← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အပိုင်း (၁၂၇) လက်ဆွဲသိုးသား

လက်ဆွဲသိုးသားတုံး ပြုလုပ်ရာတွင် အမှန်တကယ်တော့ အထူးအဆန်း နည်းလမ်းမရှိဘဲ သိုးသားအရည်အသွေး ကောင်းမွန်မှုအပေါ်တွင်သာ မူတည်လေသည်။

ယခင်ဘဝတုန်းက ရှန်မြောင်သည် အတွင်းမွန်ဂိုလီးယား ရှီးလင်ကော်လဲ့ အာပါးကာဒေသရှိ ရပ်ရွာလူထုအိမ်တွင် လက်ဆွဲသိုးသားတုံးကို တစ်ကြိမ်စားဖူးခဲ့သည်။ ထိုအကြိမ်သည် အရသာအရှိဆုံး ဖြစ်ခဲ့လေသည်။ အတွင်းမွန်ဂိုလီးယားဒေသခံများသည် ဧည့်ဝတ်ကျေပွန်ကြသည်။ ရှန်မြောင်ကဲ့သို့ မွန်ဂိုစကားမပြောတတ်သည့် ဟန်လူမျိုးတစ်ယောက် အိမ်ရှေ့ရောက်လာပြီး ရေတစ်ခွက်တောင်းသောက်လျှင်ပင် သူတို့က သိုးပေါ်ပြီး လက်ဖက်ရည်ကျိုကာ နွေးနွေးထွေးထွေး ဧည့်ခံတတ်ကြသည်။

သူမသည် ကျောပိုးအိတ်လွယ်ကာ ကားမောင်းပြီး နေရာအနှံ့ လျှောက်သွားရသည်ကို နှစ်သက်သူဖြစ်သည်။ နေရာတစ်နေရာရောက်တိုင်း လူနေမှုအငွေ့အသက်အပြည့်ရှိသည့် လမ်းကြားဟောင်းလေးများထဲ လည်ပတ်လေ့ရှိသည်။ အပြင်ပန်းကြည့်လျှင် စုတ်ပြတ်နေသည်ဟု ထင်ရသော်လည်း ထိုဆိုင်လေးများကသာ အစားကောင်းများရှိပြီး ဟင်းချက်နည်းအသစ်များကို လေ့လာနိုင်လေသည်။ သူမသည် အားလပ်ချိန်ရတိုင်း ဒေသအနှံ့သို့ "ဟင်းပွဲအသစ်ရှာဖွေခြင်း" ထွက်လေ့ရှိသည်။

သို့သော် အတွင်းမွန်ဂိုလီးယားသို့ ရောက်စဉ်ကမူ မတူညီပေ။ အရသာကို မြည်းစမ်းချင်သောကြောင့် သူမသည် လူသူအရောက်အပေါက်နည်းသည့် ဝေးလံခေါင်ဖျားသော နေရာကို ရွေးချယ်ခဲ့သည်။ စစ်မှန်သော လက်ဆွဲသိုးသားတုံး၏ အာပါးကာဒေသရှိ ဟုန်ကော်အာမြက်ခင်းပြင်ကို ကောင်းကင်လမ်းမကြီးဟု တင်စားကြပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုမရှိသေးကြောင်း ကြားသိရသဖြင့် သူမ ရောက်သွားခဲ့ခြင်းပင်။

ရောက်သွားသည့်အခါတွင်လည်း သူမ နောင်တမရခဲ့ချေ။ မြက်ခင်းပြင်တွင် အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ပြီး မျက်စိတစ်ဆုံး စိမ်းလန်းနေသည်ကို တွေ့ခဲ့ရသည်။

အထူးသဖြင့် ၈လပိုင်းတွင် မြက်နှင့်ရေတို့ ပေါများပြီး ကောင်းကင်နှင့်တိမ်တိုက်များသည် လက်ဖြင့်လှမ်းကိုင်လိုက်လျှင်ပင် မီတော့မည့်အလား နိမ့်ဆင်းနေသည်။ ဟိုတစ်စုသည်တစ်စုရှိနေသော မွန်ဂိုတဲအိမ်လေးများမှ ဒေသခံများသည် သူမ လာလည်သည်ကိုမြင်လျှင် တဲအိမ်ထဲသို့ ခေါ်ကာ နို့လက်ဖက်ရည် ထည့်ပေးကြသည်။ အတွင်းမွန်ဂိုလီးယား နို့လက်ဖက်ရည်သည် အလွန်မွှေးကြိုင်ပြီး ဆားခတ်ထားသည့် နို့လက်ဖက်ရည်အငန်မျိုးဖြစ်သည်။ စားပွဲပေါ်တွင် နို့ခဲ၊ နို့အမြှေး စသည့် နို့ထွက်ပစ္စည်းများ အပြည့်ရှိပြီး သူမ ကြိုက်သလောက် ယူစားနိုင်သည်။

သူမ ထိုင်လိုက်သည်နှင့် အပြင်ဘက်တွင် သူမအတွက် အမြီးကြီးသိုးတစ်ကောင်ကို လျင်မြန်စွာ ပေါ်လိုက်ကြသည်။

လတ်လတ်ဆတ်ဆတ်ပေါ်ထားပြီး အရိုးပါသည့် သိုးသားတုံးကြီးများကို ရေကြည်ဖြင့် ပြုတ်လိုက်သည်။ သူတို့ဘာသာစားလျှင် အမွှေးအကြိုင်ပင် မလိုပေ။ သို့သော် ရှန်မြောင်ကို ဧည့်ခံရန်အတွက် ဆားနှင့် အချဉ်ရည်များကို ပြင်ဆင်ပေးကြသည်။

ထိုအချိန်က ရှန်မြောင်သည် အတွင်းမွန်ဂိုလီးယားမှ လတ်လတ်ဆတ်ဆတ် ပေါ်ထားသည့် သိုးသား မည်မျှစားကောင်းကြောင်း ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်းပင်။ လက်ထဲတွင် သိုးသားကိုကိုင်ပြီး မွန်ဂိုဓားဖြင့် လှီးဖြတ်စားလိုက်ရာ အရသာမှာ လတ်ဆတ်နူးညံ့လွန်းသဖြင့် ယခု စုန့်ခေတ်သို့ ရောက်လာသည်အထိ သူမ မမေ့နိုင်သေးပေ။

ဆောင်းယာဉ်စွန်းတန်းပွဲတော်ရက်နှင့် တိုက်ဆိုင်နေသဖြင့် သိုးငယ်တစ်ကောင်ကို ဇိမ်ခံကာ ဝယ်လိုက်ပြီး ထိုအရသာကို နောက်တစ်ကြိမ် ပြန်စားရန် ဆုံးဖြတ်လိုက်သည်။

သည်နေ့တွင် ရှန်မြောင်သည် ထိုပုံစံအတိုင်းလိုက်လုပ်ကာ ဒယ်အိုးကြီးတည်ပြီး ရေကြည်ဖြင့် ပြုတ်လိုက်သည်။ သို့သော် အိမ်ရှိကလေးများကို ငဲ့ညှာသောအားဖြင့် အသားတုံးများကို အရင်စားဖူးသည်ထက် အနည်းငယ် သေးငယ်အောင် တုံးလိုက်သည်။ သူတို့ကို ဓားမကိုင်ခိုင်းတော့ဘဲ လက်ဆေးပြီး "လက်ဆွဲသိုးသား" အဖြစ် လက်ဖြင့် ကိုင်စားခိုင်းလိုက်သည်။

တစ်ယောက်ကို အသားအနည်းငယ်စီ ခွဲဝေပေးလိုက်ပြီးနောက် ကျန်ရှိသည့် အသားများကို ရှန်မြောင်က နုပ်နုပ်စဉ်းလိုက်သည်။ ဂျင်း၊ ကြက်သွန်မြိတ်တို့ဖြင့် ဆီသတ်ကာ သိုးအူ၊ သိုးအသည်း စသည့် ကလီစာများနှင့် ရောမွှေလိုက်သည်။ ဆီထွက်ပြီး ကျုံ့သွားသည်အထိ ချက်ပြီးနောက် ခုနက သိုးသားပြုတ်ထားသည့် ဟင်းရည်ကို လောင်းထည့်လိုက်သည်။ ရေဆူလာသည်နှင့် ခေါက်ဆွဲထည့်ကာ သိုးကလီစာ လက်လုပ်ခေါက်ဆွဲအိုးကြီးတစ်အိုး ချက်လိုက်ရာ အသားနံ့သည် နှာခေါင်းဝသို့ တိုးဝင်လာတော့သည်။

မုန်လာဥအချဉ်တစ်တုံး လှီးဖြတ်လိုက်ပြီး ကြက်သွန်ဖြူအချဉ်တစ်ပန်းကန် ထည့်ကာ ကိုယ်တိုင်ချက်ထားသည့် ကောက်ညှင်းဝိုင်အချိုရည်ကို ယူလာပြီး မိသားစုအားလုံး လသာဆောင်အောက်တွင် ထိုင်ကာ ပျော်ရွှင်စွာ စားသောက်ကြလေသည်။ အထူးသဖြင့် ကောက်ညှင်းဝိုင်သည် ဝိုင်အနှစ်ပါသဖြင့် ရှန်မြောင်က ကလေးများကိုလည်း ဝိုင်အနှစ်ပါသည့် ကောက်ညှင်းဝိုင်ပူပူ အနည်းငယ်စီ ထည့်ပေးလိုက်သည်။ ကိုယ်တိုင်ချက်ထားသဖြင့် အယ်လ်ကိုဟောပါဝင်မှု နည်းပါးသောကြောင့် ပွဲတော်ရက်တွင် သူတို့ကိုလည်း သောက်ခွင့်ပေးလိုက်ခြင်းပင်။

အားလုံးသည် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး ခြေထောက်များကို စောင်အနွေးစားပွဲအောက်သို့ အသီးသီး ထည့်လိုက်ကြသည်။

ရာသီဥတုအေးလာသည်နှင့် ရှန်မြောင်သည် ယန်လောင်ဟန့်ထံတွင် စောင်အနွေးစားပွဲကို မှာယူလုပ်ဆောင်ခဲ့သည်။ စားပွဲပုထဲတွင် မီးသွေးခွက်မြှုပ်ထားပြီး ဘေးပတ်လည်ကို သစ်သားပြားဖြင့် ကာရံကာ အပေါ်တွင် စောင်အုပ်ထားခြင်းဖြစ်သည်။ သည်လိုစားပွဲဖြင့် ထမင်းစားလျှင် ဟင်းပွဲများ အလွယ်တကူ မအေးနိုင်သလို မိသားစုတစ်စုလုံးနှင့် ခွေးနှစ်ကောင်၊ ကြောင်တစ်ကောင်တို့လည်း တစ်ကိုယ်လုံး နွေးထွေးစွာ စားသောက်နိုင်ကြသည်။

ယန်လောင်ဟန့်သည်လည်း သည်စောင်အနွေးစားပွဲကြောင့် အကျိုးအမြတ်ရရှိလေသည်။ ရှန်မြောင်နှင့် တွေ့ပြီးကတည်းက သူ့စီးပွားရေးသည် ပိုမိုကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် သည်စောင်အနွေးစားပွဲကို လာရောက်မှာယူသူများမှာ နွေဦးပေါက်ရာသီအထိ တန်းစီနေကြပြီဖြစ်သည်။ သူသည် နှစ်ကူးတွင်ပင် နားရမည်မဟုတ်ဘဲ တပည့်များနှင့်အတူ နေ့တိုင်း အလုပ်လုပ်ရတော့မည်။ သို့သော် မနေ့က သူသည် ရှန်မြောင်ထံသို့ တမင်လာရောက်ပြီး ညည်းတွားခဲ့သေးသည်။ အခြားလက်သမားများကလည်း စောင်အနွေးစားပွဲကို ခိုးလုပ်နေကြသဖြင့် ဒေါသထွက်ကာ တပည့်များကိုခေါ်ပြီး သွားရောက်ရန်ရှာခဲ့ရာ လက်သမားအချင်းချင်း ရန်ပွဲဖြစ်ခဲ့ကြသေးသည်။

တစ်ဖက်က "မင်းလုပ်တာကို ငါက ဘာလို့လုပ်လို့မရရမှာလဲ" ဟု ပြောကြသည်။

တစ်ဖက်ကလည်း "ဒါက ရှန်မိသားစုရဲ့ စောင်အနွေးစားပွဲကွ၊ ရှန်ညန်ဇီ တီထွင်ထားတာ၊ သူက ငါ့ကိုပဲ လာအပ်တာ၊ မင်းက ဘာကောင်မို့လို့လဲ" ဟု ပြန်ပြောကြသည်။

အငြင်းပွားမရသဖြင့် နှစ်ဖက်စလုံး တပည့်များကိုခေါ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး ယခု ဖြေရှင်းပြီးပြီလား မသိပေ။

