← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အပိုင်း (၁၂၉)

အားထောင်ကတော့ ငယ်သေးသလို နှစ်ချုပ်စာချုပ်နှင့် လုပ်နေသူဖြစ်ပြီး ပိုက်ဆံစုဖို့ကိုသာ စိတ်အားထက်သန်သူ ဖြစ်သည်။ ရှန်မြောင်က သူမ လိုချင်သမျှကို ဖြည့်ဆည်းပေးနိုင်သလို လစာကိုလည်း အမြတ်ငွေရာခိုင်နှုန်းဖြင့် ပေးထားသဖြင့် သူမက လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။

ထန်အာ့မှာမူ အဖေဆုံးပြီး မိထွေးကလည်း ထွက်သွားသဖြင့် အိမ်ရာမဲ့နေသူဖြစ်သည်။ သူ တတ်ထားသည်မှာ ဓားကိုင်ပညာတစ်ခုတည်းရှိပြီး ဘဝရည်မှန်းချက်လည်း ကြီးကြီးမားမားမရှိဘဲ လမ်းပျောက်နေသူ ဖြစ်သည်။ သို့သော် လူဆိုသည်မှာ အနာဂတ်အတွက် စဉ်းစားကြစမြဲyif။ တစ်သက်လုံး ဟင်းသီးဟင်းရွက်လှီးသည့်အလုပ်ဖြင့် နေသွား၍ မဖြစ်နိုင်ပေ။

ဝန်ထမ်းများ၏ အလုပ်အကိုင်လမ်းကြောင်းကိုလည်း ထည့်သွင်းစဉ်းစားပေးရမည်။ ရှန်မြောင်သည် စိတ်ထဲတွင် ခေါင်းညိတ်လိုက်မိ\။

စကားပြောနေစဉ်မှာပင် တံခါးအပြင်ဘက်မှ အဒေါ်လီ၏ စူးရှသော အသံကို ကြားလိုက်ရသည်။ "ရှန်ညန်ဇီ... အိပ်ရာထပြီလား ရှန်ညန်ဇီ" သူမ၏ အသံကြောင့် ခေါင်မိုးအောက်တွင် ဆောင်းခိုနေသည့် ဝဖြိုးဖြိုးစာကလေးများပင် လန့်ပျံကုန်ကြသည်။

ရှန်မြောင်က အမြန်တံခါးဖွင့်ပေးလိုက်ပြီး "အဒေါ်လီ... ဝင်လာပြီး ဆန်ပြုတ်သောက်ပါဦး"

"စားခဲ့ပြီးပြီ" အဒေါ်လီက လက်ကာပြလိုက်ပြီး မျက်လုံးများ တောက်ပနေသည်။ "သွားကြစို့... မြို့ပြင်က ဘဲခြံကို သွားကြည့်ကြမယ်ဆို... မိုးလင်းနေပြီ။ နှင်းလည်း တိတ်တော့မယ်။ မြန်မြန်သွားကြစို့" သူမကို "ဘဲမွေးမြူရေးအကြံပေး" အဖြစ် ငှါးရမ်းမည်ဟု ရှန်မြောင် ပြောခဲ့ပြီးကတည်းက သူမသည် အိပ်မပျော်နိုင်အောင် ပျော်ရွှင်နေခဲ့သည်။ ရှန်မြောင် ဝယ်ထားသည့် မြေနေရာကို သွားကြည့်ရန် နေ့တိုင်း လာခေါ်နေတော့သည်။

အဒေါ်လီသည် ကြက်ဘဲမွေးမြူရာတွင် ကျွမ်းကျင်ပြီး လွန်ခဲ့သည့် နှစ်ဝက်လောက်က အဒေါ်ကုတို့အိမ်က ကြက်ဘဲများ ရောဂါကျပြီး သေဆုံးကုန်သည်ဟု ကြားသိရသော်လည်း အဒေါ်လီအိမ်က ကြက်ဘဲများကမူ ဘေးကင်းစွာ ကြီးပြင်းလာကြသည်။

ရှန်မြောင်သည် အဒေါ်လီထံမှ ကြက်ဘဲများ အကြိမ်ကြိမ် ဝယ်ဖူးသည်။ သူမ မွေးထားသည့် ကြက်ဘဲများကို သတ်လိုက်လျှင် အလွန်ဝဖြိုးပြီး အဝါရောင်အဆီပြင် တစ်ထပ်ပါလေ့ရှိသည်။ ဆီချက်လိုက်လျှင် အိုးတစ်လုံးစာ ရနိုင်သည်။

"ဒါဆိုရင်လည်း ဝင်လာပြီး မုန့်စားပါဦး" ရှန်မြောင်က သူမကို အိမ်ထဲဆွဲခေါ်လိုက်ပြီး စားပွဲပေါ်က ခြင်းတောင်းထဲမှ မုန်လာဥပိုင်မုန့်တစ်ခု ယူပေးလိုက်သည်။ "လက်သမားဆရာဟယ်ကို စောင့်ရဦးမယ်"

"ဟယ်မျိုးရိုး ပန်းရန်သမားက ဘယ်တော့လာမှာလဲ" အဒေါ်လီက လက်ထဲက မုန်လာဥပိုင်မုန့်ကို မတတ်သာဘဲ ကိုက်စားလိုက်ပြီး စားလိုက်သည်နှင့် အရသာမဆိုးကြောင်း တွေ့လိုက်ရသည်။ အတွင်းက မုန်လာဥအဆာသွတ်က ရေဓာတ်ပြည့်ဝပြီး နူးညံ့နေသဖြင့် နှစ်ကိုက်သုံးကိုက်နှင့် ကုန်သွားတော့သည်။

"လာတော့မှာပါ။ အချိန်တူတူ ချိန်းထားတာ" ရှန်မြောင်က ပြန်ဖြေလိုက်သည်။

အဒေါ်လီ ခေါင်းညိတ်လိုက်ပြီး မုန့်စားပြီးသည်နှင့် အကျင့်ပါနေသဖြင့် ရှန်မြောင် ဆောက်ထားသည့် ကြက်အိမ်ကို လှမ်းကြည့်လိုက်၏။ ကြက်အိမ်ထဲတွင် ကောက်ရိုးခြောက်များ ပြည့်နေပြီး ကြက်သုံးကောင်လုံး တိုးဝှေ့နေကြသည်။ အဒေါ်လီက ကြည့်လိုက်သည်နှင့် သူမအိမ်မှ ဝယ်သွားသည့် ကြက်ပေါက်လေးများမှန်း သိလိုက်သည်။ သူမ ခေါင်းလှည့်ကာ မေးလိုက်သည်။

"နင့်ကြက်တွေကို မသတ်သေးဘူးလား။ ဆက်မွေးထားရင် အသားတွေ ရင့်ကုန်တော့မယ်။ ဥဝပ်တတ်တဲ့ အမတစ်ကောင်ချန်ပြီး ဥစားရင်ရပြီ။ ဟိုအထီးကလည်း တွန်မှမတွန်တာ။ အစာသာကုန်တယ် အသားက နည်းနည်းလေး၊ သတ်စားလိုက်တာ ပိုကောင်းမယ်"

ရှန်မြောင်က စကားမပြောရသေးခင်မှာပင် နားပါးသော ရှန်းအာက မုန်လာဥပိုင်မုန့်ကို ကိုင်ကာ ကြက်အိမ်ရှေ့သို့ ပြေးသွားပြီး အဒေါ်လီ မမြင်ရအောင် ကာထားလိုက်ပြီး ခြေဆောင့်ပြီး စိတ်ဆိုးမာန်ဆိုး ပြောတော့သည်။

"မဖြစ်ဘူး... မဖြစ်ဘူး... သတ်လို့မရဘူး။ ရုံရုံတို့ သုံးကောင်လုံးကို သမီးက ဆန်တစ်စေ့ ပိုးကောင်တစ်ကောင်ကအစ ကျွေးမွေးပြီး ပင်ပင်ပန်းပန်း မွေးထားရတာ။ သမီး သားသမီးရင်းတွေနဲ့ မခြားဘူး"

ချန်ချွမ်းမှာ ထျန်မော် သောက်နေရင်း သီးသွားတော့သည်။

ရှန်မြောင်လည်း ရယ်လွန်း၍ ပခုံးများ တုန်ခါနေသည်။ "စိတ်ချပါ။ ကြက်မသတ်ပါဘူး"

ထိုအခါမှ ရှန်းအာသည် နောက်လှည့်ကြည့်လိုက် ရှေ့တိုးလိုက်ဖြင့် စားပွဲဝိုင်းသို့ ပြန်ရောက်လာပြီး ဆက်စားလေသည်။

အဒေါ်လီက နှုတ်ခမ်းမဲ့လိုက်၏။ သူမက ရှန်းအာကို ဆူချင်နေသည်။ ဒီလောက် အကောင်ကြီးနေပြီ အလိုက်သိသင့်ပြီ။ ကြက်မသတ်ဖို့ တားရတယ်လို့။ အိမ်ကြက်ဆိုတာ ရောင်းဖို့ ဒါမှမဟုတ် စားဖို့ မွေးထားတာ။ ဘိုးဘေးဘီဘင်မွေးသလို မွေးထားရအောင် တစ်သက်လုံး မွေးထားမှာမို့လို့လား။

သို့သော် နောက်ဆုံးတွင် စကားများကို မျိုချလိုက်ရလေသည်။

ရှန်ညန်ဇီကို အားကိုးရဦးမည်ဖြစ်၍ သူမ စိတ်မကွက်စေချင်ပေ။

အရင်တုန်းက ရှန်မြောင်သည် အဒေါ်ကုကို အကူခေါ်တုန်းက အဒေါ်လီ မနာလိုဖြစ်ခဲ့ရသည်။ သို့သော် သူမတွင် ပြောခွင့်မရှိပေ။ အရင်က ရှန်မြောင်နှင့် စကားများဖူးပြီး သူမပါးစပ်ကြောင့် လူမုန်းများခဲ့ရသဖြင့် ဘယ်မျက်နှာနှင့် သွားကပ်ရမည်နည်း။ အဒေါ်လီက မျက်နှာအရည်ထူသော်လည်း သည်အဆင့်ထိတော့ မထူပေ။

ထို့ကြောင့် မနာလိုဖြစ်ပြီး အိမ်မှာ တိုးတိုးတိတ်တိတ် ညည်းတွားနေခဲ့ရသည်။

ကံကောင်းစွာပင် နောက်ပိုင်းတွင် ရှန်မြောင်က ဘဲကင်လုပ်ငန်း စလုပ်သည့်အခါ အတိတ်က ရန်ငြိုးများကို မေ့ထားပြီး သူမကို လာရှာခဲ့သည်။ အဒေါ်လီ ချက်ချင်း တက်ကြွသွားပြီး သူမအတွက် နေရာအနှံ့ ဘဲလိုက်ရှာပေးသည်။ ဘဲဖြူဥများကိုလည်း ဖောက်ပေးပြီး သူမအိမ်တွင် ဘဲဖြူပေါက် (၁၀) ကောင်ကျော် မွေးထားပေးသည်။ သူမက ကောင်းကောင်းမွေးထားပေးမည်ဟု အာမခံထားပြီး ရှန်ညန်ဇီထံမှ အစာဖိုးပင် မတောင်းခဲ့ပေ။

သူမက ရှန်ညန်ဇီအပေါ် မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းဖြစ်သည်။

