပြီး လမ်းလျှောက်လျှင်လည်း အားရှိလာကာ စပါးကျီပေါ်သို့ တစ်ချီတည်း တက်၍ မျိုးစေ့လှန်းနိုင်သည်အထိ ဖြစ်လာသည်။ ခါးမနာ ခြေထောက်မနာတော့ပေ။
သို့သော် သူသည် ရှန်မိသားစုဆိုင်မှ အစားအစာများကို စားဖူးသည်မှစ၍ ခံတွင်းတွေ့နေခဲ့ခြင်း ဖြစ်သည်။ ရှန်မိသားစုဆိုင်မှ ဝယ်လာသည့် ဟင်းဆိုလျှင် မကြိုက်သည်ဟူ၍ မရှိပေ။ ရှန်မြောင် လက်ရာ ဝက်သားဟင်း တစ်မယ်တည်းနှင့်ပင် မန်ထိုအကြီး ၃ လုံး သို့မဟုတ် ထမင်း ၂ ပန်းကန်၊ ၃ ပန်းကန်လောက် ကုန်အောင်စားနိုင်ပြီး စားပြီးလျှင် ဘဲကင်အနည်းငယ် ထပ်စားလိုက်သေးသည်။
မူလက ပိန်ပိန်ပါးပါး အဘိုးကြီးသည် ယခုအခါ တဆေးပေါက်သကဲ့သို့ ဖောင်းကားလာပြီး လုံးဝန်းနေတော့သည်။
ချန်လျိုမြို့သည် ပြန့်ကျင်းမြို့နှင့် လီ ၂၀ ခန့် ကွာဝေးသည်။ နွားလှည်းဖြင့်သွားလျှင် ၄ နာရီခန့် ကြာမြင့်တတ်ရာ မြို့သို့ရောက်ချိန်တွင် နေ့လယ်ပင် ကျော်နေလေပြီ။ မြို့မှ ရွာသို့ ဆက်သွားရာတွင် နောက်ထပ် ၁ နာရီခန့် ကြာမြင့်ပြန်သည်။ ရှန်မြောင်သည် ထိုင်ရလွန်းသဖြင့် ခြေထောက်နှင့် တင်ပါးများပင် ကျဉ်လာတော့သည်။
ရွာအဝင်သို့ ရောက်သည်နှင့် အလှဆင်ထားသဖြင့် စည်ကားသိုက်မြိုက်နေသော ပိုင်လောင်အာ့၏ အိမ်ကို လှမ်းမြင်လိုက်ရသည်။ ပိုင်လောင်အာ့၏ အိမ်သည် အုတ်ကြွပ်မိုး အိမ်ကြီး ၅ လုံးတွဲ ဖြစ်သည်။ ခြံစည်းရိုးနှင့် တံခါးများပေါ်တွင် အနီရောင် အဝတ်စများ ချိတ်ဆွဲထားပြီး အတွင်းဘက်ရှိ တံခါး၊ ပြတင်းပေါက်၊ စားပွဲနှင့် ထိုင်ခုံများပေါ်တွင် "မင်္ဂလာ" စာလုံးများ ကပ်ထားကာ ခြေလှမ်း အနည်းငယ်ခြားတိုင်း အနီရောင် မီးအိမ်ကြီး တစ်လုံး ချိတ်ဆွဲထားလေသည်။
ပိုင်လောင်စန်းသည် လှည်းကို အိမ်ထဲသို့ ကမန်းကတန်း မောင်းဝင်လိုက်သည်။ ရှန်မြောင်တို့အဖွဲ့ လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ဖော်ရွေသော ပိုင်မိသားစုဝင်များက ဝိုင်းအုံလာကြပြီး ရေနွေးကြမ်း တိုက်သူကတိုက်၊ မင်္ဂလာသကြားလုံးနှင့် ပဲလှော်များ လက်ထဲထည့်ပေးသူက ပေးနှင့် အလုပ်ရှုပ်သွားကြသည်။ ရှန်းအာနှင့် ယန့်ရှူးတို့မှာ ပျော်လွန်း၍ မဆုံးတော့ပေ။
နှစ်ယောက်လုံး၏ အိတ်ကပ်ထဲတွင် မုန့်များ ပြည့်သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပါးစပ်အုပ်၍ ခိုးရယ်လိုက်ကြသည်။ ဤအစားပိုးကောင်လေးနှစ်ကောင်တော့ သရေစာများကို အဝစားရတော့မည်။
ခြံဝင်းအရှေ့ပိုင်းနှင့် တံခါးရှေ့တို့တွင် မင်္ဂလာစားပွဲဝိုင်းများ ခင်းကျင်းထားသည်။ နောက်ဖေးခြံဝင်းတွင်မူ အပြာရောင်အမိုးဖြင့် ယာယီမီးဖိုဆောင် ဆောက်လုပ်ထားသည်။ မြေစိုက်မီးဖို အများအပြား စီတန်းနေပြီး မီးခိုးများ တလူလူ ထွက်နေသည်။ ရွာထဲမှ ကူညီပေးကြမည့် အဒေါ်ကြီးများသည် အင်္ကျီလက်ကို ပင့်တင်လျက် ဟင်းသီးဟင်းရွက် လှီးသူကလှီး၊ ချက်သူကချက်ဖြင့် အလုပ်များနေကြသည်။ နောက်ဖေးဝင်းတစ်ခုလုံး ဟင်းသီးဟင်းရွက်နှင့် အသားငါး တောင်းကြီးများဖြင့် ပြည့်နှက်နေသည်။ ရေစည်ပိုင်းထဲတွင် လတ်ဆတ်သော ငါး ၁၀ ကောင်ကျော် ထည့်ထားရာ ရံဖန်ရံခါ ငါးများ ခုန်တက်သဖြင့် ရေများ ဖိတ်စင်ကုန်သည်။ ထောင့်တစ်နေရာတွင်လည်း အရက်အိုး ၁၀ လုံးကျော် စီထားရာ မွှေးပျံ့ပြင်းရှသော အရက်နံ့များ လွင့်ပျံ့လို့နေလေသည်။
ထင်ရှားပေါ်လွင်ဆုံးအရာမှာ စားပွဲပေါ်တွင် တင်ထားသည့် သန့်စင်ပြီးသား သိုးကောင်ကြီးပင်။
အိမ်ရှေ့ခြံဝင်းတွင် သတို့သမီးလောင်းသည် အခန်းထဲ၌ မိတ်ကပ်လိမ်းခြယ် ပြင်ဆင်နေသည်။ မကြာမီ နေဝင်ရီတရောအချိန်တွင် သတို့သား ရောက်လာပါက သတို့သမီးဘက်မှ ဆွေမျိုးများက တံခါးပိတ် တားဆီးထားကြပြီး သတို့သားကို ဂွမ်းစွပ်တုတ်ဖြင့် လိုက်ရိုက်ကြမည် ဖြစ်သည်။ ထိုသို့ ဆူဆူညံညံ စနောက်ကြသည်မှာ အလွန် ပျော်စရာ ကောင်းလှသည်။