မှန်ပါသည်။ အိမ်တိုင်းက လာရောက်မှာယူချိန်တွင် ရှန်မိသားစုနှင့်တူသော စောင်အနွေးစားပွဲဟု ပြောကြသဖြင့် "ရှန်မိသားစုပုံစံ စောင်အနွေးစားပွဲ" ဟု အလွယ်တကူ နာမည်တွင်သွားတော့သည်။ မသိသူများက ရှန်မြောင်သည် အစားအသောက်လုပ်ငန်းမှ ပရိဘောဂလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နေပြီဟု ထင်သွားနိုင်လေသည်။

သို့သော် ရှန်မြောင်သည် သည်တီထွင်မှုများကို သူမပိုင်ဆိုင်သည်ဟု တစ်ခါမျှ မတွေးဖူးပေ။ တွန်းလှည်းမှစ၍ စောင်အနွေးစားပွဲအထိ အစကတည်းက သူမ တီထွင်ခဲ့ခြင်း မဟုတ်ပေ။ သူမသည် ခေတ်သစ်မှ အရာများကို အသုံးပြုခွင့်ရနေခြင်းသာဖြစ်၍ ယန်လောင်ဟန့်ထံမှ အနိမ့်ဆုံးဈေးဖြင့် ယူသည်မှလွဲလျှင် သည် "မူပိုင်ခွင့်" များအတွက် ယန်လောင်ဟန့်ထံမှ ငွေပိုကြေးပို တစ်ခါမျှ မတောင်းခံခဲ့ဖူးပေ။

ယန်လောင်ဟန့်က မည်သို့ရောင်းမည်၊ အခြားသူများကို မည်မျှဖြင့် ရောင်းမည်ကို သူမ ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့ပေ။

သည်ခေတ်တွင် လက်မှုပညာသည်များမှာ ပင်ပန်းကြရာ ယန်လောင်ဟန့်နှင့် သူ့တပည့်များ ငွေရှာနိုင်သည်ကို သူမ မြင်ချင်ပါသည်။ အားလုံး ငွေရှာနိုင်ပြီး ချမ်းသာကာ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်လျှင် ကောင်းမွန်လှသည် မဟုတ်ပါလား။

သူမအတွက် ရှောင်လုံရှားများ ဖမ်းပေးပြီး ငါးကြင်းများ လာပို့ပေးသည့် ငါးဆိုင်ပိုင်ရှင် ယွီရွှင်လည်း ရှိပေသေးသည်။ ရှန်မြောင်နှင့် မိသားစုဝင်များ စားသောက်ရန် ထိုင်လိုက်ကြစဉ်မှာပင် ခြံဝင်းတံခါးကို လာခေါက်သူ ရှိလေသည်။ ရှန်မြောင် ထဖွင့်ပေးလိုက်ရာ ငါးလာပို့နေကျ ယွီရွှင် ဖြစ်နေသည်။

သူသည် အအေးဒဏ်ကြောင့် မျက်နှာပေါ်တွင် အနီကွက်နှစ်ခု ပေါ်နေပြီး လက်ထဲတွင် သိုးပေါင်တစ်ချောင်းကို ကိုင်ကာ ရှန်မြောင်ကို ဆောင်းဥတုအဝင်ပွဲတော်အတွက် လာရောက်ဂါရဝပြုခြင်းဖြစ်သည်။ ရှန်မြောင်သည် သူ့ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် လက်ဆောင်ကို အမြန်ပြန်ပေးလိုက်၏။

"ယွီလောင်ကျွင်း... ရှင် အားနာမနေပါနဲ့၊ အိမ်ပြန်ယူသွားပြီး ကလေးတွေအတွက် အသားဟင်းတစ်ခွက် ချက်ကျွေးလိုက်ပါ"

ငါးရောင်းရသည်မှာ မလွယ်ကူပေ။ ယခုအချိန်တွင် ပစ္စည်းများ ပေါများလာပြီး မြစ်ထဲ၊ ရေကန်ထဲတွင် ငါးများရှိနေသဖြင့် ဝီရိယရှိသော အိမ်များက ကိုယ်တိုင် ငါးဖမ်းတတ်ကြသည်။ ငါးဆိုင်တွင်လည်း ငါးကြင်းသည် ဈေးကွက်မကောင်းလှပေ။

စုန့်ခေတ်လူများက ငါးထက် သိုးသားကို ပိုမိုစားသုံးကြသည်။ ယွီရွှင်သည် ရှန်မြောင်၏ ငါးကင်လုပ်ငန်းကြောင့် သူ့ငါးကန်ထဲက ငါးများ ယခုနှစ် နွေနှင့်ဆောင်းဦးတွင် ရှန်မြောင်ထံ အကုန်သွင်းလိုက်ရသဖြင့် အမြဲကျေးဇူးတင်နေမိသည်။

သူသည် ငါးကြင်း အကောင်ရေ ထောင်ချီ ပိုရောင်းခဲ့ရသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင်ငါးများ ကုန်သွားသဖြင့် အိမ်နီးချင်း၏ ရောင်းမထွက်သော ငါးကန်များကိုပါ ဝယ်ယူကာ နေ့စဉ် လတ်လတ်ဆတ်ဆတ် ဖမ်းပြီး အကောင်းဆုံးများကို ရွေးချယ်၍ ရှန်မြောင်ထံ ပို့ပေးခဲ့သည်။

သူ့အတွက်မူ ယခုနှစ်သည် ရှန်ညန်ဇီကြောင့် ရှားပါးသော သီးထပ်နှစ်ဖြစ်ခဲ့သည်။ ငွေအများအပြား ရှာနိုင်ခဲ့ပြီး ငါးကန်ကို ချဲ့ထွင်နိုင်ခဲ့သည်။ အိမ်ရှိ ကလေးသုံးယောက်လုံး အဝတ်အစားသစ်၊ ဖိနပ်သစ်များ ဝတ်ဆင်နိုင်ခဲ့သည်။ ဇနီးဖြစ်သူ၏ ချောင်းဆိုးရောဂါအတွက်လည်း နေ့စဉ် ဆေးဝယ်တိုက်နိုင်ခဲ့ရာ ယခုအခါ ရောဂါအတော် သက်သာနေပြီဖြစ်သည်။

သူ့ဆိုင်တွင် ငါးလာတောင်းစားတတ်သော ကြောင်ဝါနှင့် ကြောင်ကြားလေးပင် အစာဝလင်စွာစားရ၍ ဝဖြိုးနေပြီး ဆောင်းတွင်းကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်တော့မည်။

ယွီရွှင်သည် တွေးရင်းဖြင့် မျက်ရည်ဝဲလာတော့သည်။ ရှန်မြောင်က လက်မခံသည်ကို မြင်လိုက်ရသဖြင့် သိုးပေါင်ကိုကိုင်ကာ တံခါးဘောင်ကို ကုတ်ထားပြီး မပြန်ချင်ဖြစ်နေသည်။

"ရှန်ညန်ဇီ လက်ခံလိုက်ပါဗျာ၊ ညန်ဇီ လက်မခံရင် ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်နေလို့ပါ"

သူ့တွင် ရှန်ညန်ဇီ၏ စီးပွားရေးအရှိန်အဝါ ရှိနေလေသည်။ ရှန်မြောင် ရောင်းကောင်းလျှင် သူလည်း ရောင်းကောင်းလိမ့်မည်။ နွေရာသီတုန်းက ရှန်ညန်ဇီ၏ ငါးကင်များ အလွန်ရောင်းကောင်းခဲ့ရာ အခြားဆိုင်များက မနာလိုဖြစ်ပြီး ရှန်ညန်ဇီ၏ငါးများက မကောင်းကြောင်း၊ ငါးသေများဖြင့် လုပ်ထားကြောင်း လမ်းဘေးတွင် လူငှါးပြီး အပုပ်ချခဲ့ကြသည်။ သူ ကြားလိုက်ရချိန်တွင် ရှန်ညန်ဇီထက်ပင် ပိုဒေါသထွက်ခဲ့ပြီး မျက်လုံးများ ပြူးကျယ်ကာ "မင်းတို့တွေ လျှောက်ပြောနေတာ ရပ်လိုက်စမ်း" ဟုပင် အော်ဟစ်ပြီး လက်သီးဖြင့် ဝင်ထိုးခဲ့ဖူးသည်။

ရှန်ညန်ဇီ၏ငါး ကောင်းမကောင်း သူ အသိဆုံးမဟုတ်ပါလား။ ရှန်ညန်ဇီ၏ စီးပွားရေးလမ်းကြောင်းကို ဖြတ်တောက်ရဲသူမှန်သမျှ သူ့လက်သီးနှင့် ငါးလှီးဓားကို မေးကြည့်ရပေလိမ့်မည်။

သို့သော် သူသည် ရှန်ညန်ဇီနှင့် တစ်နှစ်သာ စာချုပ်ချုပ်ထားခဲ့သည်။ အခြားငါးဆိုင်များသည် သူ့ဘဝတိုးတက်လာသည်ကို မြင်ပြီး မနာလိုဖြစ်နေကြသည်။ အခြားငါးဆိုင်ပိုင်ရှင်များသည် ရှန်မြောင်ထံ သွားရောက်ပြီး ဈေးပိုသက်သာစွာဖြင့် ငါးသွင်းပေးလိုကြောင်း ကမ်းလှမ်းခဲ့ကြသည်ဟု ကြားသိရသည်။ သို့သော် ရှန်မြောင်က ယွီမိသားစုငါးဆိုင်နှင့် စာချုပ်မပြည့်သေးဟုဆိုကာ ငြင်းပယ်ခဲ့သည်။

ယွီရွှင်သည် ထိုကိစ္စကို သိလိုက်ရပြီးနောက် စိတ်ထဲတွင် စိုးရိမ်ပူပန်နေခဲ့၏။ လာမည့်နှစ်တွင် သည်အော်ဒါကြီး ပျောက်သွားမည်ကို စိုးရိမ်မိသည်။ သူ့ဇနီးက ဉာဏ်ကောင်းသဖြင့် အခြားသူများ ဦးမသွားစေရန် သူ့ကို သိုးသားဆိုင်တွင် သိုးပေါင်ကြီးတစ်ချောင်း သွားဝယ်ခိုင်းပြီး ဆောင်းယာဉ်စွန်းတန်းပွဲတော်တွင် ရှန်မြောင်နှင့် ဆက်ဆံရေးကောင်းအောင် သွားလုပ်ခိုင်းခြင်းဖြစ်သည်။

အထူးသဖြင့် ယခုနှစ် ဆောင်းဦးရာသီအစောပိုင်းတွင် သူသည် ငါးကြင်းသားပေါက် ထောင်ချီ ထပ်ထည့်ထားပြီး ဆောင်းတွင်းကိုကျော်ကာ ငါးမွေးရန် ပြင်ဆင်ထားသည်။ ဆောင်းတွင်းကိုကျော်ထားသည့် ငါးများသည် ပိုစားကောင်းပြီး အသားကျစ်လျစ်ကာ မြေနံ့ကင်းသည်။ သို့သော် ကောင်းကောင်းမမွေးမြူနိုင်လျှင် အအေးဒဏ်ကြောင့် သေဆုံးသွားနိုင်သည်။ သို့သော် ယွီရွှင်က ကောင်းကောင်းမွေးမြူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ လာမည့်နှစ်တွင် ရှန်ညန်ဇီအတွက် ပိုကောင်းမွန်သည့် ငါးများကို ပို့ပေးနိုင်ပေလိမ့်မည်။

သူသည် စကားကို ထစ်အငေါ့ငေါ့ပြောရင်း ထိုကိစ္စကို ရှန်မြောင်အား ပြောပြလိုက်ကာ လာမည့်နှစ်အနည်းငယ်အတွက် ငါးဆက်လက်သွင်းပေးရန် စာချုပ်ချုပ်လိုကြောင်း ပြောလာသည်။ သူက အကောင်းဆုံးငါးများကို ရွေးချယ်ပေးမည်ဟု ကတိပေးလေသည်။

ရှန်မြောင်သည် ငါးသွင်းသူကို လဲလှယ်ရန် စိတ်ကူးမရှိခဲ့ပေ။ သည်ငါးဆိုင်ပိုင်ရှင်သည် ငါးများကို ကောင်းမွန်စွာ မွေးမြူထားပြီး ငါးကန်လည်း သန့်ရှင်းသည်။ လက်ကားဈေးကလည်း သင့်တော်လေသည်။ ယခု သူသည် အရှုံးပေါ်မည့်အန္တရာယ်ကိုယူကာ သူမအတွက် ဆောင်းခိုငါးများကို မွေးမြူပေးမည်ဟု ကြားလိုက်ရသဖြင့် သူ့စေတနာကို အသိအမှတ်ပြုလိုက်ကာ ချက်ချင်း သဘောတူလိုက်တော့သည်။