လီမိသားစု၏ ကြွေပန်းကန်ဆက်ဆိုင်မှနေ၍ ရှန်မြောင်၏ခေါက်ဆွဲဆိုင်ကို လှမ်းမြင်နေရသည်။ သူမသည် နေ့စဉ် ခုံပုလေးကို ဆိုင်ရှေ့ချပြီး နေကြာစေ့ထိုင်စားရင်း ရှန်မိသားစုဆိုင်တွင် လူအပြည့်ဖြစ်နေသည်ကို တွေ့မြင်နေရသည်။

အထူးသဖြင့် ဘဲကင်က ရောင်းကောင်းလွန်းလှသည်။

အဒေါ်လီသည် အတင်းပြောရတာ၊ သူများအိမ်ထောင်ရေး နားထောင်ရတာ ကြိုက်သလို မျက်စိလည်း ရှင်သည်။ ရှန်ညန်ဇီ မကြာခင် ကြီးပွားတော့မည်ဟု သူမ တပ်အပ်သိနေသည်။

သာမန်စားသောက်ဆိုင်တစ်ဆိုင်တွင် နာမည်ကြီးဟင်းပွဲတစ်ပွဲရှိရုံဖြင့် ဆယ်စုနှစ်၊ ရာစုနှစ်ချီပြီး စားမကုန်အောင် ရောင်းစားနိုင်သည်။ ဥပမာ တယ်ကျိုးကြက်ကင်၊ ဟင်းရည်အနှစ်အိုးဟောင်းတစ်လုံးဖြင့် ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် စားမကုန်အောင် ဖြစ်ခဲ့သည်။

ရှန်ညန်ဇီမှာ နာမည်ကြီးဟင်းပွဲ အများကြီး ရှိနေပြီ။

မူလက ရှန်ညန်ဇီသည် ရှဲ့မိသားစုထံမှ ငွေအများအပြားရခဲ့စဉ်က အဒေါ်လီ မနာလိုဖြစ်ပြီး ကွယ်ရာတွင် အတင်းပြောခဲ့သေးသည်။ သို့သော် လပိုင်းအတွင်းမှာပင် ဆိုင်ချဲ့ခြင်း၊ မြေဝယ်ခြင်း၊ လစဉ် ဂုဏ်သရေရှိလူတန်းစားများက စားသောက်ပွဲစီစဉ်ရန် ဖိတ်ကြားခြင်းများ ရှိလာသောအခါ အဒေါ်လီမှာ ပါးစပ်ပိတ်သွားတော့သည်။ ဘာလို့လဲ ဟုတ်လား။ အခုဆို မိုးနဲ့မြေလို ကွာခြားသွားပြီလေ။ မြင်းစီးပြီးလိုက်ရင်တောင် မမီတော့ဘူး။ မျက်နှာလိုမျက်နှာရ လုပ်ဖို့တောင် မလောက်တော့တာ ဘယ်လိုလုပ်ပြီး ထပ်အပြစ်ရှာရဲတော့မလဲ။

အဒေါ်လီသည် မုန်လာဥပိုင်မုန့်ကို ကိုက်စားရင်း အတွေးပေါင်းစုံ ဝင်ရောက်နေလေ၏။

ရှန်မြောင်က မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ညစာအတွက် ဒယ်အိုးကြီးဖြင့် ငန်းပေါင်းချက်ရန် လိုအပ်သည်များကို ထန်အာ့နှင့် ဖူရှင်းကို မှာကြားလိုက်သည်။ အပြင်ဘက်တွင် လားဆွဲလှည်းသံ ကြားလိုက်ရသဖြင့် လက်သမားဆရာဟယ် ရောက်လာမှန်း သိလိုက်သည်။

"ဒါဆို ကျွန်မ သွားပြီနော်။ ဆိုင်ကို ရှင်တို့ကို အပ်ခဲ့မယ်"

ရှန်မြောင်သည် လွယ်အိတ်လေးကိုလွယ်ကာ လည်စည်းပဝါကို စည်းပြီး အားထောင်တို့ကို နှုတ်ဆက်ကာ လှည်းပေါ်သို့ အမြန်တက်လိုက်သည်။

သူမ ရုံးတော်ထံမှ ဝယ်ယူထားသော လယ် ၁၀ ဧကသည် မြို့တွင်းမှ ထွက်လျှင် (၂) နာရီခန့် ကြာသည်။ လက်သမားဆရာဟယ်၏ လားလှည်းပေါ်တွင် သုံးယောက်သား စကားပြောလာကြ၏။ အဓိကအားဖြင့် အဒေါ်လီက ပြောနေခြင်းဖြစ်သည်။ သူမသည် ဘဲဖြူလေးများကို ကိုယ်တိုင်မွေးမြူဖူးသဖြင့် သူတို့အလေ့အထကို နားလည်နေလေပြီ။

"ညန်ဇီ မွေးချင်တဲ့ ကျင်းလင်ဘဲဖြူတွေက ရေအရမ်းကြိုက်တယ်။ ပုံမှန်ဆို အုပ်စုလိုက်နေတတ်ပြီး အစာစားကောင်းတယ်။ ကြီးထွားတာ မြန်တယ်။ ရေထဲမှာနေတာကလွဲရင် ဘဲအိမ်ထဲမှာ အိပ်နေတတ်ကြတယ်။ ဘဲခေါင်းစိမ်းတွေလောက် သွားလာလှုပ်ရှားတာ မရှိဘူး။ ကျန်တာတော့ မွေးရတာ မခက်ပါဘူး။ ဘဲပေါက်လေးတွေက ဘဲခေါင်းစိမ်းတွေထက် နည်းနည်း နုနယ်တယ်။ အအေးဒဏ် သိပ်မခံနိုင်ဘူး။ အဲဒီတုန်းက ဘဲပေါက်စလေးတွေ ဖောက်ပြီးတာနဲ့ အိမ်ထဲသွင်းပြီး မွေးထားလိုက်ရတာ"

ရှန်မြောင်က သေချာ နားထောင်နေသည်။

မှန်ပါသည်။ ပေကျင်းဘဲနှင့် မျိုးမစပ်ရသေးသည့် ဘဲဖြူလေးများသည် တောင်ပိုင်းရေဘဲစစ်စစ်များ ဖြစ်ကြသည်။ ဘဲကြီးများသည် အမွှေးထူသဖြင့် အအေးဒဏ်ခံနိုင်သော်လည်း ဘဲပေါက်လေးများသည် ခုခံအားနည်းပြီး အမွှေးမစုံသေးသဖြင့် အအေးဒဏ်ကြောက်သည်မှာ ပုံမှန်ပင်။

နောက်ပိုင်းကျလျှင် တောင်ပိုင်းနှင့် မြောက်ပိုင်း ဘဲမျိုးစိတ်များကို မျိုးစပ်ကြည့်ရဦးမည်။

ရောက်လာသည့်အခါ ကန်သင်းရိုးပေါ်တွင် ရပ်ကြည့်လိုက်ရာ ဂျုံခင်းများသည် ဆောင်းနှင်းအောက်တွင် ပုန်းခိုနေပြီး ဖြူဖွေးသော နှင်းပြင်ကြီးနှင့် ကောင်းကင်တို့ တသားတည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အဒေါ်လီ မျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် လျှာပင် လိပ်သွားတော့သည်။ "ဒီလောက်ကျယ်တာကြီးလား။ ဒါဆိုရင် အကောင်ထောင်ချီ မွေးလို့ရပြီ"

"နောက်ပိုင်း တကယ်မွေးတဲ့အခါကျရင် အဒေါ်လီကိုပဲ နေ့တိုင်း မြို့ပြင်ထွက်ပြီး ကြည့်ပေးဖို့ အကူအညီတောင်းရတော့မှာပဲ" ရှန်မြောင်က ပြုံးပြီး ပြောလိုက်သည်။ "ဒီမှာနေဖို့ လူတချို့လည်း ငှါးထားဦးမယ်။ ဒါပေမဲ့ စိတ်မချသေးဘူး။ အဒေါ်လီလို ဘဲမွေးတဲ့နေရာမှာ ဝါရင့်တဲ့သူက ကူကြည့်ပေးမှ ကျွန်မ စိတ်ချရမှာ"

"စိတ်ချပါ။ တခြားဟာတော့ အာမ မခံရဲဘူး။ ဘဲမွေးတာနဲ့ ပတ်သက်ရင် ငါ့မှာ ပြောစရာတွေ အများကြီးရှိတယ်" အဒေါ်လီသည် နှင်းဖြူဖြူ ဖုံးအုပ်နေသည့် လယ်ကွင်းပြင်ကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ လေတိုက်သဖြင့် သူမဆံပင်များ လွင့်နေသည်။ သူမ တီးတိုးရေရွတ်လိုက်၏။ "ဒီလောက်ကောင်းတဲ့မြေကြီးမှာ ဂျုံတွေတောင် စိုက်ထားပြီးပြီပဲ။ အကုန်လုံး ညန်ဇီပိုင်တာလား။ ငွေဘယ်လောက်တောင် ကုန်လိုက်မလဲ"

ရှန်မြောင်က မကြားလိုက်ပေ။ သူမသည် နှင်းဖုံးနေသည့် ဂျုံခင်းကို ငေးကြည့်ရင်း ခေတ်သစ်မှ စကားပုံတစ်ခုကို သတိရသွားသည်။ "သည်ဆောင်းမှာ ဂျုံပင်တွေ စောင်သုံးထပ်ခြုံရရင်၊ နောက်နှစ်ကျရင် မန်ထိုအုံးပြီး အိပ်လို့ရပြီ"

နှင်းရည်က မြေကြီးကို စိုစွတ်စေပြီး ပိုးမွှားများကို သတ်ပေးနိုင်သည်။ နွေဦးပေါက်ရာသီတွင် နှင်းများ အရည်ပျော်သွားသည့်အခါ ဂျုံပင်များသည် နှင်းရည်၏ အာဟာရကိုရရှိပြီး မြေကြီးထဲမှ ထိုးထွက်လာပေလိမ့်မည်။

ဂျုံစိုက်ထားသည့်နေရာကို လောလောဆယ်တော့ အလုပ်မလုပ်သေးပေ။ ဘဲခြံကို ရေကန်အနီးရှိ သီးနှံမစိုက်ပျိုးသော သဲမြေတွင် ပထမအဆင့်အနေဖြင့် ဆောက်လုပ်မည်။ ဘဲအကောင်ရေ (၂၀၀) ခန့်ဖြင့် စမ်းသပ်မွေးမြူမည်။

ဂျုံခင်းကို လာမည့်နှစ် ရိတ်သိမ်းပြီးမှ ဒုတိယအဆင့်အနေဖြင့် စဉ်းစားမည်။ သည်လောက်များသည့် သီးနှံပင်များကို အရင် ဖုန်းမိသားစု၏ မြေငှါးသမားများက သေချာ ဂရုတစိုက် စိုက်ပျိုးထားခဲ့ပုံရသည်။ ဂျုံပင်များ ရှင်သန်မှု ကောင်းမွန်နေသည်။ ထို့ကြောင့် နုတ်ပစ်လို့မဖြစ်ပေ။ နှမြောစရာ ကောင်းသည်။

သူတို့သည် နှင်းကျနေသည့်ကြားမှ လှည်းမောင်းပြီး လယ်ကွင်းပတ်လည်ကို လှည့်ကြည့်လိုက်ကြ၏။ ဘဲခြံကို ကုန်းမြင့်ပြီး ခြောက်သွေ့သည့်နေရာတွင် ဆောက်လုပ်ရမည်။ မိုးများသည့်ရာသီတွင် ရောဂါမဖြစ်ပွားစေရန် မြေနိမ့်ပြီး စိုစွတ်သည့်နေရာကို ရှောင်ရမည်။

