← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အပိုင်း (၁၂၁) သကြားဖြင့် လှော်ထားသော သစ်အယ်သီး

ရှန်မြောင်သည် မယုံနိုင်စွာဖြင့် ထိုပိုက်ဆံအိတ်ကို ဘယ်ပြန်ညာပြန် လှန်လှောကြည့်ရှုလိုက်ပြီး ပြောင်းပြန်လှန်ကာ ခါကြည့်လိုက်သော်လည်း ငွေတုံးတစ်တုံးသာ ထွက်ကျလာလေသည်။

'မဟုတ်သေးပါဘူး... ရုပ်ရှင်တွေထဲမှာဆို ဧကရာဇ်မင်းမြတ်တွေက ဆုချပြီဆိုရင် ရွှေတုံး ငွေတုံးတွေကို ဗန်းလိုက်ချပြီး ရာချီ ထောင်ချီ ပေးကြတာလေ'

'ဘာဖြစ်လို့ ငါ့အလှည့်ကျမှ ဒီလိုဖြစ်သွားရတာလဲ'

မြင်းလှည်းသည် ယိမ်းထိုးလှုပ်ရှားလျက် ရှန်ကျိထန်းပင်ဆိုင်သို့ ပြန်ပို့ပေးချိန်တွင် ရှန်မြောင်သည် လက်ရှိအခြေအနေကို လက်ခံလိုက်ပြီ ဖြစ်သည်။ 'အချမ်းသာဆုံးမင်းဆက်မှာ အကပ်စေးအနည်းဆုံး ဧကရာဇ် ပေါ်ထွက်လာတာ... လောကကြီးက မျှတအောင် ဖန်တီးထားတာပဲ ဖြစ်မယ်။' ထို့အပြင် သူမသည် သူတို့နှင့် ညှိနှိုင်းထားသည့်အတိုင်း ထိုပမာဏကိုသာ သဘောတူထားခြင်း ဖြစ်သည်။

'ဆုချတယ်ဆိုတာက အပိုထပ်ဆောင်း သဒ္ဒါကြေးပဲလေ... ဒီလိုတွေးကြည့်လိုက်တော့လည်း မမှားပါဘူး'

ပြန်ရောက်ချိန်တွင် မိုးချုပ်နေလေပြီ။ အားထောင်သည် တံခါးများကို ပိတ်နေပြီး သမ်းဝေလျက် ရှန်မြောင်အား သူတို့မရှိခင် ဆိုင်တွင် ဘာတွေရောင်းရကြောင်း၊ မနက်ဖြန် ဘာဟင်းတွေ ထပ်ဖြည့်ရမည်ကို ပြောပြလေသည်။ ထို့နောက် အားလုံးသည် ကိုယ်လက်သန့်စင်ပြီး မီးငြိမ်းကာ အိပ်ရာဝင်လိုက်ကြ၏။

ရှန်မြောင်ကဲ့သို့ အားအင်ပြည့်ဝသူပင် ပင်ပန်းနေပြီဖြစ်ရာ အိပ်ရာဝင်သည်နှင့် အိပ်မက်ပင် မမက်တော့ဘဲ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ရှန်မြောင်နှင့် အားထောင်တို့သည် အလောတကြီးဖြင့် ကျိအာအတွက် ဂွမ်းကပ်အင်္ကျီ၊ ဂွမ်းခံအတွင်းခံအင်္ကျီနှင့် ဘောင်းဘီရှည်၊ ဂွမ်းစောင်ထူကြီးတို့ကို အပြည့်အစုံ ပြင်ဆင်ပေးလိုက်ကြသည်။ ထို့အပြင် ဂေါ်ဖီချဉ်စပ်၊ အသင့်စားခေါက်ဆွဲနှင့် ဘဲကင် စသည်တို့ကို လှည်းတစ်စီးအပြည့် တင်ပေးလိုက်ပြီး ထန်အာက လှည်းတွန်းကာ ကျိအာကို ကျောင်းသို့ လိုက်ပို့ပေးလေသည်။

အားထောင်သည် ဘဲမွေးများကို ဆက်လက် ရွေးချယ်သန့်စင်နေသည်။ စွံပလွန်သီးရောင် မီးဖိုအသစ်တစ်လုံး ရောက်ရှိလာသဖြင့် ဖူရှင်းသည် ဝယ်ကာစ လက်သုတ်ပဝါဖြင့် မီးဖိုအတွင်းအပြင်ရှိ ပြာများကို သေချာစွာ သုတ်သင်ရှင်းလင်းနေ၏။ ထို့နောက် မီးမွှေးကာ အပူပေးလိုက်ပြီး လက်ကိုပင့်တင်ကာ တစ်ခါတည်းနှင့် နှစ်ဖိုစာ ကင်ရန် ပြင်ဆင်လေတော့သည်။

ရှန်းအာ၏ ခေါင်းပေါ်တွင် အားထောင် ချုပ်ပေးထားသည့် နားအုပ်ပါသော ယုန်ပုံစံ ဂွမ်းဦးထုပ်ကို ဆောင်းထားပြီး အနီရောင်အောက်ခံ ပန်းပွင့်လေးများပါသည့် ဂွမ်းကပ်ရင်ဖုံးအင်္ကျီတိုကို ဝတ်ဆင်ထားလေသည်။ အောက်ပိုင်းတွင် အတွန့်လေးပါသည့် မီးအိမ်ပုံသဏ္ဌာန် ဂွမ်းကပ်ဘောင်းဘီစကပ်ကို ဝတ်ဆင်ထားပြီး စကပ်အနားတွင် သေသပ်လှပသော ပန်းပွင့်ဖတ်ပုံ အရေးအကြောင်းလေးများ ဖော်ထားသည်။ ခြေထောက်တွင်လည်း ဖိနပ်အသစ်ကို စီးထားပြီး ဖိနပ်အောက်ခံသားမှာ ထူထဲကာ အတွင်းတွင် ဂွမ်းခံထားသည်။ ဖိနပ်ထိပ်တွင် လုံးဝန်းသော ချည်လုံးလေးနှစ်ခုကို တပ်ဆင်ထားရာ လမ်းလျှောက်လိုက်တိုင်း တုန်တုန်ယင်ယင်နှင့် လှုပ်ရှားနေလေသည်။ ရှန်းအာသည် သဘောကျလွန်းသဖြင့် မနေနိုင်တော့ဘဲ လမ်းကြားထဲသို့ ပြေးထွက်သွားပြီး လျိုတို့ဟွားကို သွားကြွားလေတော့သည်။

မကြာမီမှာပင် လျိုတို့ဟွား၏ ဒေါသတကြီး ငိုသံသည် တံတိုင်းတစ်ဖက်မှ ကျော်လွန်၍ ပျံ့လွင့်လာတော့၏။ ရှန်းအာသည် တခစ်ခစ်ရယ်မောလျက် အိမ်သို့ ပြန်ပြေးလာပြီး ခေါင်းအစ ခြေအဆုံး ဝတ်ဆင်ထားသည်များကို ချွတ်ကာ ဂွမ်းအင်္ကျီအဟောင်းကို ပြန်လဲလိုက်သည်။ အားထောင်သည် ဘဲမွေးများကို ရှင်းလင်းနေရင်း ရှန်းအာကို လှမ်းကြည့်ကာ အံ့သြစွာ မေးလိုက်၏။

“ဘာလို့ မဝတ်တော့တာလဲ”

ရှန်းအာက ရှက်သွေးဖြာစွာဖြင့် ပြောလေသည်။ “နှစ်သစ်ကူးကျမှ ဝတ်ဖို့ သိမ်းထားချင်လို့ပါ”

သူမသည် ညစ်ပတ်သွားမှာ၊ စုတ်ပြဲသွားမှာကို စိုးရိမ်နေခြင်းပင်။

အားထောင်က ရယ်မောလိုက်ပြီး “မသိမ်းထားနဲ့၊ နင်က အကြီးမြန်တယ်၊ နှစ်သစ်ကူးပြီးရင် သေချာပေါက် ချုပ်ရိုးဖြုတ်ပြီး အသစ်ပြန်ချုပ်ရတော့မှာ၊ အဲဒီကျရင် ငါ နင့်အတွက် ပိုပြီးကျက်သရေရှိတဲ့ ခြင်္သေ့ခေါင်းပုံ ဦးထုပ် လုပ်ပေးမယ်”

ရှန်မြောင်သည် အားထောင်၏ လက်မှုပညာ ဤမျှကောင်းမွန်မည်ဟု ထင်မထားခဲ့ပေ။ သူမသည် ရွေးထုတ်ထားသော ဘဲမွေးရိုးတံများကို စုစည်းလိုက်ရင်း အားထောင်၏ အတိတ်က တာ့မင်စီရင်စုရှိ ပျော်ပွဲရွှင်ပွဲရုံများတွင် ဂီတပညာရှင်များအတွက် နေ့မနား ညမနား အဝတ်အစားများ ပြင်ဆင်ပေးခဲ့ရသည့် နေ့ရက်များကို ပြန်ပြောင်းပြောပြသည်ကို နားထောင်ရင်း ပြုံးလိုက်မိသည်။

“ငယ်ငယ်လေးကတည်းက ဆီမီးခွက်ထွန်းပြီး အပ်ချုပ်လုပ်ခဲ့ရတာ၊ ပြည့်တန်ဆာခေါင်းက စီးပွားရေးတွက်ခြေကိုက်အောင် လုပ်တတ်တယ်လေ၊ ဘယ်သူ့ကိုမှ အလကား အစာကျွေးထားမှာ မဟုတ်ဘူး”

ရှန်မြောင်သည် အားထောင်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သနားမိလေသည်။

ကံကောင်းသည်မှာ ယခုအခါ အားထောင်သည် စိတ်ဒဏ်ရာများ ပြေပျောက်သွားပြီဖြစ်ပြီး အခြားအရာများကို မတွေးတော့ဘဲ ငွေစုပြီး အမေကို ရွေးချင်တာတစ်ခုသာ စိတ်ထဲရှိတော့သည်။ အားထောင်သည် သူမ၏အမေနှင့်အတူ သက်တောင့်သက်သာ နေထိုင်ချင်စိတ်သာ ရှိတော့လေသည်။