သူမကိုယ်တိုင်က ဈေးဆစ်တတ်သော်လည်း အရည်အသွေးကို ဦးစားပေးသူဖြစ်သည်။ အရင်က သူမနှင့် လာရောက်ပူးပေါင်းလိုသည့် ငါးဆိုင်များကို ငြင်းပယ်ခဲ့ခြင်းမှာ သူတို့ ငါးသတ်ရာတွင် သန့်ရှင်းမှုမရှိခြင်း၊ ငါးကြေးခွံများကို သေချာမဖယ်ရှားခြင်းတို့ကြောင့် ဖြစ်သည်။ ဝယ်ပြီးလျှင် ကိုယ်တိုင် အကြိမ်ကြိမ် ပြန်ဆေးကြောရတတ်သည်။ ထို့ပြင် သူတို့၏ ရေကန်များကို ဂရုစိုက်မှုမှာလည်း သန့်ရှင်းခြင်းမရှိပေ။ ငါးကြင်းများသည် မြေနံ့ကို အကြောက်ဆုံးဖြစ်သည်။ ရေအရည်အသွေး မကောင်းလျှင် ငါးအရသာလည်း ကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် ဈေးမည်မျှသက်သာပါစေ သူမ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ယွီရွှင်နှင့် စာချုပ်မပြည့်သေးဟု ပြောခြင်းမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်လေသည်။

"စာချုပ်သက်တမ်းတိုးတာ ပြဿနာမရှိပါဘူး" ရှန်မြောင်က ပြုံးပြီး သဘောတူလိုက်သည်။ "ဒါနဲ့... ယွီလောင်ကျွင်း ခဏစောင့်ပါဦး၊ ရှင်တို့ဆိုင်က ငါးတွေနဲ့လုပ်ထားတဲ့ ငါးဖက်လုံးတွေ ယူပေးလိုက်မယ်။ အိမ်ယူသွားပြီး ဟင်းချိုချက်သောက်လိုက်ပါ၊ အရမ်းလတ်ဆတ်တယ်" ထိုသို့ ပြောပြီးနောက် အိမ်ထဲသို့ ဝင်သွားလေသည်။

ယွီရွှင်သည် တံခါးဝတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ပြီးမှ ရှန်ညန်ဇီက သူ့ကို အလွယ်တကူ သဘောတူလိုက်မှန်း သိလိုက်ရတော့သည်။ အမှန်တော့ သူက ပြောစရာစကားတစ်ဝက် ကျန်နေသေးသည်။ ရှန်ညန်ဇီအတွက် ဈေးနှုန်းထပ်လျှော့ပေးမည့်အကြောင်း ပြောမလို့ပင်။ သို့သော် ရှန်ညန်ဇီက ထိုအချက်ကို ထည့်ပင်မတွက်ခဲ့ပေ။

ရှန်မြောင်က ငါးအသားလုံးတစ်ထုပ်ကို ထုတ်ယူလာပြီး သူ့လက်ထဲ ထည့်ပေးလိုက်ကာ သူ ကိုင်ထားသည့် သိုးပေါင်ကိုလည်း ပြန်တွန်းပေးလိုက်သည်။

"ယွီလောင်ကျွင်း မြန်မြန်ပြန်တော့လေ၊ အိမ်ကလူတွေ ညစာစားဖို့ စောင့်နေကြလောက်ပြီ၊ ဒါနဲ့... နောက်တစ်ခါ စာချုပ်ချုပ်ရင် သုံးနှစ်စာချုပ် ချုပ်လိုက်ကြတာပေါ့၊ နောက်ဆိုရင် ကျွန်မလည်း ယွီလောင်ကျွင်း အကူအညီလိုမယ့်ကိစ္စတွေ ရှိလာဦးမှာ၊ အဲကျရင် ယွီလောင်ကျွင်းကပဲ သင်ပြပေးပါဦး"

သူမ ဘဲမွေးမြူရေးခြံရှိ ရေကန်ကို ရေအရည်အသွေး သန့်ရှင်းအောင် မည်သို့ထိန်းသိမ်းရမည်ကို ယွီရွှင်နှင့် တိုင်ပင်ရပေမည်။ စာချုပ်သက်တမ်းတိုးသည့်နေ့ကျမှ လူကိုခေါ်ပြီး သူမ၏ ဘဲမွေးမြူရေးခြံသို့ သွားရောက်လေ့လာခိုင်းရမည်။ ဆောင်းတွင်းတွင် ရေကန်ကို သန့်ရှင်းရေးလုပ်ပြီး ဘဲခြံဆောက်လိုက်လျှင် လာမည့်နှစ် နွေဦးပေါက်ရာသီ၌ သူမ၏ ဘဲများကို စတင်မွေးမြူနိုင်ပေလိမ့်မည်။

နောက်ဆိုရင် ပေကျင်းဘဲကင်ကနေ "ပြန့်ကျင်းဘဲကင်" ဖြစ်သွားမလားမသိ။

ရှန်မြောင်က တွေးရင်းဖြင့် ပြုံးလိုက်မိသည်။

ယွီရွှင်သည် ပိုင်မုန့်အကြီးကြီးက ခေါင်းပေါ်ကျလာသည့်အလား စကားပင် မပြောနိုင်တော့ဘဲ ကြောင်တောင်တောင် ရပ်နေမိတော့သည်။

"ယွီလောင်ကျွင်းလည်း မိသားစုနဲ့ ကျန်းမာချမ်းသာပါစေ၊ ပြန်ပါတော့ရှင်" ရှန်မြောင်က ပြုံးပြီး ယွီရွှင်ကို နှုတ်ဆက်လိုက်၏။ ယွီရွှင်သည် တုံးတိတိဖြင့် ပြန်လည်နှုတ်ဆက်လိုက်ပြီး မပေးလိုက်ရသည့် သိုးပေါင်နှင့် အပိုရလာသည့် ငါးဖက်လုံးများကို ကိုင်ကာ ယောင်ချာချာဖြင့် အိမ်သို့ ပြန်သွားလေသည်။

ရှန်မြောင်လည်း တံခါးပိတ်လိုက်တော့သည်။ ခဏလေးရပ်နေမိတာတောင် လက်တွေခြေထောက်တွေ အေးစက်သွားခဲ့သည်။ သူမသည် အဖြူရောင်အငွေ့များကို မှုတ်ထုတ်လိုက်ပြီး အိမ်ထဲသို့ အမြန်ပြန်ဝင်လိုက်ပြီး နောက်ဆုံးတော့ သူမ စိတ်စွဲနေသည့် လက်ဆွဲသိုးသားတုံးကို ပြန်စားရတော့မည်။

ဖိနပ်ချွတ်လိုက်၏။ အိမ်ရှေ့တွင် ဂွမ်းခံထားသည့် လေးထောင့်ကပ်ဖျာများကို ခင်းထားသဖြင့် ခြေထောက် အေးမည်မဟုတ်တော့ပေ။ သူမသည် ပခုံးကိုကျုံ့ထားပြီး စောင်အနွေးစားပွဲထဲသို့ ချက်ချင်း ဝင်တိုးလိုက်တော့သည်။

ခန္ဓာကိုယ်တစ်ဝက်ကို နွေးထွေးနေသည့် စောင်အနွေးစားပွဲအောက်သို့ ထည့်လိုက်ရာ ဇိမ်ရှိလွန်းသဖြင့် မျက်လုံးများ မှေးစင်းသွားတော့သည်။ သက်တောင့်သက်သာ ရှိလိုက်တာ။ သူမသည် အရင်က အန်းဟွေးနှင့် ဟူနန်ဘက်သို့ ရောက်ဖူးသည်။ ထိုနေရာတွင် မီးပုံးတစ်မျိုးရှိပြီး ခြေထောက်ထည့်လိုက်သည်နှင့် ပြန်မထုတ်ချင်အောင် ကောင်းမွန်လေသည်။

ထန်အာက ကိုယ်ကိုမတ်လိုက်ပြီး သူမအတွက် ရေနွေးကြမ်းပန်းကန်လုံးထဲသို့ ကောက်ညှင်းအရက်ပူပူ လောင်းထည့်ပေးလိုက်ကာ ရယ်မောရင်း ပန်းကန်လုံးကို မြှောက်လိုက်သည်။

"ဟူလူမျိုးတွေရဲ့ စည်းကမ်းအရ အသားမစားခင် အရက်တစ်ခွက် အရင်သောက်ရတယ်တဲ့၊ ဒီနေ့ ဆောင်းယာဉ်စွန်းတန်းပွဲတော်ဆိုတော့ ကျုပ်တို့တွေ ကျားမ မရွေး၊ အသက်အရွယ်မရွေး ဝိုင်းဖွဲ့ပြီး တစ်ခွက်လောက် အရင်သောက်ပြီး ဆောင်းတွင်းအအေးဓာတ်ကို မောင်းထုတ်လိုက်ကြရအောင်"

"ကမ်းပေ့"

"ပန်းကန်ချင်းတိုက်မယ်" ရှန်းအာကလည်း ပန်းကန်လုံးကို မြင့်မြင့်မြှောက်လိုက်သည်။

"ဆောင်းယာဉ်စွန်းတန်းပွဲတော်ပြီးရင် နေ့တာက ပိုပိုရှည်လာတော့မှာ၊ တစ်နှစ်တာရဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတော့ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ကြိုဆိုကြမယ်လေ" ရှန်မြောင်ကလည်း လိုက်မြှောက်လိုက်သည်။

အားလုံးက ပန်းကန်နှုတ်ခမ်းချင်း တိုက်လိုက်ကြပြီး ဆုတောင်းလိုက်ကြသည်။ "ဆောင်းဥတုအဝင်ပွဲတော်မှာ ကောင်းချီးတွေ ရောက်လာပါစေ"

ကိုယ်ကိုနွေးထွေးသွားစေသည့် ကောက်ညှင်းအရက်ပူပူ တစ်ပန်းကန် သောက်လိုက်ပြီး လက်ဆွဲသိုးသားတစ်တုံးကို လှီးဖြတ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ရှန်မြောင်သည် ကျေနပ်စွာဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ယမ်းလိုက်မိလေသည်။ မွန်ဂိုတဲအိမ်လေးထဲတွင် လက်ဆွဲသိုးသားတုံး စားနေရသည့်အတိုင်းပင်။ ထိုစဉ်က သူမသည် ဒေသခံများနှင့် စကားမပြောတတ်သဖြင့် လက်ဟန်ခြေဟန်ဖြင့်သာ ပြောခဲ့ရသော်လည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ခဲ့ရသည်။

ထိုတစ်ကြိမ်မှလွဲလျှင် သည်နေ့သည် သူမ စားဖူးသမျှထဲတွင် အကောင်းဆုံးသော သိုးသားပင်။

အဆီအသားပြည့်ဝပြီး နူးညံ့သည့်သိုးသားသည် ပူပူနွေးနွေးနှင့် စားကောင်းလှသည်။ နူးညံ့သည့်အသားသည် ဝါးရသည့်အရသာရှိသည်။ အရိုးကပ်အသားများကို ဓားဖြင့်လှီး၊ ခြစ်၊ ဖယ်ရှားပြီး ပြောင်စင်အောင် စားလိုက်သည်။ အကိုက်တိုင်းတွင် လတ်လတ်ဆတ်ဆတ် သိုးသား၏ နူးညံ့မှုနှင့် ပျော့ပျောင်းမှုကို ခံစားရသည်။ အခြားအမွှေးအကြိုင်များ မပါသော်လည်း အရသာရှိလှသည်။ အသားသည် မူလအရသာအတိုင်း အကောင်းဆုံးပင်။

လက်ဆွဲသိုးသားတုံးကိုစားပြီး အရက်တစ်ငုံ သောက်လိုက်သည်။ အသားနှင့် အရက် ရောသွားသည့်အခါ ပြောမပြတတ်အောင် မွှေးပျံ့သွားတော့သည်။

အသားစားလျှင် အရက်သောက်ရသည်ဟု ပြောကြသည်မှာ အလကားမဟုတ်ပေ။ သည်မိတ်ဖက်နှစ်ခု ပေါင်းစပ်လိုက်သည့်အခါ ဆောင်းတွင်းတွင် ပျော်ရွှင်မှုများ လျှံကျလာတော့သည်။

အပြင်ဘက်တွင် ရာသီဥတု အေးခဲနေပြီး ညရောက်လာသည်နှင့် နှင်းများကျလာတော့သည်။ လေအေးများက ခြံစည်းရိုးကိုကျော်ကာ တိုက်ခတ်နေသည်။ ရှန်းအာသည် မျက်နှာတစ်ခုလုံး အဆီများပေကျံနေပြီး ကောင်းကင်မှ ကျဆင်းလာသည့် ဖုန်မှုန့်ကဲ့သို့ နှင်းစက်များကို ပထမဆုံး တွေ့လိုက်ရသည်။ သူမသည် ပါးစပ်ထဲက အသားကိုပင် မမြိုချရသေးဘဲ လက်ညှိုးထိုးကာ အော်လိုက်သည်။