တဆက်တည်းမှာပင် ရေကန်နှင့်လည်း နီးရမည်။ ရေကန်အနီးတွင် ကျူပင်၊ ကိုင်းပင်များ ရှိနေပြီး ဘဲများက သည်လို ရေရှိပြီး ပုန်းခိုစရာရှိသည့်နေရာကို အနှစ်သက်ဆုံးဖြစ်သည်။ ထိုနေရာများတွင် ပိုးမွှားများနှင့် မြက်နုများကို ရှာဖွေစားသောက်ရန် လွယ်ကူသည်။

"ဘဲခြံဆောက်ရင် ဝါး၊ သစ်သားကို တိုင်လုပ်၊ ကျောက်တုံးကို နံရံလုပ်၊ အမိုးကို သက်ငယ် ဒါမှမဟုတ် အုတ်ကြွပ်မိုးတာ ကောင်းတယ်။ ဒါဆို ပိုခိုင်ခံ့တယ်" အဒေါ်လီက အသေးစိတ် မှာကြားပြန်သည်။ "ဘဲပေါက်နဲ့ ဘဲကြီးကို အဆောင်ခွဲထားရမယ်။ ဘဲပေါက်အဆောင်မှာ မီးခိုးခေါင်းတိုင်ဖောက်ပြီး မီးဖိုခုတင် လုပ်ထားတာ အကောင်းဆုံးပဲ။ ခုတင်ပေါ်မှာ ကောက်ရိုးခြောက်တွေ ထူထူခင်းထား၊ ဒါမှ ဆောင်းတွင်းမှာ ဘဲဖောက်ရင် ထင်းမီးသွေး မီးဖိုချောင်ရုံနဲ့ ကြီးထွားလာပြီး ဆောင်းတွင်းကို ကျော်ဖြတ်နိုင်မှာ"

ရှန်မြောင်က ခေါင်းညိတ်လိုက်သည်။ အဓိပ္ပါယ်ရှိသည်။ အစကတည်းက အရာရာ ပြည့်စုံအောင် ဆောက်လုပ်ထားမှ နောက်ပိုင်း မတော်တဆမှုများ ဖြစ်လာလျှင် ပြာပြာသလဲ မဖြစ်ရပေ။ မီးဖိုခုတင်နှင့် မီးခိုးခေါင်းတိုင်က ကုန်ကျစရိတ် ပိုများသော်လည်း ထိုက်တန်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

"ဘဲပေါက်တွေက အနွေးဓာတ်လိုတယ်။ ဘဲကြီးအဆောင်ကျတော့ ကျယ်ကျယ်ဝန်းဝန်း ရှိရမယ်။ ရေမြောင်းတူးထားရမယ်။ အမြင့်မှာ လေဝင်လေထွက်ပေါက် ဖောက်ထားရမယ်။ ပြီးတော့ မြေကြီးနဲ့ လွတ်အောင် တန်းတွေ လုပ်ထားပေးရမယ်။ ဘဲတွေက အဲဒီအပေါ်မှာ နားရတာ။ အစိုဓာတ်လည်း ကာကွယ်ပြီးသား ဖြစ်တာပေါ့"

အဒေါ်လီက ဘဲအကြောင်း ပြောလျှင် တကယ် ကျွမ်းကျင်ပြီး သူမက ဂုဏ်ယူစွာ ပြောလိုက်သည်။ "အရင်တုန်းက ညန်ဇီရဲ့ ဘဲကင်အတွက် ကျွန်မ မြို့ပြင်က ဘဲခြံတိုင်းကို လျှောက်သွားခဲ့တာ။ တချို့အိမ်က ဘဲတွေ ရောဂါရပြီး နေမကောင်းဖြစ်နေတာ ဘဲခြံ မကောင်းလို့ပဲ။ အခု ကျွန်မ အများကြီး မြင်ဖူးသွားပြီဆိုတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် မကောင်းဘူးလဲ ဆိုတာ သိနေပြီ"

နောက်ဆုံးတွင် အားလုံး သဘောတူလိုက်ကြပြီး လက်သမားဆရာဟယ်ကိုလည်း ဘဲခြံ၏ လိုအပ်ချက်နှင့် အကျယ်အဝန်းကို ပြောပြလိုက်သည်။ သည်အနီးနားတွင် ခြံစည်းရိုး ခတ်ရဦးမည်။ ခြံစည်းရိုးက အရမ်းနိမ့်လို့မရပေ။ မဟုတ်လျှင် ဘဲများ ပျံထွက်သွားနိုင်သည်။ ထို့ပြင် အစာသိုလှောင်ရန် ဂိုဒေါင်လည်း ဆောက်ရမည်။ ဂိုဒေါင်ကို မြေကြီးနှင့် လွတ်အောင်ထားပြီး သစ်သားပြားခင်းကာ အစိုဓာတ်ကာကွယ်ရမည်။ ဘဲခြံဘေးတွင် ဝန်ထမ်းအဆောင်ပါ ထပ်ဆောက်ရမည်။ ဘဲခြံတွင် လူစောင့်လိုသည်။

တွက်ချက်လိုက်လျှင် ကုန်ကျစရိတ် အများအပြား ရှိသော်လည်း ရှန်မြောင်သည် အလုပ်ကို ပေါ့ပေါ့တန်တန် မလုပ်ချင်ပေ။ လက်သမားဆရာဟယ်ကို ၁၀၀ကွမ်းဖြင့် အလုပ်အပ်လိုက်သည်။ နောက်ပိုင်း လိုအပ်သည်များရှိလျှင် ထပ်မံညှိနှိုင်းမည်ဖြစ်ကာ အဓိကကတော့ စေတနာထားပြီး လုပ်ပေးရန်သာ။

ရှန်မြောင်၏ စိတ်ထားက ပြတ်သားသည်။ ဆောက်မည်ဆိုလျှင် တစ်ခါတည်း အပြီးအစီး ဆောက်လိုက်မည်။ နောက်မှ ပြန်ပြင်၊ ဖြိုချ လုပ်နေရသည်ကမှ ငွေကုန်ကြေးကျ ပိုများလေသည်။

ဆောက်လုပ်ရေးကာလ သတ်မှတ်ပြီးနောက် လက်သမားဆရာဟယ်က ပြောလာ၏။ လပြည့်ကျော်တော့မည်ဖြစ်၍ နှစ်မကူးခင် သူ့တပည့်များနှင့်အတူ ပြီးသလောက် လုပ်ပေးမည်။ မပြီးပါက ပထမလ ၈ ရက် နှစ်ကူးပြီးမှ ဆက်လုပ်ပေးမည်ဟု ဆိုသည်။

ဒါကတော့ ပြဿနာမရှိ။ သူမတွင် ဘဲပေါက်စလေးတွေလည်း မရသေးချေ။

ရှန်မြောင်သည် မြို့ပြင်တွင် ဘဲမွေးမြူရေးခြံအတွက် စီစဉ်နေစဉ် ယွဲ့ထန်သည် နှင်းများကျနေသည့်ကြားမှ ဝမ်မိသားစုတည်းခိုခန်းမှ ဖြည်းဖြည်းချင်း ထွက်လာပြီး ရှန်မိသားစုခေါက်ဆွဲဆိုင်သို့ လမ်းလျှောက်လာလေသည်။

နှင်းများက ဖုန်မှုန့်ကဲ့သို့ ကျဆင်းနေပြီး ခဏကြာလျှင် သူ့မျက်ခုံးနှင့် မုတ်ဆိတ်မွှေးများပေါ်တွင် နှင်းစက်လေးများ တင်ကျန်နေသည်။ သို့သော် ယွဲ့ထန်က ထီးမဆောင်းပေ။ သူ့အမြင်တွင် သည်လောက်နှင်းကျတာက ယန်ကျိုးဘက်နှင့် ယှဉ်လျှင် နှင်းကျသည်ဟုပင် မခေါ်ဆိုနိုင်ပေ။

ကျင်းလျန်တံတားကို ဖြတ်ကျော်ပြီးနောက် ရှန်မိသားစုဆိုင် ဖွင့်ထားသည်ကို လှမ်းမြင်လိုက်ရသဖြင့် သက်ပြင်းချကာ ခြေလှမ်းကျဲကြီးများဖြင့် ဆိုင်ထဲ ဝင်လိုက်သည်။

သည်နေ့ နှင်းကျသဖြင့် လမ်းပေါ်တွင် လူသွားလူလာ နည်းပါးသည်။ ဆိုင်ထဲတွင် စားပွဲဝိုင်း ၃:၄ ဝိုင်းသာ လူရှိပြီး ခေါက်ဆွဲပြုတ်ပူပူကို "ရှူးရှူးရှားရှား" စားနေကြသည်။

ယွဲ့ထန်သည် ဝင်လိုက်သည်နှင့် နွေးထွေးမှုကို ခံစားလိုက်ရပြီး နှာခေါင်းထဲတွင် မွှေးကြိုင်သော ခေါက်ဆွဲပြုတ်နံ့များ ပြည့်နှက်သွားသည်။

သူသည် ခါးကိုကိုင်းကာ ဝတ်ရုံပေါ်က နှင်းစက်များကို ခါထုတ်လိုက်ပြီး ဘေးဘီဝဲယာ ကြည့်လိုက်သည်။ ဆိုင်ထဲတွင် သန့်ရှင်းသပ်ရပ်နေသည်။ နံရံတွင် စာလုံးပန်းချီများနှင့် ဟင်းပွဲစာရင်းများ ကပ်ထားပြီး နွေးထွေးမွှေးပျံ့နေသဖြင့် သူ့စိတ်ကို ပေါ့ပါးသွားစေသည်။

ဆိုင်ထဲတွင် (၁၅:၁၆) နှစ်အရွယ် ဖီးနစ်မျက်လုံး (မျက်ရစ်မပါ ရှည်သွယ်သောမျက်လုံး) နှင့် မိန်းကလေးတစ်ယောက်က ဧည့်သည်များကို ဧည့်ခံနေသည်။ သူ ဝင်လာသည်ကိုမြင်လျှင် လက်သုတ်ပြီး ပြုံးရွှင်စွာ ဆီးကြိုလေသည်။ "သခင်လေး... ဘာသုံးဆောင်မလဲရှင်၊ ဆိုင်မှာ သိုးသားဟင်းရည်၊ အသင့်စားခေါက်ဆွဲပြုတ်၊ ပဲခေါက်ဆွဲ၊ ကြက်ပေါင်းဖက်ထုပ် တွေ ရပါတယ်"

ယွဲ့ထန်က ခေါင်းခါလိုက်ပြီး မေးလိုက်သည်။ "ဆိုင်က ရှန်ညန်ဇီကို ငါးခေါင်းတို့ဖူးဟင်းရည်တစ်ပွဲလောက် ချက်ပေးဖို့ ပြောလို့ရမလား"

တာ့ဖုန့်မျက်လုံးနှင့် မိန်းကလေး မျက်နှာပျက်သွားသည်။ "တိုက်ဆိုင်လိုက်တာရှင်... ကျွန်မတို့ ညန်ဇီက မနက်အစောကြီးကတည်းက မြို့ပြင်ထွက်သွားလို့ အခုမရှိဘူးရှင့်၊ အခု ဆိုင်မှာ အသင့်လုပ်ထားတဲ့ အစားအစာတွေပဲ ရပါမယ်"

ယွဲ့ထန် : "..."