ရှန်းအာသည်လည်း အားထောင်၏ ဖြောင်းဖျစကားကို လက်ခံသွားပြီး စဉ်းစားလိုက်ကာ ကျေနပ်စွာဖြင့် အင်္ကျီအသစ်ကို ပြန်သွားဝတ်လေသည်။ အဝတ်လဲပြီးနောက်တွင် သစ်ပင်တက်ရန် မဝံ့ရဲတော့ဘဲ ကြမ်းပြင်ပေါ်တွင် လိမ်လိမ်မာမာ ထိုင်ကာ အားထောင်ကို ကူညီပြီး ဂွမ်းဖြည့်ပေးနေသည်။ လက်က ဂွမ်းဖြည့်နေသော်လည်း ရံဖန်ရံခါ အင်္ကျီစကို ဆွဲဆွဲဆန့်နေပြီး တွန့်ကြေသွားမည်၊ ညစ်ပတ်သွားမည်ကို စိုးရိမ်နေရှာသည်။

ရှန်မြောင်သည် အိမ်စီးပွားရေး အဆင်ပြေလာသည့်အချိန်မှစ၍ ကျိအာနှင့် ရှန်းအာအတွက် အဝတ်အစားများကို အထည်ဆိုင်တွင်သာ ဝယ်ပေးလေ့ရှိပြီး အပ်ချုပ်လုပ်လေ့မရှိတော့ပေ။ ဤကဲ့သို့ လက်ဝင်သော ပန်းထိုးချုပ်လုပ်မှုမျိုးဆိုလျှင် ပို၍ပင် ဝေးလေသည်။

ရှန်းအာသည်လည်း အလှကြိုက်တတ်သည့် အရွယ်ရောက်လာပြီဖြစ်၍ ဤအဝတ်အစားနှင့် ဖိနပ်၊ ဦးထုပ်များကို တန်ဖိုးထားနေခြင်းဖြစ်သည်ကို သူမ သတိမထားမိခဲ့ပေ။

ရှန်းအာသည် အဝတ်အစားအသစ်ကို မြတ်နိုးနေစဉ်မှာပင် ကျွေးဖုန်းသည် ပူပူနွေးနွေး အစာစားပြီးနောက် ရုတ်တရက် ရောက်လာကာ သူမ၏ ဖိနပ်ပေါ်က အမွေးလုံးကို လျှာဖြင့် လာလျက်တော့သည်။ ရှန်းအာသည် ဒေါသအကြီးအကျယ် ထွက်သွားတော့၏။ ကျွေးဖုန်းကို ဆွဲခေါ်ကာ တိုင်တွင် ချည်နှောင်လိုက်ပြီး အမွေးများကို အတင်း ဖြီးပေးလိုက်ရာ ကျွေးဖုန်းမှာ ခေါင်းခါပြီး အော်ဟစ်နေတော့သည်။

ချန်ချွမ်း၏ ဂွမ်းအင်္ကျီအသစ်ကို အားထောင်က အပြာရောင် ဂွမ်းထည်စအောက်ခံဖြင့် ချုပ်ပေးထားပြီး လက်ကောက်ဝတ်နှင့် လည်ပင်းတွင် ငါးကြင်းပုံစံ လိုင်းများ ထည့်ထားလေသည်။ အင်္ကျီအနားသတ်တွင် ရောင်စုံချည်ဖြင့် ရေလှိုင်းပုံစံ တစ်ပတ်လည် ထိုးထားပြီး ဦးထုပ်နှင့် ဖိနပ်ဘေးတွင် ရောင်စုံချည်ဖြင့် ငါးဆူးတောင်ပုံစံများ တပ်ဆင်ထားသည်။ သူက အသားဖြူလို့လား၊ အပြာရောင်ကပဲ အသားဖြူစေတာလား မသိပေ။ ဝတ်ဆင်လိုက်သောအခါ မျက်လုံးဝိုင်းကြီးများသည် နက်မှောင်တောက်ပနေပြီး နှုတ်ခမ်းနီနီ သွားဖြူဖြူဖြင့် ပုံမှန် မျက်နှာသေနှင့် တိတ်ဆိတ်နေတတ်သော ကောင်လေးသည် ယခင်ကထက် သုံးဆမျှ ပိုချစ်စရာကောင်းလာတော့သည်။

ရှန်မြောင်သည် သူ အဝတ်အစားအသစ် ဝတ်ထားသည်ကို ကြည့်ပြီး မနေနိုင်ဘဲ နူးညံ့အိစက်နေသော ပါးဖောင်းဖောင်းလေးများကို လှမ်းဆွဲလိုက်မိသည်။ ပုံမှန် နေ့တိုင်းတွေ့နေရသဖြင့် သတိမထားမိသော်လည်း ယခုမှ သတိပြုမိသည်မှာ ယခင်က အရိုးပေါ်အရေတင် ပိန်လှီပြီး လမ်းလျှောက်လျှင် ယိုင်နဲ့နေတတ်သော ကလေးလေးသည် ယခုအခါ ပါးဖောင်းဖောင်းလေးများဖြင့် ပြည့်ဖြိုးလာခဲ့လေပြီ။

အရပ်သည်လည်း သိသိသာသာ ရှည်ထွက်လာပြီး ယခင်က သေလုမျောပါး အားနည်းခဲ့သည့် ပုံစံမျိုးကို ရှာမတွေ့နိုင်တော့ပေ။

အဒေါ်ကုသည် ကြွက်ဖမ်းရန်အတွက် ချီလင်ကို လာငှားချိန်နှင့် တိုက်ဆိုင်နေပြီး ချန်ချွမ်းနှင့် ရှန်းအာတို့ အဝတ်အစားအသစ် ဝတ်ထားသည်ကို တွေ့သောအခါ သဘောကျလွန်းသဖြင့် ဆွဲခေါ်ပြီး ကြည့်ရှုတော့သည်။

သူမသည် ရှေ့ဘက်ကို ကြည့်ပြီးနောက် ကျောဘက်ကိုပါ လှည့်ကြည့်ခိုင်းပြီး အကြိမ်ကြိမ် ကြည့်ရှုပြီးမှ ကလေးနှစ်ယောက်လုံး အလွန်ကြည့်ကောင်းကြောင်း၊ အင်္ကျီသစ် ဝတ်လိုက်လျှင် နှစ်သစ်ကူးစမ်းတမ်းထဲက ကလေးများလို ဖြစ်နေကြောင်း ချီးကျူးလေသည်။

ထို့နောက် ရှန်မြောင်ကို ကလေးမွေးမြူပုံ ကောင်းမွန်ကြောင်း၊ ကလေးတိုင်းကို ဖြူဖြူဖွေးဖွေး ဝဖြိုးအောင် ကျွေးမွေးထားနိုင်ကြောင်း ချီးကျူးပြန်သည်။ မကြာခဏ လာလည်တတ်သည့် ရှဲ့မိသားစုက စာသင်သားအကူလေးကိုပင် သူမက ဝအောင် ကျွေးထားနိုင်သည် မဟုတ်ပါလား။

အဒေါ်ကုသည် ချီးကျူးပြီးမှ ပြန်စဉ်းစားကြည့်လိုက်ရာ ကလေးတွေတင်မကဘဲ ရှန်မိသားစုက ခွေးတွေ ကြောင်တွေ ကြက်တွေကအစ အသားတိုးပြီး ဝဖြိုးနေကြသည်ကို သတိထားမိလိုက်သည်။

ရှန်မြောင်လည်း ပြုံးလိုက်မိ၏။ အမှန်ပင်... ဤကဲ့သို့ ကျွေးမွေးပြုစုရသည်မှာ အောင်မြင်မှုတစ်ခု ရရှိသလို ခံစားရလေသည်။

ချီလင်သည် မနေ့ညက ကြမ်းပြင်အောက်တွင် တစ်ညလုံး ပုန်းနေခဲ့သော်လည်း ဒီမနက်တွင် ရှန်မြောင် ကိုယ်တိုင်လုပ်ထားသည့် ကြက်သားဖြင့်လုပ်ထားသည့် ကြောင်စာအစိုတစ်ခွက်ဖြင့် မျှားခေါ်လိုက်ရာ ထွက်လာခဲ့လေသည်။ ရှန်မြောင်၏ ရင်ခွင်ထဲတွင် တဂွီဂွီမြည်အောင် စားသောက်ရင်း လူစိမ်းကြောက်တတ်သည်ကိုပင် မေ့သွားတော့သည်။

ရှန်မြောင်က အမွေးဖြီးပေး၊ မျက်ချေးနှင့် နှာခေါင်းများကို သုတ်ပေးပြီး ၁၅ မိနစ်ခန့် ကြောင်ဖင်ကို ပုတ်ပေးလိုက်ရာ အသံတုန်တုန်ယင်ယင်ဖြင့် ချွဲနွဲ့လိုက်ပြီး ရှန်မြောင်နှင့် အချစ်ဆုံး သူငယ်ချင်း ဖြစ်သွားတော့သည်။

၎င်းသည် ရှေ့လက်နှစ်ဖက်ကို ခေါက်လျက် ရှန်မြောင်ကိုယ်ပေါ်တွင် ကပ်နေပြီး မခွာတော့ပေ။

ထို့နောက် ရှန်မြောင် ခြံဝင်းတံခါးဝရှိ တောပန်းများကို ရေလောင်းရန် ထွက်သွားချိန်တွင်လည်း ချီလင်သည် မဆင်းချင်ဘဲ ရှန်မြောင်၏ ပခုံးပေါ်သို့ တက်ကာ နေရာယူလိုက်သည်။ လေးလံလှသော ကြောင်ဖင်ကြီးကြောင့် ရှန်မြောင်မှာ ပခုံးနိမ့်မြင့်ဖြစ်မတတ်ပင်။