"နှင်းတွေ"

ရှန်မြောင်သည် ဓားဖြင့် အသားလှီးနေရင်း ခေါင်းလှည့်ကာ သေချာကြည့်လိုက်မှ မီးအိမ်အနီးတွင် ပျံဝဲနေသည့် နှင်းမှုန်များကို တွေ့လိုက်ရသည်။ သို့သော် နှင်းက သေးငယ်လွန်းပြီး မြေကြီးပေါ်မကျခင် အရည်ပျော်သွားသည်။ သို့သော်လည်း ဒါသည် ယခုနှစ်၏ ပထမဆုံးနှင်းဖြစ်ရာ လူများ၏ အာမေဋိတ်သံများ ထွက်လာကြသည်။

"နှင်းကျနေပြီ"

"တကယ်ကြီး နှင်းကျနေတာပဲ"

"ဒီနှစ်က စောစောစီးစီး အေးလာတာပဲ၊ မင်္ဂလာရှိတဲ့နှင်းတွေ ကျလာရင် ကောက်ပဲသီးနှံ ဖြစ်ထွန်းတော့မှာ"

အားလုံးသည် လက်ဆွဲသိုးသားတုံးကို စားပြီးနောက် သိုးကလီစာခေါက်ဆွဲပြုတ်ပူပူကို မော့လိုက်ကြသည်။ စောင်အနွေးစားပွဲထဲတွင် ကိုယ်ကိုကျုံ့ထားပြီး တိတ်ဆိတ်ကာ ပေါ့ပါးစွာ ကျဆင်းနေသည့် ဆောင်းနှင်းများကို ငေးကြည့်နေကြသည်။

အိမ်ရှိ ကြောင်နှင့် ခွေးများသည်လည်း ကိုယ်လုံးများကို စောင်အနွေးစားပွဲအောက်သို့ ဝင်တိုးထားကြသည်။ စားပွဲအောက်ရှိ ထူထဲသော စောင်ထဲမှ ခွေးခေါင်းကြီးနှစ်လုံးနှင့် ကြောင်ခေါင်းတစ်လုံး ပြူထွက်နေပြီး သူတို့အတွက် အသားနှင့် ခေါက်ဆွဲများကို ငုံ့စားနေကြသည်။

စားသောက်ပြီးနောက် သူတို့သည် နားရွက်များကို လှုပ်ခါကာ တစ်စုတစ်ဝေးတည်း စုနေကြသည်။ စိုစွတ်တောက်ပနေသည့် မျက်လုံးဝိုင်းလေး ၃စုံကလည်း ဖြည်းဖြည်းချင်းကျဆင်းနေသည့် နှင်းများကို စူးစမ်းစွာ ကြည့်နေကြလေသည်။

ခြံစည်းရိုးပေါ်တွင် အဖြူရောင်အနည်းငယ် တင်ကျန်နေသော်လည်း ခဏအကြာတွင် ပျော်ကျသွားတော့သည်။

လေထင်သည် ချီလင်ကို ကြားထဲတွင် ညှပ်ထားလိုက်သည်။ ချီလင်က သူ့ကြောင်စာများကို စားပြီးသွားသည်ကို တွေ့လိုက်ရပြီး ပန်းကန်အောက်ခြေတွင် ဟင်းရည်အနည်းငယ် ကျန်နေသေးရာ သူက ခေါင်းထိုးကာ ချီလင်အတွက် ပန်းကန်ဆေးပေးလိုက်သည်။ ကြောင်စာခွက် ပြောင်လက်သွားမှ မချင့်မရဲဖြင့် ခေါင်းမော့လာတော့သည်။

ပန်းကန်ကို လျက်ပြီးနောက် လေထင်သည် သူ့ခြေသည်းများကို လျက်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ချီလင်က အမွှေးအမျှင်များကို နှေးကွေးစွာ လျက်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်မရှည်သော ခွေးမိခင်တစ်ကောင်ကဲ့သို့ ချီလင်ကို ခြေသည်းဖြင့် ကော်ယူကာ ရင်ခွင်ထဲထည့်ပြီး အငမ်းမရ လျက်ပေးတော့သည်။

သန့်ရှင်းသပ်ရပ်နေသည့် ကြောင်လေးတစ်ကောင်မှာ သရက်သီးစေ့ စုပ်ထားသကဲ့သို့ ဖြစ်သွားပြီး ကြမ်းတိုက်အဝတ်စုတ်လို ရုပ်ဆိုးသွားတော့သည်။

ရှန်မြောင် မြင်လိုက်ချိန်တွင် ချီလင်သည် အလျက်ခံရလွန်းသဖြင့် ခေါင်းပေါ်က အမွှေးများ ဖွာလန်ကြဲနေပြီး နှုတ်ခမ်းမွှေးများလည်း စိုရွှဲနေကာ အနားကပ်မနမ်းဘဲနှင့်ပင် ခွေးနံ့များ ရနေတော့သည်။

သူမသည် ကြောင်ကို အမြန်ကယ်ထုတ်လိုက်ပြီး တဘက်ဖြင့် အမွှေးများကို သုတ်ပေးကာ ဖြီးပေးလိုက်ရသည်။ လေထင်က ခေါင်းမော့လာပြီး မျက်လုံးတောက်တောက်များဖြင့် ကြောင်ကို ထပ်လျက်ချင်နေသေးသည်။ ရှန်မြောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"နေပါဦး... ချီလင်ကို နင် လျက်ပေးနေတာ အအေးမိတော့မယ်။ ဆက်မလျက်နဲ့တော့။ မျက်နှာလိုမျက်နှာရ လိုက်လျက်နေသူတွေမှာ အနာဂတ်မရှိဘူး။ နောက်ဆုံးကျရင် ဘာမှမရဘဲ နေလိမ့်မယ်"

လေထင်က နားမလည်သဖြင့် ခေါင်းကြီးကို စောင်းထားလိုက်သည်။

ချီလင်ကတော့ ဂရုမစိုက်သည့်ပုံဖြင့် အလျက်ခံရသဖြင့် သမ်းဝေနေပြီး ရှန်မြောင်ရင်ခွင်ထဲမှ ခုန်ဆင်းကာ စောင်အနွေးစားပွဲအောက်သို့ ဝင်သွားလေသည်။

လေထင်က မြင်လိုက်သည်နှင့် ကိုယ်ကို ပြန်လှည့်လိုက်၏။ သို့သော် သူက အကောင်ကြီးသဖြင့် ခေါင်းဝင်သွားလျှင် ခွေးတင်ပါးက အပြင်ထွက်နေသည်။ ခွေးတင်ပါးက အမွှေးနည်းသဖြင့် လေတိုက်လျှင် အေးလေသည်။ ထို့ကြောင့် ခဏကြာလျှင် လေထင်သည် ကိုယ်ကိုပြန်လှည့်ပြီး ခေါင်းကိုသာ အပြင်ထုတ်ထားရန် ရွေးချယ်လိုက်ကာ သမ်းဝေပြီး အိပ်ပျော်သွားတော့သည်။

ရှန်မြောင်လည်း လေထင်က ကြောင်ကို သည်လောက်ချစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပုံမှန်ဆိုလျှင် ကျွေးဖုန်းနှင့် မကစားဘဲ ချီလင်ရောက်လာမှ ချီလင်၏ ဂုတ်ပိုးကို ကိုက်ပြီး လျှောက်သွားတတ်သည်။ ချီလင်၏ ကြောင်လက်သီးနှင့် အထိုးခံရပြီး မာန်ဖီခံရလျှင်လည်း စိတ်မဆိုးဘဲ လျှာထုတ်ကာ ရယ်ပြတတ်သည်။

ရှန်မြောင်က စောင်အနွေးစားပွဲက စောင်ကို မကြည့်လိုက်ရာ ချီလင်သည် ထင်ထားသည့်အတိုင်း အလျက်ခံနေရပြန်သည်။ သို့သော် အတွင်းပိုင်းအပူချိန် မြင့်မားသဖြင့် သူ့အမွှေးများ ခြောက်လုနီးပါးဖြစ်နေပြီ။ ယခုအခါ ဝဖိုင့်ဖိုင့်နှင့် လေထင်၏ အနွေးထွေးဆုံး ဗိုက်နားတွင် ကပ်နေပြီး အမြီးကြီးကို ကွေးကာ မျက်လုံးမှေးစင်းနေတော့သည်။

ရာသီဥတု အေးလွန်းသဖြင့် ကျွေးဖုန်းသည်လည်း ကြက်အိမ်ကို စွန့်ပစ်လိုက်ကာ ယခု သူတို့နှစ်ကောင်နားတွင် ကပ်နေသည်။ ကြောင်တစ်ကောင်ကို ခွေးနှစ်ကောင်က ညှပ်ထားပြီး စားသောက်ပြီးစီးချိန်တွင် စောင်အနွေးစားပွဲအောက်၌ နွေးထွေးစွာဖြင့် အိပ်ငိုက်နေကြတော့သည်။

ညနက်လာပြီး ကြောင်နှင့်ခွေးများလည်း ငြိမ်သက်သွားပြီဖြစ်ရာ လူများလည်း အိပ်သင့်လေပြီ။ အားထောင်က စောင်အနွေးစားပွဲထဲသို့ မီးသွေးခွက်အသစ် လဲပေးလိုက်သည်။ သည်လိုဆိုလျှင် ညဘက်တွင် ကြောင်နှင့်ခွေးများ အေးတော့မည်မဟုတ်ပေ။ ရှန်မြောင်သည် ရှန်းအာကို အခန်းထဲခေါ်သွားပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပေးကာ လက်ဖဝါး ခြေဖဝါးများကို သန့်ရှင်းအောင် ဆေးကြောပေးပြီး အသားမပတ်စေရန် ဝက်ဆီခရင်မ်ကို လိမ်းပေးလိုက်မှ ကျေနပ်တော့သည်။

အိပ်ရာပေါ်တက်ခါနီးတွင် သူမကို ခြေအိတ်အထူကြီး ဝတ်ပေးလိုက်ပြီး ဂွမ်းစောင်ဖြင့် သဘက်လိပ်သလို လိပ်ပေးလိုက်သည်။ ရှန်းအာက ခေါင်းလေးသာ ဖော်ထားပြီး ရှန်မြောင်ကို သတိပေးလိုက်သည်။

"မကြီး... ပုံပြင် နားထောင်ချင်တယ်"

ရှန်မြောင်သည် အလေ့အကျင့်ရနေပြီဖြစ်ရာ သူမ အကြိုက်ဆုံးဖြစ်သည့် အမျိုးသမီးစစ်သူကြီးပုံပြင်များကို ပြောပြလိုက်လေသည်။

ရှန်းအာသည် ထူးဆန်းစွာပင် မုလန်စစ်ထဲဝင်သည့်အကြောင်း၊ အမျိုးသမီးစစ်သည်များအကြောင်းကို နားထောင်ရသည်ကို နှစ်သက်သည်။ ရှန်မြောင်သည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ဖူဟောင် မှစ၍ ဖိန်ယန်ကျောက် မင်းသမီးအကြောင်းအထိ ပြောပြလိုက်သည်။ စုန့်ခေတ်မတိုင်ခင်က ဘယ်အမျိုးသမီးစစ်သူကြီးများ ရှိသေးသည်ကို သူမကိုယ်တိုင်လည်း မမှတ်မိတော့ပေ။ စကားလုံးများ ကုန်ခမ်းလာသော်လည်း ရှန်းအာ၏ မျက်လုံးဝိုင်းလေးများနှင့် စိုက်ကြည့်နေမှုကို မလွန်ဆန်နိုင်သဖြင့် ခေတ်နောက်ခံနှင့် မင်းဆက်များကို ဖျောက်ထားပြီး ရှယ်ထိုက်ကျွင်း၊ လျန်ဟုန်ယွီ၊ ချင်လျန်ယွီ တို့အကြောင်းကိုပါ ပြောပြလိုက်ရတော့သည်။

ရှန်းအာသည် စိတ်ပါဝင်စားစွာ နားထောင်နေလေသည်။ သူမသည် သည်အကြောင်းများကို အရမ်းကြိုက်သဖြင့် ညတိုင်း နားထောင်ပြီးမှ အိပ်တတ်သည်။ အိပ်မက်ထဲတွင် အမျိုးသမီးစစ်သူကြီး လုပ်နေသလားမသိ။ အိပ်နေရင်း လက်သီးထိုး ခြေထောက်ကန်လုပ်တတ်ပြီး အိပ်ရာပေါ်တွင် လှည့်ပတ်နေတတ်သည်။ တစ်ခါကဆိုလျှင် စောင်ပတ်လျက်သား အိပ်ရာပေါ်မှ ပြုတ်ကျဖူးသည်။ ကံကောင်းသည်က စောင်ပတ်ထားသဖြင့် ဘာမှမဖြစ်ပေ။ ရှန်မြောင် နောက်တစ်နေ့ တံခါးဖွင့်ကြည့်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်၌ စောင်လိပ်ကြီးနှင့် အိပ်ပျော်နေပြီး ဟောက်သံလေးများပင် ထွက်နေသည့် ရှန်းအာကို တွေ့လိုက်ရသည်။

