← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အပိုင်း (၁၂၅) ဖုန်မှုန့်နှင့် အသေးအဖွဲကိစ္စများ

ငါးခေါင်းတို့ဖူးဟင်းရည် မသောက်လိုက်ရဘဲ မိန်းမစိုးလေးနောက် လိုက်သွားပြီး နန်းတော်ထဲဝင်ကာ အရှင်မင်းကြီးနှင့် စုချူကစားရမည့် ယွဲ့ထန်နှင့် ယှဉ်လိုက်လျှင် ရှီးဖေးကျင်းက ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

သူသည် တံတိုင်းကျော်လိုက်သည်နှင့် ခြံဝင်းထဲတွင် သစ်ရွက်လှည်းနေသည့် ရှဲ့မိသားစု အလုပ်သမားများနှင့် ပက်ပင်းတိုးသွားလေသည်။ အလုပ်သမားများက "သူခိုး... သူခိုး" ဟု အော်ဟစ်ကာ "သတ္တိကောင်းလှချည်လား။ ဒါ မင်းအဖိုးအိမ်လို့ ထင်နေလား" ဟု ကြိမ်းဝါးပြီး တံမြက်စည်းများကိုင်လျက် ရဲဝံ့စွာ ဝင်လုံးကြတော့သည်။

ကံကောင်းသည်မှာ အိမ်တော်ထိန်းကျန့်က အနီးအနားတွင် ရှိနေခြင်းပင်။ အော်သံကြားသည်နှင့် အခြားအိမ်သားများကို ခေါ်ကာ လက်နက်ပစ္စည်းများကိုင်ဆောင်ပြီး အပြေးအလွှား ရောက်ရှိလာကြသည်။ သို့သော် အလုပ်သမားများနှင့် လုံးထွေးသတ်ပုတ်နေသည့် အမျိုးသား ၃ ဦးကို မြင်လိုက်ရသောအခါ အလွန်ရင်းနှီးနေသည်ကို တွေ့လိုက်ရလေသည်။

"ရပ်ကြ... ရပ်ကြ၊ ဒုက္ခတော့ များကုန်ပါပြီ။ ဒါ ငါတို့အိမ်က သာ့ကျိုရယ်(ဦးကြီး)ပဲ"

အိမ်တော်ထိန်းကျန့်သည် လက်ထဲမှ တံခါးဂျက်တုံးကို လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ လူအုပ်ကြားထဲ ဝင်ရောက်တားဆီးလိုက်ရသည်။

အလုပ်သမားများလည်း အထိတ်တလန့် ဖြစ်ကုန်ကြပြီး လက်များကို ရပ်တန့်လိုက်ကြ၏။ သေချာကြည့်လိုက်သောအခါမှ နှစ်ပေါင်းများစွာ ရောက်မလာခဲ့သည့် ရှီးမိသားစုမှ သာ့ကျိုရယ် ဖြစ်နေမှန်း သိလိုက်ကြရသည်။

အိမ်တော်ထိန်းကျန့်က ခါးသက်သက်ပြုံးလိုက်ပြီး မေးလိုက်၏။ "သာ့ကျိုရယ် လာမယ်ဆိုရင်လည်း ဘာလို့ ကြိုမပြောတာလဲ"

ရှီးဖေးကျင်းသည် တံတိုင်းကျော်စဉ်က ပေကျံသွားသည့် ဖုန်မှုန့်များကို အေးဆေးသက်သာစွာပင် ခါထုတ်လိုက်လေသည်။

မေးပြီးသည်နှင့် အိမ်တော်ထိန်းကျန့် ကိုယ်တိုင်လည်း ရယ်ချင်သွားမိသည်။ ဟုတ်သားပဲ။ ဒီသာ့ကျိုရယ်က အရင်လာတုန်းကလည်း ဘယ်တုန်းက နှုတ်ဆက်ဖူးလို့လဲ။

"အထဲဝင်ပါ... အထဲဝင်ပါ" အိမ်တော်ထိန်းကျန့်သည် ဖိတ်ခေါ်ရင်း သခင်ကြီး၊ သခင်မကြီးနှင့် အဘွားတို့ကို သွားရောက်သတင်းပို့ခိုင်းလိုက်သည်။ အခြားအိမ်ခွဲများဆီသို့လည်း သတင်းပို့ခိုင်းလိုက်ရာ အိမ်တော်တစ်ခုလုံးတွင် ပြေးလွှားနေသည့် အစေခံများဖြင့် ရှုပ်ထွေးသွားတော့သည်။

ထိုအခါမှ ရှီးဖေးကျင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ ဒီလို အကြီးအကျယ် ဖြစ်နေမှာစိုးလို့ မပြောတာပါကွာ"

အိမ်တော်ထိန်းကျန့်က ပြုံးရွှင်စွာဖြင့် ရှီးဖေးကျင်းကို အတွင်းဆောင်သို့ လမ်းပြခေါ်ဆောင်သွားရင်း ပြောလိုက်သည်။

"အဆိုရှိတယ်မလား။ ဘယ်လိုပုံနဲ့ ဆွေမျိုးတော်စပ်ပါစေဦး သာ့ကျိုရယ်က အကြီးဆုံးပဲလေ၊ သာ့ကျိုရယ်က ဧည့်သည်တော်ပဲ။ ဒီနေ့က ဆောင်းယဉ်စွန်းချိန်လည်း ဖြစ်နေတော့ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ နေလို့ရမလဲ၊ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ"

စုန့်ခေတ်၏ ဓလေ့ထုံးစံသည် ပွင့်လင်းသည်ဟု ဆိုသော်လည်း အမျိုးသမီးများ အိမ်ထောင်ပြုပြီးနောက်တွင် ပြောရေးဆိုခွင့် အာဏာ လျော့နည်းသွားတတ်လေသည်။ အကယ်၍ ယောကျ်ားဘက်မှ အနိုင်ကျင့်ခြင်းခံရပါက မိဘဆွေမျိုးဘက်မှ ခေါင်းဆောင်ဖြစ်သည့် ဦးကြီးသည် ထိုအမျိုးသမီးနှင့် သားသမီးများအတွက် အားအကိုးရဆုံး ကျောထောက်နောက်ခံ ဖြစ်လာလေ့ရှိသည်။ ဤကဲ့သို့သော ဦးကြီး၏ အာဏာသည် နန်းတွင်းအိမ်ရှေ့စံ လုပွဲမှသည် သာမန်အိမ်ရာခွဲဝေမှုအထိ လွှမ်းမိုးမှု ရှိလေသည်။ တူညီသော မျိုးနွယ်စုမှ ညီအစ်ကိုမောင်နှမများသည် အကျိုးစီးပွား ပြိုင်ဘက်များ ဖြစ်လာနိုင်သော်လည်း ဦးကြီးဖြစ်သူကသာ မိမိဘက်မှ အပြည့်အဝ ရပ်တည်ပေးတတ်သောကြောင့် ဖြစ်လေသည်။

ရှီးဖေးကျင်းသည် ယခုအခါ စစ်အင်အားကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ပြန့်ကျင်းသို့ ပြန်မရောက်သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။ ဤကဲ့သို့သော ဦးကြီးမျိုး အိမ်သို့ရောက်လာသည်ကို စေ့စပ်သေချာသည့် အိမ်များဆိုလျှင် အလယ်တံခါးမကြီးကိုပင် ဖွင့်ပြီး ကြိုဆိုကြပေလိမ့်မည်။

အိမ်တော်ထိန်းကျန့်က ရှီးဖေးကျင်းကို ဒုတိယတံခါးသို့ ခေါ်ဆောင်လာချိန်တွင် ရှီးရှီသည် သတင်းရသည်နှင့် အလျင်အမြန် ထွက်ကြိုလေသည်။ စင်္ကြံလမ်းအဆုံးတွင် ရပ်နေသည့် အစ်ကိုဖြစ်သူ၏ ရင်းနှီးကျွမ်းဝင်သော ခန္ဓာကိုယ်ကြီးကို လှမ်းမြင်လိုက်ရသည်နှင့် သူမ၏ မျက်ဝန်းအိမ်များ ပူနွေးလာတော့သည်။

သို့သော် သူမ မျက်ရည်မကျရသေးမီ အပြင်ဆောင်မှ အပြေးအလွှား ရောက်လာသည့် ရှဲ့အဖေသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင်ခင် မျက်ရည်များ အရင်ကျလာလေ၏။ လူက စင်္ကြံလမ်းအဆုံးတွင် ရှိနေသေးသော်လည်း ငိုသံက အရင်ပျံ့လွင့်လာတော့သည်။ "ယောက်ဖရေ... တကယ်ကြီး ယောက်ဖ ပြန်ရောက်လာတာပဲ"

ရှီးရှီ၏ မျက်ရည်များ ချက်ချင်း ခြောက်သွေ့သွားတော့သည်။

ရှီးဖေးကျင်းသည်လည်း အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး အားနှင့်မာန်နှင့် ပြေးဖက်မည့် ရှဲ့အဖေ၏ ခန္ဓာကိုယ်ကို ရှောင်ရှားလိုက်လေသည်။

ရှဲ့အဖေမှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ရှီးရှီက လှမ်းဆွဲလိုက်သဖြင့် မတ်တပ်ရပ်နိုင်သွားပြီး ရှီးရှီ၏ အင်္ကျီလက်စကို ဆွဲကာ မျက်ရည်သုတ်ရင်း ရှိုက်ကြီးတငင် ပြောလေတော့သည်။ "ယောက်ဖ ဒီတစ်ခါ ပြန်ရောက်လာတာ ချက်ချင်းတော့ ပြန်မသွားပါနဲ့ဦး၊ ကျွန်တော် ယောက်ဖနဲ့အတူ ရက်အတော်ကြာအောင် မူးချင်ပါသေးတယ်"