စုန့်ခေတ်ထုံးစံအရ သတို့သမီးဘက်မှ ဧည့်ခံပွဲသည် ညနေစောင်း၍ သတို့သမီး အိမ်မှထွက်ခွာသွားမှသာ စတင်လေ့ရှိသည်။ ရှန်မြောင်သည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ယခုအချိန်သည် ပြင်ဆင်ရန် အတော်ပဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပိုင်လောင်စန်းသည် ပိုင်မိသားစုမှ မိန်းကလေးငယ်အချို့ကို ခေါ်လိုက်ပြီး ရှန်းအာ၊ ကျိအာ၊ ချန်ချွမ်းနှင့် ယန့်ရှူးတို့ကို ခေါ်ကာ သလဲသီးခူးထွက်ရန် ပြောလိုက်သည်။ ကလေးများသည် ဇက်ကြိုးလွတ်သွားသော မြင်းရိုင်းလေးများအလား ခြင်းတောင်းကိုယ်စီလွယ်၍ ပျော်ရွှင်စွာ ပြေးထွက်သွားကြတော့သည်။
ရှန်းအာက ရင်ဘတ်ကိုပုတ်ပြီး ပိုင်မိသားစုမှ မိန်းကလေးများကို ကြွားလုံးထုတ်လေသည်။
"ငါက သစ်ပင်တက် အတော်ဆုံးပဲ။ ခဏနေ ငါတက်ခူးမယ်၊ နင်တို့က အောက်ကနေ ဖမ်းနော်"
ကျိအာက ချက်ချင်းပင် ဖော်ကောင်လုပ်လိုက်သည်။
"တော်စမ်းပါ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဘယ်သူမှန်းမသိဘူးနော်... ပန်းခူးချင်လို့ဆိုပြီး သစ်ပင်တက်တာ၊ လက်နှစ်ဖက်က သစ်ပင်ကို ဖက်ထားပြီး ခြေထောက်က ကန်တက်နေလိုက်တာ၊ တင်ပါးက တရမ်းရမ်းနဲ့ မျက်နှာကြီး နီရဲလာတဲ့အထိ တက်လို့မရဘူးလေ..."
"အဲဒါ လျိုတို့ဟွား တင်ပါးလှုပ်ပြီး တက်မရတာပါနော်... ငါ မဟုတ်ဘူး" ရှန်းအာ မျက်နှာရဲသွားပြီး တိုးတိုးလေး ဆင်ခြေပေးလေသည်။ "ကိုကြီးကလည်း... ဆက်မပြောပါနဲ့တော့၊ တော်ကြာနေ... တော်ကြာနေ လျိုတို့ဟွား ရှက်သွားလိမ့်မယ်"
ကျိအာသည် ရယ်ချင်လွန်းသဖြင့် တံတွေးသီးကာ လမ်းတစ်လျှောက်လုံး ချောင်းဆိုးသွားရတော့သည်။
ထန်အာကတော့ ရှန်မြောင်ဘေးတွင် လက်ထောက်လုပ်ရန် ကျန်ရစ်ခဲ့သည်။ ပိုင်လောင်စန်းက ရှဲ့ချီကို အိမ်ထဲသို့ ဖိတ်ခေါ်ပြီး ရေနွေးကြမ်းဖြင့် ဧည့်ခံလေသည်။ သို့သော် ၁၅ မိနစ်ပင် မကြာလိုက်ပေ။ ရှန်မြောင်သည် ငရုတ်ကောင်း၊ စမုံစပါး၊ ဇီယာ၊ ဂျင်းခြောက်၊ ဖာလာစသည့် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်နေစဉ် ရှဲ့ချီတစ်ယောက် အခန်းထဲမှ ကစဥ့်ကလျားဖြင့် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
သူမ မျက်တောင်ခတ်ရင်း နားမလည်နိုင်စွာဖြင့် သူ့ကို ကြည့်လိုက်မိသည်။
ရှဲ့ချီက ပြောရခက်စွာဖြင့် ရှင်းပြလေသည်။ "အခန်းထဲမှာ အဒေါ်ကြီးတွေချည်းပဲဗျ... သူတို့က... သူတို့က ကျွန်တော့်ကို ဝိုင်းထားပြီး စေ့စပ်ပြီးပြီလားလို့ မေးကြတယ်၊ သူတို့သမီးတွေနဲ့ ပေးစားချင်လို့တဲ့လေ"
သူ စကားကို ခဏရပ်လိုက်ပြီး ထိတ်လန့်တကြား ဆက်ပြောသည်။ "သူတို့က... ကျွန်တော့်လက်ကိုတောင် ကိုင်ကြည့်ကြသေးတယ်"
ရှန်မြောင်မှာ ရယ်လွန်းသဖြင့် ကိုင်ထားသော ဓားပင် တုန်ခါသွားသည်။ ရှဲ့ချီသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားရာ ပိုင်မိသားစုနှင့် ရွာသားများက သူ့နောက်ခံအကြောင်းကို မသိကြပေ။ ရှန်မြောင်ကဲ့သို့ပင် သာမန်အရပ်သားဟု ထင်မှတ်ထားကြသည်။ ထို့ပြင် သူက ရုပ်ရည်ချောမောသဖြင့် ကြည့်လေ ကြိုက်လေ ဖြစ်နေကြသည်။ သူကဲ့သို့ မြင့်မြတ်သော အထက်တန်းလွှာ သခင်လေးတစ်ယောက်သည် ဤကဲ့သို့ အတင်းအဓမ္မ ပေးစားခံရသည့် အခြေအနေမျိုးကို မည်သည့်နေရာတွင် ကြုံဖူးပါမည်နည်း။
တောရွာမှ အဒေါ်ကြီးများလက်ထဲသို့ ရောက်သွားမှတော့ အရိုးပါမကျန် ဝါးစားခံလိုက်ရတော့သည်။
ရှဲ့ချီသည် နစ်နာသူတစ်ယောက်အဖြစ် တိုင်တန်းသည့် အကြည့်ဖြင့် ရှန်မြောင်ကို ကြည့်လိုက်လေသည်။ ရှန်ညန်ဇီက မျက်ရည်ထွက်သည်အထိ ရယ်မောနေသည်။ အဲဒီလောက်တောင် ရယ်စရာ ကောင်းနေလို့လား။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ရှန်မြောင်က လက်ခုံဖြင့် မျက်ရည်စများကို သုတ်လိုက်ပြီး ရယ်ချင်စိတ်ကို အောင့်ကာ ပြောလိုက်သည်။ "ကျိုကော... ကျွန်မဘေးမှာပဲ မီးဖိုဆောင်အကူအနေနဲ့ နေလိုက်ပါတော့၊ ဒါမှ အထဲက အဒေါ်ကြီးတွေ ဝါးစားတာ မခံရမှာ..."