ကျိအာ အိမ်မှာရှိသည်နှင့် ချန်ချွမ်းက သူနှင့် အမြဲတမ်း အတူတူအိပ်လေ့ရှိသည်။ အိပ်ရာမဝင်ခင် သူသည် ကျိအာနှင့် စာဖတ်ခြင်း၊ စာကျက်ခြင်းနှင့် ဥပဒေအကြောင်း ဆွေးနွေးခြင်းများ ပြုလုပ်နိုင်သောကြောင့်ပင်။ ကျိအာသည် ချန်ချွမ်း နားမလည်သည့် စာလုံးများကို ကူးရေးပေးတတ်သည်။ အထူးသဖြင့် ကျိအာ၏ ကျောင်းပိတ်ရက်က မများသဖြင့် ချန်ချွမ်းသည် သည်အခွင့်အရေးကို တန်ဖိုးထားလေသည်။

သူတို့သည် အခန်းထဲတွင် "စုန့်ရာဇသတ်ကြီး" ဥပဒေအကြောင်းကို တီးတိုးဆွေးနွေးနေကြသည်။ "အစ်ကို... ဒီဥပဒေရဲ့ အဓိပ္ပါယ်က အမျိုးသားအမွေဆက်ခံသူမရှိဘဲ (မျိုးဆက်ပြတ်) ကွယ်လွန်သွားတဲ့သူရဲ့ ဆိုင်ခန်း၊ နေအိမ်၊ ပိုင်ဆိုင်မှုနဲ့ ငွေကြေးတွေကို သူ့ရဲ့ ဆွေမျိုးရင်းချာတွေက ရောင်းချခွင့်ရှိတယ်၊ အဲဒီငွေနဲ့ နာရေးကိစ္စနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီးမှ ကျန်တဲ့ပစ္စည်းတွေကို သမီးဖြစ်သူက ပိုင်ဆိုင်ခွင့်ရှိတယ်၊ တကယ်လို့ သမီးမရှိရင် သွေးသားတော်စပ်တဲ့ ဆွေမျိုးတွေကို ခွဲဝေပေးရမယ်... ဆိုတဲ့ သဘောလား"

ချန်ချွမ်းက ဖတ်ပြီးနောက် မကျေနပ်ပေ။ "သမီးဖြစ်သူက ဘာလို့ မိသားစုပိုင်ဆိုင်မှုကို မပိုင်ဆိုင်ရတာလဲ။ မိသားစုပိုင်ဆိုင်မှုတွေကို သမီးကိုပေးပြီး နာရေးလုပ်ခိုင်းရင် မရဘူးလား။ ဆွေမျိုးတွေကို ပေးပြီး ရောင်းခိုင်းရင် သူတို့က သေချာ ဂူသွင်းသင်္ဂြိုဟ်ပါ့မလား။ အဲဒီအတွက် ကိုယ်ကျိုးရှာကြမှာပေါ့။ သမီးဖြစ်သူကမှ ကိုယ့်မိဘကို အဲလိုမလုပ်မှာ။ ပြီးတော့ တကယ်လို့ ဆွေမျိုးတွေ သေကုန်ရင်ရော"

ကျိအာက သူ့အဖြစ်ကို ပြန်တွေးမိသွားသည်။ ကံကောင်းလို့ သူ မသေခဲ့တာ။ တကယ်လို့ သူ သေသွားခဲ့ရင် အိမ်က ပစ္စည်းတွေအားလုံး ဦးကြီးမိသားစုပိုင် ဖြစ်သွားမှာ။ မကြီး ပြန်လာရင်တောင် တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး။

သူသည် ရင်ထဲက ခံစားချက်ကို မြိုသိပ်လိုက်ပြီး ချန်ချွမ်း၏ သိလိုစိတ်ပြင်းပြနေသော မျက်လုံးများကို ကြည့်ကာ တရားမျှတစွာ ရှင်းပြလိုက်သည်။ "သူ့သမီးက အိမ်ထောင်ကျပြီးသား ဖြစ်နေလို့များလား။ ပြီးတော့ သူ့မှာ အိမ်ထောင်မကျသေးတဲ့ တခြားသမီး မရှိလို့နေမှာပေါ့၊ တကယ်လို့ အိမ်ထောင်ကျပြီးသား သမီးကို အမွေပေးလိုက်ရင် ဒီပစ္စည်းတွေက သမက်ပိုင် ဖြစ်သွားမှာမို့လို့လေ။ အဲဒါကျတော့ မမျှတပြန်ဘူး..."

ရှန်မြောင်က တံခါးဝတွင်ရပ်ပြီး ခဏလောက် နားထောင်လိုက်ကာ သမ်းဝေလိုက်သည်။ သူတို့က အိပ်ခါနီးတိုင်း စကားပြောတတ်ကြသည်။ အမွေခွဲဝေမှုအကြောင်းကို လေးလေးနက်နက် ပြောဆိုနေကြသည်ကို ကြားလိုက်ရသဖြင့် ရှန်မြောင်က ရယ်ချင်သွားပြီး ခေါင်းခါလိုက်မိလေသည်။ တံခါးအပြင်ဘက်မှနေ၍ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီး ဝက်ဆီခရင်မ်လိမ်းဖို့ မှာလိုက်သည်။ မဟုတ်လျှင်တော့ မနက်ဖြန် မျက်နှာတွေ အက်ကွဲကုန်လိမ့်မည်။

ကျန်တာတော့ ထားလိုက်ပါတော့။ ယောက်ျားလေးတွေဆိုတော့ ကြမ်းကြမ်းတမ်းတမ်း နေပါစေလေ။

အားထောင်ကလည်း မျက်နှာသစ်ပြီးသွားပြီ။ စောင်ထဲတွင် မှောက်လျက်သားဖြင့် ပိုက်ဆံရေနေ၏။ သူမသည် ရှန်မြောင်ထံမှ ဟင်းရွက်စိမ်သည့် အိုးကြီးတစ်လုံး တောင်းထားပြီး လစဉ်ရသည့် လစာများကို ထဲထဲထည့်ကာ ညတိုင်း အိပ်ရာမဝင်ခင် တစ်ခေါက်လောက် ရေတွက်ကြည့်မှ အိပ်ပျော်တတ်သည်။ သူမသည် ထိုပိုက်ဆံစုအိုးကြီးကို ညဘက်တွင် ဖက်အိပ်တတ်သေးသည်။ အေးသည်ဟုပင် မထင်ပေ။

ဖူရှင်းနှင့် ထန်အာက ပိုဆိုးသေးသည်။ သူတို့သည် ရှန်မြောင်အိမ်ရောက်မှ ရှန်မြောင်က နှာခေါင်းပိတ်ပြီး အတင်းခိုင်းမှ ညအိပ်ရာမဝင်ခင် သွားတိုက်၊ မျက်နှာသစ်၊ ခြေထောက်ဆေးတတ်ကြသည်။ မဟုတ်လျှင် သူတို့သည် ခြေအိတ်ကို ထောင်ထားလို့ရသည့်အထိ ဝတ်ပြီးမှ လျှော်တတ်ကြသည်။ သည်းခံနိုင်စရာ လုံးဝမရှိပေ။ နောက်ပိုင်းတွင် ရှန်မြောင်က စည်းကမ်းထုတ်လိုက်သည်။ မဟုတ်လျှင် ဘဲကင်နှင့် ဟင်းလှီးဓားကို မကိုင်ရ၊ မီးဖိုချောင်ထဲ မဝင်ရ ဟု အမိန့်ပေးလိုက်သည်။

လဝက်လောက်ကြာတော့မှ အကျင့်ကောင်းများ ရသွားကြသည်။

သူတို့အားလုံး အခန်းထဲ ပြန်ရောက်နေကြပြီ။ မီးမမှိတ်သေးသဖြင့် ပြတင်းပေါက်စက္ကူပေါ်တွင် လူရိပ်နှစ်ခု ပေါ်နေ၏။ ပိန်ပိန်ရှည်ရှည်နှင့်လူမှာ ထန်အာ ဖြစ်ပြီး သူက အဝတ်အစားများကို သေချာခေါက်နေသည်။ ပုပုဝဝနှင့်လူမှာ ဖူရှင်းဖြစ်ပြီး သူက အိပ်ရာခင်းနေသည်။

ရှန်မြောင်သည် အဆောင်မှူးတစ်ယောက်ကဲ့သို့ ခြံဝင်းထဲက တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးလိုက်သည်။ တံခါးဂျက်ထိုးထားသည်ကို သေချာအောင် လုပ်ပြီးမှ မီးအိမ်ကိုမှိတ်လိုက်သည်။ ထို့နောက် ဖယောင်းတိုင်ငယ်လေးကို ကိုင်ကာ သူမအခန်းထဲသို့ ပြေးဝင်ပြီး နွေးထွေးနေသည့် မီးဖိုခုတင်ပေါ်သို့ တက်လိုက်တော့သည်။

နောက်တစ်နေ့တွင် သူမ အိပ်ရာနိုးလာချိန်၌ သည်နေ့ မိုးကောင်းကင်သည် ထူးထူးခြားခြား လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ ၃-၄ထပ် ကပ်ထားသည့် ပြတင်းပေါက်စက္ကူမှတဆင့် အလင်းရောင်များ ဖြာကျနေသည်။ သူမသည် နွေးထွေးသည့် စောင်ထဲမှ မထချင်သဖြင့် စောင်ပတ်ကာ ကိုယ်တစ်ခြမ်းထလိုက်ပြီး ပြတင်းပေါက်ကို အနည်းငယ်ဟကာ အပြင်သို့ ချောင်းကြည့်လိုက်လေသည်။

ဆောင်းတွင်း၏ ခြံဝင်းငယ်လေးသည် ငွေရောင်လွှမ်းနေပြီး နှင်းများဖြင့် ဖြူဖွေးလို့နေသည်။

အိုမင်းနေသည့် ကွေ့ဟွားပင်၏ အကိုင်းအခက်များသည် နှင်းဒဏ်ကြောင့် ကွေးညွှတ်နေသည်။ ရေအိုးစင်ပေါ်တွင် နှင်းအလွှာတစ်ထပ် ဖုံးအုပ်နေသည်။ ချီလင်သည် ထိုအပေါ်မှ ဖြတ်လျှောက်သွားခဲ့ပုံရသည်။ ခြံဝင်းထဲတွင် ကြောင်ခြေရာများ ရေအိုးစင်အထိ ရှိနေပြီး ထိုမှတဆင့် အောက်သို့ ခုန်ဆင်းသွားခဲ့သည်။

ကောင်းကင်က မြူဆိုင်းနေပြီး တိမ်တိုက်များ မီးခိုးရောင်သမ်းနေသည်။ နှင်းများက ကျနေဆဲ။ ဖုန်မှုန့်ကဲ့သို့ သေးငယ်နေသည်။ လေပြင်းမတိုက်သဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ရွာသွန်းနေလေ၏။

ရှန်မြောင်သည် ပြတင်းပေါက်မှတဆင့် နှင်းကျနေသည်ကို အကြာကြီး ငေးကြည့်နေမိသည်။

သို့သော် သူမသည် နှင်းကျသည်ကိုကြည့်ပြီး လွမ်းဆွတ်နေခြင်းမျိုး မရှိပေ။ စိတ်ထဲတွင် လှုပ်ရှားတက်ကြွနေသည့် အကြံတစ်ခုသာ ရှိနေသည်။

ပြတင်းပေါက်ရှေ့တွင် နှင်းများကျနေပြီ။ သည်နေ့ အဒေါ်လီ၊ လက်သမားဆရာဟယ်တို့နှင့် ချိန်းပြီး ဘဲမွေးမြူရေးခြံသို့ သွားရောက်ကာ နေရာချထားပုံကို စီစဉ်ရမည်။ ပြန်ရောက်လာရင်... တကယ့် "ပေါ်ရှကုန်း" (ဟော့ပေါ့တစ်မျိုး) တစ်ပွဲလောက် စားသင့်သည် မဟုတ်ပါလား။

သို့သော် ကြေးနီသည် ယခုခေတ်တွင် ငွေကြေးအဖြစ် သုံးနေသဖြင့် ကြေးအိုးနှင့် ချက်စားရန်မှာ စရိတ်ကြီးလွန်းလှသည်။ မြေအိုးက အပူကူးခြင်း သိပ်မကောင်းလှပေ။ စဉ်းစားလိုက်ပြီးနောက် ရှန်မြောင်သည် အရင်က ပိုင်လောင်စန်း သူမကို စားသောက်ပွဲစီစဉ်ခိုင်းစဉ်က ငန်းတစ်ကောင် ပေးခဲ့ပြီး သူမက သတ်ပြီး မြေအောက်ခန်းထဲတွင် အေးခဲထားခဲ့သည်ကို သတိရသွားတော့သည်။ ဒါဆိုရင်တော့...