ကြောင်ကားကြီးတစ်စီး သူမကိုယ်ပေါ် ရောက်နေသည်ကို လမ်းကြုံသွားသော အဒေါ်ကုက မြင်တွေ့သွားလေသည်။

ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့် ရှန်မြောင်ထံမှ ကြောင်ကို လာငှားခြင်းဖြစ်သည်။ ဆန်အိတ်များကို သေနာကျသည့် ကြွက်စုတ်များ ကိုက်ဖောက်ထားသဖြင့် ဒီနေ့သည် ထိုကြွက်စုတ်၏ နေဝင်ချိန် ဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။

ချီလင်သည် အဒေါ်ကုကို ဟန်ပြအနေဖြင့် နှစ်ချက်ခန့် တွန်မြည်ပြလိုက်သော်လည်း ရှန်မြောင်က အဒေါ်ကုကို ကြက်သားတစ်တုံး ကျွေးခိုင်းလိုက်ရာ သိက္ခာမရှိသော ကြောင်သည် အဒေါ်ကု ပွေ့ဖက်ခြင်းကို ငြိမ်သက်စွာ ခံယူလိုက်တော့သည်။ မေးစေ့ကို ကုတ်ပေးလျှင် တဂွီဂွီမြည်နေသေးသည်။

'နို့ရှိရင် အမေခေါ်မယ့် ကြောင်ဆိုးလေးပါလား'

ရှန်မြောင်သည် အဒေါ်ကုကို ကြိုတင်သတိပေးလိုက်သည်။ “အဒေါ်... ဒီကြောင်ရဲ့ ကိုယ်လုံးကို ကြည့်ပါဦး၊ ကြွက်ကို မီအောင် လိုက်နိုင်ပါ့မလား၊ စမ်းကြည့်လိုက်ပါ၊ အဆင်မပြေရင် ကြွက်သတ်ဆေးပဲ ဝယ်လိုက်ပါ”

အဒေါ်ကုသည် လောကတွင် ကြွက်မဖမ်းတတ်သော ကြောင်ရှိသည်ဟု မယုံကြည်ပေ။ သူမသည် ချီလင်ကို ချီးကျူးလိုက်သေးသည်။ “သူက မဝပါဘူး၊ အမွေးထူတာပါ၊ ကြည့်ပါဦး... သူ့ရဲ့ မျက်နှာပြားပြားကြီးနဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေ၊ နှုတ်ခမ်းမွေးတွေက ရှည်ပြီး ကော့နေတာပဲ၊ ဘယ်လောက် ခန့်ညားလိုက်သလဲ၊ ကြည့်လိုက်တာနဲ့ အပြေးမြန်ပြီး ကြွက်ဖမ်းတော်တဲ့ ကြောင်ကောင်းမှန်း သိသာပါတယ်၊ ဟုတ်တယ်မလား”

ချီလင်သည် နားလည်သည်မလည်သည်တော့ မသိ၊ ချီးကျူးခံရသဖြင့် ရင်ကိုကော့လိုက်ပြီး ဝတုတ်နေသော အမြီးတန်းကြီးကို ထောင်ပြလိုက်လေသည်။

အဒေါ်ကုသည် မြှောက်ပင့်ပြောဆိုရင်း ချီလင်ကို မီးဖိုဆောင်ထဲသို့ ကင်းလှည့်ရန် ပွေ့ချီသွားတော့သည်။

ရှန်မြောင် စိတ်ထဲတွင် တွေးလိုက်မိသည်။

'ဘယ်အိမ်က ကြောင်က အမြီးတောင် ပင်လယ်မျှော့လို ဝနေမှာလဲ၊ ဒါက အမွေးထူရုံပဲတဲ့လား၊ ချီလင်က ကိုင်ကြည့်လိုက်ရင် အသားချည်းပဲ၊ မနက်က ကြက်သားနဲ့ မျှားတုန်းက စိတ်လှုပ်ရှားပြီး ပြေးထွက်လာတာ ဗိုက်ရွှဲကြီးနဲ့ တစ်နေခဲ့သေးတယ်'

နောက်ဆုံးတွင် ရှန်မြောင်က မုန်လာဥနုတ်သလို အတင်းဆွဲထုတ်ခဲ့ရသည်။

ရှန်မြောင်သည် ဘဝ၏ သေးငယ်သော ပျော်ရွှင်မှုများကို တွေးမိပြီး ပို၍ ပျော်ရွှင်လာကာ ကပ်စေးနည်းသော မင်းကြီးအကြောင်းကိုပင် မေ့လျော့သွားတော့သည်။

ဒီနေ့ ဧည့်သည်မရှိချိန်တွင် သူမသည် ခြံဝင်းထဲသို့ ပြန်လာပြီး အပျင်းတစ်ဖက်ဖြင့် နွေရာသီဝတ် အဝတ်အစားများကို လျှော်ဖွပ်လိုက်သည်။ ယိုယွီက စိုးရိမ်တကြီးဖြင့် ရေစည်ပိုင်းဘေးတွင် ဝပ်ကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထမ်းပိုးကိုယူကာ ရေသွားခပ်ပေးလေသည်။

ရှန်မြောင်ပင် တားချိန် မရလိုက်ပေ။

ဟိုဘက်တွင် ရှန်းအာသည် အဝတ်အစားအသစ် ဝတ်ထားရသည့် အရှိန်ကုန်သွားပြီး တစ်နာရီပင် မကြာမီမှာပင် 'ကြိုးခုန်ကစားနည်း' ကို ကစားချင်လာပြန်သည်။ ထိုခေတ်က ဝါးလုံးတွင် ကြိုးချည်ပြီး လူအများ ဝိုင်းခုန်ရသည့် ကစားနည်းဖြစ်သည်။ သို့သော် ရှန်မြောင်က အဝတ်လျှော် အဝတ်လှန်းနေသဖြင့် အိမ်ရှိ ဝါးလုံးအကြီးအသေး အကုန်လုံးကို အဝတ်လှန်းရာတွင် သုံးထားရလေရာ အားလပ်သည့် ဝါးလုံးမရှိတော့ပေ။

ထို့ကြောင့် ရှန်းအာသည် လျှော်ကြိုးကို ခွေးနှစ်ကောင်၏ ကိုယ်ပေါ်တွင် ချည်နှောင်လိုက်ပြီး ချန်ချွမ်းကို အတူတူ လာကစားရန် ခေါ်လေသည်။ သို့သော် ချန်ချွမ်းက ခေါင်းခါငြင်းပယ်လိုက်၏။

ချန်ချွမ်းသည် နေ့တိုင်း စာဖတ်စာရေး လေ့ကျင့်လေ့ရှိသည်။ ယခု ဆိုင်ပါးချိန်တွင် တိုင်ကိုမှီကာ ဟောင်းနွမ်းနေပြီဖြစ်သော 'စုန့်ခေတ် ရာဇသတ်ကြီး' စာအုပ်ကို ထုတ်ပြီး ကျက်မှတ်နေလေသည်။

ရှန်းအာသည် ချန်ချွမ်းကို နှာခေါင်းရှုံ့ပြလိုက်ပြီး တစ်ယောက်တည်း ဆော့ကစားတော့သည်။

အိမ်ရှိ ခွေးနှစ်ကောင်သည် ရှန်းအာကို မစရဲမှန်း သိကြသည်။ သူမ ဖမ်းဆီးပြီး ဆံပင်ကျစ်ခြင်း၊ ပါးနီလိမ်းခြင်းများကို မခံချင်လျှင် သူမစကားကို နားထောင်ပြီး ငြိမ်ငြိမ်လေး ထိုင်နေရသည်။

ရှန်းအာသည် အရင်ဆုံး ခြေတစ်ဖက်တည်း ခုန်လိုက်၊ ခြေနှစ်ဖက် ခုန်လိုက်ဖြင့် ကစားနေလေ၏။ ယုန်ပုံစံ ဦးထုပ်ပေါ်က နားရွက်ရှည်နှစ်ဖက်သည် သူမနှင့်အတူ နိမ့်လိုက်မြင့်လိုက် လှုပ်ရှားလို့နေသည်။ နောက်ပိုင်းတွင် လျိုတို့ဟွား မြင်သွားပြီး ဝင်ကစားသည်။ မိန်းကလေးနှစ်ယောက်သည် ခုန်လိုက် သီချင်းဆိုလိုက်ဖြင့် ပျော်ရွှင်နေကြလေ၏။

ရှန်မြောင်ကတော့ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ပြီး သစ်အယ်သီး ခွာနေရင်း သူမတို့ကို ပြုံးရွှင်စွာ ကြည့်နေလိုက်သည်။

လွန်ခဲ့သောရက်က ကလေးများ တောင်ပေါ်သို့ တက်ပြီး သစ်အယ်သီးများ ကောက်လာခဲ့ကြပြီး ဒီနေ့ သကြားဖြင့် လှော်စားလျှင် အဆင်ပြေမည်။

ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ပျော့အိမွှေးကြိုင်နေတဲ့ သစ်အယ်သီးလှော် မရှိရင် ဘယ်ဖြစ်မလဲ။

လက်အိတ်စွပ်ပြီး အခွံကြောင်းလေးကို ရှာကာ ကပ်ကြေးဖြင့် ဟလိုက်လျှင် အပြင်ခွံကွဲထွက်သွားသည်။ ထို့နောက် ရေဆေးပြီး ဓားဖြင့် အညိုရောင်အခွံပေါ်တွင် ကြက်ခြေခတ်ရာ ပုံဖော်ပေးလိုက်လျှင် သဲပူဖြင့် လှော်ရန် အဆင်သင့် ဖြစ်သွားပြီ။

သို့သော် သစ်အယ်သီး ပြင်ဆင်ရသည်မှာ မမြန်ဆန်လှပေ။ အထူးသဖြင့် ဧည့်သည်ဝင်လာတိုင်း ရှန်မြောင်က ခေါက်ဆွဲလုပ်ရန် ထွက်သွားရသေးသည်။