ရှီးဖေးကျင်းက ရွံရှာသည့်ဟန်ဖြင့် သူ့ကို တွန်းဖယ်လိုက်ပြီး ညီမဖြစ်သူ၏ အင်္ကျီလက်စကို ပြန်ဆွဲယူလိုက်သည်။ သူ့ကို စကားပြန်မပြောဘဲ ရှီးရှီကိုသာ အသေအချာ စိုက်ကြည့်လိုက်သည်။ အတော်ကြာ ကြည့်ပြီးမှ စိတ်အေးသွားသည့်ဟန်ဖြင့် ပြုံးကာ မေးလိုက်သည်။ "နင့်မျက်နှာကြည့်ရတာ အခြေအနေ ကောင်းပုံရပါတယ်။ ဒီတစ်ခါ ဖြစ်တဲ့ကိစ္စကြောင့် လန့်မသွားဘူးမလား"

ရှီးဖေးကျင်း အရာရာကို သိရှိနေသည့် ပုံစံကြောင့် ရှီးရှီသည် အံ့ဩမနေချေ။ သို့သော် ယခုနေရာတွင် လူရှုပ်နေသဖြင့် သူမက "အိမ်ထဲဝင်ပြီးမှ ပြောရအောင်" ဟု ပြောလိုက်သည်။

လူစုံ၍ အခန်းတံခါးပိတ်လိုက်မှ ရှီးရှီက ပြုံးလိုက်လေသည်။ "ဒီကိစ္စမှာ ကျိုကောရဲ့ စေ့စပ်သေချာမှုကြောင့် အဆင်ပြေသွားတာပါ။ သူက ကော်မိသားစုရဲ့ ကပ်ဘေးကို ကြိုသိပြီး သတင်းလာပို့လို့ အခုလို အေးအေးချမ်းချမ်း ဖြစ်သွားတာ"

သူမသည် ရှဲ့ချီပြောခဲ့သည့် စကားများကို ရှီးဖေးကျင်းအား ပြန်ပြောပြလိုက်သည်။

"အခုတော့ ငွေကုန်ကြေးကျခံပြီး ဘေးအန္တရာယ်ကို ရှောင်ရှားလိုက်နိုင်ပြီ။ ကျွန်မတို့အိမ်က ရွှေတောင်ကြီး ဆုံးရှုံးသွားပေမယ့် ထမင်းငတ်တဲ့အထိတော့ မဖြစ်ပါဘူး။ နောက်ပိုင်း ချွေတာသုံးစွဲရင် အဆင်ပြေသွားမှာပါ။ တောင်စိမ်းရှိနေသမျှ ထင်းခုတ်ရမှာ မပူရတော့ဘူးပေါ့"

ရှဲ့မိသားစု၏ အပြောင်းအလဲသည် ကျိုကောနှင့် သက်ဆိုင်နေသည်ကို ရှီးဖေးကျင်း ထင်မှတ်မထားခဲ့ပေ။ အံ့သြသွားသလို ဝမ်းသာအားရလည်း ဖြစ်သွားတော့သည်။ "ကျိုကောက အသက်ငယ်ငယ်နဲ့ ဒီလိုအမြင်မျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး။ သူ ဘယ်မှာလဲ၊ ဘာလို့ မတွေ့တာလဲ"

ရှဲ့အဖေက ရှိုက်ကြီးတငင်ဖြင့် ဝင်ပြောလေသည်။ "ကျိုကောက စန်းကောကိုယ်စား ဆရာရွှီကို ကန်တော့ဖို့ လုံဇယ်ဥယျာဉ်ကို သွားတယ်"

"ခင်ဗျားက ဘာလို့ ငိုနေသေးတာလဲ" ရှီးဖေးကျင်းက မျက်မှောင်ကြုတ်လိုက်၏။ ရွှီမိသားစုအကြောင်း တွေးမိပြီး မျက်မှောင်ပိုကြုတ်သွားကာ "ရွှီမိသားစုကိစ္စကို ဘယ်လိုနည်းနဲ့မှ သွားမပတ်သက်နဲ့၊ ငါက သွေးအေးတာ မဟုတ်ဘူး။ ဆရာရွှီ မတရားသေသွားရတာ ငါတို့ သိပေမယ့် သူ့အိမ်က ကြုံရတဲ့ကံကြမ္မာအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ ရွှီမျိုးနွယ်စုက ကျင့်မင်းသားနဲ့ အဆက်အဆံ များလွန်းတယ်။ ယခင်မင်းကြီး လက်ထက်ကတည်းက ပေါ်ပေါ်ထင်ထင် ဖြစ်နေခဲ့တာ၊ အတွင်းရေးတွေကို ငါ အများကြီး မပြောနိုင်ဘူး။ အစတုန်းက ငါတို့နဲ့ စန်းကော အကြောင်းမသိလို့ ဒုက္ခရောက်ခဲ့ရပြီးပြီ။ အခု ရှဲ့မိသားစုက ရွှံ့နွံထဲကနေ ရုန်းထွက်နိုင်ခါစရှိသေးတယ်။ ဒီလိုအချိန်မှာ အရှင်မင်းကြီး စိတ်ငြိုငြင်အောင် သွားမလုပ်နဲ့"

အစောပိုင်းတွင် ရှီးဖေးကျင်းသည်လည်း ဂုဏ်သိက္ခာကြီးမားသည့် ဆရာရွှီမိသားစု အဆိပ်ခတ်ခံရခြင်း၊ သေဆုံးပြီးနောက် ဘိုးဘွားပိုင်သင်္ချိုင်းတွင် မမြှုပ်နှံရဘဲ အမိန့်တော်ဖြင့် လုံဇယ်ဥယျာဉ်သို့ အလောင်းစွန့်ပစ်ခံရခြင်းတို့ကို နားမလည်ခဲ့ပေ။ နောက်ပိုင်း အတွင်းရေးကို သိမှသာ သနားစရာကောင်းသူတိုင်းတွင် မုန်းတီးစရာအချက် ရှိတတ်ကြောင်း နားလည်သွားခဲ့သည်။

ဆရာရွှီကတော့ အမှန်တကယ် အပြစ်မရှိဘဲ ပါသွားခြင်းဖြစ်သည်။ သို့သော် ဆွေမျိုးတော်စပ်နေသဖြင့် အပြစ်ဒဏ်ကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ အရှင်မင်းကြီး နန်းတက်လာပြီးနောက်တွင်လည်း ခမည်းတော်၏ အမိန့်ကို ပြင်ဆင်ရန် မသင့်တော်သဖြင့် မှားယွင်းမှုအတိုင်း ဆက်လက်ထားရှိကာ ဝါးတားတား လုပ်ထားရခြင်း ဖြစ်သည်။

ရှီးရှီက သက်ပြင်းချလိုက်၏။ "ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဆရာရွှီက စန်းကောအပေါ် ကျေးဇူးရှိတယ်လေ၊ သူတို့အုတ်ဂူမှာ ကျောက်တိုင်မရှိဘူး။ မိသားစုဝင်တွေကလွဲရင် ဘယ်သူ့ကို ပူဇော်မှန်း ဘယ်သူမှ မသိနိုင်ပါဘူး... ပြီးတော့ ဒီနှစ်က နောက်ဆုံးအကြိမ် ဖြစ်လောက်ပါပြီ"

သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး ရှဲ့မိသားစု၏ အစီအစဉ်ကို လေးနက်စွာ ပြောပြလိုက်သည်။

"အစ်ကို ပြန်ရောက်လာတာ အတော်ပဲ။ ကျွန်မ အစ်ကို့ကို အကုန်ဖွင့်ပြောမယ်၊ အခု အားချုံးလည်း ရာထူးကထွက်ပြီး အိမ်မှာပဲ နေနေတယ်။ နယ်ဘက်ရောက်နေတဲ့ ရှဲ့မိသားစုဝင် တူတွေ မောင်တွေလည်း စာရပြီးတာနဲ့ ရာထူးက အသီးသီး ထွက်ကုန်ကြပြီ။ နောက်ဆို ရှဲ့မိသားစုက ဘယ်သူမှ မင်းမှုထမ်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအိမ်ကြီးအိမ်ကောင်းကို ပွဲစားကနေတစ်ဆင့် ရောင်းချပြီး ချန်ကျိုးက အိမ်ဟောင်းကိုပဲ မိသားစုလိုက် ပြန်ပြောင်းကြတော့မယ်၊ ချွေးမိသားစုနဲ့လည်း အပြန်အလှန် စောင့်ရှောက်လို့ ရတာပေါ့"

ချွေးမိသားစုလည်း ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး ချွေးစီးချောင် ရာထူးဖြုတ်ခံလိုက်ရသည်။ သို့သော် ရှဲ့မိသားစုကဲ့သို့ပင် သတင်းကြိုရပြီး "အလင်းဝင်" ခဲ့ကြသဖြင့် "အလိုက်သိ" သော ဤမိသားစုအနည်းငယ်ကို အရှင်မင်းကြီးက မျိုးဖြုတ်သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ မိသားစုလိုက် လမ်းဘေးရောက်မသွားရအောင် စည်းစိမ်ဥစ္စာနှင့် မျက်နှာသာ အတော်များများ ချန်လှပ်ပေးထားခဲ့သည်။

ရှီးဖေးကျင်းက ခဏလောက် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ကောင်းပါတယ်။ ဒါဆို ကျိုကောကရော၊ သူက စာမေးပွဲ ဆက်ဖြေရဦးမှာ မဟုတ်လား"

ရှီးရှီက ပြန်ဖြေသည်။ "သူ့အတွက် အတွင်းမြို့တော်မှာ အိမ်ငယ်လေးတစ်လုံး ဝယ်ပေးထားပြီး စောင့်ရှောက်ဖို့ လူနည်းနည်း ထားပေးခဲ့မယ်လေ၊ သူက အားကိုးတတ်တဲ့သူ မဟုတ်ပါဘူး။ လူကြီးတွေ စိတ်ပူစရာ မလိုပါဘူး။ ပုံမှန်လည်း ကျောင်းအိပ်ကျောင်းစား နေတာဆိုတော့ ကိစ္စမရှိပါဘူး"