ယောက်ချိုဇွန်းက အရာရာကို ချက်ပြုတ်နိုင်တယ်ဆိုတော့... ဒယ်အိုးကြီးနဲ့ ငန်းပေါင်းချက်လိုက်ရအောင်။

...

အပိုင်း (၁၂၈) ထျန်မော်နှင့် မုန်လာဥပိုင်မုန့်

ရှန်မြောင်သည် စောင်ပုံထဲတွင် ရုန်းကန်နေဆဲအချိန်၌ ထန်အာနှင့် ဖူရှင်းတို့သည် နှင်းများ လှည်းကျင်းပြီးနေလေပြီ။ အလုပ်ပြီးသည်နှင့် ထန်အာသည် တံခါးအပြင်ဘက်မှနေ၍ ရှန်မြောင်ကို လှမ်းပြောလိုက်သည်။

"ညန်ဇီ အိပ်ကောင်းတုန်း အိပ်လိုက်ပါဦး၊ ဒီနေ့ မနက်စာကို ကျွန်တော်ပဲ ပြင်ဆင်လိုက်ပါ့မယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ရှန်မြောင်သည် ချက်ချင်း အိပ်ရာထချင်စိတ် ပေါက်သွားတော့သည်။ ထန်အာ၏ လက်ရာဆိုသည်မှာ အသက်ရှင်ရုံ စားရသည်မျိုး ဖြစ်သည်။

"ညန်ဇီ မလန့်ပါနဲ့၊ ကျွန်တော့်အမေငယ်က ချီကျိုး (ကျီနန်) သရေစာလုပ်နည်း သင်ပေးဖူးတယ်။ သူ မုန်လာဥပိုင်မုန့်လုပ်ရင် တစ်ကိုက်ကိုက်လိုက်တာနဲ့ ဆီတွေထွက်လာပြီး မွှေးနေတာပဲ။ ပြီးတော့ ထျန်မော်(ဆန်ပြုတ်ချို) လို့ခေါ်တဲ့ အရည်ပျစ်ပျစ် မွှေးမွှေးလေးလုပ်တာလည်း အရမ်းကောင်းတယ်။ အဲဒီနှစ်မျိုးတော့ သူ့လောက် လက်ရာမစစ်ပေမယ့် စားလို့ဖြစ်ပါတယ်"

ထန်အာသည် ကိုယ့်ကိုယ်ကိုယ် ကောင်းစွာသိသဖြင့် အလျင်အမြန် ဖြည့်စွက်ရှင်းပြလိုက်သည်။ "မကောင်းရင် ဖူရှင်း ရှိသေးတာပဲ။ ညန်ဇီ စိတ်ချလက်ချ ပြန်အိပ်လိုက်ပါဦး"

ဒါဆိုလည်း ဖြစ်သားပဲဟု တွေးကာ ရှန်မြောင်သည် ကုတင်ပေါ် ပြန်လှဲကာ မှေးလိုက်လေသည်။ မနေ့က ကောက်ညှင်းဝိုင် အနည်းငယ် သောက်ထားသဖြင့် မူးယစ်ခြင်းမရှိသော်လည်း ခန္ဓာကိုယ်က ပျင်းရိလေးလံနေသည်။ အထူးသဖြင့် နွေးထွေးသော စောင်ပုံထဲတွင်နေကာ ပြတင်းပေါက် အပြင်ဘက်မှ အုတ်ကြွပ်ပြားပေါ်သို့ နှင်းကျသံ တဖွဲဖွဲကို နားထောင်နေရသည်မှာ ပိုးကောင်လေးများ အရွက်စားနေသကဲ့သို့ တရှဲရှဲမြည်နေပြီး ပို၍ အိပ်ချင်စေလေသည်။

ရှားရှားပါးပါး တစ်ရေးပြန်အိပ်လိုက်ရာ သူမသည် အားအင်ပြည့်ဝသွားတော့သည်။ ဂွမ်းထူထူ အဝတ်အစားများနှင့် အပြင်ဘက်တွင် သိုးရေတစ်ထပ်ချုပ်ထားသော ဂွမ်းဖိနပ်ကို ဝတ်ဆင်လိုက်သည်။ လည်စည်းပဝါကို ပတ်ကာ နားအုပ်ပါသော ဦးထုပ်ကို ဆောင်းလိုက်သည်။ ထန်အာ ဘာအစားကောင်းများ လုပ်နေလဲဟု သွားကြည့်ရန် ပြင်လိုက်စဉ် စားပွဲခုံဘေးတွင် တင်ထားသည့် ရှောင်းဟန်ထူပန်းချီကားကို တွေ့လိုက်ရသည်။

များသောအားဖြင့် ရှောင်းဟန်ထူများသည် စာလုံး (၉) လုံးပါပြီး တစ်လုံးလျှင် (၉) ချက်ဆွဲရသော စာသားကို ရွေးချယ်ကာ တင့်တယ်အောင် ရေးဆွဲကြသည်။ ဥပမာ - "နွေဦးမတိုင်ခင် ခြံဝင်းထဲက ထင်းရှူးပင်ရနံ့ အခန်းထဲပြည့်နှက်" ဆိုသည့် စာသားမျိုးဖြစ်သည်။ ထိုစာလုံး (၉) လုံးကို စာရွက်ပေါ်တွင် အကောင်ပုံဖော် ရေးဆွဲထားပြီး စာလုံးတစ်လုံးသည် "ကိုးရက်တစ်ပတ်" ကို ကိုယ်စားပြုကာ မျဉ်းတစ်ချက်သည် "တစ်ရက်" ကို ကိုယ်စားပြုသည်။ ဆောင်းယာဉ်စွန်းတန်းပွဲတော်မှစ၍ နေ့စဉ် စာလုံးပေါ်တွင် မျဉ်းတစ်ချက် ဖြည့်ဆွဲရသည်။ ထိုစာလုံး (၉) လုံး ပြည့်သွားသည့်အချိန်တွင် နွေဦးပေါက်ရာသီ ရောက်ရှိလာလိမ့်မည်။

သာမန်ပြည်သူများအိမ်တွင်မူ ရက်ရေတွက်ခြင်းက ပိုမိုရိုးရှင်းသည်။ လမ်းမပေါ်တွင် စာရေးပေးသည့် ဆရာကို အကွက် (၉) ကွက် ဆွဲခိုင်းလိုက်သည်။ အကွက်တိုင်း၏ အလယ်တွင် စက်ဝိုင်းတစ်ခု ထပ်ဆွဲလိုက်ပြီး "ကြေးပြားဝိုင်းဆွဲခြင်း" ဟု ခေါ်ဆိုကြသည်။ ကြေးပြားဝိုင်း (၈၁) ခု ပြည့်အောင် ဆွဲလိုက်လျှင် ပြီးပြည့်စုံသွားသည်။

ကျိုကော ရေးဆွဲထားသည့် ရှောင်းဟန်ထူကမူ ပိုမိုလက်ရာမြောက်ပြီး အသေးစိတ်ကျသည်။ သူသည် ဆောင်းနှင်းဆီးပန်း (၉) ခက်ကို ဆွဲထားပြီး တစ်ခက်တွင် ပန်း (၉) ပွင့် ပါဝင်သည်။ သစ်ကိုင်းတစ်ကိုင်းသည် ကိုးရက်တစ်ပတ်ဖြစ်ပြီး ပန်းတစ်ပွင့်သည် တစ်ရက်တာဖြစ်သည်။ ဆီးပန်းခက်တိုင်း၏ ဘေးတွင် တုမု ၏ ကဗျာကို ရေးထိုးထားသေးသည်။ "အလင်းရောင်က ချောင်းရေကို ထိုးဆင်းပြီး၊ နတ်ဘုံနတ်နန်းကနေ ဆင်းသက်လာသလိုပဲ"

ထို့ပြင် ကျိုကော သုံးထားသည့် မင်ရည်က ဘာထူးခြားမှုရှိလဲမသိ၊ တကယ်ပင် ဆီးပန်းရနံ့ သင်းပျံ့နေလေသည်။

သည်ရှောင်းဟန်ထူကို အစက သူမ ဘယ်လိုခြယ်သရမှန်း မသိခဲ့ပေ။ ကျိကောအာက စာပေသမားများ၏ အနုပညာကို နားလည်သဖြင့် သူမကို သင်ပေးခဲ့သည်။

"မကြီး... ဒါက နေ့စဉ် ရာသီဥတုအလိုက် မတူညီတဲ့အရောင်တွေနဲ့ ရေးဆွဲရတာ။ နေသာရင် အနီရောင်၊ တိမ်ထူရင် အစိမ်းရောင်၊ နှင်းကျရင် အဖြူရောင်... အဲလိုသဘောမျိုးပဲ။ ဆီးပန်းပွင့်တွေအားလုံး အရောင်ခြယ်ပြီးသွားရင် "အေးချမ်းတဲ့ဆောင်းကာလ" ကုန်ဆုံးသွားပြီပေါ့"

ပြောပြီးသည်နှင့် သူက အခန်းထဲပြန်ကာ သူ့မင်ရည်တစ်စုံကို သူမအတွက် ယူလာပေးခဲ့သည်။

သည်နေ့သည် ဒုတိယမြောက် ပန်းပွင့်ကို ခြယ်သရမည့်ရက်ဖြစ်သည်။ မနေ့က ဆောင်းယာဉ်စွန်းတန်းအဝင် ရက်ရေတွက်ခြင်း စတင်သည့်နေ့တွင် နှင်းမကျသဖြင့် သူမသည် နေရောင်ခြည်ကို ကိုယ်စားပြုသော အနီရောင်ကို ခြယ်ခဲ့သည်။ သည်နေ့ နှင်းကျသဖြင့် မင်ရည်ဖျော်ကာ ရေအရောင် ဖျော့ဖျော့လေး ခြယ်လိုက်မည်။

ဆေးရောင်ခြယ်ကစားနည်းနှင့် တူလေသည်။ ရှန်မြောင်သည် စုတ်တံကိုကိုင်ကာ ဆီးပန်းပွင့်ကို သေချာခြယ်သပြီးမှ အကြောဆန့်ကာ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင် နှင်းများ ထူထူထဲထဲ မရှိတော့ပေ။ ဖူရှင်းက ဘေးတစ်ဖက်သို့ လှည်းကျင်းထားပြီးဖြစ်သည်။ သို့မဟုတ်လျှင် နင်းမိသည့်အခါ စိုစွတ်ပြီး ညစ်ပေသွားနိုင်သည်။

သို့သော် လှမ်းကြည့်လိုက်သည့်အခါ အုတ်ကြွပ်များ၊ ခေါင်မိုးစွန်းများနှင့် ခြံစည်းရိုးပေါ်က ကြွေပဲ့စများသည် အဖြူရောင်အလွှာတစ်ထပ် ဖုံးအုပ်နေသည်ကို တွေ့ရသည်။ တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားသည့် ဝါးလေခြူခေါင်းလောင်းလေးသည်လည်း အဖြူရောင်ဦးထုပ်လေး ဆောင်းထားသကဲ့သို့ ချစ်စဖွယ် ကောင်းနေသည်။

နှင်းကျလိုက်သည်နှင့် လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ခံစားရပြီး ဖလင်ကားထဲက အရောင်များကြားတွင် နေထိုင်နေရသလိုလိုပင်။

ခြံဝင်းထဲရှိ ရေကန်ငယ်လေးတွင် ရေခဲပါးလေးများ ခဲနေသည်။ နှင်းများက ဆက်တိုက် ကျဆင်းနေပြီး ရေမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ အရည်ပျော်သွားကာ လက်ကြက်ခွပ်ဝိုင်းလေးများ ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားကြသည်။ အိမ်ဖွဲ့နေထိုင်ကြသော ဖားများသည် ရေအောက်ခြေရှိ ရွှံ့နွံများထဲသို့ ဝင်ရောက်သွားကြပြီ ထင်သည်။ အအေးဒဏ်ခံနိုင်သော ငါးခါးရောင်စုံလေးများပင် ရေအောက်ခြေရှိ ရေမှော်ပင်များကြားတွင် ပုန်းခိုနေကြပြီး ဟိုဟိုသည်သည် မကူးခတ်ကြတော့ပေ။

ရေကန်ဘေးရှိ သစ်သားဆိုင်းဘုတ်လေးကို "ဖားများ ဆောင်းခိုနေသည်။ နွေဦးမှ ပြန်တွေ့ကြမယ်" ဟု ပြောင်းလိုက်သင့်သည်။

