အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အပိုင်း (၁၁၉) စစ်သူကြီးနှစ်ပါး
“သိုးအူစုံဟင်းရည်ဗျို့... ဒယ်အိုးထဲက အခုမှဆယ်ထားတဲ့ သိုးအူစုံဟင်းရည်... ဟင်းရည်ပျစ်ပျစ်လေးနဲ့ ပူပူနွေးနွေး မွှေးမွှေးကြိုင်ကြိုင် သိုးအူစုံဟင်းရည်ဗျို့”
“အရသာလေးမျိုးဟင်းပွဲဗျို့... အသားလုံး၊ ဂျုံအသားတု၊ အသားပြားကြော်နဲ့ ကော်ကွေ့မုန့်... လိုသလောက်ထည့်လို့ရတယ်... စားလို့အရမ်းကောင်းတယ်နော်”
“ဆီကြော်မုန့် ရပြီဗျို့... မွှေးမွှေးကြွပ်ကြွပ် ဆီကြော်မုန့်... အခုလေးတင် ကြော်ထားတဲ့ ဆီကြော်မုန့်ဗျို့”
ပြန့်ကျင်းမြို့၏ ဆောင်းဦးနှောင်းပိုင်းကာလသည် ဆောင်းဦးပေါက်နေပူချိန်၏ ပြင်းထန်မှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ နေရောင်ခြည်သည် မြင့်မားခမ်းနားသည့် တံခါးမျှော်စင်ပေါ်သို့ နူးညံ့စွာ ကျရောက်နေပြီး တံခါးပေါ်ရှိ စီစီရီရီရှိလှသော ကြေးနီရောင်သံမှိုကြီးများကို အနည်းငယ် လင်းလက်သွားစေသည်။ မြို့ရိုးအုတ်ချပ်ကြားတွင် တွယ်ကပ်ပေါက်ရောက်နေသည့် ဆောင်းဦးမြက်ပင်များ၏ ထိပ်ဖျားလေးများကိုလည်း အနီရောင်သမ်းသွားအောင် အရောင်ဟပ်နေလေသည်။
မြို့တံခါးရှေ့တွင် လမ်းဘေးဈေးသည်လေးများသည် တစ်ဆိုင်နှင့်တစ်ဆိုင် ကပ်လျက် ရှိနေကြသည်။ ဈေးသည်များသည် ဂွမ်းစောင်အင်္ကျီအစုတ်၊ ဂွမ်းဖိနပ်အစုတ်များကို ဝတ်ဆင်ထားကြပြီး လက်နှစ်ဖက်ကို အင်္ကျီလက်ဝထဲ ထည့်ကာ လည်ပင်းကို ရှုံ့ထားကြသည်။ သူတို့သည် အသံကုန်ဟစ်၍ ဈေးခေါ်သံများကို သီချင်းသဖွယ် အော်ဟစ်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရေနွေးပွက်ပွက်ဆူနေသကဲ့သို့ ဆူညံသက်ဝင်လှုပ်ရှားနေလေသည်။
တာ့စုန့်သည် လျောင်နိုင်ငံ၊ ကျင်းနိုင်ငံတို့နှင့် နယ်မြေချင်းထိစပ်နေပြီး ကုန်သွယ်မှုပြုလုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ နိုင်ငံခြားဝတ်စုံများသည် အလွန်ခေတ်စားနေဆဲ ဖြစ်သည်။ ရှီးဖေးကျင်းသည် ကိုယ်ရံတော်နှစ်ယောက်ကိုသာ ခေါ်ဆောင်လာပြီး သံချပ်ကာအင်္ကျီကို ချွတ်ထားလေသည်။ သူသည် အင်္ကျီလက်ကျဉ်းနှင့် သားမွေးကော်လာ အကြီးကြီးပါသည့် ပန်းပွင့်ပုံဖော်ထားသော ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သားရေဦးထုပ်ကို ဆောင်းကာ တံခါးမျှော်စင်အောက်တွင် သိုးသားမုန့်ကို အေးအေးလူလူ ရပ်စားနေလေသည်။
သူသည် နယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသဖြင့် အသားအရေသည် ကြေးနီရောင်ပေါက်ကာ ကြမ်းတမ်းနေလေပြီ။ နယ်စပ်ဒေသများသို့ သွားလာကာ လျောင်လူမျိုးများနှင့် အရောင်းအဝယ်လုပ်သည့် မြင်းကုန်သည်တစ်ဦးနှင့်ပင် ပိုတူနေတော့သည်။
သိုးသားမုန့်ဖုတ်သည့် ဆိုင်ရှင်သည် မည်သည့်ထူးခြားမှုကိုမျှ သတိမထားမိပေ။ မုန့်ဖုတ်နေသည့် ကြားအချိန်လေးတွင် ဤကုန်သည်၏ နောက်တွင်ပါလာသည့် တောင်ကုန်းငယ်သဖွယ် ကိုယ်ခန္ဓာကြီးမားသည့် နောက်လိုက်နှစ်ယောက်ကိုသာ မနေနိုင်ဘဲ ခိုးကြည့်လိုက်မိသည်။
'ဒီသခင်ကြီးရဲ့ အစေခံတွေကို ဘယ်နေရာကများ ရှာတွေ့လာပါလိမ့်၊ ကျောက်မီးသွေးမိုင်းထဲက ထွက်လာတဲ့ မီးသွေးတုံးကြီးနှစ်တုံးကျနေတာပဲ၊ ကြောက်စရာကြီး'
ရှီးဖေးကျင်းသည် မုန့်နှစ်ချပ်ကို ကိုက်စားပြီးနောက် လက်ထဲမှ မုန့်အစအနများကို ကျေနပ်စွာ ခါချလိုက်လေသည်။ ကိုယ်ရံတော်ကို ပိုက်ဆံရှင်းခိုင်းလိုက်ပြီးမှ ယွိကျင်ဥယျာဉ်ဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။
သူ လမ်းလျှောက်လာရာ လမ်းတစ်လျှောက်တွင် လှည်းတွန်းသူ၊ ထမ်းပိုးထမ်းသူ၊ လမ်းဘေးဈေးသည်များနှင့် ပခုံးချင်းတိုက်မိမတတ် ဖြစ်နေသည်။ ကုန်သည်များသည် လား၊ မြင်းနှင့် ကုလားအုတ်များကို မောင်းနှင်လာပြီး တိရစ္ဆာန်များ၏ကျောပေါ်တွင် ကုန်ပစ္စည်းများကို အမြင့်ကြီး တင်ထားကြသည်။ သူတို့သည် လမ်းဖယ်ပေးရန် အော်ဟစ်တောင်းဆိုရင်း သူ့ဘေးမှ ခက်ခက်ခဲခဲ တိုးဝှေ့သွားလာနေကြသည်။
လေထဲတွင် နွားချေး မြင်းချေးနံ့၊ ဖုန်မှုန့်နံ့များနှင့် တံခါးမျှော်စင်အောက်မှ ပျံ့လွင့်လာသည့် အစားအသောက်နံ့များ ရောနှောနေလေသည်။ ထိုအရာများ ပေါင်းစပ်သွားသောအခါ ဆူညံရှုပ်ထွေးသည့် အနံ့ဆိုးတစ်ခု ဖြစ်ပေါ်နေသော်လည်း ထိုအနံ့သည် လူကို ဖော်ပြမတတ်နိုင်သော ရင်းနှီးမှုမျိုး ပေးစွမ်းနေလေသည်။
သူသည် နန်ရွှင်တံခါးအပြင်ဘက်က သိုးသားမုန့်ကို မစားရသည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီမှန်း မသိတော့ပေ။ ဒီနှစ်တွင် ရှားရှားပါးပါး ပြန်လာခွင့်ရသဖြင့် ပါးစပ်အရသာ ခံလိုက်ရသည်ဟု ဆိုနိုင်လေသည်။
လျှို့ဝှက်အမိန့်တော်အရ မြို့တော်သို့ ပြန်လာရခြင်းဖြစ်သဖြင့် အသံထွက်၍ မရပေ။ ရှီးဖေးကျင်းသည် အိမ်သို့ပင် ယာယီပြန်ခွင့်မရှိဘဲ သူ့လူများနှင့်အတူ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေရသည်။ သို့သော် မြို့ထဲမှ ထွက်လာချိန်တွင် အငွေ့တထောင်းထောင်းထနေသည့် မီးဖိုဘေးတွင် မနေနိုင်ဘဲ ရပ်လိုက်ပြီး မုန့်တချို့ဝယ်ကာ ဘေးနားက ကိုယ်ရံတော်များနှင့် အတူတူ စားခဲ့ခြင်းဖြစ်သည်။
ယိုကျိုးမြို့အပြင်ဘက်က နှင်းမုန်တိုင်းကြားမှ အထီးကျန်ဆန်ပြီး သေမင်းတမန်ဆန်သည့် အခြေအနေကို ပြန်တွေးမိပြီး မြို့တော်၏ စည်ကားသိုက်မြိုက်မှုနှင့် နှိုင်းယှဉ်လိုက်သောအခါ ဘဝခြားသွားသကဲ့သို့ တွေဝေမိသွားတော့သည်။
နှစ်လှမ်းမျှ လျှောက်လိုက်ရုံရှိသေးသည် ရှီးဖေးကျင်းသည် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ ထိုလူ၏ မြင့်မားသန်စွမ်းသော ကျောပြင်သည် သာမန်အညိုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သိုးသားပြုတ်ရည် ဝယ်နေသည့် လူအုပ်ကြားထဲတွင် ရောနှောနေသော်လည်း ရှီးဖေးကျင်းသည် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။
သူသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကိုယ်ရံတော်များကို မျက်စိဖြင့် အချက်ပြလိုက်ကာ လူအုပ်၏ ကာကွယ်မှုကို ရယူပြီး ဘေးဘက်မှ တိတ်တဆိတ် ကပ်သွားလိုက်သည်။
မီးသွေးတုံးကြီးနှစ်တုံးနှင့်တူသော ကိုယ်ရံတော်နှစ်ယောက်သည်လည်း အသံမထွက်စေဘဲ လမ်းလျှောက်ကာ သူတို့၏ စစ်သူကြီးနောက်မှ နားလည်မှုရှိရှိဖြင့် လိုက်ပါဝန်းရံပေးလိုက်ကြသည်။
ရှီးဖေးကျင်းသည် တစ်လှမ်းသာ လိုတော့သည်။ သရဲတစ္ဆေတစ်ကောင်အလား လှမ်းလိုက်သော လက်သည် ထိုလူ၏ခါးတွင် ချိတ်ထားသော ပိုက်ဆံအိတ်ကို ကိုင်မိလုနီးပါး ဖြစ်သွားသည်။ သို့သော် ထိုလူသည် ကျောတွင် မျက်လုံးပါနေသကဲ့သို့ ဘေးတွင်ချထားသော လက်ကို ချက်ချင်း လှည့်လိုက်ပြီး သံညှပ်ကဲ့သို့ ရှီးဖေးကျင်း၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်တော့သည်။
ကံကောင်းသည်မှာ ရှီးဖေးကျင်း၏ တုံ့ပြန်မှုသည်လည်း အလွန်လျင်မြန်လေသည်။ အခြေအနေမကောင်းမှန်း သိလိုက်သည်နှင့် ခြေလှမ်းကို ချက်ချင်း နောက်ဆုတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေတစ်ချက်ဝှေ့လိုက်သကဲ့သို့ သုံးလှမ်းအကွာသို့ ရောက်ရှိသွားတော့သည်။
ထိုလူသည် လက်တစ်ဖက်ဖြင့် လေကိုသာ ဖမ်းမိလိုက်သဖြင့် တည်ငြိမ်စွာ လှည့်ကြည့်လိုက်ပြီး
“ရှီးစန်းလန်... မင်းက ကြက်ခိုး ခွေးခိုး လုပ်တာကို အခုထိ ကြိုက်နေတုန်းပါလား”