"ဒါလည်း ကောင်းတာပဲ။ ရှဲ့မိသားစုက အချိန်မီ ဆုတ်ခွာနိုင်ခဲ့တာပဲ။ နောက်ဆို... မင်းမှုထမ်းလောကထဲ ပြန်ဝင်နိုင်မယ့် အခွင့်အရေး ရှိလာမှာပါ" ရှီးဖေးကျင်းက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ရှိုက်သံတိတ်သွားစ "အားချုံး" ကို လှမ်းကြည့်လိုက်သည်။ ဒါက ရှဲ့အဖေ၏ ငယ်နာမည် ဖြစ်သည်။ သူ မွေးဖွားစဉ်က လမစေ့ဘဲ မွေးလာသဖြင့် အသက်ရှင်ရန် မလွယ်ကူခဲ့ရာ အိမ်သားများက နာမည်နှိမ့်ပြီး ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော့် ညီနှစ်ကောင်က သောက်သုံးမကျဘူး။ အိမ်ရောင်းပြီး ပြောင်းရွှေ့မယ့်ကိစ္စမှာ အိမ်ခွဲမယ်ဆိုပြီး လုပ်နေကြတယ်။ သူတို့က နောက်ပိုင်း ရာထူးပြန်ရမယ်လို့ စိတ်ကူးယဉ်နေကြတုန်း၊ တစ်နေ့တစ်နေ့ ဆူညံပူညံလုပ်နေကြတာ အမေတောင် ဖျားချင်နေပြီ" ရှဲ့အဖေက လက်ကိုင်ပဝါထောင့်စွန်းဖြင့် မျက်ရည်စများကို သုတ်ရင်း ပြောလိုက်သည်။ ရှဲ့မိသားစုအတွင်းရေးမှာ သိပ်အဆင်ပြေလှသည် မဟုတ်ပေ။ အပြင်က ဖိအားပေးနေချိန်တွင် အတွင်း၌ အချင်းချင်း ပြန်ကိုက်နေကြသဖြင့် စိတ်ပျက်စရာ ကောင်းလှသည်။

ရှဲ့အဖေသည် ဤလူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် မကျွမ်းကျင်လှပေ။ ရှီးရှီက အစ်မကြီးအနေနှင့် ဝင်ရောက်ငြင်းခုံရာ ပြဿနာသာ ပိုကြီးလာသည်။ နောက်ဆုံးတွင် ရှဲ့ဘွားဘွားကြီးက "အိမ်ခွဲချင်ရင် ငါ့ကို အရင် လည်ပင်းညှစ်သတ်သွားကြ" ဟု အေးစက်စွာ ပြောလိုက်ရတော့သည်။

မိဘရှိနေစဉ် အိမ်မခွဲရဟူသော စကားရှိသည်တွင် ဒုတိယနှင့် တတိယအိမ်ခွဲများသည် အိမ်ကြီးအိမ်ကောင်းကို နှမြောနေကြရာ လှူလိုက်ရသည့် ငွေကြေးနှင့် လယ်မြေများကိုလည်း လက်လွှတ်ဖို့ရန်ဆိုလျှင် ပြောနေရန်ပင် မလိုချေ။ အိမ်ခွဲမည်ဟု ခြိမ်းခြောက်ခြင်းမှာ ဘွားဘွားကြီးကို အမြန်သေစေချင်သည်ဟု ကျိန်ဆဲလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။

ညီနှစ်ယောက်က မသိတတ်ကြသည့်အပြင် ပူးပေါင်းပြီး အစ်ကိုကြီးဖြစ်သူ ရှဲ့အဖေကို ဖိအားပေးနေကြသဖြင့် သူ့မှာ ဒေါသထွက်နေရသည်။ သူနှင့် ရှီးရှီမှာ အင်အားနည်းပါးနေချိန်တွင် ရှီးဖေးကျင်း ရောက်လာခြင်းသည် ကောင်းကင်ဘုံမှ နတ်စစ်သည် ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။ သူသည် ယောက်ဖတစ်ယောက်အနေနှင့် ကျောထောက်နောက်ခံ ရသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝမ်းသာလွန်းသဖြင့် ငိုကြွေးမိခြင်းပင်။

"ယောက်ဖ... ခဏနေကျရင် တရားမျှတအောင် လုပ်ပေးပါဦး၊ အဲဒီ မိုက်မဲတဲ့ကောင်နှစ်ကောင်ကို သေချာဆုံးမပေးပါဦး" ရှဲ့အဖေသည် ရင်ကိုကော့၍ ဒေါသတကြီး ပြောလိုက်၏။ သူ့စကား၏ အဓိပ္ပာယ်မှာ 'ငါ့မိန်းမဘက်က အတော်ဆုံးနဲ့ အကြမ်းဆုံး အစ်ကို ရောက်လာပြီ။ မင်းတို့တွေ ပါးစပ်သရမ်းရဲသေးလား ကြည့်ရသေးတာပေါ့' ဟူ၍ ဖြစ်သည်။

အိမ်ခွဲခြင်းနှင့် ပဋိပက္ခများ ဖြစ်ပွားလျှင် ညီအစ်ကိုများ၏ ဇနီးသည်ဘက်မှ ဦးကြီးများ ရောက်လာစမြဲ ဖြစ်သည်။ ရှီးရှီ၏ အစ်ကိုသည် အကြမ်းဆုံး ဖြစ်လေသည်။

ရှီးရှီကမူ လေသံအေးအေးဖြင့် ပြောလိုက်သည်။ "အစ်ကို ရောက်လာတာကို အောက်က အစေခံတွေ ဒုတိယနဲ့ တတိယအိမ်ကို သတင်းသွားပို့ပြီးလောက်ပြီ။ သူတို့ ခေါင်းတွေ ဝှက်ထားကြပြီး ထွက်မလာရဲကြဘူး။ ကိုယ့်အပြစ်ကိုယ်သိပြီး ဘာမှလာမပြောရဲတော့ဘူး ထင်တယ်"

ရှီးဖေးကျင်းသည် ထိုစကားကို ကြားလိုက်သောအခါ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။ "ဒီကိစ္စက ငါ ပါစရာတောင် မလိုပါဘူး။ ချွန်းကျွင်း နင်နဲ့ အားချုံး... သူတို့ကို ဂရုစိုက်မနေပါနဲ့၊ ရက်နည်းနည်းလောက် ပူညံပူညံ လုပ်ခိုင်းထားလိုက်၊ ကော်မိသားစုနဲ့ ရွှယ်မိသားစု ပြည်နှင်ဒဏ်ခံရပြီး မြို့တော်က ထွက်ခွာတဲ့အချိန်ကျရင် သူတို့ကို ခေါ်ပြီး သွားကြည့်ခိုင်းလိုက်၊ နမူနာက မျက်စိရှေ့ရောက်လာရင် သူတို့ ဆူညံရဲပါတော့မလား။ သူတို့က အမြင်ကျဉ်းလွန်းတယ်။ ရှဲ့မိသားစုက နှစ်ရာချီ တည်တံ့ခဲ့တဲ့ မျိုးနွယ်စုကြီးပါ။ အခုအချိန်က အရင်ကလောက် မဟုတ်တော့ပေမယ့် ဘယ်မျိုးနွယ်စုကြီးက နှစ်တစ်ရာလောက် ကြိုမတွေးဘဲ နေမှာလဲ၊ ခဏတဖြုတ် ကျဆင်းသွားတာ ကိစ္စမရှိဘူး။ မျိုးဆက် နှစ်ဆက်သုံးဆက်လောက် ငြိမ်နေလိုက်ရင် လောကြီးက နောက်တစ်မျိုး ပြောင်းလဲသွားမှာပါပဲ"

ယခု အရှင်မင်းကြီးက သန်စွမ်းကျန်းမာနေဆဲဖြစ်ပြီး ကျင့်မင်းသားကိစ္စကြောင့် ဆွေကြီးမျိုးကြီးများကို အလွန်မုန်းတီးနေသည်။ မိမိတို့မျိုးနွယ်စုတွင် နေနှင့်လကို အသစ်လဲလှယ်နိုင်သည့် စွမ်းရည်မရှိလျှင် သည်းခံရုံသာ ရှိတော့သည်။ နောက်ထပ် အရှင်မင်းကြီးတစ်ပါး၊ ထပ်ပြီး နောက်တစ်ပါးအထိ သည်းခံစောင့်ဆိုင်းလိုက်လျှင် အခွင့်အရေးဆိုတာ ရှိလာမှာပင်။

ဟွာချောင် ပုန်ကန်မှုတုန်းကတောင် တောနက်ထဲမှာ ပုန်းအောင်းပြီး ကျော်ဖြတ်ခဲ့ကြသေးတာ၊ အခုလို အိမ်သိမ်းခံရရုံလောက်က ဘာကြောက်စရာ ရှိလို့လဲ။ ပုံကြီးချဲ့လွန်းနေကြတာ။

ရှီးရှီကလည်း မူလက ထိုသို့ပင် ရည်ရွယ်ထားသဖြင့် ခေါင်းညိတ်လိုက်တော့၏။

စကားအနည်းငယ် ထပ်ပြောပြီးနောက် ရှီးဖေးကျင်း စိတ်အေးသွားကာ ပေါ့ပေါ့ပါးပါး ပုံစံပြန်ဖြစ်သွားပြီး ရှဲ့အဖေ စာဖတ်လေ့ရှိသည့် ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ကာ ပုံပြင်စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်လေသည်။

ရှီးရှီသည် အစ်ကိုဖြစ်သူ စိတ်လက်ပေါ့ပါးနေသည်ကို မြင်မှ ယနေ့ ပြန်တော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။ ပြုံးရွှင်စွာဖြင့် အစေခံများကို မှာကြားလိုက်လေသည်။ "စားဖိုမှူးဖန်းကို ရှန်ညန်ဇီဆိုင်က ပုရစ်မုန့် နည်းနည်းလောက် ကင်ခိုင်းလိုက်ပါ။ အစ်ကို အခုမှ ရောက်တာဆိုတော့ လမ်းမှာ ပင်ပန်းလာမှာပဲ။ မုန့်နည်းနည်းလောက် စားပြီး ဗိုက်ဖြည့်ထားလိုက်ပါဦး"