စကားမဆုံးခင် သူမ ထပ်မံ ရယ်မောလိုက်ပြန်သည်။
ရှဲ့ချီက နှုတ်ခမ်းကို စေ့လိုက်ပြီး ဝမ်းနည်းဟန်ဖြင့် မေးလေသည်။ "မီးဖိုဆောင်အကူက ဘာလုပ်ရမှာလဲ"
ဒီတစ်ခါတော့ ရှန်မြောင် အမေးခံလိုက်ရပြီ။ ရေတစ်မုတ်၊ မီးတစ်စနှင့် အလုပ်ကြမ်း မလုပ်ဖူးသော ကျိုကောကို ဘာခိုင်းရပါမည်နည်း။ သူမ တစ်ချက်ဝေ့ကြည့်လိုက်ရာ အကြံရသွားပြီး ကျောက်ငရုတ်ဆုံကို ယူလိုက်သည်။ ကျောက်ကျည်ပွေ့ကို သူ့လက်ထဲထည့်ပေးပြီး စားပွဲပေါ်မှ လှီးဖြတ်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို ညွှန်ပြကာ မော့ကြည့်ရင်း ပြုံးလျက် ပြောလိုက်တော့သည်။ "ကျိုကော... ဒါတွေကို အမှုန့်ဖြစ်အောင် ထောင်းပေးပါလား"
ရှဲ့ချီက လှမ်းယူလိုက်ပြီး အမှန်တကယ်ပင် ဝင်ထောင်းပေးလေသည်။
ရှန်မြောင်သည် သိုးကောင်ကြီးကို အာရုံစိုက်၍ ကိုင်တွယ်လိုက်သည်။ သိုးကောင်လုံးကင်သည် ဟန်ခေတ်ကတည်းက ရှိခဲ့ပြီးဖြစ်သည်။ "ချီမင်ယောက်ရှူး" ကျမ်းတွင် ဟန်ခေတ် သိုးကင်ပြုလုပ်နည်းကို မှတ်တမ်းတင်ထားသည်မှာ "သိုးကင်ပြုလုပ်ရန် သိုးသားတုံးများကို ရေဆေးပါ၊ ငရုတ်ကောင်းရည် စိမ်ပါ၊ ဆားနှင့် အမွှေးအကြိုင်များ နယ်ပြီး မီးကင်ပါ" ဟု ဖြစ်သည်။ ထန်ခေတ်ရောက်သောအခါ ခေတ်တစ်ခေတ်လုံး လွှမ်းမိုးခဲ့သော "ရှားဝေ့" စားသောက်ပွဲတော်ကြီးများပင် ပေါ်ပေါက်ခဲ့သည်။
စုန့်ခေတ်လူများသည် သိုးသားကို အလွန်ကြိုက်နှစ်သက်ကြသဖြင့် သမီးမိန်းကလေး မင်္ဂလာဆောင်တွင် သိုးကောင်လုံးကင်ဖြင့် ဧည့်ခံခြင်းသည် ဂုဏ်ရှိသော အပြုအမူတစ်ခု ဖြစ်လေသည်။
...
အပိုင်း (၁၁၄)
ရှန်မြောင်သည် ထန်အာကို သိုးကောင်ကြီးအား လှန်ခိုင်းလိုက်ပြီး ဆား၊ ပဲငံပြာရည်၊ ဇီယာနှင့် တန်ဖိုးကြီးလှသော ငရုတ်ကောင်းမှုန့်တို့ကို ရောစပ်လိုက်သည်။ ထို့နောက် သိုး၏ ဝမ်းဗိုက်ထဲသို့ လက်နှိုက်ကာ အရသာများကို နှံ့စပ်အောင် သုတ်လိမ်းလိုက်သည်။ အရသာသည် အရိုးထဲထိ စိမ့်ဝင်သွားစေရန် အကြိမ်ကြိမ် အထပ်ထပ် သေချာစွာ နယ်ဖတ်ပေးလိုက်သည်။
ထို့နောက်တွင် ထင်းကို ပြင်ဆင်ရမည်။ အရင်ဆုံး ထင်းမီးကို သေချာမွှေးပြီး မီးခိုးမထွက်တော့ဘဲ အပူချိန် ညီမျှလာမှသာ သိုးကောင်ကို တံကျင်ထိုးပြီး မီးဖိုပေါ် တင်ရပေမည်။ ထန်အာသည် သံချိတ်များ၊ ကြိုးများဖြင့် သိုးကောင်ကို တံကျင်တိုင်တွင် မြဲမြံစွာ ချည်နှောင်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း လှည့်ပေးရသည်။ ဤသဘောတရားသည် ဘဲကင်ကင်သည်နှင့် အတူတူပင်ဖြစ်ပြီး အပူချိန် ညီမျှစွာ ရရှိစေရန် ဖြစ်သည်။
စကင်ကာစအချိန်တွင် အပေါ်ယံမှ သိုးအဆီများ အရည်ပျော်ကျလာပြီး "တဖျစ်ဖျစ်" မြည်ကာ မီးသွေးခဲပေါ်သို့ တစ်စက်ချင်း ကျဆင်းသွားရာ မွှေးပျံ့သော မီးတောက်များ ထကြွလာလေသည်။ ထိုအချိန်တွင် လက်ကိုင်တံရှည် စုတ်တံတစ်ချောင်းကိုယူ၍ ဆီနှင့် ပျားရည်သုတ်လိမ်းကာ သိုးကောင်လုံးအနှံ့ အကြိမ်ကြိမ် သုတ်ပေးရမည်။ ဆီက သိုးသားကို စိုပြေစေပြီး ပျားရည်က အရောင်လှစေသည့်အပြင် တူးခြစ်သွားခြင်းမှလည်း ကာကွယ်ပေးသည်။