ရှီးဖေးကျင်းသည် ခိုးတာမအောင်မြင်သော်လည်း ရှက်ရွံ့ခြင်းမရှိဘဲ မြေခွေးတစ်ကောင်လို မျက်လုံးမှေးကာ ပြုံးလိုက်လေသည်။
“ယွဲ့အာ့... မတွေ့တာ ကြာပြီနော်၊ မင်းရဲ့ နားက အခုထိ ကောင်းတုန်းပါလား”
ယွဲ့ထန်သည် မျက်နှာသေဖြင့် သူ့ရှေ့က ဆိုင်ရှင်၏ ဟင်းရည်အိုးကို လက်ညှိုးထိုးပြလိုက်သည်။ ဒီဆိုင်ရှင်၏ လက်ရာက မဆိုးပေ။ အသားနှင့် အရိုးပြုတ်ရည်တစ်အိုးလုံးကို မွှေးကြိုင်နေအောင် တည်ထားသော်လည်း အရည်မနောက်ဘဲ ကြည်လင်နေသဖြင့် လူရိပ်ပင် ထင်နေလေသည်။ ထိုအခါမှ ရှီးဖေးကျင်းသည် သူ့ပုံရိပ်ကို ဟင်းရည်ထဲတွင် မြင်လိုက်ရပြီး သူ မည်သို့ ပေါ်သွားမှန်း သိလိုက်ရတော့သည်။ မှားသွားပြီ... မှားသွားပြီ။
သူက အပြုံးကို ပိုနက်ရှိုင်းအောင် လုပ်လိုက်ပြီး
“ယွဲ့အာ့... ဟင်းရည်သောက်ပြီးပြီလား၊ ယွိကျင်ဥယျာဉ်ကို အတူတူ သွားကြမလား”
“သွားကြတာပေါ့”
ယွဲ့ထန်သည် ကိုယ်ရံတော်များ ခေါ်မလာခဲ့ပေ။ ဝမ် ၂၀ ကို ရေတွက်ပြီး ဆိုင်ရှင်ရှေ့တွင် ချပေးလိုက်ကာ ရှီးဖေးကျင်းနှင့်အတူ ယှဉ်တွဲလျက် ထွက်လာခဲ့လေသည်။
သူတို့နှစ်ယောက် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ခဏတာ ဘာပြောရမှန်း မသိဖြစ်နေကြသည်။ နောက်ဆုံးတွင် ရှီးဖေးကျင်းက လွမ်းဆွတ်တသစွာဖြင့် စကားစလိုက်သည်။
“ငါတို့တွေ မတွေ့တာ ၄ နှစ်လောက် ရှိပြီထင်တယ်နော်”
ယွဲ့ထန်က ရှေ့တူရူကို ကြည့်နေပြီး ခဏကြာမှ ပါးစပ်ဟလာသည်။
“၂ နှစ်ပါ၊ လွန်ခဲ့တဲ့နှစ်က မော့ပေမှာ အတူတူ စစ်ရေးလေ့ကျင့်တုန်းက မင်းရဲ့ အရောင်စုံနေတဲ့ တပ်ဦးအလံကြီးကြားကနေ မင်းကို လှမ်းကြည့်လိုက်သေးတယ်၊ သေချာတော့ မမြင်လိုက်ရဘူး၊ အလံအောက်က ကုလားထိုင်ကြီးပေါ်မှာ လူတစ်ယောက် စောင်းစောင်းကြီး ထိုင်နေတာကိုပဲ တွေ့လိုက်ရတယ်၊ အဲဒါ မင်းမလား”
“မင်းက ပြောရက်သေးတယ်နော်၊ မင်း ငါ့ကို မြင်းပေါ်ကနေ မြားနဲ့ပစ်ချလိုက်လို့ ငါ့ခါးနာသွားတာလေ၊ ငါ စောင်းမနေဘဲ နေပါ့မလား”
ရှီးဖေးကျင်းက ပြောရင်းနှင့် ဒေါသထွက်လာတော့သည်။
ယိုကျိုးနှင့် ရန်ကျိုးသည် နှစ်အနည်းငယ်ကြာတိုင်း ပူးပေါင်း စစ်ရေးလေ့ကျင့်လေ့ရှိသည်။ တပ်နှစ်တပ် ထိပ်တိုက်တွေ့ဆုံချိန်တွင် တစ်ဖက်လူ၏ တပ်လယ်ကို ဖြိုခွင်းနိုင်ပြီး အလံကို သိမ်းဆည်းနိုင်လျှင် အနိုင်ရသည်ဟု သတ်မှတ်လေသည်။
ရှီးဖေးကျင်းသည် မွေးရာပါ အစဉ်အလာ သွေဖီတတ်သော စစ်သူကြီးတစ်ယောက် ဖြစ်သည်။ သူ့ဗိုက်ထဲတွင် ဉာဏ်နီဉာဏ်နက်များ အပြည့်ရှိနေပြီး ယွဲ့ထန်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် လုံးဝ စိတ်ကူးမရှိပေ။ သူသည် စစ်ဖက်ကျမ်းများ ဖတ်ရှုစဉ်က အနောက်ဟန်ခေတ်က နာမည်ကြီးစစ်သူကြီးများ ဖြစ်ကြသည့် ဝေ့ချင်းနှင့် ဟော်ချွီပင်းတို့၏ လျှပ်တစ်ပြက် စစ်ဆင်ရေးနည်းဗျူဟာများကို အနှစ်သက်ဆုံးဖြစ်သည်။ သို့သော် စစ်သူကြီးတိုင်းတွင် ကိုယ်ပိုင်စရိုက်နှင့် အငွေ့အသက် ရှိကြစမြဲပင်။ တူညီသော နည်းဗျူဟာကို သုံးသော်လည်း သူ့အလှည့်ရောက်သောအခါ ယုတ်မာကောက်ကျစ်သည့် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
ယွဲ့ထန်၏အစ်ကို ယွဲ့ဖန်က ရှီးဖေးကျင်းကို သုံးသပ်ပြဖူးသည်။ ရှီးဖေးကျင်း၏ ခရီးဝေးချီတက်ပြီး နောက်ကျောဘက်မှ လှည့်ပတ်တိုက်ခိုက်တတ်သည့် သရဲသဘက်ဆန်သော တိုက်ကွက်များသည် အခြားရည်ရွယ်ချက် မရှိဘဲ ရန်သူကို ဒေါသထွက်ပြီး သေသွားအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် သာမန်လူများသည် သူ့၏ ဆန်းကြယ်သော စစ်နည်းဗျူဟာများကို နားမလည်နိုင်ကြပေ။
အရပ်စကားဖြင့် ပြောရလျှင် ရှီးဖေးကျင်းသည် တံခါးပေါက်ရှိပါလျက် ပြတင်းပေါက်ကနေ ဝင်ထွက်တတ်သည့် လူမျိုးပင်။ သူ နာမည်ကြီးလာစေသည့် ပထမဆုံးတိုက်ပွဲမှာ စစ်သူကြီးဟောင်းရှီး၏ လက်အောက်တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က မြက်ခင်းပြင်သို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး နောက်ကျောဘက်မှ လှည့်ပတ်တိုက်ခိုက်ကာ ရန်သူ့စစ်ကူများကို နှိပ်စက်သည့် 'မွှေနှောက်သူ' အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်သူကြီးဟောင်းရှီးသည် သူ့ကို လျောင်နိုင်ငံ မြောက်ပိုင်းအုပ်ချုပ်ရေးလက်အောက်ရှိ ခိတန်လူမျိုးစုတပ်ကို ထိန်းချုပ်ထားပြီး တပ်မကြီးအတွက် အချိန်ဆွဲပေးရန်သာ အမိန့်ပေးခဲ့လေသည်။ အခြား မည်သည့်အရာကိုမျှ အထူးတလည် မှာကြားခဲ့ခြင်း မရှိပေ။
ရလဒ်အနေဖြင့် သူသည် မျောက်ကို လှည့်စားကစားသကဲ့သို့ ရှေ့တိုးနောက်ဆုတ် အကြိမ်ကြိမ် ပြုလုပ်လေတော့သည်။ တစ်ခါတစ်ရံ ရိက္ခာများကို မီးရှို့လိုက်၊ တစ်ခါတစ်ရံ ရန်သူများ မြစ်ကူးနေစဉ် ဖြတ်တိုက်လိုက်၊ တစ်ခါတစ်ရံ ဟန်ပြတိုက်ခိုက်လိုက်၊ တစ်ခါတစ်ရံ ညဘက် ဝင်တိုက်လိုက်ဖြင့် စနောက်ကလိပြီးသည်နှင့် ထွက်ပြေးတတ်လေသည်။
သူသည် အသာစီးရရုံသာမကဘဲ လူပါးဝချင်သေးသည်။ မိမိ၏ စစ်အင်အားကို ကြွားဝါထားပြီး ငေါ့တော့တော့နိုင်သော စာတစ်စောင်ကို ရေးသားကာ ၁၀ စောင်ကျော် အထူးတလည် ကူးယူစေပြီး ရန်သူ့တပ်စခန်းထဲသို့ မြားဖြင့် ပစ်ထည့်ပေးလိုက်လေသည်။
ဟန်ဘာသာစကားကို သင်ယူလေ့လာဖူးသော လက်ယာမင်းသားကြီး ယဲ့လွီယိသည် ဒေါသအမျက် ခြောင်းခြောင်းထကာ ဒဏ်ရာဟောင်းများ ပြန်လည်ဖောက်ပြန်လာပြီး အသက်ပါ ဆုံးရှုံးလိုက်ရလေသည်။
စစ်သူကြီးဟောင်းရှီးသည် ခုခံစစ်ကို ကျွမ်းကျင်ပြီး ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။ သူ့တွင် လမ်းမှန်မလိုက်ဘဲ ကောက်ကျစ်စဉ်းလဲသည့် သားတစ်ယောက် ရှိနေသဖြင့် အရှေ့က သားနှစ်ယောက် စောစီးစွာ သေဆုံးခဲ့ရသည်ကို မကြာခဏ ဝမ်းနည်းပူဆွေးလေ့ရှိပြီး နောင်တစ်ချိန် ရှီးမိသားစုတပ်သည် ဒီကောင်လေးလက်ထဲ ရောက်သွားလျှင် သွားပြီဟု တွေးတောပူပန်လေ့ရှိသည်။
ရှီးဖေးကျင်းသည် ခိုးတိုက်လျှင်လည်း လူလွှတ်ပြီး မခိုးခိုင်းဘဲ ကိုယ်တိုင် သွားခိုးမှ ကျေနပ်သည့် လူစားမျိုးဖြစ်သည်။
ယွဲ့ထန်နှင့် စစ်ရေးလေ့ကျင့်စဉ်ကလည်း ထိုအတိုင်းပင်။ သူသည် ပင်မတပ်ကို လက်ထောက်စစ်သူကြီးလက်ထဲ အပ်နှံခဲ့ပြီး လူတစ်စုကို ခေါ်ကာ စိတ်အားထက်သန်စွာဖြင့် သွားရောက်ခိုးတိုက်ခဲ့သည်။ သို့သော် ယွဲ့ထန်က သူ့အကြောင်းကို ကောင်းကောင်းသိနေသဖြင့် သူ ကိုယ်တိုင်လာရောက် အဖမ်းခံမည့်အချိန်ကို စောင့်နေခဲ့သည်။
ရှီးဖေးကျင်းသည် ဝိုင်းရံပိတ်ဆို့ခံလိုက်ရသော်လည်း အရှုံးမပေးချင်ပေ။ စစ်ရေးလေ့ကျင့်မှုတွင် သုံးသည့်မြားများသည် မြားခေါင်းမပါသလို ဓားများသည်လည်း အသွားမပါပေ။ သို့သော် လူချင်းလုံးထွေး တိုက်ခိုက်ကြလျှင်တော့ နာကျင်ရသည်ပင်။
နောက်ပိုင်းတွင် သူနှင့် မီးသွေးတိုင်ကြီးနှစ်တိုင်နှင့်တူသော ကိုယ်ရံတော်နှစ်ယောက်သည် ဝိုင်းရံထားသည်ကို ကြိုးစားဖောက်ထွက်ခဲ့ကြသည်။ သူသည် အထိနာခဲ့သော်လည်း စိတ်မလျှော့ဘဲ လေသင့်ရာဘက်သို့ မီးရှို့လိုက်ကာ ဖရိုဖရဲဖြစ်နေချိန်တွင် ယွဲ့ထန်၏ ပင်မတပ်ကို ထိုးဖောက်ရန် ကြိုးစားခဲ့သေးသည်။
ရလဒ်အနေဖြင့် ယွဲ့ထန်က မထိတ်မလန့်ဘဲ မတ်တပ်ရပ်လိုက်ကာ လက်ကိုမြှောက်ပြီး မြားသုံးစင်း ဆက်တိုက် ပစ်ခတ်လိုက်၏။ ခြေလှမ်းတစ်ရာအကွာ အခိုးအငွေ့များကြားမှ မြားနှစ်စင်းသည် သူစီးထားသည့် စစ်မြင်းကို ထိမှန်သွားတော့သည်။