ရှီးဖေးကျင်းသည် လျှို့ဝှက်အမိန့်တော်အကြောင်း ထုတ်ဖော်မပြောနိုင်သဖြင့် ဝါးတားတားသာ တုံ့ပြန်လိုက်သည်။ ရှန်ညန်ဇီ ဆိုသည့် နာမည်ကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ စပ်စုလိုက်သည်။ "ဒီပြန့်ကျင်းမြို့ထဲမှာ ရှန်ညန်ဇီက ဘယ်နှယောက် ရှိနေတာလဲ၊ ငါ ဒီရက်ပိုင်း ရှန်ညန်ဇီအကြောင်း ကြားနေတာ များလှပြီ။ ငါးကင်တဲ့ ရှန်ညန်ဇီတဲ့၊ ပေါင်မုန့်မယ် ရှန်ညန်ဇီတဲ့၊ ဘဲချက်တော်တဲ့ ရှန်ညန်ဇီတဲ့၊ နင့်စာထဲမှာ ရေးထားတဲ့ ခေါက်ဆွဲလုပ်တတ်တဲ့ ရှန်ညန်ဇီတဲ့၊ ဘာလို့ ရှန်ညန်ဇီတွေ ဒီလောက် များနေရတာလဲ"

ရှီးရှီက ပါးစပ်အုပ်ရယ်မောကာ ပြောလိုက်သည်။ "အစ်ကိုပြောတဲ့ ရှန်ညန်ဇီတွေ အကုန်လုံးက တစ်ယောက်တည်းပါ။ သူက လက်ရာကောင်းတယ်။ ဦးနှောက်လည်း ပြေးတယ်။ ဘာမဆို လုပ်တတ်တယ်။ ပြန့်ကျင်းကို ရောက်တာ တစ်နှစ်မပြည့်သေးဘူး။ မသိသူမရှိ ဖြစ်နေပြီ"

ဪ... ဒါကြောင့်ကိုး။ ဒါဆို အဓိပ္ပာယ်ရှိသွားပြီ။

ရှီးဖေးကျင်းက တွေးလိုက်မိသည်။ ဒီရှန်ညန်ဇီက တော်တော်စွမ်းတာပဲ။ အရှင်မင်းကြီးတောင် သိနေပြီး သူမရဲ့ ဘဲကင်ကို နေ့တိုင်း တသသ ဖြစ်နေတာကိုး။

သူသည် စိတ်ဝင်စားသွားပြီး နောက်ကျရင် သွားမြည်းစမ်းကြည့်ဦးမည်ဟု တေးထားလိုက်သည်။

ရှီးရှီသည် ရှီးဖေးကျင်းနှင့် ရင်းရင်းနှီးနှီး စကားပြောလိုသဖြင့် ရှဲ့အဖေကို အပြင်သို့ လွှတ်လိုက်သည်။ "အားချုံး... မီးဖိုချောင်ဘက် သွားပြီး မြန်မြန်လုပ်ခိုင်းလိုက်ပါ။ ညကျရင် အစ်ကို့ကို ဧည့်ခံဖို့ စားပွဲကောင်းကောင်း ပြင်ဆင်ခိုင်းလိုက်"

"ဟုတ်ပါ့ ဟုတ်ပါ့... ယောက်ဖ လာခဲပါတယ်။ အခုပဲ သွားလိုက်မယ်" ရှဲ့အဖေလည်း အလျင်အမြန် ထထွက်သွားလေသည်။

ရှဲ့အဖေ ထွက်သွားမှ ရှီးရှီက ရှီးဖေးကျင်း၏ အဆစ်ရောင်ရောဂါ သက်သာရဲ့လားဟု မေးလိုက်သည်။ ရှီးဖေးကျင်းသည် နယ်စပ်တွင် နှစ်ရှည်လများ နေထိုင်ခဲ့ပြီး တပ်ဖွဲ့ငယ်ကို ဦးဆောင်ကာ လှည့်ပတ်တိုက်ခိုက်ရသည်ကို နှစ်သက်သူဖြစ်သည်။ နှင်းထဲအိပ် ရေခဲစားဖြင့် နှစ်ရှည်လများ နေထိုင်ခဲ့ရာ အသက် ၃၀ မပြည့်ခင်ကတည်းက အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာကို ခံစားခဲ့ရသည်။ သူက ညည်းညူရသည်ကို မကြိုက်သဖြင့် ဘယ်သူ့ကိုမှ မပြောဘဲ ရင်းနှီးသူများသာ သိရှိကြသည်။

ရှီးဖေးကျင်းက ပြန်မဖြေဘဲ ရှီးရှီကိုသာ ကြည့်လိုက်၏။ "ချွန်းကျွင်း... နင်ရော နေကောင်းရဲ့လား"

သူ့ညီမသည် ငယ်စဉ်ကတည်းက သူ့လိုပင် သိုင်းပညာနှင့် စစ်ရေးတွင် ပါရမီပါသူ ဖြစ်သည်။ ရှီးဖေးကျင်းသည် အမျိုးသမီးများကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပေ။ ရှေးခေတ်က ညန်ဇီကွမ်ကို စောင့်ရှောက်ခဲ့သည့် ဖိန်ယန်ကျောက် မင်းသမီး လီစန်းညန် ရှိခဲ့ရာ သူတို့ ရှီးမိသားစုတွင်လည်း အဘယ်ကြောင့်များ ရှီးအာ့ညန် မရှိနိုင်ရပါမည်နည်း။ သူက ညီမဖြစ်သူကို စစ်မြေပြင် ခေါ်သွားပြီး မောင်နှမနှစ်ယောက် အတူတကွ လျောင်ခွေးတွေကို တိုက်ခိုက်မည့် ပျော်ရွှင်စရာ နေ့ရက်များကို စိတ်ကူးယဉ်ခဲ့ဖူးသည်။

ရလဒ်ကတော့ ချွန်းကျွင်းသည် အဖေနှင့်အတူ မြို့တော်သို့ လိုက်ပါသွားပြီး ၆ လခန့် နေထိုင်စဉ်မှာပင် ရှဲ့မိသားစုက မျက်နှာချောလေး၏ ဖြားယောင်းခြင်းကို ခံလိုက်ရတော့သည်။

သူ ဒေါသ မထွက်ဘဲ နေနိုင်ပါမည်တဲ့လား။ ယွဲ့ထန်မှာ ကျောချင်းကပ် တိုက်ခိုက်မည့် အစ်ကို ရှိသလို သူ့မှာလည်း ညီမ ရှိသင့်သည် မဟုတ်ပါလား။ ပြီးတော့ ချွန်းကျွင်းဆိုသည်မှာ အိုးယဲ့ကျစ် သွန်းလုပ်ခဲ့သည့် ဘုရားပေး လက်နက်ကောင်း ဖြစ်ပြီး ကျောက်ဆောင်များကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။ မည်သို့များ ဓားအိမ်ထဲတွင် ထည့်သိမ်းကာ ထားရပါမည်နည်း။

ရှီးရှီသည် ကြောင်သွားပြီးမှ သူမ ရှဲ့မိသားစုသို့ ဝင်ရောက်စဉ်က အစ်ကိုဖြစ်သူ ဒေါသတကြီး ဖြစ်ခဲ့သည်ကို သတိရသွားကာ ပြုံးလိုက်လေသည်။ "ကျွန်မ ရှဲ့မိသားစုကို ရောက်တာ နှစ် ၂၀ ရှိတော့မယ်၊ အစ်ကိုက ဒါကို မေးတုန်းပဲလား။ အစ်ကို ဘယ်နှခါမေးမေး ကျွန်မကတော့ နေကောင်းပါတယ်လို့ပဲ ဖြေမှာပါ။ အစ်ကိုက ကျွန်မအတွက် နှမြောနေတုန်းပဲလား။ ဒါပေမဲ့ ကျွန်မက အားချုံးကို သဘောကျလို့ အားချုံးနဲ့ လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တစ်ခါမှ နောင်တမရဖူးပါဘူး"

ရှီးဖေးကျင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ ဟွန်း။

ရှီးရှီက ခေါင်းခါလိုက်တော့သည်။ လူတစ်ယောက်၏ ဘဝတွင် ရှင်သန်ပုံ နည်းလမ်းပေါင်းစုံ ရှိလေသည်။ စစ်မြေပြင်တွင် စီးချင်းထိုးခြင်း ဖြစ်စေ၊ လေပြေညင်းကို ခံစားခြင်း ဖြစ်စေ၊ ဘယ်သူကမှ ဘယ်သူ့ကိုယ်စား ရှင်သန်ပေးလို့ မရသလို၊ ဘယ်အရာက အကောင်းဆုံးလဲ ဆိုတာကိုလည်း ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ ရနိုင်မည်မဟုတ်ပေ။

...