ဤကဲ့သို့ပင် ဖြည်းဖြည်းချင်း ကင်ရလေသည်။ သိုးကင်ရာတွင် စိတ်လော၍ မဖြစ်ပေ။ မီးအရှိန်ကို အချိန်တိုင်း ကြည့်ရှုနေရမည်။ သိုးကင်ခြင်း၏ စစ်မှန်သော ပညာရပ်သည် မမြင်နိုင်သော နေရာများတွင် ရှိပြီး မျက်စိအကဲခတ်ခြင်းနှင့် အတွေ့အကြုံအပေါ်တွင် မူတည်သည်။ ရှန်မြောင်က ထန်အာကို ပို၍ဖြည်းဖြည်း လှည့်ရန် ပြောလိုက်သည်။ အရေခွံသည် ရွှေအိုရောင်သမ်းကာ နီရဲလာပြီး အသားနှင့်အရိုး ကွာသွားကာ မွှေးပျံ့သော အနံ့များ လွင့်ပျံ့လာမှသာ ကျက်ခါနီးပြီဟု ဆိုနိုင်ပေသည်။
ကင်ထားပြီးခါစ သိုးကောင်သည် လူအများကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်လေသည်။
ရှဲ့ချီ ထောင်းထားပေးသော အမွှေးအကြိုင်မှုန့်များကို ဤအချိန်တွင် အသုံးပြုရတော့သည်။ ဆီပူလောင်းထည့်လိုက်ပြီး ကြက်သွန်ဖြူထောင်း၊ ရှာလကာရည်မွှေးနှင့် ကြက်သွန်မြိတ်မျှင်များ ထည့်လိုက်လျှင် အသင့်စား တို့စရာအချဉ်ရည် ရရှိပြီဖြစ်သည်။ ရှန်မြောင်သည် အမွှေးအကြိုင်များကို သိုးကောင်ပေါ်သို့ လောင်းမချပေ။ လူတစ်ယောက်နှင့်တစ်ယောက် အကြိုက်မတူနိုင်သဖြင့် တို့စရာခွက် သီးသန့်ခွဲထားခြင်းက ပိုကောင်းသည်ဟု သူမ တွေးမိသည်။ အချဉ်ရည်နှင့် စားချင်သူက တို့စားနိုင်ပြီး သိုးသားအရသာစစ်စစ်ကို စားချင်သူက မတို့ဘဲ စားနိုင်မည်။ ဤသည်က အကောင်းဆုံးနည်းလမ်းပင်။
သိုးကင်ပြီးသည်နှင့် မွှေးပျံ့သွားရာ ဟင်းချက်နေကြသော အဒေါ်ကြီးများပင် လက်မှအလုပ်များကို ချထားခဲ့ပြီး ဆီတဝင်းဝင်းလက်နေသော သိုးကောင်ကြီးကို ဝိုင်းကြည့်ကာ အနံ့ခံကြလေတော့သည်။
"သိပ်မွှေးတာပဲ"
"အနေတော်ပဲနော်... ဆီတွေ တဖျစ်ဖျစ် မြည်နေတာပဲ"
"ဟယ်... ဒီကောင်မလေးက အသက်ငယ်ငယ်လေးနဲ့ သိုးကင်တဲ့လက်ရာက အံ့မခန်းပါလား"
ရှန်မြောင်သည် သူတို့၏ ပွင့်လင်းသော ချီးကျူးစကားများကြောင့် ပြုံးမိလေသည်။
ထိုအချိန်တွင် မိုးချုပ်စပြုလာလေပြီ။ ရှန်မြောင်က သိုးကင်နေစဉ် အပြင်ဘက်တွင် အတော်လေး စည်ကားနေခဲ့သည်။ သတို့သားသည် ပိုင်မိသားစုဝင်များ၏ ရိုက်နှက်ခြင်းကို ခံရသဖြင့် ခေါင်းကိုအုပ်ကာ ကြွက်တစ်ကောင်လို ပြေးလွှားနေရပြီး "လမ်းကြေး" အဖြစ် ကြေးပြားများစွာ ပစ်ပေးပြီးမှ နောက်ဆုံးတွင် သတို့သမီးကို ခေါ်ဆောင်သွားနိုင်ခဲ့လေသည်။
ထို့နောက်တွင် ဆွေမျိုးမိတ်သင်္ဂဟများကို ဧည့်ခံသည့် "သတို့သမီး နှုတ်ဆက်ပွဲ" စတင်လေသည်။ ပိုင်မိသားစုမှ သန်မာသော အမျိုးသားအချို့က သိုးကောင်လုံးကင်ကို စားပွဲဝိုင်းအလယ်သို့ သယ်ဆောင်သွားပြီး ဧည့်သည်များကို ဦးစွာ ပြသလိုက်ကြသည်။ ဤသည်မှာ သတို့သမီး မိဘအိမ်၏ ကြွယ်ဝမှုကို ပြသခြင်းလည်း ဖြစ်သည်။
လူများ ကြည့်ရှုပြီးသောအခါ ထန်အာက နေရာတွင်ပင် တစ်ပန်းကန်ချင်းစီ လှီးဖြတ်ပေးသည်။ သူ အသားလှီးသည့်စွမ်းရည်မှာ အမှန်တကယ် ကောင်းမွန်လှသည်။ လခြမ်းကွေးပုံစံ ဓားသွယ်သွယ်လေးကို ကိုင်လျက် ဦးစွာ ခြေလက်လေးဖက်ကို ဖြုတ်သည်၊ ထို့နောက် နံရိုးများကို ခွဲသည်။ ခဏအကြာတွင် သိုးသားများကို အချပ်ပါးလေးများ ရရှိအောင် လှီးဖြတ်ပြီး ပန်းကန်ပြားပေါ်တွင် သေသပ်စွာ စီလိုက်သည်။
ရှန်းအာတို့တစ်သိုက်လည်း သလဲသီးတစ်အိတ်စီဖြင့် ကခုန်ပျော်မြူးကာ ပြန်ရောက်လာကြသည်။ သတို့သမီး လှည်းပေါ်ပါသွားပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ရင်ဘတ်စည်တီးကာ နောင်တရနေကြတော့သည်။
"စောစောပြန်လာသင့်တာ... သတို့သမီး မျက်နှာကိုတောင် မမြင်လိုက်ရဘူး"
ရှန်မြောင်လည်း မမြင်လိုက်ရပေ။ သို့သော် ဒီကိုလာသည်မှာ သတို့သမီးကို ကြည့်ရန်မှ မဟုတ်ဘဲလေ။