ဖီးနစ်မျက်လုံးနှင့် မိန်းကလေးသည် သူ စိတ်ပျက်ပြီး ပြန်တော့မည့်ပုံစပ်နေသည်ကို မြင်လိုက်ရသဖြင့် အမြန်ပြောလိုက်သည်။ "သခင်လေးက နယ်ဝေးကလာတဲ့ ကုန်သည်မလား။ ပြန့်ကျင်းကို မပြန်ဖြစ်တာ ကြာပြီထင်တယ်။ ကြည့်ရတာ မြောက်ဘက်ပိုင်းက လာတာပဲ ဖြစ်ရမယ်။ မှားစရာမရှိဘူး။ ဟုတ်သားပဲ... သခင်လေး အသင့်စားခေါက်ဆွဲပြုတ် စားဖူးပြီးပြီလား။ မစားဖူးသေးဘူးလား။ ဒါဆိုရင် ကျွန်မတို့ဆိုင်က အသင့်စားခေါက်ဆွဲပြုတ်ကို မြည်းစမ်းကြည့်ပါလား။ ကြက်ပေါင်းဟင်းရည်၊ ဝက်သားနီချက်၊ လောင်ထိုက်(အဘွားကြီး)ချဉ်ဖတ် အရသာတွေ ရှိပါတယ်။ သခင်လေး မသိလို့ပါ... အခုဆို ဒီခေါက်ဆွဲပြုတ်က ယိုကျိုးနယ်စပ်အထိတောင် ရောက်နေပြီ။ ခေတ်အမီဆုံးနဲ့ အရောင်းရဆုံးပဲ။ စစ်သည်တော်တွေတောင် ကြိုက်ကြတယ်"

ယိုကျိုး... ရှီးဖေးကျင်းက ဘာတွေများ ခိုးလုပ်နေပြန်ပြီလဲ... ယွဲ့ထန် မျက်လုံးအနည်းငယ် လှုပ်ရှားသွားပြီး ပြောသည့်အတိုင်း စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ အရသာများကို အကြာကြီး စဉ်းစားပြီးမှ ရွေးချယ်လိုက်သည်။ "ကောင်းပြီလေ... ဒါဆို လောင်ထိုက်... ‌လောင်ထိုက်ချဉ်ဖတ် တစ်ပွဲလောက် ပေးပါ"

နာမည်က ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ။ အဘွားကြီး တစ်ယောက်ယောက်က ချဉ်ဖတ်ထည့်တာ ကောင်းလို့ ပေးထားတဲ့ နာမည်များလား။

"ဟုတ်ကဲ့ပါရှင်" ဖီးနစ်မျက်လုံးနှင့် မိန်းကလေးသည် ဧည့်သည်ကို ဆွဲထားနိုင်သဖြင့် ဝမ်းသာသွားပြီး စာကလေးတစ်ကောင်အလား ဆိုင်နောက်ဘက်သို့ ပြေးဝင်သွားသည်။ "ဖူရှင်း... အသင့်စားခေါက်ဆွဲပြုတ် ယူခဲ့၊ ရေနွေးတစ်အိုးပါ ယူခဲ့နော်။ အနှစ်က လောင်ထိုက်ချဉ်ဖတ်နော်"

"ဘာ လောင်ထိုက်ချဉ်ဖတ်လဲ... ညန်ဇီ ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ၊ လောင်ထန် (အိုးဟောင်း) ချဉ်ဖတ် ပါဆို" မီးဖိုချောင်ထဲမှ အခြားလူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

ယွဲ့ထန် : "......"

…

အပိုင်း (၁၃၀) အိုးနှပ်ငန်းသား

ယွဲ့ထန်သည် သူမ ရေနွေးတစ်အိုးယူလာပြီး ထန်းပင်ထည့်ထားသည့် ခမောက်လောက်အကြီးစား မြေအိုးပန်းကန်လုံးကြီးကို စားပွဲပေါ်တွင် လာချပေးသည်ကို ကြည့်နေလိုက်သည်။

သူသည် မျက်လွှာချကာ ကြည့်လိုက်၏။ မြေအိုးပန်းကန်လုံးထဲတွင် အဝိုင်းလိုက်ခွေထားသည့် ထန်းပင်ခြောက်အထွေး တစ်ထွေးရှိနေသည်။ ကြော်ထားပုံရပြီး ထန်းပင်ခေါက်ဆွဲသားများက တစ်ချောင်းချင်းစီ ခွေရစ်နေကာ ရွှေအိုရောင်သမ်းနေလေသည်။ ထန်းပင်အပေါ်တွင် အညိုရောင်ရှိပြီး အချဉ်ဖတ်အစအနလေးများပါသည့် အဆီခဲအနှစ်တစ်တုံး၊ ဘေးတွင် တစ်ဝက်လှီးထားသည့် အနှစ်မကျက်တကျက် ကြက်ဥတစ်လုံး၊ ဟင်းသီးဟင်းရွက်ခြောက် လက်တစ်ဆုပ်စာနှင့် အသားတုံးလေးများ တစ်စု ရှိနေသည်။

"လူကြီးမင်း သေချာကြည့်ထားနော်”

အားထောင်သည် အသင့်စားထန်းပင် မစားဖူးသည့် နယ်လှည့်ကုန်သည်များကို ရေနွေးပူပူလောင်းထည့်ပြီး ပြင်ဆင်ပေးရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။ သူမက လက်တစ်ဖက်ဖြင့် ရေနွေးကရားအိုး၏ ဗိုက်ပူပူကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထန်းပင်ပန်းကန်လုံး၏ ဝါးအဖုံးကို ထောင်ကာ ယွဲ့ထန်ရှေ့တွင် အနည်းငယ် ကွယ်ပေးထားလိုက်သည်။ သို့မှသာ ရေနွေးပူများ သူ့အဝတ်အစားပေါ်သို့ မစင်ပေလိမ့်မည်။

ရေနွေးပူပူသည် နဂါးတစ်ကောင်အလား စီးဆင်းကျလာပြီး အငွေ့တထောင်းထောင်း ထွက်လာသည်။ ထန်းပင်ခြောက်များသည် ရေနွေးပူနှင့် ထိတွေ့လိုက်သည်နှင့် တစီစီအသံများ မြည်လာပြီး အညိုရောင်အဆီခဲများလည်း ချက်ချင်း အရည်ပျော်ကျလာသည်။ အဆီခဲထဲတွင် ပါဝင်သော အချဉ်ဖတ်လေးများသည် တောက်ပြောင်ကာ ညိုရောင်သမ်းလာသည့် ဟင်းရည်မျက်နှာပြင်ပေါ်သို့ တစ်တုံးချင်းစီ ပေါလောပေါ်လာလေသည်။

ယွဲ့ထန်သည် ပိုပြီးသေချာမြင်ရအောင် ခေါင်းကို ငဲ့ကြည့်လိုက်၏။

ရေလောင်းထည့်ပြီးသည်နှင့် ထိုမိန်းကလေးက သူမလက်ထဲမှ ဝါးအဖုံးလေးဖြင့် ယွဲ့ထန်ရှေ့ရှိ မြေအိုးပန်းကန်လုံးကို အုပ်ပေးလိုက်ပြီး ရေနွေးအိုးကို ပြန်မကာ ပြုံးပြီး ပြောလိုက်သည်။

"လူကြီးမင်း ခဏလောက်စောင့်လိုက်ရင် အဖုံးဖွင့်ပြီး စားလို့ရပါပြီ။ အဖုံးဖွင့်လိုက်ရင် ထန်းပင်တွေ ပြန့်သွားတာကို တွေ့ရလိမ့်မယ်။ အဲဒီကျရင် တူနဲ့ မွှေပြီး စားလို့ရပါပြီ”

ခဏလောက်တဲ့လား။ ယွဲ့ထန်သည် စိတ်ထဲတွင် စည်းချက်ရေတွက်သလို အလေးအနက်ထားပြီး ရေတွက်နေလိုက်သည်။ အရေအတွက် ၂၀၀ ခန့် ရောက်သောအခါ ကောင်တာနှင့် မီးဖိုချောင် ဆက်ထားသည့် ပြတင်းပေါက်အပေါက်မှ ဖီးနစ်မျက်လုံးနှင့် မိန်းကလေးက လိုက်ကာကို လက်မောင်းဖြင့် မကာ ခေါင်းပြူထွက်လာပြီး မှာကြားလေသည်။

"လူကြီးမင်း စားလို့ရပါပြီ။ ဒီထက်ကြာအောင် ထပ်စိမ်ထားရင် ထန်းပင်တွေ ပွသွားပြီး စားလို့မကောင်းဘဲ နေလိမ့်မယ်”

ယွဲ့ထန်လည်း ပြောသည့်အတိုင်း ဝါးအဖုံးကို ဖွင့်လိုက်ရာ အပူငွေ့များ လွင့်ပျယ်သွားပြီးနောက် အမှန်တကယ်ပင် မွှေးကြိုင်လှသည့် ထန်းပင်တစ်ပန်းကန် ဖြစ်လာသည်ကို တွေ့လိုက်ရသည်။ ထန်းပင်၊ ဟင်းသီးဟင်းရွက်နှင့် အသားတုံးလေးများသည် ရေနှင့်ထိတွေ့ပြီးနောက် အသက်ဝင်လာသကဲ့သို့ပင်။ တွန့်လိပ်ခြောက်သွေ့နေသော ဟင်းသီးဟင်းရွက်ခြောက်များသည် ပြန်လည်လန်းဆန်းလာကာ အသားတုံးလေးများလည်း ပွလာသည်။ ထန်းပင်ခေါက်ဆွဲသားများသည် ဟင်းရည်ကို အပြည့်အဝ စုပ်ယူထားသဖြင့် လတ်လတ်ဆတ်ဆတ် နယ်ဖတ်ထားသည့်အတိုင်း နူးညံ့နေလေသည်။

သူသည် ရှီးဖေးကျန်းကို ဆဲရေးချင်နေသည့်စိတ်ကို မြိုသိပ်လိုက်ပြီး တူဖြင့် တစ်လုပ် ညှပ်ယူကာ စားလိုက်လေသည်။ တစ်လုပ်စားပြီးသည်နှင့် အံ့ဩလွန်းသဖြင့် မျက်ခုံးများပင် ပင့်တက်သွားရသည်။ ဤကဲ့သို့ ရေနွေးဖြင့် စိမ်လိုက်ရုံနှင့်ရသည့် ထန်းပင်သည် လက်နှင့်နယ်ပြီး ချက်ချင်းပြုတ်ထားသည့် ခေါက်ဆွဲများနှင့် ယှဉ်လျှင် မနိမ့်ကျသည့်အပြင် ပိုလို့ပင် မွှေးကြိုင်နေသေးသည်။

သူသည် စားရင်းဖြင့် သေချာစဉ်းစားကြည့်လိုက်သည်။ ဤထန်းပင်နှင့် ဟင်းရည်တွင် အဆီဓာတ်မနည်းပေ။ ထန်းပင်ကို ဆီဖြင့်ကြော်ထားသလို အဆီခဲထဲတွင်လည်း ဆီများစွာ ပါဝင်သည်။ အဓိကမှာ ဤအဆီခဲအနှစ်ကို မွှေးကြိုင်သိပ်သည်းအောင် ချက်ထားခြင်းပင်။ အချဉ်ဖတ်သည် ချဉ်ပြုံးပြုံးနှင့် အနည်းငယ်စပ်သဖြင့် စားလိုက်လျှင် ဤမျှ မွှေးကြိုင်နေခြင်း ဖြစ်သည်။

ဟင်းသီးဟင်းရွက်ခြောက်နှင့် အသားခြောက်တို့၏ အရသာမှာ လတ်ဆတ်သော အသားနှင့် ဟင်းသီးဟင်းရွက်တို့လောက် မကောင်းမွန်သည်မှာ သဘာဝပင်။ ပြန့်ကျင်းမြို့တော်ထဲတွင်ဆိုလျှင် လူကြိုက်များချင်မှ များလိမ့်မည်။ သို့သော် နယ်စပ်ရှိ နယ်ခြားစောင့်တပ်စခန်းများတွင်ဆိုလျှင် ဆောင်းတွင်း၌ ဟင်းသီးဟင်းရွက်တစ်လုပ် စားရဖို့အရေး၊ မီးကင်ထားသည့် ဟင်းသီးဟင်းရွက်ခြောက်ပဲ ဖြစ်နေပါစေဦး၊ ရှိနေရုံနှင့်ပင် ခေါင်းကွဲမတတ် လုယက်ကြပေလိမ့်မည်။