နေ့လယ်ခင်းရောက်မှ သစ်အယ်သီး အားလုံးကို ခွာပြီးသွားတော့သည်။

ထန်အာသည်လည်း မြို့ပြင်မှ ပြန်ရောက်လာသည်။ ရှန်မြောင် ဒီနေ့ သစ်အယ်သီးလုပ်မည်ကို သိသဖြင့် အပြန်လမ်းတွင် လက်သမားဆရာဟယ်၏ အိမ်သို့ဝင်ပြီး သဲတစ်အိတ် တောင်းလာခဲ့သည်။ သူက လှည်းတွန်းပြီး နောက်ဖေးတံခါးမှ ဝင်လာချိန်တွင် ခြံဝင်းအပြည့် လျှော်ဖွပ်ထားသော အဝတ်အစားများသည် ဆောင်းဦးလေညင်းထဲတွင် လွင့်ပျံနေပြီး ကလေးသုံးယောက်သည် အဝတ်အစားများကြားတွင် 'သိမ်းငှက်က ကြက်ကလေးကို သုတ်သည့် ကစားနည်း' ကို ကစားနေကြသည်။ ချန်ချွမ်းက ကြက်မကြီးလုပ်ပြီး ရှေ့က ကာကွယ်ပေးနေသည်။ ရှန်းအာက သူ့အင်္ကျီစကို ဆွဲထားပြီး လျိုတို့ဟွားက ရှန်းအာ့အင်္ကျီစကို ဆွဲထားကာ သုံးယောက်သား တန်းစီနေကြသည်။

'သိမ်းငှက်' လုပ်သူမှာ စိတ်လှုပ်ရှားစွာ အမြီးနှံ့နေသော လေထင်ပင်။ ကျွေးဖုန်းကတော့ လွတ်လပ်သွားပြီဖြစ်၍ အိမ်ပြင်သို့ ထွက်ပြေးသွားလေပြီ။

ခြံဝင်းတစ်ခုလုံးတွင် အေးမြပြီး ခါးသက်သက်နိုင်သော ဆပ်ပြာသီးနံ့နှင့် ရယ်မောသံများ ပြည့်နှက်နေသည်ကို ကြည့်ပြီး ထန်အာလည်း လိုက်ပြုံးမိလေသည်။ သူသည် သဲအိတ်ကို မီးဖိုဆောင်ထဲသို့ အမြန်ပို့ပြီးနောက် လူတန်း၏ အနောက်ဆုံးသို့ ဝင်ရောက်ကာ လျိုတို့ဟွား၏ အင်္ကျီစကို ဆွဲပြီး ခါးကို ကုန်းလျက် ကြက်သူကြီးအဖြစ် ဝင်ရောက်ကစားနေပြီး ကလေးများနှင့်အတူ ရယ်မောပျော်ရွှင်နေလေသည်။

အရှေ့ဘက်တွင် စွပ်ပြုတ်နှင့် ဂျုံပြား စားနေသော ဧည့်သည်များသည် ထိုအသံများကို ကြားသဖြင့် ရှန်မြောင်ကို ပြုံးပြီး ပြောကြသည်။

“ရှန်ညန်ဇီရဲ့ ကလေးတွေက တကယ် ပျော်ဖို့ကောင်းတာပဲ”

“ဟုတ်ပါ့... အသက် ၂၀ ရှိတဲ့ လူကြီးတောင် ကလေးစိတ်ဝင်ပြီး ဝင်ဆော့နေသေးတာပဲ” ရှန်မြောင်က ခါးဝတ်ပိတ်စနှင့် လက်ကိုသုတ်ရင်း ပြုံးကာ ပြန်ပြောလိုက်သည်။

“ဆော့လိုက်ကြတာ လွန်ရော... ဒါပေမဲ့ ကလေးဆိုတာ ဆော့မှ ကောင်းတာပါ”

“ဟုတ်တာပေါ့... ဒါမှ ကလေးတွေက သန်မာထွားကျိုင်းမှာ”

ပြောရင်းဆိုရင်း တံခါးဝမှ မနေ့က မေးခွန်းလွှာအကြောင်း ဆွေးနွေးနေသော စာသင်သားအချို့ ဝင်ရောက်လာကြသည်။ သူတို့သည် နံရံပေါ်က ဟင်းစာရင်းကို ကြည့်လိုက်ရာ တစ်ယောက်က အာမေဋိတ်သံ ပြုလိုက်၏။

သူသည် မင်မခြောက်သေးသော ဟင်းပွဲအသစ်နှစ်ခုကို တွေ့လိုက်ရသည်။ 'ဂေါ်ဖီချဉ်စပ် ခေါက်ဆွဲကြော်' နှင့် 'ဂေါ်ဖီချဉ်စပ် တို့ဟူးဟင်းရည်' တို့ ဖြစ်သည်။ မူလက ဘဲကင်စားရန် လာကြသော်လည်း ဟင်းပွဲအသစ်ကို တွေ့သောအခါ ချက်ချင်း ထိုင်ပြီး မှာယူလိုက်ကြသည်။

ဒီစာသင်သားနှစ်ယောက်သည် တော်ဝင်ကျောင်းတော်မှ ဖြစ်ကြပြီး တစ်ယောက်က မျိုးရိုး 'ရှန့်'၊ တစ်ယောက်က မျိုးရိုး 'ကောင်း' ဖြစ်သည်။ နှစ်ယောက်စလုံး ရှန်ကျိဆိုင်သို့ ခိုးလာပြီး စားသောက်လေ့ရှိသဖြင့် ရှန်မြောင်၏ လက်ရာကို ကောင်းစွာ သိရှိကြသည်။

ကောင်းဟယ်သည် လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းလို့နေသည်။ ဘဲကင်ကို အကြိမ်ကြိမ် စားဖူးပြီးပြီ ဖြစ်သော်လည်း ဂေါ်ဖီချဉ်စပ် ခေါက်ဆွဲကြော်ကိုတော့ မစားဖူးသေးပေ။

ပြန့်ကျင်းမြို့ရှိ ဂေါ်ဖီချဉ်အများစုသည် ချဉ်သောအရသာသာ ရှိကြပြီး စပ်သောအရသာကို မစားဖူးကြပေ။

နှစ်ယောက်သား စောင့်ဆိုင်းရင်း စကားစမြည် ပြောနေကြသည်။

ရှန်မြောင် မီးဖိုဆောင်ထဲ ဝင်သွားချိန်တွင် စာသင်သားနှစ်ယောက်သည် စာမေးပွဲအကြောင်း ပြန်ပြောနေကြသည်။ ပထမနေ့က စာမေးပွဲခန်းထဲတွင် မူးမေ့လဲကျသွားပြီး အထမ်းဖြင့် ထုတ်လာရသော ကျောင်းသားအချို့ရှိကြောင်း၊ အားလုံးက ဒီနှစ် စာမေးပွဲမေးခွန်းများ အလွန်ခက်ခဲကြောင်း၊ ဘယ်ကစဖြေရမှန်း မသိသဖြင့် ကြောက်လန့်ပြီး ခြေလက်များ အေးစက်ကာ မူးဝေကုန်ကြကြောင်း ပြောဆိုနေကြသည်။

အချို့ဆိုလျှင် ပထမနေ့က စာရွက်အလွတ် တင်လိုက်ရသဖြင့် နောက်ရက်များတွင် ဖြေစရာမလိုတော့ဘဲ စာမေးပွဲကို စွန့်လွှတ်လိုက်ကြရသည်။

“ဒီနှစ် မေးခွန်းက ဆရာကြီးယောင် ထုတ်တာလို့ ကြားတယ်၊ ပြီးခဲ့တဲ့လကတည်းက ဆရာကြီးယောင် ပျောက်နေတာ သတိထားမိတယ်မလား၊ သူ့ကို မေးခွန်းထုတ်ဖို့ ဖမ်းခေါ်သွားတာ ဖြစ်မယ်”

“ဆရာကြီးယောင် ဖြစ်နေတာကိုး... ဒါဆို မဆန်းတော့ပါဘူး၊ မနှစ်က တော်ဝင်ကျောင်းတော် အတန်းတင်စာမေးပွဲတုန်းက သူ ထုတ်တဲ့မေးခွန်းတွေကို တို့တွေ အဆောင်တစ်ခုလုံးနီးပါး 'ခွေးချေးလောက်မှ အသုံးမကျ'၊ 'ခေါင်းစဉ်လွဲနေတယ်' ဆိုပြီး အမှတ်ခြစ်ခံလိုက်ရတာလေ၊ အများစုက 'င' အဆင့်ပဲ ရကြလို့ အိမ်ပြန်ရောက်တော့ ငါ့အဖေ ရိုက်တာ ခံရလွန်းလို့ ဖင်တောင် ကွဲမတတ်ပဲ” ကောင်းဟယ်က သက်ပြင်းချလိုက်သည်။

“ဒီနှစ် စာမေးပွဲဖြေတဲ့ ကျောင်းသားတွေက သနားစရာပဲကွာ၊ နာမည်ကြားတာနဲ့ ကြောက်စရာကောင်းတဲ့ ဆရာကြီးယောင်နဲ့ သွားတိုးနေတယ်၊ ငါက စာမေးပွဲ အောင်ပြီးပြီဆိုပေမဲ့ သူ့နာမည်ကြားတာနဲ့ တုန်နေတုန်းပဲ”

'ပုံမှန် လာစားနေကျ မျက်နှာလေးထောင့်နဲ့ တည်ကြည်တဲ့ ဆရာကြီးက တော်ဝင်ကျောင်းတော် ကျောင်းသားတိုင်းရဲ့ အိပ်မက်ဆိုး ဖြစ်နေတာလား'

ထိုစကားများကို ကြားလိုက်ရသဖြင့် ရှန်မြောင်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ကျိုကောကို သတိရသွားကာ စိတ်ပူမိသွားတော့သည်။ ကျိုကော ဖြေနိုင်ပါ့မလား မသိပေ။