ပိုင်လောင်စန်းသည် ရှန်မြောင်တို့အဖွဲ့အတွက် အိမ်ရှေ့ဝင်းထဲတွင် စားပွဲတစ်ဝိုင်း စီစဉ်ပေးထားသဖြင့် လေတိုက်ခံရပြီး အအေးမိမည့်ဒဏ်မှ သက်သာသွားသည်။ ရှန်မြောင်သည် မိသားစုဝင်များကို ခေါ်ကာ ဝိုင်းထိုင်လိုက်ပြီး စုန့်ခေတ် ကျေးလက်စားပွဲကြီးကို ကောင်းမွန်စွာ စားသောက်လိုက်ကြသည်။
အအေးပန်းကန်အနေဖြင့် မြေပဲနှပ်နှင့် တရုတ်နံနံနှပ်၊ ထို့နောက် ပထမဟင်းပွဲဖြစ်သော တို့ဖူးကြော်၊ မျှစ်နှင့် ကြွက်နားရွက်မှိုပေါင်း (ချမ်းသာကြွယ်ဝခြင်း နိမိတ်ဆောင်သည်)၊ ဝက်ခေါင်းသား၊ ကြက်ကင်၊ ငါးပေါင်း၊ မျှစ်ခြောက်ဝက်သားပေါင်းနှင့် ဟင်းရွက်စွပ်ပြုတ်တို့ ပါဝင်သည်။ နောက်ဆုံး အချိုပွဲအနေဖြင့် သကြားဖြူးထားသော ကောက်ညှင်းမုန့်နှင့် ဇီးသီး၊ လိုဂန်သီးတို့ ပါဝင်သည့် ဟင်းချိုရည်တို့ ဖြစ်သည်။
ရွာမှ စားသောက်ပွဲသည် ပြန့်ကျင်းမြို့တွင်းရှိ စားသောက်ဆိုင်များလောက် မသေသပ်သော်လည်း ရိုးရှင်းသည့်အလှ ရှိလေသည်။
ဥပမာ ဟင်းရွက်စွပ်ပြုတ်သည် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် တောဟင်းရွက်များကို လှီးဖြတ်ကာ ဆန်မှုန့်အနည်းငယ်၊ ဂျုံနှစ်အနည်းငယ်ရော၍ ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ဟင်းရည်က ပျစ်နှစ်နေပြီး ဆားနှင့် နှမ်းဆီအနည်းငယ်သာ ထည့်ထားသော်လည်း ပါးစပ်ထဲတွင် လတ်ဆတ်သော ဟင်းရွက်အရသာ အပြည့်ရလေသည်။
ရှန်မြောင်ကတော့ ထိုဟင်းရည်ကို သဘောကျမိသည်။ အရသာ ပေါ့ပါးသည့် သတ်သက်လွတ် ဂျုံလုံးဟင်းချိုသောက်ရသည့် ခံစားချက်မျိုး ပေးစွမ်းပြီး လန်းဆန်းစေသည်။ ဟင်းရွက်များကို ချက်ခါနီး နာရီဝက်လောက်ကမှ ခူးဆွတ်ကာ ချက်ပြုတ်ထားခြင်း ဖြစ်နိုင်သဖြင့် အရည်ရွှမ်းပြီး ကြွပ်ရွကာ မွှေးပျံ့နေခြင်း ဖြစ်ပေလိမ့်မည်။
ကောက်ညှင်းမုန့်သည်လည်း ထုထောင်းထားသည်မှာ အနေတော်ဖြစ်ပြီး ပျော့အိကာ စေးပိုင်နေသည်။ မုန့်ကို ညှပ်ယူ၍ မြေပဲထောင်းရောထားသော သကြားဖြူနှင့်တို့ကာ ပါးစပ်ထဲထည့်လိုက်လျှင် ဆန်နံ့မွှေးမွှေးနှင့် သကြားအရသာ ချိုမြမြကို ခံစားရပြီး အလွန် စားကောင်းလှသည်။
သိုးကောင်လုံးကင်ကို ပန်းကန်များဖြင့် ခွဲကာ စားပွဲပေါ်သို့ ပို့ဆောင်လိုက်သောအခါ ဧည့်သည်အများအပြား လည်ပင်းရှည်အောင် စောင့်ကြည့်ကြလေသည်။ ရှန်မြောင်တို့ စားပွဲဘေးတွင် အဓိကစားပွဲဝိုင်း ရှိလေသည်။ ပိုင်အဘိုး၊ ပိုင်လောင်တာ့၊ ပိုင်လောင်အာ့နှင့် ပိုင်လောင်စန်းတို့၏ သားယောက်ျားလေးများ တစ်ဝိုင်းတည်း ထိုင်ကြသည်။
မူလက ပိုင်လောင်အာ့သည် သမီးဖြစ်သူ သူများအိမ်ပါသွားသဖြင့် ငိုကြွေးနေခဲ့သော်လည်း သိုးကင်အနံ့ကို ရလိုက်သည်နှင့် မျက်နှာပေါ်မှ မျက်ရည်ပင် မခြောက်သေးဘဲ တူကို လှမ်းလိုက်မိတော့သည်။ ထိုစဉ် ပိုင်အဘိုး လှမ်းလိုက်သည့် တူနှင့် သွားရိုက်မိလေသည်။
ပိုင်အဘိုးက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"မိဘကို မရိုသေတဲ့ကောင်"
ပိုင်လောင်အာ့ခမျာ ရှက်ရွံ့စွာဖြင့် တူကို ပြန်ရုတ်လိုက်ရပြီး အဖေဖြစ်သူက အကောင်းဆုံး သိုးပေါင်သားကို ညှပ်ယူသွားသည်ကို ကြည့်နေလိုက်ရတော့သည်။