ဆောင်းရာသီတွင် နှင်းများကျကာ လမ်းပိတ်သွားပြီဆိုလျှင် နယ်စပ်ရှိ စစ်သည်များသည် အအေးဒဏ်ကို မခံနိုင်ဘဲ ငတ်မွတ်ခေါင်းပါးခြင်းကို ကြုံတွေ့ရလေ့ရှိသည်။ ဤသည်မှာ အရှင်မင်းကြီးက စစ်စရိတ်ကို တမင်ဖြတ်တောက်ထားခြင်း မဟုတ်ဘဲ ဆောင်းတွင်းတွင် ရေကြောင်းသယ်ယူပို့ဆောင်ရေး ရပ်တန့်သွားသဖြင့် လူ၊ မြင်း၊ ကုလားအုတ်တို့ဖြင့် လှည်းတစ်စီးချင်း၊ တစ်ဖွဲ့ချင်း သယ်ယူရသောကြောင့် ဖြစ်သည်။ ဒေသအသီးသီးရှိ စပါးကျီများမှ ရိက္ခာများကို ယိုကျိုး၊ ယန်ကျိုးမြို့များအထိ ပို့ဆောင်ရာတွင် အဆင်ပြေသော်လည်း သဲကန္တာရတလျှောက် တည်ဆောက်ထားသည့် ဖုန်းကျိုးမဟာတံတိုင်းကြီးရှိ နယ်ခြားစောင့်တပ်စခန်း ၁၀၀ ကျော်ဆီသို့ ဆက်လက်ပို့ဆောင်ရန်မှာ တကယ်ကို မလွယ်ကူလှပေ။

ဆောင်းရာသီတွင် တစ်ခါတစ်ရံ လေနှင့်နှင်းမုန်တိုင်းသည် လဝက်ခန့် တိုက်ခတ်တတ်သည်။ အအေးလွန်ကဲသည့်နှစ်များနှင့် ကြုံပါက နှင်းထုသည် လူတစ်ကိုယ်စာလောက်အထိ မြင့်တက်လာတတ်ရာ ရိက္ခာပို့ဆောင်သူများသည် လမ်းပျောက်လွယ်ပြီး လူနှင့်မြင်းများ အေးခဲသေဆုံးသည်မှာလည်း ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။

နယ်ခြားစောင့်တပ်စခန်းများသို့ ပို့ဆောင်မည့် စစ်ရိက္ခာအများစုကို ရိက္ခာထိန်းအရာရှိများက ဆောင်းမဝင်ခင် နှစ်ဝက်ခန့်ကတည်းက ကြိုတင်စုဆောင်းထားရသည်။ ထို့ကြောင့် သိုလှောင်ရလွယ်ကူပြီး ပေါ့ပါးသော အစားအစာများကို မဖြစ်မနေ ရွေးချယ်ရသည်။ ကိုက်လိုက်လျှင် သွားကျိုးမတတ် မာကျောပြီး နင်စေတတ်သော နန်ပြားမုန့်နှင့် မုန့်ခြောက်အမျိုးမျိုးသည် ပထမဦးစားပေး ရွေးချယ်စရာများ ဖြစ်လာတော့သည်။

ဆောင်းရာသီတွင် အသက်ရှင်သန်ရေးကိုသာ အာမခံနိုင်ပြီး အခြားအရာများကို အာမခံနိုင်ခြင်း မရှိပေ။

ထို့ကြောင့် နယ်စပ်တွင် ထွက်ပြေးသော စစ်သည်များ များပြားရခြင်းဖြစ်သည်။ ယွဲ့ထန်သည် သူတို့ကို အပြစ်မတင်ရက်ကြောင်း မိမိစိတ်ထဲတွင် သိနေသည်။ အလွန်ပင်ပန်းဆင်းရဲလွန်းသောကြောင့်သာ။ နေရပ်လိပ်စာ ပျောက်ပျက်ပြီး အမည်ပျက်စာရင်းသွင်းခံရကာ ကျွန်အဖြစ် ရောက်သွားလျှင်တောင်မှ ဤဆင်းရဲပင်ပန်းလှသည့် နေရာမှ စွန့်ခွာသွားချင်ကြသည်အထိ ပင်ပန်းဆင်းရဲကြသည်။ ဆောင်းဦးရာသီကုန်ဆုံးချိန် ရောက်တိုင်း လျောင်လူမျိုး၊ ကျင်းလူမျိုးများက စွန့်စွန့်စားစားဖြင့် စုန့်နိုင်ငံကို ဝင်ရောက်တိုက်ခိုက် လုယက်ကြခြင်းမှာလည်း လျောင်နှင့်ကျင်းတို့ သိမ်းပိုက်ထားသော နေရာအများစုမှာ ဆင်းရဲပင်ပန်းပြီး အရင်းအမြစ် ရှားပါးသောကြောင့်ပင်။ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် သူတို့သည် စုန့်နိုင်ငံ၏ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ရန် ဘယ်တော့မှ လက်လျော့မည် မဟုတ်ပေ။

သူ ယန်ကျိုးတွင် နှစ်ပေါင်းများစွာ နေခဲ့စဉ်က မဟာတံတိုင်းသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စစ်သည်များကို နှစ်စဉ် အလှည့်ကျ စီစဉ်ပေးခဲ့သည်။ သို့မှသာ အောက်ခြေစစ်သည်များအနေဖြင့် မျှော်လင့်ချက်အနည်းငယ် ရှိပေလိမ့်မည်။ တစ်နှစ်တာ သည်းခံကျော်ဖြတ်ပြီးလျှင် ဒုတိယနှစ်တွင် အိမ်ပြန်ပြီး မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်မည် မဟုတ်ပါလား။ အကယ်၍ လူတစ်ယောက်ကို နယ်ခြားစောင့်တပ်စခန်းရှိ ခံတပ်ထဲတွင် တဆက်တည်း ဆက်တိုက်နေစေမည်ဆိုလျှင် မျက်လုံးဖွင့်လိုက်သည်နှင့် ကျယ်ပြောလှသော သဲကန္တာရကြီးကိုသာ တွေ့ရပြီး မျက်လုံးမှိတ်လိုက်လျှင် ဝံပုလွေအုပ်၏ အူသံကိုသာ ကြားနေရမည်ဖြစ်ရာ မည်သူမဆို ရူးသွားပေလိမ့်မည်။

ထိုမျှလောက်ကြာအောင် မုန့်ခြောက်ကို ကိုက်ဝါးပြီး နှင်းရည်ကို သောက်ကာ သည်းခံလာခဲ့ကြပြီးမှ ယခုတော့ သူ့ကို အပူရှိန်တက်နေသည့် ထန်းပင်ဟင်းရည်ကို စားနိုင်သည်ဟု လာပြောနေသည်။ ယွဲ့ထန်သည် ခေါက်ဆွဲပန်းကန်ကို မော့ကာ ဟင်းရည်ကို နောက်ဆုံးတစ်စက်အထိ ကုန်စင်အောင် သောက်လိုက်ပြီးနောက် ဒေါသကြောင့် တည်ကြည်ဖြောင့်မတ်သော မျက်နှာကြီးပင် မည်းမှောင်သွားတော့သည်။

'ဒီကောင် ရှီးဖေးကျန်းတော့... အကောင်းစားတွေ ရှိနေတာကို ငါ့ကို လျှို့ဝှက်ထားပြီး မပြောပြဘူး။'

သူ့လက်အောက်က ယိုကျိုးတပ်သားတွေဆိုရင် သေချာပေါက် စားနေရလောက်ပြီ။

ယွဲ့ထန်သည် နံရံပေါ်က စားသောက်ဖွယ်ရာစာရင်းကို လှမ်းကြည့်လိုက်ရာ အသင့်စားထန်းပင် တစ်ပွဲလျှင် ၁၆ ဝမ် ဟူသော စာတန်းကို တွေ့လိုက်ရသဖြင့် ရင်ဘတ်ထဲမှ ကြေးပြားများကို ထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ရှင်းမယ်ဟု လှမ်းအော်လိုက်ရာ ဖီးနစ်မျက်လုံးနှင့် မိန်းကလေးက ထူးကာ ရောက်လာသည်။ သူမသည် ချက်ချင်း ပျံသန်းရောက်ရှိလာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပိုက်ဆံသိမ်းကာ စားပွဲကို သုတ်ရင်း ကောင်းကောင်းပြန်ပါ၊ နောက်လည်း လာအားပေးပါဦးဟု ပြောလေသည်။

အပြင်ဘက်တွင် နှင်းကျသည်မှာ တဖြည်းဖြည်း စဲသွားခဲ့ပြီ။ ကောင်းကင်ပေါ်တွင် တစ်ညလုံး စုဝေးနေခဲ့သော တိမ်မည်းများလည်း ဖြည်းဖြည်းချင်း ကွဲပြယ်သွားပြီး တိမ်ကြားထဲမှ သတိထားမိရန် ခက်ခဲလောက်အောင် မှိန်ဖျော့သော နေရောင်ခြည်အချို့ ထွက်ပေါ်လာလေသည်။ လမ်းမပေါ်တွင် တဖြည်းဖြည်း ပြန်လည်စည်ကားလာပြီး စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားသည့် စျေးသည်အများအပြားလည်း အမိုးအကာပါသည့် ကိုယ်ပိုင်တွန်းလှည်းလေးများကို တွန်းကာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်ပြန်ခင်းနေကြပြီ။ လမ်းမဘေးရှိ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်များသည် ပြတင်းပေါက်များကို ပြန်ဖွင့်လိုက်ကြပြီး စောင်းတီးသည့် ဂီတမယ်များကလည်း ရှည်လျားသည့် တေးသွားများကို သီဆိုနေကြသည်။

မြို့တော်၏ ဤသို့သော စည်ကားလှပသည့် မြင်ကွင်းများကို ယွဲ့ထန် တစ်ခုမှ လှည့်မကြည့်ပေ။ သူသည် ဒေါသတကြီးဖြင့် ကျင်းလျန်တံတားကို ဖြတ်ကျော်ကာ နန်းတော်လမ်းမကြီးဘက်သို့ ဦးတည်သွားတော့သည်။ သူ နန်းတော်ထဲဝင်ပြီး တရားသွားစွဲမည်။ သည်းခံနိုင်စရာမရှိ၊ သည်းမခံနိုင်တော့ပြီ။ အရှင်မင်းကြီးကို တရားမျှတအောင် ဆုံးဖြတ်ပေးဖို့ သူ ပြောရမည်။ ရှီးဖေးကျန်းက ဘာအကြောင်းကြောင့် ယိုကျိုးတပ်သားတွေကို ဦးဆောင်ပြီး တစ်ယောက်တည်း ကောင်းတာတွေ စားနေရတာလဲ။ အားလုံးက အတူတူ ဖွဲနုစား၊ အသီးအရွက်စားပြီး ဆင်းရဲခံလာခဲ့ကြတာပဲ။ ဘယ်လိုလုပ်ပြီး သူက နိုင်ငံတော်အဆင့် စားပွဲဝိုင်းကို စားနေရတာလဲ။