မြားခေါင်းမပါသည့် မြားတံသည်ပင် မြင်းခြေထောက်ထဲသို့ နှစ်လက်မခန့် စိုက်ဝင်သွားရာ စစ်မြင်းသည် လန့်ဖျပ်ပြီး ခေါင်းမော့ဟီကာ သူ့ကို ခါချပစ်လိုက်တော့သည်။
သူ့ခါးသည်လည်း ‘ဂျွတ်’ ခနဲမြည်ကာ နာကျင်သွားတော့သည်။
ရှီးဖေးကျင်းသည် သူများအိမ်ပေါက်ဝအထိ လာပြီး အရှက်ကွဲရတော့သည်။ ကိုယ်ရံတော်များ၏ ထမ်းပိုးမှုဖြင့် မီးခိုးငွေ့များကြားတွင် ဖရိုဖရဲ ထွက်ပြေးခဲ့ရသည်။ သို့သော် သူသည် လက်မလျှော့ဘဲ ညဘက်တွင် နောက်ထပ် ခိုးတိုက်ပြန်သည်။ ယွဲ့ထန်၏ နောက်တန်းတပ်ကို ဝင်မွှေကာ သူတို့၏ စားနပ်ရိက္ခာအတု တင်ထားသည့် လှည်းဆယ်စီးကျော်ကို လုယူသွားခဲ့သည်။
ထို့ကြောင့် ယွဲ့ထန်က သူ့ကို ကြက်ခိုး ခွေးခိုး လုပ်သည်ဟု အမြဲ ဆူပူလေ့ရှိသည်။
ရှီးဖေးကျင်းသည် ထိုမှတ်ချက်အတွက် ရှက်ရွံ့ခြင်းမရှိသည့်အပြင် ဂုဏ်ယူနေတတ်သေးသည်။
မည်သို့ဆိုစေ ယွဲ့ထန်သည် သူ လေးစားရသူ ဖြစ်သည်ပင်။
ယွဲ့ထန်သည် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသည့် ရှီးဖေးကျင်းနှင့် မတူဘဲ စစ်မှန်သော လယ်သမားသား ဖြစ်သည်။ အသက် ၂၀ မတိုင်မီက လယ်စိုက်၊ နွားကျောင်း လုပ်ခဲ့ရပြီး ၂၁ နှစ်အရွယ်တွင် အစ်ကိုကြီးနှင့်အတူ စစ်မှုထမ်းကာ ရှေ့တန်းစစ်မြေပြင်မှ တိုက်ခိုက်ရင်း စစ်သူကြီးအဆင့်အထိ ရောက်ရှိလာသူဖြစ်သည်။
ယခင်မင်းကြီးလက်ထက်တွင် တာ့စုန့်စစ်တပ်သည် လျောင်နှင့် ကျင်းတို့ထက် အင်အားနည်းပါးပြီး နယ်စပ်တွင် စစ်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ နိုင်ပွဲနည်းပြီး ရှုံးပွဲများခဲ့သည်။ အဆိုးရွားဆုံးအချိန်တွင် ပြည်နယ်နှစ်ခုပင် လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့ဖူးသည်။
ထိုအချိန်က ယွဲ့ထန်သည် လက်ထောက်စစ်သူကြီးသာ ဖြစ်သေးသည်။ သူ့အထက်လူကြီး စစ်သူကြီးကျုံးသည် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ရာ သူသည် အရေးပေါ် တာဝန်ယူလိုက်ရပြီး စစ်သူကြီးကျုံး၏ ကွဲပြားနေသော တပ်များကို ပြန်လည်စုစည်းကာ ရန်ကျိုးသို့ ဆုတ်ခွာပြီး သုံးရက်ကြာ အနားယူခဲ့သည်။ ထို့နောက် ရှီးဖေးကျင်းထံ စာရေးပြီး ယိုကျိုးတပ်သား တစ်သောင်းနှင့် စားနပ်ရိက္ခာ တင်းတစ်သိန်းကို ချေးငှားကာ ပြင်ဆင်မှု အပြည့်အဝ လုပ်ဆောင်ပြီးမှ ပြန်လည် တိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် အင်အားနည်းနည်းလေးနှင့် အင်အားများသူကို အနိုင်ယူကာ မြို့သုံးမြို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။ နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရုံသာမက မဟာတံတိုင်းကြီးကို ကျော်ဖြတ်ကာ ကျင်းနိုင်ငံ ရှန်ကျိုးပြည်နယ်ရှိ ခရိုင်ခြောက်ခုအထိ ခြိမ်းခြောက်နိုင်ခဲ့သည်။
ထိုအချိန်က ယွဲ့ထန်သည် ၂၈ နှစ်သာ ရှိသေးသည်။
ထိုအချိန်မှစ၍ ယွဲ့မိသားစုတပ်သည် ရန်ကျိုးကို ကာလရှည် စောင့်ကြပ်ခဲ့သည်။ ယွဲ့မိသားစုအလံ မြို့ရိုးပေါ်တွင် လွှင့်ထူနေသရွေ့ ကျင်းလူမျိုးများသည် တောင်ဘက်သို့ မြင်းဆင်းကျောင်းရဲခြင်း မရှိတော့ပေ။ ဗိုက်ဆာလွန်း၍ လာကျောင်းလျှင်လည်း သူခိုးလိုလို ဂျပိုးလိုလိုဖြင့် မြက်နည်းနည်းလာစားပြီး မြို့စောင့်တပ်များ မတွေ့ခင် ကပျာကယာ ပြန်ပြေးရလေသည်။
ယွဲ့ထန်သည် ဆင်းရဲသားဘဝမှ လာသူဖြစ်သဖြင့် ကျင်းလူမျိုးများ၏ မြင်းက စုန့်လူမျိုးများ၏ မြက်ကို ခိုးစားသည်ကို သည်းမခံနိုင်ပေ။ နောက်ပိုင်းတွင် သူသည် ရှန်ကျိုးကိုပင် သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော် နောက်ဖေးမီးလောင်သွားခဲ့သည်။
ယွဲ့ထန် ရှန်ကျိုးကို သိမ်းပိုက်နိုင်သည့် အောင်ပွဲသတင်း မြို့တော်သို့ ရောက်လာချိန်တွင် မြို့တော်သည် ဖရိုဖရဲ ဖြစ်နေလေပြီ။ ယခင်မင်းကြီးသည် ရောဂါသည်းထန်ပြီး သတိမေ့မြောနေသည်။ ကျင့်မင်းသားသည် အိမ်ရှေ့စံနေရာကို လုယူရန်အတွက် သူ့ကို တိတ်တဆိတ် ထောက်ခံသော ဆွေကြီးမျိုးကြီးအချို့နှင့် ပူးပေါင်းပြီး နန်းတွင်းပုန်ကန်မှု ပြုလုပ်ကာ အိမ်ရှေ့စံဖြစ်နေသေးသော ကျောက်ပေါ်ယွင် (ယခုမင်းကြီး) ကို နန်ယွမ်တွင် ဖမ်းဆီးထားလိုက်သည်။ ထို့အပြင် မယ်တော်ကြီးကိုလည်း ပေါင်ချီနန်းဆောင်တွင် အကျယ်ချုပ် ချထားလိုက်သည်။
မင်းကြီးသည် ထိုအချိန်က ၁၈ နှစ်သာ ရှိသေးသည်။ ယုံကြည်ရသော လျန်ချန်ကုန်းကုန်းကို ခွေးတိုးပေါက်မှ တူးထွက်စေပြီး အသက်စွန့်ကာ အပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်နေသော အိမ်ရှေ့စံ၏ အရာရှိများနှင့် ဆက်သွယ်စေခဲ့သည်။ အိမ်ရှေ့စံ၏ သစ္စာရှိအရာရှိများ၏ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှ ကျားတံဆိပ်နှင့် အိမ်ရှေ့စံအမိန့်တော်နှစ်စောင်ကို အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။
ပထမအမိန့်တော်တွင် မင်းကြီးက စစ်သူကြီးဟောင်းရှီးနှင့် ရှီးဖေးကျင်းတို့ကို ယန်ယွင် ပြည်နယ် ၁၆ ခုကို အင်အားအလုံးအရင်းဖြင့် ကာကွယ်ရန် အမိန့်ပေးခဲ့သည်။ ပြန့်ကျင်းမြို့ အခြေအနေမကောင်းသည်ကို သိ၍ အခွင့်ကောင်းယူကာ ဝင်တိုက်ချင်နေသော လျောင်နှင့် ကျင်း နှစ်နိုင်ငံကို တားဆီးရန်နှင့် တိုင်းပြည်ကာကွယ်ရေးကို ဦးစားပေးရန် မှာကြားခဲ့သည်။
ဒုတိယအမိန့်တော်တွင်မှ ယွဲ့ထန်ကို တပ်ဆုတ်ပြီး မြို့တော်သို့ လာရောက်ကယ်တင်ရန် အမိန့်ပေးခဲ့သည်။
ကျင့်မင်းသားသည် ထိုအချိန်က တော်ဝင်ကိုယ်ရံတော်တပ်သား တစ်သိန်းကို လက်ထဲတွင် ဆုပ်ကိုင်ထားသော်လည်း လေထဲတွင် တလူလူလွင့်ပျံနေသော 'ယွဲ့' ဟူသည့် စာလုံးပါသော အလံကြီးများ မိုးခြိမ်းသံသဖွယ် ပြန့်ကျင်းမြို့အောက်သို့ ရောက်ရှိလာချိန်တွင် သူ ကြောက်လန့်သွားခဲ့သည်။ သူသည် ကြောက်လန့်ရုံသာမက ကိုယ်ရံတော်တပ်သားများသည်လည်း ယွဲ့အလံကို မြင်သည်နှင့် ဘက်ပြောင်းသွားကြသည်။ ကျင့်မင်းသားသည် လူလွှတ်ပြီး ယွဲ့ထန်ကို လာဘ်ထိုးခဲ့သည်။ လူလွှတ်ပြီး ငြိမ်းချမ်းရေး စကားပြောခဲ့သည်။ သို့သော် ဘယ်လိုမှ မြှူဆွယ်၍ မရသဖြင့် ကျင့်မင်းသားသည် ဒေါသထွက်ကာ ယွဲ့ထန်၏ အစ်ကိုကြီးကို ဖမ်းဆီးပြီး မြို့ရိုးပေါ်သို့ ခေါ်ဆောင်လာကာ လက်နက်ချရန် ခြိမ်းခြောက်ခဲ့သည်။
ယွဲ့ထန်၏ မိဘနှစ်ပါး ဆုံးပါးသွားပြီဖြစ်ရာ သူ့နှင့်အတူ စစ်မြေပြင်ဝင်ပြီး အကြိမ်ကြိမ် အသက်ကယ်ခဲ့ဖူးသော အစ်ကိုကြီးတစ်ယောက်သာ ကျန်တော့သည်။ ယွဲ့အစ်ကိုကြီးသည်လည်း စစ်မြေပြင်တွင် လက်နှစ်ဖက်လုံး ပြတ်သွားခဲ့သဖြင့် မြို့တော်သို့ ပြန်လာပြီး ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။
ယွဲ့အစ်ကိုကြီးသည် ညီဖြစ်သူ အခက်တွေ့မည်စိုးသဖြင့် ဓားသွားပေါ်သို့ လည်စင်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။
ထို့နောက်တွင် ယွဲ့ထန်သည် သူ့လက်ထဲက သံမဏိတပ်သားများကို ဦးဆောင်ကာ ပြန့်ကျင်းမြို့တံခါး ကိုးပေါက်ကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သွေးစက်လက်ကျနေသော လှံရှည်ကို ကိုင်ဆောင်ကာ မင်းကြီးကို ထီးနန်းအပ်နှင်းပေးခဲ့သည်။
မင်းကြီးသည် သူ့ကို 'သစ္စာရှင်လက်အောက်ခံဘုရင်' အဖြစ် ဘွဲ့ပေးအပ်ချင်သော်လည်း သူက ငြင်းပယ်ခဲ့သည်။ သူ့စရိုက်သည် ရိုးဖြောင့်လွန်းသဖြင့် ပြန့်ကျင်းမြို့တွင် အရာရှိလုပ်ရန် မသင့်တော်ကြောင်း၊ သူသည် မဟာတံတိုင်းကြီးသဖွယ် နေထိုင်လိုပြီး စုန့်မင်းဆက်အတွက် နယ်စပ်ကို အသေခံ ကာကွယ်လိုကြောင်း မင်းကြီးကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