ရှန်မြောင်သည် ကျိုကောအတွက် စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် မီးဖိုဆောင်ထဲတွင် ဂေါ်ဖီချဉ်စပ်များကို တောက်တောက်စင်းလိုက်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ကြက်သွန်မြိတ်ကို လှီးဖြတ်လိုက်သည်။ ဝက်သုံးထပ်သားကို အလွှာပါးပါး လှီးဖြတ်လိုက်သည်။ တစ်ဖက်တွင် ရေနွေးအိုး တည်ထားပြီး ဆွဲထားသော ခေါက်ဆွဲ နှစ်ပွဲစာကို ထည့်ပြုတ်လိုက်သည်။ ၇-၈ ပုံလောက် ကျက်လျှင် ဆယ်ယူပြီး ရေအေးစိမ်ကာ ရေစစ်ပြီး ပန်းကန်လုံးထဲ ထည့်ထားလိုက်သည်။

ဒယ်အိုးသစ် တည်လိုက်ပြီး ဝက်ဆီတစ်ဇွန်း ထည့်လိုက်သည်။ ဆီပူလာလျှင် ဝက်သုံးထပ်သားပြားများကို ထည့်ပြီး မွှေကြော်လိုက်သည်။ ဝက်သားများ ကျုံ့သွားပြီး ဆီထွက်လာကာ ရွှေရောင်သမ်းလာချိန်တွင် တောက်တောက်စင်းထားသော ဂေါ်ဖီချဉ်စပ်များကို ထည့်လိုက်သည်။ မီးပြင်းပြင်းဖြင့် ဂေါ်ဖီချဉ်စပ်များ မွှေးကြိုင်လာပြီး ဆီနီရောင် ထွက်လာသည်အထိ ကြော်ပြီးမှ ခေါက်ဆွဲထည့်ပြီး မွှေကြော်လိုက်သည်။ ဤကဲ့သို့ မီးပြင်းပြင်းဖြင့် ကြော်လိုက်သဖြင့် ခေါက်ဆွဲသားတိုင်းတွင် ဂေါ်ဖီချဉ်စပ်အနှစ်များ ကပ်ငြိသွားတော့သည်။ နောက်ဆုံးတွင် ကြက်သွန်မြိတ် ထည့်၊ ကြက်သွန်မြိတ် အနံ့မွှေးလာသည်အထိ ကြော်ပြီး ဆားအနည်းငယ် ဖြူးလိုက်လျှင် ရရှိပြီဖြစ်သည်။

ဂေါ်ဖီချဉ်စပ် ခေါက်ဆွဲကြော်သည် ရှန်မြောင် အကြိုက်ဆုံး အရသာလည်း ဖြစ်သည်။ ချက်ပြုတ်ရာတွင် ခေါက်ဆွဲကို ရေအေးစိမ်ထားသဖြင့် ကြော်လိုက်သောအခါ ခေါက်ဆွဲသားသည် နူးညံ့ပြီး အိစက်နေကာ ဂေါ်ဖီချဉ်စပ်၏ ထူးခြားသော ချဉ်စပ်အရသာနှင့် ကြွပ်ရွမှု၊ မီးပြင်းပြင်းဖြင့် ကြော်ထားသော မီးခိုးနံ့သင်းသင်းလေးတို့ ပေါင်းစပ်သွားသည်။

ရာသီဥတုအေးချိန်တွင် ဤခေါက်ဆွဲကြော်ကို စားလိုက်လျှင် အလွန် နွေးထွေးသွားလိမ့်မည်။ တစ်လုပ်လောက် စားလိုက်သည်နှင့် အပူဓာတ်များ ပျံ့နှံ့သွားပြီး ပါးစပ်ထဲတွင် မီးတောက်သဖွယ် ဇိမ်ရှိလှသည်။

ထို့အပြင် ဂေါ်ဖီချဉ်စပ် တို့ဟူးဟင်းရည်ပါ တွဲဖက်လိုက်လျှင် ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဂေါ်ဖီချဉ်စပ် တို့ဟူးဟင်းရည် ပြုလုပ်ပုံက ပိုပြီး ရိုးရှင်းမြန်ဆန်သေးသည်။ ပါဝင်ပစ္စည်းများမှာ ခေါက်ဆွဲကြော်နှင့် အတူတူပင်ဖြစ်၍ ရှန်မြောင်သည် တစ်ပြိုင်နက် ပြင်ဆင်ပြီး ဒယ်အိုးနှစ်လုံးဖြင့် တပြိုင်နက် ချက်ပြုတ်လိုက်လေတော့သည်။

...

အပိုင်း (၁၂၂)

အသားသုံးထပ်သားကို တုံးခုတ်ပြီး ရေအေးအိုးထဲ ထည့်ကာ မီးဖိုပေါ်တင်လိုက်သည်။ ရေပွက်ပွက်ဆူလာသောအခါ အမြှုပ်များကို ခပ်ထုတ်ပြီး အသားတုံးများကို ဆယ်ယူလိုက်သည်။ ဂျင်းနှင့် ကြက်သွန်ဖြူကို နုတ်နုတ်စင်းကာ ကြက်သွန်မြိတ်ကို အပိုင်းလိုက် လှီးဖြတ်လိုက်သည်။ ထို့နောက် ဂေါ်ဖီချဉ်စပ်ကို အပိုင်းလိုက်ဖြတ်ကာ အရည်ညှစ်ပြီး ပန်းကန်လုံးတစ်လုံးထဲ သီးခြားဖယ်ထားလိုက်သည်။ တို့ဟူးအမာတုံးတစ်ခြမ်းနှင့် တို့ဟူးပျော့တစ်တုံးကို ယူလိုက်သည်။ တို့ဟူးအမာကို အတုံးသေးသေးလေးများ တုံးလိုက်ပြီး တို့ဟူးပျော့ကို လက်ဖြင့် ချေလိုက်သည်။

တို့ဟူးပျော့ကို ဤကဲ့သို့ ချေပြီး ထည့်မှသာ ဟင်းရည်အနှစ်ထဲ ပျော်ဝင်သွားပြီး အတုံးကြီးအတုံးငယ် အရွယ်စုံ ပါဝင်ကာ အထူးအရသာရှိပေလိမ့်မည်။

ထို့နောက် ဒယ်အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ဆီသတ်လိုက်သည်။ အသားသုံးထပ်သားကို အရင်ထည့်ပြီး မွှေကြော်သည်။ ထို့နောက် ဂေါ်ဖီချဉ်စပ်နှင့် ညှစ်ထားသော အရည်များကိုပါ ထည့်ကာ အသားနှင့်အတူ မွှေးကြိုင်လာသည်အထိ မွှေကြော်လိုက်သည်။

စောစောက ခေါက်ဆွဲပြုတ်ထားသော ရေနွေးကို ယောက်ချိုဇွန်း တစ်ဇွန်းခပ်ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်အောင် တည်လိုက်သည်။ ထို့နောက် လေမှုတ်ပြွန်ကို ချိန်ညှိပြီး ထင်းမီးကို လျှော့ကာ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။ ထို့နောက်မှ တို့ဟူးအမာတုံးများကို ထည့်လိုက်သည်။ တို့ဟူးထည့်ပြီးသည်နှင့် ဆား၊ သကြား၊ ပဲပိစပ်အနှစ်တို့ဖြင့် အရသာဖြည့်စွက်လိုက်သည်။ သို့မှသာ တို့ဟူးတွင် အရသာစိမ့်ဝင်လိမ့်မည်။

နောက်ထပ် ၇ မိနစ်ခန့် ဆက်တည်ပြီး နောက်ဆုံးတွင်မှ လက်ဖြင့် ချေထားသော တို့ဟူးပျော့များကို ထည့်လိုက်သည်။ ဟင်းရည် ပျစ်နှစ်လာသည်အထိ တည်ပြီးလျှင် ကြက်သွန်မြိတ် အမျှင်လေးများ ဖြူးကာ ဟင်းပွဲပြင်နိုင်ပြီ ဖြစ်သည်။

ခေါက်ဆွဲနှင့် ဟင်းရည်ကို ပန်းကန်ထဲထည့်ပြီး စာသင်သားနှစ်ယောက်အတွက် ချပေးလိုက်၏။

ကောင်းဟယ်သည် အနံ့ရသည်နှင့် တူကို ကိုင်ထားပြီးသားပင်။ ရှန်မြောင် ဟင်းပွဲချပေးနေစဉ်တွင် သူ၏ မျက်လုံးများသည် ရှန်မြောင်၏ လှုပ်ရှားမှုကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။

နှစ်ယောက်သားသည် ချက်ချင်းဆိုသလို တူဖြင့် ခေါက်ဆွဲကို ညှပ်၊ ဇွန်းဖြင့် ဟင်းရည်ကို ခပ်ကာ အနည်းငယ် မှုတ်ပြီး တရှူးရှူးတရှဲရှဲ စားသောက်ကြတော့သည်။ ပါးစပ်ထဲတွင် ဝါးရင်း "အွန်း"၊ "အိုး" ဟူသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ရှန်မြောင်သည် လင်ဗန်းကိုကိုင်ကာ ပြန်လှည့်လာရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ခြံဝင်းထဲက သရဲလက်ကြီးများလို ဖြာထွက်နေသော ကွေ့ဟွားပင်အိုကြီးသည် ကျိုကော ဝင်ရောက် ကိုင်းညှပ်ပေးထားသဖြင့် ယခုအခါ လုံးဝန်းသော သစ်ရွက်အုပ်ကြီး ဖြစ်နေလေပြီ။ ပန်းသီးစိမ်းအရသာ တုတ်ထိုးချိုချဉ်လုံးနှင့် တူနေသည်။