ထို့နောက်တွင် သူသည် မငိုတော့ဘဲ ဖခင်၊ ညီအစ်ကိုများနှင့် သိုးသားလုစားလေတော့သည်။ ရှန်ညန်ဇီ၏ သိုးကောင်လုံးကင် ရောက်လာသည်နှင့် ကျန်သည့်ဟင်းပွဲများမှာ အရသာမရှိသလို ဖြစ်သွားရသည်။ ပိုင်မိသားစုသာမက အခြားဆွေမျိုးများလည်း ထိုနည်းတူပင်ဖြစ်ပြီး အားရပါးရ စားသောက်နေကြတော့သည်။
ပိုင်လောင်အာ့က စိတ်ထဲတွင် တွေးလိုက်မိ၏။ ပြန့်ကျင်းမြို့မှ အထူးတလည် ဖိတ်ခေါ်လာသည့် စားဖိုမှူးနှင့် တကယ် တန်ပေသည်။ လက်ရာက ဝါရင့်စားဖိုမှူးကြီးများထက်ပင် သာလွန်ပေသည်။ တကယ်ကောင်းပါပေတယ်။
ဧည့်သည်များက လာရောက် အရက်ခွက်မြှောက် ဂုဏ်ပြုကြရာတွင်လည်း သိုးသားကောင်းကြောင်း ထည့်ပြောကြသည်။ ပိုင်လောင်အာ့သည် အရက်သောက်ထားသဖြင့် မျက်နှာနှစ်ဖက် နီရဲနေပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကော့ ဗိုက်ပစ် ထိုင်နေလေသည်။ ထိုင်လိုက်သည်နှင့် ပိုင်လောင်စန်းကို ပြောလိုက်သည်။
"မင်း တော်တော်အသုံးကျတာပဲ၊ ရှန်ညန်ဇီကို ဖိတ်ခေါ်နိုင်ခဲ့လို့ တစ်ရွာလုံးက ငါ့သမီး အိမ်ထောင်ဘက်ကောင်း ရတယ်ဆိုတာ သိကုန်ကြပြီ၊ နှုတ်ဆက်ပွဲ စားသောက်ပွဲကအစ အကောင်းစား ဖြစ်နေတာကိုး"
ပိုင်လောင်စန်းသည် ပါးစပ်ထဲတွင် ဆီရွှဲနေသော သိုးကင်များ ပြည့်နေသဖြင့် ခေါင်းသာ တွင်တွင်ညိတ်နိုင်ပြီး ပြန်ပြောရန် အားမရှိတော့ပေ။
ဤသိုးကင်ကို စားပွဲပေါ် တင်လိုက်သည်နှင့် မွှေးပျံ့သောအနံ့က နှာခေါင်းထဲသို့ "ရှူး" ခနဲ တိုးဝင်လာပြီး ဗိုက်ထဲမှ အစာအိမ်ကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားသည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ဘုရားရေ... အပေါ်ခွံက ကြွပ်ရွနေပြီး မုန့်ကြွပ်ကြော်ကဲ့သို့ ပါးစပ်ထဲတွင် "ကြွပ်" ခနဲ မြည်သွားသည်မှာ နားထောင်လို့ပင် ကောင်းလှသည်။ အတွင်းသားကတော့ နူးညံ့ပြီး အရည်ရွှမ်းကာ ပျော့အိနေသည်။ တစ်ကိုက်ကိုက်လိုက်တိုင်း အသားရည်များ ထွက်ကျလာပြီး အလွန်မွှေးကြိုင်ကာ ညှီနံ့ လုံးဝ မရှိပေ။ အချဉ်ရည်နှင့် တို့စားလိုက်လျှင် အရသာက ပိုမိုထူးကဲသွားပြီး လျှာဖျားမှသည် နှလုံးသားထဲထိ စွဲမက်သွားစေသည်။
ပိုင်လောင်စန်းသည် စိတ်ထဲမှ လေးစားနေမိသည်။ သူ နောက်ဖေးသို့ ရေနွေးကြမ်းသွားပို့စဉ်က ရှန်ညန်ဇီ သိုးကင်သည့် အဆင့်ဆင့်ကို ကြည့်ခဲ့ရာ ထူးထူးခြားခြား ဘာမှမပါသော်လည်း ကင်လိုက်သည့်အခါ ဘာကြောင့် ဤမျှ ထူးကဲသွားရသနည်း။ တကယ်ကို အံ့သြစရာပင်။
စားသောက်ပွဲပြီးသည့်နောက် ပိုင်လောင်စန်းက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရှန်မြောင်ကို ငန်းတစ်ကောင် လက်ဆောင်ထပ်ပေးသည်။ ပိုင်အဘိုးကလည်း ငွေ ၁ ကွမ်း ပိုပေးပြီး နှုတ်မှလည်း တဖွဖွ ပြောရှာသည်။
"ရှန်ညန်ဇီ ဘာဟင်းပဲချက်ချက် လက်ရာက ပြိုင်ဘက်ကင်းပါပဲ။ ကောင်းတယ်... တကယ်ကောင်းတယ်"
ရှန်မြောင်လည်း ဟန်ဆောင်ငြင်းဆန်မနေဘဲ ပြုံးလျက် လက်ခံလိုက်၏။
မိုးချုပ်သွားပြီဖြစ်ရာ ပြန်လျှင် ၆ နာရီခန့် စီးရမည်ဖြစ်၍ သူတို့အဖွဲ့ ပိုင်မိသားစုအိမ်တွင် တစ်ည အိပ်လိုက်ကြတော့သည်။
ပိုင်လောင်စန်းသည် သန့်ရှင်းသော အခန်းများကို ရှင်းလင်းထားပြီး နေလှန်းထားသော စောင်သစ်များ ပြင်ဆင်ပေးသည်။ ရှန်မြောင်က ရှန်းအာနှင့် တစ်ခန်း၊ ရှဲ့ချီ၊ ချန်ချွမ်းနှင့် ကျိအာတို့က တစ်ခန်း၊ ထန်အာက ယန့်ရှူးနှင့် တစ်ခန်း အိပ်ကြသည်။