သူသည် ရန်ကျိုးသို့ ပြန်ချင်နေသဖြင့် မင်းကြီးသည် ယွဲ့မိသားစုတပ်ကို ဆုတော်များ ချီးမြှင့်လိုက်ပြီး သူ့ကို အိမ်ရှေ့စံအထိန်းတော် ရာထူးတစ်ခု ပေးအပ်လိုက်ရသည်။ ထိုအချိန်က မင်းကြီး၏ သားအကြီးဆုံးသည် အနှီးထုပ်ထဲတွင်သာ ရှိသေးသဖြင့် အထိန်းတော်ရာထူးမှာ နာမည်ခံသာ ဖြစ်လေသည်။
ရှီးဖေးကျင်းသည် ငယ်စဉ်ကတည်းက ဉာဏ်ကြီးရှင်ဟု နာမည်ကြီးခဲ့ပြီး သုံးနှစ်သားအရွယ်တွင် စစ်စာပေများကို ဖတ်ရှုနိုင်ကာ ၁၀ နှစ်သားအရွယ်တွင် စစ်သူကြီးဟောင်းရှီး၏ ဘေး၌ မြင်းစီးပြီး လိုက်ပါခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက လူကြီးများ၏ အတင်းအကျပ် သင်ကြားပေးမှုဖြင့် ကြီးပြင်းလာခဲ့ရသော်လည်း သူ့စိတ်ထဲတွင် သူသည် အရိုင်းသက်သက် ကြီးပြင်းလာခဲ့ရသည့် ယွဲ့ထန်ကို မမီကြောင်း သိနေသည်။
သူသည် ဒီတစ်သက် ဘယ်သူ့ကိုမှ စိတ်ပါလက်ပါ လေးစားခဲ့ခြင်း မရှိပေ။
ယွဲ့ထန် တစ်ယောက်တည်းကိုသာ မလေးစားဘဲ မနေနိုင်ဖြစ်ရသည်။
အထူးသဖြင့် ယွဲ့ထန်သည် သူ့ထက် အများကြီး ငယ်ရွယ်ရုံသာမက ရုပ်ရည်သန့်ပြန့်ပြီး ဖြောင့်မတ်တည်ကြည်သည့် အရှိန်အဝါရှိလေသည်... ဟွန်း... သူ့ထက် အနည်းငယ် ပိုကြည့်ကောင်းသည်ဟု ဆိုရမည်။
ယွဲ့ထန်၏ စစ်တပ်အုပ်ချုပ်ပုံသည် လူကဲ့သို့ပင် တင်းကျပ်သော စည်းမျဉ်းများဖြင့် အုပ်ချုပ်ပြီး ယွဲ့မိသားစုတပ်သားများသည် 'အေးခဲသေသွားလျှင်တောင် အိမ်ကို မဖျက်ဆီး၊ ငတ်သေသွားလျှင်တောင် လုယက်မှုမပြု' ဟူသော အမိန့်ကို လိုက်နာကြသည်။ သူနှင့် ယွဲ့မိသားစုတပ်သည် စုန့်မင်းဆက်၏ အခိုင်မာဆုံးသော ဒိုင်းလွှားတံတိုင်းကြီး ဖြစ်သည်။ တိုက်ခိုက်ပုံသည် ကျယ်ပြန့်ပြီး ကြီးမားသော်လည်း လှုပ်ရှားမှု လျင်မြန်လေသည်။
ရှီးဖေးကျင်း၏ လျှပ်တစ်ပြက် ခိုးတိုက်မှုနှင့် မတူပေ။ လျောင်နှင့် ကျင်းတို့သည် ရှီးဖေးကျင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားလျှင် မကျေမနပ်ဖြစ်ကာ ဒေါသထွက်ပြီး လက်တုံ့ပြန်ရန် အခွင့်အရေး ချောင်းနေတတ်သည်။ သို့သော် တောင်တန်းကြီးနှင့်တူသော ယွဲ့ထန်နှင့် ယွဲ့မိသားစုတပ်ကို တွေ့လျှင် လျောင်နှင့် ကျင်းတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် သဘောထား တူညီကြလေသည်... သူ့ကို သွားမစနဲ့၊ မင်း ဘာကိစ္စ သူ့ကို သွားစမှာလဲ... ဟူ၍။
သူသည် စုန့်မင်းဆက်၏ အရှိန်အဟုန်ပြင်းထန်သော ဓားမကြီးတစ်လက် ဖြစ်ပြီး လျောင်နှင့် ကျင်းတို့သည် ဒီအလံကို မြင်လိုက်သည်နှင့် စိတ်ဓာတ်ကျကာ အသည်းတုန်ပြီး နောက်လှည့်ပြေးကြတော့သည်။
ရှီးဖေးကျင်းသည် အတိတ်ကို ပြန်တွေးမိပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်လာကာ ယွဲ့ထန်ကို တံတောင်နှင့် တွန်းလိုက်၏။
“ရိက္ခာတွေကိုတော့ ထားလိုက်ပါတော့၊ မင်း အရင်တုန်းက အကူအညီတောင်းတုန်းက ငှားသွားတဲ့ ယိုကျိုးတပ်သား တစ်သောင်းကို ဘယ်တော့ ပြန်ပေးမှာလဲ”
ယွဲ့ထန်က မသိချင်ယောင်ဆောင်လိုက်ပြီး “အဲဒါ စစ်သူကြီးဟောင်းရှီးက ငါ့ကို ပေးလိုက်တာလေ၊ ငှားတာ မဟုတ်ပါဘူး”
“ပေါက်ကရတွေ၊ မင်း စစ်ကူတောင်းတဲ့စာ ငါ့ဆီမှာ ရှိသေးတယ်နော်”
“နောက်တစ်ခါ... နောက်တစ်ခါကျရင် ပြန်ပေးမယ်” ယွဲ့ထန်က ဝါးတားတား လုပ်လိုက်သည်။
စစ်သားကိစ္စကို ဘယ်လိုလုပ် ငှားတယ်လို့ ခေါ်လို့ရမှာလဲ။
“မင်း ကြည့်စမ်း... မင်း ကြည့်စမ်း... မင်းကြီးက မင်းကို ရိုးသားတယ်လို့ အမြဲပြောပြီး ငါ့ကိုတော့ ကောက်ကျစ်တယ်လို့ ပြောတယ်၊ ငါ့အမြင်မှာတော့ မင်းက ကျားကိုစားမယ့် ဝက်အသွင်ဆောင်ထားတာပဲ၊ အခု မင်းကြီးရှေ့ကိုသွားပြီး ရှင်းပြမှ ငါ့ဘဝက ရှင်းလင်းသွားတော့မှာ”
“ရှီးစန်းလန်... မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ မင်းကြီးရှေ့သွားပြီး ကလေးဆိုး လုပ်ဦးမလို့လား၊ နို့မပြတ်သေးဘူးလား”
ယွဲ့ထန်သည် တည်ကြည်လေးနက်သော မျက်နှာဖြင့် မပြောင်းလဲဘဲ လူကို ဒေါသထွက်အောင် ပြောလိုက်ပြီး ခြေလှမ်းများကို တိတ်တဆိတ် မြန်လိုက်လေသည်။
ရှီးဖေးကျင်းသည် ဒေါသထွက်လွန်းသဖြင့် အော်ဟစ်လိုက်တော့သည်။
“ယွဲ့အာ့... မပြေးနဲ့”
ယွဲ့ထန်က ပြန်မထူးဘဲ ခြေလှမ်းများကို ပိုမြန်လိုက်သည်။
သူတို့နှစ်ယောက်သည် လိုက်တမ်းပြေးတမ်း ကစားရင်း ယွိကျင်ဥယျာဉ်သို့ ရောက်ရှိလာကြ၏။ လျန်ချန်က ဈေးသည်ပုံစံ အမျိုးသမီးတစ်ယောက်နှင့် နောက်လိုက်နှစ်ယောက်ကို ဦးဆောင်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသဖြင့် ကိုယ့်ကိုယ်ပေါ်က စရိုက်များကို ထိန်းသိမ်းလိုက်ကြပြီး လျန်ချန်ကို လေးလေးစားစား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။
“လျန်သာ့တန်း... မတွေ့တာ ကြာပြီနော်၊ နေကောင်းကျန်းမာရဲ့လား”
အကယ်၍ လျန်ချန်သာ နန်းတွင်းထဲက မိန်းမစိုးများနှင့် ပူးပေါင်းပြီး ခွေးတိုးပေါက်တူးကာ မင်းကြီးအတွက် သတင်းမပို့ပေးခဲ့လျှင် ယခု နန်းတော်ပလ္လင်ပေါ်တွင် ထိုင်နေမည့်သူမှာ သစ္စာဖောက်သူပုန်သာ ဖြစ်ပေလိမ့်မည်။ လျန်ချန်သည် ယခင်မင်းကြီးက လက်ရှိမင်းကြီးအတွက် ချန်ရစ်ခဲ့ပေးသော လူဟောင်းဖြစ်ပြီး မင်းဆက်နှစ်ဆက်တိုင်အောင် အလုပ်အကျွေးပြုခဲ့သူ ဖြစ်သည်။ သစ္စာရှိသူဖြစ်သဖြင့် လေးစားထိုက်ပေသည်။
လျန်ချန်သည် အလျင်အမြန် ရှောင်ရှားလိုက်ပြီး ခါးကို ကိုင်းညွတ်ကာ လက်နှစ်ဖက်ကို ယှက်ပြီး ပြန်ပြောလိုက်သည်။
“စစ်သူကြီးနှစ်ပါးရဲ့ ဂါရဝကို မခံယူရဲပါဘူး၊ မင်းကြီးက အလုပ်ကိစ္စလေးတွေ ရှိနေလို့ ကြန့်ကြာနေပါတယ်၊ စစ်သူကြီးနှစ်ပါး ဥယျာဉ်ထဲ အရင်ဝင်ပြီး လက်ဖက်ရည် သုံးဆောင်နေပါ၊ ခဏနေရင် စားတော်ပွဲစပါလိမ့်မယ်”
ထို့နောက် သူသည် ထိုအမျိုးသမီးနှင့် နောက်လိုက်များကို ဘေးတစ်ဖက်သို့ ခေါ်သွားပြီး ရှီးဖေးကျင်းနှင့် ယွဲ့ထန်တို့ကို အရင်သွားရန် လက်ညှိုးထိုးပြကာ ဖိတ်ခေါ်လိုက်သည်။
“စစ်သူကြီးနှစ်ပါး... ကြွပါ”
ရှီးဖေးကျင်းနှင့် ယွဲ့ထန်တို့သည် ခေါင်းညိတ်ပြလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ မင်းကြီးက သူတို့ကို ရုတ်တရက် ပြန်ခေါ်သည့် အကြောင်းအရင်းကို သူတို့ ခန့်မှန်းမိနေကြပြီ ဖြစ်သဖြင့် ပြောသည့်အတိုင်း ဝင်သွားလိုက်ကြသည်။
သူတို့နှစ်ယောက် အထဲသို့ ဝင်သွားရုံရှိသေးသည် အနောက်ဘက်မှ မြင်းခွာသံ အလျင်အမြန် ကြားလိုက်ရပြီး မြင်းလှည်းတစ်စီးသည် ယွိကျင်ဥယျာဉ် တံခါးပေါက်တွင် ရပ်တန့်သွားခဲ့သည်။
မျက်နှာလေးထောင့်ကျကျ လူငယ်တစ်ယောက် ခေါင်းပြူထွက်လာသည်။ သူသည် လှည်းလိုက်ကာကို မစောင့်နိုင်ဘဲ ဆွဲဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းပြကာ ရင်းနှီးသည့် လေသံဖြင့် လှမ်းပြောလိုက်သည်။
“စစ်သူကြီးယွဲ့... စစ်သူကြီးရှီး... နေပါဦး... ဒီမင်းသားကို စောင့်ပါဦး”
ရှန်မြောင်သည် ကြောက်လန့်ပြီး ချွေးစေးများ ထွက်နေသည့် ထန်အာနှင့် ဖူရှင်းတို့ကို ဆွဲကာ ထောင့်တစ်နေရာတွင် ငြိမ်ငြိမ်လေး ပုန်းနေခဲ့သည်။ ရုတ်တရက် ထိုအခေါ်အဝေါ်နှစ်ခုကို ကြားလိုက်ရသဖြင့် သူမ၏ နားရွက်များ လှုပ်ရှားသွားတော့သည်။
'ရှီး... ရှဲ့အိမ်က သာ့ညန်ပြောတဲ့ ရှီး လား၊ ဒီမျိုးရိုးနာမည်က ရှားတယ်နော်၊ တိုက်ဆိုင်လိုက်တာ'
'ပြီးတော့ စစ်သူကြီးယွဲ့တဲ့...'