အပိုင်း (၁၂၆)

နှစ်ဦးသား အခြားအကြောင်းအရာများကို ဆက်လက် ပြောဆိုကြပြန်လေသည်။ ရှီးဖေးကျင်းသည် ကောင်းကင်ယံ မှောင်စပျိုးလာသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်မထိုင်နိုင် ထူးဆန်းနေမိတော့သည်။ "ကျိုကောက ဘာလို့ ခုထိ ပြန်မလာသေးတာလဲ။ဆရာရွှီကို သွားကန်တော့တာ ဒီလောက်တောင် ကြာရသလား" သူသည် တူတော်မောင်ကို လွမ်းဆွတ်နေမိပြီ ဖြစ်ပေသည်။

ယခင်က ဤတူတော်မောင်လေး ယိုကျိုးဒေသသို့ လာရောက်တိုင်း သူပါ ရောနှော၍ ကံဆိုးတတ်ပြီး မြင်းစီးလျှင် ပြုတ်ကျခြင်း၊ ထမင်းစားလျှင် သွားကြားညပ်ခြင်းတို့ ကြုံရတတ်သလို၊ စစ်တိုက်ထွက်လျှင်လည်း ဘေးကင်းရေးလက်ဖွဲ့ (၁၇) ခု၊ (၁၈) ခုလောက် ချိတ်ဆွဲပေးလိုက်မှ စိတ်ချရသည် ဆိုသော်ငြားလည်း သူသည် တူတော်မောင်ကို အလွန်ပင် ချစ်ခင်မြတ်နိုးလေသည်။

ရှီးရှီသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြုံးရယ်ကာ ပြောလိုက်၏။ "ရှန်ညန်ဇီဆီ သွားရှာနေတာ ဖြစ်လောက်တယ်။ ဒီနေ့က ဆောင်းယဉ်စွန်းရက်လေ။ သူ အိမ်ကမထွက်ခင် ယန့်ရှူးကို ကြောင်ပုံပါတဲ့ ပန်းချီကားချပ် သွားယူခိုင်းလိုက်သေးတယ်။ ဒါကြောင့် ဒီနေ့ သူ အိမ်ပြန်နောက်ကျမယ်လို့ ကျွန်မ ထင်သားပဲ"

ရှီးဖေးကျင်းမှာ နားမလည်နိုင် ဖြစ်သွားရပြန်သည်။ "ဘာအဓိပ္ပါယ်လဲ"

ရှီးရှီက ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း သက်ပြင်းချကာ ဆိုလိုက်လေသည်။ "သားအရွယ်ရောက်လာတော့ အိမ်မကပ်ချင်တော့ဘူးလေ"

ကျိုကောသည် တကူးတကပင် လာရောက်ပြောဆိုခဲ့သေးသည်။ သူ့အတွက် ဝယ်ယူပေးမည့် အိမ်ငယ်လေးကို ကျင်းလျန်တံတားဘက်တွင် မဖြစ်မနေ ဝယ်ယူပေးရန် မျက်နှာကြီးရဲလျက် တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

........

သားအကြောင်း မိခင်အသိဆုံး ဟူသည့်အတိုင်း ရှဲ့ချီသည် ရှန်မြောင်နှင့်အတူ အာဒါလွတ်ဥ တူးဖော်နေကြလေသည်။

ရှဲ့ချီနှင့် မဆုံတွေ့မီ အချိန်က ရှန်မြောင်သည် ဦးကြီးရှန်မိသားစုနှင့်အတူ ဘိုးဘွားများနှင့် မိဘနှစ်ပါးအား ပူးပေါင်းပူဇော်ခဲ့ကြသည်။ ထို့နောက်တွင် မိသားစုနှစ်ဖက်ကြား ပြောစရာစကား သိပ်မရှိတော့သဖြင့် ဦးကြီးရှန်တို့ဘက်မှ ပစ္စည်းများသိမ်းဆည်းကာ စောစီးစွာ ပြန်သွားခဲ့ကြလေသည်။

ရှန်းအာနှင့် ကျိအာတို့သည် မိဘများ၏ အုတ်ဂူရှေ့တွင် ဦးခိုက်ကာ မျက်ရည်ကျခဲ့ကြပြီး ကမ္ပည်းတိုင်များကို ကြည့်ရင်း စကားများစွာ ပြောဆိုခဲ့ကြသည်။ ထို့နောက် မျက်ရည်သုတ်ကာ ရှင်းလင်းရန် ကျန်ရစ်နေသေးသည့် အုတ်ဂူပတ်လည်မှ ပေါင်းမြက်များကို တံစဉ်ဖြင့် လျင်မြန်စွာ ရိတ်သိမ်းရှင်းလင်းလိုက်ကြလေသည်။

သူတို့သည် အုတ်ဂူအနောက်ဘက်သို့ ရောက်သွားချိန်တွင် ရှန်မြောင်က အမွှေးတိုင် (၃) တိုင် ထပ်မံထွန်းညှိပြီး အရက် (၃) ခွက် မြေပေါ်သို့ သွန်ကာ ပူဇော်လိုက်သည်။ စိတ်ထဲမှလည်း တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။ 'သာ့ကျဲအာ... နောင်ဘဝကျရင် ဘေးကင်းပျော်ရွှင်ပြီး ကျန်းမာချမ်းသာပါစေ'

ထို့နောက် သူမလည်း မတ်တပ်ရပ်ကာ ပေါင်းမြက်များ နှုတ်ရင်း ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်မိသည်။

ကျွာအာယွီထို ဆိုသည်မှာ တောင်ကုန်းဟု ဆိုခြင်းထက် "တစ်ချိန်က တောင်ဖြစ်ခဲ့ဖူးသော နေရာ" ဟု ဆိုလျှင် ပိုမှန်ကန်ပေလိမ့်မည်။ သမိုင်းတစ်လျှောက်တွင် ပြန့်ကျင်းမြို့ပြင်ရှိ ကျွာအာယွီထိုနှင့် ယီရှန်းတောင်တို့သည် ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် မြစ်ဝါမြစ်ရေကြီးမှုကြောင့် တဖြည်းဖြည်း နှုံးတင်ကာ ပျောက်ကွယ်ခဲ့ရသည်။ မင်မင်းဆက်သို့ ရောက်ချိန်တွင် ဤတောင် (၃) လုံးသည် မြစ်ကြမ်းပြင်လောက်ပင် မမြင့်တော့ဟု ဆိုကြသည်။ သို့သော် ယခုအချိန်တွင်မူ အတန်အသင့် မြင့်မားနေသေးပြီး တစ်ချက်ကြည့်ရုံဖြင့် ထိပ်ဆုံးထိ မြင်နိုင်သော်လည်း အနည်းဆုံး တိုက် (၃) ထပ်၊ (၄) ထပ်ခန့်တော့ မြင့်မားသေးလေသည်။

ပြန့်ကျင်းသည် မြေနိမ့်ပိုင်းတွင် တည်ရှိပြီး ရေဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့် ဤနေရာတွင် "ခိုင်ဖုန်းမြို့၊ မြို့ထပ်မြို့၊ မြေအောက်မှာ မြို့ဘယ်နှမြို့ မြှုပ်နေသလဲ" ဟူသော ဆိုရိုးစကား ရှိခဲ့ဖူးသည်။

ယခု မြင်တွေ့နေရသည့် အလွန်စည်ကားလှသော ပြန့်ကျင်းမြို့သည် အမှန်စင်စစ်အားဖြင့် ထန်ခေတ် ပြန့်ကျိုးမြို့ဟောင်း၏ အထက် (၁၀) မီတာခန့်အကွာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထန်ခေတ် ပြန့်ကျိုးမြို့မှာမူ လျှံကျလာသော မြစ်ဝါမြစ်ရေအောက်တွင် နက်ရှိုင်းစွာ မြှုပ်နှံခံခဲ့ရပြီ ဖြစ်သည်။ ထို ထန်ခေတ် ပြန့်ကျိုးမြို့သည်လည်း ဝေနိုင်ငံ တာ့လျန်မြို့ဟောင်း၏ အထက် (၁၀) မီတာကျော်ခန့်တွင် ထပ်ဆင့်တည်ဆောက်ထားခြင်း ဖြစ်ပြန်လေသည်။

မြစ်ဝါမြစ်ရေကြီးတိုင်း ခိုင်ဖုန်းမြို့၏ မြေမျက်နှာပြင်သည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် "တောင်" ဟု ခေါ်ဆိုနိုင်သည့် တောင် (၃) လုံးပင် ပျောက်ကွယ်သွားခဲ့ရသည်။ ရှန်မြောင်သည် ပူဇော်ကန်တော့ပြီးချိန်တွင် ဤတောင်ကုန်းလေးပေါ်၌ ရပ်ကာ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း တွေးတောမိလိုက်သည်။ 'ဒီတောင် (၃) လုံးက အစတုန်းက ဘယ်လောက်များ မြင့်မားခဲ့ပါလိမ့်'

ခေတ်သစ်ကမ္ဘာတွင် နေထိုင်စဉ်က သူမသည် ဟဲနန်ပြည်နယ်သို့ ရောက်ဖူးသော်လည်း ခိုင်ဖုန်းတွင် တောင်ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။ ယခုမှသာ ထိုတောင်များသည် ခိုင်ဖုန်း၏ ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ မြေအောက်၌ နက်ရှိုင်းစွာ မြှုပ်နှံခံလိုက်ရမှန်း သိရှိလိုက်ရတော့သည်။

ကမ္ဘာကြီး၏ ပြောင်းလဲမှုများသည် မျက်စိရှေ့မှောက်တွင် ရှိနေသကဲ့သို့ ခံစားရသည်မှာ အလွန်အံ့သြဖွယ် ကောင်းလှပေသည်။

စိမ်းလန်းသော တောင်များ မရှိတော့သော်လည်း သူမသည် ရှည်လျားလှသော အချိန်ကာလများကို ဖြတ်ကျော်ကာ ထိုတောင်တန်းများ၏ ပုံရိပ်ကို တဖန်ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ပင်။

ခံစားကြည့်ရှုနေစဉ်မှာပင် ရှန်မြောင်သည် မိမိတို့သင်္ချိုင်းမြေနှင့် လုံဇယ်ဥယျာဉ် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာသို့ ရောက်ရှိသွားလေသည်။ ရုတ်တရက် လုံဇယ်ဥယျာဉ်၏ ပြိုလဲနေသော ခြံစည်းရိုးပျက်များကြားမှ သစ်ပင်အောက်တွင် အင်းဆက်များကို မောင်းထုတ်ရန် ယမ်းခါနေသည့် မြင်းမြီးတစ်ချောင်းကို တွေ့လိုက်ရလေသည်။