မဖြစ်ဘူး။ ငါ့ရဲ့ ယန်ကျိုးတပ်ဖွဲ့လည်း ကောင်းတာတွေ စားရမှ ဖြစ်မယ်။

သူ ကျင်းလျန်တံတားကို ဖြတ်ကျော်သွားချိန်တွင် လူတစ်စုနှင့် ပခုံးချင်းတိုက်မိလုနီးပါး ဆုံလိုက်ရသည်။

"သခင်လေး... တကယ်လို့များ ကျင်းလျန်တံတား မြောက်ဘက်က လမ်းမဘေးက အိမ်ကို ဝေးတယ်လို့ ထင်ရင် ယန်လျိုအနောက်ဘက်လမ်းကြားက အိမ်ဟောင်းကိုပဲ သွားကြည့်ရတော့မယ်။ ဒါပေမဲ့ အဲဒီအိမ်က နှစ် ၂၀ လောက်ရှိနေပြီ။ ရေတွင်းလည်း မပါဘူး။ သခင်လေး သဘောကျပါ့မလားမသိဘူး”

ယောက်လော်ကဲ့သည် ဟွေဟူခေါင်းစွပ်ကို ဆောင်းထားပြီး လည်ပင်းခေါက် လက်ကျပ် ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ ခြေထောက်တွင် ထိပ်ကော့နေသော သားရေဖိနပ်အထူကို စီးထားပြီး ခါးပတ်တွင် သော့တွဲများနှင့် ပိုက်ဆံအိတ်အများအပြားကို ချိတ်ဆွဲထားရာ တချွင်ချွင် မြည်နေလေသည်။ ထို့အပြင် "ကံကောင်းခြင်းတွေ ရောက်လာပါစေ" ဟူသော စာတန်းနှင့် "ရှန်ကျိ" ဟု ထွင်းထုထားသည့် သစ်သားငါးကြင်းရုပ် သော့ချိတ်တစ်ခုလည်း ပါလေသည်။

"သွားကြည့်ကြတာပေါ့”

သူ့ဘေးတွင်ရှိသော ခပ်ပိန်ပိန်နှင့် အရပ်ရှည်ရှည် လူငယ်လေးက တိုးတိုးလေး ပြောလိုက်၏။ သူ့အနောက်တွင် စာသင်သားအကူ နှစ်ယောက်ပါလာသည်။ အကြီးတစ်ယောက်က တည်ငြိမ်ရင့်ကျက်ပုံရပြီး သားရေလွယ်အိတ်အသေးလေးကို လွယ်ထားကာ လက်ထဲတွင် မြင်းကို ဆွဲထားသည်။ နောက်တစ်ယောက်က အသက်ငယ်ပြီး လေတိုက်လျှင် လိမ့်သွားမည့်အလား ဝဝတုတ်တုတ်လေးဖြစ်ကာ လက်ထဲတွင် သကြားကပ် ဆီးသီးထုတ်ကို ကိုင်စားနေလေသည်။

ပခုံးချင်းယှဉ် ဖြတ်ကျော်သွားချိန်တွင် ယွဲ့ထန်သည် ထိုအရပ်မြင့်မြင့် မြင်းကြီးကို တစ်ချက် အကဲခတ်လိုက်မိ၏။ ကိုယ်ထည်ကြီးမားပြီး ကြွက်သားများ တောင့်တင်းကာ တစ်ကိုယ်လုံး အနီရောင်သမ်းနေပြီး အမွေးအမှင် တစ်ပင်မှ မရောပေ။ တကယ်ကို မြင်းကောင်းတစ်ကောင်ပဲ။ ပြန့်ကျင်းမြို့တော်ထဲတွင် ဒီလိုမြင်းကောင်းမျိုး တွေ့ရခဲသည်ဟု သူ စိတ်ထဲတွင် တွေးလိုက်မိသည်။

မနှစ်က သူ ယာချန်လူမျိုးများလက်မှ လုယူလာခဲ့သည့် ယာချန်မြင်းများကိုလည်း ရှီးမိသားစု၏ မြင်းခြံသို့ ပို့ဆောင်ပေးခဲ့ပြီး အရပ်ရှည်သည့် လျောင်မြင်းတစ်သုတ်နှင့် လဲလှယ်ကာ ယန်ကျိုးသို့ ပြန်ယူလာခဲ့ရသည်။

ရှီးမိသားစုသည် မြင်းမွေးမြူရာတွင် အလွန်ကျွမ်းကျင်သည်။ ထို့ကြောင့် အရှင်မင်းကြီးက စုန့်နိုင်ငံ၏ စစ်မြင်းခြံ ထက်ဝက်ခန့်ကို ယိုကျိုးမြို့အနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ ထိုနေရာတွင် မြက်ခင်းပြင်ကောင်းမွန်ပြီး ရာသီဥတုမှာလည်း အနည်းငယ် ပိုနွေးထွေးသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ စုန့်နိုင်ငံနှင့် လျောင်နိုင်ငံ၏ ဆက်ဆံရေးသည် ကျင်းနိုင်ငံထက်စာလျှင် အနည်းငယ် သက်သာလျော့ရဲမှုရှိပြီး လျောင်နန်းတွင်းရှိ လူအများစုသည်လည်း တရုတ်စာနှင့် တရုတ်နာမည်များကို အသုံးပြုကြသဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆို၍ ရသောကြောင့် ဖြစ်သည်။ တတိယအချက်မှာ ရှီးမိသားစုတွင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာသည့် မြင်းထိန်းကျွမ်းကျင်သူ အိမ်ကျွန်အများအပြား ရှိနေပြီး မြင်းမွေးမြူခြင်းနှင့် မြင်းကောင်းများကို မျိုးစပ်ခြင်းတို့တွင် အလွန်ကျွမ်းကျင်ကြသည်။

ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းဆိုတာ ဒါမျိုးပါလား။ တစ်ခါတစ်လေ မုန်းစရာကောင်းသလို တစ်ခါတစ်ရံတွင်လည်း သူတို့ကို မလေးစားဘဲ မနေနိုင်ပေ။

စာပေကျမ်းဂန်ပြုစုခြင်း၊ ပညာဖြန့်ဝေခြင်း စသည်ဖြင့် မိသားစုတိုင်းတွင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာသည့် ကျွမ်းကျင်မှုများ ရှိကြသည်။ ရှီးမိသားစုသည် စစ်တိုက်ရာတွင် ကျွမ်းကျင်သည်။ မြင်းမွေးမြူရာတွင် ကျွမ်းကျင်သည်။ တုတ်သိုင်းပညာကို တီထွင်ခဲ့သည်။ ရှဲ့မိသားစုသည် လက်ရေးလှနှင့် စာပေအရေးအသားတွင် ကျွမ်းကျင်သည်။ ရက်ကန်းနှင့် ပိုးချည်မျှင်လုပ်ငန်းတွင် ကျွမ်းကျင်သည်။ ဖုန်းမိသားစုသည် "ကျော့ကျွမ်းကျမ်း" တစ်အုပ်တည်းဖြင့် တစ်လောကလုံးသို့ ပျံ့နှံ့ကျော်ကြားခဲ့ပြီး ခေတ်အဆက်ဆက် သမိုင်းစာအုပ်များကို ကျွမ်းကျင်ကာ နိုင်ငံတစ်ခုနှင့် ယှဉ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာသည်။ ကော်မိသားစု၏ ဘိုးဘေးများသည် နက္ခတ်ဗေဒင်ပညာရှင်များ ဖြစ်ခဲ့ကြပြီး မျိုးဆက်တိုင်းလိုလို နက္ခတ်ဗေဒင်၊ ပြက္ခဒိန်၊ ကြယ်တာရာနှင့် မြစ်ချောင်းများကို လေ့လာစောင့်ကြည့်ကြသည်။

သို့သော် အရှင်မင်းကြီးအတွက် အသုံးမဝင်ဘဲ ဓားသွားသည် ကိုယ့်ဘက် ပြန်လှည့်လာမည်ဆိုပါက မည်မျှပင် ကောင်းမွန်ပါစေ ဖျက်ဆီးပစ်ရပေလိမ့်မည်။

ယွဲ့ထန်သည် အပြင်ပန်းတွင် ရိုးအ,ဖြောင့်စင်းဟု ထင်ရသော်လည်း စိတ်ထဲတွင်မူ ကြေးမုံပြင်ကဲ့သို့ ကြည်လင်ပြတ်သားသူ ဖြစ်သည်။

ဒီလိုစဉ်းစားကြည့်လိုက်ရင် ရှီးမိသားစုက အစကတည်းက အရှင်မင်းကြီးအပေါ် အကဲခတ်တတ်ပုံရသည်။ ရှီးဖေးကျန်း ငယ်စဉ်က နယ်စပ်သို့ မထွက်ခွာမီ အိမ်ရှေ့စံ၏ အခြွေအရံအဖြစ် ခဏတာ တာဝန်ထမ်းဆောင်ခဲ့ဖူးရာ အစကတည်းက အိမ်ရှေ့စံနန်းဆောင်နှင့် ပတ်သက်သည့် အမှတ်အသား ရှိခဲ့ပြီးဖြစ်သည်။ သို့သော် ရှီးမိသားစုက အထက်တန်းလွှာ အသိုင်းအဝိုင်းထဲတွင် မိသားစုစည်းကမ်း အတင်းကျပ်ဆုံးဖြစ်သည့် ရှဲ့မိသားစုနှင့် လက်ထပ်ထိမ်းမြားရန် ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ တော်ဝင်မိသားစုနှင့် ဆွေကြီးမျိုးကြီးမိသားစု နှစ်ဖက်စလုံးကို မျက်နှာလိုမျက်နှာရ လုပ်ထားသဖြင့် ဘယ်ဘက်ကပဲ အနိုင်ရရ သူတို့မိသားစုကတော့ ရှုံးနိမ့်မည့်ဘက်တွင် ရှိနေမည် မဟုတ်ပေ။

ရှီးမိသားစုသည် ဘိုးစဉ်ဘောင်ဆက် ကောက်ကျစ်စဉ်းလဲလာခဲ့ကြသည်။ ရှီးဖေးကျန်းလည်း ထိုကဲ့သို့ ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ယွဲ့ထန်သည် အရှေ့တံခါးဝသို့ ရောက်သောအခါ ရင်ဘတ်ထဲမှ ရွှေရောင်တောက်ပနေသည့် အမိန့်တော် ရွှေတံဆိပ်ပြားတစ်ခုကို ထုတ်လိုက်၏။ အရှင်မင်းကြီး ပေးသနားထားသည့် ရွှေတံဆိပ်ပြားများထဲမှ သူ အရည်မကျိုဘဲ ချန်ထားခဲ့သည့် တစ်ခုတည်းသော တံဆိပ်ပြားဖြစ်ပြီး နန်းတော်သို့ ဝင်ထွက်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ရှည်လျားသည့် မှူးမတ်ကိုင် မြင်းခေါင်းရိုးတံဆိပ်ပြားကို ကိုင်ဆောင်ရသည်ထက် ပိုအဆင်ပြေသည်။

"စစ်သူကြီးယွဲ့ကို ဂါရဝပြုပါတယ်”

တာဝန်ကျ နန်းတွင်းကိုယ်ရံတော်တပ်သားက လက်သီးဆုပ်ကာ အရိုအသေပေးပြီး သူ့ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ မြို့တံခါးအနောက်ရှိ တာဝန်ကျအဆောင်တွင် ခဏစောင့်ဆိုင်းနေစဉ် အခြားတစ်ယောက်က အတွင်းနန်းဆောင်သို့ အမြန်ပြေးပြီး သတင်းသွားပို့လေသည်။