သူမသည် တံတွေးမြိုချလိုက်ပြီး နှလုံးခုန် မြန်လာတော့သည်။ ခေါင်းမော့ကြည့်ချင်သော်လည်း လျန်ချန်က ခါးကို ကိုင်းညွတ်လိုက်ပြီး အင်္ကျီစကို မကာ ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရသည်။
“လုဝမ်မင်းသားကို ဂါရဝပြုပါတယ်”
'ဒီအသားမည်းမည်း ဝတုတ်တုတ်လူက လုဝမ်မင်းသားတဲ့လား၊ ဒီဘွဲ့နာမည်က... လက်ရှိမင်းကြီးရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်တဲ့ ညီတော် ဖြစ်မယ်ထင်တယ်'
...
အပိုင်း (၁၂၀)
ရှန်မြောင်သည် ထပ်မံအံ့အားသင့်သွားရပြန်သည်။ ဒူးညွတ်အရိုအသေပေးရန် ပြင်လိုက်စဉ်မှာပင် ခေါင်းပေါ်မှ အသံသြသြနှင့် လုဝမ်မင်းသားက လက်ကာပြသည်ကို ကြားလိုက်ရလေသည်။
"ရပါတယ်... ရပါတယ်... ဂါရဝပြုစရာ မလိုပါဘူး"
ရှန်မြောင်သည် ထိုစကားကို ကြားသည်နှင့် ဒူးအနည်းငယ်ညွှတ်ကာ မတ်တပ်ပြန်ရပ်လိုက်ပြီး အရှေ့သို့ လှမ်းပြီး ခိုးကြည့်လိုက်သည်။
အရပ်ရှည်ရှည် ဗလတောင့်တောင့် လူကြီးနှစ်ယောက်နှင့် အသားမည်းမည်း ဝတုတ်တုတ် လူငယ်တစ်ယောက်တို့သည် ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်သွားကြပြီး မိန်းမစိုး၏ လမ်းပြမှုဖြင့် ဥယျာဉ်ထဲသို့ ဝင်သွားကြလေသည်။
မျက်နှာကို သေချာမမြင်ရသော်လည်း စကားပြောသံများကိုတော့ ကြားနေရသေးသည်။
လုဝမ်မင်းသားသည် စစ်သူကြီးနှစ်ဦးနောက်သို့ တကောက်ကောက် လိုက်နေပြီး အမြီးလေးသဖွယ် ဟိုလူ့နားကပ်လိုက် ဒီလူ့နားကပ်လိုက်ဖြင့် ပူဆာနေလေ၏။
"စစ်သူကြီးယွဲ့... ကျွန်တော် ခင်ဗျားနဲ့လိုက်ပြီး ယန်ကျိုးမှာ ကျင်းခွေးတွေကို သွားတိုက်လို့ ရမလား၊ တောင်းပန်ပါတယ်ဗျာ၊ မရရင်လည်း စစ်သူကြီးရှီးဆီ လိုက်မယ်လေ၊ လျောင်ခွေးတွေကို သွားတိုက်လည်း ရတာပဲ"
"မင်းသား... စစ်တိုက်တယ်ဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး၊ ဓားတွေလှံတွေက မျက်စိပါတာ မဟုတ်ဘူး၊ မယ်တော်ကြီးနဲ့ မင်းကြီးက မင်းသားကို လွှတ်မှာမဟုတ်ပါဘူး"
ဒါကတော့ စေတနာနှင့် ပြောရှာသော ယွဲ့ထန်၏ အသံပင်။
"မင်းသား... 'မရရင်လည်း' ဆိုတာ ဘာသဘောလဲ၊ ကျွန်တော်က မင်းသားစိတ်ထဲမှာ စစ်သူကြီးယွဲ့ရဲ့ အစားထိုးခံပဲလား"
ဒါကတော့ ဝမ်းနည်းပက်လက် ဖြစ်သွားသော ရှီးဖေးကျင်း၏ အသံပင်။
"ဒီမင်းသားက အဲဒီသဘော ပြောတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့နှစ်ယောက်လုံးက တိုင်းပြည်ရဲ့ ကျောထောက်နောက်ခံတွေပါ၊ ဒီမင်းသား စိတ်ထဲမှာတော့ အတော်ဆုံး စစ်သူကြီးတွေပါပဲ၊ ဒီမင်းသားက ယန်ကျိုးကို အရင်သွားကြည့်ချင်လို့ပါ၊ ပြီးမှ ယိုကျိုးကို သွားမလို့..."
"ထားပါတော့လေ... ကျွန်တော်က စစ်သူကြီးယွဲ့လောက် မတော်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
"...... စစ်သူကြီးရှီး... နောက်ဆိုရင် ပြဇာတ်တွေ လျှော့ဖတ်ပါလား၊ ခင်ဗျားစကားတွေက ကြက်သီးထစရာ ကောင်းလွန်းလို့ပါ"
ထို့နောက်တွင်တော့ အသံများ တိတ်ဆိတ်သွားတော့သည်။
လျန်ချန်သည် အထက်လူကြီးများ ဝေးရာသို့ ရောက်သွားသည်အထိ သတိထား စောင့်ဆိုင်းပြီးမှ ခါးမတ်လိုက်ကာ အတွေးလွန်နေသော ရှန်မြောင်၊ ကြက်သေသေနေသော ထန်အာနှင့် ခြေသလုံးတုန်နေသော ဖူရှင်းတို့ကို ပြောလိုက်သည်။
"ရှန်ညန်ဇီ... တို့တွေလည်း အထဲ မြန်မြန်ဝင်ကြစို့"
ရှန်မြောင်သည် ယခုအချိန်ကျမှ သူမ ဘယ်သူ့အတွက် ချက်ပြုတ်ပေးရမည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့သည်။ သည်ကိုလာသည့် လမ်းတစ်လျှောက်လုံးတွင် လျန်အိမ်တော်ထိန်းက နန်းတွင်းထဲက ဘယ်သူ့လူလဲ၊ ဧည့်ခံမည့်သူက ဘယ်ဆွေတော်မျိုးတော်လဲဟု သူမ တွေးလာခဲ့မိသည်။
အခုတော့ အားလုံး ရှင်းသွားလေပြီ။ သူမ ခန့်မှန်းခဲ့သည့် လူချမ်းသာစာရင်းထဲတွင် မခန့်မှန်းရဲဆုံးနှင့် တန်ဖိုးအကြီးဆုံးလူ ဖြစ်နေတော့သည်။
ထန်အာနှင့် ဖူရှင်းသည် အသံတုန်တုန်ယင်ယင်ဖြင့် ရှန်မြောင်ကို မေးလာကြ၏။
"ရှန်ညန်ဇီ... ဘယ်လိုလုပ်ကြမလဲ၊ ကျုပ်တို့က ဒီတစ်သက် နန်းတွင်းစားတော်ပွဲ ပြင်ရမယ်လို့ တွေးတောင်မတွေးဖူးဘူး"
သူတို့လို လက်ကြမ်းခြေကြမ်း လူတန်းစားတွေက ဘယ်လိုလုပ် နန်းတွင်းစားတော်ပွဲကို စီစဉ်နိုင်ပါ့မလဲ။
ရှန်မြောင်လည်း စိတ်ထဲတွင် သူမလည်း မလုပ်ဖူးကြောင်း တွေးနေမိသည်။
"ရှင်တို့ မကြောက်ပါနဲ့၊ ခဏနေရင် ကျွန်မပဲ ဦးဆောင်ချက်မယ်၊ ရှင်တို့က အိမ်က မီးဖိုချောင်မှာလိုပဲ ကျွန်မကို ကူပေးရင် ရပြီ၊ မင်းကြီးက ကျွန်မတို့ကို ခေါ်တာ နန်းတွင်းဟင်းပွဲတွေ စားချင်လို့မှ မဟုတ်တာ၊ သူက အရသာမတူတာကို စားချင်လို့နေမှာပေါ့" ရှန်မြောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ပုံမှန်အတိုင်းပဲ လုပ်ကြတာပေါ့"
ထန်အာနှင့် ဖူရှင်းသည် တစ်ယောက်ကိုတစ်ယောက် တွဲထားကြပြီး ရှန်မြောင် တည်ငြိမ်နေသည်ကို မြင်မှ စိတ်အနည်းငယ် အေးသွားကြသည်။ သူတို့နှစ်ယောက်သည် ချွေးစေးများကို သုတ်လိုက်ကြပြီး ခြေထောက်မတုန်တော့ဘဲ ရှန်မြောင်နှင့်အတူ ယွိကျင်ဥယျာဉ်၏ မီးဖိုဆောင်သို့ ဝင်သွားကြတော့သည်။
အထဲတွင် စောင့်ဆိုင်းနေသော မိန်းမစိုးများနှင့် စားဖိုဆောင်အကူ အများအပြား ရှိနေပြီး လျန်ချန် သူတို့ကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ အားလုံးက ဦးညွှတ်အရိုအသေ ပြုကြသည်။
လျန်ချန်က စားဖိုဆောင်အကူများကို ရှန်မြောင်၏ အမိန့်ကို နာခံရန်နှင့် မင်းကြီး၏ အရေးကိစ္စကို မနှောင့်နှေးစေရန် တင်းတင်းကျပ်ကျပ် မှာကြားလိုက်သည်။ ထို့နောက် ရှန်မြောင်ဘက်သို့ လှည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ရှန်ညန်ဇီ... ဒီကိစ္စကို အပ်လိုက်ပါပြီနော်၊ ဒီနေ့က ကမန်းကတန်းမို့လို့ ရှန်ညန်ဇီ ပင်ပန်းရတော့မယ်"
"ရပါတယ်၊ လျန်ကုန်းကုန်း စိတ်ချပါ၊ ကျွန်မ အခုပဲ စလိုက်ပါတော့မယ်"
ရှန်မြောင်သည် လက်ပတ်ကြိုးကို ထုတ်ကာ အင်္ကျီလက်ကို စည်းနှောင်လိုက်ပြီး ဆံပင်များကို ခေါင်းပေါင်းဖြင့် သေချာစည်းလိုက်သည်။ ထို့နောက် ဆပ်ပြာဖြင့် လက်ကို စင်ကြယ်စွာ ဆေးကြောပြီး ဖူရှင်းနှင့် ထန်အာကိုလည်း လက်သည်းကြားမှ အညစ်အကြေးများပါ မကျန်အောင် သေချာဆေးကြောခိုင်းလိုက်သည်။
သူမသည် အသင့်တော်ဆုံး ဓားတစ်ချောင်းကို ရွေးချယ်လိုက်ပြီး ဓားကွက်အနည်းငယ် လှည့်ကစားလိုက်ကာ လျန်ချန်နှင့် သဘောတူထားသည့် ဟင်းလျာစာရင်းအတိုင်း ချောချောမွေ့မွေ့ စတင်ချက်ပြုတ်တော့သည်။
လျန်ချန်သည် ရှန်မြောင်က ဒယ်အိုးသုံးလုံးကို တပြိုင်နက်တည်း မီးဖိုပေါ်တင်ပြီး တည်ငြိမ်စွာ အမိန့်ပေးကာ ရှုပ်ထွေးခြင်းမရှိဘဲ ဟင်းချက်သည့်နှုန်း အလွန်မြန်ဆန်ပြီး လက်ငြိမ်သည်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် ဟင်းပွဲလာယူမည့် မိန်းမစိုးများကို အနည်းငယ် မှာကြားပြီး လှည့်ထွက်သွားတော့သည်။