ရှန်မြောင်သည် လမ်းလျှောက်ရင်း ကြည့်ရှုလာကာ စကပ်ကိုမပြီး မီးဖိုချောင်ထဲသို့ ဝင်လိုက်ချိန်တွင် မီးဖိုရှေ့၌ အလုပ်ရှုပ်နေသော ထန်အာနှင့် ဖူရှင်းကို အရင်မတွေ့ဘဲ ဟင်းသီးဟင်းရွက်တင်သည့် သစ်သားစင်ပေါ်သို့ ခုန်တက်ကာ ကိုယ်ကိုနှိမ့်ထားသည့် ချီလင် ကို အရင်တွေ့လိုက်ရလေသည်။

၎င်းသည် အမြီးကို ဘယ်ညာ ယမ်းခါနေပြီး သံချိတ်တွင် ချိတ်ထားသည့် ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်များကို စူးစိုက်ကြည့်နေ၏။

ရှန်မြောင်က မဟုတ်ချေဘူးဟု တွေးလိုက်ပြီး အော်လိုက်မည် ပြုစဉ်မှာပင် ချီလင်သည် ခုန်တက်လိုက်ပြီး လေထဲတွင် ရှေ့ခြေသည်းများကို ဖြန့်ကာ ထက်မြက်သော လက်သည်းများ ထွက်ပေါ်လာပြီး သူ့နှင့်အနီးဆုံး ဝက်အူချောင်းကို မြဲမြံစွာ ဖက်တွယ်လိုက်တော့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အလေးချိန်ကို အသုံးပြုကာ ဝက်အူချောင်းချိတ်ထားသည့် ကောက်ရိုးကြိုးကို ဆွဲဖြတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထက် ပိုရှည်သော ဝက်အူချောင်းကို ဆွဲကာ ကြမ်းပြင်ပေါ်သို့ ကျလာပြီးသည်နှင့် ပါးစပ်ဖြင့်ကိုက်ချီကာ ထွက်ပြေးလေတော့သည်။

"ဝက်အူချောင်းခိုးတဲ့ သူခိုးဟဲ့" ရှန်မြောင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ဘာသူခိုးလဲ" ထန်အာနှင့် ဖူရှင်းတို့ ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်ချိန်တွင် ချီလင်သည် ဝက်အူချောင်းကို တရွတ်တိုက်ဆွဲကာ ပြတင်းပေါက်ပေါ် ခုန်တက်၊ ထိုမှတဆင့် ရေအိုးစင်ပေါ် ခုန်ချကာ အမဲလိုက်ပြန်လာသည့် စစ်သည်တော်တစ်ဦးအလား ခေါင်းမော့ရင်ကော့ဖြင့် စောင်အနွေးစားပွဲအောက်သို့ တိုးဝင်သွားတော့သည်။

ရှန်မြောင်လည်း ကြောင်ပါးစပ်ထဲမှ ဝက်အူချောင်းကို အမြန်သွားလုရသည်။

ချီလင်က ပါးစပ်မဟပေ။ ရှန်မြောင်သည် လွန်ဆွဲပွဲနွှဲသကဲ့သို့ ကြောင်ပါးစပ်ထဲမှ အစာကို လုယူလိုက်ရသည်။

ပါးစပ်နားရောက်မှ ဝက်အူချောင်း ပြန်ပါသွားသဖြင့် ချီလင်သည် မကျေနပ်စွာဖြင့် ရှန်မြောင်နောက်သို့လိုက်ကာ "တညောင် ညောင်" နှင့် အော်နေတော့သည်။

ရှန်မြောင်သည် စဉ်းတီတုံးပေါ်မှ ဓားကိုယူကာ သူကိုက်ထားသည့် အပိုင်းကို လှီးဖြတ်ပြီး ပစ်ကျွေးလိုက်သည်။ နှမြောတသဖြစ်စွာဖြင့် ခေါင်းခါလိုက်ပြီး ညည်းတွားလိုက်သည်။ "စုစုပေါင်းမှ နည်းနည်းလေး လုပ်ထားရတာကို... အိမ်သူခိုးက ကာကွယ်ရခက်တယ်။ အိမ်သူခိုးက ကာကွယ်ရခက်တယ်"

ထန်အာက ရယ်မောလိုက်ပြီး "ကျွန်တော်က ထင်နေတာ။ သူ ဘာလို့ မီးဖိုချောင်ထဲ စောစောစီးစီး ရောက်နေပါလိမ့်လို့၊ အပြင်မှာအေးလို့ ထင်နေတာ။ တကယ်တော့ ဝက်အူချောင်းကို ကြံစည်နေတာကိုး"

ဖူရှင်းက ဝင်မေးသည်။ "မီးဖိုချောင်တံခါး ဘယ်သူဖွင့်ပေးလိုက်တာလဲ"

"ပြတင်းပေါက်ကနေ ဝင်တာ"

ရှန်မြောင်က ခုနက ကြောင်နောက်လိုက်ရင်း လမ်းကြောင်းကို တွေ့ခဲ့သည်။ ထို့အပြင် သူက ပြတင်းပေါက်ကို ဖွင့်တတ်လိုက်သေးသည်။ သည်ခေတ် ပြတင်းပေါက်များသည် အောက်မှနေ၍ အပေါ်သို့ တွန်းတင်ရပြီး သစ်သားတုတ်ဖြင့် ထောက်ထားရသည်။ ချီလင် ဘယ်လိုလုပ်ပြီး အပေါ်သို့ တွန်းတင်တတ်သွားလဲ မသိပေ။

"ဒီကြောင် မလွယ်ဘူးပဲ" ထန်အာက တအံ့တဩ ပြောလိုက်၏။ "ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ပြတင်းပေါက် ဖွင့်တတ်နေပြီ။ တော်လိုက်တာ။ ဒီလောက်ဝနေတာ အလကားမဟုတ်ဘူး။ အားတွေချည်းပဲ"

ဖူရှင်းကလည်း ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထန်အာကိုကူကာ မုန်လာဥအဆာသွတ်နယ်ပေးရင်း ချီလင်ဘက်မှ ဝင်ပြောပေးလိုက်သည်။

"ညန်ဇီ လုပ်ထားတဲ့ ဝက်အူချောင်းက အရမ်းမွှေးတာကိုး။ မီးဖိုချောင်ထဲမှာ လှမ်းထားတော့ ကျွန်တော်တောင် နေ့တိုင်းနမ်းပြီး သွားရည်ကျနေတာ။ ချီလင့်ကို အပြစ်မဆိုပါနဲ့။ သူက ဒီလောက် ငယ်သေးတာ။ ဒီလိုသွေးဆောင်မှုမျိုးကို ဘယ်ခံနိုင်ပါ့မလဲ"

ဖူရှင်း သည်စကားပြောပုံထောက်ရင် သူသည်လည်း ကြောင်ချစ်သူတစ်ဦး ဖြစ်ရပေမည်။

ရှန်မြောင်က နှုတ်ခမ်းဆူလိုက်ပြီး ပြတင်းပေါက်ကို ကျောက်တုံးဖြင့် ဖိထားရန် ကြိတ်ပြီး ဆုံးဖြတ်လိုက်တော့သည်။

ဝက်အူချောင်း အရေအတွက်ကို ရေတွက်ကြည့်လိုက်ရာ အကိုက်ခံရသည့် တစ်ချောင်းမှလွဲလျှင် ကျန်ဝက်အူချောင်းများက အကောင်းအတိုင်း ရှိသေးသည်။ ချီလင်လက်ချက် မမိသေးပေ။ ထိုအခါမှ ရှန်မြောင် စိတ်သက်သာရာရသွားပြီး ထန်အာ မနက်စာ ဘာလုပ်ထားလဲဆိုတာကို လှည့်ကြည့်မိသည်။

"ထျန်မော် ဆိုတာ ကြားဖူးပေမယ့် မစားဖူးဘူး" ကြားဖူးတယ်ဆိုတာကလည်း အရင်ဘဝတုန်းက ကြားဖူးခဲ့တာဖြစ်သည်။

ထျန်မော် (အချိုရည်) ဟု နာမည်တွင်သော်လည်း တကယ်တမ်းမှာ ဆန်ပြုတ်ငန်တစ်မျိုး ဖြစ်သည်။ မူလက "ထျန်းမော့အာ" ဟု ခေါ်ကြသည်။ နှံစားပြောင်းဆန်ပြုတ် ကျိုပြီးသည့်အခါ မြေပဲ။ ပဲနီ၊ ဟင်းနုနွယ်၊ ကြာဇံ စသည့် "အမှုန့်အမွှား" များကို ထပ်ထည့်ရသဖြင့် ထိုသို့ချက်လျှင် ပိုအရသာရှိသည်။ နောက်ပိုင်းတွင် ဘယ်လိုဖြစ်ပြီး "ထျန်မော်" ဟု နာမည်တွင်သွားမှန်း မသိပေ။

မီးဖိုထဲတွင် မီးတောက်များ လျှာထွက်နေပြီး အိုးထဲမှရေများ ဆူပွက်နေသည်။ ထန်အာသည် နှံစားပြောင်းမှုန့်နှစ်ကို ကျိုထားပြီးဖြစ်ရာ အိုးထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ရင်း သစ်သားဇွန်းဖြင့် မွှေပေးနေသည်။ ခဏကြာလျှင် အိုးထဲတွင် ပျစ်ချွဲချွဲ ဆန်ရည်နှင့် ဆန်ဆီများ တက်လာပြီး နှံစားပြောင်းအနံ့ မွှေးပျံ့လာသည်။

ဘေးနားရှိ မြေအိုးထဲမှ မြေပဲနှင့် ပဲနီများကိုလည်း နူးအိနေအောင် ပြုတ်ထားလိုက်သည်။ ထန်အာသည် အလွန်အလေးအနက်ထားကာ လုပ်ဆောင်နေပြီး ထိုအရာများကို ယူကာ ဆန်ပြုတ်အိုးထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။ ထို့နောက် ရေစိမ်ထားသော ကြာဇံ၊ အတုံးသေးသေးတုံးထားသော တို့ဖူးကြော်များကို ထည့်လိုက်ရာ အိုးထဲတွင် ပါဝင်ပစ္စည်းများ စုံလင်ပြီး ပျစ်နှစ်နေတော့သည်။

ထို့နောက် ချင်း၊ ကြက်သွန်မြိတ်များကို သေချာလှီးဖြတ်ကာ ဒယ်အိုးနောက်တစ်လုံးတည်ပြီး ဆီအေးအေးတွင် ထည့်၍ ဆီသတ်လိုက်သည်။

ဆီသတ်ထားသော ကြက်သွန်ဆီမွှေးများကို ခုနကအိုးထဲသို့ လောင်းထည့်လိုက်ပြီး နောက်ဆုံးမှ ရေဆေးပြီး လှီးဖြတ်ထားသော ဟင်းနုနွယ်များကို ထည့်ကာ ဆားအနည်းငယ်ခတ်၍ ညင်သာစွာ မွှေလိုက်လျှင် ထျန်မော် တစ်အိုး အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။

ထန်အာသည် ချက်ပြီးသား ထျန်မော် များကို မြေအိုးကြီးထဲ ပြောင်းထည့်ကာ အနွေးဓာတ်မပြယ်အောင် ဘေးတွင်ထားလိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။ လည်ပင်းတွင် ဆွဲထားသည့် တဘက်ဖြင့် ချွေးများကို သုတ်လိုက်၏။

"မလုပ်တာ ကြာတော့ ချွေးတွေတောင် ထွက်တယ်"

ဟိုဘက်တွင် ဖူရှင်းက သူ့အတွက် မုန်လာဥအဆာသွတ်များကို နယ်ပေးထားပြီးဖြစ်သည်။ ရှန်မြောင် သွားကြည့်လိုက်ရာ မုန်လာဥအဆာသွတ်က ရိုးရှင်းသည်။ မုန်လာဥဖြူကို ဓားဖြင့် အမျှင်လေးများဖြစ်အောင် ပါးပါးလှီး၊ ဆားဖြူးပြီး လက်ဖြင့် ရေစင်အောင်ညှစ်၊ ပြီးနောက် မုန်လာဥမျှင်များကို နုပ်နုပ်စဉ်း၊ ဆီ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်မှုန့် (၅) မျိုး ထည့်ပြီး လက်ဖြင့် သမအောင် နယ်လိုက်လျှင် ရပြီဖြစ်သည်။

ဂျုံမုန့်လုံးကို ပါးပါးလိမ့်၊ အဆာပလာများကို ဂျုံမုန့်ပြားပေါ် ညီညာအောင် ဖြန့်ခင်း၊ ဂျုံမုန့်ပြားကို လိပ်လိုက်ပြီး အစွန်းများကို လုံအောင်ပိတ်၊ သေချာထုပ်ပြီးလျှင် ပြားသွားအောင် ဖိလိုက်ပါက ကြော်ရန် အဆင်သင့်ဖြစ်လာသည်။