ဒီနေ့ ယန့်ရှူးလည်း ရောက်မလာပေ။ ကျိုကော အဆင်ပြေပါစေဟုသာ ဆုတောင်းရတော့သည်။

ရှန်မြောင် သတိရတမ်းတနေသော ရှဲ့ချီသည် သူ့စာဖြေခန်း၏ ခေါင်မိုးကို ၅ ကြိမ်မြောက် မော့ကြည့်နေမိသည်။ ဝါးလုံးများဖြင့် ထောက်ကန်ထားပြီး အပေါ်တွင် တာပေါ်လင်စိမ်း မိုးထားသော အမိုးဖြစ်သည်။ မနှစ်က ဒီဝါးလုံး ကျိုးကျခဲ့ဖူးသည်။

ကံကောင်းသည်မှာ ထိုစဉ်က အပေါ်မှ 'ကျွီ' ဟူသော အသံကြားသည်နှင့် တခုခုမှားနေပြီမှန်း သိလိုက်ပြီး ခန္ဓာကိုယ်က ဦးနှောက်ထက် မြန်ဆန်စွာ တုံ့ပြန်လိုက်သည်။ စားပွဲခုံကို လက်ထောက်ပြီး အပြင်သို့ ခုန်ထွက်လိုက်သည်နှင့် အနောက်ဘက်တွင် အမိုးတစ်ခုလုံး ပြိုကျသွားတော့သည်။

သူ ပိမသွားခဲ့သည်မှာ ကံသီလို့ပင်။

ယခုနှစ် စာမေးပွဲ ဒုတိယနေ့ရောက်သည်အထိ အမိုးက ခိုင်ခန့်နေသေးသည်။

ကြည့်ပြီးနောက်တွင် သူသည် စုတ်တံကိုကိုင်ကာ ဆက်လက် ဖြေဆိုနေသည်။ စာမျက်နှာတစ်ဝက်ခန့် ရေးပြီးသောအခါ လက်ထဲက ဝါးခရမ်းရောင် စုတ်တံကို သေချာကြည့်ရှုလိုက်သည်။

ကံကောင်းပါသေးသည်။ စုတ်တံလည်း မကျိုးသေးပေ။

ထိုအချိန်တွင် စာဖြေခန်းအပြင်ဘက် လူသွားလမ်းကျဉ်းလေးထဲသို့ မီးသွေးမီးဖိုများ ထမ်းလာသော စစ်သည်အချို့ ရောက်လာကြသည်။ ရှဲ့ချီသည် စာဖြေလွှာကို စားပွဲပေါ်မှ အသာဆွဲယူလိုက်ပြီး စစ်သည်များ စာဖြေခန်းတိုင်းကို မီးဖိုဝေငှနေသည်ကို ကြည့်နေလိုက်သည်။ ရန်သူကို ရင်ဆိုင်ရသလို အသင့်ပြင်ထားသော သူ့ရှေ့သို့ ရောက်လာပြီး မီးညှပ်ဖြင့် မီးဖိုတစ်ခုကို သေချာချပေးကာ ခြေရင်းတွင် ထားပေးမှသာ ရှဲ့ချီ သက်ပြင်းချနိုင်တော့သည်။

သူသည် ဝမ်းသာအားရဖြင့် ဆက်လက် ဖြေဆိုသည်။ တစ်နာရီခန့်အကြာတွင် မေးခွန်းအားလုံး ဖြေဆိုပြီးသွားသဖြင့် မူကြမ်းကို ဘေးဖယ်ထားလိုက်ပြီး နေ့လယ်စာစားပြီးမှ အချောပြန်ရေးရန် ပြင်ဆင်လိုက်သည်။

ရှန်ညန်ဇီက အသင့်စားခေါက်ဆွဲကို တီထွင်လိုက်ပြီးနောက် စာဖြေခန်းထဲက စာသင်သားများသည် ဂျုံမုန့်ခြောက်များ ယူမလာကြတော့ပေ။ စာဖြေခန်းတစ်ခုလုံးတွင် အသင့်စားခေါက်ဆွဲအမျိုးမျိုး၏ အနံ့များ လှိုင်လို့နေသည်။ တိုက်ခတ်လာသည့်လေကြောင့် နေရာအနှံ့ ပျံ့လွင့်နေပြီး နားထဲတွင်လည်း ခေါက်ဆွဲစုပ်သံများ ဆူညံနေသည်။

ရှဲ့ချီလည်း ခေါက်ဆွဲတစ်ပွဲ ပြင်ဆင်လိုက်သည်။ သူများတွေနှင့် မတူသည်မှာ သူ့ခေါက်ဆွဲသည် ရှန်ညန်ဇီက ဝဥအမှုန့်ကို ဂျုံမှုန့်နှင့် ရောနယ်ပြီး လက်ဖြင့်ဆွဲကာ ဆီကြော်ပေးထားသော ဝဥခေါက်ဆွဲ ဖြစ်သည်။

ဒီခေါက်ဆွဲမျိုး သူ တစ်ယောက်တည်းသာ ပါလာခြင်းဖြစ်သည်။ ရေနွေးဖျောလိုက်သောအခါ ဝဥ၏ မွှေးပျံ့သော ရနံ့ပါဝင်ပြီး ခေါက်ဆွဲသားသည်လည်း ပိုတုတ်ကာ ပိုမိုနူးညံ့အိစက်ပြီး စားကောင်းသည်။ ရေနွေးကြာကြာစိမ်ထားလည်း ပွမသွားဘဲ ဗိုက်ပိုပြည့်စေသည်။

ရှန်ညန်ဇီက သူ့ပန်းကန်လုံးထဲတွင် သူမကိုယ်တိုင် နှပ်ထားသော ဂေါ်ဖီချဉ်စပ်နှင့် ဝက်သားလွှာများကိုပါ ထည့်ပေးလိုက်သဖြင့် ဟင်းရည်အနှစ်သည် ပိုမိုပြင်းပြပြီး စားကောင်းနေတော့သည်။

ဤကဲ့သို့ ပူပူနွေးနွေး ခေါက်ဆွဲတစ်ပွဲ စားလိုက်ရသဖြင့် လက်နှင့်ခြေထောက်များ ချက်ချင်း နွေးထွေးသွားသည်။ တာပေါ်လင်စိမ်းကြားမှ တိုးဝင်လာသော ဆောင်းလေအေးများသည် သူ့ဗိုက်ထဲက အနွေးဓာတ်ကြောင့် အလိုလို ပျောက်ကွယ်သွားသလို ခံစားနေရသည်။

သူသည် မြေအိုးခွက်ကို ကိုင်ရင်း အပြင်ဘက်က မှုန်ဝါးဝါး နေရောင်ခြည်ကို မော့ကြည့်လိုက်ကာ လက်ဖဝါးထဲတွင်တော့ ခေါက်ဆွဲ၏ အပူဓာတ်ကို ခံစားနေရသည်။

အိမ်မှာ အခြေအနေ ဘယ်လိုရှိမလဲ မသိပေ။ အဖေ ရာထူးက နှုတ်ထွက်ပြီးပြီလား။ အိမ်က လယ်မြေတွေနဲ့ ခြံတွေကို ရှင်းလင်းပြီးပြီလား။ သူ စိုးရိမ်မိသည်။ အိမ်မှာ အလုပ်ရှုပ်နေလောက်ပြီ။ ယန့်ရှူးကရော ရှန်ညန်ဇီအိမ်မှာ ရှိနေမလား၊ အိမ်ပြန်ကူနေမလား မသိပေ။

သူ စာမေးပွဲခန်းက ထွက်သွားရင် အိမ်အခြေအနေ ပြောင်းလဲသွားလောက်ပြီ။

ရှဲ့ချီတစ်ယောက် ငေးငိုင်နေမိ၏။

ဆောင်းဦးလေညင်း တိုက်ခတ်လာပြီး သစ်ရွက်ခြောက်အချို့သည် အမိုးပေါ်သို့ 'ရှပ်' ခနဲ ကျလာကာ အရိပ်ကလေးများ ကျရောက်နေသည်။

အရိပ်များသည် သူ့မျက်ခွံပေါ်သို့ ကျရောက်နေပြီး ရှဲ့ချီ မော့ကြည့်လိုက်ရာ အက်ကွဲကြောင်းများကြားမှ ကျဆင်းလာသော သစ်ရွက်ရိပ်များသည် သာမန်ကာလျှံကာ ကြည့်လျှင်ပင် လှပနေသယောင်။

သူသည် စာမေးပွဲခန်းထဲတွင် ဤမျှ သာမန်ဆန်စွာဖြင့် ၃ ရက်တာ ကုန်ဆုံးရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။

ဒီမပြည့်စုံသော သစ်ရွက်ခြောက်အရိပ်များသည် ရှန်ညန်ဇီအိမ်က ကွေ့ဟွားပင်အိုကြီးနှင့် ထိုအပင်က ပွင့်သော ပန်းများဖြင့် ပြုလုပ်ထားသည့် ကွေ့ဟွားပန်းမုန့်များကို သတိရစေသည်။ သူသည် သစ်ရွက်ခြောက်များကို ကြည့်နေသော်လည်း နှာခေါင်းထဲတွင် ကွေ့ဟွားပန်းနံ့များ ရနေသကဲ့သို့ ခံစားရပြီး စိတ်ထဲတွင် ငြိမ်းချမ်းသော သစ်ရွက်လှုပ်သံများကို ကြားနေရသည်။

သူသည် ဆီမီးခွက်ကို ထွန်းညှိလိုက်ပြီး စာရွက်အသစ်ခင်းကာ စာစီစာကုံးကို အချောကူးရန် ပြင်လိုက်သည်။ သို့သော် ပထမဆုံး စာလုံးကို ရေးလိုက်သည်မှာ 'ရှန်' ဟူသော စာလုံး ဖြစ်နေတော့သည်။ သူသည် ရယ်မောလိုက်မိပြီး စာရွက်ဖြတ်ဓားကို ယူကာ ထိုစာကြောင်းကို ဖြတ်ထုတ်လိုက်ရသည်။