ယွဲ့ထန်၏ ပုံရိပ်သည် လေးလံသော ကြေးမှိုစွဲ တံခါးရွက်ကြီးများကြားတွင် ပျောက်ကွယ်သွားခဲ့သည်။ ရှဲ့ချီတို့ သုံးယောက်သည် ယောက်လော်ကဲ့နောက်သို့ လိုက်ပါရင်း ယန်လျိုလမ်းကြား အနောက်ဘက်ရှိ လမ်းကြားလေးတစ်ခုထဲသို့ ရောက်ရှိလာကြလေသည်။ ထိုအခါမှ ရှဲ့ချီ သိလိုက်ရသည်မှာ ဤယန်လျိုလမ်းကြားသည် ရေတင်စင်ကို အလယ်တွင်ခြားထားပြီး အရှေ့နှင့် အနောက် လမ်းကြားနှစ်ခု ကွဲသွားခြင်း ဖြစ်သည်။

ရေတင်စင်၏ အရှေ့ဘက်သည် ရှန်ညန်ဇီ နေထိုင်သော အရှေ့ဘက်လမ်းကြား ဖြစ်ပြီး ရေတင်စင်၏ အနောက်ဘက်သည် အနောက်ဘက်လမ်းကြား ဖြစ်သည်။

အနောက်ဘက်လမ်းကြားသည်လည်း ရှေ့တွင်ဆိုင်ခန်း၊ နောက်တွင် နေအိမ် ပုံစံမျိုးပင်။ သို့သော် ဆိုင်ခန်းများ မျက်နှာမူထားသည့် လမ်းမမှာ လူသူကင်းဝေးပြီး ကျင်းလျန်တံတားနှင့် မကပ်သလို ပြန့်မြစ်နှင့်လည်း မကပ်ပေ။ လမ်းမမှာလည်း ကျဉ်းမြောင်းသေးငယ်သဖြင့် အနောက်ဘက်လမ်းကြားသည် အရှေ့ဘက်လမ်းကြားလောက် စည်ကားသိုက်မြိုက်ခြင်း မရှိပေ။

ရှဲ့ချီသည် လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် သစ်ပင်ရိပ်များ အုပ်ဆိုင်းနေသည်ကို ခံစားလိုက်ရ၏။ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် လူကြီးအိုအချို့သာ လမ်းကြားထဲတွင် ပဲစေ့ကစားခြင်း၊ စစ်တုရင်ထိုးခြင်းများ ပြုလုပ်ရင်း စုဝေးနေကြသည်။ လမ်းဘေးဝဲယာရှိ အိမ်ခေါင်မိုးများပေါ်တွင် မြက်ပင်များ ပေါက်ရောက်နေပြီး နံရံထောင့်များတွင် ရေညှိများ တွယ်ကပ်နေသည်။ ကျောက်ခဲအကျိုးအပဲ့များနှင့် မြေကြီးကို ရောနှောခင်းထားသည့် မြေပြင်သည် နှင်းရည်စိုရွှဲနေသဖြင့် နင်းလိုက်လျှင် အနည်းငယ် ချောနေသည်။ လှမ်းကြည့်လိုက်လျှင် နေရာတိုင်း၌ ဟောင်းနွမ်းပြီး တိတ်ဆိတ်ငြိမ်သက်နေသည်ကိုသာ တွေ့ရသည်။

"အနောက်ဘက်လမ်းကြားက အရှေ့ဘက်လမ်းကြားထက် စောပြီး တည်ဆောက်ခဲ့တာ။ ဒါကြောင့် သခင်လေး ကြည့်ကြည့်ပါ၊ အိမ်တွေအားလုံးက ပိုပြီး ဟောင်းနွမ်းနေတယ်။ မြေပြင်ပေါ်က ကျောက်လမ်းတွေလည်း ပုံပျက်နေပြီ။ ပြီးတော့ လူတော်တော်များများလည်း ပြောင်းရွှေ့သွားကြပြီ။ အခု အနောက်ဘက်လမ်းကြားမှာ အိမ်ထောင်စု ၅ စုပဲ နေကြတော့တယ်။ အားလုံးက အဘိုးအို၊ အဘွားအိုတွေချည်းပဲ။ သူတို့ရဲ့ သားသမီးအများစုက အပြင်ထွက်ပြီး စီးပွားရှာနေကြတော့ အိမ်မှာ သိပ်မရှိကြဘူး။ ဒါကြောင့် ဒီနေရာက ပိုပြီး ခြောက်ကပ်နေတာ”

ယောက်လော်ကဲ့က ရှေ့မှလမ်းပြရင်း ခေါင်းပြန်လှည့်ကာ ရှဲ့ချီကို အသေးစိတ် ရှင်းပြလေသည်။

"အနောက်ဘက်လမ်းကြားမှာ ရောင်းဖို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ် ၂ လုံးရှိတယ်။ နှစ်လုံးစလုံး မကြီးပါဘူး။ တစ်လုံးက အရှေ့မြောက်ဘက် လှည့်ထားတဲ့ အခန်း ၃ ခန်းပါ အိမ်၊ နောက်တစ်လုံးက မြောက်ဘက်လှည့်ထားတဲ့ အခန်း ၄ ခန်းပါ အိမ်၊ အိမ်ရှင်နှစ်ယောက်စလုံးက မြို့ပြင်ကို ပြောင်းသွားကြတာ။ မြို့ပြင်မှာ အိမ်ကြီးကြီး ဝယ်ဖို့အတွက် ဒီနေရာကို ရောင်းချင်နေကြတာ။ ဒါပေမဲ့ ဒီအိမ်တွေက ဟောင်းနေပေမယ့် အိမ်ရှင်နှစ်ယောက်စလုံးက သန့်ရှင်းရေး လုပ်ထားပြီးမှ ကျွန်တော့်ဆီ သော့လာအပ်ထားတာ။ ရှဲ့သခင်လေးသာ ဒီနေရာ ဟောင်းနွမ်းတာကို မငြိုငြင်ဘူးဆိုရင် ကျွန်တော်နဲ့လိုက်ပြီး သွားကြည့်ရအောင်”

"မငြိုငြင်ပါဘူး။ အရှေ့ဘက်လမ်းကြားနဲ့ နီးတဲ့နေရာကို အရင်သွားကြည့်ကြတာပေါ့”

ရှဲ့ချီသည် လမ်းလျှောက်ရင်း ခေါင်းမော့ကာ ဟိုဟိုဒီဒီ လိုက်ကြည့်လေသည်။ ကောင်းကင်ပြင်ကို အိမ်တိုင်း၏ နံရံပေါ်မှ ထိုးထွက်နေသော အရွယ်အစားမညီသည့် ဝါးလုံးတန်းများက ပိုင်းခြားထားသည်။ နှင်းကျထားသောကြောင့် ဝါးလုံးတန်းပေါ်တွင် လှန်းထားသည့် အဝတ်အစားများကို သိမ်းဆည်းထားကြရာ အရွက်ကြွေနေသော အကိုင်းအခက်များကဲ့သို့ ဝါးလုံးတန်းများသာ ကျန်ရှိနေပြီး ထိပ်တွင် မပျော်ကျသေးသည့် နှင်းပွင့်အနည်းငယ် တင်ကျန်နေကာ ဟိုတစ်ချောင်း ဒီတစ်ချောင်း ထိုးထွက်နေကြသည်။

"ဒါဆိုရင် ရေတင်စင်ဘေးက အိမ်ကို သွားကြမယ်။ အဲဒီအိမ်လည်း ကောင်းတယ်။ ရေတင်စင်နဲ့ ခြေလှမ်း ၅၀၊ ၆၀ လောက်ပဲ ဝေးတာ။ ရေတွင်းမပါလည်း ကိစ္စမရှိဘူး။ ရေခပ်ရတာ အရမ်းအဆင်ပြေတယ်”

ယောက်လော်ကဲ့က ခါးတွင်ချိတ်ထားသည့် သော့တွဲများထဲမှ တစ်တွဲကို ဖြုတ်ယူလိုက်ပြီး ရှဲ့ချီကို ဦးဆောင်ကာ လူကြီးများ၏ စစ်တုရင်ဝိုင်းကို ကိုယ်ကိုစောင်းကာ တိုးဝှေ့ဖြတ်ကျော်လိုက်သည်။ စစ်တုရင်ထိုးသည်ကို ဘေးမှရပ်ကြည့်နေသည့် အဘိုးအိုတစ်ယောက်က ခေါင်းလှည့်ကာ သူတို့ကို ကြည့်လိုက်ပြီး သူက ယောက်လော်ကဲ့ကို သိပုံရပြီး ရင်းရင်းနှီးနှီးပင် မေးလိုက်သည်။

"ယောက်လော်ကဲ့၊ လူခေါ်ပြီး အိမ်လာကြည့်ပြန်ပြီလား”

"ဟုတ်ပါ့ဗျာ၊ နောက်မှ ဦးလေးကို အရက်လာတိုက်မယ်နော်၊ သွားလိုက်ပါဦးမယ်”

ယောက်လော်ကဲ့ကလည်း ပြုံးရွှင်စွာဖြင့် နောက်ပြန်လှည့် လက်ပြလိုက်ပြီး ရှဲ့ချီကို ရင်ဘတ်ကော့ကာ ကြွားဝါလိုက်သည်။ "အဲဒါ ကောရှန်ကွမ်းလေ။ အရင်ကတော့ ရသေ့တစ်ပါးပဲ၊ အခုတော့ လူဝတ်လဲလိုက်ပြီ။ လူတွေကို ယတြာချေ ဗေဒင်ဟောပေးတာ။ ဆေးမြီးတိုကုတာ။ ပရိတ်ရွတ်တာတွေနဲ့ အသက်မွေးနေတာ။ သူ့အိမ်ကို ကျွန်တော်ပဲ ရှာပေးခဲ့တာလေ။ အိမ်ဝယ်တယ်ဆိုတာ တစ်သက်လုံးအတွက်ပဲ၊ ကျွန်တော်က အလုပ်လုပ်ရင် တရားမျှတတယ်။ ဘယ်တော့မှ လူတွေကို မလိမ်ဘူး။ သခင်လေး ကြည့်ပါ၊ ဒီမြို့ထဲက လမ်းကြားတွေအားလုံးမှာ ကျွန်တော် မသိတဲ့သူ မရှိသလောက်ပဲ။ သခင်လေး ကျွန်တော့်ကို လာရှာတာ မှန်သွားပြီ”

ရှဲ့ချီက ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ရှန်ညန်ဇီက ဆိုင်ခန်းဝယ်တုန်းက ဒီယောက်လော်ကဲ့ဆီမှာ ရှာခဲ့တာလို့ ယန့်ရှူး ပြောပြလို့ သူလည်း လိုက်ရှာခဲ့ခြင်းဖြစ်သည်။ သူက အိမ်ပွဲစားတွေအကြောင်း သိပ်မသိသော်လည်း ရှန်ညန်ဇီ၏ အကြည့်ကတော့ ဘယ်တော့မှ မှားမည်မဟုတ်ပေ။

ယခုအခါ ရှဲ့မိသားစုသည် အိမ်စပြောင်းနေကြပြီဖြစ်သည်။ ရှဲ့မိသားစု၏ အိမ်ကြီးက ကြီးလွန်းသဖြင့် ချက်ချင်း ပြန်ရောင်း၍ မထွက်နိုင်သေးပေ။ သို့သော် အမေနှင့်အဖေတို့ကတော့ အိတ်များ သိမ်းဆည်းထားပြီးပြီဖြစ်ကာ ဒီနေ့ ဦးလေးနှင့်အတူ ကြီးတော်၊ ညီမလေးတို့ကို ခေါ်ပြီး ချန်ကျိုးသို့ ပြန်ကြတော့မည်။ အိမ်ထဲရှိ ကျန်ပစ္စည်းများကိုတော့ တစ်သုတ်ပြီးတစ်သုတ် ဖြည်းဖြည်းချင်း သယ်ယူကြလိမ့်မည်။