ရှန်မြောင်က ခေါင်းပြူကြည့်လိုက်ရာ ရင်းနှီးနေသော “Ro;;s-Royce" မြင်းကြီးကို တွေ့လိုက်ရလေသည်။ လုံဇယ်ဥယျာဉ်ဘေးရှိ ထင်းရှူးပင်အောက်တွင် ချည်နှောင်ထားပြီး ဘေးနားတွင်တော့ မည်သူမျှ မရှိချေ။

လူအများစု၏ သင်္ချိုင်းမြေသည် မိမိတို့၏ လယ်မြေထဲတွင် ရှိတတ်ကြသည်။ ကျွာအာယွီထိုတွင် ရှန်မိသားစုမှလွဲလျှင် လုံဇယ်ဥယျာဉ်ထဲ၌ မြှုပ်နှံထားသည်မှာ ဇာတိမြေမှ အဝေးတွင် သေဆုံးသွားကြသော မရေမတွက်နိုင်သည့် ဝိညာဉ်များသာ ဖြစ်လေသည်။

ကျိုကောက ဘာကိစ္စကြောင့် လုံဇယ်ဥယျာဉ်ကို ရောက်နေရတာလဲ။ သူ့အိမ်မှာကိုယ်ပိုင်ဘိုးဘွားခန်းမ ရှိတယ်မဟုတ်ဘူးလား။

ရှဲ့ချီသည် ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်း ထိုင်လျက် ရှိနေလေ၏။

လေတိုက်၍ ဝဲပျံတက်လာသော ပြာမှုန်များကို မော့ကြည့်နေပြီး မျက်ဝန်းနှင့် မျက်ခုံးတန်းတို့တွင် လွမ်းဆွတ်မှု အရိပ်အယောင်များ ယှက်သန်းနေသည်။

ကုတင်အောက် ကြမ်းခင်းအုတ်ကြားတွင် ရှဲ့ထျောင် ဝှက်ထားခဲ့သည့် သက်သေအထောက်အထားများကို သူ တူးဖော်ဖတ်ရှုခဲ့ပြီး ဖြစ်သည်။ ထိုအထဲမှ ထိတ်လန့်ဖွယ်ရာများကို ထည့်ပြောစရာ မလိုတော့ပေ။ အနာကျင်ရဆုံး အချက်မှာ ရှဲ့ထျောင်သည် လက်ကောက်ဝတ်ကြော ဖြတ်တောက်ခံရပြီးနောက်တွင်ပင် ဆရာရွှီမိသားစုအတွက် အလောင်းကောက်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဆရာရွှီတို့ မိသားစု (၃) ဦး၏ ရုပ်အလောင်းများကို လုံဇယ်ဥယျာဉ်၏ အတွင်းပိုင်းအကျဆုံး နေရာတွင် ပစ်ထားခဲ့ကြသည်။ ထင်းရှူးပင်အိုကြီးအောက်တွင် ထပ်ပုံထားပြီး မည်သူကမျှ မမြှုပ်နှံရဲကြပေ။ ရွှီမျိုးနွယ်ဝင်များပင် ကြက်သတ်ပြပြီး မျောက်ခြောက်လှန့်သည့် အဖြစ်မျိုး ကြုံနေရသဖြင့် မည်သူမျှ ခေါင်းမထောင်ရဲခဲ့ကြချေ။

ရှဲ့ထျောင်သည် လက်တစ်ဖက်ပြတ်နေသည့်ကြားမှ တစ်နေ့တစ်ညလုံးလုံး မြေတူးခဲ့ရသည်။ နောက်ဆုံးတွင် ကျင်းတစ်ခုတူးနိုင်ခဲ့ပြီး သူတို့ကို မြေမြှုပ်သင်္ဂြိုဟ်ပေးနိုင်ခဲ့သည်။ ဆရာရွှီ၏ သမီးလေးမှာ (၁၀) နှစ်ကျော်အရွယ်သာ ရှိသေးပြီး ရင်ဘတ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေခဲ့သည်။ နှုတ်ခမ်းများ မည်းပုပ်နေပြီး အပြစ်ကင်းစင်သည့် မျက်လုံးဝိုင်းလေးများကို ပြူးကျယ်လျက် သေမင်းထံ အရှုံးပေးသွားရသည်။ အလောင်းများ တောင့်တင်းနေပြီဖြစ်ရာ သူမကို မြေကျင်းထဲသို့ ကောင်းမွန်စွာ ထည့်နိုင်ရန် ရှဲ့ထျောင်ခမျာ အလွန်ပင် ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသည်။ မြှုပ်နှံပြီးသော်လည်း ကျောက်တိုင်မစိုက်ထူရဲသဖြင့် ထင်းရှူးပင်အိုကြီးပေါ်တွင် ကျောက်ခဲဖြင့် အမှတ်အသား ပြုလုပ်ထားခဲ့ရသည်။

ထို့ကြောင့် ရှဲ့ချီ ဒီနေရာသို့ လာရောက်ခြင်းမှာ ဆရာရွှီမိသားစုကို ပူဇော်ရန်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ မြေပုံမရှိသည့် မြေကွက်လပ်ပေါ်တွင် စက္ကူငွေအနည်းငယ် မီးရှို့ပြီး စိတ်စေတနာကို ပြသရုံသာ ဖြစ်လေသည်။

အမွှေးတိုင် တစ်တိုင်ပင် မထွန်းညှိရဲခဲ့ချေ။

စက္ကူငွေများ လောင်ကျွမ်းသွားပြီးနောက် မြေပြင်ပေါ်ရှိ ပြာများကို ခြေထောက်ဖြင့် ကန်ကာ ရှင်းလင်းလိုက်ပြီး ရှဲ့ချီသည် လုံဇယ်ဥယျာဉ်ထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ မြင်းနားသို့ ရောက်အလာ ကြိုးမဖြည်ရသေးခင်မှာပင် ရှန်မြောင်၏ ကြည်လင်သန့်ရှင်းသော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရလေသည်။

သူ ကြောင်အမ်းသွားမိသည်။

ရှန်မြောင်က အရင်ပြုံးပြလိုက်၏။ "ဆောင်းယဉ်စွန်းကာလ ဘေးကင်းပါစေ"

ရှဲ့ချီ၏ ရင်ထဲမှ လေးလံနေသော ခံစားချက်ကြီးသည် ချက်ချင်း ပေါ့ပါးသွားတော့သည်။ သူသည် မျက်လုံးများ ပိတ်သည်အထိ ပြုံးလိုက်ပြီး ခါးကိုကိုင်းညွတ်ကာ အရိုအသေပြုလိုက်သည်။ "ရှန်ညန်ဇီ... ဆောင်းယဉ်စွန်းကာလမှာ ကံကောင်းခြင်းရောက်လာပါစေ"

ရှန်မြောင်က ပြန်လည်ဂါရဝပြုလိုက်ပြီးမှ မေးလိုက်သည်။ "ကျိုကောက ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ"

"ကျွန်တော့်အစ်ကိုရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို လာကန်တော့တာပါ" ရှဲ့ချီက ရှေ့သို့တိုးလာပြီး နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံခြင်းမရှိသည့် လုံဇယ်ဥယျာဉ်၏ ခြံစည်းရိုးကို ကျော်ခွလိုက်လေသည်။ ရှန်မြောင်၏ ခြင်းတောင်းထဲမှ လက်ကျန် အမွှေးတိုင်များကို ကြည့်ပြီး မေးလိုက်သည်။ "ရှန်ညန်ဇီလည်း လာကန်တော့တာလား"

"ဟုတ်ပါတယ်။ ကျွန်မရဲ့ အဖေ၊ အမေနဲ့ အဘိုးအဘွားတွေက လုံဇယ်ဥယျာဉ်ဘေးမှာ မြှုပ်နှံထားတာလေ။ ဟိုဘက်က ကျွန်မတို့ မိသားစု သင်္ချိုင်းပါ" ရှန်မြောင်က ရှက်ရွံ့ခြင်းမရှိဘဲ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ရှန်မိသားစုသည် မူလကတည်းက သာမန်ပြည်သူများဖြစ်ရာ ကိုယ်ပိုင်သင်္ချိုင်းက ရုံးတော်သုသာန်ဘေးတွင် ရှိနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အထူးသဖြင့် ရှန်မိသားစုတွင် ရှန်မြောင်နှင့် ဦးကြီးရှန်ဟူ၍ မိသားစု (၂) စုသာ ရှိပြီး လူနည်းပါးလှသည်။ ရှန်ဘိုးဘွားများနှင့် မိဘများ ဒီနေရာတွင် မြှုပ်နှံထားခြင်းအားဖြင့် အောက်ရွာရောက်သည့်အခါ အရပ်ဒေသစုံမှ သရဲမိတ်ဆွေများ ရရှိနိုင်ပြီး အဖော်မမဲ့လောက်ဟု တွေးမိသည်။

ရှဲ့ချီက ပုံမှန်အတိုင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။ "ရှန်ညန်ဇီရဲ့ မိသားစုဝင်တွေ ဒီမှာ ရှိနေမှတော့ ဆုံတွေ့ရတာ ရေစက်ပါပဲ။ ကျွန်တော်လည်း အမွှေးတိုင် တစ်တိုင်လောက် သွားထွန်းပါရစေ"

ရှန်မြောင်လည်း ရှန်းအာနှင့် ကျိအာတို့ကို သွားခေါ်ရမည် ဖြစ်သဖြင့် ရှဲ့ချီနှင့်အတူ ပြန်လှည့်လာခဲ့သည်။ ရှဲ့ချီသည် အမွှေးတိုင်ကို ကိုင်လျက် ဖယောင်းတိုင်မီးညှိကာ ရိုသေလေးစားစွာဖြင့် အမွှေးတိုင် (၃) တိုင် စိုက်ထူလိုက်သည်ကို သူမ ကြည့်နေမိသည်။ သူ ခါးကိုင်းလိုက်ချိန်တွင် လေပြေတိုက်ခတ်လာလေသည်။