ဖူရှင်းက ဆီအိုးတည်ပေးထားသည်။ ထန်အာက မျက်နှာတွင် စိုးရိမ်စိတ်အနည်းငယ် ပေါ်နေပြီး အဆာသွတ်မုန့်များကို ဆီအိုးထဲသို့ ဂရုတစိုက် ထည့်လိုက်ရာ ဆီအိုးထဲမှ "စီစီညံညံ" အသံများ ထွက်ပေါ်လာသည်။

သူက ယောက်ချိုဇွန်းကိုကိုင်ကာ ဆီအိုးထဲက မုန့်များကို ဟိုဘက်သည်ဘက် လှန်ပေးနေသည်။ ရှန်မြောင်က မီးအရှိန်ကို ကူကြည့်ပေးသည်။ မုန့်နှစ်ဖက်လုံး ရွှေဝါရောင်သမ်းလာပြီး မီးကလည်း ပြင်းနေသဖြင့် ဆယ်ထုတ်ရန် ပြောလိုက်သည်။

"ရပြီ။ ဆက်ကြော်ရင် တူးကုန်လိမ့်မယ်"

ထန်အာက ပျာပျာသလဲ ဆယ်ထုတ်လိုက်သည်။

"အရမ်းမွှေးတာပဲ"

ရှန်းအာက ဆံပင်ဖားလျားနှင့် အနံ့ရသဖြင့် ရောက်လာပြီး တံခါးဝမှ ခေါင်းပြူကြည့်လာသည်။

ထန်အာလည်း ချက်ချင်း အားတက်သွား "မွှေးတယ်မလား၊ ထမင်းစားလို့ရပြီ"

"ဒါဆို သမီး သွားတိုက်လိုက်ဦးမယ်" ရှန်းအာ ခေါင်းပြန်ရုတ်သွားပြီး မျက်နှာသစ်ရန် ပြေးသွားတော့သည်။

ရှန်မြောင်က ထျန်မော် ထည့်ပေးရာတွင် ကူညီပေးလိုက်သည်။ အငွေ့တထောင်းထောင်း ထနေသည်။ ထန်အာ၏ နှံစားပြောင်းမှုန့်ကျိုထားသည်မှာ မဆိုးပေ။ ဆန်နံ့က သင်းပျံ့နေပြီး ပဲနီနံ့၊ မြေပဲနံ့များ ရောနှောနေသဖြင့် သူမပင် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။

အပြင်ရောက်တော့ အားလုံးလည်း အိပ်ရာထကုန်ကြပြီ။ စောင်အနွေးစားပွဲကို ဝိုင်းဖွဲ့ထိုင်ကာ မုန်လာဥပိုင်မုန့်တစ်ကိုက် ထျန်မော်တစ်လုပ် စားကြရာ တကယ်ပင် ကောင်းမွန်လှသည်။ ထန်အာ၏လက်ရာက အနည်းငယ်ကြမ်းတမ်းပြီး ထျန်မော်တွင် ဆားထည့်တာ နည်းနည်းများသွား၍ ငန်နေသလို ပဲနီကလည်း သေချာမပွသေးသဖြင့် အတွင်းသား နည်းနည်းမာနေသော်လည်း ခြုံပြောရလျှင်တော့ စားကောင်းသည်။

အရသာက စုံလင်လှသည်။ နှံစားပြောင်းအနှစ်က နူးညံ့သည်။ ပဲနီက မွှေးသည်။ မြေပဲက ကြွပ်ရွမွှေးပျံ့သည်။ ကြာဇံက ချောမွတ်သည်။ ဟင်းနုနွယ်က လတ်ဆတ်သည်။ ပူပူနွေးနွေးတစ်ပန်းကန် စားလိုက်လျှင် ပါးစပ်ထဲ အနည်းငယ် ပျစ်ချွဲနေသော်လည်း မုန်လာဥပိုင်မုန့်ကို ကိုက်လိုက်သည့်အခါ ချက်ချင်း အဆင်ပြေသွားသည်။ အပြင်ခွံက ကြွပ်ရွပြီး ပူနွေးနေကာ မုန်လာဥအဆာသွတ်က ချိုမြလတ်ဆတ်ပြီး အရည်ရွှမ်းသဖြင့် စားလိုက်သည်နှင့် အရသာ ထိမိသွားတော့သည်။

ဝါးလိုက်တိုင်း ကြွပ်ကြွပ်မြည်သံ၊ စွပ်ပြုတ်သောက်သံများ ထွက်ပေါ်နေတော့၏။

တစ်ခဏအတွင်း မုန့်ဝါးသံနှင့် စွပ်ပြုတ်သောက်သံများသာ ကြားနေရသည်။

"ဒါ ထန်အာ လက်ရာလား"

အားထောင်က ထျန်မော်တစ်ပန်းကန်နှင့် မုန့်နှစ်ခု စားပြီးသွားသည်အထိ မယုံကြည်နိုင် ဖြစ်နေလေသည်။

ထန်အာက မျက်လုံးပြူးပြီး စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။ "ငါ့လက်ရာ မဟုတ်လို့ ဘယ်သူ့လက်ရာ ဖြစ်ရမှာလဲ။ အားထောင်... နင့်စကားကို ငါ သဘောမကျဘူးနော်"

အားထောင်က ဟီးခနဲ ရယ်လိုက်ကာ "အရင်တစ်ခါတုန်းက အသားတောင် မကျက်ဘူး။ ကြက်ဥပေါင်းကလည်း ချန်ချွမ်းလောက်တောင် မကောင်းဘူး။ ဒီလောက်ခက်တဲ့ ဟင်းပွဲနှစ်ပွဲကို နင် လုပ်တယ်ဆိုတာ ငါက ဘယ်လိုလုပ် ယုံရမှာလဲ"

ထန်အာခမျာ အရှက်ခွဲခံလိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းလှည့်ကာ ပွစိပွစိ ပြောလိုက်၏။ "ဒီနှစ်မျိုးက ဘာခက်လို့လဲ။ တစ်ခုပြီးတစ်ခု ပစ်ထည့်၊ ဆားထည့်လိုက်ရင် ရပြီဥစ္စာ။ နင်ကလည်း ပိုလိုက်တာ"

ရှန်မြောင်က သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကို နားထောင်ရင်း စွပ်ပြုတ်သောက်နေပြီး စိတ်ထဲတွင် ကျေနပ်နေမိသည်။ သည်အရာက တကယ် စားကောင်းပြီး လုပ်ရတာလည်း မြန်သဖြင့် မနက်စာရောင်းရန် အလွန်သင့်တော်သည်။ ရှန်မြောင်သည် ယခုအခါ ဆိုင်တွင် မနက်စာ သိပ်မရောင်းဖြစ်တော့ပေ။ သူမ အိပ်ရာထသည်နှင့် ခေါက်ဆွဲမျိုးစုံနှင့် ငါးကင်အတွက် ပြင်ဆင်ရသည်။ ဟင်းရည်အနှစ်ကျို၊ ခေါက်ဆွဲအဆာပလာလုပ်၊ အသားပေါင်းနှင့် အမြည်းဟင်းများ လုပ်ရသဖြင့် မအားလပ်နိုင်ပေ။

ဖူရှင်းကလည်း ဘဲကင်လုပ်ရသဖြင့် လူခွဲမရပေ။

အားထောင်ကလည်း မီးဖိုချောင်ထဲ သိပ်မဝင်ဘဲ ဧည့်ကြိုနှင့် ဧည့်ခံဘက်တွင်သာ တာဝန်ယူသည်။

ထန်အာသည် ဟင်းချက်၊ မုန့်နယ်သည့် လက်ရာမကောင်းသဖြင့် အသီးအရွက်လှီး၊ ဘဲနွှာ၊ အသားငါး သတ်ဖြတ်သည့် အလုပ်များသာ ကူလုပ်ပေးရသည်။ လူများသည့်အခါ အားထောင်ကိုကူပြီး ပန်းကန်ခွက်ယောက် သိမ်းဆည်းပေးရုံသာ ရှိသည်။

ယခု ထန်အာက သည်မနက်စာကို လုပ်တတ်ပြီး လက်ရာလည်း မဆိုးသဖြင့် သူ့ကိုတာဝန်ပေးပြီး ရောင်းခိုင်းလိုက်လျှင် ဆိုင်တွင် မနက်စာ နှစ်မျိုး တိုးလာပေလိမ့်မည်။ ထို့အပြင် တောင်နှင့်မြောက် ကူးလူးသွားလာနေသော ကုန်သည်များသည် ပြန့်ကျင်းတွင် စုဝေးနေကြသည်။ ရှန်မြောင် အကဲခတ်မိသလောက် တောင်ဘက်ပိုင်းက ချမ်းသာကြွယ်ဝသဖြင့် ပြန့်ကျင်းရှိ ကုန်သည်များတွင် မြောက်ဘက်ပိုင်းသား ပိုများသည်။ သည်မနက်စာနှစ်မျိုးက သူတို့အကြိုက် ဖြစ်လောက်သည်။

ရှန်မြောင်သည် ထျန်မော် တစ်ပန်းကန်သောက်ပြီးသည်နှင့် ဆုံးဖြတ်ချက်ချလိုက်တော့၏။

"ထန်အာ... မနက်ဖြန်ကစပြီး ရှင် ထျန်မော်တစ်အိုး ပြုတ်၊ မုန်လာဥပိုင်မုန့် အခု ၂၀ လောက် ကြော်ပြီး ဆိုင်မှာ စမ်းရောင်းကြည့်ရအောင်၊ ရောင်းကောင်းတယ်ဆိုရင် နောက်ဆို ဒီနှစ်မျိုးအတွက် ရှင်ပဲ တာဝန်ယူပြီး ချက်တော့"

ထန်အာမှာ ကြောင်သွားကာ "ကျွန်တော်... ကျွန်တော်က လက်စွဲတော်စားဖိုမှူး လုပ်ရမှာလား"

ရှန်မြောင်က ခေါင်းညိတ်ပြလိုက်၏။

သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး မျက်နှာရဲတက်လာကာ မတ်တတ်ထရပ်ပြီး ဦးညွှတ်လိုက်တော့သည်။ "ကျွန်တော် သေချာ ကြိုးစားလုပ်ပါ့မယ်။ ရှန်မိသားစုဆိုင်ရဲ့ မျက်နှာနဲ့ ဂုဏ်သတင်း မညှိုးနွမ်းစေရပါဘူး"

ဖူရှင်း ရောက်လာကတည်းက ရှန်မြောင်၏ အားကိုးမှုကို ရရှိခဲ့သဖြင့် ထန်အာသည် အားကျနေခဲ့သည်။ ဘဲကင်နည်း ပညာရလိုက်သည်မှာ တစ်သက်တာအတွက် ပညာရလိုက်ခြင်းပင်။ သူက ဓားသွေးကောင်းသည်မှလွဲလျှင် ဖူရှင်းလောက် အလုပ်မတွင်သဖြင့် အသီးအရွက်လှီး၊ အသားလှီးသည့် အလုပ်ကြမ်းများကိုသာ ကျိုးနွံစွာ လုပ်ကိုင်ခဲ့ရပြီး ဒယ်အိုးနားပင် မကပ်ရဲခဲ့ပေ။

ယခုတော့ သူလည်း ယောက်ချိုဇွန်းကိုင်ပြီး ဟင်းချက်ခွင့် ရလေပြီ။

အားထောင်က မုန်လာဥပိုင်မုန့်ကို ကိုက်ရင်း ဝမ်းသာအားရ ပြောလိုက်၏။ "ဒီလိုဆို တို့တွေ ပိုက်ဆံပိုရှာနိုင်တာပေါ့"

သူက ပျော်ရွှင်နေသည်ကိုမြင်ပြီး ရှန်မြောင်လည်း စိတ်အေးသွားသည်။ ထန်အာ၊ ဖူရှင်းနှင့် အားထောင်တို့ ရောက်နေသည်မှာ ကြာပြီဖြစ်၍ သူတို့စိတ်နေစိတ်ထားကို သူမ သိနေလေပြီ။ ဖူရှင်းသည် လက်မှုပညာ ပါလာပြီးသားဖြစ်၍ ထန်အာနှင့် အားထောင်ထက် စိတ်ဓာတ်ပိုခိုင်မာသည်။ ရှန်မြောင် သူ့ကို မလိုတော့လျှင်တောင် ပွဲစားထံပြန်သွားပြီး ဖက်ထုပ်ပြုတ်သည့် ပညာဖြင့် အခြားစားသောက်ဆိုင်တစ်ဆိုင် ရှာနိုင်ပေလိမ့်သည်။

...

All Chapters