နောက်တစ်နေ့ နိုးလာသောအခါ ပိုင်လောင်စန်းက ဇနီးသည်ကို လွှတ်ပြီး မေးမြန်းစေသည်။
"ရှန်ညန်ဇီ အလုပ်မရှုပ်ဘူးဆိုရင် မပြန်ခင် ရွာထဲ လမ်းလျှောက်ကြည့်ချင်လား။ ကျွန်မတို့ရွာမှာ မြစ် ၃ စင်း ဖြတ်စီးပြီး ကန်တွေ၊ ရေအိုင်တွေ အများကြီးရှိတော့ ရှုခင်း ကြည့်လို့ကောင်းတယ်"
ရေကန်လား။ ရေအိုင်လား။ ရှန်မြောင် ကြားလိုက်သည်နှင့် စိတ်ဝင်စားသွားပြီး သဘောတူလိုက်သည်။
အပြင်ဘက်တွင် မိုးလင်းစပြုနေပြီဖြစ်ကာ နေရောင်ခြည် ဖျော့ဖျော့လေးသာ ရှိသေးသည်။ ရှန်းအာသည် မုန့်ချပ်ကင်သကဲ့သို့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် အိပ်ပျော်နေဆဲ ဖြစ်သဖြင့် သူမ မနှိုးတော့ဘဲ ပေးအိပ်ထားလိုက်သည်။
သူမသည် ထလာပြီး ဆံပင်သိမ်း၊ မျက်နှာသစ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ ပြတင်းပေါက်ကို တုတ်ဖြင့်ထောက်ပြီး တစ်ဝက်ဖွင့်လိုက်စဉ် ရှဲ့ချီသည် ကိုယ်ကျပ်လက်ရှည် ဝတ်စုံဖြင့် ခြံဝင်းထဲတွင် သိုင်းကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် တုတ်သိုင်းကစားနေပုံရသော်လည်း တုတ်ရှည်မပါလာသဖြင့် ပိုင်မိသားစု၏ ထမ်းပိုးတံကို ကိုင်ထားလေသည်။
အစပိုင်းတွင် ကြည့်ရသည်မှာ ရယ်စရာကောင်းသလိုလို ရှိသော်လည်း သေချာကြည့်လိုက်မှ သူ့တွင် သိုင်းပညာ အမှန်တကယ် ရှိကြောင်း သိလိုက်ရသည်။ ထမ်းပိုးတံတစ်ချောင်းကို လေတိုးသံ တဝေါဝေါမြည်အောင် လျင်မြန်ထက်မြက်စွာ ကစားနိုင်လေသည်။
ကျိုကောက သိုင်းလည်း တတ်တာပဲ။ ရှန်မြောင် ယခုမှ သိလိုက်ရသဖြင့် အံ့သြစွာဖြင့် ပြတင်းပေါက်ဘေးတွင် ထိုင်ချပြီး ချောင်းကြည့်နေမိသည်။ ပုံမှန်ဆိုလျှင် သူသည် ပွယောင်းသော ဝတ်ရုံကြီးများကို ဝတ်ဆင်လေ့ရှိပြီး စကားပြောလျှင်၊ လှုပ်ရှားလျှင် ဖြည်းငြင်းစွာ ပြုမူတတ်သဖြင့် စာပေသမားတစ်ယောက်ဟုသာ ထင်ခဲ့သော်လည်း စာပေရော သိုင်းပညာပါ နှံ့စပ်သူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ ခြေလှမ်းရွှေ့ပြောင်းလိုက်သည်နှင့် ထမ်းပိုးတံကလည်း ကိုယ်နှင့်မကွာ ပါသွားသည်။ ပင့်တင်လိုက်၊ ထိုးစိုက်လိုက်၊ ရိုက်ချလိုက်၊ ဝှေ့ယမ်းလိုက်နှင့် ကစားနေစဉ် လေတိုက်ခတ်လာသဖြင့် အင်္ကျီစများ လွင့်ပျံသွားသည်။ ကိုယ်ကျပ်အင်္ကျီအောက်နား လစ်ခနဲ လန်တက်သွားရာ ဝမ်းဗိုက်ကြွက်သားများ ပေါ်လာလေသည်။
အို...။
မမြင်အပ်သည်ကို မကြည့်ရ၊ မမြင်အပ်သည်ကို မကြည့်ရ။
ရှန်မြောင် မျက်နှာရဲသွားပြီး ထိုင်ချကာ မကြည့်ဘဲနေရန် ကြံလိုက်သော်လည်း နှမြောနေမိသည်။ ထို့ကြောင့် ပြတင်းပေါက်ဘောင်တွင် မှီလျက် လက်နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ကာ လက်ချောင်းကြားမှတစ်ဆင့် မျက်လုံးတစ်စုံကို အသာထုတ်၍ အစအဆုံး ချောင်းကြည့်လိုက်တော့သည်။
စိတ်ထဲတွင်လည်း တိတ်တဆိတ် သုံးသပ်နေမိသည်။
'ခါးက သွယ်လိုက်တာ... အဆီပို လုံးဝမရှိဘူးပဲ၊ ကြွက်သားတွေက ခန္ဓာကိုယ်မှာ ကပ်နေပြီး လိုင်းတွေက ထင်းနေတာပဲ၊ အားစိုက်လိုက်ရင် ကျစ်လျစ်တဲ့ ဝမ်းဗိုက်ကြွက်သား အရာတွေ ပေါ်လာလိုက်တာ၊ ကျိုကောကို တကယ် အထင်သေးလို့ မရဘူးပဲ'
သို့သော် မကြာမီ သူ လှုပ်ရှားလိုက်သည်နှင့် ထိုခါးလေးသည် အင်္ကျီအောက်သို့ ပြန်ရောက်သွားလေသည်။
'ဒီလေကလည်း ဘာလို့ အပေါ်နည်းနည်း ပင့်မတိုက်တာပါလိမ့်...'