ရှန်မြောင်သည် တောင်လေညင်းကြောင့် လွင့်ပျံသွားသည့် သူ၏ အင်္ကျီစများကို ငေးကြည့်ရင်း ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူတို့ (၄) ဦးသား ကျွာအာယွီထိုမှ အတူတကွ ဆင်းလာခဲ့ကြသည်။

ရှန်းအာနှင့် ကျိအာတို့သည် အနောက်မှလိုက်ပါရင်း ပန်းခူးလိုက် ပေါင်းနှုတ်လိုက်နှင့် စကားများကာ ဆော့ကစားလာကြသည်။ မိဘများ၏ အုတ်ဂူရှေ့တွင် ငိုကြွေးခဲ့ကြပြီးနောက် နက်ရှိုင်းသော လွမ်းဆွတ်မှုများသည် အုတ်ဂူတွင် ကျန်ရစ်ခဲ့ပုံရကာ ရှေ့ဆက်လျှောက်ရန် ပိုမိုပေါ့ပါးလန်းဆန်း သွားကြလေပြီ။

ရှန်မြောင်နှင့် ရှဲ့ချီတို့သည် ရှေ့မှသွားရင်း စာမေးပွဲ အဆင်ပြေမပြေနှင့် အိမ်တွင်းရေး အခြေအနေများကို တိုးတိုးတိတ်တိတ် မေးမြန်းနေကြသည်။

ရှဲ့ချီကလည်း နူးညံ့စွာ ပြောလေသည်။ "အကုန်အဆင်ပြေပါတယ်။ ဒီနှစ် မေးခွန်းတွေက လွယ်တော့ အရင်နှစ်တွေကထက် ပိုဖြေနိုင်ပါတယ်။ အိမ်မှာ နည်းနည်း အလုပ်ရှုပ်နေပေမယ့် ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်က အိမ်ကိစ္စတွေ ဝိုင်းကူလုပ်ပေးနေရလို့ ရှန်ညန်ဇီဆီ လာမတွေ့ဖြစ်တာပါ။ ရှန်ညန်ဇီ စိတ်ပူနေရပြီ"

မေးခွန်းတွေ လွယ်တယ်တဲ့လား။ ရှန်မြောင်က မျက်တောင်ခတ်လိုက်မိသည်။ စာမေးပွဲပြီးသည့်နောက် သူမဆိုင်သို့ လာရောက်စားသောက်သည့် ကျောင်းသားများမှာ ခေါက်ဆွဲစားရင်း ငိုကြသူများပင် ရှိကြပြီး အလွန်ခက်ခဲကြောင်း ပြောဆိုနေကြသည် မဟုတ်ပါလား။ ကျိုကောက မေးခွန်းကို ခန့်မှန်းမိသွားတာများလား။

မည်သို့ဆိုစေ ကောင်းသော ကိစ္စပင်။

သူမ သက်ပြင်းချလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါဆို ကောင်းတာပေါ့၊ ကံဆိုးမိုးမှောင် ကျော်လွှားနိုင်ပြီပေါ့"

ရှဲ့ချီ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ရှန်မြောင်၏ အခြေအနေကို ပြန်မေးရန် ပြင်လိုက်သည်။

သို့သော် ရှန်မြောင်သည် ရုတ်တရက် ခြေလှမ်းတုံ့သွားပြီး ဘေးဘက်ရှိ ချုံပုတ်ထဲသို့ တိုးဝင်သွားလေသည်။ သူမသည် နွယ်ပင်တစ်ပင်ကို ဆွဲကိုင်လိုက်ပြီး နွယ်ပင်အောက်ခြေမှ ဖောင်းကြွနေသော မြေကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "ဒါ အာဒါလွတ်ဥပဲ"

အာဒါလွတ်ဥကို အမှုန့်ကြိတ်ပြီး ကော်ရည် လုပ်စားနိုင်သည်။ ကျိုချက်ပြီး စား၍ရသလို ဝက်ပေါင်ခြောက်နှင့် ကြော်စားလျှင်လည်း အရသာရှိလှသည်။ အသုံးဝင်သည့် ပစ္စည်းကောင်းတစ်ခုပင်။

သူမသည် ခါးကြားမှ တံစဉ်ကို ထုတ်လိုက်ပြီး တူးဖော်ရန် ပြင်ဆင်လိုက်၏။ နွယ်ပင်အလုံးအရွယ်အစားကို ကြည့်ရသည်မှာ အောက်တွင် ဥအကြီးကြီး ရှိလောက်သည်။

ရှဲ့ချီလည်း သဘာဝကျကျလေး ဝင်ရောက်ကူညီလေသည်။

ရှန်မြောင်သည် ဂရုတစိုက် တူးဖော်လေသည်။ အာဒါလွတ်ဥ ရှိသည့်နေရာကို သေချာကြည့်ပြီးနောက် အပေါ်ဘက် (၁၀) လက်မခန့်အကွာမှ စတင်ကာ မြေကြီးများကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။ ဤအဆင့်သည် အလွန်သတိထားရပြီး တံစဉ်နှင့် တိုက်မိပါက ဥပြတ်သွားနိုင်သည်။

၁၅ မိနစ်ခန့် တူးဖော်ပြီးနောက် လက်နှစ်ဖက်ဖြင့် ပွေ့ဖက်မှရမည့် အာဒါလွတ်ဥကြီးကို အကောင်းပကတိ တူးဖော်ရရှိလိုက်လေသည်။ ပြီးပြည့်စုံလွန်းပါပေသည်!

အာဒါလွတ်ဥကြီးက ကြီးမားလေးလံသဖြင့် ရှဲ့ချီက ရှန်မြောင်တို့အိမ်သို့ လိုက်လံပို့ဆောင်ပေးလိုက်သည်။ အိမ်ရောက်သောအခါ မြင်းပေါ်မှ အထုပ်ကို ဖြည်လိုက်ပြီး ချီလင်၏ အမွှေးနှင့် ရောင်စုံချည်မျှင်များ ရောနှောရက်လုပ်ထားသည့် ပန်းချီကားချပ်ကို ထုတ်ပေးလိုက်၏။ သေးငယ်သော်လည်း ရှဲ့မိသားစု ပန်းထိုးပညာရှင်များ၏ လက်ရာဖြစ်သဖြင့် အလွန်သေသပ်လှပလေသည်။

ရှန်မြောင်က အံ့သြစွာ လှမ်းယူလိုက်ပြီး လက်မှမချချင်အောင် ဖြစ်သွားတော့သည်။ ပန်းထိုးလက်ရာက အလွန်ကောင်းမွန်လှကာ ခေတ်သစ်တွင်ဆိုလျှင် ယွမ်ထောင်ချီ သောင်းချီ ပေးရမည့် ပစ္စည်းမျိုးပင်။

သူမက ချီလင်၏ ကြွက်ဖမ်းစွမ်းရည်အကြောင်း ရှဲ့ချီကို ပြောပြလိုက်ရာ သူက အံ့သြခြင်းမရှိဘဲ မျက်နှာထား နူးညံ့စွာဖြင့် ပြောလေသည်။ "ရှဲ့အိမ်တော်မှာတုန်းက သူက ကြွက်ဖမ်းတာတင် မဟုတ်ဘူး။ မီးအိမ်လာတိုးတဲ့ ပိုးဖလံတွေ၊ ပိုးဟပ်တွေ၊ ပုရစ်တွေကိုလည်း ဖမ်းတတ်တယ်။ သစ်ပင်ပေါ်တက်ပြီး ချယ်ရီသီး ခိုးစားတဲ့ စာကလေးတွေကိုလည်း ဆုံးမတတ်သေးတယ်"

ဝါး... ဒီလိုဆိုရင် ချီလင်က "ဆန်းဟွာ" (ကြောင်သုံးရောင်ခြယ်) ရဲအရာရှိ ပေါ့။

အဒေါ်ကုက ချီလင်ကို ရှန်မြောင်ထံ ပြန်ပို့ထားပြီးဖြစ်ရာ ဟင်းခင်းထဲတွင် ရှူးပေါက်နေလေသည်။ တံခါးဝတွင် ရှဲ့ချီကို မြင်လိုက်သည်နှင့် လက်သည်းမှ ရွှံ့များကို ခါချကာ "မြောင်... မြောင်" ဟု အော်ဟစ်ရင်း ပြေးလာတော့သည်။ ရှဲ့ချီခြေရင်းတွင် လှဲချလိုက်ပြီး ဗိုက်ပူပူလေးကို လှန်ပြကာ ဗိုက်ကုတ်ခိုင်းတော့သည်။

ရှန်မြောင်လည်း ဘေးတွင် ထိုင်ချလိုက်ပြီး ကြောင်ဗိုက်ပူပူလေးကို ပွတ်သပ်ပေးရင်း မေးလိုက်၏။ "သူက ရှင့်ကို အချစ်ဆုံးပဲ။ အခု ကိစ္စတွေ ပြီးသွားပြီဆိုတော့ သူ့ကို ပြန်ခေါ်သွားတော့မလား"

ရှဲ့ချီက ခေါင်းခါလိုက်ပြီး မျက်လွှာချကာ ပြောလိုက်သည်။ "အိမ်မှာ အလုပ်တွေ ရှုပ်နေသေးတယ်။ ရှန်ညန်ဇီအိမ်မှာပဲ ခဏ ထားပေးပါဦး" သူလည်း မကြာခင် ဒီအနီးအနားသို့ ပြောင်းလာတော့မည်ဖြစ်ရာ ချီလင်ကို ဟိုရွှေ့ဒီရွှေ့ လုပ်မနေချင်တော့ပေ။

ထို့နောက် ရှဲ့ချီက နှုတ်ဆက်လိုက်လေသည်။ ရှန်မိသားစုအိမ်တွင် ထမင်းစားချင်သော်လည်း ဆောင်းယဉ်စွန်းပွဲတော်ရက်ဖြစ်သဖြင့် မိမိအိမ်သို့ ပြန်ပြီး မိသားစုစုံညီ နေသင့်သည်လေ။ ထို့အပြင် သူလို အပြင်လူတစ်ယောက်က ရှန်မိသားစုအိမ်တွင် နေရစ်ခဲ့ရန် မသင့်တော်ပေ။