ဖြတ်ထုတ်လိုက်သော စာရွက်စကို မီးဖိုထဲ ပစ်ထည့်လိုက်ရာ ချက်ချင်း လောင်ကျွမ်းသွားသည်။ ရှဲ့ချီသည် စုတ်တံကို ပြန်ကိုင်ပြီး ဒီတစ်ခါတော့ မှန်ကန်စွာ ကူးယူရေးသားနိုင်ခဲ့သည်။ သို့သော် စိတ်ထဲတွင် တွေးနေမိဆဲ။

'ရှန်ညန်ဇီက ဆောင်းတွင်းအတွက် ရိက္ခာစုနေရမယ်၊ ဆိုင်ကိုလည်း ဦးစီးနေရမယ်၊ သိပ်မပင်ပန်းရင် ကောင်းမှာပဲ'

'ရှန်ညန်ဇီက နန်းတွင်းလမ်းက လျန်မိသားစုဆီမှာ စားပွဲသွားပြင်မယ်လို့ ပြောတယ်၊ အဆင်ပြေပါ့မလား၊ နန်းတွင်းလမ်းမှာ လျန်မျိုးရိုးနဲ့ မိသားစုကြီး ရှိလို့လား၊ အသစ်ပြောင်းလာတဲ့ ကုန်သည်တွေများလား'

'ရှန်ညန်ဇီက သူ စာမေးပွဲခန်းက ထွက်လာရင် မြေအိုးခေါက်ဆွဲ နောက်တစ်ခါ လုပ်ကျွေးမယ်လို့ ပြောထားတယ်၊ ယန့်ရှူးနဲ့ အတူတူ စားရမယ်'

'ရှန်ညန်ဇီ... အခုအချိန် ဘာလုပ်နေမလဲ'

ရှန်မြောင်သည် သစ်အယ်သီး လှော်နေလေသည်။

လှော်ရင်းလှော်ရင်း နှာခေါင်း ယားလာသဖြင့် ကိုယ်ကိုလှည့်ကာ နှာချေလိုက်၏။

"ဘယ်သူ ငါ့ကို အတင်းပြောနေတာလဲ"

ရှန်မြောင်သည် လက်ကိုင်ပဝါဖြင့် နှာခေါင်းသုတ်ရင်း ရေရွတ်လိုက်ပြီး ဒယ်အိုးထဲက သဲနှင့်ရောနေသော သစ်အယ်သီးများကို အားစိုက်ပြီး ဆက်မွှေလိုက်သည်။

သစ်အယ်သီးလှော်ရာတွင် စိတ်လော၍ မရပေ။ မီးအေးအေးဖြင့် သဲများကို အရင်ပူအောင် လှော်ပြီးမှ သစ်အယ်သီး ထည့်ရသည်။ ထို့နောက်တွင် နည်းလမ်းဟူ၍ သိပ်မရှိ၊ ဘယ်ပြန်ညာပြန် မွှေပေးရုံသာ။

အခက်အခဲမှာ မီးအရှိန်ညှိရာတွင် ရှိသည်။ မီးပြင်းလျှင် တူးသွားမည်၊ မီးလျော့လျှင် လက်ညောင်းအောင် မွှေလည်း မကျက်နိုင်ပေ။ မီးအရှိန်ကို အလယ်အလတ်တွင် ထိန်းထားနိုင်မှသာ သဲထဲက သစ်အယ်သီးများ အပူချိန် ညီမျှစွာ ရရှိမည်။

ဓားရာပေးထားသော အခွံများသည် ပါးစပ်ဟသလို ကွဲအက်လာပြီး ပယင်းရောင်သမ်းနေသော အသားကို မြင်ရချိန်၊ သဲကျောက်ခဲများကြားမှ မွှေးပျံ့သော ရနံ့များ ထွက်လာချိန်တွင် သစ်အယ်သီး ကျက်ပြီဖြစ်သည်။ အပူမလျော့ခင် ဇကာဖြင့် သဲစစ်ထုတ်ပြီး ဝါးခြင်းတောင်းငယ်ထဲ ထည့်လိုက်သည်။ အပေါ်က သဲများကို ခါထုတ်လိုက်လျှင် အခွံခွာစားရန် အဆင်သင့် ဖြစ်ပြီ။

ရှန်းအာတို့ ကောက်လာသော သစ်အယ်သီးများသည် အပင်ပေါ်တွင် ရင့်မှည့်ပြီး ကြွေကျလာသော အသီးများဖြစ်၍ သကြားရည် ထပ်ထည့်စရာမလိုဘဲ ရိုးရိုးလှော်လိုက်ရုံဖြင့် ခြံဝင်းတစ်ခုလုံး မွှေးပျံ့သွားသည်။

သကြားရည်ထည့်လှော်လျှင် ချိုသော်လည်း အခွံခွာရသည်မှာ စေးကပ်ကပ်ဖြင့် လက်ညစ်ပေသည်။

ကောင်းကောင်းလှော်တတ်လျှင် သကြားမထည့်လည်း ချိုမြိန်ပြီး သန့်ရှင်းကာ ခွာရလွယ်ကူသည်။ လက်နှစ်ဖက်ဖြင့် ညှစ်လိုက်ရုံဖြင့် အခွံကွဲအက်သွားပြီး လက်သည်းဖြင့် ခွာလိုက်လျှင် အလုံးလိုက် ထွက်လာသည်။

ပါးစပ်ထဲ အလုံးလိုက် ပစ်ထည့်လိုက်လျှင် ပျော့အိနူးညံ့ပြီး ပူပူနွေးနွေး သစ်အယ်သီး အရသာကို ခံစားရမည်။

သကြားလုံးကဲ့သို့ အချိုမျိုးမဟုတ်ဘဲ သစ်အယ်သီး၏ သဘာဝအချိုဓာတ် ဖြစ်သည်။ သစ်အယ်သီးသည် ကယ်လိုရီများပြီး သကြားဓာတ်ပါဝင်သော အစားအစာဖြစ်သည်။ ၎င်း၏ အချိုဓာတ်သည် နှစ်သက်သူများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။

ရှန်မြောင်သည် ခြံဝင်းထဲက လူကြီးလူငယ် အကုန်လုံးကို သရေစာအဖြစ် စားရန်တစ်ယောက်တစ်အိတ်စီ ဝေငှပေးလိုက်သည်။

သို့သော် သစ်အယ်သီးကို အများကြီး စား၍ မရပေ။ လေပွတတ်သဖြင့် ရံဖန်ရံခါ အာသာပြေ စားလျှင်သာ ကောင်းပေသည်။

သူမ လှော်ပြီးချိန်တွင် သစ်အယ်သီးနံ့သည် ကောင်တာအပေါ်က ဟင်းထုတ်ပေးသည့်ပေါက်မှတဆင့် ဆိုင်ခန်းထဲသို့ ပျံ့လွင့်သွားရာ ခေါက်ဆွဲစားနေသော စာသင်သားနှစ်ယောက်သည် နှာခေါင်းရှုံ့ကာ မော့ကြည့်လာကြသည်။ ရှန်မြောင်သည် သူတို့နှစ်ယောက်ကိုလည်း လက်တစ်ဆုပ်စာလောက် လက်ဆောင်ပေးလိုက်သည်။

တောသစ်အယ်သီးက ပိုက်ဆံပေးစရာမလို၊ သဲကလည်း အလကားရထားသဖြင့် ရှန်မြောင်သည် အဒေါ်ကု၊ အဒေါ်လီတို့ကိုလည်း ဝေငှပေးလိုက်ပြီး လမ်းကြားတစ်ခုလုံး အနှံ့ လိုက်ဝေပေးသည်။

ပြန်လာချိန်တွင် သူမလက်ထဲတွင် လက်ဆောင်ပစ္စည်းများ အပြည့် ပြန်ပါလာခဲ့သည်။ အဒေါ်ကု စိုက်ထားသော ကြက်သွန်မြိတ် နှစ်စည်း၊ အဒေါ်လီပေးသော ဘဲဥငန်၊ အဘွားကျန့်ပေးသော မုန်ညင်းချဉ်၊ ကလေးလေး အားပေါင်ပေးသော တောပန်းတစ်စည်း... ရှန်မြောင်သည် လမ်းလျှောက်ရင်း ပြုံးလိုက်မိ၏။

ပန်းများကို ရေထိုးပြီး ပြတင်းပေါက်တွင် တင်ထားလိုက်မည်။ ဘဲဥငန်ကို ပေါင်းပြီး ညကျရင် မုန်ညင်းချဉ်လေးနှင့် တွဲဖက်ကာ ကြက်သားဆန်ပြုတ် သောက်လိုက်မည်။

"ရှန်ညန်ဇီ... ပိုက်ဆံရှင်းမယ်" ဆိုင်ခန်းထဲမှ လှမ်းအော်သံ ကြားလိုက်ရသည်။

"လာပါပြီရှင်" ရှန်မြောင် အမြန်ထွက်သွားလိုက်သည်။

စာသင်သားနှစ်ယောက်သည် စားသောက်ပြီးစီး၍ သစ်အယ်သီး ခွာစားနေကြသည်။ ရှန်မြောင် ပန်းကန်သိမ်းရန် ဝင်လာသည်ကို မြင်သောအခါ အရသာရှိကြောင်း ဝိုင်းဝန်းချီးကျူးကြသည်။

"ရှန်ညန်ဇီ... ခင်ဗျားလုပ်တဲ့ ဂေါ်ဖီချဉ်စပ်ကို ရောင်းလားဗျ၊ အရမ်းစားလို့ကောင်းတယ်၊ ကြွပ်ကြွပ်ရွရွလေးနဲ့ စပ်ပြီး နည်းနည်းချိုတယ်၊ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ ခေါက်ဆွဲကြော်နဲ့ တွဲစားတာ လိုက်ဖက်လွန်းတယ်၊ ပြီးပြည့်စုံတဲ့ အတွဲအစပ်ပဲ၊ စားကောင်းလွန်းလို့ တူတောင် မချနိုင်ဘူး" ကောင်းဟယ်သည် အရသာကို တမ်းတမ်းတတ ပြောနေသည်။