ယွိကျင်ဥယျာဉ်သည် ပြန့်မြစ်ရေကို သွယ်ယူထားသဖြင့် ရေကန်များ ဖြစ်ပေါ်နေပြီး ရေကန်ထဲတွင် ကျွန်းတုများ၊ ပြာသာဒ်ဆောင်များဖြင့် တန်ဆာဆင်ထားသည်။ ဂင်းကိုးပင်များနှင့် မေပယ်ပင်များကို နေရာအနှံ့ စိုက်ပျိုးထားရာ ဆောင်းဦးရာသီ ရှုခင်းသည် အလွန်လှပလေသည်။ ယခုအချိန်သည် သစ်ရွက်များ အရောင်ပြောင်းချိန်ဖြစ်၍ ဂင်းကိုးရွက်များ ဝါဖန့်နေပြီး မေပယ်ရွက်များက မီးတောက်သဖွယ် နီရဲနေလေသည်။
ကျောက်ပေါ်ယွင် ရောက်လာချိန်တွင် ရှီးဖေးကျင်းနှင့် ယွဲ့ထန်တို့သည် နယ်စပ်သို့ လိုက်မည်ဟု အော်ဟစ်ပူဆာနေသော လုဝမ်မင်းသားကို ချော့မော့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြလေပြီ။ ကျောက်ပေါ်ယွင်၏ မြင့်မား၍ ညိုမောင်းသော ပုံရိပ်သည် ရေပေါ်ဆောင်ထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရမှ သူတို့ သက်ပြင်းချနိုင်တော့သည်။
"နောင်တော်ကြီးကို ဂါရဝပြုပါတယ်"
"မင်းကြီးကို ဂါရဝပြုပါတယ်"
ကျောက်ပေါ်ယွင်က လက်ကာပြကာ ပြုံးရွှင်စွာ ဝင်ထိုင်လိုက်သည်။
"စစ်သူကြီးနှစ်ပါး လမ်းခရီးမှာ ပင်ပန်းလာကြပြီ၊ ထိုင်ကြပါ၊ အခမ်းအနားတွေ လုပ်မနေပါနဲ့၊ အားဟန်... မင်း မွှေမနေဘူးမလား"
"မမွှေပါဘူး... မမွှေပါဘူး" လုဝမ်မင်းသားက ချက်ချင်း ငြင်းဆိုကာ အောက်ဘက်ခုံတွင် လိမ်လိမ်မာမာ ဝင်ထိုင်လိုက်သည်။ "ခုတလော စာဖတ်နေပါတယ်၊ ဆရာကြီးတွေက ညီတော် လက်ရေးတိုးတက်လာပြီတဲ့၊ စာလုံးအကြီးအသေး ညီလာပြီလို့ ပြောကြတယ်"
ကျောက်ပေါ်ယွင် "......"
'နောက်မှ လုဝမ်မင်းသားကို စာသင်ပေးတဲ့ ဆရာကြီးတွေကို လစာတိုးပေးဦးမှပဲ၊ တော်တော် ပင်ပန်းရှာမှာပဲ'
လျန်ချန်က အလျင်အမြန် ဝင်မေးလိုက်သည်။
"မင်းကြီး... စားပွဲတော် တည်ခင်းလိုက်ရမလား"
ကျောက်ပေါ်ယွင်က ခေါင်းညိတ်လိုက်သည်။
"ခင်းလိုက်တော့၊ ငါကိုယ်တော် စစ်သူကြီးနှစ်ပါးနဲ့ စားရင်းသောက်ရင်း စကားပြောမယ်"
လျန်ချန်သည် အစီအစဉ်များ ပြုလုပ်ရန် ထွက်ခွာသွားတော့သည်။
ကျောက်ပေါ်ယွင်သည် အခြား အစေခံများကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီး လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်၏။ ထို့နောက် ပြုံးရွှင်စွာဖြင့် ရှီးဖေးကျင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"စစ်သူကြီးရှီး... မင်းရဲ့ ညီမအရင်း ယူထားတဲ့ ချန်ကျွင်းက ရှဲ့မိသားစုအကြောင်း သိတယ်မလား၊ မင်းရဲ့ ယောက်ဖလောင်းက ဒီနေ့ပဲ အပြစ်ရှိပါတယ်ဆိုပြီး ရာထူးက နှုတ်ထွက်ခွင့် လာတောင်းတယ်"
ရှီးဖေးကျင်းသည် မျက်နှာချောချောကို အားကိုးပြီး သူ့ညီမလေးကို ဖြားယောင်းသွားသည့် ယောက်ဖကို စိတ်ထဲက အလိုမကျဖြစ်နေဆဲပင်။ သို့သော် ညီမလေးနှင့် တူလေးမျက်နှာကို ထောက်ထားပြီး မတတ်သာသည့် အပြုံးကို ပြုလုပ်လိုက်ရသည်။
"ကျွန်တော့်ယောက်ဖက ဘာအရည်အချင်းမှ ရှိတာမဟုတ်ပါဘူး၊ စောစောစီးစီး နှုတ်ထွက်သင့်တာပါ"
ငယ်စဉ်ကတည်းက ထိုယောက်ဖသည် ဂျုံနယ်ထားသလို ပျော့ပျောင်းလွန်းသူ ဖြစ်သည်။ ရုပ်ရည်သန့်ပြန့်ခြင်း၊ စကားနားထောင်ခြင်း၊ လက်ရေးလှခြင်း၊ စာစီစာကုံးကောင်းခြင်း၊ ဆွေကြီးမျိုးကြီးဖြစ်ခြင်း၊ မိသားစုစည်းကမ်း တင်းကျပ်ခြင်းမှလွဲ၍ ဘာမှ ထုတ်ပြောစရာ အရည်အချင်းမရှိပေ။
"ဒီတစ်ခါတော့ သူ အမြင်မှန်ရသွားပုံပဲ၊ နှပ်တွေသလိပ်တွေနဲ့ ငိုယိုပြီးတော့ ရှဲ့မိသားစု ဆွေမျိုးတွေက လယ်မြေတွေကို မတရားသိမ်းပိုက်ထားတာတွေ၊ အိမ်စေတွေက ဗိုလ်ကျစိုးမိုးတာတွေ လုပ်နေတာကို သူက အိမ်ဦးစီးအနေနဲ့ မဆုံးမနိုင်ခဲ့ပါဘူးဆိုပြီး ငါကိုယ်တော်ကို အပြစ်ပေးဖို့ တောင်းဆိုနေလေရဲ့"
ကျောက်ပေါ်ယွင်က အားရပါးရ ရယ်မောလိုက်သည်။ သူ မလှုပ်ရှားမီ ဆွေကြီးမျိုးကြီးများက သူ့ကို ဦးညွှတ်လာမလားဟု စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဖုန်းမိသားစုအပေါ် မျှော်လင့်ထားသော်လည်း ရှဲ့မိသားစုက အရင် ဦးအောင် အမြင်မှန်ရသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ပြောရင်းဆိုရင်း ကျောက်ပေါ်ယွင်၏ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်သော အကြံအစည်ကို ထုတ်ဖော်ပြောကြားလိုက်သည်။ သူသည် ဤအခွင့်အရေးကို အသုံးချပြီး ဆွေကြီးမျိုးကြီးများ၏ ကျောရိုးကို ရိုက်ချိုးပစ်မည်။ သူတို့ နန်းတော်အာဏာစက်အောက်တွင် ခေါင်းမထောင်နိုင်အောင် လုပ်ပစ်ရမည် ။
ခမည်းတော်ရှိစဉ်က သူ့အတွက် ဆွေကြီးမျိုးကြီးများကို အင်အားလျှော့ချပေးရန် ကြိုးစားခဲ့သော်လည်း စိတ်လောလွန်းသဖြင့် မတရားမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ဟယ်တုန်းဒေသမှ ရွှယ်၊ ချင်၊ ရွှီ၊ ကျန်း စသည့် မိသားစုကြီးလေးစုသည် ကျင်းမင်းသားဘက်သို့ ပါသွားခြင်း ဖြစ်နိုင်သည်။
သူတို့ ပုန်ကန်စဉ်ကလည်း သူ့အပေါ် ညှာတာခြင်း မရှိခဲ့ပေ။ သူ နန်းတက်ပြီး ၃ နှစ်အတွင်း သူတို့ကို အပြတ်မရှင်းခဲ့သည်မှာ လုံလောက်အောင် သဘောထားကြီးပေးခဲ့ခြင်းပင်။
ကျောက်ပေါ်ယွင်သည် ကြိုတင်ကြံစည်ထားပြီးဖြစ်၏။
နောင်တွင် ဆွေကြီးမျိုးကြီးများကို အိမ်သိမ်းမြေသိမ်း လုပ်ဆောင်ပြီး ရရှိလာသည့် ပစ္စည်းများကို သုံးပုံတစ်ပုံခွဲမည်။ တစ်ပုံကို နိုင်ငံတော်ဘဏ္ဍာတိုက်ထဲ ထည့်မည်။ တစ်ပုံကို စစ်စရိတ်သုံးမည်။ ကျန်တစ်ပုံကို အနောက်ဘက်ဒေသကို ဖောက်ထွင်းရာတွင် သုံးစွဲမည်။
"စစ်သူကြီးနှစ်ပါးကို ပြန်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ပထမအချက်အနေနဲ့ အနောက်ဘက်ဒေသကို သွားမယ့်အဖွဲ့မှာ လိုက်ပါဖို့ အရည်အချင်းရှိတဲ့ စစ်သည်တွေကို ရွေးချယ်ပေးဖို့၊ ဒုတိယအချက်က ဒီကိစ္စက စစ်သူကြီးနှစ်ပါးရဲ့ ဆွေမျိုးတွေနဲ့ သက်ဆိုင်နေလို့ ကိုယ်တော် ကိုယ်တိုင် ရှင်းပြချင်လို့၊ တတိယအချက်ကတော့ မိသားစုနဲ့ တွေ့ဆုံပြီး ငါကိုယ်တော်နဲ့အတူ နှစ်သစ်ကူးပွဲ နွှဲပျော်ဖို့ပေါ့"
ကျောက်ပေါ်ယွင်သည် ပြောရင်းဆိုရင်း မျက်နှာထား ပြန်လည် နူးညံ့လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ငါကိုယ်တော် စစ်သူကြီးနှစ်ပါးနဲ့အတူ ကျိန်လုံးကန်ချင်သေးတယ်"
ယွဲ့ထန်၏ အစ်ကိုကြီးဘက်က တူမသည် ဖုန်းမိသားစု ဒုတိယသခင်နှင့် လက်ထပ်ထားသော်လည်း မင်းကြီးစကားကို ကြားသောအခါ မျက်ခုံးပင်မလှုပ်ဘဲ ရိုးသားပွင့်လင်းစွာ ပြန်လျှောက်တင်လိုက်သည်။
"မင်းကြီးပြောသမျှကို ကျွန်တော် မနက်ဖြန်ကျရင် တူမလေးကို ရှင်းပြလိုက်ပါ့မယ်"
ရှီးဖေးကျင်းသည် အစပိုင်းတွင် လန့်သွားသော်လည်း ယောက်ဖဖြစ်သူက ရာထူးမှ နှုတ်ထွက်ပြီးပြီ ဖြစ်သဖြင့် မင်းကြီးက ရှဲ့မိသားစု၏ သစ္စာရှိမှုကို ကျေနပ်နေပုံရသည်ဟု တွေးမိကာ စိတ်သက်သာရာ ရသွားသည်။ ထို့ကြောင့် ရယ်မောကာ ပြန်ပြောလိုက်သည်။