သို့သော် သူ့စိတ်ထဲတွင် မခွဲနိုင်မခွာရက် ဖြစ်နေမိပြန်သည်။ ထို့ကြောင့် နားရွက်များ ရဲတက်လာပြီး အင်္ကျီလက်ကြားထဲတွင် ထည့်လာသည့် "အေးစက်လှစွာ ကိုးရက်တာ ပန်းချီကား" ကို ထုတ်ကာ ရှန်မြောင်အား ပေးလိုက်သည်။ "ဒါ ကျွန်တော် မနေ့ကမှ ဆွဲထားတာပါ။ ကိုးရက်ကိုးကြိမ်ပြည့်ရင် မက်မွန်ပန်းတွေ ပွင့်လာပါလိမ့်မယ်၊ ရှန်ညန်ဇီ ဒီဆောင်းရာသီမှာ ပျော်ရွှင်ပါစေ၊ အအေးဓာတ်ကင်းစင်ပြီး နွေဦးကို ကြိုဆိုနိုင်ပါစေ" ဟု တိုးညင်းစွာ ပြောလိုက်လေသည်။

သူ စောစောက ထုတ်မပေးဘဲ နေခဲ့သည်မှာ အမှန်တော့ ပန်းချီကား (၂) ချပ် ဆွဲထားပြီး ရှန်ညန်ဇီနှင့်အတူ နေ့ရက်များကို ကုန်ဆုံးချင်သောကြောင့် ဖြစ်သည်။

သို့သော် ရုတ်တရက် စိတ်လှုပ်ရှားလာသဖြင့် တွန့်ဆုတ်နေခဲ့ပြီး ယခုပြန်ခါနီးမှ သတ္တိမွေးကာ ထုတ်ပေးလိုက်ခြင်းပင်။

ရှန်မြောင်က ဘာမှ ရေရေရာရာ မတွေးဘဲ ပြုံးရွှင်စွာ လှမ်းယူလိုက်သည်။ အိတ်ကပ်ထဲမှ ကြေးပြား (၁၀) ပြားကို ထုတ်ကာ "ရော့... ဒါ စာမူခ" ဟု ပေးလိုက်လေသည်။

ရှဲ့ချီသည် ကြောင်သွားပြီးမှ အသံထွက်အောင် ရယ်မောလိုက်တော့သည်။

သူက ခေါင်းညိတ်လိုက်ပြီး ရှန်မြောင်၏ လက်ဝါးပေါ်မှ သူမ၏ ကိုယ်ငွေ့နွေးနွေးလေး ကပ်ငြိနေသော ကြေးပြားများကို တစ်ပြားချင်း ကောက်ယူလိုက်၏။ ထို့နောက် မိမိလက်ဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

လက်ချောင်းထိပ်လေးများက ရှန်ညန်ဇီ၏ လက်ဝါးပြင်ကို ထိတွေ့သွားပြီး သူ့လက်အပူချိန်နှင့် ကြေးပြားပေါ်မှ အပူငွေ့လေးများ ပေါင်းစပ်သွားကာ တဖြည်းဖြည်း ပျော်ဝင်ပျောက်ကွယ်သွားကြသည်။

ရှဲ့ချီသည် မြင်းပေါ်သို့ တက်လိုက်သော်လည်း သူမကို ငေးကြည့်နေဆဲပင်။

"ကျွန်တော် သွားတော့မယ်... ရာသီဥတု အေးတယ်။ ရှန်ညန်ဇီ အိမ်ထဲ အရင်ဝင်နှင့်ပါ" နွေးထွေးအက်ရှသော အသံဖြင့် ပြောလိုက်လေသည်။

ရှန်မြောင်သည် ခေါင်းညိတ်လိုက်သော်လည်း ပန်းချီကားကို ပိုက်လျက် သူ မြင်းစီးထွက်ခွာသွားသည်ကို ရပ်ငေးနေမိသည်။ သူက လမ်းတစ်ဝက်အရောက်တွင် မြင်းကိုအရှိန်သတ်ပြီး လှည့်ကြည့်ကာ သူမကို အိမ်ထဲဝင်ရန် လက်ပြလိုက်သေးသည်။

ရှဲ့ချီက ကျင်းလျန်တံတားကို ကျော်လွန်သွားမှသာ သူမ ခြံထဲသို့ ပြန်ဝင်လာခဲ့သည်။

ခြံဝင်းငယ်လေးထဲတွင် ရှန်းအာက ချီလင်၏ ရှေ့လက်နှစ်ဖက်ကို ကိုင်ကာ ကလေးသီချင်းဆိုရင်း ကြောင်နှင့်လူ ကခုန်နေကြလေသည်။

ကျိအာနှင့် ချန်ချွမ်းတို့က "စုန့်ရာဇသတ်ကျမ်း" ကို လေ့လာနေကြပြန်သည်။ သူတို့၏ ကြိုးစားမှုကို ကြည့်ပြီး ရှန်မြောင်သည် ရက်ကောင်းရက်မြတ် ရွေးကာ လက်ဆောင်ပစ္စည်းများနှင့်အတူ ရှေ့နေတုန့်ထံတွင် ချန်ချွမ်းကို အပ်နှံရန် စဉ်းစားလိုက်မိသည်။

ထန်အာနှင့် ဖူရှင်းတို့က မီးဖိုချောင်ထဲတွင် ညစာအတွက် ဟင်းသီးဟင်းရွက်များ ပြင်ဆင်နေကြသည်။ အားထောင်ကတော့ ယိုယွီလေးကို ဆံပင်ကျစ်နည်း သင်ပေးနေလေသည်။ မီးရောင်အောက်တွင် သူတို့၏ အရိပ်လေးများ ရှည်လျားစွာ ကျရောက်နေကြ၏။

ရှန်မြောင်သည် ပန်းချီကားကို သူမအခန်းထဲတွင် ထားလိုက်ပြီး ချီလင်ပုံပါသည့် ပန်းချီကားချပ်ကိုတော့ ကုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားလိုက်သည်။ အလှဆင်ပစ္စည်း မရှိသလောက်ဖြစ်သော သူမ၏ အခန်းလေးမှာ ချက်ချင်းဆိုသလို နွေးထွေးသွားတော့သည်။

ထို့နောက် လက်ခုပ်တီးလိုက်ပြီး ဟင်းချက်ရန် မီးဖိုချောင်သို့ ဝင်လာခဲ့သည်။

ယနေ့သည် ဆောင်းယဉ်စွန်း မိသားစုစုံညီညဖြစ်ရာ ဟွန်ထွန်းဟင်းရည်အပြင် စုန့်ခေတ်လူများ အနှစ်သက်ဆုံး သိုးသား မပါလျှင် ပြီးပြည့်စုံမည် မဟုတ်ပေ။

ခေတ်သစ်တွင် ပွဲတော်ရက်များ၌ ဖက်ထုပ်စားကြသကဲ့သို့ စုန့်ခေတ်လူများသည် ပွဲတော်ရက်ရောက်လျှင် ဆင်းရဲသည့်အိမ်ဖြစ်ပါစေ သိုးသား အနည်းငယ်လောက်တော့ ဝယ်စားလေ့ရှိကြသည်။ သူမသည် သိုးငယ်တစ်ကောင် မှာယူထားခဲ့သည်။ နေ့ခင်းက သူမသည် မိဘများကို သွားရောက်ကန်တော့နေစဉ် ထန်အာက ခြံထဲတွင် ဒယ်အိုးကြီးတည် ရေနွေးကြိုကာ သိုးကို သတ်ဖြတ်ပြီးစီးထားလေပြီ။

ရှန်မြောင် မမြင်လိုက်ရသော်လည်း သူမ အိမ်ပြန်ရောက်သည်နှင့် ဖူရှင်းက မျက်နှာပန်းလှစွာဖြင့် ပြောပြလေသည်။ "ထန်အာက တကယ်တော်တာပဲ။ သူ သိုးသတ်တာ ဓားမြှောင်တစ်ချောင်းတည်းနဲ့ လည်ပင်းလှီးပြီး ဗိုက်ခွဲလိုက်တာ အရေခွံခွာတာပါ အားလုံးပေါင်းမှ ၁၅ မိနစ်တောင် မကြာလိုက်ဘူး။ သိုးရေခွံက တစ်စက်မှ မစုတ်ပြဲဘဲ အကောင်းတိုင်း ထွက်လာတယ်။ သွေးတစ်စက်မှ မပေဘူး။ မြေကြီးပေါ်မှာလည်း သန့်ရှင်းနေတာပဲ။ သိုးရေခွံကို ခေါင်မိုးပေါ် တင်လှန်းထားလိုက်ပြီ။ သိုးသားကိုလည်း အပိုင်းပိုင်း တုံးပြီးပြီ။ ရှန်ညန်ဇီ ချက်ဖို့ပဲ ကျန်တော့တယ်"

ရှန်မြောင်က ပြုံးလိုက်ပြီး "ဒီသိုးသားက လတ်လတ်ဆတ်ဆတ် ဆိုတော့ သိပ်ပြီး မွမ်းမံစရာ မလိုပါဘူး။ ဒီနေ့တော့ ဟူလူမျိုးတွေ စားသလိုမျိုး ဆားရယ် ကြက်သွန်မြိတ်အချဉ်ရယ်ပဲ လုပ်ပြီး လက်ဆွဲသိုးသား လုပ်စားကြမယ်။ ဆန်အရက် ချိုချိုလေးနဲ့ တွဲသောက်ကြတာပေါ့"

ဆောင်းယဉ်စွန်းညတွင် မီးဖိုကို ဝိုင်းဖွဲ့ပြီး အသားကို အားပါးတရ စားသောက်ပြီး အရက်သောက်ကြမယ်။

သိပ်ကို ပျော်စရာ ကောင်းမှာပဲ။

...

All Chapters