ခေါက်ဆွဲပန်းကန် ရောက်လာချိန်တွင် ရွှေရောင်သမ်းပြီး ဆီရောင်လက်နေကာ ဂေါ်ဖီချဉ်စပ်နှင့် ကြက်သွန်မြိတ်များ ရောနှောပါဝင်နေသည်ကို မြင်လိုက်ရုံနှင့် စားချင်စဖွယ် ဖြစ်နေသည်။

"ကျွန်တော့်အမြင်ကတော့ ဂေါ်ဖီချဉ်စပ်နဲ့ တို့ဟူးဟင်းရည်က ပိုကောင်းတယ်၊ သောက်လိုက်ရင် ငန်စပ်စပ်လေးနဲ့ လန်းဆန်းသွားတာပဲ၊ တို့ဟူးပျော့လေးတွေက နူးညံ့ပြီး အရည်ပျော်သွားသလိုပဲ၊ ဟင်းရည်အနှစ်တွေ စိမ့်ဝင်နေတာ၊ ပါးစပ်ထဲ ထည့်လိုက်တာနဲ့ ပျော်သွားတာပဲ"

"ပြီးတော့ ဒီသစ်အယ်သီးလှော်ကလည်း မွှေးလိုက်တာ၊ အပြင်ကဝယ်စားတဲ့ မီးဖုတ်သစ်အယ်သီးတွေက ဒီလောက် မမွှေးဘူး၊ သကြားမပါဘဲနဲ့ မွှေးနေတာ"

"ဂေါ်ဖီချဉ်စပ်က ရောင်းဖို့ မရှိပါဘူးရှင်၊ အိုးတစ်လုံးပဲ လုပ်ထားတာမို့ ဆိုင်မှာသုံးဖို့တောင် မလောက်ပါဘူး၊ နောက်တစ်ခါမှ လာစားကြပါ" ရှန်မြောင်က ပြုံးပြလိုက်သည်။ "သစ်အယ်သီးကတော့ မောင်လေး၊ ညီမလေးတွေ တောင်ပေါ်က ကောက်လာတာပါ၊ မြေကြီးထဲ မြှုပ်ထားတာ ကြာပြီ၊ ပြီးခဲ့တဲ့ရက်က နှင်းကျတော့ အထဲက အချိုဓာတ်တွေ ထွက်လာတာနေမှာပါ၊ ဒါကြောင့် စားကောင်းတာပါ"

စာသင်သားနှစ်ယောက်သည် ကျေနပ်စွာဖြင့် တစ်ယောက်တစ်ဆုပ်စာ အိတ်ကပ်ထဲ ထည့်ကာ ပြန်သွားကြလေသည်။

ရှန်မြောင်နှင့် အားထောင်က ပန်းကန်ဆေးနေချိန်တွင် သူတို့ ပြန်ရောက်လာကြပြီး နောက် ၁၀ ရက်နေလျှင် ညနေစောင်းအချိန် စားပွဲဝိုင်း နှစ်ဝိုင်းကို ပေါင်းပြီး လူ ၆-၇ ယောက်စာ ဝိုင်းတစ်ဝိုင်း ငှားချင်ကြောင်း ပြောလာကြသည်။

သူတို့သည် ငယ်ရွယ်သော လူငယ်လေးများ ဖြစ်ကြပြီး မျက်လုံးများ တောက်ပနေသည်။

"ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက် ပညာတော်သင်ခရီး ထွက်တော့မှာမို့ နှုတ်ဆက်ပွဲ လုပ်ပေးချင်လို့ပါ၊ ဒီတစ်ခါတော့ စားသောက်ဆိုင်ကြီးတွေမှာ ပိုက်ဆံမဖြုန်းတော့ဘူးလို့ တိုင်ပင်ထားကြတယ်၊ ရှန်ညန်ဇီဆိုင်မှာ စားတာက တန်လည်းတန်တယ် စားလို့လည်းကောင်းတယ်၊ ငါးကင်အိုးတို့ ဘဲကင်တို့ မှာပြီး မီးဖိုဘေးမှာ ဝိုင်းထိုင်ပြီး အရက်သောက်ရတာ ပိုပျော်ဖို့ကောင်းမှာပဲ"

"ရတာပေါ့ရှင်၊ မှတ်ထားလိုက်ပါမယ်၊ အဲဒီအချိန်ကျရင် လာခဲ့ကြပါ၊ နေရာချန်ထားပေးပါမယ်" ရှန်မြောင်က သဘောတူလိုက်ပြီး လူအရေအတွက် မေးမြန်းကာ ပြတင်းပေါက်နားက စားပွဲဝိုင်းကြီးနှစ်ခုကို ဖယ်ထားပေးရန် စီစဉ်လိုက်သည်။

သူတို့သည် စရန်ငွေ ၁၀ ပြား ပေးပြီးမှ ဗိုက်ကားနေသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း "ဗိုက်တင်းလိုက်တာ" ဟု ညည်းတွားကာ ပြန်သွားကြသည်။

ထို့နောက် ဂေါ်ဖီချဉ်စပ် ခေါက်ဆွဲကြော် ပွဲပေါင်းများစွာ ရောင်းရလေသည်။ မတွေ့တာကြာပြီဖြစ်သော စစ်သည်များလည်း အသင့်စားခေါက်ဆွဲ လာစားကြသည်။ သူမနှင့် ရင်းနှီးသော စစ်သည်တစ်ယောက်က ပိုက်ဆံရှင်းချိန်တွင် တိုးတိုးလေး သတိပေးသွားသည်။

"ရှန်ညန်ဇီ... ဒီရက်ပိုင်း ဆိုင်စောစောပိတ်နော်၊ အပြင်မှာ ရက်နည်းနည်းလောက် ရှုပ်ထွေးလိမ့်မယ်"

ရှန်မြောင်တစ်ယောက် အံ့သြသွားမိ၏။ ထိုစစ်သည်က တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းခါပြပြီး လှည့်ထွက်သွားတော့သည်။

သူမသည် ထိုစကားကို အလေးထားပြီး ဒီညမှစ၍ တံခါးစောစောပိတ်လိုက်သည်။ ညနက်ချိန်တွင် တံတိုင်းအပြင်ဘက်မှ မြင်းခွာသံများ၊ လှည်းဘီးသံများ ဆူညံစွာ ကြားရပြီး ရံဖန်ရံခါ ငိုသံများနှင့် အော်ဟစ်သံများကိုပါ ကြားရကာ ၇-၈ ရက်ခန့် ကြာမြင့်ခဲ့သည်။

ဒီလို မငြိမ်မသက်ဖြစ်နေသော ညများကြောင့် ရှန်မြောင်သည်လည်း စိတ်လှုပ်ရှားနေရသည်။ နေ့ဘက်တွင် ဧည့်သည်များ တီးတိုးပြောဆိုနေကြသည်ကို ကြားရသည်။ ပြန့်ကျင်းမြို့က နာမည်ကြီး မိသားစုကြီး အများအပြား အိမ်သိမ်းခံရသည်ဟု ပြောကြသည်။

သို့သော် သူတို့လည်း ကျယ်ကျယ်လောင်လောင် မပြောရဲကြပေ။ အရက်သောက်ရင်း စကားနည်းနည်းလွန်သွားလျှင် သူခိုးလိုလိုဖြင့် ပါးစပ်ပိတ်သွားကြသည်။

ကျိုကောသည်လည်း စာမေးပွဲပြီးကတည်းက ပျောက်ချက်သား ကောင်းနေသည်။ ရှန်မြောင်လည်း ရက်အတော်ကြာ သတင်းမကြားရသဖြင့် စိတ်ပူလာတော့သည်။

ရှဲ့မိသားစု တစ်ခုခုဖြစ်နေပြီလား။ သူမသည် ဆန်ဆိုင်ပိုင်ရှင်ကို သွားရှာရင်း ကျုံးကူအနောက်လမ်းဘက်သို့ လှမ်းကြည့်လိုက်သည်။ လမ်းပေါ်တွင် စစ်သည်အချို့ ရှိသော်လည်း တံခါးများ ပိတ်နေသည်။ ဘေးပေါက်မှ အိမ်သာသည်လှည်းနှင့် ရေလှည်းများ ဝင်ထွက်နေပြီး တံခါးစောင့်များ ရှိနေသည်ကို ကြည့်လျှင် အိမ်သိမ်းခံရပုံတော့ မပေါ်ပေ။

ကျိုကော ကံဆိုးမိုးမှောင်ကျနေပြန်ပြီလား။ ရှန်မြောင် စိတ်ထဲတွင် ပူပန်နေသော်လည်း ရှဲ့အိမ်တော် တံခါးပေါက်များ ပိတ်ထားပြီး စစ်သည်များ လှည့်ကင်းပတ်နေသဖြင့် အနားမကပ်ရဲပေ။

လျန်ချန်က ရုပ်ဖျက်ပြီး ဘဲကင်လာဝယ်မှသာ ဘာဖြစ်နေကြောင်း သိလိုက်ရသည်။

"ဘယ်လို... မြို့ပြင်က မြေ ၁၀ ဧကနဲ့ ရေကန်ကြီးကို ကျွန်မကို ပေးမယ်ဟုတ်လား"

လျန်ချန်က အလျင်အမြန် ပြင်ပြောလိုက်သည်။

"ပေးတာ မဟုတ်ဘူး၊ မင်းကြီးက ဒါတွေက သိမ်းဆည်းရမိထားတဲ့ လယ်မြေတွေပါတဲ့၊ ရှန်ညန်ဇီရဲ့ ဘဲကင်လက်ရာကို သဘောကျလို့ ဘဲမွေးမြူနိုင်အောင် လျှော့စျေးနဲ့ ရောင်းပေးမယ်လို့ ပြောတာပါ"

ခဏရပ်ပြီး သူက ထပ်ပြောလေသည်။ "လျှော့စျေးနဲ့ ရောင်းပေးတာပါ"

"......"

..

All Chapters