"ကျွန်တော်ကတော့ အေးဆေးပါပဲ၊ ရှဲ့မိသားစုတစ်စုလုံးက မင်းကြီးအပေါ် သစ္စာရှိကြပါတယ်၊ ကျွန်တော် ဘာမှ ပြောစရာမလိုတော့ပါဘူး"
စကားပြောပြီးသည်နှင့် ဧည့်ခံပွဲ၏ ရည်ရွယ်ချက် ပြီးဆုံးသွားပြီ ဖြစ်သည်။
လုဝမ်မင်းသားသည် နားထောင်ရင်း လက်ဖက်ရည် ခွက်ပေါင်းများစွာ သောက်ပြီးပြီဖြစ်ရာ အလိုက်တသိ ဝင်ပြောလိုက်သည်။
"နောင်တော်ကြီး... ဗိုက်ဆာပြီ"
"ဟင်းပွဲတွေ လာပါပြီ" လျန်ချန်က အချိန်ကိုက်ပင် လိုက်ကာကို မတင်ပေးလိုက်ရာ သစ်သားဗန်းများကို ကိုင်ဆောင်ထားသော မိန်းမစိုးများ တန်းစီ ဝင်ရောက်လာကြသည်။ သူသည် မျက်လုံးဖြင့် အကဲခတ်ကြည့်လိုက်ရာ ရှန်ညန်ဇီ၏ လက်ရာသည် အမှန်ပင် ကောင်းမွန်လှသည်။ မင်းကြီးနှင့် စစ်သူကြီးတို့ စကားပြောနေသည့် နာရီဝက်အတွင်း ဟင်းပွဲ ၃ ပွဲ ပြီးစီးအောင် ချက်ပြုတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ပထမဟင်းပွဲမှာ အအေးပန်းကန် 'လုံကျင်းပုစွန်' ဖြစ်သည်။ ပုစွန်ကို ရေနွေးဖျောပြီး လက်ဖက်ရည်ဖြင့် စိမ်ကာ အအေးခံထားသဖြင့် လန်းဆန်းပြီး ခံတွင်းမြိန်စေမည့် ခံတွင်းလိုက်စာဟင်းပွဲ ဖြစ်သည်။
ဒုတိယဟင်းပွဲမှာ ဘဲကင် ဖြစ်သည်။ ရှန်ကျိဆိုင်မှ ကင်ပြီးသား ယူလာခဲ့ခြင်းဖြစ်ပြီး မီးဖိုပေါ်တွင် အနည်းငယ် နွှေးထားသဖြင့် ဂျုံပြားက နူးညံ့နေပြီး ဘဲသားက ပူနွေးနေလေသည်။
တတိယဟင်းပွဲကို ကျောက်ပေါ်ယွင် သတိမထားမိတော့ပေ။ သူသည် ဘဲကင်ကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်သွားပြီး ဘယ်လိုစားရမှန်း မသိဖြစ်နေသော စစ်သူကြီးနှစ်ပါးကို အားတက်သရော ညွှန်းဆိုလိုက်သည်။
"စစ်သူကြီးနှစ်ပါး မသိလိုက်ဘူး၊ ပြန့်ကျင်းမြို့မှာ ဘဲကင်ဆိုင်အသစ် ဖွင့်ထားတယ်၊ လက်ရာက ရှယ်ပဲ၊ မြန်မြန်မြည်းကြည့်ကြ၊ အဲဒီဆိုင်က ရှန်ညန်ဇီရဲ့ လက်ရာက ပြိုင်ဘက်ကင်းပဲ၊ ခင်ဗျားတို့ ဒီလောက်ကောင်းတဲ့ ဘဲကင်မျိုး စားဖူးမှာ မဟုတ်ဘူး"
ယွဲ့ထန်သည် ရန်ကျိုးတွင် အသင့်စားခေါက်ဆွဲ မရောက်ရှိသေးသဖြင့် မင်းကြီးလုပ်သလို ဘဲသားကို ထုပ်ပြီး ပါးစပ်ထဲ ထည့်လိုက်ရာ ပါးစပ်ထဲတွင် မွှေးကြိုင်သွားတော့သည်။ အစားအသောက် မမက်မောသော သူပင် ခေါင်းညိတ်ချီးကျူးလိုက်မိသည်။
"တကယ် ကောင်းတဲ့ ဘဲသားပဲ"
ရှီးဖေးကျင်းသည် ပြန့်ကျင်းမြို့တွင် ရှန်ကျိဟူသော ဆိုင်ရှိမှန်း သိထားသည်။ ယိုကျိုးမှ ခေါက်ဆွဲစက်ရုံသည်လည်း သူ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ညီမဖြစ်သူ ပေးစာများထဲတွင် ထိုရှန်ညန်ဇီအကြောင်း မကြာခဏ ပါဝင်ပြီး ဉာဏ်ကောင်းကာ ဝီရိယရှိပြီး လက်ရာကောင်းကြောင်း ပြောလေ့ရှိသည်။ သို့သော်... ပြန့်ကျင်းမြို့တွင် ရှန်မျိုးရိုးနှင့် စဖိုမှူးက ဒီလောက်များနေတာလား။
ဘဲကင်ဆိုင်ဖွင့်သည့် ရှန်ညန်ဇီ နောက်တစ်ယောက် ရှိနေပြန်ပြီလား။
သူသည် သံသယဖြင့် ဘဲသားတစ်ဖတ်ကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။ ဘဲအရေခွံသည် ကြွပ်ရွမွှေးကြိုင်နေပြီး ဘဲသားသည် အရည်ရွှမ်းနေကာ အချဉ်ရည်၊ ဂျုံပြား၊ ကြက်သွန်မြိတ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ သူ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေတော့သည်။ မင်းကြီးကြိုက်သည်မှာ မဆန်းပေ။ ရိုးရိုးဘဲတော့ မဟုတ်နိုင်။
"တကယ် အရသာရှိတာပဲ" ရှီးဖေးကျင်းသည် ဆက်တိုက် စားသောက်လိုက်ရာ နှုတ်ခမ်းမွှေးများပင် ပေကျံကုန်ပြီး ဘယ်လို ချီးကျူးရမှန်း မသိဖြစ်နေတော့သည်။ စိတ်ထဲတွင်တော့ ဒီဘဲကင်ဆိုင်က ရှန်ညန်ဇီနဲ့ ခေါက်ဆွဲဆိုင်က ရှန်ညန်ဇီများ ညီအစ်မတော်နေမလားဟု တွေးမိလိုက်သည်။
နှစ်ယောက်လုံး လက်ရာကောင်းကြတာပဲ။
လုဝမ်မင်းသားသည် နန်းတော်ထဲတွင် အစ်ကိုဖြစ်သူ ဝယ်ကျွေးထားသော ဘဲကင်ကို စားဖူးပြီးဖြစ်၍ သိပ်မအံ့သြတော့ပေ။ သူသည် ဘဲကင်ကို ကျွမ်းကျင်လျင်မြန်စွာ ထုပ်ပြီး ၇ ဖတ် ၈ ဖတ်ခန့် ဆက်တိုက် စားလိုက်သည်။ စကားပြောလျှင် တစ်ဖတ်လျော့စားရမည် စိုးသဖြင့် ခေါင်းငုံ့ပြီး ဘဲကင်ကိုသာ အာရုံစိုက် စားနေတော့သည်။
ကျောက်ပေါ်ယွင်သည် ရှီးဖေးကျင်းနှင့် ယွဲ့ထန်တို့ ကြိုက်နှစ်သက်ကြသည်ကို မြင်သောအခါ အပေါင်းအသင်းများကို တွေ့သွားသလို ကျေနပ်သွားပြီး လက်ဝှေ့ယမ်းကာ လျန်ချန်ကို ပြောလိုက်သည်။
"မင်း သွားပြီး ရှန်ညန်ဇီကို ပြောလိုက်၊ နောက်ထပ် ဘဲကင်အကောင်လိုက် ကင်ခိုင်းလိုက်၊ စစ်သူကြီးနှစ်ယောက် အိမ်ပြန်ယူသွားဖို့ ထုပ်ပေးလိုက်"
လျန်ချန်သည် အခက်တွေ့သည့် မျက်နှာထား ဖြစ်သွား၏။ သူသည် ရှန်ကျိဆိုင်သို့ ဘဲဝယ်ရန် မကြာခဏ သွားရောက်လေ့ရှိပြီး ပိုဝယ်ချင်တိုင်း မရခဲ့ပေ။ ထို့ကြောင့် ရှန်မြောင်တွင် ဘဲအလုံအလောက် မရှိသည့် အခက်အခဲကို သိရှိထားသည်။ မင်းကြီးက ရှန်ညန်ဇီကို စားတော်ပွဲ ပြင်ဆင်ခိုင်းချင်သည်ဟု ပြောလာကတည်းက သူသည် ရှန်မိသားစု၏ ဆွေစဉ်မျိုးဆက် ၁၈ ဆက်အထိ စုံစမ်းစစ်ဆေးခဲ့သည်။
ရှန်မိသားစုသည် လွန်ခဲ့သောနှစ်များက မတရားမှုတစ်ခုကြောင့် ဒုက္ခရောက်ခဲ့ရသည့် သာမန်ပြည်သူများ ဖြစ်ကြောင်း သိရရုံသာမက ရှန်ညန်ဇီက မြေရိုင်းသွားကြည့်သည်ကိုပါ သိရှိခဲ့သည်။ ထို့နောက် လူလွှတ်ပြီး ပိုင်မိသားစုရွာသို့ စုံစမ်းခိုင်းရာ အားလုံးကို ရှင်းလင်းစွာ သိရှိသွားတော့သည်။
လျန်ချန်သည် အမှန်အတိုင်း လျှောက်တင်လိုက်သည်။
"...... အဲဒီလို ဖြစ်နေပါတယ်၊ ဘဲဖြူက ရှားပါးနေပါတယ်၊ ရှန်ညန်ဇီကလည်း အဆင့်နိမ့်တဲ့ ဘဲတွေကို မသုံးချင်ပါဘူး၊ ဒါကြောင့် တစ်နေ့ကို အကောင် ၂၀ ပဲ ရောင်းနိုင်တာပါ၊ သူလည်း ကိုယ်ပိုင်ခြံဝယ်ပြီး ဘဲမွေးချင်နေတာပါ၊ မြေရှာနေတုန်း ဝမ်းနည်းစရာကိစ္စတစ်ခု ကြားလိုက်ရလို့ ရုံးတော်ပိုင်မြေကို မငှားရဲဖြစ်နေတာပါ"
ထို့နောက် ကော်မိသားစု၏ လုပ်ရပ်များကို ပြောပြလိုက်သည်။
"မိုက်ရိုင်းလိုက်တာ" ကျောက်ပေါ်ယွင်သည် စားပွဲကို ရိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်ရာ ဘဲကင်များပင် ခုန်တက်သွားတော့သည်။ "ကော်မိသားစုက တော်တော်အတင့်ရဲနေပါလား၊ ငါကိုယ်တော်ရဲ့ မျက်စိအောက်မှာတောင် ဒီလိုလှည့်ကွက်မျိုး သုံးရဲတယ်ပေါ့၊ သူတို့ လိမ်မာလာပြီ ထင်နေတာ၊ အားလုံးက ငါကိုယ်တော်ကို လှည့်စားနေကြတာပဲ"
ရှီးဖေးကျင်းသည် တူကို ချပြီး လိမ်လိမ်မာမာ ထိုင်လိုက်သည်။ သူသည် မင်းကြီးကို မျက်လုံးထောင့်ကနေ ခိုးကြည့်လိုက်ရာ မင်းကြီး၏ မျက်နှာမည်းကြီးသည် ဒေါသကြောင့် နှုတ်ခမ်းမွှေးများ ထောင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် မသိမသာ မျက်လုံးအိမ်ထဲတွင်တော့ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီး မတ်တပ်ရပ် လက်ခုပ်တီးချင်နေပုံ ပေါ်သည်။
ဒီကော်မိသားစုကိစ္စကို...