သူ ကစားလို့ပြီးသွားသောအခါ နဖူးမှ ဆံပင်စများသည် ချွေးများဖြင့် စိုရွှဲနေပြီး ပါးပြင်တွင် ကပ်နေသည်။ နေ့စဉ်မြင်နေကျ သပ်ရပ်နေသည့် ပုံစံနှင့်မတူဘဲ ယခုပုံစံသည် တက်ကြွလန်းဆန်းသော လူငယ်လေးတစ်ယောက်၏ အရိပ်အယောင်များ လွှမ်းမိုးလို့နေသည်။
သူမ ငေးကြည့်နေမိ၏။
ရှဲ့ချီက ချွေးသုတ်လိုက်ပြီး ယန့်ရှူးကို အဝတ်အစားယူခိုင်းရန် လှည့်လာရာ ရှန်မြောင်လည်း ကမန်းကတန်း ထိုင်ချပြီး ပုန်းလိုက်ရသည်။
ရှဲ့ချီ အခန်းထဲဝင်သွားပြီး လူရှင်းသွားမှ သူမ ဘာမှမဖြစ်သလို ဟန်ဆောင်ထွက်လာပြီး ပူနွေးနေသော မျက်နှာကို ရေဖြင့် ပုတ်လိုက်ရသည်။ ထိုအချိန်တွင် ပိုင်လောင်စန်း၏ ဇနီးသည် မနက်စာ ယူလာပေးသည်။
ကလေးများ မထသေးပေ။ ထန်အာကလည်း ဟောက်နေတုန်းပင်။
ထို့ကြောင့် ရှန်မြောင်သည် ရှဲ့ချီနှင့် နှစ်ယောက်တည်း စားသောက်လိုက်ရသည်။
ရှဲ့ချီသည် မန်ထိုဖြူဖြူကို ကိုင်ထားရင်း ဘေးသို့ ခိုးကြည့်လိုက်သည်။
'ရှန်ညန်ဇီက ဒီနေ့ ဘာလို့များ နေရခက်ပြီး ငြိမ်နေပါလိမ့်။ ပြီးတော့ သူ့မျက်နှာကလည်း ဘာလို့ နီနေတာလဲ။ အိပ်မပျော်ဘူးလား'
သူမကို ရှဲ့ချီ အကဲခတ်နေမှန်း ရှန်မြောင် သတိထားမိလိုက်ရာ မန်ထိုကို နှစ်ကိုက် သုံးကိုက်ဖြင့် ကုန်အောင်စားလိုက်ပြီး ပိုင်လောင်စန်းဇနီးနှင့် အပြင်ထွက် လမ်းလျှောက်ရန် ပြောလိုက်သည်။ ရလဒ်အနေဖြင့် ရှဲ့ချီကလည်း မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကို ဆွဲဆန့်ကာ ပြောလေသည်။
"ကျွန်တော်လည်း ရှန်ညန်ဇီတို့နဲ့ လိုက်ခဲ့မယ်"
ရှန်မြောင် "... "
သူမ မလုံမလဲဖြင့် သဘောတူလိုက်ရသည်။
ကံကောင်းသည်မှာ လမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် ဗိုက်ကြွက်သားများဖြင့် ပြည့်နှက်နေသော ရှန်မြောင်၏ ဦးနှောက်သည် ပိုင်မိသားစုရွာ လယ်ကွင်းပြင်ရှုခင်းများဆီသို့ အာရုံရောက်သွားတော့သည်။ အလှအပက ဒုတိယပင်။ ပိုင်မိသားစုရွာတွင် ရေကန်များနှင့် ပိုးစာပင်များ အမှန်တကယ် များပြားကြောင်း တွေ့ရှိလိုက်ရသည်။ ဤနေရာသည် မြေမျက်နှာပြင် ညီညာပြန့်ပြူးပြီး အနည်းငယ် နိမ့်သောနေရာများတွင် ရေကန်များ ဖြစ်ပေါ်နေတတ်သည်။ မြစ်ကမ်းတစ်လျှောက်တွင် ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် ရေကန်တစ်ကန်ကို တွေ့ရတတ်သည်။
ရေကန်အတော်များများသည် ပိုင်ရှင်မဲ့ လယ်ကွင်းပြင်ကြီးများနှင့် ဆက်စပ်နေပြီး အလဟဿ ပစ်ထားကြသည်။ ရေမျက်နှာပြင်ပေါ်တွင် ရေညှိစိမ်းများ ဖုံးလွှမ်းနေပြီး ကန်ဘေးတွင် ကျူပင်များနှင့် လေးညှင်းပန်းပင်များ ပေါက်ရောက်နေသည်။ လယ်ကွင်းထဲတွင်လည်း ပေါင်းပင်များ ပြည့်နှက်နေသည်။
ရေကန်နှင့် ဆက်စပ်နေသော သည်လောက် မြေဆီကောင်းသည့် လယ်ကွင်းများကို ဘာကြောင့် ဘယ်သူမှ မစိုက်ပျိုးကြသနည်း။ ရှန်မြောင် သံသယဝင်လာသဖြင့် ရှေ့တိုးသွားကာ မျက်လုံးကို လက်ဖြင့်ကာပြီး ကြည့်လိုက်ရာ လယ်မြေဧက အတော်များများ ပစ်ထားသည်ကို တွေ့လိုက်ရသည်။
ရှန်မြောင် စိတ်ဝင်တစား လိုက်ကြည့်နေပြီး ထိုမြေနေရာကို သဘောကျနေပုံရသည်ကို ပိုင်လောင်စန်းဇနီး မြင်သောအခါ ကမန်းကတန်း ပြောလေသည်။
"ဒါက အရင်တုန်းက အရှင်မင်းကြီး အမိန့်နဲ့ လယ်ယာမြေ စစ်ဆေးတုန်းက သိမ်းဆည်းထားတဲ့မြေပါ။ အရင်က မြို့ထဲက အရာရှိကြီးကော်ရဲ့ လျှို့ဝှက်လယ်မြေတွေပေါ့။ အခုတော့ အစိုးရမြေ ဖြစ်သွားပါပြီ။ ဒါပေမဲ့... ကျွန်မတို့ ပိုင်မိသားစုရွာသားတွေက အရာရှိကြီးကော်ကို ကြောက်လို့ အစိုးရဆီကနေ မဝယ်ရဲကြဘူး။ ဒါကြောင့် ပစ်ထားလိုက်တာ။ သူတို့မိသားစုက အရမ်း ဗိုလ်ကျလွန်းတယ်။ ရှန်ညန်ဇီ မြေဝယ်ချင်ရင် တခြားသူဆီက ဝယ်တာ ပိုကောင်းမယ်"
ရှန်မြောင်လည်း စူးစမ်းလိုစိတ် ဖြစ်သွားတော့သည်။ "ဘာလို့လဲ။ အရာရှိကြီးကော်က ဘယ်သူမို့လို့လဲ"
ရှဲ့ချီက သိနေသဖြင့် ဘေးမှနေ၍ ခဏလောက် တိတ်ဆိတ်နေပြီးမှ ဝင်ပြောလေသည်။
"အဲဒါ ရာထူးချခံလိုက်ရတဲ့ မိဖုရားခေါင်ကြီးကော်ရဲ့ မိသားစု၊ ယင်းချွမ်းက ကော်မျိုးနွယ်ပဲ"
...