လူအရင်သွားမှသာ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့၏ မဟုတ်မမှန် ကြံစည်မှုများကို ဖြတ်တောက်နိုင်လိမ့်မည်။

ထို့ကြောင့် ရှဲ့မိသားစု တစ်ခုလုံးတွင် အားသူဟူ၍ မရှိပေ။ ရှီးရှီသည် မနက်မှ ညအထိ မအားမလပ်အောင် လုပ်ကိုင်နေရသဖြင့် သားဖြစ်သူ အိမ်ဝယ်သည့် ကိစ္စအသေးအဖွဲကို ဂရုစိုက်ရန် အချိန်မရှိပေ။ သားဖြစ်သူကလည်း အိမ်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်အကြံအစည် ရှိနေသဖြင့် သူမက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

"ခဏနေရင် အမေ ရှီမားမားကို စာရင်းထဲကနေ သားအတွက် ငွေ ၂၀၀၀ ကွမ်း ထုတ်ပေးခိုင်းလိုက်မယ်။ သားဘာသာ သွားဝယ်ချေ။ လူအင်အားအတွက်ကတော့... ယန့်ရှူးနဲ့ ချိုးဟောင်က သားနဲ့အတူ သေချာပေါက် လိုက်ရမယ်။ ပြီးတော့ ကျိုးတာ့ မိသားစုကိုပါ သားအတွက် တံခါးစောင့်အဖြစ် ထည့်ပေးလိုက်မယ်။ ဒါဆိုရင် ပြည့်စုံသွားပြီ”

ကျိုးတာ့နှင့် ကျိုးတာ့မိန်းမတွင် ကျိုးချူးယီးဟု ခေါ်သော ကလေးတစ်ယောက် ရှိသည်။ ရှီးရှီက အားလုံး စဉ်းစားပြီးဖြစ်သည်။ ကျိုကော စာသင်ကျောင်းသွားလျှင် ချိုးဟောင်က လိုက်ပါသွားမည်။ ပုံမှန်အချိန်တွင် ကျိုးတာ့က လှည်းမောင်းမည်၊ ကျိုးတာ့မိန်းမက ထမင်းချက်မည်၊ ကျိုးချူးယီးက တံခါးစောင့်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကို ကူညီလုပ်ကိုင်ပေးနိုင်သည်။

ယန့်ရှူးအတွက်ကတော့ ရှီးရှီ မျှော်လင့်ချက် မထားပေ။ သူက ရုပ်ရည်ချစ်စဖွယ်ကောင်းပြီး အရင်တုန်းက သနားစရာကောင်းလို့ဆိုပြီး သိပ်မချုပ်ချယ်ခဲ့ရာမှ ဒီလိုအကျင့် ဖြစ်သွားခြင်းဖြစ်သည်။ နောက်ပိုင်းမှ သိလိုက်ရသည်မှာ ကျိုကော ကံဆိုးပြီး စိတ်ဓာတ်ကျနေသည့် အကြိမ်တိုင်းတွင် ယန့်ရှူးက ဘေးနားမှ ဟာသလုပ်ပြီး ကစားပေးကာ အဖော်ပြုပေးခဲ့ကြောင်းပင်။ သူရှိနေလျှင် ခြံဝင်းထဲတွင် စည်ကားပျော်ရွှင်ရပြီး ကျိုကောလည်း ပိုပျော်ရွှင်ရသည်။

ထို့ကြောင့် သူ့ကို ထပ်ပြီး မဆုံးမတော့ဘဲ သူ့စိတ်တိုင်းကျ ကြီးပြင်းပါစေတော့ဟု လွှတ်ထားလိုက်သည်။

မိဘများ၊ ဦးလေး၊ ကြီးတော်နှင့် ညီမလေးတို့အားလုံး ချန်ကျိုးသို့ ပြန်သွားကြပြီဖြစ်သည်။ ရှဲ့မိသားစုအိမ်ကြီးတွင် ဒုတိယမိသားစုနှင့် တတိယမိသားစုတို့သာ ကျန်ရှိတော့သည်။ ရှဲ့ချီသည် စာမေးပွဲ ဖြေဆိုပြီးခါစဖြစ်ရာ အိမ်တွင်နေရသည်မှာလည်း ပျင်းစရာကောင်းသလို ဦးလေးနှင့်အဒေါ်တို့၏ ထေ့ငေါ့ပြောဆိုမှုများကိုလည်း သည်းခံနေရသည်။ ထို့ကြောင့် ဒီနေ့ မစောင့်နိုင်တော့ဘဲ ပွဲစားကိုရှာကာ ယန်လျိုအနောက်ဘက်လမ်းကြားသို့ အိမ်လာကြည့်ခြင်းပင်။

ရေတင်စင်အနီးသို့ လျှောက်လာကြပြီးနောက် ယောက်လော်ကဲ့က သော့ထုတ်ကာ ခြံတံခါးကို ဖွင့်လိုက်သည်။ နောက်ဖေးတံခါးမှ ဝင်လိုက်သည်နှင့် လေးထောင့်စပ်စပ် ခြံဝင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ အရှေ့အနောက် ၁၀ ကျန့်ခန့်ရှိပြီး တောင်မြောက် ၆ ကျန့်ခန့်ရှိသည်။ (စုန့်ခေတ် ၁ ကျန့်သည် ၃.၀၇၂ မီတာခန့်ရှိရာ ခြံဝင်းသည် ၁၈၀.၄ စတုရန်းမီတာခန့် ရှိသည်)။ ယန့်ရှူးသည် သကြားကပ် ဆီးသီးထုတ်ကို မြှောက်ကိုင်ထားပြီး တံခါးခုံကို ခုန်ကျော်ဝင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် စပ်စုနေသည်။

"ကြည့်ရတာ ရှန်ညန်ဇီ ဆိုင်မချဲ့ခင်တုန်းက ခြံဝင်းလေးထက် ပိုကြီးသလိုပဲနော်”

ချိုးဟောင်က မြင်းကိုချည်ပြီးမှ ဝင်လာကာ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ရှန်ညန်ဇီအိမ်က လူနေပြီး ပစ္စည်းတွေများနေလို့ ကျဉ်းတယ်လို့ ထင်ရတာပါ၊ ဒီမှာက ဟာလာဟင်းလင်းမို့လို့ ကျယ်တယ်လို့ ထင်ရတာပေါ့”

ခြံဝင်းလေးထဲတွင် အမှန်တကယ်ပင် ဟာလာဟင်းလင်းဖြစ်နေပြီး ပေါင်းပင်အနည်းငယ်သာ ပေါက်ရောက်နေသည်။ မျက်နှာချင်းဆိုင်တွင် အခန်း ၄ ခန်း ရှိပြီး အခန်းများမှာ ကျယ်ဝန်းလှသည်။ ယောက်လော်ကဲ့က အခန်းတံခါးတိုင်းကို ဖွင့်ပြလိုက်ရာ မှိုနံ့များ ထွက်ပေါ်လာသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ပြောလေသည်။

"ဒီအခန်းတစ်ခန်းချင်းစီက တောင်မြောက် ၂၈ ပေ၊ အရှေ့အနောက် ၁၇ ပေလောက် ရှိမယ် (ဧရိယာ ၄၃ စတုရန်းမီတာခန့်)"။

ထို့နောက် ဘယ်ဘက်ခြမ်းရှိ တံခါးပေါက်သို့ သွားသည့် လမ်းကြောင်းတစ်ခုသာ ရှိတော့သည်။ အရှေ့ဘက်တွင် လမ်းမနှင့်ကပ်နေသော ဆိုင်ခန်းအသေးလေးတစ်ခု ရှိသည်။ ဆိုင်ခန်းက ပို၍သေးငယ်သော်လည်း လေးထောင့်စပ်စပ် ရှိသည်။ အကြမ်းဖျင်းအားဖြင့် အလျား ၆ ကျန့်၊ အနံ ၆ ကျန့်ခန့် ရှိမည်။ ဆိုင်ခန်းထဲတွင် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသဖြင့် ဖုန်အလွန်ထူနေ၏။ ရှဲ့ချီ တံခါးဝတွင် ရပ်ကြည့်လိုက်ရုံနှင့်ပင် မွန်းကြပ်သွားပြီး သုံးချက်ဆက်တိုက် နှာချေလိုက်လေသည်။

ယောက်လော်ကဲ့လည်း အနည်းငယ် အားနာသွားပြီး ခေါင်းကုတ်ကာ ပြောလေသည်။

"မြို့တွင်းက အိမ်ဈေးတွေ ကြီးတယ်လေ။ ဒီလိုအိမ်ဟောင်းတွေက နေရာသိပ်မကောင်းတော့ ရောင်းရခက်တယ်။ သခင်လေးကို မလိမ်ပါဘူး။ တကယ်ပဲ တစ်နှစ်လောက် လွတ်နေတာ။ ဒါပေမဲ့ ဒါကလည်း မတတ်နိုင်တဲ့ကိစ္စလေ။ အခုတော့ မြို့ပြင်က အိမ်တွေက ပိုအရောင်းသွက်တယ်။ မြေဈေးမကြီးဘူး။ အများစုက အိမ်အသစ်တွေ၊ လက်လွှဲရောင်းတာတောင်မှ လုဝယ်နေကြတုန်းပဲ”

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ဒီအိမ်က ဟောင်းနေလို့ ကျွန်တော် သခင်လေးကို မခေါ်လာချင်ခဲ့တာ။ ကျင်းလျန်တံတား မြောက်ဘက်က အိမ်လောက် မကောင်းဘူး။ အဲဒီအိမ်က သက်တမ်း ၁၀ နှစ်ပဲ ရှိသေးတယ်။ ကျင်းလျန်တံတားနားမှာ အသစ်ဆုံးအိမ်လို့ ပြောလို့ရတယ်”

ရှဲ့ချီက ခေါင်းခါလိုက်သည်။

"ကျင်းလျန်တံတား မြောက်ဘက်က ဝေးလွန်းတယ်”

ယောက်လော်ကဲ့ နားမလည်နိုင်ဖြစ်သွားသည်။

"ဘယ်နေရာနဲ့ ဝေးတာလဲဗျ၊ ကျင်းလျန်တံတား မြောက်ဘက်ကနေ နန်းတော်လမ်းမကြီး၊ ကျိုးတံတား၊ မြင်းသွားလမ်း၊ တာ့ရှန့်ကော်ဘုရားကျောင်း... ဘယ်နေရာကိုမဆို မဝေးပါဘူး”

ယန့်ရှူးသည် သကြားကပ် ဆီးသီးထုတ်၏ သကြားခွံကို ကိုက်ယူလိုက်ပြီး ပါးစပ်ထဲ ငုံထားရင်း ယောက်လော်ကဲ့၏ နားမလည်နိုင်ဖြစ်နေသော အသံကို ကြားလိုက်ရသဖြင့် လေးလေးနက်နက် မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

"ကျွန်တော်လည်း ဝေးတယ်လို့ ထင်တယ်။ တကယ်လို့ အဲဒီမှာ သွားနေရင် ရှန်ညန်ဇီအိမ်ကို ထမင်းလာစားဖို့ ၁၅ မိနစ် (တစ်မတ်) လောက် လမ်းလျှောက်ရမှာ၊ အရမ်းဝေးတယ်”

ရှဲ့ချီက ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး အသာအယာ ချောင်းဟန့်လိုက်ရလေသည်။

...

All Chapters