မင်းကြီး... စောစောကတည်းက သိနေလောက်သည်။
ယွဲ့ထန်က အသင်းအဖွဲ့စွဲမရှိသော သစ္စာရှိအမတ် ဖြစ်သည်။ ဖုန်းမိသားစုနှင့် ဆွေမျိုးတော်စပ်သော်လည်း ဖုန်းမိသားစုအတွက် ဘယ်တော့မှ စကားပြောပေးလေ့ မရှိပေ။ ထို့ကြောင့် တည်ငြိမ်စွာဖြင့် ဘဲကင်ကို ဆက်လက် ထုပ်စားနေသည်။ လျန်ချန်ကို တစ်ချက်ကြည့်ပြီး လျန်ကုန်းကုန်း၏ မင်းကြီးအတွက် ဇာတ်ခင်းပေးနိုင်သည့် အရည်အချင်းက ပိုပြီး ပြောင်မြောက်လာသည်ဟု တွေးမိလိုက်သည်။
ရှန်မြောင်သည် အထက်လူကြီးများ၏ ရှုပ်ထွေးပွေလီသော ကိစ္စရပ်များကို မသိရှိပေ။ ဒီနေ့က ကြက်ကိုဖမ်းပြီး ဘဲလုပ်ခိုင်းသလို အလျင်အမြန် လုပ်ဆောင်ရသဖြင့် သူမသည် အမြန်ဆုံးနှုန်းဖြင့် ချက်ပြုတ်နေရသည်။ သူမသည် ဒီစားပွဲကို ကောင်းမွန်အောင် ပြင်ဆင်ရန်သာ အာရုံစိုက်ထားသည်။ မကြိုးစားလို့ မဖြစ်ပေ။ ဧည့်သည်က ဧကရာဇ်မင်းကြီး ဖြစ်နေသည် မဟုတ်ပါလား။ ရုပ်ရှင်တွေထဲမှာလို စကားတစ်ခွန်းမှားသည်နှင့် သမားတော်များ၊ စားဖိုမှူးများကို ဆွဲထုတ်ပြီး ခေါင်းဖြတ်ခိုင်းသည့် ဇာတ်ကွက်များကို ကြည့်ဖူးထားသဖြင့် စိတ်ထဲတွင် မပေါ့ဆရဲပေ။ ရှိသမျှ အရည်အချင်းအကုန် ထုတ်သုံးပြီး ချက်ပြုတ်ရတော့သည်။
အမြန်နှုန်းနှင့် အရည်အသွေးသည် လေ့ကျင့်ပေးလျှင် တွဲဖက်လုပ်ဆောင်နိုင်သည်။ အရင်ဘဝက အဘိုးဖြစ်သူနှင့် နေစဉ်က တပ်မတော်စားဖိုဆောင်တွင် ၂ နှစ်တာ တာဝန်ထမ်းဆောင်ဖူးသော အဘိုးက သူမကို အမြန်နှုန်း လေ့ကျင့်ပေးခဲ့ဖူးသည်။ ၃၅ မိနစ်အတွင်း ဟင်း ၄ ပွဲ၊ ဟင်းရည် ၁ ပွဲနှင့် လူ ၅၀ စာ ဟင်းပေါင်းအိုးကြီး ချက်ပြုတ်ခြင်းသည် သူမ၏ အမြင့်ဆုံး စံချိန်ဖြစ်သည်။
အဲဒီလောက် အလျင်လိုနေတာတောင် အဘိုးက သကြားရောင်တင်တာကို မလုပ်မဖြစ် လုပ်ခိုင်းသေးသည်။
သို့သော် သူမ တကယ် လုပ်ခဲ့ပါသည်။
အဘိုးက သူမ ချက်ထားသည့် ဝက်သားနီချက်ကို မြည်းကြည့်ပြီး ပြောဖူးသည်။ "ဒါဘာဖြစ်လဲ၊ တောထဲတောင်ထဲ ရောက်နေရင်တောင် သကြားရောင်တင်တာက လုပ်ကိုလုပ်ရမှာ"
ရှန်မြောင်သည် ထိုအချိန်က သင်ယူခဲ့သော ပညာရပ်များကို အကုန်ထုတ်သုံးလိုက်တော့သည်။ ဝက်သားနီချက်၊ ငါးခေါင်းတို့ဟူးဟင်းရည်၊ ကြက်ကင်၊ ဇီယာမှုန့်ဖြူး နံရိုးကြော်... ချက်ပြုတ်ပြီးချိန်တွင် ချွေးတလုံးလုံး ဖြစ်နေသဖြင့် မီးထိုးသည့် ယပ်တောင်အကြီးကြီးဖြင့် ကိုယ့်ကိုယ်ကိုယ် ခပ်သွက်သွက် ယပ်ခပ်လိုက်ရသည်။
ထန်အာနှင့် ဖူရှင်းသည် ဒယ်အိုးထဲမှ မီးပွားထွက်မတတ် မွှေနှောက်ချက်ပြုတ်နေသော ရှန်မြောင်ကို မမီနိုင်သဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြတော့၏။ ထို့နောက် ရှန်မြောင်၏ ဂျင်လည်သလို ခိုင်းစေမှုကြောင့် လည်ထွက်နေကြပြီး အခြားအကူများသည်လည်း ရှန်မြောင်ကို စပ်စုချိန်ပင် မရတော့ပေ။
နောက်ဆုံးဟင်းပွဲဖြစ်သည့် အမဲသားပေါင်းအိုး ကျက်သွားချိန်တွင် မီးဖိုဆောင်တစ်ခုလုံးရှိ လူများသည် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ကျကုန်ကြသည်။
လျန်ချန်က အလျင်အမြန် ဝင်လာချိန်တွင် လန့်သွားတော့သည်။
ဘာဖြစ်ကုန်တာလဲ။ ဘာလို့ လူတိုင်း ထောင့်တိုင်းမှာ ပျော့ခွေပြီး မျက်လုံးတွေ ဝေဝါးနေကြတာလဲ။ ပါးစပ်ထဲက ဝိညာဉ်တွေ ထွက်နေသလို ဖြစ်နေကြပါလား။
"ရှန်ညန်ဇီ" သူက စမ်းသပ်မေးမြန်းလိုက်သည်။
ရှန်မြောင်က ခေါင်းမော့ကြည့်လိုက်ရာ မျက်လုံးများ နွမ်းနယ်နေလေသည်။
"မင်းကြီးက ဒီနေ့ စားတော်ပွဲအတွက် ကုန်ကျစရိတ်တွေကို လာပေးခိုင်းလိုက်ပါတယ်၊ ပြီးတော့..." လျန်ချန်သည် ရှန်မြောင် အစွမ်းကုန် ကြိုးစားထားသည်ကို သိရှိသည်။ မင်းကြီးနှင့် စစ်သူကြီးများသည် ဟင်းပွဲတိုင်းကို ချီးကျူးကြပြီး လုဝမ်မင်းသားလို အစားပုတ်သည့်လူ ပါနေသဖြင့် စားပွဲပေါ်ရှိ ဟင်းများအားလုံး ကုန်စင်သွားသည်မှာ သာမန်နန်းတွင်းစားတော်ပွဲများတွင် မဖြစ်ဖူးသည့် ကိစ္စပင်။
သူသည် မျက်နှာတစ်ခုလုံး တွန့်လိပ်သွားအောင် ပြုံးလိုက်ပြီး ပိုက်ဆံအိတ်တစ်ခုကို ပေးအပ်လိုက်ကာ မင်းကြီး၏ အမိန့်တော်ကို ပြန်ပြောပြလိုက်သည်။
"မင်းကြီးက ပြောလိုက်ပါတယ်၊ ရှန်ညန်ဇီရဲ့ ဘဲကိစ္စ အဆင်ပြေသွားလိမ့်မယ်တဲ့၊ ရက်အနည်းငယ်လောက် စောင့်လိုက်ပါတဲ့"
ဒီစကားက ကျိုကော ပြောတာနဲ့ တူတူပဲ။ ရှန်မြောင် စိတ်ထဲတွင် ရေရွတ်လိုက်သော်လည်း ပိုက်ဆံအိတ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး လျန်ချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ လှည်းပေါ်ရောက်မှ သူမသည် မျှော်လင့်တကြီးဖြင့် ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်သည်။
လျန်ချန်နှင့် သဘောတူထားသည်မှာ စရန်ငွေ ၅ လျန်နှင့် ပြီးလျှင် ကျန်ငွေ ၅ လျန် ပေးရန် ဖြစ်သည်။ သို့သော် ထိုအချိန်က ဧည့်သည်မှာ မင်းကြီးဖြစ်မှန်း သူမ မသိခဲ့ပေ။
ဒီနေ့ သူမသည် ရှိသမျှ ခွန်အားအကုန်ထုတ်ပြီး ချက်ပြုတ်ခဲ့သည်။ လျန်ကုန်းကုန်းကလည်း ကျေနပ်ပုံရပြီး ချီးကျူးစကား ပြောခဲ့သေးသည်။ ဒါဆိုရင် ဆုငွေတွေ အများကြီး ရမှာပေါ့။ သူမသည် မင်းကြီးအပေါ် ထားရှိသည့် ပုံသေကားကျ အတွေးဖြင့် မျှော်လင့်ချက် ကြီးမားစွာ တွေးတောလိုက်သည်။ မင်းကြီးက ဘယ်လိုလုပ် ကပ်စေးနည်းမှာလဲ၊ သေချာပေါက် ပိုပေးမှာပေါ့...
သူမ တောင့်ခဲသွားသည်။
ပိုက်ဆံအိတ်ထဲတွင် ၅ လျန်တန် ငွေတုံးတစ်တုံးသာ ပါရှိလေသည်။
တစ်ပြားမှ မပို၊ တစ်ပြားမှ မလိုချေ။
...